“တခါတရံမှာ နာကျင်ခြင်းက ချိုမြိန်တယ်”

14 February 2012



 ကိုယ့်ဘေးကလူ ငြူစူမှာကြောက်လို့ ထုတ်ပြောခွင့်မရတဲ့ 
အချစ်ဦးဇာတ်လမ်းတွေက ရင်ထဲမှာ 
ပိုပြီး ကြာရှည် တွယ်ခိုနေတတ်တယ်။

တိုးတိတ် တိတ်ဆိတ်တဲ့အခန်းလေးတစ်ခုထဲကို ကျနော် ရောက်နေခဲ့တာပါ။ ကုတင်တစ်လုံးလို အသုံးပြုထားတဲ့ ဆိုဖာခုံတန်းလေးပေါ်မှာ ပက်လက်အိပ်ရင်းပေါ့။ မျက်နာကျက်က နှစ်ပေမီးချောင်းလေးကို ကြည့်ငေးရင်း ကျနော်ပြုံးမိပြန်တယ်။ ဒါနဲ့ဆို ပြုံးမိတာ သုံးခါရှိနေပြီ။ အခုအဖြစ်အပျက်က သိပ်အံ့သြဖို့ကောင်းမှန်း ကျနော်သိနေတယ်။ ဒါကြောင့် ပြုံးမိတာ။ ဒီ ရှစ်ပေပတ်လည်လောက်ပဲ ကျယ်တဲ့ အခန်းထဲကို ဝင်လာဖြစ်တဲ့ ခံစားချက်ကိုက သိမ်မွေ့လှပလွန်းပါတယ်။ 

ပက်လက်အိပ်နေရင်း ဘေးဘီကို ကြည့်လိုက်တယ်။ အခန်းနံရံတွေမှာ ဓါတ်ပုံပေါင်းများစွာ ချိတ်ဆွဲထားတယ်။ နဂါးပုံတွေ၊ ကင်းမြီးကောက်၊ အရိုးခေါင်း ၊ အသဲပုံ၊ လိပ်ပြာ၊ ငါး ၊ ပန်းပွင့်၊  ကျား ၊ မီးလျှံ၊ ချိန်ခွင် ၊ ကျောက်ဆူး၊  ကနုတ် ၊ ကြယ် ၊ လ၊ နေ ၊ လက်ဝါးကပ်တိုင် ပုံတွေ၊ ပြီးတော့ စာတန်းအမျိုးမျိုးကို ပုံစံမျိုးစုံနဲ့ ရေးထားတာတွေကို တွေ့ရမယ်။ အဲဒီပုံတွေအားလုံးက လူ့ခန္ဓာကိုယ် အရေပြားပေါ်မှာ အရောင်စုံတောက်ပစွာ ထိုးနှံထားတာတွေပါ။ ဒီနေရာက (tattoo )တက်တူးထိုးတဲ့ ဆိုင်ဖြစ်ပါတယ်။ ဒါကြောင့် အခုအဖြစ်အပျက်က သိပ်အံ့သြဖို့ကောင်းနေတယ်လို့ ကျနော် ပြောခဲ့တာပေါ့။ 

တက်တူးနဲ့ ပါတ်သတ်ရင် ကျောက်တောင်ကို လက်နဲ့တူးမှ ရေထွက်ရမယ့် ခက်ခဲမှုမျိုးလို ကျနော်က တက်တူးထိုးဖို့ စိတ်မကူးခဲ့ဖူးသူပါ။ အဲဒီလိုလူက တက်တူးဆိုင်ထဲကို ကြည်လင်နေတဲ့ စိတ်ရယ် အနည်းငယ်ထက်ပိုမြန်နေတဲ့ နှလုံးခုန်သံနဲ့အတူ ဝင်လာခဲ့တာ ထူးဆန်းမနေဘူးလား။ တက်တူးဆရာကို “ကျနော် တက်တူးထိုးချင်လို့ပါ” လို့ ပြောပြီးပြီးခြင်း နှလုံးခုန်နှုန်းတစ်ချက် ဒေါင်လိုက်ဆောင့်ခုန်သွားတာ သတိထားမိလိုက်တယ်။ ပြီးတော့ အရာရာ အေးခဲသွားသလို ပြန်လည်ငြိမ်သက်သွားတယ်။ ဆုံဖြတ်ချက်တစ်ခုခု ခိုင်မာလွန်းတဲ့ အခါမှာ ငြိမ်သက်တဲ့ ပုံစံမျိုး။ 

ကျနော်ထိုးချင်တဲ့ပုံစံကို ပြောပြီးပြီ။ ဒီဇိုင်းကို ရွေးပြီးပြီ။ အခု တက်တူးဆရာကို စောင့်နေတာပါ။ ခပ်မတ်မတ် ဆိုဖာကုတင်ပေါ်မှာမှီအိပ်ရင်း ဝတ်လာတဲ့တီရှပ်ကို ချွတ်ပြီး ကျနော် စောင့်ဆိုင်းနေတယ်။ ဘယ်ဘက်ရင်အုံပေါ်မှာ ထိုးဖို့ ခပ်မြန်မြန်ပဲ ရွေးချယ်ဖြစ်တာဟာ ၁၅၀၀ ကိလေသာ သက်သက်ကြောင့်မဟုတ်ဘူး။ အထိုက်တန်ဆုံးနေရာ တစ်ခုအဖြစ် ကျနော် တမင်ရွေးချယ်မိတာ။ ပုံမှန်အားဖြင့်တော့ ခပ်ရိုးရိုး အစီအစဉ်တစ်ခုပါ။ ဘယ်ဘက်ရင်အုံပေါ်မှာ ချစ်သူ နာမည်ထိုးတယ်ပေါ့။ ဒီလောက်ပဲ။ ဘယ်သူမြင်မြင် အမျာကြီးတွေးစရာ မရှိတဲ့ အခုလို ကျနော့်ရဲ့ ရွေးချယ်မှုမှာ သံမဏိကြိုးမျှင်လေးတွေလို ခိုင်မာလွန်းတဲ့ စိတ်ခံစားချက်တွေ အများကြီး ပါဝင်နေတယ်။

“ကိုယ့်ဆရာ အဆင်သင့်ပဲလား”
အနားရောက်လာတဲ့ တက်တူးဆရာကို ကျနော် ခေါင်းတချက်ညိတ်ပြလိုက်တယ်။

“ ဒါပထမဆုံးထိုးတာဆိုတော့ ထိုးချင်တာ သေချာပါတယ်နော်”

ဒီမေးခွန်းက ဒုတိယအကြိမ်မေးတဲ့ မေးခွန်း။ ဒီဇိုင်းတွေ ရွေးပြီးတုန်းက တစ်ခေါက်မေးပြီးပြီ။ ထိုးပြီးမှ နောင်တရမှာကို စိတ်ပူဟန်တူပါရဲ့။
“ သေချာပါတယ်။ ကဲ... စကြစို့ ။”



တက်တူးဆရာက ဘီးပါတဲ့ခုံပုလေးကို ကုတင်ဘေးကို ဆွဲယူပြီး ထိုင်လိုက်တယ်။ ဆေးဗူးလေးတွေနဲ့ တက်တူးစက် တင်ထားတဲ့ စားပွဲအသေးလေးကိုလည်း အနားကို ဆွဲယူပြန်တယ်။ လက်အိတ်လည်း စွပ်ပြီးပြီ။  တက်တူးဆရာက ကျနော့်ရင်ဘတ်ပေါ်မှာ ထိုးချင်တဲ့ဒီဇိုင်းကို အရာပေးပြီး ကျနော့်ကို မှန်ထဲကတဆင့် ပြတယ်။ အိုကေ ဆိုပြီး ပြောလိုက်တော့ တက်တူးဆရာက စက်ကို စကိုင်လိုက်တယ်။ ဒီတော့ အခုကျနော် မျက်လုံးမှိတ်လိုက်ဖို့ပဲ ကျန်တော့တာပေါ့။

တိုးတိတ်နေတဲ့ အခန်းလေးထဲမှာ စက်သံ တဂျစ်ဂျစ်က ကျနော့်အတွက် သာမန်ထက် ပိုကျယ်နေတယ်။ ဒါမျိုးကို ကျနော် မကြိုက်ခဲ့ဘူး။ အခါခါ ရှုံ့ချခဲ့ဖူးတယ်။ နားရည်ဝနေတဲ့ စကားပုံကို အထပ်ထပ်ရွတ်ခဲ့ဖူးတယ်။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး နောင်ပြင်ရန်ခက်သည့်အမျိုး ။ လောက မှာအမြဲပြောင်းလဲနေတယ် မဟုတ်လား။ ဘာမှမတည်မြဲဘူး။ သွေးသားနဲ့ဖွဲ့စည်းထားတဲ့ လူ့စိတ်က ပိုပြီးအပြောင်းလဲမြန်တယ်။  ဒီတော့ သေရာပါမယ့် အရာတွေ တစ်ခုမှ အစွဲထင်မခံချင်ခဲ့။ နောက်ပြီး ကျနော်က ဆေးထိုးရမှာတောင် တတ်နိင်သမျှ ငြင်းဆန်ခဲ့သူ။ အသားထဲ တစိမ့်စိမ့်နဲ့ တိုးဝင်လာမယ့် အပ်ဖျားကို စောင့်ဆိုင်းရတာရယ် တိုးဝင်လာတဲ့ခံစားချက်ရယ်ကို မကြိုက်တာ။ ဒီတော့ တက်တူး နဲ့ ကျနော် ဝေးနေတာ ဘာမှမဆန်း။

“...”

ဆတ်ခနဲတိုးဝင်လာတဲ့ စူးခနဲ နာကျင်ခံစားချက်ကြောင့် ကျနော် အသံမထွက်မိအောင် လက်ကို ခပ်တင်းတင်းဆုပ်လိုက်မိတယ်။ မခံနိင်လောက်အောင် နာကျင်လို့ရယ်တော့ မဟုတ်ပါဘူး။ ကျနော် မုန်းတဲ့ အပ်ဖျား ကြောင့်ပါ။ နောက်တော့ သူတို့ တဆတ်ဆတ်နဲ့ တိုးဝင်လာကြတယ်။ မြင့်တက်လာတဲ့ နာကျင်ခြင်းမှာ ယုန်ကလေးရဲ့ မျက်နာကို မြင်မိတော့ ကျနော် ပြုံးလိုက်မိတယ်။ နာကျင်ခြင်းတောင် သက်သာသွားသလိုပဲ။ 

ယုန်ကလေးဆိုတာ ကျနော် သိပ်ချစ်ရတဲ့သူပါ။ ယုန်ကလေးသာ ဘေးနားပါနေရင် သူ ကျနော့်လက်ကို တင်းတင်းဆုပ်ပြီး မျက်နာလွှဲနေမှာ သေချာတယ်။ တက်တူးဆိုင်ထဲ ကျနော်ဝင်မယ်လုပ်ရင် သူက တားမှာ။ သူ့နာမည် ထိုးမယ်မှန်းသိရင် “ဟင် တကယ်” ဆိုပြီး အံ့အားသင့်လိမ့်မယ်။ ကျနော်က သေချာကြောင်း အတည်ပြုလိုက်ရင် သူ့လက်ဖျား ခြေဖျားတွေ ချက်ချင်းအေးလာမယ်။ စိတ်လှုပ်ရှားတိုင်း လုပ်လေ့ရှိတဲ့ လက်ကလေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ် ပုခုံးလေးတွန့်ပြီး အံကြိတ်သံလေးနဲ့ အီးး ခနဲ သူခပ်တိုးတိုးအော်မယ်။ ပြီးရင် သိပ်ပျော်သွားလိမ့်မယ်။

ဒါပေမယ့် သူတားမှာပါ။ သူ့နာမည်ထိုးမှာဆို ပိုပြီးတောင် တားမြစ်မှာ။ သူက သူ့အတွက်ပျော်ရွှင်ခြင်းထက် ကျနော့်ကိုပိုပြီး အလေးအနက်ထားသူ ဦးစားပေးသူလေ။ ကျနော် နာကျင်မယ်ဆိုရင် သူ ဘာပဲရရ လဲယူမယ့်သူမဟုတ်ဘူး။ ဒါပေမယ့် ကျနော်က တကယ်ထိုးမှာ လို့ တခွန်းထပ်ပြောလိုက်ရင် ယုန်ကလေးက တိတ်တိတ်လေး ကျနော့်ဘေးနားကနေ လိုက်ဝင်လာမယ်။ ဆန့်ကျင်ဘက်စကား ထပ်မဆိုတော့ဘူး။ ကျနော့်စကားက သူ့ဘဝလို့ မှတ်ထင်ထားရှာသူလေးပါ။ ခုတော့ သူ့ကို မခေါ်လာဖြစ်သလို ကျနော်တက်တူးထိုးမှာကိုလည်း သူကြားရင်တောင် တော်တော်အံ့အားသင့်သွားမှာပါ။ သူ့အရှေ့မှာတင် တက်တူးထိုးထားတဲ့သူတွေကို ရှုံ့ချခဲ့ဖူးတာကိုး။

အဆိုးဆုံးက လက်ဖျံမှာဖြစ်စေ ရင်ဘတ်မှာဖြစ်စေ အမျိုးသမီးနာမည်တခုခုကို မြင်တိုင်း ကျနော် လှောင်ပြုံး ပြုံးတယ်။ ကဲ.. အဲဒီအမျိုးသမီးနဲ့ ဝေးသွားရင် ဒီနာမည်ကြီး ဘယ်လိုလုပ်မလဲ။ နောက်မိန်းမ တစ်ယောက်နဲ့ ရရင်ရော။ အဲဒါပဲ။ ကျနော် တက်တူးကို မနှစ်သက်ခဲ့တာ။ ကျနော်က တတ်နိင်သမျှ နောင်တမရချင်သူ။ ဒီတော့ ခန္ဓာကိုယ်မှာ အရုပ်ပုံတခုခုထက် နာမည်ထိုးတာကို ပိုမကြိုက်တာ။ ခုတော့ ကျနော် ကိုယ်တိုင် ထိုးမိနေပြီ။  ကျနော့်ရွေးချယ်မှု မမှားဘူးဆိုတာ သိတယ်။ ဘာကြောင့်ဆိုတော့ ယုန်ကလေးက ကျနော် ဘယ်လောက်ပဲ ပေးဆပ်ဆပ် သူကျနော့်အပေါ် ကောင်းသမျှကို မမှီနိင်စေတဲ့ အမျိုးသမီးလေးပါ။

တက်တူးဆရာက စက်ကို နံဘေးခုံပေါ်တင်ပြီး ဆီဆွတ်ထားတဲ့ ဂွမ်းစလေးနဲ့ ထိုးထားတဲ့ နေရာကို ခပ်ဖွဖွသုတ်ပေးတယ်။ မှန်ထောင်ပြီး ကြည့်လိုက်တော့ ယုန်ကလေးနာမည်ရဲ့ ရှေ့ဆုံးစာလုံးလေးကို ခပ်ဝါးဝါးမြင်ရတယ်။ ယုန်ကလေးဆိုတဲ့ နာမည်ကို ထိုးတာမဟုတ်ပါဘူး။ သူ့နာမည် မိုးမခ ထဲက MOE ဆိုတဲ့ စာလုံးကို ထိုးတာ။ ယုန်ကလေးဆိုတာက ဖြူစင်လွန်းသူ အပြစ်ကင်းလွန်းသူမို့ ကျနော် ပေးထားတဲ့ နာမည်ပါ။ 

“အေးဆေးပဲ မဟုတ်လား”

တက်တူးဆရာက ကျနော့် ခံနိင်ရည်ကို မေးဟန်တူပါတယ်။ ကျနော် ခေါင်းညိတ်ပြပြီး မျက်လုံးပြန်မှိတ်နေလိုက်တယ်။ တက်တူးစက်သံ တဂျစ်ဂျစ်က အသဲယားစဖွယ် ပြန်ထွက်လာပြီ။ ထွေထွေထူးထူး မဖန်တီးရဘဲ ယုန်ကလေးက ကျနော့်အတွေးထဲ အလွယ်တကူ ပြန်ဝင်လာတယ်။ စူးခနဲ ဆစ်ခနဲ နာကျင်မှုတွေ မကြာမကြာ ဝင်လာနေပေမယ့် ယုန်ကလေးအပေါ် သတိရစိတ်ကို အနှောင့်အယှက်မပေးနိင်ခဲ့ဘူး။ ခုချိန်မှာ နာကျင်မှုတွေရဲ့ လွတ်မြောက်ရာက ယုန်ကလေးအကြောင်းဖြစ်နေတယ်။

ကျနော့်ရဲ့ နေထိုင်မှုပုံစံတွေအားလုံးကို ယုန်ကလေးက ပြောင်းပြန်လှန်ပစ်ခဲ့တယ်။ ကျနော့်စိတ်ဆန္ဒအတိုင်း တသွေမတိမ်း လိုက်နာနေရင်းနဲ့ ကျနော့်ဘဝတစ်ခုလုံးကို ပြောင်းလဲပေးခဲ့တယ်။ သူဘာလိုချင်တယ်ဆိုတာ တခါမှ မပြောရဘဲနဲ့ကို ကျနော် ပြောင်းလဲသွားရတာ။ သိပ်ထူးဆန်းလွန်းပါတယ်။ သူတောက်လျှောက် သုံးခဲ့တာ သီးခံခြင်းနဲ့အလိုလိုက်ခြင်း။ ခွင့်လွှတ်ခြင်းနဲ့ စွန့်လွှတ်ခြင်း။ ချစ်သူသက်တမ်း နှစ် နှစ်မှာ သူ့ဆီက ကျနော့်ကို ငြူစူဟန် တကြိမ်မှ မမြင်ခဲ့ဖူးဘူး။ ကျနော်သူ့ကို အော်ဟစ်ခဲ့တဲ့ ပုံစံတူ အဖြစ်အပျက်တွေ ကျနော် ပြန်ပြုမူမိရင်တောင် သူက မသိသလိုသာ နေနေခဲ့တယ်။

ယုန်ကလေးက ကျနော့်ထက် အသက်ငယ်တယ်။ ဒါပေမယ့် ကျနော့်ကို မောင် လို့ပဲ ခေါ်စေတယ်။ အဲဒါလည်း ကျနော့်အတ္တပါ။ ဝေးကွာခဲ့တဲ့ အချစ်ဦး ခေါ်သလို သူ့ကို ခေါ်ခိုင်းခဲ့တာ။ သူသိသိနဲ့ ကြည်ကြည်သာသာ ခေါ်ခဲ့တယ်။ အချစ်ဦးနဲ့ ပါတ်သတ်ရင် ယုန်ကလေးက သူငယ်ချင်းလို ဆက်ဆံပေးတတ်သူပါ။ ဥပမာ ကျနော် ညက သူမကို အိမ်မက် မက်ကြောင်း ပြောပြလိုက်ရင် ယုန်ကလေး ပြန်ပြောတဲ့စကားက “နေမကောင်းလို့များလားမသိဘူး။ ဖုန်းဆက်ပြီး သတင်းမေးလိုက်ပါလား” တဲ့။ သူ့စိတ်ရင်းအတိုင်း ပြောတဲ့စကားတွေပေါ့။ သူနဲ့ကျနော် အပြင်သွားရင်လည်း ကျနော်အရင်က သွားခဲ့ဖူးတဲ့ နေရာဟောင်းတွေ ရောက်တိုင်း ဒီနေရာက အချစ်ဦးနဲ့ တစ်ခေါက်ရောက်ဖူးတယ်။ ဒီနေရာက အရင်တုန်းက ဒီလိုပုံစံမဟုတ်ဘူး။ ဒီနေရာမှာ ဒါတွေစားဖူးတယ်။ အဲဒီလိုတွေ အတိတ်ကို ကျနော် ပြန်တူးဆွတိုင်း သူက ထွက်လာသမျှကို စိတ်ဝင်တစား ကြည့်ပေးသူလို စကားလုံးတိုင်းကို ငြူစူဟန်မရှိဘဲ နားထောင်ပေးရှာတယ်။

အဲဒီတော့ ဘာဖြစ်လာလည်း သိလား။ အချစ်ဦးကို မေ့သွားရတော့တာပေါ့။ ရင်ဖွင့်စရာတွေလည်း ကုန်သွားပြီ။ သွားဖူးတဲ့နေရာတွေလည်း ပြောရတာ စုံသွားပြီ။ ကျနော် ဘာထပ်ရင်ဖွင့်ရအုံးမလဲ။ မရှိတော့ဘူး။ အားလုံးကုန်သွားပြီ။ ရင်ထဲက အချစ်ဦးပါ အလိုလို မှေးမှိန်သွားရတော့တယ်။ အဲဒီတော့မှ ကျနော်သိလိုက်တယ်။  ကိုယ့်ဘေးကလူ ငြူစူမှာကြောက်လို့ ထုတ်ပြောခွင့်မရတဲ့ အချစ်ဦးဇာတ်လမ်းတွေက ရင်ထဲမှာ ပိုပြီး ကြာရှည် တွယ်ခိုနေတတ်တာ ကျနော်သိသွားရတယ်။ ကျနော်ကတော့ ရင်ဖွင့်စရာတွေ ကုန်ခန်းသွားပြီ။ ထပ်ပြောစရာလည်း မရှိတော့ဘူး။ ဒီတော့ တကူးတက မလုပ်ရဘဲနဲ့ကို ကျနော် အတိတ်မေ့သွားရတော့တယ်။ ယုန်ကလေး သုံးခဲ့တာ ခွင့်လွှတ်ခြင်းနဲ့ သီးခံခြင်းပါ။ အဲဒီမှာ ကျနော့်ဘဝ တဆစ်ချိုး စပြောင်းသွားရတယ်။ ပစ္စုပ္ပန်တည့်တည့်မှာ ရပ်တည်လာနိင်ခဲ့တယ်။

ဒါပေမယ့် ယုန်ကလေး မငြိမ်းချမ်းနိင်ခဲ့သေးဘူး။ ကျနော်က ပစ္စုပ္ပန်တည့်တည့်မှာရပ်တည်တော့ သူ့အတွက် ကျနော် ပေးတဲ့ မုန်တိုင်းတွေက ပိုပြင်းလာတယ်။ 

တက်တူးစက်သံရပ်သွားပြီး ဆီဆွတ်ထားတဲ့ ဂွမ်းစ ရင်ဘတ်ပေါ်ကိုခပ်ဖွဖွရောက်လာတယ်။ 

“ကိုယ့်ဆရာ ခဏ နားဦးမလား။ မခံနိင်မှာ စိုးလို့”
“ရတယ်ဗျာ ။ တခါတည်းသာ ထိုးပေး။ ကျနော် အချိန်သိပ်မရှိလို့”
“အိုကေ... ဖြစ်တယ်ဗျာ”

နာကျင်တဲ့ဒဏ်ကို တရံမလပ် ခံစားနေရပေမယ့် ကျနော် အကြာကြီး အချိန်မကုန်ချင်ပါ။ ယုန်ကလေးရဲ့ အဝေးမှာ ကျနော် အကြာကြီး မနေချင်လို့ပါပဲ။ ကျနော်ပေးခဲ့တဲ့ ဒဏ်ရာတွေအတွက် ယုန်ကလေးအနားမှာ အမြဲနေပေးချင်စိတ်တွေနဲ့သာ ကျနော် အခုရှင်သန်နေတာပါ။ သာမန်အမျိုးသမီးငယ်လေးတစ်ယောက် မခံနိင်လောက်တဲ့ စိတ်ဒဏ်ရာတွေ ကျနော် ပေးခဲ့ပြီးပြီ။ အခုကျနော် ဘယ်လိုပြန်ပေးဆပ်ရမလဲဘဲ တရံမလပ် တွေးနေမိတော့တယ်။ ဒါဟာ ပေါ့ပါးလွန်းတဲ့ ကျနော့်စိတ်ကို တည်ငြိမ်လေးနက်သွားအောင် အထူးခြားဆုံး ပြောင်းလဲပေးလိုက်နိင်တဲ့ ယုန်ကလေးရဲ့ မြင့်မားတဲ့ စွမ်းဆောင်ချက်ပေါ့။ အဲဒီအတွက် ယုန်ကလေး ပေးလိုက်ရတာတွေကလည်း တနင့်တပိုးဆိုတာ အချိန်တွေနှောင်းမှ ကျနော် သတိပြုမိခဲ့ပါတယ်။ 

ကျနော် အတိတ်ကို သတိမရတော့ဘဲ ပစ္စုပ္ပန်မှာ ရပ်တည်လာနိင်ချိန်မှာ ကျနော် မုန်တိုင်းအသစ်တွေ ထပ်မွှေးခဲ့ပြန်တယ်။ ယုန်ကလေးနဲ့ မဆုံခင်ကတည်းက ထားခဲ့တဲ့ ရည်းစားတွေ ၊ ဆုံပြီးမှ ထပ်ထားတဲ့ ရည်းစားတွေနဲ့ ကျနော် ရှုပ်ရှက်ခတ်နေချိန် ယုန်ကလေးက ကျနော့်ရဲ့ ကန့်သတ်ချက်တွေကို သူ့အနာဂတ် လမ်းလို့ မှတ်ယူနေထိုင်ခဲ့တယ်။
“မျက်နာပေါ်မှာ ဘာမှ မလိမ်းတာပဲကြိုက်တယ်။ ဆေးဆိုးပန်းရိုက်တွေ သဘောမကျဘူး”

ကျနော် အဲဒီစကားဆိုပြီး နောက်တနေ့ကစလို့ ယုန်ကလေးမျက်နာမှာ ဘာအရောင်မှ မချယ်သ တော့တာ အခုထက်ထိပဲ။ တခါတခါတော့ အပြင်သွားရင်း သူဆိုရှာတယ်။

“ဟိုမှာကြည့်..။ သူတို့ ပြင်ထားတာ လှတယ်မထင်ဘူးလားမောင်ရဲ့”
“ဟင်အင်း... မောင်မကြိုက်ဘူး”

အဲဒီတော့ ယုန်ကလေးမျက်နာပေါ်မှာ ဘာအရောင်တစ်စမှ ရှိမနေတာ မဆန်းတော့ဘူး။ ကျနော်နဲ့ မတွေ့ခင်က ယုန်ကလေးက သူ့လက်သည်းလေးတွေကို တဖွဖွနဲ့ တယုတယ လုပ်လေ့ရှိတယ်လို့ ကြုံတဲ့အခါ သူပြန်ပြောလေ့ရှိတယ်။ ဒါပေမယ့် ကျနော်နဲ့ ချစ်သူဖြစ်ပြီး ခြောက်လကျော်လာတော့ ယုန်ကလေးရဲ့ လက်သည်းတွေက အရှည်တွေ မဟုတ်တော့ဘူး။ ယောကျာ်းလေးတစ်ယောက်လက်လိုပဲ လက်သည်းအတိုလေးတွေ ဖြစ်သွားတယ်။

ကျနော်က ယုန်ကလေးကို လက်သည်ရှည်ထားတာ မကြိုက်ဘူးလို့ ပြောလို့မဟုတ်ပါဘူး။ သူ့ဘာသာ ညှပ်ပစ်လိုက်တာပါ။ ဒါပေမယ့် အဲဒီလို ညှပ်လိုက်ရတဲ့ အကြောင်းကတော့ ကျနော်ကြောင့်လို့ တည့်တည့်ကိုဆိုရမှာပါပဲ။ ကျနော်က ယုန်ကလေးခေါင်းလျှော်ပေးတာကို သဘောကျတယ်လို့ ပြောလိုက်မိတဲ့နောက်တနေ့မှာ ယုန်ကလေးက ဘာလုပ်တယ်ထင်လဲ။ သူသွားညှပ်နေကျ ဆံပင်ညှပ်ဆိုင်ကို သွားတယ်တဲ့လေ။ ပြီးတော့ သူနဲ့ရင်းနှီးနေတဲ့ ဆိုင်က ကောင်မလေး သူ့ဧည့်သည်ကို ခေါင်းလျှော်ပေးနေပုံကို ဘေးကနေ သေချာမှတ်တယ်တဲ့။ အဲဒီက ပြန်လာတော့ သူ့လက်သည်းတွေ ညှပ်ပစ်လိုက်တယ်။

အဲဒီနေ့ကစပြီး ကျနော် ခေါင်းလျှော်ချင်ရင်  ဆိုင်မှာလျှော်ပေးသလိုမျိုး သူကိုယ်တိုင် သေချာလျှော်ပေးတော့တာပါပဲ။  ယုန်ကလေးဆိုတာ ကျနော့်အပေါ်မှာ အဲဒီလို ပေးဆပ်လွန်းသူပါ။ ကျနော် နှစ်သက်တဲ့အရာက သူမကြိုက်တဲ့အရာဖြစ်နေရင်တောင် ယုန်ကလေးက ကျနော်နဲ့အတူ လိုက်ကြိုက်ပေးတယ်။ ထုတ်မပြောတတ်သူမို့ သူပါနှစ်သက်တယ် ထင်မိတဲ့ အရာတွေကလည်း အများအပြားပါပဲ။ အဲဒီထဲမှာ အထူးခြားဆုံးက အစားအသောက်ကိစ္စ။

ကျနော်က နေ့စဉ်ဟင်းထဲမှာ အသားဟင်းတခွက်မပါရင် မစားတတ်တဲ့သူ။ ယုန်ကလေးက အသားဟင်းဆို ငြီးငွေ့တတ်သူ။ ဒါပေမယ့် ကျနော် မသိခဲ့ဘူး။ ကျနော်စားချင်တာတွေ မှာတိုင်း သူပါအတူလိုက်စားပေးတယ်။ ဟင်းစားနည်းလှချည်လားလို့ ပြောတိုင်းလည်း သူက ဒီလောက်ပဲ စားတတ်လို့ပါလို့ ဆိုတတ်သူပေါ့။ တနေ့တော့ ယုန်ကလေး အသီးအရွက်ကြိုက်တာကို အမှတ်မထင် သိခဲ့ရတယ်။ အဲဒီနေ့က သူနဲ့ကျနော် ဟိုတယ်တခုမှ ဘူဖေးအဝစား သွားစားဖြစ်ကြတယ်။ ကျနော်ကတော့ အကောင်းဆုံး အသားဟင်းတွေ အသားကင်တွေကို လိုက်ထည့်နေချိန်မှာ ယုန်ကလေး ထည့်လာတဲ့ ဟင်းခွက်တိုင်းက အသီးအရွက်တွေချည်းပဲ။ အဲဒီတော့မှ ယုန်ကလေးက အသီးအရွက်ကို ကြိုက်နှစ်သက်ပြီး အသားဟင်းဆို မနှစ်သက်မှန်း ထုတ်ပြောလို့ သိခဲ့ရတယ်။

ယုန်ကလေးရဲ့ အတွေးကရှင်းတယ်။ ကျနော့်နှစ်သက်မှုက သူ့နှစ်သက်မှု၊ ကျနော့်ဆုံးဖြတ်ချက်က သူ့ဆုံးဖြတ်ချက်။ အဲဒီလို နှစ်ကိုယ့်တစ်စိတ် နေနေခဲ့သူပေါ့။ ယုန်ကလေးဆိုတာ အိပ်မက်ဆန်လွန်းသူပါပဲ။ သူ့ရဲ့ပေးဆပ်ပုံကို တချို့တဝက်ထုတ်ပြောရင်တောင် တချို့သူငယ်ချင်းတွေက မယုံကြပါဘူး။ အဲဒီလောက်တော့ မဖြစ်နိင်ဘူးလို့ပဲ မှတ်ချက်ပြုကြတယ်။ အဲဒါမျိုးဆို ကျနော်က နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေတော့တာပါပဲ။ ကျနော်က သူ့ရဲ့ပေးဆပ်ခြင်းကို တပ်မက်တယ်။ ဒါပေမယ့် သူ့ကို တန်ဖိုးထားရမှန်း မသိသေးတဲ့ အချိန်တွေရှိခဲ့ဖူးတယ်။ ယုန်ကလေးက  အရာရာလိုက်လျောလေ ကျနော် အတ္တတွေ ရှေ့တန်းတင်မိလေပါပဲ။ သူ့ရင်ထဲကို မြင်ကြည့်ဖို့ထက် ကျနော် ဖြစ်ချင်တာတွေကိုပဲ တွေးနေမိချိန်ပေါ့။

ကျနော်က ရည်းစားတွေနဲ့ အချိန်ကုန်နေရတာကို သူ ဘာတခွန်းမှ မပြောရှာဘူး။ ဒါတွေက သူ့အတွက် ကျနော်ပေးတဲ့ မုန်းတိုင်းတွေဆိုတာ သတိမထားမိဘဲ မုန်တိုင်းရဲ့ ဗဟိုကို ယုန်ကလေးရဲ့ ရင်ဘတ်ထဲ ထည့်ပေးမိတဲ့ နေ့ရက်တွေ ရောက်လာခဲ့တော့တယ်။ အဲဒီနေ့က ကျနော် ကိုရီးယားသံရုံးမှာ ဗီဇာ ရလာတဲ့နေ့ဆိုတာ ကျနော့် ဘဝတလျှောက်လုံး မှတ်မိနေမှာပါ။

“မိုး .. မောင် ခရီးတခု ထွက်မလို့”
(အဲဒီတုန်းက သူ့ကိုကျနော်က ယုန်ကလေးလို့ မခေါ်ဖြစ်သေးဘူး)
“ဟင် မောင် ဘယ်သွားမလို့လဲ”
“အင်းးး ကိုရီးယားသွားလည်မလို့”
“ မောင် တယောက်ထဲလား”
“ဟုတ်တယ်။  သိပ်တော့မကြာပါဘူး ငါး ရက် လောက်ပါပဲ”

ယုန်ကလေး ခဏ ငြိမ်သက်သွားတယ်။ ပြီးတော့ မေးခွန်းတစ်ခု မေးတယ်။
“ နှင်းပွင့် ဆီသွားမှာပေါ့”

နှင်းပွင့်ဆိုတာ ကိုရီးယားက ကျနော့်ရည်းစား တစ်ယောက်ပါ။ ယုန်ကလေးက ကျနော့်ရည်းစားတွေ နာမည်အကုန်နီးနီးသိသလို နေတဲ့နိင်ငံတွေပါ သိထားတယ်။ ကျနော်က ရည်းစားတွေအကြောင်း သူ့ကို ကြုံရင် အမြဲပြောဖြစ်သလို ကျနော့် password တွေအကုန်သိထားတာကြောင့် နှင်းပွင့်ဆီကိုသွားမယ်မှန်း တန်းပြောနိင်တာပါ။ ဒါကြောင့် လိမ်ဖို့ မဖြစ်နိင်သလို လိမ်ဖို့လည်း မလိုအပ်ဘူးလို့ တွေးမိပြီး...

“အင်း သူအလည်ခေါ်တာရယ် မောင်လည်းမရောက်ဖူးတာရယ်ကြောင့်ပါ။ မကြာပါဘူးမိုးရဲ့။ မောင် တပါတ်တောင်မနေဘူး။ အဟုတ်”
“ မောင် သွားချင်တယ် မဟုတ်လား သွားပေါ့”

အဲဒီစကားကို ခပ်တိုးတိုးအသံနဲ့ ဆို တာကလွဲရင် ယုန်ကလေး မျက်နာမပျက်ဘဲ ပြောခဲ့တယ်။ အဲဒီအချိန်မှာတော့ ယုန်ကလေး ဘယ်လိုတုန့်ပြန်မယ်ဆိုတာ ကျနော် စိတ်မဝင်စားနိင်တာ အမှန်ပါပဲ။ ကျနော့် အာရုံထဲမှာ ခရီးစဉ်ပဲ ရှိနေတယ်။ အမြဲအပြစ်မပြောမှန်းသိလို့ ယုန်ကလေးခံစားချက်ထက် ကျနော့် စိတ်ဆန္ဒနဲ့ အတ္တပဲ ကြီးစိုးနေတယ်လေ။

ကျနော် ဘာတွေပဲ ဆုံးဖြတ်ဆုံးဖြတ် ကျနော့် ဆုံးဖြတ်ချက်မှာ အစစအရာရာ အဆင်ပြေစေချင်တဲ့ ပေးဆပ်တတ်တဲ့ စိတ်မျိုး ယုန်ကလေးမှာ အပြည့်ရှိတယ်။ ကျနော် ခရီးမထွက်ခင် ညနေခင်းမှာ ယုန်ကလေး ကျနော့်ဆီ ရောက်လာပြီး ခရီးစဉ်အတွက် အဝတ်အစားတွေ ထည့်ပေးတယ်။ လုပ်ရိုး လုပ်စဉ်အတိုင်း ဘာနဲ့ ဘာ တွဲဝတ်ဖို့တွေ ပြောတယ်။ ကျနော် အပြင်ထွက်တိုင်း ယုန်ကလေးက ဘယ်လို အပေါ်အောက် ဝတ်စုံတွေ တွဲဝတ်ဖို့ အမြဲအကြံပေးတတ်သူလေ။ အခုလည်း ခရီးစဉ်အတွက် အဝတ်အစားတွေ ထည့်ပေးရင်းနဲ့ တရက်စာ ဝတ်ဖို့ အပေါ်အောက် ဝတ်စုံတွေကို တွဲတွဲပြီး ထည့်ပေးတယ်။ နှုတ်ကလည်း တတွတ်တွတ် ပြောတယ်။

“အခုက နွေဦးပေါက်ဆိုတော့ သိပ်ချမ်းမှာ မဟုတ်ဘူး။ နေသာ နေရင် ဒီတီရှပ်အဖြူလေးကို ဂျင်းဘောင်းဘီ အရောင်ဖျော့လေးနဲ့ တွဲဝတ်နော်။ လူကို ပို လင်း စေတယ်”

“အင်း...”

“ တကယ်လို့ ရာသီဥတုက အေးနေရင်တော့ ရှပ်အင်္ကျီအကွက်လေးပေါ်က ဒီမီးခိုးရောင် ဝတ်စကုတ်လေး ထပ်ဝတ်။ သူက စတိုင်ဘောင်းဘီ အနက်လေးနဲ့ လိုက်တယ်။ တခါတည်း တွဲပေးထားတယ်နော်”

“အင်း”

“ ခြေအိတ်တွေက သေတ္တာ ညာဘက်မှာနော်”
“အင်း ပါ”

“ ဖုန်း နဲ့ ကင်မရာအတွက် ဘတ္ထရီအားသွင်းဖို့ ကြိုးတွေက အပေါ် ဇစ်အိတ်ထဲမှာ”
“ကဲ.... မိုး ... တော်ပြီကွာ။ မောင့်ဘာသာ ညမှထည့်လိုက်မယ်။”

“ကျန်မှာ စိုးလို့ပါ။”

“ရတယ်။ မကျန်အောင် ဂရုစိုက်မယ် ဟုတ်ပြီလား။ အဲဒါတွေ ဆက်မလုပ်နဲ့တော့။ တော်ပြီ။”

အဲဒီအချိန်မှာ ကျနော့်စိတ်ထဲ ဖြစ်နေတာက ယုန်ကလေးအပေါ် မျက်နာပူ အားနာသလို ဖြစ်နေတာပါ။ အဲဒါ ပထမဆုံး ခံစားဖူးတာပဲ။ နေရခက်တယ်။ ယုန်ကလေးက အရွဲ့တိုက်ပြီး လုပ်ပြနေရင်တောင် အဲဒီလို ခံစားမိမှာ မဟုတ်ဘူး။ အခုက ကျနော် အဆင်မပြေမှာ စိုးတဲ့စိတ်နဲ့ ဖြူစင်စွာ လုပ်ပေးနေတော့ ကျနော် ရင်ထဲပူလာတယ်။ မျက်နာ ထားရခက်လာတယ်။ အဲဒါ ယုန်ကလေးနဲ့ ပါတ်သတ်လို့ ကျနော် ပထမဆုံး ခံစားဖူးတဲ့ ခံစားချက်ပါ။

ဘောင်းဘီအိတ်ထဲက ဖုန်း မြည်လာလို့ အတိတ်မုန်တိုင်းထဲက ကျနော် လွတ်မြောက်လာတယ်။ ဖုန်းခေါ်သူက ယုန်ကလေး။ တက်တူးဆရာကို လက်ကာပြပြီး ခဏ ခွင့်တောင်းလိုက်တယ်။

“ ယုန်လေး ... ပြော”
“ မောင် ဘယ်ရောက်နေလဲ ”
“ မောင် အပြင် ရောက်နေတာ။ ဘာဖြစ်လို့လဲ ”
“ဘာမှမဖြစ်ပါဘူး။ မေးကြည့်တာ”
“  နောက် နှစ်နာရီလောက်နေရင် ပြန်လာမယ်နော်။ ”
“ဟုတ်။ ဂရုစိုက်နော် မောင်”
“ အင်း စိတ်မပူနဲ့ ပြန်လာရင် ဖုန်းခေါ်လိုက်မယ်”
“ဟုတ်”

ဖုန်းကို ဘောင်းဘီအိတ်ထဲ ပြန်ထိုးထည့်ရင်း တက်တူးဆရာကို “sorry ဗျာ” လို့ပြောတော့ သူက ခပ်ပြုံးပြုံးနဲ့ ခေါင်းညိတ်ပြတယ်။ ဆီစွတ်ထားတဲ့ ဂွမ်းစနဲ့ တက်တူးထိုးထားတဲ့နေရာကို သုတ်ပေးတယ်။ ထိုးတာ ကြာလာတော့ နာသလိုလို ထုံသလိုလိုပဲ။ သေချာတာတော့ နောက်ထပ် အပ် စိုက်ချက်တွေကို မကြောက်ရွံ့ပဲ ကြိုဆိုနိင်ပြီ။ မှန်ထဲကနေ ကြည့်လိုက်တော့ MOE ဆိုတဲ့ စာလုံးလေးတောင် ပြီးခါနီးပြီ။ အနီရောင် ကာလာလေး ထပ်ကွပ်လိုက်ရင် ကျနော်လိုချင်တဲ့ ပုံစံမျိုးပေါ့။ တက်တူးဆရာက စက်ကို ပြန်ကိုင်တော့ ကျနော်လည်း မျက်လုံးမှိတ်ပြီး အာရုံတွေကို လျှော့ချလိုက်တယ်။

 ကိုယ့်အသားမှာ ချစ်သူနာမည်ထိုးတယ်ဆိုတာ 
ကိုယ့်အတွက်မဟုတ်ဘဲ 
ချစ်သူအတွက်ပေးဆပ်မှုသက်သက်ဆိုတာ သိသွားပြီ။

ကျနော့်ဘဝမှာ ပယ်ဖျက်ချင်တဲ့ကိစ္စရယ် ကျေနပ်မိတဲ့အဖြစ်အပျက်ရယ် ထပ်တူကျတာဆိုလို့ အဲဒီ ကိုရီးယား ခရီးစဉ်တခုပဲ ရှိတယ်။ ဖြစ်နိင်ရင် အဲဒီလို လုပ်ခဲ့ဖူးတယ်ဆိုတာကို တသက်တာအာရုံထဲက ပယ်ဖျက်ပစ်ချင်တယ်။ ဒါပေမယ့် အဲဒီခရီးစဉ်ကို ကျနော် အကျေနပ်ဆုံး ဖြစ်ရပြန်တယ်။ ပယ်ဖျက်ချင်စိတ်ရော ကျေနပ်စိတ်ရောက ယုန်ကလေးနဲ့ တိုက်ရိုက်ပါတ်သတ်နေပါတယ်။ ပယ်ဖျက်ချင်စိတ်က မုန်တိုင်းကြောင့်လို့ တင်စားရရင် ကျေနပ်မိတဲ့စိတ်က မုန်းတိုင်းပြီးရင် ရောက်လာတဲ့ လေပြည်ကြောင့်လို့ ပြောမှ ပြည့်စုံမယ်။

လေဆိပ်ကို ဆင်းတဲ့အချိန်ထိ ကျနော့် ခရီးစဉ်အတွက် တက်ကြွ ပျော်ရွှင်နေမိတယ်။ ဒါပေမယ့် အဲဒီစိတ်က ကြာကြာမခံပါဘူး။ လေယာဉ်စထွက်ချိန်မှာပဲ ယုန်ကလေးကို သတိရတဲ့စိတ် စ ဝင်လာတယ်။ ယုန်ကလေး ဘယ်လိုကျန်နေခဲ့မလဲ ပထမဆုံး တွေးမိတယ်။ အဲဒါတွေ မတွေးနဲ့။ ဟိုရောက်ရင် ဘာလုပ်မလဲ တွေး။ လာကြိုနေမယ့် နှင်းပွင့်ရဲ့ အကြောင်းတွေးလေ။ ယုန်ကလေး ငိုနေမလားမသိဘူး။ သူက စိတ်ထား သိပ်နုရှာတာ။ ရုပ်ရှင်ကြည့်ရင်တောင် လူဆိုးဖြစ်ဖြစ် မင်းသားဖြစ်ဖြစ် အချအနှက်ခံနေရရင် ဆက်မကြည့်ချင်တဲ့သူ၊ သတ်တော့ ဖြတ်တော့မှာ မြင်ရင် မျက်လုံးကို လက်ဝါးနဲ့ အုပ်ထားတဲ့သူ။ သူ့ရှေ့မှာ ဝမ်းနည်းစရာ စကား ၊ အဖြစ်အပျက်တွေ မြင်ရင် မျက်ရည်ချက်ချင်းကျလာတဲ့သူလေး။ ရုပ်ရှင်ကြည့်လို့ ဝမ်းနည်းစရာ အခန်းစလာတာနဲ့ သူ့ ငိုတော့မှာကိုသိလို့ စောင့်ကြည့်တဲ့ အခါတိုင်း မျက်ရည်ဝဲနေတဲ့ မျက်ဝန်လေးနဲ့ ငါ့ကို ကြည့်ပြီး ရှက်နေပြန်ရော။ အခုဆို သူတော်တော် ဝမ်းနည်းနေမှာပဲ။  မတွေးနဲ့တော့။ မတွေးနဲ့။ ဒါထက် နှင်းပွင့် မျက်နာပေါ်က မှဲ့ကလေးက ညာဘက် ပါးပေါ်မှာလား ဘယ်ဘက်မှာလား။ မှန်အောင်တွေးကွာ။ ယုန်ကလေးရဲ့ ညာဘက်ပါးပေါ်မှာ မှဲ့သေးသေးလေး တစ်လုံးရှိတယ်လေ။ ဘယ်ဘက် နှာခေါင်းအဝလေးနားမှာလည်း သေးသေးလေး တစ်လုံးရှိသေးတယ်။

ယုန်ကလေးကို သတိမရဖို့ သတိထားရင်းနဲ့ သတိရခြင်းတွေက ဆင့်ကာဆင့်ကာ ဝင်လာတယ်။ ဟိုကိုရောက်ရင် ဒါတွေ သက်သာသွားမယ်လို့ ထင်ထားမိပေမယ့် နှင်းပွင့်ရဲ့ ဆီးကြိုနေတဲ့ လက်နှစ်ဖက်ကြားမှာပဲ ယုန်ကလေးရဲ့ အငွေ့အသက်ကို တမ်းတမိပြန်တယ်။ ဒီလိုသာဆို ခက်လှချည်ရဲ့။ နုညံ့စွာ ရှုပ်ထွေးမှုတွေက ဖြည်ရခက်သလိုမျိုးပါပဲ။ ကျနော့်ရဲ့ ခရီးစဉ်နေ့ရက်တွေက အတင်းလုပ်ယူထားတဲ့ အသိစိတ်နဲ့ သူ့အလိုလို ဝင်လာတဲ့ သတိရခြင်းတွေ အချိန်တိုင်း လွန်ဆွဲနေကြတယ်။

နှင်းပွင့်က ကျနော့်ကို ကြင်နာတယ်။ ဒါပေမယ့် ယုန်ကလေးရဲ့ သူ့အတွက် ဘာအတ္တမှ မချန်ထားတဲ့ ကြင်နာမှုမျိုး မဟုတ်ဘူး။ နှင်းပွင့်က ဂရုစိုက်ပါတယ်။ ဒါပေမယ့် ယုန်ကလေးက ကျနော့် မျက်နာကို အမြဲကြည့်ရင်း ဖြည့်ဆည်းတတ်တဲ့ ကျနော့်စကားတခွန်းက နှစ်ယောက်သားအတွက် ဆုံးဖြတ်ချက်လိုမျိုး ဂရုစိုက်မှု မဟုတ်ဘူး။  နှင်းပွင့်နဲ့ ပိုပြီး စိတ်ချင်းရင်းနှီးလာတယ်။ ဒါပေမယ့် ယုန်ကလေးနဲ့လို နှစ်ပေါင်းများစွာ တစိတ်တဝမ်းထဲဖြစ်တဲ့ ရင်းနှီးမှုမျိုး မဟုတ်ဘူး။ တကူးတကလုပ်မယူရဘဲနဲ့ နှင်းပွင့်ကို ယုန်ကလေးနဲ့ အလိုလို နှိုင်းယှဉ်နေမိပါတယ်။ ယှဉ်မိလေ သတိရလေပါပဲ။

နှင်းပွင့် မျက်နာပေါ်က ခြယ်သ ထားတာတွေကို ကျနော် မကြိုက်ကြောင်းလည်း ထုတ်မပြောဖြစ်ခဲ့တော့ဘူး။ ယုန်ကလေးရဲ့ ဖြူစင်အပြစ်ကင်းတဲ့ မျက်နာလေးကိုပဲ သတိရနေမိတယ်။ အဲဒီရက်တွေမှာ ယုန်ကလေးက ဖုန်းပိတ်ထားတယ်။ ဒီလောက်တော့ စိတ်ကောက်သင့်တာပေါ့လို့ ဖြေတွေး တွေးမိတယ်။ သေရေးရှင်ရေး အချိန်ရောက်မှ အသက်ရဲ့ အရေးပါမှုနဲ့ တန်ဖိုးကို သတိထားမိသလို ယုန်ကလေးနဲ့ ဝေးတဲ့ နေ့ရက်တွေ ကြုံမှပဲ ယုန်ကလေးအပေါ် ကျနော့်ရဲ့ တွယ်ငြိမှုတွေကို သတိထားမိလာတယ်။ ကျနော့်ကို မုန်းသွားတော့မလားလို့ အခါခါ တွေးပြီး စိုးရိမ်တတ်လာတယ်။
ငါးရက်တာ ခရီးစဉ်ပြီးချိန်မှာ ကျနော် စိတ်ပေါ့ပါး လွတ်လပ်သွားတယ်။ အပြန်လမ်းမှာ ကျနော် အခါခါ တွေးမိတာက ယုန်ကလေးကို တွေ့ရင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်မယ်။ သူ့မျက်ရည်တွေကို ကျနော့် ရင်ခွင်ထဲမှာ နှစ်သိမ့်ပေးမယ်။   ကျနော့်ရဲ့ ရက်စက်မှုကို တောင်းပန်ပြီး သူ့အနားကနေ အဝေးကို ဘယ်တော့မှ မထွက်သွားတော့ဘူးဆိုတာ ပြောပြမယ်။ ယုန်ကလေးအပေါ်တွယ်ငြိမှုတွေကို ဝန်ခံတော့မယ်။
 
 ခရီးစဉ်က ပြန်ရောက်ပြီး ယုန်ကလေးနဲ့ ပထမဆုံး ပြန်ဆုံတဲ့ ညနေကို ကျနော် ဘယ်တော့မှ မေ့တော့မယ်မထင်ဘူး။ စိတ်က လူကို သတ်နိင်တယ်ဆိုတာ အမှန်ပါပဲ။ အဲဒီစိတ်က လူတစ်ယောက်ကို ငါးရက်အတွင်းမှာ သိသိသာသာ ပြောင်းလဲသွားစေခဲ့တယ်။ ယုန်ကလေးကို မြင်မြင်ချင်း ကျနော်ရင်ထဲဆို့သွားရတယ်။ လည်ချောင်းဝမှာ တခုခု ပိတ်ဆို့နေသလို ကျနော် ဘာစကားသံမှ ချက်ချင်း မထွက်လာနိင်ခဲ့ဘူး။ မယုံနိင်လောက်အောင်ကို ယုန်ကလေး ပိန် ကျ သွားတယ်။ မျက်နာလေးက နွမ်း နေရှာတယ်။ အရင်လို တောက်ပတဲ့ မျက်ဝန်းတွေ မရှိတော့ဘူး။ သူ့လက်ကလေး ဆုပ်ကိုင်လိုက်တော့ အရင်လို ပြည့်ပြည့်ဖြိုးဖြိုး မဟုတ်တာ ချက်ချင်း သိသာစေတဲ့ အထိပါပဲ။
တွေတွေငေးငေးလေးနဲ့ သူ့ဘက်ကလည်း ဘာစကားမှ စ မဆိုလာဘူး။ သူ့လက်ကို ခပ်ဖွဖွ အုပ်ရင်း ကျနော်တို့ အကြာကြီး တိတ်ဆိတ်နေကြတယ်။ သိပ် တန်ဖိုးရှိတဲ့ တိတ်ဆိတ်ခြင်းပါ။ အဲဒီတိတ်ဆိတ်မှုထဲမှာ ကျနော် မြင်လိုက်ရတာတွေ အများကြီးပါပဲ။ ယုန်ကလေးရဲ့ ကျနော့်အပေါ်ထားတဲ့အချစ်စိတ် ၊ ဒီ ငါးရက်တာ ကာလကို သူဘယ်လို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတယ်ဆိုတာ ထင်ထင်ရှားရှား သိမြင်စေတဲ့ သူ့ကိုယ်ဟန်အနေအထား၊  ကျနော် ယုန်ကလေးကို ဘယ်လောက် ရက်စက်ခဲ့တယ်ဆိုတာ ထင်ရှားစေတဲ့မြင်ကွင်း ၊ ပြီးတော့ ရင်ထဲက အတိုင်းအဆမရှိတဲ့ နောင်တ ၊ အဲဒီတိတ်ဆိတ်မှုထဲမှာ ကျနော် အားလုံး ရရှိလိုက်တယ်။

ယုန်ကလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်တယ်။ ကမ္ဘာမှာ မက်မောစရာ ဘာမှမကျန်တော့ဘဲ ယုန်ကလေးကို ပွေ့ဖက်ခြင်း တခုတည်း ကျန်တော့တဲ့ မက်မောမှုမျိုးနဲ့ကို ပွေ့ဖက်မိတာ။ ကမ္ဘာမှာ နောက်ဆုံး မှီတွယ်စရာ ဒီတခုတည်း ကျန်တော့တယ်ဆိုတဲ့ တွယ်တာမှုမျိုးနဲ့ကို ပွေ့ဖက်ခဲ့မိတာ။

ကျနော်က ရက်စက်ခြင်းတွေကို မုန်တိုင်းတခုလို ဖန်တီးပြီး ယုန်ကလေး ရင်ထဲ ထည့်ပေးချိန်မှာ ယုန်ကလေးက ခွင့်လွှတ်ခြင်းနဲ့ပေးဆပ်ခြင်းကို ကျနော့်ရင်ထဲ ပြန်ထည့်ပေးပြီး အမှန်တရားကို မြင်စေခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ သူ့ကို ကျနော့်အသက်လောက်ချစ်မြတ်နိုးသွားရတယ်။ ပွေ့ဖက်ထားချိန်မှာ ယုန်ကလေး ဘာစကားမှ မဆိုဘဲ သည်းသည်းထန်ထန် ငိုတယ်။  ဝမ်းနည်းခြင်းကြောင့် ကျနော်လည်း မျက်ရည်ကျမိပါတယ်။

အဲဒီခရီးစဉ်ဟာ ကျနော့်ဘဝရဲ့ အရေးကြီးဆုံးအရာကို သေသေချာချာ သိမြင်စေခဲ့လို့ ကျေနပ်မိသလို ၊ ဘယ်အချိန်ပြန်တွေးတွေး ယုန်ကလေးအတွက် စိတ်နာကျင်ရလို့ မှတ်ဥာဏ်ထဲက ပယ်ဖျက်ပစ်ချင်တဲ့ အဖြစ်အပျက်ပါ။ ယုန်ကလေး ဖြတ်သန်ခဲ့ရတဲ့ အဲဒီနေ့ရက်တွေအကြောင်းကို ပြန်ဆုံတဲ့ ညနေမှာ ဘာမှ မေးမရပေမယ့် နောက်ရက်တွေမှာ တစတစနဲ့ ကျနော် သိလာရတယ်။ ယုန်ကလေးက သူ့ရဲ့ ဝမ်းနည်းခြင်းနဲ့ စိတ်အလိုမကျခြင်းတွေကို ချက်ချင်းထုတ်ပြောတတ်တဲ့သူ မဟုတ်ဘူး။ သူကိုယ်တိုင် ကြိတ်ခံပြီး သက်သာလာပြီဆိုမှ ကြည့်ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြောပြတဲ့ ပုံစံမျိုးပဲ လုပ်လေ့ရှိတယ်။ သူ့အကြောင်းပြချက်က သူတခုခု ဖြစ်နေချိန် ချက်ချင်းပြောရင် ကျနော် စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးလို့တဲ့လေ။

“ အဲဒီတုန်းက မိုးလေ တကယ်ရူးသွားတော့မယ်တောင် ထင်နေတာ။ ဘာမှစားလို့မရဘူး။ ရေတပေါက် မျိုချဖို့တောင် စိတ်ထဲမှာ လုပ်ချင်စိတ်မရှိဘူး။ ညတွေဆိုလည်း ဘယ်လိုမှကို အိပ်လို့မရတာ။ မောင် ပြန်မလာတော့ရင် ဆိုတဲ့အတွေးတွေ တွေးမိတိုင်း ရင်ထဲမှာ ပူ နေတာပဲ မောင်ရယ်”

ကျနော် ယုံပါတယ်။ ယုန်ကလေးကို ပြန်ဆုံချိန်မှာ မြင်ရတဲ့ မယုံနိင်လောက်အောင် ပိန်သွားတဲ့ ခန္ဓာကိုယ်အနေအထားအရ သူပြောတာ လိုနေအုံးမယ်လို့တောင် ယုံကြည်မိပါတယ်။ နောက်ပိုင်းတော့ အဲဒီအကြောင်းတွေ ယုန်ကလေး ထပ်မပြောတော့ဘူး။ အရင်ထက် စကားနည်းသွားတယ်။ တွေဝေငေးမောချိန်တွေ ပိုများလာတယ်။ သေချာပါတယ် ယုန်ကလေးမှာ ကျနော် ပေးလိုက်မိတဲ့ စိတ်ဒဏ်ရာတွေ ခပ်နက်နက် စူးနစ်သွားခဲ့ပါပြီ။

အဲဒီ့နောက်ပိုင်းတော့ ကျနော့်အတွက် ငြိမ်သက်တိတ်ဆိတ်သွားတဲ့ သူ့ခံစားချက်တွေကို  ပြန်လည် နှိုးထပေးရတဲ့ ကာလတွေဖြစ်လာတယ်။ သူ့အနားမှာပဲနေတယ်။ ဂရုစိုက်တယ်။ သူ့မျက်နာလေးကို တစိမ့်စိမ့်ကြည့်နေမိတော့တယ်။ ဘဝ နှစ်ခု လူနှစ်ယောက်ကနေ ၊ ဘဝတစ်ခု လူတစ်ယောက်ထဲအထိ ပေါင်းစည်းလာမိကြတယ်။ တည်ငြိမ်တဲ့ချစ်ခြင်းကို တငြိမ့်ငြိမ့်နဲ့ ခံစားမိလာတယ်။ တခုတည်းသော အာရုံကို ဖမ်းဆုပ်နိင်ခဲ့တယ်။ အချိန်တိုင်းက ယုန်ကလေးအတွက်ပဲ ဖြစ်နေခဲ့ပြီ။ အရင်လို အောင်မြင်မှုရဖို့ လှုပ်ရှားရုန်းကန်ရတဲ့ ဘဝထက် သူ့အနားမှာ အေးချမ်းကြည်မွေ့စွာ နေဖို့ကို ပိုမက်မောလာတယ်။ အချစ်ရဲ့အရသာ စစ်စစ်ကို ယုန်ကလေးက ပြပေးနိင်ခဲ့တယ်။ သူ စကားတွေ အများကြီး မဆိုခဲ့ပါဘူး။ အပြစ်မမြင်တတ်တဲ့ ချစ်ခြင်းနဲ့ မျိုသိပ်ပေးဆပ်ခြင်းကိုပဲ တောက်လျှောက်သုံးစွဲခဲ့တာ။ ဒါကြောင့် ကျနော် ပြောခဲ့တာပေါ့။ သူလိုချင်တာ ဘာမှ မတောင်းဘဲနဲ့ ကျနော် သူ့အလိုကျ ပြောင်းလဲသွားခဲ့ရတယ်လို့။

ဒီနေ့ ချစ်သူများနေ့မှာ ယုန်ကလေးကို ဘာလက်ဆောင်ပေးရမလဲ ဆိုတာ လွန်ခဲ့တဲ့ တပါတ်ထဲက ကျနော် အပြင်းအထန်တွေးတယ်။ ဒါပေမယ့် တွေးမရခဲ့ပါဘူး။ ဘယ်အရာကမှ ယုန်ကလေး ကျနော့်အပေါ် ကောင်းခဲ့သမျှကို မှီအောင် ပြန်မလုပ်ပေးနိင်မှန်း သေချာလို့ပါပဲ။ တခုခု ဝယ်ဖို့ ထွက်လာရင်း tattoo ဆိုင်ကို တွေ့မိတော့ ဒီစိတ်ကူးကို ရသွားခဲ့တာပါ။ ကျနော် မနှစ်သက်တဲ့ အရာကို တသက်တာလုံး ကျနော်နဲ့အတူထားရင်း ယုန်ကလေးကို ပေးဆပ်ဖို့ ဖျတ်ခနဲတွေးမိသွားတယ်။ ဒါနဲ့ပဲ ချက်ချင်း ဆိုင်ထဲ ဝင်လာခဲ့မိတာပေါ့။

“ကဲ... ကိုယ့်ဆရာ ... ကြည့်လိုက်အုံး”

တက်တူးဆရာစကားကြားတော့ ကျနော် မှန်ဝိုင်းလေး မ ပြီး ကြည့်လိုက်တယ်။ ဘယ်ဘက်ရင်အုံပေါ်မှာ ချစ်သူနာမည်က တောက်တောက်ပပ ကြွားကြွားဝံ့ဝံ့။ နှစ်သက်လွန်းလှချည်ရဲ့။

“တပါတ်လောက်တော့ အသားမစားနဲ့ အညှော်ရှောင် ”
“ အင်း  ကျေးဇူးဗျာ။ ပုံလေး သဘောကျတယ်။”

ခုံပေါ်က ဆင်းပြီး မှန်ရှေ့သွားရပ်ကြည့်တယ်။ တစ်သက်တာလုံး ကျနော့်နဲ့အတူ စွဲထင်နေမယ့် ချစ်သူ နာမည်လေးက တောက်ပ နေလေရဲ့။ ယုန်ကလေးမြင်ရင် သူ ငို လိမ့်မယ်။ သူ့ကို သိပ်ချစ်ကြောင်းတွေ အမှတ်မထင် ပြလိုက်တိုင်း ကြည်နူးမျက်ရည် ကျတတ်တဲ့ ယုန်ကလေး သူ့နာမည်လေးကို မြင်ရင် ငိုမှာ သေချာတယ်။ ငိုပါစေလေ။ သူ့အတွက် ကြည်နူးမျက်ရည်တွေလည်း ကျသင့်တာပဲမဟုတ်လား။ ယုန်ကလေးဆိုတာ ကျနော့်အတွက်တော့....

ပြင်းထန်တဲ့လှိုင်းလုံးတွေကို မြက်ပင်လေးတွေက အလိုက်သင့်ဆီးကြိုသလိုမျိုး ကျနော့်ရဲ့ အတ္တတွေကို ဝံ့ဝံ့ရဲရဲ ဆီးကြိုသူ....
မောက်မာတတ်တဲ့ ခြေသံတွေကို ကတ္တီပါအခင်းက တိုးတိတ်စေသလိုမျိုး ကျနော့်ရဲ့ ဒေါသတွေကို ငြိမ်းသတ်ပေးသူ....

ရက်စက်တဲ့မိုးစက်တွေကို သစ်ရွက်လေးတွေမှာ တွဲခိုစေပြီး နေရောင်ခြည်အောက်မှာ လင်းလက်တောက်ပ စေသလိုမျိုး  ကျနော့်ရဲ့ မနှစ်မြို့ဖွယ် အကျင့်တွေကို သူ့ရဲ့ နုညံ့ ခွင့်လွှတ်ခြင်းမှာ တွဲခိုစေပြီး လှပသပ်ရပ်စွာ ပုံပြောင်းပေးသူ....

တက်တူးဆရာကို ကျသင့်ငွေရှင်းပြီး အင်္ကျီပြန်မဝတ်ခင် မှန်ထဲမှာ တစ်ခေါက် ထပ်ကြည့်တယ်။ ကျနော့် နှလုံးသားပေါ်မှာ သူ့နာမည်လေး တွဲခိုနေလေရဲ့။
“ MOE”

ကျနော်အခုတော့ သိသွားပါပြီ။ ကိုယ့်အသားမှာ ချစ်သူနာမည်ထိုးတယ်ဆိုတာ ကိုယ့်အတွက်မဟုတ်ဘဲ ချစ်သူအတွက်ပေးဆပ်မှုသက်သက်ဆိုတာ သိသွားပြီ။ 

ဆိုင်ကအထွက်မှာ ဘယ်ဘက်ရင်အုံပေါ်ကို ခပ်ဖွဖွ အုပ်ကိုင်လိုက်တော့ ရောင်ကိုင်း နာကျင်မှု အရသာက စိမ့်တက်လာတယ်။ အဲဒီ ခံစားချက်ကို မမုန်းဘူး။ သဘောကျတယ်။ တခါတရံမှာ နာကျင်ခြင်းက ချိုမြိန်တယ် မဟုတ်လား။ 

။..............................................................................။

စာဖတ်သူများကို ချစ်ခင်သောအားဖြင့်
မြစ်ကျိုးအင်း

41 comments:

ညီမလေး said...

အင်း....ဟုတ်တယ် ။ တခါတရံမှာ နာကျင်ခြင်းတွေက ချိုမြိန်တယ်း)))

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကိုကျေနပ်စရာ အတိပြိးတဲ့ လက်ဆောင်လေး ပါလားအကို.... ရင်ကို တစ်ကယ်ပဲလှိုက်မော စေပါတယ်.... ချိုမြန်တဲ့ နာကျင်ခြင်း....တဲ့။

jasmine(တောင်ကြီး) said...

ဟုတ်တယ် ဖိုးဖိုးမြစ်ရေ
တခါတရံမှာ နာကျင်ခြင်းတွေ ချိုမြိန်တယ်ဆိုတာလေ
(ကိုယ့်ဘေးကလူ ငြူစူမှာကြောက်လို့ ထုတ်ပြောခွင့်မရတဲ့)
အဲဒီဘေးကလူဆိုတာ ခုဖိုးမြစ်ရဲ့ မဟေသီလား
များသိချင်လိုက်တာ
စပ်စုစိန်ဒေါ် jasmine

Anonymous said...

Nice Story... :)


Theingar Kyaw

sosegado said...

ကျနော်တော့ နာမည်ဘယ်တော့မှ မထိုးဘူး၊ သင်္ကေတ ဆိုလုံလောက်ပြီပေါ့၊ ဥပမာ နှင်းဆီပန်း၊ ယုန်ကလေးတစ်ကောင် စသဖြင့်ပေါ့၊ ဒါလည်း အချစ်ကိုပြတာပါပဲ

Anonymous said...

Time can never change----
Still deeply inside is ----
Lover :}

သတိုး said...

ပြင်းထန်တဲ့လှိုင်းလုံးတွေကို မြက်ပင်လေးတွေက အလိုက်သင့်ဆီးကြိုသလိုမျိုး ကျနော့်ရဲ့ အတ္တတွေကို ဝံ့ဝံ့ရဲရဲ ဆီးကြိုသူ....
မောက်မာတတ်တဲ့ ခြေသံတွေကို ကတ္တီပါအခင်းက တိုးတိတ်စေသလိုမျိုး ကျနော့်ရဲ့ ဒေါသတွေကို ငြိမ်းသတ်ပေးသူ....
အပြင်မှာ ယုန်ကလေးက တကယ်ရှိသလားဗျို့။ စိတ်ကောင်းရှိတဲ့ ချစ်စရာကောင်မလေးကို ၀တ္ထုရဲ့ ၀ါကျတိုင်းက ချစ်ပြနေတာ သိသာပေါ်လွင် လွန်းတယ်။

SHWE ZIN U said...

ကြည့်ရတာ ကိုမြစ်ကျိုးက နာမည်တခု ကိုဆိုစီ က သင်္ကေတ တခု ရေးထိုးထားတဲ့ ပုံပါဘဲ ချစ်သူ များဂုဏ်ယူနိုင်တာပေါ့ဗျာ

ခင်မင်တဲ့
ရွှေစင်ဦး

ခရစ္စတလ် said...

စာရေးဆရာကြီး ဇော်ဇော်အောင်ကတော့ သူ့အမျိုးသမီးကို ချစ်တဲ့ ချစ်ခြင်းကို ချိုမြိန်သော ဒုက္ခလို့ တင်စားလေရဲ့ :)
(ဖတ်လို့ကောင်းတယ်)

mstint said...

ရသပေါင်းစုံခံစားပြီး ဖတ်သွားတယ် မောင်မြစ်ရေ။
သည်းခံခွင့်လွှတ်ခြင်းဟာအောင်မြင်ခြင်းရဲ့လမ်းစပေါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

ချစ်ရသူအတွက် ချစ်မိသူက အကောင်းဆုံး ပေးဆပ်ချင်ကြတာပါဘဲ... ကျွန်တော်လဲ အချစ်ဦးတိုင်းက အချစ်ရဆုံးလားလို့ မကြာမကြာ ကိုယ့်ကိုယ်ကို မေးကြည့်မိတယ်...

san htun said...

တန်ဖိုးရှိတဲ့ လက်ဆောင်ပဲ ကိုမြစ်ရေ

မဒမ်ကိုး said...

ယုန်လေးဖက်ပြန်မလှည့်လို့ကတော့ ကိုကြီးကျိုးကိုခဲနဲ့လာပေါက်မှာဘဲ ဒီလောက်ရက်ရက်စက်စက်ရေးရလားလို့ :D

ခင်တဲ့

မဒိုးကန်

ဟန်ကြည် said...

ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင်ကတော့ ရှုထောင့်တိုင်းဟာ မှန်နေတာချည်းပါပဲ ကိုမြစ်ရေ...ဆေးမင်ကြောင်ထိုးတာဟာ ကိုယ့်အတွက်မဟုတ်ဘဲ ချစ်သူအတွက် ပေးဆပ်တာဆိုတဲ့ အယူအဆကိုတော့ အမှတ်ထင်ထင်ရှိသွားပါရဲ့...

နေ၀သန် said...

ချစ်သူအတွက် နာကျင်ခံပြီးတော့ ပေးဆပ်ခဲ့ပြီးပြီ.. ဒီ့နောက်မှာ ဘ၀တလျှောက်လုံး ချစ်သူကို မနာကျင်အောင်တော့လည်း ပေးဆပ်ရဦးမှာပေါ့လေ...

ခင်မင်လျက်
နေ၀သန်

Anonymous said...

ဖတ်ရင်း မျက်ရည်ဝဲ၀ဲလာလို့.....
ဒီစာလေးဖတ်ပြီး...ချစ်သူအပေါ်မှာ အမြဲတမ်းဗိုလ်ကျနေတတ်တဲ့ ကိုယ့်ဘာသာရှက်လာသလိုပဲ။ "အပြစ်မမြင်တတ်တဲ့ ချစ်ခြင်းနဲ့ မျိုသိပ်ပေးဆပ်ခြင်းကိုပဲ တောက်လျှောက်သုံးစွဲခဲ့တာ" အဲ့ဒါလေး သဘောကျတယ်။ ကြိုးစားကြည့်ဦးမယ်း)


နောင့်

မြသွေးနီ said...

အချစ်ကြီးမယ့် ယုန်ကလေးနဲ့ ချစ်တတ်တဲ့ ကောင်လေးတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ထုံမွှမ်းထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်။ နားလည်ခွင့်လွှတ်မှုဆိုတဲ့ မေတ္တာလက်နှက်က မမြင်ရပေမယ့် ထိချက်က ပြင်းထန်တယ်။ တင်းတင်းချည်နှောင်တယ်။ အလွတ်ရုန်းရခက်တယ်။ အသက်ရှူနေတာနဲ့အမျှ ပိုလို့ တိုးလာတတ်တယ်။ ချစ်စရာ အချစ်ဝတ္တုလေး..။

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဝတ္တုလေးကို အရမ်း နှစ်သက်ပါတယ်။

ယုန်ကလေးလို အမျိုးသမီးမျိုးလေးတွေကိုလည်း ချီးကျူးလေးစားမိပါတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

အင်ကြင်းသန့် said...

ဖတ်လို့သိပ်ကောင်းတယ်။ ဘာ့ကြောင့်မှန်းမသိ အဆုံးသတ်မှာ မျက်ရည်ဝဲမိတယ်။ ယုန်ကလေးရဲ့ စိတ်ဓါတ်လေးကတော့ အတုယူစရာပါပဲ။း)

ထော်ဦး said...

အချစ်ဆိုသည်မှာ....
ကို လောကရဲ့  မရှိမဖြစ်တဲ့ အရာများလားလို.
တစိမ့်စိမ့် တွေးမိရင်းနဲ့ ...
ထော်ဦး

Anonymous said...

သိပ်သဘောကျတယ်။
နဲနဲတော့ဆက်တွေးမိလိုက်တယ်။
ယုန်ကလေးရဲ့ ယုံကြည်မှုကိုလိုချင်တာလည်းပါနေသလားလို့ ။ ဒါဆိုရင်တော့ယုန်ကလေးအတွက်သက်သက်မဟုတ်ဘဲကိုယ့်အချစ်ကိုယုံစေချင်တဲ့ကိုယ့်ဆန္ဒသေးသေးလေး
လည်း
ပါနေမယ်ထင်တယ်လို့ ။ ပါးပါးလေးလေ။
အိုင်အိုရာ

မြတ်မွန် said...

非常浪漫 ဦးမြစ်..

အနော် said...

တက်တူးတော့ ထိုးမယ်လို့ စိတ်ကူးထားတယ်.. ချစ်တူ့နာမည်တော့ ဟုတ်ဘူးပေါ့လေ :).. ကနုတ်ပန်းရိုးရိုးလေး ပုံစံမျိုးလေး..
ဒါ့ထက် ချစ်သူကို နာကျင်အောင် နှိပ်စက်ရတာကို အရသာတွေ့နေသလိုမျိုး.. ချစ်ခြင်းက မစမ်းသပ်တာ ကောင်းပါရဲ့ အကိုမြစ် :P

မြတ်မွန် said...

နာကျင်စရာကောင်တဲ့ အဖြစ်ပျက်နဲ့ တည်ဆောက်ထားတဲ့ ချိုမြိန်တဲ့ ဇာတ်လမ်းလေးပါပဲ..

ချော (အစိမ်းရောင်လင်ပြင်) said...

ကြည်နူးစရာ ဝတ္ထုလေးဘဲ
ယုန်ကလေးရဲ့ ပေးဆပ်ခြင်းကတော့ တကယ်ကိုနှစ်သက် ချီးကျူးဖို့ကောင်းလှပါတယ်
မိန်းခလေးတိုင်း မထားနိုင်တဲ့ စိတ်မျိုးရှိတဲ့ မိန်းခလေးဘဲ..
စိတ်ကောင်းရှိတဲ့သူဟာ အရာရာကို အောင်မြင်နိုင်တယ်ဆိုတာ သက်သေပြလိုက်သလိုပါဘဲ
သူ့ချစ်သူရဲ့ ချစ်ခင်မြတ်နိုးခြင်းတွေအားလုံးကို အပိုင်ရလိုက်တာ သူ့ရဲ့ အနစ်နာခံမှုတွေ၊ စိတ်ကောင်းရှိမှုတွေကြောင့်ဘဲပေါ့..
ယုန်ကလေးအတွက် ဒီပိုစ့်လေးက အကောင်းဆုံး ဗယ်လင်တိုင်းလက်ဆောင်လေးပါဘဲ..
အဆုံးသတ်မှာ ကြည်နူးနှစ်သက်စွာ ခံစားသွားပါကြောင်း..

မြစ်ကျိုးအင်း said...

ချစ်သူနာမည် ထိုးတာလို့ ကျနော်
သေသေချာချာရေးထားပါတယ် ဆရာဟန်ရဲ့။
တော်ကြာ သူ့ဘာသာ တန်ဆာဆင်ချင်စိတ်နဲ့ နဂါးပုံကြီးထိုးလည်း ချစ်သူအတွက် ပေးဆပ်တယ်လို့ ထင်ကုန်ကြပါအုံးမယ်။

Anonymous said...

ချစ်သူအတွက် အမြဲတမ်းရှိနေမဲ့
အမှတ်တရလက်ဆောင်ပေါ့

flowerpoem said...

တကယ်ချစ်တဲ့လူတွေကို တန်ဖိုးထားစေဖို့ ဒီဆောင်းပါးလေးကို ဖတ်စေချင်လိုက်တာ :)

ဖြိုးဇာနည် said...

ဝတ္တုလေးကို အရမ်း ကာရံလှပါတယ်။
တကယ်ချစ်တဲ့ နှလုံးသားရှိသူတွေအတွက်ပေါ့
ခင်တဲ့ တစ်ချိန်က

ညီ

ပန်းချီ said...

ဖတ်ရင်း ယုန်လေးကိုသနားလို့ မျက်ရည်တောင်ဝဲတယ်။ အစ်ကိုတို့ကတော့ တစ်ပုဒ်ဆိုတစ်ပုဒ်ပဲ။ သည်းခံခွင့်လွှတ်ပြီးချစ်တတ်တဲ့ ကောင်မလေးကို နှစ်နှစ်ကာကာချစ်သွားတဲ့ကောင်လေးက ကိုမြစ်များလား (နောက်တားD)

အလင်းသစ် said...

ချစ်တော့ချစ်တယ်.. မထိုးရဲဘူး ကိုမြစ်ရေ... တက်တူးထိုးတာလောက် အသည်းယားတာ မရှိဘူး..ဟီးးး။။။။

ဆွေလေးမွန် said...

ကိုမြစ် စာမရေးတာကြာပြီ..
ရေးပြန်ရင်လည်း တစ်ပုဒ်ဆို ဆိုသလောက်ပဲ..
အားကျတယ်..

...အလင်းစက်များ said...

မိုက်တယ်ကိုမြစ်။ သဘောကျတယ်။ တက်တူးထိုးတဲ့ သူငယ်ချင်း တစ်ကောင်ကို ဘေးကနေ အရက်ပုလင်း ကိုင်ပြီး ထိုင်စောင့်ပေးဖူးတယ်။ သူကတော့ ချစ်သူ အတွက်တဲ့ စိတ်တွေ ဂနာ မငြိမ်နဲ့ ။ ကျနော်ကတော့ ဘေးမှာ ငိုက်လို့ ။

ကြယ်ပြာ said...

ဒီစာလေးဖတ်ရင်းနဲ့ Lလွန်းဝါရဲ့ ချစ်သူဆိုတဲ့ သီချင်းစာသားလေးကိုသတိရမိတယ် ....
ဒီစာဖတ်ပြီး ကောင်မလေး သိပ်ချစ်တာပဲ ကွက်မြင်သွားတယ် ...း)

~~ ဘယ်အချိန်အခါဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ ... တခါတခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ .... ကိုယ်ပျော်ရင် သူလဲပျော်မယ် ... ကိုယ်ငိုရင် သူလဲငိုမယ် ... တခါတလေများ အပြင်ပြသနာတွေ ယူလာပြီး ... သူစိတ်မချမ်းသာအောင် ... ပြန်လည်တွေးတိုင်း သနားလို့လာတယ် ... ဘယ်သူနဲ့မှ မတူဘူး .... အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ် ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ ~~~~

Dream said...

အရေးအသားက ရေလည်လန်းတယ်။ ရေးချက်တွေက လူကိုမျောပြီး
ဆွဲခေါ်သွားတယ် ။
ဦးမြစ် ဒုံဘတ်လေးပါ ရိုက်ပြီး တင်ပါလား။ ဟိဟိ
(( ဒါနဲ့ ဘာအရောင်နဲ့ တက်တူးထိုးထားတာလဲ))း))

Anonymous said...

ကူးပြီး ပြန်ခံစားမယ်း)

မောင်ဘကြိုင်

8Yar said...

ကိုယ့်အသားမှာ ချစ်သူနာမည်ထိုးတယ်ဆိုတာ ကိုယ့်အတွက်မဟုတ်ဘဲ
ချစ်သူအတွက်ပေးဆပ်မှုသက်သက်ဆိုတာ သိသွားပြီ။

ဟုတ်တယ်ဗျာ။ ကိုယ့်အသားပေါ်မှာထိုးပေမယ့် ကိုယ့်အတွက်မှမဟုတ်တာ။ သူ့အတွက်လေ။ အားပေးလျှက်ပါအစ်ကို။

Anonymous said...

ချစ်သူနံမည်ကို တက်တူးထိုးထားတဲ့ သူတွေကိုတွေ့တိုင်း စိတ်ထဲရှုံ့ချမိမှာ မဟုတ်တော့ပါဘူးဗျာ။
(လီယို)

YeTun Photography said...

ကောင်းပါတယ်... တင်ပြပုံကိုကြိုက်တယ်...ရိုးရိုးလေးနဲ့ဆွဲဆောင်ပါတယ်။
အငုံ့စိတ်ကစ ဖတ်မိပြီး သတိထားမိခဲ့ပါတယ် အခုအဆင်သင့်လို့ တွေ့ရင်း ၀င်ကြည့်မိပါတယ်။
အားပေးလျှက်..

Anonymous said...

ဒီပို့စ်ကလေးကို ခဏတိုင်းဖတ်မိပါရဲ့ .. ဖတ်မိတိုင်းလဲ ရင်ထဲမှာ လှိုက်နေအောင် ခံစားရတယ် .. ချစ်တတ်သူတွေ သူတို့ကိုပြန်ချစ်သူနဲ့သာ တွေ့ဆုံကြပါစေလို့လည်း ဆုတောင်းမိပါရဲ့ ..

ညီမလေး

Witt Hmone said...

ခံစားအားပေးသွားပါတယ်ရှင်.........

 

Posts Comments

©2006-2010 ·TNB