အငုံ့စိတ်

24 July 2012



စားလက်စာမုန့်ကို ငုံ့ကိုက်လိုက်ချိန်မှာပင် “ဒုန်း” ခနဲ မြည်သံ နှင့်အတူ ရပ်ထားသည့် သူ့ကား အနည်းငယ်လှုပ်ခါသွားသည်။ နောက်ကားတစ်စီးစီး၏ ဝင်တိုက်ခြင်းခံရသည်ဟု  တွေးမိကာ 
နောက်လှည့်ကြည့်စဉ် နောက်တစ်ကြိမ် “ဒုန်း” ခနဲမြည်ကာ ကားက ထပ်မံ လှုပ်ခါသွားပြန်သည်။ သည်တစ်ကြိမ်တွင်တော့ တရားခံကို တွေ့လိုက်ရသည်။ သူ့ကားကို နောက်ဘက်မှ ဝင်တိုက်ခံရခြင်းမဟုတ်။ လူတစ်ယောက်မှ ကားနောက်ဖုံးကို လက်ဖြင့် ထုနေခြင်းဖြစ်သည်။ သူစိတ်တိုတောင်းစွာဖြင့် ကားပေါ်က ဆင်းလိုက်ချိန်တွင် နောက်တစ်ကြိမ် ထပ်ထုပြန်သည်။

“ဒုန်း”
“ဟေ့ကောင်… ဒါ ဘာလုပ်တာလဲ..ပြောစမ်း”

သူ့အော်သံကြောင့် ထိုသူမှနောက်တကြိမ်ထုရန် ရွယ်ထားသော လက်ကို ပြန်ချရင်း သူ့ကို လှမ်းပြုံးပြ၏။ စိတ်မနှံ့သူဟုထင်၍ သေချာအကဲခတ်မိသည်။ အဝတ်အစား ဝတ်ဆင်ထားပုံက သာမန်လူများ အတိုင်းသာဖြစ်သည်။ အသက်ကတော့ နှစ်ဆယ်ကျော် အစိတ်ခန့်သာရှိမည်။ ဖျတ်ခနဲကြည့်၍ ဆတ်ခနဲမှတ်သားတတ်သည့် အလေ့အကျင့် စိတ်အာရုံအရ သည်လူငယ် စိတ်မနှံ့သူ မဟုတ်ကြောင်း မှတ်ချက်ပြုမိသည်။ 

“ စိတ်မရှိပါနဲ့ခင်ဗျာ ကျွန်တော် စိတ်ထဲမှာ မနေနိင်လွန်းလို့ တင်းကျပ်လာလွန်းလို့ ထုမိလိုက်တာပါ”
ထိုအဖြေကြောင့် သူ အတော်အံ့သြသွားသည်။ တစ်ခုခုတော့ လွဲမှားနေပြီထင်သည်။

“ဘာ… မနေနိင်လွန်းလို့ ..ဟုတ်လား ”
“ ဟုတ် ပါတယ် အစ်ကို ”
“ မင်း မနေနိင်တိုင်း ထုရအောင် ဒါ ဘာကားလဲ မင်း မသိဘူးလား။ ”
“ သိပါတယ်… ဒါ ရဲကားပါ။ ”

ကား၏ ဆေးရောင်နှင့် ပုံစံက ရဲကား ဆိုသည်ကို လူတိုင်းသိနိင်၍ ထိုအဖြေက မထူးဆန်း။ သို့သော် ရဲကားမှန်း သိသိနှင့် မနေနိင်လွန်း၍ လက်သီးဖြင့်ထုမိသည်ဆိုသော ထိုလူငယ်ကိုတော့ အံ့အားသင့်သွားမိ၏။ ထို့ပြင် သူဝတ်ထားသည့် ယူနီဖောင်းကို ကြည့်လျှင်လည်း သူသည် ရဲအရာရှိ တစ်ယောက်ဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိင်သည်။ ယခုတော့ ရဲအရာရှိတစ်ဦး ရှိနေသည့် ရဲကားကို တဒုန်းဒုန်းဖြင့် လာထုနေသူကို အံ့သြစွာ ကြုံနေရပြီ။ ပုဒ်မပေါင်းများစွာ ခေါင်းထဲ တဖျတ်ဖျတ် ရောက်လာသည်။ သည်ကောင် အချုပ်ထဲ ဝင်ချင်နေပြီထင်သည်။ 

“မနေနိင်လွန်းလို့ ထုမိရင်လည်းရဲစခန်းလိုက်ခဲ့တော့”

လူငယ်က ရဲစခန်းဟု အသံကြားချိန်မှာလည်း တုန်လှုပ်ခြင်းမရှိ။ ကျေကျေနပ်နပ်ပင် ပြုံးလိုက်သေးသဖြင့် သူကိုယ်တိုင် ဝေခွဲမရဖြစ်သွားရ၏။ထိုလူငယ်ကို သေသေချာချာ စေ့စေ့စပ်စပ် နောက်တစ်ကြိမ်ကြည့်မိသည်။ အနက်ရောင် စတေကာ တီရှပ်နှင့် ဂျင်းဘောင်းဘီအပြာရောင်ကို တွဲဖက်ဝတ်ထားပြီး ညစ်စုတ်စုတ်ပုံသဏ္ဍာန်မျိုး မတွေ့ရ။ စိတ်မနှံ့သူ မဖြစ်နိင်ကြောင်း စိတ်ထဲမှ ထပ်မံအတည်ပြုမိသည်။

“ ကျနော် အပြစ်ရှိရင်လည်း စခန်းကို ခေါ်သွားပါအစ်ကို။ ဒါပေမယ့် ကျနော် အခုလို ဘာကြောင့် လုပ်မိသလဲဆိုတာကိုတော့ အရင်နားထောင်ပေးပါလား။ ရဲကားတစ်စီးကို လက်သီးနဲ့ ထုလိုက်ရတာရဲ့ နောက်ကွယ်က စိတ်အာသာကို ဖွင့်ဟချင်လွန်းလို့ပါ”

“မင်းဟာက နဲနဲတော့ ဆန်းနေတာ အမှန်ပဲ။ အရက်သမားတွေတောင် ဘယ်လောက်မူးမူး အဝေးက ရှောင်သွားကြတဲ့ ရဲကားကိုမှ တမင်တကာ လက်သီးနဲ့ လာထုတယ်ဆိုတော့….အင်း..”

“ အစ်ကို အချိန်နဲနဲလောက်ရရင် နားထောင်ပေးပါဗျာ။ လာပါခင်ဗျာ ဟိုလ္ဘက်ရည်ဆိုင်ထဲမှာ ကျနော် အေးအေးဆေးဆေး ပြောပြပါ့မယ်။ အစ်ကိုကြားဖူးနေကျမဟုတ်တဲ့ အကြောင်းလေးတွေ
 ပြောပြချင်လို့ပါ။”

ရည်ရည်မွန်မွန်ဟန်ပန်နှင့် လှိုက်လှိုက်လှဲလှဲ စကားသံတို့ကြောင့် အနည်းငယ် ထူးဆန်းနေသည့် အဖြစ်အပျက်ကို နားထောင်ချင်စိတ်ဖြစ်မိသွားသည်။

“ကဲ.. ဒါဆိုလည်း လာကွာ”



လူငယ်က တက်တက်ကြွကြွဖြင့် ရှေ့မှဦးဆောင်၍ လ္ဘက်ရည်ဆိုင်ထဲ ဝင်သွားသည်။

“အစ်ကို ကြိုက်တာမှာဗျာ။ ကျနော် ကျွေးမယ်”
“ဘာစားမလဲဆရာ”

အနားရောက်လာသည့် စားပွဲထိုးလေးကို လ္ဘက်ရည်နှင့် စမူဆာတပွဲမှာလိုက်သည်။

“ကဲ.. ဆိုစမ်းပါဦးကွာ။ ရဲကားကို လက်သီးနဲ့ ထုရတဲ့ အကြောင်းရင်းကို”
“ ဒီလိုပါအစ်ကို …. ကျနော် မနေ့ကမှ နိင်ငံခြားကနေ ပြန်ရောက်တာပါ”
“ဟ… မင်းနိင်ငံခြားက ပြန်လာတာနဲ့ပဲ မထေမဲ့မြင် လုပ်စရာလားကွ”
“အဲဒီသဘောမျိုး မဟုတ်ပါဘူး။ ကျနော် ပြောတာ လောသွားလို့ပါ။ ရေလည်အောင်ရှင်းပြပါ့မယ်။ အဖြစ်က ဒီလိုပါ”

ထိုလူငယ်၏ စကားကြောင့် သူ စိတ်လျော့ကာ နားထောင်ရန်ပြင်သည်။ လူငယ်က ချက်ချင်းစကားမစသေး။ ခွက်နှစ်ခွက်ထဲ ရေနွေးဖြည့်ပြီး သူ့ရှေ့သို့ တစ်ခွက် ချပေးသည်။

“ကျနော် လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က နိင်ငံခြား ထွက်ဖြစ်တယ်။ အဲဒီတုန်းက ကျနော့် အသက်က ၂၁ ကျော်ပြီ။ ထုံးစံအတိုင်းပေါ့ အကိုကြီးရာ တက်တက်ကြွကြွ စိတ်ကူးတွေ တောက်ပတဲ့ အနာဂတ်တွေနဲ့ပေါ့။ သွားဖြစ်တာကလည်း အရင်ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ဆိုပါတော့။ ဟိုရောက်တော့ ကျနော့်ဗီဇာက သက်တမ်း တစ်လ ရတယ်။ အဲဒီတစ်လ ကျော်သွားတော့ အိုဗာစတေး ဆိုတဲ့ ခိုးနေထိုင်ရတဲ့ ဘဝ ဖြစ်သွားတော့တယ်။ လွယ်လွယ်ခေါ်ရင် အို ဘဝ ဆိုပါတော့”

“ဟ... မင်းသူငယ်ချင်းက အဲဒီလို ဖြစ်မှာကြိုမပြောဘူးလား”

“ ပြောပါတယ်။ သူပြောတာက ခိုးနေရပေမယ့် အလုပ်နဲ့ အိမ် အသွားအပြန်ကလည်း နီးတယ်။ စီမံချက်တွေရှိရင်လည်း သတင်းကြိုရတတ်တာရယ်၊ စက်ရုံပိုင်ရှင်ကလည်း ပေါက်ပေါက်ရောက်ရောက် ရှိတာရယ် ဆိုတော့ ကျနော်လည်း အဲဒီကိစ္စ သိပ်မတွေးနေတော့ဘူးလေ။ ဒီမှာကလည်း သိတဲ့ အတိုင်းပဲ မဟုတ်လား”

“ ထားပါ။ အဲဒီတော့ ဘာဆက်ဖြစ်လဲ ”

“ ဟိုရောက်တော့ အလုပ်နဲ့ အိမ်နဲ့ အသွားအပြန်ကလည်း နီးပါတယ်။ ဒါပေမယ့် အကိုရာ ဘဝဆိုတာ အလုပ်နဲ့အိမ် နှစ်ခုထဲမှ မဟုတ်တာ။ နေရာအသစ်အဆန်းဆိုလည်း တစ်ခါတစ်လေတော့ သွားချင်တာပေါ့။ စီမံချက်တွေ ကြိုသိတယ်ဆိုတာလည်း တချို့တွေ အတွက်ပါ။ ဒီလိုနဲ့ပဲ ပါသွားတဲ့ လူတွေရဲ့ သတင်းတွေ အမြဲ ကြားနေရတယ်။ အဲဒီမှာ ကျနော် ရောဂါ တစ်ခု စွဲသွားတော့တယ်ဗျာ။ ဘာရောဂါလည်း သိလား”

သူပြန်မဖြေတော့ လူငယ်က ဆက်ပြောသည်။

“ ရဲ ကြောက်တဲ့ ရောဂါပါ။ ကျနော် တယောက်ထဲ ဖြစ်တဲ့ ရောဂါ မဟုတ်ဘူးနော်။ တော်တော်များများ အဲဒီရောဂါ ဖြစ်ကြတယ်။ အခု အစ်ကို့လို ရဲဝတ်စုံဝတ်ထားတဲ့ အရာရှိတစ်ယောက်နဲ့ အတူထိုင်ပြီး စကားပြောနေဖို့ ဆိုတာ စိတ်ကူးတောင် မယဉ်ခဲ့ဖူးဘူး။ အဝေးကနေ ရဲဝတ်စုံကို ရိပ်ခနဲတွေ့တာနဲ့ ကျနော့် လက်ဖျားတွေ အလိုလို အေးစက်လာတယ်။ ရဲကား မီးရောင်တွေ ရဲကားဥသြသံတွေ ကြားရင် ကျနော် အလိုလို ရင်တုန်တယ်။ ပြီးရင် သိပ်ဝမ်းနဲတယ်ဗျာ။ ကျနော်တို့ မချမ်းသာပါဘူး။ ဒါပေမယ့် အမေ့ရဲ့ ကျောင်းဆရာမ လစာရယ် အဖေ့ရဲ့ စက်ရုံဝန်ထမ်း လစာရယ် ပေါင်းပြီး ကျနော်တို့ ကျပ်တည်းပေမယ့် ရိုးသားစွာ ကြီးပြင်းခဲ့တာပါ။ ခုချိန်ထိ ရုံးရောက် ဂါတ်ရောက်လည်း မရှိခဲ့ပါဘူး။ 

အဲဒီလို နေခဲ့တဲ့ ကျနော့်အတွက် နိင်ငံရပ်ခြားမှာ အဖမ်းခံရမှာ၊ အချုပ်ထဲနေရမှာ သိပ်ကြောက်မိပါတယ်အစ်ကိုရာ။ ရဲကား အရိပ်အယောင် မြင်ရပြီးတိုင်း ရင်တုန်တယ်။ ပြီးရင် ကျနော် ကိုယ့်ကိုကိုယ် သိပ်ဝမ်းနည်းတယ်။ စိတ်ထဲမှာ သိမ်ငယ်ရလွန်းတယ်ဗျာ။ အိမ်မှာ ဘဲဥပြုတ်ကို ဆားဖြူးပြီး စားခဲ့တာတောင် ကိုယ့်ဘဝနဲ့ကိုယ် နေခဲ့ပြီးမှ အခုတော့ သိမ်ငယ်လိုက်ရတာဗျာ။ ကြောက်လန့်နေရတာဗျာ။ ဒါပေမယ့် ကျနော် ပြန်လို့မရသေးဘူး။ အဖေတို့ ရင်းနှီးပေးလိုက်တဲ့ အိမ်ပေါင်ထားတဲ့ အကြွေှး မကျေသေးဘူးလေ။ ဒီတော့ ကျနော့် မှာ ဘယ်သွားသွား ကျီးလန့်စာစားသလို ကြည့်ပြီး ခပ်သွက်သွက် သွားရတယ်။ ရဲမြင်ရင် လက်ဖျားတွေအေး ရင်တွေတုန်လာတယ်။ ဒါပေမယ့် ကျနော် အမေတို့ကို အဲဒါတွေ မပြောပြဘူးအကို။ ပြောဖို့လည်း မလိုဘူးလေ။”

လူငယ်က ပြောလက်စ စကားရပ်ကာ ရေနွေး ငုံ့သောက်သည်။ သူလည်း လ္ဘက်ရည်ခွက်ကို လှမ်းယူလိုက်သည်။ အိုဗာစတေးများအကြောင်း ကြားဖူးသော်လည်း ယခုကဲ့သို့ ကိုယ်တိုင်ပြန်ပြောပြသည် မျိုးမကြုံဖူးသေးပါ။ လူငယ်က စကားပြန်စ၏။

“ ကျနော် နေခဲ့တဲ့ သုံးနှစ်ထဲမှာ အဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရတယ်။ အဲဒီမှာ ကျနော် မမေ့နိင်တဲ့ အဖြစ်တွေ ရှိတယ်။ အဲဒီအဖြစ်တွေကိုတော့ တော်တော်နဲ့လည်း မေ့လို့ရမယ် မထင်ပါဘူး။ အဲဒီအဖြစ်တွေကို ကျနော် ရင်ဖွင့်ပြောပြချင်တယ်”

သည်တစ်ကြိမ်တွင်တော့ သူခေါင်းညိတ်ပြလိုက်သည်။ အချိန်အားနေသည်ထက် ထိုလူငယ်ပြောမည့် အကြောင်းအရာများကို သူကိုယ်တိုင် စိတ်ဝင်စားနေမိသည်။

“ ဆက်ပြောပါ ညီ”
“နိင်ငံခြားမှာ ခိုးနေရတဲ့ ဘဝက ကိုယ့်မြန်မာလူမျိုး အချင်းချင်းကိုတောင် ပြန်ကြောက်ရပါတယ်။ အဲဒီအဖြစ်ကို ကျနော် ခုထိ ထင်ထင်ရှားရှား ပြန်မြင်ယောင် နေသေးတယ်။ ဖြစ်ခဲ့ပုံက ဒီလိုပါ…။”

“ကျနော်တို့ အိုဗာစတေးလောကမှာတော့ ဒီသတင်းက တော်တော် ကြီးသွားခဲ့တယ်။ သူ့နာမည်က ကျော်ထူးလွင်တဲ့။ သူကလည်း ခိုးနေတဲ့ အိုဗာစတေးသမားပါပဲ။ သူ့စရိုက်ကတော့ ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်တယ်။ ပြီးတော့ နဲနဲ ဟောင်ဖွာဖွာနိင်တယ်။ ဘာကိစ္စဖြစ်ဖြစ် သူကရှေ့ဆုံးက ပါချင်တဲ့သူမျိုးပေါ့။ လူတတ်ကြီး လုပ်တတ်ပေမယ့် စိတ်ရင်းကောင်းပြီး ကူညီတတ်တဲ့သူပါ။
 မြင်လွယ်အောင်ပြောရရင် ပေါ့ပေါ့ပါးပါးနေတတ်တဲ့ စရိုက်မျိုးပေါ့ အကိုရာ။ ကျွန်တော်တို့ နေတဲ့နားမှာ မြန်မာလူမျိုးပိုင်တဲ့ လ္ဘက်ရည်ဆိုင်ရှိတယ်။ အဲဒီဆိုင်ကို ကျော်ထူးလွင်က ညတိုင်း သွားထိုင်တယ်။ ကျနော်တို့ကတော့ သွားမထိုင်ဖြစ်ဘူးအကို။ အဓိကကတော့ ရဲကြောက်တာရယ် အချိန်ကုန် ငွေကုန် မခံနိင်တာရယ်ကြောင့်ပါ။ ဒါပေမယ့်ကျော်ထူးလွင်က ညတိုင်းသွားတယ်။ ပြောရရင် အဲဒီဆိုင်မှာ ညဘက်လာထိုင်တဲ့ လူအများစုက တရားဝင်နေထိုင်ခွင့်ကဒ် ရှိတဲ့သူတွေပါ။ 

တစ်နေ့တော့ ကျော်ထူးလွင်နဲ့ အဲဒီဆိုင်မှာ အမြဲလာထိုင်တဲ့ မိုးသက်ဆိုတဲ့လူနဲ့ စကားများကြတယ်။ မိုးသက်က နေထိုင်ခွင့်ကဒ် ကိုင်ထားတဲ့သူပေါ့။ အဲဒီညက ဘေးလူတွေ ဝိုင်းဆွဲတာနဲ့ စကားများရုံ အဆင့်နဲ့ပဲ ပြီးသွားတယ်။ ကျော်ထူးလွင်က အဲဒီလိုဖြစ်ထားတာကို ဂရုမစိုက်ဘူး။ နောက်တစ်ညရောက်တော့လည်း ထပ်သွားပြန်တယ်။ အဲဒီလို ညတိုင်းသွားမြဲသွားရင်းက စကားများထားပြီး သုံးရက်မြောက်ညမှာ
ကျော်ထူးလွင် အဖမ်းခံရတယ်။ ဘာကြောင့် အဖမ်းခံရသလဲဆိုတာ ဒီလောက်ဆို အစ်ကို မှန်းလို့ရလောက်ပြီပေါ့။ ဟုတ်တယ် အစ်ကို။ မိုးသက် တိုင်လိုက်တာ။ တိုင်ပုံကိုက ချည်ပြီးတုပ်ပြီး တိုင်တာ အစ်ကို။ သိပ်ရင်နာဖို့ကောင်းတယ်။ အဲဒီညက ကျော်ထူးလွင် အဖမ်းခံရခါနီးမှာ ဖုန်းဝင်လာတယ်။ ဒါနဲ့ ကျော်ထူးလွင်က ဆိုင်ထဲမှာ ဆူညံနေလို့ ဟိုဘက်က ပြောတာ သေချာမကြားရဘူးဆိုပြီး ဆိုင်ပြင်ကို ဖုန်းထွက်ပြောတယ်။

သူလည်း ဆိုင်ပြင်ရောက်ရော လူနှစ်ယောက်က သူ့လက်ကိုလာချုပ်တယ်။ မင်းကိုမေးစရာရှိလို့ ဆိုပြီး ပြောသံလည်း ကြားရော ကျော်ထူးလွင်လည်း ဆောာင့်ရုန်းပြီး ထွက်ပြေးတော့တာပဲ။ ဒါပေမယ့် ဘယ်လွတ်ပါ့မလဲ။ ရဲတွေက သူပြေးမယ့်နေရာမှာ ကြိုစောင့်နေကြတာလေ။ ဒါနဲ့ပဲ ကျော်ထူးလွင် အဖမ်းခံရပြီး မြန်မာပြည် ပြန်ပို့ခံလိုက်ရတော့တယ်။ သူအဖမ်းခံရခါနီး ဝင်လာတဲ့ ဖုန်းက ဘယ်သူဆက်တယ် ထင်လဲ။ မိုးသက် ဆက်တာအကို။ အဲကောင်ကိုယ်တိုင် ဖုန်းဆက်ပြီး ရဲတွေနဲ့ တိုင်ပင်ကိုက်ထားတာတဲ့လေ။ ဆိုင်နာမည်ရော ကျော်ထူးလွင် ဝတ်ထားတဲ့ အင်္ကျီ အရောင်ရော ပြောပြီး တိုင်တဲ့အပြင် ဘယ်အချိန်မှာ ဆိုင်ထဲကနေ ဖုန်းထွက်ပြောလိမ့်မယ် ဆိုပြီးကို တိုင်တာ။ ပြီးတော့မှ သူက ဖုန်းလှမ်းခေါ်လိုက်တာလေ။ ကဲ.. ဘယ်လောက်တောင် အကွက်စေ့လိုက်သလဲဗျာ။”

“ဒါက ကျနော့်နှလုံးသားထဲမှာ မပျောက်နိင်တဲ့ ဖြစ်ရပ်တစ်ခုပေါ့။ နိင်ငံခြားမှာ ရဲ တွေ လဝက လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေတင် ကြောက်ရတာမဟုတ်ဘူး။ ကိုယ့်လူမျိုး အချင်းချင်းလည်း 
ကြောက်ရပါတယ်။ တခုခုပြဿနာတက်ရင် ထိုးကြိတ် ဖြေရှင်းနည်းတောင် မသုံးကြတော့ပါဘူး။ ရဲကိုတချက် ဖုန်းဆက်လိုက်တာပါပဲ။ ထိုးကြိတ်ရင်တောင် ဖူးယောင်ဒဏ်ရာက ပြန်ပျောက်နိင်တယ် မဟုတ်လား။
ပြန်ပို့ခံလိုက်ရရင် ဘဝက အရှိန်ရပ်သွားနိင်တယ်လေ။ သူတို့အတွက်တော့ သိပ်ကောင်းတဲ့ နည်း ပေါ့ဗျာ။ ”


လူငယ်က မေးကြောကြီးများ ထောင်ထ လာသည်အထိ ခံပြင်းစွာ ပြောဟန်သည် သူ့ရင်ထဲသို့ အလွယ်တကူ ကူးစက်သွားစေသည်။ ဒီလို အဖြစ်တွေ ရှိသည် တဲ့လား။ သူ့စိတ်ထဲ ခပ်ဖျင်းဖျင်း ဖြစ်သွားမိသည်။ လူငယ်က ရေနွေးထည့်၍ သူ့ရှေ့ ချပေးပြန်သည်။

“ကျော်ထူးလွင် ရဲ့အဖြစ်က လူငယ်ချင်း ရန်ဖြစ်ရာက စတာလို့ နားလည်ပေးနိင်ရင်တောင် ခံစားပေးဖို့ မလွယ်တဲ့ အဖြစ်တွေ ရှိနေသေးတယ်အစ်ကို။ ဒီအဖြစ်ကိုလည်း ကျနော် မမေ့နိင်သေးပါဘူး။”

“အဲဒီတကြိမ်မှာတော့ ကျနော့်သူငယ်ချင်းတွေပါ အဖမ်းခံရတဲ့အထဲ ပါသွားခဲ့တယ်။ ကျနော်လည်း ပါတော့မလို့ပါပဲ။ ကံသီတယ်ပဲ ပြောရမယ်နဲ့တူတယ်။ အဲဒီနေ့က ကျနော်တို့နေတဲ့မြို့ရဲ့ ဘေးမြို့ကို အိုင်းရင်းခရော့တီးဝိုင်း လာတဲ့နေ့ပေါ့။ ကျနော်တို့ဆီကို အိုင်စီရှိုး လာမယ်ဆိုတဲ့ သတင်းကြားထဲက ကျနော်တို့အားလုံး အရမ်းပျော်ကြတယ်။ အိုင်းရင်းခရော့ခ် တီးဝိုင်းရယ် လေးဖြူ အငဲ မျိုးကြီး ဝိုင်ဝိုင်း တို့ဆိုတာ ကျနော်တို့အတွက်တော့ဂီတသူရဲကောင်းတွေလေ။ အခုလို ကျနော်တို့နေတဲ့ နေရာအထိ လာဆိုမယ်ဆိုတော့ ကျနော်အပါအဝင် သူငယ်ချင်းတွေအကုန်လုံး ပျော်ကြတာပေါ့ဗျာ။ ကြည့်ကြမယ်လို့ အားခဲကြတယ်။ ပြောရရင် မြန်မာပြည်မှာတုန်းကလည်း သွားမကြည့်ဖူးပါဘူး။ အဆောင်မှာတော့ စတိတ်ရှိုးအခွေလေး ဖွင့်ပြီးကြည့်ဖူးကြတဲ့ သူတွေချည်းပါပဲ။ 

သွားကြည့်မယ်ဆိုတော့ ပထမဆုံး သတိရတာက ရဲကိစ္စပဲ။ ဒီလိုပွဲမျိုးဆို မြန်မာတွေ အလာများမယ်။ ဒီတော့ အဖမ်းအဆီးရှိနိင်တယ်လေ။ ပွဲလက်မှတ်ဈေးကြီးတာက အဓိကပြဿနာမဟုတ်ဘဲ ရဲဖမ်းခံရမှာက တကယ့်ပြဿနာ ဆိုတော့ အားလုံးက စုံစမ်းကြတယ်။ အဖမ်းအဆီးရှိမလား။ ပွဲစီစဉ်တဲ့သူတွေက တာဝန်ယူသလားဆိုပြီး စုံစမ်းတော့ ပွဲစီစဉ်သူတွေက စတိတ်ရှိုးစင်အထိ ဝင်လာရတဲ့ ကိုက်ငါးရာ လမ်းအတွင်းကို တာဝန်ယူတယ်တဲ့။ ကျန်တာတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်လာကြပေါ့လေ။ အဲဒီရက်ပိုင်း စီမံချက်ရှိတယ်လည်း မကြားထားရဘူးဆိုတော့ ကျနော်တို့ သူငယ်ချင်းတွေ သွားကြည့်ကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။”

“ အဲဒီနေ့မှာ ကျနော် ကံကောင်းချင်တယ်လို့ ဆိုရမှာပဲ။ မနက်ပိုင်း စက်ရုံထဲမှာ ကျနော့်ခြေထောက်ပေါ်ကို စက်ပစ္စည်းသေတ္တာ ပြုတ်ကျတယ်။ အဲဒီဒဏ်နဲ့ လမ်းလည်းကောင်းကောင်း မလျှောက်နိင်တော့ဘူး။ ဒါနဲ့စတိတ်ရှိုးမလိုက်ရဘဲ နေခဲ့ရဖို့ဖြစ်လာတော့တယ်။ သူငယ်ချင်းတွေကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းတွေဆိုပြီး စတိတ်ရှိုးသွားဖို့ ပြင်ဆင်နေကြတာမြင်တော့ ကျနော်လည်း စိတ်ပျက်ပျက်နဲ့
ဆေးသောက်ပြီး အိပ်နေလိုက်တော့တယ်။ ဒါပေမယ့်အကိုရယ် အဲဒီနေ့က အဆောင်ကို ကျနော့်သူငယ်ချင်းတွေထဲက တစ်ယောက်ပဲ ပြန်ရောက်လာနိင်ခဲ့တယ်။”

လူငယ်မှ ပြောရင်း အနည်းငယ် အသံတိမ်ဝင်ကာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသဖြင့် သူလည်း လ္ဘက်ရည်ခွက်ကို ရေကျင်းနေမိသည်။ ရဲအရာရှိ တစ်ယောက်အနေဖြင့် မည်သို့ဆက်ဖြစ်လာမည်ကို သူ့အနေနှင့် ကြိုသိနေလေပြီ။ လူငယ်က ခဏနားပြီးနောက် စကားပြန်ဆက်သည်။

“အဲဒီညက ညခုနှစ်နာရီလောက်မှာ ဖုန်းဝင်လာတယ်။ စတိတ်ရှိုးသွားတဲ့အဖွဲ့ထဲက တစ်ယောက် လှမ်းဆက်တာအကို။ ကြားရတဲ့သတင်းက တော်တော်ဆိုးပါတယ်ဗျာ။ စတိတ်ရှိုးပွဲလုပ်တဲ့ လမ်းထဲမှာ ရဲ ရယ် ထောက်လှမ်းရေးနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေ ပေါင်းပြီး လမ်းပိတ်ပြီးကို ဖမ်းတာတဲ့ဗျာ။ အချုပ်ကားချည်းပဲ သုံးစီးပါလာတယ်တဲ့။ မြန်မာအယောက် နှစ်ရာကျော် အဖမ်းခံလိုက်ကြရတယ်။ ဖုန်းဆက်တဲ့သူငယ်ချင်းတောင် မနဲထွက်ပြေးလို့ လွတ်ခဲ့ရတာ။ 
 အဆောင်က ကောင်တွေဆို တော်တော်များများ ပါသွားကြတယ်။ ကျနော်လေ အဲဒီသတင်းကြားတော့ စိတ်မကောင်းဖြစ်လိုက်တာဗျာ အဲဒီညက ထမင်းတောင် မစားနိင်ဘူး။ အခုချိန်ဆို ဟိုကောင်တွေတော့ အချုပ်ထဲမှာ ဘယ်လိုနေကြပါလိမ့်ဆိုတဲ့ အတွေးတွေပဲ တချိန်လုံးဝင်နေတော့တယ်။ သူတို့တွေထဲမှာရော ကျနော်လိုပဲ အကြွေးမကျေသေးသူတွေ ဘယ်လောက်တောင် ပါမလဲဆိုတာပါ တွေးမိတော့ ကျနော်တို့ ဘဝတွေကို အရမ်းစိတ်ပျက်မိတယ်ဗျာ။ ကျနော်တို့မှာ ခိုးနေမိတဲ့ အပြစ်တခုကလွဲရင် အလုပ်မှာလည်း မခိုမကပ်နဲ့ ကြိုးစားကြတယ်။ အချိန်ပို အလုပ်ဆင်းရတော့မယ်ဆိုရင် ကျနော်တို့မှာ ဒီလတော့ ဝင်ငွေပိုများပြီဆိုပြီးကို ပျော်နေကြရတာ။ တခြားမကောင်းတဲ့ပြစ်မှုဆိုတာလည်း လုပ်ဖို့နေနေသာသာ အလုပ်ပြီးရင် အပြင်ကိုတောင် လျှောက်သွားတာ မဟုတ်ဘူး။ အဲဒီလောက်အထိ အလုပ်တစ်ခုထဲပဲ အာရုံစိုက်ထားကြတဲ့သူတွေပါ။ ဒါပေမယ့် ကျနော်တို့မှာ အပြစ်တခုရှိနေတယ်လေ။ ခိုးနေမိတဲ့ ဘဝဖြစ်တာနဲ့ ကျန်တာတွေ ဘယ်လောက်ကောင်းအောင် နေလည်း ကြောက်နေရတဲ့ ဘဝဖြစ်ရတော့တာပဲ။
ပျော်ရွှင်ခြင်းက ကျနော်တို့နဲ့ မထိုက်တန်တဲ့ အရာလိုမျိုး ဖြစ်နေတယ်။ အခုပဲ ကြည့်လေ။ စတိတ်ရှိုးကြည့်ဖို့သွားတယ်။ ရောက်သွားတာက အချုပ်ထဲ။ အဲဒီညက ကျနော် ဝမ်းနည်းလွန်းလို့ မျက်ရည်ကျမိခဲ့တယ်။ အဲဒီလို ဆိုးတဲ့၊ အဲဒီထက်ဆိုးတဲ့ဘဝတွေ ပြည်ပမှာ အများကြီး ရှိနေသေးပါတယ်။ နိင်ငံခြားမှာ ပျော်ရွှင်ခြင်းဆိုတာ ငါးမျှားချိတ်က အစာလည်း ဖြစ်နေတတ်ပါတယ်ဗျာ”

လူငယ်၏ စကားအဆုံးတွင် သူပင့်သက်ရှိုက်မိသည်။ ဖမ်းဆီးခြင်းဖြင့် အကျွမ်းတဝင်ရှိနေသည့် သူ ကိုယ်တိုင်ပင် ကြားခဲ့ရသော ဖမ်းဆီးခံရမှုကို စာနာနေမိသည်။ “ပျော်ရွှင်ခြင်းဆိုတာ ငါးမျှားချိတ်က အစာ” တဲ့။ ဥပမာလေးက သေသပ်သလို ထိရှလွန်းသည်။ စတိတ်ရှိုးဆီကို ပျော်ရွှင်စွာ သွားကြမည့် လူငယ်များ၊ အဆိုတော်နှင့်အတူသံပြိုင်လိုက်ဟစ်ကြွေးရန် အားခဲထားမည့် ပရိတ်သတ်များကို သူအတွေးဖြင့်ပင်
မြင်ယောင်နိင်စွမ်းသည်။ ထို့နောက် ခပ်ကြမ်းကြမ်း အဖမ်းအဆီးများ လက်အောက်တွေ ကြေမွသွားမည့်
ပျော်ရွှင်ခြင်းများ ၊ အပြန်အလှန် ကူးစက်နေမည့် အပူလုံးများ ၊ မည်သူ့ မည်သူမှ မကယ်တင်နိင်မည့် ဘဝများစွာ။ ထိုသူများ အားလုံးသည် မြန်မာလူမျိုးများဖြစ်နေခဲ့သည်ဆိုသည့်အသိဖြင့် သူ စိတ်မကောင်းဖြစ်ရလေသည်။

လူငယ်လေးလက်ကို သူလှမ်းဆုပ်ကာ အားပေးဟန်ဖြင့် တချက်ဖျစ်ညစ်လိုက်သည်။ လူငယ်က ပြုံးပြလေသည်။

“အစ်ကို စိတ်ညစ်သွားပြီလား။ ပြောရအုံးမလား။ ဒီတခါတော့ ကျနော့် ကိုယ်တွေ့ အကြောင်းပါ”

လူငယ်လေးထံတွင် ရင်ဖွင့်ချင်စရာများ ကျန်နေသေးသည်။ သူ ခေါင်းညိတ်ပြလိုက်၏။

“ပြောညီ... မင်းစိတ်ထဲရှိတာတွေ ထုတ်ပြောလိုက်ပါ။”

“ ပျော်ရွှင်ခြင်းက ငါးမျှားချိတ်က အစာလို့ ခုနက ကျနော်ပြောခဲ့တယ်နော်။ အခုပြောမှာက ပျော်ရွှင်ခြင်းဟာ ဂုတ်ပေါ်ခွစီးထားတဲ့ နတ်ဆိုးပါ အစ်ကို။ အဲဒီနေ့က ကျနော် အလုပ်မှာ အချိန်ပို ဆင်းပြီး အဆောင်ပြန်လာခဲ့တယ်။ ”

“အချိန်ပိုဆင်းထားတာဆိုတော့ ဗိုက်ကလည်း ဆာနေတာနဲ့ ခပ်သွက်သွက်ပြန်လာရင်း တစ်နေရာ 
ရောက်တော့ ကျနော့်ဆီကို ဖုန်းဝင်လာတယ်။ ဆက်တဲ့သူက အခန်းဖော်ထဲက တစ်ယောက်ဆက်တာ။ ဒါနဲ့ ဘာကိစ္စရှိလဲလို့ ထူးလိုက်တော့ သူက ခပ်လောလောပုံစံနဲ့ ကျနော့်ကို မေးတယ်။ မင်းအခု ဘယ်ရောက်နေပြီ လဲတဲ့။ ဒါနဲ့ ကျနော်ကလည်း အခုပြန်လာနေပြီဆိုပြီး ဖြေတော့ ပြန်မလာနဲ့တဲ့ အဆောင်မှာ ရဲတွေ
ရောက်နေတယ်တဲ့။ သူလည်း ထွက်ပြေးရင်းနဲ့ ကျနော့်ကို သတိရလို့ လှမ်းပြောတာတဲ့။ အဲဒီ သတင်း ကြားတော့ ကျနော် ထူပူသွားတယ်။ ရဲကြောက်ပါတယ်ဆိုမှ အဆောင်မှာ ရဲတွေဝိုင်းထားတယ် ဆိုတော့ ကျနော် ရင်တွေတုန်ပြီး လက်တွေ ခြေတွေ ချက်ချင်းအေးတက်လာတာပဲ။
 ဒါနဲ့ စိတ်ကို အတတ်နိင်ဆုံး ငြိမ်အောင်လုပ်ပြီး ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားတယ်။ ဒါပေမယ့် ဘာလုပ်လို့ လုပ်ရမှန်းကို မသိတာ။ အဆောင်မပြန်ရင် ဘယ်ကိုသွားရမလဲဆိုတာ စဉ်းစားလို့ကိုမရဘူးဗျာ။ စက်ရုံထဲပဲ ပြန်သွားရင်ကောင်းမလား စဉ်းစားမိပေမယ့် အဖမ်းခံလိုက်ရတဲ့သူတွေဆီက သတင်းရပြီး ရဲတွေ စက်ရုံအထိ လိုက်လာမှာကိုလည်း တွေးကြောက်မိပြန်တယ်။ စိတ်ကလည်း ထူထူပူပူနဲ့ ဘာလုပ်ရမလဲ
 တွေးနေသလို ကျနော် ရပ်နေမိတဲ့ လမ်းတစ်လျှောက်ကိုလည်း လျှောက်ကြည့်နေရတယ်။ အရေးအကြောင်းဆို ဘယ်လမ်းက ပြေးရင် လွတ်မလဲပေါ့။ ဒါနဲ့ အနားမှာ ရှိတဲ့ စတိုးဆိုင်လေးထဲ ဝင်ပြီး အအေးတစ်ဗူးဝယ် ဆိုင်ဝမှာ မယောင်မလည်လုပ်ပြီး ကျနော်တို့ အဆောင်ဘက် လမ်းကွေ့ကို ကြည့်နေမိတယ်။ 
ရဲကားတွေကလည်း ထွက်လာတာ မတွေ့တော့ အခုထိ ဝိုင်းထားတုန်းပဲဆိုပြီး အဆောင်ပြန်လို့လည်းမဖြစ် ဘယ်သွားရမှန်းလည်း မသိနဲ့ စိတ်အားငယ်တယ်ဆိုတဲ့ ခံစားချက်ကို အဲဒီအချိန်မှာ သေသေချာချာကို ခံစားဖူးတော့တယ်။ အဆောင်မှာကလွဲရင် ကိုယ်နဲ့သိတဲ့သူကလည်း မရှိဘူးလေ။ ဒီဆိုင်အဝမှာလည်း အကြာကြီးရပ်နေလို့ မကောင်းမှန်းသိတော့ သွားရမယ့် နေရာကိုပဲ ခေါင်းပူအောင် တွေးမိပေမယ့် ဘယ်သွားသွား ရဲနဲ့တိုးမှာပဲလို့လည်း စိတ်က ထင်နေမိတယ်။ ဟိုကြည့် ဒီကြည့်လုပ်ရင်း စတိုးဆိုင်ရှေ့က တိုက်လှေကား တံခါးပွင့်နေတာ မြင်တော့ ကျနော် အကြံရသွားတယ်။ ဒါနဲ့ စတိုးဆိုင်က ပေါင်မုန့်တလုံးရယ် သတင်းစာတစ်စောင်ရယ်ကို ဝယ်ပြီး အဲဒီတိုက်လှေကားထဲ လှမ်းဝင်လိုက်တယ်။ 
တိုက်က လေးထပ်တိုက်ဆိုတော့ အပေါ်တက်အောက်ဆင်းဖို့ ထားတဲ့ လှေကားခြေရင်းမှာ ကျနော် ထိုင်ပြီး သတင်းစာလေး ရှေ့မှာ ဖြန့်ထားလိုက်တယ်။ ကျနော့်အကြံက ဒီလိုလေ။ အပေါ်က ဆင်းလာသူပဲဖြစ်ဖြစ် တိုက်ပေါ်တက်မယ့်သူပဲဖြစ်ဖြစ် ကျနော့်ကို မြင်ရင် သတင်းစာ ဖတ်နေတယ်လို့ပဲ ထင်အောင်လို့လေ။ သတင်းစာက ကျနော် မဖတ်တတ်ပါဘူး။ သူ့နိင်ငံသတင်းစာဆိုတော့ ဖတ်နေတာမြင်ရင် သူ့နိင်ငံသားလို့ ထင်သွားမှာပဲဆိုပြီး ရှေ့မှာခင်းထားတာ။ အဲဒီတော့မှ အချိန်ကလည်း ကုန်ခဲလိုက်တာဗျာ။ ဟိုကောင်ကလည်း ဖုန်းပြန်မဆက်လာဘူး။ ကျနော်ကလည်း မဆက်ရဲဘူးလေ။ မတော်လို့များ ဟိုကောင်အဖမ်းခံရပြီး ဖုန်းက ရဲလက်ထဲရောက်နေရင် ဘယ်လိုလုပ်မလဲ။ ဖုန်းပြန်မလာတော့ ဘယ်သူတွေ ပါလို့ပါသွားမှန်းလည်း မသိရဘူး။ အခြေအနေတွေ ဘယ်လောက်ဆိုးကုန်မှန်းလည်း မသိရဘူး။ ကျနော့်စိတ်ထင် တစ်နာရီလောက် အဲဒီတိုက်လှေကားထဲမှာ နေပြီးမှ ဖုန်းဝင်လာတယ်။ ဟိုကောင်ဆက်တာ။ ဒါနဲ့ မရဲတရဲ ထူးလိုက်တော့ ပြန်လာလို့ရပြီတဲ့။ ရဲတွေပြန်သွားပြီတဲ့။ ဘယ်သူတွေ အဖမ်းခံရသေးလည်း ထပ်မေးတော့ မပါသွားဘူးတဲ့ သူဌေးကိုယ်တိုင် လာရှင်းသွားတာတဲ့။ အဲဒီတော့မှ ကျနော်လည်း စိတ်ဒုန်းဒုန်းချမိတော့တယ်။ အဆောင်ကို ခပ်သွက်သွက်လေး ပြန်လျှောက်လာရင်းနဲ့ ဒီနေ့အချိန်ပိုဆင်းဖြစ်တာ ကံကောင်းသွားတယ်လို့တောင် တွေးမိသေးတယ်။ မဟုတ်ရင် ရဲနဲ့ ထိပ်တိုက်တိုးမှာလေ။ အဆောင်နားရောက်တော့ လိုလိုမယ်မယ် အဆောင်ဝင်းထဲ ချောင်းကြည့် လိုက်သေးတယ်။ ဘာရဲကားမှ မရှိတော့ဘူး။ ဒါနဲ့ အဆောင်ထဲ လှမ်းဝင်တော့ ကျနော်တို့ အခန်းထဲက ရီသံတွေ ထွက်နေတယ်။ ဒါနဲ့ ကျနော်လည်း အခန်းထဲဝင်ပြီး ဒီကောင်တွေကိုတောင်
 နောက်လိုက်သေးတယ်။ မင်းအဘတွေ ပြန်သွားလို့ ပျော်နေတယ်ပေါ့လေ လို့။ အဲဒီလို နောက်တော့ သူတို့က ဝိုင်းရီကြတယ်။ ပြီးတော့ ကျနော့်ကို မေးတယ်။ ဒီနေ့က ဘာနေ့လဲသိလားတဲ့။ ဒီနေ့က သောကြာနေ့လေလို့ ကျနော်ကပြန်ဖြေတော့ ရီကြပါလေရော။ ပြီးတော့မှ ဘာပြောတယ် မှတ်လဲ အစ်ကို။ မင်းကငတုံးတဲ့ ဒီနေ့က ဧပရယ်လ တစ်ရက်နေ့တဲ့။ မင်းတို့လို ငတုံးတွေကို ဧပရယ်ဖူး အရူးလုပ်တဲ့ နေ့တဲ့လေ။ လုပ်ရက်လိုက်ကြတာဗျာ။ ကျနော်ဖြင့်လေ အဲဒီအဖြေလည်း ကြားမိရော မျက်လုံးတွေ ပြာဝေသွားပြီး စိတ်တွေ လွတ်သွားတယ်။ အဲကောင်တွေအုပ်ထဲပြေးပြီး တွေ့ရာအကုန် လိုက်ကန်မိတယ်။ ကျနော် သတိပြန်ဝင်လာတော့ ဟိုကောင်တွေက ဝိုင်းချုပ်ပြီး ကျနော့်ကို တောင်းပန်ကြတယ်။ ကျနော် ဘာတတ်နိင်မလဲ အစ်ကိုရာ စဉ်းစားကြည့်ပါအုံးဗျာ။ လူငယ်တိုင်း ပျော်ကြတဲ့နေ့ပဲ ကျနော် ဘယ်လောက်အထိ အပြစ်ထပ်ပြောလို့ရမလဲ။ သူတို့မှာလည်း ပျော်စရာ ရှာကြံနေရတဲ့ဘဝဆိုတာကျနော် အသိဆုံးပဲဟာ။ ဒါပေမယ့် ဝမ်းနည်းတာက အားလုံးပျော်ရတဲ့နေ့မှာ ကျနော်က ဘာလို့ ဒီလို နာကျင်ရတာလဲဆိုတာပဲ။ အဲဒီညက ကျနော် မူးအောင်သောက်ပြီး ရှိုက်ကြီးတငင်ငိုမိတယ်တဲ့။ ကျနော့် ပါးစပ်ကလည်း ဧပရယ်ဖူး ဧပရယ်ဖူး ဆိုပြီး တတွတ်တွတ်ရွတ်နေတယ်တဲ့လေ။ ”

“သေချာပါတယ်အကို ကျနော့် အတွက်တော့ ပျော်ရွှင်ခြင်းဆိုတာ ဂုတ်ပေါ်ခွစီးထားတဲ့ နတ်ဆိုးပါပဲ”

လူငယ်က မျက်ခွံကို လက်ခုံဖြင့် ဖိသုတ်ရင်း စကားရပ်လိုက်သည်။ လူငယ်၏စကားဆုံးတော့ သူ့တွင် ပြန်ပြောစရာ စကားလုံး မရှိခဲ့။ ကြားခဲ့ရသမျှ အဖြစ်တိုင်းက ဆန်းကြယ်နေသလို ထိထိရှရှ ဖြစ်စေခဲ့သည်တော့ အမှန်ပင်။ သူမသိနိင်သည့် ရင်နင့်စရာ ဇာတ်လမ်းများစွာ ရှိနိင်ဦးမည်။ သို့သော် သူ ဆက်နားမထောင်ချင်တော့။ ယခုပင် ရင်ထဲ တင်းကျပ်လှပါပြီ။

“ အဲဒီအဖြစ်အပျက် ဖြစ်ပြီး ခြောက် လ နေပြီးတော့ ကျနော် ပြန်လာခဲ့တယ်။ အိမ်မှာလည်း ထိုက်သင့်သလောက် စုနိင်ခဲ့တာရယ် ခါးသီးတဲ့ ခံစားချက်တွေ ထပ်မကြုံချင်တာရယ်ကြောင့်ပါ။ ရဲမြင်ရင် လက်ဖျားခြေဖျား အေးရတာတွေ၊ ရဲကားမြင်ရင် ရင်တုန်ရတာတွေကို ထပ်မခံစားနိင်ခဲ့လို့ ကျနော်
 ပြန်လာခဲ့တာပါ။ မနေ့က ပြန်လာတာပေါ့။ လွတ်လပ်ခြင်းရဲ့ အရသာကို မနေ့က ကျနော်အပြည့်အဝ ခံစားရတယ်။ ကိုယ့်မြေကို ပြန်လာပြီဆိုတဲ့ အသိကိုက ကျနော့်အတွက်တော့ ပြီးပြည့်စုံလွန်းတဲ့ ပီတိပါပဲ။ ဒီနေ့မနက် ကျနော် အစောကြီး အိပ်ယာနိုးတယ်အကို။ လမ်းတွေ တော်တော်များများကို လျှောက်သွားတယ်။ ကျနော် ကြောက်ရမယ့်သူ မရှိဘူးဆိုတဲ့ စိတ်ချလုံခြုံမှုကြောင့် ခြေလှမ်းတိုင်းမှာ ပီတိတွေ ရနေတယ်”

“အဲဒါတော့ ငါ နားလည်ပါတယ်။ ဒါပေမယ့် ဘာအတွက် ရဲကားကို လာထုရတာတုန်း။ အဲဒါရော ပီတိပဲလား။ ငါဖမ်းမှာရော မကြောက်ဘူးလား”

“ ဖမ်းမှာ မကြောက်တာတော့ မဟုတ်ပါဘူးအစ်ကို။ ကျနော် ပြစ်မှုလုပ်မိတယ်။ ဒီတော့ အဖမ်းခံရတယ်။ ကိုယ့်မြေကိုယ့်ရေမှာ ကျနော် ရှိတယ်။ ဒါကို ကျနော် လက်ခံနိင်တယ်လေ။ ကောင်းကောင်းမွန်မွန်
 နေရဲ့နဲ့ ခြေဖျားလက်ဖျား အေးစက်ပြီး ကြောက်နေရတဲ့ ဘဝထက်တော့ အများကြီး သာပါတယ်ဗျာ။ အခုချိန်ဖမ်းမယ်ဆိုလည်း အဖမ်းခံရဲသွားပြီအစ်ကို။ ဘာကြောင့်ဆိုတော့ သံတိုင်နောက်ထဲမှာ
 ရောက်နေရင်တောင် ဒါဟာ ကျွန်တော့်မြေဆိုတဲ့ အသိရှိနေတယ်လေ”

ဘဝထဲက လာသည် ထင်၏။ ထိုခံစားချက်ကိုတော့ သူ တွေးမမှီ။ လူငယ်က ဆက်ပြောသည်။

“ လူတွေမှာ အငုံ့စိတ်ဆိုတာ ရှိတယ်အစ်ကို။ ပြန်မလှန်ရဲ ပြန်မပြောရဲဘဲ ကြောက်နေရတဲ့သူတွေ သိမ်ငယ်နေခဲ့ရတဲ့သူတွေမှာ အဲဒီအငုံ့စိတ်က အမြဲ အဆင်သင့်ရှိနေတယ်။ အထဲမှာ ဆူပွက်နေတဲ့ မီးတောင်လိုမျိုးပေါ့။ တချိန်ချိန်မှာ အုံကြွလာတတ်တယ်။ ပေါက်ကွဲလာတတ်တယ်။ ကျနော်အမြဲကြောက်ခဲ့ရတဲ့ ရဲကားကို အခုမကြောက်တော့ဘူးဆိုတဲ့ အငုံ့စိတ်ရဲ့ အုံကြွမှုကြောင့် အစ်ကို့ကားကို လက်သီးနဲ့ ထုမိတာပါ။ ဖိစီးမှုတစ်ခုအတွက် ထွက်ပေါက် ပေးလိုက်မိတဲ့သဘောပါ။ ဒါမှလည်း ကျနော့်မှာ မိုးနေတဲ့ အရိပ်ဆိုးတွေ မရှိတော့ဘဲ ဘဝကို သာမန်လူတွေလို ခရီးဆက်နိင်မယ် ထင်မိတာလည်း ပါ ပါတယ်။ ကားလည်း ဘာမှမဖြစ်သွားပါဘူးအစ်ကို။ ပြီးတော့ တဒင်္ဂ စိတ်လွတ်ထွက်ခဲ့ရမှုကိုလည်း ကျနော် အလေးအနက် တောင်းပန်ပါတယ်။ ”

“အငုံ့စိတ်”.... “အတွင်းမှာ ဆူပွက်နေတဲ့ ချော်ရည်”... ရဲကားကို လက်သီးနှင့်လာထုသည်မှာ ထိုမီးတောင် ပွင့်ထွက်လာခြင်းတဲ့လား။ လူသားဆန်သည့် စိတ်ဖြင့် ထိုမီးတောင် ပေါက်ကွဲမှုကို သူနားလည်ပေးလိုက်ပါသည်။

လ္ဘက်ရည်ဆိုင်ထဲမှ သူတို့ထွက်လာချိန်တွင် လူငယ်က ကောင်းကင်ကို လက်ညိုးထိုးပြသည်။ သူမော့ကြည့်သည့်အခါ ပျံလွှားငှက်ငယ်များ လွတ်လပ်စွာ အုပ်စုဖွဲ့ ပျံသန်းသွားကြသည်ကို 
တွေ့လိုက်ရသည်။ သူ နားလည်စွာဖြင့် လူငယ်၏ ပုခုံးကို ပုတ်ကာ ပြုံးပြလိုက်တော့သည်။ 

။...........................................................။

ခင်မင်သောအားဖြင့်
မြစ်ကျိုးအင်း

40 comments:

ကိုကိုမောင်(ပန်းရနံ့) said...

တော်ပါသေးရဲ့။ စကားကောင်းကောင်း ပြောလို့ရတဲ့ ရဲအရာရှိနဲ့ တွေ့သွားလို့။ နို့မို့ဆို ဆေးရုံရောက်နေမလားဘဲ။

ဘ၀တွေထဲက တစ်စိပ်တစ်ဒေသ အဖြစ်အပျက်လေးတောင် အတော်လေး ရင်နာစရာကောင်းမှတော့ ဒီထက်ဆိုးတဲ့ ဘ၀ပိုင်ရှင်တွေ နိုင်ငံခြားမှာ ဘယ်လို ရုန်းကန်နေရသလဲဆိုတာ ကိုယ်ချင်းစာ နားလည်မိပါတယ်။

ဒါနဲ့... ဆမြစ်။
ပျောက်လှချည်လားဗျ။ သိပါဘူး။ အိမ်ထောင်တွေ ဘာတွေများ ကျသွားလေရော့သလားလို့။း))))

ဘုန်းဘုန်းတောက် said...

ပြောကြတယ်လေ။ အသက်တစ်ရာသာ မနေရတာ အမှုတွေကတော့ ထောင်နဲ့ကိုချီပြီး ရင်ဆိုင်ရနိုင်တယ်တဲ့။

သတင်းစာကို ဟန်ဆောင်ဖတ်နေတဲ့ပုံစံကို သဘောကျတယ်။

သည်ဝတ္ထုကို ဖတ်တော့ ကိုယ်ရောက်ဖူးနေတဲ့ မလေးနဲ့စင်္ကာပူကို သွားသတိရမိတယ်။ အထူးသဖြင့် မလေးကိုပေါ့။

တဂျီးမင်းပြောသလိုပဲ ဒကာတော်မြစ်ကျိုးက ပျောက်နေတယ်နော်။

mstint said...

မမြင်တာကြာပေါ့ မောင်မြစ်ရေ။ ဘဝရှင်သန်ရေးအတွက် အရင်းအနှီးကလည်း ကြီးလိုက်တာနော်။ ဖတ်ရတာ စိတ်မကောင်းဖြစ်တယ်။ ရင်တစ်ထိတ်ထိတ် သဲတစ်ဖိုဖိုကြားမှာ ဧပြီဖူးက လုပ်လိုက်သေးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

အင်း......ဖြစ်မှဖြစ်ရလေတယ်
ဒါမျိုးတွေ မြင်ရတွေ့ရတာ မကြာခဏဆိုတော့
ရိုးနေပါပြီကိုမြစ်ရေ
“ပျော်ရွှင်ခြင်းဆိုတာ ငါးမျှားချိတ်က အစာ”
အဲဒီစကားလုံးလေးကြိုက်လို့ ယူထားလိုက်တယ်
အရမ်းကိုအဓိပ္ပါယ်ရှိတဲ့စကားလေးမို့ပါ
အပျော်မက်သူတွေ သိထားရမယ့်စကားလေးလဲ
ဖြစ်နေလို့ပါရှင်----ပြန်သုံးဖို့ ရှိလာခဲ့ရင် ကိုမြစ်ကို
အကြောင်းကြားမှာပါရှင်
လေးစားလျှက်

သဒ္ဓါလှိုင်း said...

လွတ်လပ်တဲ့စိတ်နဲ့ လုပ်ကိုင်နိုင်တဲ့ဘဝလေးတစ်ခုကို လူတိုင်းမျှော်လင့်ကြတာပဲ။ ကိုယ်နေတဲ့အိမ်ပိုင်လေးမှာ လွတ်လပ်မျှတအဆင်ပြေမယ်ဆို ခုလိုဒုက္ခဆိုးတွေ မတွေ့နိုင်တော့ဘူးပေါ့။
ချမ်းမြေ့ပါစေကိုမြစ်.။
ခင်မင်လျက်
သဒ္ဓါ

Mary Grace said...

Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog

အလင်းသစ် said...

ဟုတ်ပအကိုရာ...ပြည်ပရောက်နေတဲ့ ကျွန်တော်ခင်မင်တဲ့ သူတချို့မှာတောင် အဲဒီအငုံ့စိတ်ကို တွေ့နေရတယ်.... ကိုယ့်မြေ ကိုယ့်ရေကိုလည်း အရှိန်အဟုန်နဲ့ တိုးတက်လာစေချင်လှပါပြီ.... ဒါပေမယ့် အကိုရာ ကိုယ့်မြေ ကိုယ့်ရေမှာတောင်မှ မျက်နှာဖြူ နှာခေါင်းကောက်တွေကိုဦးညွတ်ချင်တဲ့ ကျွန်စိတ်မပျောက်သေးသူတွေကလည်း ခုထိကိုရှိနေသေးတာ ရင်နာတယ်....တကယ်တမ်းကျ သူများနိုင်ငံကို သွားမယ်ဆိုရင် ရင်ကော့ ခေါင်းမော့ပြီး မသွားနိုင်သမျှ မသွားတာပဲ ကောင်းပါ တယ်အကိုရာ ...

sosegado said...

ဖိသိပ်ပြီး မျိုသိပ်ထားရတဲ့ အရာတွေဟာ
တိုက်ဆိုင်မှု ဖြစ်သွားတဲ့အချိန်ရောက်ရင် ကန်ထွက်လာစမြဲပါ၊
“စိတ်”လည်းအပါအဝင်ပါ၊
“အငုံ့စိတ်”.... ဆိုပြီး ရေးထားတာလေးကို သဘောကျမိပါသည်။
နားထောင်ပေးလိုက်တဲ့ ရဲအရာရှိနှင့် ပြောပြလိုက်တဲ့ ပြည်တော်ပြန်တို့က ရောဂါတစ်ခုကို ကုသလိုက်တယ်လို့ ထင်မိပါသည်၊
Depressive illness တွေ အစပြုတဲ့ mild depression ဟာ ဖိသိပ် မျိုသိပ်ထားတဲ့စိတ်က အစတစ်ခုဖြစ်ပါသည်၊
Deficit Disorder အထိ မရောက်အောင်ပါ။

မြသွေးနီ said...

ပြည်ပရောက်လူငယ်တွေရဲ့
ဘ၀တစ်စိတ်တစ်ပိုင်းကို ပညာသားပါပါနဲ့ လှစ်ဟပြလိုက်တာလေး လှတယ် ကိုမြစ်ရေ။ သဘောကောင်းပြီး စာနာနားလည်တတ်တဲ့ ရဲနဲ့တိုးမိတာ တော်သေး။ မဟုတ်ရင် ကိုယ့်မြေကိုယ့်ရေမှာလည်း ကွိသွားနိုင်လောက်တယ်။ လူငယ်စိတ်ဆိုတာ ဖိလေ ကြွလေ။ မြိုသိပ်ထားသမျှတွေကို အခုလို ဖွင့်အံထုတ်ပြလိုက်ခွင့် မရပဲ ကြိတ်မှိတ်နေကြရသူတွေ ရှိနေမှာပဲနော်။

မြသွေးနီ said...

ပြည်ပရောက်လူငယ်တွေရဲ့
ဘ၀တစ်စိတ်တစ်ပိုင်းကို ပညာသားပါပါနဲ့ လှစ်ဟပြလိုက်တာလေး လှတယ် ကိုမြစ်ရေ။ သဘောကောင်းပြီး စာနာနားလည်တတ်တဲ့ ရဲနဲ့တိုးမိတာ တော်သေး။ မဟုတ်ရင် ကိုယ့်မြေကိုယ့်ရေမှာလည်း ကွိသွားနိုင်လောက်တယ်။ လူငယ်စိတ်ဆိုတာ ဖိလေ ကြွလေ။ မြိုသိပ်ထားသမျှတွေကို အခုလို ဖွင့်အံထုတ်ပြလိုက်ခွင့် မရပဲ ကြိတ်မှိတ်နေကြရသူတွေ ရှိနေမှာပဲနော်။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သူ့ရေမြေဒေသမှာ အလိုက်သင့်နေတတ်ထိုင်တတ်ဖြစ်ဖို့ လိုသဗျာ့ ကျွန်တော်တို့မြန်မာတချို့ကတော့ အနေထိုင် မတတ်ဖူး (ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရသလို)
အခက်ခဲမျိုးစုံရှိပေမယ့် တချို့အခက်ခဲတွေကျတော့ ကိုယ် နေတတ်ထိုင်တတ်ရင် မကြုံရပေဖူး မနေတတ်သူတွေအတွက်တော့ ဆိုပါတော့ ကိုကျော်ထူးလွင်လိုပေါ့ဗျာ

နွယ်အေး said...

ဟာဗျာ ....း( ခံစားရတယ်း((((

မေဓာဝီ said...

ဖတ်ရင်းနဲ့ စိတ်မကောင်း ...
စိတ်မကောင်းရင်းနဲ့ ဖတ် ...
အဆုံးသတ်တော့မှ ...
သက်ပြင်းချမိတယ် ...
တကယ့်အဖြစ်ကို အခြေခံရေးထားသလားပဲ ... ပီပြင်လွန်းတယ်။

သိ င်္ဂါ ရ said...

အငုံ့စိတ် ... အငုံ့စိတ် ... ကိုမြစ်ကျိုး ဆိုလိုတာကို သဘောပေါက်မိပါတယ် ။ ရွှေပြည်က ရဲတွေက အဲလို စာနာစိတ် ထားတတ်ပါ့မလား ဆိုတာတော့ သံသယ ရှိမိတယ် ။ ရှိကောင်းလည်း ရှိမှာပေါ့လေ ... ဒါပေမယ့် ... ရှားလိမ့်မယ် ထင်တယ် ။ အတွေးသက်သက်ပါပဲ ခင်ဗျာ ... :)

Nyi Linn Thit said...

ဒီနေ့ခေတ်မှာ အိုဗာစတေးတွေ အကြောင်းကို လူတိုင်းလိုလို ကြားဖူးပေမယ့် အခုလို အဖြစ်အပျက်တွေကို စီကာစဉ်ကာ သိလိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်ရတယ်၊ ဟိုကရဲ ကြောက်ခဲ့သလို ဒီကရဲလည်း ကြောက်ရတယ်ကွ ဆိုပြီး ရဲအရာရှိက ပုံစံမပေးဘဲ စာနာ၊ နားလည်ပေးလို့ တော်သေးတယ်..။း)

khinsu wai said...

စာရေး သိပ်ကောင်းတာပဲ

Angelhlaing(May everybody be happy and healthy! said...

အဲ့လို အငုံစိတ်တွေနဲ့ ရပ်တည်နေကြရတဲ့ အဝေးရောက် မောင်နှမတွေကို စာနာမိပါရဲ့အကို...:(

မိုးဇက် said...

အေးဗျာ ဧပရယ်ဖူးမှာ ဖြစ်သွားတဲ့ကိစ္စမှာတော့ အတော်ထိတယ် ၊ ကားကိုထုတဲ့ ခံစားမှုကို စာဆုံးခံနီးသိလိုက်ရတဲ့အချိန် ကြက်သီးတွေပါ ဗြန်းကနဲထသွားတယ်
အရေးကလဲ ညက်သကိုးဗျ ............

richelle co said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so

မင်းနေဝေး said...

စိတ်ဝင်တစားနဲ့ကို ဖတ်သွားတယ်ဗျာ ....
စာမဖတ်ရတာကြာသွားပြီ

...အလင်းစက်များ said...

အားယား....... ဘဂျီးမြစ်တို့  လုပ်ချလိုက်မှဖြင့် ကြက်သီးထတယ်ဗျာ။ ကိုမြစ် ရေးသမျှတွေလိုမျိုးပဲ။ ကျနော့ အသိကရင်လေးတွေ ဆို အဲ့လိုပဲ ပြောကြတယ်။

သူတို့ ရန်ကုန်ပြန်သွားရင် (ရန်ကုန်ကို မရောက်ဖူးတဲ့လူတွေ) မြို့ထဲမှာ အားရ ပါးရ လမ်းလျောက်သတဲ့။ မိုးရွာရွာ နေပူပူ လမ်း အရှည်ကြီး လျောက်သတဲ့လေ။

ကိုမြစ်ရေးသမျှ ရှင်းနေတာပဲ။ အားကျတယ်။

ညီရဲ said...

ရင်ကို တိုက်ရိုက်ကို ထိတာပါလား ကိုမြစ်ရေ... ကျွန်တော် မလေးမှာ နေခဲ့တုန်းကလဲ ဒီထက်ဆိုးတဲ့ ဘဝတွေကိုတောင် တွေ့ ဖူးတော့ စာနာနားလည်မိတယ်... မလေးမှာကတော့ အိုမှ မဟုတ်ဘူး အမှန်တွေလဲ ရဲကို ကြောက်ရတယ်... အဲဒီက ရဲတွေ အားကြီး ညစ်စုတ်ပတ်တယ်ဗျ... ရဲအပြင် လုတဲ့ လူတွေ ရန်ကိုလဲ ကြောက်ရတဲ့ သူတို့ တွေ ဘဝက တကယ်ကို သနားစရာပါ ကိုမြစ်ရာ...

Anonymous said...

ဒီလိုရဲမျိုးနဲ့ တွေ့ မှာဘဲဆိုပြီးတော့တော့ရဲကားကိုသွားမထုရဲပါဘူးရှင်။ သိပ်ဝတ္ထုဆန်သွားမှာပေါ့သွားထုရင်။း)
အိုင်အိုရာ

san htun said...

တပုဒ်ဆို ဆိုသလောက်ပဲ ကိုမြစ်ရေ..ထိမိတယ်..

kiki said...

နောင် အနှစ် ၂၀ လောက် ဆိုရင် ..အခြေအနေတွေ ပြောင်းပြန် ဖြစ်သွားနိုင်လောက်ပါရဲ့ ။ တိုင်းတပါးကလူတွေ ကိုယ်တို့ မြန်မာပြည်ကြီးမှာ “ အို” ဘဝ နဲ့ လာပြီး လုပ်ကိုင်စားသောက်နေကြမလားပဲ..
အဲဒီအချိန်ကျ သူတို့ ..ပြန်ငုံ့  ပေါ့ ..။
ခုလောလောဆယ်တော့ .. ကိုယ်တို့ ပဲ ငုံ့ နေကြရတာ .. ခံပြင်းလှတယ် ..

ချော (အစိမ်းရောင်လင်ပြင်) said...

ကောင်းလိုက်တာ
ဖတ်ပြီး မျက်ရည်တောင်လည်မိတယ်။။။
လူငယ်တွေရဲ့ အငုံ့စိတ်ဆိုတာကို နားလည်ခံစားမိလို့ ဇာတ်လမ်းထဲက လူငယ်လေးနဲ့ ထပ်တူ ခံစားမိပါတယ်။
ဟုတ်တာမှန်တာတွေ လုပ်နေရက်နဲ့ ကြောက်နေရတဲ့ လူငယ်တွေရဲ့ဘဝက အားလုံးဘဲ လွတ်ကင်းကြပါစေ...

မြတ်မွန် said...

မကျေနပ်တာလေးတစ်ခုကတော့ အသားထဲက လောက်ထွက်တာလေး တစ်ခုကို ..
ဒီထက်မက ပေါက်ကွဲသင့်တာ..
ရဲဆိုတဲ့ စကားလုံးကိုတောင် နာကြည်းလောက်ပါရဲ့..

ဒီပိုစ့်တစ်ပုဒ်ကိုဖတ်မိတိုင်း
ဒေါသအနည်းငယ်တော့ ထွက်မိရဲ့..ပိုစ့်ထဲက ဘဝတွေ ပီပြင်လွန်း၏။

အစဉ်လေးစားလျှက်

An Asian Tour Operator said...

ကိုယ် ကိုယ်တိုင်ဖြစ်နေသလိုခံစားရတယ်။

derictg said...

Really Touch Full Article....
Life are not much different..
especially..Malay,Singapore,Thailand...

(Really Touch me..ကိုမြစ်..)

မ..မ said...

ဘ၀ထဲမှ ခါးသီးတဲ့ ခံစားချက်တွေ
စုတ်ချက်ကြမ်းကြမ်းတွေ
ဖတ်ရှုခဲ့ပါတယ်
လောကဓံရဲ့ ရိုက်ပုတ်ချက်ဖတ်နေရင်း တိုင်းတပါးမှာ မပြေလည်သောဘ၀တွေ
သိမြင်ရင်းများစွာစိတ်မကောင်းဖြစ်မိပါတယ်

Nwai La said...

ဒီဝတ္ထုလေးကို ရွှေအမြုတေမှာ ဖတ်လိုက်ရပါတယ်
တင်းကျပ်မှုတွေကို ခံစားရပါတယ်
စကားလေးတစ်ချို့ နှစ်သက်မိတယ်ဗျ

" ကောင်းကောင်းမွန်မွန်နေရဲ့နဲ့ ခြေဖျားလက်ဖျား အေးစက်ပြီး ကြောက်နေရတဲ့ ဘဝထက်တော့
အများကြီး သာပါတယ်ဗျာ။ အခုချိန်ဖမ်းမယ်ဆိုလည်း
အဖမ်းခံရဲသွားပြီ အစ်ကို။ ဘာကြောင့်ဆိုတော့ သံတိုင်နောက်ထဲမှာ
ရောက်နေရင်တောင်
ဒါဟာ ကျွန်တော့်မြေဆိုတဲ့ အသိရှိနေတယ်လေ "

~ဏီလင်းညို~ said...

မြစ်ရေ့....

စာဖတ်ရင်း မလေးမှာကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးတစ်ခုကိုတောင် ပြန်သတိရမိသေးတယ်။
ကိုယ်တို့အိမ်ကနေပြီး နှစ်စေ့တာကိုမပြန်ပဲ ကေအယ်လ်ကို ထွက်ပြေးသွားတဲ့ ချာတိတ်လေးတစ်ယောက်အကြောင်းပေါ့။ သူလည်း အဲ့ဒီလိုပဲ...။
အိုပြီး တစ်နှစ်လောက်ကြာတော့ ဆိုက်ကိုဝင်သလိုကို ဖြစ်လာတာ။ ကိုယ်တို့နေတဲ့အိမ်ကို ကေအယ်လ်ကနေ သူပြန်လာလည်တော့ အိမ်ရှေ့တံခါးကို တစ်ယောက်ယောက်က ရိုးရိုးသားသား လာခေါက်တာတောင်မှ အခန်းထဲကို ပြေးဝင်ပုန်းတော့တာပဲ။ မျက်လုံးလေးကလယ်ကလယ်နဲ့ဗျား....။
ဘိုင်ဒဝေး...
မတွေ့တာကြာပြီ။
နေကောင်းတယ်၊ အဆင်ပြေတယ်ဟုတ်...?

ခင်မင်ခြင်းအားဖြင့်.....

ဝိ၀ိ said...

ဝတ္ထုလေးက စိတ်ဝင်စားစရာကောင်းလွန်းလို့ တစ်ခါတည်း
မျောသွားပါတယ်

ရွှေမြို့သူ said...

ပြည်ပရောက် မြန်မာတွေရဲ့
ဘ၀တစ်စိတ်တစ်ပိုင်းကို
ပီပီပြင်ပြင် ပုံဖော်ထားတာပါပဲလား

Anonymous said...

buy tramadol tramadol high how much - tramadol dosage 15 pound dog

Anonymous said...

buy phentermine buy phentermine us pharmacy - phentermine 273

Anonymous said...

phentermine weight loss buy phentermine cheap online no prescription - buy phentermine hcl online

ဒီနေရိုင်းသစ် said...

ဒီ စာမူလေးကိုတော့ တော်တော်လေး ခံစားမိတယ်..
ကျွန်တော်တို့တတွေ မရှိတဲ့ ကျွန်တော်တို့နိုင်ငံကိုလွမ်းတယ်
ကျွန်တော်တို့တွေရှိနေပေမယ့် ကျွန်တော်တို့တွေရဲ့ စိတ်
လမိုင်းမကပ်တဲ့ နိုင်ငံတွေကို ရင်နာတယ်...။ဒီလိုစာမျိုး
ဖတ်ရရင် ရင်နာတယ် ..

ဆက်လက်အားပေးနေပါမည်....

honey cho said...

အရမ်းကောင်းပါတယ်။ကိုယ့်နိုင်ငံ နဲ့ အဝေးမှာရုန်းကန်နေရတဲ့ဘဝတွေကိုစာနာမိပါတယ်။ဖတ်ရင်းနဲ့ တောင်မျက်ရည်ဝဲမိပါတယ်။ဆက်အားပေးနေပါမယ်။ကျန်းမာပါစေအကို။

Anonymous said...

[url=http://buyaccutaneorderpillsonline.com/#17352]accutane cost[/url] - accutane online without prescription , http://buyaccutaneorderpillsonline.com/#17671 generic accutane

 

Posts Comments

©2006-2010 ·TNB