ပင်လယ်ည ပင်လယ်နေ့

24 July 2009




ချစ်သူကို ပင်လယ်နဲ့ တင်စားသလို ကျွန်တော်ရဲ့ စိတ်ခံစားချက်ထဲမှာလဲ ပင်လယ်ကို သွားရတာ နှစ်သက်ပါတယ်..။

ပင်လယ်သွားရမယ်ဆို ကျွန်တော့်ကို နှစ်ခါညှိစရာမလိုပါဘူး...။အဓိကကတော့ အဆုံးမရှိတဲ့ ပင်လယ်ကို ကြည့်ရင်စိတ်ထဲက မွန်းကျပ်တဲ့ အရာတွေ ပွင့်ထွက်သွားသလို ခံစားရလို့ပါပဲ...။မြန်မာပြည်မှာ ရှိနေတုန်းကတော့ ပင်လယ်ကိုနှစ်သက်ရကောင်းမှန်း မသိခဲ့ဘူး။။ မိဘအရိပ်အောက်မှာ ဆိုတော့လဲ ဖွင့်ထုတ်လောက်စရာ မွန်းကျပ်မှုတွေ မရှိလို့နဲ့တူပါရဲ့....။

ဒီလိုနဲ့ ဒီနိင်ငံရောက်ပြီး ၆ လလောက်နေတော့ ပင်လယ်ကို ချစ်တတ်လာတယ်...။ပင်လယ်ချစ်တတ်လာတဲ့
ကျွန်တော့်အတွက် ဒီနိင်ငံက အဆင်ပြေပါတယ်...။မျက်နာမူရာကို ဦးတည်ပြီးသာ လျှောက်သွားလိုက်ရင်
နောက်ဆုံးတော့ ပင်လယ်ဆီရောက်တာပဲ...။

ဒီကျွန်းနိင်ငံမှာ လက်ညိုးထိုးမလွဲအောင် တောင်တန်းတွေ ရှိနေသလို အဲဒီတောင်တန်းတွေရဲ့ အလွန်မှာလည်း ပင်လယ်က ရှိနေခဲ့တယ်...။အဲဒီပင်လယ်တွေဆီကိုလည်း ကျွန်တော်မကြာမကြာ ရောက်ဖြစ်ပါတယ်...။
ဒီနှစ်အတွက်တော့ ကျွန်တော့်ရဲ့ ပင်လယ်ခရီးကို ပြီးခဲ့တဲ့ စနေညမှာပဲ စတင်ဖြစ်တယ်...။


ကျွန်တော်တို့ရဲ့ ပင်လယ်ခရီးမှာ စကာင်္ပူက အလည်ရောက်နေတဲ့ သူငယ်ချင်း ဇနီးမောင်နှံရယ် အဖြူလေး
ညောင်းရမ်းတို့အပါအ၀င် စုစုပေါင်း ၁၂ ယောက် သွားခဲ့ကြတယ်..။ မနက်စောစောထသွားရင် ရပေမယ့် ပင်လယ်ည ရဲ့ ရသကို လိုချင်လို့ စနေညမှာပဲ ခရီးထွက်ဖြစ်တယ်...။

အလုပ်ပြန်လာတဲ့သူတွေ စောင့်နေရင်းနဲ့ အချိန်အနည်းငယ်နောက်ကျသွားတော့ ဘူတာကြီးမှာ တနာရီခွဲလောက် ရထားစောင့်လိုက်ရသေးတယ်...။ခေတ်လူငယ်တွေ ဆိုတော့လည်း အချိန်ဖြုန်းနည်းကောင်းတွေ ရှိတယ်လေ..။ ကျွန်တော်တို့ ယောကျာင်္းလေးအဖွဲ့က ဖဲထိုင်ရိုက်နေကြသလို မိန်းခလေးတွေကလည်း ဓါတ်ပုံတွေ ရိုက်ကြတာပဲ...။ ဘူတာမှာ ဘာရှုခင်းကောင်းမှ ကျွန်တော်တော့ မမြင်မိပါဘူး ဒါလည်း တဖျတ်ဖျတ်နဲ့ ရိုက်နေကြတာပါပဲ..။

တည်းမယ့်နေရာရောက်ရင် တဖွဲ့လုံး ဖဲရိုက်ကြဘို့ အတွက် ကျွန်တော်တို့က သွေးပူလေ့ကျင့်ခန်းလုပ်သလို
မိန်းခလေးတွေကလည်း ပင်လယ်မှာ အပြိုင်ကျဲရမယ့် ဓါတ်ပုံရိုက်ပွဲကြီးအတွက် ပွဲမ၀င်ခင် အပြင်ကကျင်းပဆိုသလို ကစားကွက်တွေ စတိုင်အနေအထားတွေနဲ့ တယောက်နဲ့တယောက် ခြေစမ်းပွဲ လုပ်နေကြတယ်နဲ့တူပါရဲ့...။

ရထားထွက်ဘို့ မိနစ် ၂၀ ကျော်လောက်လိုတော့ သွေးပူလေ့ကျင့်ခန်းတွေရပ် ခြေစမ်းပွဲတွေ ရပ်ပြီး အနားက 7-eleven ဆိုင်မှာ မုန့်တွေ ၀ယ်ကြတယ်...။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူလည်း စားစရာနဲ့ ကော်ဖီဝယ်ရင်း သူကဘူးလေးတဘူး ကိုင်ပြပြီး ဒါဝယ်သွားမယ် ပင်လယ်မှာ ဒါလိုအပ်တယ်တဲ့..။နေပူခံဘို့လူးတဲ့ lotion ဖြစ်မှာပါဆိုပြီး ကျွန်တော်လည်း သေသေချာချာ ကြည့်မနေတော့ပါဘူး။ နှစ်ဘူး ၀ယ်လိုက်ပြီး စီးရမယ့်ရထားမှတ်တိုင်ကို သွားကြတယ်..။

တနာခွဲလောက်စောင့်ရကျိုးနပ်တာက ဒီတခါဝယ်တဲ့လက်မှတ်တွေက ထိုင်ခုံနေရာတွေနဲ့ဆိုတော့ အေးရာအေးကြောင်း ခရီးသွားရုံပဲလေ။အရင်အခေါက်တွေတုန်းကတော့ ဘူတာရောက်တဲ့ အချိန်နဲ့ အနီးဆုံးထွက်မယ့် ရထားကိုတက်စီးနေကြဆိုတော့ ထိုင်ခုံမရတာများတယ် ခရီးကလည်း တနာရီလောက်ပဲ စီးရတာဆိုတော့ မတ်တပ်ရပ်သွားလည်း မပင်ပန်းပါဘူး။

ရထားပေါ်မှာ ထိုင်စီးနေရင်းနဲ့ အရင်အခေါက်က ရထားစီးရင်း သမ္ဗုဒ္ဓေဂါထာရွတ်တဲ့ အကြောင်း သတိရမိတယ်...။
အရင်အခေါက်တွေတုန်းက ရရာရထားတက်စီးတာဆိုတော့ ထိုင်ခုံက လူတွေပြည့်နေတာများတယ် ...။
ကျွန်တော့်အတွက်က အရေးမကြီးပေမယ့် ချစ်သူကိုတော့ တနာရီခရီးလည်း ထိုင်စီးစေချင်တာပဲ ...။

တခါတော့ ရထားပေါ်တက်တက်ချင်း ထိုင်ခုံနေရာတလုံးက လွတ်နေတာနဲ့ သူ့ကိုထိုင်ခိုင်းလိုက်တယ်..။
နေရာပိုင်ရှင်လာရင်လည်း ထပေးမယ်ပေါ့ဆိုတဲ့အတွေးနဲ့လေ...။ရထားစထွက်တာနဲ့ ကျွန်တော်လည်း ရွတ်နေကြ သမ္ဗုဒ္ဓေဂါထာကို မနားတမ်းရွတ်နေမိတယ်...။သွားတဲ့လမ်းခရီး အန္တရာယ်ကင်းအောင် ဆိုတာထက် ချစ်သူထိုင်နေတဲ့နေရာ ဆက်ထိုင်နေဘို့ အတွက်ရည်ရွယ်ပြီး ရည်ရွယ်ချက်ကြီးကြီးနဲ့ ရွတ်မိတာပါ...။



ဘူတာတဂိတ်ရောက်လို့ ခရီးသည်တက်လာလိုက် ကျွန်တော့်မှာ နေရာပိုင်ရှင်များလား ဆိုတဲ့ အတွေးတွေနဲ့ သံဗုဒ္ဓေရွတ်ရင်း ကြည့်နေရတယ် ...။တမှတ်တိုင်ပြီးတမှတ်တိုင်ကျော်လာတယ် အဲဒီနေရာအတွက် ပိုင်ရှင်က ပေါ်မလာဘူး အဲဒီလိုနဲ့ ပင်လယ်ဆီကိုရောက်တဲ့ အထိ ချစ်သူလည်း ထိုင်စီးလိုက်ရတယ် ..။

(တနာရီစာခရီးကိုတောင် ထိုင်ခုံမက်နေမှတော့ တသက်လုံးစာ ထိုင်ခုံမက်တဲ့ သူတွေ အပြစ်တင်ရ ခက်ပါတယ်လေ သူတို့ကတော့ ဘုရားစာ ရွတ်ပြီး နေရာမြဲအောင်တော့ မလုပ်ဘူးထင်တာပဲ လက်အုပ်ချီရင် ညောင်းလို့နဲ့တူတယ် ပြီးလွယ်စီးလွယ် လက်ညိုးလေးပဲကွေးနေကြတော့တယ်။)

ဒီတခါသွားတော့ ရထားလက်မှတ်မှာ ထိုင်ခုံနေရာနဲ့ဆိုတော့ သီချင်းနားထောင်ရင်း အရင်က သွားခဲ့တာကို သတိရမိတယ်..။
အဲဒီအကြောင်းချစ်သူကိုတောင်မပြောပြဖြစ်ခဲ့ပါဘူး...။ရထားပေါ်မှာ နောက်လိုက်ပြောင်လိုက် နဲ့ ပင်လယ်ရောက်တော့ ည ၁၀ နာရီကျော်နေပြီ တည်ခိုတဲ့နေရာမှာ အထုပ်အပိုးတွေချ ပေါ့ပေါ့ပါးပါး အ၀တ်အစားတွေလဲပြီး အနားကဆိုင်မှာ ရေခဲတစ်ထုပ်ရယ် အားလူးကြော်နဲ့ တစ်ခါသုံးခွက်တွေ ၀ယ်ပြီး တစ်ဖွဲ့လုံး ပင်လယ်ကမ်းခြေကို ဆင်းခဲ့ကြတယ်...။

ကမ်းခြေရောက်တော့ ကျွန်တော်တို့နေတဲ့ မြို့ကနေ တကူးတက သယ်လာရတဲ့ မြန်မာဘီယာ ကို ခွက်ထဲမှာ ရေခဲရောပြီး သောက်တတ်တဲ့သူတွေနဲ့ သောက်ကြတယ် တချို့ကောင်မလေးတွေလည်း တခွက်လောက်တော့ သောက်ကြတာပဲ..။
ပြီးတော့ ကမ်းခြေမှာ ပင်လယ်ည ရဲ့ အရသာကို ခံစားဖြစ်တယ်...။

ကျွန်တော်ကတော့ ပင်လယ်ညရဲ့ ခံစားချက်ကိုလည်း ကြိုက်တာပဲ ...အမှောင်ထုအောက်မှာ လှိုင်းသံတွေ ကြားနေရတယ်။ တိုက်ခတ်လာတဲ့ လေညှင်းက လတ်ဆတ်နေတယ် ဖိနပ်ချွတ်ထားတဲ့ ခြေဖ၀ါးရဲ့အောက်မှာ နုညံ့တဲ့ သဲဖြူလေးတွေ ရှိနေတယ်...ချစ်သူလက်ကို ဆွဲကိုင်ပြီး ဘာမှ မမြင်ရတဲ့ အမှောင်ထုကြီးထဲကို တိတ်တိတ်ကလေးပဲ ငေးနေမိတယ် ...။
ဒီအချိန်မှာ စကားတွေအများကြီးပြောဘို့ မလိုတော့ဘူး...။ တယောက်ရင်ထဲမှာရှိတဲ့အရာတွေကို အရှေ့က
အမှောင်ထုထဲမှာ ပြန်မြင်နေရတယ်...။

ကမ်းခြေမှာ နာရီဝက် လောက်နေပြီး တည်းခိုတဲ့နေရာ ပြန်လာခဲ့ကြတယ်....။နေရာရောက်တော့ ကိုယ့်အခန်းမှာ ကိုယ်ရေချိုးပြီး ခြိမ့်ခြိမ့်သဲတဲ့ ဖဲဝိုင်းကြီးကျင်းပ ဘို့ လူပြန်စုကြတယ်..။အားလုံးလည်း ကစားလို့ ရအောင် ပျော်ရွှင်ဘို့လည်း ကောင်းအောင် 21 (တွမ်တီဝမ်း) နှစ်ဆယ့်တပေါက် ကစားနည်းပဲ ရွေးလိုက်ကြတယ်...။

ကျွန်တော်နဲ့ သူငယ်ချင်း ဧပရယ် နှစ်ယောက်ပေါင်းပြီး ဖဲဝိုင်း ဒိုင်ကိုင်ကြတယ်...။လူကဲခတ်လည်း ကောင်းမယ်... ကံတရားလေးလဲ အတော်အသင့် ရှိမယ်ဆို 21 ဒိုင်ကိုင်ရတာ ရှုံးစရာမရှိဘူး...။ဧပရယ်က ဖဲကြည့်ပြီး ကျွန်တော်ကလူကဲခတ်တဲ့ တာဝန်ယူလိုက်တယ်...။

ကျွန်တော်က သူတို့ဆွဲလိုက်တဲ့ဖဲ သေမသေ ကို အကဲခတ်တဲ့အပြင် တချက်ချက် အကြောင်ကွက်လေးတွေပါ သုံးပေးသေးတယ်...။အားလုံးဖဲဆွဲ ပြီးတာနဲ့ ကျွန်တော်က ရုပ်တည်နဲ့ “ကဲကဲ သေတဲ့သူတွေ ဖဲလှန်ကြ” လို့ အကြောင်ရိုက်လိုက်ရင် သတ်မှတ်ထားတဲ့ ဖဲအပွင့်ကျော်ပြီး သေသွားတဲ့ သူထဲက တချို့က အဟုတ်မှတ်ပြီး ဖဲလှန်ပြတော့တာပဲ...အဲဒါဆိုရင် ကြက်ကလေးငှက်ကလေးဖမ်းတာမှ ပင်ပန်းသေးတယ် အေးရာအေးကြောင်း ပိုက်ဆံကောက်သိမ်းလိုက်ရုံပဲ...။

အဲဒီအကွက်က ခဏခဏတော့လုပ်လို့ မရဘူး မေ့လောက်ပြီရှိမှ တခေါက်ထထလုပ်ရတာလေ...။ ၀ိုင်းထဲမှာလည်း ဆူညံနေတာပါပဲ...။နည်းမျိုးစုံသုံးပြီး တနာရီခွဲလောက်ကစားလိုက်တာ တယောက်ကို တစ်ဆယ် နှစ်ဆယ်ထိုးတဲ့ဝိုင်းမှာ ငါးရာလောက် နိင်ပြီး ၀ိုင်းသိမ်းလိုက်တယ်...။

အားလုံးကိုယ့်အခန်းကိုယ်ပြန်အိပ်တော့ ည ၂ နာရီ ရှိနေပြီ...။ညနက်နေပေမယ့် တော်တော်နဲ့ အိပ်မပျော်ပါဘူး...။

စအိပ်မယ်ဆိုပြီး မီးပိတ်လိုက်တယ်..။ကျွန်တော်လည်း အိပ်မပျော်သေးတာနဲ့ ဟိုတွေးဒီတွေးလုပ်ရင်းနဲ့ မနက်ပင်လယ်ထဲ ဆင်းမယ့်အကြောင်း ရောက်သွားတယ်...။ပင်လယ်ထဲဆင်းရင် နေပူတာရယ် ပင်လယ်ရေ ရယ်နဲ့ဆို နဂိုမဖြူတဲ့ အသားလေး ပိုမည်းသွားမှာပဲ စဉ်းစားမိတော့ အခုထဲက lotion လူးအိပ်မှပဲ ဆိုပြီး အကြံရသွားတယ်..။

အဲဒါနဲ့ မှောင်ကြီးမဲကြီးထဲ ခြေရင်းအိတ်ထဲကနေ ဘူတာမှာ ၀ယ်လာတဲ့ lotion ဘူးလေး ထုတ်ပြီးလူးမိတယ်..။ မိုးဟေကို လိုလူးတာမဟုတ်ပါဘူး လက်နှက်ဘက်ရယ် လည်ပင်းလောက်ပဲ လူးတာပါ...။ခက်တာက lotion က နုနုညံ့ညံ့ မရှိဘူး အသားကို ပွတ်လိုက်တာနဲ့ ကပ်စေးစေး စေးကပ်ကပ် ဖြစ်နေတယ်...။ မနက်မှပဲ ဘာတံဆိပ်လည်းကြည့်မယ်ဆိုပြီး အသားထဲ ၀င်အောင် နာနာလေးပွတ်ပြီး အိပ်လိုက်တော့တယ်..။

မနက် ၆ နာရီလောက်ပဲ ရှိသေးတယ် အိပ်ယာနှိုးတဲ့ ဖုန်းဝင်လာတယ် မိန်းခလေးတွေများ ယောကျာင်္လေးထက် ၀ီရိယ ကောင်းကြတယ် ကိုယ်လည်းမျက်နာသစ်ပြီးရော သူတို့အားလုံးလည်း ဒီဇိုင်းတွေပေးပြီးသား ဖြစ်ကုန်တယ်...။ မုန့်စားဘို့ လမ်းမပေါ်ရောက်တော့ ကျွန်တော်က ဒီနေ့မနက်စာကို ညက ဖဲနိင်ထားတဲ့ ပိုက်ဆံနဲ့ ပြန်ဝယ်ကျွေးမယ်လို့ ပြောလိုက်တယ်....။

မက်ဒေါနယ်မှာ ကြိုက်တာ အ၀စား ပြောတော့ တချို့တွေ မျက်နာနဲနဲ ၀င်းသွားတယ် ညက ရှုံးထားတာထက် တန်အောင်ဝါးမယ်ဆိုတဲ့ ပုံစံတွေနဲ့ပေါ့ ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး ..အဲဒီနေရာမှာ မက်ဒေါနယ်ဆိုင် မရှိဘူးဆိုတာ အရင်ထဲက သိထားပြီးသားပဲ...။သူတို့ခမျာ နောက်ဆုံးတော့ ရရာမုန့်ပဲ ဆွဲလိုက်ကြရတော့တယ်...။

ကျွန်တော်တို့ တည်းတဲ့နေရာက ကမ်းခြေနားမှာဆိုတော့ တည်းတဲ့နေရာပြန်ပြီး အ၀တ်အစား တခေါက်ထပ်လဲ ကြသေးတယ်။ဒါတောင်မုန့်စားပြီး ကမ်းခြေပြန်တဲ့ လမ်းတလျှောက်မှာ ဓါတ်ပုံရိုက်တာထည့်မပြောသေးဘူး...။ အ၀တ်အစားလည်း လဲပြီး ကမ်းခြေဆင်းတော့ ဓါတ်ပုံရိုက်ပွဲတော်ကြီး စတော့တာပါပဲ...။အစပိုင်းတော့ စိတ်ရှည်ရှည်ရိုက်ပေးသေးတယ် ..။ ယူလာတဲ့ မြန်မာဘီယာဗူးတွေတောင် ပူစပြုလာတော့ ကျွန်တော်လည်း မသိမသာ ပွဲတော်ကြီးထဲကနေ ထွက်ခဲ့တော့တယ်..။

သူတို့ တဖွဲ့လုံး ဓါတ်ပုံရိုက်တာ ခန့်မှန်းခြေ ပုံပေါင်း တစ်ထောင်ကျော် လောက်တော့ရှိမယ်ထင်တယ်...။
မနက်၁၀ နာရီလောက်ပဲ ရှိအုံးမယ် တချို့ဆို လက်ကျန်ပုံတွေ ရှိတော့ memory full ဖြစ်ကုန်တယ်...။
ဓါတ်ပုံရိုက်တဲ့ အကြောင်းပြောတာ ဘာရယ်တော့ မဟုတ်ပါဘူး တဖွဲ့လုံးတက်ညီ လက်ညီရှိတာကို ပြောချင်တာပါ..။
အားလုံးကလည်း လှတပတ လေးတွေဆိုတော့ ရိုက်ချင်တာနဲ့တူပါရဲ့။(နဲနဲတော့ပြန်ဖားထားရသေးတယ်)

သူတို့ဓါတ်ပုံအရိုက်ကောင်းလို့ ကျွန်တော့်မှာ ရေမွှန်းသွားရသေးတယ်...။ ပထမတော့သူတို့က ကမ်းခြေမှာ
ဓါတ်ပုံရိုက်နေကြတာ ရှုခင်းတွေ ထပ်နေတာနဲ့ ခါးလယ်လောက် ရေနက်တဲ့နေရာကို သူတို့ကို ခေါ်သွားတယ် ...။
ကမ်းခြေရဲ့ သဲသောင်က ညီတော့ ဝေးဝေးသွားတဲ့ အထိ ရေကမနက်ဘူး ပြေပြေလေးပဲ ရှိတာလေ...။

ခါးလယ်လောက် နက်တဲ့နေရာမှာ လှိုင်းတွေက တလိမ့်ပြီးတလိမ့်တက်လာတာ တော်တော်လှတယ် သူတို့ကိုလည်းလှိုင်းလုံးဖြူတွေ နောက်ခံထားပြီး ဓါတ်ပုံရိုက်ပေးတော့ အားလုံးလဲ သဘောတွေကျလို့ပေါ့....။သူတို့ကလည်း သူတို့နဲ့တွဲပြီး ဓါတ်ပုံရိုက်စေချင်တာနဲ့ ကျွန်တော့်ကောင်မလေးဘေးနား မှာ စတိုင်တွေ ထုတ်ရင်း လှိုင်းလာတာကို စောင့်နေမိတယ်...။

တလိမ့်ပြီးတလိမ့် တက်လာတဲ့ လှိုင်းက အနားရောက်မှ တော်တော်ကြီးမှန်းသိလိုက်တယ်...လှိုင်းက နောက်ကျောကို ၀င်စောင့်တော့ အားလုံးဖရိုဖရဲတွေ ဖြစ်ကုန်ကြတယ်...။ကျွန်တော်ကောင်မလေးလည်း အနားမှာ ရှိတဲ့ ကျွန်တော့်လက်ကို ဖမ်းဆွဲလိုက်တာ ကျွန်တော်လည်း ယိုင်နေတော့ လက်မဆွဲမိပဲ ဘောင်းဘီ ဆွဲချွတ်သလို ဖြစ်သွားတော့တယ် ...။

ကျွန်တော့်မှာ ရှက်ရှက်နဲ့ လှိုင်းလုံးကြားထဲ ထိုင်ချလိုက်ရတာ ရေမွှန်းသလိုဖြစ်သွားရတယ်..။
မိန်းခလေး ၅ ယောက်ကြားမှာယောကျာင်္းလေးက ကျွန်တော်တယောက်ထဲဆိုတော့ သူတို့က ၀ိုင်းရယ်တာပေါ့...။တော်သေးတယ်အဲဒီပုံ မရိုက်လိုက်မိလို့ ...။ဖြုန်းခနဲမို့လို့သာ လန့်သွားတာပါ တကယ်တော့ နောက်ထပ် တော်တော်ရှည်သေးတဲ့ ဘောင်းဘီ တထည် အောက်မှာရှိပါသေးတယ်...။

အဲဒါနဲ့ အရှက်ပြေတော့ ကျွန်တော်လည်း ယောကျာင်္းလေးအုပ်နဲ့ သွားရောပြီး ဘောလုံး ကန်နေလိုက်တော့တယ်..။ သူတို့က ဓါတ်ပုံရိုက် ကျွန်တော်တို့ က ဘော်လုံးကန်နဲ့ ပျော်ပျော်ရွှင်ရွှင်ပါပဲ....။ကစားကြ နောက်ကြနဲ့ တော်တော်ပျော်ဘို့ ကောင်းခဲ့ပါတယ်..။ မနက်ရောက်မှ ကားနဲ့လာကြတဲ့ အကိုအမ လင်မယား နှစ်တွဲရောက်လာတော့ အဖွဲ့က ပိုမြိုင်သွားတယ်။ မကန်တာကြာတဲ့ဘောလုံး ကန်လိုက်လို့နဲ့တူတယ် အရင်ဒဏ်ရာဟောင်း ပြန်ပေါ်လာပြီး ဒူးတဖက်က နာလာတယ်..။
ကစားနေတုန်းတော့ မသိပါဘူး...။ရေချိုးပြီးသွေးအေးသွားမှ နာလာမှန်းသိတာလေ...။

ဒါတောင်ပင်လယ်ထဲက နောက်ဆုံးတက်တာ ကျွန်တော်တို့ ဘော်လုံးကန်တဲ့ယောကျာင်္လေးအဖွဲ့ပဲ ရှိတော့တယ်..။ နေကခေါင်းပေါ်ရောက်နေလို့သာ တက်လာရတာ ဘောလုံးကန်လို့ကောင်းနေတုန်းပါပဲ...။
ဒီတခါတော့ အရင်တခေါက်သွားသလို အချဉ်လေးတွေ မတွေ့ခဲ့ ရလို့ ရွှေလူလည်FC မလုပ်လိုက်ရဘူး...။

တည်းတဲ့နေရာပြန်ပြီး ရေချိုးမလို့ ရေချိုးခန်းထဲ ရောက်ကာစပဲ ရှိသေးတယ် ချစ်သူက ရော့ ခေါင်းလျှော် ယူထားဆိုပြီး လာပေးတယ်...။ စိတ်ထဲတခု သွားတွေးမိတာနဲ့ ဒီခေါင်းလျှော်ရည် ဘယ်ကရလဲ မေးတော့ မနေ့ညတုန်းက ဘူတာရဲ့ 7-eleven ဆိုင်က နှစ်ဘူးဝယ်လာတာလေ ခြေရင်းအိတ်ထဲက နှိုက်လာပေးတာတဲ့...။

စိတ်ထဲမှာတော့ ဟာသွားပြီလို့ တွေးလိုက်မိတယ် ကျွန်တော့်မှာ lotion ထင်ပြီး တညလုံးလူးအိပ်တာ ခေါင်းလျှော်ရည် ဖြစ်မှန်းအခုမှသိရတယ်...။ကိုယ့်ဘာသာ သဘောတွေကျပြီး ရေချိုးခန်းထဲမှာ တဟားဟားနဲ့ ရယ်နေရသေးတယ်..။ ဟုတ်တယ်လေ ဘယ်သူကိုယ့်လို ခေါင်းလျှော်ရည် လူးအိပ်ဖူးမလဲ...ဘယ်သူမှ ရှိမှာမဟုတ်ဘူး ...အကြောင်းတိုက်ဆိုင်ပြီး အခါအခွင့်သင့်လို့ လူးခွင့်ရလိုက်တယ် တွေးပြီး ရယ်နေမိတယ်...။

ကိုယ့်ဘာသာ သဘောကျနေပေမယ့် တဖွဲ့လုံးကိုတော့ မပြောဖြစ်ဘူး တောကျတယ်ထင်မှာစိုးလို့ ရှက်ရှက်နဲ့ မပြောရဲဘူး။ အခုမှ လူစုံတုန်းပြောလိုက်ရတာ...။ရေချိုး အ၀တ်အစားလဲ ပြီးတော့ ခြေထောက်က တော်တော်နာလာတယ် လမ်းလျှောက်ရင် သိပ်မနာပေမယ့် လှေကားအတက်အဆင်းဆိုရင် တော်တော်ကို နာနေပြီ....။

လူစုံတက်စုံ အ၀တ်အစားလဲ ပြီးတော့ ကျွန်တော်တို့ ၁၆ ယောက် အုပ်လိုက်ကြီး ထမင်းဆိုင် သွားကြတယ်...။လူကများတော့ နှစ်ဝိုင်းခွဲထိုင်လိုက်ရတယ်...။ ထမင်းဝိုင်းအကြီးကြီးမှာ လူ ၁၂ ယောက် ထိုင်ကြပြီး ဟင်းမှာကြတယ်...။ဟင်းက ၄ မျိုးကနေ ၇ မျိုးအထိ သူ့ဈေးနဲ့သူရှိတယ်... ဒီလူအုပ်နဲ့ဆိုတော့ ဟင်း ၇ မျိုးမှာလိုက်ရတယ်...။ ဟင်းချိုပွဲကြီးတပွဲ အလကားပေးပြီး ထမင်းကတော့ ကြိုက်သလောက် အ၀ စားလို့ရတယ်လေ...။

ငြိမ်ငြိမ်သက်သက်ထိုင်နေပေမယ့် အားလုံးတော်တော်လေး ဆာလောင်နေကြပြီ ...။
ပထမဆုံး တို့စရာပုံစံမျိုး ပွဲသေးသေးလေး၂ မျိုးလာချပေးတယ်...။ခဏနေရင် ဟင်းတွေ လာတော့မှာဆိုတော့ ဘယ်သူမှ အဲဒီတို့စရာတွေကို စိတ်မ၀င်စားကြဘူး မတို့မထိပဲထားကြတယ်..။တော်တော်ကြာတဲ့အထိ ဟင်းတွေက ရောက်မလာတော့ မနေနိင်တဲ့သူက စပြီးစားလိုက်တာ ဟိုလူထည့်ဒီလူထည့်နဲ့ တို့စရာ ပန်ကန်လည်းပြောင်သွားတယ်...။ ဆင်ပါးစပ် နှမ်း ပက်သလောက်ပါပဲ...။

ဒါလည်း ဟင်းကမရောက်လာသေးဘူး....တချို့ကလည်း အာရုံပြောင်းအောင်လို့ အခန်းထဲမှာ ထားတဲ့ အကြွေစေ့ထည့်ပြီး ဆိုရတဲ့ ကာရာအိုကေ စက်ကို ဖွင့်နေကြပြီ...။သီချင်းဆိုရင်း စောင့်မယ်ဆိုတဲ့ သဘောနဲ့ပေါ့...။အကြွေစေ့လဲ ထည့်ပြီးရော ဟင်းပွဲ တပွဲက စပြီးရောက်လာတယ်...။အဲဒါနဲ့ မိုက်လေးတွေ ပြန်ထားပြီး အလျှိုလျှို ၀ိုင်းထဲပြန်ဝင်လာကြတယ်...။အဆိုတော်တွေကလည်း ပွဲအနေအထားကို အကဲခတ်မိတယ်ထင်တယ် ဒီလောက်ဆာလောင်နေတဲ့ လူအုပ်နဲ့ဆို အချိန်မှီ ၀ိုင်းထဲမှာ မရှိရင် မျိုးကျော့မြိုင်ရဲ့ တစ်မိနစ်နောက်ကျသွားပြီ သီချင်းဆိုပြီး ကြေကွဲရမှာသိနေကြတယ်...။

ရောက်လာတဲ့ ဟင်းပွဲလည်း တယောက်တဖတ်ထည့်လိုက်တာနဲ့ ဟင်းပွဲတပွဲလည်း ပြောင်တာပါပဲ...။
နောက်တပွဲရောက်တဲ့အချိန်မှာ ပထမဟင်းပွဲက ပန်းကန်အလွတ်ပဲကျန်တော့တယ်....။နောက်တပွဲကုန်တော့ ထမင်းလိုက်ပွဲက ပြောင်သွားပြန်ရော ...။ဟင်းတွေထမင်းတွေလာပို့ရတဲ့ ကောင်မလေးခမျာ အခန်းတံခါးကို ဖွင့်လိုက်ပိတ်လိုက် လုပ်ရလို့လားမသိဘူး နောက်တော့ အခန်းတံခါးတောင် ပြန်မစေ့နိင်တော့ဘူး ဒီအတိုင်းဖွင့်ပြီး ထားခဲ့တော့တယ်...။

စားပွဲထိုးလေးက မြန်မာမဟုတ်လို့ တော်သေးတယ် မြန်မာသာဆို သူ့စိတ်ထဲမှာ ဝေသာလီပြည် ဘီလူးကျ တဲ့အတိုင်းလို့ တွေးမိမှာပဲ...။အခုလည်း ပြောလို့တော့မရဘူး တရုတ် အငတ်စကားပုံတွေ တွေးနေမလားပဲ..။

ကျွန်တော်တော့စားနေရင်း မင်းတုန်းမင်းလက်ထပ်က ဗန်းမော်ဆရာတော် အလှူအိမ်မှာ ဆွမ်းစားတာ သတိရမိသေးတယ်.။ဆွမ်းကပ်တဲ့သူတွေက ဆွမ်းထမင်းအရင်လာချပေးတော့ ဆရာတော်က ထမင်းချည်းပဲ အရင်ဘုန်းပေးတယ်တဲ့ ဟင်းပွဲရောက်လာတော့ ထမင်းက ကုန်နေပြီ ဒါနဲ့ ထမင်းထည့်ရအောင် သွားယူနေတဲ့အချိန် ဆရာတော်က ဟင်းတွေပဲဘုန်းပေးပြန်သတဲ့ ထမင်းရောက်လာတော့ ဟင်းကကုန်နေပြန်ရော ဟင်းသွားထည့်ရင် ထမင်းကုန်အောင် ဘုန်းပေးနဲ့
ဒကာတွေလည်း တော်တော်အလုပ်များသွားရတယ်တဲ့...။အရွဲ့တိုက်တဲ့နေရာမှာ ပြိုင်စံရှားတဲ့ ဆရာတော်ပါပဲ...။ ဗန်းမော်ဆရာတော်အကြောင်းတော်တော်များများ ဖတ်ဖူးကြမှာပါ..။

ကျွန်တော်တို့လည်း အဲဒီလောက်နီးနီး အလုပ်များစေတာပါပဲ..ဟင်း ၅ ပွဲလောက်ရောက်လာပြီးတဲ့ အချိန်မှာ ဟင်း ၇ ပွဲနဲ့တော့ ဘယ်လိုမှ မဖြစ်နိင်ဘူးလို့တွေးမိတယ်..။ ဒါနဲ့နောက်ထပ် ၅ ပွဲထပ်မှာရသေးတယ်..။ ဟင်း၉ ပွဲနဲ့ ထမင်း လိုက်ပွဲကြီး ၄ ခါလောက်လာချပြီးမှပဲ အားလုံး နားနားပြီး စားနိင်တော့တယ်...။ အဲဒီအရှေ့ကတော့ တောက်လျှောက်ဝါးနေရတာ လက်က တူကို မလွှတ်တမ်းကိုင်ထားရတာ လက်တောင်ညောင်းတယ်။တာလွှတ်ထဲက အသံမထွက် ရယ်စရာ မပြောနိင်ပဲ စားနေကြရတာ...။

ကြာလာတော့ ဟင်းပွဲဘယ်နှပွဲ ရှိပြီလဲ မမှတ်မိကြတော့ဘူ...။နောက်နှစ်ပွဲလောက် ကျန်သေးတယ် ထင်တော့ တချို့ဟင်းပွဲတွေ အကုန်မစားဖြစ်ပဲ ချန်ထားကြတယ်...။ အဲဒီအချိန်မှာ အခန်းထဲကို ဆိုင်ရှင်ဦးဆောင်ပြီး အလုပ်သမားလေးတွေ ၀င်လာကြတယ် ..။အရိုးတွေနဲ့ ရှုပ်ပွနေတဲ့ စားထားတဲ့ ပန်းကန်းတွေနေရာမှာ ပန်းကန်အသစ်လေးတွေ လာလဲပေးတာလေ။ ကျွန်တော်တို့တဖွဲ့လုံးလည်း အချင်းချင်းမြန်မာလိုပြောကြတာပေါ့ ။။စောစောကတော့လာမလဲ ပေးဘူး .. အခုစားလို့ပြီးခါနီးတော့မှ လာလဲပေးတယ် ဘာညာနဲ့ အတင်းပြောဖြစ်သေးတယ်...။

ဒီတခါတော့ ဟင်းပွဲက တော်တော်ကြာတဲ့အထိ မလာနိင်တာနဲ့ စာပွဲထိုးလေးကို ခေါ်မေးမှ ဟင်း ၁၂ ပွဲလုံး ချလို့ ပြီးသွားပြီတဲ့လေ ကျွန်တော်တို့ တဖွဲ့လုံး တယောက်မျက်နာ တယောက်ကြည့်ပြီး ရယ်မိကြသေးတယ်...။ဒါကြောင့် နောက်တ၀ိုင်း အတွက်ပန်းကန်အသစ်တွေ လာချမှန်း သဘောပေါက် ကြတော့တယ်...။ အဲဒီအခါကြမှာပဲ တချို့လည်း တူလေးတွေပြန်ကိုင်ပြီး ချန်ထားတဲ့ ဟင်းတွေ စားလိုက်ရတော့တယ်...။

စားလို့ပြီးတော့ တည်းခိုတဲ့နေရာပြန်ပြီး ခဏနားကြတယ်...။ဒူးကလည်း တော်တော်နာလာတော့ ဆေးလူးလိုက်ရသေးတယ်ညနေ လေး နာရီလောက် ရောက်တော့ ပင်လယ်ထဲ နောက်တခေါက် ထပ်ဆင်းဖြစ်တယ်...။သဲသောင်ပြင်ပေါ်မှာ ဘော်လုံးလေး တည်ထားပြီး နှစ်ဖက်လူခွဲတော့ ခြေထောက်နာနာနဲ့ ပါနေမိပြန်သေးတယ်...။ ဘော်လုံးကန်ရင်းနဲ့ သွေးပူလာတော့ ခြေထောက်နာတာ မေ့သွားပါလေရော...။

ဘော်လုံးကန်ရင်းနဲ့ ညောင်းရမ်းခင်မျာ ဘောလုံး ၅ ခါထိရင် နှစ်ခါလောက်က လဲနေ လို့ရယ်ကြရသေးတယ် ...။ သူ့ဆီက ထူးထူးဆန်းဆန်းတွေ ကြားရလေ့ရှိတဲ့ အတိုင်း သူ့ဘ၀မှာ ဒါပထမဆုံး ဘော်လုံးကန်ဖူးတာပါလို့
ညောင်ရမ်းက ၀န်ခံတယ်...။

၅ နာရီကျော်လောက်ရောက်တော့ အားလုံး တည်းခိုတဲ့နေရာပြန်ပြီ အိမ်ပြန်ဘို့အထုပ်အပိုးတွေ ပြင်ကြရတယ်...။ရေချိုးပြီးတော့ ထင်ထားတဲ့အတိုင်း ခြေထောက်က ပြန်နာလာတယ် ဒီတခါနာတာ နေ့လည်ကထက်ဆိုးသလို နှစ်ဖက်စလုံး နာနေတာလေ...။လှုပ်လို့တောင်မရ နိင်လောက်အောင်ပါပဲ ...။ဘူတာကို အားတင်းပြီး လျှောက်လိုက်ရတယ်။

ရထားပေါ်မှာ ထိုင်ပြီးရော ဝေဒနာခန်းက စတာပါပဲ...ခြေထောက်က နဲနဲလှုပ်တာနဲ့ အထိမခံနိင်လောက်အောင် နာနေတော့တယ်။ဘူတာကြီး ပြန်ရောက်တော့ အပေါ်တက်ရတဲ့ လှေကားတွေမှာ ဘေးလက်တန်းတွေ အားပြုပြီး တက်ရတယ်..။နေတဲ့မြို့ပြန်ရောက်တော့ ချစ်သူက သောက်ဆေး လူးဆေးနဲ့ ဒူးစွပ်သွားဝယ်လာပေးတယ်...။

သူငယ်ချင်းတွေက ကိုကျိုး ခေါ်လို့နဲ့တူတယ် အခုတော့ အကျိုးဆော့ အကန်းမော့ ကိန်းဆိုက်ပြီလို့ စိတ်ထဲမှာလည်း တွေးမိသေးတယ်...။ဆေးလူးဆေးသောက်ပြီးတော့ လူလည်း ဘယ်လိုမှ မဟန်နိင်တော့ဘူး အိပ်ပျော်သွားတော့တယ်..။ဒီနှစ်ပိုင်းအတွင်းမှာ ည ၁၀ နာရီ ကျော်လောက် အိပ်ပျော်သွားတဲ့ တခုတည်းသော ညပါပဲ...။ မနက်မိုးလင်းတော့ ခြေထောက်လည်း တော်တော် သက်သာသွားပါတယ်...။
ဒဏ်ရာမပျောက်သေးတာတောင် စိတ်ထဲမှာတော့ နောက်တခေါက် ထပ်သွားဘို့ပဲတွေး နေမိတော့တယ်...။

.....................................................................................................................................................

(သွားခဲ့တဲ့ ခရီးစဉ်နဲ့ ခရီးဖော်တွေ အတွက် အမှတ်တရ အဖြစ်ရေးပေးပါလို့ သူငယ်ချင်းက တောင်းဆိုလို့ ရေးပါသည်။နောက်တခေါက်ကိုတော့ ဘလော့ဂါ သူငယ်ချင်း မောင်နှမများနဲ့ ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် သွားချင်ပါသေးတယ်..။)

44 comments:

နေဒေးသစ် said...

၁ မယူတာ ကြာလို့ ၁ ယူကြည့်ချင်လို့ :D

ဂျစ်တူးလေး said...

တစ်လာလုတာ ....အပေါ်က ဦးနေဒေးသစ် ဘယ်အချိန်ထဲက ခြောင်းနေတာလဲ....ဝေး
း(

နေဒေးသစ် said...

နေပူခံဘို့လူးတဲ့ lotion ကိုတွေ့တော့ မိုးဟေကိုမှ ပါမှ ပါပါ့မလားလို့ hahahaha
Lotion မှားလိမ်းရတယ် လို့ကွယ် .. ဖြစ်မှ ဖြစ်ရလေ ..
ဖြစ်နိုင်ရင် မှတ်တမ်းတင်လေး .. မိုးဟေကိုလို ရိုက်ထားချင်တယ် ..
ဘယ်နားတွေ လိမ်းလဲ တစ်ချက်လောက် ပြောပြပါလား .. မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ချင်လို့ haha :D

သူငယ်ချင်းတွေ နဲ့ တပျော်တပါး အားကျလိုက်တာ .. အခွင့်ကြုံရင် အဲအုပ်စုထဲ ရောယောင်ပေါယောင်လိုက်ပြီး lotion လူး .. အဲ မွှားလို့ ဆော့လိုက်ချင်သေးတယ် ပြောပါတယ် .. haha :D

နေဒေးသစ်။

အနော် said...

အနော်လဲ ပင်လယ်ကို ကြိုက်တယ်
ပင်လယ်ကို ခရီးသွားရတာ ဘာနဲ့မှမတူဘူး ပိုလွတ်လပ်ပီး ပိုပျော်ဖို့ကောင်းတယ်နော်..
ပျော်စရာကောင်းတဲ့ ပင်လယ်ခရီးလေးကို လာဖတ်ပီး စိတ်ထဲကနေ အတူတူပျော်ရွှင်သွားပါတယ်ဗျို့..

ဂျာမုန်းဒန် said...

ဘယ်လောက်များဆာလောင်နေကြသလဲဆိုတာသိလိုက်ရတယ်။
ဟင်း၉ ပွဲနဲ့ ထမင်း လိုက်ပွဲကြီး ၄ ခါလောက်လာချပြီးမှပဲ။
ဆိုတော့......လိုက်ပွဲကပုံမှန်မဟုတ်လိုက်ပွဲကြီးတဲ့..ဟဲဟဲ။
စတာပါနော်......ကို့မောင်လေးမို့လို့။
အစ်မဆိုလဲကောင်းပြီ၊ ဆာပြီဆိုရင်သုံးပန်းကန်လောက်ကတော့အေးဆေးပဲ။
လက်နဲ့ကိုကြိတ်ပြစ်လိုက်တယ်လေ။
အစ်မဂျာမုန်းပါ

ဂျာမုန်းဒန် said...

ဘယ်လောက်များဆာလောင်နေကြသလဲဆိုတာသိလိုက်ရတယ်။
ဟင်း၉ ပွဲနဲ့ ထမင်း လိုက်ပွဲကြီး ၄ ခါလောက်လာချပြီးမှပဲ။
ဆိုတော့......လိုက်ပွဲကပုံမှန်မဟုတ်လိုက်ပွဲကြီးတဲ့..ဟဲဟဲ။
စတာပါနော်......ကို့မောင်လေးမို့လို့။
အစ်မဆိုလဲကောင်းပြီ၊ ဆာပြီဆိုရင်သုံးပန်းကန်လောက်ကတော့အေးဆေးပဲ။
လက်နဲ့ကိုကြိတ်ပြစ်လိုက်တယ်လေ။
အစ်မဂျာမုန်းပါ

kiki said...

အယ်....
ကြည့် စမ်း .. ကြည့်စမ်း ။
ကိုယ့်အမကြီးတယောက်လုံး ကို ပြောဖို့ တောင်သတိမရကြဖူးးးး ။ တိတ်တိတ်လေးသွားကြတယ်ပေါ့လေ ... နေဦး ..
ဟို လူကြီး ဦးသုနြေ္ဒုပြန်လာ မှ တိုင်ပြော မယ် ..ဟေဟေ့။။

ပျော်စရာကြီးပါလားကွယ် ....
lotion shampoo လေး လိမ်းရတာ .. အသားထဲက လောက်ထွက် .. အဲ.. အမြှုပ်ထွက် မနေဖူးလား ...
ကိုညောင်ရမ်းကြီးက ဘောလုံးကန်တတ်လို့လား ။။ သူ့ ဗိုက်နဲ့သူကွယ်ပြီး ဘော်လုံးတောင် မြင်ရပမလား လို့ .. (စတာနော် .. သူ့  သွားမပြောနဲ့ အုံးးးးးးး )

ဖဲလိမ်ရိုက် တယ်ပေါ့ ... Mc Donald တော့ ကြိုက်ဖူး ..
မုန့် ဟင်း ခါး ပဲ စားချင်တယ်။
ဓါတ်ပုံ တွေလည်း မတွေ့ ပါလား လို့ ။
အမပြောသလို မရိုက်လာကြဖူးလား ဝေးးးး

ခင်တဲ့
မကိ

စည်သူ said...

ကောင်လိုက်တဲ့ lotion နဲ့

စားလိုက်တဲ့အစားအစာတွေ

ရိုက်လိုက်တဲ့ဓါတ်ပုံ

ပြီးတော့ နည်းပညာလေးပါတစ်ခုရသွားတယ်....

နှစ်ဆယ်မှာ တစ်နေလို့ ....

ဒီဆစ်ခါတော့အောင်ပြီး
ခင်မင်စွာဖြင့်
စည်သူ။

နွေးနေခြည် said...

နေပါဦး နေပါဦး မရှင်းလို့မေးပါရစေ..
ချစ်သူလို့ သုံးလိုက်၊ ကျနော့်ကောင်မလေးလို့ သုံးလိုက်နဲ့ ဘယ်နှယောက်တောင်လဲ ဟဲဟဲး)

မေဇင် said...

ဟဟ နွေးကတော့ လုပ်ပြီ...။ ပျော်စရာကြီးပါလားနော်...လူငယ်တွေအတွက် ပင်လယ် ခရီးဟာ ပျော်စရာကောင်းတဲ့ အထဲ .... ချစ်သူနဲ့ဆိုတော့ ပိုပျော်ရတာပေါ့နော့်....း) ။ ထာဝရပျော်ရွှင်ပါစေရှင်...။

မငုံ said...

အင်းးခရီးစဉ်မှာ တော်တော် ကုသိုလ်ရခဲ့တာပဲ ချစ်သူခုံမြဲဖို့ ဘုရားစာရွတ်လာတာ။ :))

ပျော်ရွှင်စရာ ခရီးစဉ်ဖြစ်ခဲ့တာ ဖတ်ကြည့်ရင်းနဲ့ကို ပျော်လာတယ်။ မကြီးကီကတော့ မလိုက်ရလို့ အော်နေပြီနော်။ ဆေးထိုးအပ်ကြီးကြီးနဲ့ လာလိုက်မယ်။

ဓာတ်ပုံတွေလဲ တင်ပါလား။
ပင်လယ်ကိုကြည့်ပြီး မွန်းကြပ်မှု့ကို ဖြေထုတ်ရတာ တကယ်ကောင်းတဲ့ နည်းလမ်းတခုဆိုတာ ထောက်ခံတယ်။ မငုံလဲ မကြာခဏဆိုသလို စိတ်ညစ်ရင် ကမ်းခြေမှာ သွားထိုင်ပြီး ဘာရယ်မဟုတ် ငေးနေတတ်တယ်။

ကိုလူထွေး said...

နောက်တခါကျတော့ ဘလော့မောင်နှမတွေနဲ့ ခရီးသွားကြောင်း စိတ်ကူးယဉ်ပြီး စာတပုဒ်ရေးပေါ့

Sein Lyan Tun said...

မကျေနပ်ဖူး....



မနာလိုဖူးးးးးးးးးးးးးးးးးးး



အဲလိုပျော်နေကြတာတွေ့ရင် လုံးဝ မကျေပ်နပ်ဖူး....


နောက်တစ်ခါသွားလို့ မခေါ်လို့ကတော့ သူငယ်ချင်းအဖြစ်ကနေရပ်စဲမယ်...


ဒါပဲ
း)

ချစ်ခင်စွာဖြင့်

ဖိုးစိန်

မယ့်ကိုး said...

ပျော်စရာကြီး...အလွဲလေးတွေက ရယ်ရတယ်။ :D

နဒီမိုးညို said...

ဖတ်လို့ ကောင်း..လိုက်တာ..
ဓါတ်ပုံလေး..တွေ..နဲ့ တင်ရင်..ပိုလှမှာ..

ကောင်းကင်ပြာ said...

တို့လဲ သောကြာ စနေ ၂ရက်သွားတယ်ကွ၊ ဒီမှာလဲ ပျော်စရာ ကောင်းတယ်၊ လာတော့ လိုက်ပို့မယ် မောင်ပိုင်ရေ၊

Anonymous said...

တကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ ပင်လယ်ခရီးလေးပါလား အားကျတယ် အကိုမြစ်ကျိုး
အဆင်ပြေပျော်ရွှင်ပါစေဗျာ

march.pisces88 said...

ကမ်းခြေကအစစ်လားဟင်????..ဒီမှာတော့အတုကြီး...နောက်ခါ lotion မလိမ်းခင်သေချာကြည့်နော်...မျက်မှန်လိုရင်လည်းပြော...:P

လင်းကြယ်ဖြူ said...

နောက်ဆို Lotion မြင်ရင် ဆင်ဆင်ခြင်ခြင် နေဖြစ်တော့မယ်ထင်ပါ့ဗျာ..

သားကြီး said...

တစ်သက်လုံးထိုင်ခုံမက်သူတွေတော့ပြောမနေနဲ့တော့
သယ်ရင်းရေ ပြေရရင်ဒေါထဖို့ပဲရှိ
ချစ်သူကိုဒီလောက်ဂရုစိုက်နိုင်တာချီးကျူးတယ်
လိုခေါင်းလျှော်ရည်ကိုမိုးဟေကိုမလိမ်းလို့တော်သေးတယ်
အရင်သူငယ်ချင်းတွေနဲ့တရုတ်ဆိုင်သွားစားတုန်းကပေါ့
ဂဏန်းဟင်းကြော်မှာတာ ကောက်လည်းစားလိုက်ရော မရတာနဲ့ ညှပ်တဲ့ဟာနဲ့
ဖမ်းညှပ်တာလွတ်ထွက်သွားပြီးဘေးဝိုင်းကို ဒုန်းကနဲသွားကျတယ် ဂဏန်းလက်မအကြီးကြီးကို တော်တော်ရယ်ရတယ်
သယ်ရင်းရဲ့ပိုစ်လေးကိုဖတ်ပြီး အဲဒါသွားသတိရတယ်

Angel Shaper said...

ပင်လယ်ည ပင်လယ်နေ့ကို ဖတ်ပြီး အားကျတယ်။ အဲလို သူငယ်ချင်းတွေစုပြီး မသွားရတာ ကြာပြီလေ။ ပျော်စရာ အရမ်းကောင်းတာပဲ။ ပင်လယ်က မွန်းကြပ်မှုတွေ ဖြေထုတ်နိုင်ဖို့  ကူညီတာတော့မှန်တယ်။ ရင်ထဲတင်းကြပ်လာလို့ ကမ်းခြေလေးပဲသွားပြီး ဂစ်တာတီး၊ အော်ဟစ်လိုက်တာတောင် အိုကေသွားနိုင်သေးတာပဲလေ။ ဘာပဲဖြစ်ဖြစ်ပျော်စရာကောင်းတဲ့ ခရီးစဉ်လေး ဖတ်ရလို့  လိုက်ပျော်မိပါတယ်။ကျေးဇူးပါ။ ပျော်ရွှင်ပါစေနော်။

မိုးခါး said...

်ပျော်စရာကြီး :D
ချစ် တူ ချစ် တူနဲ့နော် ဟီးဟီး

thawzin said...

ချစ်သူနဲ့ခရီးမသွားဖူးတော့ အရမ်းပျော်ရွှင်စရာကောင်းမှာပဲနော်..... အကိုတို့ခရီးသွားပုံလေး စိတ်ကူးနဲ့ ချစ်သူတစ်ယောက် ကောက်ရှာပြီး သွားမိတယ်ဗျာ..., အကိုလိုတော့ ခုံမပါနဲ့တော့ မဟုတ်ဘူး, ကိုယ်ပိုင်ထိုင်ခုံလေးကိုယ်စီနဲ့ပေါ့..., ပင်လယ်ပြင်သွားမှာလဲ မဟုတ်ဘူး, ရွာက မိဘတွေဆီ သွားမှာ....

thawzin said...

ချစ်သူနဲ့ခရီးမသွားဖူးတော့ အရမ်းပျော်ရွှင်စရာကောင်းမှာပဲနော်..... အကိုတို့ခရီးသွားပုံလေး စိတ်ကူးနဲ့ ချစ်သူတစ်ယောက် ကောက်ရှာပြီး သွားမိတယ်ဗျာ..., အကိုလိုတော့ ခုံမပါနဲ့တော့ မဟုတ်ဘူး, ကိုယ်ပိုင်ထိုင်ခုံလေးကိုယ်စီနဲ့ပေါ့..., ပင်လယ်ပြင်သွားမှာလဲ မဟုတ်ဘူး, ရွာက မိဘတွေဆီ သွားမှာ....

အားကြီးချစ်လေး said...

ချစ်သူကို သိပ်ဂရုစိုက်တတ်တဲ့ မောင့်ကို
ကျေးဇူးတင်ပါတယ်...။

အရာရာ ပြီးပြည့်စုံသွားသလို ခံစားမိပါတယ် ။
တို့နှစ်ယောက်မှာ ထားရှိတဲ့ သံယောဇဉ်ကို
ဘယ်လိုနည်းနဲ့မှ ဖြတ်တောက်မရနိုင်ပါဘူး ။

ခြေထောက်နာနေသေးလား ? ဆေးသောက် ၊
ဆေးလိမ်းဘို့ မမေ့နဲ့အုံး.....မောင် ။

အားကြီးချစ်လေး

တလနွန် said...

ကမ်းခြေ မှာ ရေဆော့ရတာ ဘောလုံးကန်ရတာ ပျော်စရာကြီးဗျာ။ ကိုမြစ်ကျိုး အရေးကောင်းလို့  ပင်လယ်ထဲ အခုတောင် လစ်ချင်သွားပြီး :)

Yu Ya said...

ကမ်းခြေ အလွမ်းပြေ ဖတ်သွားပါတယ်ဗျာ

ကျေးဇူးတင်စွာဖြင့်
yu ya

ရေတမာ said...

စာရင်းလာပေးတာ အကိုရေ.. ပျော်စရာကြီး.. ကျနော်လည်းပင်လယ်ကိုကြိုက်တယ်.

ကြယ်ပြာ said...

သုံးနှစ်လောက်ငယ်တယ်ဆိုတော့ မောင်လေးပေါ့ .... အစ်မလဲ ပင်လယ်ကိုသိပ်သဘောကျတယ် ... မြန်မာပြည်မှာ ကမ်းခြေတော်တော်များများသွားဖူးတယ် .. ပင်လယ်ကို မြင်နေရတာကို ပျော်တာ .. သောင်ပြင်ပေါ်ကျောခင်းပြီး ကောင်းကင်ပေါ်ကကြယ်တွေကြည့်ရတာရယ် ၊ လှိုင်းပုတ်သံရယ် ... ပင်လယ်ဘက်လှည့်ပြီး ကိုယ်ပြောချင်တာတွေအော်ပြောရတာရယ် .. ဘာနဲ့မှမလဲနိုင်တဲ့ ဖီလင်တွေပါပဲ .... ခု ဒီစာလေးဖတ်ရတော့ သွားခဲ့ဖူးတဲ့ ပင်လယ်ခရီးတွေကို အမှတ်ရစေတယ် ... ပျော်စရာကြီးနော် ....

Thandar Lwin said...

the most like this words.

(တနာရီစာခရီးကိုတောင် ထိုင်ခုံမက်နေမှတော့ တသက်လုံးစာ ထိုင်ခုံမက်တဲ့ သူတွေ အပြစ်တင်ရ ခက်ပါတယ်လေ
သူတို့ကတော့ ဘုရားစာ ရွတ်ပြီး နေရာမြဲအောင်တော့ မလုပ်ဘူးထင်တာပဲ လက်အုပ်ချီရင် ညောင်းလို့နဲ့တူတယ်
ပြီးလွယ်စီးလွယ် လက်ညိုးလေးပဲကွေးနေကြတော့တယ်။)

jr.လွင်ဦး said...

ချစ်သူ ထိုင်ခုံရဖို့ သမ္ဗုဒ္ဒေရွတ်တယ်ဆိုတာလေး သဘောကျတယ်။

ချစ်တတ်ပါပေ့ ဆရာတွတ်ရယ်။

Anonymous said...

(တနာရီစာခရီးကိုတောင် ထိုင်ခုံမက်နေမှတော့ တသက်လုံးစာ ထိုင်ခုံမက်တဲ့ သူတွေ အပြစ်တင်ရ ခက်ပါတယ်လေ
သူတို့ကတော့ ဘုရားစာ ရွတ်ပြီး နေရာမြဲအောင်တော့ မလုပ်ဘူးထင်တာပဲ လက်အုပ်ချီရင် ညောင်းလို့နဲ့တူတယ်
ပြီးလွယ်စီးလွယ် လက်ညိုးလေးပဲကွေးနေကြတော့တယ်။) ဒီစာသားကိုတော့ ရေရေလည်လည် ခိုက်တယ်ဗျာ... ဟားဟား မှန်လွန်းလို့ ဘာပြောရမှန်းတောင် မသိဘူးဗျာ။

rose of sharon said...

ဘောင်းဘီကျွတ်သွားတာကိုသနားမိပါတယ်... ဒူးနာတာအတွက်လဲစိတ်မကောင်းပါ... ဖဲနိုင်တာကိုချီးကျူးပါတယ်... Shampoo တွေကို lotion နဲ့မှားလိမ်းတာကိုရီမိတယ်... ချစ်သူကိုဂရုစိုက်တဲ့အတွက် လူကောင်းလေးအဖြစ်အမှတ်ပေးလိုက်ပါတယ်...

ယွန်း said...

ချစ်သူ ထိုင်ခုံရဖို့ သမ္ဗုဒ္ဒေရွတ်တယ်ဆိုပဲ..
ဟားဟားး မိုက်တယ်...
အကို့ ချစ်သူကတော့ တကယ် ကံကောင်းတာပဲ
ခင်တဲ့
ယွန်း

pm said...

သံဗုဒ္ဓေ ကို မေတ်တာကြီးကြီးထားပြီး ရွတ်တာကိုး။
အားကျဖွယ် အတုယူစရာပါလား။

ourstream said...

ပျော်စရာကြီးပါလားကိုပိုင်ရေ.....။ အပေါ်က
ကော့မန်တွေလဲ တဝကြီး ဖတ်သွားပါတယ်...။

ဇော် said...

တော်သေးတာပေါ့ ကိုကျိုးရာ
အောက်မှာ ဘောင်းဘီရှိသေးတယ်ဆိုလို့။
ခိခိ။

မျက်စိတစ်ဘက် နီရဲပြီးဘာဖြစ်နေလဲ မသိ ဖြစ်နေလို့ နောက်ကျမှ ရောက်ရတယ်။ စိတ်မကောင်းဘူး။ =(

ဂျပန်ကောင်လေး said...

အစ်ကိုရေ.. ဓါတ်ပုံတွေ တင်လေ..း).. ကြည့်ချင်တာပေါ့ဗျာ.. ဟောင်ကောင်မှာမလား.. လာလည်ချင်တယ်...

Anonymous said...

ဖြစ်ရမယ် လွဲချက်ကတော့။ မေးစရာရှိတယ် မရှင်းလို့ :)
ချစ်သူနဲ့ ကျွန်တော့ ကောင်မလေးနဲ့ မတူဘူးလား။ ဟွန့်

:P

ခင်တဲ့ မရောင်

Beauty Studio USA Branded Store said...

တော်သေးတာပေါ့။
ရေပဲမွှန်းသွားတာအကိုရေ။
ပင်လယ်ထဲမြောပြီး စလုံးဦးရှင်ကြီးမဖြစ်သွားတာ။
အခုတော့ အကိုစာတွေ ဆက်ဖတ်နိုင်ဦးမှာပဲ။
အားပေးလျှက်......။

မိုးစက်အိမ် said...

ဦးနောက်အောက်အကြောင်း ဖတ်ရတာ
တကယ်ပါဘဲဗျာ နှစ်တန်းလား
သုံးတန်းလား ကျောင်းသားဘ၀က
သင်ပုံးကြီးစာအုပ်နဲ. ဦးနာအောက်ပုံကို
ပြေးမြင်မိတယ်ဗျာ...ခုလို ပြည်လည်
အမှတ်တရ လေးဖတ်ရတာ ကျေးဇူးပါ
ကို ကျိုးကြီးရေ...လေးစားလျက်

မေဒီဇာ said...

နောက်တစ်ခေါက် သွားမယ့်ခရီးမှာလည်း လိုက်ချင်မိတယ်။

ဂျစ် said...

ပင်လယ်သွားရတာ ဂျစ်တူးလဲ သိပ်ကြိုက်တယ်ဗျ ။


ဂျစ်တူး

Anonymous said...

အဟဲ
ခေါင်းလျှော်ရည်နဲ့ Lotionနဲ့ မှားရတယ်လို့
အဟိ

 

Posts Comments

©2006-2010 ·TNB