ညောင်ရမ်းရဲ့ ငယ်ဘ၀...(၁)

16 May 2009

ကျုပ်အကြောင်းပြောရရင် ကျုပ်နေတာက မွန်ပြည်နယ် ပေါင်မြို့လို့ခေါ်တဲ့မြို့ဗျ...။
ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားဖူးသွားတဲ့ လမ်းပေါ်ကမြို့ပေါ့...။
ကျုပ်နေတဲ့ရပ်ကွက်နာမည်က ၄ ရပ်ကွက်တဲ့...ပြောတော့သာ ရပ်ကွက်ပေါ့ဗျာ..တကယ်တော့ ရွာပုံစံပါပဲ..။
လွန်ခဲ့တဲ့ အနှစ် ၄၀ နားနီးနီး ဆိုတော့ လည်းမဖွင့်ဖြိုးသေးဘူးပေါ့လေ..။
အဲဒီမှာ မွေးပြီး အဲဒီမှာပဲ ကြီးပြင်းခဲ့တယ်ဆိုပါတော့..။

ကျုပ်ငယ်ငယ်က အင်မတန် ကမြင်းသာကလား...။အဆော့လည်း အရမ်းသန်တယ်...။
မြေးတွေထဲမှာလည်း ကျုပ်က တစ်ဦးထဲသော မြေးယောကျာင်္းလေးဆိုတော့ အဘိုးအဘွားက အချစ်ပိုကြတယ်..။
ရွာမှာဆို ကျုပ်တို့ အဘိုးအဘွားက လူချမ်းသာ စာရင်းထဲမှာပါတယ်ဗျ...။ဘာကြောင့်လဲတော့ မသိဘူး သူတို့က
ကျုပ်ကို အပြင်ကို ပေးမထွက်ဘူး တခြားကလေးတွေနဲ့လည်း မပေါင်းရဘူးတဲ့လေ...

ကျုပ်ကတော့ ကလေးပဲဗျာ ဘာမှမတွေးဘူး စိတ်ထဲမှာ ကစားဘို့ပဲ ရှိတယ်..။အပြင်ကို ရအောင် လစ်ထွက်ပြီး
တခြားကလေးတွေနဲ့ သွားကစား ရင် အဘိုးက ကျုပ်ကို လိုက်ရှာတာပဲ...။ကျုပ်မှာ ကစားသာ ကစားရတယ် စိတ်က
တယ်မဖြောင့်လှဘူး ဘယ်အချိန်များ အဘိုးရောက်လာမလဲ လှည့်ကြည့်လှည့်ကြည့်နဲ့ ကစားရတာကိုးဗျ..။
အဘိုးကြောင့် ကျုပ်လည်း ရေငုပ်ကျွမ်းကျင်ခဲ့ရတာ..အဲဒါအကြောင်း နောက်နေ့မှ ပြောပြမယ်ဗျာ..။

ကျုပ်အမြဲတမ်း မှတ်မှတ်ရရ ရှိခဲ့တဲ့ ကလေးဘ၀ အဖြစ်အပျက်လေး အရင်ပြောမယ်...။

ကျုပ်ငယ်ငယ်က သူများနဲ့ မတူတဲ့ အကျင့်တခုရှိတယ်..။အဲဒါက လမ်းသွားရင် လက်တကမ်းက တွေ့သမျှ
အရွက်ခူးပြီး ပါးစပ်ထဲထည့် ၀ါးတတ်တဲ့ အကျင့်ပဲ....။
အဲဒီအကျင့်က မကောင်းမှန်းတော့သိတယ်ဗျ...ဒါပေမယ့် မပြင်နိင်ဘူး...။
ဘယ်ကနေဘယ်လို အဲဒီအကျင့် စွဲသွားမှန်းလည်း သတိမထားခဲ့မိပါဘူးဗျာ.။။

အဲဒီအကျင့် ဘယ်လောက်အထိ စွဲသွားလည်းဆို အိမ်ကဈေးဆိုင်လွှတ်ပြီး တခုခု သွားဝယ်ခိုင်းရင်
ကျုပ်က လမ်းတလျှောက် တွေ့သမျှအရွက် ခူးပြီး ၀ါးရင်းနဲ့သွားတာဗျ...။
ဝါးစရာမတွေ့ရင် အမေပေးလိုက်တဲ့ ပိုက်ဆံကို ၀ါးသွားတာ....
ဈေးဆိုင်လည်းရောက်ရော အမေပေးလိုက်တဲ့ ပိုက်ဆံလည်းဗိုက်ထဲရောက်ရောပဲ....။

ကျုပ်အမေကတော့ စိတ်ဆိုးတာပေါ့ဗျာ....စိတ်ဆိုးတော့ ကျုပ်ကို ရိုက်တာပဲ...။
မွေးတုန်းက မွေးပြီး ဒီလောက်ပိုက်ဆံလေးတော့ မနှမျောသင့်ဘူးလို့ ကျုပ်တော့ထင်တာပါပဲဗျာ..။
ကျုပ်ကတော့ အမေ ရိုက်လည်း ရိုက်ရိုက်ပဲဗျ....အဲဒီ့ အကျင့် တော်တော်နဲ့ မပျောက်ဘူး..။
အမေကတော့ စိတ်ဆိုးဆိုးနဲ့ နင်က ဆိတ်သေလို့ ၀င်စားတာတဲ့ ကျုပ်ကိုပြောဖူးတယ်..။
ဟုတ်မဟုတ်တော့ မသိဘူးဗျ...။

မှတ်မှတ်ရရ တခါကတော့ အရွက်အ၀ါးကောင်းလို့ ကျုပ်မီးပုံထဲရောက်ခဲ့ဖူးတယ်..။

ကျုပ်တို့က ဆောင်းတွင်းဆိုရင် ခြံထဲမှာ မီးလှုံတဲ့အလေ့ အထ ရှိတယ်..။
အဲဒီနေ့က ထုံးစံအတိုင်းကျုပ်တို့ ခြံထဲမှာ မနက်စောစော မီးလှုံ ကြတယ်။
အဖေကတော့ ပက်လက်ကုလားထိုင်လေးမှာ ထိုင်ရင်းမီးလှုံနေတယ်။
အမေကတော့ သစ်ရွက်စ အမှိုက်သရိုက်တွေ လှဲနေတယ်...။

ကျုပ်လည်း မီးလှုံရင်း ဘာရယ်မဟုတ်ဘူး ဘေးကတွေ့တဲ့ အရွက် ဆွဲပြီး ၀ါးလိုက်တာ ကံဆိုးချင်တော့
ပိန်းကြားရွက် ဖြစ်နေပါလေရော...။
နဲနဲဝါးမိတော့ ပါးစပ်ထဲမှာ ယားလိုက်တာဗျာ..အခုပြန်တွေးရင်တောင် ယားကျိကျိနဲ့...။

ကျုပ်က ပါစပ်ယား လို့အော်ငိုမိတာပေါ့..။ဒါကိုအဖေက မဖေးမတဲ့အပြင် အမြင်ကပ်ကပ်နဲ့
“မအေပေး ဒီလောက် ၀ါးချင်အုံး” ဆိုပြီး ကျုပ်ကို ဆောင့်ကန်လိုက်တာ မီးပုံထဲ လေးဖက်ထောက်ပြီး
ကျသွားတော့တယ်။

မီးပုံထဲရောက်တော့ ယားတာတောင် ဘယ်ပျောက်သွားလဲမသိဘူး ကြောက်ကြောက်နဲ့ အတင်းလူးလဲထရတယ်..။
အမေလည်း ကဗျာကယာ အိမ်အောက်မှာ ထားတဲ့ မရမ်းပြား ခြောက်တွေပြေးယူပြီး ကျုပ်ကို မြန်မြန် ၀ါးခိုင်းရတယ်။
ကျုပ်လည်း မရမ်းပြားတွေ ဗလုံးဗထွေးနဲ့ ၀ါးရတာပေါ့..။

မရမ်းပြားခြောက်က အယားပြေတယ်ဆိုပဲ....
ပါးစပ်ယားတာတော့ ပျောက်တယ်ဗျ ကျန်တာတွေ ပျောက်မပျောက်တော့ သိဘူးရယ်။

အဲဒီတုန်းက ကျုပ် အသက် ဘာရှိအုံးမလဲဗျာ...၅နှစ် ၆နှစ်လောက်ပဲ ရှိအုံးမယ်..။
မီးပုံထဲရောက်ခဲ့လို့ ခုထိကို မှတ်မိနေသေးတာ...။
အဲ့ဒီအကျင့်လား....တော်တော်နဲ့တော့ မပျောက်ဘူးဗျ...။

ဒါပေမယ့် လမ်းမှာတွေ့တဲ့ အရွက်တော့ သေသေချာချာ ကြည့်ပြီးမှ ၀ါးဖြစ်တော့တယ်....။
တော်ကြာ ပိန်းကြားရွက်တို့ ခွေးသေးပန်းရွက်တို့ ဖြစ်နေရင် ကျုပ်ပဲဒုက္ခရောက်မှာကိုးဗျ..။
...ဒီလောက်တော့ကျုပ် သိပါတယ်ဗျာ...။


20 comments:

may lay said...

လာဖတ်သွားတယ်ဗျို့...... ကိုညောင်ရမ်းရဲ့ ငယ်ဘ၀ကို

yehtutnaung said...

ဟား ဟား.. အတော်ဝါးတဲ့ ညောင်ရမ်းပဲဗျာ။

သူကြီးမင်း (တုံးဖလား) said...

ကိုမြစ်ကျိုးက အရမ်းလဲ အ၀ါးသန်သကိုး။
ရုံးဝန်ထမ်းအလုပ်ကိုတော့ မလုပ်နဲ့ပေါ့ဗျာ။
ဟဲ ဟဲ။

ဆက်ဝါးနိုင်ပါစေ.. အဲ အဲ... ဆက်ရေးနိုင်ပါစေ။

မြူးသျှရီ said...

ညောင်ရမ်း.အကြောင်းလာဖတ်သွားတယ်အကို

Anonymous said...

ဟိုင်း ......

ကိုဆိတ်ကြီး အကြောင်း လာဖတ်သွားပါတယ်....
ဆက်ရးဗျို့........ အားပေးလျက်.......

ကိုရင်နော်ခင်လေးငယ် said...

ဟဟား.. ဝါးတယ်ဟ..
အင်း.. တော်ပါသေးရဲ့ ဖြတ်သွားဖြတ်လာ လူတွေရဲ့ နားရွက်တွေ လိုက်မဝါးတာ..း)

ဖတ်ရတာ ပျော်ရွင်စရာ..

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်

ကိုလူထွေး said...

ရက်စက်လိုက်တဲ့ အဖေဗျာ... ၅နှစ်သားကို မီးပုံထဲကျအောင် တွန်းလွှတ်ရတယ်လို့ 

တလနွန် said...

တော်တော်ဝါးတဲ့ ကိုပေါင်သား(ခ)ကိုညောင်ရမ်း ပဲ...
ဖတ်ရင်း ရယ်သွားပါတယ်..ကိုမြစ်ကျိုးရေးတာ ဖတ်လို့ ကောင်းတရ်...

ခင်မင်ခြင်းနှင်
တလနွန်

အိုက်ခီလောက် said...

အင်းလာဖတ်တယ်
အကိုရေ ဘယ်လိုပြောရမလည်းနော်
ငယ်အကျင်တွေ့ ပေါ့
ဘာပြောပြောပါ အကိုရေးတော့ သူ့ အကြောင်းပိုသိတာပေါ့

ကိုညီမင်း said...

ပေါက်ပေါက်ရှာရှာဗျာ....တခါမှမကြားဘူးဖူး.....။
ငယ်ဘ၀(၂)ကို စောင့်နေပါ့မယ်.....။
ဖတ်လို့ကောင်းတယ်ဗျ။

Ko Boyz said...

တစ်ယောက်တစ်မျိုးပါလားဗျာ...။ အပိုင်း ၂ စောင့်ဖတ်နေပါတယ်။

မငုံ said...

ဟောတော့ ..အကျင့်ကြီးကလဲ:P
အခုကော ၀ါးနေဆဲလား။

စိတ်စမ်းရေ said...

အတော်ဝါးတဲ့ ကိုညောင်ရမ်းကြီးပဲ....။

yegyi said...

အဟိ ဖတ်လို.ကောင်းတယ်ဗျ

သီဟသစ် said...

ညောင်ရမ်းမှာလည်း ရာဇ၀င်ရှိတယ်ပေါ့လေ..

မိုက်တယ်ဗျ ကိုပိုင်ရေးထားတာ.

kiki said...

ကိုညောင်ရမ်းကို တမာရွက် များများပေးဝါးထားနော် ။ကြာကြာဝါးမဲ့ သွားဆို ခိုင်ဖို့  အရေးကြီးတယ်ဗျို့  ။
သူနဲ့ ပေါင်းတော့ ကိုမြစ်ကျိုးရော .. ဘာတွေလိုက် ဝါးဖြစ်သေးလဲ ...ဟဲဟဲ..

Anonymous said...

ဇာတ်လမ်းလေးက မိုက်တယ်အကိုရေ
အားပေးလျက်ပါ
အဆင်ပြေပျော်ရွှင်ပါစေ

ခမ်းကီး said...

တော်တော် ၀ါးတဲ့လူပဲ...
လွယ်ဘူး...လွယ်ဘူး။ (^___^)

mgnge said...

the next one ;
:P

တားမြစ် ထားသော... said...

ဆေးလိပ်သောက်တုန်းကလည်း အဲဒီ့ဝါးတဲ့အကျင့်ကြောင့် အသောက်များတာဖြစ်မယ်။း)

သုခမိန်(E-Journal)

 

Posts Comments

©2006-2010 ·TNB