နှလုံးသားရဲ့ ဒေါင့်ကွယ် (သို့) နောက်ကျောက ဓါး

12 May 2009

အခန်း(၁)
xxxxxxx
ချစ်ဟာ ဆန်းကျယ်တယ် လို့ လူတကာ ပြောခဲ့ကြပေမဲ့ ကျနော်တွေ့ဖူးတဲ့ အချစ်က ပိုပြီး
ဆန်းကျယ် လွန်းခဲ့တယ်။ ယောက်ျားတွေရဲ့အချစ် ၊ မိန်းမသားတွေရဲ့ အချစ် ၊ အချစ်ပေါင်းများစွာကို ကြားဖူး ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် နီးနီးကပ်ကပ် ကြုံခဲ့ဖူးတဲ့ အချစ်တခု အကြောင်းကတော့ ဆန်းကျယ်လိုက်တာ..။ လိုက် လို့တောင် ဥာဏ်မမှီနိင်ခဲ့ပါဘူး..။ မိန်းမ ဆိုတာ ဘာသာပြန်လို့ မရတဲ့ စာအုပ်တစ်အုပ်ဆိုတာ ကျွန်တော်စပြီးလက်ခံ လိုက်ရတဲ့ အဖြစ်လည်း ဖြစ်ပါတယ်။

ကျွန်တော့် ငယ်သူငယ်ချင်း ငဖြိုးရဲ့အချစ်အကြောင်းလေးပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ ၁၀ တန်း ရောက်တော့ အပြင်ကျူရှင် တွေ မတက်တော့ဘဲ သူငယ်ချင်း တယောက်ရဲ့ အိမ်မှာ ဆရာတွေခေါ်ပြီး ၀ိုင်း သဘောမျိုး သင်ဖြစ်တယ်..။ တယောက်ကို တယောက် ပိုပြီးခင်လာကြပြီး ၊အပြင်မှာ တွဲရုံတင်အားမရလို့ ငဖြိုးက ကျနော့်အိမ်မှာလာအိပ်တော့ သူ့ရဲ့ စရိုက်တွေ ပြောင်းလဲလာတာ ကိုကျွန်တော်မြင်သိနေတယ်..။ ကျနော် စပြီး သတိပြုမိတဲ့ ထူးခြားချက်တခုက ကျူရှင် ချိန်က မနက် ၉ နာရီမှ စပေမယ့် ငဖြိုးဟာ မနက်၆နာရီခွဲ လောက်အိပ်ရာထ ၊ ရေချိုးပြီး အိမ်ကထွက်ထွက် သွားတတ်တယ်....။

ကျူရှင်အတူတူ တက်ရရဲ့နဲ့ အစောကြီး ထထသွားတဲ့ သူ့ကို ဘယ်သွားမှာလဲ မေးရင် ဟိုလိုလို ဒီလိုလို ဖြေတာနဲ့ ကြာလာတော့ ကျွန်တော် မမေးဖြစ်တော့ဘူး...။ ဒီကောင် အချစ်ကြောင့် ပဲ တိတ်တဆိတ် လှုပ်ရှား နေမှန်းတော့ ရိပ်မိသလိုလို ရှိပေမဲ့ ကျွန်တော်စဉ်းစား မရတာက ညီအကို လို ပေါင်းနေတာတောင် ကျွန်တော့်ကို ဘာလို့ မပြောသလဲ ဆိုတာကိုပေါ့ ။

ဒါပေမယ့်သိပ်မကြာလိုက်ပါဘူး...။ ကျန်တဲ့သူငယ်ချင်းတွေက ငဖြိုးကို ကောင်မလေး တယောက်နဲ့ ငြိနေတဲ့ အကြောင်းကျူရှင်မှာ အသံတွေ ထွက်လာတယ်..။ တွေ့လာသူတွေရဲ့ စကားတွေ ကြောင့် ကျွန်တော် ဆက်သိလာတာက အခုသူကြိုက်တဲ့ ကောင်မလေးဟာ အရင်က ရည်းစားအများကြီးထားခဲ့တယ် ဆိုပဲ ။

ဒီတော့မှ ကျွန်တော် သဘောပေါက်လိုက်တယ်။ ဒါကြောင့်ငဖြိုးက ရင်ဖွင့်ဘို့ မ၀ံ့မရဲ ဖြစ်နေတာကိုး..။ သူအလေးအနက်ထားတဲ့ ချစ်သူကို ကျန်တဲ့သူတွေ မကောင်းပြော မှာကို သူမလိုချင်ဘူးဆိုတာ ခန့်မှန်းလိုက် မိတယ်။ ခက်တာက ကျန်တဲ့သူငယ်ချင်းတွေကလည်း ငဖြိုးကို ပြောလိုက်မှဖြင့် အတုံးလိုက် အတစ်လိုက် ပိသာလေးဘေးပစ် အားမနာတမ်း ပြောတတ်ကြတာလည်း အမှန်ပဲဗျ။

အဲဒီကောင်မလေးကို ငဖြိုးကြိုက်နေမှန်း လည်းသိရော ပယ်ပယ်နယ်နယ် ၀ိုင်းပြောလိုက်ကြတာ မင်းကြိုက်စရာ ဒီလောက်ရှားလို့လား..။ မင်းတကယ့်နွားပဲ...။ မိန်းမတွေ အများကြီးပါကွာ..။ မင်းကို သူများတွေ အထင်သေးမယ်.. ၊ ဘာမယ်ညာမယ်နဲ့ စုံလို့ပါပဲ ။ ငဖြိုးကတော့ ဘာမှပြန် မပြောရှာဘူး..။ သူငယ်ချင်းတွေ ဒီလိုပြောမယ်ဆိုတာ သူကြိုတင် တွေးဆ ထားခဲ့ပုံပါပဲ...။

ငဖြိုးကတော့ သူ့အလုပ် သူဆက်လုပ်သွားတယ်...။ ကောင်မလေးကို ချစ်တဲ့အကြောင်း ပြောဘို့ သူ့ရဲ့ နား၊မျက်စေ့တွေကို ပိတ်ထားခဲ့တယ်..။ ဘယ်သူဘာပြောပြော သူ ဂရုစိုက်ဟန် မပြဘူး ။ ကောင်မလေး ကျူရှင်သွားချိန်တွေအတွက် သူ့ရဲ့ မနက်ခင်းတွေကို ရက်ရက်ရောရော စွန့်လွှတ်ခဲ့တယ်။ပေးအပ်ခဲ့တယ်။

အဲဒီလိုနဲ့ သူတို့နှစ်ယောက် ချစ်သူဖြစ်သွားကြတယ်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ အဲဒီကာလကို “စောင့်ကြည့်ကာလ” လို့ တိတ်တိတ် လေးသတ်မှတ် ထားကြတယ်..။ ကောင်မလေးသာ အရင်လိုပဲ နောက်ထပ်ရည်းစားတယောက် ထပ်ထားပြီး မျက်နာများခဲ့ရင် ငဖြိုးကို ပယ်ပယ်နှယ်နှယ် ပြောကြမှာတော့ သေချာတယ်။ ပြောရရင် ကျန်တဲ့သူငယ်ချင်းတွေက အဲဒီကောင်မလေးကို မယုံဘူး..။ ငဖြိုးအပြင် နောက်ထပ် ရည်းစား တယောက်ထပ်ထားမှာပဲ လို့ ထင်ထားခဲ့ကြတယ်..။

ငဖြိုးကတော့ ညတွေမှာ သူ့ကောင်မလေးကို သူချစ်တဲ့အကြောင်း ကျွန်တော်ကို ရင်ဖွင့်လေ့ရှိတယ်..။ သူ အဲဒီကောင်မလေးနဲ့ ချစ်သူဖြစ်ဘို့ အရေး သူငယ်ချင်းတွေနဲ့ အတိုက်အခံ လုပ်ထားရလို့ အားငယ်နေတယ်...။ အချစ်ဆုံးသူငယ်ချင်း ဖြစ်လို့ ကျွန်တော်ကတော့ တတ်နိင်သလောက် နှစ်သိမ့်ပေးပါတယ် သူ့ရဲ့အတိတ်ကို မင်းမှ ပြင်ဆင်မပေးနိင်တာ မင်းနဲ့မတွေ့ခင် ဖြစ်ခဲ့တာဆိုတော့ မင်းလက်ထဲမှာ ထပ်မဖြစ်ရင် ပြီးတာပဲလို့ အားပေးခဲ့တယ်...။

ငဖြိုးက ကြိုးစားတာလား သူ့ချစ်သူက သူ့ကို တကယ်အချစ်စစ် ဖြစ်သွားလို့လားမသိဘူး...။ သူတို့နှစ်ယောက် အတွက် အေးချမ်းတဲ့ အချိန်တွေ ဖြစ်လာတယ်။ တပူးတွဲတွဲ တွေ့လာရတယ်။ ပြောဘို့ စောင့်နေတဲ့ သူတွေ ပါးစပ်ပိတ်သွားရပြီပေါ့။ နောက်တော့ ငဖြိုးက သူ့ချစ်သူကို ကျွန်တော်တို့ ကျူရှင်ကိုပါ ခေါ်လာတဲ့ အဆင့်ထိ တိုးတက်လာတယ်။ အားလုံးနဲ့ ရင်းနှီးသွားပြီး သူငယ်ချင်းတွေ ဖြစ်သွားတော့ ငဖြိုးအတွက် ပိုပြီးပျော်ရွှင်စရာတွေ ဖြစ်လာတယ်...။


၁၀တန်းပြီးတဲ့ နောက်ပိုင်း ငဖြိုးတို့မိသားစု ရန်ကုန် ပြောင်းသွားတယ်။ ဒါပေမယ့် ငဖြိုးကတော့ သူ့ကောင်မလေး ရှိတဲ့ သန်လျင်ကို လာလေ့ရှိတယ်။ ကျွန်တော့်အိမ်ကိုသာ အခေါက်တိုင်း ၀င်မလာတာပဲရှိမယ် သူ့ကောင်မလေး အိမ်တော့ အမြဲလိုလို သွားလေ့ရှိတယ်။ တပါတ်ကို ၄/၅ ရက်လောက် သူတို့တွေ့ဖြစ်တယ်..။ တခါတလေ ကျွန်တော့်ဆီလည်း လာလည်လေ့ရှိတယ်..။

ကောင်မလေး အမေကလည်း ငဖြိုးကို သူ့သမီးနဲ့ သဘောတူတယ်ဆိုတော့ ကောင်မလေးအိမ်ကို ၀င်ထွက်လို့ ရလာတယ်..။ ငဖြိုးအတွက် အစစအရာရာ အဆင်ပြေနေတယ်လို့ ပြောရမယ်။ ဒီလိုနဲ့ သူတို့ရဲ့ ချစ်သူသက်တမ်း က ၄ နှစ်ကျော် ၅ နှစ်လောက်အထိ ရောက်လာတယ်။

တနေ့တော့ ငဖြိုး ကျွန်တော်အိမ်ရောက်တယ်..။ သူ့မျက်နာမကောင်းဘူး..။ 'ငါ့ကောင်မလေး အိမ်ကထွက်သွား လို့ ကွာ သူ့အမေနဲ့ စိတ်ဆိုးတယ်ထင်တာပဲ..အဲဒါငါလိုက်ရှာ ရအုံးမယ်' တဲ့..။ ကျွန်တော်က 'ငါလိုက်ခဲ့ ရမလား' မေးတော့ 'ရတယ် သူ့အမေပါ လိုက်လိမ့်မယ်' လို့ ပြောပြီး ပြန်သွားတယ်..။ ငဖြိုးလည်း သူ့ချစ်သူကို သူ့ယောက္ခမ လောင်းနဲ့ အတူတူ အရှာထွက်ကြတယ်..။

၅ ရက်လောက်နေတော့ ကျွန်တော့်အိမ် ဒီကောင် ရောက်လာတယ်..။ သူကစ မပြောဘူး..။ ကျွန်တော်က သတိတရနဲ့ 'မင်းကောင်မလေး တွေ့လားလို့' မေးတော့ တွေ့တယ်...တဲ့ ရန်ကုန်နဲ့ အနည်းငယ်ဝေးတဲ့ မြို့ကို ရောက်နေတာတဲ့..။ ပြီးတော့ ဒီ့ပြင့်အကြောင်း ပဲပြောဖြစ်တယ်..။သူ့ကောင်မလေး အကြောင်း ထပ်မပြော တော့ဘူး..။ ညနေစောင်းတော့ ငဖြိုးရန်ကုန် ပြန်သွားတယ်..။အဲဒီနောက်ပိုင်း ၁၅ ရက်လောက်ကြာတဲ့ အထိ သူကျွန်တော်အိမ်မရောက်လာလို့ ကျွန်တော့် အမေကတောင် သတိတရ နဲ့ မေးနေသေးတယ်..။

နှစ်ပါတ်လောက် ကြာတော့ ငဖြိုး ကောင်မလေး ကျွန်တော့်အိမ်ရောက်လာတယ်..။ ကျွန်တော့်ကိုတွေ့တော့ 'နင့် ဆီကို ကိုဖြိုးလာ လား' တဲ့၊ ကျွန်တော်က 'အေးဟ ဒီကောင်မလာတာကြာပြီ ..ဘာလဲ နင်တို့ ရန်ဖြစ်ထားကြလို့ လား ' မေးတော့ 'သူ့ကိစ္စ သူမရှင်းချင်ဘူး ငါ့ကိုရှောင်နေတယ် ' တဲ့ ကျွန်တော်မျက်လုံး ပြူးသွားရတယ်..။

ဒါပေမယ့်ကျွန်တော်က ငဖြိုး အကြောင်းသိတော့ 'သူဒီလိုကောင်မျိုး မဟုတ်ဘူး နင့်ကိုလည်း သိပ်ချစ်တာ အကြောင်တခုခု ရှိလို့ မလာနိင်တာနေမှာပါ'..လို့ပြောတော့ ' အေး...ဒါဆိုလည်း နင့်ဆီလာရင် ငါ့အိမ်လွှတ် လိုက်ပါ' ဆိုပြီး ပြန်သွားတယ်..။ ကျွန်တော်လည်း အဲဒီ နေ့လည် ငဖြိုးဆီ ဖုန်းဆက်တယ်..။သူ့အကို လာကိုင်တာနဲ့ ငဖြိုးကို ကျွန်တော်ဆီ လွှတ်လိုက်ပါအုံး ပြောခိုင်းလိုက်တာ ညနေရောက်တော့ ဒီကောင် ရောက်လာပါတယ်...။ ကျွန်တော်တို့လည်း ညစာထမင်းစားပြီး လ္ဘက်ရည်ဆိုင် ထွက်လာခဲ့တယ်..။

လ္ဘက်ရည် ဆိုင်ရောက်တော့ 'မင်းကောင်မလေး လာရှာတယ် မင်သူ့ကို ရှောင်နေတယ် ဆို 'လို့ပြောတော့ ငဖြိုး ခနငြိမ်သွားတယ်.. ပြီးတော့ သက်ပြင်းချပြီး 'ငါရှောင်တာ မဟုတ်ဘူးကွ သွားမတွေ့တော့တာ ဟိုနေ့က အိမ်က ထွက်သွားတာ သူ့အမေနဲ့ စိတ်ဆိုးတာ မဟုတ်ဘူး လင်နောက်လိုက်သွားတာ' တဲ့....ပြောရင်း ငဖြိုးအသံ သိမ်ဝင်သွားတယ်..။

ကျွန်တော် ဟာ ခနဲ ဖြစ်သွားရတယ်...။ လင်နောက်လိုက်သွားတဲ့ ချစ်သူကို လိုက်ရှာရတဲ့ သူရဲ့ ခံစားချက်က တော်တော်ဆိုးမှာပဲ..။ ပျောက်နေတဲ့ ကိုယ့်ချစ်သူကို ပြန်လည်းတွေ့ရော ဘေးမှာ တခြားတယောက်နဲ့ ဟားးး ကျွန်တော် မွန်းကျပ်သွားရတယ်။

ငဖြိုးလည်း စပြောမိလို့နဲ့တူတယ် ဆက်ပြီးရင်ဖွင့်တယ်။
“အခုမှ ငါ့ကိုလာရှာပြီး ငါဘာလုပ်ရမှာလဲတဲ့..
သူများနဲ့ လိုက်သွားလို့ ငါမသတီ တာမဟုတ်ပါဘူး..။ ငါသူ့ကို ချစ်တဲ့ အချစ်က သူ့ခန္ဓာ ကိုယ်နဲ့ မဆိုင်ဘူးကွ..။ဘာပဲဖြစ်ဖြစ် ငါလက်ထပ်နိင်တယ်..။ အခုဟာက သူကိုယ်တိုင် ကြည်ကြည် ဖြူဖြူ လိုက်သွားတာကွ..။ ငါအဲဒါကို အရမ်းခံပြင်းမိတယ်.. ၀မ်းလည်းနည်းတယ်ကွာ”

ဆိုပြီး ပြောနေတဲ့ အချိန် ငဖြိုးကို ကြည့်တော့ မျက်ရည်ဝဲ နေပြီလေ..။


“သူအိမ်က မထွက်သွားခင် တရက် ငါနဲ့တွေ့တော့ ငါ့ကို သူ့ဓါတ်ပုံပေးတယ်..။ ငါက ဘာလုပ်ဘို့ ပေးတာလဲ မေးတော့ သူက တခါမှ ဓါတ်ပုံမပေးဘူးလို့ ပေးတာ သိမ်းထား ဆိုပြီးတော့တောင် ပြောသေးတယ်..။ သူ့မှာကြိုတင် ကြံစည်ထားမှန်း ငါသူ့ကို ပြန်တွေ့မှ သိတော့တယ်..ငါတကယ် မယုံနိင်လောက် အောင်ပါပဲကွာ”

ငဖြိုးစကား ကြားတော့ ကျွန်တော်ပါ မွန်းကျပ်သွားရတယ် ကျွန်တော်သိသလောက်ဆိုရင် ငဖြိုးက သူ့ကောင်မလေး နဲ့ပါတ်သတ်ရင် တော်တော်များများ ဖြည့်ဆည်း ပေးခဲ့တယ်။ ဒီကောင်က နည်းနည်း အဆင်ပြေတော့ သူ့ကောင်မလေးကို တတ်နိင်သမျှ ဆင်ပေးခဲ့တယ်..။ အရှိန်ရသွားတော့ သူ ဆက်ပြီး ရင်ဖွင့်ဖြစ်တယ်။

“ငွေထက် အရေးကြီးတဲ့ ချစ်ခြင်းတရား မှာလည်း ငါမနိမ့်ကျခဲ့ဘူး...။ တပါတ်ကိုကွာ ငါတို့ ၄ ရက် လောက်တွေ့ ဖြစ်တယ် အဲဒီ့အချိန်တွေမှာလည်း အချစ်ရဲ့ ရသတွေ ငါပေးခဲ့တယ်..။ သူဘာလို့ မလုံလောက်ခဲ့တာလဲ။ ဘယ်နေရာမှာများလိုသွားခဲ့သလဲ ဘယ်အချိန်မှာများ နောက်တယောက် ထားလိုက်တာလဲ ငါစဉ်းစားလို့ မရပါဘူးကွာ ”

ပြောရင်းနဲ့ သူ့မျက်ရည်တွေ စီးကျနေခဲ့တယ်။ ကျွန်တော်ကတော့ အံသြစိတ်နဲ့ ဘာပြန်ပြောရမယ် မှန်းတောင် မသိခဲ့ဘူး။ ကျွန်တော် ယုံကြည်ထားတဲ့ အချစ်က အဲဒီလိုတွေမဖြစ်လောက်ဘူး လို့ ထင်ခဲ့မိတယ်။ ကာယကံရှင် ကိုယ်တိုင်ပြောနေ လို့သာ ယုံခဲ့ရတယ်..။ကျွန်တော် ငဖြိုးအတွက် တော်တော် ခံပြင်းမိတယ်။ အားလုံးရဲ့ အပြော အဆိုခံပြီး သူချစ်ခဲ့ရတာ ကျွန်တော်အသိဆုံးပဲ..။ သူ့ကောင်မလေးနဲ့ ကျွန်တော်တို့သူငယ်ချင်းတွေ ရယ်ရယ်မောမော ပြောနေရင် သူပီတိဖြစ်ပြီး ပြုံးနေတတ်တယ်။ သူ့ကောင်မလေးကို အားလုံးက ခင်ခင်မင်မင် ရှိကြတာကို သူကျေနပ်တယ်လို့ ကျွန်တော့်ကို ပြောလေ့ရှိတယ်..။ ခုတော့ ...လုပ်ရက်လွန်းတယ်..။

အဲဒီညက ငဖြိုး အိမ်မှာ အိပ်ပြီး ပြန်သွားတယ်။ နောက်ရက်တွေမှာ အခြေအနေက ပိုဆိုးလာတယ်..။ ငဖြိုးကောင်မလေးက ကျွန်တော်တို့ သူငယ်ချင်းတွေကို ငဖြိုးက သူ့ကို လက်ထပ် ဖို့ရှောင်နေတယ် လို့ လျှောက်ပြောတယ်။ မိန်းခလေး ကိုယ်တိုင်က ပြောတာဆိုတော့ ကျန်တဲ့သူတွေက ယုံကြတယ်။ ကျွန်တော်တို့နဲ့ အပေါ်ယံပဲ ပေါင်းတဲ့ သူငယ်ချင်းတွေက ငဖြိုးကို တွေ့ရင် လူယုတ်မာ လို့ ခေါ်ကြတယ်..။ ငဖြိုးက ဘာမှပြန်မပြောဘူး ပြုံးနေပေမယ့် ကျွန်တော်က ကြားထဲကနေ ဒေါသတွေ ထွက်နေရတယ်။ အကြောင်းစုံ သိထားရတော့ ငဖြိုးအတွက် မခံချင်စိတ်နဲ့ သူငယ်ချင်းတွေကို ကျွန်တော် လိုက်ရှင်းပြပေးမိတယ်..။

နားလည်တဲ့သူလည်း နားလည်ပေမယ့် တချို့ကလည်း တင်တင်စီးစီး ဆက်ဆံချင်စိတ်နဲ့ လူယုတ်မာ လို့ ခေါ်နေဆဲပါပဲ။ ငဖြိုးကတော့ တိတ်တဆိတ်ပဲ ခေါင်းငုံ့ထားခဲ့တယ်။ သူ့ကောင်မလေးက တခြားတယောက်နဲ့ လိုက်သွားတာလို့ ပြောလိုက်ရင် အားလုံးရဲ့ အသံတွေ တိတ်သွားနိင် ပေမယ့် သူထုတ် မပြောခဲ့ဘူး..။ သူ့ကောင်မလေးရဲ့ သိက္ခာတရားကို သူ့ဘ၀နဲ့ လဲပေးခဲ့တယ်..။

သူ့အမေလည်း အဖြစ်အပျက်တွေကို သိသွားတော့ ပြဿနာတွေ ရှင်းဘို့ သန်လျင်က အိမ်မှာလာနေတယ်..။
ကောင်မလေး အမေကလည်း ငဖြိုးနဲ့ပဲ ပေးစားချင်နေတယ်..။ ငဖြိုးခမျာလည် ဆုပ်လည်းစူး စားလည်းရူး ဆိုတဲ့ အဖြစ်ကို ရောက်နေတယ်..။ ငဖြိုးရင်ထဲမှာ ချစ်တဲ့စိတ်တဖက်...နာကျည်းတဲ့စိတ် တ၀က် ဖြစ်နေတာ ကျွန်တော် သိနေရတယ်.။

အဲဒီအချိန်မှာ ငဖြိုးအတွက် အဆိုးဆုံး အခြေအနေတွေရောက်လာတယ်။ အဲဒါကတော့ ကောင်မလေးကို ခိုးပြေးတဲ့ သူကိုယ်တိုင် ငဖြိုးကို လာတွေ့တယ်...။ သူတကယ်ချစ်တဲ့ အကြောင်း နောက်တကြိမ် ထပ်ပြီးခိုးပြေးချင်တဲ့ အကြောင်းတွေ လာပြောတယ်..။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ ငဖြိုး အတူတူ မရှိဘူး..။ ငဖြိုးပြန်ပြောပြ လို့သိရတော့ ကျွန်တော်မခံချင်စိတ် ဖြစ်ရပြန်တယ်။

“မင်းကို အချဉ်ထင်နေတာ.. မင်းအဲဒီလောက် မပျော့ညံ့သင့်ဘူး”

ပြောတော့ ငဖြိုးဘာမှ ပြန်မပြောရှာဘူး ပေါ့ပေါ့ပါးပါး နေတဲ့ ငဖြိုး တကယ်ကို စိတ်ညစ်နေ ကြေကွဲနေတာ ကျွန်တော် မြင်နေရပြီ...။ကျန်တဲ့ သူငယ်ချင်း အရင်းတွေလည်း စိတ်မကောင်း ဖြစ်နေရတယ်..။ ငဖြိုးအတွက် စိုးရိမ်စိတ်နဲ့ သူ့မိဘတွေက ငဖြိုးကို အိမ်မှပဲ နေခိုင်းတယ်..။ အပြင်ပေးမလွှတ်တော့ဘူး။ ကျွန်တော်တို့ ကိုယ်တိုင် ခေါ်ထုတ်မှ သူ့အိမ်က အပြင်ပေးလွှတ်တယ်..။ အခြေနေတွေက လိပ်ခဲတည်းလည်း ဖြစ်နေရင်း တနေ့ကြတော့ အဆုံးသတ်တဲ့ အခြေအနေကိုရောက်လာတော့တယ်..။

အဆုံးသတ်ပုံက သူ့ကောင်မလေးက နောက်တကြိမ် ဟိုတယောက်နဲ့ပဲ ခိုးရာထပ်လိုက်သွားတယ်..။ သေသေချာချာတွေး ကြည့်ရင် အဲဒါ အကောင်းဆုံး အဆုံးသတ်နည်း လို့ ကျွန်တော်ထင်မိတယ်..။ အားလုံးကို နေသားတကျ ပြန်ဖြစ်စေတယ်လေ..။ တဖြေးဖြေးနဲ့ အခြေအနေက ငြိမ်သက်သွားတယ်..။ သူ့အိမ်ကလည်း စိတ်ချလက်ချ အပြင် ထွက်ခွင့်ပေးလာတယ်။ အခြေအနေတွေ အားလုံး ပြီးသွားပြီလို့ ပြောရမယ်။ ဒါပေမယ့် ဘယ်သူမှ မသိလိုက်တဲ့ အဖြစ်အပျက်တခု အမှန်တကယ် ရှိခဲ့ပါတယ်...။

အဲဒီအကြောင်း ကျွန်တော့်ကို ငဖြိုး ပြန်ပြောပြတော့ ကျွန်တော်ပါ မျက်ရည်ဝဲ ခဲ့မိတယ်...။

ဟိုကောင်လေးက ငဖြိုးကို လာတွေ့ရင်းနဲ့ ငဖြိုးရဲ့စိတ်ထားကောင်းပုံကို ခင်မင်သွားပြီး သူနောက်တကြိမ် မိန်းမ ပြန်ခိုးဘို့ အတွက် သူ့ကိုငွေနည်းနည်းလောက် ချေးပါလို့ အကူအညီတောင်းတယ်။ အဲဒါနဲ့ သူ့ကောင်မလေး ရဲ့ ခင်ပွန်းလောင်း ဖြစ်လာမယ့် ကောင်လေးကို သူစုထားတဲ့ ငွေရယ် သူ့လက်စွပ်ကို ပေါင်ပြီး ရတဲ့ငွေရယ် ပေးပြီး လမ်းစားရိတ် အဖြစ် ငဖြိုး ကူညီလိုက်ရတယ်..။ ကြားရတာ တကယ် စိတ်မကောင်း ဖြစ်မိတယ်..။

အဲဒါငဖြိုးကိုယ်တိုင် ကျွန်တော့် တယောက်ထဲ ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန်ပါပဲ..။ တစ်ခြားသူတွေ ဘယ်သူမှ မသိလိုက်တဲ့ အဖြစ်ပါပဲ။ ကျွန်တော်ကတော့ သူ့ကောင်မလေးအတွက် ငဖြိုး နှလုံးသား တခုလုံးပေးလိုက်တာလို့ ထင်လိုက်မိတယ်။ သူ့ကောင်မလေး က အဲဒီကောင်လေးနဲ့ ပေါင်းရင် ပျော်ရွှင်မှာပဲလို့ ယုံကြည်ပြီး သူကူညီ လိုက်တာပါတဲ့လေ..။

တချို့သူငယ်ချင်းတွေက ငဖြိုးကို လူယုတ်မာလို့ နောက်သလိုလိုနဲ့ ခေါ်နေကြတုန်းပါ....။ ငဖြိုးကတော့ အရင်လို ဘာမှ မပြောဘဲ ပြုံးနေဆဲပါပဲ..။ ဒီတခါတော့ ကျွန်တော် လိုက်ပြီး ရှင်းမပြပေးတော့ဘူး။ ယောကျာင်္းပီသတဲ့ အပြုအမူတွေဟာ သူ့ရဲ့မြင့်မြတ်တဲ့နှလုံးသား ထဲမှာ ရှိတယ်ဆိုတာ ကျွန်တော်မြင်ခဲ့ပြီ....။

..............................................................................။

အခန်း(၂)
xxxxxxx
အချစ်က ဆန်းကျယ်လွန်းတယ်။ မိန်းခလေးတယောက်ရဲ့ သူ့ချစ်သူဆီက လိုချင်တာက ဘာလဲ။
ယောကျာင်္းလေး တယောက်ကရော ဘာတွေပြန်ရ ချင်နေခဲ့သလဲ...။ ပေးနိင်သလောက်ကိုပေးပြီး ရသလောက်လေးကိုရော မရောင့်ရဲ နိင်ကြဘူးလား...။


သင့်ချစ်သူရဲ့ နှလုံးသား တစ်ခုလုံးကို လင်းထင်းစွာ မြင်တွေ့ထားဖို့ အရေးကြီးပါတယ်။ တကယ်လို့သာ သင်တွေ့ထားတဲ့ နှလုံးသားက တစ်ခြမ်းတစ်ဝက်သာ ဖြစ်နေခဲ့ရင် မှောင်ရိပ်ကျနေတဲ့ နောက်တစ်ခြမ်း ဆိုတာလည်း ရှိနေနိင်ပါတယ်။ အချစ်ဆိုတာမျိုးက နှလုံးသားရဲ့မမြင်နိင်တဲ့ ဒေါင့်ကွယ်မှာ လည်းရှိနိင်တယ်လေ။ အဲဒီ့ဒေါင့်ကွယ်က အချစ်ကတော့ နောက်တယောက်အတွက် ပဲပေါ့...။

ကျွန်တော်အပါအ၀င် ဘယ်သူမဆို အဲဒီဒေါင့်ကွယ်က အချစ်ရဲ့ အလဲထိုးခြင်းကို ခံရနိင်ပါတယ်...။

ဒါကြောင့် တစ်ယောက်ကိုတစ်ယောက် လိုအပ်ချက်တွေ ထုတ်ပြောရင်း နှလုံးသားတစ်ခုလုံး မြင်ရဖို့ ပွင့်လင့်စွာ ချစ်သင့်ပါတယ်လေ။

...............................................................................................................................................



(ငဖြိုးနဲ့ ပါတ်သတ်လို့ ကျွန်တော် ပို့စ် တပုဒ်တင်ခဲ့ဖူးတယ်..ဒီမှာ...ပါ)

46 comments:

flowerpoem said...

သနားစရာကောင်းလိုက်တာ သူ့အချစ်ကလည်း တကယ်ကို စံတင်လောက်ပါတယ် ဒါတွေကလည်း မြင်ရတဲ့ ဟာမျိုးမှမဟုတ်တာ
အချစ်ကတကယ်ကို ဆန်းကြယ်တယ် ဆိုတာကို လက်ခံတယ် ..

စန္ဒီမိုးမြင့် said...

မြင့်မြတ်တဲ့စိတ်ထားနဲ့ ချစ်တတ်သူ ယောကျာင်္းတစ်ယောက်လို့ ဘဲမြင်မိသလို
ကိုယ်ကိုယ်တိုင် အဲလို မိန်းမ မျိုးမဖြစ်အောင် သတိထားဖို့ ပညာပေးပို့စ်တစ်ခုလို့ လဲ ခံစားမိပါတယ်

အစ်ကိုရဲ့သူငယ်ချင်းတွေ၇ဲ့ စိတ်ထားလေးတွေကို ပေါ်လွင်အောင်ရေးပြတတ်တဲ့ အစိကု မှာလဲ မြင့်မြတ်တဲ့စိတ်ထားတစ်ခု ပိုင်ဆိုင် နေမယ်ဆိုတာကို ယုံကြည်နေမိပါတယ်
ခင်မင်လေးစားလျက်
စန္ဒီမိုးမြင့်
(မန္တလေး)

Phyo Maw said...

လိုက်လေ ပြေးလေ ဝေးလေ။

Phyo Maw said...

အော်... စိတ်မကောင်းစရာပဲဗျ။ အဲဒီ ငဖြိုး ခုကော ဘယ်လိုတုန်း နောက်ဆက်တွဲအဖြစ် မေးကြည့်တာ။

yehtutnaung said...

အေးဗျာ.. ဖတ်ရတာ စိတ်မကောင်းပါဘူး။ ကိုဖြိုးကိုတော့ လေးစားပါတယ်။ ဒါပေမယ့် ပထမတကြိမ်တည်းက တိခနဲ နေအောင် ဖြတ်ပစ်ရမှာ။ အင်းပေါ့လေ.. သံယောဇဉ် ဆိုတော့လဲ။ ရည်းစားဘ၀ဆို ဘယ်တော့မှ သိပ်မချစ်ပြနဲ့  .....ပိုင်မှ ချစ်ဗျို့ ...။

ကိုညီမင်း said...

ဖတ်ရတာ စိတ်မကောင်းစရာပဲဗျာ...အရေးကောင်းတော့
အဖြစ်အပျက်ထဲမှာ ကိုယ်တိုင် ပါဝင်သွားသလိုပါပဲ...
အချစ် ကြောက်ဘို့ကောင်းပါလားနော်

ခမ်းကီး said...

နဝေတိန်တောင် မူးရစ်တတ်တာ အချစ်ရဲ့လှည့်ကွက်ပါ။
သူရာ ကိုနှစ်သက်သလို ယောကျာ်တွေက အဲဒီအချစ်ကိုပဲ နှစ်မွန်းနေတတ်ကြတယ်။

Sein Lyan Tun said...

ဒါမျိုးတွေလဲဖြစ်တတ်ပါတယ်
အရမ်းကိုစိတ်ဝင်တစားဖတ်တော့
ဇာတ်ထဲမှာမျောသွားတယ်
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

သူကြီးမင်း (တုံးဖလား) said...

လက်တွေ့ဖြစ်ရပ်ကလေးကလဲကောင်း အရေးအသားကလဲ ခပ်မိုက်မိုက်ဆိုတော့ ဖတ်လို့ပြီးသွားမှာတောင် စိုးရိမ်ခဲ့မိတယ်။ ဒါပေမဲ့ အခု ဖတ်လို့ ပြီးသွားပြီ။ နောက်ထပ်တစ်ပုဒ်ပေါ့။ မျှော်ဖတ်နေမယ်။

thondrae said...

မှော်ဆ၇ာလက်နဲ့ေ၇းချက်တွေကကောင်းလွန်းတယ်စာကြောင်းတိုင်းကို၇င်တမမနဲ့  ခိုးကြည့် ၇တဲ့ အခြေနေထိဖြစ်သွားမိတယ်ငယ်ငယ်တုန်းက၇ီးစားနဲ့ ချိန်းတွေ့ တုန်းသူ့ အမေလာခေါ်သွားလို့ ၇င်မောပြီးကျန်ခဲ့ ၇တဲ့ feel မျိုးပေါ်လွင်အောင်ေ၇းတတ်တယ် ဒေးဗစ်ကောပါဖီးသာမင်းေ၇းတဲ့ စာကိုဖတ်၇၇င်လက်မှိုင်ချပြီးတော်ပါတော့ ကိုပိုင်၇ယ်ဆိုပြီးတောင်းပန်မှာမြင်ယောင်သေးတယ်ေ၇းလိုက်၇င်သဲထိတ်၇င်ဖိုတွေပါလားညီလေး၇ာ oncemore

ကွာစေ့လေး said...

ဟိုင်း....

နောက်ကျောကဓါး ဆိုတဲ့ ပို့စ်လေး ကို လာဖတ်သွားပါတယ်..................
ရှိမကောင်း.... မရှိမကောင်း ဆိုတဲ့ အချစ်ကြီးလေ........
ဖတ်လို့ကောင်းတယ်....... အသစ်ကိုလည်း မျှော်နေပါတယ်..............

ကောင်းကင်ပြာ said...

မောင်လေးရေ အပေါ်က ကွာစိလေး ပြောသလိုပဲ အချစ်ဆိုတာ ရှိမကောင်း မရှိလဲ မကောင်းဘူး မှန်တယ်၊ ကိုဖြိုးကိုလဲ သနားသလို အဲဒီကောင်မလေးကိုလဲ နားမလည်နိုင်ဘူး

♥ Acacia ♥ said...

အရမ်းကောင်းတယ် တစ်ပုဒ်လုံး တောက်လျှောက် စိတ်ဝင်စားစရာပါပဲ သနားပါတယ်နော် သစ္စာတရားကို တစ်ချို့လူတွေ.. မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် ဖောက်ပြန်တတ်တဲ့သဘောပဲ ဒါမျိုးတွေ ဖတ်ရရင် စိတ်လည်း မကောင်းဘူး... နောက်ထပ်လည်း ရေးပါအုံး.. ဖတ်ရတာ သဘောကျတယ်..

kiki said...

ဪ ..ငဖြိုး ၊ က်ုငဖြိုး ရယ် ။ ဒီလို အချစ်မျိုးလည်း အပြင်လောကကြီးထဲ မှာတကယ်ရှိနေပါသေးလား ။ အချစ်ရူး ၊ ရူးမိရင် ဘာမှ အပြစ်မြင်နိုင်စွမ်း မရှိတော့ပါတကား။ ကိုမြစ်ကျိုးရေ ..စာရေးစရာ ကြီး ရေ ..အားပေးနေပါ၏ ။

Ko Boyz said...

ဘာလို့ ကိုငဖြိုးကျမှ အဲဒီလိုတွေ ဖြစ်ခဲ့ရတာလဲ။
ယောက်ျား ပီသပါပေတယ်။
သူသာ ဖွင့်ပြောလိုက်ရင် ကောင်မလေးက ရေစုန်မျောမှာ...။
အေးလေ ထူးပြီးတော့ မျောမှာမှ မဟုတ်တာ အရင်ကတည်းက ရည်းစားများခဲ့တာ ဆိုတော့။
ခက်တာက ဘာလို့ ကိုငဖြိုးကိုမှ လှည်းကျိုးထမ်းခိုင်းစေချင်တာလဲ။
ကိုငဖြိုးကို သနားရမှာလား.. အရန်ကောလို့ အပြစ်တင်လိုက်ရမှလား...။
အတွေးတွေ တော်တော်ပွားသွားတယ်...။

ရွှန်းမီ said...

တစ်ဘ၀လုံး ဆုံးမယ့်အစား လက်စွပ်နဲ့ ငွေနည်းနည်းပဲ ဆုံးလိုက်ရတာ တော်သေးတာပေါ့ လို့ ပြောမိရင် ငဖြိုး စိတ်ဆိုးသွားမယ်ထင်တယ်။

thawzin said...

လေးစားမိတယ်ဗျာ အကိုဇတ်လမ်းထဲက ငဖြိုးဆိုတဲ့လူကိုပေါ့ ကျွန်တော်တော့ အဲလောက်တော့မထားနိုင်ဘူး ခိုးချင်ရင်ကိုယ့်စရိတ်နဲ့ကိုယ်ပဲခိုးပေါ့

Ree Noe Mann said...

ဒါကြောင့် အသည်းနှလုံးမရှိတဲ့ လူသားကျွန်နော် ဖြစ်နေရတာပေါ့ဗျာ။

khin oo may said...

ဟုတ်ကဲ့ ဆန်းကျယ်တယ်။ မဖတ်ဘူးသေးဘူး။

Anonymous said...

မှတ်ကရောဗျာ...။ ကောင်းလိုက်တဲ့စိတ်ဓာတ်
ဘာကောင်းမှန်းမသိတာ အမှန်ပဲ ဟီး... စိတ်ဆိုး
နဲ့ကျနော်က မြင်တာပြောတာ....
ကိုငဖြိုးကအစမှာ အချစ်စိတ်နဲ့မွှန်နေတာ၊ နောက်ကျတော့ ပြန်ကောင်းလာမလားဆိုတဲ့
စိတ်နဲ့စောင့်ကြည့်ပြန်တယ်၊ မရတော့မှန်းသိလို့
မစားရတဲ့ အမဲ သဲနဲ့မပက်ပဲ ထမင်းပါ ထပ်ပေးလိုက်သလိုပါပဲ ဆိုတော့.... စိတ်၃ခုကို
သွားတွေ့တယ်၊ မွှန်စိတ်၊သည်းခံစိတ်၊ စိတ်လျော့ပြီး အဆုံးအရှုံးခံစိတ်..........
ကျနော်သာဆို ဒါမျိုးလာလုပ်လို့ကတော့ ဟင်းဟင်းဟင်း..... အရိုးပါပြုတ်စားပစ်မှာ
ရာဇ၀င်တော့ အရိုင်းမခံဘူး....ဟိ

သီဟသစ် said...

ကိုပိုင်ရေ..

အဲလိုမျိုးတွေ တကယ်ရှိတာကိုး..

တကယ့်ဖြစ်ရပ်တွေက
ဝတ္ထူထက်ဆန်းကြယ်တယ်ဆိုတာ လက်ခံရတော့မယ်..

may lay said...

nice post

Moe Cho Thinn said...

အချစ် အချစ် ..လို့ပဲ ညည်းမိတော့တယ်။

ကိုလူထွေး said...

ဖတ်ရင်းနဲ့  ဈန်ဝင်သွားတယ်...

ဘာလုပ်မှာလဲ.. ဒီလိုမိန်မမျိုးရတော့ကော...လို့ 

ရပြီးမှ ဒီ့ထက်ဆိုးနေရင် တသက်လုံး စိတ်ဆင်းရဲနေရဦးမယ်... လို့ 

နှလုံးထီအတွက်ပါ ပိုက်ဆံစိုက်ပေးရတယ်ဆိုမှတော့...
စောစောစီးစီး ကိစ္စပြတ်သွားတာ အေးတောင်အေးသေးတယ်လို့ ...

ကြယ်ဖြူစင် said...

ဒီလိုအချစ်မျိုးလည်းရှိသေးတယ်နော်..လောကမှာ

ကျော်သူလေး said...

အဲဒီလောက် အခြေအနေဆိုးဆိုးတွေ ရှိသေးတယ်လား
အံ့သြဘို့ ကောင်းတဲ့ အရာနှစ်ခုကို တွေ့ရတယ်..။
တခုက ယောကျာင်္လေးတယောက်ရဲ့ မြင့်မြတ်တဲ့အချစ်
နောက်တခုက မိန်းခလေးတယောက်ရဲ့ ဆန့်ကျင်ဘက် အချစ်....စာရေးသူက အရေးကောင်းတော့ ထင်ထင်ရှားရှား မြင်ရတယ်..။ဇာတ်လမ်းကောင်း လေးတွေ မျှော်နေပါတယ်..။

မငုံ said...

သိပ်ကောင်းတာပဲ။ ဒီပိုစ့်ကို ဖတ်နေစဉ်မှာ ငြိမ်နေတာပဲ လို့တောင် သူငယ်ချင်းကပြောတယ်။ အဖြစ်မှန်ဆိုတော့ ကိုဖြိုးဆိုသူအတွက်စိတ်မကောင်းဖြစ်ရပါတယ်။

မငုံ said...

သိပ်ကောင်းတာပဲ။ ဒီပိုစ့်ကို ဖတ်နေစဉ်မှာ ငြိမ်နေတာပဲ လို့တောင် သူငယ်ချင်းကပြောတယ်။ အဖြစ်မှန်ဆိုတော့ ကိုဖြိုးဆိုသူအတွက်စိတ်မကောင်းဖြစ်ရပါတယ်။

သမီးပျို said...

တော်တော်ချစ်တတ်တဲ့ကောင်လေးပဲနော် သူ့အချစ်ကမြင့်မြတ်လိုက်တာ ဒီပို့စ်လေးအတွက်ကျေးဇူးပါအကိုကျိုးရေ

Anonymous said...

အကိုကျိုးရဲ့ အရေးအသားကတော့ တော်တော်ကောင်းပါတယ်.....ကျွန်တော်သာ ငဖြိုးဆိုရင် ဒီပို့စ်ကို မတင်ခိုင်းဘူး .....အရမ်းချစ်တဲ့ ချစ်သူ သိပ်ခါကျသွားမယ်....ဒီလောက်မြင့်၂မြတ်၂ ပေးခဲ့ပြီးမှ လူတွေသိအောင်မပြောပြသင့် တာတော့အမှန်ပဲ.....ငဖြိုးကိုတော့ လေးစားမိတယ်ဗျာ။
ကျွန်တော့် သူငယ်ချင်းကောင်မလေးဆိုရင် သူနိုင်ငံခြားရောက်နေတုန်း သူ့ကိုသိပ်ချစ်ပါတယ် လို့အမြဲပြောနေတဲ့ ကောင်က နောက်တယောက်နဲ့ အီစီကလီ ဖြစ်နေတဲ့ ယောင်္ကျားတွေ လည်း ထုနဲ့ဒယ်ပါပဲ....အကိုကျိုးရဲ့ သူငယ်ချင်းအပေါ်ထား တဲ့ခံစားချက် ကိုတော့ မြင်ပါတယ်.......
လေးစားသော......
စိန်ကြီး

Anonymous said...

အကိုကျိုးရဲ့ အရေးအသားကတော့ တော်တော်ကောင်းပါတယ်.....ကျွန်တော်သာ ငဖြိုးဆိုရင် ဒီပို့စ်ကို မတင်ခိုင်းဘူး .....အရမ်းချစ်တဲ့ ချစ်သူ သိပ်ခါကျသွားမယ်....ဒီလောက်မြင့်၂မြတ်၂ ပေးခဲ့ပြီးမှ လူတွေသိအောင်မပြောပြသင့် တာတော့အမှန်ပဲ.....ငဖြိုးကိုတော့ လေးစားမိတယ်ဗျာ။
ကျွန်တော့် သူငယ်ချင်းကောင်မလေးဆိုရင် သူနိုင်ငံခြားရောက်နေတုန်း သူ့ကိုသိပ်ချစ်ပါတယ် လို့အမြဲပြောနေတဲ့ ကောင်က နောက်တယောက်နဲ့ အီစီကလီ ဖြစ်နေတဲ့ ယောင်္ကျားတွေ လည်း ထုနဲ့ဒယ်ပါပဲ....အကိုကျိုးရဲ့ သူငယ်ချင်းအပေါ်ထား တဲ့ခံစားချက် ကိုတော့ မြင်ပါတယ်.......
လေးစားသော......
စိန်ကြီး

တလနွန် said...

ကိုမြစ်ကျိုးအင်း အရေးအသား အရမ်းကောင်းတရ်ဗျာ။ ဒီဇာတ်လမ်းဖတ်ပြီး အပြင်မှာ တကယ်ပဲဖြစ်ခဲ့တယ်ဆိုတော့ စိတ်မကောင်းဘူးဗျာ။ ဒီလို လုပ်သွားတဲ့ မိန်းကလေးကို လုံးဝနားမလည်နိုင်ဘူး။ အချစ်ကံဆိုးဖြစ်သွားတဲ့ ငဖြိုးလည်း အချစ်ကိုတန်ဖိုးထားတဲ့ မိန်းမကောင်းနဲ့ ထပ်တွေ့ ဖို့ ဖြစ်လာတရ်လို့ ပဲ ဖြေသိမ့်လိုက်ပေါ့။

ခင်မင်ခြင်းနှင့်
တလနွန်

ဝေလေး said...

တစ်ကယ်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းဆိုရင်တော့ စိတ်မကောင်းဘူး။ လူတိုင်းက ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲလေ။ မိန်းမပဲဖြစ်ဖြစ် ယောကျာ်းပဲဖြစ်ဖြစ် စိတ်ဓာတ်ပေါ်မူတည်ပြီး အမူအကျင့်တွေ ကွဲမှာပဲ။ နားမလည်နိုင်တာက သူ့ကောင်မလေးက ဘာလို့ ကိုဖြိုးအပေါ် အပြစ်ပုံချချင်တာလဲဆိုတာ။ အံ့သြစရာပဲ.......

နောက်ဆုံး ဇာတ်သိမ်းကတော့ အားလုံးအတွက်ကောင်းပါတယ် အထူးသဖြင့် ကိုဖြိုးဆိုသူအတွက်....

TOAS said...

မဝေလေး ပြောသလိုပါပဲ...မိန်းမပဲဖြစ်ဖြစ် ယောကျာ်းပဲဖြစ်ဖြစ် စိတ်ဓာတ်က အရေးကြီးပါတယ်...
အားလုံးအမြင်မှာ အရမ်းကောင်းပြပြီး နောက်ကွယ်မှာ နောက်တယောက်ရှိတာ အကြောင်းအရင်းတော့ ရှိမှာသေချာတယ်နော်......
(ယောကျာ်းမပီသတဲ့ အလကားရ အကုန်ယူတဲ့ ကောင်တွေလဲ ရှိတာပဲ...လွယ်လွယ်ရတော့ တန်ဖိုးမသိကြ ....ဟဲဟဲ)
ငဖြိုးကတော့ အချစ်ကိုတန်ဖိုးထားတတ်လို့ လေးစားမိတယ်...
ငဖြိုးလည်း အချစ်ကိုတန်ဖိုးထားတဲ့ မိန်းမနဲ တွေ့ပါစေလို့ ဆန္ဒပြုတယ်ဗျာ....
ှအပြင်းစား RAYdium

စိတ်စမ်းရေ said...

သိပ်ပြီး ဖတ်လို့ကောင်းတာပဲဗျာ..ဆက်လက်အားပေးနေပါတယ်...။

ကြယ်ပြာ said...

စိတ်မကောင်းလိုက်တာ ... ငဖြိုးအချစ်ကို ချီးကျူးမိတယ် ... တကယ်ကို တွေ့ရခဲတဲ့အချစ်မျိုးပါ .... တကယ်ချစ်သွားတဲ့သူတွေက ခံရတာများသလိုပဲနော် ...း(

ဆည်းဆာသံစဉ် said...

တကယ်မွန်မြတ်တဲ့ စိတ်ထားရှိသူလို့ ပဲ ထင်ပါတယ်..။ ဒီပို့ စ်လေးကို ဆုံးအောင်ဖတ်ပြီးမှ ကိုယ်ချင်းစာတရားရှိသူ ကိုဖြိုးကို သနားရင်း လေးစားမိပါတယ်...။ ကိုကျိုးကလည်း စာရေးကောင်းတော့ စာဖတ်သူတောင် ၀မ်းနည်းမိပါတယ်...။ ကိုကျိုးရေ...အားပေးနေတယ်ဗျာ..။

ဇော် said...

ကိုကျိုးရာ
ဖတ်ပြီးတာ ကြာပေါ့
ဒါပေမယ့် မန့်မရလို့ခုမှ မန့်လိုက်တာ ၃၇ယောက်မြောက်တဲ့။ ငိုချင်သွားတယ်။ ဟင့်။
ကောင်းလိုက်တဲ့ဇာတ်လမ်း။ ရေရေလည်လည်လက်ဖျားခါမိပါတယ်ဗျာ။ နောက်လဲ မျှော်နေလျှက်ပါ။
ချစ်တဲ့
ဇော်။

Unknown said...

ကိုဖြိုးရေ...

အချစ်ဆိုတာကို အဓိပ္ပါယ် ဘာသာပြန်ဖို့မလိုလောက်အောင်ကို ပေးဆပ်ခဲ့တာပဲ....
လေးစားပါတယ်...

ဟုတ်တယ်ဗျ..
တကယ်တော့...
အချစ်ဆိုတာ ချစ်နေဖို့ပါပဲ...

ပျော်ရွှင်ပါစေဗျာ...

Han Thu said...

ခံစားချက်တွေ တူနေတယ် အစ်ကို....

အကူအညီလိုလို့၊ အားကိုးလို့ဆိုပြီး ဇာတ်လမ်းတွေစတယ်....
လိုတာရရင် ဘိုင့်ဘိုင်၊ နောက်သားကောင်ရှာ...
အချဉ်လို့ သတ်မှတ်ခံရမယ်..
မင်းညံ့လို့ ခံရတာလို့ သမုတ်ခံရမယ်...
သူတို့သွားတော့မယ်ဆို Signal ပေးတာထုံးစံဘဲ..
(ဒီမှာ ဓါတ်ပုံပေးသလိုပေါ့)
ဒီကကောင်တွေကလည်း သိသိကြီးနဲ့မျက်စိမှိတ်ထားတယ်...
ကျွန်တော်ယုံတယ်..ငဖြိုး အဲဒီ Signal တွေရခဲ့မှာပါ..
ဘာသာပြန်ဖို့ နောက်ကျသွားတာတစ်ခုတည်းပါ...
ဒီခေတ်ကြီးမှာ ဒါမျိုးတွေများလာပြီ အစ်ကိုရ

ချစ်တာ မချစ်တာထက်၊တန်ဖိုးထားတတ်မှုနဲ့ပိုဆိုင်တယ်..
ကိုယ်တန်ဖိုးထားပေမယ့် သူ့ဘက်ကတန်ဖိုးမထားတတ်ဘူး..
လူကိုလူချင်းသိတတ်၊တန်ဖိုးထားတတ်ဖို့ လိုတယ်..

ဒီလောက်ဘဲပြောတော့မယ်ဗျာ.... တကယ့်မိန်းမကောင်းတွေကိုအားနာလို့၊ ထိခိုက်မှာစိုးရတယ်...

အားလုံးကိုမဆိုလိုပါဘူးဗျာ... Sorry ပါ...

Phyo Maw said...

phyaw moe နှင့် phyo maw တူတူပါပဲ ဖြစ်ကြောင်းလာ ပြောတာ :D

mgnge said...

အင်း
ဘာပြောရမှန်းတောင်မသိတော့ဘူး...။
ရင်ထဲမှာတစ်မျိုး ပဲ ဗျာ

ကံကောင်းသူ said...

လိမ်တတ်တဲ့သူတွေအတွက်
အချိန်ကုန်ခံပြီးခံစားမနေသင့်ဘူး
ကမ္ဘာမှာနေ့သစ်တွေရောက်ဦးမှာပါ
စိတ်ထားကောင်းတဲ့သူအတွက်
မြင့်မြတ်တဲ့ချစ်သူတွေ့မှာပါ

sweetpeony said...

ဟမ်
အဲကောင်မလေးက သူ့ ကိုတကယ်မချစ်ဘူးထင်တယ်။
သူကသာ အရမ်းချစ်နေတာ ဟ်ုက ခပ်ပေါ့ပေါ့ သမန်ကာ လျှံကာ အလိုက်အထိုက်ပဲ သဘောထားတာထင်တယ်။ ဒါကြောင့် အဲလိုလုပ်သွားတာပေါ့။
ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် တကယ်ချစ်ရင် လိုအပ်ချက်တွေရှိလာရင်တောင် အဆင်ပြေအောင် ညှိကြမှာပါပဲ။ အဆင်မပြေလို့  နောက်တစ်ယောက်ပြောင်းသွားတယ်ဆိုရင်တောင် အဲလို လုပ်သွားမှာတော့ မဟုတ်နိုင်ပါဘူး။ ဒီလိုလုပ်တယ်ဆိုထဲက သူစိတ်ထဲမှာဘာမှကိုမရှိလို့ အဲလူအတွက် ဘာမှမစဉ်းစားပေးတာ။
စိတ်ဓါတ်က....
စိတ်ဓါတ်က....
မပြောတော့ပါဘူးလေ။

တားမြစ် ထားသော... said...

ဖြစ်လေ့ဖြစ်ထရှိတယ် ဒါပေမဲ့ သူတစ်ကယ်ချစ်သွားတယ်။

သုခမိန်(E-Journal)

မြတ်မွန် said...

နားထောင်ပြီးသား..
ထပ်ဖတ်သွားတယ်..။

 

Posts Comments

©2006-2010 ·TNB