အသုံးချခံ

Posted by မြစ်ကျိုးအင်း | Posted in | Posted on 3:17 PM

26

လူတွေနဲ့ နီးနီးမှာနေပြီး လေ့ကျင့်စေခိုင်းလို့ရတဲ့ ငှက်တမျိုးက ခို ငှက်ပါပဲ။ ခိုတွေကို လူတွေရဲ့ အကျိုးစီးပွါး အတွက် အမျိုးမျိုး အသုံးချခဲ့ကြတယ်။ ခိုငှက်တွေရဲ့ အိမ်ကို တန်းတန်းမတ်မတ် ပြန်လာတတ်တဲ့ အစွမ်းကို ဒီဘက်ခေတ်အထိ အသုံးချနေတာတွေ ရှိနေပါသေးတယ်။ ခိုလေးတွေကို ဆက်သွယ်ရေး စနစ်တခုထဲမှာ အသုံးချ ရုံတင်မဟုတ်ဘဲ မိမိရဲ့ သြဇာအာဏာ တနည်းအားဖြင့် ဘုန်းတန်ခိုး ဘယ်လောက်ရှိသလဲ ဆိုပြီး စမ်းသပ် ကြသလို ငွေကြေး သန်းပေါင်းများစွာ ထပ်ပြီးလောင်းကစား နည်းတခုအဖြင့်နဲ့လည်း အသုံးချ ပါသေးတယ်။ ဒီလိုစမ်းသပ်တာကို ကမ္ဘာပေါ်မှာ ဒီ့ပြင်နိင်ငံတွေမှာ တွေ့ရတယ်မကြားဘဲ ထိုင်ဝမ် (TAIWAN)တနိင်ငံထဲမှာ ပြုလုပ်ကြတာကို တွေ့ရပါတယ် ။

ထိုင်ဝမ် နိင်ငံမှာရှိတဲ့ တချို့သူဌေးတွေရဲ့စွဲစွဲလမ်းလမ်း ၀ါသနာကတော့ လောင်းကြေး ငွေသန်းပေါင်းများစွာ ထပ်ပြီး ခိုလွှတ်ပြိုင်ကြတာပါပဲ။ ဒါ့အပြင် လွှတ်တော်အတွက် အမတ်နေရာတွေ ရွေးခါနီးတွေမှာလည်း ကိုယ့်ရဲ့ ဘုန်းတန်ခိုး တနည်းအားဖြင့် ကံတရား ဘယ်လောက်အထိ ရှိနိင်သလဲ ဆိုတာကို ခိုလေးတွေနဲ့ လွှတ်ပြီး စမ်းသပ် ကြတယ်။ သူတို့ရဲ့ ငွေကြေးသန်းပေါင်းများစွာ လောင်ကစားတဲ့ပုံစံကတော့ လောင်းကစားလုပ်မယ့် သူဌေး လေး ငါး ယောက်စုပြီး တစ်ဦးကို ခိုပေါင်း သုံးထောင်ဆိုသုံးထောင် လေးထောင်ဆို လေးထောင်သတ်မှတ်ပြီး ကိုယ့်အတွက် သတ်မှတ်ထားတဲ့ ကွန်တိန်နာထဲ ခိုတွေကို ထည့်ပါတယ်။ အဲဒီလိုနဲ့ သူဌေးငါးဦးစာ ကွန်တိန်နာ ငါးလုံးကို သဘောင်္နဲ့တင်ပြီး ပင်လယ်ထဲကို ထွက်ခွါပါတယ်။ အဲဒီသဘောင်္ပေါ်မှာ သူဌေးတွေကိုယ်တိုင်သော် လည်းကောင်း ကိုယ်စားလှယ်သော် လည်းကောင်း လိုက်ပါသွားလေ့ရှိတယ်။ အဲဒီသဘောင်္က ဖိလစ်ပိုင်နားက လူဇုံး ဆိုတဲ့ ဆိပ်ကမ်းအနီး ပင်လယ်ထဲရောက်ရင် ကွန်တိန်နာ တွေကို တပြိုင်ထဲ ဖွင့်ပေးလိုက်ပါတယ်။

တံခါးဖွင့်ပေးလိုက်တာနဲ့ ကွန်တိန်နာထဲက ခိုတွေထွက်လာပြီး ထိုင်ဝမ်းကို ပျံလာကြပါတယ်။ ခိုတွေစုရပ် အဖြစ် လေ့ကျင့်ပေးထားတဲ့ နေရာကိုပြန်ရောက်လာတဲ့ ခိုတွေကို ဒီဘက်မှာ စောင့်နေတဲ့သူတွေက ချက်ချင်း စာရင်း လုပ်ပါတယ်။ခိုတွေရဲ့ ခြေထောက်မှာ သူ့ပိုင်ရှင် သူဌေးနဲ့ ပါတ်သတ်တဲ့ အမှတ်အသား တခုခု ရှိပါတယ်။ ဥပမာ ကုတ်(code) နံပါတ်တွေပါတဲ့ စာရွက်လေးတွေ ကပ်ပေးထားတယ်။ ရောက်လာတဲ့ ခိုရဲ့ ခြေထောက်က ကုတ် နံပါတ် ကို ကွန်ပြူတာနဲ့ စစ်ပြီး အတုအစစ် ခွဲကာ အရေအတွက် သတ်မှတ်ပါတယ်။ အတုအစစ် ဆိုတာက သဘောင်္ပေါ်က မဟုတ်ဘဲ တနေရာရာကနေ ခိုအနည်းငယ် ရောလွှတ်မှာ စိုးတာကြောင့်လို့ ထင်ပါတယ်။ ဘာကြာင့်ဆိုတော့ ခိုပေါင်း သုံးထောင်လွှတ်ပေမယ့် သုံးထောင်လုံး ပြန်မရောက်နိင်ပါဘူး...။ ရာသီဥတု ဆိုးရွား တာပဲဖြစ်ဖြစ် နာမကျန်းလို့ပဲဖြစ်ဖြစ် ခိုတွေကို ထိုးသုတ်မယ့် စွန်တွေ သိန်းငှက်တွေကြောင့်ပဲ ဖြစ်ဖြစ် လမ်းခရီးမှာ လျော့နည်းသွားတတ်ပါတယ်။

အဲဒီလိုနဲ့ သတ်မှတ်ချိန် ပြည့်တဲ့အခါ ပြန်ရောက်လာတဲ့ ခိုတွေကို အကောင်ရေ ရေတွက် ပါတယ်။ ဘယ်သူဌေး ပိုင်တဲ့ခိုက ဘယ်နှစ်ကောင် ပြန်ရောက်လာတယ်ဆိုပြီး အကောင်အများဆုံး ပြန်ရောက်လာတဲ့ ခိုပိုင်ရှင် သူဌေးက အဲဒီလောင်းကစားတဲ့ပွဲကို အနိင်ရပါတယ် ။ အဲဒီခိုတွေကိုလည်း တရာသီလုံး လေ့ကျင့်ပေးလေ့ ရှိတယ်။ အမတ်ရွေးတဲ့သူတွေလည်း အဲဒီနည်းနဲ့ပဲ သူတို့ရဲ့ ကံကိုစမ်းသပ်ကြပါတယ်။ ခို သုံးထောင်လွှတ်လို့ ရာခိုင်နှုန်း ဘယ်လောက် ပြန်ရောက်ရင် ကံကောင်းတယ် မကောင်းဘူး သတ်မှတ်ကြတာပါပဲ...။

ထိုင်ဝမ်းကလေ့ကျင့်ပုံကို သေသေချာချာ မသိပေမယ့် မြန်မာပြည်မှာ စာပို့ဆက်သွယ်ရေးအတွက် ခိုတွေကို လေ့ကျင့်ပုံက အဖိုအမ နှစ်ကောင် အတူတူထားပြီး ခရီးထွက်ခါနီး ရောက်တဲ့အခါ အဖိုကိုထုတ်ပြီး လှောင်အိမ် ထဲကို နောက်အဖိုတကောင်ကို ထည့်ပေးပါတယ်။ အဲဒီအခါ အပြင်ရောက်သွားတဲ့ အဖိုက နေမထိ ထိုင်မသာ ဖြစ်ပြီး ယောက်ယက်ခတ်နေတော့တာပါပဲ။ ခဏနေမှ နဂို ခိုအထီးကို လှောင်အိမ်ထဲ ပြန်ထည့်ပေးပါတယ် ။ ဒီလိုမျိုးဆို ခိုအထီးက သဘောပေါက်သွားပြီ သူခရီးက ပြန်မလာရင် သူ့နဲ့အတူနေတဲ့ ခိုအမကို နောက်အထီး တကောင်နဲ့ အတူတူနေခိုင်းမယ်ဆိုတဲ့ သဘောကိုမြင်အောင် လေ့ကျင့်တာပါ။ ဒါကြောင့် အဲဒီလို လေ့ကျင့်ထား တဲ့ ခိုတွေလည်း ရောက်တဲ့နေရာကနေ အိမ်ကို ပြန်လာကြရတာပါပဲ။ဒါကစွဲလမ်းခြင်း တဏှာနဲ့ ချုပ်ကိုင်စေခိုင်း တဲ့ပုံစံပါ။

နောက်တနည်းကတော့ အစားအစာနဲ့ ထိန်းချုပ်ထားပုံပါပဲ။ သိပ်ထွေထွေထူးထူး ကျွေးရတာမျိုးတော့ မဟုတ် ပါဘူး။ ခိုတွေ နေ့စဉ်သောက်တဲ့ ရေထဲကို ဇီးဖြူသီးထောင်းပြီး နေ့စဉ်ထည့်တိုက်တာမျိုးပါ။ ဇီးဖြူသီး ထောင်း ထားတဲ့အရည် ဖန်သလိုလို ချိုသလိုလို အရသာကို ခိုတွေက သိပ်ကြိုက်ပါတယ်။ အဲဒီအရည်ကို ခိုတွေ စွဲစွဲ လန်းလန်းသောက်နေပြီ ရိုးရိုးရေ တိုက်လို့ မသောက်ကြတော့တဲ့ အခါရောက်ရင် စာပို့ခိုတွေ အဖြစ် ခိုင်းစေ လို့ ရပါပြီ။ ဘယ်နေရာရောက်ရောက် ခိုတွေရေငတ်လို့ ရှိတဲ့ရိုးရိုးရေ သောက်ရင် သူတို့ အာသာ မပြေပါဘူး။သူတို့ သောက်နေကြ ဇီးဖြူသီးထောင်းပြီး ထည့်တိုက်ထားတဲ့ရေကိုပဲ သောက်ချင်ကြတော့ ရောက်ရာ နေရာကနေ အိမ်ကိုပြန်လာကြရတယ်။ ကမ္ဘာစစ်အတွင်းကတော့ လွယ်လွယ်ကူကူ ဘိန်း ကျွေးပြီး ခိုင်စေခဲ့တယ်လို့ ကြားဖူးပါတယ်။
.............................................................................။
(ကိုသုနြေ္ဒ နဲ့ ညောင်းရမ်း ပြောပြတဲ့ ဗဟုသုတလေးပါ)

......................................................................................................................။



တဏှာဇော

Posted by မြစ်ကျိုးအင်း | Posted in | Posted on 9:53 PM

35

သက်ရှိသတ္တ၀ါတွေမှာ လွန်ဆန်လို့မရတဲ့ စွဲလန်းမှုတဏှာက သိပ်ကြောက်ဖို့ကောင်းတာအမှန်ပါပဲဗျာ။ ဘယ်လောက် ကြောက်ဖို့ကောင်းသလဲဆို ကျနော့်အဖြစ်ကိုပဲ ကြည့်ပါလေ။ မိုင်ရာချီဝေးတဲ့ခရီးကို မနားတမ်း ပျံလာနေမိတာ အဲဒီစွဲလန်းမှု တဏှာကြောင့်ပေါ့။ မောပန်းမှုမရှိဘူးလို့ ပြောရမလားပဲ...။ မဟုတ်ဘူး တကယ်ဆို မောပန်းတာကို သတိမရတာ။

အခုကျနော် အိမ်ကိုပြန်လာနေပြီ။ကျနော့်ရဲ့ အတွေးအာရုံထဲမှာ ချစ်ဇနီးတယောက်ကလွဲရင် ဘာအသိမှ ရှိမနေဘူး။ အိမ်ကို မြန်မြန်ပြန်ရမယ်။ အိမ်မှာကျနော်သိပ်တွေ့ချင်တဲ့ ချစ်ဇနီးရှိနေတယ်။ ခရီးရဲ့အစမှာ သူတို့ကျွေးလိုက်တဲ့ အစာရေစာတချို့ကလွဲရင် ကျနော်အခုထိ ဘာမှမစားသေးဘူး။ စားဖို့အတွက် ပျံသန်း ခြင်းကို ခဏလေးနားလိုက်ဖို့တောင် အချိန်မပေးနိင်ဘူး ကိုယ့်တံတွေးကိုယ်မြိုချပြီး ပျံသန်းနေမိတယ်။ ဘာပဲဖြစ်ဖြစ် အိမ်မြန်မြန်ပြန်ရောက်မှဖြစ်မယ်။ ကျနော်သူ့အနားမှာနေရရင် သိပ်ပျော်တယ်။ ပြီးတော့ သူ့ကို စိုးရိမ်တယ်။

ကျနော်သာ အိမ်ပြန်နောက်ကျခဲ့ရင် ဒါမှမဟုတ် ခရီးလမ်းရဲ့တနေရာမှာ သေဆုံးခဲ့ရင်... ကျနော်ဆက် မတွေးရဲဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်သိနေတယ်။ ဘယ်တော့မှ မတွေးချင်ပေမယ့် အခုလို အိမ်ပြန်တဲ့အခါတိုင်း တွေးနေမိတာပါပဲ။ ပထမဆုံး ချစ်ဇနီးမျက်နာမြင်လာမယ် ပြီးရင်ဘေးနားမှာရစ်ဝဲ နေမယ့် ကျနော့်ရဲ့ ပြိုင်ဘက်ကို မြင်လာမယ်။ အဲဒီလို သူတို့မျက်နာတွေ မြင်ပြီးတိုင်း ကျနော်ရဲ့ ပျံသန်းမှုကို အရှိန်တွေမြှင့်မိတယ်...။

ကျနော်မှာ စွဲလန်းခြင်းရဲ့ တဏှာဇောတွေ ကပ်နေတယ်..။ အဲဒီဇောတွေနဲ့ပဲ အိမ်ကိုအမြန်ဆုံး ပြန်လာ နေမိတာပါပဲ။ တဏှာဇောတွေကြောင့်ပဲ ကျနော်ဟာ ပိုင်ရှင်တွေရဲ့ ခိုင်းကောင်းတဲ့ သတ္တ၀ါတကောင် ဖြစ်လာတော့တယ်။ ပိုင်ရှင်တွေ အကြောင်းတွေးမိရင် ကျနော်နာနာကျည်းကျည်း ဖြစ်မိတယ်။ ကျနော်ရဲ့ ပြိုင်ဘက်ဆိုတာလည်း တကယ်တော့ ကျနော် လို အသုံးချခံ သက်သက်ပါပဲလေ။

သက်ရှိတွေထဲမှာ ဥာဏ်ရည်အမြင့်ဆုံး လူတွေရဲ့အစွမ်းက ကြောက်ခမန်းလိလိပါပဲ။ ကျနော်လေ လူတွေနဲ့ဝေးတဲ့နေရာမှာ တကယ်ကို နေချင်ပါတယ်။ သူတို့ကျွေးမယ့်အစာကို အခန့်သားမစားရရင် နေပါစေ။ ဖြစ်သလိုရှာစားပြီး ကျနော်ဝေးဝေးမှာနေပါရစေ။ အခုအိမ်ပြန်ရောက်ရင် ကျနော်ရက်သတ္တပါတ် လောက်တော့ ချစ်ဇနီးအနားမှာ နေခွင့်ရမယ်။ ဒါပေမယ့် အချိန်တွေတဖြည်းဖြည်းကုန်လာလေ ကျနော့်ရဲ့ ငရဲခန်းက ရောက်ဖို့ နီးလာလေလေပါပဲ။ အဲဒီအကြောင်းတွေတွေးရင် ရင်ဘတ်က အောင့်အောင့်လာတတ်တယ်။ ငရဲခန်းနေ့ကိုရောက်ရင်လေ ကျနော်အဖြစ်က အရူးမီးဝိုင်းဆိုတဲ့ စကားထက်ပိုတယ်ဗျာ။

အသိဥာဏ်ရှိပါတယ်ဆိုတဲ့လူတွေ ဘာလုပ်ကြတယ်ထင်လဲ။ ကျနော်နဲ့ချစ်ဇနီးရဲ့ သာယာကြည်နူးတဲ့ ဘ၀လေးကို အတင်းအဓမ္မ ဖျက်ဆီးတယ်။ အဲဒီနေ့ရောက်ရင် ကျနော့်ကိုလှောင်အိမ်ရဲ့အပြင်ကို ထုတ်သွား ကြတယ်။ ပြီးရင်တော့ ကျနော့်ရဲ့ငရဲခန်း စတာပါပဲ။ လှောင်အိမ်ထဲမှာကျန်ခဲ့တဲ့ ကျနော့်ချစ်ဇနီးဆီကို ကျနော့်ရဲ့ပြိုင်ဘက်တကောင်ကို ထည့်ပေးလိုက်တယ်။ အဲဒီကောင်က ကျနော့်ချစ်ဇနီးနားမှာကပ်ပြီး ချစ်စကားတွေပြောနေတယ်။ မြင်နေရတဲ့ မြင်ကွင်းအတွက် ကျနော်လေ လုပ်ခွင့်တာရရင် အဲဒီကောင်ကို သတ်ပစ်ချင်လောက်အောင် မုန်းတယ်ဗျာ။

ဒါပေမယ့် ကျနော်လုပ်လို့ရနိင်တာက လှောင်အိမ်ကိုတပါတ်ပြီးတပါတ် ပြေးလွှားနေရတယ်။ ရင်ထဲမှာလည်း မီးတောက် နေတာပါပဲ။ လှောင်အိမ်အပြင်ကနေ ချစ်ဇနီးကို အားပေးနေရတယ်။ သူပြောတာမယုံဖို့။ မင်းအနားမှာ ကိုယ်ရှိနေတယ် ဆိုတာတွေ အဆက်မပြတ်ပြောရင်း ကျနော်အရူးတပိုင်းနဲ့ တပါတ်ပြီးတပါတ် ပြေးလွှားနေရတယ်။ ပြိုင်ဘက်ကလည်း သူ့တာဝန်ကို အင်မတန်ကျေတယ်ဗျာ။ ကျနော့်ချစ်ဇနီးကို အတင်းကြီးကို လိုက်ကပ်နေတာပါပဲ။ ကျနော့်ရဲ့ အရူးတပိုင်း ဖြစ်နေပုံကို ပိုင်ရှင်ဖြစ်တဲ့လူတွေက ကျေနပ် သွားကြပြီဆို ကျနော့်ကိုလှောင်အိမ်ထဲ ပြန်ထည့်ပြီး ပြိုင်ဘက်ကိုပြန်ထုတ် လိုက်ကြတယ်။

ကျနော်လေ လှောင်အိမ်ထဲရောက်ရောက်ချင်း ချစ်ဇနီးအနားကို အငမ်းမရပြေးသွားတော့တာပါပဲ။ အခုနက ကျနော် စိုးရိမ်လိုက်ရတာတွေကို ကျနော်ရင်ဖွင့်ပြောပြတယ်။ ချစ်ဇနီးနဲ့လည်ချင်းယှက်ပြီး အမောတွေ ဖြေနေရတယ်။ ဒါဟာ ကျနော့်အတွက် အိမ်မက်ဆိုးဆိုတာထက် ပိုတယ်ဗျာ။ ဘယ်တော့မှ မကြုံချင်ပေမယ့် ခဏခဏတွေ့ကြုံနေရတာပါပဲ။ ဒီလိုမျိုး ပိုင်ရှင်တွေဘာကြောင့် လုပ်တယ်ဆိုတာ ကျနော်သိတာပေါ့ဗျာ။ မင်းအချိန်မှီပြန်မလာရင် မင်းဇနီးကိုအဖော် အသစ်ရှာပေးမယ်ဆိုတဲ့ သဘောကို ကျနော်သိအောင် ပြတာလေ။ ဒါကြောင့်လည်း ကျနော်ရောက်တဲ့ နေရာကနေ အိမ်ကို အမြန်ဆုံးပြန်လာရတာပဲ မဟုတ်လား။

ကျနော့်ကို ချစ်ဇနီးအနားမှာ ခဏနေခွင့်ပေးတယ် ပြီးရင် အစာရေစာကို၀၀လင်လင်ကျွေးပြီး ပိုင်ရှင်တွေက ကျနော့်ကို တခါ အပြင်ပြန်ထုတ်ကြပြန်တယ်။ ပြီးရင် ကျနော့်ကိုမျက်နာသုတ်ပုဝါ အသေးစားလေးနဲ့ ဖွဖွလေးပတ် လွယ်အိတ်ထဲထည့်ပြီး ဟိုးအဝေးကြီး တမြို့တရွာကို ကားကြုံနဲ့ပို့လိုက်ကြတော့တယ်။ အဲဒီအရပ်ကို ရောက်ပြီဆိုရင် ကျနော်ကို အစာရေစာကျွေးတယ် ပြီးရင် ကျနော်ခြေထောက်မှာ စာရွက်လိပ် လေးချည်ပြီး ပြန်လွှတ်ပေးလိုက်ကြတယ်လေ...။

အဲဒီစာရွက်ထဲမှာလား... ကျနော်တို့လိုသတ္တ၀ါတွေနဲ့ ဘာမှမဆိုင်တဲ့ လက်ရှိကုန်စည်တွေရဲ့ နောက်ဆုံး ဈေးနှုန်းတွေ ပါတယ်လေ။ ဘာပဲဖြစ်ဖြစ်လေ စာရွက်ထဲမှာ ဘာတွေပဲပါနေပါစေ ကျနော်သိတာက အိမ်ကိုမြန်မြန်ပြန်ရမယ်။ ကျနော် သိပ်ကြာသွားရင် ကျနော့်ချစ်ဇနီးအတွက် စိုးရိမ်ရတယ်။ အဲဒီဇောနဲ့ကျနော် မိုင်ရာချီခရီးကို အမြန်ဆုံးနှုန်းနဲ့ရောက်အောင် ပျံနိင်တော့တာပါပဲ။ ကျနော်ရဲ့ပျံသန်းနှုန်းက တနာရီကို ၃၅မိုင်လောက်ရောက်အောင် ပျံနိင်တယ်ဆို ကျနော်ရဲ့ “ဇော” အဟုန်ကို မြင်နိင်ကြမှာပဲ။ ကျနော့်ရဲ့ အတောင်ပံခတ်နှုန်းတွေကို ဘေးကနေ တယောက်ယောက်ကြည့်မယ်ဆို အတောင်ခတ် နေတာမြင်ဖို့ မလွယ်နိင်ပါဘူးလေ..။ တဖျတ်ဖျတ်နဲ့ တောင်ပံခတ်သံတွေ ကျနော့်ရဲ့ အပြန်လမ်းမှာ ဆူညံနေတာပါပဲ။

အမြန်ဆုံးနှုန်းနဲ့ ကျနော်အိမ်ပြန်ရောက်ပြီဆို တာဝန်ကျေပြီလေ။ ပိုင်ရှင်တွေက ကျနော့်ခြေထောက် ကချည်ပေးလိုက်တဲ့ ကုန်စည်ဈေးနှုန်း စာရွက်ကိုကြည့်ပြီး အ၀ယ်ဒိုင်တွေနဲ့ အလုပ်ဆက်လုပ် နေကြပေမယ့် ကျနော်ကတော့ ချစ်ဇနီး အနားမှာ ကြည်ကြည်နူးနူးနဲ့ အမောဖြေနေရတယ်..။ ကျနော်နေချင်တာလည်း သူ့အနားမှာပဲ မဟုတ်လား။ ဒီလိုမျိုးနဲ့ပဲ ကျနော်တို့ရဲ့ အတောင်ပံတွေ မညောင်းမချင်း ကျနော်တို့ရဲ့စွမ်းအားတွေမကုန်မချင်း လူတွေကို အလုပ်အကျွေးပြုရတာပါပဲ။ လူတွေက စွဲလန်းခြင်းတဏှာကိုအသုံးချပြီး ကျနော်တို့ရဲ့ စွမ်းအားတွေကို ထုတ်ယူသုံးစွဲနေကြတာပဲလေ...။ ခင်များတို့ ကြားဖူးမှာပေါ့ ဘိန်းကျွေးပြီး လိုသလို ခိုင်းတာမျိုးတွေပေါ့။ ကျနော်တို့ကိုတော့ စွဲလန်းခြင်းတဏှာနဲ့ အသုံးချကြတယ်လေ။

ကျနော်တို့လို စွဲလန်းခြင်းအမျိုးမျိုးနဲ့ အိမ်ကိုအမြန်ပြန်ပေမယ့် အိမ်ပြန်မရောက်လာတဲ့ ဘ၀တူတွေလည်း အများကြီး ရှိတာပါပဲ။ ကျနော်တို့ထက် အင်အားကြီးတဲ့ စွန်တွေ သိန်းငှက်တွေရဲ့ အလစ်အငိုက် ဖမ်းယူစားသောက်ခြင်းကို ခံရတာပါပဲ။ ဘယ်အချိန်မှာများ ကျနော့်ကျောပေါ်ကိုရော လက်သည်းချွန်ချွန်တွေ ရောက်လာမလဲ ...။ ကျနော်မသိပါဘူး။ လမ်းခရီးမှာ ကျနော်တို့ ကျဆုံးသွားတဲ့အခါ ကျနော်တို့ရဲ့ ချစ်ဇနီးမယားတွေကို ကြင်ဖော်အသစ်တွေ ထပ်ထည့်ပြီး အသုံးချခံ တဏှာသားကောင်တွေအဖြစ် ထပ်ပြီးလေ့ကျင့်ကြပြန်တယ်လေ။ အဲဒါတွေ တွေးမိရင် ကျနော်နာကျင်တယ်..။ အခုတော့ ကျနော်တို့ရဲ့ ကျောပေါ်ကို လက်သည်းချွန်တွေ မရောက်လာမချင်း ကျနော်တို့ရဲ့ အတောင်ပံတွေ မညောင်း မချင်း လူတွေကို အလုပ်အကျွေး ပြုနေရအုံးမယ် မိုင်ထောင်ချီပျံနေရ အုံးမှာပါပဲလေ..။

ကျနော်တို့တွေ ကိုယ့်အိမ်ကို ဘယ်လိုမှတ်မိလည်း ခင်များတို့ သိပ်သိချင်နေမလား...။
အဲဒါကိုက ကျနော်တို့ရဲ့ စွမ်းရည်ပါပဲ။ ဘယ်နေရာရောက်ရောက် ကိုယ့်အိမ်ကိုယ် မှတ်မိကြတာပါပဲ။
ဒါကြောင့်လည်း ကျနော်တို့က စာပို့ ခို တွေအဖြစ် နာမည်ကြီးနေတာပဲ မဟုတ်လား....။

ဖြစ်နိင်ရင် လူတွေနဲ့ဝေးဝေးမှာ နေချင်ပါတယ်လေ။

.........................................................................................................။

(ကိုသုနြေ္ဒ ပြောပြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေး ငါး ဆယ်က မြန်မာပြည်ရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ပါဝင်ခဲ့တဲ့ စာပို့ ခို တွေကို လေ့ကျင့်ခိုင်းစေခဲ့တဲ့ အဖြစ်လေးပါပဲ။ ဗဟုသုတလေး ပြောပြပေးတဲ့ ကိုသုနြေ္ဒကို ကျေးဇူးတင်ပါတယ်)



သူခိုးဖမ်းချင် လက်ညိုးထောင်

Posted by မြစ်ကျိုးအင်း | Posted in | Posted on 6:40 PM

42

ငယ်စဉ်က ကျောင်းပိတ်ရက်တွေဆို အဘွားနေတဲ့ရွာ သွားလည်တာလေးတွေ ပြန်တွေးရင်း ဆွေမျိုးတွေ အကြောင်းပါတွေးမိသွားတယ်။ ကျေးလက်လူနေမှု ပုံစံအတိုင်းပါပဲ တချို့တွေများ ပေပုံရွတ်ပုံတွေ အောချယူရတယ်။တရွာစီမှာနေတဲ့ ညီအကိုဝမ်းကွဲတွေ စုံပြီဆိုရင် တယောက်နဲ့ တယောက် စကားနိင်လုကြ ပေါက်ပေါက်ရှာရှာ ပြိုင်ကြနဲ့ တော်တော်ပျော်ဘို့ ကောင်းခဲ့တယ်။

ညီအကိုတွေ ကလည်း ခပ်ရွတ်ရွတ်တွေ ဆိုတော့ လောင်းစရာမရှိရင် အရက်တိုက်ကြေး ဆိုပြီးတယောက်နဲ့
တယောက် လက်ကောက်ဝတ်ချင်းပွတ်ကြတာ အရေခွံတွေစုတ်တဲ့အထိ အလျော့မပေးကြဘူး။ ဘေးက
မနေနိင်တဲ့အဒေါ်တွေက တော်ပါတော့ ငါတို့ပဲကြားကနေ အရက်ဖိုး ပေးပါ့မယ်ဆိုပြီး ထုတ်ပေးမှ ညီအကိုတွေ ပခုံးဖက်ပြီး အရက်သွားသောက်ကြတာ။ တယောက်နဲ့တယောက် စိတ်လည်းမဆိုး တတ်ကြသလို ဂျောက်ချ ဘို့လည်း အမြဲ တွေး နေတတ်ကြတာပါပဲ။

ရွာရောက်တိုင်း အချင်းချင်း ပြောတတ်ကြတဲ့ ခိုင်းနှိုင်းတဲ့ စကားဆန်းဆန်းလေးတွေ ၊ထူးထူးခြားခြား အကျင့် စရိုက်တွေ ကိုအခုချိန်ထိ အမှတ်ရနေမိတယ် ။ထူးထူးခြားခြား အကျင့်ရှိသူတွေထဲမှာ ကျွန်တော့်အကိုဝမ်းကွဲ တယောက် လည်းပါ တယ်။ သူ့ကို ကျွန်တော်တို့က အကိုလေးလို့ခေါ်ပြီး သူ့ရဲ့အကျင့်က နည်းနည်း ထူးဆန်းတယ်ပြောရမယ်။

သူကညအိပ်ရင် ယောင်တတ်တာပဲ။ သူယောင်ပုံက သူများတွေ ထက်ထူးတယ် ။သူအကျင့်က အိပ်နေရင်းနဲ့ အိပ်မက်ထဲမှာနေ့လည်က ကစားခဲ့တဲ့ငှက်ဖမ်းတာတွေ လိပ်ပြာဖမ်းတာတွေ ကိုပြန်ယောင်ရင်း လမ်းထ လျှောက်တတ်တာ။သူအိပ်မောကျနေပြီဆိုအသံထွက်လာပြီ“ဟိုမှာ တစ်ကောင်.....ဒီဖက်မှာလည်း တစ်ကောင်ဟေ့...မိအောင်ဖမ်းဟ ငါတော့ တစ်ကောင်မိပြီ”ဆိုပြီး ခြင်ထောင်ထဲက ထွက်ပြီး အိမ်ထဲမှာ လိုက်ဖမ်းတော့တာပဲ။

ရွာတွေမှာက ခြေတံရှည်အိမ်တွေဆိုတော့ သူညအိပ်ရင်းနဲ့ ယောင်ပြီး အောက်ပြုတ်ကျမှာစိုးလို့ ညတွေဆိုတံခါး တွေအလွယ်တကူ ဖွင့်မရအောင် သေသေချာချာ ပိတ်ထားရတယ်။ တခါတလေ သူက ခြင်ထောင်ထဲမှာ ငှက်လိုက် ဖမ်းနေပြီဆိုသူ့အမေကျွန်တော်တို့အဒေါ်က ခြင်ထောင်အပြင်ကနေ လက်ချောင်းလေးတွေကို စုပြီး ခြင်ထောင်ကို ထိုးထားပေးတယ် ခြင်ထောင်ထဲကကြည့်ရင် ငှက်လိုလိုပေါ့ ။

အဲဒါမျိုးဆို သူကငှက်ထင်ပြီး အဲဒီလက်ကို ဖမ်းတော့တာပဲ။အဲဒါကိုကြည့်ပြီး ကျန်တဲ့သူတွေက ရယ်နေကြရတယ်။ သူယောင်တတ်တာလည်း မျိုးရိုးလိုက်တာလားတော့ မသိဘူး ။ သူ့အမေကိုယ်တိုင်လည်း ယောင်တတ်တာပဲ။ တခါများဆို ညသန်းခေါင် အိမ်အောက်ဆင်းသွားပြီး။ အိမ်အောက် ရောက်တော့ ထမင်းအိုး တအိုးတောင် တည်လိုက် သေးတယ်ဆိုပဲ။ ထမင်းအိုး ကျက်သွားတဲ့အထိ အိပ်ယာမနိုးဘူး တဲ့လေ။အခုထိကို ပြောစမှတ်တွင်တယ်။

အကိုလေးအကြောင်း ပြန်ဆက်ရရင် တခါတော့ အယောင်ကောင်းလို့ သေမလို ဖြစ်သေးတယ်။ ကျွန်တော်တို့ ရွာဘက်တွေက သရက်ပင် ငှက်ပျောပင် စိုက်ကြတယ်။ သီးလာတဲ့ ငှက်ပျောခိုင် တွေ သရက်သီး တွေကိုလည်း ရန်ကုန်မှာရှိတဲ့ ကုန်စည်ဒိုင် တွေကို မော်တော်တွေနဲ့ သွားရောင်းကြရတယ်။

တခါတော့ ကုန်းစိမ်းရောင်းသွားရင်း နဲ့ အကိုလေးက ရန်ကုန်လိုက်သွားတယ်။ညရောက်တော့ ရန်ကုန် ကီလီ ဆိပ်မှာ မော်တော်ရပ်ထားပြီး မော်တော်ပေါ်မှာပဲ ညအိပ်ရတာပေါ့။ညသန်းခေါင်လည်း ရောက်ရော အိပ်မက် ထဲကနေယောင်ပြီ ရေထဲခုန်ချပါလေရော။ကီလီဆိပ်ကမ်းမှာမော်တော်တွေက တန်းစီရပ်ထားတော့ မော်တော် တွေအောက်ထဲရောက်သွားရင် ပြန်ထွက်ဘို့မလွယ်သလို ဆိပ်ကမ်းဘောတံတားအောက် ရောက်သွားရင်လည်း ထွက်ဘို့ မလွယ်ဘူး။

အဲဒီအချိန်မှာ ကံကောင်းတာက ဆိပ်ကမ်းမှာသူခိုးတွေရှိတတ်တော့ ဆိပ်ကမ်းစောင့်ရဲတွေ ကင်းလှည့် နေကြ တာပဲ။ ရေထဲကို လူခုန်ချတဲ့ ၀ုန်းခနဲအသံကြားတော့ ရဲတွေကသူခိုးထင်ပြီ လက်နှိပ်ဓါတ်မီးတွေ ထိုးထားပြီး မော်တော်တွေကိုလည်းအော်ပြီး သတိပေးတော့ မော်တော်ပေါ်ကလူတွေလည်း နိုးလာပြီးရေထဲကို လက်နှိပ် ဓါတ်မီးတွေ ၀ိုင်းထိုးကြတာ ရေကူးနေတဲ့ အကိုလေးကို တွေ့ကြတာပါပဲ ။ ဦးလေးလည်း သူ့သားမှန်း သိတော့ ရေထဲကိုခုန်ချပြီး ဆယ်လိုက်ရတယ်။ ဦးလေးလည်း ကြောက်သွားပြီး နောက်အခေါက်တွေ မခေါ်ရဲတော့ဘူး ဖြစ်သွားရတယ်။ နောက်ပိုင်းအသက်တွေကြီးပြီး မိန်းမရတော့ အဲဒီယောင်တတ်တဲ့ အကျင့်လည်း ပျောက်သွား တော့တယ်။(ဆေးတည့်သွားလို့နဲ့တူတယ်)

ရွာအကြောင်းတွေ ပြန်စဉ်းစားရင် မမေ့နိင်တဲ့ သူခိုးဖမ်းပွဲတခုကို သတိရမိတယ်။ ကျွန်တော်တို့က နွေရာသီ ကျောင်း
ပိတ်ရင် အဖွားနေတဲ့ရွာကို သွားလည်လေ့ရှိတယ်။ ရွာရောက်တဲ့အခါ ညီအကိုတွေ အဖော် အပေါင်းတွေနဲ့တနေကုန်ကစားကြတာပဲ။အဲဒီအချိန် ရွာမှာကတချို့သူငယ်ချင်းတွေက ဘုန်းကြီး ကျောင်းမှာနေပြီး စာသင်ကြတယ်။ သူတို့ကကျောင်းမှာပဲ ညအိပ်ကြရတယ်။ ကျွန်တော်တို့က မနက်၉နာရီ လောက်ဆို ဘုန်းကြီးကျောင်းသွားပြီး ကစားလေ့ရှိကြတယ်။ ရွာဦးကျောင်းကလည်း ခြေတံရှည် ကျောင်းကြီးပါပဲ။ ကျောင်းအောက်မှာ လောင်းလှေလို့ခေါ်တဲ့ ပြိုင်တဲ့လှေတွေကို မှောက်ပြီးထားတယ်။
ရွာအချင်းချင်း လှေပြိုင်ပွဲ တွေလုပ်ရင် အဲဒီလှေတွေနဲ့ ပြိုင်ကြတာပေါ့။

ဘုန်းကြီးကျောင်းက ကျောင်းတိုင်လုံးတွေကလည်း တော်တော်ကြီးတယ်။တနေ့မနက်ခင်း ကျွန်တော်ရောက် သွားတော့ဘုန်းကြီးကျောင်းမှာ ပြဿနာသေးသေး တခုဖြစ်နေပြီ။ ပြဿနာကကျောင်းရဲ့ တိုင်ခြေရင်းမှာ ဘယ်သူမှန်း မသိဘဲ အီး ပါသွားတာပဲ။ ဘုန်းကြီးကျောင်းသားတွေတက်ဘို့ အိမ်သာကို ခပ်လှမ်းလှမ်းမှာ ဆောက်ထားပေးပေမယ့် ညဘက် တယောက်ယောက်က ကြောက်ပြီး အိမ်သာအထိ မသွားနိင်ဘဲတိုင်ခြေရင်း မှာ ကိစ္စပြီးလိုက်ပုံရတယ်။ ပြဿနာက ဘယ်သူ့လက်ချက်မှန်း ဖော်မရဘူး ဖြစ်နေတာပဲ။ ကျောင်းသားကြီး တွေက အီးကျုံး ရတော့ မှာဆိုတော့ တရားခံကိုဖော် ထုတ်ချင်နေတယ်..။

ခက်တာက ဘယ်သူကမှ ကိုယ့်လက်ချက်ပါလို့ ၀န်မခံကြတာပဲ ။ အဲဒီတော့ တယောက်နဲ့တယောက် မင်း
မဟုတ်လား ဘယ်သူမဟုတ်လားနဲ့ စွပ်စွဲနေကြပေမယ့် တကယ့်တရားခံ အစစ်ကို မဖော်ထုတ်နိင်ဘူး ဖြစ် နေတယ်။ နောက်တော့ တယောက်က သူကြားဖူးတာလေး ၀င်အကြံပေးတယ်။
(ချွန်တာလည်း ဖြစ်နိင်ပါတယ်)

အဲဒီအီးပုံကို ငရုတ်သီးနဲ့ထိုးရင် ကာယကံရှင်ရဲ့ဖင်မှာ ငရုတ်သီး အပွတ်ခံရသလို ပူမယ်တဲ့။ ဒီတော့အခု ၀န် မခံရင် အီးပုံကိုငရုတ်သီး နဲ့ ထိုးမယ်ဆိုပြီး ခြောက်ပေမယ့် ဘယ်သူကမှ ၀န်မခံကြဘူး။ အဲဒါနဲ့ ဒီလောက်တောင် ဖြစ်လှတာ အီးပုံကိုငရုတ်သီးနဲ့ ထိုးမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ် ။ ထိုးမယ့်သူ ရွေးတော့ နေရာတကာ ပါတတ်တဲ့ ၀ဏ္ဏက သူထိုးမယ် ဆိုပြီး သူရဲကောင်း ၀င်လုပ်တော့တာပဲ။ ဒါနဲ့ တယောက်က ကျောင်းပေါ်တက်ပြီး ငရုတ်သီး သွားယူတယ်။ ဖင်မပူမှာစိုးလို့တဲ့ ကုလားအော် သီး ယူချလာတယ်။ ၀ဏ္ဏလည်း ငရုတ်သီးကိုင်ပြီး နေရာယူတော့ အကြံပေးတဲ့သူက ထပ် ပြော တယ်။

ဒီအတိုင်းထိုးလို့ မရဘူးကွ မျက်လုံးမှိတ် အသက်အောင့်ပြီး ထိုးရမှာတဲ့ စိတ်ထဲမှာလည်း လာလေရော့ဆိုပြီး ရွတ်နေရမယ်တဲ့ ဆိုပြီး ထပ်ချွန်တယ်။ ၀ဏ္ဏလည်း အဲဒီအတိုင်း လုပ်မယ်ဆိုပြီး အီးပုံနားမှာ ထိုင်လိုက်တယ်
ငရုတ်သီးကိုင်ပြီး ထိုးဘို့ အဆင်သင့် ဖြစ်နေပြီ ။ ကျန်တဲ့သူတွေကလည်း စိတ်ဝင်တစား ၀ိုင်းကြည့် နေတာ
ပေါ့။ဝဏ္ဏကအီးပုံကို တချက်ကြည့်ပြီး မျက်လုံးမှိတ်လိုက်တယ်။ ပြီးတော့စိတ်ထဲမှာ လာလေရော့ဆိုပြီး တွေးမလား တော့မသိဘူး အီးပုံကိုငရုတ်သီးနဲ့ထိုးချ လိုက်ပါလေရော။ စိတ်ထဲမှာ လာလေရော့ ရွတ်ထားလို့နဲ့တူတယ် အီးပုံထိုးတဲ့ လက်ဆပြင်းပြီး လက်ချောင်းအဖျားတွေပါ အီးပုံထဲ ရောက်သွားပါလေရော ။(ရေးရင်းနဲ့ တောင် အန်ချင်သေး :) )

ကြည့်နေတဲ့ သူတွေလည်း ဟာခနဲ တသံထဲထွက်ပြီး ရယ်ကြပါလေရော ။ ၀ဏ္ဏလည်း သူဘာဖြစ်သွားပြီဆိုတာ သိတာနဲ့ “ငါ့ခွီးထဲမှပဲ” လို့အော်ပြီး မြစ်ဆိပ်ကို ပြေးပြီး ရေထဲခုန်ချတော့တာပဲ ။ ကျွန်တော်တို့လည်း မြစ်ဆိပ် အထိ လိုက်သွားကြပြီး ၀ဏ္ဏ ကို ဟေ့ရောင် အီးပုံထိုးလို့ ၀ိုင်းအော် ကြတာ နာမည်ပါ တွင်သွားရော။ နောက်နေ့ တွေ ဘယ်သူကမှ ဖင်ပူတယ်လို့ သတင်းမထွက်လာတော့ ၀ဏ္ဏခမျာ နာမည်တလုံး အဖတ်တင် ကျန်ခဲ့ တော့တယ်။

နောက်ပိုင်း နှစ်တွေ ရွာသွားလည်လို့ ဒီ့ကောင့် တွေ့ရင် ၀ဏ္ဏရေ လာလေရော့ လို့ ပြောလိုက်တာနဲ့ ဒီကောင် တဟားဟား အော်ရယ်နေတော့တာပဲ ။ ပေါက်တတ်ကရတွေ အလွဲတွေနဲ့ ငယ်ဘ၀က ပျော်ဘို့ ကောင်းခဲ့တယ်။

ကဲ...လာလေရော့ ....!



ကမ္ဘာကြီးရပ်တန့်မသွားခင်အထိ

Posted by မြစ်ကျိုးအင်း | Posted in | Posted on 10:27 PM

38

အခုတလော ဘလော့တွေပေါ်မှာ (BBC,CNNတို့မှာတောင်ဘာသတင်းမှမတွေ့မိသေးတဲ့)၂၀၁၂ မှာ ကမ္ဘာမြေပျက်ကိန်းဆိုတဲ့ ပြဿနာက တဖြည်းဖြည်း ကျယ်လောင်လာခဲ့တယ် ။ ဖြစ်ရင်လည်းဖြစ်မယ် ၊မဖြစ်ရင် လည်းမဖြစ်ဘူး။ ဒါပေမယ့် အခုရေးမယ့်စာက ဖြစ်တဲ့ဘက်ကရေးမှာ မဟုတ်သလို မဖြစ်နိင်ဘူးဆိုတဲ့ ဘက်ကလည်းရေးမှာ မဟုတ်ပါဘူး။ အသက်ရှင်နေသ၍ ပြဿနာဆိုတာ ရှိနေမှာပါပဲ။ ဒါဟာဘ၀ဖြစ်သလို ရင်ဆိုင်ဖြေရှင်းခြင်းက လူပီသမှုပါပဲ။ ပြဿနာဆိုရင် ရင်ဆိုင်ဖြေရှင်းတဲ့ နည်းကို ပိုသဘောကျမိတယ်.။ ဒါပေမယ့် တချို့အရာတွေက ကျွန်တော်တို့ ဖြေရှင်းဘို့ လက်လှမ်းမမှီတာ တွေရှိတယ်။

၂၀၁၂ဒီဇင်ဘာမှာ ကမ္ဘာမြေကြုံရမယ့် ပြဿနာမျိုးကျတော့ ကျွန်တော်တို့ဖြေရှင်းဘို့ အလှမ်းဝေးတာ အမှန်ပါပဲ။ ဒီလို ပြဿနာမျိုး နောင်တချိန်မှာ ကြုံမယ်လို့ အရင်က သတင်းတွေ ဖြစ်ခဲ့ဖူးတယ် ။ ၂၀၂၉ မှာ
အပေါဖစ် (Apophis) ဂြိုလ်သိမ်ကြီးက ကမ္ဘာမြေအနီး မိုင်ပေါင်း၁၈၈၉၃ ဖြတ်ကျော်သွားဖြစ်ခဲ့ရင် ကမ္ဘာမြေရဲ့ ဆွဲငင်အားကြောင့် လမ်းကြောင်းလွဲသွားစေနိင်ပါတယ်။ အဲဒီအခါမှာ ကမ္ဘာပါတ်လမ်းကြောင်းနဲ့ နီးနီးစပ်စပ် လမ်းကြောင်းတခုထဲကို ရောက်သွားလိမ့်မယ် ။ဒါဆိုရင်တော့ ၂၀၃၆ ဧပြီလ ၁၃ ရက်နေ့မှာ ကမ္ဘာမြေနဲ့ မလွဲမသွေ တိုက်မိမယ်လို့ ရေးထားတာ ဖတ်ခဲ့ဖူးတယ်။ တခုတောင်မလာသေးဘူး နောက်တခုက ထပ်ပိုလာပြန်ပြီလို့ မထင်စေချင်ပါဘူး။အဓိကပြောချင်တာက ဖြေရှင်းနည်းပါ။ အဲဒီအဖြစ်အပျက်နဲ့ ပါတ်သတ်ပြီး ဖြေရှင်းနည်း ၅ နည်းကို သိပ္ပံပညာရှင်တွေက ကြံဆ ထားခဲ့တယ်။အဲဒီနည်းတွေက

(၁)လမ်းကြောင်းပြောင်းသွားရန် ဂြိုလ်သိမ်ကိုဝင်ဆောင့်တွန်းဖယ်နည်းပါ။ ကမ္ဘာမြေကနေ တစ်တန်အလေး
ချိန်ရှိတဲ့ အာကာသယာဉ်ကို တနာရီ မိုင် ၅၀၀၀ နှုန်းနဲ့ ပြင်းပြင်းထန်ထန် ၀င်ဆောင့်ခိုင်းမယ်လို့ ဆိုပါတယ်။

(၂) ဂြိုလ်သိမ်ကြီးကို ဖိပြီး တွန်းဖယ်နည်းပါ။ နျူကလီးယားစွမ်းအင် (သို့မဟုတ်) နေရောင်ခြည်စွမ်းအင်သုံး
rocker engine တစင်းကို ဂြိုလ်သိမ် မျက်နှာပြင်နားကပ်ပြီး အောင်စ အနည်းငယ်ဖိအားနဲ့ ရက်သတ္တပါတ်
ပေါင်း များစွာ တွန်းဖယ်ပြီး လမ်းကြောင်းရွေ့သွားအောင် လုပ်တဲ့နည်းပါ။

(၃)တရွေ့ရွေ့ ဆွဲယူဖယ်ရှားနည်းပါ။ တစ်တန်အလေးချိန်ရှိတဲ့ Gravity travtorတစင်းကို Solar ion-drive
ဒါမှမဟုတ် Hydrazine thrusters သုံးပြီး ဂြိုလ်သိမ်ကို Gravity ဆွဲအားနဲ့ သွားရာလမ်းကြောင်းကနေ ရွေ့
သွားအောင် ဆွဲယူဖယ်ရှားတဲ့နည်းပါပဲ ။ Gravity travtor တစင်းရဲ့ လွှတ်တင်စရိတ် ဒေါ်လာ သန်း၂၅၀
ဟာ ဟောလိဝုဒ်က ရုပ်ရှင်တကားရဲ့ ကုန်ကျစရိတ်လောက်ပဲရှိပါတယ်။ကမ္ဘာမြေအတွက် ဒီ့ထက်အများ
ကြီး အကုန်ကျ ခံနိင်မှာပါ။

(၄) ဂြိုလ်သိမ် မျက်နာပြင်အောက်မှာ သာမိုနျူကလီးယား ဗုံးတလုံးကို တွင်းတူးမြုပ်နှံပြီး ဖောက်ခွဲမယ့်နည်း
ပါ။ အဲဒီလို ဖောက်ခွဲပစ်နိင်ဘို့ ဂြိုလ်သိမ်မျက်နာပြင်ပေါ်ကို Robotic drill က ဆင်းသက်ပြီး လုပ်ဆောင် စေမှာပါ။ ဖောက်ခွဲနိင်ခဲ့ရင် ဂြိုလ်သိမ်အသေးအမွှား အစုအဝေးအဖြစ် ကြေပျက်ပြောင်းလဲသွားမယ်လို့ ယူဆ ထားကြပါတယ်။

(၅)ဂြိုလ်သိမ်မျက်နာပြင်ပေါ်မှာ နျူကလီးယား ဖောက်ခွဲဖျက်ဆီးတဲ့နည်းပါ။ ဂြိုလ်သိမ်မျက်နာပြင် အငွေ့ပြန် သွားပြီး လမ်းကြောင်းပြောင်းသွားမယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ထားပါတယ်။ (ဒီအချက် ၅ ချက်က၂၀၀၇ ဇန်န၀ါရီလထုတ် သုတစွယ်စုံ မဂ္ဂဇင်းထဲက ဆောင်းပါးရှင်မောင်ကြည်သန့် ဘာသာပြန် ထားတဲ့ အထဲကထုတ်နှုတ်ထားတာပါ)

၂၀၁၂မှာဖြစ်မယ့် ပြဿနာက ဒီအချက် ၅ ချက်လုံးနဲ့ ဖြေရှင်းဘို့ အဆင်မပြေတာမျိုးလည်း ဖြစ်နိင်ပါတယ်။
စိတ်မပူပါနဲ့ နောက်ထပ် နည်းလမ်းတွေ ထပ်ရှာကြအုံးမှာပါ။ နာဆာအဖွဲ့ ၊ကမ္ဘာ့စူပါ ပါဝါအင်အားကြီး နိင်ငံ
တွေက သူတို့ယူထားတဲ့ နာမည်တွေ ဂုဏ်ပုဒ်တွေနဲ့ လိုက်အောင် ဖြေရှင်းကြမှာပါပဲ။။။ (ပြည်ပအားကိုးတော့ မဟုတ်ပါဘူး။ ကိုယ်တာဝန်ယူထားတဲ့နေရာ ကိုယ်ရောက်ရှိတဲ့ အဆင့်နဲ့ ပါတ်သတ်ပြီး တာဝန်သိတတ်ကြမယ် ထင်မိလို့ပါ။)

ဖြေရှင်းလို့ အောင်မြင်ခဲ့ရင်ရော.......
ဒီပြဿနာ ပြီးသွားပေမယ့် ကမ္ဘာကြီးရဲ့ သဘာဝတရားတွေ တစစ ပျက်ယွင်းလာမှုတွေ နဲ့ ထပ်ကြုံကြ ရမှာ
ပါပဲ။ ရေကြီးမယ် ၊ ငလျင်လှုပ်မယ် ၊ မိုးခေါင်မယ် ၊ မုန်တိုင်းတိုက်မယ် စသည်ဖြင့် ကြုံနေကြရအုံးမှာပါပဲ။ အခုချိန်မှာ တကယ်လုပ်သင့်တာက သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လှုံ့ဆော်မှုတွေ ဖြစ်သင့်ပါတယ်။ ဒီနေရာမှာ တခုတော့ မေးချင်ပါတယ် ။ စာဖတ်သူတွေ ကိုယ်တိုင် အရိပ်ရသစ်ပင် ဘယ်နှစ်ပင် စိုက်ပြီးပြီလဲ အဲကွန်း သုံးတာတွေ လျော့ချသလား ၊ ရေခဲသေတ္တာ သုံးတာတွေ လျော့ချ ဖူးပါသလာ။ ကမ္ဘာကြီး ပျက်မယ် ပျက်မယ် အော်တာ ထက် ပိုလေးနက်တာတွေ ဘာလုပ်ခဲ့ပြီးပြီလဲ...။

နိင်ငံရပ်ခြားမှာ နေရာအခက်အခဲကြောင့် အရိပ်ရပင်စိုက်ဘို့ အခက်အခဲ ရှိပါတယ်...။ နေရာ အခက်အခဲကြောင့် ကိုယ်မစိုက်နိင်ပေမယ့် မိဘဆွေမျိုးတွေကို စိုက်ခိုင်းခဲ့ဖူးသလား..။ မစိုက်ခိုင်းခဲ့ဖူး ဆိုရင်
လည်း အရေးမကြီးပါဘူး။ အခုစိုက်ကြတာပေါ့။ ခုတ်တဲ့သူတွေက များစွာခုတ်နေကြလို့ ကျွန်တော်တို့ စိုက်ရင်ရော ဘာထူးမှာလဲ ထင်ကြမယ်။ ကျွန်တော်တို့ အကျိုးရလဒ်ကို ဒုတိယ အနေနဲ့ကြည့်ပါ ကိုယ့်လုပ်ရပ်ကို ပထမအနေနဲ့ ကြည့်ကြပါစို့...။ ကျွန်တော်တို့ နိင်သလောက် လုပ်ခဲ့တာတွေအတွက်လူပီသသနဲ့ ရှင်သန်ခွင့်ရသလို မသေခင်အထိ ကိုယ့်လုပ်ရပ်အတွက် လိပ်ပြာ လုံလုံ နေကြရမှာပါပဲ။

အခုချိန်မှ အပင်စိုက်တဲ့အကြောင်းတွေ စာမျက်နာပေါ်မှာ ပြောနေပေမယ့် ကျွန်တော့်အနေနဲ့ ဟိုအရင်ထဲက
မိသားစု ဆွေမျိုး ပါတ်ဝန်းကျင်ကို တိုက်တွန်း ပြောကြားခဲ့ဖူးပါတယ်။တော်တော်များများလည်း လုပ်ဖြစ်ခဲ့ကြမှာပါ...။ ဒီခေတ်မှာ လူဖြစ်ခဲ့မှတော့ ဒီခေတ်ရဲ့ လိုအပ်ချက် တွေကိုလည်း ကိုယ့်အသိ တရားနဲ့ကိုယ် ဖြည့်ဆည်းရမှာပါပဲ။ အထက်မှာရေးခဲ့တဲ့ အချက် ၅ ချက်နဲ့ ပါတ်သတ်ပြီး ရည်ရွယ်တာက ဒါဟာ နှစ်ပေါင်း၄၀လောက် လိုသေးတဲ့ ပြဿနာကိုတောင် အရင်ထဲက ကြိုတင်ပြင်ဆင် ထားတယ်ဆိုတာ သိစေချင်တာပါပဲ။၂၀၁၂ ဆိုတာ..........

လက်ရှိရောက်နေတဲ့ အချိန်အခါလေးမှာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်စေချင်တဲ့ စိတ်ထားကြောင့် ဒီပို့စ်လေး ရေးဖြစ်တာပါ။ အချိန်မှာ လုပ်ဆောင်ခဲ့တဲ့ အရာအတွက် ဘ၀ရဲ့နောက်ဆုံးအချိန်ထိ လိပ်ပြာသန့် မိမှာပါပဲ။ လေထုညစ်ညမ်းမှု ရေထဲညစ်ညမ်း မှုတွေကို ကိုယ်တတ်နိင်သလောက် တစ်ဦးချင်းဖြစ်စေ စုပေါင်းပြီးဖြစ်စေ ၀ိုင်းဝန်း လုပ်ဆောင်စေချင်ပါတယ်....။

နောက်ထပ် အရေးကြီးတဲ့ ညစ်ညမ်းမှုတခု မဖြစ်ဘို့လည်း မိမိကိုယ်ကို တာဝန်ယူဘို့ လိုအပ်ပါတယ်။
အဲဒါက စိတ်ဓါတ်ညစ်ညမ်းမှုပါပဲ....။အဲဒီညစ်ညမ်းမှုအတွက် ဆိုးကျိုးသက်ရောက်မှုက အင်မတန် မြန်လွန်းပါတယ်။







အရင်အတိုင်း

Posted by မြစ်ကျိုးအင်း | Posted in | Posted on 11:52 PM

43

ခေါ်သံသဲ့သဲ့ကို နားထဲတွင် ကြားရသလို ရှိလာသည်။
ထို့အတူ လက်မောင်းကို တစုံတယောက် ကိုင်လှုပ်နေသလို ခံစားရသည်။
အာရုံတချို့တ၀က်ဖြင့် မျက်ခွံသည် အနည်းငယ်ပွင့်လာသည်။
ထို့နောက်ေ၀၀ါးနေသော အမြင်အာရုံတွင် မျက်နာတခုသည် တဖြည်းဖြည်း နီးကပ်လာသည်။

ဖိကပ်လာသော နှုတ်ခမ်းကြောင့် နဖူးတွင် အနည်းငယ်ပူနွေးသွားသည်။
ထို့နောက် ပြန်ခွါသွားသည်။ ပင့်သက်နွေးနွေးသာ ကျန်ခဲ့သည်။
မပြီပြင်သေးသော အသိတရားဖြင့် စီးမိုးနေသော မျက်နာကို ကြည့်မိသည်...။

နှလုံးသွေးတို့ တဒင်္ဂ အေးစက် ရပ်တန့်သွားသည်။
ထို့နောက် ပြင်းထန်သော အရှိန်ဖြင့် နှလုံးသားသည် တချက်ဆောင့်ခုန်သွားသည်...။
ခြေလက်တို့ အေးစက်ကာ တဆတ်ဆတ်တုန်ခါသွားရသည်...။

““““ ...... ””””


ကျယ်လောင်လွန်းသော အာမေဋိတ်သံသည် လည်ချောင်းဝတွင် ပျောက်ရှသွားသည်။ထိုင်းမှိုင်းနေသော စိတ်တို့ လွင့်စင်သွားပြီး မျက်ဝန်းသည် ပြူးကျယ်သွားသည်...။ဘာတွေဖြစ်ကုန်ပြီလဲ...။အဖြစ်အပျက်သည် မြန်ဆန်လွန်းလှသည်။ အိပ်ယာမှ လှုပ်နိုးခံရခါမည်သူမျှ ဒီအဖြစ်မျိုးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင် နိင်မည် မထင်ပေ။

“ထတော့လေ ..ဘာကြည့်နေတာလဲ မောင်က တကယ်အအိပ်ကြီးတာပဲ”

ဘယ်တော့မှ မမေ့နိင်မယ့် အသံကိုကြားမှ အရာရာကို စပ်ဆက်မိသွားသည်။ ' ချစ်သူ ' ဟုတ်သည်။
ချစ်သူ ဖြစ်သည်။ နှစ်ပေါင်းများစွာ , လပေါင်းများစွာ , ညပေါင်းများစွာ စောင့်မျှော်ခဲ့ရသော ချစ်သူသည် အခုတော့ ကျွန်တော့် အိပ်ယာဘေးကို ရောက်ရှိနေခဲ့ပြီ..။ ကျွန်တော်ခန္ဓာကိုယ်သည် သတိမထားမိခင်မှာပင် ၀ုန်းခနဲ ထရပ်ပြီးဖြစ်နေလေပြီ။

“ အို....ပိုး ရယ်”

နှုတ်ဖျားမှ ထိုတခွန်းသာ ရေရွတ်နိင်ပြီး ချစ်သူကို ငေးမောနေမိသည်။ ထို့နောက် သတိမထားမိခင်မှာပင်
ချစ်သူကို ရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ အချိန်တွေ မည်မျှ ကုန်သွားမှန်းမသိပေ။

ကျွန်တော်သည်လက်ရှိအချိန်ကို သတိပြုမိချိန်တွင် သူမသည် ကျွန်တော်ရင်ခွင်ထဲတွင်ငိုရှိုက်နေခဲ့ပြီ...။ ကျွန်တော့်နှလုံးသားသည် တဆတ်ဆတ်တုန်ခါနေသည်...။ စီးဆင်းနေသောသွေးတို့သည် နားထင်နှစ်ဘက်ဆီကို တဒုတ်ဒုတ်ဖြင့် တိုးဝင်နေသည်...။ သူမရဲ့မျက်ရည်တို့ကို ကြည့်ရင်း ရင်ထဲမှဝမ်းနည်း မှုတို့ လှိုက်တက်လာသည်။ အခုချိန်တွင်တော့ နှစ်ပေါင်းများစွာက အလွမ်းတို့သည် အရည်ပျော်ကာ အရှိန်ပြင်းစွာ စီးဆင်းနေခဲ့ပြီဖြစ်သည်...။

“မငိုနဲ့တော့နော် ..... ပိုးပင်ပန်းပါတယ် အခုမောင်တို့ ပြန်ဆုံကြပြီပဲ .... တိတ်တော့နော် ”

ဆံပင်လေးကို သပ်ပေးရင်း တိုးတိုးလေးပြောလိုက်သည်။ ကျွန်တော့်အသံ တို့သည် ရင်ခုန်သံ ကဲ့သို့ပင် တုန်ခါနေသည်။ ရင်ထဲတွင် တည်ငြိမ်မှုရရန် ကြိုးစားနေသည်။ စကားတွေ များစွာ ပြောချင်နေသည်။သို့သော် ဘယ်ကစ၍ ပြောရမှန်းမသိပေ။ ပြန်လွတ်ထွက်သွားမှာ စိုး၍သာ တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။

“ဘယ်နေ့ကပြန်ရောက်တာလဲ”
“မနေ့ညက ပြန်ရောက်တာ... အခုမနက်မိုးလင်းလင်းချင်း မောင့်ဆီကို ပြေးလာတာလေ ပြန်ရောက်ထဲက လာချင်နေတာ မိုးအရမ်းချုပ် နေလို့”
“ပိုးက တကယ်ချစ်ဘို့ကောင်းတာပဲ”
“ဘာဖြစ်လို့လဲ”
“မောင့်ကို ပထမဆုံး သတိရလို့လေ”
“မောင့်ကိုပဲ ချစ်ခဲ့တာလေ မောင့်ကိုပဲသတိရမှာပေါ့”

“နားထောင်ကောင်းလိုက်တာကွာ နှလုံးသားတွေ အရည်ပျော်တော့မယ်”
“နားထောင်ကောင်းရင် နောက်မှဆက်နားထောင်နော် အခုမျက်နာသွားသစ်တော့ မောင်စားဘို့
မုန့်ဟင်းခါးဝယ်လာတယ် အေးသွားလိမ့်မယ်”

“ဟုတ်သားပဲ ပျော်နေတာနဲ့ အားလုံးကို မေ့သွားတယ် ခဏလေးစောင့်နော် ရေပါချိုးလိုက်မယ်”
“မြန်မြန်လုပ်နော် ... ပိုးကော်ဖီဖျော်ထားပေးမယ်”
“တကယ်လိမ္မာတဲ့ကလေးပဲ ...စိတ်ချ လုံးဝ မကြာစေရဘူး”

ချစ်သူရဲ့ပါးလေးကို လိမ်ဆွဲကာ ရေချိုးခန်းကို ပြေးထွက်လာခဲ့သည်။အခုချိန်တွင်တော့ ခန္ဓာကိုယ် တခုလုံးပေါ့ပါးနေသည်။ ရင်ခုန်သံတို့သည် မငြိမ်သက်သေးပေ။အတွေးအာရုံတခုလုံးတွင် ချစ်သူသာရှိနေ သလို အသွေးအသားထဲတွင်လည်း ချစ်စိတ်တို့ ပြည့်နှက်နေသည်..။ အရာရာ အားလုံးကို ချစ်သူသာပိုင်ဆိုင်ထားသည်။ကျွန်တော်သည် သူမကို စကားလုံးများဖြင့်ဖော်ပြ၍ မရနိင်လောက်အောင် ချစ်ခဲ့သည်။ သိပ်ချစ်ခဲ့ရသမျှ ဝေးနေရတဲ့ အချိန်တွင် အလွမ်းတို့သည် အဆမတန် ဖြစ်လာသည်။ တယောက်ထဲ ဖြတ်သန်းခဲ့ရသော နေ့ရက်တို့သည် ပူလောင်လွန်းသလို ကုန်ခဲလွန်းလှသည်။

နေ့စဉ်ရက်ဆက် အရမ်းလွမ်းခဲ့ရသည်။အချိန်တိုင်းလိုလို သတိတရ ရှိနေခဲ့သည်။ လွမ်းဆွတ်ခြင်းသည် သွေးမဲ့ဒဏ်ရာ များစွာကို ဖြစ်စေခဲ့သလား မသိပေ။ အခုတော့ ချစ်သူသည် အနားကို ရောက်လာခဲ့ပြီ။ နေ့ရက်တို့သည် ပြန်လည်၍ပျော်ရွှင်ဖွယ်ကောင်းတော့မည်။ သိပ်ချစ်တာပဲ ပိုးရယ်.။အတွေးတခုလုံး လွှင့်ဝဲနေ သည်။ အတွေးလွန်သွားသဖြင့် သွားပွတ်တံတွင် သွားတိုက်ဆေး မထည့်မိဘဲ တိုက်နေမိသည်။ နောက်မှသတိရသည်။

“အင်း...ပိုး သိရင်တော့ ရယ်မှာပဲ ” တွေးရင်းပြုံးလိုက်မိသည်
........................................................................................................................။


သူမသည် အလွန်ပျော်နေသည်။ ဒီလိုမနက်ခင်းမျိုးကို ရဘို့ ဘယ်လောက်တောင် စောင့်မျှော်ခဲ့ရလဲဆိုတာ သူမကိုယ်တိုင်သာ အသိဆုံးဖြစ်သည်...။ အမှန်တကယ် မောပန်းခဲ့ရသည်..။စိတ်ရှည်သီးခံ ခဲ့ရသည်။အခုတော့ သူမသည် ပျော်ရွှင်နေပြီ။ စိတ်တခုလုံး လန်းဆန်းနေသည်။ ပြီးတော့ ငိုချင်နေခဲ့သည်...။ မောင့်ရဲ့ ရင်ခွင်ထဲတွင် သည်းသည်းထန်ထန် ငိုကြွေးချင်နေသည်..။ခံစားခဲ့ရသမျှ ရင်ထဲတွင် ပေါ့ပါးသွားတဲ့ အထိ ငိုချင်နေခဲ့သည်။မောင့်ရဲ့ ရင်ခွင်သည် အရင်လိုနွေးထွေးဆဲ ဖြစ်နေအုံးမလား.....။ ပြီးတော့ မောင့်ရဲ့ နှုတ်ခမ်း တို့သည် အရင်လို ချိုမြိန်နေအုံးမည် ထင်သည် ။ ထိုအတွေးကြောင့် ရှက်ရွံ့ စွာ လှစ်ခနဲ ပြုံးလိုက်မိသည်။

ချိုမြိန်သော အရာတွေ အားလုံးသည် မောင့်ထံတွင်သာ ရှိမည်ဟု သူမကတော့ အမြဲတမ်း ယုံကြည် ထားသည်။ ချစ်ခြင်း , ကြင်နာခြင်း , နုညံ့ခြင်းတွေအားလုံး မောင့်ထံမှသာရနိင်မည်...။ ထိုအရာတွေသည် သူမလိုချင်ခဲ့ပြီး အပြည့်အ၀ မရခဲ့သော အရာတွေသာ ဖြစ်သည်။ ခုတော့မောင့်ရဲ့ ချစ်ကြင်နာခြင်းကို အပြည့်အ၀ ရနိင်တော့မည်။ ပျော်ရွှင်စွာတွေးနေမိ၏...။ ကော်ဖီကို မြည်းကြည့်သည် ။ မောင့်အကြိုက် အခါးဓါတ်ကဲသော စိမ့်စိမ့်လေး ဖြစ်နေ၍ ကိုယ့်ကိုကိုယ် ကျေနပ်သွားသည် ။ (၁၀) တန်းကျောင်းသူဘ၀ရဲ့ မနက်ခင်းတချို့တွင် မောင့်အတွက် နံနက်စာကို အခုလို ပြင်ဆင်ပေးခဲ့ ဖူးသည် ။

မောင့်ရဲ့ ကျေနပ်မှုသည် သူမရဲ့ ပီတိ ဖြစ်သည်။
မောင့်ရဲ့ ပျော်ရွှင်ခြင်းသည် သူမရဲ့ အားအင် ဖြစ်သည်။
မောင့်ရဲ့ ၀မ်းနည်းမှုသည် သူမအတွက်တော့ ကျိန်စာ သာဖြစ်သည်။
မောင့်ကို အမြဲတမ်းပျော်ရွှင်နေစေချင်သည်။။ဒါဟာသူမရဲ့ တကယ့် ဆန္ဒ အမှန်သာ ဖြစ်သည်....။

ရေကျသံတွေကို ဖောက်ထွက်ပြီး သီချင်းသံ သဲ့သဲ့ ထွက်ပေါ်လာ၍ မုန့်ဟင်းခါးပွဲ ထည့်နေရင်း နားစွင့်နေမိသည်။ ရေချိုးခန်းတံခါးနား ကပ်၍နားထောင်တော့မှ လေးဖြူရဲ့ “အိမ်ကိုပြန်ခဲ့တော့” သီချင်းကို မောင်ဆိုနေခြင်းဖြစ်သည်။

“..မင်းနဲ့ တွေ့ချင်လို့....ဟိုမှာမပျော်တဲ့ခဏ....အိမ်ကို ပြန်ခဲ့တော့....”

ဟုတ်သည်။ထိုအရပ်တွင်သူမရဲ့ ပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးသွားခဲ့ရသည်။အခုချိန်တွင်တော့ သူမပျော်ရွှင်နေရပြီ။ မောင်သည်လည်း သူမလိုပဲ ပျော်ရွှင်နေမှာပါပဲ။မောင်ပျော်ရွှင်နေတာ မြင်၍ သူမသည် ပို၍ပျော်ရွှင်ရပြန်သည်။ ခဏနေမှ ထိုသီချင်းကို ဂစ်တာဖြင့် ပြန်တီးခိုင်းရမည်။သူမသည် ထိုအစီအစဉ်အတွက် ကျေနပ်သွားသည်..။ ပြီးတော့ မောင့်ရဲ့ရင်ခွင်ထဲတွင် မှေးစက်ရင်း မောင့်ရဲ့စကားသံနှင့် ရင်ခုန်သံကို နားထောင်ရမည်...။ အချိန်တွေ မြန်မြန် မကုန်လျင်ကောင်းမည်။ စကားတွေကတော့ ဘယ်လောက်ပြောပြော ကုန်နိင်မည်မထင်ပေ..။ ဘာပဲဖြစ်ဖြစ် မောင့်ရဲ့ ရင်ခွင်ထဲတွင် အကြာကြီး တိုးဝင်နေမည်။ ထိုအရာသည် သူမအလိုချင်ဆုံးဆု ဖြစ်သည်။ သူမသည် မောင့်ရဲ့ အိပ်ယာ ကို သိမ်းဆည်းရင်း တွေးနေမိသည်။

........................................................................................................................။

ရေကိုအမြန်ဆုံးချိုးနေသည်...။တဆတ်ဆတ်တုန်သော ရင်ခုန်သံတို့သည် ယခုအချိန်ထိ တည်ငြိမ်နိင်ဘို့ ခက်ခဲနေသည်။ အခုချိန်တွင်တော့ ကျွန်တော်နှင့် ချစ်သူရဲ့ ကြားတွင် ရေချိုးခန်း တံခါးတချပ်သာ ခြားနေ သည်..။ ထိုတံခါးကို အမြန်ဆုံးဆွဲဖွင့်ရမည် ၊ ဘာအကြောင်းနှင့်မျှ အချိန်ကုန်ခံ၍ မဖြစ်တော့ပေ။ ဝေးခဲ့ရသော နှစ်တွေသည် အခုချိန်တွင်တော့ တစက္ကန့်လောက်ကိုတောင် အလဟဿ အဖြစ်မခံနိင်တော့။ ထို့ကြောင့်ရေကို အမြန်ဆုံးချိုးနေသည်။ပျော်ရွှင်ရလွန်းသဖြင့် စိတ်တခုလုံး နုပျိုလန်း ဆန်းနေသည်။ ဘာကိုပဲတွေးတွေး ကြည်နူး စရာတွေပဲ ဖြစ်နေသည်။

ချစ်သူသည် အရာရာကိုတတ်နိင်စွမ်းသည် ။ပျော်ရွှင်ခြင်း , ၀မ်းနည်းခြင်း ဒါတွေကို ဖန်ဆင်းနိင်သည်။ အခု
လို ချစ်သူအနားတွင် ရှိနေချိန်သည် အပျော်ရွှင်ရဆုံး အချိန်တွေသာ ဖြစ်သည်။ချစ်သူသာအနားမှာ မရှိခဲ့လျင်........။ ထိုအတွေးသည် တပိုင်းတစဖြင့် ရပ်ဆိုင်းသွားသည် ။ အပြင်ဘက်ကို နားစွင့်ကြည့်တော့ တိတ်ဆိတ်နေသည် ။ ရေကျသံမှလွဲ၍ အရာရာသည် တိတ်ဆိတ် ငြိမ်သက် နေသည်။ စိုးရိမ်ပူပန်စိတ်သည်
ဝုန်း ခနဲ ဆောင့်တက်လာ သည်။ ချစ်သူရှိသေးရဲ့လား တွေးမိ၍ ခန္ဓာကိုယ် တုန်ခါသွားသည်။

“ ပိုး ရေ ”
တိတ်ဆိတ်နေ၏..။နှလုံးသွေးတို့ကတော့ တဒိတ်ဒိတ် ခုန်နေသည်။

“ ပိုး....ရေ..”

“မောင် ဘာဖြစ်လို့လဲ ”

ဒုတိယ အကြိမ်ခေါ်မှ ချစ်သူရဲ့ ပြန်ထူးသံကို ကြားလိုက်ရည်။ ရင်ထဲကို စမ်းချောင်းတစင်း ဖြတ် စီးဆင်းသွားသည်။

“ဘာမှ မဖြစ်ဘူး...ဘာမှ မဖြစ်ဘူး”

ဝမ်းသာအားရ ပြန်ထူးရင်း ရေချိုးခန်းမှ ထွက်လိုက်သည်။ တံခါးဝတွင် မျက်နာသုတ်ပုဝါ ကိုကိုင်၍ အဆင်
သင့် စောင့်နေသည် ။ ကြည်နူးစိတ်တို့ ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်သွားသည် ။ ချစ်သူရဲ့ ချစ်ကြင်နာမှု အလိုက်
သိမှု တို့သည် ဟိုးအရင်ကအတိုင်း ဖြစ်သည်။

ဒီလိုမနက်ခင်းမျိုးကို အမြဲတမ်းရရင် ဘယ်လောက်ကောင်းမလဲ ဟု အင်္ကျီဝတ်ရင်း တွေးမိသည်။ အမြဲတမ်း ဟုတ်သည်။ အမြဲတမ်း ရချင်သည်။ဒီလိုဘ၀သည် စိတ်ကူးထဲက ဘ၀မျိုးဖြစ်သည်။ ပြီးတော့ အကြိမ်ကြိမ် တွေးပြီး တကြိမ်မှ မရခဲ့သော ဘ၀ဖြစ်သည်။ ဒီနေ့မှာတော့ ထိုဆန္ဒသည်ပြည့်ဝတော့မည်။ ကျွန်တော်ရဲ့စိတ်သည် အင်္ကျီကြယ်သီး တပ်ပေးနေသော ချစ်သူကို ကြည့်ရင်း မချင့်မရဲ ဖြစ်လာသည် ။
သို့ဖြင့် ခါးလေးကို ဆွဲဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

“မောင်ဘယ်လောက် လွမ်းခဲ့ရသလဲဆိုတာ သိချင်လား”
“အင်း...သိချင်တယ်”
“ဒါဆိုခေါင်းလေး မော့ထား”
“...အင်း...”
“ မျက်လုံးပါ မှိတ်ထား”
........
..................
..........................

“ အဲဒီလောက်အထိ.....”

စကားလုံးများစွာထက် ပြီးပြည့်စုံသော အရာမှာ တခုသာ ရှိမည်ထင်သည်။ ထိုအရာမှာ တရှိုက်မက်မက် အနမ်း ဖြစ်သည်။ကျွန်တော်တို့နှစ်ယောက်အတွက် ဒီအချိန်တွင် အနမ်းတခုရဲ့ အဓိပ္ပါယ်သည် ကျယ်ပြန့် နက်ရှိုင်းလှသည်။ လွမ်းမောတမ်းတခြင်း ,ပြန်ဆုံချိန်ကိုမျှော်လင့်ခဲ့ရခြင်း ,မျိုသိပ်ခဲ့ရခြင်း , စောင့်စည်းသီးခံခြင်း , သတိရခြင်း ... စသည်ဖြင့် အဓိပ္ပါယ်များစွာ ပျော်ဝင်နေသည်။အချိန်ကာလကတော့ ကျွန်တော်တို့ နှစ်ယောက်ကြားက ထွက်ပြေးသွားပြီ။

“မောင်ဘယ်လောက်လွမ်းခဲ့ရတယ်ဆိုတာ သိပြီလား”
“အင်းသိပြီ”
ချစ်သူရဲ့ အသံသည် ကျွန်တော်ရင်ခုန်သံကဲ့သို့ပင် တုန်ခါနေသည်။

“ဒီလိုဆို ပိုးကလည်း ဘယ်လောက်လွမ်းခဲ့ရတာကို ပြောပြမယ် သိချင်လား”
“သိချင်တာပေါ့”
“ဒါဆိုမျက်လုံးပြန်မှိတ်ပေး”
“စိတ်ချ လုံးဝကို မဖွင့်ဘူး”
“သိပ်မသိချင်ရှာပါဘူးနော်”
“ပိုးစကားနားထောင်တာပါ”
“အင်းပါ...အင်းပါ ခေါင်းနည်းနည် ငုံ့ပေးလေ”
“မငုံ့ဘူးကွာ ဒီလောက်တော့ ကိုယ့်ဘာသာကြိုးစားပေါ့”
“ဒီလိုလား ရပါတယ် ..ဒါနဲ့ မောင့်အရပ် အရင်ကထက် ရှည်လာသေးလား”
“ဟင့်အင်း အရင်အတိုင်းပဲ”
“ဒါဆို မျက်လုံးမှိတ်တော့နော်”
“အင်း”

အမြင်အာရုံသည်မှောင်မိုက်သွားပြီး အခန်းထဲတွင် တိတ်ဆိတ်သွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ပထမဆုံး အသိမှာ လည်ပင်းကို သိုင်းဖက်လာသော လက်နှစ်ဘက် ဖြစ်သည်။တဖြည်းဖြည်းနှင့် ထွက်သက်နွေးနွေးသည် မေးဖျားကို ရိုက်ခတ်လာသည်။

ထို့နောက်.....
.......................
.............................

မျက်ဝန်းထဲတွင် ကြယ်တွေများစွာ ကြွေကျသွားသည် ။ တိမ်တိုက်တချို့သည် ခန္ဓာကိုယ်ကို ဖြတ်တိုက် သွားသည်။ သာယာငြိမ်းအေးသော လေပွေကြောင်းထဲတွင် အလိုက်သင့်စီးမျောနေသည် ။ ခံစားချက်တို့ စုံလင်နေသည်။ နက်ရှိုင်းသော ချောက်ကမ်းပါး ထဲကို ထိုးဆင်းသွားလိုက် ကောင်းကင်ကို ပျံတက်လိုက်ဖြင့် နှလုံးသားသည် တလှပ်လှပ် ခုန်နေသည်။ အဆုံးမရှိသော နယ်ပယ်တခုတွင် ဝါဂွမ်းတစလိုလွင့်မျှောနေသည်။ ထိုနယ်ပယ်သည် ပင်လယ်တခုဖြစ်နိုင်သလို ကောင်းကင်တခုဖြစ်နိုင်သည် သေချာတာက ထိုနေရာတွင် အချိန်ကာလ မရှိပေ။ ရင်ခုန်သံတို့ကတော့ လှိုင်းထန်နေသည်။ မောပန်းလွန်းလှသည်။

ချစ်သူရဲ့ခါးကို တင်းတင်းကြပ်ကြပ် ဖတ်ထားသော လက်သည် အားလျှော့လာသည်။ ပင့်သက်နွေးနွေးသည်
တဖြည်းဖြည်း ဝေးကွာသွားကာ ခိုတွယ်ထားသော လက်နှစ်ဘက်သည် အားလျှော့ ပြေကျသွားသည်။ အခန်းထဲတွင် တိတ်ဆိတ်ခြင်းသာ ကျန်ခဲ့သည်။

“ လက်စားချေနည်းတွေထဲမှာတော့ ဒီနည်းဟာအကောင်းဆုံးပဲလို့မောင်ထင်တယ်”

တိုးတိုးလေးပြောရင်း ချစ်သူကိုကြည့်မိသည်။ ပထမဆုံးသော မြင်ကွင်းမှာ မျက်ရည်တွေဝိုင်းနေသော မျက်ဝန်း တစုံ ဖြစ်သည်။ မော့ကြည့်နေသော ချစ်သူရဲ့မျက်ဝန်းထဲတွင် မျက်ရည်တို့ပြည့်လျှံနေသည်။

“ ပိုး....ဘာဖြစ်လို့...”

ရေရွတ်သံပင် မဆုံးလိုက် ရင်ခွင်ထဲကို တိုးဝင်ကာ ရှိုက်ကြိးတငင် ငိုနေတော့သည်။ နုနယ်သော ချစ်သူရဲ့နှလုံးသားသည် အလွမ်းဒဏ်ကို အချိန်များစွာ ခံစားခဲ့ရပေမည်။ ရက်စက်လှသော ဝေးကွာချိန်တွေသည် ရင်ခုန်သံတို့ကို တိတ်ဆိတ်စေခဲ့ကာ လွမ်းမောခြင်းတွေကိုသာ ပေးခဲ့သည်။ တယောက်တည်း ရှေ့ဆက်ခဲ့ရသော နေ့ရက်တွေသည် အထီးကျန်ခြင်းဖြစ်သာ ပြည့်နေခဲ့မည် ။ မည်သည်
့ပြီးပြည့်စုံမှုများ ရှိနေပါစေ ချစ်သူမရှိသော အရပ်သည် နာကျင်စရာများသာ ရှိနေခဲ့မည် မဟုတ်ပါလား ....။
ထို အရပ် တွင် သူမသည် နှစ်ပေါင်းများစွာ ကျွန်တော့်ကို လွမ်းဆွတ်နေခဲ့ရပေမည်။ ကျွန်တော်သည်လည်း သူမ ကဲ့သို့ အတူတူပင်ဖြစ်သည်။

ကျောလေးကိုသပ်ပေးရင်း ငိုရှိုက်ခြင်းကိုစောင့်ဆိုင်းပေးလိုက်သည်။ မွမ်းကြပ်ခဲ့ရသော သူမရဲ့ ရင်ခွင်ကို မျက်ရည်တို့နှင့်အတူ ပွင့်ထွက်သွားစေလို၍ ဖြစ်သည်။ အလွမ်းတို့သည်လည်း မျက်ရည်တို့ကဲ့သလို့ စီးဆင်းသွားပါစေဟု ကျွန်တော်ဆုတောင်းနေမိသည်။

“ မငိုနဲ့တော့နော် အခုပိုးဘေးမှာ မောင်ရှိနေပြီ နောက်ဆိုပိုးပျော်ရတော့မှာပေါ့ ဒီမှာကြည့်စမ်း....”

မျက်ရည်ဝိုင်းနေသော မျက်ဝန်းသည် တောက်ပနေသည်။

“ ပိုးကငိုတာတောင် လူလည်ကျသေးတယ် ”
“ ဟင် ဘာဖြစ်လို့လဲ”
“ဒီမှာကြည့်လေ ရင်ခွင်ထဲမှာငိုတော့ မျက်ရည်တွေရော နှပ်တွေရော အင်္ကျီနဲ့သုတ်ပြီးသားဖြစ်တာပေါ့
အဲ့ဒါလူလည်ကျတာလေ”

အခုမှ သဘောပေါက်သွားသောချစ်သူသည် ရယ်သံလွင်လွင်ဖြင့် ရင်ခွင်ထဲကိုတိုးဝင်သွားသည်။ ကျွန်တော်သည် နားရွက်ကလေးအပေါ်မှ ဆံပင်လေးကို သပ်တင်ပေးရင်း နားနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

“မောင်ပြောပြမယ် ငိုတာထက်လေးနက်တဲ့ အလုပ်တွေ အများကြီးရှိတယ် ဘာတွေလဲသိလား”

“သိတာပေါ့ ...ပိုးနဲ့မောင် စကားတွေပြောကြမယ်လေ ..အတိုးချပြီးတော့ကို ပြောမယ်
ပြီးတော့ မောင့်ရဲ့ ရင်ခွင်ထဲမှာ ရင်ခုန်သံကို နားထောင်မယ်၊ မောင်ဆိုပြမယ့်
ဂစ်တာသံကိုလည်း နားထောင်မယ် ကဗျာအသစ်တွေကိုလည်း ဖတ်မယ်လေ
စကားတွေလည်းအများကြီးပြောမယ်။တိတ်တိတ်လေးလည်း အချိန်တွေကို ဖြတ်သန်းမယ်လေ”

“အင်း ဟုတ်တယ် ... ပိုး ဖြစ်ချင်တာတွေကို မောင် လုပ်ပေးမှာပေါ့ အဓိကက ပိုး ပျော်ဘို့ပဲလေ”

“ဒါပေမယ့် မောင် အခုအရင်လုပ်ရမှာက ထည့်ထားတဲ့ မုန့်ဟင်းခါးကို သွားစားဘို့ပဲ ကြာရင်ပွကုန် လိမ့်မယ်မောင်ရဲ့ ”

ကြည်လင်နေသော ချစ်သူရဲ့ အပြုံးသည်ရင်ခွင်ကို ငြိမ်ချမ်းသွားစေသည်။ သူမသည် ကျွန်တော် ဘယ်လောက်အထိ ချစ်သလဲဆိုတာကို မခန့်မှန်းနိင် စေခဲ့သူဖြစ်သည်။ ထိုပြင့် တသက်လုံး ချစ်သွားမယ့် သူလည်းဖြစ်သည်။

“ဟင် အင်း မောင်စိတ်ပြောင်းသွားပြီ အဲဒီမုန့်မစားတော့ဘူး”
“ဒါဆို ဘာစားချင်လို့လဲ ပြောလေ”
“မောင် လိုချင်တာက တရှိုက်မက်မက် အနမ်း တပွင့်ပဲ ကဲဘယ်လိုလဲ ပေးမှာလား ”
“............”
.................................

အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။
ထိုအချိန်တွင် ပြတင်းပေါက်မှ မြူခိုးတို့သည် အခန်းထဲသို့ဝင်ရောက်ကာ ကျွန်တော်တို့နှစ်ယောက်ကို လွှမ်းခြုံသွားသည်။ ချစ်သူကို မြင်ရသည်မှာ ဆေးသားမကောင်းလှသော ဓါတ်ပုံတပုံကဲ့သို့ မှုန်ဝါးဝါးဖြစ်နေပြီး သူမသည်လည်း ကျွန်တော့်ကို ထိုကဲ့သို့သာ မြင်နေရမလားမသိပေ။

“ ဖြေလေ”

ချစ်သူရဲ့နှုတ်ခမ်းအစုံသည် အနည်းငယ် လှုပ်ရှားသွားသည်။ အသံကိုမူ သဲကွဲစွာ မကြားရပေ။ မြင်ကွင်းကတော့ ပို၍ မှုန်ပြသွားသည်။

“ ဖြေလေ.....”

မေးခွန်းရဲ့အဆုံးတွင် ကျွန်တော်တို့နှစ်ယောက်ကြားမှ မြူခိုးတို့သည် တံတိုင်းတခုလို ခြားသွားခဲ့သည် ။
ချစ်သူရဲ့ ခန္ဓာကိုယ်သည် လေတိုက်ခံလိုက်ရသော တိမ်ဆိုင်တွေကဲ့သို့ ပါးလျသွားသည်။ ကျွန်တော်သည် သွေးရူး သွေးတန်းဖြင့် လှမ်းဆွဲလိုက်ချိန်တွင် ............

“ မသွားပါနဲ့ ချစ်သူရယ်”

ကျွန်တော့်အသံသည် ဆို့နစ်ကွဲရှစွာဖြင့် ထွက်သွားသည်။ ကျွန်တော့်ခန္ဓာကိုယ်သည်လည်း ပင်ပန်းခြင်းကြီးစွာဖြင့် ကြမ်းပြင်ပေါ်သို့ ဒူးထောက်၍ ကျသွားသည်။ အခန်းထဲတွင် အရာရာ ဆုံးရှုံးသွားသော လူငယ်တယောက်နှင့် ကြေကွဲခြင်းမှ လွဲ၍ ဘာဆိုဘာမှမကျန်တော့ပေ။

ထို့နောက် မျှော်လင့်တကြီးဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်နှစ်ဖက်ကို ဖြေကြည့်သည်။

ဘာဆိုဘာမှ...မကျန်တော့ပေ။

.....................................................................................................................။

စူးရှပူပြင်းသော နေရောင်ခြည်သည် ဒီနေ့အတွက် ရက်စက်လှသည်။ နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာတော့ရော ဘယ်သူကအပြစ်တင်မှာမလို့လဲ။ မျက်လုံးပွင့်ပွင့်ချင်း ဝုန်းခနဲထထိုင်ခါ ကုတင်ဘေးကို ကြည့်မိသည်။ အရာရာသည် အရင်အတိုင်းဖြစ်သည်။

“ယနေ့သည် မနေ့ကအတိုင်းဖြစ်၍ မနက်ဖြန်သည်လည်း ယနေ့အတိုင်းပင် ဖြစ်နေဦးမည်။”

အိမ်မက်တပုဒ်ကို ပြီးဆုံးအောင် မက်ခွင့်မရှိသောဘဝသည် ကံဆိုးမိုးမှောင်ကျသော ဘဝသာ ဖြစ်လိမ့်မည်။
ရာသီ အချိန်နှင့် ပတ်ဝန်းကျင်တို့သည် လူငယ်တယောက်ရဲ့ ပျိုမြစ်လန်းဆန်းမှုကို တစတစနဲ့ ဝါးမြိုသွားခဲ့
သည်။ ကံကြမ္မာသည်ရက်စက်လှသည်။ ကျွန်တော်သည် အနည်းငယ်မျှလောက်ပင် ပြန်မရခဲ့။အိမ်မက် တပုဒ်ကိုတောင်ပြီးဆုံးအောင်ပြန်မရခဲ့ပေ။ ဘာကိုမှ အပြစ်မတင်လိုတော့ပြီ....။ အိမ်မက်ကလေးရယ် နှမျော လိုက်တာ..။ ၀မ်းနည်စွာ တွေးမိသည်။ ကျွန်တော့်ရင်ခွင်ကတော့ မောဟိုက်နေသည်။ နွမ်းလျနေသော နှလုံးသား မှ ရေရွတ်သံ တခုသည် နှုတ်ဖျားမှ တိုးညင်းစွာ ထွက်ကျသွားသည်....။

“ လွမ်းလိုက်တာ ချစ်သူရယ်”



.............................................................................................................................................

၂၀၀၃ ခု ၁၁ လပိုင်း ကရေးထားဖူးတဲ့ ၀တ္ထုလေးပါ.....။ ကိုယ့်ဘာသာ ပြန်ဖတ်ပြီး ခံစားချက်လေး တခုရမိလို့ ပြန်ကူးပြီးတင်လိုက်တာပါ။





ကျွန်တော်....စာရေးဆရာ

Posted by မြစ်ကျိုးအင်း | Posted in | Posted on 2:00 AM

62

ကဲ..စိတ်ကူးနဲနဲယဉ်ကြည့်ရအောင်...။ ကမ္ဘာမှာဖျော်ဖြေမှုတွေ အားလုံးပျောက်ဆုံးသွားတော့မယ် ဆိုပါတော့ ကိုယ်အနှစ်သက်ဆုံးတခုကိုသာချန်ထားခွင့် ရမယ်ဆိုရင် ဘာကိုရွေးချယ်ကြမလဲ....။ တချို့က သီချင်းတွေကို ယူထားလိုက်ကြမယ်.....။တချို့က ရုပ်မြင်သံကြားကို ရွေးချယ်ကြမယ်.....။ တော်တော်များများက အားလုံး ရနိင်တဲ့ အင်တာနက်ကို ဖက်တွယ်ထားကြမယ်လို့ထင်တယ်..။ ရိုးရိုးသားသားနဲ့ ကိုယ်ကြိုက်တာ တမျိုးထဲကိုပဲ ရွေးချယ်ရမယ်ဆိုရင် ကျွန်တော်ကတော့ နှစ်ခါမစဉ်းစားဘူး စာပေကိုပဲရွေးမိမှာပဲ...။ ဘာကြောင့်ဆိုတော့ ကျွန်တော် ငယ်ငယ်ထဲက စာအုပ်တွေ ဖတ်ရင်း စာပေနဲ့ပဲကြီးလာတာ မို့လို့ပါပဲ....။

ငယ်ငယ်လေးထဲက စာဖတ်ဖြစ်တဲ့ ကျွန်တော်ဟာ (၄)တန်း ကျောင်းသားအရွယ် ရောက်တော့ ဝတ္ထုတွေ ဖတ်တဲ့ အဆင့်ကို ရောက်နေခဲ့ပြီ။စာအုပ်ဆိုင် တော်တော်များများမှာ စုံအောင် ငှားဖတ် ဖူးခဲ့တယ်။ စာအုပ်ငှားပါများလာတော့ ကျွန်တော်တို့ လမ်းထိပ်က စာအုပ်ဆိုင်ရှင်နဲ့ ရင်းနှီးလာရင်း နောက်တော့ အဲဒီဆိုင်မှာဘဲ အမြဲလိုလို ရှိနေတတ်တော့တယ်။ ဆိုင်ရှင်နဲ့ ရင်းနှီးတော့ ဆိုင်ကိုဝိုင်းကူပေးရင်း စာအုပ်တွေ ဖတ်ရတယ်....။ ဆိုင်ရှင်ကလည်း ကျွန်တ်ာကို စာအုပ်အပ်တာ ငှားတာ ဘယ်လိုမှတ်ရလဲ သင်ပေးသလို အချိန်နဲနဲကြာလာတော့ စာအုပ်ချုပ်နည်းပါ သင်ပေးတယ်..။ကျွန်တော်စာအုပ်အဖုံး ချုပ်တတ်သွားတော့ သူ့စာအုပ်တွေကို ရန်ကုန်မှာ မချုပ်တော့ဘဲ ကျွန်တော်ကို ချုပ်ခိုင်းတော့တယ်....။

တအုပ်ကို ဘယ်လောက်နှုန်းနဲ့လည်းတော့ မမှတ်မိဘူး ကျွန်တော့်ကို စာအုပ်ချုပ်ခ ဆိုပြီးပေးတယ် ။
သူ့အနေနဲ့ ရန်ကုန်မှာ ချုပ်တာထက် အများကြီးသက်သာသလို ကျွန်တော်အတွက်လည်း တော်တော်အဆင်ပြေပါတယ်။ စာအုပ်လည်း အလကားဖတ်ရ မုန့်ဘိုးလည်းရ ဆိုတော့ မနက်လင်းတာနဲ့အဲဒီဆိုင် ရောက်နေတော့တာပဲ.....။ ဆိုင်ရှင်ကလည်း ကျွန်တော့်ကို ဆိုင်အပ်ပြီး သူလည်း လွတ်လွတ်လပ်လပ် နေနေရတော့ သူလည်း အဆင်ပြေသလို ကျွန်တော်ကလည်း စာအုပ်တွေ အလကား ဖတ်ရတော့ နှစ်ယောက်သား အဆင်ပြေ နေကြတော့တယ်။ အလကားဖတ်ရပေမယ့် ကာတွန်းတော့ မဖတ်ဘူး...။ဖတ်ရတာ ခဏလေးနဲ့ပြီးလို့ စိတ်ထဲမှာ မတင်းတိမ်ဘူး။

အဲဒီတော့ တနေ့တနေ့ ၀တ္ထုတွေပဲ ဖတ်ဖြစ်တော့တယ်။အဲဒီအချိန်မှာ စာဖတ်ရင်းနဲ့ ငြိသွားတဲ့ ၀တ္ထု
အမျိုးအစားက သိုင်းဝတ္ထုဖြစ်သွားတော့တယ်။ သိုင်းဝတ္ထုတွေ စွဲစွဲမြဲမြဲဖတ်တဲ့ သူတွေအတိုင်းပဲ စာအုပ်မျက်နာဖုံး ကြည့်လိုက်လို့ စဆုံးလုံးချင်း ဆိုရင်မဖတ်ဘူး....။အုပ်တွဲများလေ ဇာတ်အိမ်ကျယ်လေ ကြိုက်လေပဲပေါ့....။ သိုင်းဝတ္ထုတွေကလည်း တချို့ဆို ဇာတ်လမ်းရှည်လွန်းလို့ ၁၀ အုပ်တွဲ ကျော်တဲ့ အထိကို ရှိတာပါပဲ။ အဲဒီခေတ်က သိုင်းဝတ္ထုတွေ အငှားများတဲ့ ခေတ်ဆိုတော့ ဆိုင်ရှင်ကလည်း အုပ်တွဲတွေ များလည်း ၀ယ်ပြီး တင်တာပဲ။ ကျွန်တော်က သိုင်းဝတ္ထု ဇာတ်လမ်းအသစ် စဖတ်တော့မယ်ဆို ဘယ်နှစ်အုပ်တွဲလည်း အရင်ကြည့်လေ့ရှိတယ်။ အနည်းဆုံး ၄ အုပ်တွဲ နဲ့အထက်လောက်မှ ဖတ်လေ့ရှိတယ်။ဒါကလည်း သိုင်းစာအုပ်တွေ ဖတ်လေ့ရှိတဲ့ သူတွေပဲ သိနိင်တဲ့ ခံစားချက်တမျိုးပါပဲ။

တနေ့လုံး ဖတ်ပြီးတာတောင် ည အိမ်ပြန်ရင် အိပ်ခါနီးဖတ်ဘို့ တအုပ်လောက်အိမ်ယူပြီး ဖတ်တဲ့အထိ လောဘ ကြီးခဲ့တယ်။တနေ့နေ့ ၀တ္ထုတွေဖတ်တာများတော့ လမ်းလျှောက်ရင်းတောင် မိုက်ခနဲဖြစ်ရတဲ့အထိ ခေါင်းတွေလည်း မူးနေတတ်တာပါပဲ။သိုင်းဝတ္ထုတွေဖတ်လို့စာဖတ်သက် တစ်နှစ်လောက် ရလာတော့ ကိုယ်တိုင် သိုင်းဝတ္ထု ရေးချင်စိတ် ဖြစ်လာတယ်...။ အဲဒီအရွယ်တုန်းက ၀တ္ထုတအုပ်ကို တနာရီခွဲလောက် အချိန်ယူပြီး ဖတ်ရတယ်။နွေရာသီကျောင်းပိတ်ရက်တွေဆို အဲဒီဆိုင်မှာပဲ တနေ့လုံးနေပြီး တအုပ်ပြီးတအုပ် ထိုင်ဖတ်နေတော့တာပဲ။ဖတ်ရင်းနဲ့ သိုင်းဝတ္ထုတွေရဲ့သဘောတရားကို သိလာတော့တယ်..။အဲဒီတော့ ငါလည်းရေးရင် ဖြစ်မှာပဲဆိုတဲ့ စိတ်ဝင်လာမိတယ်....။ စဉ်းစားလေ ရေးချင်လေနဲ့ နောက်ဆုံး ရေးမယ်ကွာလို့ဆုံဖြတ်လိုက်တယ်...။

အဲဒီအချိန်မှာ ကျွန်တော့်အသက်က (၁၁)နှစ်သားလောက်ရှိနေပြီ။ တကယ့်စာရေးဆရာကြီးတွေ ဘယ်လို ရေးလည်းတော့ မသိဘူး...။ကျွန်တော်က ပထမဆုံး အနေနဲ့ သိုင်းဝတ္ထုမှာ မပါမဖြစ်တဲ့ အရာတွေကို အရင် ပုံစံတွေ ချလိုက်တယ်။ လူနာမည် ၊ မြို့နာမည်၊ တောင် နာမည်၊သိုင်းကွက်နာမည်၊ ဂိုဏ်းနာမည်၊ စသည် ဖြင့် ခေါင်းစဉ်တွေ တပ်လိုက်တယ်။ ပြီးတော့မှ သူ့သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာ အချက်အလက်တွေကို ဖြည့်တယ်။သိုင်းကွက်နာမည်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ သီလရှင်ထီးဆောင်း၊ကြောင်လက်သဲဝှက်၊သိန်းငှက်တောင်ပံဖြန့်၊နဂါးမျက်စောင်းသိုင်းကွက် .....၊စသည်ဖြင့် နာမည်တွေ ချရေးတယ်။

ဖတ်ဖူးတဲ့စာအုပ်တွေထဲက ဟိုတအုပ်က သိုင်းကွက်နာမည်နဲ့ ဒီတအုပ်က သိုင်းကွက်နာမည် နဲ့ကို ပေါင်း လိုက်တော့ နာမည်အသစ်တွေ ထပ်ရလာတယ်...။အဲဒီလိုပဲ လူနာမည်ဆိုရင်လည်း ဟိုပေါင်းဒီစပ်နဲ့ နာမည်တွေ ရလာတယ်။ ဂိုဏ်းနာမည်တွေကိုတော့ စိတ်ထင်တိုင်း သိပ်ရေးလို့မရတော့ဘူး ။အစဉ်အဆက် ရှိနေခဲ့တဲ့ ရှောင်လင် တို့ ၀ူတန် တို့ သူဖုန်းစား ဂိုဏ်း တို့ ကို မပါမဖြစ် ထည့်ရေးရပြီး နောက်ထပ် ဂိုဏ်းတချို့တလေကို တော့ စိတ်ကူးနဲ့ ဖြည့်ထားခဲ့တယ်။ ကျွန်တော် ရည်ရွယ်တာက သိုင်းဝတ္ထုတွေ အများကြီးရေးမယ် ။ အဲဒီလိုရေးတဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေ ရဘို့ သူ့ခေါင်းစဉ်နဲ့သူ စုဆောင်းထားတာမျိုးပေါ့။ အဲဒီ စုဆောင်းထားတဲ့ အထဲကမှ တအုပ်ချင်းစီအတွက် သိုင်းကွက်နာမည်တွေ ဂိုဏ်းနာမည်တွေ ယူသုံးမယ် လို့ရည်ရွယ်ထားတာလေ။

သိုင်းဝတ္ထုတွေရဲ့ အဓိကအရေးအကြီးဆုံး အချက်က “ရန်သူ” ပါပဲ။ ရန်သူမရှိဘဲနဲ့ သိုင်းဝတ္ထု ဖြစ်လို့မရဘူး။
အဲဒီတော့ စာရေးမယ့်သူက ရန်သူ ကို ဖန်တီးရတော့မယ်။ သူဖန်တီးတဲ့ ရန်သူကို လည်း စာဖတ်တဲ့ သူတွေစိတ်ထဲမှာ မသိမသာ အထင်ကြီးနေအောင် ဖန်တီးထားဘို့ လိုတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်က ဇာတ်လမ်းရဲ့ အဖွင့်ပါပဲ။ ပထမဆုံး ဖတ်တဲ့ စာမျက်နာ နှစ်မျက်နာလောက်မှာ ဆွဲဆောင်နိင်ခဲ့ရင် တအုပ်လုံး စိတ်ဝင်တစားဖတ်ဘို့ ရာခိုင်းနှုန်းများသွားပြီ။ နောက်ထပ် မပါမဖြစ်တဲ့ အချက်တွေ ရှိသလို ဇာတ်လမ်း ကို ဖတ်တဲ့သူ မမှန်းနိင်အောင် ယုတ္တိရှိရှိ ချိုးကွေ့ နိင်ခဲ့ရင် အဲဒီစာအုပ် ဖတ်ကောင်းတာပါပဲ။ ဒါတွေက ကိုယ်ကိုတိုင် သိုင်းဝတ္ထုတွေ ဖတ်ရင်းနဲ့ သတိထားမိလာတဲ့ အချက်တွေပါပဲ။ အဲဒီလိုနဲ့ နာမည်တွေစုဆောင်းပြီးတဲ့အခါ ကျွန်တော် သိုင်းဝတ္ထုစရေးတော့တယ်။အဲဒီ စာအုပ်လေးသိမ်းထားသေးလို့ ခုထိမှတ်မိနေသေးတယ်....။ဇာတ်လမ်းအစကိုဒီလိုဖွင့်လိုက်တယ်....။

တောအုပ်ကြီးတခုလုံး ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေသည်....။
ကြားနေကြ ကျေးငှက်သံတွေလည်း မကြားရ အရင်ကရှိနေတဲ့ မျောက်သတ္တ၀ါတို့ရဲ့ဆော့ကစားသံလည်း မကြားရပဲ အေးစက်စက်တိတ်ဆိတ်နေသည်....။

သဘာဝအတိုင်း မဟုတ်ဘဲ ယခုကဲ့သို့ တိတ်ဆိတ်နေခြင်းသည် မုန်တိုင်းမကျမှီ တဒင်္ဂ တိတ်ဆိတ်သွားပုံ နှင့်တူနေသည်။ ပါတ်ဝန်းကျင်တခုလုံးသည် တဖြည်းဖြည်းနှင့် အန္တရာယ် အငွေ့အသက် တွေဖုံးလွှမ်းနေတော့သည်...။ မကြာခင် ဤနေရာတွင် ထူးထူးခြားခြား တခုခုများ ဖြစ်လာမလား......။

ထိုအချိန်တွင် တောအုပ်ရဲ့အစပ် မြောက်ဘက်ပိုင်းမှ ကျေးငှက်တအုပ် ဝေါခနဲအလန့်တကြား ထပျံလာကြကုန်သည်...။ မကြာခင်ထိုဘက်မှ လူသုံးယောက် ခြေသံပြင်းပြင်းဖြင့် လျှောက်လာကြသည်..။
ထိုသူတို့ရဲ့ပုံစံသည် တိရိစ္ဆာန်မဆိုထားနှင့် လူအချင်းချင်းကိုတောင် ထိတ်လန့်တုန်လှုပ် သွားစေနိင်သည်.။

ထွားထွားကျိုင်းကျိုင်းဖြင့် အရပ်၆ပေကျော်ရှိပြီး မျက်နာထားတင်းရသည့်အထဲ ပါးပြင်ပေါ်တွင်ကန့်လန့်ဖြတ်
ဓါးခုတ်ရာရှိနေသည်။လက်ထဲတွင် ကြီးမားသော တင်းပုတ်လက်နက်ကို ကိုင်ဆောင်ထားသည်။ ထိုသူသည် ခေါင်းဆောင်ဖြစ်ဟန်တူသည်။

နောက်တယောက်က အသွားနှစ်ဖက်ရှိတဲ့ ပုဆိန်ကိုကိုင်ဆောင်ထားသည်။ မျက်လုံးတဖက်ကို သားရေဖတ်တခုဖြင့် ဖုံးအုပ်ထားသည်။တဖက်ထဲ ရှိသော မျက်လုံးရဲ့ အကြည့်သည် တောက်ပ စူးရှနေသည်။ထိုသူသည် ဤသုံးယောက်ထဲတွင် အလတ်လူ ဖြစ်ဟန်တူသည်။

နောက်တယောက်ကတော့ အရပ်ပုပု အကောင်သေးသေး ဖြစ်သော်လည်း သူ့အရပ်ထက် ပိုမြင့်သော လှံအရှည်တခုကို ကိုင်ဆောင်ထားသည်။ထိုသူသည် အသက်အရွယ်အားဖြင့် ထိုသုံးယောက်ထဲတွင် အငယ်ဆုံးဖြစ်သည်။ ထိုသူတို့မှာမှာသိုင်းလောကတွင်နာမည်ဆိုးဖြင့် ကျော်ကြားနေသော ယက္ခသုံးဖော်ဖြစ်သည်။

တောအုပ်ရဲ့အလယ်သို့ ရောက်သောအခါ အားလုံးခြေလှမ်းတွေ ရပ်လိုက်ကြသည်။
ယက္ခကြီးက "ဟေ့ ဘယ်မှာလဲကွ မင်းတို့ကောင် ခုထိမလာသေးပါလား" ဟုမေးလိုက်သည်။

လှံကိုင်ထားသောယက္ခလေးက
"အကိုကြီးတို့မို့လို့ ဒီလိုကောင် ချိန်းတာကိုယုံတယ် ကျွန်တော်သဘောသာဆိုမလာဘူး"ဟုပြောသည်။

ထိုအခါမျက်လုံးတဖက်လပ်နေသောယက္ခလတ်မှ
"ငါတို့မလာဘူးဆိုရင် ယက္ခညီနောင်ကကြောက်တတ်တယ်လို့ သိုင်းလောကမှာနာမည်တွင်သွားမှာပေါ့ကွ"

ယက္ခလေးမှ "လူမိုက်နဲ့အရူးပဲလာမှာပါကွာ ဟား ဟား ဟား"ဟုပြောလိုက်သဖြင့် အားလုံးသဘောကြကာ ရယ်မော နေကြသည်။ ထိုအချိန်တွင် "ငါကဘာကြောင့်မလာနိင်ရမှာလဲ ဒီမှာမင်းတို့ သေမင်းကရောက်နေပြီကွ"ဟု အသံကြားလိုက်ရကာ အဖြူရောင်ဝတ်စုံဖြင့် အသက် ၂၀ ခန့် လူရွယ်တယောက် အပင်ပေါ်မှခုန်ဆင်းလာသည်။ ယက္ခသုံးဖော်မှလည်း ကိုင်ဆောင် လာသောလက်နက်တွေကို အဆင်သင့်ပြင်လိုက်ကြသည်။

ယက္ခကြီးမှ"မင်းကဘယ်သူလဲ မလောက်လေးမလောက်စားနဲ့ ဘာအတွက်ငါတို့ကို ချိန်းရတာလဲ လူ့ပြည်မှာ
မနေချင် တော့ဘူးပေါ့ဟုတ်လား"ဟုမေးလိုက်သည်။

လူရွယ်မှ "မင်းတို့က မကြာခင် ငါ့လက်ချက်နဲ့ သေတော့မှာဆိုတော့ ပြောပြရမှာပေါ့ငါ့နာမည်က စွေ့ကြောင်
သိုင်းလောကမှာ မိုးဖြူဓါးသမားဆိုတာငါပဲ " ဟုပြောသည်။

ယက္ခလတ်မှ "မိုးဖြူတွေ မိုးမဲတွေမသိဘူး သေချာတာတော့ မကြာခင်မင်းမိုးမှောင်ကြတော့မှာပဲ" ဟုပြန်ပြောလိုက်သည်။

“လေလုံးမကြီးစမ်းပါနဲ့ကွာ မင်းတို့ညီအကိုသုံးယောက်က မကြာခင် သေလူဖြစ်တော့မှာဆိုတော့ နောက်ဆုံးအနေနဲ့ ဘာတောင်းဆိုချင်သလဲ ပြောကြကွာ ငါဖြည့်ဆည်းပေးမယ်”ဟု မိုးဖြူဓါးသမာ က ပြောလိုက်သည်။

ထိုအခါယက္ခကြီးမှ “အေးလေ ဘယ်သူသေမလဲ စောင့်ကြည့်ရသေးတာပေါ့၊ မင်းဘာကြောင့် ငါတို့နဲ့ တိုက်ခိုက်ဘို့ ချိန်းတာလည်းကိုတော့ မသေခင် ပြောခဲ့ပါအုံးကွ တော်ကြာ မင်းသေသာသေသွားတယ် ငါတို့က ဘာကြောင့် သတ်လိုက်ရမှန်း မသိဘူးဖြစ်မှာ စိုးလို့ပါ ဟား ဟား” ဟုပြောကာ လှောင်ရယ် ရယ်နေတော့သည်။

“စိတ်ချစမ်းပါ ဒီအကြောင်းကို မင်းတို့ကို ပြောကိုပြောပြရမှာပါ ၊ မင်းတို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကမိုးညတညမှာ
အိမ်မက်တောင်ကြား ကိုလာပြီး မိသားတစုကို ရက်ရက်စက်စက် သတ်သွားကြတာ မှတ်မိကြသေးရဲ့လား
ငါက အိမ်မက်တောင်ကြား အရှင်သခင်ရဲ့ သား ပဲ ။ငါ့ကို အထိန်းတော်က လျှို့ဝှက်လမ်းကြားကနေ ကယ်ထုတ်သွားခဲ့လို့ အခုလို မင်းတို့ရဲ့ သေမင်း ဖြစ်လာတာပေါ့” ဟု မိုးဖြူဓါးသမားမှ ရှင်းပြလိုက်သည်။

ယက္ခကြီးမှ မျက်နာတချက်ပျက်သွားပြီး “ ဒါဆိုမင်းက နောက်ဆုံး ကျူပင်လေးပေါ့ အေးလေ ကျူပင်ခုတ် ကျူငုတ် မကျန်အောင် အဆုံးသတ်ပေးရမှာပေါ့” ပြောကာ ညီနောင်များကို မျက်စပစ်ကာ အချက်ပြလိုက်သည်။

မိုးဖြူဓါးသမားက “မင်းတို့ကို အရင်သွေးကြွေးဆပ်ပြီးရင် ငါ့ရဲ့ အဓိကရန်သူဖြစ်တဲ့ မင်းတို့ ဆရာကြီး ရဲ့အလှည့်ပေါ့ကွာ” ဟု ပြောရင်း ဓါးအိမ်ထဲမှ ဓါးကိုဆွဲထုတ်လိုက်တော့သည်။



ဖျက်လိုက်ပြင်လိုက်နဲ့ ကျွန်တော်ရဲ့ဝတ္ထုလေး ထိုနေရာလောက်အထိ ရေးပြီးတဲ့အခါ ကိုယ့်ဘာသာ အထပ်ထပ် ဖတ်ပြီး ပီတိတွေ ဖြစ်နေတော့တယ်။ကလေးဆိုတော့ ကြွားချင်စိတ်လေးနဲ့ ကျွန်တော်ရေးထားတာလေးကို မေမေ့ကို ပြလိုက်မိတယ်။ မေမေက ဖတ်ပြီးတော့ ရယ်တဲ့အပြင် တအိမ်လုံးကိုလိုက်ပြတော့ အားလုံးကလည်းရယ်ကြတာပဲ။ သူတို့ရယ်တော့ ကျွန်တော်လည်းရှက်သွားရတော့တယ်။အိမ်ကိုအမြဲလာတဲ့ ကျွန်တော့်အမသူငယ်ချင်းကို ပြလိုက်မှပဲ ကျွန်တော့်မှာ ငါးပါးမှောက်တော့တယ်။သူကပြောစရာရှိရင် တုတ်ထိုးအိုးပေါက်ပြောတတ်သူဖြစ်တယ်။ ဟိုကစွေ့ကြောင်ဆိုရင် နင်ကစွေ့ကြောင်ပြူးဆိုပြီး ခဏခဏနောက်တော့တာပါပဲ။

အဲဒီတုန်းက ကျွန်တော့်မှာ တော်တော်လေး စိတ်ဆိုးသွားရတယ်။ ကိုယ့်မှာတော့ မျှော်လင့်တကြီးနဲ့ ရေးထားခဲ့ရတာလေ။ ကျွန်တော်ရဲ့အနုပညာပန်းကလေးကို ရေနွေးပူပူနဲ့ လောင်းချခံလိုက်ရသလိုပါပဲ။
တအိမ် လုံးကလည်း စွေ့ကြောင်ပြူးဆိုပြီး နောက်တော့စိတ်ဆိုးလိုက်တာများ မျက်ရည်တောင်ကျတယ်...။
ကျွန်တော်စိတ်ဆိုးမှန်းသိတော့ မေမေကချော့တယ် ငါ့သားက အခုငယ်ပါသေးတယ် အသက် ကြီးလာမှ
ရေးပေါ့ ဆိုပြီးနှစ်သိမ့်တယ်။အဲဒါနဲ့စိတ်ဓါတ်ကျပြီးဆက်မရေးဖြစ်တော့ပါဘူး။ နောက်ပိုင်းတော့ စာတွေရွေးဖတ်တတ်လာတယ်။ ၁၃ နှစ်သားလောက်ကစပြီး သိုင်းဝတ္ထုတွေ မဖတ်ဖြစ်တော့တာ အခုထိပါပဲ။ ပါတ်ဝန်းကျင်သာ ကောင်းခဲ့ရင်မြန်မာပြည်ရဲ့အသက်အငယ်ဆုံး စာရေးဆရာဆိုပြီးများ ဖြစ်လာမလားမသိဘူး...။ သိုင်းကွက်တွေစဉ်းစားတော့ကြားဖူးနားဝရှိတဲ့တကွက်ထည့်ရေးမိသေးတယ်။ စကားကြီး(၁၀)ခွန်းထဲကပဲ ဆင်ဝှေ့ရန်ရှောင် တဲ့
..............................................................................................................................။

ဂြိုလ်မွှေတဲ့ တီဗီ

Posted by မြစ်ကျိုးအင်း | Posted in | Posted on 11:11 AM

64

အခုခေတ်ကြီးရဲ့ တိုးတတ်ပုံက မြန်ဆန်လွန်းတော့ ကျုပ်ငယ်ငယ်က အကြောင်းလေးတခု ပြန်သတိရပြီး ခပ် လျော့လျော့ပြုံးမိတယ်။ဇိမ်ခံပစ္စည်းတွေ လက်တကမ်းမှာ အလွယ်တကူဝယ်လို့ရနေတဲ့ ခေတ်မှာကျုပ်ရဲ့ ငယ်ဘ၀က အဖြစ်အပျက်လေး ပြန်ပြောပြရင် ပုံပြင်လို့များ ထင်ကြမလားမသိဘူး။ ကျုပ်တို့ငယ်စဉ်ကစက် ပစ္စည်းတွေ အင်မတန်ရှားတယ်။ငွေရှိလို့ ၀ယ်မယ်ဆိုရင်တောင် အလွယ်တကူ ၀ယ်လို့မရခဲ့ဘူး။ ငွေရှိရဲ့နဲ့ ဘာလို့ အလွယ်တကူ ၀ယ်လို့မရမှာလည်းလို့ မေးခွန်းထုတ်ချင်ကြမှာပဲ။ အဲဒီလို ၀ယ်ရတာ မလွယ်ဘူးလို့ ပြောနိင်တာက ကျုပ်တို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်ကြောင့်ပါပဲ။

ကျုပ် ၄ တန်းကျောင်းသား အရွယ်မှာ အဖိုးကို တီဗီလိုချင်တယ်လို့ ပူဆာမိတယ်။အဲဒီ အချိန်ကျုပ်တို့ ရွာမှာ တီဗီ ရှိတဲ့ အိမ်ရယ်လို့မရှိသေးဘူး။ငွေကြေးပြည့်စုံပြီး ကျုပ်ကိုချစ်တဲ့ အဘိုးက တီဗီ ၀ယ်ဘို့ ငွေထုတ်ပေးတယ်။မနက်မိုးလင်းရင် မော်လမြိုင်ဘက် သွားပြီး တီဗီ ၀ယ်ရမယ့် အရေးကိုတွေးပြီး ကျုပ်ရင်တွေ တဒိတ်ဒိတ် ခုန်နေသလို ကောင်းကောင်းလည်း အိပ်မပျော်ပါဘူး။ မှေးခနဲဖြစ်လိုက် တီဗီနဲ့ ပါတ်သတ်တဲ့ အိမ်မက်တွေ ဖျတ်ခနဲမက်လိုက်နဲ့ လုံးလည်ချာလည် လိုက်ရင်း မိုးလင်းသွားရောဆိုပါတော့။ မနက်မိုးလင်းတော့ ကျုပ်လည်းရေချိုးမနက်စာ စားပြီး မော်လမြိုင်ဘက် သွားဘို့ အဆင်သင့်ဖြစ်နေပြီ။ တီဗီ
သွားဝယ်မှာက အဖေရယ် အမေရယ် ကျုပ်ရယ်ပေါ့။ဒါနဲ့ ခပ်စောစောပဲ ထွက်လာခဲ့တော့တယ်။ ကျုပ်တို့နေတာက ပေါင်မြို့ မှာဆိုတော့ မုတ္တမအထိ ကားစီးပြီးသွားရတယ်။ မုတ္တမရောက်တော့ မော်လမြိုင်ဘက်ကူးဘို့ နှစ်ထပ် သင်္ဘောစီးရတယ်။သင်္ဘောစီးချိန်က မှတ်မိသလောက်ဆို ၄၅ မိနစ်လောက် ကြာတယ်ထင်တာပါပဲ။

ဒါနဲ့ မော်လမြိုင်ရဲ့မိုင်ဒါဈေးကို ရောက်သွားတယ်။အဲဒီအချိန်က မှောင်ခိုပစ္စည်းတွေ ခေတ်စားတဲ့အချိန်ပေါ့။
မှောင်ခိုပစ္စည်းတွေ ခေတ်စားသလို အကောက်ခွန် တွေရဲ့ အဖမ်းအဆီး ကလည်း ရှိနေတယ်။ ကျုပ်တို့လည်း ဟိုကြည့်ဒီကြည့် ကြည့်ပြီး နေရှင်နယ်တံဆိပ် ၁၄ လက်မတီဗီလေးကို ဈေးညှိနှိုင်းပြီး ၀ယ်ဖြစ်ကြတယ်။ အဲဒီ အချိန်က အခုခေတ်လို တီဗီဝယ်ပြီး ကြွားကြွားဝါ၀ါ သယ်လို့ရတဲ့ ခေတ်မဟုတ်ဘူး။ကျုပ်တို့ ၀ယ် တဲ့တီဗီကလည်း မှောင်ခိုပစ္စည်း ဆိုတော့အချိန်မရွေး အဖမ်းအဆီး ခံရနိင်တယ်လေ။ ဒါနဲ့ တီဗီလေးကို စက္ကူပုံး ထဲကထုတ်ပြီး အဆင်သင့်ယူလာတဲ့ ပုဆိုးလေးနဲ့ ပါတ်ပြီး အဖေက ထမ်းပြီးသယ်သွားရတယ်။

မှောင်ခိုအရောင်း အ၀ယ်လုပ်တဲ့သူတွေ ရှိသလို အကောက်ခွန်ကလည်း အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာဆိုတော့ ပေါ်ပေါ်ထင်ထင် မသယ်သွားရဲဘူး။ဒါနဲ့ ကျုပ်တို့လည်း လာခဲ့စဉ်ကအတိုင်း မုတ္တမဘက်ကို သင်္ဘေားစီးပြီး ပြန်လာ ခဲ့ကြတယ်။မြစ်လယ်လောက်ရောက်တော့ အကောက်ခွန်တွေက မော်တော်ဘုတ် ၁၀ စီးလောက်နဲ့ သင်္ဘောကို လာဝိုင်းကြတယ်။ ဒီလို သင်္ဘောကို လာဝိုင်းတာမျိုးက အခေါက်တိုင်း မဟုတ်ပေမယ့် မကြာမကြာတော့ ဖြစ်လေ့ဖြစ်ထရှိတယ်။ ကံဆိုးချင်တော့ ကျုပ်တို့ပစ္စည်း ယ်တဲ့အခေါက်နဲ့ အဖမ်းအဆီး လုပ်တဲ့ အချိန်နဲ့ တိုးတော့တာပဲ။ သဘောင်္မြစ်လယ်လောက် ရောက်ပြီဆို သူတို့တွေက ပုန်းနေရာကနေ မော်တော်ဘုတ်တွေနဲ့ တရကြမ်း ထွက်လိုက်လာကြပြီး သဘောင်္ကို ၀ိုင်း လေ့ရှိကြတယ်။

ဟိုးအဝေးကလာနေတဲ့ အကောက်ခွန်မော်တော်ဘုတ်တွေကိုကြည့်ပြီး ကျုပ်တို့မိသားစု မျက်ကလဲဆန်ပြာ ဖြစ်နေရပြီ။ ၀ယ်လာတဲ့တီဗီလေးကို ဘယ်နားဖွက်လို့ဖွက်ရမှန်း မသိတော့ဘူး သဘောင်္တစီးလုံးလည်း လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ကြပြီလေ။ကျုပ်အမေခင်မျာလည်း မျက်နာမကောင်းဘူး ကျုပ်လည်းအတူတူပါပဲလေ ။ညရောက်ရင် တီဗီကြည့်ရတော့မယ်ဆိုပြီးအတွေးနဲ့ ပျော်နေသမျှ ခုတော့ စိတ်ဓါတ်တွေလည်း ကျကုန်တော့တာပေါ့။ ကျုပ်အဖေကတော့ ပြောပါတယ် မိတော့လည်း ပေးလိုက် တာပေါ့ကွာတဲ့ အခုလောလောဆယ်တော့ တီဗီကို ဖင်ခုထိုင်နေကြတဲ့လေ။ပုဆိုးနဲ့ပါတ်ထားလို့ မျက်စေ့လျှမ်းသွားတော့လည်း ငါတို့ကံပေါ့တဲ့။ကျုပ်နဲ့အမေလည်း ကြံရာမရတော့ တီဗီလေးပေါ် ဖွဖွလေး တက်ထိုင်ပြီး မျက်နာငယ်နေရတော့တယ်။

အဲဒီအချိန်မှာပဲ ကယ်တင်ရှင်တွေရောက်လာတော့တယ်ဆိုရမှာပဲ။အကောက်ခွန်သဘောင်္တွေနဲ့ ဆန့်ကျင်ဘက်ကနေ မော်တော်ဘုတ်တွေ ထွက်လာကြတယ်။သူတို့မော်တော်ဘုတ်တွေက အင်မတန် မြန်တာဗျ..။ ခဏလေးနဲ့ သဘောင်္ဘေးကို ကပ်လာကြပြီး တန်ဖိုးကြီးကြီး ပစ္စည်းပါတဲ့သူတွေ လွတ်ရာ လွတ်ကြောင်း ပို့ပေးမယ် ဆိုပြီး ပြောတယ်။ဒါနဲ့ ကျုပ်တို့မိသားစုလည်း မော်တော်ဘုတ်တစီးပေါ် ချက်ချင်းတက်လိုက်ကြတော့တယ်။

ကျုပ်တို့လည်း တင်ပြီးရော အဲဒီမော်တော်ဘုတ်လည်း ချက်ချင်းကို ထွက်တော့တာပဲ။အဲဒီအချိန်မှာ အကောက်ခွန် မော်တော်ဘုတ်တွေက သဘောင်္နားကို ရောက်နေကြပြီလေ။ကျုပ်တို့လို ထွက်ပြေးရတဲ့ မော်တော်တွေအနောက်ကိုလည်း အကောက်ခွန် မော်တော်တွေ လိုက်လာကြသေးတယ်။လက်ထဲက အော်လံတွေနဲ့ ရှေ့ကမော်တော်တွေ ရပ်လို့ အော်တယ်။ဘယ်သူမှ မရပ်ပါဘူး မောင်းပြေးတာများ တန်းနေတာပဲ လှည့်တောင်မကြည့်ဘူး။ အကောက်ခွန်တွေကလည်း ရသလောက်တော့ လိုက်ကြသေးတာပဲ။ဒါပေမယ့် ဘယ်မှီမလဲဗျာ။ ကတုံးပေါ်ထိပ်ကွက်ဘို့ ရည်ရွယ်ပြီး ဆောက်ထားတဲ့ မော်တော်တွေဆိုတော့ အင်ဂျင်ပါဝါတွေက ကောင်းမှကောင်းပဲ။တဖြည်းဖြည်းနဲ့ အကောက်ခွန်မော်တော်ဘုတ်တွေ ကျန်ခဲ့တော့တယ်။ ကျုပ်တို့လည်း အဲဒီတော့မှ အသက်၀၀ ရှုရတော့တယ်။ မိလိုက်ရင် ထွက်ပြေးတဲ့ အမှုပါ ထပ်တိုးပြီး ထောင်ပါကျမလားတွေးပူနေရတာလေ။

အဲဒါနဲ့ကျုပ်တို့ကို သယ်လာတဲ့မော်တော်ဘုတ်က ကုလားကျွန်းရောက်တော့ အခြေအနေ အေးဆေးရင် လာခေါ်မယ်လို့ ပြောပြီး ကျုပ်တို့မိသားစုကို ချထားပေးခဲ့တယ် ။ဒီလိုမျိုးအကောက်ခွန် လက်က လွတ်အောင်ခေါ်ဆောင်ပေးရတဲ့အတွက် သူတို့ကိုလည်း ထိုက်သင့်တဲ့ အခကြေးငွေပေးရတယ်။ ဒါပေမယ့်
တီဗီတလုံးလုံး ဆုံးရှုံးမှာထက်စာရင် သူတို့ကို ပေးရတာ မပြောပလောက်ပါဘူး။ ကျုပ်လည်း အသက်ကြီးလာ တော့ ဒီအကြောင်းပြန်တွေးမိရင် သဘောကျပြီးပြုံးမိတယ်။ လူတွေ လုပ်ကိုင်စားသောက်ပုံကို ပြောချင်တာပါ။ လျင်သူစားစတမ်း လောကကြီးလို့ပဲမြင်မိတော့တယ်။

ကျုပ်တို့မိသားစုလည်း တီဗီလေးပိုက်ပြီး ကုလားကျွန်းပေါ်မှာ ကျန်နေခဲ့တော့တယ်။အဲဒီကျွန်းမှာက နေတဲ့သူ တော်တော်နည်းတယ်။ အဓိကက ငရုပ်သီး စိုက်တဲ့ ကျွန်းလို့ပြောရမယ်။ တကျွန်းလုံးနီးနီး ငရုပ်ပင်တွေ ကြီးပဲ။ ကျုပ်တို့မိသားစုလည်း အဲဒီ ကိုင်းတောကြားမှာပဲ ဖြစ်သလို တည ဖြတ်သန်းလိုက်ရတယ်။ မနက်မိုးလင်းလို့ အိပ်ရာနိုးလာတော့ ဖင်တွေတောင်ပူနေတာပဲ ငရုပ်ပင်တွေကြားထဲ အိပ်ရတာကိုး။ မနက် ၈ နာရီကျော်ကျော်လောက်ရောက်တော့ ကျုပ်တို့ကို မနေ့က ပို့သွားတဲ့ မော်တော်ဘုတ် ရောက်လာပြီး အခြေအနေ ကောင်းသွားပြီ ထွက်ခဲ့လို့ ရပြီဆိုပြီး လာအော်တယ်။ဒါနဲ့ ကျုပ်တို့ မိသားစုလည်း တီဗီလေး ထမ်းပြီး အဲဒီမော်တော်ဘုတ်နဲ့ မုတ္တမ ဘက်ကို ပြန်ကူးလာခဲ့တော့တယ်။

မုတ္တမဘက်ရောက်တော့ အေးအေးဆေးဆေးပါပဲ။ ကားစီးပြီး ပေါင်မြို့ဘက်ကို ပြန်လာခဲ့တော့တယ်။ ကိုယ့်အိမ် ကိုယ်ပြန်ရောက်မှစိတ်ထဲမှာ ပေါ့ပါးသွားရတော့တယ် ထင်မိပေမယ့် တီဗီနဲ့ပါတ်သတ်တဲ့ ဒုက္ခတွေက မကုန်နိင် သေးပြန်ပါဘူး....။ အိမ်ရောက်တော့ အိမ်ဦးခန်းမှာပဲ အဲဒီတီဗီကို နေရာချပြီး သွားသွားထိကြည့်ရတာအမော ညမြန်မြန်ရောက်ပါစေ ဆုတောင်းရတာလည်း အခါခါပါပဲ။ဒီလိုနဲ့ မျှော်နေခဲ့တဲ့ ညချမ်းအချိန်အခါကို ရောက်လာတယ် ။ အိမ်မှာလည်း တီဗီလာကြည့်တဲ့သူတွေ အများကြီးပါပဲ။

တီဗီစဖွင့်တော့ လိုင်းကဖမ်းလို့မရပြန်ဘူး ။အဲဒီအချိန်က တီဗီပေါ်မှာ တင်ထားတဲ့ ယုန်နားရွက်ပုံစံ အန်တန်နာလေးပဲ ရှိတယ်။ယုန်နားရွက်ကို ညာဘက်လှည့်တယ် မရဘူး ဘယ်ဘက်ပြန်ရွေ့တယ် မထူးခြားဘူး ကြိုးတန်းလန်းနဲ့ ခပ်ဝေးဝေး ယူသွားကြည့်တယ် မရရေးချမရပဲ။ တီဗီမှာ သာကူစေ့တွေထက် နဲနဲသာတဲ့ ၀ိုးတိုးဝါးတားလောက်ပဲ မြင်ရတယ် အသံကတော့ ရှဲရှဲ ရှဲရှဲ နဲ့ တောက်လျှောက် မြည်နေတာပါပဲ။မရလေ စိတ်တိုလေနဲ့ လူလည်းချွေးပါပြန်တယ်။အဲဒီလိုနဲ့ ယုန်နားရွက်ကို ဟိုရွေ့ဒီရွေ့လုပ်ရင်း အကြည်ဆုံးလို့ ပြောလို့ ရမယ့်နေရာမှာပဲ ထား လိုက်ရတော့တယ်။ဘာမှမမြင်ရတာထက်စာရင် ၀ိုးတိုးဝါးတားနဲ့ မြင်ရတဲ့ အဆင့်ကို အကြည်ဆုံးလို့ သတ်မှတ်လိုက်ရတာပဲ။

နောက်နေ့မနက်မိုးလင်းတော့ အဖေက အိမ်မှာရှိတဲ့ဒန်အိုးနှစ်လုံးကို တူနဲ့ထုပြီး ပြားလိုက်တယ်။ အဲဒီဒန်ပြားတွေကို ကတ်ကြေးနဲ့ အနေတော် ညှပ်ပြီး သံချောင်းလေးတွေ အပေါ်ကပါတ် သံနန်းကြိုးတွေနဲ့ ချည်လိုက်တယ်။ ပြီးတော့မှ အလယ်က သံချောင်းအရှည် ပေါ်မှာ ဒန်ပြားလေးတွေပါတ်ထားတဲ့ သံချောင်းလေးတွေကို ကန့်လန့် ချည်လိုက်တဲ့အခါမှာတော့ လက်ဖြစ် အန်တန်နာတိုင် တခုဖြစ်လာတော့တာပါပဲ။အဲဒီအန်တန်နာနဲ့ အိမ်ထဲက တီဗီကို ၀ါယာကြိုး တခုနဲ့ ဆက်ထားလိုက်တယ်။

ဒီလိုအန်တန်နာလုပ်နည်းကို ကျုပ်တို့ရပ်ကွက်မှာနေတဲ့ ဦးကြီးတယောက်က ပြောပြတာလေ။ သူက နိင်ငံခြားမှာ ပညာသင်ဘွဲ့ရပြီး ပြန်လာတာဆိုတော့ အဲဒီလို လုပ်ရင် ရမှန်းသိနေတာပေါ့။ (သိပ်မကြာသေးတဲ့ ကာလတွေမှာ လည်း စလောင်းဖုံးကို အပေါက်ဖောက်ပြီး တီဗီလိုင်းကြည်အောင် လုပ်ကြတာ ရန်ကုန်မြို့ ထဲမှာပါ ရှိခဲ့ဘူးတယ်။)

အန်တန်နာတိုင် ရတဲ့အခါမှာတော့ ၀ါးလုံးရှည်တချောင်းရဲ့ ထိပ်မှာချည်ပြီး ခြံထဲမှာရှိတဲ့ ဒူးရင်းပင်မှာ အဲဒီဝါး လုံးကို ကပ်ပြီးချည်ရတယ်။ဒူးရင်းပင်ဆိုတာက ပင်စည်ကဖြောင့်တော့ အန်တန်နာတိုင် ရှိတဲ့ဝါးလုံးက လေထဲကို တော်တော် မြင့်မြင့်အထိရောက်နေတော့တယ်။ ညရောက်တော့ အဖေက အပင်ပေါ်တက်ပြီး အန်တန်နာတိုင် ကိုလှည့်ပေးတယ် ကျုပ်က အိမ်ထဲကနေ မရသေးဘူး များသွားပြီ စသဖြင့် အော်ပေးရတယ်။ခြံထဲမှာက ဒူးရင်းပင်တွေ အများကြီးပဲ ရှိတဲ့ အပြင် တချို့ဒူးရင်းပင်တွေဆို သက်တမ်းက ကြာတော့ အမြင့်ကြီးဖြစ်နေတာပါပဲ။ ဒီတော့ပြောရရင် ခြံထဲမှာတင် တောအုပ်အသေးစားလေးလို ဖြစ်နေတယ်ဆိုရမယ်။

အဲဒီတော့ အဖေက ဘယ်လိုပဲ ကြိုးစားပြီး အန်တန်နာ ရှိတဲ့ ၀ါးလုံးကို လှည့်ပေမယ့် တီဗီက ထူးထူးခြားခြား ကြည် မလာပါဘူး။လက်ဖြစ်အန်တန်နာ မို့လို့လည်း နေမှာပေါ့။ ၀ါးလုံး လှည့်ရပါများလို့ ပင်စည်က အခေါက်တွေ ပွန်းပဲ့ကုန်တယ်။ဒူးရင်းပင်ဆိုတဲ့အမျိုးကလည်း အင်မတန်ကို နုတယ် အကိုင်းကလည်း ဆတ်တယ် ကျိုးလွယ်တယ်။ လူတက်နင်းထားတဲ့ အကိုင်းမျိုးဆို အသီးသီးတာ အ သွားတတ်တယ် ပင်စည်မှာပွန်းပဲ့ရင်လည်း အပင်က အသီး သီးနှုန်းကျသွားတတ်တယ်။

အဲဒီလိုနဲ့ အဲဒီညလည်း အဆင်မပြေပဲ အချိန်ကုန်သွားတော့တယ်။နောက်တနေ့ရောက်တော့ အန်တန်နာ ချည်ထားတဲ့ ၀ါးလုံးကို နောက်ဒူးရင်း တပင်မှာ ပြောင်းပြီး ချည်ပြန်တယ်။ညရောက်တော့ အရင်လိုပဲ အဖေက အပင်ပေါ်တက်ပြီး ဟိုလှည့်ဒီလှည့် လုပ်ရတာပဲ။ဒါလည်း ထူးထူးခြားခြားတော့ ကြည်မလာပါဘူး။အဘိုးကလည်း သူ့ဒူးရင်းပင်တွေ နာကုန်တော့သိပ်မကြည်ချင်တော့ဘူး။အဲဒီနှစ်ပင်လည်း ဟိုအကိုင်းတက်နင်း ဒီအကိုင်းတက်နင်းနဲ့ နောက်တော့ အသီးတွေလည်း သိပ်မသီးတော့ပါဘူး။

အဲဒီလိုနဲ့ တပါတ်လောက်အထိ ဟိုလုပ်ဒီလုပ်နဲ့ ကြည့်ခဲ့ရပေမယ့် ကြည်ကြည်လင်လင်တော့ မကြည့် ရပါဘူး။ကြည်ကြည်လင်လင်သာ မကြည့်ရတယ် ညဆိုလာကြည့်တဲ့သူတွေနဲ့ အိမ်မှာလည်း လူတွေ များနေတာပါပဲ ။ ကလေး တွေက သေးပေါက်ချရင်လည်း ရပ်ဆွေရပ်မျိုးလို ဖြစ်နေတော့ ပြောလို့ကလည်း မကောင်းပြန်ဘူး ။ လူနံ့တွေ အီးနံ့တွေဆိုတာလည်း တချက်တချက် ဝေ့တက်လာသေးတယ်။ ကြာတော့ ညရောက်မှာတောင် စိတ်ညစ်လာမိတယ်။

အဲဒီဒုက္ခတွေလည်း အေးပြီး တီဗီလည်းကြည်ကြည်လင်လင်ကြည့်ရတဲ့ နည်းလမ်းတခုကို တနေ့တော့ ရလာတယ်။ အိမ်ထဲမှာ တီဗီ ဖွင့်တော့ ခြံထဲက အပင်တွေကြောင့် လိုင်းမကြည်တာပဲလို့ သဘောပေါက်လာတာနဲ့ တီဗီကို အိမ်ရှေ့လမ်းမ ထုတ်ပြီး ဖွင့်မိတာ အိမ်ထဲမှာထက် အများကြီး ကြည်ကြည်လင်လင် မြင်ရတယ်။ ဒါနဲ့ ညရောက်ပြီဆိုရင် တီဗီကို လမ်းမထုတ်ပြီး ကြည့်ခဲ့ရတော့တယ်။

ဒါတောင် အဆင်မပြေတာတွေ ရှိသေးတယ်။ အဲဒါက ကားတစီးစီး ဖြတ်မောင်းသွားရင် တီဗီကသာကူစေ့ တွေပြန်ပေါ်လာတယ်။ခဏလောက်စောင့်မှ ကြည်ကြည်လင်လင် ပြန်ဖြစ်တာပဲ။အဲဒီတော့ တီဗီဇာတ်လမ်းမှာ ကောင်း ခန်းရောက်နေချိန် ကားတစီးလာမှာအရမ်းစိုးရိမ်မိတယ်။ တခါတလေ ကောင်းခန်းရောက်နေချိန် ကားတစီးစီးလာနေတာ တွေ့ရင် ကြည့်နေတဲ့ သူတွေအားလုံးဆီက စိတ်ပျက်သံ တညီတညာထဲ ထွက်လာတော့တာပဲ။ အခုချိန်ပြန်တွေးရင် စိတ်ညစ်စရာလည်း ကောင်း ပျော်ဘို့လည်း ကောင်းပါရဲ့ဗျာ

.......................................................................................................................။

အခုလိုတိုးတတ်နေတဲ့ခေတ်မှာ 3Dတွေ ဘာဒီညာဒီတွေ မြင်ရတော့ ကျုပ်တို့ခေတ် မြန်မာ့အသံက လွှင့်တဲ့အဖြူ အမဲ ဇာတ်လမ်းလေးတွေကို ကြည်ကြည်လင်လင် ကြည့်ခွင့်ရဘို့ ဒန်အိုးနှစ်လုံးနဲ့ ဒူးရင်းပင် နှစ်ပင်ကုန်ခဲ့ ဖူးတယ်ပြောရင် ပုံပြင်များထင်ကြမလား....။

.......................................................................................................................။
(လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ညောင်ရမ်းရဲ့ အဖြစ်အပျက်လေးပါ)

ပွဲဈေးတန်း

Posted by မြစ်ကျိုးအင်း | Posted in | Posted on 9:44 PM

93

ပွဲဈေးတန်းတခုလုံး မီးရောင်စုံတို့ဖြင့် လှုပ်ရှားသက်ဝင်နေသည် ။ ပျားပန်းခတ်မျှ တိုးဝှေ့သွားလာ နေကြသော ပွဲဈေးလျှောက်သူများကြောင့် အုံးအုံးကျက်ကျက်ဖြင့် အသံတို့ ဆူညံနေသည်။ ဈေးသည်တချို့ရဲ့ ဈေးခေါ်သံ အကြော်အလှော် ဆိုင်ဘက်မှ ဒယ်အိုးခေါက်သံတို့ဖြင့် ပွဲဈေးတန်းတခုလုံး ဆူညံလှုပ်ရှားနေ၏။ တချို့ကတော့ ဘလော့ဂါ အငြိမ့်ကြည့်ရန် ဇာတ်ရုံဘက်ကို ဦးတည်ပြီး သွားနေကြသည်။ ဒီပွဲဈေးတန်းတခုလုံးရဲ့ ထူးခြားချက် ကတော့ အငြိမ့်ကို ဘလော့ဂါတွေ ဦးဆောင်ပြီးကသလို ပွဲဈေးတန်းတွင် ရှိသမျှ ဈေးဆိုင်များ အားလုံးကို ဘလော့ဂါ များက ဖွင့်ထားခြင်းဖြစ်သည်။

စနစ်တကျ တည်ဆောက်ထားသော ဈေးဆိုင်များတွင် ဘလော့ဂါများ ကိုယ်တိုင် ဆိုင်ထိုင်ပြီး မိမိဆိုင်ရဲ့ ရောင်း အား တက်လာစေရန် ကံစမ်းမဲအစီအစဉ်များ ထူးထူးခြားခြား အစဉ်အစီများဖြင့် ပရိတ်သတ်ကို အပြိုင်အဆိုင် ဆွဲဆောင်နေကြသည်။ တချို့က ဈေးဆိုင်တည်ပြီး ရောင်းကြသလို တချို့ကလည်း လူစိတ်ဝင်စားအောင် ထူးထူးခြားခြား လုပ်ပြကြသည်။

ကိုကိုမောင်က ပန်းရနံ့အမည်ဖြင့် အမှတ်တရ ပန်းစည်းအရောင်းဆိုင် ဖွင့်ထားသည်။ မျက်မှန်လေးက လှရွှေနှင့်ညီများ မျက်မှန်ဆိုင်မှ ကိုယ်စားလှယ်ယူကာ မျက်မှန်ဆိုင် ဖွင့်ထားသည်။ မရွှေယွန်းက ပုဂံမှ ယွန်းထည်ပစ္စည်းများ မှာယူပြီး မြန်မာ့ယွန်းထည် အမည်နဲ့ ယွန်းထည်ဆိုင်ဖွင့်သည်။

Winnie Pooh က သူနှစ်သက်သော ၀င်းနီပူး အရုပ်များကို ဆိုင်ဖွင့်ရောင်းချသည်။သူအနေနဲ့ မရောင်းရလို့ အရုပ်များ မကုန်မှာကိုတော့ စိတ်ပူပန်ခြင်းမရှိပေ...။ဘာကြောင့်ဆိုတော့ မကုန်တဲ့ အရုပ်များကို သူအပိုင် သိမ်းထားနိင်သောကြောင့် ဖြစ်သည်။ဒီဆိုင်ဖွင့်တဲ့ အရင်းအနှီးကို မိဘကထုတ်ပေးထားလို့ တကယ်ကို စိတ်ပူပန်ခြင်း မဖြစ်ပေ။

ရှေ့ခပ်လှမ်းလှမ်းတွင်တော့ ရန်ကုန်သားရဲ့ဘူးသီးကြော်ဆိုင်ရှိသည်။ အကြော်ဆိုင်ဘေးတွင်တော့ ဧရာတီသားရဲ့ မုန့်ဟင်းခါးဆိုင်ရှိသည်။မခင်ဦးမေကတော့ အကြော်ပိုကြိုက်ပေမယ့် ဧရာဝတီသားရဲ့ မုန့်ဟင်းခါးဆိုင်တွင်သာ အားပေးသည်။ရန်ကုန်အကြောင်းက ရေးပြီးတာ မကြာသေးဘူး ဒီတခါ ဧရာဝတီ အကြောင်းရေးမယ်လို့ မုန့်ဟင်းခါးစားရင်းတွေးနေသည်။

ဆိုင်ဖွင့်ရင် အလုပ်ရှုပ်တယ် ကိုယ်သွားချင်ရာလည်း သွားလို့ရအောင် ဆိုပြီး အရုပ်ကလေးက ပူဖောင်းအရုပ်များ မိုးပျံပူဖောင်းများကို အထမ်းဖြင့်လိုက်ရောင်းသည်။ ခက်တာက ပွဲဈေးလျှောက်သူအများစုက လူကြီးတွေဖြစ်နေသဖြင့် အရုပ်လေးခမျာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးထင်နေချိန် ဘလော့ဂါဒေး ဖွင့်ပွဲအတွက် မိုးပျံပူဖောင်းများ အော်ဒါရလိုက် သဖြင့် အရုပ်ကလေးအတွက် အသက်ရှုချောင်သွားသည်။

.............................................။

ဈေးရောင်းတဲ့ အတွေ့အကြံမရှိလို့ ဒုက္ခရောက်သူများထဲတွင် သားကြီး လည်းအပါအ၀င်ဖြစ်သည်။ ဆိုင်ကြီး ကန္နားကြီးနဲ့ဆို အလုပ်ရှုပ်သည် သူများစားပြီးသား ပန်းကန်တွေပါ ဆေးရသည် ဆိုတဲ့ အကြောင်းပြချက်နဲ့ သားကြီးက ၀က်သားထုတ်ထိုးရောင်းသည်။မြန်မာစာကို ကပ်ကပ်သပ်သပ်တွေးလေ့ရှိတဲ့ အကျင့်ကြောင့် သူ့ဆိုင်ဘုတ်က သူများထက်ပို ကြီးနေသည်။

သူ့ဆိုင်းဘုတ်မှာ ရေးထားတာက “သားကြီးရဲ့ဝက်သားတုတ်ထိုး (၀က်သားကိုထိုးလို့ ၀က်သား တုတ်ထိုးဟုခေါ်သည်။)”ဆိုပြီးရေးသားထားပေမယ့် သူ့ဆိုင်ဘုတ်ကို လူတွေက သိပ်မကြည့်ကြပေ.။ နာမည်ကြီးတယောက်ရဲ့ဆိုင် ဖြစ်တဲ့အတွက် သူ့ဆိုင်ရဲ့ စားသုံးသူများမှာ အများစုက မိန်းခလေးများဖြစ်ကြသည်။မိန်းခလေးများမှာ အတင်းပြောတဲ့နေရာတွင် ၀က်သားတုတ်ထိုးဆိုင်ပါ မရှောင်ပြောတတ်သဖြင့် သားကြီးခများ ဒုက္ခရောက်တော့သည်။

သူကြားနေရတဲ့ အတင်း စကားတွေကို သူ့ဘာသာ ကပ်တီးကပ်သပ် လျှောက်စဉ်းစားနေသဖြင့် စားပြီးသော တုတ်တွေကို အောက်ပစ်ချနေတာ သူသတိမထားမိပေ။ဈေးဗန်းထဲက ၀က်သားတွေသာ လျော့သွားတယ် ငွေကဘာကြောင့်မတိုးတာလဲသတိထားမိချိန်တွင် အရင်းပြုတ်လုနီးနီးဖြစ်နေသည်။ အရင်းပြုတ်ပြီဆိုမှတော့အဖျားပါပျောက်သွားသေးလား မမေးနဲ့လို့ သူ့ဘာသာ ခေါင်းကုတ်ရင်း တွေးနေတော့သည်။


...........................................။

သားကြီးရဲ့တုတ်ထိုး အခြေအနေမကောင်းပေမယ့် အမမိုးကောင်းသူ ၊အမဂျာမုန်းဒန်းနဲ့ ၊ မြူးသျှရီတို့ရဲ့“ထမင်းအိုးသုံးလုံးအ၀စားထမင်းဆိုင်”ကတော့ အခြေအနေ ကောင်းနေသည်။အရင်တုန်းကတောင် အလကား ကျွေးနေရသေးတာပဲ အခုဈေး သက်သက်သာသာနဲ့ရောင်းမယ်ဆိုတဲ့ အတွေးကြောင့် စားသုံးသူတွေ ကြိတ်ကြိတ်တိုးနေခြင်း ဖြစ်သည်။ဈေးသက်သာသဖြင့် တချို့က ဟင်းတွေကို တပါတ်စာလောက်အထိ ၀ယ် သွားပြီးရေခဲသေတ္တာ ထဲမှာ ထည့်ထားကြသည်။ တချို့ကနီးရာလူကိုပါ လက်တို့ပြီး သွားဝယ်ရန် သတင်းပေးကြသည်။ မီးဖိုထဲကမထွက်ရတော့တဲ့အတွက် အိုးသူကြီး သုံးယောက် ဒေါသတွေ ထွက်စပြုလာသည်။

ဒီကြားထဲ ပွဲဈေးလည်တဲ့သူတွေက လှတပတလေးတွေဖြစ်ပြီး သူတို့ခင်မျာ အိုးမဲတွေ မီးခိုးမှိုင်းတွေနဲ့ညစ်ပေနေကြလို့ ပိုပြီးဒေါသတွေ ထွက်နေကြတော့သည်။ နောက်ဆုံးတော့ ဆိုင်ထဲမှာ ရောဆိုင်ပြင်မှာပါ “ဆန္ဒကို သိက္ခာဖြင့်ထိန်းပါ” ဆိုတဲ့ စာတန်းတွေကို နေရာအနှံ့ကပ်ထားတော့မှ စားသုံးသူတွေ ကိုယ်ရှိန် သတ်ကုန်ကြသည်။

............................................။

ဘလော့ဂါ ပွဲခင်းလုပ်မယ်ဆိုထဲက အကြံကြီးကြံထားတဲ့ မငုံကတော့ သူစုထားတဲ့ ကန္တာရမှ မိုးရေများ ဆိုပြီး
ရေပုလင်းများ ဆိုင်ပေါ်တင်ရောင်းသည်။ ထူးထူးဆန်းဆန်းဝယ်စုတဲ့ သူတချို့လောက်ပဲ ၀ယ်ကြတဲ့အတွက်
သူ့ခမျာ လေယာဉ်စရိတ်မှ ပြန်ရပါ့မလား တွေးပူနေရသည်။

ကံကောင်းချင်တော့ အိုက်ခီလောက်က မငုံရဲ့ဆိုင်ဘေးမှာ အရက်ဆိုင်လာဖွင့်သည်။
အိုက်ခီလောက်ရဲ့ ဆိုင်ရှေ့ကဆိုင်းဘုတ်ပေါ်တွင်တော့....

“ယမကာလုလင်ရဲ့ဗျစ်ရွှေရည်ဆိုင်
ကန္တာရမိုးရေ နှင့်တွဲသောက်လျင် အမြည်းတောင် မလိုပါ”


ဟုရေးသားထားသဖြင့် အမြည်းဖိုးမတတ်နိင်သူတွေ အားပေးကြသဖြင့်ကန္တာရမှ မိုးရေပုလင်းများ တော်တော်များများ ရောင်းရတော့သည်။

........................................။

ပွဲခင်းရဲ့ အလယ်လောက်တွင် အညာသားလေး သော်ဇင်ရဲ့ အညာထွက်ကုန် ဆိုင်ရှိသည်။ ဆေးရွက်ကြီး ထန်းညက်အပြင် အမျိုးသမီးများ အထူးနှစ်သက်တဲ့ သနပ်ခါးတုံးတွေပါ ရောင်းချသဖြင့် သူ့ရဲ့ဆိုင်က အထိုက်အလျောက်အောင်မြင်နေသည်။သူ့ဆိုင်ရဲ့ အဓိက ၀င်ငွေကောင်းသော လုပ်ငန်းမှာ အိုက်ခီလောက်ဆိုင်သို့ အနောက်ပေါက်မှတင်ပို့ပေးနေသော ရေခဲစိမ်ထန်းရည်များဖြစ်သည်ကိုတော့ မည်သူမှ မသိကြပေ။

သံယောဇဉ်အားလုံးကို အဖြူရောင်ဖြစ်စေချင်တဲ့ အဖြူလေးက ကြာဇံသုပ် ရောင်းသည်။ အဖြူကွက်နင်းနေကြဖြစ်တဲ့အတိုင်း ဈေးရောင်းရာမှာလည်း ကြာဇံတွေကို သံယောဇဉ်ဟု သူ့ဘာသာတင်စားထားသည်။ သူ့ရဲ့ သံယောဇဉ်တွေကို အရောင်စွန်းထင်း မခံစေချင်တဲ့အတွက် အသုပ်သုပ်ရာတွင် ငြုပ်ဆီမထည့်ဘဲ သုပ်သဖြင့် စားသုံးသူအချို့ မကျေမနပ် ဖြစ်ကြသေးသည်။

...........................................။

ကိုယုယ နှင့် ဖြိုးမော်တို့အတွက် ဒီပွဲတော်က သူတို့ရဲ့ လက်စွမ်းလက်စပြရမယ့် ပွဲတော်ဟု အပိုင်တွက်ထားကြသည်။ ၀ါသနာပါရာလည်း လုပ်ရမယ် ငွေလည်းရမယ့်အပြင် ကောင်မလေးတွေကလည်း သူတို့ကို ပြုံးပြရမှာပဲ ဆိုတဲ့ အတွေးဖြင့် ပွဲတော် မစခင်ထဲက တက်ကြွနေသည်။ မိန်းခလေးတွေ ဆိုတာ အလှအပကြိုက်သလို သူတို့လှတယ်ဆိုတာကိုလည်း သက်သေနဲ့တကွ ရှိစေချင်ကြသဖြင့် “သူငယ်ချင်းများ” ဓါတ်ပုံဆိုင်မှာ တဖျတ်ဖျတ်ဖြင့် လက်မလည်အောင် ရိုက်ပေးနေကြရသည်။

ဒီကြားထဲ မိန်းမလျှာ သုံးယောက်က ဓါတ်ပုံဆရာ ဖြိုးမော်နှင့် တယောက်တလှည့် တွဲရိုက်ကြသဖြင့် ထင်ထားသည်ထက် အောင်မြင်သွားတော့သည်။ကိုယုယနှင့်ပါတွဲရိုက်ချင်ကြပေမယ့် ကိုယုယရဲ့ မဟေသီက လက်မောင်းကို မလွှတ်တမ်း ကိုင်ဆွဲထားသဖြင့် မိန်းမလျှာများ စိတ်လျော့သွားရတော့သည်။

....................................................။

ဘလော့ဂါပွဲခင်းအတွက် ဆိုင်နေရာတွေချပေးသောနေ့တွင် ဘလော့ဂါတချို့ပြဿနာ တက်ကြသေးသည်။
ဖြစ်ပုံက ဆိုင်နံပါတ် ၁ ကို အပြိုင်အဆိုင် လုကြသဖြင့် ပြဿနာ တက်ကြခြင်းဖြစ်သည်။ ပွဲစီစဉ်သူလူကြီး တွေလည်း ဘယ်သူ့ကို နံပါတ် ၁ ပေးရမှန်း မသိတော့သဖြင့် အခက်တွေ့ကြတော့သည်။ နောက်ဆုံးတော့ ဘလော့ဂါထဲက မဟုတ်ဘဲ ဘလော့တကာကိုသုနြေ္ဒကို ဆိုင်နံပါတ် ၁ ကိုပေးလိုက်မှပဲပြသာနာ အေးသွား တော့သည်။ဒါတောင် ဂေါပကလူကြီးတွေနဲ့ ကိုသုနြေ္ဒ ခင်လို့ဒီနေရာ ရတာပါဆိုပြီး တိုးတိုးတိတ်တိတ် အသံထွက် လာသေးသည်။

ကိုသုနြေ္ဒလည်း ဈေးဆိုင်ထွက်ရင် တမျိုးထင်ကြမှာ စိုးသဖြင့် စက်ဘီး ဆိုင်ကယ် ရပ်နားစခန်း ဖွင့်လိုက်ရတော့သည်။

..........................................။

ပွဲဈေးမှာ မရှိမဖြစ်လိုတာက လုံခြုံရေးဖြစ်သည်။ပွဲတော်ကို ဆူပူရမ်းကားမယ့်သူများ နှောင့်ယှက်မယ့် သူများကိုကြိုတင် ကာကွယ်မှ ပြဿနာ ပိုမကြီးထွားလာမည်ဖြစ်သည်။တာဝန်ဆိုသော လက်ပါတ်ကိုယ်စီဖြင့် လတ်လတ်ဇော် ၊ ဂျစ်တူးလေးနှင့် ဂျူနီယာလွင်ဦး တို့ပွဲခင်းထဲတွင် ကင်းလှည့်နေကြသည်။

တာဝန်ခွဲဝေရေးကော်မတီ လူကြီးများက ပွဲတော်လုံခြုံရေးအတွက်ရွေးချယ်ရာမှာ ဂျူနီယာလွင်ဦးကို နာမည်ကြည့်ကာ ယောကျာင်္းလေးထင်ပြီး ရွေးသလို လတ်လတ်ဇော်က ကျားကျားယားယားရှိတဲ့အပြင် ဂျစ်တူးလေးကလည်း သူ့ဘလော့မှာ ၀ါးရင်းတုတ် ကိုင်ထားသော ပုံတင်ထားသဖြင့် လူကြီးတွေက ဒီသုံးယောက်ကိုတာဝန်ပေးလျင် ပွဲတော်ရဲ့ လုံခြုံရေး စိတ်ချရမယ်ထင်ပြီး တာဝန်ပေးထားခြင်းဖြစ်သည်။

ပွဲခင်းထဲကို ပါတ်နေရပေမယ့် ပြဿနာရှာမယ့်သူမတွေ့ရသဖြင့် လုံခြုံရေးတွေ စိတ်ပျက်စပြုလာသည်။ ညဦးပိုင်းက ပြဿနာသေးသေးတခု ရှင်းပေးခဲ့ရတာက လွဲလျင်အခုထိ အခြေအနေတွေ အကုန်လုံး ငြိမ်သက်နေသည်။ ညဦးပိုင်းက ပြဿနာ ဆိုတာကလည်း မမီးမီးချစ်ရဲ့ ဆိုင်တွင်ဖြစ်သွားခြင်း ဖြစ်သည်။

ဘလော့ဂါ ပွဲခင်းတွင် မမီးမီးချစ်က သူဝါသနာပါတဲ့ အမျိုးသမီး လက်ကိုင်အိတ်ဆိုင် ဖွင့်ထားပြီး တရုတ်ဘက်ကလာသော အိတ်များကို ဈေးချိုချိုဖြင့် ရောင်းပေးခြင်းဖြစ်သည်။ပြဿနာဖြစ်ပုံက သူဆိုင်ရဲ့အတွင်းဘက်တွင် ကိုကိုချစ်ဝယ်ပေးထားသော GUESS တံဆိပ်နှင့် LV တံဆိပ် အိတ်များကို ချိတ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုအိတ်များကိုတော့ အလှသက်သက်ချိတ်ထားခြင်းဖြစ်သည်။ဈေးဝယ်သူ အဖွားကြီးတယောက်မှ ထိုအိတ်များကို ဈေးအတူတူထင်ပြီး ဈေးမေးရာမှ ပြဿနာ အနည်းငယ်ဖြစ်သွားခြင်းဖြစ်သည်။လုံခြုံရေးတွေမှ
ဝင်ရောက်ရှင်းပြပေး လိုက်သဖြင့် အဖွားကြီးလည်း စိတ်ကျေနပ်ကာ တရုတ်အိတ်တလုံးပဲ ၀ယ်သွားတော့သည်။

ထိုပြဿနာမှ လွဲလျင်အားလုံးအေးဆေးနေသဖြင့် တာဝန်ကျသုံးယောက် အိုက်ခီလောက်ရဲ့ အရက်ဆိုင်ကို ခဏခဏ သွားချောင်းကြသည်။အိုက်ခီလောက်ခမျာ အရက်အေးအေးဆေးဆေး မသောက်ရတော့ဘဲ လုံခြုံရေးတွေ လာလျင် သူ့ဆိုင်က ဖောက်သည်တွေကို ဆူဆူညံညံမလုပ်ကြဘို့ တောင်းပန်နေရတော့သည်။

............................................။

ပြဿနာမရှိလို့ ပျင်းနေတဲ့လုံခြုံရေးများမှာ ဘလော့ဂါ လက်ဝှေ့စင် ဘက်တွင် ဆူဆူညံညံ အသံကြားသဖြင့် အပြေးအလွှား သွားကြည့်ကြသည်။ ထိုဘလော့ဂါ လက်ဝှေ့စင် ကိုဒီပွဲတော်မှာ ထည့်သင့် မထည့်သင့် ကိုလူကြီးတွေ အချိန်တော်တော်ယူကာ ညှိနှိုင်းခဲ့ကြရသည်။လက်ဝှေ့စင်ထည့်ထားတဲ့အတွက် ဘလော့လောကကြီးမှာ အကွဲအပြဲတွေ ဖြစ်လာမှာ စိုးစိတ်ကြောင့် တချို့တွေက လက်ဝှေ့စင် မထည့်စေချင်ကြခြင်းဖြစ်သည်။လက်ဝှေ့စင်ထည့်သင့်ကြောင်း အဆိုပြုတဲ့သူတွေရဲ့ အမြင်ကလည်း မှတ်သားဖွယ် ကောင်းသည်။

ကိုယ့်မှာကလောင်တချောင်းရှိတယ် ငါတင်ရင်ဖတ်မှာဘဲ ဆိုတဲ့အတွေးနဲ့ ဘလော့ပေါ်မှာ ဟိုရမ်းဒီရမ်း ရေးတတ်သူတွေအတွက်ပွင့်ပွင့်လင်းလင်း စိန်ခေါ်ပြီးထိုးသတ်လိုက်တာ ပြဿနာ မြန်မြန်အေးတာပေါ့လို့အဆိုတင်သွင်းကြသည်။ ဒါတောင် သေသေချာချာစဉ်းစား ညှိနှိုင်းကြသေးသည်။
နောက်ဆုံးအဆိုပြုတဲ့ဘက်က “ခင်များတို့စိတ်ချစမ်းပါဗျာ ဒီလက်ဝှေ့ပွဲ မဖြစ်ပါဘူး ဘယ်သူကမှ ပြိုင်မမိုက်ကြပါဘူး ရမ်းချင်တဲ့သူအတွက် လက်ဝှေ့စင်ရှိတယ် ဆိုတာသိအောင်ထည့်တဲ့ သဘောပါ” ဆိုပြီးနောက်ဆုံးစကားပြောလိုက်မှပဲ ဒီအစီအစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ခန့်မှန်းထားသလို မည်သည့်ပွဲမှ မဖြစ်ဘဲ လက်ဝှေ့စင်ပေါ်မှာ ဘလော့ဂါတယောက်ထဲ ဟန်းရေးပြနေရသည်။ စင်အောက်ကဗိန်းဗောင်းတီးရသူတွေလည်း ကြာတော့ငြီးငွေ့လာသည်။ “ဟိုက်ရော..ဟိုက်ရော..”ဟု အော်ပေးရတဲ့ သူတောင် ပျင်းပြီးအိပ်ပျော်သွားတာကြာနေပြီ။ ထိုအချိန်မှာ မမျှော်လင့်ပဲ လက်ဝှေ့စင်ပေါ် လူတယောက် တက်သွားသည်။ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်ထင်ပြီး စောင့်ကြည့်နေကြသူများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ဒိုင်လူကြီးက စင်ပေါ်တက်လာသူရဲ့ နာမည်နဲ့ ဘလော့နာမည် မေးသည်။

စင်ပေါ်တက်လာသူက ကျုပ်ကဘာဘလော့ဂါမှ မဟုတ်ဘူး ကျုပ်နာမည် ညောင်ရမ်း ငယ်ငယ်ကလက်ဝှေ့ပွဲ မထိုးလိုက်ရလို့အခုကြုံတုန်းတက်ထိုးတာ ဟုပြန်ဖြေသည်။ဟန်ရေးပြနေသူမှ ဘလော့ဂါမဟုတ်ရင် မပါတ်သတ်ချင် မထိုးချင်ဟု အကြောင်းပြန်သဖြင့် ဒီတခါလည်း ညောင်းရမ်းခမျာ လက်ဝှေ့ စင်ပေါ်အထိရောက်ပြီးမှ ပြန်ဆင်းခဲ့ရပြန်သည်။ (ညောင်ရမ်းရဲ့လက်ဝှေ့ပွဲအကြောင်းကို
သတ္တိရှိလား အမည်နဲ့ရေးခဲ့ဖူးပါသည်)

မကျေမချမ်းဖြစ်နေတဲ့ ညောင်ရမ်းကို လုံခြုံရေးများမှ အကျိုးအကြောင်းဖြောင်းဖျပြီး လက်ဝှေ့စင်အနီးမှ ခေါ်ထုတ်သွားရသည်။ ဟန်ရေးပြနေသူကလည်း ဆက်ပြီး ဟန်ရေးပြနေပေမယ့် ပွဲတော်ပြီးဆုံးသည်အထိ မည်သည့်ပွဲမှ မဖြစ်လာခဲ့ပေ။

....................................................။

လက်ဝှေ့စင်လို ဆူဆူပူပူ နေရာများရှိသလို ပွဲဈေးလျှောက်ပရိတ်သတ်များအတွက် အေးချမ်းတဲ့ နေရာများလည်း ရှိနေသည်။ကိုမိုးစက်က စိတ်စမ်းရေ နာမည်နဲ့ သောက်ရေအိုးများထားပေးပြီး ရေအလှူလုပ်သည်။ ကိုမိုးစက်ဆိုင်မှာတော့ ကိုမိုးကုတ်သား တို့လို အသက်၃၀ ကျော်လူပျိုကြီးများ စခန်းချကြသည်။ လူပျိုကြီးများစုမိသဖြင့် မည်သူကမှ မိန်းခလေးအကြောင်း စမပြောကြပေ။ အေးအေးဆေးဆေးနေချင်လို့ လူပျိုကြီးလုပ်နေတာ ဟုကြွေးကြော်ထားကြသဖြင့် မည်သူကမှ မိန်းခလေးအကြောင်း စမပြောရဲကြခြင်းဖြစ်သည်။ ဆိုင်ရှေ့ကဖြတ်သွားသော မိန်းခလေးများကို ကြည့်မိမှာ စိုးသဖြင့် ဆိုင်ရှေ့ကိုပါ ကျောပေးထိုင်ထားကြသည်။

သတိထားကြည့်မိလျင်တော့ ဆိုင်ရဲ့အတွင်းနံရံတွင် ချိတ်ထားသော ကိုယ်လုံးပေါ်မှန်များကို မကြာခဏကြည့်နေသော လူပျိုကြီးများကို မြင်ကြရမည်ဖြစ်သည်။အငြိမ့်သီချင်းတပုဒ် ဖြစ်တဲ့'ပွဲဈေးတန်းလျှောက်လို့လည် မောင်ကြီးနဲ့ဆုံသလေတော့' ဆိုတဲ့သီချင်းထဲက အတိုင်း ဖြစ်လာခဲ့ရင်
ဆိုတဲ့ အတွေး များလည်း ကိုယ်စီရင်ထဲမှာ ရှိနေကြသည်။

.............................................။

ပွဲခင်းတနေရာတွင်တော့ ဧရာဝတီစာကြည့်တိုက် ဖွင့်ပေးထားသည်။သုတ ရသ စာအုပ်များဖတ်နိင်သလို စာကြည့်တိုက်ထဲတွင်ဆွေးနွေးပွဲများလည်း ပြုလုပ်ခွင့်ပေးထားသဖြင့် ၀သန်မိုး နွေဦးမိုး မိုးစက်အိမ် မိုးအိမ့်ဖြူ နဒီမိုးညို အစရှိသော မိုးအုပ်စုနှင့်ကြယ်ဖြူစင် ဖြူစင်ကြယ် လင်းကြယ်ဖြူ ကြယ်ကလေး အစရှိတဲ့ ကြယ်အုပ်စု တို့ရဲ့ မိုးနှင့်ကြယ် ဆွေးနွေးပွဲရှိနေသည်။နေမင်းသံစဉ်နှင့်နွေးနေခြည် တို့အပြင် ပျော်ရွှင်ခြင်းမိုးတိမ်(HAPPY CLOUD)အဖွဲ့က ကိုမိုးမောင်နဲ့ ဖိုးမောင်ပါထပ်ရောက်လာပြီးတဲ့အခါမှာတော့ သဘာဝပါတ်ဝန်းကျင် ထိန်းသိန်းရေး အကြောင်း ဆွေးနွေးဖို့ လူစုံတက်စုံ ဖြစ်သွားတော့သည်။

ဆွေးနွေးပွဲ အရှိန်ကောင်းနေချိန်မှာ မမချစ်ရ နဲ့ မ အနမ်း ရောက်လာပြီး မချစ်ရင် မနမ်းသင့် ဆိုတဲ့ လူငယ်တွေစိတ်ဝင်စား ကြသော အချစ်နှင့် အနမ်း ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။သဘာဝ ပါတ်ဝန်းကျင် ထိန်းသိန်းရေးအကြောင်း ဆွေးနွေးစဉ်က ငိုက်မြည်း နေသော သူများလည်း တက်တက်ကြွကြွ ၀င်ရောက် ဆွေးနွေးကြတော့သည်။


ဒေါက်တာဝင်းသိန်း ၊ မကီကီ ၊ကိုနေလင်း တို့ကကျန်းမာရေးဆေးပေးခန်းဖွင့်ပေးထားသည်။ ဒါကလည်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက တာဝန်ပေးထားသောကြောင့်ဖြစ်သည်။ သူ့အတွက် ဘလော့လည်ပါတ် ဖို့အချိန်ပိုရသည်ဟု မှတ်ယူထားလိုက်သဖြင်လူနာသိပ်မလာပေမယ့် မကီကတော့ ကျေနပ်နေသည်။

သက်ပိုင်သူကတော့ ဂျပန်က ငှားထားတဲ့ အကမယ်ဂေရှားများဖြင့် ကော်ဖီနှင့် ရေနွေးကြမ်း ဆိုင်ဖွင့်သည်။ အေးအေးဆေးဆေး ကော်ဖီသောက်ပြီး စကားထိုင်ပြောချင်သူများဖြင့် သက်ပိုင်သူရဲ့ ဆိုင်လည်း အောင်မြင်နေသည်။ ကပွဲတွေရှိသဖြင့် အဓိပ္ပါယ်ကောက်လွဲနိင်သဖြင့် ဆိုင်ရှေ့တွင် ဂေရှားများ အကြောင်းကို အကျဉ်းချုပ်ပြီး ဖော်ပြထားရသည်။(
ဤနေရာတွင်ဖတ်ရှုနိင်သည်။)
.................................။

ရမ်းဂန်း ရဲ့ ဗေဒင်လက္ခဏာ ဟောခန်းတွင် လူတွေကြိတ်ကြိတ်တိုးနေသည်။ လာမေးသူ အများစုမှာ မိန်းခလေးများဖြစ်ကြသည်။မေးတဲ့မေးခွန်းတွေအတွက် ဟောချက်တွေကလည်း ဒက်ထိ မှန်နေသဖြင့် တဆင့် စကားတဆင့်နားဖြင့် မေးချင်သူတွေတန်းစီနေကြသည်။ လူများလွန်းသဖြင့် လူတယောက်ကို မေးခွန်း သုံးခုပဲ မေးခွင့်ပြုထားသည်။မေးခွန်းတိုင်းအတွက် အဖြေကလည်း ပြတ်ပြတ်သားသားနှင့် မှန်ကန်လွန်းသည်။မမြင်နိင်သောနှောင်ကြိုးလေးများ ပိုင်ရှင် စန္ဒီမိုးမြင့်က ဒီနှစ်စာမေးပွဲ ကျနိင်လားမေးတော့ မဖြေရင်ကျမယ် ဆိုပြီး ပြတ်ပြတ်သားသား ပြန်ဖြေသည်။ စန္ဒီမိုးမြင့်လည်း မေ့သွားမှာစိုးသဖြင့် စာအုပ်နှင့် လိုက်မှတ်နေတော့သည်။

ဘာပဲဖြစ်ဖြစ် အပျော်သဘောနဲ့ မေးမယ်ဆိုပြီး မမေဇင်က မေးခွန်းတခု ၀င်မေးသည်။ မေးခွန်းက သူ့ရဲ့ နောက်တင်မယ့် ပို့စ်မှာ ကွန်မန့် ဘယ်နှစ်ခု ရနိင်သလဲ ဆိုပြီး မေးသည်။ ဒါတော့ဒီဗေဒင်ဆရာ မဖြေနိင်ပါဘူးဆိုပြီး မမေဇင်က ကြိတ်ပျော်နေသည်။ရမ်းဂန်းလည်း မျက်လုံးမှိတ်ကာ အာရုံခံပြီး တခွန်းထဲသော အဖြေကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ကျွန်တော် ကွန်မန့်လာပေးရင် အရင်ထက် တခုပိုစေရမယ်” ဆိုပြီးပြန်ဖြေသဖြင့် မမေဇင်လည်း ပညာမစမ်းရဲတော့ပေ။

........................................။

တနေရာမှာတော့ ထူးထူးဆန်းဆန်းဖြစ်အောင် ကြောင်ကြောင်ကြားကြား အ၀တ်အစားများ ၀တ်ထားသော လူတယောက်က လက်ကိုင်အော်လံဖြင့် လူခေါ်နေသည်။ထိုသူရဲ့ အနောက်မှာတော့ အသေးစား ဇာတ်ရုံလေးတရုံ ရှိနေသည်။ထိုသူက“ဒီကိုလာ..ဒီကိုလာဗျို့....ထူးထူးဆန်းဆန်းကြည့်ချင်ရင် ဒီကိုလာဗျို့” ဟုလူခေါ်နေသည်။ ထူးထူးဆန်းဆန်းဆိုတဲ့အပြင် ၀င်ကြေးလည်း သက်သာသဖြင့် လူတချို့ဇာတ်ရုံလေးထဲ ၀င် သွားကြသည်။ ကလေးတွေပူဆာသဖြင့် ကိုဆောင်းယွန်းလတို့လို မ၀ါတို့လို မိဘတွေလည်း အတော်ပဲ ဆိုပြီးဝင် ကြည့်ကြသည်။

မကြာပါဘူး ဒါသက်သက်လူလည်ကျတာဆိုပြီး မကျေမချမ်းနဲ့ရေရွတ်ပြီး လူအုပ်ကြီးပြန်ထွက်လာသည်။ ထူးထူးဆန်းဆန်း မြင်ရမယ်ထင်ပြီး ၀င်သွားတဲ့သူတွေခမျာ အထဲရောက်တော့မှ ခုံတလုံးပေါ်တွင် ထိုင်နေသောဘလော့ဂါဒီကိုလာ ကိုမြင်ရမှ သူတို့ခင်မျာ လူလည်ကျခံလိုက်ရမှန်း သိသွားတော့သည်။ လူခေါ်တဲ့သူကလည်း အရင်အတိုင်းပဲ ဆက်ပြီးလူခေါ်နေတော့သည်။

“ဒီကိုလာ..ဒီကိုလာဗျို့....ထူးထူးဆန်းဆန်းကြည့်ချင်ရင် ဒီကိုလာဗျို့” ဟုဆက်ခေါ်နေသေးသည်။

.................................................။

သရဲအကြောင်းရေးလေ့ရှိတဲ့ ၀က်ဝံလေးက သရဲအိမ်ကို ၀င်ကြေးဖြင့် ဖွင့်ပေးထားသည်။ သရဲအိမ်ထဲတွင်သရဲများအဖြစ် သရုပ်ဆောင်ရန် ပါးလုံး အနော် နှင့် စည်သူတို့ ကို အကူအညီ တောင်းထားတဲ့ အပြင် ၀က်ဝံလေးကိုယ်တိုင်ပါ ၀င်သရုပ်ဆောင်ပေးသည်။သူတို့အဖွဲ့ကို သရဲလေးကောင်ဟု သူတို့ဘာသာ အမည်ပေးထားသည်။ မီးရောင်မှိန်မှိန်ထွန်းထားသော အိမ်ထဲတွင် ၀င်ကြည့်သော ပရိတ်သတ်များကို သရဲဝတ်စုံများဝတ်ပြီး ခြောက်ပေးရသည်။ ၀က်ဝံလေးက အင်္ကျီပေါ်တွင် အရိုးခြောက်ပုံသဏ္ဍာန် ဆေးအဖြူချယ်ကာ ခြေလှုပ်လက်လှုပ် လုပ်ပြသည်။ ပါးလုံးက အစွယ်အတုကြီးတပ်ကာ လက်နှိပ်ဓါတ်မီးရောင် ကို မျက်နာကို ထိုးထားပြီး လိုက်ခြောက်သည်။ အနော်ကတော့ ၀တ်ရုံအမဲကြီးကိုခြုံ၊ လက်တဘက်မှဓါးပြားကြီးနှင့် ညာလက်တွင်ပုဆိန်တလက် ကိုင်ဆောင်ကာ ခုတ်မလို ထိုးမလို လုပ်ပြသည်။

စည်သူကတော့ သနပ်ခါးထူထူလိမ်း ဆံပင်တုတပ်ပြီး ဖားလျားကြီးချကာ ထမီရင်လျားဝတ်ပြီး လက်ယက်ခေါ်တဲ့ဟန် လုပ်ပြသည်။ဝင်ကြည့်သောကောင်လေးတွေက မကြောက်ကြသည့်အပြင် “မာမီမဖဲဝါ မာမီမဖဲဝါ”ဟုအော်ဟစ် နှုတ်ဆက်ကြသည်။ ပရိတ်သတ်ကို ခြောက်လန့်ရန် ရည်ရွယ်ပြီး သရဲအဖြစ် သရုပ်ဆောင်ထားသူများ တနေရာမှ တနေရာသို့ သွားလာနေကြသည် ။ ထောင့်ကွယ်တခုမှ ထွက်လာ သော ၀က်ဝံလေးကို ဖြုန်းခနဲတွေ့လိုက်ရသဖြင့် ပါးလုံးမှာ “ဟဲ့သောက်ပလုတ်တုတ်” အော်ကာ မေ့သွားသဖြင့် နှာနှပ်ယူရတော့သည်။

ဤသိုဖြင့် သရဲလေးကောင် လည်း တယောက်ကိုတယောက် ရှောင်ရင်း တိမ်းရင်း လာကြည့်သော ပရိတ်သတ်များကိုခြောက်လှန့်နေတော့သည်။

...........................................။

ပထမဆုံးလုပ်တဲ့ ဘလော့ဂါ ပွဲဈေးတန်း အတွက် CNN ရဲ့ သတင်းထောက် မဆုမွန်နဲ့ BBC သတင်းထောက် မတူးတူးသာ တို့က သူ့ထက်ငါဦးအောင် သတင်းလိုက်ယူနေကြသည်။ဒီပွဲတော်မှာတော့ သတင်းထောက် နှစ်ယောက် အထူးမျက်နာပွင့် နေကြသည်။ မိမိရဲ့ဈေးဆိုင်လေး ကမ္ဘာကျော်ချင် စိတ်ကြောင့် ဟိုဆိုင်က မုန့်ခေါ်ကျွေး ဒီဆိုင်က လ္ဘက်ရည်တိုက် ကြဖြင့် သတင်းထောက်နှစ်ယောက် ဗိုက်လေးပြီး ညဦးပိုင်းကလို အပြေးအလွှားသတင်းမယူနိင်တော့ပေ။ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အစီအစဉ်မှာလည်း သတင်းထောက်တွေရဲ့ မုန့်တမျိုးပြီး တမျိုးစားတဲ့ ပုံကိုသာ တကမ္ဘာလုံးကြည့်ပြီး သရေ ယိုနေကြရသည်။

.......................................။

ကောင်းကင်ပြာ ၊ကောင်းကင်ရဲ့ သမီးပျို အစရှိတဲ့ ကောင်းကင် အုပ်စုက နာမည်နဲ့လိုက်အောင် မြေမနင်း အလုပ်ဖြစ်တဲ့ ချားရဟတ် ထောင်ထားကြသည်။ ခက်တာက သူတို့ချားရဟတ်ကို ဘယ်သူမှ မစီးဘဲ ကွေ့ရှောင်သွားကြသဖြင့် ပွဲတော်ရဲ့ပထမဆုံး ညဦးပိုင်းမှာတင် မျက်ကလဲ ဆန်ပြာဖြစ်နေကြသည်။မြတ်မယ်ထင်ပြီး ဆွဲကြိုးပေါင်ကာ အရင်းလုပ်ထားရတဲ့ သူခမျာလည်း သူ့လည်ပင်းကို ယောင်ပြီး ပွတ်မိတာ အခါခါပါပဲ...။

လူတွေစီးချင်အောင် သူတို့လူတွေက ရဟတ်ပေါ်မှာ နေရာယူပြီး စီးပြကြတာတောင် ဘယ်သူမှ လိုက်မစီးကြသဖြင့် သူတို့လူတွေလည်း တချို့ဆို ရဟတ်မူးပြီး အန်ကုန်ကြသည်။ပွဲတော်လာ ပရိတ်သတ် ကတော့ မူးပြီး အန်တဲ့သူတွေကို သနားအကြည့်ဖြင့်သာ ကြည့်သွားကြသည်။ ဒီလိုတော့မဖြစ်ချေဘူးဆိုပြီး အနားရောက်လာတဲ့ ရင်းနှီးတဲ့ သူတယောက်ကို ဘာကြောင့် မစီးကြတာလဲ စုံစမ်းတော့မှ
အဖြစ်မှန် ပေါ်တော့သည်။သူတို့က ကောင်းကင်တို့ ရဲ့ ချားစီးကြမလား ဆိုပြီး မိုက်နဲ့အော်ကာ လူခေါ်တာကြောင့် ဘယ်သူကမှ သူတို့ချားမစီးချင် ကြခြင်းဖြစ်၏။

အမှန်တော့ ကောင်းကင်အုပ်စုခမျာ ပွဲအတွေ့အကြုံ မရှိခြင်းဖြစ်သည်။ချားရဟတ်ဆိုတာ လူခေါ်ဘို့ မလိုအပ်ဘူးဆိုတာ သူတို့မသိကြပေ။ လူတွေက ချား(ချားရဟတ်) မြင်လျှင်စီးရမည်ဆိုတာ အလိုလို သိနေပေမယ့် သူတို့က ဖော်ရွေစွာနဲ့ လူခေါ်တော့မှ အခြေအနေတွေက ရှုပ်ထွေးသွားတာဖြစ်သည်။ အတွေ့ အကြုံရသွားတဲ့ ကောင်းကင်အုပ်စုလည်း ကုန်သွားတဲ့ အချိန်တွေအတွက် ပိုက်ဆံမြန်မြန် ပြန်ရှာရတော့သည်။ ချားရဟတ်စီးခကို ပုံမှန်ထက် ၂ ဆတင်လိုက်သဖြင့် စီးတဲ့သူတွေ မကျေမနပ်ဖြစ်ကုန်ကြသည်။ တချို့က အမြတ်ကြီးစား တွေလို့ မကြားတကြားနဲ့ ပြောသွားကြသည်။

သူတို့ကလည်း စေတနာမချို့တဲ့ကြောင်း ပြတဲ့အနေနဲ့ ပန်ချီဆရာတယောက်ကို အားချင်းရှာကာ စာတန်းတခုအမြန်ရေးခိုင်း လိုက်ပြီး မြင်သာတဲ့နေရာတွင် ထောင်ထားလိုက်သည်။ သူတို့ရဲ့ ဆိုင်းဘုတ်မှာတော့
“ရဟန်းသံဃာများ , မယ်သီလရှင်နှင့် ၂ နှစ်အောက် ကလေးများ အခမဲ့ စီးနှင်းခွင့်ပြုသည်။” ဟုရေးထား လိုက်သည်။

........................................................................။

ကိုလူထွေးကတော့ ဒီပွဲတော်မှာ သူ့ရဲ့ကော်ပီများနဲ့တခဏ စာအုပ်များရောင်းချသည်။ မြန်မာပြည် မှာလိုစာအုပ်တအုပ် ၀ယ်ယူ သူတိုင်းကို စာရေးဆရာမှ အမှတ်တရ လက်မှတ်ထိုးပေးတဲ့ ပုံစံကို နှစ်သက်သဖြင့် သူ့စာအုပ်ဝယ်တဲ့ သူတိုင်း လက်မှတ်ထိုးခွင့်ရှိသည်ဟုကြေငြာထားသည်။ ထူးထူးခြားခြားလုပ်လေ့ရှိတဲ့ အတိုင်းသူက လက်မှတ်ထိုးပေးခြင်းထက် သူ့ကိုပြန်ပြီး လက်မှတ်ထိုးခိုင်းခြင်းဖြစ်သည်။ လက်မှတ်ထိုးရတဲ့နေရာက ပိုပြီးဆန်းနေသည်။ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းထားပြီး ရင်ဘတ်နှင့်ကျောတွင် အမှတ်တရ လက်မှတ်ထိုးခိုင်းခြင်းဖြစ်သည်။

နာမည်ကြီးတယောက်ဖြစ်သည့်အပြင် သူ့ရဲ့ထူးထူးခြားခြား အစီအစဉ်ကြောင့် ကိုလူထွေးရဲ့စာအုပ်ဆိုင် အလွန်ကို အောင်မြင်နေသည်။ထိုအချိန်မှာပဲ မိန်းမလျှာသုံးယောက် ရောက်လာပြီး မည်သူမှ လက်မှတ်မထိုးရသေးသော နေရာတွင် လက်မှတ်ထိုးမည်ဆိုပြီး အတင်းဝင်ဆွဲကြသည်။ ကိုလူထွေးလည်း ဘူးသီးနုနု မခူးရဟုအော်ပြီး ထွက်ပြေးရတော့သည် ။ နောက်ဆုံး မဒမ်လူထွေးရဲ့ မျက်ထောင့်နီဖြင့် အကြည့် ခံရပြီးတဲ့ နောက်တွင်တော့ လက်မှတ်ထိုးခြင်း ကို ရပ်နားလိုက်ရတော့သည်။ ဒါတောင် မိန်းမလျှာ သုံးယောက်က တော်တော်နှင့်လက်မလျော့သေးဘဲ ဆိုင်အနားတွင်ရစ်သီရစ်သီ လုပ်နေသေးသည်။

ဤသို့ဖြင့် ဘလော့ဂါပွဲခင်းကြီးမှာ အဖြစ်အပျက် အစုံအလင်တို့ဖြင့် သက်ဝင်လှုပ်ရှားနေတော့သည်။

...........................................................................................................။

အငြိမ့်နဲ့လိုက်ဖက်အောင် ပွဲခင်းတခုကို ဖန်တီးပေးထားခြင်းဖြစ်ပါတယ်...။ဒီပို့စ်ထဲမှာ ပါဝင်သော သူငယ်ချင်း များကို ခင်မင်မှု သက်သက်ဖြင့်သာ နာမည်ထည့်ထားခြင်း ဖြစ်ပါတယ်။ နစ်နာစေရန် မရည်ရွယ်ပါ။ မိမိနာမည် ပါသောသူများ မနှစ်သက်ပါက ပြောခဲ့ပေးပါ ပြန်ဖြုတ်ပေးပါ့မယ်။

ပွဲဈေးတန်းဆိုတာ ပွဲဈေးလျှောက်တဲ့ ပရိတ်သတ်ရှိမှ အသက်ဝင်ပါတယ်...။ ကျန်တဲ့သူငယ်ချင်းများက ပွဲဈေးလျှောက်သူများ အဖြစ် သရုပ်ဆောင်ပေးသူများဟု ရည်ရွယ်ပါတယ်။ အားလုံးခင်ခင်မင်မင်ရှိစေရန် အဓိကရည်ရွယ်ပြီး ဒီပို့စ်ကိုရေးဖြစ်ခြင်း ဖြစ်ပါတယ်။


ဘလော့ဂါ အငြိမ့်(၂)

Posted by မြစ်ကျိုးအင်း | Posted in | Posted on 7:39 PM

84

xxx ခွန်နှစ်ထွေ...သီတာရယ်မှ ပတ်ကာဆင်း...သာတောင့်သာတယ်လေး....နတ်ပြည်...တနင်း....နင်း...xxx
(xxx ဘုန်းတန်း...ဘုန်းတန်းတေဇာ..ဖြာဖြာရောင်လင်းပါလို့...မင်း...မင်း...မြတ်ထွဋ်ခေါင်ဗွေxxx) ၂

ရွာစားကျော် ရီနိုမာန်ရဲ့ လက်အဖျားမှာ စက်တပ်ထားသလို တီးကွက်နဲ့အတူ ဆွဲဆွဲငင်ငင် ဆိုလိုက်သော နတ်ချင်းသံရဲ့
အဆုံးမှာ ကြက်သွေးရောင် ပြည်ဖုံးကား ကန့်လန့်ကာကြီးမှာ ဘေးတဖက်တချက်သို့ ခွဲထွက်သွားကြ၏။

ဇာတ်စင်၏ ဘေးတဖက်တချက်စီမှ ဆလိုက်မီးရောင်များရဲ့ အောက်တွင် ပုဆိုးကွက်တုံး ကော်လံလည်ကတုံး ၀တ်ပြီး
ခေါင်းပေါင်းကိုယ်စီနဲ့ လူရွှင်တော် သုံးယောက် စပ်ဖြီးဖြီးမျက်နာများဖြင့် ပေါ်လာကြသည်။
သုံးယောက်သား ညီညီညာညာ ပရိတ်သတ်ဘက်ကို မျက်နာမူပြီး သကာလ လက်အုပ်ချီ၍ ဂါရ၀ ပြုလိုက်ကြသည်။

“ကိုဖိုးစိန်လားခင်ဗျ”

“မှန်ပါတယ် ကိုမြစ်ကျိုးအင်းရေ”

“ဟိုဘက်က ကို အိမ် မဟုတ်လားဗျ”

“ရှိကြောင်းပါဗျာ”

“မာကြရဲ့လားဗျာ”

“မာကြောင်းပါခင်မျာ”

“တော်တော်များမာကြရဲ့လား”

“ဟေ့လူဘာပြောတာတုန်းဗျ”

“အော်ကျန်းမာရေး တကယ်ကိုကောင်းကြရဲ့လားမေးတာပါဗျာ အတွေးမချော်စမ်းပါနဲ့”

“ဆိုင်းဆရာ ကိုရီနိုရဲ့ ဆိုင်းလက်သံလေးနားထောင်မကောင်းဘူးလားဗျာ”

“နားထောင်ကောင်းပါပေတယ် ကိုဖိုးစိန်ရေ”

“လက်သံကောင်းတာလဲ မပြောနဲ့လေ ဆိုင်းဆရာကြီး စိန်ဗေဒါ မျိုးဆက်ကိုးဗျ”

“ဘယ်လိုများတော်စပ်တာလဲဗျ”

“အမေမတူ ဖအေကွဲကနေမွေးတာလေဗျာ”

“အကောင်းအောက်မေ့လို့ နားထောင်ပါတယ် ပေါက်ကရတွေပြောနေတာကိုးဗျ”

“ဆိုင်းဆရာ ကိုရီနိုကို မိတ်ဆက်ပေးပြီးပြန်တော့ ကျုပ်တို့ လူရွှင်တော်တွေလည်း ကိုယ့်ကိုကိုယ်မိတ်ဆက်မှ သင့်မယ်လေဗျာ”

“မှန်တာပေါ့ ကို အိမ်ရယ်”

“ကဲဒါဆို ကို မြစ်ကျိုးအင်းပဲ စပြီး မိတ်ဆက်ဗျာ”

“ဒီနာမည်ကို ကျွန်တော့်အမေက ကဗျာဆန်ဆန်ပေးထားတာဗျ ပြောရရင် အမေက ကဗျာရေးတာ ၀ါသနာပါတယ်
ကျွန်တော့်ကို မွေးမယ့်နေ့မှာ အမေကချဉ်ခြင်းတခုတပ်တယ်တဲ့ အဲဒါက မျှစ်ကို အစိမ်းလိုက်စားချင်တာတဲ့လေ
အဲဒီနေ့က အဖေကလည်း အိမ်မှာမရှိတော့ အမေလည်း စိတ်မရှည်တာနဲ့ ကိုယ်တိုင်ပဲ မျှစ်သွားခူးတယ်တဲ့

အမေက မျှစ်ချိုးရင်း ကျွန်တော့်ကို မွေးတာဗျ အဲဒီအချိန်မှာ အဖေက ဖဲဝိုင်းရောက်နေတာတဲ့ အကျိုးပေးမယ့်
ကလေးမို့လို့လား မသိဘူး တက်သမျှဖဲတွေက တစ်ကိုးကင်း တက်ပြီး အဖေ့ခမျာ အဖြစ်ဆိုးခြင်းတွေပဲ ၀င်နေလို့
အိမ်ကိုတောင် ပြန်မလာနိင်တာတဲ့လေ ..။

အဲဒါနဲ့အမေလည်း ကျွန်တော့်မွေးစဉ်က အဖြစ်လေးတွေပြန်တွေးပြီး ကဗျာဆရာမပီပီ ကာရံလေးနဲ့ မြစ်ကျိုးအင်းလို့
နာမည်ပေးခဲ့တာဗျ...”

“မှတ်သားလောက်ပါပေတယ်ဗျာ”

“ကဲကိုဖိုးစိန်လည်း ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးအုံးဗျာ”

“အမှန်တော့ ခင်များတို့ခေါ်တဲ့ ဖိုးစိန်ဆိုတဲ့ နာမည်က စာလုံးပေါင်း မှားနေတယ် အမှန်က ဖိုးစိမ် ဗျ...။
ဒီနာမည်ကို ကျုပ်အဖွားက ပေးခဲ့တာပေါ့....။အဖွားက အဖိုးကို အရမ်းချစ်တာဗျ။ကျုပ်ကိုမွေးပြီးနာမည်ပေးမယ်လုပ်တော့
အဖွားက အဖိုးအမြဲတမ်း စိမ် စိမ်ထားတဲ့..

အိမ်။....။“ဟေ့..ဟေ့လူ ဇာတ်စင်ပေါ်မှာ မဟုတ်တာတွေ မပြောနဲ့နော်“

“အာ...စကားတော့ ဆုံးအောင် နားမထောင်ဘူး အဖိုးအရက်နဲ့ စိမ် စိမ်သောက်တဲ့ ဆေးမြစ်ကလေးကို မြင်ပြီး ဖိုးစိမ်လို့
နာမည်ပေးတာကို ပြောမလို့ဗျ”

မြစ်ကျိုးအင်း။...။“တော်သေးတာပေါ့ ဆေးမြစ်ကလေး ၀င်ကယ်သွားလို့”


ဖိုးစိန်။...။“ကဲ ကိုအိမ်ကလည်း လုပ်စမ်းပါအုံးဗျ”

အိမ်။....။“အလှည့်ကျတော့လည်း နွဲ့ချင်သေးတယ်”

ဖိုးစိန်။...။“အလှည့်ကျတော့ မနွဲ့စတမ်း လုပ်စမ်းပါဗျ”

အိမ်။...။“မှားသွားလို့ ဟုတ်တယ်အလှည့်ကျတော့လည်း မနွဲ့စတမ်း ကိုယ်ပေါင်ကိုယ်လှန်ကုတ်ရတော့မှာပေါ့
ခင်များတို့က အိမ် လို့ အလွယ်ခေါ်နေပေမယ့် ကျနော့်နာမည်အပြည့်အစုံက အိမ်တိုင်ကျိုးဗျ”

မြစ်ကျိုးအင်း။...။“စိတ်ဝင်စားစရာပါလားဗျာ လင်းစမ်းပါအုံး”

အိမ်။...။“ ဒီလိုဗျ ဒီနာမည်က ကျနော် အိမ်ထောင်ကျပြီးမှ အရပ်ကပေးတဲ့ နာမည်ဗျ လူရွှင်တော် မလုပ်ခင်
ကျနော်က သဘောင်္သား လုပ်လိုက်သေးတယ် အိမ်ထောင်ကျပြီး သဘောင်္က ပထမဆုံးပြန်လာတဲ့ညပေါ့ဗျာ...
မနက်မိုးလင်းတော့ အိမ်တိုင်တချောင်း ကျိုးပါရောဗျာ”

ဖိုးစိန်။...။“နွာသိုးကြိုးပျက်ပါလား”

အိမ်။.....။“အထင်မလွဲကြပါနဲ့ အဲဒီညက ငလျင်လှုပ်လို့ပါဗျာ”

ဖိုးစိန်။...။“အော်..ကျုပ်က နွားသိုး ကြိုးပျက်ပြီး အိမ်တိုင်ကိုလာဆောင့်တာထင်လို့ဗျ”

အိမ်။.... ။ “အဲဒါနဲ့အရပ်က ကျနော့်ကိုအိမ်တိုင်ကျိုးလို့ ခေါ်ကြရာကနေ အခုတော့ အိမ်ဆိုတဲ့နာမည်တွင်သွားတာပါပဲဗျာ”

မြစ်ကျိုးအင်း။...။“တော်သေးတာပေါ့ ငလျင် ၀င်ကယ်သွားလို့”

ဖိုးစိန်။...။“ကိုအိမ်က အိမ်ထောင်ကျတဲ့ အကြောင်းပြောလို့ ကျုပ်သတိရသွားတာ တခုပြောရအုံးမယ်
ကျုပ်ပြီးခဲ့တဲ့လက ရန်ကုန်ပြန်တော့ အိမ်တိုင်ကျိုး ရဲ့ မိန်းမက လာတွေ့တယ်ဗျ သူ့ယောကျာင်္းလူကြုံထည့်ပေးလိုက်တာ
လာယူတာတဲ့....။သူလာတော့ သူ့သားအကြီးဆုံးကိုပါ ခေါ်လာတာနဲ့တူတယ်ကွ သူ့သားကလည်းကွာ အိမ်တိုင်ကျိုးနဲ့
နဲနဲမှ ရုပ်မတူဘူးဟေ့...အမ်မယ် ရုပ်သာမတူတာ အသက်ကတော့ အိမ်တိုင်ကျိုးနဲ့ အတူတူလောက်ပဲကွ”

“ဂွမ်း” ဖိုးစိန်ခေါင်းအားလူရွှင်တော်များမှ ၀ိုင်းရိုက်လိုက်ကြသည်။

အိမ်။...။“ကုန်ပါပြီကွာ”

မြစ်ကျိုးအင်း။....။“ကဲကဲ ကျုပ်တို့ချည်းပဲ ပျက်လုံးထုတ်နေလို့လည်း မပြီးသေးဘူး အများမျှော်လင့်နေကြတဲ့
မင်းသမီးလေးလည်းပွဲထုတ်အုံးမှကိုးဗျ အပြောလေးတွေလျှော့ပြီး အလုပ်လေးနဲ့ သက်သေပြကြပါစို့ ...
ကဲ ကို အိမ်တိုင်ကျိုးရေ ခင်များပဲ ခေါ်ပေးဗျာ”

အိမ်။...။“အများပျော်စရာ ဘလော့ဂါတွေ တင်ဆက်တာမို့... အများပျော်စရာ ဘလော့ဂါတွေ တင်ဆက်တာမို့
အစဉ်အဆက်မှာ သဘင်သက်ကလေးရှိတဲ့ လှသွေးကြွယ် ရတက်မအေးစရာ မင်းသမီးလေး ကောင်းကင်ပြာရေ...
အများအမြင်တင့်စေဘို့ အငြိမ့်ခွင်လေး ထွင်လိုက်ကြပါစို့...။”


ဖိုးစိန်။...။“ကိုအိမ်ခေါ်တာ မင်းသမီးက ထွက်မလာပါလားဗျ ”

မြစ်ကျိုးအင်း။...။“ခဏလေး ခဏလေး မင်းသမီး နှုတ်ခမ်းနီဘူးပျောက်နေလို့ ကွမ်းဝါးနေတယ်”

ကောင်းကင်ပြာ။....။“လာပါပြီရှင် ..အကိုတို့ရေ မင်္ဂလာညချမ်းပါရှင်”

လူရွှင်တော်များ။....။““မင်္ဂလာပါမင်းသမီးရေ””

ဖိုးစိန်။....။“ပရိတ်သတ်ကြီးက မင်းသမီးလေး ဘယ်လိုကမယ် ဘယ်လိုဆိုမယ် ဆိုတာကို မျှော်လင့်နေကြတယ်ခင်မျ”

ကောင်းကင်ပြာ။....။“အကိုတို့ရေ ခေါင်း ခါး ခြေ လက် ဤလေးချက် ၊မပျက်စေရ သုခုမ လို့ ဆိုရိုးရှိတယ် မဟုတ်လားရှင်”

လူရွှင်တော်များ။.....။“မှန်ပါပေတယ်ဗျာ”

ကောင်းကင်ပြာ။....။“ပြာပြာ့ရင်ထဲမှာ ကဗျာတွေရှိတယ် ကဗျာကို ချစ်တယ် ၊ကဗျာဆရာကို...အဲ ကဗျာကိုမြတ်နိုးတတ်တဲ့
ပြာပြာက ကဗျာမမှီ စာမမှီ ဆိုတဲ့ သီချင်းလေးနဲ့ ကဗျာလွတ်အက လေးကလိုက်ချင်တာက ဒီလိုပါတဲ့ရှင်....”

အိမ်။...။“ကြားပါရစေဗျာ”

ဆိုင်းဆရာ ရီနိုမာန်ရဲ့ စည်းနဲ့ဝါး တီးလုံးသံ စထွက်လာချိန်တွင် ဇာတ်စင်တခုလုံး မှောင်ကျသွားပြီး ကောင်းကင်ပြာရောင်
ဝတ်ထားတဲ့ မင်းသမီးလေးကောင်းကင်ပြာရဲ့ ခန္ဓာကိုယ်ပေါ်တွင် ဆလိုက်မီးတို့ ဖြန့်ကျက်ကုန်ကြ၏။နွဲ့ပျောင်းသော
အချိုးအဆစ်များဖြင့် ကရင်း ကြည်လင်သာယာသော အသံလေးဖြင့် အငြိမ့်သီချင်းလေးကို ဆိုလိုက်သည်။

xxx ချစ်သူချက်(chat)နေ တို့ချက်နေ တို့နှစ်ယောက်ချက်နေ ....
xxx ချစ်သူဂျီပုန်းလုပ်နေရင် တို့နောက်တယောက်ချက်မယ်ပြင်...
xxxချစ်သူနဲ့လည်း ကြူချင်သေးတယ် အခြားသူနဲ့လည်း မူချင်သေးတယ်
xxx နေလုံးနီနီ အရှေ့မှာ ထွက်ခဲ့ပြီ...။

သီချင်းစာသားနှင့်လိုက်ဖက်စွာ အချိုးညီညီ အကအလှများကို တင်ဆက်ပြီးသွားသဖြင့် မင်းသမီးလေး ကောင်းကင်ပြာ
ဇာတ်စင်နောက်သို့ မခို့တရို့လေး ၀င်သွား၏။ဇာတ်စင်ထောင့် တဖက်တချက်စီတွင် ထိုင်နေသော လူရွှင်တော်တို့
ထလာကြကုန်၏။


အိမ်။...။“ဘလော့ဂါတွေ လူရွှင်တော် လုပ်တယ်ဆိုတော့ ဘလော့ဂါ အတွေ့အကြုံလေးတွေ ဝေမျှမှ ကောင်းမယ်
မဟုတ်လားဗျာ”
မြစ်ကျိုးအင်း။...။“မှန်တာပေါ့ဗျာ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောသင့်တာပေါ့”

အိမ်။....။“ဒါဆို ကျနော်က ဘလော့ဂါနီတိလေးတွေ ရွတ်ပြချင်သေးတယ်ဗျာ”

ဖိုးစိန်။....။“ကြားပါရစေဗျာ”

အိမ်။....။
“ငွေအသုံးလည်း မစီးနှင့်
လေလုံးလည်းမကြီးနှင့်
ငွေအသုံးစီးတော့ လူချဉ်ဖတ်မည်။
လေလုံးကြီးတော့ လူအမြင်ကပ်မည်။

အဖော်မပါ မကဲနှင့်
ဘလော့ဂါ မချွဲနှင့်
အဖော်မပါ ကဲတော့ နှာနှပ်သူ လွန်မည်။
ဘလော့ဂါ ချွဲတော့ စာဖတ်သူရွံမည်။

လူကိုလည်း မျောအောင်မပေးနဲ့
စာကိုလည်းမောအောင် မရေးနဲ့
လူကိုမျောအောင်ပေးတော့ ယုံတတ်သူ မုန်းမည်။
စာကိုမောအောင်ရေးတော့ စာဖတ်သူ ပုန်း မည်။

အမျက်လည်းမပါနှင့်
ပါးစပ်လည်းမဖွာနှင့်
အမျက်ပါတော့ တသက်တာအမှန်မရတတ်ပြီ။
ပါစပ်ဖွာတော့ လက်ပါခံရတတ်သည်။

မတော်တဆ အဖျားလည်း မနင်းနဲ့
အကျော်အခွ ဇယားလည်း မခင်းနဲ့
မတော်တဆ အဖျားနင်းရင် ငယ်သံပါအောင် အော်ကြမည်။
အကျော်အခွ ဇယားခင်းရင် ငိုသံပါအောင် ဆော်ကြမည်။”


မြစ်ကျိုးအင်း။....။“မှတ်သားလောက်ပါပေတယ်ဗျာ”

ဖိုးစိန်။...။“ခင်များတို့က ဘလော့ဂါဆိုလို့ ပြောရအုံးမယ် ကျုပ်ရဲ့ သုံးတန်းရောက်နေတဲ့ သမီးလေးလည်း
ဘလော့ဂါ လုပ်နေတယ်ဗျ”

မြစ်ကျိုးအင်း။....။“ပေါက်တတ်ကရတွေ မပြောနဲ့လေဗျာ”

ဖိုးစိန်။...။“အဟုတ်ပြောတာဗျ မြန်မာစာ ရေးတတ်ရင် ဘလော့ဂါ လုပ်လို့ ရတာပဲ မဟုတ်လားဗျ အမ်မယ် ခင်းများတို့
ကျုပ်သမီးကို အထင်မသေးနဲ့ဗျ သူက စာကြီးပေကြီးတွေပဲ ဘလော့ပေါ်တင်တာ”

အိမ်။...။“ဘာစာတွေတုန်းဗျ ”

ဖိုးစိန်။....။“သူ့အမေရဲ့ ချက်တင်ထဲက စာတွေ ၃ ပိုင်းခွဲပြီး တင်တာဗျ”

“ဂွမ်း” ကျန်တဲ့လူရွှင်တော် နှစ်ယောက်မှ ဖိုးစိန်ခေါင်းအား ၀ိုင်းရိုက်လိုက်ကြသည်...။

ဖိုးစိန်။....။“အခုလည်း အရမ်းအရေးကြီးတဲ့ စာတွေ တင်မလို့ လုပ်နေတယ် အခန်းဆက် တင်မယ်ဆိုပဲ”

မြစ်ကျိုး။....။“ ဘာစာတွေများပါလိမ့်”

ဖိုးစိန်။....။“ က ကနေ အ အထိ ၄ ပိုင်းခွဲပြီး တင်မလို့တဲ့လေ”

လူရွှင်တော်များသံပြိုင်။.....။“““ xxx ဘူလေးလဲ ....အဲဒါ ဘူလေးလဲ xxx”””

...........။

မြစ်ကျိုးအင်း။.....။“ကျုပ်မိန်းမ ကတော့ ဘလော့ဂါလုပ်တာ ပါစပ်ပြဲသွားတယ်”

ဖိုးစိန်+အိမ်။....။“ဟေ..ဘာဆိုင်လို့တုန်း”

မြစ်ကျိုးအင်။....။“ မတန်တဆ အလုံးကြီးတွေ မိန့်ခွန်းချွေရလို့လေ”

အိမ်။....။ “အခုရော သက်သာသွားပြီးလား”

မြစ်ကျိုးအင်း။....။“ရင်ကျပ်ရောဂါ ပါရသွားပြီ ”

ဖိုးစိန်။....။“ဘယ်လိုဖြစ်ရတာတုန်း”

မြစ်ကျိုးအင်း။....။“အချွဲတွေ ထွက်လာတာများလို့ ဆေးခန်းပြမှ ရင်ကျပ်ရောဂါ ရမှန်းသိတာဗျ”

အိမ်။....။“အခုတော့ သက်သာသွားပြီပေါ့”

မြစ်ကျိုးအင်း။....။“ အခုလား လေဖြတ်ပြီး ပါးတချမ်းပါ ရွဲ့သွားတယ် စကားပြောရင် အရင်လို မပီတော့ဘူးဗျ
ငါစိတ်ဆိုးအောင် မလုပ်နဲ့လို့ပြောရင် နာချိတ်ချိုးအောင်မရုပ်နဲ့ ဖြစ်နေပြီ”

အိမ်။....။“ အော် ဖစ်မှဖစ်ရလေ အဲ ယောင်ကုန်ပြီ ဖြစ်မှဖြစ်ရလေဗျာ”

လူရွှင်တော်များသံပြိုင်။.....။ “““xxx ဘူလေးလဲ ဒါလေးကဘူလေးလဲ xxx”””

............။

အိမ်။....။“ ကျုပ်မိန်းမကြတော့ ဘလော့ဂါ လုပ်တာ အလုပ်ပါပြုတ်ရော ”

ဖိုးစိန်။.....။“ဘာဆိုင်လို့တုန်းဗျ”

အိမ်။...။“အလုပ်မှာကိုင်တဲ့ ကွန်ပြူတာကို ဘလော့အတွက် သုံးလို့ သူဌေးက အလုပ်ဖြုတ်လိုက်တာလေ”

မြစ်ကျိုးအင်း။....။“တနေ့လုံး ဘလော့အိမ်လည် ထွက်နေလို့များလား”

အိမ်။....။“အိမ်လည်တာက နဲနဲပါဗျာ သူ့ဘလော့သူ ၀င်လိုက်ထွက်လိုက် လုပ်နေလို့ဗျ”

ဖိုးစိန်။....။“တမျိုးပါလားဗျ ဘာအတွက် ၀င်လိုက်ထွက်လိုက် လုပ်နေတာလဲ”

အိမ်။.....။“တခါဝင်ရင် သူ့ဘလော့က လာတဲ့သူ တယောက်တိုးလို့တဲ့လေ ”

မြစ်ကျိုးအင်း+ဖိုးစိန်။...။““xxx ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် ””

ဖိုးစိန်။.....။“အဲဒါ အခုဘာအလုပ် လုပ်နေလဲ”

အိမ်။...။“၀င်လိုက်ထွက်လိုက် လုပ်ရတာ ၀ါသနာပါလို့တဲ့ နတ်ကတော် လုပ်နေတယ်”

လူရွှင်တော်များသံပြိုင်။.....။ “““xxx ဘူလေးလဲ .. အဲဒါဘူလေးလဲ xxx ”””


ဖိုးစိန်။....။ “ထပ်ပြောရင် အောက်ကနေ အုတ်ခဲပျံတွေ ဖိနပ်ပျံတွေ လာတော့မှာ မို့လို့ ဒီလောက်နဲ့ပဲရပ်ပြီး မင်းသမီးရဲ့
အလှည့်လေးလည်း ပေးရင် မကောင်းဘူးလားဗျာ...။”

မြစ်ကျိုးအင်း။....။“ဖြစ်သင့်တာပေါ့ဗျာ”

အိမ်။...။“အခုလာမှာ ဘူလေးလဲဟင်”

ဖိုးစိန်။...။“အခုအလှည့်ကျတဲ့ မင်းသမီးလေးကတော့ အများကြည်တဲ့ ဖွားကီပါပဲ ထူးထူးခြားခြား အစီအစဉ်လေး
ဖြစ်အောင် မင်းသားချောလေး လတ်လတ်ဇော် ကနေပြီး မကီကီနဲ့ တွဲဖက်ကာ နှစ်ပါးသွားကဏ္ဍလေးနဲ့
တင်ဆက်ပါမယ်ခင်မျာ”

မကြာမှီ မင်းသားလေးဇော်မှ မင်းသမီးကီကီ လက်ကိုဆွဲပြီး ဇာတ်စင်ရဲ့ ညာဘက်အခြမ်းမှ ထွက်ပေါ်လာ၏။

ဇော်။...။“နှမကလေးကီရေ မောင်ကြီးတို့ အများအမြင် ဘ၀င်ခွေ့စေဘို့ နှစ်ပါးခွင် တူယှဉ်မွေ့ရအောင်ပ ...ကကြစို့လေ”

မကီ။....။“အနားတချက်က ဖ၀ါးထပ်မျှ လိုက်ပါမယ့်သူပါ မောင်ကြီးရေ”

ဇော်။...။“ကဲ ဒါဆိုလည်း နှစ်ပါးသွား ကမယ် ဘုရားတရား တပေတော့ ကီကလေးရေ”

မင်းသားလေးဇော်ရဲ့ စကားဆုံးလျင် ဆိုင်းဆရာမှ မဟားတရား တီးလုံးဖြင့် နာမည်ကျော် ဒေ၀စ္ဆာရာ သီချင်းကို
ဇာတ်ကြမ်းတိုက်လေတော့သည်..။

“xxx အို အသေပစ်မှာ... ရွှေချစ်တာ စည်းစိမ်တွေပဲ ...လုမယ်ကြံသမျှ ..ပစ်ကာမနှေးမယ့် လက်ကလေးပါကွဲ့
သားတွေစုရုံး ဘဘကြီးအတွက် အူကြပေတော့ xxx

xxx အို နေရစ်ပါ... အိမ်ထဲက ထွက်မလာပါနဲ့ .....စုလာရင်ဖြင့် ... ကြောက်နေရတဲ့ ဘ၀လေးပါကွဲ့
အမှားတွေစုထုံး ဘုရားကွယ်ရတဲ့ အထိလည်း ဖြစ်ပြီxxx

xxx အို ရွှေညစ်တာ... တန်းလျားက ခြင်ကိုက်လွန်းလို့ ....မျက်နာပြောင်တိုက်ပြီး... မဆင်းပေးတာ နားလည်ပါကွဲ့
မယားတွေစုဆောင်း ရွှေချောင်းတွေလည်းများခဲ့ပြီxxx ”

နှစ်ပါးခွင်အား အပေးအယူ မျှမျှ မြိုင်မြိုင်ဆိုင်ဆိုင် ကပြီးသကာလ မင်းသားနှင့် မင်းသမီးတစ်ဦးကို တစ်ဦးဖေးမပြီး
ဇာတ်စင်နောက်သို့ ၀င်သွားလေတော့သည်။

ဖိုးစိန်။....။“မင်းသားနဲ့မင်းသမီးဆိုသွားတဲ့ သီချင်းလေး မကောင်းဘူးလားဗျာ”

မြစ်ကျိုးအင်း။....။“ကောင်းဆို သီချင်းနာမည်ကိုက အသေညစ်တာ တဲ့လေ”

အိမ်။...။“ကဲကဲ ထောင်တန်တဲ့စကားတွေ ရပ်ပြီး ကျုပ်တို့ရဲ့ အလုပ်အကိုင်လေး ကို ပရိတ်သတ်သိအောင်
မိတ်ဆက်ပေးကြ ရအောင်လားဗျာ”


မြစ်ကျိုးအင်း။...။အလုပ်အကိုင်ဆိုလို့ ပြောရအုံမယ် မင်းတို့ငါကို လူရွှင်တော်ဆိုပြီး အထင်သေးချင်ကြတာလား
ဒီမှာ ငါက တပ်ထွက်ကွ”

“မထင်ရပါလားကွာ ငယ်ငယ်လေးပဲရှိသေးတယ်”

“ဟေ့...ဟေ့ ဖိုးစိန် မင်းမညစ်ပါတ်နဲ့နော် ငါပြောတဲ့ တပ်ထွက်ဆိုတာ စစ်တပ်က ထွက်လာတာကို ပြောတာကွ”

“အေးပါကွ ငါကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်လာတာကို ပြောတာပါကွာ လုပ်စမ်းပါအုံး
ဘာကြောင့်ထွက်လာရတာလဲ”

“တကယ်တော့ ငါက လွဲချက်ကယ် နာခဲ့လို့ ရာထူးကအဖြုတ်ခံရတာကွ ”

“အမ်မယ်စိတ်ဝင်စားစရာပါလား ဘယ်လိုလွဲတာတုန်းကွ”

“တနေ့တော့ ငါတို့တပ်ထဲကို အထက်လူကြီးလာတယ်ကွ ရောက်လာတော့လည်း ထုံးစံအတိုင်း မှာတမ်းတွေ
ချွေတာပေါ့ကွာ ငါလည်း ညက အိပ်ရေးပျက်ထားတော့ သူပြောတာတွေ သေသေချာချာ မမှတ်မိလိုက်ပါဘူး

အဲ...ညရောက်တော့ တပ်ရင်းမှူးက ငါ့ကိုခေါ်တွေ့တယ်လေ မင်းနေ့လည်က ဘာလို့ဂရုတစိုက် နားမထောင်တာလည်းတဲ့
ငါကလည်း ကျွန်တော်နားထောင်ပါတယ်လို့ ပြန်ဖြေတော့ ငါ့ကိုဒါဆို နေ့လည်က ဗိုလ်ချုပ်ဘာမှာသွားလဲတဲ့မေးပါလေရော ငါလည်းစိတ်ထဲရှိတာဖြေလိုက်တာ တခါတည်း အချုပ်ထဲ ရောက်ပြီး အလုပ်ပြုတ်တော့ တာပါပဲကွာ”

“မင်းကဘယ်လိုဖြေလိုက်လို့လဲ”

“ ဗိုလ်ချုပ်မှာ ဆိုမှတော့ ငါလည်း စကားလိန်နဲ့မေးတာထင်ပြီး ဗာဂျာမှုတ်လို့ ဖြေလိုက်မိတာ”

“ဂွမ်း” မြစ်ကျိုးအင်းခေါင်းအား ကျန်လူရွှင်တော်များမှ ၀ိုင်းရိုက်လိုက်ကြသည်။

မြစ်ကျိုးအင်း။...။“ မဟုတ်ဘူးလေကွာ ရှေ့တန်းမှာ ပျင်းနေရင် သီချင်းဆိုလို့ ရတယ်လေကွာ”

ဖိုးစိန်။....။“တခါတည်း၆၅ နှစ်ချလိုက်ရမှာ”

အိမ်။...။“ဒါကြောင့်မောင်မှူးကြီးက နှုတ်ခမ်းထော်နေတာကိုး”


အိမ်။....။“သူငယ်ချင်းက အလုပ်ပြုတ်လာတယ်ပြောတော့ ငါအလုပ်ပြုတ်တာလေး သတိရမိသေးတယ်”

ဖိုးစိန်။...။“အော် ကို အိမ်ကလည်း အလုပ်ပြုတ်လာတာကိုး ဘယ်လိုဖြစ်တာလည်း ပြောစမ်းပါအုံးဗျ”

အိမ်။....။“ ကျနော် သဘောင်္သားဘ၀ကပေါ့ဗျာ တစ်ခါတော့ အတွေ့အကြုံရအောင်ဆိုပြီး ရေငုပ်သဘောင်္နဲ့
လိုက်သွားမိတယ် တခါတည်း အလုပ်ကို တန်းပြုတ်တာပဲဗျာ”

မြစ်ကျိုးအင်း။....။“ခင်များက ဘာလုပ်မိလို့လဲ”

အိမ်။....။“အိုက်လို ပြတင်းပေါက်လေး ဖွင့်မိတာပါဗျာ”

“ဂွမ်း” အိမ်တိုင်ကျိုး ခေါင်းအား ၀ိုင်းရိုက်ကြကုန်တော့သည်။

ဖိုးစိန်။...။“ခင်များတို့ပြောတော့ ကျုပ်လည်း အားကျမခံ ပြောရသေးတာပေါ့”

အိမ်။....။“ခင်များရော အလုပ်ပြုတ်တာပဲလား”

ဖိုးစိန်။....။“အမ်မယ် အထင်သေးလို့”

မြစ်ကျိုးအင်း။....။“မဟုတ်ဘူးလား”

ဖိုးစိန်။....။“ဟဲဟဲ ဟုတ်တယ် ကျုပ်စားသောက်ဆိုင်မှာ လုပ်တော့ စားသုံးသူမှာတဲ့ဟင်း မှားချက်ပေးလို့ အလုပ်ပြုတ်တာဗျ”

အိမ်။....။“စားသုံးသူက ဘာမှာလို့လဲ”

ဖိုးစိန်။...။“စားသုံးသူက ဥပါတဲ့ငါးကောင်လုံးကြော်မှာတာဗျ ဒါနဲ့ကျုပ်လည်း ငါးအထီးတကောင် သတ်ပြီး
ကြော်ပေးလိုက်မိတာ အလုပ်ပါပြုတ်ရော”

“ဂွမ်း”

မြစ်ကျိုးအင်း။.....။“စားသုံးသူက သေသေချာချာမရှာလို့နေမှာပါဗျာ”

“ကျုပ်တို့တွေချည်းပဲ ပျက်လုံးထုတ်တာလည်းကြာသွားပြီ မင်းသမီးလေးလည်း ကချင်နေရှာရောပေါ့
ကိုမြစ်ကျိုးအင်း ဒီတခါ ခင်များခေါ်ဗျာ”

“ဒီတခါ အလှည့်ကျတာက မင်းသမီး မဟုတ်ဘူးဗျ မင်းသားလေး လတ်လတ်ဇော်ရဲ့ တစ်ကိုယ်တော် အကအလှပါပဲ
ကျွန်တော်တို့ရဲ့ မင်းသားလေးဆိုတော့ သေသေချာချာ ဖွဲ့ဖွဲ့နွဲ့နွဲ့လေး ခေါ်ရမယ်ဗျ”

“ဘယ်လိုများခေါ်မှာပါလိမ့်”

“မင်းသားရေ မြန်မြန်လာဟေ့”

“တော်တော်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ စာစီလိုက်ရမှာပဲ”

ခေါ်သံဆုံးလျင်ဆုံးချင်း မင်းသားလေး လတ်လတ်ဇော် ခုန်ပေါက်ပြီး ပြေးထွက်လာသည်။

“ကလို့ရပြီလား ကိုဂျီးကျိုး ကချင်လှပြီဗျ ”

“ပရိတ်သတ်နဲ့ မိတ်မဆက်တော့ဘူးလား မင်းသားရဲ့”

“နောက်မှဆက်ဗျာ အခုတော့ ကချင်နေပြီ ကျွန်တော်ချစ်သူ အွန်လိုင်းပေါ်တက်မလာတာ သုံးရက်ရှိနေလို့
သူ့ကို ဒီလိုလေး ပြောလိုက်ချင်ပါတယ်”

“““ကြားပါရစေဗျာ”””

ပြောပြီးပြီးချင်း ဆိုင်းဆရာ ကို မျက်စပစ်ကာ ဂျွမ်းသုံးပါတ် ပစ်လိုက်တော့သည်။ဆိုင်းဆရာလည်း တားလို့ရလမ်း
မမြင်သဖြင့် မင်းသားလေးလတ်လတ်ဇော်အတွက် အပူလုံးကြွ လူလုံးမလှတဲ့ တီးကွက်များဖြင့် ငိုချင်းချပေးရတော့၏။

(xxx ချစ်သူလာသောညက အင်တာနက်မှန်ပါတယ်
xxx ချစ်သူမလာသော အခုရက် ကွန်နက်ဘယ်လို ဖြစ်နေသလဲကွယ်
xxx ပုဂံနက် ဘယ်လို စုတ်နေသလဲကွယ်
xxx ချစ်သူမုန်းလို့ ရှောင်ပြေးကာ ပုန်းနေတာလားကွယ်xxx။)

ညောင်နာနာ အသံလေးဖြင့် လွမ်းလွမ်းဆွတ်ဆွတ် ရှိုက်ကာရှိုက်ကာ နှစ်ခေါက်တိတိ ဆိုပြီးချိန်တွင် တိုက်ပုံလေး
ပုခုံးပေါ်တင်ကာ တွံတေးသိန်းတန် စတိုင်ဖြင့် ဇာတ်စင်နောက်သို့ ၀င်သွားလေတော့သည်။
လူရွှင်တော်သုံးယောက်ကလည်း ထောင့်အသီးသီးမှ စပ်ဖြဲဖြဲ မျက်နာများဖြင့် ထလာကြသည်။

ဖိုးစိန်။....။“လူရွှင်တော်တွေရဲ့ သမားစဉ်အရ ကျုပ်တို့လည်း သံချပ်လေးထိုးကြရင် မကောင်းဘူးလားဗျာ”

အိမ်။.....။“ဒါဆို ခင်များက အတိုင် ကိုတာဝန်ယူဗျာ ကျနော်နဲ့ မြစ်ကျိုးအင်းနဲ့က အဖောက်တာဝန်ယူမယ်”

မြစ်ကျိုးအင်း။....။“အတိုင်အဖောက်တော့ ညီပါစေနော်”

ဖိုးစိန်။...။“စိတ်ချ...ကျုပ်က ကုန်ဈေးနှုန်းက တက်လွန်းတယ် လို့တိုင်ပေးမယ် ခင်များတို့က မြန်မြန်ကျပါစေ လို့ဆိုကြ”

မြစ်ကျိုးအင်း။....။“အိုကေ သဘောပေါက်ပြီ”

ဖိုးစိန်။...။ “ကုန်ဈေးနှုန်းကတက်လွန်းတယ်”
အိမ်+မြစ်ကျိုးအင်း။.....။ “မြန်မြန်ကျပါစေ ဆုတောင်းကြစို့”

ဖိုးစိန်။...။“တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ”
အိမ်+မြစ်ကျိုးအင်း။.....။ “မြန်မြန်ကျပါစေ ဆုတောင်းကြစို့”

ဖိုးစိန်။...။“အဲလိုမဟုတ်ဘူးလေ ထာဝစဉ်သာ တည်တံ့ပါစေ လို့ ဆိုကြလေဗျာ ကဲပြန်ဆိုမယ်”

ဖိုးစိန်။...။“တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ”
အိမ်+မြစ်ကျိုးအင်း။.....။ “ထာဝစဉ်သာတည်တံ့ပါစေ”

ဖိုးစိန်။....။“၀က်တုတ်ကွေးရောဂါ ကြောက်စရာ”
အိမ်+မြစ်ကျိုးအင်း။.....။“ထာဝစဉ်သာတည်တံ့ပါစေ”

ဖိုးစိန်။....။“နင့်ကြီးတော်ထာဝစဉ်တည်တံ့ပါလားဟဲ့ ဘာတွေဆိုနေမှန်း မသိဘူး ၀က်တုတ်ကွေးရောဂါ ကြောက်စရာ
လူ့ပြည်ရွာက မြန်မြန်မောင်းထုတ် လို့ဆိုရမှာလေ ”

အိမ်။....။“စောတီး ကိုကိုး”

ဖိုးစိန်။.....။“ကဲပြန်ဆိုမယ် ၀က်တုတ်ကွေးရောဂါ ကြောက်စရာ”
အိမ်+မြစ်ကျိုးအင်း။.....။“လူ့ပြည်ရွာက မြန်မြန်မောင်းထုတ်”

ဖိုးစိန်။.....။“ကားသမားတွေက အမောင်းကြမ်းတယ်”
အိမ်+မြစ်ကျိုးအင်း။.....။“လူ့ပြည်ရွာက မြန်မြန်မောင်းထုတ်”

ဖိုးစိန်။...။မဟုတ်ဘူးလေကွာ ဒုက္ခရောက်မှာ အားလုံးပါပဲ လို့ ဆိုရမှာလေ ပြန်ဆိုကြ”

ဖိုးစိန်။.....။“ကားသမားတွေက အမောင်းကြမ်းတယ်”
အိမ်+မြစ်ကျိုးအင်း။.....။“ဒုက္ခရောက်မှာ အားလုံးပါပဲ”

ဖိုးစိန်။....။“၂၀၁၀ လည်းရောက်တော့မယ်”
အိမ်+မြစ်ကျိုးအင်း။.....။“ဒုက္ခရောက်မှာ အားလုံးပါပဲ”

ဖိုးစိန်။....။“နင်တို့လုပ်ပုံနဲ့တော့ ကားအပြာလေး စီးနေရအုံးမယ် စိတ်ညစ်တယ် တကယ်ပဲ ၂၀၁၀ ရောက်ရင်
နှစ်သစ်ရောက်ပြီလေကွာ အဲဒီတော့ တပြည်လုံးထွက်ကာ ပျော်ကြပါစို့ လို့ လိုက်ဆိုရမှာ ပြန်ဆိုမယ်”

အိမ်။....။“စောတီးကိုကိုး”

ဖိုးစိန်။....။“၂၀၁၀ လည်းရောက်တော့မယ်”
အိမ်+မြစ်ကျိုးအင်း။.....။“တပြည်လုံးထွက်ခါ ပျော်ကြပါစို့”

ဖိုးစိန်။....။“ကျုပ်တို့ ဘဘကြီးသေတဲ့အခါ”
အိမ်+မြစ်ကျိုးအင်း။.....။“တပြည်လုံးထွက်ခါ ပျော်ကြပါစို့”

ဖိုးစိန်။....။“ပေါက်ကရတွေ လျှောက်ပြောပြန်ပြီ ၀မ်းနည်းသ၀ဏ်လွှာ ပို့ရမှာ လို့ဆိုကြလေကွာ”
မြစ်ကျိုးအင်း။.....။“စောတီး ကိုကိုး”

ဖိုးစိန်။....။“ကျုပ်တို့ဘဘကြီးသေတဲ့အခါ”
အိမ်+မြစ်ကျိုးအင်း။.....။“တပြည်လုံးထွက်ခါ ပျော်ကြပါစို့ အဲမှားလို့ ၀မ်းနည်းသ၀ဏ်လွှာ ပို့ရမှာပဲ”

ဖိုးစိန်။.....။“ဖိုးစိန်တယောက်ပျောက်လို့နေ”
အိမ်+မြစ်ကျိုးအင်း။.....။“၀မ်းနည်းသ၀ဏ်လွှာ ပို့ရမှာပဲ”

ဖိုးစိန်။....။“တော်တော်ချစ်ကြတာကိုး ဘာဝမ်းနည်းသ၀ဏ်လွှာပို့ရမှာပဲ လည်း ဖိုးစိန်တယောက်ပျောက်လို့နေဆိုရင်
လယ်ထဲရောက်တာတော်တော်ကြာပေါ့ လို့ ဆိုရမှာ ကဲပြန်ဆိုကြ”

ဖိုးစိန်။.....။“ဖိုးစိန်တယောက်ပျောက်လို့နေ”
အိမ်+မြစ်ကျိုးအင်း။.....။“လယ်ထဲရောက်တာတော်တော်ကြာပေါ့ ”

ဖိုးစိန်။....။“ငါတို့နိင်ငံရဲ့ ပညာတတ်တွေ”
အိမ်+မြစ်ကျိုးအင်း။.....။“လယ်ထဲရောက်တာတော်တော်ကြာပေါ့ ”

ဖိုးစိန်။....။“ဟုတ်ဘူးလေကွာ ပညာရဲရင့် ပွဲလယ်တင့်တယ် လို့ဆိုရမှာ ဘာမှလည်းမရဘူး ဘာတွေလျှောက်ဆိုနေကြတာလဲ”
အိမ်။.....။“စောတီးကိုကိုး”

ဖိုးစိန်။....။“ငါတို့နိင်ငံရဲ့ ပညာတတ်တွေ”
အိမ်+မြစ်ကျိုးအင်း။.....။“ပညာရဲရင့် ပွဲလယ်တင့်တယ် ”

ဖိုးစိန်။.....။“အရူးတယောက် လမ်းလျှောက်လာ”
အိမ်+မြစ်ကျိုးအင်း။.....။“ပညာရဲရင့် ပွဲလယ်တင့်တယ် ”

ဖိုးစိန်။...။“နင်တို့ရူးမှပဲ ပွဲလယ်တင့်တော့..အရူးတယောက်လျှောက်လို့လာ ခွေးတွေဝိုင်းတောင် သူမမှုဘူးလို့ဆိုလေ”

ဖိုးစိန်။.....။“အရူးတယောက် လမ်းလျှောက်လာ”
အိမ်+မြစ်ကျိုးအင်း။.....။“ခွေးတွေဝိုင်းတောင် သူမမှုဘူး”

ဖိုးစိန်။.....။“ငါတို့အမေစု သတိရတယ်”
အိမ်+မြစ်ကျိုးအင်း။.....။“ခွေးတွေဝိုင်းတောင် သူမမှုဘူး”

ဖိုးစိန်။.....။“ကျန်းမာပါစေ ဆုတောင်းပေးပါလို့ ဆိုရမှာလေ တကယ်ပဲ ဘာတွေဆိုနေကြမှန်းကို မသိဘူးပြန်ဆိုကြ”

ဖိုးစိန်။....။“ငါတို့အမေစု သတိရတယ်”
အိမ်+မြစ်ကျိုးအင်း။.....။“ကျန်းမာပါစေ ဆုတောင်းပေးပါ”

ဖိုးစိန်။.....။“ပစ္စည်းဥစ္စာ မတည်မြဲပါ”
အိမ်+မြစ်ကျိုးအင်း။.....။“ကျန်းမာပါစေ ဆုတောင်းပေးပါ”

ဖိုးစိန်။....။တခါဆို တခါသင်နေရတာပဲ ပစ္စည်းဥစ္စာ မတည်မြဲပါ လို့ဆိုရင် မင်းလိုချင်ရင်ပေးလိုက်ပါ့မယ် လို့ ဆိုရမှာလေ”
မြစ်ကျိုးအင်း။.....။“စောတီး ကိုကိုး”

ဖိုးစိန်။.....။“ပစ္စည်းဥစ္စာ မတည်မြဲပါ”
အိမ်+မြစ်ကျိုးအင်း။.....။“မင်းလိုချင်ရင် ပေးလိုက်ပါ့မယ် ”


ဖိုးစိန်။.....။“မင်းတို့ညီမလေး လှပဂေး”
အိမ်+မြစ်ကျိုးအင်း။.....။“လက်သီးလိုချင် ဒီမှာ နမ်းထား”

ဖိုးစိန်။.....။“အရင် အပိုဒ်တွေလို မင်းလိုချင်ရင် ပေးလိုက်ပါ့မယ် လို့ ဆိုကြလေကွာ”
အိမ်။......။“ဘာလို့ဆိုရမှာလဲ ငါတို့ကို မအ ဘူးများမှတ်နေလား”
မြစ်ကျိုးအင်း။....။“မင်းလုပ်ချင်တိုင်းလုပ်လို့ရအောင် ငါတို့ကို မင်းရဲ့ မဲပုံး များမှတ်နေလား”
ဖိုးစိန်။.....။“ဒါက သံချပ်လေကွာ”
အိမ်+မြစ်ကျိုးအင်း။....။“ဘာမှ မချပ်နဲ့ တော်ပြီ မဆိုတော့ဘူး”

ထိုအချိန်တွင် အရှေ့က ကသွားသော မင်းသမီးလေးကောင်းကင်ပြာ မကီကီ တို့နှင့်အတူ မင်းသားလေး
လတ်လတ်ဇော် ပါထွက်လာပြီး လူရွှင်တော် သုံးယောက်နှင့်အတူပရိတ်သတ်ကို လက်အုပ်ချီကာ ဂါရ၀ပြု
နှုတ်ဆက်လိုက်ကြတော့သည်။

ဇာတ်စင်ဘေးတဖက်တချက်မှ ကြက်သွေးရောင် ကန့်လန့်ကာကြီးမှာ တဖြည်းဖြည်းထွက်လာပြီး ပွဲခင်းတခုလုံး
မီးရောင်တို့ဖြင့် လင်းထိန်သွားလေတော့သည်။

ဤတွင် အငြိမ့်ခန်း တခန်းရပ်ပါပြီ။
ကျန်းမာရွှင်လန်းအမောအပန်းပြေပါစေ။

.........................................................................................................................................................


ဝန်ခံချက်။...။ ဤအငြိမ့်ကို သူငယ်ချင်း အိမ် တဂ် ၍ ရေးပေးပါသည်။
ဤ အငြိမ့်ခန်းတွင်ပါဝင်သော အဖွင့်နတ်သီချင်းနှင် ရေငုပ်သဘောင်္ ပျက်လုံးမှလွဲလျင် ကျန်သည့် သံချပ်များ
ပျက်လုံးများနှင့် စာသားများအားလုံး မည်သည့်စာမျက်နာပေါ်တွင်မှ မရှိသေးသော ကိုယ်ပိုင်စာစုများဖြစ်ပါသည်။
ခေတ်ပေါ် အငြိမ့်ခန်းတို့ရဲ့ ထုံးစံအတိုင်း ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများပါခဲ့ပါက ခွင့်လွှတ်ကြပါရန်.....။

ဤဘလော့ဂါ အငြိမ့်တွင် နာမည်အသုံးပြုခွင့်ပေးခဲ့သော....
မကီကီ
မကေ&