သူပေးတဲ့...ပျော်ရွှင်ခြင်း..(၁)

15 March 2009

ဒီအကြောင်းလေးတွေ ရေးမယ်လို့ ရည်ရွယ်ထားတာ ကြာပါပြီ။ ဒီနေ့မှ အကြောင်းတိုက်ဆိုင် လာလို့ တကယ်ကို ရေးဖြစ်သွားတယ်။ တရက်ထဲနဲ့ ရေးလို့ မကုန်နိင်လို့ ပထမဆုံး အနေနဲ့ သိထားသင့်တာလေးတွေ
ပြောပြထားမှပိုပြည့်စုံမယ် ထင်ပါတယ်။

ကျွန်တော် စာတွေဖတ်သလောက် ကျွန်တော်ချစ်သူကတော့ စာဆိုဖတ်ဘို့စိတ်မ၀င်စားတဲ့ သူပေါ့။ ကျွန်တော် တော်တော် စာဖတ်မြန်တဲ့ သူတောင် သူနဲ့ ဂျာနယ်အတူတူဖတ်ရင် ကျွန်တော်သူ့ကို မမှီဘူး.။ သူက ဓါတ်ပုံတွေပဲ ကြည့်တာကိုးဗျ။

သူပြောသလောက်ဆို သူ့ဘ၀မှာဝတ္ထုဆိုလို့ တအုပ်ပဲ ဖတ်ဖူးတယ်တဲ့။ အဲဒီဝတ္ထုကလည်း ကျွန်တော် မြန်မာပြည်ကနေပို့ပေးဖူးတဲ့ စာအုပ်တွေထဲကပါပဲ။ စာရေးဆရာမ ဂျူး ရေးတဲ့ အမှတ်တရ ဆိုတဲ့ ၀တ္ထုပါပဲတဲ့။ ဒါလည်း စာအုပ်အပါးလေးပါ။

ဒါကိုဘာကြောင့် အရင်ပြောပြရလည်း ဆိုတော့ အခုရေးမယ့် အကြောင်းလေးတွေက သူစာမဖတ်လို့ ဖြစ်လာတဲ့ အကျိုးဆက်တွေ အကြောင်းပါ။ သူက ပြင်ပစာတွေ မဖတ်တော့ စကားပုံတွေ စကားဆက် တွေ ပြောတဲ့ နေရာမှာ တလွဲတချော် ဖြစ်ပြီး ရယ်ရတာပဲ။ဒါတွေကို ဟာသရသ တခုအနေ နဲ့သာ ရေးခြင်း ဖြစ်ပါတယ်။ နောက်တခုပြောချင်တာက ဒီအကြောင်းတွေကိုကျွန်တော်ဖန်တီးပြီး ရေးထားတာ မဟုတ်ဘူး ဆိုတာလည်း သိစေချင်ပါတယ်။

ဒီနေ့ ထမင်းစားရင်း မနေ့ကကျွန်တော်တို့ မြို့မှာ ဘုရားရောင်ခြည်တော်လွှတ်တဲ့ အကြောင်း ပြောဖြစ်တယ်။
အဲဒီမှာသူပြောတာက သူ့အဖေကလည်း အဲဒီလိုထူးထူးဆန်းဆန်း တွေ ဆိုရင် ဘယ်လောက်ဝေးဝေး
ရေတတန် မီးတတန်” သွားဖူးတာပဲတဲ့။ ကျွန်တော့်မှာ ရယ်ရတာ ထမင်း သီးမတတ်ပါပဲ။

အမှန်က “ရေတတန် ကုန်းတတန်”ပါ။ ရေမလာ မီးမလာ ကိုပဲ ကြားဖူးလို့လား။ ရန်သူမျိုးငါးပါးထဲက ရေ မီး မင်း သူခိုး မချစ်မနှစ်သက်သောသူ ဆိုတာကိုပဲ အစဉ်လိုက် မှတ်မိ လို့လားတော့မသိပါဘူး။ ကျွန်တော်ကတောင် နောက်လိုက်သေးတယ် “ရေ တတန် သူခိုးတတန်” မဟုတ်ဘူးလားလို့။

တခါကလဲ ကျွန်တော်နဲ့ သူ အကြောင်းအရာ တခုကို စကားနိင်လုတော့ သူထင်သလို မဟုတ်ဘူးဆိုတဲ့ အကြောင်း ကျွန်တော်က ရေပက်မ၀င်ရှင်းပြတော့ သူက ကျွန်တော်ကိုမှတ်ချက်ပေးတယ်။ တော်တော် ရန်တွေ့တတ်တာပဲ တကယ့်ကို “နှုတ်သီးကောင်း လျှာထွက်” တဲ့လေ။

ကျွန်တော့်မှာ ရယ်ရတာ ပြောလက်စ အကြောင်းတောင် မေ့သွားတဲ့ အထိပဲ။ အမှန်က “နှုတ်သီးကောင်း လျှာပါး” ပါ။ လျှာ ဆိုရင် ထွက်ရမယ်လို့ မှတ်ထားလို့နဲ့တူပါတယ်။ ကျွန်တော်က စကားပုံအမှန် ရှင်းပြရင်တော့ သူမှတ်ရှာပါတယ်။

သူပြောတဲ့ စကားပုံ အလွဲတွေ များလွန်းလို့ စာအုပ်နဲ့တောင် မှတ်ထားရတယ်။ အကုန်လုံးသာ ရေးပြီးရင်တော့ မြန်မာ့စကားပုံတွေလည်း ပျက်ကုန်မယ်နဲ့တူပါရဲ့။ ပျော်ရွှင်စေချင်ရုံသက်သက် ပြန်ပြောပြခြင်းဖြစ်ပါတယ်။

(၁၄.၃.၂၀၀၉)

6 comments:

Anonymous said...

လာရောက်ရီမောသွားပါတယ်....။

Phyo Maw said...

နှုတ်သီးကောင်း လျှာထွက်တဲ့...
သူပြောတာလည်း ဖြစ်နိုင်ပါတယ်
နှုတ်သီးကောင်းတော့ တတွတ်တွတ်ပြောရင်း လျှာပါထွက်လာတာ။

may16 said...

နှူတ်သီးကောင်းလျှာထွက် တဲ့စကားပုံအသစ်တစ်ခုရတာပေါ. ဟီး၂

Anonymous said...

ဖတ်လို့တကယ်ကောင်းတယ်ဗျ
ဆက်ရေးပါ

Anonymous said...

ဒါလည်းပျော်၇ွင်စ၇ာတမျိုးပါပဲဗျ

Moe Cho Thinn said...

ကိုမြစ် မိန်းကလေးက စကားကို ဥပမာနဲ့ ပြောတတ်ပုံပဲ။ သူသိသမျှနဲ့ နားထဲ ကွက်ကွက်ကွင်းကွင်း ၀င်သွားအောင် ပြောတတ်တယ်။ ဆက်ရေးပါအုံး၊ ကောင်းလိုက်တာ။

 

Posts Comments

©2006-2010 ·TNB