သူနဲ့ကိုယ်နဲ့ ချည်တဲ့ကြိုး (၂)

02 September 2014

16 comments


သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး (၂)


“ငါ့ကို မသေစေချင်ရင် မြန်မြန်ပြန်လာခဲ့ ”

ရှေ့မှာချထားတဲ့ ဖုန်းက မတ်ဆေ့ဝင်သံ ကြားလို့ ဖတ်လက်စ စာအုပ်ကို ဘေးချပြီး ကိုကျော်ဝေ ကောက်ယူကြည့်လိုက်တယ်။ မတ်ဆေ့ကိုဖတ်ပြီး ကိုကျော်ဝေ မျက်ခုံးမြင့်တက်သွားတယ်။ နဲနဲလည်း လန့်သွားတယ်။ မတ်ဆေ့က တိုတိုလေးပါပဲ။

“ငါ့ကို မသေစေချင်ရင် မြန်မြန်ပြန်လာခဲ့ ” တဲ့။
ဒီမတ်ဆေ့ပို့တဲ့သူက ကိုကျော်ဝေရဲ့ ချစ်လှစွာသော မိန်းမ။ အခုလက်ရှိတော့ ကိုကျော်ဝေကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ထားတဲ့ အမျိုးသမီးပေါ့။ လွန်ခဲ့တဲ့ တစ်နာရီလောက်က အိမ်တွင်းအသေးစား တိုက်ပွဲလေးတခုဖြစ်ခဲ့တယ်။ လျှာနဲ့သွား ရဲ့ တမင်တကာ ကိုက်ဖြစ်တဲ့ ကိုက်ပွဲဆိုလည်း မမှားဘူး။ စေတနာကို အခြေခံတဲ့ ယောကျာ်းဖြစ်သူရဲ့ ဆုံးမသွန်သင်မှုကို နားမလည်နိင်ဘဲ ပြန်ရန်တွေ့ခံလိုက်ရတာက စတဲ့ ဒီ ရန်ပွဲ အသေးစားလေးက လိုအပ်တာထက် ပိုပြင်းထန်သွားတယ်။ နောက်ဆုံးတော့ ကိုကျော်ဝေက စိတ်လျှော့ပြီး အိမ်ပြင်ကို ထွက်လာခဲ့တယ်။ စာအုပ်တစ်အုပ်ယူပြီး အိမ်နဲ့ မနီးမဝေးက ပန်းခြံထဲမှာ စာလာထိုင်ဖတ်နေတုန်း အခုလိုမက်ဆေ့ ဝင်လာတော့တာပါပဲ။

အဆင်မပြေ ရန်လိုမှုက တဒင်္ဂလို့ပဲဆိုဆို ဒီလို အရိပ်အငွေ့တွေ လွှမ်းခြုံနေတဲ့ အခန်းထဲမှာတော့ ကိုကျော်ဝေက မနေနိင်ဘူး။ မနေချင်ဘူး။ အမြဲတမ်း အချစ်စိတ်အငွေ့အသက်တွေနဲ့ 
တည်ဆောက်ထားတဲ့  ဒီအိပ်ခန်းထဲကို အဆင်မပြေ ရန်လိုမှုတွေ  ထိုးဖောက်လာတာကို ဝမ်းနည်းတယ်။ ဒါကြောင့်လည်း လတ်တလောမှာ ရန်လိုနေတဲ့ သူ့မိန်းမကို ထားပြီး အိမ်က ထွက်လာခဲ့တာတယ်။ အခုလို ထွက်လာခွင့်ကို လွယ်လွယ်ကူကူနဲ့ရခဲ့တာတော့ နဲနဲထူးဆန်းတယ်လို့ ဆိုရမယ်။

ကိုကျော်ဝေတို့က အိမ်ထောင်သက် ရင့်လာတဲ့နောက်ပိုင်း ကတောက်ကစ ဖြစ်ရတဲ့ အကြိမ်အရေအတွက်က နဲနဲရှိလာတယ်။ ဒီလို စကားများတိုင်းလည်း ကိုကျော်ဝေက အပြင်ကို ထွက်သွားဖို့ အမြဲကြိုးစားတယ်။ ဒါပေမယ့် တခါမှ မရခဲ့ဘူး။ မိန်းမဖြစ်သူက အိပ်ခန်းတံခါးဝကို ကျောကပ် ၊ ကြမ်းပြင်ကို ခြေစုံကန်ပြီး တံခါးဝက ပိတ်ထားလေ့ရှိတယ်။ သူ့အပြောကတော့ ရန်ဖြစ်နေတာ ပြီးအောင်ဆက်ဖြစ်တဲ့။ ဘာမှ ရှောင်ထွက်သွားစရာ မလိုဘူးတဲ့လေ။ (စိတ်ပြေသွားရင်တော့ ရန်ဖြစ်နေရင်တောင် မခွဲနိင်လို့ပါလို့ သူမက ဆိုရှာသေးတယ်) 

ကိုကျော်ဝေကတော့ တစ်ခွန်းကနေနှစ်ခွန်း ရှင်းပြလို့မှ နားမလည်ဘဲ စကားဆက်များနေရရင် ဒီနေရာမှာ ဘာဆက်လုပ်နေမလဲ။ တယောက်က ရှောင်ထွက်သွားလိုက်တာကမှ စိတ်ပြေမြန်အုံးမယ်လို့ ယူဆတယ်။ ဒါပေမယ့် ဘယ်တော့မှ ထွက်ခွင့်မရဘဲ တံခါးပိတ်ထားခြင်းပဲ အမြဲခံရတယ်။ ဒီတော့လည်း အခန်းထဲမှာပဲ တိတ်တိတ်လေး နေချင်နေ ဒါမှမဟုတ် ဆက်ပြီး ရန်ဖြစ်ကြပေါ့။ ဒီလိုတွေပဲ ဖြတ်သန်းခဲ့ရတာ။

အခုတခေါက်တော့ သူ့မိန်းမက သူအပြင်ထွက်လာတာကို တံခါးဝမှာ ကျောကပ်ပြီး မပိတ်ထားဘူး။ 
သွား  တဲ့။ဒီတော့လည်း စာအုပ်တအုပ်ယူပြီး ထွက်လာခဲ့တယ်။ လမ်းမှာ ကော်ဖီတခွက် ဝင်ဝယ်ပြီး ပန်းခြံထဲမှာ အေးအေးဆေးဆေး စာထိုင်ဖတ်နေတုန်း အခုလို မတ်ဆေ့ ဝင်လာတာပဲ။ စိတ်ဆိုးပြီး ထွက်လာပေမယ့် တခုခုလုပ်ချင်ပြီဆိုရင် ကမူးရှူးထိုး လုပ်တတ်တဲ့ သူ့မိန်းမ အကြောင်းကို သိထားတော့ ဘာများဖြစ်နေပြီလဲဆိုပြီး စိတ်ပူမိတယ်။

ဒါနဲ့ပဲ စာအုပ်ပိတ်ပြီး ပန်းခြံဝမှာ ရပ်ထားတဲ့ စက်ဘီးလေး ပြန်နင်းလာတယ်။ ဒေါသအခံက ကျန်နေသေးတော့ ဖြေးဖြေးပဲ နင်းဖြစ်တယ်။ အခုခေါ် အခုချက်ချင်း ပြန်လာတယ်လို့တော့ အထင်မခံချင်တာ အမှန်ပဲ။ ဒါပေမယ့် စက်ဘီးခြေနင်းကို အားစိုက်နင်းချလိုက်တိုင်း သူ့မိန်းမဘာတွေများလုပ်နေပြီလဲလို့ ကိုကျော်ဝေ စိတ်ပူစွာတွေးမိတယ်။ ခြေနင်းပြန်အတက်မှာ အသက်အန္တရာယ်တော့ မဖြစ်ပါစေနဲ့ဆိုပြီး တိတ်တိတ်လေး ဆုတောင်းမိပြန်တယ်။ စိတ်ပူရင်း ဆုတောင်းရင်းနဲ့ ကိုကျော်ဝေ ရဲ့ စက်ဘီးနင်းနှုန်းက မြန်မြန်လာတယ်။

ဟုတ်တယ်။ သူတခုခုဖြစ်နေနိင်တယ်။ ရန်ဖြစ်ထားတဲ့အချိန်မှာ ဘယ်သူကမှ မဟုတ်ဘဲနဲ့ လိမ်ပြီးပြောမှာမဟုတ်ဘူး။ ပိုပြောစရာအဖြစ် ခံကြမှာ မဟုတ်ဘူး။ သူတခုခုဖြစ်နေလောက်ပြီ။ အဲ့ဒီလိုတွေးမိတော့ စိုးရိမ်စိတ်က ငယ်ထိပ်အထိတက်လာတယ်။ စက်ဘီးကို ဖိနင်းတယ်။ ဘေးက သစ်ပင်တွေက တရိပ်ရိပ်နဲ့ကျန်နေခဲ့တယ်။ စက်ဘီးထက်မြန်တာက သူ့စိတ်ပဲ။ စိတ်က အိမ်အထိပြန်ရောက်နေတယ်။ မီးဖိုချောင်ထဲဝင်တယ်။ အိပ်ခန်းထဲဝင်တယ်။ ခြံထဲပတ်ရှာနေတယ်။ သူ့မိန်းမဘာများဖြစ်နေပြီလဲဆိုတဲ့ ထပ်ခါထပ်ခါအတွေးက အသက်ရှုနှုန်းထက်တောင် အကြိမ်ရေပိုမြန်နေသေးတယ်။

လမ်းထဲကို ဝင်ဝင်ခြင်း ခြံဝနေရာကို လှမ်းကြည့်တယ်။ အိမ်မှာ တခုခုဖြစ်နေလို့ ပါတ်ဝန်းကျင်က အိမ်နီးချင်းတွေများ ခြံဝမှာ ရှိနေသလားဆိုပြီး လှမ်းကြည့်တယ်။ တယောက်မှ မတွေ့ရလို့ စိတ်နဲနဲအေးသွားတယ်။ ခြံဝကို ရောက်လာတော့ သူတို့ အိမ်လေးထဲလှမ်းကြည့်တယ်။ ငြိမ်ငြိမ်သက်သက်ပါပဲ။ အိမ်ပေါ်မှာများ တခုခုဖြစ်နေလေသလားဆိုပြီး စက်ဘီးကို ခြံထဲက သစ်ပင်မှာ မှီပြီး အိမ်ပေါ်ပြေးတက်တယ်။ 

မီးဖိုချောင်က ခြေရာလက်ရာမပျက်ရှိနေတယ်။ ဧည့်ခန်းကလည်း ပုံမှန်အတိုင်းရှိနေတယ်။ ဒီတော့ တွေးစရာက အိပ်ခန်းတခုထဲပဲ ကျန်တော့တယ်။ တခုခုဖြစ်နေရင်လည်း အိပ်ခန်းထဲမှာပဲ ဖြစ်နေမှာပဲဆိုပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ်။

တံခါးဆွဲအဖွင့်မှာ မြင်ရတဲ့ မြင်ကွင်းက မလှဘူး။ အခန်းထဲမှာထားတဲ့ ခေါက်စားပွဲ အပုလေးက တုံးလုံးပက်လက် လဲနေတယ်။ ရန်မဖြစ်ခင်က ဖွင့်ထားလက်စ laptop ကွန်ပြူတာက ကြမ်းပြင်မှာ ဖွင့်ထားလျက်အတိုင်းပဲ ခုံးခုံးကြီး မှောက်နေတယ်။ မြင်ကွင်းကို ဆက်မကြည့်နိင်အားပဲ ကုတင်ပေါ်ကို လှမ်းကြည့်လိုက်တော့ သူ့မိန်းမက နံရံဘက်လှည့်ပြီး ခွေခွေလေး အိပ်နေတယ်။ ရိုးရိုးအိပ်နေတာ ဟုတ်ရဲ့လားဆိုပြီး သူ့မိန်းမ ပုခုံကို ကိုင်ပြီး ဒီဘက်ဆွဲလှည့်လိုက်တယ်။ ဒါပေမယ့် သူ့မိန်းမ ခန္ဓာကိုယ်က အလွယ်တကူ ပါမလာဘူး။

ဘာကြောင့်ဆိုတော့ သူ့မိန်းမက ကိုကျော်ဝေဘက် ဆွဲအလှည့်မခံဘဲ တင်းခံထားလို့ပါပဲ။ ဒီတော့မှ ကိုကျော်ဝေ စိတ်ဒုံးဒုံးချမိတယ်။ အသက်အန္တရာယ်နဲ့ပါတ်သတ်လို့ ဘာမှမဖြစ်ဘူးဆိုတာ သဘောပေါက်သွားတယ်။ စိတ်ပူတာ လျော့သွားမှ စူစူးရှရှ အနံ့တခုက နှာခေါင်းထဲ ဝင်လာတယ်။ ဘာအနံ့လည်း လိုက်ကြည့်တောမှ့ ဇာတ်ရည်လည်တော့တယ်။ သူတို့ကုတင်ဘေးက စားပွဲအပုလေးပေါ်မှာ အရက်ပုလင်းက ဖွင့်လျက်သားကြီးဖြစ်နေတယ်။ ဒီအရက်ပုလင်းက မိုးလေးနဲနဲအေးတဲ့အခါ ကိုကျော်ဝေက တခွက်တဖလား သောက်လေ့ရှိတဲ့ ပုလင်းပါ။ ခုတော့ ပုလင်းထဲမှာ အရက်တွေက
ပြောင်သလင်းခါနေတယ်။ ဒါနဲ့ သူ့မိန်းမအနားကပ်ကြည့်လိုက်တော့ အရက်နံ့က ထောင်းခနဲ ထ လာတယ်။

ခုတော့ အဖြေကရှင်းပြီ။ ကိုကျော်ဝေ အိမ်ကထွက်သွားတော့ ကျန်ခဲ့တဲ့ သူ့မိန်းမက မပြေနိင်သေးတဲ့ ဒေါသနဲ့ ခုံတွေကို မှောက်ပစ်မယ်။ ပြီးတော့ အရက်တွေ မော့ချမယ်။ ခုံမှောက်ပြီးမှ မူးသလား ၊ မူးမူးနဲ့ ခုံမှောက်ပစ်သလား ဆိုတာတော့ မသိဘူး။ အဲ့ဒီ နှစ်ခုက ဘယ်ဟာကို အရင်လုပ်သလဲ သေချာမသိပေမယ့် နှစ်ခုစလုံး လုပ်ထားတာ သေချာနေတာတော့ သက်သေနဲ့တကွကို ဖြစ်နေတယ်။

ဒီတော့မှ ကိုကျော်ဝေလည်း နဂိုထွက်ထားတဲ့ ဒေါသရယ်၊ တလမ်းလုံးစိတ်ပူပန်လာရတာရယ် ၊ စက်ဘီးအမြန်နင်းခဲ့လို့ မောနေတာရယ် ပေါင်းပြီး သက်ပြင်းကြီးကြီးသာ ချလိုက်မိတော့တယ်။ ခုတော့ ဒေါသထွက်တာလည်း မဟုတ် ၊ စိတ်ပူတာလည်းမဟုတ် ၊ မောတာလည်း မဟုတ်ဘဲ အားလုံးစုပေါင်းထားတဲ့ ခံစားချက်တခုက ထွက်လာတယ်။ မြင်လွယ်အောင် ပြောရရင် အီလည်လည် ခံစားချက်မျိုးပေါ့။ သူ့မိန်းမနဲ့အပြိုင် ပွဲကြမ်းချင်စိတ်မရှိတဲ့ ကိုကျော်ဝေအတွက် သူ့မိန်းမဖွထားသမျှ ပြန်ရှင်းရမယ့် အလုပ်တခုပဲရှိတော့တယ်။

ဒါနဲ့ပဲ မှောက်ထားတဲ့ ခေါက်စားပွဲအပုလေးကို နေသားတကျ ပြန်ထောင်တယ်။ ကွန်ပြူတာကို မပြီး ကွဲအက်သွားသလား သေချာစစ်တယ်။ ဘာမှမဖြစ်လို့ တော်ပါသေးရဲ့ဆိုပြီး ခုံပေါ်ပြန်တင်တယ်။
ရေနွေးဗန်းက ခုံပေါ်မှာထားတဲ့အတိုင်းပဲ ပက်လက်ကလေး ကျနေတယ်။ မှောက်ခြင်းပြုခြင်းမရှိဘူး။ ခွက်အလွတ်တွေကတော့ ဟိုတခွက် ဒီတခွက် ပြန့်ကျဲနေတယ်။ ခွက်တွေပြန်ကောက်ပြီး ရေနွေးဗန်းထဲ
 ပြန်စီတယ်။ မနက်ကစားလက်စ ပဲပလာတာပန်းကန်ကလည်း ကံကောင်းထောက်မလို့ မှောက်မနေဘူး။ ပန်းကန်ထဲ ထည့်ထားတဲ့အတိုင်းပဲ ကျနေတယ်။ ဒါကိုလည်း ခုံပေါ်ပြန်တင်လိုက်တယ်။ ကံကောင်းတာက တီဗီကို ရိုက်မခွဲထားတာပဲ။ အခြေအနေက ထင်သလောက်မဆိုးသေး။ ကွဲတာရှတာ ဘာမှမရှိဘူးဆိုတော့ စိတ်သက်သာရာ ရမိတယ်။ ရန်ဖြစ်လို့ ပစ္စည်းတွေ ကွဲရှတာကို ကိုကျော်ဝေက သိပ်နှမျောတာဆိုတော့ အခုလို အခြေအနေလောက်နဲ့ ပြီးသွားတာကို တော်သေးရဲ့လို့ တွေးမိတယ်။

ကျနေတာတွေ အကုန် စနစ်တကျ ပြန်တင်ပြီးတော့ ကိုကျော်ဝေ ကွန်ပြူတာရှေ့မှာပဲ ဆက်ထိုင်ပြီး သတင်းတွေ လိုက်ဖတ်နေလိုက်တယ်။ ခဏကြာတော့ မိန်းမဖြစ်သူက ထလာတယ်။ သူ့ဆီကို တန်းတန်းမတ်မတ် လာနေတာ တွေ့လိုက်ရတော့ ကိုကျော်ဝေ စိတ်လေးသွားရတယ်။ ဘာပြဿနာ ထပ်တက်အုံးမလဲတွေးမိလို့ပါပဲ။ သာမန်အချိန်မှာတောင် ပြဿနာ ရှင်းမရတာ အခုလို မူးနေချိန်ဆိုတော့ ပြီးမယ်မထင်တော့ဘူး။ ထင်တဲ့အတိုင်းပဲ သူ့မိန်းက ဘေးနား လာထိုင်တယ်။

“ ဘာပြန်လာလုပ်တာလဲ။ သွားလေ သွား။ အပြင်သိပ်သွားချင်နေတာမဟုတ်လား။ 
သွား သွား ။ ပြန်မလာနဲ့ သွား။”

“ကဲ ပါ မိန်းမရာ။ သွားအိပ်နေပါကွာ။ အဲ့ဒါတွေ နောက်မှပြောတော့နော်။”
“ မရဘူး။ အခုပြောမယ်။ ဘာဖြစ်လို့ အိမ်က တချိန်လုံးထွက်သွားချင်ရတာလဲ။ အခုသွားလေ။ သွားပါ။ မတားဘူး သွား သွား”

ဆက်ပြောရင်လည်း ဇာတ်လမ်းက ပြတ်မယ်မထင်။ ဒီတော့ သူ့မိန်းမပုခုံးကို ခပ်ဖွဖွ ဖက်လိုက်တယ်။ မိန်းမဖြစ်သူက အဖက်မခံ။ လက်ကိုပုတ်ချတယ်။ ထပ်ဖက်တယ်။ ရုန်းမရအောင် ခပ်တင်းတင်းဖက်တော့ ငြိမ်ကျသွားတယ်။

“ လာ လာ ခဏအိပ်လိုက်နော်။ အိပ်ယာနိုးမှ မိန်းမကြိုက်တဲ့ မုန့်တီ လိုက်ဝယ်ကျွေးမယ်နော်။”

“မစားဘူး။”
“ဒါဆိုလည်း အပြင်သွားကြမယ်နော်။”
“မသွားဘူး။ ဘယ်မှ မသွားဘူး။”

“စိတ်မဆိုးနဲ့တော့နော်။ မောင်တောင်းပန်တယ်။ မောင်က စေတနာနဲ့ပြောတာပါ။ လာလာ ခဏအိပ်လိုက်”

သူ့မိန်းမ ပုခုံးကို ခပ်တင်းတင်းဖက်ပြီး အိပ်ယာပေါ်တင်ပေးလိုက်တယ်။ ခေါင်းလေးကို ဖွဖွလေး ပွတ်ပေးပြီး ချော့လိုက်တော့ အရက်သမားလေးက ငြိမ်ကျသွားတော့တယ်။ ငြိမ်သွားပြီဆိုတော့မှ ကိုကျော်ဝေခုံမှာ သူပြန်ထိုင်တယ်။ ခုတော့ ဒေါသလည်း မရှိတော့။ ရန်ပွဲလည်းဘယ်လိုပြီးသွားမှန်း မသိတော့။ ညနေ သူ့မိန်းမ နိုးလာရင်တော့ စက်ဘီးလေးပေါ်တင်ပြီး အပြင်ဘက် သွားကြမယ်လို့ ဆုံးဖြတ်ထားတယ်။ တခါတလေတော့ ရှုပ်ထွေးစည်ကားနေတဲ့ ပါတ်ဝန်းကျင်နဲ့ ပြင်ပလေထုက ရန်ဖြစ်ပြီးစ ဇနီးမောင်နှံအတွက် စိတ်ကြည်လင်စေဖို့ လိုအပ်တယ်လို့ ထင်မိတယ်။

ကိုကျော်ဝေက သူ့မိန်းမနိုးလာချိန်အတွက် သူ့အတွေးနဲ့သူ စိတ်ကူးနေချိန်မှာပဲ သူ့မိန်းမက သူ့ကို မျက်လုံးလေးမှေးပြီး ခိုးကြည့်နေတာ မသိဘူး။ ဘယ်သိပါ့မလဲ။ သူ့မိန်းမ မူးပြီး အိပ်ပျော်နေတယ်ပဲ ထင်တာပေါ့။ သူ့မိန်းမက သူ့ကို ရယ်ရွှင်တဲ့ မျက်နာလေးနဲ့ ခိုးကြည့်နေတာကို မသိသလို သူ့မိန်းမရဲ့ စိတ်အတွေးကိုလည်း မသိရှာဘူး။ သူ့မိန်းမ တွေးနေတာက ဖြစ်ခဲ့တဲ့ ရန်ပွဲနဲ့ မဆိုင်ဘူးလို့ ပြောရင်လည်း ရတယ်။ ဆိုင်တယ်လို့ပြောရင်လည်းရတယ်။

အရက်တွေ ပေနေတဲ့ သူ့အင်္ကျီကို အမြန်ဆုံးလဲချင်နေတယ်။ အထူးသဖြင့် အရက်တငုံကို ပလုတ်ကျင်းထားမိလို့ အာခံတွင်းတွေ ပူနေတာကို အမြန်ဆုံး ပလုတ်ကျင်းချင်နေတယ်။
ပိုအရေးကြီးတာက အိမ်သာခွက်ထဲ သွန်ချထားတဲ့ အရက်တွေက (ရေလောင်းချထားပေမယ့်) အနံ့တွေ ထွက်နေမလားဆိုပြီး သူ့ယောကျာ်း မသိခင် အရင်ဆုံး ဆေးကြောချင်နေတဲ့ စိတ်ဆန္ဒအတွေးပါပဲ။

ဒါကို ကိုကျော်ဝေက မသိဘူး။ သူ့စိတ်အတွေးနဲ့သူ ကြည်နူးနေတယ်။ မုန်တိုင်းပြီးစ လေညင်းကို မကြာခင် ပွေ့ဖက်ဖို့ ကြည်နူးနေတယ်။ ကိုကျော်ဝေ မိန်းမကလည်း မြန်မာဇာတ်ကားတွေထဲက ရိုးရှင်းလှတဲ့ ဇာတ်ဝင်ခန်းတချို့ကို အသုံးပြုလိုက်မိလို့ အတွေးနဲ့ ရီနေမိတယ်။ ယောကျာ်းဖြစ်သူက စိတ်ပူပြီး ချက်ချင်းပြန်လာတာကို ကြည်နူးတာလည်း ပါတာပေါ့။ 

ကိုကျော်ဝေမိန်းမအတွေးက ရှင်းတယ်။ အဆင်မပြေ အယူအဆမတူတဲ့အခါ ရန်ဖြစ်ကြမှာပဲ။ ဘယ်လိုပဲရန်ဖြစ်ဖြစ် ဘယ်လောက်ပဲဖြစ်ဖြစ် သူ့ယောကျာ်းကို မျက်စေ့အောက်မှာ ရှိနေတာမျိုးပဲ လိုချင်တယ်။ ရန်လည်းဖြစ်ရသေး စိတ်လည်းပူရသေးဆို သိပ်မနိပ်ဘူးထင်တာကိုး။ ဒီတော့ ယောကျာ်းပြန်လာအောင် ရိုးရှင်းလှတဲ့ လှည့်ကွက် သုံးလိုက်မိလို့ ရီပြုံးမိတာရယ် ကိုကျော်ဝေပြန်လာလို့ ကြည်နူးကျေနပ်တာရယ် ပေါင်းပြီး မျက်နာက တားဆီးမရဘဲ ပြုံးယောင်သန်းနေမိတာပေါ့။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်လေ။ နှစ်ယောက် တစ်ဘဝမှာ နှစ်ယောက်စလုံး ကြည်နူးနေဖို့ အရေးကြီးတယ် မဟုတ်လား။

။……………………………….။
မြစ်ကျိုးအင်း

ပုံရိပ်ယောင်လမ်း

25 November 2012

25 comments


စာရေးနေရင်းနဲ့နာရီကို မော့ကြည့်တော့ မနက် ဆယ်နာရီ ကျော်ကျော်ပဲ ရှိသေးတယ်။ အမေက ဘုရားဆွမ်းတော်ကပ်ပြီး ဘုရားရှိခိုးနေတော့ တအိမ်လုံးက တိတ်တိတ်ဆိတ်ဆိတ်ပဲ။ ဒီနှုန်းအတိုင်းသာဆို နောက် တနာရီမကြာခင် သူ့စာမူပြီးသွားနိင်တယ်လို့ စာရေးဆရာ တွေးမိလိုက်တယ်။ မနေ့ကတည်းက ဇာတ်အိမ်တည်ပြီး တောက်လျှောက်ရေးထားတဲ့ စာမူကို ဒီမနက်ပိုင်း အပြီးသတ် ဆက်ရေးမယ်လို့ ဆုံးဖြတ်ပြီး မနက်ပိုင်းကတည်းက စာရေးစားပွဲမှာ ထိုင်နေတာ ခုဆို အပြီးသတ် နီးနီးအထိ ရောက်လာတယ်။ ပြောရရင် ဒီစာမူက သူရေးခဲ့တဲ့ သက်တမ်းတလျှောက် အမြန်ဆုံးပြီးတဲ့ စာမူလို့တောင် တင်စားလို့ရတယ်။ ရေးတဲ့အချိန် ဈန်ဝင်နေတာကလည်း တကြောင်းဆိုပေမယ့် စာမူကိုက ရေးလို့သွက်တဲ့ ဇာတ်လမ်းမျိုး ဖြစ်နေတော့ ခေါင်းထဲကထွက်ကျလာတဲ့ စာကြောင်းတွေကိုတောင် လက်က မှီအောင်မနဲ လိုက်ရေးနေရတယ်။ 

ဇာတ်လမ်းကသွက်တယ်။ ဇာတ်အရှိန် အနိမ့်အမြင့်တွေပါတယ်။ စာဖတ်သူ စိတ်နှလုံးကို ဆွဲငင်မယ့် အလှည့်အပြောင်းတွေပါတယ်။ ဖတ်ရင်းနဲ့ ကျေနပ်အားရစေမယ့် အခန်းတွေ ပါတယ်။ အထူးသဖြင့် ကိုတိုးကြီး ကြိုက်မယ့် ဇာတ်လမ်းမျိုး။ ဒါ အဓိက အရေးကြီးဆုံး အချက်ပဲ။ ကိုတိုးကြီးဆိုတာ နယ်ကြိုက်ဇာတ်ကားတွေနဲ့ အောင်မြင်စပြုနေတဲ့ ဒါရိုက်တာ တယောက်ပါ။ သူ့စာမူတိုင်းကို ကိုတိုးကြီးက ဝယ်ပြီး ဇာတ်ကားရိုက်လေ့ရှိသလို တခါတလေ ဇာတ်ကျောရိုးလေးတွေ ပေးပြီးလည်း ရေးခိုင်းတတ်တယ်။ မရှက်တမ်းဝန်ခံရရင် သူ့စာမူတွေက စာအုပ်အဖြစ်နဲ့ အောင်မြင်မှုတော့ သိပ်မရရှာဘူး။ ဇာတ်တွေက အတွင်းထဲထိ မရောက်ဘူးဆိုလား ၊ အပေါ်ယံလောကကို ကိုယ်စားပြုလွန်းတယ် ဆိုလားဝေဖန်ကြတာတွေတော့ ဖတ်ရဖူးတယ်။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။ သူအခုနောက်ပိုင်း စာရေးကတည်းက ဇာတ်ညွှန်းခွဲလို့ကောင်းအောင် ၊ ဒါရိုက်တာ ရိုက်ကူးလို့ အဆင်ပြေအောင် ရေးဖြစ်နေတယ်။ ဒါကိုလည်း ကိုတိုးကြီးက သဘောကျတယ်။ အားပေးတယ်။

 “သိပ်ရှုပ်ရှုပ်ရှက်ရှက်မလုပ်နဲ့ဗျာ။ မြန်မြန်ရိုက်လို့ရပြီး နေရာအနေအထား တကူးတကရှာရိုက်စရာမလိုပဲ ခပ်သွက်သွက်ရိုက်လို့ရမယ့် ဇာတ်မျိုးပဲ ရေးဗျာ” တဲ့လေ။
ဆိုတော့ကာ သူကလည်းခပ်သွက်သွက်ရေးတယ်။ ကိုတိုးကြီးကလည်း ခပ်သွက်သွက်ရိုက်တယ်။ ဒီတော့ သူတို့ နှစ်ယောက် အဆင်ပြေတယ် ဆိုပါစို့။

အငုံ့စိတ်

24 July 2012

37 comments


စားလက်စာမုန့်ကို ငုံ့ကိုက်လိုက်ချိန်မှာပင် “ဒုန်း” ခနဲ မြည်သံ နှင့်အတူ ရပ်ထားသည့် သူ့ကား အနည်းငယ်လှုပ်ခါသွားသည်။ နောက်ကားတစ်စီးစီး၏ ဝင်တိုက်ခြင်းခံရသည်ဟု  တွေးမိကာ 
နောက်လှည့်ကြည့်စဉ် နောက်တစ်ကြိမ် “ဒုန်း” ခနဲမြည်ကာ ကားက ထပ်မံ လှုပ်ခါသွားပြန်သည်။ သည်တစ်ကြိမ်တွင်တော့ တရားခံကို တွေ့လိုက်ရသည်။ သူ့ကားကို နောက်ဘက်မှ ဝင်တိုက်ခံရခြင်းမဟုတ်။ လူတစ်ယောက်မှ ကားနောက်ဖုံးကို လက်ဖြင့် ထုနေခြင်းဖြစ်သည်။ သူစိတ်တိုတောင်းစွာဖြင့် ကားပေါ်က ဆင်းလိုက်ချိန်တွင် နောက်တစ်ကြိမ် ထပ်ထုပြန်သည်။

“ဒုန်း”
“ဟေ့ကောင်… ဒါ ဘာလုပ်တာလဲ..ပြောစမ်း”

သူ့အော်သံကြောင့် ထိုသူမှနောက်တကြိမ်ထုရန် ရွယ်ထားသော လက်ကို ပြန်ချရင်း သူ့ကို လှမ်းပြုံးပြ၏။ စိတ်မနှံ့သူဟုထင်၍ သေချာအကဲခတ်မိသည်။ အဝတ်အစား ဝတ်ဆင်ထားပုံက သာမန်လူများ အတိုင်းသာဖြစ်သည်။ အသက်ကတော့ နှစ်ဆယ်ကျော် အစိတ်ခန့်သာရှိမည်။ ဖျတ်ခနဲကြည့်၍ ဆတ်ခနဲမှတ်သားတတ်သည့် အလေ့အကျင့် စိတ်အာရုံအရ သည်လူငယ် စိတ်မနှံ့သူ မဟုတ်ကြောင်း မှတ်ချက်ပြုမိသည်။ 

“ စိတ်မရှိပါနဲ့ခင်ဗျာ ကျွန်တော် စိတ်ထဲမှာ မနေနိင်လွန်းလို့ တင်းကျပ်လာလွန်းလို့ ထုမိလိုက်တာပါ”
ထိုအဖြေကြောင့် သူ အတော်အံ့သြသွားသည်။ တစ်ခုခုတော့ လွဲမှားနေပြီထင်သည်။

“ဘာ… မနေနိင်လွန်းလို့ ..ဟုတ်လား ”
“ ဟုတ် ပါတယ် အစ်ကို ”
“ မင်း မနေနိင်တိုင်း ထုရအောင် ဒါ ဘာကားလဲ မင်း မသိဘူးလား။ ”
“ သိပါတယ်… ဒါ ရဲကားပါ။ ”

ကား၏ ဆေးရောင်နှင့် ပုံစံက ရဲကား ဆိုသည်ကို လူတိုင်းသိနိင်၍ ထိုအဖြေက မထူးဆန်း။ သို့သော် ရဲကားမှန်း သိသိနှင့် မနေနိင်လွန်း၍ လက်သီးဖြင့်ထုမိသည်ဆိုသော ထိုလူငယ်ကိုတော့ အံ့အားသင့်သွားမိ၏။ ထို့ပြင် သူဝတ်ထားသည့် ယူနီဖောင်းကို ကြည့်လျှင်လည်း သူသည် ရဲအရာရှိ တစ်ယောက်ဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိင်သည်။ ယခုတော့ ရဲအရာရှိတစ်ဦး ရှိနေသည့် ရဲကားကို တဒုန်းဒုန်းဖြင့် လာထုနေသူကို အံ့သြစွာ ကြုံနေရပြီ။ ပုဒ်မပေါင်းများစွာ ခေါင်းထဲ တဖျတ်ဖျတ် ရောက်လာသည်။ သည်ကောင် အချုပ်ထဲ ဝင်ချင်နေပြီထင်သည်။ 

“မနေနိင်လွန်းလို့ ထုမိရင်လည်းရဲစခန်းလိုက်ခဲ့တော့”

လူငယ်က ရဲစခန်းဟု အသံကြားချိန်မှာလည်း တုန်လှုပ်ခြင်းမရှိ။ ကျေကျေနပ်နပ်ပင် ပြုံးလိုက်သေးသဖြင့် သူကိုယ်တိုင် ဝေခွဲမရဖြစ်သွားရ၏။ထိုလူငယ်ကို သေသေချာချာ စေ့စေ့စပ်စပ် နောက်တစ်ကြိမ်ကြည့်မိသည်။ အနက်ရောင် စတေကာ တီရှပ်နှင့် ဂျင်းဘောင်းဘီအပြာရောင်ကို တွဲဖက်ဝတ်ထားပြီး ညစ်စုတ်စုတ်ပုံသဏ္ဍာန်မျိုး မတွေ့ရ။ စိတ်မနှံ့သူ မဖြစ်နိင်ကြောင်း စိတ်ထဲမှ ထပ်မံအတည်ပြုမိသည်။

“ ကျနော် အပြစ်ရှိရင်လည်း စခန်းကို ခေါ်သွားပါအစ်ကို။ ဒါပေမယ့် ကျနော် အခုလို ဘာကြောင့် လုပ်မိသလဲဆိုတာကိုတော့ အရင်နားထောင်ပေးပါလား။ ရဲကားတစ်စီးကို လက်သီးနဲ့ ထုလိုက်ရတာရဲ့ နောက်ကွယ်က စိတ်အာသာကို ဖွင့်ဟချင်လွန်းလို့ပါ”

“မင်းဟာက နဲနဲတော့ ဆန်းနေတာ အမှန်ပဲ။ အရက်သမားတွေတောင် ဘယ်လောက်မူးမူး အဝေးက ရှောင်သွားကြတဲ့ ရဲကားကိုမှ တမင်တကာ လက်သီးနဲ့ လာထုတယ်ဆိုတော့….အင်း..”

“ အစ်ကို အချိန်နဲနဲလောက်ရရင် နားထောင်ပေးပါဗျာ။ လာပါခင်ဗျာ ဟိုလ္ဘက်ရည်ဆိုင်ထဲမှာ ကျနော် အေးအေးဆေးဆေး ပြောပြပါ့မယ်။ အစ်ကိုကြားဖူးနေကျမဟုတ်တဲ့ အကြောင်းလေးတွေ
 ပြောပြချင်လို့ပါ။”

ရည်ရည်မွန်မွန်ဟန်ပန်နှင့် လှိုက်လှိုက်လှဲလှဲ စကားသံတို့ကြောင့် အနည်းငယ် ထူးဆန်းနေသည့် အဖြစ်အပျက်ကို နားထောင်ချင်စိတ်ဖြစ်မိသွားသည်။

“ကဲ.. ဒါဆိုလည်း လာကွာ”

သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး

07 May 2012

27 comments

ကင်းဘတ်စပေါ် ဆက်တိုက်ကျနေတဲ့ သူ့လက်တွေက ခပ်ကြမ်းကြမ်း စုတ်ချက်တွေကို ဖန်တီးနေမှန်း ကိုကျော်ဝေ သိတာပေါ့။ ဒါပေမယ့် မတားချင်ဘူး။  ပြေးစမ်း ၊ ဆွဲစမ်း ဆိုပြီးကို လွှတ်ထားလိုက်တယ်။ စိတ်ထဲက မကျေနပ်ချက်တွေကို လက်ပေါ်တင်ပေးလိုက်ပြီး စုတ်တံကို အသက်သွင်းလိုက်တဲ့အခါမှာ သူတစ်ခါမှ မရဘူးတဲ့ ပန်းချီကားတစ်ချပ် ရုပ်လုံးပေါ်လာတော့တယ်။ သူ့အရှေ့မှာ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ မြစ်ရေပြင်က သူဒေါသတရားအောက်မှာ လှိုင်းထန်နေတဲ့ မြစ်ရိုင်းတစ်စင်းဖြစ်သွားတယ်။ သာယာကြည်လင်နေတဲ့ နေရောင်က ကားချပ်ထဲမှာ ည အမှောင်ဖြစ်သွားတော့တယ်။ အမှောင်ထုအောက်က လှိုင်းထန်နေတဲ့ မြစ်ပြင်။ ဒါက လက်ရှိသူ့စိတ်အခြေအနေကို ပြနေတဲ့ ပြယုဂ် ပန်းချီကားပဲ။

ကိုကျော်ဝေက ဒီမြစ်ဘေးမှာ ခဏခဏ ပန်းချီလာဆွဲတယ်။ ဆွဲခဲ့သမျှလည်း သာသာယာယာ ကြည်ကြည်လင်လင် မြင်ကွင်းတွေချည်းပဲ။ မြစ်ကမ်းဘေးမှာ မြက်ရိုင်းတောလေးတွေ၊ ဗျိုင်းငှက်လေးတွေ ပျော်မြူးနေပုံ ဆွဲဖူးတယ်။ သားသည်အမေ ကလေးရေချိုးပေးနေပုံ ဆွဲဖူးတယ်။ ကျွဲလည်တိုင်က ရွံ့တွေကို မြစ်ရေနဲ့ ဆေးပေးနေတဲ့ ကျွဲကျောင်းသားပုံ ဆွဲဖူးတယ်။  အေးအေးလူလူ လှေလှော်နေပုံတွေ ၊ သားအဖနှစ်ယောက် လှေလေးပေါ်မှာ ပိုက်ကွန်ပစ်နေပုံတွေ  ဆွဲဖူးတယ်။ တာပေါ်လင်စပေါ်မှာ စားစရာတွေပြင်နေတဲ့ သူ့မိန်းမ ပုံတူကိုလည်း  မြစ်ရေပြင် နောက်ခံထားပြီးဆွဲဖူးတယ်။ ဆိုတော့ကာ အရင်က ဆွဲခဲ့သမျှ စိတ်ကြည်နူးစရာ မြင်ကွင်းတွေချည်းပဲ။ 

အခုတစ်ခါတော့ ညအမှောင်အောက်က လှိုင်းထန်နေတဲ့ မြစ်ရိုင်းတစ်စင်းပုံကို ဆွဲမိခဲ့ပြီ။ ဒါကလည်း သူ့စိတ်တွေကို ဇက်ကြိုးလွှတ်ပြီး ဆွဲဖြစ်တဲ့ပုံ။ ပြောရရင် ကိုကျော်ဝေ တော်တော် ဒေါသထွက်နေခဲ့တာ။ အဖြစ်က ထွေထွေထူးထူးလားဆိုတော့လည်း မဟုတ်ပါဘူး။ မိန်းမနဲ့ ရန်ဖြစ်ခဲ့တာ။ လင်မယားတွေ စကားများကြတာက အထူးအဆန်း မဟုတ်ဘူးဆိုပေမယ့် အိမ်ထောင်သက် သုံး နှစ်အတွင်းမှာ ပထမဆုံးဖြစ်ဖူးတဲ့ ရန်ပွဲဆိုတော့ ကိုကျော်ဝေအတွက်တော့ အစိမ်းသက်သက် အတွေ့အကြုံပဲ ဆိုပါတော့။ 

စကားများရတဲ့ အဖြစ်အပျက်ထက် အိမ်ထောင်သက် တစ်လျှောက် အမြဲငြိမ်ခံခဲ့တဲ့ မိန်းမက တစ်ချက် နှစ်ချက် ပြန်ပက်တာကို မကျေနပ်ဆုံးပဲ။ ဒါနဲ့ပဲ ပန်းချီဆွဲဖို့ပစ္စည်းတွေ ကောက်ထည့်ပြီး အိမ်ကထွက်လာခဲ့တော့တယ်။ ထွက်လာပြီးတော့လည်း ဘယ်သွားရမှန်း မသိတာနဲ့ ရောက်နေကျ မြစ်ဆိပ်ကိုပဲ ခြေဦးလှည့်မိတော့တာ။

“သင်စိတ်ဆန္ဒရှိလျှင် အခါခါ ပွင့်လန်းနိင်ပါတယ်”

21 March 2012

32 comments


နောက်ဆုံးတော့ ဒီနေ့ကို ရောက်ခဲ့ပါပြီ။ တကူးတကစောင့်နေတာ မဟုတ်ပေမယ့် ဒီနေ့ကိုရောက်ဖို့  နေ့စဉ်နေ့စဉ်  ဖြတ်သန်းပြီး ကျနော်  ကြိုလင့်ခဲ့တာ။ ဒီနေ့က ပန်းကလေးပွင့်တဲ့နေ့ပေါ့။ ပန်းပွင့်တာက အထူးအဆန်းမဟုတ်ပေမယ့် ကျနော်ရည်ညွှန်းတဲ့ ပန်းကလေးနဲ့ပါတ်သတ်ပြီး သာမန်ထက်ပိုတဲ့ စိတ်ခံစားချက်မျိုး ရှိနေခဲ့တယ်။ အဲဒီအကြောင်းကို ပြောပြချင်တာပါ။

ကျနော် ရည်ညွှန်းတဲ့ ပန်းကလေးက သစ်ခွ ပန်းကလေးပါ။ ရှားပါးသစ်ခွ မဟုတ်သလို တန်ဖိုးကြီး သစ်ခွမျိုးလည်း မဟုတ်ပါဘူး။ သာမန်သစ်ခွ ပန်းပင်ကလေးမှာ အဖြစ်အပျက်တစ်ချို့ရှိပါတယ်။ လွန်ခဲ့တဲ့ ၈လ ကျော်လောက်က သူငယ်ချင်းအိမ် သွားလည်ရင်း ကျနော့်သူငယ်ချင်းရဲ့ အစ်မဖြစ်သူ စိုက်ထားတဲ့ အဲဒီသစ်ခွပန်းပင်လေးကို တွေ့ခဲ့တာ။ တခြားပန်းပင်တွေနဲ့အတူ စိုက်ထားပေမယ့် လုံလောက်တဲ့ ဂရုစိုက်မှုမျိုး မရှိတော့  သစ်ခွပင်လေးက အရိုးငုတ်တိုနဲ့ အရွက်တွေ အမြစ်တွေ ခြောက်ကပ်နေတယ်။ 

စိုက်စဉ်ကတော့ စိတ်ပါလို့ စိုက်ခဲ့ပုံပါပဲ။ နောက်ပိုင်းတော့ စိတ်လျော့သွားပုံရပါတယ်။ တခြားအပင်တွေကတော့ နေရောင်ခြည်အောက်မှာ ထိုက်သင့်သလောက် ပွင့်လန်းနေပေမယ့် ဒီသစ်ခွပင်လေးကတော့ နဂိုချိတ်ထားတဲ့ နေရာမှာပဲ မလှုပ်မယှက် ငြိမ်သက်နေတယ်။ ကျနော် အပင်နားကို တိုးကပ်ကြည့်ရင်း

“အစ်မ သစ်ခွပင်က သေတော့မယ်နဲ့တူတယ်”
“သိပါဘူးဟာ ငါလည်း ဝယ်လာခါစက ရေတွေ မှန်မှန်လောင်းပေးတာပဲ။ အပင်က မျိုးမကောင်းဘူးနဲ့တူတယ်ဟ။ အရွက်တွေရော အမြစ်တွေပါ ပုပ် သလိုဖြစ်လာတာနဲ့ ဒီအတိုင်းပဲ ထားလိုက်တော့တာ။”

ဒီအတိုင်းထားလိုက်တော့တာ ဆိုတဲ့စကားက ထုတ်မပြောရင်တောင် သိသာနိင်လောက်အောင် သစ်ခွပင်ပုံစံက သက်သေခံနေတယ်။ အိုးအတွင်းဘက်မှာ ခြောက်ကပ်စပြုနေတဲ့ အမြစ်တွေအချင်းချင်း လိမ်ယှက်နေတယ်။ မျှော်လင့်ချက်ဆိုလို့ လက်ကျန် အမြစ်လေး  နှစ်ခု သုံးခုရဲ့ အရင်းပိုင်းမှာ အစိမ်းရောင် နဲနဲ သန်းနေသေးတာလေးပဲ ကျန်တယ်။ ကျနော့်ကို စိတ်ဝင်စားသွားစေတာလည်း အဲဒီ  အစိမ်းရောင်ဖျော့ဖျော့လေးပါပဲ။ အဲဒီမှာ ကျနော့်ရဲ့ ဗီဇ က နိုးထလာတော့တယ်။

“ သေမယ့်အတူတူ ဒီအပင်လေး ကျနော့်ကို ပေးဗျာ”
“ဟဲ့.. ဘာလုပ်မတုန်း”
“ အမြစ်ခြောက်နေပုံလေးကို ဓါတ်ပုံ ရိုက်ချင်လို့ ”
“အမလေးဟဲ့ ဘာများလဲလို့ နင်လည်း ရောဂါပဲ”

“တခါတရံမှာ နာကျင်ခြင်းက ချိုမြိန်တယ်”

14 February 2012

41 comments


 ကိုယ့်ဘေးကလူ ငြူစူမှာကြောက်လို့ ထုတ်ပြောခွင့်မရတဲ့ 
အချစ်ဦးဇာတ်လမ်းတွေက ရင်ထဲမှာ 
ပိုပြီး ကြာရှည် တွယ်ခိုနေတတ်တယ်။

တိုးတိတ် တိတ်ဆိတ်တဲ့အခန်းလေးတစ်ခုထဲကို ကျနော် ရောက်နေခဲ့တာပါ။ ကုတင်တစ်လုံးလို အသုံးပြုထားတဲ့ ဆိုဖာခုံတန်းလေးပေါ်မှာ ပက်လက်အိပ်ရင်းပေါ့။ မျက်နာကျက်က နှစ်ပေမီးချောင်းလေးကို ကြည့်ငေးရင်း ကျနော်ပြုံးမိပြန်တယ်။ ဒါနဲ့ဆို ပြုံးမိတာ သုံးခါရှိနေပြီ။ အခုအဖြစ်အပျက်က သိပ်အံ့သြဖို့ကောင်းမှန်း ကျနော်သိနေတယ်။ ဒါကြောင့် ပြုံးမိတာ။ ဒီ ရှစ်ပေပတ်လည်လောက်ပဲ ကျယ်တဲ့ အခန်းထဲကို ဝင်လာဖြစ်တဲ့ ခံစားချက်ကိုက သိမ်မွေ့လှပလွန်းပါတယ်။ 

ပက်လက်အိပ်နေရင်း ဘေးဘီကို ကြည့်လိုက်တယ်။ အခန်းနံရံတွေမှာ ဓါတ်ပုံပေါင်းများစွာ ချိတ်ဆွဲထားတယ်။ နဂါးပုံတွေ၊ ကင်းမြီးကောက်၊ အရိုးခေါင်း ၊ အသဲပုံ၊ လိပ်ပြာ၊ ငါး ၊ ပန်းပွင့်၊  ကျား ၊ မီးလျှံ၊ ချိန်ခွင် ၊ ကျောက်ဆူး၊  ကနုတ် ၊ ကြယ် ၊ လ၊ နေ ၊ လက်ဝါးကပ်တိုင် ပုံတွေ၊ ပြီးတော့ စာတန်းအမျိုးမျိုးကို ပုံစံမျိုးစုံနဲ့ ရေးထားတာတွေကို တွေ့ရမယ်။ အဲဒီပုံတွေအားလုံးက လူ့ခန္ဓာကိုယ် အရေပြားပေါ်မှာ အရောင်စုံတောက်ပစွာ ထိုးနှံထားတာတွေပါ။ ဒီနေရာက (tattoo )တက်တူးထိုးတဲ့ ဆိုင်ဖြစ်ပါတယ်။ ဒါကြောင့် အခုအဖြစ်အပျက်က သိပ်အံ့သြဖို့ကောင်းနေတယ်လို့ ကျနော် ပြောခဲ့တာပေါ့။ 

တက်တူးနဲ့ ပါတ်သတ်ရင် ကျောက်တောင်ကို လက်နဲ့တူးမှ ရေထွက်ရမယ့် ခက်ခဲမှုမျိုးလို ကျနော်က တက်တူးထိုးဖို့ စိတ်မကူးခဲ့ဖူးသူပါ။ အဲဒီလိုလူက တက်တူးဆိုင်ထဲကို ကြည်လင်နေတဲ့ စိတ်ရယ် အနည်းငယ်ထက်ပိုမြန်နေတဲ့ နှလုံးခုန်သံနဲ့အတူ ဝင်လာခဲ့တာ ထူးဆန်းမနေဘူးလား။ တက်တူးဆရာကို “ကျနော် တက်တူးထိုးချင်လို့ပါ” လို့ ပြောပြီးပြီးခြင်း နှလုံးခုန်နှုန်းတစ်ချက် ဒေါင်လိုက်ဆောင့်ခုန်သွားတာ သတိထားမိလိုက်တယ်။ ပြီးတော့ အရာရာ အေးခဲသွားသလို ပြန်လည်ငြိမ်သက်သွားတယ်။ ဆုံဖြတ်ချက်တစ်ခုခု ခိုင်မာလွန်းတဲ့ အခါမှာ ငြိမ်သက်တဲ့ ပုံစံမျိုး။ 

ကျနော်ထိုးချင်တဲ့ပုံစံကို ပြောပြီးပြီ။ ဒီဇိုင်းကို ရွေးပြီးပြီ။ အခု တက်တူးဆရာကို စောင့်နေတာပါ။ ခပ်မတ်မတ် ဆိုဖာကုတင်ပေါ်မှာမှီအိပ်ရင်း ဝတ်လာတဲ့တီရှပ်ကို ချွတ်ပြီး ကျနော် စောင့်ဆိုင်းနေတယ်။ ဘယ်ဘက်ရင်အုံပေါ်မှာ ထိုးဖို့ ခပ်မြန်မြန်ပဲ ရွေးချယ်ဖြစ်တာဟာ ၁၅၀၀ ကိလေသာ သက်သက်ကြောင့်မဟုတ်ဘူး။ အထိုက်တန်ဆုံးနေရာ တစ်ခုအဖြစ် ကျနော် တမင်ရွေးချယ်မိတာ။ ပုံမှန်အားဖြင့်တော့ ခပ်ရိုးရိုး အစီအစဉ်တစ်ခုပါ။ ဘယ်ဘက်ရင်အုံပေါ်မှာ ချစ်သူ နာမည်ထိုးတယ်ပေါ့။ ဒီလောက်ပဲ။ ဘယ်သူမြင်မြင် အမျာကြီးတွေးစရာ မရှိတဲ့ အခုလို ကျနော့်ရဲ့ ရွေးချယ်မှုမှာ သံမဏိကြိုးမျှင်လေးတွေလို ခိုင်မာလွန်းတဲ့ စိတ်ခံစားချက်တွေ အများကြီး ပါဝင်နေတယ်။

“ကိုယ့်ဆရာ အဆင်သင့်ပဲလား”
အနားရောက်လာတဲ့ တက်တူးဆရာကို ကျနော် ခေါင်းတချက်ညိတ်ပြလိုက်တယ်။

“ ဒါပထမဆုံးထိုးတာဆိုတော့ ထိုးချင်တာ သေချာပါတယ်နော်”

ဒီမေးခွန်းက ဒုတိယအကြိမ်မေးတဲ့ မေးခွန်း။ ဒီဇိုင်းတွေ ရွေးပြီးတုန်းက တစ်ခေါက်မေးပြီးပြီ။ ထိုးပြီးမှ နောင်တရမှာကို စိတ်ပူဟန်တူပါရဲ့။
“ သေချာပါတယ်။ ကဲ... စကြစို့ ။”

 

Posts Comments

©2006-2010 ·TNB