ရိုးရာ

18 July 2009



ရိုးရာ

တိုင်းရင်းသားလူမျိုးတိုင်းမှာ သူတို့ လူမျိုးနဲ့ပါတ်သတ်တဲ့ ယဉ်ကျေးမှုဓလေ့နဲ့ ရိုးရာ ကိုးကွယ်မှုဆိုတာ ရှိကြပါတယ်။ တခြားလူမျိုးတွေအနေနဲ့ နားလည်ဖို့ ခက်ခဲနိင်တဲ့ ယုံကြည်ကိုးကွယ်မှုတွေလည်း ရှိနေတတ်ပေမယ့် ဒါဟာ လူမျိုးစု အတွင်းမှာနှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ ဓလေ့ထုံးစံတွေ လည်းဖြစ်ပါတယ်...။

တွံတေးမြို့ကနေ မော်တော်စီးပြီး ဆက်သွားရတဲ့ ကရင်ချောင်းထဲက ကျုံဖားဆိုတဲ့ ကရင်ရွာမှာ မေမေ့ကို မွေးဖွားခဲ့တယ်...။ တွံတေးမှာ ကျောင်းတက်ပြီး မြန်မာလူမျိုးဖြစ်တဲ့ ဖေဖေနဲ့ အကြောင်းပါပြီး ကျွန်တော်တို့ကို မွေးဖွားခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့မှာလည်း ကရင်သွေး ပါနေခဲ့ပေမယ့် အဖေ့ဘက် မျိုးရိုးလိုက်သွားတယ်နဲ့တူပါရဲ့ ကရင်လူမျိုး မျက်နာပုံစံမျိုး ရှိမနေခဲ့ပါဘူး။ မြို့မှာမွေးပြီး ကြီးပြင်းခဲ့ရတော့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ကရင်သွေး ပါတယ်ဆိုတာကိုလည်း မေ့နေခဲ့ပါတယ်..။ ဒါပေမယ့် ကျွန်တော်တို့ မောင်နှမတစ်တွေ အဖွားရှိတဲ့ ကရင်ရွာ ကိုတော့ နွေရာသီကျောင်းပိတ်ရက်တိုင်း သွားလည်ဖို့မမေ့တတ်ကြဘူး။ ရွာရဲ့ ဖော်ရွေမှု ၊ အမျိုးအဆွေများရဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုတွေ အပြင် ရွာရဲ့ ဓလေ့ထုံးစံ တွေက နွေရာသီ ကျောင်းပိတ်ရက်တိုင်း ရွာကို သွားလည်ဖို့ အမြဲ တက်ကြွနေစေခဲ့ပါတယ်။

တစ်ခါတစ်လေ နွေရာသီကျောင်းပိတ်ရက်မဟုတ်ပေမယ့် ရွာကလူကြုံနဲ့ လှမ်းခေါ်တာတွေလည်း ရှိတတ်သေးတယ်။ ဘယ်နေ့တော့ ရွာမှာ “နတ်စား” ဖို့ရှိတယ် အမှီလာခဲ့ကြဆိုပြီး အမျိုးတွေက သတိတရနဲ့ ခေါ်လေ့ရှိကြတယ်။ ဒါမျိုးဆိုရင် ဝက်သားကြိုက်တဲ့ ကျွန်တော် ရွာကို အရောက်ပြေးတော့တာပါပဲ။ ကျွန်တော်တို့ ရွာဘက်တွေက နတ်စား တယ်လို့ပြောပေမယ့် နားလည်လွယ်အောင်ပြောရရင် ကရင်ရိုးရာနတ်ကို ပူဇော်တဲ့ ပွဲလို့ ပြောရင် ပိုရှင်းမယ်။ ဘဝရဲ့ အခက်အခဲတွေကို ပြေလည်အောင် ဆုတောင်းတိုင်တည်ပြီး ထိုဆုတောင်းအတိုင်း ပြည့်လာတဲ့အခါ ကတိခံထားသလို နတ်ကန်တော့တဲ့ သဘောမျိုးပါ။ ကျွန်တော်သိသလောက် ရိုးရာဓလေ့လေးနဲ့ အမျိုးအဆွေတွေ နတ်စားတဲ့ အကြောင်း ပြောပြချင်ပါတယ်။



နတ်စားဖို့ အတွက် ရည်ရွယ်ပြီး ရွာရဲ့အိမ်တိုင်းလိုလိုမှာ ဝက် သုံး လေး ကောင်လောက်တော့ မွေးထားလေ့ ရှိကြတယ်။ ထမင်းကျန်ဟင်းကျန်ရယ် ထမင်းအိုးငှဲ့တဲ့အခါ ခံထားတဲ့ ထမင်းရည်ရယ် ဖွဲနုရယ်ကျွေးပြီး မွေးကြတာပါပဲ။ ဝက်တွေ အရွယ်ရောက်လာတဲ့အခါ ကိုယ့်အိမ် နတ်စား တဲ့အခါ သုံးဖို့ရယ် ပြန်ရောင်းဖို့ရယ်ရည်ရွယ်ပြီး မွေးလေ့ရှိတယ်။


နတ်စားမယ့်နေ့မှာ နေ့လည် ၁နာရီလောက်ဆို အလုပ်အကိုင် လုပ်မယ့်အဖွဲ့တွေ ရောက်လာပါတယ်။ မီးဖိုတဲ့သူက ဖိုပြီး အိုးဆေးတဲ့သူ ထမင်းစား စားပွဲသယ်တဲ့သူ စသည်ဖြင့် ရွာတွေရဲ့ထုံးစံအတိုင်း တက်ညီလက်ညီ လုပ်အားပေးလေ့ရှိတယ်။ ကူညီမယ့်သူတွေကို တကူးတက ခေါ်ထားရတာမျိုးလည်း မဟုတ်ပါဘူး။ နတ်မစားခင် တရက်အလိုမှာ နတ်စားမယ့် အိမ်ရှင်ကရွာထဲသွားရင်း ဒါမှမဟုတ် မြစ်ဆိပ်မှာ ရေချိုးဆင်းရင်းနဲ့ မနက်ဖြန်ငါတို့အိမ် နတ်စားမယ်ဟေ့လို့ တွေ့တဲ့သူကို ပြောလိုက်ရင်ရပြီ။ သိတဲ့သူက နောက်တယောက်နောက်တယောက်နဲ့ ဖြန့်ပေးလိုက်တာ တရွာလုံးလိုလို သိသွားကြတာပါပဲ။ ကျေးလက် တောရွာတွေရဲ့ သတင်းဆက်သွယ်မှု ကွန်ယက်က သူ့နည်းသူ့ဟန်နဲ့တော့ အဆင်ပြေနေတယ်ဆိုရမယ်။


နတ်စားမယ့်အိမ်ရဲ့ ခြံဝင်းထဲက သစ်ပင်တစ်ပင်မှာ ဝက်ကို ကြိုးနဲ့ချည်ထားတယ်။ တချို့ဝက်တွေကတော့ အေးအေးလူလူ နေနေပေမယ့် ဝက်တော်တော်များများကတော့ သေရတော့မှာ သိနေသလိုနဲ့ အော်ဟစ်နေတတ်ပါတယ်။ နေ့လည် ၂ နာရီလောက်ဆို ဝက်သတ်တဲ့သူရောက်လာပါပြီ။ နတ်စားဖို့ ဝက်သတ်တာ တခါတော့ ကြည့်ခဲ့ဖူးတယ်။ ထင်းခွဲတဲ့ ပေါက်ဆိန်ရဲ့ အနှောင့်ဘက်နဲ့ နဖူးတည့်တည့် ထုချလိုက်တာ တခါတည်း သေတာပါပဲ။ ဝက်သေပြီဆိုတာနဲ့ ခုတ်ထစ်ခွဲခြမ်းတဲ့ သူတွေက ဝက်တကောင်လုံး ပိုင်းဖြတ်လိုက်တယ်။ပြီးရင် အဆင်သင့်တည်ထားတဲ့ ရေနွေးထဲထည့်ပြီး ဂျီးချွတ် အမွှေးနှုတ် ကြတယ်။


နတ်တင်ရမယ့် အဓိက မပါမဖြစ် အစိတ်အပိုင်းတွေက အတွင်းကလီစာ နဲ့ အသားနည်းနည်းပါပဲ ။ ဝက်ခေါင်းလည်း ပါမယ်ထင်ပါတယ်။ ကျန်တဲ့အသားတွေကိုတော့ တဝက်ခွဲပြီး လူတွေကို ကျွေးဘို့ဖယ်တယ်။ ကျန်တဲ့တဝက်ကိုတော့ ဈေးထဲမှာရောင်းသလို ဝက်သားအတွဲတွေဖြစ်အောင် ခုတ်ထစ်ပြီး ရွာစဉ်တလျောက် လိုက်ရောင်းလေ့ရှိတယ်။


ဝက်တကောင်ဆို ပျှမ်းမျှ ပိဿာချိန် ၇၀ လောက် ထွက်တော့ အချိန် ၃၀ လောက်ကို ရောင်းပြီး ငွေပြန်ရှာကြတယ်။ ကျန်တဲ့အသားတွေကိုတော့ အရွယ်တော်အနေအထား အတုံးတွေ ခုတ်ထစ်ပြီး ရေလုံပြုတ်လိုက်တယ်။ နောက်ထပ်မီးဖို တစ်လုံးနဲ့ တစ်ရွာလုံးကျွေးဘို့ ထမင်းအိုးတည်ကြပါတယ်။ နတ်တင်ရမယ့် အစိတ်အပိုင်းတွေကို အိုးတစ်လုံးနဲ့ သပ်သပ် ပြုတ်ထားရပါတယ်။ အဲဒါတွေကျက်ပြီဆို နတ်ဆရာက ဗန်းအကြီးတခုထဲ ပြင်ဆင်ပြီး ရိုးရာနတ်ကို တိုင်တည်ပါတယ်။ နတ်စားမယ့် နေ့မတိုင်ခင် တစ်ရက်အလိုထဲက မိသားစုဝင်တွေ စုံစုံညီညီ ရှိကြရပါတယ်။ နတ်စားမယ့် မတိုင်ခင် တစ်ညမှာလည်း မိသားစုတွေ တအိမ်ထဲ တမိုးထဲအောက်မှာ နေကြရပါတယ်။


နတ်တင်တော့မယ်ဆိုရင် အိပ်ခန်းတခုထဲ မိသားစုအားလုံးဝင်ပြီး အခန်းတံခါးပိတ်ထားရပါတယ်။ သူစိမ်းဆိုလို့ နတ်ဆရာ တယောက်ပဲ ရှိပါတယ်။ နတ်ဆရာက ရိုးရာနတ်ကို ဘယ်နေ့သား ဘယ်နေ့သမီး ဘယ်သူတွေ ကတော့ဖြင့် သတိတရနဲ့ ရိုးရာမပျက်လာကန်တော့ပါတယ်၊ စီးပွားလာဘ်လာဘ တိုးအောင်စောင့်ရှောက်ပေးပါ ဆိုပြီး အပ်ပေးပါတယ်။ နောက်တော့ နတ်စာတွေရွတ်ပြီး နတ်ကို တင်ထားတဲ့ အစားအစာတွေ စားပါလို့ တောင်းပန်တယ်။


အဲဒီအချိန်မှာ မိသားစု ဝင်တွေက ငြိမ်ငြိမ်လေးထိုင်နေကြရပါတယ်။ လူတွေကသာ ငြိမ်ငြိမ်ထိုင်နေပေမယ့် တော်တော်များများ အကြည့်တွေက နတ်တင်ထားတဲ့ ဗန်းထဲပဲရောက်နေကြတယ်။ အဲဒါကလည်း အကြောင်း ရှိပါတယ်။ နတ်ဆရာ ရွတ်ဖတ်ပြီးရင် မိသားစုဝင်တွေက အစဉ်လိုက် တစ်ယောက်ပြီး တစ်ယောက် စားကြရတော့မှာဆိုတော့ ကိုယ့်အလှည့်ရောက်ရင်ဘယ်အတုံးကို ရွေးစားမလဲလို့ ချောင်းနေကြတာပါ။


ပြောရရင် အဲလိုချောင်းတဲ့ အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျန်တဲ့အတုံးပဲစားမယ်ဆိုပြီး စိတ်လျော့ ထားရတယ်။ မလျော့လို့လည်း မရဘူးလေ။ ဘာကြောင့်ဆိုတော့ နတ်စားတဲ့ အခါမှာ လိုက်နာရတဲ့ ဓလေ့ထုံးစံ ကြောင့်ပါပဲ။ နတ်တင်ပြီးလို့ မိသားစုဝင်တွေ စစားရပြီဆို အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေက ပထမဆုံး စားရပါတယ်။ စားချင်တိုင်းလည်း စားလို့မရပါဘူး။ ကြိုက်တဲ့ အသားတုံး ဒါမှမဟုတ်ကလီစာကို စားခွင့်ရှိပေမယ့် စိတ်ကြိုက်စားရတာမျိုး မဟုတ်ဘူး။ ပြုတ်ထားတဲ့ ကလီစာကို တစ်လုတ်စားပြီးရင် ထမင်းတစ်လုတ် မဖြစ်မနေ စားရပါတယ် ပြီးရင်ရေတစ်ငုံသောက်ရပါတယ်။ အဲဒါက ပထမအကြိမ်ပါ။ အဲလိုပုံစံမျိုးအတိုင်း သုံးကြိမ် သုံးခါ စားရပါတယ်။


အဖေစားပြီးရင် အမေ ကလည်း အဲဒီအတိုင်းပဲ သုံးမျိုးကို သုံးခါစားရပါတယ်။ အဖေနဲ့အမေပြီးရင် မောင်နှမတွေထဲက အကြီးဆုံးဖြစ်သူက အဲဒီအတိုင်းပဲ သုံးခါစားရပါတယ်။ မောင်နှမထဲက အကြီးဆုံးဖြစ်သူ စားပြီးရင် သူ့အောက်ကမောင်နှမ ဖြစ်သူကစားလို့မရပြန်သေးဘူ။ အကြီးဆုံးရဲ့ ခင်ပွန်းဒါမှမဟုတ် ဇနီးက စားရပါတယ်။ ပြီးရင် သူတို့ သားသမီးတွေက ကြီးစဉ်ငယ်လိုက်သုံးခါစီ စားရပါတယ်။ အဲဒီသားသမီးတွေမှာမှ အိမ်ထောင်ကျထားတဲ့သူရှိနေသေးရင် အဲဒီသူရဲ့ သားသမီးတွေပါ ကြီးစဉ်ငယ်လိုက် စားကြရတယ်။ သဘောကတော့ လူတစ်ယောက်နဲ့သက်ဆိုင်တဲ့သူတွေ အစဉ်လိုက်စားကြရတာမျိုးပါပဲ။


အစ်မအကြီးဆုံးစားပြီးရင် သူ့ခင်ပွန်းစားရတယ်။ ပြီးရင် သူ့သားသမီးတွေ စားရတယ်။ အဲဒီလိုနဲ့ ကျွန်တော့်အလှည့်ရောက်ရင်စားကောင်းတဲ့ အစိတ်အပိုင်းက ကုန်သလောက်ဖြစ်နေပြီပါပြီ။ အဲဒါကြောင့် စိတ်လျော့ထားရတာလို့ ပြောတာပေါ့။ အဲဒီလိုမိသားစုတွေစားတဲ့ အချိန်မှာ နတ်ကလည်း သူ့နေရာသူ ပြန်ကြွသွားပြီဆိုတော့ အခန်းထဲမှာ လွတ်လွတ်လပ်လပ် အော်ဟစ်ပြီး ဆူညံနေတာပါပဲ။


အဲဒီလို ဆူညံတဲ့သူတွေ ကြည့်လိုက်ရင် ကျွန်တော်တို့လို မိသားစုထဲမှာ အငယ်ဆုံး မောင်နှမတွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ ဓလေ့ရိုးရာကြောင့် အရင်စားခွင့်ရတဲ့ တူတွေ တူမတွေကို လှမ်းမာန်ရတာလေ။ ဟေ့ကောင်တွေ ကောင်းတဲ့ အတုံးပဲရွေးမစားနဲ့ ငါတို့အတွက်လည်း ချန်အုံးဟ ဆိုပြီ နောက်က သတိပေးနေပေမယ့် တူတွေ တူမတွေကလည်း သူတို့အနိင်ရတုန်းလေး ကောင်းတဲ့ ကလီစာတွေပဲ ဖိတွယ်တာပါပဲ။


ကျွန်တော့်အစ်မလတ်က ဝက်သားလုံးဝ မစားတော့ သူ့အလှည့်ရောက်ရင် စတိအနေနဲ့ ဝက်သားတုံးနဲ့ နဖူးကို
သုံးခါထိရတယ်။ သူ့ခမျာ ဝက်သားတုံးနဲ့ ထိပြီးတာနဲ့ မီးဖိုချောင်ကိုတန်းပြေးပြီး နဖူးကို ရေအထပ်ထပ် ဆေးနေတော့တာပါပဲ...။


မိဘနှစ်ယောက်လုံး ကရင်လူမျိုးဖြစ်နေရင် ပထမနေ့ကို အဖေအတွက်ရည်ရွယ်ပြီး ဝက်အထီးနဲ့ နတ်စားရတယ်။ အမေအတွက်ရည်ရွယ်တဲ့ နောက်တနေ့မှာ ဝက်အမ နဲ့ နတ်စားရတယ်...။ကျွန်တော်တို့ကတော့ မေမေတယောက်ထဲ ကရင်လူမျိုးဖြစ်နေလို့ ဝက်အမနဲ့ တရက်ပဲ နတ်ကန်တော့ရပါတယ်...။ဒါဟာအခုထိရှိနေသေးတဲ့ ကရင်ရိုးရာ နတ်စားခြင်းပါပဲ...။ပြောတော့တာ နတ်စားတယ်ဆိုပေမယ့် တကယ်တော့ လူစားတာပါ...။


အိပ်ခန်းထဲမှာ မိသားစုဝင်တွေစားနေသလို အိမ်ခြံဝင်းထဲမှာလည်း တရွာလုံး လာစားကြပါတယ်...။ ဝက်ပေါ်(သတ်)ပြီးလို့ ခုတ်ထစ်နေချိန်မှာ ရွာက ကလေးတွေက အဲဒီင်္အနားမှာ စောင့်နေလေ့ရှိတယ်...။ ဘာကြောင့်ဆိုတော့ ဝက်ရဲ့ ကိုယ်ထဲမှာ သူတို့အတွက် ကစားစရာ တခုရှိနေလို့ပါပဲ...။ ဝက်ကိုကိုင်တဲ့သူ ရှင်းအောင်ပြောရရင် ဝက်ကိုခုတ်ထစ်တဲ့သူက ဝက်ရဲ့ဆီးအိတ်ကို ဂရုတစိုက်နဲ့ ခွဲထုတ်ပေးလေ့ ရှိပါတယ်။ အဲဒီဆီးအိတ်ကို ရေစင်အောင်ဆေးပြီး လေမှုတ်ထည့်လိုက်ရင် ဘော်လုံးတစ်လုံး ဖြစ်လာပါတယ်။ အဲဒီဘော်လုံးနဲ့ ရွာလမ်းမမှာ ကလေးတွေ နှစ်ဖက်လူခွဲပြီး ကန်ကြတော့တာပါပဲ..။ ကျွန်တော်လည်း ဝင်ကန်ခဲ့ဖူးတယ်။ ဖုန်တွေပေပြီး မဲညစ်ညစ် ဖြစ်လာပေမယ့် ဝက်ရဲ့ဆီးအိတ်ကထူတော့ တော်တော်နဲ့ မကွဲပါဘူး။


ကလေးတွေလည်းမောရော ဟင်းလည်းကျက်တာပါပဲ။ မောမောနဲ့ အားရပါးရ စားကြတယ် ရွာစကားနဲ့ပြောရရင်
တစ်ဝကြီးလွေးကြတယ်ပေါ့..။ ရွာတွေရဲ့ထုံးစံအတိုင်း ညနေ ၄ နာရီလောက် ထမင်းစားတာဟာ သူတို့ အတွက်တော့ ညစာလည်းဖြစ်တယ်လေ..။ ကျွန်တော်တို့ ရွာသွားလည်ရင် ညနေ ၅ နာရီလောက်ဆို ညစာထမင်းပွဲ ပြင်တော့တာပါပဲ။ နေကမ၀င်သေးဘူး အပြင်မှာ လင်းလင်းထင်းထင်း ရှိသေးချိန်မှာ ညစာ စားရတာဟာ ကိုယ့်အတွက်တော့ တော်တော်ဂွတီးဂွကျ နိင်တယ်လို့ထင်မိတယ်။


အဲဒီတော့ နတ်စားတဲ့ အိမ်မှာ ညနေ ၄ နာရီကျော်လောက် တရွာလုံးညစာလာစားတာဟာ သူတို့အတွက်တော့
ပုံမှန်ပါပဲ။ အလှူအိမ်က ပြုတ်ထားတဲ့ ဝက်သားနဲ့ထမင်းကျွေးပါတယ်။ ဝက်သားပြုတ်ရည်ကို ထမင်းထဲ ရွှဲရွှဲ ဆမ်းပြီး ဝက်သားတုံးကိုက်စားကြတာ တယောက်ကို ထမင်း၃ပန်းကန်လောက်ကတော့ အသာလေးပါပဲ...။ လယ်လုပ်ကိုင်းလုပ်တဲ့ သူတွေဆိုတော့ အလုပ်လုပ်ရင်လည်း ပြင်းပြင်းထန်ထန်လုပ်နိင်သလို စားတဲ့အခါလည်း
အားရပါးရပါပဲ။ ဟန်ဆောင်ပန်ဆောင်ခြင်းမရှိပါဘူး။ ဒါကိုက ကျေးလက်ရဲ့ ချစ်စဖွယ် ဓလေ့စရိုက်ပါပဲ...။


နတ်စားတဲ့ အကြောင်းပြောတိုင်း ဒါမှမဟုတ် ဆွေမျိုးများတဲ့ အကြောင်းပြောတိုင်း ထည့်ပြောဖြစ်တဲ့ အဖြစ်ပျက်လေး တခုရှိပါတယ်။ မေမေတို့ငယ်ငယ်တုန်းက မေမေ့ရဲ့ အဖွားက နတ်စားတဲ့အခါ ဓလေ့အရ ဦးဆောင်ပြီး နတ်စားတဲ့သူရဲ့ မိသားစုဝင်တွေ တယောက်မကျန်လာရသလို မိသားစုဝင်တွေအားလုံးလည်း တမိုးထဲအောက်မှာနတ်မစားခင်ညမှာ အတူတူရှိရပါတယ်..။


မေမေရဲ့အဖွားနတ်စားတယ်ဆိုတော့ သားသမီးမြေးမြစ်တွေ အကုန်လုံး တစုတစည်းထဲ စုစည်းကြရတာပေါ့...။ ကျွန်တော်တို့ အဖွားမှာ မွေးချင်းမောင်နှမ ၅ ယောက်ရှိပြီး အဖွားက အငယ်ဆုံးဖြစ်တယ်။ အဖွားက ကျွန်တော့်မေမေ အပါအ၀င် သားသမီး ၄ယောက်ရှိပြီး အဖွားရဲ့ ကျန်တဲ့မောင်နှမတွေက တယောက်ကို သားသမီး ၈ ယောက် ၉ယောက်လောက်စီ မွေးထားတဲ့အပြင် သူတို့တွေကပါ ထပ်ပေါက်ဖွားတဲ့ သားသမီးတွေနဲ့ ဆိုတော့ အဘွား(မေမေရဲ့အဖွား) နတ်စားတဲ့အချိန်မှာ ဆွေမျိုးအရင်းအခြာ အုပ်စုကြီးက အလွန်ကို များပြားနေတော့တာပဲတဲ့လေ။


နတ်မစားခင်တနေ့ အားလုံးဆုံတဲ့အချိန်မှာ မောင်နှမတွေ တူ တူမ တွေက အယောက် ငါးဆယ် နီးနီး ဖြစ်နေပြီ ဆိုတော့ အဘွားရဲ့ အိမ်မှာ မဆန့်ဘူးဖြစ်နေတယ်။ နတ်စားတဲ့အခါ လိုက်နာရတဲ့ ဓလေ့ထုံးစံအရ တစ်အိမ်ထဲ တစ်မိုးထဲအောက်မှာ တညအတူတူရှိကြရမယ်ဆိုတဲ့ အတွက် အဲဒီလောက်လူ အုပ်ကြီးနဲ့ ဘယ်လိုမှ မဖြစ်နိင်ဘူး။


နောက်ဆုံး အဲဒီပြဿနာကို နတ်ဆရာက ဝင်ဖြေရှင်းရတဲ့ပုံက အဘွား(မေမေရဲ့အဖွား)အိမ်ရဲ့ ပါတ်လည်က အိမ်တွေမှာ သားသမီးမြေးမြစ်တွေက သွားတည်းခိုကြရတယ်။ အဲဒီလို တစ်အိမ်စီဖြစ်သွားတော့ တစ်မိုးထဲအောက်မှာ အတူတူရှိရမယ်ဆိုတဲ့ ဓလေ့နဲ့ မညီဘူးဖြစ်နေတယ်။ ဒီတော့ အလယ်မှာ ရှိတဲ့ အဘွားရဲ့ အိမ်ခေါင်ကနေ သားသမီးတွေ တည်းနေတဲ့ အိမ်ခေါင်တွေကို အပ်ချည်ကြိုးတွေနဲ့ သွယ်တန်းပေးထားရတယ်။ သဘောက ဦးဆောင်ပြီး နတ်စားတဲ့ မိဘရဲ့ အရိပ်အာဝါသ အောက်မှာရှိနေပါတယ် ဆိုတဲ့သဘောမျိုးနဲ့တူပါရဲ့။ ဒါက ညအိပ်တဲ့ အချိန်ရဲ့ အဖြစ်အပျက်ပါ။


နတ်ကန်တော့ပြီးတဲ့အခါ ဓလေ့ထုံးစံအရ တယောက်ကို အသားတကိုက် ထမင်းတလုတ် ရေတငုံ ကို သုံးခါစားရတဲ့ အချိန်မှာအိမ်တလုံးနဲ့ အပြည့်ရှိနေတဲ့ ဆွေမျိုးတွေကို ဝါစဉ် အလိုက် အစီအစဉ်တကျ ဖြစ်အောင်လို့ တစ်ယောက်ကအမျိုးစားရင်းကို ဘေးကနေ အော်ပေးရတယ်ဆိုပဲ။


ကျွန်တော် အဖွားက မောင်နှမတွေထဲမှာ အငယ်ဆုံးဖြစ်တော့ အဘွားကမွေးတဲ့ မေမေတို့ မောင်နှမက နောက်ဆုံးမှ စားရတယ်။ ဖြစ်ချင်တော့ ကျွန်တော့်ဦးလေး အငယ်ဆုံး က အင်မတန် ရွံတတ်တယ်။ ငယ်ငယ်တုန်းက ရွာသွားလည်လို့သူနဲ့ထမင်းအတူတူ စားရင် ထမင်းလုံးအောက်မကျအောင် ဂရုစိုက်ရတယ် ထမင်းလုံးဘေးဖိတ်တာတွေ့ရင် ဦးလေးက ခေါင်းခေါက်တော့တာပဲ။ ထမင်းစားစားပွဲပေါ်မှာ ပေရေ ညစ်ပါတ် တာလည်း မကြိုက်ဘူး။အဲဒီလို ရွံတတ်တဲ့ဦးလေးအတွက် သူစားရတဲ့အလှည့်က တမျိုးလုံးမှာ နောက်ဆုံးဖြစ်နေတယ်။


သူအရှေ့က စားသွားတဲ့ ကလေးတွေအလှည့်မှာ နှပ်တွေရော ပြန်ပြုတ်ကြတဲ့ ထမင်းလုံးတွေရော တွေ့ထားတော့သူဘယ်လိုမှ မစားချင်ဘူး။ သူစားရတဲ့အလှည့်ရောက်တော့ အသားလည်း မယ်မယ်ရရ မကျန်တော့ ပါဘူး..။ လက်ကျန်ထမင်းလေးရယ် အသားလေး နည်းနည်းရယ်ပဲ ကျန်တော့တယ်တဲ့။ ဓလေ့အရလည်း မစားလို့ မရဘူးဆိုတော့ သူ့မှာ စားရင်းနဲ့ ငို ၊ ငိုရင်းနဲ့ စားရတယ်ဆိုပဲ။


အဲဒီအကြောင်းကို အခါအခွင့်သင့်တိုင်း အမျိုးတွေ ကြားမှာ အခုထိ ပြောစမှတ် တွင်နေတော့တယ်။ တရွာလုံးနီးနီး ကလည်း ဗုဒ္ဓဘာသာဖြစ်ပေမယ့် နတ်စားခြင်းက ကရင်ရိုးရာအရ(ကျွန်တော်တို့ရွာဘက်က)လုပ်တဲ့ ရိုးရာနတ်ပူဇော်တဲ့ ဓလေ့တခုပါပဲ။


မှတ်မှတ်ရရပြောရရင် မေမေက ဦးဆောင်ပြီး နတ်စားတာ ၂ ကြိမ် ရှိခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်တို့ တော်တော် ငယ်ပါသေးတယ် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ထင်ပါရဲ့ ။ အဲဒီနောက်ပိုင်းတော့ နတ်စားတဲ့ ဓလေ့ကိုကျွန်တော်တို့မိသားစုကြားမှာ ပယ်ဖျက်လိုက်တော့တယ်။


လွဲမှားတဲ့ အယူဝါဒလို့ မဆိုလိုပေမယ့် ကျွန်တော်တို့ ကိုးကွယ်တဲ့ ဗုဒ္ဓရဲ့ တရားတော်တွေအရ လက်ခံဘို့ ခက်ခဲတာနဲ့ ကျွန်တော်တို့ မိသားစုလည်း ရိုးရားနတ်စားတဲ့ဓလေ့ မလုပ်ဖြစ်တော့ပါဘူး။ တိတိကျကျ အချက်အလက်တွေ ကျန်နေနိင်ပေမယ့် ဒါဟာ ကျွန်တော်သိသလောက် ရိုးရာ ဓလေ့လေးတစ်ခုကို ပြန်လည်ဝေမျှ လိုက်ရခြင်းဖြစ်ပါတယ်။

။.........................................................................။


39 comments:

kyalkalay said...

ကြားဖူးနားဝကို သေသေခြာခြာသိခွင့်ရတဲ့ အတွက်ကျေးဇူးပါအကို

kyalkalay said...

ပထမဆုံးလာလည်ချိန်မှာ ပထမဆုံး မန့်ခွင့်ရလို့ပျော်ပါတယ်

မေဇင် said...

စိတ်ဝင်တစားကို ဖတ်လိုက်ရတယ်...ရေးထားတာတော်တော် စွဲဆောင်မှုရှိတယ်..။ နောင့် တို့ဘေးနားမှာ ကရင်ရွာ ရှိတယ်... သူတို့ကတော့ မလုပ်ကြဘူးနဲ့တူတယ်...ဒါပေမယ့် နတ်စား ကရင်ဆိုတာ ရှိတယ်....သူတို့က တောင်ပေါ်မှာနေတာ...။ သူတို့တော့အဲ့ဒီ ဓလေ့ လုပ်မယ်ထင်တာပဲ...နတ်စားကရင်လို့တောင် ခေါ်တာဆိုတော့လေ...အဲ့ဒီတုန်းက ဘာလို့ခေါ်မှန်းမသိဘူး...ခုမှ သဘောပေါက်တော့တယ်...း)...။။ ကိုမြစ်ကျိုးအင်း ဦးလေး အငယ် သနားပါတယ်...နော်...း)


ခင်တဲ့
မေဇင်

အနော် said...

စိတ်ဝင်တစားနဲ့ ဖတ်ပီးမှ နောက်ဆုံး ဦးလေးအငယ် ငိုတာကို ဖတ်ရတော့ ရယ်လိုက်ရတာ... :P

နဒီမိုးညို said...

အခါနတ်စားပဲ..ရှိတယ်ထင်တာ.
ကရင်မှာလဲ..နတ်စားရှိတာကိုး..
လေ့လာမှတ်သားသွားပါတယ်..ရှင်

flowerpoem said...

ကရင်တွေနတ်စားတာကို ကြားဖူးပါတယ် ခုမှပဲ လုပ်ပုံကိုင်ပုံကို ဗဟုသုတအဖြစ်ဖတ်ခွင့်ရပါတယ်..

ငှက်ကလေး said...

ကိုမြစ်ကျိုးအင်းရေ ညီမလဲ ကရင်စပ်တယ် ဒါပေမယ့် အဲဒါတွေ မသိဘူးရယ် ပြောပြတဲ့အတွက် သိခွင့်ရတဲ့ အတွက်ကျေးဇူးပါပဲ နော်

သေချာဖတ်သွားတယ် သိလား ဘိုင် ဘိုင်

ကိုလူထွေး said...

ဒီလို မတူညီတဲ့ ရိုရားဓလေ့တွေက အချင်းချင်း ပြောပြပြီး နားလည်မှုပေးရမယ့် အဓိကသော့ချက်တွေပါပဲ...

ကျေးဇူးပါ ကိုကျိုးရေ

(ဘောလုံးကန်တယ်ဆိုတာ ဆီးအိတ်ကို ကန်တယ်ဆိုတာ တခါမှ မကြားဖူးခဲ့ဘူး...းP )

ဖိုးစိန် said...

စိတ်ဝင်စားစရာကောင်းလိုက်တာ

ဖတ်ရင်နဲ့ နတ်စားတဲ့အထဲမျောသွားလောက်အောင်ကိုကောင်းတယ်...

စပါးခင်းနှင့်လေညင်းကို မျှော်နေပါတယ်...

ဆန့် တငံ့ငံ့တော့မလုပ်နဲ့နော်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

စာဖတ် ပရိတ်သတ် တစ်ဦး said...

သိပီးသား အကြောင်းလေးပေမဲ့ ဖတ်လို့အရမ်းကောင်းပါတယ်။
အားပေးနေမယ်နော်။

kiki said...

မသိဖူး မဖတ်ဖူးသေးတဲ့ တိုင်းရင်းသား ရိုးရာဓလေ့ တွေ ခုလို ရေးပြတာ ကျေးဇူးတင်တယ် ကိုမြစ်ကျိုးရေ ...

အမလတ်က ဘာလို့ ဝက်သားမစားတာလဲဟင် ...
သူက ဘာလူမျိုးနဲ့ အိမ်ထောင်ကျ လို့ လည်း လို့ စဉ်းစားနေတာ ... ဝက်သားတုတ်ထိုးလေး သတိရလိုက်တာ..

ဦးလေး အငယ် က ဒီလောက်တောင် ရွံတတ်တာလား ။
ရီရတယ် ...
ဝက်ဆီးအိတ်ဘောလုံး က ... တခြမ်းစောင်းများဖြစ်နေမလားဟင် ... ရှေ့ တဲ့တဲ့မလိမ့် ဘဲ တစောင်းလေး ပြေးနေမလားလို့  ..
အဲလို ဘောလုံးလေးတော့ ကန်ကြည့်ချင်သားးး

ကိုမြစ်ကျိုးတို့  မိသားစုတွေ အများကြီး .. ပျော်စရာပါဘဲ..

ခင်တဲ့ 
အမ ကိကီ

reenoemann said...

သယ်ရင်းရေ ကိုယ်လည်း တူတူပဲ။
ကိုယ်တို့ အိမ်မှာ ရိုးရာနှောက်တယ် ဆိုလားဘာလား မပြောတက်ပါဘူးကွာ။
နတ်တစ်ခါ စားလိုက်ရသေးတယ်။

နည်းနည်းတော့ ကွာတယ်ကွ။

သိပ်မမှတ်မိတော့ဘူး။

ကိုယ်လည်း ခုမှ ရောက်တယ်။
သတိရနေတယ်။

ရီနို

မယ်ကိုး said...

မှတ်သားသွားပါတယ်။

ရွက်လွင့်ခြင်း said...

မှတ်သားစရာပါပဲ
အခုလို အသေးစိတ်တင်ပြထာတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ စောင့်မျှော်နေဦးမယ်

သားကြီး said...

ကျနော့်အပေါင်းအသင်းတစ်ဝက်ဟာကရင်ချည်းဗျ
ကရင့်ရိုးရာကိုလာဖတ်သွားပါတယ်
ဦးလေးအငယ်ဆုံးကိုတော့သနားသွားတယ်စားရင်းနဲ့ ငိုရတယ်ဆိုလို့ :)

chitpalone said...

အင်း ပါးလုံးသူငယ်ချင်းကရင်မလေးလည်း နတ်စားပဲ သူပြောပြတာ နားထောင်ဖူးတယ်။ သူလည်း မစားတတ်ဘူးတဲ့ အဲ့ဒါမှားရင် အရမ်းကြောက်ဖို့ကောင်းတယ်တဲ့ သူတို့အခုတော့ အဲ့ဒါမလုပ်ကြတော့ဘူး။
အခုလိုတော့ အသေးစိတ် မသိဘူးဗျ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

မိုးစက်အိမ် said...

ဖတ်လို.ကောင်းတယ်ဗျာ ဗဟုသုတလည်းရတယ်ဗျို.
နတ်စားတယ် နတ်စားတယ်နဲ. ဘာမှန်းမသိဘူး
ခုမှ ရှင်းတော.တယ် ဒါက ကရင်လူမျိုးတွေ
ရဲ. ရိုးရာပေါ.နော်. ... အင်းဗုဒ္ဒ ဘုရားရှင်ရဲ.
တရားတော်နဲ.မညီပေမဲ. ရှေးအယူအဆ ယုံကြည်
သက်ဝင်မှုပေါ.ဗျာ...၀က်သတ်တဲ.လူကတောဗျာ
ငရဲတော. ကြီးလိုက်မဲ. အမျိုး ... သံဝေဂတောင်
ရမိတယ်ဗျာ ....

thawzin said...

အသားမှာ ၀က်ဆိုသလိုပဲ ၀တ်သား အရမ်းကောင်းတယ် တဲ့ ကျွန်တော်တော့ မကြိုက်ပါဘူး, ၀က်သားကြိုက်လို့ နတ်ကို အကြောင်းပြပြီး ၀က်သားစားတာလား မသိဘူနော်...... အဲဒီလို အထင်မှား အယူအမှားတွေ ပယ်လိုက်တဲ့ အကိုတို့ မိသားစုရဲ့ အမြင်မှန်လေး အတွက် ကျွန်တော် ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်မိပါတယ်...... ဒီထက်စစ်မှန် မှန်ကန်သော ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများ ဖြစ်နိုင်ပါစေလို့
ဆန္ဒမွန်ဖြင့်

မမသီရိ said...

အတော်စိတ်ဝင်စားစရာကောင်းတဲ့ ဓလေ့ လေးပါပဲ
ဖတ်ချင်စဖွယ် အရေးအသားလေးကြောင့်လဲ
ပို အသက် ၀င်နေတယ်

ဇော် said...

မှတ်သားစရာပါပဲဗျာ။
ကျနော့်ကိုက ကရင်စပ်တယ် ကိုကျိုးရ။ သူ့အမေက ဗုဒ္ဒဘာသာ ကရင်စစ်စစ်။ အဖေက ဗမာစစ်စစ်။ သူတို့လဲ နတ်စားလား ဘာလားတော့မသိဘူး။ တွေ့ရင် မေးကြည့်ဦးမှ။ =)
ဒါပေမယ့် ကျနော်က သူများအသတ်သတ်ရင် လုံးဝ မကြိုက်ဘူးဗျ။ ကျနော့်ကြောင့် သေတယ်ဆိုရင် အဲ့ဟာကို ဘယ်လောက်စားကောင်းကောင်း ကျနော်စားလေ့မရှိတော့ဘူး။ အဲ့တော့ ကျနော့်အလှည့်မှာ ရှိသမျှ ရိုးရာ အကုန်ပယ်ရမှာပဲ။ =)

မငုံ said...

မငုံလဲ ကြားဖူးတာပဲ ရှိတယ်။ အခုတော့ သေချာသိရတော့ ဝေမျှတာ ကျေးဇူးပါ။ သူ့ရိုးရာ သူ့ဓလေ့ပေါ့နော်။

Yu Ya said...

ဗဟုသုတတွေ အများကြီး ရသွားပါတယ်ဗျာ.

yu ya

ကောင်းကင်ပြာ said...

အမ ယောင်းမ အကြီးလဲ ကရင်ကွ၊ သူတို့တော့ နတ်စာလား မစားလားမစားလား မသိဘူး၊ ရွာအလှူမှာ ၀က်ကတော့ သတ်တာပဲ၊ နတ်ကိုးကွယ်တာလဲ အယူ တခုပေါ့လေ၊ သူ့ကို သွားမစော်ကား၊ သူ့ကို မကိုးကွယ်လဲ ဘာမှ မဖြစ်ဘူး ထင်တာပါပဲ၊
တို့ကတော့ ဘာဖြစ်ဖြစ် ၀က်သားဆို အဆီကလွဲရင် အကုန်စားတယ်:)

နွေးနေခြည် said...

စိတ်ဝင်စားဖို့ကောင်းတယ်။ အဲလိုမျိုးမကြားဖူးဘူး။ ပယ်ဖျက်လိုက်ပြီဆိုတော့ သာဓု ခေါ်ပါတယ်။ သာဓု သာဓု သာဓု

mgnge said...

ကြားတော့ကြားဖူးတယ်.. ကိုယ်တိုင်တော့ မတွေ့ ဖူးသေးဘူးဗျ..။

ဂျပန်ကောင်လေး said...

အတော်ကို စိတ်ဝင်တစားနဲ့ အသက်မရှူတမ်း ဖတ်သွားပါတယ် အစ်ကိုရေ.. ကျွန်တော်ကတော့ ၅၀% ကရင်ပေမယ့် ဒီအကြောင်းကို လုံးဝမသိဘူး.. အခုလို ကိုယ့်လူမျိုးရဲ့ ရိုးရာကို သိခွင့်ရတော့ တကယ်ကို ဗဟုသုတရပါတယ်...

Phyo Maw said...

အဲဘောလုံးမျိုး မကန်ဖူးသေးဘူး။

sonata-cantata said...

မြစ်ကျိုးအင်းရေ
ဒီက အမေရဲ့ အဖေက ကရင်ပါ။
ဧရာဝတီတိုင်း ငြုပ်ကောင်းရွာကပါ။ သင်ချောင်းရွာနဲ့ တဆက်တည်းမို့ ငြုပ်ကောင်း သင်ချောင်းလို့လည်း ခေါ်ပါတယ်။
အမေ ငယ်ငယ်ထဲက မိဘနှစ်ပါးလုံး ဆုံးပါးသွားတာမို့ နတ်မစားခဲ့ရပါ။ အမလည်း မွေးချင်းထဲမှာ နံပါတ် ၆ မို့ စားရရင်လည်း မြစ်ကျိုးအင်းလို နေမှာပါပဲ :)

မဆုမွန် said...

ဝက်သားနဲ့နဖူးထိပြီး အထပ်ထပ်ရေဆေးတဲ့ပုံကို မြင်ယောင်ပြီးပြုံးမိတယ် ကျန်တဲ့ဝက်သားလေးကို ငိုပြီးစားနေတဲ့ ဦးလေးပုံကို လည်း မြင်ယောင်သွားတယ်

ကရင်နတ်စားတဲ့ အလေ့ကို ပုံဖော်ပြီး ရေးပြသွားတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်..

မိုးခါး said...

ရိုးရာကို စိတ်ဝင်တစားဖတ်သွားပါတယ်
ကိုယ့်ရှေ့သတ်နေတာကြီး မကြည့်ချင်ဘူး
တော်တော်သနားတာ
အသံကြားရင်ကို စိတ်မကောင်းဘူး

jr.လွင်ဦး said...

ဗဟုသုတတွေများကြီးရပါတယ်။ ဆက်ရန်တွေမျှော်နေမယ်။

Git Tuu said...

မတွေ့ဘူး မကြားဘူးတဲ့ အတွေ့အကြုံလေးတွေ
မျှဝေပေးလို့ ဗဟုသုတ တစ်ခုတိုးသွားတယ်.......။

အခွင့်ကြုံခဲ့ရင် အဲ့ဒီရွာလေးကို လိုက်လည်ချင်မိတယ် ...။

ပျော်စရာကောင်းမှာ သေချာတယ် ....။


ဆက်ရန်ရှိတဲ့ အပိုင်းလေးတွေ အားပေးရင်း
စောင့်မျှော်နေပါတယ်.....ကိုအင်းကြီး။

ချစ်ခင်လေးစားစွာဖြင့်
ဂျစ်တူးလေး

ကိုညီမင်း said...

လူမျိုးတမျိုးစီရဲ့ ဓလေ့လေးတွေက ကျနော်တို့ အတွက်
ဆန်းကြယ်နေတယ်ဒါမျိုးဓလေ့ကို မကြားဖူးဘူး
စိတ်ဝင်စားအောင်ရေးပြီး ဗဟုသုတပေးတာ သဘောကျမိတယ်ဖတ်လို့ကောင်းပါတယ်

မေသစ္စာမောင် said...

ဒီပို့စ်လေးဖတ်ပြီး ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့လေးတွေသိရတာပေါ့နော်။ ဗဟုသုတရရှိစေတဲ့ ပို့စ်လေးပါ။

နောက်လည်း လာဖတ်ပါဦးမယ်။
Link လေးယူသွားကြောင်း အသိပေးပါတယ်ရှင်။

အိမ် said...

မသိသေးတဲ့ ဟာလေးတွေ သိသွားပါတယ်ဗျား။ ထူးဆန်းတယ်ပဲ ပြောရမလား၊ ဘာလားတော့ မသိဘူးဗျာ စိတ်ဝင်စားဖို့တော့ ကောင်းတယ်။

ဏီ(န်)ကင်း said...

တခါမှမသိသေးတဲ့ကိစ္စတစ်ခုကိုသေသေချာချာသိခွင့်ရတဲ့အတွက်အကို့ကိုကျေးဇူးပါခင်ဗျာ

ညီမလေး said...

ဝက်ကလေးတွေ သနားစရာနော် .. ။

ဟုတ်တယ် အမှန်တော့ နတ်နတ်ဆိုပြီး စားနေကြတာက လူတွေ ..။

ကိုကိုမောင် (ပန်းရနံ့) said...

ခြုံထဲကငါးက တစ်ဆင့် လာခဲ့တာဗျ။ နတ်စားတယ်ဆိုတာ ကြားတော့ကြားဖူးပါရဲ့။ ဒါပေမဲ့ ဘယ်လိုစားမှန်းမသိခဲ့ဘူး။ အခုမှဘဲ ရှင်းရှင်းလင်းလင်းသိခွင့်ရတော့တယ်။ တင်ပြပုံကောင်းတော့ မျက်စိထဲကို ကွက်ကွက်ကွင်းကွင်း မြင်လာပါတယ်။ တကယ်ဗဟုသုတပေးတဲ့ ပို့စ်လေးပါ။

ညယံ said...

ဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ်။ လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်က ဘားအံဖက် အလည်ရောက်တုန်းက အဲဒီလို နတ်စားတာနဲ့ ကြုံဖူးတယ်။ ခုလိုတော့ အသေးစိတ်ကို မသိဘူးပေါ့။ ပွဲပြီးတော့ တာလဘောပြုတ်နဲ့ ဝက်သားတွေ စားရတာတော့ မှတ်မိနေတယ်။ :)

 

Posts Comments

©2006-2010 ·TNB