ထောင်ဝင်းအတွေ့အကြုံများ (၂)

24 June 2009

အကျဉ်းသားလို့ ရေးပေမယ့် တကယ်ခေါ်တာက ရဲဘက်လို့ပဲခေါ်ကြတယ်...။ရဲဘက် ဆိုတာက တရားသူကြီး
အမိန့်ချတဲ့အချိန် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ဘယ်နှစ်နှစ်လို့ အမိန့်ချတဲ့အထဲမှာ ပါတဲ့အလုပ်ကြမ်း ဆိုတာကို
လုပ်ရတဲ့ သူတွေပါ...တော်တော်များများရဲဘက်ဆိုတဲ့ အဓိပ္ပါယ်ကို သိကြပါတယ်..။

ထောင်ကျတဲ့သူတိုင်း အလုပ်ကြမ်းလုပ်ရတာတော့ မဟုတ်ပါဘူး နိင်ငံရေးအကျဉ်းသမားတွေ နှစ်ကြီးသမားတွေက
အပြင်ထွက်ပြီး အလုပ်မလုပ်ရပါဘူး..။

ရဲဘက်မှာလည်း အဆင့်အတန်းက ခွဲထားပါသေးတယ် နောက်ကမိသားစုက မလိုက်နိင်ရင်ကျောက်ထုစခန်းကို
ရောက်ပြီး ငွေလိုက်နိင်ရင် လိုက်နိင်သလောက် စိုက်ခင်းတွေဆီမှာ လုပ်ရတယ်..။
နောက်မိလ္လာသိမ်းတဲ့ဆီမှာလုပ်ရတယ် မိလ္လာသိမ်းတာက နာမည်သာဆိုးတာ ကျောက်ထုရတာနဲ့ယှဉ်ရင်
အဆင့်တော်တော်ကွာတယ်လို့ သိရတယ်..။သက်သာတယ်ဆိုရမယ်..။
အီးကျုံးဘို့ငွေပေးရတာ ထောင်လောကပဲ ရှိမယ်ထင်ပါရဲ့..။

ငွေပိုပေးနိင်တဲ့ တချို့ကတော့ စာရေး အမည်ခံပြီး နေကြရတယ်..။

ရှမ်းပြည်ဘက်က အကျဉ်းထောင်ဆိုတော့ ထောင်ကျလာတဲ့အထဲမှာ လောင်းကစားဒိုင်တွေ ဘိန်ဖြူရောင်းဝယ်တဲ့
သူတွေများတယ်...။သူတို့က ငွေကြေးအင်အားတောင့်တင်းတယ်...။ထောင်ပိုင်ကို များများခွံ့နိင်တဲ့ အကျဉ်းသားဆို
ထောင်ဝင်းထဲမှာတောင် အိပ်ဘို့မလိုဘူး...ဈေးဆိုင်တွေရှိတဲ့ အပြင်ဘက်မှာ အုတ်နဲ့ဆောက်ထားတဲ့
အဆောက်အဦးမှာ အိပ်ခွင့်ရတယ်...။

တောင်ကြီးမှာနေပြီး တော်တော်ချမ်းသာတဲ့ အကျဉ်းသားဆိုရင် ရေစက်မောင်းတဲ့တာဝန်ကျတယ်..။
ရေစက်မောင်းတယ်ဆိုတာကလည်း ခလုတ်လေးနှိပ်ပြီး မောင်းရတာမျိုးဖြစ်တဲ့အပြင် တနေ့မှ ၂ ခေါက်လောက်ပဲ
မောင်းရတာဆိုတော့ ထောင်ဝင်းအပြင်ဘက်မှာ တနေလုံးအေးအေးဆေးဆေးလျှောက်သွားပြီး
ဆေးလိပ်သောက်လိုက် မုန့်စားလိုက်ပဲ...။ထောင်ပိုင်ကို ဘယ်လောက်တောင်ပေးထားလဲတော့မသိဘူး
တောင်ကြီးမြို့ပေါ်က သူ့အိမ်ကိုတောင် အဖော်ဝန်ထမ်းတယောက် ခေါ်ပြီး ပြန်လို့ရတယ်..။
(တလဘယ်နှစ်ခေါက်လဲတော့ မမှတ်မိဘူး)

သူတောင်ကြီးမြို့ပေါ်ကို သွားပြီဆိုရင် အပြင်ဝတ်စုံကို သေသေသပ်သပ်ဝတ်ပြီး ဘေးကထောင်ဝန်ထမ်းကလည်း
အပြင်ဝတ်စုံနဲ့သွားကြတာလေ...မသိတဲ့သူတွေက ဒီလူအကျဉ်းသားပါလို့ ဘယ်လိုမှထင်တတ်မှာမဟုတ်ဘူး...။
အဲဒီသူဌေးနဲ့လိုက်သွားရတဲ့ ၀န်ထမ်းလည်း အဲဒီနေ့တော့ ကောင်းကောင်းစားရတာပဲ...။
အကျဉ်းသားက သူ့မိသားစုနဲ့ တနေ့လုံး အေးအေးဆေးဆေးနေပြီး ညနေစောင်းမှ ထောင်ကိုပြန်လာတယ်...။
နေရာတကာမှာ ငွေကခရီးရောက်တာလေ...။

တချို့ကထောင်ပိုင်ကြီးအိမ်မှာ အပင်စိုက် ရေလောင်းဆိုတဲ့ ရာထူးနဲ့ သက်သောင့်သက်သာနေရတယ်..။
ထောင်ပိုင်ဆိုတာ သူ့သက်ဆိုင်ရာ အကျဉ်းထောင်မှာတော့ ဘုရင်တပါးလိုပါပဲ...။ဘုရင်တွေ နန်းကျသလို
ထောင်ပိုင်တွေလည်း ထောင်ကျတာရှိတယ်....။

ကျွန်တော်ရှိနေစဉ်ကဆို ထောင်ပိုင်တယောက် ထောင်ကျပြီး အကျဉ်းသားအဖြစ်နဲ့ ရောက်လာတယ်...။
အဲဒီအကျဉ်းသားကိုတော့ သပ်သပ်ထားပေးရတယ်...။မထားပေးလို့ကတော့ အဲဒီထောင်ပိုင်ဘ၀က လာတဲ့
အကျဉ်းသားလည်း မကြာခင် အသတ်ခံရမှာပဲ...။

သူထောင်ကျလာတဲ့အမှုက ဆိုးတယ်ပြောရမယ်...သူထောင်ပိုင်ကြီး ဘ၀က တော်တော်ဆိုးခဲ့တာတဲ့
အကျဉ်းသားတွေကို နှိပ်စက်တယ် လာဘ်စားတာလည်း ကြမ်းတယ်ဆိုပဲ.. အဲဒါအပြင် အဆိုးဆုံးက သူ့ထောင်မှာ
ကျနေတဲ့ အကျဉ်းသားနဲ့ ပါတ်သတ်ပြီး သူ့အိမ်မှာ လာဘ်လာပေးတဲ့ အကျဉ်းသားရဲ့ အမဖြစ်ဖြစ် ညီမဖြစ်ဖြစ်
နောက်ဆုံး အကျဉ်းသားရဲ့ ဇနီးကိုတောင် မချန်ဘူး အာဏာနဲ့ခြိမ်းခြောက်ပြီး ကာမ ရယူတယ်တဲ့လေ...။

သူထောင်ကျတာလည်း မကျေနပ်တဲ့ သူက အထောက်အထားနဲ့ တိုင်လိုက်လို့ ငြင်းမရဘဲ ထောင်ကျလာတာ...။
အရင်က သူထောင်ပိုင် ဘ၀ကနှိပ်စက်ခဲ့ အကျဉ်းသားတွေကလည်း အခုထောင်မှာ ရှိနေတော့ သူ့ကိုသပ်သပ်ခွဲ
မထားရင် အသတ်ခံရမှာသေချာတယ်လေ..။
ပြောရရင်တော့ နေရာတကာမှာ ကြီးနိင်ငယ်ညှင်း စိတ်ဓါတ်တွေ ရှိနေတာပါပဲ..။

အကျဉ်းသားတွေပဲ သက်သာအောင် ငွေပေးပြီးလိုင်းရိုက်ရတယ်မထင်နဲ့...။
ဝန်ထမ်းတွေလည်း ထောင်မှူးတွေကို လိုင်းကြေးပေးပြီးနေရာလုကြရတယ်...။
အကြမ်းဖျင်းအားဖြင့် ၀န်ထမ်းက အပြင်သွားရတဲ့ ၀န်ထမ်းနဲ့ ထောင်မှာနေရတဲ့ ၀န်ထမ်းဆိုပြီးတော့ နှစ်မျိုးရှိတယ်..။

အပြင်သွားရတယ်ဆိုတာက ရဲဘက်တွေနဲ့အတူ တာဝန်ကျရာ ကျောက်ထုတဲ့နေရာတွေ စိုက်ခင်းတွေဆီကို
လိုက်သွားရတယ်..။ထောင်ကနေ မနက် ၈နာရီလောက်ထွက်သွားပြီ ညနေ ၄နာရီလောက်မှ ရဲဘက်တွေနဲ့အတူ
ပြန်လာရတယ်...။

ထောင်မှာတာဝန်ကျတဲ့သူတွေကတော့ ဂိတ်ပေါက်တွေစောင့်ပြီး အကျဉ်းသားတွေကိုလာတွေ့တဲ့ မိသားစုဆီက
ရသလောက်ညှစ်ပြီး တောင်းတော့ ၀င်ငွေဖြောင့်တာပေါ့...။အပြင်သွားရတဲ့သူတွေက တနေ့လုံး နေပူမိုးရွာထဲ
နေရတဲ့အပြင် အခန့်မသင့်လို့ရဲဘက်က ထွက်ပြေးရင် ပုခုံးပေါ်က အရစ်လေးတွေ ပျောက်သွားရသေးတော့
ဘုတ်ထွက်တာနဲ့ မလိုက်ချင်တဲ့ ၀န်ထမ်းတွေက ပိုများတယ်...။

ပုံမှန်ဆို အပြင်လိုက်သွားရတာနဲ့ ထောင်မှာစောင့်ပြီး နေခဲ့ရတာက အလှည့်ကျစနစ်ဆိုပေမယ့် ထောင်မှူးနဲ့
မတည့်တဲ့ဝန်ထမ်းတွေက အပြင်ကို လိုက်သွားရတာပိုများတယ်...။
ကိုယ့်လူကိုယ်မို့ပြောတာမဟုတ်ဘူး ကျွန်တော့်ယောက်ဖကထောင်မှူးနဲ့ သိပ်အစေးမကပ်တော့
အပြင်သွားရတာများတယ်...။အဲဒီတော့ အကုသိုလ်တော့နည်းတာပေါ့..။

အဲဒါနဲ့ယောက်ဖက အမြင်ကပ်ကပ်နဲ့ ထောင်ဂိတ်ပေါက်တွေကို နာမည်ပေးထားတာရှိတယ်...။
တခုက စစ်တောင်းဂိတ် တဲ့ရဲဘက်ကို လာတွေ့တဲ့ မိသားစုကို ဘယ်ကလာတာလဲ အလုပ်အကိုင်ကဘာလဲ
မှတ်ပုံတင်ပါလား သန်းခေါင်စာရင်းရောယူလာလား ဆိုပြီး တမျိုးပြီးတမျိုး စိတ်ညစ်အောင် စစ်တဲ့အပြင်
ငွေလဲတောင်းလို့ စစ်တောင်းဂိတ်လို့ နာမည်ပေးထားတာ...။

နောက်တဂိတ်ကိုကျတော့ ဘီလူးဂိတ်တဲ့...လာတွေ့တဲ့မိသားစုတွေကို ဘီလူးစီးသလို အော်ဟစ်ပြီး
ဆက်ဆံတာလေ...အပြင်မှာကျန်ခဲ့တဲ့ မိသားစုတွေက တကယ်သနားဘို့ကောင်းတယ်..။
ကျွန်တော် တွေ့သမျှ မိသားစုတိုင်း မျက်နာလေးတွေက ငြိုးငြိုးငယ်ငယ်လေးတွေချည်းပါပဲ....။

ဟိုးအဝေးကြီးက လာရတဲ့အပြင် စာရွက်စာတမ်းလိုနေရင် တွေ့ခွင့်မရဘူး ပြန်သွားရတယ်...။
ခရီးစရိတ်တွေ... ရဲဘက်ကို ပေးခဲ့ဘို့အတွက် ငွေတွေကို ခက်ခက်ခဲခဲ ရှာခဲ့ရတဲ့သူတွေလည်း အများကြီးပါပဲ..။
ထောင်ကျတယ်ဆိုတာ တော်တော်ကြောက်စရာ ကောင်းမှန်း အဲဒီရောက်မှ သေသေချာချာသိတော့တယ်..။

စားရတာကလည်း စုတ်ပြတ်နေတယ်ပြောရင် ရိုင်းတယ်မထင်ကြပါနဲ့...။
ကြားဖူးနားဝရှိတဲ့ တာလပေါ ဟင်းဆိုတာ အကျဉ်းသားတွေစိုက်ထားတဲ့ အသီးအရွက်တွေကို ရေတောင်
သေသေချာချာ မဆေးပါဘူး စုထည့်ပြီး ချက်တာမျိုးပါ..။ဆီအရောင်လည်း မရှိပါဘူး...။

စားရတဲ့ဆန်ကလည်း ကြမ်းတမ်းပါတယ်...။အဲဒီကို သွားလည်ရင်းနဲ့ တွေ့ခဲ့တဲ့ကြည်နှုးမှုလေးတခု
ပြောပြချင်ပါတယ်...။ တရက်မှာ ရဲဘက်တွေကို အလှူရှင်တွေက အမဲသားဆီပြန် ဟင်းနဲ့ ထမင်းလာကျွေးတယ်။
ရဲဘက်တော်တော်များများ အလှူရှင်ကို ၀မ်းသာလို့ ထိုင်ရှိခိုးကြတယ်တဲ့လေ...။
သူတို့အတွက် နတ်သုဒ္ဓါဟင်း လို့ပြောရင်မမှားဘူးပေါ့...။

ဒါတောင်မှ စားရတာ တစ်တုံးနှစ်တုံးလောက်ကို ပုံစံနဲ့စားရတာပါ...။
အကျဉ်းထောင်ဆိုတာ လူတွေမေ့လျော့နေတဲ့ ငရဲခန်းတခုဖြစ်တယ်..ပြစ်မှုကျူးလွန်လို့ ရောက်လာပေမယ့်
အားလုံးက လူတွေပါပဲ..လွတ်လွတ်လပ်လပ်နေရတဲ့ ကျွန်တော်တို့တောင် ဟင်းမကောင်းတာနဲ့ ၅ ရက်လောက်
စားရရင် ထမင်းစားရမှာ စိတ်မပါဘူးဖြစ်သေးတာပဲ...။

ကိုယ့်ရဲ့မွေးနေ့ ဒါမှမဟုတ် မင်္ဂလာဦး အလှူတွေကို အဲဒီလိုနေရာမျိုးမှာ အလှူအတန်းလုပ်စေချင်ပါတယ်..။
ဟိုတယ်တွေမှာ အလှူလုပ်တာထက် တကယ်မြတ်ပါတယ်...ရေများရာမိုးရွာလို့ ကျေးဇူးအတင်မခံရပါဘူး...
တကယ်အလှူလုပ်ချင်တဲ့ စေတနာရှိရင် အကျဉ်းထောင်တွေမှာ ထောင်ပိုင်နဲ့ ညှိပြီး ထမင်းသွားကျွေးပါ...။
သူတို့စားတာကြည့်ပြီး နောက်တခေါက်လာလှူအုံးမယ်လို့ ထပ်တွေးသွားစေရပါလိမ့်မယ်..။

(လှူတော့မယ်လို့ ဆုံးဖြတ်ပြီးရင် ထောင်ပိုင်နဲ့ညှိနှိုင်းပြီး အကျဉ်းသားဦးရေကို မေးပါ..။
ကိုယ်တတ်နိင်တဲ့ ငွေပမာဏနဲ့ ချင့်ချိန်ပြီး ဘာဟင်းနဲ့ကျွေးမလဲ ဆုံးဖြတ်ရမှာပါ...
ဒါကိုဘာကြောင့်ပြောရတာလဲဆိုတော့ အသားဟင်းနဲ့မကျွေးနိင်လို့ အလှူပျက်ရတာမျိုး မဖြစ်စေချင်ပါဘူး
ငပိချက်နဲ့ သရက်သီး တို့စရာနဲ့ကျွေးလည်း သူတို့အတွက်တော့ နတ်သုဒ္ဓါ ဟင်းဖြစ်နေပါသေးတယ်..။)

နောက်ခံ ငွေကြေးတတ်နိင်တဲ့ အကျဉ်းသားတွေက အနည်းစုပဲ ရှိတာပါ...တော်တော်များများက မရှိကြဘူး...။
ကျွန်တော်ဖတ်ဖူးတဲ့စာတပုဒ်ထဲကလို ထောင်ကျမှာ သေချာနေရင် တရားသူကြီးကို ငွေကုန်မခံပါနဲ့တဲ့
ရဲဘက်ရောက်သွားတဲ့ အခါသက်သောင့်သက်သာနေရအောင် အဲဒီငွေနဲ့လိုက်ပါတဲ့လေ...။

ငွေမလိုက်နိင်တဲ့ အကျဉ်းသားကတော့ ကျောက်ထုစခန်း တောင်ယာစိုက်ခင်း တွေဆီရောက်တာပါပဲ...။
အကျဉ်းသားတွေ အလုပ်ထွက်လုပ်ရလို့ အကျဉ်းသူတွေ မလုပ်ရဘူးလို့တော့ မထင်နဲ့ တက်တင်းထိုးရတယ်...။
သိုးမွှေးထိုးရတယ်....။အမျိုးသမီး ပါတ်တဲ့ သဘက်ရောင်စုံတွေ ထိုးရတယ်....။သူတို့ထိုးထားတဲ့ သဘက်တွေကို
ကျွန်တော့်အမလင်မယား ရန်ကုန်မှာလာရောင်းပေးတော့ အိမ်မှာ ထားလို့တွေ့ဖူးတယ်...။

တော်တော်သပ်သပ်ရပ်ရပ် ရှိပါတယ်...။ဗိုလ်ချုပ်ဈေးမှာ သွင်းတော့ ဈေးကောင်းရတယ်လေ...။
ကျွန်တော့်စိတ်ထင်တော့ အဲဒီလိုထိုးပေးလို့ အကျဉ်းသူတွေ လုပ်ခရတယ်နဲ့တူပါရဲ့...။
ကျွန်တော်ရောက်ခဲ့တာ ထောင်အပြင်က ၀န်ထမ်းတွေနေတဲ့ ၀င်းထဲဆိုတော့ ထောင်ထဲက အကြောင်းတွေတော့
သေသေချာချာ မသိပါဘူး..။

ဘုတ်ထွက်တဲ့ဆီ မလိုက်ရဘဲ သက်သောင့်သက်သာ နေရတဲ့ အကျဉ်းသားတချို့နဲ့တော့ နေ့လည်ဘက်တွေ
စကားပြောရင်း သူတို့ကြုံခဲ့တဲ့ ရာဇ၀တ်မှု တချို့ကို မေးခဲ့တာတော့ ရှိတယ်...။
အခါအခွင့်သင့်ရင် သူတို့ရဲ့ မှုခင်းဇာတ်လမ်းတွေ ရေးပါအုံးမယ်..။

ပထမပိုင်းတင်တော့ သူငယ်ချင်း အိမ် က “ထောင်ထဲမှာ မနက်စာမကျွေးဘူးလား” လို့မေးပါတယ်....။
အဲဒါနဲ့ ဒီနေ့နောက်တခေါက် ရှမ်းပြည်ကို ဖုန်းထပ်ဆက်ပြီး သေချာအောင် ထပ်မေးပါတယ်..။

ထောင်ထဲမှာ မနက် ၅နာရီ ဆိုထရတယ် ...မျက်နာသစ် အိမ်သာတက် ပြီးရင် ထောင်က ဆန်ပြုတ်ကျွေးပါတယ်...။
သက်ဆိုင်ရာမိသားစုက အသုံးစရိတ် လာမပေးထားတဲ့ အကျဉ်းသားတွေ အနေနဲ့ ထောင်ကကျွေးတဲ့
ဆန်ပြုတ် သောက်ကြပြီး ကျောထောက်နောက်ခံ ရှိတဲ့ အကျဉ်းသားတွေကတော့ ထောင်အပြင်က ဆိုင်တွေမှာ
ဝယ်စားကြပါတယ်...။

အပြင်ဘက်မှာ အလုပ်လုပ်ရတဲ့ ရဲဘက်တွေရဲ့ နေ့လည်စာကိုတော့ မနက် ၁၀ နာရီမှာ လုပ်ငန်ခွင် တွေဆီကို
သွားပို့ပေးကြပါတယ်..။

ကျွန်တော်အဲဒီကို သွားခဲ့တာလွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ဖြစ်ပါတယ်..။
အခုဒီပို့စ်ကို ကျွန်တော်မှတ်မိသလောက် ပြန်ရေးသလို ရှမ်းပြည်ကို ဖုန်း နှစ်ခေါက်ဆက်ပြီး မေးရပါတယ်...။
တတ်နိင်သလောက် ပြည့်စုံအောင် ရေးပေမယ့် နောက်ထပ် ကျန်ခဲ့နိင်တဲ့ အကြောင်းအရာတွေလည်း
အများကြီး ရှိနိင်ပါသေးတယ်..။


33 comments:

သုဒြေ္န said...

ဟေ့ ဟေးဟေးဘယ်စူမှလာနလုနဲ့ နော်.....................တစ်မှတစ်ဘဲ

သုဒြေ္န said...

ဘယ်လိုဘဲဖြစ်ဖြစ်ထောင်ကျတယ်ဆိုတာမကောင်းပါဘူးကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးထောင်နဲ့ ဝေးပါစေ.....သံဝေဂ၇စရာတွေလဲပါတယ်နော်....ဥပမာထောင်မှုး......ထောင်ကျတာမျိုးပေါ့ ....ကိုယ်ကအမြင့်ေ၇ာက်ချိန်မှာ..အသိတရားလေးနဲ့ ဆင်ဆင်ခြင်ခြင်နေသင့်တယ် ........မတရားမပြု..နိုင်ထက်စီးနင်း...မလုပ်ရဘူးဆိုတာ........သတိပေးမီးမောင်းထိုးပြသလို...ရေးသွားပုံလေး.........ကြိုက်တယ်ဗျာ...စာဖတ်သူတွေကိုယ်စား...ကျေးဇူး....တင်ကြောင်းပြောပါရစေ......ခင်တဲ့ အကို....သုဒြေ္န

Anonymous said...

အရမ်းသဘောကျတယ် ကိုအင်းရေ ... တော်တော်လေး ဗဟုသုတရတယ် ... ကိုယ်မသိဖူး မကြုံဖူးတဲ့ လူ့ပတ်ဝန်းကျင်တစ်ခုကို ပြည့်ပြည့်ဝဝ တွေ့မြင်သိရှိခဲ့ရတယ် ... သိထားသင့်တာတွေ .. ဗဟုသုတပေါင်းမြောက်များစွာကို ထွေးပိုက်ပြီး ပျော်ရွှင်မြူးတူးစွာနဲ့ ဖတ်သွားပါပြီ ... ... ကျေးဇူး ကိုအင်း
နေဒေးသစ်။

မယ့်ကိုး said...

သမိုင်းဝင်မှတ်တမ်းမျိုးပါ။
ဖတ်ရတာလည်း စိတ်မကောင်းဖြစ်ရပါတယ်။
ကျွန်မ Austria က ထောင်တစ်ခု တွေ့ ဖူးတယ်။ ယှဉ်ကြည့်ရတာ နတ်ပြည်နဲ့  ငရဲ ပြည်လိုပဲ ဖတ်ရတာ စိတ်မကောင်းဘူး။

မြစ်ကျိုးအင်း said...
This comment has been removed by a blog administrator.
ဂျစ် said...

ဒီပို့စ်လေးကို သဘောကျတယ်..အရမ်း
ဗဟုသုတ ရတယ်...မသိတာလေးတွေ သိလိုက်ရလို့ ၊
ဘာပဲဖြစ်ဖြစ် လူသားအားလုံး
အချုပ်အနှောင်က ကင်းပါစေ.....လို့ဆန္ဒပြုပါတယ်...။

Anonymous said...

ဗဟုသုတလေး ရသွားပါတယ် ကိုမြစ်ကျိုး
အဆင်ပြေပျော်ရွှင်ပါစေဗျာ

kiki said...

ဟိုလူထောင် ဒီလူထောင် နဲ့  နောက်ဆုံးတော့ ထောင်ပိုင်ကြီး လည်း အကျဉ်းထောင်မှာ ထောင်သားပြန် ဖြစ်ရတာဘဲ နော် ။
ဝဋ်ဆိုတာ ဘဝတောင် မကူးပါဘူး ။
သံဝေဂ ရစရာ နေရာလေးပေါ့ ။
ငွေ ဆိုတာလည်း အရာရာ ကို အောင်စေနိုင် နေတာ...
ငွေသာ ရှိရင် ဘာမဆို ဖြစ် နေကြတာ လေ ။

မသိတာလေးတွေ သိရစေတဲ့  စာကောင်းလေး ပါ
ကိုမြစ်ကျိုးရေ ..
နောက်ဆက်တွဲ တွေ စောင့်မျှော်လျှက်..

မကိ

ကောင်းကင်ပြာ said...

တော်တော် ပြည့်စုံတဲ့ ပို့စ်ပါမောင်ပိုင်၊ အမ ဒီနေ့ ပထမဆုံး ၀င်ဖတ်တဲ့ ပို့စ်လေးမှာ ဒီလို ဗဟုသုတလေးတွေ စဖတ်မိတဲ့ အတွက် ကျေးဇူးပါ၊

may16 said...

ကိုမြစ်ကျိုးအင်းရေ တကယ် ဗဟုသုတရပါတယ်ရှင်

Phyo Maw said...

အင်း... ထောင်၊ ထောင်။
တို့ကတော့ မိဘမဲ့ ဂေဟာ အားသန်တယ်
အမောင်မြစ်ကျိုးအင်းရေ ဟိဟိ

ကိုမြစ်ကျိုးအင်းသေချာ ရေးထားတာ ဖတ်ကြည့်ရင်း မြင်ယောင်မိတာက အဲသွားတုန်းက ခံစားခဲ့မိမယ့် ခံစားချက်ကိုပါ။ O.o နောက်ထပ် ဆက်ပါ။ မျှော်နေပါဒယ်...!!

မောင် said...

လာလည်သွားပါတယ်...အခွင့်ကြုံ၇င်တော့ သွားကြွေး လိုက်ပါအုံးမယ်.

သုခုမလေဒီ said...

တကယ်ကို ထောင်တွင်းအတွေ့ အကြုံရပါတယ်။ အခုလို ဖော်ပြပေးတာကိုကျေးဇူးတင်ပါတယ်။ ဗဟုသုတ လည်းဖြစ်၊ သံဝေဂ လည်းရစရာပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

ကိုလူထွေး said...

တကယ်ဗဟုသုတရစေမယ့် စာပါဗျို့...

ထောင်သားတွေတင်စည်းကမ်းရှိရတာ မဟုတ်ပါဘူး...
ထောင်ဝန်ထမ်းတွေ ထောင်ပိုင်တွေလဲ စည်းကမ်းရှိရပါတယ်...

စည်းကမ်းမရှိရင် ....
လွတ်လွတ်လပ်လပ် သွားနေရပေမယ့် သူတို့လဲ ရာဇဝတ်ကောင်တွေပါပဲ...

chitpalone said...

ကိုမြစ်ကြီးရေ ပါးလုံးကတော့ အမြဲကိုနောက်ကျနေတာပါပဲနော်။ အင်းတော်တော်စုံစုံလေးကို ရေးထားတာပဲ။ အကိုရေးထားတာတွေအားလုံးက တကယ့်ကိုအမှန်တွေပဲ။ သမိးတို့ငယ်ငယ်က ခံစားခဲ့ရတဲ့ ဘ၀ကို ပြန်သတိယမိပါတယ်။ အဖေ့ကိုတခါတွေ့ရဖို့ မိုးလင်းကတည်းကစောင့် ညနေထိ တခါတလေ မတွေ့ရဘူး တွေ့ရပြန်တော့လည်း သူများ ၁၀မိနစ်ဆို ပါးလုံးတို့ ငါးမိနစ်ပဲတွေ့ရတယ်။ နိုင်ငံရေးအကျဉ်းသား ဖြစ်တဲ့အတွက် ဘေးနားမှာ စက်တွေလည်း ချထားသေးတယ်။ ဗဟုသုတကို စုံစုံလင်လင် ဖော်ပြပေးတဲ့ ကိုမြစ်ကြီးကို ကျေးဇူးတင်ပါတယ်။ ပါးလုံးလည်း အခါသင့်ရင် လှူဖို့စီစဉ်ထားပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပုန်းပုန်း

ချစ်ပါးလုံး said...

ကိုမြစ်ကြီး အသစ်တင်ထားတယ်ဆိုပြီးတော့ ၀မ်းသာနဲ့ ထည်လည်း အပြေးနဲ့အလွှား ဖတ်လိုက်တာ ဟင်းအိုးကိုမေ့သွားတယ်။ တော်တော်တူးသွားလို့ အဖေ့ကိုတောင် ဒီနေ့ အဖေရေ ထမင်းစားရအောင်ပြောရတာ အားကိုမပါဘူး။ အဟီး တော်တော်အားနာသွားတယ် အဖေ့ကို မျက်နှာပူပူနဲ့ပဲ ဒီနေ့ ထမင်းစားလိုက်ရတယ် ကိုမြစ်ရယ်။ အဖေက ဘာမှမပြောလေတော့ ပိုဆိုးတယ်။ sad :(
ခင်မင်လေးစားလျှက်
ညီမလေး ချစ်ပါးလုံး

Sein Lyan Tun said...

အရမ်းကောင်းတဲ့ ပိုစ့်လေးပါ...

မှတ်သားစရာ ဗဟုသုတတွေ အများကြီးရပါတယ်...

ချစ်ခင်စွာဖြင့်

ဖိုးစိန်

Anonymous said...

မေးထားတာလေး ဖြေကြားပေးတာ ကျေးဇူးပါဗျာ။ ခက်တယ်ဗျာ.... ထောင်သားတွေ သနားစရာကောင်းတာ မှန်ပေမဲ့ တချို့ကျတော့လဲ လုပ်ခဲ့တဲ့ ပစ်မှုက လက်ခံနိုင်စရာ မရှိဘူး။ ဥပမာ ထောင်ကျတဲ့ ထောငိပိုင်လိုလူမျိုး..။ထားပါလေ ..ဘာပဲဖြစ်ဖြစ် ခုလို သိရတော့ အတွေ့အကြုံ အထူးအဆန်းတွေ ကြားဖူး ဖတ်ဖူးတာပေါ့ဗျာ..။
ဒါနဲ့ လှုတာက ကျနော်ထင်တာပေါ့လေ ထောင်သားတွေ စားရပါ့မလား။ ဆိုလိုတာက ကိုယ်တိုင် သူတို့စားတာ ထိုင်ကြည့်လို့ ရလား၊
မကြည့်ရဘူး အထဲ ဝင်ခွင့် မရှိဘူး ဆိုရင်တော့... ။
လုပ်ဦးဗျာ ရေးဦး စိတ်ဝင်စားတယ် အကယ်၍ ကိုယ်ထောင်ကျခဲ့ရင်တောင် ခုလို အတွေ့အကြုံလေး ရှိတော့ အစိမ်းသက်သက်ထက် စာရင် မဟုတ်ဘူးလား ခံသာမှာပေါ့ မဟုတ်ဘူးလား
ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ

တလနွန် said...

ကိုယ်မသိတဲ့ နယ်ပယ်က ဗဟုသုတလေးကို ဖတ်ရလို့  ကိုမြစ်ကျိုးအင်း ကို ကျေးဇူးပါ။ “ရေများရာ မိုးရွာလို့  ကျေးဇူးမတင်ခံရဘူး” ဆိုတဲ့ စကားက ရင်ထဲကို ရောက်ပါတယ်။ အဲဒီလိုမျိုး လှူနိုင်အောင် ကြိုးစားမှာပါ။

ခင်မင်ခြင်းနှင့်
တလနွန်

ရေတမာ said...

ခုလို ပြောပြပေးတဲ့အတွက်ကျေးဇူးပါ။ ပြန်ရောက်ရင် အကျဉ်းသားတွေကို ထမင်းကျွေးဖို့ အားခဲထားပါတယ်။

မေလေး said...
This comment has been removed by the author.
ဇော် said...

ကိုကျိုးရာ
ကျနော် အင်းစိန်ထောင်ကို တရားရုံးမှာ ချိန်ဘာဆင်းတုန်းက ရောက်ခဲ့ဖူးတယ်။
ဆိုးလိုက်တဲ့ဖြစ်ခြင်း။ ခု ကိုကျိုးပြောတာက နဲနဲ သက်သာနေသလိုပဲ။ =)

Moe Cho Thinn said...

ထောင်ဆိုတာ လူရှင် သချို င်္င်း ပါပဲလေ။
ခေတ်စနစ်က စုတ်ပြတ်တော့ ထောင်မှာလဲ အချင်းချင်း ငွေညှစ် ဟောက်စား နဲ့ စာရိတ္တတွေ စုတ်ပြတ်နေတာ မဆန်းပါဘူး။
ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စားစရာတွေ ဘယ်တော့မှ သေချာမစစ်ဘဲ pass ပေးတဲ့ ၀န်ထမ်းတွေလဲ အများကြီး ကြုံခဲ့ဖူးပါတယ်။ ဒါကတော့ ငွေကြေးမပါတဲ့ လေးစားမှု နေမှာပါ။
ကိုမြစ်ကျိုးက စာရေး အင်မတန်ကောင်းတာပဲ။ ၁၁ နှစ်ကြာပြီဆိုပေမဲ့ အချက်အလက်တွေလဲ အတော်မှတ်မိတယ်။ ဒီလို ပို့စ်လေး ရေးလို့ ကျေးဇူး တင်မိတယ်။

လင်းဒီပ said...

အခုမှ ရောက်လာတယ် မဖတ်ဖူးတဲ့စာလေးတွေ ဖတ်ရလို့ ကျေးဇူးတင်တယ်..။
ထောင်မှာလှူပါလို့ ရေးထားတာ မှတ်သားသွားပါတယ်။

မငုံ said...

ဗဟုသုတ ရသွားပါတယ်။ ကျေးဇူးပါ။ ဒီလို သိဖို့ဆိုတာ မလွယ်ဘူးမလား။

သားကြီး said...

စာရေးကောင်းပြီးသားဆိုတော့ဘာမှပြောစရာမလိုတော့ဘူး
မသိဖူးတာတွေသိရတယ် အလှူရှင်ကိုထိုင်ရှိခိုးကြတယ်ဆိုတော့ ရင်ထဲမှာတစ်မျိုးကြီးပဲ
ဘယ်လိုခိုးဆိုးမှုနဲ့ပဲရောက်လာလာ လူဟာလူပါပဲ
စိတ်ဓါတ်ယုတ်ပဲ့တဲ့ထောင်မှုးတွေ ထောင်ပြန်ကျတာတော့ ကောင်းတယ်။
ဆက်ရေးဗျာ.... ဗဟုသုတ တော်တော်ရတယ်။

နဒီမိုးညို said...

ဟုတ်ပါတယ်..တွေ့ လဲ..တွေ့ ဖူးတယ်..
မြန်မာပြည်က..ကိုင်းတုံထောင်မှာပါ..
ပိုက်ဆံရှိ၇င်..ထောင်ဝင်းအပြင်မှာ.
အိပ်..စား အေးဆေး.လေးနေ၇တာပါ
တစ်လ.တစ်လ..ကို..ကျပ်ဆယ်သိန်းလောက်
ထောင်ပိုင်ကို..ကန့် တော့ထားတော့..
သူကို..ထောင်သားတွေ..က...ထောင်ဘု၇င်လို့ တောင်ခေါ်ကြတာပါ..
ဆက်လက်အားပေးနေမယ်

မီးမီးချစ် said...

တခါမှ ထောင်မှာ သွားလှူ ဖို့ စိတ်ကူး မရဖူးဘူး ..
ခုမှပဲ ..တော်တော် သနားစရာကောင်းမှန်းသိတယ်..
နောက်ဆို သွားလှူနိုင်အောင် ကြိုးစားပါမယ်..

မိုးခါး said...

ကြားရတာနဲ့တင် စိတ်မသက်သာပါဘူးး(

Anonymous said...

မြစ်...တို့၏ မာယာ
ကျိုး...စားကာ ရှောင်နေရင်း
အင်း... ဒီတခါလဲ ငြင်းမရ...

ကိုလူထွေး

Ree Noe Mann said...

သယ်ရင်း ငပိုင်ရေ

တကယ်ကောင်းတဲ့ ပိုစ့်လေးပါ။
ဗဟုသုတရစေတဲ့ အပြင် ကိုယ်တကယ်ရောက်
ပြီး လေ့လာလိုက်ရသလို ခံစားလိုက်ရတယ်။

စကားမစပ် သယ်ရင်းတွေ မို့ ငပိုင်လို့ပဲ ခေါ်တော့မယ်။
စိတ်မဆိုးဘူး ဆိုရင်ပေါ့။

စိတ်ဆိုးရင် လာပြော။

သယ်ရင်း ရီနို

mgnge said...

ещё раз ထပ်မှတ်သွား ပါတယ်..။

မေဓာဝီ said...

စိတ်ဝင်စားဖို့ကောင်းတယ်။
ထောင်မှာ အလှူလုပ်ချင်စိတ်လဲ ဖြစ်မိတယ်။
ထောင်ကျတိုင်း ဆိုးလို့မဟုတ်သလို ဆိုးသူတိုင်းလဲ ထောင်မကျဘူး ... လို့ တွေးမိတယ်။
ပြစ်ဒဏ်ခံရပြီး ထောင်ကထွက်လာသူတွေ အပြင်ရောက်သွားတော့ ဘယ်လိုနေကြသလဲ ဆိုတာလဲ သိချင်မိပါတယ်။

 

Posts Comments

©2006-2010 ·TNB