“သင်စိတ်ဆန္ဒရှိလျှင် အခါခါ ပွင့်လန်းနိင်ပါတယ်”

21 March 2012



နောက်ဆုံးတော့ ဒီနေ့ကို ရောက်ခဲ့ပါပြီ။ တကူးတကစောင့်နေတာ မဟုတ်ပေမယ့် ဒီနေ့ကိုရောက်ဖို့  နေ့စဉ်နေ့စဉ်  ဖြတ်သန်းပြီး ကျနော်  ကြိုလင့်ခဲ့တာ။ ဒီနေ့က ပန်းကလေးပွင့်တဲ့နေ့ပေါ့။ ပန်းပွင့်တာက အထူးအဆန်းမဟုတ်ပေမယ့် ကျနော်ရည်ညွှန်းတဲ့ ပန်းကလေးနဲ့ပါတ်သတ်ပြီး သာမန်ထက်ပိုတဲ့ စိတ်ခံစားချက်မျိုး ရှိနေခဲ့တယ်။ အဲဒီအကြောင်းကို ပြောပြချင်တာပါ။

ကျနော် ရည်ညွှန်းတဲ့ ပန်းကလေးက သစ်ခွ ပန်းကလေးပါ။ ရှားပါးသစ်ခွ မဟုတ်သလို တန်ဖိုးကြီး သစ်ခွမျိုးလည်း မဟုတ်ပါဘူး။ သာမန်သစ်ခွ ပန်းပင်ကလေးမှာ အဖြစ်အပျက်တစ်ချို့ရှိပါတယ်။ လွန်ခဲ့တဲ့ ၈လ ကျော်လောက်က သူငယ်ချင်းအိမ် သွားလည်ရင်း ကျနော့်သူငယ်ချင်းရဲ့ အစ်မဖြစ်သူ စိုက်ထားတဲ့ အဲဒီသစ်ခွပန်းပင်လေးကို တွေ့ခဲ့တာ။ တခြားပန်းပင်တွေနဲ့အတူ စိုက်ထားပေမယ့် လုံလောက်တဲ့ ဂရုစိုက်မှုမျိုး မရှိတော့  သစ်ခွပင်လေးက အရိုးငုတ်တိုနဲ့ အရွက်တွေ အမြစ်တွေ ခြောက်ကပ်နေတယ်။ 

စိုက်စဉ်ကတော့ စိတ်ပါလို့ စိုက်ခဲ့ပုံပါပဲ။ နောက်ပိုင်းတော့ စိတ်လျော့သွားပုံရပါတယ်။ တခြားအပင်တွေကတော့ နေရောင်ခြည်အောက်မှာ ထိုက်သင့်သလောက် ပွင့်လန်းနေပေမယ့် ဒီသစ်ခွပင်လေးကတော့ နဂိုချိတ်ထားတဲ့ နေရာမှာပဲ မလှုပ်မယှက် ငြိမ်သက်နေတယ်။ ကျနော် အပင်နားကို တိုးကပ်ကြည့်ရင်း

“အစ်မ သစ်ခွပင်က သေတော့မယ်နဲ့တူတယ်”
“သိပါဘူးဟာ ငါလည်း ဝယ်လာခါစက ရေတွေ မှန်မှန်လောင်းပေးတာပဲ။ အပင်က မျိုးမကောင်းဘူးနဲ့တူတယ်ဟ။ အရွက်တွေရော အမြစ်တွေပါ ပုပ် သလိုဖြစ်လာတာနဲ့ ဒီအတိုင်းပဲ ထားလိုက်တော့တာ။”

ဒီအတိုင်းထားလိုက်တော့တာ ဆိုတဲ့စကားက ထုတ်မပြောရင်တောင် သိသာနိင်လောက်အောင် သစ်ခွပင်ပုံစံက သက်သေခံနေတယ်။ အိုးအတွင်းဘက်မှာ ခြောက်ကပ်စပြုနေတဲ့ အမြစ်တွေအချင်းချင်း လိမ်ယှက်နေတယ်။ မျှော်လင့်ချက်ဆိုလို့ လက်ကျန် အမြစ်လေး  နှစ်ခု သုံးခုရဲ့ အရင်းပိုင်းမှာ အစိမ်းရောင် နဲနဲ သန်းနေသေးတာလေးပဲ ကျန်တယ်။ ကျနော့်ကို စိတ်ဝင်စားသွားစေတာလည်း အဲဒီ  အစိမ်းရောင်ဖျော့ဖျော့လေးပါပဲ။ အဲဒီမှာ ကျနော့်ရဲ့ ဗီဇ က နိုးထလာတော့တယ်။

“ သေမယ့်အတူတူ ဒီအပင်လေး ကျနော့်ကို ပေးဗျာ”
“ဟဲ့.. ဘာလုပ်မတုန်း”
“ အမြစ်ခြောက်နေပုံလေးကို ဓါတ်ပုံ ရိုက်ချင်လို့ ”
“အမလေးဟဲ့ ဘာများလဲလို့ နင်လည်း ရောဂါပဲ”


အဲဒီနေ့က ပြန်လာတော့ ကျနော့်အပြန်လမ်းမှာ သစ်ခွပင်လေး အတူပါလာခဲ့တယ်။ ဓါတ်ပုံရိုက်ဖို့ဆိုတာ တကယ်တော့ ကြားကောင်းရုံ အကြောင်းပြချက် သက်သက်ပါ။ ဒီသစ်ခွလေး ယူချင်စိတ်က ကျနော့်ရဲ့ အမြစ်တွယ်နေတဲ့ ဗီဇ စိတ် တစ်မျိုးကြောင့်ပါ။ ကျနော် ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့တာက ပစ္စည်းအသစ်တွေ မဟုတ်ဘူး။ တခြားသူတွေ လက်လျှော့ စိတ်ကုန်သွားလေ့ရှိတဲ့ အရာတွေကို ကျနော် စိတ်ဝင်စားတယ်။ ဆိုပါစို့ ဆယ်ကျော်သက်ဘဝက စက်ဘီးတစ်စီး လိုချင်လို့ပူဆာမိတယ်။ အိမ်ရဲ့ အခြေအနေအရ ခပ်လတ်လတ် တပါတ်ရစ် စက်ဘီးတစ်စီးဝယ်ဖို့ ငွေထုတ်ပေးရှာတယ်။ 

ကျနော်က အဲဒီခပ်လတ်လတ် စက်ဘီးကို မဝယ်ဘူး။ သူငယ်ချင်းတစ်ယောက်အိမ်က ဂိုထောင်ထဲ ထည့်ထားတဲ့ စက်ဘီးအစုတ်ကို သွားတောင်းဝယ်တယ်။ အဲဒီဘီးက အခြေအနေ အတော်ဆိုးပါတယ်။  နောက်ဂွေက လိမ် နေတယ်။ ကိုယ်ထည်မှာ သံချေးအထပ်ထပ်နဲ့ ပင့်ကူမျှင်တွေက မင်းမူထားတယ်။ တာယာကို စမ်းကြည့်တော့ ပါးလျနေပြီ။ လဲလှယ်ရမယ့်ပစ္စည်းတွေ စိတ်တွက်တွက် ကြည့်တယ်။ အိမ်က ဝယ်စေချင်တဲ့ ခပ်လတ်လတ် စက်ဘီး ဖိုးနီးနီးလောက် ကျသွားနိင်တယ်။ ဒါပေမယ့် ကျနော် တောင်းဝယ်ခဲ့တယ်။ သနားသွားလို့နဲ့ တူပါရဲ့။ သံထည်ဈေးသာသာနဲ့ကို ရတာပါ။ အဲဒီနေ့က စက်ဘီးစုတ်လေးကို ထမ်းပြန်လာရင်း ကျနော် ပျော်ရွှင်နေမိတယ်။

အိမ်ရောက်တော့ ခြံထောင့်မှာ ဂုံနီအိတ်ခင်းပြီး စက်ဘီးကို တစ်စစီဖြုတ်တော့တာပဲ။ မူလီတွေက ကျပ်နေလို့ ဆီတွေ ဖျန်းပြီး ခက်ခက်ခဲခဲ ဖြုတ်ရတာပါ။ စက်ဘီးစုတ်လေးကို အမေက မြင်တော့ ရင်ဖိတယ်။ ကျနော် အလိမ်ခံလာရတယ် ထင်လိုနဲ့တူတယ်။  နောက်နေ့မှ အမေကြည့်လိုက်လို့ပြောပြီး ဘီးစုတ်လေးနဲ့ အလုပ်ဆက်ရှုပ်တယ်။ စက်ဘီးကိုယ်ထည်ကို သံဘရပ်နဲ့ သံချေးချွတ်တယ်။ ချွေးတလုံးလုံးပါပဲ။ ဒါပေမယ့် ကျနော် ပျော်နေတယ်။ နောက်ဂွေက သုံးမရနိင်တော့ပေမယ့် ရှေ့ဂွေက စမုတ်တံတချို့ ကျိုးပြတ်နေတာက လွဲပြီးအိုကေသေးတော့ ကျနော် လေချွန်မိတယ်။ ကိုယ်ထည်ကို သံဘရတ်နဲ့ ပွတ်တိုက်၊ နေလှန်းထားခဲ့ပြီးတော့  စက်ဘီးပစ္စည်းဆိုင်ကို ကျနော် ပြေးတော့တာပဲ။ 

အနီရောင် မှုတ်ဆေး ဝယ်တယ်။ တာယာ နှစ်လုံးနဲ့ ဂွေတစ်ဂွေ ဝယ်တယ်။ အနက်ရောင်လက်ကိုင် ကော်စွပ်လေးဝယ်တယ်။ အိမ်ပြန်ရောက်တော့ ဘော်ဒီတခုလုံးကို အနီရောင်ဆေး မှုတ်ပစ်လိုက်တော့တယ်။ ဆေးခြောက်သွားတာနဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေနဲ့အတူ လမ်းထိပ်က စက်ဘီးပြင်ဆိုင်ကို သယ်ချသွားတယ်။ ဘရိတ်ကြိုးတွေ ၊ ဘရိတ်ကိုင်းတံတွေ စမုတ်တံတွေကိုတော့ အဲဒီဆိုင်ကပဲ ဝယ်လိုက်ပြီး တစ်ခုစီပြန်ဆင်တော့တာပဲ။ နောက်တစ်ရက် နေ့လည်လောက်မှာ စက်ဘီးနီနီလေးစီးပြီး အိမ်ပြန်သွားနိင်ခဲ့တယ်။ မြင်သာအောင် စက်ဘီးလို့ပြောပေမယ့် ကျနော့်အတွက်တော့ အောင်မြင်မှု စီး ပြီး ပြန်သွားခဲ့တာပါ။ 

ပိုတဲ့ငွေ အမေ့ကို ပြန်ပေးလိုက်ပါတယ်။ ငွေပိုထွက်လာချင်လို့ ကျနော် ဒီလို လုပ်တာမှ မဟုတ်တာ။ တချို့လူတွေ လက်လျှော့ထားတဲ့အရာကို ကျနော် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့  လုပ်ခဲ့တာ။ အဲဒီစိတ်က အရွယ်ရောက်လေ ရင့်သန်လာလေပဲ။ အဲဒီစိတ်ရဲ့ စေ့ဆော်မှုကြောင့်ပဲ အတန်းထဲမှာ သူငယ်ချင်းအဖွဲ့တွေထဲမှာ အလိုလိုနေရင်း ဦးဆောင်သူဖြစ်လာတယ်။ ဘဝတစ်လျှောက်မှာ ခက်ခဲတဲ့ အရာတွေကို ကျနော် ဖြစ်အောင်လုပ်ခဲ့တယ်။ ခက်ခဲတဲ့အရာတိုင်း ဖြစ်အောင် လုပ်နိင်တယ်ဆိုတာထက် ကျနော့် အနေအထားနဲ့ ခွန်အားကို အရင်သုံးသပ်ပြီးမှ ရှေ့ဆက်တိုးဖို့ ရွေးချယ်တာပေါ့။ 

အဲဒီစိတ်ဆန္ဒပြင်းပြမှုကို ကျနော် တော်တော် သဘောကျတယ်။ ဘာကြောင့်ဆိုတော့ ကျနော့်ဘဝမှာ ဘယ်လို အခက်အခဲတွေ့တွေ့ မတုန်လှုပ်တတ်တော့ဘူး။ ပြဿနာ တစ်ခု ကြုံတိုင်း ငြီးညူဖို့ထက် ဘယ်လိုဖြေရှင်းရင် ရနိင်မလဲဘဲ ကျနော်အလိုလို တွေးမိတတ်လာတယ်။ ဝမ်းနည်းခြင်းတွေမှာလည်း တော်သင့်ရုံထက် ပို ဝမ်းမနည်းတတ်လာတော့ဘူး။ ဖြစ်ပြီးသွားတဲ့ ကိစ္စတစ်ခုမှာ ဝမ်းနည်းတာ နောင်တ ရတာဟာ နှစ်ခါ ရှုံးတာလို့ ကျနော်သတ်မှတ်ထားတယ်။ 

ပစ္စည်းတစ်ခုခု ကျပျောက်သွားတယ် ဆိုပါစို့။ ကျနော် ပြန်လိုက်ရှာတယ်။ ရှာသင့်သလောက်ရှာပြီးလို့မှ မတွေ့ရင် အဲဒီပစ္စည်းကို မေ့ပစ်လိုက်တော့တာပဲ။ တော်ပြီလေ။ လုပ်သင့်တဲ့ ပြန်ရှာခြင်းကို လုပ်ပြီးပြီမဟုတ်လား။ တသသတွေးပြီး နောင်တ ရနေခဲ့ရင် နောက်တကြိမ် ကိုယ်ဖန်တီးလိုက်တဲ့ ဆုံးရှုံးမှု တခုဖြစ်သွားမှာပေါ့။ ဒါတွေက လက်လျှော့ထားတဲ့ အရာတွေကို ဖြစ်အောင် လုပ်ရင်းနဲ့ ရလာတဲ့ စိတ်ဓါတ်အနေအထားတွေပေါ့။ အခုလည်း သစ်ခွပင်ကလေး ကျနော် ပြန်သယ်လာတယ်။ လက်ကျန် မျှော်လင့်ချက် နဲနဲလေးကို ဆုပ်ကိုင်ပြီး ပြန်ရှင်သန်အောင် ကျနော် ကြိုးစားကြည့်ချင်လို့ပါပဲ။ တကယ်လို့ မအောင်မြင်ခဲ့ရင်လည်း ကျနော် ဝမ်းနည်းမှာ မဟုတ်ပါဘူး။ ဒီအတိုင်း လက်လျှော့လိုက်ရတာထက် ကြိုးစားခွင့်ရသလောက် လုပ်ခဲ့တာက ကိုယ့်လိပ်ပြာလုံစေတယ်လေ။ 

အိမ်မှာ သစ်ခွပင်ကလေး ထားပြီးတာနဲ့ ကျနော် ပျိုးပင်အရောင်းဆိုင်ကို သွားမေးတယ်။ ကျနော် ကြိုးစားကြည့်ချင်တဲ့ သစ်ခွပင် အမျိုးအစားရဲ့ ရှင်သန်ခြင်းသဘောတရား ၊ ရာသီဥတုအပေါ် ခံနိင်ရည်စွမ်း ၊ သူ့အတွက် သင့်လျှော်တဲ့ အားဖြည့်ဆေး စတဲ့ သိသင့်သိထိုက်တာတွေ သေချာမေးမြန်းတယ်။ အခုသစ်ခွက မိုးရေ စိုစွတ်တာကို သဘောမကျသလို ရေများများလောင်းဖို့လည်း မလိုဘူးဆိုတာသိလိုက်ရတယ်။ အရွက်ကို ရေများများလောင်းရင်လည်း အရွက်တွေ ပုပ်တတ်သလို အပွင့်ကို ရေထိရင်လည်း ကြာကြာမခံကြောင်း သိရပြန်တယ်။ သစ်ခွပင်ထဲ ထည့်ဖို့ သစ်ကိုင်းသေးသေးမှုန်မှုန်လေးတွေရယ်၊ သစ်မှုန်စတွေနဲ့ အုန်းဆံဖတ်တွေရယ်၊ အပင်ထဲ ထည့်တဲ့ အပင်သန်ဆေးရယ်၊ ဝယ်ပြီး ကျနော့်ရဲ့ သစ်ခွပြန်လည် ရှင်သန်ရေးစီမံကိန်း စတင်တော့တယ်။ 

ပထမဆုံး ခြောက်ကပ်နေတဲ့ သစ်ခွမြစ်တွေကို ကပ်ကြေးနဲ့ ညှပ်ထုတ်ပစ်လိုက်တယ်။ သစ်မှုန်စရယ် အုန်းဆံဖတ်ရယ်ကို ရေနူးအောင် စိမ်ထားလိုက်တယ်။ လက်ကျန် သစ်ခွမြစ်အစိမ်းဖျော့ဖျော့လေးပေါ် သစ်ကိုင်းသေသေးလေးတွေရယ် ရေစိမ်ထားတဲ့ သစ်မှုန်စနဲ့ အုန်းဆံဖတ်တွေရောပြီး အိုးအသေးလေးထဲမှာ အုံထားလိုက်တယ်။ တပါတ်တခါ ထည့်ပေးရမယ့် အပင်သန်ဆေးရည်ကို လောင်းထည့်ပြီး
နေရောင်တိုက်ရိုက် မထိစေတဲ့ ဝရံတာ အမိုးအောက်မှာ ချိတ်ဆွဲထားလိုက်တယ်။ ကံ ၊ စိတ်၊ ဥတု ၊ အဟာရ ဆိုတဲ့ အထဲက ကျနော် လုပ်နိင်စွမ်းတဲ့ စိတ်ရဲ့ အာရုံစူးစိုက်မှုရယ်၊ ဥတု နဲ့ အဟာရကို  လုံလောက်စွာ ဖြည့်ဆည်းပေးပြီးပြီ။ အခုဆို သစ်ခွလေးရဲ့ ကံတရားကိုပဲ ကျနော် စောင့်ကြည့်ဖို့ ကျန်တော့တယ်။

နှစ်ရက် တစ်ခါ လောက် အုန်းဆံဖတ်တွေကို ရေလောင်းပေးတယ်။ တပါတ်တခါ ဆေးရည်ထည့်ပေးတယ်။ ခက်ခဲတဲ့ အရာတွေ အောင်မြင်ဖို့အတွက်ဆို သာမန်ထက်ပိုတဲ့ အာရုံစူးစိုက်မှုတော့ ရှိရမယ်မဟုတ်လား။ ပထမ တစ်လမှာ သိသိသာသာ ရလဒ်မမြင်ရပေမယ့် ဒုတိယမြောက်လမှာ အိုးရဲ့ အောက်ခြေ အပေါက်ထဲကနေ အမြစ်သစ်တွေ တိုးထွက်စပြုလာတယ်။ ကျနော် ကျေနပ်သွားတယ်။ အခြေအနေတော့ ကိုယ့်ဘက်ပါစပြုလာပြီ။ သစ်မှုန်စတွေနဲ့ အုန်းဆံဖတ်တွေ ထပ်ဖြည့်တယ်။  အုန်းဆံဖတ်တွေ မခြောက်သွားဖို့ ရေမှန်မှန် ဖျန်းပေးတယ်။ အားဆေးရည်ကို ပမာဏပိုထည့်တယ်။ စိုက်ဖူးသူတွေ အကြံပေးသလို မီးသွေးခဲ လေး ငါးခဲ ထည့်ပေးလိုက်တယ်။ 

အဲဒီနောက်ပိုင်းတော့ အမြစ်တွေ ထွက်တာ မြန်လာတယ်။ သစ်ခွပင်ကလေး ကျနော့်အိမ်ရောက်ပြီး သုံးလကျော်တော့ အရွက်တွေ စထွက်လာပြီ။ ငါး လနီးနီး အရောက်မှာ ကိုင်းတံ တစ်ချောင်း တိုးထွက်လာတာမြင်တော့ ပီတိဖြစ်ရပြန်တယ်။ ကိုင်းတံ ထွက်လာချိန်မှာ ပန်းပွင့်စေတဲ့ ဆေးထုပ်လေး ဝယ်ပြီး အိုးထဲ ထည့်ထားပေးလိုက်တယ်။ ကိုင်းတံနောက်မှာ ပန်းပွင့်တွေ လိုက်လာတော့မယ်လေ။ အရွက်တွေ ထွက်လာတော့ ရေလောင်းချိန်မှာ ပိုဂရုစိုက်ရပြန်တယ်။ အရွက်တွေက ရေထိရင် ပုပ်တတ်တယ်ဆိုတော့ ရေလောင်းချိန်မှာ ခရားအိုးလေးထဲ ရေထည့်ပြီးမှ အမြစ်ထဲ တိုက်ရိုက် လောင်းပေးရတယ်။ တဖြေးဖြေးရှည်ထွက်လာတဲ့ ကိုင်းတံလေးကျိုးမကျသွားဖို့အတွက် တုတ်ချောင်းလေးမှာ ကလစ်နဲ့ တွဲထားပေးပြီး တောင့်တင်းစေတယ်။

ဆောင်းဦးပေါက် အရောက်မှာတော့ အဲဒီကိုင်းတံကနေ အဖူးလေးတွေ ထွက်လာပြီ။ ကျနော် မျှော်လင့်တဲ့နေ့ သိပ်မဝေးတော့မှန်း သေချာသိနေခဲ့ပြီ။ 

အဖူးလေးတွေ တစစ နဲ့ ကြီးထွားလာပြီးတဲ့နောက်မှာ ကျနော် အမျှော်လင့်ဆုံး ပန်းပွင့်လေးတွေ တပွင့်ပြီး တပွင့် ပွင့်စပြုလာတော့တယ်။ အားလုံးပေါင်း အချိန် ရှစ် လ ကျော်ကျော် မှာပဲ သေခြင်းတရားစီက ကျနော် ဆွဲယူထားလိုက်တဲ့ သစ်ခွလေးဟာ ပန်းပွင့်လေးတွေနဲ့ လှပ တင့်တယ် နေတော့တယ်။ ဒီသစ်ခွနဲ့ ပါတ်သတ်လို့ ကျနော့်မှာ ရည်ရွယ်ချက် နှစ်ခုရှိတယ်။ အခုဆို ပထမ ရည်ရွယ်ချက်ဖြစ်တဲ့ သစ်ခွပင်ကလေး ပြန်လည်ရှင်သန်ရေးဆိုတဲ့ ရည်ရွယ်ချက် ပြည့်မြောက်ခဲ့ပြီ။ ဒုတိယ ရည်ရွယ်ချက်ကိုတော့ ဒီတပါတ် အားလပ်ရက်မှာ အကောင်အထည် ဖော်ပါအုံးမယ်။ ဒီတခါ ရည်ရွယ်ချက်က ကျနော့်အတွက်တော့  ခက်ခက်ခဲခဲ မဟုတ်ပါဘူး။

ပန်းပွင့်လေးတွေနဲ့ မယုံနိင်စရာ လှပနေတဲ့ သစ်ခွပင်လေးကို ပိုင်ရှင်ဆီ သွားပြန်ပေးမလို့ပါပဲ။ 
သေဆုံးသွားပြီထင်ထားတဲ့ သစ်ခွပင်လေးကို လှပစွာ ပြန်တွေ့ချိန်မှာ ဖြစ်လာမယ့် ဝမ်းသာကြည်နူးမှု ခံစားချက်ကို ကျနော် ပေးချင်ရုံသက်သက် မဟုတ်ပါဘူး။ လုံလောက်တဲ့ အားစိုက်ထုတ်မှု ရှိရင် ကျဆုံးခြင်းတွေက ကိုယ့်ဆီ လွယ်လွယ်နဲ့ ရောက်မလာနိင်ကြောင်း သိစေချင်လို့ပါ။ ဒါဟာ လူတစ်ယောက်ရဲ့ ဘဝလမ်းအတွက် ကျနော် အပေးနိင်ဆုံး လက်ဆောင်တစ်ခုပါပဲ။ ဒီတကြိမ်မှာတော့ သစ်ခွပင်ကလေး ပိုင်ရှင်ဆီမှာ သက်တမ်းပြည့် ရှင်သန်ခွင့်ရတော့မယ် ထင်ပါရဲ့။

သစ်ခွပင်ကလေးသွားပေးရင်းနဲ့ ကျနော် ပြောပြရမယ့် စကားလက်ဆောင်လည်း ရှိပါသေးတယ်။ အဲဒါကတော့....
“ဘာပဲဖြစ်ဖြစ် စိတ်မလျှော့ပါနဲ့။ သင်စိတ်ဆန္ဒရှိရင် အခါခါ ပွင့်လန်းနိင်ပါတယ်”

။....................................................................................။


33 comments:

သဒ္ဓါလှိုင်း said...

ဘယ်လိုအခြေအနေရောက်ရောက် ကျရှုံးမသွားပဲ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ကြိုးစားဖို့ လမ်းညွှန်လေးသတိပေးထားတယ်။ စိတ်ဆန္ဒရှိဖို့ပဲ လိုပါတယ် စိတ်ဆန္ဒလေးသာ တကယ်ရှိနေမယ်ဆိုရင် အရာကိစ္စတွေက အောင်မြင်နိုင်မှာပါ ကိုမြစ်..။
ချမ်းမြေ့ပျော်ရွှင်ပါစေ ကိုမြစ်.။
ခင်မင်လျက်
သဒ္ဓါ

mstint said...

ဥယျာဉ်မှူးတစ်ယောက်ဟာ သူပြုစုပျိုးထောင်ခဲ့တဲ့ ပန်းကလေးပွင့်လာတဲ့အခါ ရင်ထဲကဖြစ်ပေါ်လာတဲ့ ကြည်နူးမှု ပီတိအရှိန်အဟုန်ကို နားလည်ခံစားမိပါတယ်
မောင်မြစ်ရေ။ စကားလက်ဆောင်လေးယူသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အနော် said...

ဒီပို့စ်လေးကို ဖတ်မိတော့ ရင်ထဲမှာ ခွန်အားတွေ ဖြစ်ထွန်းမိတယ်.. ပြန်လည်ရှင်သန်ခွင့်ရတဲ့ သစ်ခွပင်လေးက အပွင့်တွေကို အားခွန်သတ္တိရှိရှိ ပွင့်လန်းပြသလိုမျိုး
'ဘာပဲဖြစ်ဖြစ် စိတ်မလျှော့ပါနဲ့။ သင်စိတ်ဆန္ဒရှိရင် အခါခါ ပွင့်လန်းနိုင်ပါတယ်' ဆိုတာလေး မှတ်သားသွားပါတယ် အကိုမြစ်ကျိုးရေ.

မြတ်မွန် said...

ဒီအတိုင်း လက်လျှော့လိုက်ရတာထက် ကြိုးစားခွင့်ရသလောက် လုပ်ခဲ့တာက ကိုယ့်လိပ်ပြာလုံစေတယ်။

လုပ်သင့်တဲ့ ပြန်ရှာခြင်းကို လုပ်ပြီးပြီမဟုတ်လား။ တသသတွေးပြီး နောင်တ ရနေခဲ့ရင် နောက်တကြိမ် ကိုယ်ဖန်တီးလိုက်တဲ့ ဆုံးရှုံးမှု တခုဖြစ်သွားမှာပေါ့။

ခက်ခဲတဲ့ အရာတွေ အောင်မြင်ဖို့အတွက်ဆို သာမန်ထက်ပိုတဲ့ အာရုံစူးစိုက်မှုတော့ ရှိရမယ်မဟုတ်လား။

သင်စိတ်ဆန္ဒရှိရင် အခါခါ ပွင့်လန်းနိင်ပါတယ်။

အဓိက ကိုယ်ဘာ ဖြစ်ချင်တယ်ဆိုတဲ့ စိတ်တစ်ခုပဲလိုအပ်တာ..အဲဒီစိတ်တစ်ခုကို ကြိုးစားအားထုတ်မှုဆိုတာက တွန်းအားပေးလိုက်တော့ အောင်မြင်သွားတာပေါ့..။
ပိုစ့်လေးအရမ်းနှစ်သက်မိတယ် ဦးမြစ်..
စိတ်ခွန်အားဖြစ်စေတယ်...။

Nyi Linn Thit said...

သူတောင် မေ့ကောင်းမေ့နေ လောက်တဲ့ သစ်ခွပင်လေးကို ပြန်တွေ့လိုက်ရင် ပိုင်ရှင်ဟောင်းက ပျော်သွားမှာ အသေအချာ ပါပဲ..၊ ပြီးတော့ သစ်ခွပင်လေးက ဘဝအတွက် ခွန်အားသစ်တွေကို သူ့ရဲ့ ရှင်သန်ခြင်းနဲ့အတူ ယူဆောင်လာ သေးတယ်၊ တစ်နာရီလောက် ထိုင်ပြီး စိတ်အား တက်စရာတွေ ပြောနေတာထက် သစ်ခွပင်လေး ကိုယ်တိုင် လန်းလန်းစွင့်စွင့် ပွင့်ပြနေတဲ့ အဖြစ်က အကောင်းဆုံး သက်သေပဲ မဟုတ်လား..၊ နူးနူးညံ့ညံ့နဲ့ ခွန်အားပါတဲ့ ပို့စ်လေး ပါပဲ ကိုမြစ်ကျိုးအင်း...။

သိင်္ဂါကျော် said...

“မဖြစ်နိုင်ဘူး ဆိုတာ သေချာပြီလား” ဆိုတဲ့ စာသားလေးကို သွားသတိရမိတယ်။
“ဘာပဲဖြစ်ဖြစ် စိတ်မလျှော့ပါနဲ့။ သင်စိတ်ဆန္ဒရှိရင် အခါခါ ပွင့်လန်းနိင်ပါတယ်”
ဆိုတဲ့ စကားလေးကို အရမ်းသဘောကျပါတယ်...။

နေ၀သန် said...

တော်တော်ကောင်းတယ်.. အစ်ကိုရေ... တကယ်ပါ.. ရှယ်သွားပါတယ်.... စိတ်ဓါတ်အင်အားလည်းရတယ်.... တင်ပြပုံလေးလည်း အတော်ကောင်းတယ်..း))

ခင်မင်လျက်
နေ၀သန်

Anonymous said...

This is Phalaenopsis orchid.

အင်ကြင်းသန့် said...

ဖတ်ရုံတင်ဖတ်ဖို့ မကဘဲ သိမ်းထားဖို့ပါ ကောင်းတဲ့ ပိုစ့်လေးတစ်ပုဒ်ပါ။ ခွန်အားသစ်တွေရစေလို့ ကျေးဇူးပါ ကိုမြစ်ကျိုးအင်း။

Anonymous said...

ခက်ခဲတဲ့အရာတိုင်း ဖြစ်အောင် လုပ်နိင်တယ်ဆိုတာထက် ကျနော့် အနေအထားနဲ့ ခွန်အားကို အရင်သုံးသပ်ပြီးမှ ရှေ့ဆက်တိုးဖို့ ရွေးချယ်တာပေါ့။
ပြဿနာ တစ်ခု ကြုံတိုင်း ငြီးညူဖို့ထက် ဘယ်လိုဖြေရှင်းရင် ရနိင်မလဲဘဲ
လုံလောက်တဲ့ အားစိုက်ထုတ်မှု ရှိရင် ကျဆုံးခြင်းတွေက ကိုယ့်ဆီ လွယ်လွယ်နဲ့ ရောက်မလာနိင်ကြောင်း
ဘာပဲဖြစ်ဖြစ် စိတ်မလျှော့ပါနဲ့။ သင်စိတ်ဆန္ဒရှိရင် အခါခါ ပွင့်လန်းနိင်ပါတယ်
very nice..

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ရှည်လက်ရှည်ပါလား...
လွယ်လွယ်နဲ့ အားမလျော့တော့လည်း ခံစားရတဲ့အကျိုးက ချိုမြိန်ချင်စရာပါ.
သစ်ခွလေးက လှလိုက်တာ..
ပိုင်ရှင်တော့ အရမ်းပျော်ပြီး အံ့သြသွားမှာ သေချာတယ်။ သူတစ်ပါးကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်တဲ့အတွက် ကိုယ်တိုင်လည်း ပီတိတွေ ခံစားရတတ်ပါတယ်။
စိတ်ဆန္ဒပြင်းပြရင် အောင်မြင်နိုင်တယ်ဆိုတာ ဒီသစ်ခွလေးက သက်သေပေါ့။
“ဘာပဲဖြစ်ဖြစ် စိတ်မလျှော့ပါနဲ့။ သင်စိတ်ဆန္ဒရှိရင် အခါခါ ပွင့်လန်းနိင်ပါတယ်” ဆိုတဲ့ စကားလေးကတော့ အကောင်းဆုံးစာသားလေးပါဘဲ။
Bravo..

flowerpoem said...

ခေါင်းစဉ်နဲ့ ပို့စ်နဲ့ တကယ်ကို လိုက်ဖက်မှုရှိပါတယ် ရှင် မှတ်သားစရာတကယ် ကောင်းပါတယ်.

8Yar said...

ကောင်းလိုက်တဲ့ Post လေးဗျာ။ ပိတ်ဆို့နေတဲ့ အသိဉာဏ်တွေကိုဖွင့်ပေးစေနိုင်တယ် အစ်ကိုရေ။ ခွန်အားတွေလည်းရသွားပြီ။ ကျေးဇူးအစ်ကိုမြစ်ရေ။

ထော်ဦး said...

ကိုမြစ်ရေ...
စိတ်ခွန်အားပေး အက်ဆေးလေးက
တယ်ပြိးခန့် ညားလှသပေါ့...
သစ်ခွပန်း ဓာတ်ပုံလေးကလည်း
လှပစွာနဲ့  ပွင့်လန်းနေပါလားနော်...
ထော်ဦး

မမိုး said...

တွေဝေစပြုနေတဲ့ စိတ်တွေ ပြန်တည်ငြိမ်လာစေတဲ့ ပိုစ့်လေးပါ ကိုမြစ်ရေ..

san htun said...

တကယ့်ကို တန်ဖိုးရှိတဲ့ ပို့ စ်လေးနဲ့  သစ်ခွပန်းလေးပဲ ကိုမြစ်ရေ...

ပန်းချီ said...

ကိုမြစ်ရေးလိုက်ရင် အရိုးဆုံးနဲ့ ချစ်စရာအကောင်းဆုံးလေးတွေဖြစ်နေတတ်တယ်။ စိတ်ခွန်အားဖြည့်စာကို နူးနူးညံ့ညံ့ရေးတတ်လိုက်တား)

ဆီချင်မှဆိုင်ပါလိမ့်မယ် အစ်ကိုရေ..တစ်ဆက်တည်းတွေးမိတာက အကောင်းဘက်ကိုဦးတည်နေတဲ့ ကျွန်မတို့နိုင်ငံကြီးလည်း နောက်ထပ်တစ်ခါ ပွင့်လန်းနိုင်သေးတာပေါ့လေး))

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဖီလင်နော့စစ်အမျိုးက ရေတအားလောင်းရင် ပုတ်ပွသွားတတ်တာ အမှန်ပဲ
လွှစာမှုန့်ဖြစ်ဖြစ် ရေထိန်းတဲ့ ပင်လယ်ရေညှိဖြစ်ဖြစ်သုံးရင် ရေကိုအစိုဓတ်ကြည့်ပြီးချင့်လောင်းပေးနိုင်မှ
အမြစ်အောက်ခြေမှာ အုတ်နီခဲအစတွေနဲ့ အပေါ်မှာ မီးသွေးတုံးလေးငါးတုံးလောက်ထည့်စိုက်ပြီး ရေနေ့တိုင်းပုံမှန်လောင်းပေးရင်ပိုကောင်းတယ် ဒီနည်းက အမြစ်ပုတ်တာသိပ်မဖြစ်ဖူး လွှစာမှုန့်က ကြာရင်ရေနဲ့အီပြီး အမြစ်ပုတ်စေတယ် ကိုမြစ်
ပီးတော့ လက်ရှိအပွင့်ထွက်နေတဲ့ အတံကို အပွင့်ညိုးနွှမ်းကြွေသွားလည်း ဒီတိုင်းထားပေးရတယ် အဲဒီအတံကနေပြီး နောက်တကြိမ်ပွင့်ဖို့ အားယူလိမ့်မယ်
ဒီပင်မျိုးရဲ့ အရွက်တွေက ရေနည်းရင်ဝါခြောက်တတ်သလို ရေများရင် ဝါပြီးချွဲလာပျော့လာတတ်တယ်
ပုံကြည့်ရသောက်ကတော့ နေလောင်ထားတဲ့ပုံစံမျိုး အရွက်ရဲ့ ခလယ်အရင်းလောက်မှာ နေလောင်ထားတယ် ဒီကောင်က နေရောင်ခြည် တကယ့် ၅၀ရာခိုင်နှုန်းစစ်စစ်
ပန်းပျိုးတဲ့ ဥယျာဉ်မှုးကိုမြစ်တစ်ယောက် ပန်းချစ်သူဖြစ်ပါစေး)း)

ကိုကိုမောင်(ပန်းရနံ့) said...

သစ်ခွပန်းပွင့်လာတာထက် ပန်းပျိုးသူပေးချင်တဲ့အရာက ပိုပြီး စာဖတ်သူကို အားတက်စေတယ်။

နှင်းနုလွင် said...

“သင်စိတ်ဆန္ဒရှိလျှင် အခါခါ ပွင့်လန်းနိင်ပါတယ်”

ကိုယ့်ကိုယ်ကို ဒီလို ပြန်ပြီး ခွန်အားပေးမိတယ်။ တခါတလေ မဖြစ်မနေ လက်လျော့ခဲ့ရတဲ့ အရာတွေအတွက်၊
တခါတလေ
ကိုယ်ဘက်က ပေါ့လျော့မိတဲ့အရာတိုင်းအတွက်
နောက်ထပ် အကြိမ်ကြိမ်ပြန်ကြိုးစားရမယ်...။
ရိုးရိုးရှင်းရှင်းနဲ့ Message ပေးတတ်တဲ့ အရေးအသားတွေကိုပါ
အားကျအတုယူသွားပါတယ် ကိုမြစ်ကျိုးအင်းရေ။

Anonymous said...

ကိုမြစ်ကျိုး ရေ

ဘလောဂ်လေး ပြန်ရှင်လာလို့လည်း ဝမ်းသာတယ် အပင်လေး ပြန်ရှင်သန်လာပြီး ရည်ရွယ်ချက်ကောင်းတဲ့ ပို့စ်လေး အတွက်လည်းကျေးဇူးတင်ပါတယ်

Anonymous said...

ခင်မင်တဲ့
ရွှေစင်ဦး

စံပယ်ချို said...

ကိုမြစ်ရဲ့သစ်ခွလေးကအသိတွေအများကြီးပေးခဲ့တာပဲ
ဘ၀မှာဘာပဲ ဖြစ်ဖြစ်နောက်ဆုံးအချိန်ထိအောင်
လက်လျှော့စရာမလိုဘူးပေါ့နော်
သစ်ခွ မျိုးးကောင်း-မကောင်းထက်ပန်းပျိုးသူရဲ့
ဂရုစိုက်မှုက သူ့ကိုပွင့်လန်းစေခဲ့ပါပြီ
ပန်းလေးလဲ ယူသွားပါတယ်

AH said...

ပန်းပျိုးလက်ပိုင်ရှင်၊ ရှင်သန်စေသူ ကိုမြစ်ရဲ့ ပိုစ့်လေးကို အားပေးသွားပါတယ် ခင်ဗျာ။ ကြိုက်လို့ ၂ ခေါက်ပြန်ဖတ်ဖြစ်တယ်...

Anonymous said...

ဖတ်လိုက်ရတာ ခွန်အားတွေ ရှိလာစေတယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Myat Pan Nwe (မြတ်ပန်းနွယ်) said...

အင်အားတစ်ချို့ဖြစ်စေတယ်။ ကျွန်မ သိမ်းထားချင်လို့ ပရင့်ထုတ်ယူလိုက်ပါပြီ။ ကျေးဇူးတင်ပါတယ် ရှင်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

လရိပ်အိမ် said...

ပြုစုတာတော်လို့ပေါ့နော်

ငြိမ်းစိုးဦး said...

ပန်းပေါင်းတစ်ရာမကအောင် ပွင့်လန်းနိုင်ဖို့ အသိစိတ်တွေကို အနာဂတ်အတွက် ဖွင့်ပေးလိုက်သလို ...

Myat said...

“ဘာပဲဖြစ်ဖြစ် စိတ်မလျှော့ပါနဲ့။ သင်စိတ်ဆန္ဒရှိရင် အခါခါ ပွင့်လန်းနိင်ပါတယ်”

။....................................................................................။

ဒီစကား လေးက အဓိပါယ် ရှိပါတယ်.. ကျေးဇူး တင်ပါတယ် ရှင့်

Anonymous said...

ကျမကိုကျမအဖေသင်ပေးခဲ့တဲ့ဂါထာလေးတစ်ခုရှိတယ်။
ပြင်းပြတဲ့ ဆန္ဒ
ထိုက်လျှောက်တဲ့ဝိရိယ
မလျှော့တဲ့စိတ်ဓါတ် နဲ့ လုံလောက်တဲ့ပညာရှိ ခဲ့ရင်မအောင်မြင်တာဘာမှမရှိဘူး အောင်မြင်ခြင်းသာရှိတယ်ဆိုတဲ့အဓိပ္ဗါယ်လေးနဲ့ လေ။
အဲဒီဘုရားဟောလေးနဲ့ တထပ်တည်းကျလို့ ဒီပို့ စ်လေးကို သိပ်နှစ်သက်မိပါတယ်။

အိုင်အိုရာ

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

ဇေယျာမိုး said...

ကျွန်တော်ဖတ်ရှုအားပေးသွားပါတယ်အကိုရေ..
တကယ်ကိုတန်ဖိုးရှိတဲ့ပို့စ်လေးပါ

ကြည်ဖြူပိုင် said...

ဒီပို့စ်လေးကို ဘလော့ဂ်လောက ကနေ ဝေးမသွားခင်က တခေါက်ဖတ်ဖူးတယ်။ ဒီတခါပြန်ဖတ်လည်းရိုးမသွားဘူး ထပ်ဖတ်မိတယ်။
ဒီနေ့ကိုယ်လည်ဖူးတဲ့ အိမ်လေးတွေကို သတိရလို့ ရောက်လာခဲ့ပါတယ်...
ပျော်ရွှင်ကြည်နူးချမ်းမြေ့ဖွယ် နှစ်သစ်လေးဖြစ်ပါစေ...

 

Posts Comments

©2006-2010 ·TNB