ရွှေ လူ လည် F C

12 March 2009

ခရီးသွားတဲ့ အကြောင်းလေး ရေးမိတော့ ကျွန်တော်တို့ သွားခဲ့တဲ့ ခရီးလေးတွေ စိတ်ထဲမှာ ပြန်ပေါ်လာတယ်။
လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်တော်တို့ ပင်လယ် ကမ်းခြေ သွားလည် ဖြစ်ခဲ့တယ်။ ရေကူးလိုက် ဘီယာသောက်လိုက် နဲ့ ထုံစံအတိုင်း ကဲနေကြတာပေါ့ဗျာ။ အဲဒီအချိန်မှာ ကျွန်တော်တို့ ရေထဲကကြည့်လိုက်တော့ ကမ်းခြေမှာ ဒီနိင်ငံသား (၄) ယောက် ဘော်လုံး ကန်နေကြတာတွေ့တယ်...။ ကျွန်တော်တို့ကလည်းဘော်လုံး မယူသွားမိလို့ ကန်ချင်နေကြတာဆိုတော့ အတော်ပဲပေါ့။ ချက်ချင်းပဲ သွားရောလိုက်ကြတယ်....။

ငါတို့လည်း ၀င်ကန်လို့ရမလားမေးတော့ သူတို့ကလည်း သဘောတူတယ်..။ လေးယောက်ထဲကို နှစ်ဖက်ခွဲ ကန်နေတာဆိုတော့ ပိုပင်ပန်းတာကိုး။ ခက်တာက ကျွန်တော်တို့ဘက် က ယောကျာင်္လေးက (၃)ယောက်ပဲ ဖြစ်နေတယ်...။ ဒါနဲ့ ပွဲဖြစ်အောင်လို့ ကျွန်တော့်ချစ်သူကိုပါ ၀င်ကန်ခိုင်းရတဲ့ အခြေအနေ ရောက်ရောပေါ့။

သူ့ကိုတော့ ဂိုးပဲစောင့်လို့ မှာထားတယ် ပြောရရင် ဂိုးကလဲဂိုးကျဉ်းလေးပါ...။ အဲဒီလိုနဲ့ ဘောလုံးစကန်တော့  ကျွန်တော်တို့ဘက်က အကို တယောက်က ငါတို့ သိပ်မကန်တတ်ချင် ယောင်ဆောင်ကြလို့ မှာတယ်...။ အချင်းချင်းမြန်မာလိုပြောတော့ ဒီကောင်တွေဘယ်သိပါ့မလဲ။


အဲဒါနဲ့ ကျွန်တော်တို့ လည်း ဟိုကန် ဒီကန် လုပ် လူတွေမှားပေးလိုပေး နဲ့ မကစားတတ်တဲ့ ပုံစံလုပ်ကြတာပေါ့။
သူတို့ကလည်း လူလည်တွေဗျ ကျွန်တော်တို့ ကို မကန်တတ်ဘူးထင်ပြီး လောင်းကြေးလေးနဲ့ ကစားရအောင်တဲ့ လာညိုတယ်။ အဲဒီတော့ ဆင်ထားတဲ့ ထောင်ချောက်ထဲ တန်းပြီး ၀င်လာတာပေါ့။


ကျွန်တော်တို့ ကလည်း အဲဒါကို စောင့်နေတာ ဆိုတော့ အိုကေပေါ့ ဘာကြေးကစားမလဲ ညိုတော့ မိတ်ဖြစ်ဆွေဖြစ်  ဘီယာ (၁၀)လုံးကြေး ဆိုပြီး သူတို့ဘက်က ကမ်းလှမ်းလာတယ်...။ ကိုယ်ကမကန်တတ်ချင်ယောင် ဆောင်ထားတာ ဆိုတော့သူတို့ညှိတဲ့ကြေးနဲ့ သဘောတူလိုက်ရတယ်...။ သူတို့ရဲ့ခြေစွမ်းအမှန်ကို သိထားတော့ အေးရာအေးကြောင်းပဲပေါ့။ ကိုယ်ကတော့ ဘောလုံးကန်ရင်းနဲ့ ဘီယာဗူးတွေ မြင်ယောင်နေမိတယ်..။


ကျွန်တော်တို့ သဘောတူတာနဲ့ ပွဲဖြစ်ရော ဆိုပါတော့။ကစားချိန်ကို (၁၅)မိနစ် သတ်မှတ်လိုက်တယ်....။ တကယ်တော့ အလေ့အကျင့်မရှိဘဲ သဲသောင်ပြင်မှာ ဘောလုံးကန်ရတာမလွယ်ဘူးဗျ။ကျွန်တော်တို့ အတွက်သာတာက  ဒီနိင်ငံက ဘော်လုံးအားမပေးဘူး သူတို့က ဘေ့စ်ဘောရယ် ဘတ်စကတ်ဘောရယ် ပဲအားပေးတော့ ဒီနိင်ငံသား  တော်တော်များများက ဘော်လုံးကန်တတ်ရုံပဲ ရှိကြတာလေ...။


ကျွန်တော်တို့လို ကျောင်းကပြန်ရောက်ရင် လွယ်အိတ်ချွတ်ပြီး ဘော်လုံးကွင်း ရောက်နေတဲ့ သူတွေအတွက်တော့  သူတို့ကို အေးအေးဆေးဆေးကို ကန်လို့ရတာပဲ ။အဲဒါနဲ့ ပွဲစကန်တော့ ပွဲကြီးနဲ့တူအောင် ဘယ်ဘက်က စကန်မယ်ဆိုတာ ခေါင်းပန်းလှန်ပြီး ရွေးကြသေးတယ်...။ သေသေချာချာ ကန်တော့မယ် ဆိုတဲ့အထာနဲ့လေ...။


တကယ်ကန်တော့လည်း သူတို့ခြေစွမ်းက ခုနက ခြေစမ်းပွဲက ခြေထက်ပိုမလာဘူး။ လိမ်ဖယ်လိမ်ဖယ်ပါပဲ။ ကျွန်တော်တို့ကလည်း ပထမကန်ထားတာလောက်ထက် နဲနဲ ပိုတဲ့ ခြေစွမ်းလောက်ပဲ ပြဖြစ်သေးတယ် ...။ ပွဲစတာနဲ့ ဇွတ်လာလို့မှမဖြစ်တာလေ။ အဲဒီလို လာ လိုက်ရင် လူလည်ကျထားမှန်း သိသွားနိင်တယ်..။

ပထမ (၁၀) မိနစ်လောက်အထိတော့ သူတို့ ကို ထိန်းကစားထားပြီး တစ်ဂိုးသွင်းခွင့် ပေးထားလိုက်တယ်။ စောစောစီးစီး ဂိုးပြတ် သွားရင် ပေါက်သွားနိင်တယ်လေ..။ (၁၀)မိနစ်လောက် အချိန်ဖြုန်းပြီးမှ အရှိန်မြှင့်လိုက်ကြတယ်..။ သူတို့ခြေထောက်ထဲ က လုလို့ရတာနဲ့ သူတို့ဂိုးရှေ့ကိုဘော်လုံးက ရောက်ပြီးသား ဆိုတော့ ဒီကောင်တွေ ရှေ့ပြေး နောက်ပြေးနဲ့ မောလာတော့ တဖြေးဖြေးခြေကျလာကြတယ်...။


ဘော်လုံးရတာနဲ့ ရှေ့ကိုပို့လိုက်ရင် သူတို့ဂိုးနားအထိ ရောက်သွားတာပဲ ..။ဂိုးဧရိယာက ကျဉ်းတာကိုးဗျ ။
ဘယ်နှဂိုးသွင်းလဲတော့ မမေးနဲ့ဗျို့ ။ကျွန်တော့်ကောင်မလေးတောင် တဂိုး တက်သွင်းသွားသေးတယ်ဆို ကိုယ့်ဘာသာပဲ ခန့်မှန်းတော့ပေါ့ဗျာ။


ဒီကောင်တွေလား အမောတောင်မဖြေနိင်ပါဘူး။ကမ်းခြေနားက 7 eleven မှာ ဘီယာ(၁၀)ဘူး သွားဝယ်ရတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ (၁၀)ဘူးလုံးတထိုင်ထဲ သောက်ပစ်လိုက်တာပဲ။ အရသာက အရင်ထက် ပိုသောက်ကောင်းမယ် ဆိုတာတော့ ကိုယ့်လူလည်း သဘောပေါက်မှာပေါ့။

(F C ဆိုတာက football club ကို ပြောတာပါ)
(၁၃.၃.၂၀၀၉)

8 comments:

Phyo Maw said...

နောက်တခါ ဘောကန်ဖြစ်ရင် ခေါ်ဗျာ...
အရံလူလာလုပ်ပေးမယ်။ အဓိကအချိန်ရောက်မှ ၀င်ကူသောက်ပေးမယ်။
:D cheer!!

Anonymous said...

လူလည်ကျပါ့ .....

Anonymous said...

သိပ်လူလည်မကျပါဘူးနော် ကိုမြစ်ကျိုးအင်း ဘုရားပေါ်တွေဘာတွေတစ်ယောက်ထဲမသွားနဲ့ ခိုနင်းခံရမယ် နုံလို့ (စတာပါ ) ဟား၂

သီဟသစ် said...

ဘရာဗို ဟု အခါခါဆိုလိုက်တယ်။

pm လိုပဲ လုပ်မယ်။ Beer သောက်ခါနီးကျ SMS ပို့လိုက်

Anonymous said...

အရံလုပ်မယ့်သူတွေကများနေမှတော့ ဒီတခါ ကန်ရင်
ဘီယာနှစ်ဖာကြေး လောက်မှ လုံလောက်မယ်နဲ့တူတယ်နော်

Anonymous said...

flower.poem ရေ ကျွန်တော်လည်း ဘုန်းကြီးကျောင်း
သွားပြီး ပန်ကာလှူမလား စဉ်းစားနေတာဗျ နဲနဲ လည်လည် ၀ယ်ဝယ် ရှိအောင်လို့ပါ ဘာရယ်တော့
မဟုတ်ပါဘူး ယတြာချေတဲ့ သဘောပေါ့ဗျာ

Anonymous said...

တော်ပါပေတယ်....။မန်ယူတို့ အာဆယ်နယ်အသင်းတွေက
လာမကမ်းလှမ်းကြသေးဘူးလား......။

Moe Cho Thinn said...

ဟိုလူတွေ ခင်းထားတဲ့လမ်းမှာ ဖြောင့်ဖြောင့်ကြီး လျှောက်မိလေပြီ :)

 

Posts Comments

©2006-2010 ·TNB