အဖြူလေးနှင့် Hidden Cam

13 April 2009

အဖြူလေးနဲ့ ပါတ်သတ်ပြီး ပို့စ်လေးတပုဒ်တင် လိုက်တော့ စာဖတ်တဲ့သူတွေက အဖြူလေး အကြောင်း
ထပ်ရေးပါအုံးလို့ ပြောကြတယ် အွန်လိုင်းပေါ်က သူငယ်ချင်းတွေ ကလည်း တိုက်တွန်းကြတယ်။
ဒါနဲ့ အဖြူလေးနဲ့ ကျွန်တော်တို့ ရဲ့ ပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်များစွာ ထဲက ကျွန်တော်တို့ တော်တော်ရယ်ခဲ့ရတဲ့
အဖြစ်အပျက် တခုကို တင်ပေးလိုက်ပါတယ်။

တော်တော်တော့ ကြာခဲ့ပါပြီ။ကျွန်တော်တို့ တွေ ညစဉ်နီးနီး ပိုကာဒေါင်းကြတယ်။
အဲဒီနေ့ကလည်း ထုံးစံ အတိုင်း ၀ိုင်းဖြစ်ကြတယ်။ဘယ်မှာ ထိုင်ရမယ်ဆိုတာ နေရာရွေးပြီး တော့ တယောက်က
တိုင်ပင်ထားတဲ့ အတိုင်း အဖြူလေးကို အခန်းအပြင်ကို အကြောင်းတခုပြပြီး ခေါ်ထုတ်သွားတယ်။

အဖြူလေးလည်း အခန်းအပြင်ရောက်ရော ကျွန်တော်က အဖြူလေးထိုင်မယ့် နေရာနောက်မှာ web cam ကို
ထားထားလိုက်တယ်။lap top ကိုတော့ကျွန်တော်တို့ အားလုံးဘက် လှည့်ထားတယ်။
ခဏနေတော့ အဖြူလေးတို့ ပြန်ဝင်လာတယ်။

အဲဒါနဲ့ ဖဲစကစား ကြရော ဆိုပါတော့။အားလုံးကလည်း ရုပ်တည်တွေနဲ့ ကိုယ့်ဖဲကိုယ် အာရုံ စိုက်ထားသလို
ဟန်ဆောင်နေကြပေမယ့် မျက်လုံးတွေက ကွန်ပြူတာ ပေါ်ရောက်နေကြတယ်။အဖြူလေး ဖဲတချပ်ဆွဲ လိုက်တိုင်း
အားလုံးနှုတ်ခမ်းတွေ ကိုက်ထားကြတယ်။အသံထွက်ပြီးရယ်မိမှာ စိုးလို့လေ။

တလှည့်တလေ အဖြူလေး က အပေါ်အိမ်က ပစ်တဲ့ ဖဲစားရင် ကောင်းမလား မကောင်းလား စဉ်းစားနေရင်
ကျွန်တော်က ကွန်ပြူတာကြည့်ပြီး စားသင့်တယ်ဗျ။ မစားပါနဲ့ဗျာ သိပ်မှ မထူးတာ ဆိုပြီး အကြံပေးလိုက်တိုင်း
အဖြူလေး လန့်လန့် သွားတယ်။

ပြီးမှ ကျွန်တော်ရမ်းပြောတာ မှန်တယ်ထင်ပြီး အေးကွ မစားတော့ပါဘူး ကွာ ဆိုပြီး ပြန်ပြောတတ်တယ်။
အဲဒါဆို အားလုံးက ရယ်ကြတာပဲ ။ဘာမှလည်း ရယ်စရာမရှိဘဲ လျှောက်ရယ်နေကြတယ် ဆိုပြီး
အဖြူလေးက ဟောက်လိုက်သေးတယ်။သူဟောက်လေ ပိုရယ်ကြလေပဲ။

နှစ်ပွဲမြောက်ရောက်တော့ အရှိန်မြုင့် လိုက်တယ်။ ဘယ်လိုမြုင့်လဲဆို အဖြူလေးက ဖဲဆွဲ လိုက်တိုင်း
သူဆွဲတဲ့ဖဲ ကို ကျွန်တော်က အော်ပေးလိုက်တယ်။ဒီအတိုင်း ကြီးတော့ မပြောဘူးပေါ့။

ဥပမာ သူဆွဲတာ ၅ ဖဲတက်တယ်ဆို ကျွန်တော်က မိုက်ရိုင်းတယ်ကွာ ငါလိုချင်တဲ့ ၅ ဖဲလေးတော့ ကုန်ပါပြီလို့
ပြောလိုက်ရင် သူတကယ် လန့်သွားတယ်။ကျွန်တော့်ကို လှမ်းကြည့်တာနဲ့ ၀ိုင်းထဲမှာ ပစ်ထားတဲ့
၅ ဖဲတွေကို လက်ညိုးရှောက်ထိုးပြလိုက် ပြီး ဒီမှာလေကွာ ၄ချပ်တောင်ထွက် နေပြီပဲ ။
ဘာလုပ်ရတော့မှာလဲ ဘာညာနဲ့ ရုပ်ရှင် ရိုက်ပြလိုက်ရင် ယုံသွားရော။
အဖြူလေးက အဲဒီလို ရိုးတာဗျ။

နှစ်ခါ သုံးခါမြောက်ကြတော့ ရုပ်ရှင်ရိုက် လို့မရတော့ဘူး။အဖြူလေး ပါးစပ်က ထုတ်ပြောလာတော့တယ်။
ဟေ့ကောင် မင်း မဟုတ်သေးပါဘူးကွာ ငါ့ဖဲတွေဘယ်လို သိလဲ ဆိုပြီးမေးလာရော။
ကျွန်တော်က ဘယ်လိုလုပ် သိပါ့မလဲဗျ ဒီလောက်မျက်နာချင်း ဆိုင် ထိုင်နေတာ ဆိုပြီး ပြန်ပြောပေမယ့်
အဖြူလေးက ဘာကြောင့် ဒီလို ဖြစ်နေတာလဲ ဆိုတာ စဉ်းစားနေတော့တယ်။

နဲနဲကြာတော့ အဖြူလေး ထရယ်တယ်။
ဟားဟားဟား ငါသိပြီကွ မောင်ပိုင်ရာ မင်းလောက်တော့ ငါလည်း လည်ပါတယ်ကွ ဆိုပြီး တပ်ထားတဲ့ မျက်မှန်ကို
ဆွဲ ချွတ် ပစ်လိုက်တော့တယ်။ ကျွန်တော်က သူမျက်မှန်ရဲ့ မှန်ပေါ်မှာ ပေါ်နေတဲ့ ဖဲချပ်တွေကို ကြည့်ပြီး
ပြောနေတာပေါ့ လို့ ဆိုလိုချင်တာလေ။ဒီတခါတော့ ကျွန်တော်တို့ တဖွဲ့လုံး တင်းထားသမျှ ဖွင့်ချပြီး
ရယ်လိုက်ကြတာများ တော်တော်နဲ့ မပြီးဘူး။ဗိုက်တွေ တောင်အောင့်တယ်။

အဖြူကွက်နင်း ပြီး သူပါ လိုက်ရယ်နေလို့ သူ့ကြည့်ပြီး ကျွန်တော်တို့မှာ ရယ်လို့ မပြီးဘူး။
ရယ်လို့ ၀တော့ ကျွန်တော်က အေးဗျာ အဖြူလေးက အကင်းပါးတာကိုး ဆိုပြီး အချွန်နဲ့ ပင့်ပေးလိုက်တယ်။
အဖြူလေးမှာ ပီတိတွေ ဖြစ်လို့။

နှစ်လှည့်လောက် အထိ ကျွန်တော် ဘာမှ မပြောဘဲ ငြိမ်နေပေးလိုက်တယ်။အဖြူလေးလည်း သူ့ကိုယ်သူ
စိတ်ချ လက်ချ ဖြစ်သွားတဲ့ပုံပဲ။သုံးလှည့်မြောက် ရောက်တော့ သူဆွဲတဲ့ ဖဲက ဒေါင့် တစ်ဆယ် ဖြစ်နေတယ်။
ကျွန်တော်က ဟာသွားပါပြီကွာ အဲဒီ ဒေါင့်တစ်ဆယ် ငါလိုချင်တာကွ လို့လဲ အော်လိုက်ရော အဖြူလေးလည်း
ပြူးတူး ပြဲတဲ ဖြစ်သွားပြီး သူကိုင်ထားတဲ့ ဖဲကို နောက်ကျော လှန်ကြည့်ပါလေရော။
နောက်ကျောမှာများ နံပါတ်ရေးထားသလားထင်လို့လေ။

အားလုံးရယ်လိုက်ကြတာများဗျာ တအုန်းအုန်းပါပဲ။
နောက်ကျောမှာလည်း ဘာမှရေးမထားတာ သိတော့ အဖြူလေး ထလာပြီးကြည့်တာ ကွန်ပြူတာမှာ ကင်မရာ
ပေါ်နေတာ တွေ့သွားတော့တယ်။စိတ်ဆိုးမယ်ထင်လား လုံးဝစိတ်မဆိုးဘူးဗျ။
ဒါကြောင့် ငါဖဲမဒေါင်းတာကိုးလို့ ချောလဲ ရောထိုင် လုပ်သေးတယ်။

ဂွင်ထဲဝင်လာတော့ ကျွန်တော်က
အေးလေ အဖြူလေးများ မအ ဘူးမှတ်နေကြလား ဆိုပြီး တစ်လုံးပစ် သွင်းလိုက်တယ်။
အဖြူလေးလား...လူကြီးပဲဗျာ ရှက်တော့ ဟဲဟဲဟဲဟဲ ဆိုပြီး ရယ်နေတော့တယ်။

13 comments:

သီဟသစ် said...

ဒီကိုအဖြူလေးကတော့
တကယ့်စံပဲဗျာ.
ခင်ဗျားတို့ကလည်း တော်တော်နောက်သကိုး

ဖတ်ရတာပျော်စရာကြီး..

ဧပရယ်၈၄၇၇ said...

အင်း..............
အဖြူလေး ခေါ်
cat walk ကျော်ကြီး ခေါ်
ကျားကိုက် ကြွက်ကြော် ခေါ်
ကျော်အေးလွင် ခေါ်
ရှောင်ဟေး ဟုခေါ်ဆိုအပ်သော အမည်နာမ အမျိုးမျိုးအား ပိုင်ဆိုင်သော အနှီပုဂ္ဂိုလ်အား အကျွန်ပ် အလွန်တရာမှ သနားဂရုဏာ ဖြစ်မိလေတော့သည်........

နွေးနေခြည် said...

အဖြူလေး အတင်းပြောနေပါတယ်လို့ သွားတိုင်မယ်... ဟင်းဟင်း...

မေဒီဇာ said...

ဘလော့ဂ်ထဲမှာတောင် ဒီလောက်တောင် ရီနေရရင် အပြင်မှာဆို ဒီံ့ထက်တောင် ရီရမှာ သေချာတယ်။

molay88 said...

သနားပါတယ် သူ့ကိုဘဲနောက်နေကျတယ်.. ခင်တောင် ခင်ချင်လာပြီ..။ နောက်လည်း သူ့အကြောင်းလေး များများရေးနော်..။

ကိုညီမင်း said...

ရယ်လိုက်ရတာဗျာ
ရေးတာကောင်းတယ် မျက်လုံးထဲမှာ ကွင်းကွင်း ကွက်ကွက် မြင်ယောင်သွားတယ်။

Phyo Maw said...

ကိုယ့်လူနှယ် လုပ်ရက်တယ်။
ပြောသာပြောတာပါ မျက်မှန်ချွတ်လိုက်တယ် ဆိုတော့ တော်တော်မြင်ယောင်မိပြီး ရီမိသေး။

ဖိုးဂျယ် said...

တကယ့်လူတွေ ကြံကြံဖန်ဖန် နောက်တတ်ပါ့

mgnge said...

ဟဟ
လုပ်ရက်လိုက်ကြတာ
ကျွန်တော်သာဆို အော်ငိုမှာ ဟိဟိ

ဗီလိန် said...

ကြိုက်တယ်ဗျာ။ :)

ယွန်း said...

စာအရေးအသားကောင်းလိုက်တာ..
မျက်လုံးထဲမြင်ယောင်ပြီးရီရသေးတယ်
ထပ်ရေးပါဦး

ဝေလေး said...

တယ်နောက်တဲ့လူတွေပဲ....

chitpalone said...

အသစ်မရှိလို့ အဟောင်းလာမွှေတာလည်း ရယ်လိုက်ရတာ အူကိုနာရောပဲ ကိုအဖြူလေးကတော့။ ဟာသပဲ။ ကိုမြစ်ကျိုးအင်းကလည်း မျက်စိထဲမြင်အောင်ကို ရေးတတ်တယ်။ အံ့သြတကြီး ဖြစ်နေမယ့် ကိုအဖြူလေးကိုလည်း မြင်ယောင်မိပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပုန်းပုန်း (ကလေးဗိုလ်ဟုတ်ဝူးနော်)

 

Posts Comments

©2006-2010 ·TNB