အကြွေပန်းက မှောင်ရိပ်ထဲ

24 May 2012



ဈေးရုံထဲလာနေတဲ့ အောင်တင်တို့ကို မြင်လိုက်ရရင်ပဲ ကျုပ်စိတ်တွေ ညစ်ညူးသွားရပြန်တယ်။ ခက်တယ်ဗျာ။ အဲဒီသကောင့်သားကိုမြင်တိုင်း ကျုပ်စိတ်ညစ်ညူးရပေါင်းများပြီ။ မကျေမချမ်း ဖြစ်ရတယ်။ ခုလည်း ကြည့်အုံးလေ။ ယောဂီသဘက်အညိုရောင်ကို စလွယ်ပတ်ပြီး ဈေးတန်းထဲ အလှူခံ ထွက်နေတာ။ ကျုပ်တို့ ဈေးသူဈေးသားတွေ တာဝန်ယူထားတဲ့ တနင်္လာပတ် အာရုံဆွမ်းအတွက် အလှူခံ ထွက်နေကြတာ။ ခုဖြစ်တာက အလှူခံထည့်ရလို့ ဖြစ်တာလည်း မဟုတ်ဘူး။ အဲဒီ အောင်တင်ဆိုတဲ့ ငနဲကို မြင်ရရင်ကို ကျုပ် ဒေါသထွက်နေရတာ။ 

အဲဒီလိုဆိုတော့ ကျုပ်နဲ့အောင်တင် ပြဿနာ တက်ထားတယ် ထင်ကြမှာပဲ။ မဟုတ်ဘူးဗျ။ ကျုပ်နဲ့သူက စကားတောင် ပြောဖူးတာ မဟုတ်ဘူး။ ပြဿနာ တက်ထားဖို့ဆိုတာ ဝေလာဝေးပဲ။ ဒါပေမယ့် ကျုပ် အဲဒီကောင်ကိုမြင်ရင် စိတ်ထဲ မကျေမနပ်တွေ ဖြစ်ရတာတော့ အမှန်ပဲ။ ခက်တာက ကျုပ်ဒီလိုတွေ ဖြစ်နေတာကိုလည်း အောင်တင်က မသိရှာဘူး။ ကျုပ်လိုအဖြစ်မျိုးက ကိုယ့်လူတို့လည်း ကြုံဖူးကြမှာပါ။ ကိုယ်နဲ့သူက တိုက်ရိုက်မသိဘဲ သူ့အကြောင်းတစ်ချို့ ကြားထားပြီး သူ့မြင်တိုင်း အဲဒီအကြောင်းအရာကြီး ခေါင်းထဲဝင်ဝင်လာပြီး မကျေမနပ် ဖြစ်ရတာမျိုးပေါ့။ အခုလည်း အဲဒီလို အဖြစ်မျိုးနဲ့ ကျုပ်တည့်တည့်တိုးမိတာ။ တတ်နိင်သမျှ ဘယ်အရှုပ်ထဲမှ မပါအောင် ကျုပ်နေခဲ့တာပဲ။ ဟော ... တိုးမယ့်တိုးတော့လည်း တကယ့် သပွတ်အူနဲ့ကို တိုးခဲ့တော့တာ။

အခုလည်း အောင်တင်နဲ့အဖွဲ့ ဈေးတန်းထဲမှာ အလှူခံထွက်လာတာမြင်တော့ ကျုပ်လည်း ထုံးစံအတိုင်း ဆိုင်အကူကောင်လေးကို ထည့်ဖို့အလှူငွေပေးခဲ့ပြီး လ္ဘက်ရည်ဆိုင်ဘက် ရှောင်ထွက်လာခဲ့တော့တယ်။ ဒါက  အလှူခံလာတဲ့ အပါတ်စဉ်တိုင်း ကျုပ်လုပ်နေကျ ကိစ္စပါပဲ။ တကယ်ဆို ဘာမှမသိရင်  ဒီလိုတွေ လုပ်နေစရာကို မလိုဘူး။ တခုခုသိပြီဆိုရင် ပြန်မေ့ရခက်တော့တာပဲလေ။  အခု အဖြစ်အပျက်ကလည်း အဲဒီလိုပဲ။ ကျုပ်ဆီတည့်တည့်ဆိုက်လာတဲ့ အရှုပ်ထုပ်ကြောင့် ကျုပ်ဘယ်အချိန်ထိ ခုလို ဖြစ်နေရအုံးမလဲ မသိတာတော့ အမှန်ပဲ။ ကျုပ်တို့ ဈေးကြီးက မြို့မဈေးကြီး ဆိုတော့ တော်တော်ကြီးတယ်။ ဆိုင်ခန်းတွေများတယ်။ အောင်တင်တို့ဆိုင်နဲ့  ကျုပ်ဆိုင်ဆိုလည်း တော်တော်ဝေးတယ်။ ဈေးရုံသက်သက်ဆီပါ။ ဒီတော့ ပါတ်သတ်စရာ မပေါ်ဘူးလို့ ထင်ခဲ့ပေမယ့် တနေ့တော့ သပွတ်အူက ကျုပ်ဆီ ဆိုက်လာခဲ့တယ်။ 


အဲဒီနေ့က ကျုပ်ဆိုင်အတွက် ပစ္စည်းသွားဝယ်ရင်းနဲ့ လမ်းမှာ မျိုးသန္တာဆိုတဲ့ ကောင်မလေးနဲ့ ဆုံတယ်။ မျိုးသန္တာကလည်း ကျုပ်လို ဈေးသည်ပါပဲ။ ဈေးရုံထဲမှာ အလှအပ ပစ္စည်းလေး မိတ်ကပ်လေး ဆံညှပ် ကလစ်လေးတွေကို ကွမ်းစားဆေး ရောင်းတဲ့ဆိုင်ခန်းလေးနဲ့ တဝက်ဆီ ခွဲပြီး  ရောင်းတာပါ။ ကျုပ်ဆိုင်တန်းနဲ့ မနီးမဝေးဆိုတော့ စကားဟဟ မပြောဖူးပေမယ့် မျက်မှန်းတန်းမိရုံ အဆင့်ထက်ပိုတယ်ပေါ့။ အခုနောက်ပိုင်း သူ့ဆိုင်လေး ပိတ်ထားတာ မြင်မိပေမယ့် မေ့မေ့ပျောက်ပျောက် ဖြစ်နေချိန် အခုလို ပစ္စည်းဝယ်ရင်း ပြန်ဆုံကြတယ်။ ကျုပ်က အရင်တွေ့လို့ နှုတ်ဆက်တော့ သူကလည်း ရင်းရင်းနှီးနှီး ပြန်နှုတ်ဆက်ရှာတယ်။ 

“ မတွေ့တာကြာပြီနော် ဆိုင်ပိတ်ထားတာလား။”
“ ဟုတ်တယ် ဦးရေ... ဆိုင်က ပိတ်လိုက်တာ ”
“ အဆင်မပြေလို့လား။ အခု ဘယ်မှ ပြန်ဖွင့်ထားလဲ”
“ ဘယ်မှာမှ မဖွင့်ဖြစ်ပါဘူး ဦးရယ်။ ဖွင့်ချင်စိတ်လည်း မရှိတော့ပါဘူး ”
“ ဘယ်လိုဖြစ်ရတာတုန်း ”

“ ဒီလိုပါပဲ ဦးရယ်။ အခုတောင် မန္တလေးကအဒေါ်ဆီ သွားနေမလို့ ကားလက်မှတ် လာဝယ်တာ။ စိတ်ပြေလက်ပျောက် ဆိုပါတော့”

“ စိတ်ပြေလက်ပျောက်ဆိုတော့ ငါ့တူမကြီးက စိတ်ညစ်စရာ ကြုံနေတာကိုး။ လူတစ်ခု ပူမှုရယ် ဆယ်ကုဋေ လို့တောင် ဆိုရိုးရှိတာပဲကွယ်။ အဆင်မပြေတာလည်း ရှိမှာပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်ကို ကြံ့ကြံ့ခံလေ။ ”

ကျုပ်စကားကြားတော့ သူကကျုပ်မျက်နာကို လှမ်းကြည့်တယ်။ ကျုပ်ပြန်ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာလည်း မျက်ရည် ဝဲ နေသလိုလိုဖြစ်နေတာနဲ့ ကျုပ်လည်း မျက်နာ ချက်ချင်းလွှဲလိုက်ရတယ်။ သူ့ပုံစံက ချီတုန် ချတုန် ဖြစ်နေသလိုလိုပဲ။ ဒါနဲ့ ကျုပ်လည်း မနက်စာ မစားရသေးတာရယ်၊ သူလည်း အာရုံပြောင်းအောင်ဆိုပြီး မုန့်တခုခု လိုက်စားဖို့ ပြောမိလိုက်ပါလေရော။  ဒါနဲ့ပဲ အနီးက လ္ဘက်ရည်ဆိုင်ထဲ ဝင်ထိုင်ဖြစ်ကြတယ်။

ဆိုင်ထဲရောက်တော့ သူ့ပုံစံက တခုခု ပြောချင်သလိုလို ဆုံးဖြတ်ရခက်နေဟန်ဖြစ်တာ တွေ့တာနဲ့ပဲ ကျုပ်ကလည်း ကဲ ငါ့တူမကြီး ပြောချင်တာ ရှိရင် ပြောလေ။ ဆိုပြီး လမ်းဖွင့်ပေးလိုက်တော့ သူလည်း ဆုံးဖြတ်ပြီးသွားပုံပဲ။ ကျုပ်ကို မေးခွန်းတစ်ခု စမေးတယ်။ “အောင်တင် ကိုသိသလားတဲ့” ကျုပ်ကမသိဘူးဆိုတော့ ကုန်စိမ်းတန်းထဲက အောင်တင် တဲ့။ ဒါနဲ့ကျုပ်လည်း..
“သေသေချာချာတော့ မသိဘူး ငါ့တူမကြီးရဲ့။ သူက ဘာဖြစ်လို့လဲ”
“ သမီးနဲ့ အောင်တင် ကိစ္စလည်း ဦးလေး မကြားမိဖူးပေါ့ ”
“ ဦးလေးက ကိုယ့်ဘာသာ နေတာများတော့ သိပ်မကြားမိဘူးကွဲ့။ ဘာဖြစ်လို့လဲ ”

“ကျမ ရှက်လွန်းလို့ ဒီအကြောင်းတွေ ဘယ်သူမှလည်း မပြောပြခဲ့ဖူးပါဘူး။ ဒါပေမယ့် နေ့တိုင်း ဒါတွေပဲ ပြန်ပြန် မြင်ယောင်နေလို့ တယောက်ယောက်ကိုမှ ရင်မဖွင့်လိုက်ရရင် ကျမ နေပျော်မှာ မဟုတ်ဘူး။ ပြီးတော့ ဦးလေးကိုလည်း ယုံကြည်လို့ ကျမ ရင်ဖွင့်တာပါ။”

ကျုပ်လည်း ခေါင်းညိတ်ပြပြီး ဆေးပေါ့လိပ်ကို မီးညှိလိုက်တယ်။ ကဲ.. ပြောချင်တာ ပြောပေတော့ ဆိုတဲ့ သဘောမျိုးနဲ့ ဆေးလိပ်လေး ဖွာရင်း နားစွင့်နေလိုက်တော့တယ်။

“ ပြောရမှာတော့ ရှက်ဖို့ကောင်းတာ အမှန်ပါပဲ ဦးရယ်။ ကျမလေ သိပ်ကို နုံလွန်းတယ် ညံ့လွန်းပါတယ်ရှင်။ အခါခါ ပြန်တွေးတိုင်း ကိုယ့်ကိုကိုယ်ပဲ ထုရိုက်မိတယ်။ တကယ်တော့ စနစ်တကျ ထောင်ထားတဲ့ လှည့်ကွက်ထဲကို ကျခဲ့တာပါ။ ကျမ နုံလွန်းတာ အယုံလွယ်လွန်းတာလည်း ပါ ပါတယ် ”

“ ကျမနဲ့ ကိုအောင်တင်တို့ ချစ်သူတွေ ဖြစ်ခဲ့ကြတယ်။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဦးရယ်။ ကိုအောင်တင် ဆီမှာ အိမ်ထောင်ရှိမှန်း မသိခဲ့လို့ ကျမ လက်ခံခဲ့မိတာပါ။”

မျိုးသန္တာရဲ့ စကားတွေက အစီအစဉ်တကျ မဖြစ်ပေမယ့် သူပြောချင်တာကို ကျုပ်နားလည်တာနဲ့ အရှိန်ပျက်မှာစိုးလို့ စကားဝင်မထောက်ဘဲ လွှတ်ပေးထားလိုက်တယ်။

“သူနဲ့က ဒီလိုပဲ ဈေးရုံထဲမှာ တွေ့ခဲ့ကြတာပါ။ သူကျမကို ကြိုးစားတော့ အိမ်ထောင်ရှိမယ်လို့ ဘယ်ထင်မလဲ ဦးရယ်။ သူကလည်း မပြောတော့ ကျမကလည်း လူလွတ်လို့ပဲ ထင်တာပေါ့။ သူက နူးဟယ် နှပ်ဟယ်နဲ့ မျိုးစုံကြိုးစားတော့ ကျမလည်း အဖြေပြန်ပေးလိုက်မိပါတယ်။ အဲဒီအချိန်တွေတုန်းကတော့ ပျော်စရာပေါ့ ဦးရယ်။ မနက်လင်းတာနဲ့ မနက်စာလေး လာပို့ပေးလိုက် နေ့ခင်းနေ့လည်း လ္ဘက်ရည်လေး ပလာတာလေး လာပို့ပေးလိုက်နဲ့ ဂရုစိုက်ကြောင်း ပြတာတွေကို ကျမ တော်တော် သာယာခဲ့မိပါတယ်။ ဒါပေမယ့် ကျမ စည်း ထားထားတယ်။ လိုတာထက် မပိုသွားအောင် စည်းစောင့်ခဲ့ပါတယ်။ သူက အဲဒါကို သိပ်မကျေနပ်ပေမယ့် အတင်း အဓမ္မ အဆန့်အကျင် မပြုတော့ အဆင်ပြေခဲ့တယ် ဆိုပါတော့။ တစ်နေ့တော့ သူက ပြောတယ်။ ဗေဒင်ဆရာမကြီး အန်တီစနေကို သိသလားတဲ့။ ကျမက သိတယ်လို့။ မြင်ဖူးလားလို့ ထပ်မေးတော့ ကျမလည်း မမြင်ဖူးတာနဲ့ မမြင်ဖူးဘူး ပြောလိုက်တာပေါ့။ ဒီတော့ သူက နောက်နေ့ ဗေဒင်သွားမေးကြမယ်တဲ့ ဘယ်အချိန် ကျမတို့ အိမ်ထောင်ပြုရင် ကောင်းမလဲ သွားမေးမယ်တဲ့။ အဲဒီတုန်းက ကျမလေ ဝမ်းသာလိုက်တာ။ သူငါ့ကို အတည်တကျ လက်ထပ်ဖို့ တွေးထားတာပဲဆိုပြီး ကြည်နူးတာ။ ဒါထက် ဦးရော ဗေဒင်ဆရာမကြီးအန်တီစနေကို သိတယ်မဟုတ်လား”

“သိတာပေါ့။ ဒီမြို့က နာမည်ကြီး ဗေဒင်ဆရာမကြီးပဲဟာ”

“ဒါနဲ့ပဲ နောက် တစ်ညနေ ရောက်တော့ သူက ကျမကို အဲဒီ ဗေဒင်ဆရာမကြီးဆီ ခေါ်သွားရော။ ဆရာမကြီး ဟောတာတွေကလည်း မှန်မှမှန်ရှင်။ ကျမအကြောင်းတွေ ဟောတာများ တော်တော်ကို မှန်တာ။ ဒါနဲ့ ကျမလည်း တော်တော်ကို ယုံသွားမိတာပေါ့။ ပြီးတော့ ကိုအောင်တင်က ကျမတို့ နှစ်ယောက်ရဲ့ ရှေ့ရေးအနေအထားကို မေးရော။ ဆရာမကြီးက နှစ်ယောက်လုံး ဇာတာတွေ တွက်ပြီးတော့ ပြောတယ်။ မင်းတို့ နှစ်ယောက်ပေါင်း ဇာတာက တော်တော် ကောင်းတယ် တဲ့။ ဒါပေမယ့် ဒီနှစ်ထဲမှာ လက်မထပ်ဖြစ်ရင်  တစ်ယောက်ယောက် ဘေးဆိုးကြုံဖို့ရှိတယ်။ လက်ထပ်ထားရင်တော့ နှစ်ယောက်စလုံး ဇာတာက အပြန်အလှန်ဖေးမပြီး ကံကောင်းနိင်တယ်တဲ့။ ဗေဒင်မှာ အဲဒီလိုတွေ ရှိသလားလည်း ကျမ မသိပါဘူး။ သူဟောတော့ ကျမလည်း ထိတ် သွားတာပေါ့။ အဲဒီမှာ ကိုအောင်တင်က အခုလောလောဆယ် လက်မထပ်လို့ မရဘူးလားတဲ့။ သူလည်း စုစောင်းတာ အဆင်သင့်မဖြစ်သေးလို့ပါတဲ့။ ကျမကလည်း ချက်ချင်းကြီးတော့ လက်မထပ်ချင်သေးဘူးလေ။ ဘာမှ မှ မရှိသေးတာ။ အဲဒီတော့ ဆရာမကြီးက နဲနဲစဉ်းစားပြီး ယတြာပေးတယ်။ အခု လက်မထပ်ဖြစ်သေးရင်လည်း လက်ထပ်ထားတဲ့ ပုံစံမျိုး ယတြာချေကြတဲ့။ ဥပမာ အိမ်က တန်းပေါ်မှာ ပုဆိုးတင်ထားတာမျိုး ဖြစ်ဖြစ်တဲ့။ အကြောင်းစုံသိမှ ပြန်တွေးတိုင်း ဒေါသဖြစ်လိုက်ရတာ ဦးရယ်။ ကျမအိမ်မှာ ဘယ်လိုလုပ်ပြီး ကိုအောင်တင် ပုဆိုး လာတင်ထားလို့ ဖြစ်မလဲ။ အိမ်က တွေ့သွားမှာပေါ့။ ဒါနဲ့ ဗေဒင်မေးပြီး ပြန်လာတော့ ကိုအောင်တင်က သူ စဉ်းစားပါအုံးမယ် စိတ်မပူပါနဲ့လို့ ပြောတယ်။ တစ်ယောက်ယောက် ဒုက္ခရောက်မယ်ဆိုတော့ ကျမလည်း စိတ်ပူတာ အမှန်ပဲ။ ဘာလုပ်ရရင် ကောင်းမလဲ တွေးပေမယ့် အဖြေမထွက်ပါဘူး။”

“ နင့် ယတြာကလဲ တမျိုးကြီးပါလားဟ”

“ အဲဒါကို ပြောတာပေါ့ဦးရယ်။ အဲဒီတုန်းကတော့ ကျမလည်း ကောင်းကောင်း မတွေးမိပါဘူး။ ဟောတာတွေ မှန်လို့ ယုံထားတော့ လက်မထပ်ဖြစ်ရင် ဘေးဆိုးကြုံမယ်ဆိုတဲ့ အဟောကိုပဲ စိတ်ထဲရှိနေတာကိုး။ နောက်နေ့ ကျတော့ ကိုအောင်တင်က ပြောတယ်။ သူ့သူငယ်ချင်းအိမ်ရှိတယ်တဲ့။ နာရီဝက် တစ်နာရီလောက် သွားနေကြမယ်တဲ့လေ။ ဘယ်သူရှိလဲမေးတော့။ ဘယ်သူမှ မရှိဘူးတဲ့။ ဒီတော့ ကျမလည်း ငြင်းရတော့တာပေါ့။ မဟုတ်သေးပါဘူး။ တခြား အဝတ်အစားတွေ အတူထားလိုက်ရင်ရော မရဘူးလားဆိုတော့ ရမယ် မထင်ဘူးတဲ့။ သုံးလေးရက်လောက် တပူဆာဆာနဲ့ ချော့လိုက် ခြောက်လိုက် ပြောတော့တာပဲ ဦးရယ်။ သူ့ကို မယုံတာလား ဆိုတာတွေရော။ လက်ဖျားနဲ့ မတို့ဘူးဆိုတာတွေရော စုံနေတာပဲ။ ကတိအထပ်ထပ် ပေးတာနဲ့ နောက်ဆုံးတော့ ကျမလည်း လိုက်သွားမိခဲ့တယ်။ အဲဒီမှာပဲ.... အင့်..ဟင့်...ဟင့်.. ”

ပြောရင်းနဲ့ အသံတိမ်ဝင်ပြီး ရှိုက်သံထွက်လာတော့ ကျုပ်လည်း ကမန်းကတမ်း တားရတယ်။

“ဒီလောက်ဆို ဦးသဘော ပေါက်တယ်။ ကဲ..အဲဒါထားလိုက်တော့။ နောက်ပိုင်း ဘယ်လိုတွေ ဖြစ်သွားတာလဲပဲ ဆက်ပြော”

မျိုးသန္တာဆီက စကားသံ တော်တော်နဲ့ မထွက်လာဘူး။ ကျုပ်လည်း ဘာမှ မပြောဘဲ သူအရှိန်ရအောင် စောင့်ပေးနေလိုက်တယ်။ ခဏကြာမှ ဆက်ပြောတယ်။

“ ခပ်တိုတို ပြောရရင် နောက်ပိုင်းတော့ အရင်လိုပဲ ပုံမှန်တွေ့ကြတယ်။ ဟိုအိမ်တခေါက်ပြန်သွားဖို့ ပြောသေးပေမယ့် ကျမက လက်မခံတော့ဘူး။ ဒီလိုနဲ့နေလာရင်း တနေ့တော့ ကျမဆီကို ဖုန်းလာတယ်လို့ ဈေးဝ စတိုးဆိုင်က လာပြောတာနဲ့ ကျမ သွားနားထောင်တယ်။ သူ့မိန်းမ တဲ့ ဦးရယ်။ ကျမကို ပြောလိုက်တာများ ရစရာကို မရှိပါဘူး။ ကျမဖြင့် မိုက်ခနဲတောင် ဖြစ်ရတယ်။ သူ့မှာ မိန်းမ ရှိတယ်လို့မှ မကြားဖူးတာလေ”

“တဈေးထဲပဲ အတူရှိရဲ့နဲ့ သူ့မှာ မိန်းမရှိမရှိ ညည်းမစုံစမ်းဘူးလား။”
“ သူ့မိန်းမက ကျောင်းဆရာမ တာဝန် နဲ့မော်လမြိုင်မှာ ရောက်နေတာ။ နောက်ပိုင်းမှ သိတာက ရုံးပိတ်ရက်တွေဆို ကိုအောင်တင် မော်လမြိုင် လိုက်သွားသလို သူ့မိန်းမကလည်း တခါတလေ ပြန်လာတယ်တဲ့ သူဆိုင်ဖွင့်တာကလည်း ခြောက်လလောက်ပဲ ရှိသေးတာဆိုတော့ မိန်းမရှိမရှိသတင်းက မထွက်ဘူးဦးရဲ့။ ” 

“အော်”

“ သူ့ကို ထုတ်မေးတော့ ဟုတ်ပါတယ်တဲ့။ ဒါပေမယ့် လမ်းခွဲထားတာ ကြာပါပြီဆိုပြီး ကျမကို ထပ်လိမ်ပြန်တယ်။ ကျမ တခါ ယုံမိပြန်ရော။ နောက်တခါ အဲဒီမိန်းမ ဖုန်းဆက်လာပြန်တာနဲ့ ကျမကလည်း ရှင်တို့က ကွဲထားပြီးပြီပဲ။ ဘာလို့ ဒါတွေ လာပြောနေရတာလဲ မေးမိတော့။ သူက ဒါဆိုလည်း နင် စောင့်နေ။ ငါအခု စာမေးပွဲရက်ပြီးတာနဲ့ အောင်တင်ကို နားရွက်ဆွဲပြီး နင့်ရှေ့ခေါ်ခဲ့မယ်တဲ့လေ။ အဲဒီလောက် အပိုင်ပြောမှတော့ တော်တော်ကို သေချာသလောက် ဖြစ်နေမှန်း ကျမသဘောပေါက်နေပြီ။ ကိုအောင်တင်ကလည်း အဲဒီရက်ပိုင်း ဆိုင်ပိတ်ထားတယ်။ သူ့ကိုလည်း ရှာမရဘူး။ ဘယ်ရှာရပါ့မလဲ သူက အဲဒီအချိန် မော်လမြိုင် လိုက်သွားနေပြီလေ။
နောက်နှစ်ရက်လောက်နေတော့ ဖုန်းထပ်လာပြန်တယ်။ သူ့မိန်းမ ဆက်တာပဲ။ ကဲ.. ဒီမှာ ကိုအောင်တင်ကိုယ်တိုင် ပြောတာ နားထောင်လိုက်ဆိုပြီး ကိုအောင်တင်နဲ့ ဖုန်းပြောခိုင်းတယ်။ အဲဒီလူ ဘာပြောတယ် မှတ်လဲ။ နင်ငါ့ကို ထပ်မနှောင့်ယှက်ပါနဲ့တဲ့။ နင် နစ်နာသမျှလည်း ငါ ထိုက်သင့်အောင် ပေးထားတာပဲ။ အခုကစပြီး ဇာတ်လမ်းထပ်မဆက်နဲ့တော့တဲ့လေ။ မိုက်ရိုင်းလိုက်တာရှင်။ ကျမလေ ကမ္ဘာကြီး ချာချာလည်သွားသလိုပဲ။ ပြောချင်တာ များလွန်းလို့ ဗလုံးဗထွေးကို ဖြစ်လို့။ သူ့မိန်းမက ဆက်ပြောတယ်။ နင် ချူစားတာ တော်သင့်ပြီတဲ့။ ထပ်လွန်လာရင် ငါ ဆိုင်ရာကို တိုင်ရမယ်။ နင်ကိုလည်း အဲဒီဈေးထဲမှာ ရစရာမရှိအောင် နင့်သတင်းတွေ ပြောပြလိုက်မယ်တဲ့။ ပြောပြီး ဖုန်းချသွားတယ်။ ကျမလေ အဲဒီနေရာမှာ အကြာကြီးရပ်နေတာများ အသက်ထွက်သွားပြီတောင် ထင်ရတယ်။
ကန်တော့ပါရဲ့ ဦးရယ်... ကျမကို ပြည့်တန်ဆာ သာသာ ဖြစ်အောင် ပြောသွားလိုက်တာ။ ကိုတင်အောင်ဆီက ကျမလေ သူကျွေးတဲ့ မုန့်ကလွဲရင် ဘာငွေမှ မယူခဲ့ပါဘူး။ အဲဒီလူနဲ့ မဆုံခင်အထိ ကျမ အပျိုစစ်စစ်ပါရှင်။ အခုတော့ ကျမကို ပြောသွားလိုက်တာ ရက်ရက်စက်စက်ပါပဲ။ သူက သူ့မိန်းမရဲ့ အပြစ်လွတ်အောင်လို့ ကျမကို ကြေးစားမလိုလို သူ့ကို အတင်းလိုက်ကပ်နေတဲ့သူလိုလို စွပ်စွဲပြီး သူ့မိန်းမကို ဝန်ခံလိုက်တာဆိုပြီး ကျမ ပြန်ကြားရတယ်။ ကျမလေ သိပ်ကို နာကျည်းတယ်။ သူ့မိန်းမကိုလည်း အပြစ်မတင်ပါဘူး။ ဇနီးမယားတစ်ယောက်အနေနဲ့ ဒီလိုပဲ လုပ်ရမှာကို ကျမနားလည်ပါတယ်။ သူ့ကိုပဲ နာကျည်းတာ။
အဲဒီလောက်နဲ့တင် ပြီးသလားဆိုတော့ မပြီးသေးဘူးဦးရယ်။ မဆိုင်ဘူးဆိုပေမယ့် ဗေဒင်ဆရာမကြီးကိုလည်း စိတ်ဆိုးမိတယ်။ အိမ်ထောင်ရှိမရှိတောင် မသိရကောင်းလားဆိုပြီးလေ။ ဒါနဲ့ တနေ့တော့ အိမ်နားက ကောင်မလေးကို အဖော်ခေါ်ပြီး အဲဒီဆရာမကြီးအိမ်ကို ထွက်လာခဲ့တယ်။ အဖော် ကောင်မလေးက အဲဒီဆရာမကြီးဆီ ရောက်ဖူးတယ်လေ။ ဒါနဲ့ ကျမက ကားစီးမယ် လုပ်တော့ သူက မေးတယ်။ အမ ဘယ်သွားမလို့လဲတဲ့။ ဆရာမကြီးက မြို့ထဲကမှာ နေတာလေတဲ့။
ကျမသွားမယ့်ဘက်နဲ့ ဆန့်ကျင်ဘက်ကြီး။ ဒါနဲ့ မဟုတ်ဘူး။ ငါဟိုတခါ ရောက်ပြီးပြီ။ အဲဒီရပ်ကွက်မှာ နေတာ ဆိုပြီး ကျမက ခေါ်သွားတယ်။ ဟိုရောက်တော့ အိမ်က ပိတ်လျက်သားကြီး။ အဖော်ကောင်မလေးကလည်း ကျမပြောသားပဲ အဲဒီမှာ မဟုတ်ဘူး။ မြို့ထဲမှာပါတဲ့။ ဒါနဲ့ပဲ သူခေါ်သွားတဲ့အတိုင်း သွားလိုက်တာ အဲဒီဆရာမကြီးရဲ့ အခန်းကို ရောက်ပါလေရော။ ဟိုရောက်တော့ ကျမမြင်ဖူးတဲ့ ဆရာမကြီးမဟုတ်ဘူး။ နာမည်တူရှိလားဆိုတော့လည်း ဒီမြို့မှာတော့ မရှိပါဘူးတဲ့။ အဖော် ကောင်မလေးကလည်း ဒါမှဆရာမကြီးအစစ်တဲ့။ သူတို့ အခါခါ မေးဖူးတယ်တဲ့။ ဘာတွေဖြစ်ကုန်မှန်းတောင် မသိတော့ပါဘူးဦးရယ်။ ဒါနဲ့ပဲ ကျမလည်း ပြန်လာခဲ့တယ်။
ဖြစ်ချင်တော့ တနေ့ ကျမ မြို့ထဲသွားရင်း ကျမကို ဟောခဲ့တဲ့ ဆရာမကို ကားပေါ်က လှမ်းမြင်လိုက်တာနဲ့ အမြန်ဆင်းပြီး သွားတွေ့လိုက်တယ်။ သူမှသူအစစ်ပါရှင်။ သူကလည်း မှတ်မိတယ်။ ကျမက ရှင်ဗေဒင်ဆရာမ အစစ်မဟုတ်ဘဲနဲ့ ဘာလို့ လိမ်တာလဲ မေးတော့။ ကိုအောင်တင်က အကူအညီတောင်းလို့ပါတဲ့။ ညီမကို သူက အရမ်းလက်ထပ်ချင်လို့ စိတ်မပြောင်းသွားအောင် ပြောပေးပါဆိုပြီး ဟန်ဆောင်ခိုင်းတာတဲ့လေ။ ကျမကို ဟောတာလည်း မှန်မှာပေါ့။ အဲဒီလူက အကုန် ပြောပြထားတာကိုး။ ကျမလည်း လမ်းလယ်မှာပဲ ကျူကျူပါအောင် ငိုမိတော့တယ်။
အကြောင်းစုံသိသွားတော့ သူကလည်း ဒေါသတွေ ထွက်လို့ပေါ့။ တကယ်လား ဟန်ဆောင်တာလားလည်း ကျမ မခွဲတတ်တော့ပါဘူး။ အဲဒီကောင်ကို တွေ့ရင် ငါကိုယ်တိုင် ပါးရိုက်မယ် ပြောတာပဲ။ ဘာလုပ်လို့ရတော့မလဲရှင်။ အကုန်လွန်ကုန်ပြီ။ အဲဒီနေ့ကစပြီး ကျမစိတ်ဓါတ်တွေ တအားကျသွားတော့တာပဲ။ ငါ နုံလိုက်တာ အ လိုက်တာဆိုပြီး ကိုယ့်ကိုကိုယ် ထုရိုက်တယ်။ ကျမမှာ ပက်ပက်စက်စက် အလိမ်ခံရတယ်။ မကောင်းတာလုပ်စားတဲ့ မိန်းမသာသာ အပြောခံရတယ်။ ဆိုးလိုက်တဲ့ ဘဝပါဦးရယ်”

ဇာတ်ရည်လည်တော့ ကျုပ်ဖြင့် ဒေါသ ထွက်လိုက်တာဗျာ။  အဲဒီကောင် အနားရှိရင် တခုခု လုပ်မိမလားဘဲ။ မျိုးသန္တာကို ကျုပ် သနားပြီး နှစ်သိမ့်မိတယ်။ ဒီလောက် အကွက်ကျကျနဲ့ လိမ်မှတော့ ဘယ်မိန်းကလေး ကြာကြာခံနိင်မလဲ။ 

“ ညည်း အပြစ်မှ မဟုတ်တာ တူမရယ်။ ဒီလောက် စနစ်တကျနဲ့မှတော့ ဘယ်သူမဆို ယုံမိတော့မှာပေါ့။ ဘယ်သူမဆို ဘဝမှ တခါလောက်တော့ မှားကြမှာပဲလေ။ သင်ခန်းစာယူပြီး ကိုယ့်ဘဝကိုယ် ဆက်ထိန်းကြောင်းပေါ့။ ကိုယ့်ဆိုင်ကိုယ်ပြန်ထွက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလေ”

“ ဆိုင်ဘယ်လိုထွက်မလဲ ဦးရယ်။ အဲဒီလူက ဆိုင်ပြန်ထွက်နေတဲ့ အပြင် သူ့မိန်းမကလည်း ဆိုင်မှာ ထိုင်ပြနေတယ်လေ။ ကျမ သိပ်ရှက်တယ်ဦး။ ကျမတို့ အကြောင်းတွေ သိတဲ့လူတွေရှေ့မှာ ကျမ ဘယ်မျက်နာနဲ့ နေနိင်ပါ့မလဲ။ မယားကြီးငုတ်တုတ်ရှိရဲ့နဲ့ ကြောင်တောင်နှိုက်တဲ့ မိန်းမဆိုပြီး လူတကာ အတင်း ဆိုသံ ကျမ မကြားဝံ့ဘူး။”

“ သူ အဲဒီလို လိမ်တာတွေ ညည်း ဖော်ထုတ်လေ။ လူတွေ အကုန်သိအောင်ပြောမှပေါ့ဟ”
“ မလုပ်ရဲပါဘူး ဦးရယ်။ တရှက်ကနေ နှစ်ရှက်ကွဲရတာပဲ အဖတ်တင်မှာ။ ခုတောင် ဒီလောက် ခေါင်းမဖော်နိင်တာ။ ”
“ မဟုတ်သေးပါဘူးဟာ။ ငါ တိုင်ပေးရမလား”
“ မလုပ်ပါနဲ့ဦးရယ်။ ကျမကို ငဲ့ညှာပါ။ ကျမ မိဘနဲ့ မောင်တွေ ညီမတွေ လူတကာ တံတွေးခွက်မှာ မျောရပါလိမ့်မယ်။ ဒီအကြောင်းတွေ ဦး ဘယ်သူ့ကိုမှ မပြောဖို့ ကတိပေးပါနော်။”
“ အေး ပါဟာ ညည်းသဘောပါပဲ”

အဲဒီနေ့ကပြန်လာတော့ ကျုပ်ပထမဆုံး လုပ်ဖြစ်တာက ကုန်စိမ်းတန်းဘက်သွားပြီး အောင်တင်ဆိုတဲ့သူကို သွားကြည့်တယ်။ လူက နှုတ်ခမ်းမွှေးစစနဲ့ ကျုပ်ဖြင့် ဘယ်လိုကြည့်ကြည့် လူယုတ်မာပုံစံပဲ ထွက်တယ်။ သူက ကျုပ်ကို ပြုံးပြပြီး ဘာဝယ်မလဲ ဦးတဲ့လေ။ ဘေးမှာက သူ့မိန်းမလို့ ထင်တာပါပဲ။ မိန်းမတစ်ယောက်လည်း ထိုင်နေတယ်။ ကျုပ်လည်း ဘာမှမပြောဘဲ ပြန်လာခဲ့တယ်။ အဲဒီနေ့ကစပြီး ကျုပ်ဒီအဖြစ်တွေကို ကြာကြာမေ့ထားလို့ မရတော့တာပဲ။ စိတ်ထဲ ခံပြင်းနေတယ်။

ကောင်မလေးကို အညှာလွယ်တယ်လို့လည်း ကျုပ် မစွပ်စွဲရက်ဘူး။ ယောကျာ်းတွေ ပလီစိချောက်ချက် ပြောရင် တင်းခံနိင်တဲ့ မိန်းမရှားပါတယ်။ ချစ်များချစ်နေရင် ပိုတောင်ဆိုးသေး မဟုတ်လား။ အိမ်ထောင်သည် ယောကျာ်းနဲ့ အပျိုမလေး ကြိုက်ကြတဲ့ ဇာတ်လမ်းတွေ ဖန်တရာတေအောင် ကျုပ်ကြားဖူးတာပဲ။ လက်မခံဘူးဆိုရင်တောင် ဒါမျိုး ဖြစ်တတ်တာကို နားလည်ပေးနိင်တယ်။ အခုက အဲဒါတွေနဲ့ မတူဘူး။ အကွက်ချလိမ်လည်ပြီး ကာမ ကို ရယူသွားတာ။ မိုက်ရိုင်းတဲ့အဆင့် မဟုတ်တော့ဘူး။ ယုတ်မာတဲ့ အဆင့်ကို ရောက်သွားပြီ။ ကျုပ်က အဲဒါကို တအုံ့နွေးနွေး ဖြစ်တာ။ 

အခုတော့ အောင်တင် မိန်းမကလည်း အလုပ်ထွက်ပြီး သူ့ယောကျာ်းနဲ့အတူ ဆိုင်ထွက်တယ်။ တခါတလေ လင်မယားနှစ်ယောက်စလုံး ကျုပ်ဆိုင်ရှေ့က ဖြတ်သွားတယ်။ ရီလို့မောလို့။ မျိုးသန္တာဆိုတဲ့ ကလေးမကတော့ ဘယ်ဆီဘယ်ဝယ်လွင့်သွားပြီလဲ ကျုပ်မသိရဘူး။ သူ့ဆိုင်နေရာမှာ တခြားသူတောင် ဝင်ဖွင့်ထားပြီ။ တခါတလေ လောက က ရီဖို့သိပ်ကောင်းတယ်။ အပြစ်ရှိတဲ့သူက လူမြင်ကွင်းမှာ ရယ်မောနေသလောက် အပြစ်မဲ့ခံရတဲ့သူတွေက မှောင်ရိပ်ထဲမှာ တိတ်တိတ်လေး ငိုနေရတယ်။ ကျုပ်ခံပြင်းတာ အဲဒါပါပဲ။ အဲဒီအကြောင်း ပြန်သတိရတိုင်း သမိုင်းဝင် စာတပုဒ်ရဲ့ ခေါင်းစဉ်ကို ပြန်ပြန်သတိရတယ်။ ဘာတဲ့ “ ငရဲခွေးကြီး လွတ်နေပြီ”  ဆိုတာလေ။ ခုတော့ အောင်တင်ဆိုတဲ့ လွတ်နေတဲ့ ငရဲခွေးကြီးက လမ်းသလားနိင်ပေမယ့် ကျုပ်မှာတော့ ဒင်း မြင်တိုင်း စိတ်ထဲ အကုသိုလ်များပြီး ကျန်နေခဲ့လေရဲ့။ 

ကျုပ်လ္ဘက်ရည်ဆိုင်က ပြန်လာတော့ ဈေးဝက ကုန်ခြောက်ဆိုင်ရှေ့မှာ လူစုစု တွေ့တယ်။ အောင်တင်တို့ လူစု အလှူခံနေတာလေ။ ကျုပ်လည်း အံကြိတ်ပြီး ဘေးကအဖြတ်မှာ ယောဂီသဘက် စလွယ်သိုင်းထားတဲ့ အောင်တင် ဆီက အလှူခံသံ ထွက်လာတယ်။

“ကျနော်များ တနင်္လာပါတ်ဆွမ်းလောင်းအသင်းအတွက် အလှူခံပါတယ်။ အပါတ်စဉ် ကုသိုလ်များ ရယူဖို့ ကျနော်များ နှိုးဆော်ရေးအဖွဲ့က အလှူလာခံခြင်း ဖြစ်ပါတယ်” တဲ့လေ။

ကြားရတာ ခါးလိုက်တာဗျာ။

။.............................................။

ခင်မင်သောအားဖြင့်
မြစ်ကျိုးအင်း

20 comments:

Iora said...

တခါတလေ လောက က ရီဖို့သိပ်ကောင်းတယ်။ အပြစ်ရှိတဲ့သူက လူမြင်ကွင်းမှာ ရယ်မောနေသလောက် အပြစ်မဲ့ခံရတဲ့သူတွေက မှောင်ရိပ်ထဲမှာ တိတ်တိတ်လေး ငိုနေရတယ်။......
စာသားလေးသဘောကျမိပါတယ်။
အိုင်အိုရာ

Anonymous said...

တခါတလေ လောက က ရီဖို့သိပ်ကောင်းတယ်။ အပြစ်ရှိတဲ့သူက လူမြင်ကွင်းမှာ ရယ်မောနေသလောက် အပြစ်မဲ့ခံရတဲ့သူတွေက မှောင်ရိပ်ထဲမှာ တိတ်တိတ်လေး ငိုနေရတယ်။ ကျုပ်ခံပြင်းတာ အဲဒါပါပဲ။

ခရစ္စတလ် said...

ဘဝဇာတ်ခုံပေါ်က အကမျိုးစုံကြတယ်နော် ...

MMA said...

အဲဒီအဖြစ်အပျက်မျိုး အပြင်မှာလည်း တကယ် ရှိနေနိုင် တာပဲနော် ... အရင်ကတည်းက သူငယ်ချင်းရေးတဲ့ စာတွေ မကြာခဏ ၀င်ဖတ်ဖြစ်ပေမဲ့ ငါနဲ့ တစ်ကျောင်း တည်း၊ တစ်မြို့တည်းကဆိုတာ မသိခဲ့ဘူး ... အမြဲ အားပေးနေပါတယ် သူငယ်ချင်းရေ ...

Nyi Linn Thit said...

လူတိုင်းလိုလို ကြားဖူးကြတဲ့ အဖြစ်မျိုးပေမယ့် ကိုမြစ်ကျိုးအင်းရဲ့ ညက်ညောတဲ့ အရေးအသားက ဇတ်လမ်းထဲကို မျောပါသွားစေတယ်၊ အဖြစ်အပျက် အမှန်ကို သိပေမယ့် ဘာမှမလုပ်နိုင်တဲ့ ဇတ်ကြောင်းပြောသူဟာ အတော်လေး ခံရခက်မှာ အသေအချာပါပဲ၊ အမှန်တရားကို အားလုံးသိစေဖို့ အရှက်ပဲ ကွဲကွဲ ထုတ်ပြောသင့်တယ် ဆိုပေမယ့်လည်း မိန်းကလေးတွေ အတွက် နေရာတစ်ခု သတ်မှတ်ထားတဲ့ လူ့အသိုင်းအဝိုင်း အတွင်းမှာတော့...။ ဟူး....။

စံပယ်ချို said...

သူ့အပြစ်သူသိတဲ့သူတွေကြတော့လဲ သနားဖို့ကောင်းတယ်
ကိုယ့်အပြစ်ကိုယ်မသိတဲ့သူတွေကိုတော့
(သိသိနဲ့မိုက်တဲ့သူတွေ)ကြပြန်တော့လဲ
မုန်းဖို့ကောင်းတယ်
နောက်ပြီးသိသိနဲ့မိုက်တဲ့သူတွေက မျက်နှာပြောင်တယ်နော်
တကယ်လို့ကျွန်မလဲ အောင်တင်ကိုတွေ့ရင်ဘယ်လိုများဖြစ်နေမလဲကိုယ့်ကိုကိုယ်သိချင်လိုက်တာ-----

Success Manpower Employment Agency said...

ဟုတ်တယ်.......ဒါမျိုးလိမ်ညာနေတဲ့သူ တကယ်ရှိတယ်.............. မိန်းမသားဆိုတာ ငြိမ်ခံနေလိုက်ရင် ကိုယ့်အမှားဖြစ်သွားမှာပေါ့ ........ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ်ရဲရဲရင်ဆိုင် ဖေါ်ထုတ်လိုက်တာ အကောင်းဆုံးဘဲ......ကြိတ်မှိတ်ငိုကြွေး နေတဲ့ခေတ်က ကုန်သွားပြီ...........ဒါ ကိုယ့်စိတ်ခံစားချက်ကို ပြောတာနော် .............

ဆွေလေးမွန် said...

အမှောင်ထဲက အကြွေပန်းလေး တစ်ပွင့် အကြောင်း
ဖတ်သွားပြီး ကိုမြစ်ကျိုးရေ..
မတွေ့တာ ကြာသလို ပို့ (စ်) တင်တာလဲ ကျဲတယ်နော်

မြတ်မွန် said...

မကောင်းတာတွေ လုပ်တာများတဲ့သူတွေဟာ..
လူတွေရဲ့အထင်ကြီးလေးစား ဂရုစိုက်မှုကို ပိုတပ်မက်တတ်ကြတယ်...
လောကကြီးကိုက မာယာများလွန်းပါတယ်။

san htun said...

လောကကြီးက မာယာများလွန်းတယ်..တပုဒ်ဆို ဆိုသလောက် ကောင်းပါပေတယ် ကိုမြစ်ရေ...

Anonymous said...

ရိုးရိုးရှင်းရှင်း နဲ့ စာရေးကောင်းတယ်ဆိုတော့ ဖတ်လိုက်ရတာ အရသာ ရှိသလို.. အလင်းရောင် ထဲ က အပြစ်ရှိသူတွေ အများအပြား နဲ့ အမှောင်ရိပ် ထဲက အပြစ်မဲ့ သူ အများအပြား အကြောင်းတွေ ကို အများကြီး စဉ်းစားမိပါတယ်..

ခင်မင်လျှက်
ရွှေစင်ဦး

ထော်ဦး said...

ကိုမြစ်ရေ…
အလည်မလာဖြစ်တာ ကြာသွားလို့ ခွင့်လွှတ်ပါ…
ဒီပို့ စ်လေးကို ဖတ်ပြီးတော့
မိန်းကလေးတွေဘက်က ခံပြင်းမိပါတယ်…
ဒီအဖြစ်မျိုး မကြုံမိအောင် မိန်းကလေးတွေအနေနဲ့ 
ကိုယ့်ချစ်သူအကြောင်းကို အသေအချာ စုံစမ်းဖို့ လိုသလို
လက်မထပ်သေးသရွေ့  လုံးဝအတူမနေမိကြဖို့  တိုက်တွန်းချင်ပါတော့တယ်…
ထော်ဦး

rose of sharon said...

အဲလိုလွတ်နေတဲ့ငရဲခွေးတွေက အပြင်မှာတပုံကြီးရယ်... :(

မြသွေးနီ said...

လက်တွေ့ လောကထဲမှာ ရှိနေတတ်တာတွေ..
အရေခွံခြုံထားတဲ့ လူတွေပေါ့ ကိုမြစ်ရေ...
တနည်းပြောရရင် အညှီများနဲ့လူတွေပေါ့..
ဝေးဝေးက ရှောင်ကျဉ်သင့်ပါတယ်..

သိ င်္ဂါ ရ said...

သြော် ...

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

ထရီဆာ said...

တခါတလေ လောက က ရီဖို့သိပ်ကောင်းတယ်။ အပြစ်ရှိတဲ့သူက လူမြင်ကွင်းမှာ ရယ်မောနေသလောက် အပြစ်မဲ့ခံရတဲ့သူတွေက မှောင်ရိပ်ထဲမှာ တိတ်တိတ်လေး ငိုနေရတယ်......။

:))))))))))))))
ရင်ထဲမှာ နာတယ် .....။

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

PhyoPhyo said...

ဖတ်ရတာ ခါးလိုက်တာဗျာ။
Bravo Brother!!!

မြတ်မွန် said...

ရိုးရိုးသားသားရှင်သန်နေတဲ့ ပန်းလေးတွေ ဘဝကို ဖျတ်ဆီး ချိုးယူ နင်းခြေတတ်တဲ့သူတွေ
နဲ့ မိမိပတ်ဝန်းကျင်ရော၊ မိမိဘဝမှာရော မကြုံရ၊မစုံရပါစေနဲ့လို့ ဆုတောင်းမိတယ်။

လေးစားလျှက်

 

Posts Comments

©2006-2010 ·TNB