ရင်ခွဲရုံမှ အဖြစ်အပျက် (နောက်ဆက်တွဲ)

21 April 2010

ဒီပို့စ်ကို အရှေ့ပို့စ်မှာ ဆက်မရေးဘဲ အသစ်သက်သက် အနေနဲ့ ရေးဖြစ်တာ အကြောင်းရှိပါတယ်။ ပထမပို့စ် တင်ပြီးထဲက အိမ်ကို ညတိုင်းဖုန်းထပ်ဆက်ဖြစ်တယ်။ ပိုတိကျတဲ့ သတင်းသိချင်သလို ကိုယ်ရေးထားတဲ့ စာအတွက်လည်း ခိုင်လုံမှု ရှိမရှိ သိချင်တာ အဓိကပါပဲ။ မြစ်ကျိုးအင်းက ကောလဟာလ ရေးတယ်ဆိုပြီး မထင်မြင်စေချင်တာလည်း ပါ ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီသတင်းတွေ အားလုံး မှားယွင်းနေတာ ဖြစ်ချင်ခဲ့ပါတယ်။ ဟိုဟာကြောက်ရ ဒီဟာကြောက်ရ အချိန်မှာ ထပ်ပြီး မထိတ်လန့်စေချင်တာ အမှန်ပါပဲ။ လူသားစားတယ်ဆိုတဲ့ အကျင့်ဆိုးကြီးလည်း တကယ်ကို မရှိစေချင်ပါဘူး။ ဒါကြောင့် ပိုတိကျတဲ့ အဖြေရဖို့ ညတိုင်းဖုန်းဆက်ဖြစ်ပါတယ်။


အရင်ညတွေမှာ ဖုန်းဆက်တော့ ကျွန်တော့်အစ်ကိုနဲ့ မဆုံတွေ့ဖြစ်ခဲ့ဘူး။ သူက အိမ်ပြန်လာတာ နောက်ကျတတ်တော့ စကားမပြောဖြစ်တာပါ။ ဒီတော့ အစ်မဖြစ်သူနဲ့ ပြောရင်း သူသိသလောက်တွေ ပြောပြတာကို ရေးခဲ့မိတယ်။ လူသေရင်ခွဲတဲ့ အဖွားကြီး ပြန်ပြောခဲ့တာတွေကိုလည်း ရေးဖြစ်ခဲ့တယ်။ မနေ့ညကတော့ အိမ်ကို ဖုန်းထပ်ဆက်ပြီး ပိုတိကျတာသိရအောင် ကျွန်တော့် အစ်ကိုကို ဒီနေ့ စုံစမ်းခိုင်းဖြစ်တယ်။ ဒါနဲ့ အစ်ကိုဖြစ်သူလည်း ထပ်စုံစမ်းပေးတယ်။ ဒီညထပ်ဆက်တော့ အစ်ကိုဖြစ်သူက သူသိသလောက် ပြောပြဖို့ စောင့်နေရှာတယ်။ သူပြောပြတဲ့ အကြောင်းအရာတွေ မရေးပြခင် အစ်ကိုဖြစ်သူရဲ့ စရိုက်ကို နည်းနည်း ရေးပြဖို့ လိုပါတယ်။


ကျွန်တော်နဲ့ ဆန့်ကျင်ဘက် စရိုက်ရှိတဲ့ အစ်ကို ဖြစ်သူက အကြောက်အရွံ့လည်း နည်းပါတယ်။ ရပ်ကွက်ထဲမှာ လူသေလို့ ကျွန်တော် အိမ်ပြင်မထွက်ရဲတဲ့ အချိန် သူက အဲဒီလူသေကို ရေချိုးပေးတာ အခေါင်းဝိုင်းသယ် ပေးတာက အစ လုပ်ပါတယ်။ လိုအပ်ရင် အသုဘ အစအဆုံး ကူညီပေးတယ်။ အိမ်ကတော့ သူ့ကို ရွာဆော်ကြီး လို့ ရွဲ့ခေါ်ကြတယ်။ အပေါင်းအသင်းလည်း စုံပါတယ်။ ဆေးသမားနဲ့ သိသလို ရဲစခန်းနဲ့လည်း ရင်းနှီးပါတယ်။ ဒါကြောင့် ရင်ခွဲရုံထဲအထိ လိုက်ကြည့်နိင်တာပါ။ ဒါတွေကို ရေးပြနေရတာက သူ့ရဲ့ အကြောက်အရွံ့ကင်းတဲ့ စရိုက်ကို သိစေချင်တာပါ။


အဲဒီစရိုက်ကြောင့်ပဲ သန်လျင်မှာ အလောင်းတွေ ပျက်တဲ့ ကိစ္စဖြစ်တော့ သူကိုယ်တိုင် ရင်ခွဲရုံထဲထိ သွားကြည့်ခဲ့တယ်။ ရင်ခွဲရုံထဲ အပြင်လူဝင်ဖို့မလွယ်ပေမယ့် သူဝင်ကြည့်တဲ့ပုံစံက သူ့သူငယ်ချင်း တစ်ယောက်နဲ့ ကပ်လိုက်သွားတာပါ။ သူ့သူငယ်ချင်းက တာဝန်ရှိသူ တစ်ယောက် ဆိုပါတော့။ အစ်ကိုဖြစ်သူ ပြောပြတဲ့အတိုင်း အစီအစဉ်တကျ ရေးရင် ဒီလိုပါ...



သန်လျင်မှာ ဒီကိစ္စ စဖြစ်တာက လွန်ခဲ့တဲ့ တစ်လကျော်လောက်ကပါ။ အခုဆိုရင် ၁၄ လောင်း ၁၅ လောင်း ရှိလာပါပြီ။ ဒါပေမယ့် ၇ လောင်းမြောက် အလောင်းတွေ ပျက်စီးသွားချိန်ရောက်မှ မြို့နေလူထုထဲမှာ သတင်းပြန့် စပြုလာတယ်။ ဒါပေမယ့် တော်တော်များများ ကတော့ ကောလဟာလ အဖြစ်ထင်ခဲ့ကြတယ်။ ထိခိုက်မှု တစ်ခုခုကြောင့် သေတဲ့ သူတွေမှာပဲ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ပျက်တာပါ။ ပုံမှန် နာမကျန်းဖြစ်ပြီး သေဆုံးသူတွေမှာတော့ မဖြစ်ပါဘူး။ ရှင်းအောင်ပြောရရင် လတ်လတ်ဆတ်ဆတ် အလောင်းတွေမှာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးရုံဘက်ကလည်း သတင်းမပြန့်အောင် ကြိုးစားတာကြောင့် တော်တော်နဲ့ မြို့နေလူထုတွေ မသိရသေးပါဘူး။

ကလေးအလောင်းတခုမှာ အရေပြားတစ်ချို့ ပျက်စီးသွားလို့ ဂျုံနဲ့ အရေပြား အတုလုပ်ပြီး အသုဘ ချပေးခဲ့ရပါတယ်လို့ ဆိုပါတယ်။ အလောင်းတွေရဲ့ ကိုယ်အင်္ဂါ ပျက်စီးနေတဲ့ ဓါတ်ပုံတွေကို ကိုယ်တိုင် မြင်ခဲ့ရပေမယ့် သူ့အနေနဲ့ ရယူဖို့တော့ မလွယ်ဘူးလို့ ပြောပါတယ်။ ခင်မင်မှုအရ ကြည့်ခွင့်ရပေမယ့် သူရယူဖို့တော့ အဆင်မပြေပါဘူး။ သူ့အတွက်လည်း ရှော့ ရှိနိင်တယ်လေ။

ဒီလိုနဲ့ မြို့နေလူထု ပိုသတိထားမိသွားတဲ့ အချိန်က ဗိုလ်ချုပ်ကျေးရွာက ဆိုက်ကားသမား ကားတိုက်ပြီး သေဆုံးသွားချိန်မှာပါ။ နောက်တစ်နေ့ အသုဘချတော့ အလောင်းက တစ်ချို့နေရာတွေ ပျက်စီးနေပါတယ်။ ဗိုလ်ချုပ်ရွာ ဆိုတာက သန်လျင်မှာ နာမည်ကြီးပါတယ်။ ရန်ပွဲအဖြစ်အများဆုံး နေရာလို့ဆိုရမယ်။ သွေးကြွသူများပြီး စရိုက်ကြမ်းတဲ့သူတွေလည်း ရှိတော့ သူတို့ အရပ်က အလောင်း ဒီလိုဖြစ်တာကို လက်မခံဘဲနဲ့ ပြောကြဆိုကြရင်း မြို့နေလူထုတွေ ပိုသိသွားရတယ်။ ဒါပေမယ့် သိပ်ကြောက်ဖို့ မကောင်းသေးဘူးလို့ပဲ ထင်မှတ်ထားကြတုန်း အားလုံး ထိတ်လန့်ရတဲ့ အဖြစ်တစ်ခု ထပ်ဖြစ်ပါတယ်။

ဆေးရုံအုပ်ကြီး အပါအဝင် တာဝန်ရှိသူတွေက ဒါဟာ တိရိစ္ဆာန် တစ်ကောင်ကောင်ကိုက်တာ ထင်ကြပါတယ်။ အဲဒီအချိန်မှာ ၂ လောင်းပြိုင် ထိခိုက်သေဆုံးမှု တစ်ခုဖြစ်လာခဲ့တယ်။ မိန်မနဲ့ ယောကျာ်း အလောင်းပါ။ ဒီတော့ တရားခံ သိရအောင်ဆိုပြီး သန်လျင် နာရေးကူညီမှုအသင်းထံက အလူမီနီယံ အခေါင်းငှားပြီး သေဆုံးတဲ့ အလောင်းတွေကို အခေါင်းထဲထည့်ထားခဲ့တယ်။ ကြွက် သို့မဟုတ် မြွေပါ ကြောင့်ဆိုရင် အလူမီနီယံ အခေါင်းကို ဖောက်ဝင်လို့ မရတာကြောင့် မနက်မိုးလင်းလည်း အကောင်းပကတိ ရှိမယ်လို့ ထင်မှတ်ထားကြပါတယ်။ ဒါနဲ့ အခေါင်းကို ပိတ်၊ ရင်ခွဲရုံရဲ့ အပေါက်ကိုပါ သော့ခတ်ပြီး တစ်ညတာ ထားထားလိုက်တယ်။

နောက်တစ်နေ့ အခေါင်းဖွင့်လိုက်ပြီး အုပ်ထားတဲ့ အဝတ်ဖြူဖယ်လိုက်တဲ့ အချိန်မှာ မိန်းမအလောင်းရဲ့ပေါင်နဲ့ ခြေသလုံး နေရာမှာ ဓါး(သို့) ထက်မြတဲ့အရာနဲ့ ပါးပါးလှီး(မွှန်း)ထားသလို တွေ့ရပြီး ယောကျာ်းအလောင်း မှာတော့ ဇက်နေရာ ဂုတ်ပိုးက အသားတွေလည်း ပွန်းပဲ့နေတာကို တွေ့လိုက်ရပါတယ်။ ဒီအလောင်း တွေကိုတော့ အစ်ကို ဖြစ်သူကိုယ်တိုင် မြင်ခဲ့ရပါတယ်။ သူဝင်ကြည့်ခဲ့တယ် ဆိုတာ အဲဒီအလောင်း တွေပါပဲ။

မကြာခင် သတင်းက ပြန့်သွားတော့ အားလုံး ထိတ်လန့် သွားကြရတယ်။ သူမြင်ခဲ့တဲ့ တခြား အလောင်းတွေရဲ့ ဓါတ်ပုံတွေမှာ တစ်ချို့အလောင်းတွေက အသီးအမှည့်ကို ကျီးထိုးထားသလို ဒဏ်ရာတွေ ဖွာနေပြီး တစ်ချို့အလောင်းတွေ မှာတော့ ထက်မြတဲ့ အရာနဲ့ လှီးဖြတ်ထားသလို ဖြစ်နေတာတွေ တွေ့ရပါတယ်။ များများစားစား ပြတ်ရှတာမျိုးလည်း မဟုတ်ဘူးတဲ့လေ။ နားရွက်အဖျားလေးတွေ ပဲ့တဲ့ အလောင်းလည်း ရှိပါတယ်တဲ့။

ဒါပေမယ့် အလောင်းတိုင်းမှာ ပဲ့တာတွေက အနည်းငယ်စီသာ ဖြစ်လို့ လူသားစားတယ် ဆိုတာတော့ ဖြစ်ဖို့မလွယ်တော့ပါဘူး။ ဒါကြောင့် လူသားစားအဘွားကြီး သတင်းက ဖြစ်ဖို့မလွယ်ပါဘူး။ ဒါပေမယ့် အဘွားကြီးကိုတော့ ရဲက ခဏခဏ ခေါ်စစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဆရာဝန်တွေ မပါဘဲ သူ့သဘောနဲ့ခွဲစိတ်လို့ မရနိင်တာ ထပ်သိရတော့ ဒါဟာလည်း အဘွားကြီးကိုယ်တိုင် အကြောင်းတစ်ခုခုကြောင့် ပြောခဲ့တယ်လို့ ထင်ရမှာပါပဲ။ လူသေတွေကို သူရင်ခွဲပေးရတာတော့ အမှန်ပါလို့ ပြောပါတယ်။ သူ့သဘောနဲ့သူ ကြိုက်တဲ့အချိန်ခွဲတာတော့ မဟုတ်ပါဘူး။

ရေခဲတိုက်ရဲ့ ပြတင်းပေါက်တွေက အရင်တုန်းကတော့ မှန်ပြတင်းပေါက်တွေပါပဲ။ အခုလို ပြဿနာတွေ ဖြစ်လာပြီးနောက်ပိုင်း သစ်သားတွေနဲ့ အသေရိုက်ထားလိုက်ပါတယ်။ ဒီနေ့လည်း ဘိလပ်မြေတွေ ထပ်လောင်းတယ်လို့ သိရပါတယ်။ အပေါက်မှန်သမျှ ပိတ်ထားပေမယ့် စီစီတီဗီ ကင်မရာ မတပ်ထားသေးပါဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ တရားခံကိုလည်း ရှာမတွေ့သေးပါဘူး။ နောက်ထပ် မတော်တဆ ထိခိုက်မှုကြောင့်သေတဲ့သူ ပေါ်လာမှ ကင်မရာတပ်မယ် ပြောပါတယ်။ အင်းဆက်ပိုးမွှားကြောင့် ဖြစ်တာလား ဆိုတာလည်း စစ်ဆေးနေဆဲပါပဲ။ ဒါပေမယ့် မကြာခင်မှာတော့ ဂျာနယ် တစ်ခုခုမှာ ကြွက်ကြောင့်ဆိုပြီး သတင်းထည့်ဖို့ ရှိတယ်လို့ ကြားရပါသေးတယ်။

ရင်ခွဲရုံထဲအထိ ဝင်ကြည့်ဖူးတယ်ဆိုလို့ ကြွက်သို့မဟုတ် မြွေပါ လိုအကောင်မျိုးကြောင့်လားဆိုပြီး ကျွန်တော် ဆက်မေးကြည့်တော့ လူသေအလောင်းတွေတင်တဲ့ ကျောက်ခုံက နှစ်ကာလကြာမြင့်မှုကြောင့် လူဆီတွေ အထပ်ထပ်ဝပြီး ပြောင်ချော နေတယ်တဲ့ ဒီတော့ အကောင်တစ်ကောင်ကောင် တက်ဖို့မလွယ်နိင်ဘူးလို့ ထင်မြင်ချက်ပေးပါတယ်။ သူ့ထင်မြင်ချက်သက်သက်ပါ (မှားနိင်ပါတယ်) ။

နောက်ထပ်ထူးဆန်းတာ တစ်ခုက အလောင်းတွေကို ပိတ်ဖြူအုပ်ထားတဲ့အတိုင်းပဲ နောက်တစ်နေ့တွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် ပိတ်ဖြူကို ဖယ်ရှားလိုက်တဲ့အခါမှာ လူခန္ဓာက အစိတ်အပိုင်းတွေ ထိရှမှုတွေ ဖြစ်ရတာကို တွေ့ရတယ် ဆိုတော့ အင်မတန် ထူးဆန်းနေတာ အမှန်ပါပဲ။ ပိတ်ဖြူဖယ်ထားတာ မတွေ့ရဘဲ ဒဏ်ရာတွေ တွေ့ရတယ်ဆိုတာတော့ စဉ်းစားရခက်ပါတယ်။

လူသေတင်တဲ့ ကျောက်ခုံကို ခွဲပစ်လိုက်ဖို့ နတ်စင်တစ်ရာ ဆရာတော်ကြီးက ပြောပေမယ့် ဆေးရုံရဲ့ တာဝန်ရှိသူက မခွဲသေးဘူးလို့လည်း ဆိုပါတယ်။ အခု ပိုဆိုးလာတာကတော့ နောက်ဆုံး ဖြစ်တဲ့ အလောင်းမှာပါပဲ။ သင်္ကြန်ကာလအတွင်းက ထမလုံရွာမှာ ဓါးထိုးမှုကြောင့် သေသွားရတဲ့ အလောင်းမှာ ပျက်စီးမှုက ယခင်ကထက် ပိုများလာတယ်လို့ ဆိုပါတယ်။ ဒါတွေက ဓါတ်ပုံတွေ ကြည့်ခဲ့ရသူက ပြန်ပြောပြတာပါ။

အခုသိရသလောက် အတိုချုပ်ရရင် ဒီပြဿနာရဲ့ အကြောင်းရင်းကို သေသေချာချာ မသိရသေးပါဘူး။ ပျက်စီးသွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက အနည်းငယ်မျှသာ ပျက်စီးတယ် (လူတစ်ယောက် စားလောက်ရုံလောက်အထိ မရှိပါ) ဆိုတဲ့အတွက် လူသားကို ဟင်းလျာ အဖြစ်စားသောက်တယ် ဆိုတာတော့ ဖြစ်ဖို့မလွယ်ပါဘူး။ သတင်းတွေထွက်နေသလို ပရလောကသားရဲ့ ဝင်ရောက်ပူးကပ်မှု ကြောင့် ဖဲ့တာ လှီးတာမျိုး ဖြစ်မဖြစ်လည်း စုံစမ်းနေပါသေးတယ်။ နောက်ထပ် တစ်လောင်းမှာတော့ ကင်မရာတွေ တပ်မယ်ဆိုလို့ တစ်ခုခု သိလာရမလားလို့ ထင်မိပါတယ်။

ပထမပို့စ် တင်ခဲ့ရာမှာ သတင်းအမှားတွေ ဖြစ်မှာစိုးစိတ်နဲ့ ညစဉ်ဖုန်းဆက်မေးဖြစ်နေတာပါ။ ကျွန်တော်က လတ်တလော လူစိတ်ဝင်စားတာမျိုး ရေးလေ့မရှိပါဘူး။ လူအများရေးတဲ့ စာ လိုက်မရေးချင်လို့ Tag Post တွေတောင် ရေးခဲပါတယ်။ ဒီစာကို ရေးဖြစ်တာ ကိုယ့်မြို့က အကြောင်းအရာ ဖြစ်နေတာရယ် ၊ ကြားရ သလောက်က စိတ်ဝင်စားဖွယ်ရာလေးတွေ ရှိနေတာရယ်ကြောင့် ပထမပို့စ်ကို ရေးဖြစ်ခဲ့တယ်။ အငြင်းပွားဖွယ်ရာတွေ ဖြစ်စေချင်လို့ တင်တာမဟုတ်ပါဘူး။

ပထမပို့စ်တင်ပြီးမှ ကိုယ်တင်တဲ့စာက သတင်းအမှားကြီး ဖြစ်နေမှာ စိုးရိမ်လာမိတာနဲ့ ထပ်စုံစမ်းပြီး ပိုတိကျတာ ရေးဖြစ်တာပါ။ လူအများသာ ထိတ်လန့်ဖွယ် မဖြစ်ဘူးရဆိုရင် ကျွန်တော်တင်တဲ့ ပို့စ်တွေ မှားနေရင်တောင် ကျေနပ်မှာပါ။ ပထမပို့စ်နဲ့ ကွဲလွဲတာတွေ ရှိနေလို့ ဒီပို့စ်ကို သပ်သပ် ထပ်ရေးပြီး တင်လိုက်ပါတယ်။ ရင်ခွဲရုံထဲအထိ ရောက်ပြီး အလောင်းတွေကို တပ်အပ်မြင်ခဲ့သူ တခြားအလောင်းတွေရဲ့ ဓါတ်ပုံတွေကိုပါ မြင်ခဲ့သူဆီက ပြန်ကြားရတာမို့လို့ ဒီပို့စ်က အကြောင်းအရာ တွေကတော့ မှန်ဖို့များပါတယ်။

ပိုတိကျတာ ထပ်သိလာခဲ့ရင်တော့ တင်ပေးပါ့မယ်။

52 comments:

မေဓာဝီ said...

တော်သေးတာပေါ့ အဖွားကြီးစားတာမဟုတ်လို့။
အကောင် တကောင်ကောင်ပဲ ဖြစ်ပါစေ ဆုတောင်းပါတယ်။
ထူးတော့ထူးဆန်းသား။ စိတ်ဝင်စားဖို့လဲ ကောင်းတယ်။
ပို့စ်တင်ပေးတာ ကျေးဇူးပဲ ကိုမြစ်ကျိုးအင်းရေ။

ဂျစ်တူး ( မုံရွာ ) said...

အင်းဗျာ---
တိကျတဲ့အဖြစ်မှန်ဆိုပိုကောင်းတာပေါ့-

စူး said...

ဘာပဲဖြစ်ဖြစ် ခိုင်လုံတိကျမှုမရှိပဲ တာဝန်ရှိသူတယောက်ပြောတာ မဟုတ်ပဲနဲ့ အဘွားကြီးကို ဖြစ်နိုင်ချေ၇ှိတာပဲဆိုတဲ့ စကားလုံးနဲ့ရေးထားတာကတော့ သိပ်စောလွန်းတယ်လို့မြင်ပါတယ်။ ဒါကြောင့် အောက်ကပို့စ်မှာ ဘယ်သူတွေလာရေးသလဲဆိုတာ အမြဲစောင့်ကြည့်နေဖြစ်တယ်။
ကိကိတို့ မအယ်တို့ရေးပေးလိုက်တဲ့ အမြင်ဟာ အဖြေကို ၇ှင်းသွားစေတယ်။
လူဆိုတာ စကားကားတတ်တယ်။အဲ့စကားကားတာကို အခြေခံပီးရေးတယ်ဆိုတာ သတင်းအမှန်မဟုတ်ဘူးလို့ထင်ထားတာ..အခုလိုနောက်ဆက်တွဲနဲ့ရှင်းပြမှပဲ စိတ်ထဲဘ၀င်ကျမိပါတယ်။ နောက်ဆက်တွဲကို ထပ်စောင့်နေပါ့မယ်။

ကျနော်က ပထမပို့စ်မှာတွက်တာ..
၁။အဘွားကြီးက ဆရာဝန်မဟုတ်သလို ဆေးဝန်ထမ်းမဟုတ်ဘူး
၂။ အဘွားကြီးက လွန်ခဲ့တဲ့၎ ..၅နှစ်ထဲက ရင်ခွဲတယ်ဆိုရင် ၁ယောက်ကို ၂၀၀၀၀ကျပ်ရတယ်ဆိုရင်.... တွက်ကြည့်ပါ။သူဌေးပဲ။ ဒါဆို သူများအ၀တ်ကိုအတင်းလိုက်လျှော်စရာမလိုဘူး။ပိုက်ဆံလည်းရှိတယ်။ဒါဆို သူ့မှာဈေးဖိုးလုံလောက်တယ်မဟုတ်လား.

ဒီအချက်တွေကြောင့် ဒီပို့စ်ကိုကျနော်ဘ၀င်မကျဖြစ်ခဲ့တာပါ။
ကျနော်က ကော်မန့်ပေးခဲပါတယ်။ဖတ်ရတာကိုပဲ နှစ်ခြိုက်သူပါ။

ဘာပဲဖြစ်ဖြစ် နောက်ဆက်တွဲကိုမျှော်နေပါတယ်။

စန္ဒကူး said...

ဖတ်ရတာရင်လေးလိုက်တာ။ ကြောက်လဲကြောက်တယ်

ကူးလွေ့ said...

ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ။
နောက်ဆက်တွဲ ကို မျှော်နေမယ်ဗျာ။
စိတ်ဝင်စား မိနေတုန်း သတင်းက ရပ်သွားတာနဲ့ ဆန့်ငင် ဆန့်ငင်ဖြစ်နေတာ။
ခုလို တကူးတက ပို့စ် ရေးတင်ပေးတာ ကျေးဇူးပါ။

သမီးကြီး said...

ကိုမြစ်ကျိုးအင်း တော့ဖုန်းဖိုးအတော်ကုန်နေပြီ နဲ့တူတယ်နော်။ ပိုက်ဆံကုန် လူအပင်ပန်းခံပြီး စေတနာနဲ့ပြောပြတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်ရှင်။ ထပ်သိရရင်လည်း ရေးတင်ပေးအုန်းနော်။

ပိုးပိုး said...

အားလုံးအမြင်ရှင်းသွားလောက်အောင် ရေးဖို့ဆိုတာ ကိုယ့်နိုင်ငံအခြေအနေအရ တကယ်ခက်ခဲပါတယ် ။ စာရေးသူက ဒီအကြောင်းဟာ ကောလဟာလမဟုတ်ဘူးဆိုတာ ပြောချင်တဲ့ရည်ရွယ်ချက် သပ်သပ်ပါပဲလို့ စိတ်ထဲခံစားမိပါတယ် ။ အားလုံးအဆင်ပြေချောမွေ့ပါစေ ကိုမြစ်ကျိုးအင်း....။ ကျန်းမာလို့ရွှင်လန်းပြီး ပို့စ်များစွာကိုလည်း ရေးနိုင်ပါစေလို့ နှစ်သစ်နဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော် ။

သူကြီးမင်း (တုံးဖလား) said...

စိတ်ဝင်စားသထက်ဝင်စားလာပြီ။ မျက်လှည့်တစ်ခုကို ကြည့်ရသလိုမျိုးခံစားရတယ်။ လောကကြီးမှာ ယုံကြည်ဖို့ခက်ခဲတဲ့ ဖြစ်ရပ်မှန်တွေကလဲ အများသားကလား။

ဖြစ်ရပ်ထူးရင် ထပ်သိချင်ပါသေးတယ်။

Anonymous said...

စေတနာထားပြီး အချိန်ကုန်ခံ ဖုန်းဖိုးကုန်ခံ စုံစမ်းပေးတဲ့ ကိုမြစ်ကျိုးအင်းကို ကျေးဇူးတင်ပါတယ်။
ပထမပို့စ်အောက်မှာ ပြည်ပက ရေးတဲ့ comment တစ်ခုကြောင့် ပြည်တွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာဝန် နှစ်ယောက်က ပြည်တွင်း ကျန်းမာရေးလောကရဲ့ ဂုဏ်သိက္ခာအတွက် ခုခံဖြေရှင်းမှုတွေ ဖြစ်လာရတာပါ။ ဒီဆရာဝန်နှစ်ဦးကိုလဲ ကျေးဇူးတင်ပါတယ်။ ကိုမြစ်ကျိုးအင်းရဲ့ စာကို ဝေဖန်လိုတဲ့စိတ်နဲ့ မဟုတ်ဘဲ ပထမကွန်မန့်ကြောင့် ပြည်တွင်း ကျန်းမာရေးလောကကို အထင်သေး မခံရအောင် သူတို့ ဝင်ဖြေရှင်းတာဆိုတာ ကိုမြစ်ကျိုးအင်းလဲ နားလည်ပေးမှာပါ။

မြန်မာပြည်မှာ တိုးတက်ပြီး အနောက်နိုင်ငံတွေကို ကျန်းမာရေး ဝန်ဆောင်မှုက သောက်သောက်လဲ ပြီးပြည့်စုံနေတာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒါလဲ ပြည်တွင်းက မငြင်းပါဘူး။ မယှဉ်အပ်တာကို သွားယှဉ်ပြီး... မြန်မာပြည်ထဲမှာ ဒါမျိုး ဖြစ်နေပြီလားလို့ သိသိနဲ့ မသိသလို လာမေးတာတော့ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။

ကိုဇော် said...

အဝတ်ဖြူကို မဖယ်ပဲ အသားစတွေ ပြတ်တောက် ပျက်ဆုံးနေတယ် ဆိုတော့ စဉ်းစားစရာပဲ. .
ဘာပဲ ပြောပြောလေ. . အချိန်တန်ရင် ပေါ်လာမှာပါပဲ။
ဒါမျိုးတွေ စိတ်ဝင်စားတယ်။

ဆက်စောင့်ကြည့်ကြတာပေါ့။

ဏီလင်းညို said...

မျှစ်ရေ.....
အဲ့ဒီလိုပဲနေမှာပါ....း))
ဒါနဲ့ ဖုန်းဖိုးအတော်ကုန်သွားမှာပဲကွယ်.....း))
စောင့်ဖတ်နေဦးမယ်....
ခင်မင်တဲ့
ဏီလင်းညို

ကာရံဆူး said...

ဒီဖြစ်ရပ်က လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ဖြစ်နေတယ်ဆိုတော့..သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ အပူတပြင်း စုံစမ်း စစ်ဆေးမှုတွေ ၊ စီစီတီဗီတွေ တပ်ထားသင့်တယ်လို့ မြင်မိပါတယ်...ခုလိုမျိုး ပေါ့ပေါ့ဆဆ လုပ်တော့ မလိုလားအပ်တဲ့ ထိတ်လန့် မှုမျိုးတွေ ပြည်သူကြားထဲ ပျံ့ နှံ့ ကုန်တာပေါ့...CCTV ရဲ့ ကုန်ကျစရိတ်က ဘယ်လောက်မှ မများပါဘူး...နိုင်ငံတော်မှာ ဒီလိုမျိုး လိုအပ်တဲ့ စရိတ်တွေကိုတောင် အကုန်အကျမခံနိုင်ဘူးလား...အလောင်းရဲ့ အသားစတွေက တစ်ချို့ က ကိုက်ထားသလို တစ်ချို့ က လှီးထားသလို ဖြစ်နေတယ်ဆိုတော့ တော်တော်ကို စဉ်းစားရကြပ်ပါတယ်...အဖြေမှန် သိဖို့ သက်ဆိုင်ရာတွေမှာ တာဝန်အများကြီးရှိတယ်လို့ ယူဆမိပါတယ်... အချိန်ကုန် ငွေကုန် လူပန်းပြီး ပို့ စ်တင်ပေးတဲ့ ကိုမြစ်ကျိုးကိုလဲ ကျေးဇူးအများကြီးတင်မိပါတယ်..

ဒဏ္ဍာရီ said...

မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ တသင်းကလည်း စိတ်ဝင်စားစရာ ကောင်းနေပြီနော်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ဖော်ထုပ်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ရွှေရတုမှတ်တမ်း said...

ဖြစ်ရပ်မှန် ဂမ္ဘီရတော့ ဖတ်ဖို့ပြင်နေတယ်..ကိုမျှစ်ချိုးရေ့

မောင်မိုး said...

အင်တာနက်မှာ ပျံ့နှံ့နေတဲ့ တခြားကောလဟာလလိုသတင်းမျိုးထက်စာရင် ဖတ်ရတာ ကျေနပ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲလေ။ အခုလို ငွေ၊ အချိန်တွေ ရင်းနှီးပြီး တင်ပြပေးတာ ကျေးဇူးပါဗျာ။

kaungkinpyar said...

ဟို တရက်က သတင်းဖတ်ပြီး အဘွားကြီးစားတယ် ပဲ မှတ်နေတာ..လန့်စရာ..

အဖြူရောင်နတ်သမီး said...

ရင်ခွဲရုံထဲကို ဝင် နိုင်ဖို့ဆိုတာ သော့ရှိမှ ရမှာလေ..၊
အတွင်းလူတယောက်ယောက်ပါနေမယ်ထင်တယ်နော်..။
လူတွေရဲ့စိတ်တွေကို အာရုံပြောင်းတာရော မဖြစ်နိုင်ဘူးလား....

Anonymous said...

ဟုတ်တယ်နော်
အပေါ်ကအဖြူရောင်နတ်သမီးလေးပြောသလိုဘဲ--
နိုင်ငံရေးအကျပ်အတည်းကိုလူတွေအာရုံပြောင်းတာရော
မဖြစ်နိုင်ဘူးလားခင်ဗျာ-စဉ်းစားရမယ်နော်

tinmoelintun said...

သေချာပါတယ်။ ဒါဟာ... တယောက်ယောက်က ခိုင်းလို့ တယောက်ယောက်က လုပ်တာပါ။ အဖြစ်သဘောပဲလုပ်တာ သေချာကြည့်ရင် သိသာပါတယ်။

Flower said...

လူသားစားတဲ့ဇာတ်မဟုတ်တာဘဲ တော်လှပြီ..
ဘာဘဲဖြစ်ဖြစ် စေတနာနဲ့ သတင်းမှန်သိရအောင်
အပင်ပန်းခံပြီး စုံစမ်းပေး၊ ရေးပေးနေတာ ကျေးဇူးပါ..
စိတ်ဝင်စားစရာမို့လဲ အမှန်ကို အမြန်ဆုံးသိချင်မိတယ်..
ဆက်လက်ပြီးထောက်လှမ်းပါဦး.. မိမြစ်ရေ...

Khyl said...

ကြောက်စရာကောင်းလိုက်တာ ကိုမြစ်ရေ...

kiki said...

အိပ်စိုက် စုံထောက်ကြီး အကယ်ဒမီမြစ် လည်း ဒီအမှု မပေါ်မချင်း ဖုံး ဘိုး နဲ့ မွဲ နိုင်တယ် ။ အိုဗာတိုင် များများ ဆင်းဖို့  အားမွေးထားပါ လို့  ဦးစွာ ပထမ အကြံပြု လိုပါတယ် ။

CCTV ကင်မရာ တပ်ဖို့ က အထက် ကို အဆင့်ဆင့် တင်ပြ နေရတာ နဲ့ နောင်ဘယ်လောက်ကြာမှ တပ်ဖြစ်မယ် မသိ ။
တပ်ဖြစ်ရင်တောင် မှ မီးမလာ တာ နဲ့၊ မီးအား မပြည့်တာ နဲ့ ပုံတွေ ရိုက်လို့ ရမယ် မထင် ဘူး။
ဒီတော့ နေ့ တိုင်း တော့ ဖုံးဘိုးအကုန်ခံ ဆက် မေးမနေ ပါ နဲ့ အုံး ။ တပါတ် တခါ လောက် ဆိုရင်တောင် အကြိမ်များစွာ ဆက်နေရအုံးမယ် ထင်တာ ပဲ ။

မြို့ နယ်ဆေးရုံ က မှု ခင်းဆရာဝန် နဲ့ မြို့နယ်ရဲတပ်ဖွဲ့ ၊ တို့ ရဲ့  အစီရင်ခံစာ တွေ အကြောင်း သိနိုင်ရင် ပိုကောင်းမယ်ထင်တယ် ။
( ဒါတွေ သိရဖို့လည်း အရင်းအနှီင်္း များစွာ လိုအပ်ပါအုံးမယ် ....း))

ahphyulay said...

အင်း ....
ဟိုး ပြီးခဲ့ တဲ့  နှစ်တွေ တုံးက လူကုံတန် ရပ်ကွက် ကြီး
တစ်ခု မှာ မိသားစု လိုက် သေနပ် ပစ် ခံရ ပြီး သေဆုံး
ခဲ့  ရတဲ့ ၊ ယနေ့  အချိန် ထိ လက်သည် မပေါ် နိုင်
သေးတဲ့  အမှု လိုပဲ စိတ်ဝင်စား ဖွယ် ကောင်းလာ ပါတယ်။
ဒါပေမဲ့  ဒီအမှု ကတော့  နောက်ကွယ်မှာ အဖြေ တစ်ခု
ရှိနေတာ သေချာ နေပြီ လို့  ထင်ပါတယ်။
လက်သည် ပေါ် လာမှာပါ ။

HAPPY CLOUD said...

ကဲ.. ဒီလိုဆို ဒီအမှုကို ပေါင်ချိန်လက်ထဲ အပ်ရတော့မယ်။း)

sosegado said...

မအားတာနဲ့၊ နောက်ဆက်တွဲ အသေးစိပ်ကို ခုမှာဖတ်ရတယ်၊ သတင်းဆုံးတဲ့ထိ ကိုမြစ်ကျိုး ဆီမှာ စောင့်ဖတ်နေမယ်၊ ကျေးဇူးပါပဲ

ဆလူး said...

ဘာမှမဟုတ်ဘူး ပါးပါးကွက်ပဲ ထိုင်ဝမ်ကနေ အဲဒီကို ပျံပြီးတော့ သွားစား တာ သိသားပဲ ဟွင့်

အင်ကြင်းသန့် said...

ကိုမြစ်ကျိုးအင်းရေ...ဖတ်ရတာ အရမ်းကို စိတ်ဝင်စားစရာကောင်းလှသလို ကြက်သီးလည်းထပါရဲ့... ကျောချမ်းစရာကြီးနော်...အဖြစ်မှန်ကို မြန်မြန်ပေါ်စေချင်တယ်...မကြောက်မရွံ့ သတ္တိရှိရှိစုံစမ်းပေးတဲ့ ကိုမြစ်ကျိုးအင်းရဲ့ အစ်ကိုကိုရော တစ်ကူးတစ်က စေတနာထားပြီး နေ့စဉ်ဖုံးဖိုးအကုန်အကျခံ ဆက်သွယ်မေးမြန်းပေးတဲ့ ကိုမြစ်ကျိုးအင်းကိုရော ကျေးဇူးတင်ပါတယ်...

အိုက်ခီလောက် said...

ကိုကျိုးရေ တောင်ကြီးဖန်မရီးက လူတွေ သို့ လော သို့ လောနဲ့ ဖြစ်နေကြတယ်
လူသားစားတယ်ဆိုတဲ့သတင်း ကြားပြီးကတည်းက
ဒါကြောင့် ကိုကျိုး ရဲ့ ပိုစ့်ကို တောင်ကြီးမိသားစုမှာ
ညီ အမှန်ကို သိစေဖို့ ပြန်ပြီး ကူးယူဖော်ပြလိုက်ပါတယ်
အကိုနာမည်နဲ့ သေချာ ဖော်ပြ ပေးလိုက်တာပါ
အကို ခွင့်ပြုမယ်လို့ လည်း ယူဆ မိပါတယ်
အမှန်ကို အမှန်အတိုင်း မြင်စေချင်လို့ ခြင်းသတ်သတ်ပါ
အကို ရဲ့  ပထမ ပိုစ့်နဲ့ ဒုတိယ ပိုစ့် နှစ်ခုလုံး ဖော်ပြပေးလိုက်တာပါ
ချစ်ကိုရေ ခွင့်တောင်းပြီးတင်လိုက်ပြီနော် အာဘွာစ်းးးးးးးး

ညလင်းအိမ် said...

စဉ်းစားစရာပဲဗျာ ..
စိတ်ဝင်စားလာပြီ ...
ထူးလည်းထူးဆန်းတယ် ...
အကြောင်းတခုခုတော့ ရှိမယ်ထင်တယ် ...

အမလေး ကြက်သီးလည်း ထတယ် ...
နောက်ဆို ညလာမဖတ်တော့ဘူး ... :)

အကြမ်းထည် said...

အိုင် ဆေး...ကိုနှင်းမောင် !! ဧကန္တ မဟုတ်မှ လွဲ ရော.....ဟုတ်မှ မလွဲသော... :P

ဆထက်ပိုးတိုး လို့ အလွတ်စုံထောက်ကြီး ဖြစ်နိုင်ပါစေဗျား။

Anonymous said...

ထူးဆန်းပါပေ့ဗျာ။ အကြောင်းတခုခုတော့ ရှိမယ်ထင်တယ်...။

ကိုအောင် said...

သတင်းတွေ ထပ်သိရရင် ပို့စ်တင်ပါအုံး၊ စိတ်ဝင်စားစရာပဲ၊ ကင်မရာအစီအစဉ်ဖြစ်ရင် ကောင်းမယ်။

မြတ်မွန် said...

ညဘက်လူစုပြီး အနားနားမှာ ဗီဒီယိုနဲ့ သွားချောင်းရိုက်ချင်တယ်..
အမလေး ပြောတာ ပြောရတာ ကြောက်တယ်ဗျို့..
တစ်ယောက်ယောက်များ လုပ်ကြံနေတာလား မသိဝူးနော်..အပြင်မှာ ဒါမျိုး တကယ်ရှိနိုင်ပါ့မလား..ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးတာ..စိတ်ဝင်စားဖို့တော့ တော်တော်ကောင်းတယ်..
တရုတ်ပြည်မှာတော့ လူသားစားတဲ့မိန်းမ တစ်ယောက်ရှိတယ်နော်..တကယ့်အပြင်မှာ ..လူသားတွေကို အပိုင်းပိုင်း ဖြတ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားတာ..ပုံတွေတောင် ကြည့်လိုက်ရသေးတယ်..နောက်တော့ ရဲတွေက ဖမ်းမိလိုက်တယ်..ပုံကြည့်ရတာတော့ ကြောက်စရာကောင်းတယ်..သွေးသံတရဲရဲနဲ့..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ကိုမြစ်ရေ..

ဖြစ်ရပ်မှန်ကို ရရှိဘို့ ကြိုးစားအားထုတ်ပြီး တင်ပြထားတဲ့ စာရေးသူရဲ့ စေတနာကို အတိုင်းသား မြင်နေရပြီ။
ထူးခြားရင် ဆက်ပါအုံး။

ကိုမျိုး (အညာမြေ)

သဒ္ဓါလှိုင်း said...

အရေးကြီးတဲ့အချိန်တွေမှာ လှည့်ကွက်တွေအမျိုးမျိုးဖန်တီး
တတ်တယ်လို့ထင်တယ်။အာရုံအမျိုးမျိုးပြောင်းတတ်တယ်။
တကယ်သာလူသားစားတာမှန်ခဲ့ရင် ဇာတ်တူသားစားရင်
အမျိုးပျက်တတ်တယ်လို့ကြားဖူးတယ်။
ခင်တဲ့
သဒ္ဓါ

ဂျစ်တူး ( မုံရွာ ) said...

အင်း----
စဉ်းစားစရာဘဲဗျ-
ကိုလူထွေးနဲ့ ကိုမြစ်ကျိုးအင်း နဲ့အတူတူပေါင်းပြီးတော့
ဘာတွေများကြံစည်နေကြတာလည်းမသိဘူး-
ဘလောက်တွေကိုမလာရဲအောင်များခြောက်နေကြတာလား
မသိပါဘူးဗျာ-

SHWE ZIN U said...

ဆားပုလင်း ကိုမြစ်ကျိုးရေ

ဒီအမှု့ကတော့ ဆားပုလင်းကိုင်မှ အမှု့သဲလွန်စ တွေ့တော့ တာဘဲ တရားခံပေါ်တဲ့ အထိ အမြန် ထောက်လှန်းပါ..

ဖုန်းဘိုး နဲ့ အတော်ကုန်သွားနိုင်၏..

ခင်မင်လျှက်
ရွှေစင်

YoungGun said...

အသည်းတယားယားနဲ့ ဖတ်သွားတယ်ဗျ အပေါ်ပို့စ်ကနေ အောက်ပို့စ်ဆီ ငုံ့ဖတ်ဖြစ်ပြန်ရော။ ဒါပေမဲ့ အဖြေက မသဲကွဲသေးလို့ ခို့လို့ခုလု ဖြစ်ရတယ်။ အခု တစ်ပတ် လျှပ်တပြက်မှာတော့ အဘွားကြီးနဲ့ အင်တာဗျူးရာမှာ မဟုတ်ဘူးလို့ ငြင်းထားလေရဲ့။

Anonymous said...

ကြောက်တယ်။ ပြန်ပြီ။

winnie pooh

purplemay said...

အစ်ကိုမြစ်ကျိုးအင်းရေ့....forward mail ကနေ ဒီအကြောင်းကြားကြားရချင်းတော့ လုံးဝကိုမယုံတာပါ ။ ဒါပေမယ့် တော်တော်များများပြောလာကြပြီး အစ်ကို့ ပထမပိုစ့်ကို ဖတ်လိုက်ရတော့ တစ်ခုခုတော့ တစ်ခုခုပဲဆိုပြီး အရမ်းကိုစိတ်ဝင်စားမိတာပါ ။ အပင်ပန်းခံ ၊ ဖုန်းဖိုးအကုန်ခံ စုံစမ်းပြီး ရေးပြတာ ကျေးဇူးပါ ။ ဘာလဲဆိုတာတော့ အရမ်းသိချင်နေပါတယ် ။ ပိတ်ဖြူအုပ်ထားတဲ့ အလောင်းတွေ နောက်နေ့မှ ဒီအတိုင်းပဲဆိုတာကို တော်တော် စိတ်ဝင်စားတယ် ။ တစ်စုံတစ်ခုက ဗမာပြည်ရဲ့ ဒီလိုအချိန်မှာ ဒီလိုမျိုး အာရုံပြောင်းအောင် လုပ်နေလားမသိနော်...။ ဒါကညီမအထင်သတ်သတ်ပါ ။ နောက်ဆက်တွဲသတင်းကို စောင့်နေပါကြောင်း...း)

Dream said...

လှည့်ကွက်.....

သံလွင် HeRo said...

human mutilation ????

Anonymous said...

လျှပ်တစ်ပြက်မှာ ပါတဲ့ အဘွားကြီးနဲ့ အင်တာဗျူး လိုက်ရှာတာ မတွေ့ဘူး။ လင့်ပေးပါလား

ကိုညီမင်း said...

အင်တာနက်ဖြတ်ထားလို့ဗျို့ ရရခြင်းပြေးလားတာ တကယ်စိတ်ဝင်စားစရာပဲ သတင်းထူးလည်းသိချင်တယ် ကိုမြစ်ကျိုးလည်း ကျေးဇူးတင်ပါတယ်ဗျာ။အဆင်ပြေပါစေ။

ဖြိုးအောင် said...

ဖုန်းဘိုးအကုန်ခံစုံစမ်းပေးတာ ကျေးဇူးပဲအကိုရေ..ြ
ဒီသတင်းကြားထဲက သိချင်နေတာ။
စောင့်ဖတ်နေမယ်ဗျာ...

Anonymous said...

Is there any updating news? Really interesting on this case! Kindly update for us. Thanks for u prompt info.

ရွှေနတ်သား said...

အပင်ပန်းခံပြီး တိကျတဲ့ သတင်းထုတ်ဖော်ပေးလို့  ကျေးဇူးတင်ပါတယ်ခင်မျာ
အခုနောက်ဆက်တွဲလေးေ၇ာစောင့်ဖတ်နေပါ့မယ်
ကျောင်းတုန်းက ညဆိုဂီတာတီးပြန်၇င် ရင်ခွဲရုံကဖြတ်ပြန်၇တယ်ဗျ...အလောင်း၇ှိ၇င်
ပြတင်းပေါက်တွေဖွင့်ပြိးးမီထွန်းထားတော့
ကျော်တက်ပြီးစပ်စုကြတာ..
အခုလိုမျိုးတော့တခါမှမကြားဘူးဘူးဗျ

Anonymous said...

ဖတ်ပြီးကြောက်လို့ .. ခုနကရေချိုးမလို့ ရေချိုးခန်းတောင်မသွားရဲ့တော့ဘူး..။
လူသားစားတာတော့ မဖြစ်ပါစေနဲ့..။

Anonymous said...

phystate.blogspot.com စုံထောက်ကြီးကိုအောင် ပျူနိုင်ငံ ကို အမှု့ အပ်ပါလား။ သူက သရဲတွေ သဘက် တွေ ဖမ်းတာ ဖော်ထုတ်တာ သိနေ တာ များ တယ်။ အခုလောလောဆယ် အမှု့ တခုအကြောင်းရေးနေတာ အပိုင်း၎ရောက်နေတယ် ဆက်သွယ်ကြည့်ပါလား
ဆောင်း
saundoo.blogspot.com

သိင်္ဂါကျော် said...

စိတ်ဝင်စားစရာ တော်တော်ကောင်းတယ်..
ပရလောကသားလား.. စိတ္တဇသမားလား တစ်ခုခုပဲ..
အဖြေသိချင်လာပြီ CCTV တပ်လိုက်ရင်တော့ သိရမယ် ထင်ရတာပဲနော်.. တကယ်စွမ်းတဲ့ အကြားအမြင်သမား တစ်ယောက်လောက် ရှိရင်လည်း ကောင်းမှာပဲ..

Anonymous said...

Bro

Any news ?

Anonymous said...

ကျေးကျေး

 

Posts Comments

©2006-2010 ·TNB