အဖြူလေး

06 April 2009

လူတယောက်အကြောင်းကို ပြောပြချင်ပါတယ်။
သူဟာ တခါတလေ သနားစရာကောင်းလောက်အောင် အူကြောင်ကြောင် နိင်လွန်းသော....
သူဟာ တခါတလေ အမြင်ကပ်စဖွယ်ကောင်းလောက်အောင် မသိချင်ယောင်ဆောင်တတ်သော.....
သူဟာ တခါတလေ လူလည် လုပ်ချင်ပေမယ့် အမြဲဟာသ ဖြစ်ခံရသော......
သူဟာ တခါတလေ သူပြောတာကို လိုက်ရယ်ပေးရင် ပိုပြီးချဲ့ချဲ့ ကားကားပြောတတ်သော......
သူဟာ တခါတလေ တခြားသုံးစရာနည်းလမ်း မရှိရင် ခြေသံမကြားအောင် လမ်းလျှောက်ပြီး ရှောင်ပုန်းတတ်သော......
သူဟာ တခါတလေ Mr.Bean ကို ကြည့်နေရသလို ရယ်ပြီး...မော နေစေတတ်သော....
သူကမြန်မာပြည်ပြန်ရင် စုထားတဲ့ငွေလေး မပျောက်ပျက်အောင် ကြံ့ဖွံ့ ထဲဝင်မယ်လို့နောက်ပြောတတ်သော.....
ကျွန်တော့်ဘေးခန်းက အခန်းဖော် အကို တယောက် အကြောင်းပါ။

သူကကျွန်တော်တို့ထက် ၁၀ နှစ်လောက် အသက်ကြီးတယ်။ သူ့မှာနာမည်ရှိပေမယ့် ကျွန်တော်တို့အားလုံးက အဖြူလေး လို့ပဲ ခေါ်ကြတယ်။ အသားဖြူ လို့ အဖြူလေးလို့ ပေးထားတာမဟုတ်ပါဘူး ။ အသားအရောင်က ညုာညုာတာတာ ပြောရရင် အနက်ဘက်ကိုပိုများတဲ့ အညိုရောင်ပါ။ အဖြူလေးလို့ နာမည်မတွင်ခင်အထိ ကျွန်တော်တို့ သူ့အကွက်တွေကို တော်တော် ခံခဲ့ရဖူးတယ်။

သူကဘာကိစ္စပဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်ပြီးမေးတတ်တယ် ။ မေးတာကအကြောင်းမဟုတ်ပေမယ့် သူကတော်တော်နဲ့နားမလည်ချင်ယောင်ဆောင် နေတတ်သေးတယ်။ ကျွန်တော်တို့ လူကဲခတ်သိပ်မညံ့ပေမယ့် သူပြန်မေးတဲ့ မေးခွန်းရယ် မျက်နာအမူအယာရယ်က တော်တော်လေးပိရိလွန်းတော့ သူ့ကိုရှင်းပြနေရင်း ဒေါသတွေထွက်လာတဲ့ အထိပါပဲ။

ဒီအသက်အရွယ်ရောက်နေပြီ ဒီလောက်လေးတောင် မသိရကောင်းလား လို့ စိတ်တိုလာတဲ့အထိပါပဲ။ သူက အဲဒီလိုစိတ်တိုအောင် လုပ်ရတာကို တွေးပြီးကြိတ်ပျော်နေတာဗျ။ တဖြည်းဖြည်းနဲ့ ခံရတာတွေ များလာတော့မှ ရိပ်မိလာရတယ်။အဲဒီအခါကြမှပဲ သူက၀န်ခံတော့တာလေ။ အဲဒါကြောင့် သူ့ကို ဖြူချင်ယောင်ဆောင်လွန်းလို့ အဖြူလေးလို့ နာမည် ပေးလိုက်ကြတယ်။ အဖြူလေးရဲ့ အထူးခြားဆုံး အချက်က ဘယ်လိုစစ စိတ်မဆိုးတတ်တာပါပဲ။အဲဒါကြောင့်လည်း တဖွဲ့လုံးသူ့ကို ခင်မင်ကြတယ်။

သူ့ကြောင့်နေ့တိုင်းကျွန်တော်တို့ ရယ်မောရတယ်။သူမပါရင် ၀ိုင်းမစည်ဘူး လို့ဆိုရမယ်။ ကျွန်တော်တို့က တပါတ်ကို နှစ်ည သုံးညလောက် ပိုကာ (poker) ဒေါင်းကြတယ်။ အဓိကကတော့ အပျင်းပြေသဘောပါ။ အရမ်းခင်မင်နေရတဲ့ သူတွေမို့လို့လဲ အနိင်အရှုံးက အဓိကမဟုတ်ပါဘူး။ အားလုံးတစုတစည်းထဲ ထိုင်ပြီး နောက်လိုက်ပြောင်လိုက် လုပ်ပြီးပျော်ရွှင်ခြင်းကို ရှာဖွေကြတာပါ။

ကျွန်တော်တို့ဝိုင်းမှာ ကောင်းတဲ့ အလေ့အကျင့် တခုက ဒေါင်းသွားတဲ့သူ (တပွဲနိင်သွားတဲ့သူ)က သူရတဲ့ငွေထဲက ဘုံထဲကို သတ်မှတ်ထားတဲ့ ငွေကြေး ထည့်ရပါတယ်။ဘုံငွေနေနဲ့ပါ။ အဲဒီဘုံငွေနဲ့ပဲ စနေညတိုင်း ကျွန်တော်တို့ တခုခုလုပ်စားဖြစ်တယ်။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲ ကြာဇံချက် အသုပ် ၀က်သားတုတ်ထိုး စသည်ဖြင့် အလှည့်ကျ လုပ်စားကြတယ်။

(၁၀)ညကစားရင် အဖြူလေးက (၂)ည လောက်ပဲ အများဆုံးနိင်လေ့ရှိတယ်။ပြောရရင်ရှုံးတာ ပိုများတယ်။ ကံမကောင်းလို့ ရှုံးတာထက် ကစားပုံသိပ်မကျ တာကြောင့် အမြဲလိုလို ရှုံးနေရတယ်။ သံယောစဉ်တွေများပြီး ဟိုဖဲလေးလဲ မပစ်ချင် ဒီဖဲလေးလဲ သိမ်းထားချင် နဲ့ အလှည့်တိုင်း သူအလှည့်မှာ ၀ိုင်းက ကြာနေတတ်လို့ ကျွန်တော်က သူ့ကို အနှေးယာဉ် လုပ်သားကြီးလို့ ခေါ်တယ်။

သူရဲ့ဖဲတွေက ဘယ်လိုစီရမှန်း မသိတော့ရင် ဘေးလူတွေကို လျှောက်ပြပြီး အကြံဥာဏ် တောင်းတော့တာပဲ။ ငြိမ်နေပြီး သူ့ဖဲလိုက်ကြည့်လို့ မပြဘဲ ဖွက်ထားရင် သေချာပြီ သူ့မှာ ဂျော်ကာ(joker) သုံးကောင်လောက် ပါနေပြီပဲ။ ရှုံးတာများတော့ သူကမကစားချင်ဘူး။ ကျွန်တော်တို့ကလည်း သူပါရင် ရယ်နေရလို့ မရ ရအောင် ၀ိုင်းထဲခေါ်ထည့်ကြတယ်။အဲဒီအခါမှာ သူကရှောင်ပြေးလို့ရမယ့် အကွက်တွေသုံးတော့တာပဲ။

သူ့အကွက်တွေကတော့ စုံတယ်။ ဒါပေမယ့် ရိုးတယ်ဗျ။ ထမင်းစားရင်း နဲ့ သူကအားလုံးကြားအောင် ဒီလို မေးတယ်။ မိုးမိလာတာ BIOGESIC သောက်ရင် ကောင်းလား PARACETAMOLသောက်ရင် ကောင်းလားလို့မေးရော။

သူဆိုလိုချင်တာက သူနေမကောင်း ဖြစ်ချင်နေတယ်။ဆေးသောက်ပြီး စောစောနားမယ်ပေါ့။ အဲဒါမျိုးဆို ကျွန်တော်တို့က စိန်နဲ့သံပုရာရည် ဖျော်သောက်ဗျ ပိုလို ပါထည့်သောက်ရင် အပျောက်မြန်တယ်လို့ ပြောလိုက်ရင် ဟဲဟဲ ဆိုပြီးရယ်ရော။သူက စိတ်မဆိုးတတ်တော့ စလို့ကောင်းတယ်လေ။

တခါကဆို သူသုံးတဲ့ အကွက်က ဘယ်လိုမှ ပြန်ဖြည်လို့ မရဘူး။ကျွန်တော်တို့ အလျော့ပေးလိုက် ရတယ်။ လူဆုံတဲ့ အချိန်မှာ သူက ဘာမှစ မပြောဘူး ငြိမ်နေတယ်။တယောက်က ကဲ..ကဲ လို့ အသံပေးလိုက်တယ်။ အဲဒီ ကဲ..ကဲ က ကျွန်တော်တို့ ၀ိုင်းစမယ်ဆိုတဲ့ အချက်ပေးသံပေါ့။ အဲဒီအသံကြားမှ သူက ဒီနေ့တော့ ငါမပါတော့ ဘူးကွာတဲ့ ၊ဘာလို့လဲမေးတော့ ငါဒီနေ့ ငါးပါးသီလ ယူထားတယ် တည်အောင်စောင့်ကြည့်ချင်လို့ ဆိုပြီး ပြန်ပြောတယ်။ကျွန်တော်တို့ မှာ ဘာပြန်ပြောရမှန်းတောင်မသိဘူး ဘာသာရေးနဲ့ အကျပ်ကိုင်ခံလိုက်ရတယ် ပြောရမယ်။ ငါးပါးသီလ ထဲမှာ ပိုကာဒေါင်းတာ မပါဘူး လို့ ကပ်ငြင်းတာတောင်မရပါဘူး။ဒီတရက်တော့ ခွင့်လွှတ်ကွာတဲ့လေ။

အများဆုံး သုံးတတ်တာက ထမင်းစားပြီး အမှိုက်ကားမှာ အမှိုက်ဆင်းပစ်တဲ့အကွက်ပဲ။ပြီးရင် မြန်မာတန်းသွား ပြီး
ဂျာနယ်ဝယ်ပြီး ပြန်လာတယ်။ သူက ပြန်လာလို့ သူ့အခန်းထဲဝင်ရင် cat walk လျှောက်ပြီး ၀င်တတ်တယ်။ မော်ဒယ်တွေ ပေါင်လိမ်ပြီးလျှောက်တဲ့ cat walk မျိုးမဟုတ်ဘူး။ ခြေသံမကြားအောင် ကြောင် လျှောက် လျှောက်တာကို ပြောတာပါ။ ဒါပေမယ့်သူကံဆိုးတာ က သူ့အခန်းကိုရောက်ဘို့ ကျွန်တော်အခန်းအရှေ့က ဖြတ်သွားရတယ်။

တံခါးပိတ်ထားပေမယ့် တံခါးအောက်ကနေ သူခြေထောက်ကို မြင်နေရလို့ တဖွဲ့လုံးက မာန်မဲ ပြီးခေါ်လိုက်တယ် ။
ဘယ်တွေလျှောက်သွားနေတာလဲ ဒီမှာ ၀ိုင်းစတာတောင် ကြာနေပြီ ဘာညာနဲ့ တဖွဲ့လုံး ၀ိုင်းအော်ရင် သူက ဟဲဟဲ ဆိုပြီးဝင်လာရော။တကယ်ဆူချင်လို့တော့မဟုတ်ဘူး သူဝင်လာအောင်ဂွင်ဆင် တဲ့သဘောမျိုးပါ။

သူက စထိုင်တာကနေ ပွဲပြီးလို့ ပြန်ထွက်သွားတဲ့ အထိ ပြောစရာတွေ လုပ်တတ်တယ်။ ပွဲစပြီဆိုတာနဲ့ ဘယ်နေရာမှာ ထိုင်ရမယ်ဆိုတာ နေရာရွေး ကြရတယ်။သူများတွေ ရွေးရင် အဆင်ပြေနေပြီး သူရွေးတဲ့ အလှည့်ဆို ရွေးထားတဲ့ ဖဲချပ်ကို သူ့အရှေ့မထားပဲ တယောက်ယောက်ရှေ့ ပစ်ချလိုက်ပြီး ခဏနေရင်သူ ဘာရွေးထားမှန်း မမှတ်မိတော့ဘူး။အဲဒီမှာငါဘယ်နေရာထိုင်ရမလဲ လျှောက်မေးရော။ အဲဒါနေ့တိုင်းလုပ်တဲ့ အကျင့်လေ။

သူဖဲဒေါင်းတဲ့ အလှည့်ဆို တကယ်ရယ်ရတယ်။ကျွန်တော်တို့ က ဖဲရိုက်တယ် ဆိုပေမယ့် တကယ်က ဖဲကစားရင်း
စကားထိုင်ပြောကြတာမျိုးဆိုတော့ စကားက မပြတ်ဘူး။အဲဒီမှာ သူဒေါင်းပြီဆိုရင် သူများပြောနေတဲ့ စကားကို
အလိုက်သင့်လေး ၀င် ဖော ပြီး ဖဲလေးတွေကို တစ်ထွေချင်း မသိမသာ ချပြတတ်တယ်။

သူ့သဘောက သူလည်း ဖဲကိုအာရုံ မစိုက်ဘဲ စကားတွေပြောရင်း ကစားတတ်တယ်ပေါ့။ Mr.Bean ကို ကြည့်နေရသလိုမျိုးပဲ အမြဲရယ်နေရတယ်။ ကံကလေးလိုက်လို့ သူဖဲကောင်းတဲ့ နေ့တွေလည်း ရှိတယ်။ ဖဲ..ဆက်တိုက်ဒေါင်းတာတို့ မကြာမကြာ ဒေါင်းလို့ သူ့အရှေ့မှာ ပိုက်ဆံတွေ ပုံနေရင် ၀ိုင်းက ရုတ်ရုတ်..ရုတ်ရုတ် ဖြစ်တော့တာပဲ။ တယောက်က မီးထပိတ်ပြီး ကျန်တဲ့သူတွေက သူ့ပိုက်ဆံတွေ ၀ိုင်းလုတော့တာလေ။
အဲဒါဆို မလုပ်ကြပါနဲ့ကွာ မလုပ်ကြပါနဲ့ ကွာဆိုပြီး အော်တော့တာပဲ။

ပြီးရင်ပြန်ပေးမှန်း သိပေမယ့်လည်း ခံရတာများလို့ သူ့ပိုက်ဆံတွေ ပုံနေချိန် တယောက်ယောက်က မတ်တပ်ထရပ် လို့ ကတော့ မီးပိတ်ပြီထင်ပြီး ဝေလက်စ ဖဲကို ပစ်ချပြီး အောက်က ပိုက်ဆံကို လက်နှစ်ဖက်နဲ့ ဖိထားတော့တာပဲ။ကျွန်တော်တို့မှာ အဲဒါကို ကြည့်ပြီးရယ်နေရတာလေ။ မီးများ ရုတ်တရက် ပိတ်သွားလို့ကတော့ ပိုက်ဆံပုံပေါ် မှောက်ချပြီး သူ့ကိုယ်ခန္ဓာ နဲ့ ဖိထားတတ်သေးတယ်။

သူအခန်းထဲဝင်လာရင် အကြွေလက်တဆုပ် ယူလာတယ် ။ဘယ်လောက်ပါလဲမေးရင် ပိုပိုသာသာ ပြောတယ်
တရာပါရင် နှစ်ရာပါတယ်ပြောပြီး ပြန်ထွက်သွားရင် သုံးရာလောက် ရှုံးတယ် လုပ်တတ်သေးတယ်။ သူနိင်တဲ့နေ့ ဆိုရင်တော့ အရင်းလောက်ပါပဲကွာ...၅၀ လောက်ပဲ နိင်တယ်လို့ လျော့ပြောပြီး စာရင်းဖျောက် တတ်သေးတယ်။

သူ့ရဲ့ရယ်စရာအကောင်းဆုံး လုပ်ရပ်က ဘာပြောပြော ချဲ့ချဲ့ကားကား ပြေတတ်တာပဲ။ ချဲ့ကားပြောမှန်း သိအောင်ကို ပြောတာ လေ။သူကပြောလည်းပြောတတ်တယ်။နမူနာ တခုပြောပြမယ် အဖွဲ့ထဲက နောက်တယောက် ကလည်း စကားပြောရင်ပိုပိုသာသာ ပြောတတ်တယ် ။ပြောရင်တဆုံး လုပ်ရင်တဆုံး ဆိုတာမျိုးပဲ သူ့ကို ညောင်ရမ်းလို့ အဖြူလေးက နာမည်ပေးထာတယ်။

စောက်ရမ်း လုပ်လွန်းလို့ စောက်ရမ်းလို့ ခေါ်ရင် ကြားရတာရိုင်းမှာစိုးလို့ အသံထွက်ဆင်တဲ့ ညောင်ရမ်းလို့
ခေါ်တာလေ။ သူ့အကြောင်းလည်း ပြောစရာတွေ တပုံကြီး ပါပဲ ။အခါအခွင့်သင့်မှ ထပ်ရေးပါ့မယ်။

ညောင်ရမ်းဆီက ထွက်လာတဲ့ စကားတိုင်း အံ့သြစရာ ချည်းပဲ။သူတို့မော်လမြိုင်မှာ ကော်ပြန့်ကြော်က လူကြီးလက် တစ်တောင် လောက်ရှိတယ်ဆိုတဲ့ စကားက အခုထိ အဖြူလေးနဲ့ အငြင်းပွားနေရတုန်းပဲ။ အဲဒါဆို အဖြူလေးက အဲဒီ ကော်ပြန့်ကြော်ကို ထမ်းပြီး အိမ်သယ်ရမှာပေါ့လို့ ပိုပြီးလွန်လွန်ကျူးကျူး ပြန်ပြောတတ်တယ်။

တခါက ညောင်ရမ်းက သူတို့ ငယ်ငယ်တုန်းက စစ်တပ်ထဲမှာ မုန့်ဟင်းခါးသွား ချက်တာ အချိန် သုံးရာလောက် ချက်ရတယ်ပြောလို့ အဖြူလေးက ဒါဆို ကြယ်ငါးပွင့် သဘောင်္ ဒေါက်တင်ပြီး သဘောင်္ဝမ်းကို ဒယ်အိုးလိုလုပ်ပြီး ချက်ရမှာပေါ့လို့ အရွဲ့တိုက် ပြန်ပြောလိုက်တာ ညောင်ရမ်းခမျာ ဘာဆက်ပြောရမယ်တောင် မသိဘူး ဖြစ်သွားရတယ်။ အဖြူလေးက အဲဒီလိုလဲ ပြောတတ်တော့ သူရှိရင် ပေါက်ကရတွေ လျှောက်ပြောပြီး ရယ်နေရတော့တယ်။

ကျွန်တော်တို့ တစ်တွေ တခါတလေ ကျရင် အဖြူလေးကို တောင်းပန်ကြတယ် ။ပြောတာတွေကို အမှတ်မထားဘို့
ခင်လို့ နောက်တာ ဆိုတဲ့အကြောင်းတွေ ကို တည်တည်တန့်တန့် ပြောဖြစ်တယ်။ ဒီသီတင်းကျွတ် ရောက်ရင် အားလုံးစုပြီး ကန်တော့မယ်လို့ပြောတော့ အဖြူလေးက ဘာလဲ ကန်ပြီး တော့ ကြမှာလားလို့ ပြန်နောက်တတ်တယ် သူကိုယ်တိုင်က ဒီလိုသူ့ကို အော်ဟစ်နေတာကို ကြိုက်တဲ့ပုံပါပဲ။

အဖြူလေးအတွက် ကျွန်တော် သီချင်းတစ်ပုဒ် စပ်ပြီး ဆိုပြဘူးတယ်။ အားလုံးသဘောကျ လို့ရယ်ကြရတယ်။ ကျွန်တော်တို့ နေတဲ့ မြို့ နယ်ရဲ့ နာမည်က ကျုံးဟို လို့ အနီးစပ်ဆုံး အသံထွက်တယ်။ အဖြူလေးက ညအိပ်ရင်ဖုန်းပိတ် အိပ်တတ်တယ် ညဘက်လာတဲ့ ဖုန်းသံကြားပြီးရင် သူပြန်အိပ်လို့မရလို့တဲ့လေ၊ အဲဒါနဲ့ ကျွန်တော်က ဒါဆို ဖုန်းကြောင် နေတာပေါ့လို့ ပြောဖူးတယ်။ သူကဖဲကစားရင် စုထားတဲ့ အကြွေလေးတွေ ကုန်သွားတတ်တယ်။ သူက ဘဲဥလည်းကြိုက်တတ်တယ်။

အဲဒီအကြောင်းအရာလေးတွေနဲ့စပ်ထားတဲ့ သီချင်းလေးတပုဒ်ကို ရေးပြပါ့မယ်။သီချင်းရဲ့ အလိုက် ကလေးက
အဆိုတော်လွှမ်းမိုး ဆိုခဲ့ဖူးတဲ့ ကိုပေါ ဆိုတဲ့နာမည်ကြီး သီချင်းလေးပါ။


....တစ်ခါတုန်းက ကျုံဟိုမှာ အသားမဲပြီး အရမ်းဖောတဲ့
....အဖြူလေးလို့ အများခေါ်တဲ့ ဖုန်းကြောင်နေတဲ့သူတယောက်ရယ်
....သူညအိပ်တဲ့ အိမ်က နေ့တိုင်းပဲ ဖဲဝိုင်းရယ်
....သူဘယ်လိုပဲ ပြေးလဲကွယ် မလွတ်နိင်ရှာ တော့တယ်...

....ဒီလိုနဲ့ ရသမျှ အလုပ်ကို နေရာမရှောင် လုပ်ကာ
....အဟာရ သိဒ္ဓိ ပြီးသူလို ဘဲဥစားရင်းကွယ်

....သူစုထားတဲ့အကြွေလေး တစ်သောင်း မပြည့်တပြည့်မှာ
....သူမနေနိင်ဘဲ ဖဲဝိုင်းမှာ ပါသွားရှာ ပြန်သတဲ့ကွယ်

....ဦးဖော ဖြစ်ပေမယ့် မီးပိတ်တိုင်း ကြောက်တတ်တဲ့
....အဖြူလေးရဲ့ ပိုက်ဆံလေး တို့ရဲ့ ဘုံမှာရှိတယ်

....ဒီသီချင်းလေး နားထောင်ရင်း အားလုံးပဲ သတိပြုကွယ်
....လူတဖက်သား ဘ၀ပျက်အောင် ခေါ်မကစား ချင်ပါနဲ့ ကွာ...

(အဖြူလေးအား ခင်မင်သောအားဖြင့် ......
ပျော်ရွှင်စေချင် ရုံသက်သက် အမှတ်တရအနေနှင့် ရေးဖွဲ့ခြင်း ဖြစ်ပါတယ်)

16 comments:

mgnge said...

ဟိုတစ်ယောက်သိရင်တော့ ရင်ကျိုးပြီ..။
ဟဟ

မဆုမွန် said...

သေသေချာချာ ဖတ်သွားတယ်...ဖတ်ပြီးတော့ ပြုံးမိတယ်..တော်တော်ပျော်စရာကောင်းတာပဲ..အဖြူလေးကိုလဲ တော်တော် သံယောဉ်ဇဉ်ရှိတဲ့ပုံပဲ...ရေးနေတဲ့အချိန် ပြန်တွေးလိုက် ရေးလိုက် လုပ်နေမှာကို မြင်ယောင်မိပြီး ထပ်ပြုံးမိတယ်..အဲ့တာမျိုးလေးတွေ များများရေးပါနော့ အားပေးနေမယ်..

တစ်ခုတော့ သတိပေးချင်တယ်..စိတ်ဆိုးအောင် လုပ်တာ ပြန်ချော့လို့ရပေမယ့် တစ်ခါတစ်လေ လူ့စိတ်ဆိုတာက ပြောရခက်သား အများကြီးကို သည်းခံခဲ့ပြီးမှ ဘာမှမဟုတ်တာနဲ့ စိတ်နာသွားတတ်လို့ပါ...ကိုယ်တွေ့ကြုံဖူးလို့နော် :)

ချစ်သူ said...

ဟိုင်း.......

ဇာတ်ဆောင်နဲ့ေ၇းတဲ့သူကတော့ အပီကိုလိုက်တယ်.... ဖတ်ပြီး အား၇ပါး၇ ၇ယ်သွားပါတယ်....... ဖတ်တဲ့သူတွေ မ၇ိုး၇အောင် ဆွဲဆောင် ခေါ်သွားနိုင်တယ်......... ဆက်ေ၇းပါ..... အားပေးလျက်......

molay88 said...

လူကိုတောင် မသိသေးဘူး ..စာထဲကနေ ခင်သွားတယ်အစ်ကိုရေ..။ အရမ်းသဘောကောင်းမှာဘဲနော်..။ အစ်ကိုကနေ တဆင့်ဘဲကြေငြာလိုက်ပါတော့နော်..။

သီဟသစ် said...

မြစ်ကျိုးအင်းရေ
အဲဒီသူငယ်ချင်းအကြောင်းဖတ်မိတော့ ကျွန်တော့ သူငယ်ချင်းတစ်ယောက်ကို တောင် သတိရသွားတယ်။ သူလည်းအဲလိုပဲ။ တစ်ခါတစ်လေ ကလေးအထာတွေ သုံးတတ်တယ်။

စာဖတ်ရတာ ကောင်းလိုက်တာ။ ဒီစာမျိုးလေးများများရေးပါလို့ မဆုမွန်လို တောင်းဆိုသွားပါတယ်။

Unknown said...

သီချင်းတွေ ဘာတွေတောင် စပ်လိုက်သေးတယ်နော်.. အဖြူလေးက ကိုသီဟသစ်တို့ ကို တော်တော်ဆွဲဆောင်ခဲ့တယ်နဲ့ တူတယ်..။

Phyo Maw said...

ပထမတော့ ယောက်ဖတော်မလို့ပဲ အဲဒီ အဖြူလေးကို စိတ်မဆိုးတတ်ဘူးဆိုလို့ နောက်တော့ ပြန်စဉ်းစားတယ်... ဟင်း.... အကိုနဲ့တူရင် သွားဘီ၊ ကြိတ်ကြံထားသမျှ စလုံးမပုံလေးတွေနဲ့ တခြားစီ... သွားဘီ သွားဘီ... စိတ်ကူးထဲမှာတောင် ပျောက်သွားဘီ။

Sein Lyan Tun said...

ကဲဗျာ..ပြောတာကြာတယ်..တပွဲလောက်ဒေါင်းရအောင်..

Anonymous said...

ခေတ်သစ် စကားတောင်စားတွေလို့ ပြောရမယ်... အဟိ.. စာအဆုံး ရောက်ခါနီးမှ အကိုက ထိုင်ဝမ်ကမှန်းသိတယ်။ မေဒီလည်း ကျုံးဟိုမှာ နေတာပဲလေ...

Anonymous said...

ဆက်ဖတ်မယ် ဆိုတာကို နှိပ်တာ ထွက်မလာဘူး အကိုရ...

သူရိန်မင်း said...

အဲဒီလို သူငယ်ချင်းတစ်ယောက်ရှိတာ ပျော်စရာပဲ

Moe Cho Thinn said...

ဒီလို သူငယ်ချင်းလေး ရှိတာ ပျော်ဖို့ ကောင်းတာပေါ့။ ဒါပေမဲ့ အဖြူလေးကို ပြောလိုက်ပါ။ နောက် ပြီးတော့တောင် ကြံ့ဖွတ်ထဲ မ၀င်ပါနဲ့ လို့။ :)

flower.poem said...

ကိုမြစ်ကျိုးအင်းတို့ သူငယ်ချင်းတွေက ပျော်စရာကြီးပဲ .. များ၂ရေးပါ ဖတ်ချင်တယ်..

ဇော် said...

ဗျိုးးး အကို ကျနော်လဲ အဲ့ဒီ အဖြူလေးနဲ့သူငယ်ချင်းဖြစ်ချင်တယ်။ နောက်ပြီး အကိုတို့လို ပျော်စရာကောင်းတဲ့အုပ်စုလေးနဲ့လဲ ပိုကာဒေါင်းချင်တယ်ဗျာ။ ကျနော့်ကိုလဲခေါ်နော်။ အဟဲ။

chitpalone said...

တပုဒ်လုံး ပြုံးရုံနဲ့ အစဉ်ပြေတယ်။ သီချင်းစပ်ထားတော့ အော်မရယ်ပဲမနေနိုင်တော့ဘူး။ ရယ်လိုက်ရတာ။ အူတောင်နာတယ်။ တကယ်ပါပဲ အဖြူလေးဆိုလို့ အသားဖြူဖြူ သေးသေးလေးမှတ်နေတာ မျက်မှန်တကားကားနဲ့ အခုဒီပို့စ်ကိုဖတ်မိမှပဲ။ ရယ်လိုက်ရတာဗျာ။ တကယ်ပါပဲ။
ခင်မင်လေးစားလျှက်
ညီမလေး ပုန်းပုန်း

မိုးယံ said...

လက်စသတ်တော့ ကိုအဖြူလေးဆိုတာ ဦးမြစ်တို့အုပ်စုထဲက ဖုန်းကြောင်နေတဲ့ ဦးလေးကြီးကိုး... အဟတ်ဟတ်

 

Posts Comments

©2006-2010 ·TNB