မိတ်ဆက်ပွဲ..အခမ်းအနား

14 May 2009

ကျွန်တော်က သူငယ်ချင်းတွေကို ခင်ခင်မင်မင် ပေါင်းတတ်တယ်..။
သူတို့အရေး ကိုယ့်အရေး ဆိုတဲ့ စိတ်နဲ့ ပေါင်းခဲ့ပါတယ်..။
ဒီနိင်ငံရောက်တော့ ခင်ဘို့ကောင်းတဲ့ အကိုတွေ နဲ့ ဆုံခွင့်ရခဲ့တာ တကယ် ကံကောင်းပါတယ်..။
ကျွန်တော်တို့ တွေက ညီအကိုစိတ်နဲ့ သူငယ်ချင်းပေါင်း ပေါင်းခဲ့ကြတယ်..။

ကိုယ့်အပေါင်းအသင်းမို့ပြောတာ တော့မဟုတ်ပါဘူး..။
နိင်ငံခြားမှာ ရှားရှားပါးပါး တွေ့ရတတ်တဲ့ မြန်မာ့စိတ်ထားလေးတွေ ကိုယ်စီနဲ့ အားလုံးက တကယ်ကို
စိတ်ကောင်းရှိ ကြပါတယ်..စာကောင်းသောက်ဖွယ်ချက်ထားရင် သတိတရနဲ့ ဖုန်းဆက်ပြီး လာစားဘို့ ခေါ်လေ့ရှိတယ်....။

အခေါ်ခံရတဲ့ သူအနေနဲ့ အပြင်မှာ တခုခုစားလာ လို့ကတော့ ရှင်းပေတော့ပဲ...။ဘာအတွက် စားလာခဲ့ရလည်း ဆိုပြီး
စားကောင်းသောက်ဖွယ်ကို အတူတူ စားစေချင် စိတ်နဲ့ အားလုံးက ၀ိုင်းအော်တတ်ကြတယ်
တယောက်ယောက် အလုပ်မသွားဖြစ်ခဲ့ရင် အဲဒီနေ့အတွက် အားရ၀မ်းသာနဲ့ အားလုံးပြန်လာရင် စားရအောင်
ဟင်းကောင်းကောင်းလေး တွေ ချက်ထားလေ့ရှိတာလဲ..တိုင်ပင်မထားတဲ့ စိတ်တူကိုယ်တူ ရှိမှုတခုပါပဲ..။

သူငယ်ချင်းပေါင်း ပေါင်းခဲ့တဲ့ အကို နှစ်ယောက်ကလည်း တယောက်တမျိုးလို့ ပြောရမယ်...
တယောက်ကတော့ တော်တော်များများသိကြတဲ့ အဖြူလေး ပါပဲ...။

နောက်တယောက်ကတော့ ညောင်ရမ်း လို့ နာမည်ပြောင် ပေးထားတဲ့ အကို တယောက်ပါ..။
ညောင်ရမ်း လို့ အမည်တွင်ခဲ့ပုံက သူ့ရဲ့ အရမ်းကာရော လုပ်ရပ်တွေကြောင့် အဖြူလေးက ဟေ့လူ စောက်ရမ်း
မလုပ်နဲ့ ဆိုပြီး ပြောရာက ညောင်ရမ်းဆိုပြီး နာမည်တွင် သွားတာလေ..။
စောက်ရမ်း ဆိုရင် ခေါ်ရတာ ရိုင်းမှာစိုးလို့ ခေါ်လို့ ကောင်းမယ့် ညောင်ရမ်းဆိုပြီး ပေးထားတာပါ..။

ညောင်ရမ်းက ဘာပြောပြော အလွန်အကျွံပြောတယ်တတ်..။ပြောတာလားတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး...။
ဘာပဲ ၀ယ်လာဝယ်လာ အများကြီး ၀ယ်တတ်တယ်။ပြောရရင် သူပြောတာနဲ့ သူနေတာ ညီတယ်လို့ ဆိုရမယ်..။
အလွန်အကျွံ ပြောတတ်သလို လွန်လွန်ကဲကဲ လည်း လုပ်တတ်တယ် ဆိုရမယ်။

အဖြစ်အပျက်တွေ အများကြီးထဲက လောလောလတ်လတ် အဖြစ်လေးကို ပြန်ပြောပါ့မယ်..။
တနေ့တော့ တယောက်က သာကူ စားချင်တယ်လို့ ပြောတာနဲ့ ညောင်ရမ်းက မနက်ဖြန် သူကျို ပေးထားမယ်လို့
ပြောတယ်..။အားလုံးကညောင်ရမ်းနော် ဇွတ်မလုပ်နဲ့ ထမင်းစားပြီး အချိုတည်း ရုံလောက်ပဲ ကျိုနော်လို့
စိုးရိမ်တကြီးနဲ့ ပြောကြတယ်..။စိုးရိမ်ရလောက်အောင် သူကလည်း လုပ်ပြခဲ့တာကိုး..။

အားလုံးစိုးရိမ်ကြတဲ့ အတိုင်းပါပဲ နောက်နေ့ည လူစုံတော့ သူကျိုထားတဲ့ သာကူအိုးကြည့်ပြီး
အားလုံးစိတ်ညစ်သွားကြတယ်..။ကန်စွန်းဥပါ ထည့်ပြီး ကျိုထားတဲ့ သာကူအိုးက အလှူအသေးစား လုပ်လို့ရတယ်..။
စားမယ့်သူ အားလုံးပေါင်းမှ ၅ယောက် ၆ယောက် ပဲရှိတာလေ..။
အဲဒီသာကူ..လား... အထုပ်တွေ ထုပ်ပြီး နီးစပ်ရာကို ဝေလိုက်ရတော့တယ်..။
(အဲဒါသူ့ပိုက်ဆံနဲ့သူ ကျိုတိုက်တာလေ..ပြောချင်တာက သူ့ရဲ့အပေါင်းသင်းတွေပေါ်ထားတဲ့ စေတနာရှိပုံကိုပါ )

သူကပြောရင် ထူးထူး ဆန်းဆန်း ဆိုသလို လုပ်ရင်လည်း အားလုံးပါးစပ် အဟောင်းသား ဖြစ်အောင်
လုပ်တတ်လွန်းတယ်..။
သူဆေးလိပ် ပြတ်သွားတာလဲ ကျွန်တော်တို့..အဖြူလေးတို့ ၀ိုင်းပြောကြတာကြောင့်ပါပဲ..။
သူဆေးလိပ်သောက်ပုံလဲ ကြည့်အုံးလေ...
ဘယ်အချိန်ကြည့်ကြည့် လက်ထဲမှာ ဆေးလိပ်က သောက်လက်စ တဘူးရယ် နောက်ဘူးအသစ် တဘူးရယ်
အဆင်သင့်ရှိတယ်..သူ့အကြောင်းပြချက်က သောက်နေရင်းနဲ့ ကုန်သွားမှာ စိုးလို့တဲ့လေ..။

တနေ့ကို နှစ်ဘူးခွဲ လောက်သောက်တော့ ကျွန်တော်တို့က အဲဒီလောက် မသောက်သင့်ကြောင်း ပြောကြတယ်..။
ကျွန်တော်က စီးပွါးရေး ရှုထောင့် က ပြောပြီး အဖြူလေးက ကျန်းမာရေးနဲ့ လူမှုရေး ရှုထောင့်ကနေ တာဝန်ယူပြီး
ပြောတော့ ညောင်ရမ်းက 'ကျွန်တော် ဆေးလိပ်ဖြတ်မှာပါ..၊ကျွန်တော်က သူများတွေလို မဟုတ်ဘူး
မသောက်တော့ရင် တိခနဲ ဖြတ်မှာ' လို့ ပြန်ပြောတယ်..။

ကျွန်တော်ရော အဖြူလေးရော ညောင်ရမ်းပြောတာ ကို မယုံခဲ့ကြဘူး...တနေ့ နှစ်ဘူးခွဲလောက်
သောက်နေတဲ့သူက တိခနဲ ဖြတ်ဘို့ဆိုတာ မလွယ်ဘူးထင်ခဲ့တယ်လေ..။
အဲဒါနဲ့ အဖြူလေးနဲ့ ညောင်ရမ်း ဆေးလိပ်ဖြတ် နိင် မဖြတ်နိင်ဆိုတာကို ကိုကာကိုလာ ဘူးကြီး
တဘူးကြေး လောင်းဖြစ်ကြတယ်။

နောက်နေ့တွေက စပြီး ညောင်ရမ်း ဆေးလိပ်လုံးဝ မသောက်တော့ဘူး..တကယ်ကိုဆေးလိပ် ပြတ်သွားတော့တယ်.။
ညောင်ရမ်းပြောပုံ အရဆို ဆေးလိပ်ဖြတ်မယ့်နေ့မှာ သူ ဆေးလိပ် ငါးဘူး သောက်လိုက်တယ်ဆိုပဲ...။
သူ့ရဲ့ ရာဇ၀င်အရ ဆိုသူပြောတာကို မယုံလို့မရဘူး..။
တော်ကြာ ...အခုငါးဘူး သောက်ပြရမလားဆိုပြီး စိန်ခေါ်နေအုံးမယ်..။

ဆေးလိပ်ဖြတ်တဲ့ ဇာတ်ပေါင်းတော့ အဖြူလေးက ကိုကာကိုလာဘူးကြီး တဘူး အားလုံးကို ၀ယ်တိုက်ရပေမယ့်
သူကျေနပ်တယ်လို့ ပြောတယ်..။(ကိုကာကိုလာ ဘူးကြီးတန်ဘိုးက ဆေးလိပ် တဘူး စာ မရှိပါဘူး)
ညောင်ရမ်းက ကျန်းမာရေး အပိုင်းမှာ လောလောဆယ် ထင်သာ မြင်သာ မရှိသေးပေမယ့် စီးပွါးရေးအပိုင်းမှာတော့
တလကို ဒီကငွေ ၄ ထောင်ကျော်ကျော် (မြန်မာငွေ တစ်သိန်း ရှစ်သောင်း )လောက် သက်သာလာတယ်...
အဲဒီအတွက် ကျွန်တော်လည်း ၀မ်းသာမိတယ်..။

အခုဒီစာကို ရေးနေချိန်မှာလည်း ညောင်ရမ်း ကျွန်တော့်အိမ်လာလည်တော့ သူနဲ့ကျွန်တော် စကားပြောရင်းနဲ့
သူ ' ဒီနေ့ ဈေးမှာ ငါးရွှေ တကောင်တွေ့ တယ်တဲ့..တကောင်လုံးဝယ်ရင် ၁၃၀၀ လို့ ဈေးသည်က ပြောတယ်..။
ကျွန်တော်ဝယ်လာမလို့ဘဲ ဗျ..အကောင်က ကြီးလွန်းတော့ ၇၀၀ ဘိုးလောက် ပိုင်းရောင်းမလား မေးတာ
ဈေးသည်က မရောင်းတာနဲ့ မ၀ယ်ခဲ့ရဘူး' ဆိုပြီးပြောတယ်..။

ဒါနဲ့ကျွန်တော်က ဟာ အဲဒီလောက်ဈေးကြီးတာ ၀ယ်ပြီး ဘာလုပ်ဘို့လည်းမေးတော့
'ရခိုင်မုန့်တီ ချက်စားကြမယ်လေ...ငါးရွှေနဲ့ ရခိုင်မုန့်တီ ချက်စားရင် အားကြီးချိုတာဗျ' တဲ့..။
ကျွန်တော်မှာ ကမန်းကတန်း တားရသေးတယ်..။ပြောရင်း စိတ်ပါပြီး သွားဝယ်ရင် ၀ယ်မယ့်သူဗျ..။
၁၃၀၀ ဆို မြန်မာငွေ ၅ သောင်းကျော်မယ်လေ..။၅ သောင်းကျော်တန် ငါးနဲ့ ရခိုင်မုန့်တီ ချက်စားမယ်သူ့အကြံကို
ကျွန်တော့်မှာ ကြောက်အားလန့်အား တားလိုက်ရတယ်..။

ညောင်ရမ်းက ဘယ်လောက်ပင်ပင်ပန်းပန်း ရှာထားရပါစေ ..ငွေကိုလုံးဝမနှမျောတတ်တဲ့သူပါ..။
ပြောရရင် အဖြူလေးကို ခင်မင်စိတ် ၀င်ဘို့ ရက်သုံးဆယ်လောက် သီးခံပြီးပေါင်းရရင် ညောင်ရမ်းကို
ခင်ဘို့အတွက် မိနစ် သုံးဆယ်လောက်ပဲ လိုလိမ့်မယ်ထင်မိတယ်..။

ညောင်ရမ်းရဲ့ ခင်မင်ဘို့ အကောင်းဆုံး အချက်က စိတ်သဘောထား ကောင်းမွန်တာပါပဲ..။
သူ့နဲ့စကားပြောပြီးတဲ့သူတိုင်းသူ့ကို ခဏအတွင်း ခင်မင်စိတ် အလိုလို ၀င်မိကြတယ်..။
ဒါက ညောင်ရမ်း ရဲ့ စိတ်နေစိတ်ထားကို ပုံကြမ်းဆွဲပြတာပါ..။

နောက်နေ့တွေမှာ ညောင်ရမ်းရဲ့ ငယ်ဘ၀ အမှတ်တရတွေ ကို ပို့စ် အနေနဲ့ တင်ပေးပါ့မယ်...။
ကျွန်တော်တို့ ညောင်ရမ်းနဲ့ တွေ့တဲ့ အချိန်မှာ သူ့လုပ်ရပ်တွေက အနည်းငယ်ထူးဆန်းနေသလို...
ညောင်ရမ်းရဲ့ ငယ်ဘ၀ကလည်း ထူးထူးခြားခြား အဖြစ်လေးတွေ ရှိခဲ့တယ်လေ...။

ညောင်ရမ်းက သူ့ငယ်ဘ၀တွေအကြောင်း ပါးစပ်ပြော ပြောတာကို အဖြူလေးက လက်ရေးတိုနဲ့ လိုက်မှတ်ကာ
ကျွန်တော်က အကျယ်ချဲ့ပြီး တတ်နိင်သလောက် ပုံပေါ်အောင် ပြန်ရေးပါ့မယ်..။

21 comments:

may lay said...

Way , I'm first.

Ree Noe Mann said...

ကိုမြစ်ကျိုးက သူငယ်ချင်းတွေကို ချစ်တာပဲ။
ကောင်းတယ်ဗျာ။
ကျွန်တော်တောင် အားကျလာပြီ။
ကိုမြစ်ကျိုး ရဲ့ သူငယ်ချင်း ဖြစ်ချင်နေပြီ။

ခင်မင်လျှက်
ရီနိုးမာန်

may lay said...

အဖြူလေးရော ညောင်ရမ်း ရော သူငယ်ချင်းတော်ရ

မယ်။။ကန်စွန်းဥ ထည့်ပြီး ကျိုထားတဲ့ သာကူ
လာစားမယ်။

ကွာစေ့လေး said...

ဟိုင်း........

လာဖတ်သွားတယ်ဗျို့...... ကိုညောင်ရမ်းရဲ့ ငယ်ဘ၀ကို.... စိတ်ဝင်တစား ... စောင့်မျှော်လျက်.............

kaungkinpyar said...

ရေးပါ ရေးပါ သူငယ်ချင်း အကိုတွေ အကြောင်း စိတ်ဝင်းစားစွာ စောင့်နေပါတယ်

Phyo Maw said...

အင်တာဗျူဝါ စစ်စစ်ကို ဖြစ်ပါတော့လား
ကိုမြစ်ကျိုးအင်းရေ။
ကောင်းတယ်ဗျ။ ဆက်ရေး။
ကျနော်က လူတွေအကြောင်း ဖတ်ရရင် မညီးငွေ့ဘူး။ :D

thondrae said...

'ဒါလေးကမိတ်ဆက်ပွဲအခန်းနား ဖွင့် လိုက်တာပေါ့ နော်ကျနော်မျိုးကိုတော့ သနားငဲ့ ညှာသောအားဖြင့် ရေးနဲ့ ဂျာ post ပေါ်တတ်ထိုင်ရမြှေ ကာက်လို့ မုန့်  ဟင်းခါးချက်ရင်ခေါ်ကြွေးဦးနော် အလကားစတာ အဟီး တကယ်ကျောတာ ချစ်ခင်စွာဖြင့် 

တလနွန် said...

သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ရတဲ့ ကိုမြစ်ကျိုး ကို
အားကျမိပါရဲ့ ။ ကောင်း၏ ။
ပျော်ရွှင်ပါစေ
ကိုမြစ်ကျိုး

သီဟသစ် said...

ကိုပိုင်ရေ..

သူငယ်ချင်းကောင်းတွေရထားတာ ကိုယ်ကလည်းကောင်းလို့ပေါ့ဗျာ..

အားကျပါ၏..

အိုက်ခီလောက် said...

အကိုရေ အားကျတယ်ဗျာ အကိုလို ဘဝကို
သူငယ်ချင်းတွေ နဲ့ ပျော်ပျော်ပါးပါး နေရတာကိုလေ
တစ်ယောက်ကို တစ်ယောက် ဖေးမကူညီတာလေးကို
သဘောအကျဆုံးပါ အကိုလည်းခင်ရတာ
အင်မတန်ဝမ်းသာလိုက်တာ ဗျာ

ကိုညီမင်း said...

မျှော်နေပါ့မယ်..ရေးပါဗျာ...စောင့်ဖတ်နေတဲ့သူဗျာ....။
အညွှန်းကောင်းတယ်...

ကိုလူထွေး said...

သူငယ်ချင်းတွေက တကယ့် သမီးယေက်ဖတွေကို ခင်ဖို့ ကောင်းသားပါလား..

သူငယ်ချင်းကို ဆေးလိပ်ပြတ်အောင် စည်းရုံးနိုင်တယ်ဆိုတော့ ကွန်ဂရက် ကျူလေးရှင်း...

"ရက်သုံးဆယ်လောက် သီးခံပြီးပေါင်းရရင် ညာင်ရမ်းကို ခင်ဘို့အတွက် မိနစ် သုံးဆယ်လောက်ပဲ လိုလိမ့်မယ်ထင်မိတယ်.."
အဲဒီနိုင်ယှဉ်ပြထားတဲ့ အရေးအသားလေးက မိတယ်။

နောက်လဲ လာခဲ့ဦးမယ်...

Anonymous said...

လာထားမယ်နောက်တယောက်
ကောင်းပါ့ဗျာ....

သူကြီးမင်း (တုံးဖလား) said...

ကိုညောင်ရမ်းက မုန့်မျိုးစုံလုပ်တတ်နေမှတော့ ကိုမြစ်ကျိုးအင်းတို့ကတော့ ဇိမ်ဘဲဗျ။ နော်။

မိတ်ဆွေကောင်းကို နေ့လည်ခင်းကြီးမှာ မီးခွက်ထွန်းပြီး ရှာနေရတဲ့ခေတ်မှာ မိတ်ဆွေကောင်းရထားတဲ့ ကိုမြစ်ကျိုးအင်းကို အားကျသဗျာ။

Ko Boyz said...

ဟင်.. အဖြူလေးက လက်ရေးတိုတောင် တတ်တယ်။
ခေသူမဟုတ်ပဲဗျ...။
လက်ရေးတိုဆိုတာ စုံထောက်နဲ့ သတင်းထောက်က လွဲရင် ဘယ်သူမှ မတတ်တော့ဘူး။ ဒါတောင် ခုခေတ် ခါတော်မီ (တစ်ချို့သော) သတင်းထောက်များ တတ်တာ မဟုတ်ပါဘူး။

flowerpoem said...

ကိုမြစ်ကျိုးအင်းက သူငယ်ချင်းကံကောင်းတယ်ပြောရမယ်..

ဇော် said...

အကိုရေ. ဖတ်ပြီးတာ ကြာပေါ့။ ဒါပေမယ့် မန့်မရလို့ ခုမှ မန့်ရတော့တယ်။ အားကျတယ်ဗျာ။ အဟဲ။ ကောင်းလိုက်လေခြင်း။ =)

khin oo may said...

ဆက်ပြောပါဦါ် နားထောင်နေတယ။်

mgnge said...

အဟဲ
မျှော်နေတယ်

khin oo may said...

ဆက်ရေးဦးလေ.

သိ င်္ဂါ ရ said...

Blogging Sphere က နားလိုက်တာ သိပ်မှားသွားသလိုပဲဗျာ ... ။ အခုမှ Post တွေ အသည်းအသန် လိုက်ရှာဖတ်နေရတယ် ...။ ညောင်ရမ်း ကို စီးရီးလိုက်ဆွဲမယ် ... စ စိတ်ကူး ဖြစ်တယ် ... :)

 

Posts Comments

©2006-2010 ·TNB