အုန်းလက်...သင်္ကြန်

11 April 2009


....ဘာသဘောလည်းတော့မသိဘူး သင်္ကြန်ရယ် အမြောက်ရယ် ဆိုတော့ သင်္ကြန်အမြောက်လို့ ဆိုလိုချင်တာများလား....

မနက်ဖြန်(၁၂.၄.၂၀၀၉) မှာ ဒုတိယအကြိမ်မြောက် သင်္ကြန်ပွဲတော်လုပ်မယ့် MRT ဘေးကလမ်းမ ကို
ဒီနေ့ ဖြတ်သွားရင်း ကြုံလို့ခဏ၀င်ကြည့် ဖြစ်တယ်။ပွဲတော်အတွက် စတိတ်စင် ဆောက်နေတာကို ငေးမောမိတယ်။
စိတ်က ငယ်ဘ၀ ကို ပြန်သတိရမိ တယ်။

ငယ်ငယ်တုန်းက သင်္ကြန်အကြို မတိုင်ခင် ဒီလိုနေ့မျိုးဆို နေ့လည်ထဲက သူငယ်ချင်းတွေစုမိနေကြပြီ။
ဘယ်သူ့ခြံက အုန်းပင်ကောင်းလဲ ကြိုကြည့်ထားကြတယ်။အိမ်ရှင်ကို အုန်းလက်တွေကြိုတောင်းထားကြတယ်။
လူမနေတဲ့ ခြံမျိုးဆိုလို့ ကတော့ အဲဒီခြံထဲမှာ ရှိတဲ့ အုန်းပင် ကတုံးဖြစ်ပြီ သာမှတ်ပေတော့။

သူငယ်ချင်းတွေ ၂ဖွဲ့ ၃ဖွဲ့ လူခွဲပြီး အုန်းလက် လိုက်ခုတ်ကြတယ်။တချို့က မဏ္ဍပ်ကို ဆောက်ထားနှင့်ကြပြီ။
ခုတ်ပြီးသား အုန်းလက်တွေကို သယ်တဲ့သူက သယ်ပြီး မဏ္ဍပ်ကို ပို့ကြ ၊ဆောက်ထားတဲ့ ၀ါးတိုင်တွေမှာ ချည်ကြနဲ့
မိဘခိုင်းရင် လွယ်လွယ် မလုပ်ချင်တဲ့ လူငယ်တွေ ဒါမျိုးဆို အားလုံးတက်တက်ကြွကြွ လုပ်ကြကိုင်ကြ တာပဲ။

မဏ္ဍပ်ရဲ့ထောင့်မှာ အုန်းလက်တွေနဲ့ အခန်းတခန်း ထပ်ဖွဲ့ကြသေးတယ်။
သင်္ကြန်အားကိုးနဲ့ နည်းနည်းပါးပါး ခွက်ပုန်းချဘို့ ရယ် နေ့လည်စာ စားဘို့ စုငွေနဲ့ ချက်ထားတဲ့
သင်္ကြန် ထမင်း ဟင်းတွေ ထားဘို့ အတွက်ရယ် ရည်ရွယ်ပြီး အခန်းဖွဲ့ထားတာပေါ့။

ညနေရောက်တာနဲ့ လမ်းမမှာ ရေတိုင်ကီ လိမ့်တဲ့အသံတွေ ကြားရပြီ။တအိမ်ကို ရေတိုင်ကီတလုံး နှုန်းတာဝန်ယူပြီး
မဏ္ဍပ်ကို လိမ့်လာကြတာလေ။ အိမ်စုံဆိုတော့ တိုင်ကီတွေကလည်း ပုံစံအစုံပါပဲ။စားအုန်းဆီထည့်တဲ့ တိုင်ကီ
ကတ္တရာစေး ထည့်တဲ့တိုင်ကီ ငါးဖမ်းသဘောင်္တွေမှာ သုံးတဲ့ တိုင်ကီ ဆိုပြီး ပုံစံမျိုးစုံ ဆိုဒ်မျိုးစုံ ပါပဲ။

မဏ္ဍပ်တခု နဲ့တခု ဘယ်မဏ္ဍပ် တိုင်ကီပိုများလဲ ပြိုင်ကြတာဆိုတော့ ဘာပုံစံဖြစ်ဖြစ် ရေတိုင်ကီများဘို့က အဓိကပဲ။
ပြီးရင် စကော အဟောင်းမှာ မြေဖြူနဲ့ မဏ္ဍပ်နာမည် ခပ်မိုက်မိုက်လေး ပေးကြတယ်။
မဏ္ဍပ်နာမည်ပေးတာလဲ ပေါ့ပေါ့မထင်နဲ့တော်တော့် ကိုရွေးကြရတာ အားလုံးက ကိုယ့်မဏ္ဍပ်ကို သူများတွေထက်
သာချင်တော့ ကိုယ်စီ ကိုယ်စီ နာမည်တွေ စဉ်းစားထားကြတာလေ။

တနှစ်လုံးမျှော်ခဲ့ရတဲ့ သင်္ကြန်မို့လို့ တကယ်ကို တက်ကြွပြီး ကြွတက်နေကြတာပဲ။
ညဘက် မဏ္ဍပ်မှာ ရေဖြည့်ရင်းညအိပ်စောင့်ကြတယ်။အကြိုနေ့ မနက်နေထွက်တာနဲ့ ကျွန်တော်တို့
စတင်ပြီး ရေပက်ကြပြီ။အပြင်သာထွက်ချင်ကြတယ် ရေမစိုချင်တဲ့ သူတွေနဲ့ဆို သူတို့ကလည်းအော်
ကျွန်တော်တို့လည်းကမရ ရအောင်ပက်တာပဲ။
တနှစ်လုံးစောင့်ခဲ့ ရတာ ရေပက်ပေးတဲ့ သူရှိတာတောင် စိတ်ဆိုးချင်ကြသေးတယ်။

(၉)တန်းလောက်ရောက်တော့ ကားနဲ့စလည်ဖြစ်တယ်။
(၅) နှစ်လောက်ဆက်တိုက် လည်လိုက်တာ နောက်တော့ငြီးငွေ့သွားတယ်။အဲဒါနဲ့
ရပ်ကွက်မှာ မဏ္ဍပ် ပြန်ဆောက်ကြပြန်ရော။ဒီတခါတော့ လူငယ်တွေ ကဲဘို့ ကူညီပေးတာမျိုး ဖြစ်လာပြီ။
ရပ်ကွက်မှာ အလှူခံ ထွက်ကြတယ် ။ရလာတဲ့ ငွေနဲ့ သင်္ကြန်တွင်းမှာ ညနေတိုင်း စတုဒီသာ ကျွေးကြတယ်။

လူငယ်တွေအတွက် ခြံထဲမှာပဲ ညဘက် ကာရာအိုကေဆိုဘို့ စင်ဆောက်ပေးတယ်။
အပျော်သက်သက် လုပ်ရုံထက်တော့ပိုတယ်။ဘာကြောင့်ဆိုတော့ ရပ်ကွက်ကလူတွေ လာကြည့်ကြ ဆုငွေချကြနဲ့
တော်တော်ပျော်ဘို့ကောင်းခဲ့တာပဲ။ခုတော့လည်း...လွမ်းမိပါသေးတယ်။


....ဆောက်လက်စ စင်မြင့်ပါ


....ရေပန်းထားမယ့်နေရာ..


7 comments:

flower.poem said...

သင်္ကြန်ကို လာလည်သွားပါတယ် ပျော်ရွင်ပါစေ..

စိတ်စမ်းရေ said...

ဝင်လွမ်းသွားတယ်ကွ...ပျော်ရွင်ပါစေ....

Anonymous said...

မနက်ဖြန်တော့ အပီကဲလို့ရပြီ.. အဟိ.. အလုပ်နားရလို့လေ...

သီဟသစ် said...

အရင်က သင်္ကြန်ရော
ခုထိုင်ဝမ်သင်္ကြန်အကြောင်းရောဖတ်သွားပြီ
friend ရေ

နှစ်သစ်မှာ ပျော်ရွှင်ပါစေ...

The Wild Rose said...

သင်္ကြန်နှစ်ခါတောင်ကျတာဆိုတော့ ....
တော်တော်ပျော်ဖို့ကောင်းမှာပဲ ...
ဒါပေမဲ့ ကိုယ့်မြန်မာပြည်လောက်တော့ ..
ဘယ်ပျော်ပ့ါမလဲ နော် ....

mgnge said...

ကဲကြပါဗျို့ 

ကောင်းကင်ဖြူ said...

ဟုပ်တယ်..ကောင်းကင်တို့လဲဒီနေ့ရောက်တယ် သင်္ကြန်မှာအုန်းလက်နဲ့ပဲမဏ္ဍပ်လုပ်တာ။ခုတော့ မဏ္ဍပ်ပေါ်မှာအမြောက်ကြီးနဲ့ ဟီး . .ဟီး . .ဘာပဲဖြစ်ဖြစ်ဒီနှစ်သင်္ကြန်ပိုပျော်ဖို့ကောင်းတယ် ပိုလဲစီးတယ်

 

Posts Comments

©2006-2010 ·TNB