သူနဲ့ကိုယ်နဲ့ချည်တဲ့ကြိုး

07 May 2012


ကင်းဘတ်စပေါ် ဆက်တိုက်ကျနေတဲ့ သူ့လက်တွေက ခပ်ကြမ်းကြမ်း စုတ်ချက်တွေကို ဖန်တီးနေမှန်း ကိုကျော်ဝေ သိတာပေါ့။ ဒါပေမယ့် မတားချင်ဘူး။  ပြေးစမ်း ၊ ဆွဲစမ်း ဆိုပြီးကို လွှတ်ထားလိုက်တယ်။ စိတ်ထဲက မကျေနပ်ချက်တွေကို လက်ပေါ်တင်ပေးလိုက်ပြီး စုတ်တံကို အသက်သွင်းလိုက်တဲ့အခါမှာ သူတစ်ခါမှ မရဘူးတဲ့ ပန်းချီကားတစ်ချပ် ရုပ်လုံးပေါ်လာတော့တယ်။ သူ့အရှေ့မှာ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ မြစ်ရေပြင်က သူဒေါသတရားအောက်မှာ လှိုင်းထန်နေတဲ့ မြစ်ရိုင်းတစ်စင်းဖြစ်သွားတယ်။ သာယာကြည်လင်နေတဲ့ နေရောင်က ကားချပ်ထဲမှာ ည အမှောင်ဖြစ်သွားတော့တယ်။ အမှောင်ထုအောက်က လှိုင်းထန်နေတဲ့ မြစ်ပြင်။ ဒါက လက်ရှိသူ့စိတ်အခြေအနေကို ပြနေတဲ့ ပြယုဂ် ပန်းချီကားပဲ။

ကိုကျော်ဝေက ဒီမြစ်ဘေးမှာ ခဏခဏ ပန်းချီလာဆွဲတယ်။ ဆွဲခဲ့သမျှလည်း သာသာယာယာ ကြည်ကြည်လင်လင် မြင်ကွင်းတွေချည်းပဲ။ မြစ်ကမ်းဘေးမှာ မြက်ရိုင်းတောလေးတွေ၊ ဗျိုင်းငှက်လေးတွေ ပျော်မြူးနေပုံ ဆွဲဖူးတယ်။ သားသည်အမေ ကလေးရေချိုးပေးနေပုံ ဆွဲဖူးတယ်။ ကျွဲလည်တိုင်က ရွံ့တွေကို မြစ်ရေနဲ့ ဆေးပေးနေတဲ့ ကျွဲကျောင်းသားပုံ ဆွဲဖူးတယ်။  အေးအေးလူလူ လှေလှော်နေပုံတွေ ၊ သားအဖနှစ်ယောက် လှေလေးပေါ်မှာ ပိုက်ကွန်ပစ်နေပုံတွေ  ဆွဲဖူးတယ်။ တာပေါ်လင်စပေါ်မှာ စားစရာတွေပြင်နေတဲ့ သူ့မိန်းမ ပုံတူကိုလည်း  မြစ်ရေပြင် နောက်ခံထားပြီးဆွဲဖူးတယ်။ ဆိုတော့ကာ အရင်က ဆွဲခဲ့သမျှ စိတ်ကြည်နူးစရာ မြင်ကွင်းတွေချည်းပဲ။ 

အခုတစ်ခါတော့ ညအမှောင်အောက်က လှိုင်းထန်နေတဲ့ မြစ်ရိုင်းတစ်စင်းပုံကို ဆွဲမိခဲ့ပြီ။ ဒါကလည်း သူ့စိတ်တွေကို ဇက်ကြိုးလွှတ်ပြီး ဆွဲဖြစ်တဲ့ပုံ။ ပြောရရင် ကိုကျော်ဝေ တော်တော် ဒေါသထွက်နေခဲ့တာ။ အဖြစ်က ထွေထွေထူးထူးလားဆိုတော့လည်း မဟုတ်ပါဘူး။ မိန်းမနဲ့ ရန်ဖြစ်ခဲ့တာ။ လင်မယားတွေ စကားများကြတာက အထူးအဆန်း မဟုတ်ဘူးဆိုပေမယ့် အိမ်ထောင်သက် သုံး နှစ်အတွင်းမှာ ပထမဆုံးဖြစ်ဖူးတဲ့ ရန်ပွဲဆိုတော့ ကိုကျော်ဝေအတွက်တော့ အစိမ်းသက်သက် အတွေ့အကြုံပဲ ဆိုပါတော့။ 

စကားများရတဲ့ အဖြစ်အပျက်ထက် အိမ်ထောင်သက် တစ်လျှောက် အမြဲငြိမ်ခံခဲ့တဲ့ မိန်းမက တစ်ချက် နှစ်ချက် ပြန်ပက်တာကို မကျေနပ်ဆုံးပဲ။ ဒါနဲ့ပဲ ပန်းချီဆွဲဖို့ပစ္စည်းတွေ ကောက်ထည့်ပြီး အိမ်ကထွက်လာခဲ့တော့တယ်။ ထွက်လာပြီးတော့လည်း ဘယ်သွားရမှန်း မသိတာနဲ့ ရောက်နေကျ မြစ်ဆိပ်ကိုပဲ ခြေဦးလှည့်မိတော့တာ။



ပန်းချီကား ပြီးသွားတော့ စိတ်တော်တော် ပေါ့သွားတယ်။ ဒါနဲ့ ဆေးပေါ့လိပ်လေး ထိုင်ဖွာပြီး မြစ်ရေစီးတာကို ငေးကြည့်နေမိတယ်။ စိတ်က ဟိုတွေးဒီတွေး ဆိုပေမယ့် အဓိကက သူ့မိန်းမ အကြောင်း တွေးဖြစ်တာပါ။ ကိုကျော်ဝေတို့လင်မယားက ချစ်သူဘဝကတည်း ဒီမြစ်ကမ်းဘက်မှာ အမြဲချိန်းတွေ့လေ့ရှိတယ်။ လက်ထပ်ပြီးတော့လည်း မကြာမကြာ ရောက်ဖြစ်ကြတယ်။ ဒီမြစ်ကမ်းဘေးကို ရောက်ပြီဆိုရင် ကိုကျော်ဝေက ပန်းချီဆွဲဖို့ ပစ္စည်းတွေ ပြင်ဆင်နေချိန် သူ့မိန်းမကလည်း ယူလာတဲ့ တာပေါ်လင်စလေး ဖြန့်ခင်းပြီး ဆွဲခြင်းထဲက ရေနွေးဓါတ်ဘူး ၊ လ္ဘက်ဘူးတွေ ထုတ် ၊ ထမင်းချိုင့်နေရာချ ပြီးတာနဲ့ စာအုပ်လေး ထုတ်ဖတ်ရင်း ကိုကျော်ဝေ ပန်းချီဆွဲတာကို အဖော်လုပ်ပေးနေကျပေါ့။ 

ပြောပြီးခဲ့သလို အိမ်ထောင်သက် သုံးနှစ်အတွင်းမှာ ရန်တခါမှ မဖြစ်ခဲ့ဖူးဘူး။ တစ်ယောက်နဲ့တစ်ယောက် အလိုက်တသိနဲ့ ဖြည့်ဆည်းပေးကြတာဆိုတော့ သာယာတဲ့ အိမ်ထောင်ရေးလို့ ဆိုရမယ်။ သွားအတူ လာအတူ တပြုံးပြုံးနဲ့ကြည်နူးနေကြတဲ့ သူတို့လင်မယားကို  ပါတ်ဝန်းကျင်က သိပ်ကိုလိုက်ဖက်တဲ့ စုံတွဲလို့ ထုတ်ပြောကြတဲ့အထိပါပဲ။ သုံးနှစ်အတွင်းမှာ သူ့နေရာနဲ့သူအဆင်ပြေနေတဲ့ လျှာနဲ့သွားက ဒီနေ့မှာတော့ ကိုက်မိကြတယ်ဆိုပါတော့။ အတွေ့အကြုံ မရှိကြသေးတော့ ကိုက်မိတဲ့ဒဏ်ရာက နာတယ် ထင်ကြတာပေါ့လေ။ ဒီတော့ ကိုကျော်ဝေက အိမ်က ထွက်လာတယ်။ သူ့မိန်းမက အိပ်ယာထဲ အိပ်ပြီး ကျန်နေခဲ့တယ်။ 

ဒီလောက်အထိ ဖြစ်ရတယ်ဆိုလို့ ပြဿနာက ကြီးသလားဆိုတော့လည်း မကြီးဘူး။ ပစ္စည်းအထားမှား ရာကနေ မေးရင်းမြန်းရင်း စကားနဲနဲများသွားတာ။ ညက မန်ယူအသင်း ရှုံးလို့ ကိုကျော်ဝေ စိတ်နဲနဲတိုနေတာကတော့ ဒီစကားများပွဲကို နဲနဲအားဖြည့်ပေးတဲ့ အကြောင်းလို့ ယူဆရင်လည်း ရတယ်။ ရန်ဖြစ်နေကျ လင်မယားတွေအတွက် လေပြေတဝှေ့စာလောက်ပဲရှိတဲ့ အဖြစ်အပျက်မျိုးပါ။ ဒါပေမယ့် ဒီလင်မယားအတွက်တော့ မုန်တိုင်းအသေးစားလေးလို့ တင်စားရမှာပေါ့။

ရောက်တတ်ရာရာ ထိုင်တွေးရင်းနဲ့ နေစောင်းတော့ ကိုကျော်ဝေ ပြန်ဖို့ပြင်တယ်။ မင်းမျက်နာ မကြည့်ချင်လို့ကွာဆိုပြီး ပြောပြောဆိုဆို ထွက်လာခဲ့သူဆိုတော့ အိမ်ပြန်ရမှာ နဲနဲချီတုံချတုံ ဖြစ်မိသေးတယ်။ နေကလည်း စောင်းလာပြီဆိုတော့ ပြန်ဖို့သင့်ပြီဆိုတဲ့ အသိနဲ့ပဲ မြစ်ကမ်းဘေးကနေ ပြန်လာခဲ့တော့တယ်။ ပန်းချီပစ္စည်းအိတ်ကို လက်ကဆွဲရင်း မြစ်ကမ်းစပ်က တက်လာတဲ့ ကိုကျော်ဝေ တစ်ယောက် မြစ်ဆိပ်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ရခိုင်မုန့်တီဆိုင်ရှေ့ကို ရောက်လာခဲ့တယ်။ 

မုန့်တီအနံ့ ပျံ့ခနဲ နှာခေါင်းထဲဝင်လာတော့ သူ့မိန်းမကို သတိရမိလိုက်တယ်။ သူ့မိန်းမက ဒီဆိုင်က မုန့်တီကို သိပ်ကြိုက်တယ်။ မြစ်ကမ်းဘေးက ပြန်လာတိုင်း ဒီဆိုင်မှာ ဝင်စားပြီးမှ ပြန်လေ့ရှိတယ်ဆိုတော့ အခုဒီဆိုင်ရှေ့အရောက်မှာလည်း သူ့မိန်းမကို အလိုလို သတိရသွားတော့တာ။ မပြေသေးတဲ့ စိတ်အခံကြောင့် ဆက်လျှောက်လာခဲ့ပေမယ့် မုန့်တီအနံ့က သူနားကကပ်လိုက်နေတုန်းပဲ။ 

ဆိုင်ကို ငါးလှမ်းလောက် ကျော်သွားတော့ သူရပ်လိုက်တယ်။ ဝယ်သွားပေးရင် ကောင်းမလား တွေးမိတာနဲ့ ဆက်မလျှောက်ဖြစ်တာ။ ဒါပေမယ့်လည်း ချက်ချင်း အသိပြန်ဝင်တယ်။ ပြန်ချော့တယ်လို့ သူ့မိန်းမ ထင်သွားမှာကို တွေးမိတာနဲ့ ကိုကျော်ဝေ ဆက်လျှောက်တယ်။  နှစ်လှမ်း သုံးလှမ်း လှမ်းပြီးတော့ ရပ်သွားပြန်တယ်။ ဒီမုန့်တီ သူ့မိန်းမ သိပ်ကြိုက်တတ်မှန်း သေသေချာချာ သိနေတာကို အာရုံထဲက ဖျောက်လို့မရဘူး။ ဒါနဲ့ပဲ နောက်ပြန်လှည့်တယ်။ ကြုံလို့ဝယ်သွားပေးတာပဲ။ စားချင်စား မစားချင်နေပေါ့။ ထမင်းစား စားပွဲပေါ် တင်ထားပေးလိုက်ရင် သူ့ဘက်က တာဝန်ကျေတာပဲလို့ တွေးပြီး ဝင်ဝယ်ဖြစ်တာ။ 

တာဝန်ကျေလို့ တွေးပေမယ့်လည်း စိတ်နဲ့ ပါးစပ်က တားမရပါဘူး။ သူ့မိန်းမ အကြိုက် နံနံပင်များများ၊ ငါးဖယ် နှစ်ခု နဲ့ ငရုတ်ရည်များများ ထည့်ဖို့ မှာမိပြန်တာပါပဲ။  မုန့်တီထုပ် လက်ကဆွဲပြီး ဆိုင်က အထွက်မှာ သူ့ကိုယ်သူ ကျေနပ်သလိုလို မကျေနပ်သလိုလို ဖြစ်မိသေးတယ်။ မိန်းမ ပြန်ချော့မှ ကျေအေးမယ်လို့ အခါခါ တွေးထားရဲ့နဲ့ မုန့်တီထုပ်ဆွဲပြီး ပြန်လာရတာကို မကျေနပ်သလိုလို ဖြစ်မိတာ။ တဖက်ကလည်း မုန့်တီထုပ်မြင်ရင် သူ့မိန်းမ ဝမ်းသာသွားမှာပဲ ဆိုပြီး မသိမသာ ကျေနပ်နေပြန်တယ်။ ချော့ရာမကျအောင် စားပွဲပေါ် ဒီအတိုင်းပဲ တင်ထားလိုက်ဖို့လည်း သူ့ကိုယ်သူ အကြိမ်ကြိမ် သတိပေးရသေးတယ်။ 

အရင်ကဆို သူအပြင်က ပြန်လာတိုင်း ဝယ်လာတဲ့ မုန့်ကို နွှေးတန်နွှေး၊ အသီးဆိုလည်း ခွဲတန်ခွဲ အခွံခွာတန်ခွာ လုပ်ပြီးမှ သူ့မိန်းမကို ချကျွေးနေကျမဟုတ်လား။ ပြုပြင်ဖွယ်ရာတွေ ပြီးစီးသွားမှ ကိုကျော်ဝေက မုန့်ပန်းကန်လေး နောက်ကျောဖွက်၊ သူ့မိန်းမ မျက်နာရှေ့ရောက်မှ ဘွားခနဲထုတ်ပြပြီး ပြုံးပျော်သွားတဲ့ သူ့မိန်းမရဲ့ အပြုံးမျက်နာကို ပြန်ယူလေ့ရှိတယ်။ ဒါကြောင့်လည်း အခုအိမ်ပြန်ရောက်ရင်  ဘာမှ မပြင်ဆင်ပေးပဲ မုန့်တီအထုပ်ကို စားပွဲပေါ် ဒီအတိုင်း တင်ထားလိုက်ဖို့ ကိုယ့်ကိုကိုယ် သတိပေးနေရတာပေါ့။ ဟုတ်တယ်လေ ဒီလောက် ဝယ်လာပေးတာပဲ ကျေးဇူးတင်ပေါ့။ စိတ်ဆိုးရက်နဲ့ ဝယ်လာတာ နဲ မှတ်လို့။ 

တိတ်တိတ်လေး လျှောက်ပြန်လာပေမယ့် ကိုကျော်ဝေ တစ်ယောက်ထဲ အလုပ်များနေတယ်။ အိမ်နားရောက်လာလေ တင်းထားတဲ့စိတ်တွေက အိအိကျလာလေဆိုတာကို ခံစားမိတော့ စိတ်ကို ပြန်ပြန်မောင်းတင်နေရတယ်။ ဒါပေမယ့်မရပါဘူး။ ရှေးအစဉ်အဆက်ထဲက ကမ္ဘာကျော်တဲ့ ဖော်မြူလာအတိုင်း တည့်တည့်ဝင်တာပါပဲ။  ဦးနှောက်ရဲ့ ထိန်းချုပ်မှု သတိတရားကို နှလုံးသားက ထွက်လာတဲ့ သံယောဇဉ်က အမြဲ အနိင်ယူနေကျ ဖော်မြူလာအတိုင်း  အိမ်နားရောက်တော့ ကိုကျော်ဝေက မုန့်တီထုတ်လေး လက်နဲ့စမ်းကြည့်လိုက်တယ်။ ခပ်နွေးနွေး အထိအတွေ့ကို စမ်းမိတယ်။ 

ဒါနဲ့ပဲ ပြန်နွှေးပြီးမှ စားပွဲပေါ် တင်ထားတော့မယ်ဆိုပြီး ဆုံးဖြတ်ချက် ပြောင်းသွားရပြန်တယ်။ အငွေ့တထောင်းထောင်းနဲ့ မုန့်တီလေးမြင်ရင်တော့ ဝမ်းသာသွားမှာကိုလည်း တကူးတက မတွေးလည်း ကြိုသိနေတယ်။ ဒါပေမယ့် သူကစပြီး စကားမပြောမိဖို့တော့ မဖြစ်မနေ ထိန်းမှဖြစ်မှန်း အထပ်ထပ်သတိပေးရပြန်တယ်။ ဒီတခုတော့ ရအောင် တင်းဖို့လိုတယ်လို့ ကိုကျော်ဝေယူဆထားတယ်။ သူ့ကို ပြန်ခံပြောထားတာတော့ လွယ်လွယ်ကျေပေးလို့ မဖြစ်သေးဘူးလေ။

အိမ်ထဲရောက်တော့ တိတ်ဆိတ်နေတယ်။ အခန်းထဲ မဝင်ချင်သေးတာနဲ့ ဧည့်ခန်းက ကြိမ်ဆက်တီပေါ်မှာ ထိုင်ပြီး မျက်လုံးမှိတ်ထားလိုက်တယ်။ တော်တော်ကြာတဲ့အထိ ဘာသံမှ မကြားတာနဲ့ အိပ်ခန်းတံခါး အသာဟ ကြည့်တော့လည်း အခန်းထဲမှာ သူ့မိန်းမကို မတွေ့ရဘူး။ ဒါနဲ့ မီးဖိုချောင်ဘက် သွားကြည့်တယ်။ မရှိပြန်ဘူး။ အိမ်သာ ရေချိုးခန်း ထဲမှာလည်း မမြင်တော့ အိပ်ခန်းထဲ ဝင်လာခဲ့တယ်။ အိပ်ခန်းထဲမှာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ မွှေးရနံ့လေး ပျံ့လွင့်နေတယ်။ အခန်းရှင်းပြီး သံပုရာအမွှေးနံ့လေး ဖျန်းထားပုံရတယ်။ အိပ်ယာကလည်း ဆန့်ဆန့်ရန့်ရန့် ခင်းထားတယ်။ ဒါနဲ့ ဟိုဒီပတ်ကြည့်တော့ မှန်တင်ခုံပေါ်မှာ စာတစ်စောင် တွေ့လေရဲ့။ သူ့မိန်းမရေးထားခဲ့တဲ့ စာမှန်းသိလို့ ဖတ်ကြည့်တော့ စာထဲမှာ ရေးထားတာက

“ ကျွန်မ မျက်နာမကြည့်ချင်ဘူးဆိုလို့ အမေ့အိမ်မှာ သွားအိပ်ပါတယ်။ ကြက်သားကြော်ပေးခဲ့တယ်။ အုပ်ဆောင်းအောက်မှာ။ ထမင်းလည်း အချိန်မှန် စားအုံး”  တဲ့။

စာက ခပ်တိုတိုပါပဲ။ စာဖတ်ပြီးတော့ ကိုကျော်ဝေ စိတ်တိုသွားတယ်။ ဒင်းက အိမ်ကတောင် ဆင်းရသလားဆိုပြီး တွေးမိတော့ နေနိင်ရင်နေဟာဆိုပြီး ပစ်ထားမယ့် စိတ်အတွေးလေး ဝင်လာတယ်။ အိပ်ယာပေါ် ခဏလှဲပေမယ့်လည်း စိတ်တိုတာ မပျောက်ချင်ဘူး။ ဒီကြားထဲ မုန့်တီထုပ်ကို သတိရမိတော့ ဘာကြောင့်မှန်းမသိဘဲ ဒေါသပိုထွက်လာတယ်။ ကိုယ်ကလည်း သူ့မျက်နာ မကြည့်ချင်ဘူးလို့ ပြောထားမိတာဆိုတော့ ခုမှကြည့်ချင်ပါတယ် ပြန်လာပါလို့လည်း သွားမခေါ်ချင်ဘူး။ တခြား ဘယ်လိုပြောရမှန်းလဲ မသိဘူး။ လက်ပတ်နာရီကို ကြည့်တော့ ခြောက်နာရီ ကျော်စပြုပြီ။ 

အိမ်က တိတ်ဆိတ်ငြိမ်သက်လွန်းတော့ ကိုကျော်ဝေ နေရထိုင်ရခက်လာတယ်။ အိမ်ထောင်သက် သုံးနှစ်အတွင်း အိမ်ထဲမှာ ကိုကျော်ဝေ တစ်ယောက်ထဲ ရှိတဲ့အချိန်တွေ ရှိဖူးတာပဲ။ ဒါပေမယ့် အခုတစ်ခါ တိတ်ဆိတ်ပုံမျိုးနဲ့ မတူဘူး။ အခုကတိတ်ဆိတ်တဲ့အပြင် ခြောက်ကပ်ကပ်ကြီးလို့ကို ခံစားနေမိတာ။ ဒါနဲ့ စိတ်အပြောင်းလဲ ဖြစ်လိုဖြစ်ငြား ဆိုပြီး တခုခုထစားဖို့ ထမင်းစားခန်းထဲ ဝင်လာခဲ့တယ်။ စားပွဲပေါ်က အုပ်ဆောင်းကိုမြင်မှ ကြက်သားကြော်ထားပေးခဲ့မှန်း သတိရတယ်။ အုပ်ဆောင်းဖွင့်ကြည့်တော့ ကြက်သားကြော်တွေက နီနီရဲရဲ နဲ့ မွေးပျံ့နေတယ်။ 

ကြက်သားကြော်ဆိုရင် နီနီရဲရဲ ကြွပ်ကြွပ်ရွရွမှ ကြိုက်တတ်တဲ့ ကိုကျော်ဝေအကြိုက်အတိုင်း မိန်းမဖြစ်သူက ကြော်ပေးသွားတာဆိုတော့ စိတ်ထဲတော့ နဲနဲသဘောကျသွားတယ်။ ဒါနဲ့ တစ်တုံးကိုက်စားပြီး ဘေးက ဟင်းအိုးကို ဖွင့်ကြည့်တော့ ဘူးသီးဟင်းခါး ချက်ထားတာ ဖြစ်နေတယ်။ ဒါလည်း သူ့အကြိုက်ပဲ။ ကိုကျော်ဝေက ထမင်းစားရင် အရည်သောက်တစ်ခွက်ပါမှ စားဝင်သူဖြစ်လို့ သူ့မိန်းမက နေ့စဉ် အရည်သောက် ဟင်းတခွက် ထည့်ထည့်ချက်ရတယ်။ 

ကြက်သားကြော်လေးကိုက်ပြီး ဘူးသီးဟင်းခါးလေး ခပ်သောက်ကြည့်လိုက်တယ်။ ဟင်းခါးက အေးစက်နေတယ်။ ဒါတော့ ကိုကျော်ဝေ အကြိုက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပြီ။ ကိုကျော်ဝေက ဟင်းခါးဆို ပူပူလောင်လောင်မှ တရှူးရှူးနဲ့ မှုတ်ပြီး သောက်တတ်သူ။ အခုဟင်းခါးက ချက်ထားတာ ကြာတော့ အေးနေပြီ။ ဟင်းခါးအေးရင် မသောက်တတ်တဲ့  ကိုကျော်ဝေ အိပ်ခန်းထဲ ချက်ချင်းပြန်ဝင်သွားတယ်။ ချွတ်ထားတဲ့ အင်္ကျီပြန်ဝတ်တယ်။ ပိုက်ဆံအိတ် ခါးကြားထိုးတယ်။ အိမ်ကထွက်ပြီး လမ်းထိပ်မှာ တက္ကစီတားတယ်။ တက္ကစီ စထွက်တော့ မိန်းမနဲ့ တွေ့ရင် ပြောဖို့ စကားကို တချက် ပြန်တွေးကြည့်တယ်။

“ ဟင်းခါးအေးနေပြီ ပြန်လာနွှေးပေးအုံး”

အဆင်သင့်ဖြစ်အောင် မျက်နာကို ခပ်တည်တည် ပြင်ထားပေမယ့် ဟင်းခါးအေးနေတာကို တိတ်တိတ်လေး ကျေးဇူးတင်နေမိတော့တယ်။

။.................................................။

ခင်မင်သောအားဖြင့်
မြစ်ကျိုးအင်း

30 comments:

ဆွေလေးမွန် said...

သေသေသပ်သပ်လှလှပပလေး ဖွဲ့ ပြသွားတဲ့ ..
သူနဲ့ ကိုယ်နဲ့ ချည်တဲ့ ကြိုး..

Nyi Linn Thit said...

အင်း.. အဲဒီလို ကြိုးတွေနဲ့ပဲ ကျနော်တို့ တစ်ရစ်ပြီး တစ်ရစ် တိုးလို့သာ ချည်နေမိတော့တာ ပါပဲ၊း) အချိန်တွေ ကြာလာလေလေ၊ ကြိုးက ပိုပြီး တင်းလာလေလေနဲ့...၊ ဖတ်နေရင်း ‘အကြင်တို့ လင်မယား’ ကို ဖြတ်ကနဲ အမှတ်ရလိုက် သေးတယ်၊ ချစ်စရာကောင်းလှတဲ့ ဝတ္ထုတိုလေး ပါပဲဗျာ...။

နေ၀သန် said...

:)... ချစ်စရာကောင်းတဲ့ ၀တ္ထုလေးပါ.... ကတောက်ကဆရန်ဖြစ်လိုက်.. ရင်ထဲကသံယောဇဉ်က အားကြီးလိုက်နဲ့.. အင်း. . သံသရာဆိုတာ ဒါပဲနေမှာ.. :P

ခင်မင်လျက်
နေ၀သန်

စံပယ်ချို said...

တော်သေးတာပေါ့ဟင်းခါးအေးနေလို့
မဟုတ်ရင်ဘယ်လိုပြောပြီးပြန်ခေါ်မလဲနော်
ချစ်စရာကောင်းတဲ့ပိုစ့်လေး ဖတ်ပြီးပြုံးမိသေးတယ်

moonhoney said...

It' a realistic story.
So cute.

Anonymous said...

ကြည်ကြည်နှုးနှုး ဖတ်ဖြစ်တယ် ကိုမြစ်ရေး)
အိမ်ထောင်ရေး ကိစ္စဝိစ္စတွေက နားလည်မှုနဲ့ ခွင့်လွှတ်သည်းခံမှုရှိမှ အဆင်ပြေမယ့်လို့ သုံးသပ်တွေးမိရဲ့ဗျာ

မောင်ဘကြိုင်

Junemoe said...

ဟင်းက အေးများ မအေးရင်... ဘယ်လိုများ ပြန်ခေါ်မှာပါလိမ့်...
မိန်းမရေ... ငါ မနေရဲလို့ မင်းလိုက်ခဲ့ လို့များ ပြန်ခေါ်မလား မသိဘူး.. :P

သိင်္ဂါကျော် said...

ချစ်စရာကောင်းလိုက်တဲ့ ဇာတ်လမ်းလေး..
လောကကြီးမှာ ဒီလိုမျိုးတွေပဲ ဖြစ်စေချင်ပါတယ်..

နှင်းနုလွင် said...

ဟင်းခါးလေး အေးသွားတာကိုကပဲ ကျေးဇူးတင်စရာ.. အိမ်ထောင်ရေး အခြေအနေက ဘယ်လိုဖြစ်ဖြစ် အခုလိုလေး အဆုံးသတ်ထားပေးတော့ ပျော်စရာလေးဖြစ်သွားတယ်။

Anonymous said...

happy ending...

လွင်ပြင်လှိုင်းငယ် said...

ဖတ်ရင်းကြည်နူးစရာကောင်းလိုက်တဲ့ ဇာတ်လမ်းလေး

လေးစားချစ်ခင်လျက်

လွင်ပြင်လှိုင်းငယ်

mstint said...

ကြိုးတကာ့ကြိုးတွေထဲမှာ ဖြတ်ရအခက်ဆုံးကြိုးပေါ့ကွယ် မိသားစုတစ်စုနဲ့ တစ်စု ခံယူချက်လေးတွေ ကွာခြားနေတဲ့တိုင် အခြေခံအုတ်မြစ်လေး ခိုင်ခိုင်ခံ့ခံ့ ချနိုင်ရင်တော့ အေးချမ်းပျော်ရွှင်မှုနဲ့အတူ ဘဝမှာအကောင်းဆုံးရပ်တည်နိုင်ကြမှာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

အမြဲငြိမ်ခံခဲ့တဲ့ မိန်းမက တစ်ချက် နှစ်ချက် ပြန်ပက်တာကို မကျေနပ်ဆုံးပဲ။

sometime have to fight

rose of sharon said...

ဖတ်ပြီးသဘောကျစွာပြုံးမိတယ်... :)

san htun said...

ဟင်းခါး အေးမနေရင် ဘယ်လို ပြောပြီး ခေါ်မလဲလို့  သိချင်ပါတယ်..ကြည်နူးဖို့  ကောင်းတဲ့ ပို့ စ်လေး ကိုမြစ်...

san htun said...

ဟင်းခါး အေးမနေရင် ဘယ်လို ပြောပြီး ခေါ်မလဲလို့  သိချင်ပါတယ်..ကြည်နူးဖို့  ကောင်းတဲ့ ပို့ စ်လေး ကိုမြစ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

အဆုံးသတ်လေးဖတ်ပြီး ကြည်နူးသွားတယ်။
ရန်ဖြစ်ပြီး ခုလို ပြန်အဆင်ပြေကြတာဘဲ ကောင်းပါတယ်။
အင်းလေ လင်နဲ့မယားလျှာနဲ့သွားဘဲ မဟုတ်လား မကြာခဏ ကိုက်မိတာတော့ရှိမှာပေါ့။ နားလည်မှုတွေနဲ့ ပြန်ပြီး နွေးထွေးသင့်တာပေါ့။ ကိုကျော်ဝေရဲ့ မိန်းမပြန်ခေါ်တဲ့နည်းက အမိုက်သားနော်။ ဟင်းရည်သာ အေးမနေရင် သရဲကြောက်လို့ တစ်ယောက်တည်း မအိပ်ရဲဘူး ပြန်လာပါ လို့ လိုက်ခေါ်မလားမသိဘူး :P

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဟိုရက်ကတည်းက ဖတ်ပြီးတယ်။ သူ့ရဲ့ အကြောင်းပြချက်လေးကို ပြန်တွေးမိတိုင်း သဘောကျလို့။

မြ၀တီဇော် said...

သူငယ်ချင်း မြစ်ကျိုးအင်းရေ...ကိုကျော်ဝေတို့စုံတွဲရဲ့ ချစ်စရာစိတ်ထားလေးတွေကို သဘောကျလို့ နောက် တစ်ခေါက် ထပ်ဖတ်ရင်း တစ်စုံတစ်ယောက်ရဲ့ ကိုယ်တွေ့လားလို့ တွေးမိတယ် :)

မြသွေးနီ said...

ကိုကျော်ဝေတို့ လင်မယားရဲ့ အချစ်ကို ဖတ်နေရင်း မျက်စိထဲ မြင်လာစေတယ် ကိုမြစ်ရေ...
ဖတ်နေရင်း တိုက်ဆိုင်တာလေးတွေပါနေတော့ ပြုံးတုံ့တုံ့တောင် ဖြစ်နေမိသေး..။

လူပျိုကြီး စိတ်ကူးတယ်ကောင်းပါလားနော်...။ :)

ကိုကိုမောင်(ပန်းရနံ့) said...

မိန်းမဘက်က တွေးကြည့်မိပြန်တော့လဲ ကားသံကြားတိုင်း လာများ ခေါ်လေမလားဆိုပြီး အိမ်ရှေ့က လမ်းမပေါ် ခဏခဏ ပြူကြည့်နေလောက်ပြီးပြီ။

အော်... သံယောဇဉ် သံယောဇဉ် ဆမြစ်တို့လဲ ဒီလို ကြိုးမျိုးကို တိုးတိုးရစ်ဖို့ မကြိုးစားတော့ဘူး ထင်ပါရဲ့။း)

သိ င်္ဂါ ရ said...

သံယောဇဉ် ဆိုတာ ပေါ့ ...

မာနတွေ ထက် ပိုအင်အားပြင်းတဲ့ သဘော ထင်ပ ...

Good တယ် ကိုမြစ်ကျိုး

ရွှေမြို့သူ said...

ဟင်းခါး ကယ်ပေလို့..)))))

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

ကြယ်ပြာ said...

ဒီဝတ္ထုလေးက ချစ်စရာလေး။ ဖတ်ရတာ သဘောကျလိုက်တာ။း)

richelle co said...

Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog

Mamanayche said...

Really like it , :)

Mamanayche said...

Really like it , :)

Anonymous said...

whether there is any propensity for [url=http://www.burchjp.com]トリーバーチ 財布[/url]products are created from the best [url=http://www.burchjp.com]トリーバーチ[/url]built the SC Saint POA Rules 1995 which has [url=http://www.burchjp.com]TORY BURCH[/url]downline or the people we signed up to sell [url=http://www.burchjp.com]http://www.burchjp.com[/url] towards bathroom throughout Yangpu Area [url=http://www.burchjp.com]http://www.burchjp.com[/url] Smartphones that are already placed in the

Anonymous said...

[url=http://www.cheapmarcjacobsbagsjpn.com/][img]http://www.cheapmarcjacobsbagsjpn.com/images/link/MJL005-1.jpg[/img][/url]

[url=http://www.paulsmithjpmall.com/%E3%83%9D%E3%83%BC%E3%83%AB%E3%82%B9%E3%83%9F%E3%82%B9-%E3%83%99%E3%83%AB%E3%83%88-c-21.html] ポールスミス ベルト [/url], [url=http://www.cheapmarcjacobsbagsjpn.com/%E3%83%9E%E3%83%BC%E3%82%AF%E3%83%90%E3%82%A4%E3%83%9E%E3%83%BC%E3%82%AF-%E3%83%90%E3%83%83%E3%82%B0-c-37.html] marc by marc jacobs バッグ [/url], [url=http://www.paulsmithjpmall.com/%E3%83%9D%E3%83%BC%E3%83%AB%E3%82%B9%E3%83%9F%E3%82%B9-%E3%82%AD%E3%83%BC%E3%83%9B%E3%83%AB%E3%83%80%E3%83%BC-c-7.html] ポールスミス キーホルダー [/url]

[url=http://www.miumiubagclubjan.com/][img]http://www.miumiubagclubjan.com/images/miumiu/miumiu2025.jpg[/img][/url]

[url=http://www.paulsmithjpmall.com/%E3%83%9D%E3%83%BC%E3%83%AB%E3%82%B9%E3%83%9F%E3%82%B9-%E3%83%91%E3%82%BD%E3%82%B3%E3%83%B3%E3%83%90%E3%83%83%E3%82%B0-c-11.html] ポールスミス パソコンバッグ [/url], [url=http://www.jaoakley2013.com/oakley-radar-c-70.html] oakley radar [/url], [url=http://www.cheapmarcjacobsbagsjpn.com/%E3%83%9E%E3%83%BC%E3%82%AF%E3%83%90%E3%82%A4%E3%83%9E%E3%83%BC%E3%82%AF-classic-q-c-39.html] marc by marc jacobs classic q [/url]

[url=http://www.cheapmarcjacobsbagsjpn.com/][img]http://www.cheapmarcjacobsbagsjpn.com/images/bag/MSS3177.jpg[/img][/url]

[url=http://www.newtoryburchjansale.com/] tory burch [/url], [url=http://www.jaoakley2013.com/] オークリージャパン [/url], [url=http://www.paulsmithjpmall.com/] ポールスミス アウトレット [/url]

[url=http://www.miumiuja2013.com]miumiu 財布[/url]
http://wayboard.com/index.php?do=/blog/72015/13-12-tory-burchs-f-443/
http://www.thourecover.com/blog/68011/2013-12-mbts-g-617/
http://kurd-book.com/index.php?do=/blog/130419/123-12-tory-burchs-l-638/

 

Posts Comments

©2006-2010 ·TNB