လေးစားရသောတိုင်းရင်းသားတယောက်

28 July 2009

ဘလော့လောကကို ကိုင်လှုပ်ဘို့ တချိန်လုံးစဉ်းစားနေတဲ့ ကိုလူထွေးကြီးက တက်(တဂ်)စာတွေ ကျွေးလာပါတယ်။ လေးစားမိတဲ့ တိုင်းရင်းသားတယောက်ဆိုပြီး စဉ်းမိတဲ့ အချိန်မှာ ကျွန်တော် ကြာကြာမစဉ်းစားလိုက်ရဘဲပုဂ္ဂိုလ်တယောက် အကြောင်း ခေါင်းထဲရောက်လာပါတယ်။ လက်နက်မစွဲ ကိုင်ခဲ့ပေမယ့် ကိုယ့်ပြည်သူတွေအပေါ်စေတနာထားပြီး ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ် အာဇာနည် တယောက် အကြောင်း ရေးချင်ပါတယ်...။ သူ့ကိုတော့ သိတဲ့သူတွေရှိနိင်သလို မသိတဲ့သူတွေလည်း ရှိနိင်ပါတယ်...။ သူကတော့........

ကျွန်တော်တို့ မူလတန်းကျောင်းသားဘ၀က ကျွန်တော်တို့ ကျောင်းအုပ်ဆရာကြီးက လေးတန်းကျောင်းသား တွေကို သမိုင်းဘာသာရပ် သင်ပေးတယ်...။သူစာသင်တဲ့ အချိန်တွေမှာ ကျောင်းစာအပြင် တခြားအားကျဖွယ် လူပုဂ္ဂိုလ်တွေရဲ့ ဘ၀ဇာတ်ကြောင်းကိုလည်း အလျဉ်းသင့်သလို ပြောပြလေ့ရှိတယ်...။ ဗိုလ်ချုပ်အောင်ဆန်း ဒီးဒုတ်ဦးဘချို အမျိုးသားပညာဝန်ဦးဖိုးကျား ဦးရာဇတ် အစရှိတဲ့ အမျိုးသားအာဇာနည် တွေကနေ မီးပုံးပျံဦးကျော်ရင် အထိ ဗဟုသုတရစေရန် အားကျစေရန် ရည်ရွယ်ပြီး ပြောပြခဲ့တယ်..။ဆရာကြီးပြောပြခဲ့တဲ့ အထဲက ကျွန်တော်မမေ့နိင်သေးတဲ့ မျိုးချစ်ပုဂ္ဂိုလ် တယောက်အကြောင်းကို ရေးပြချင်ပါတယ်...။

သူကတော့ မျိုးချစ်ပုဂ္ဂိုလ် မွန်တိုင်းရင်းသား ဦးနာအောက်ပါပဲ...။ လေးစားမိတဲ့ တိုင်းရင်းသားတယောက် အဖြစ်
ဦးနာအောက်ကိုရွေးရတာ အကြောင်းရှိပါတယ်...။ ဒါကတော့ ဦးနာအောက်ရဲ့ ဘ၀ဖြတ်သန်းပုံနဲ့ ဆိုင်ပါလိမ့်မယ်...။ မှတ်တမ်းတခုလို ပြောရရင် ဦးနာအောက်ကို ၁၈၃၂ခုနှစ်မှာမွေးဖွားခဲ့ပြီး အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်ပါတယ်..။ ဦးနာအောက်က ကြာသာပတေးသားပါ...။ သူ့မှာ ညီအကို မောင်နှမ ၅ယောက်ရှိပြီး သူက ၄ ယောက်မြောက်သားပါပဲ...။ ငယ်ငယ်ကတော်တော်ဆင်းရဲခဲ့ပေမယ့် ကိုယ်စွမ်း ဥာဏ်စွမ်းကို အရင်းပြုပြီး ကြိုးစားခဲ့တာ အရွယ်ရောက် ချိန်မှာ သစ်ထုတ်လုပ်ရေး လုပ်ငန်းကို ကိုယ်ပိုင် လုပ်ကိုင် လာနိင်ပြီး တဖြည်းဖြည်း ကြွယ်ဝ ချမ်းသာလာခဲ့တယ်...။

ချမ်းသာလာတဲ့ ဦးနာအောက်အနေနဲ့ အဲဒီအချိန်မှာ တောင်သူလယ်သမားတွေရဲ့ ဒုက္ခကို မြင်မိလာတယ်။ အဲဒါကတော့ တောင်သူလယ်သမားတွေခင်မျာ ချစ်တီးကုလား တွေဆီကမြင့်မားတဲ့ အတိုးနှုန်းနဲ့ ငွေချေးယူရပြီး အချိန်တန်ရင်မတန်တဆ အတိုးနှုန်းနဲ့ ပြန်ဆပ်နေကြရတာပါပဲ...။ အဲဒါနဲ့ သစ်သူဌေး ဦးနာအောက်က ငွေတိုချေး စပါးဝယ်အလုပ်ကို ချစ်တီးတွေနဲ့ အပြိုင် အသက်သာဆုံးဈေးနှုန်းနဲ့ တောင်သူလယ်သမားတွေကို ကူညီတယ်...။ အခုမှ ၀င်လာတဲ့ ဦးနာအောက်ကို ချစ်တီးတွေက လုပ်ငန်းချင်း တိုက်ခိုက်ကြပြန်တယ်....။ ပြည်သူလူထုအချင်းချင်းပေါ် စေတနာထားတဲ့အကျိုးကြောင့် အနီးပါတ်ဝန်းကျင်က တောင်သူလယ်သမား တွေက ဦးနာအောက်ဘက် ရပ်တည်ပြီး ငွေချေး စပါးရောင်းပေးကြတော့ အဲဒီနယ်မှာ ဦးနာအောက်က ချစ်တီးကုလား တွေကိုအလဲထိုး နိင်ခဲ့တယ်..။

ပြည်သူတွေဘက်က ရပ်တည်ဘို့ ပိုအားတက်သွားတဲ့ ဦးနာအောက်အနေနဲ့ နောက်ထပ် ပွဲတပွဲကို ထပ်နွဲပြန်ပါတယ်...။ ဒီတခါပွဲကတော့ ပိုကြီးပါတယ်...။ အဲဒီအချိန်က ပြည်တွင်းရေကြောင်းသွားလာရေး လုပ်ငန်းတော်တော်များများကို နယ်ချဲ့အင်္ဂလိပ်တွေပိုင်တဲ့ ဧရာဝတီကုမ္ပဏီ က ချုပ်ကိုင်ထားတယ်...။ ဦးနာအောက်က ပြည်တွင်းရေကြောင်းခရီးသွားလာရေး လုပ်ငန်းမှာ အင်္ဂလိပ်တွေနဲ့ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ အဲဒါနဲ့ အင်္ဂလန်ကနေ မီးသင်္ဘောတွေ မှာယူပါတယ်.။ကိုယ်ပိုင်သင်္ဘောကျင်းကိုလည်း သိန်းချီ အကုန်ခံပြီး တည်ဆောက်ပါတယ်..။ မကြာခင်မှာ နှစ်ထပ်သင်္ဘော(၇) စင်းအပါအ၀င် မီးသဘောင်္ (၉)စင်းနဲ့ စတင်ပြေးဆွဲပါတော့တယ်...။

ပြည်သူတွေ အတွက်ရည်ရွယ်ထားတဲ့အတိုင်း သဘောင်္စီးနင်းခတွေကို ဧရာဝတီ ကုမ္ပဏီထက်လျှော့ယူတဲ့အပြင် အသက်အရွယ်ကြီးမြင့်တဲ့ အဘိုးအဘွားတွေနဲ့ ခလေးတွေကို အခမဲ့စီးနင်းခွင့်ပြုပါတယ်...။ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေကိုလည်း သဘောင်္စီးနင်းခ လှူဒါန်းပါတယ်...။အမျိုးသားပိုင်ဖြစ်တဲ့ အပြင် ဈေးနှုန်းလျှော့ ယူတဲ့အတွက် ဦးနာအောက်ပိုင်တဲ့ သဘောင်္အခေါက်တိုင်းမှာ ခရီးသွား ပြည်သူတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ရေကြောင်း သွားလာရေးမှာ ကြာရှည်လက်ဝါးကြီးအုပ်ထားတဲ့ ဧရာဝတီအနေနဲ့ လတ်တလော စီးပွါးရေးအရ အရှုံးပေါ်လာတဲ့အပြင် လုပ်ငန်းသဘောအရပါ အရှက်ရစရာ ဖြစ်လာပါတယ်..။

ဒီလိုနဲ့ ဧရာဝတီကုမ္ပဏီက ဦးနာအောက်ရဲ့ လုပ်ငန်းကို အပြုတ်တိုက်ဘို့ ကြံစည်လာပါတော့တယ်..။ ဦးနာအောက်ယူတဲ့ သဘောင်္နှုန်းထားထက် လျှော့ယူရင် ခရီးသည်တွေအနေနဲ့ သူတို့သဘောင်္ကိုပဲ စီးကြမယ် အခုမှ စလုပ်တဲ့ ဦးနာအောက်ကလည်း သူတို့နဲ့ အပြိုင် အရှုံးမခံနိင်ဘူးလို့ တွေးထင်ပြီး ဦးနာအောက်ထက် ပိုပြီး သဘောင်္ခတွေ လျှော့ယူပြန်ပါတယ်...။ ဧရာဝတီ ကုမ္ပဏီ ရဲ့အတွေးဟာ တ၀က်ပဲ မှန်ခဲ့ပါတယ်။ ဈေးနှုန်းလျှော့ယူတဲ့အတွက် ခရီးသည်တွေပြန်ရလာတာ မှန်ပေမယ့် ဦးနာအောက်ရဲ့ စိတ်ဓါတ်ကိုတော့ သူတို့ မပြောင်းလဲနိင်ခဲ့ပါဘူး...။ ဆင်းရဲတဲ့ဘဝက လာသလို ဆင်းရဲတဲ့ ဘဝကို ပြန်သွားရမှာ မကြောက်တဲ့ ဦးနာအောက်ရဲ့ စိတ်ထဲမှာ နယ်ချဲ့တွေကို သူတတ်နိင်သလောက်နဲ့ တိုက်မယ် ဆိုတဲ့ စိတ်ကတော့ မပြောင်းလဲခဲ့ပါဘူး..။

ဒီတော့ဦးနာအောက်က ဧရာဝတီ ကုမ္ပဏီ ထက်ဈေးနှုန်းလျှော့ယူပြန်တယ်...။ အဲဒီလိုနဲ့ ဧရာဝတီ ကုမ္ပဏီနဲ့ ဦးနာအောက်တို့ သဘောင်္စီးခ သူ့ထက်ငါ ဈေးလျော့ယူရင်းနဲ့ နောက်ဆုံးတော့ အလကား စီးလို့ရတဲ့အထိဖြစ်သွားပါတယ်။ အဲဒီတော့ ဦးနာအောက်က သူ့သင်္ဘောစီးတဲ့ ခရီးသည်တွေကို အလကား စီးနင်းခွင့်ပြုတဲ့အပြင် လက်ကိုင်ပုဝါ တွေပါလက်ဆောင်ပေးပြန်တယ်..။

ဒီတခါတော့ ဧရာဝတီ ကုမ္ပဏီ က ဈေးလျှော့ယူတဲ့နည်းနဲ့ မယှဉ်နိင်တော့တဲ့အတွက် သူတို့နောက်တနည်း ကြံစည် ကြပြန်တယ်။ အဲဒါကတော့ သဘောင်္ဆိုက်ကပ်တဲ့ ဆိပ်ကမ်းတွေကို အခွန်ဆောင်ပြီး ၀ယ်ယူပါတယ်..။ ဆိပ်ကမ်းတွေကို သူတို့အပိုင် ၀ယ်ယူလိုက်တော့ ဦးနာအောက်ရဲ့ သဘောင်္တွေ ဆိပ်ကမ်းမှာ ဆိုက်ကပ်ခွင့် မရဘဲ ဒုက္ခတွေ့ရတော့တယ်...။

အဲဒီတော့ ဦးနာအောက် အနေနဲ့ နောက်တနည်းကြံရပြန်တယ်...။ မကြာခင်မှာပဲ အကြံပေးတွေရဲ့ ကောင်းလွန်းတဲ့ အကြံအစည် တခုကိုဦးနာအောက်ရရှိသွားတယ်။အဲဒါကတော့ ဧရာဝတီ ကုမ္ပဏီ အနေနဲ့ ဆိပ်ကမ်းတွေကို အခွန်ဆောင်ပြီး ၀ယ်ယူနိင်ရင် သူတို့ကလည်း မြစ်ချောင်းတွေကို အခွန်ဆောင်ပြီး နှစ်ကာလအပိုင်းအခြားနဲ့ ဝယ်ယူနိင်ရမှာပဲ ဆိုတဲ့ အကြံပါပဲ.။ သူတို့အကြံအစည်အတိုင်းပဲ မြစ်ချောင်းတွေကို အခွန်ဆောင်ပြီး ၀ယ်ယူလိုက်တော့ ဧရာဝတီ ကုမ္ပဏီ အုပ်စု ဒုက္ခတွေ့ တော့တာပါပဲ..။ ဆိပ်ကမ်းဆိုက်ခွင့်မရတဲ့ ဦးနာအောက်ရဲ့ သဘောင်္တွေနဲ့ မြစ်ချောင်းထဲ သွားခွင့်မရတဲ့ ဧရာဝတီ ကုမ္ပဏီပိုင်သင်္ဘောတွေကြောင့် ခရီးသည်တွေ အနေနဲ့ စီးနင်းစရာအခက်အခဲနဲ့ ကြုံကြရတယ်..။

ပြဿနာကတဖြည်းဖြည်းကြီးလာပြီး နောက်ဆုံးတော့ တရားရင်ဆိုင်ရတဲ့အထိ ဖြစ်ကုန်တော့တယ်..။ တရားရုံးအနေနဲ့ နောက်ဆုံးတော့ ဧရာဝတီ ကုမ္ပဏီ ပိုင်သဘောင်္တွေကို ခရီးစဉ်အရင်ထွက်ပြီး ရည်ရွယ်ရာ ဆိပ်ကမ်းကို အရင်ရောက်ရမယ်ဆိုတဲ့ စီရင်ချက် ချပေးလိုက်တယ်...။သဘောကတော့ ဧရာဝတီ ကုမ္ပဏီ အနေနဲ့ သဘောင်္အရင်ထွက်ခွင့် ရှိပေမယ့် လမ်းခုလပ်ရဲ့ဆိပ်ကမ်းတွေမှာ ခရီးသည်တွေကို အချိန်ဆွဲပြီး စောင့်ခေါ်ခွင့်မရှိပါဘူး...။ သတ်မှတ်တဲ့ရပ်နားချိန်အတိုင်း ရပ်နားပြီး ဆက်ထွက်ရမယ်ဆိုတဲ့ သဘောမျိုးပါပဲ။ အရှုံးအမြတ်ကို မတွက်ဘူးဆိုရင်တောင် ဒီလိုပြန်တိုက်ခဲ့တဲ့ စိတ်ဓါတ်တခုထဲနဲ့ပဲ ကျွန်တော်ကတော့ ဦးနာအောက်ကို လေးစားဖွယ် မျိုးချစ်အာဇာနည်လို့ သတ်မှတ်ပါတယ်...။

ဦးနာအောက်က အင်မတန်မှ စိတ်သဘောထားပြည့်ဝပြီး မာန်မာနမရှိတဲ့သူပါ...။ အင်္ဂလိပ်ရဲ့ စပါးဝယ်တဲ့ ကိုယ်စားလှယ်တယောက်က ဦးနာအောက်ရဲ့ ရွာကို ရောက်ရင်းနဲ့ အဲဒီအချိန်မှာ နာမည်ကြီးနေတဲ့ဦးနာအောက်ကို ဘယ်လိုပုံမျိုးလဲဆိုပြီးတကူးတက သွားကြည့်တော့ အိမ်ရှေ့ကွပ်ပစ်မှာ နှီးထိုင်ဖျာနေတဲ့ ဦးနာအောက်ကို တွေ့ရတယ်လို့ စာတအုပ်ထဲမှာ ဖတ်ခဲ့ရဖူးပါတယ်...။

ဦးနာအောက်ရဲ့ လူမှုရေးလုပ်ငန်းတွေ သာသနာအကျိုးဆောင်ရွက်တာတွေကိုတော့ ချန်လှပ်ထားခဲ့ပါတယ်...။ ဘာကြောင့်ဆိုတော့ ကျွန်တော်အဓိက ရေးပြချင်တဲ့ ရည်ရွယ်ချက်က ဦးနာအောက်ရဲ့ ကိုယ့်ပြည်သူ အချင်းချင်းဘက်က ရပ်တည်ပြီး နယ်ချဲ့အင်္ဂလိပ်တွေနဲ့ ချစ်တီးကုလားတွေကို စီးပွါးရေးနည်းနဲ့ ရင်ဆိုင်တိုက်ခဲ့တာကို သိစေချင်ရုံပါ...။ ဦးနာအောက်ကို ယခုအချိန်ထိ အကြောင်းတိုက်ဆိုင်တိုင်း သတိတရ ဖြစ်မိတဲ့ အကြောင်းတွေ ရှိပါတယ်...။ အဲဒီအကြောင်းတွေ ကြောင့်လည်း လေးစားရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး အဖြစ် ဦးနာအောက်ကို ရွေးရတာပါ..။ ဦးနာအောက်က ကိုယ့်စည်းစိမ် အပြုတ်ခံပြီး နယ်ချဲ့တွေကို စီးပွါးရေးနဲ့ ရင်ဆိုင်ခဲ့တယ် ...။ ပြည်သူတွေဘက်က ရပ်တည်ခဲ့တယ်..။

နယ်ချဲ့ခေတ်မှာတောင် အသက်နဲ့စည်းစိမ်ဥစ္စာတွေ စတေးရဲတဲ့ အာဇာနည်သူရဲကောင်းတွေ မရေနိင် လောက်အောင် ထွက်ပေါ်လာခဲ့ပြီး ကိုယ်နိင်ငံကိုယ်ပိုင်တဲ့အချိန်ရောက်မှ တရက် ငွေ နှစ်ထောင်လောက် ရရုံနဲ့ ကိုယ့်လူမျိုးအချင်းချင်း ဝါရင်းတုတ် ကိုင်ပြီးရိုက်တဲ့ လူတွေကြောင့် ဒီလိုမျိုးချစ်ပုဂ္ဂိုလ်တွေကို ပိုပြီးသတိတရ ဖြစ်မိပါတယ်...။

ဒါကြောင် လေးစားရသော တိုင်းရင်းသားတယောက်အဖြစ် မွန်တိုင်းရင်းသား ဦးနာအောက် အကြောင်းရေးဖြစ်ပါသည်..။


..............................................................................................................................................................



41 comments:

ဖိုးစိန် said...

တစ်

Sein Lyan Tun said...

မွန်တိုင်းရင်းသား ဦးနာအောက် အကြောင်းကို ရေးတဲ့အတွက် ဂုဏ်ယူလေးစာပါတယ်ဗျာ....


ဘသက်လေးကိုခေါင်းပေါင်းပေါင်းပြီး ပုဆိုးနံငယ်တိုလေးနဲ့

ချမ်းသာပေမယ့် ဘဝင်မရှိတဲ့ ဦးနာအောက်ကို လေးစားအားကျပါတယ်


ကျနော့်အဖေကိုယ်တိုင် ဦးနာအောက် အကြောင်းကိုပြောပြလေ့ရှိတော့ ခုအဖေ့ကို လွမ်း သွားပြီး


ချစ်တဲ့

ဖိုးစိန်

သားကြီး said...

ကြာတော့မေ့တေ့တေ့တောင်ဖြစ်သွားပြီ
ခုလိုပြန်ဖတ်ခွင့်ရတာကျေးဇူး
အရိုးအရင်းကိုက်အကြောင်းတော့ပြောမနေပါနဲ့တော့
တချို့ကတော့နာမည်တပ်ထားတယ် “ရမ်းကားရှင်”တဲ့
သယ်ရင်းပြောသလိုပဲ ကိုယ်ခန္ဓာကိုရင်းပြီးလုပ်ကိုင်စားရတဲ့မိန်းကလေးတွေရဲ့
ပိုက်ဆံကတောင် သူတို့ထက်သန့်ရှင်းသေးတယ်
ရှက်တတ်ရင်လဲသေလိုက်ကြဖို့ကောင်းပါတယ်
ပြောရတာပဲလေ...အရှက်မရှိလို့ပဲ မောင်ရမ်းကားကြီးတွေဖြစ်နေရတာပေါ့

Anonymous said...

ကျေးဇူးဘဲ အကိုမြစ်ကျိုး..သိတော့သိတယ် အကိုလော်ကတော့ ပြည့်ပြည့်စုံစုံ မသိခဲ့ပါဘူး
အဆင်ပြေပျော်ရွှင်ပါစေဗျာ ...

kyalkalay said...

လေးစားပါတယ်အကို
ဗဟုသုတအတွက်ကော
စိတ်ဓာတ်အတွက်ပါ

kiki said...

ငယ်ငယ်က သင်ခဲ့ ရတယ်ဆိုပေမဲ့ မေ့တေ့တေ့တွေ နဲ့ ဒီလောက်စုံအောင် မသိမိခဲ့ ဘူး ။
ဦးနာအောက် လို လူမျိုးတွေ များများပေါ်ထွန်းဖို့  မျှော်လင့်နေပေမဲ့ ...
ခုတော့ တေဇ လို လူမဟုတ်တဲ့ သူမျိုးတွေ ပဲ ထွက်ပေါ် နေကြတာ ခက်ပါတယ် ။
အရိုး အရင်း ကိုက်တဲ့ ၂ထောင်စား တွေလည်း တနေ့ တခြား များလာကြတာ ...

ကဲ ရွာစားရေ ...ဘယ်လို တောချောက် ကြရင် ကောင်းမတုံးဟ ....

jr.လွင်ဦး said...

မြစ်ချောင်းတွေကို အခွန်အခပေးဝယ်တဲ့ထိတော့ မသိဘူး။
မမှတ်မိတာနေမှာ..
သေချာလာဖတ်သွားပါတယ်။ :)

Vista said...
This comment has been removed by the author.
ဂျပန်ကောင်လေး said...

တကယ်ကိုမသိခဲ့ပါဘူး..သူ့အကြောင်းတွေကို.. အခုတော့ သိလိုက်ရတဲ့အတွက် မျိုးချစ်ပုဂ္ဂိုလ်တွေအကြောင်း လေ့လာသင့်ပြီလို့ ကိုယ့်ကိုယ်ကို သုံးသပ်မိကြောင်းပါ အစ်ကို..

Vista said...

ဦးလူထွေး Tag ထားတော.အားလုံးဝိုင်းရေးကြရ မှာ .အရမ်း အဖိုးတန်တာတွေ မိုလို.ကျေးဇူးအထူးတင်ပါ.

ငှက်ကလေး said...

ဖတ်ပြီး ဖူးးးးးးးးးးး ဆိုပြီး သက်ပြင်းရှည်ကြီး ချသွားတယ် အဲဒီအထိတောင် လေရောက်လားမသိဘူး မအေးဘူးလား ဟိဟိ ဖတ်သွားတယ် စိတ်ထဲမကောင်းဘူး ပျံမယ် ဘိုင်

Anonymous said...

ဦးနာအောက် အကြောင်း၃တန်းမှာလားမသိဘူး သင်ရတာဗျ မေ့တောင်နေပြီ ပြန်လည်သတိတရ ရေးပေးတာ ကျေးဇူးပါဗျာ..။
ခုခတ် အဲဒီလိုလူမျိုးတွေအကြောင်းကတော့ ပြောရရင်... ဘယ်သူသေသေ ငတေမာရင်ပြီးရော လူစားမျိုးတွေပါ။ သခင်အားရ ကျွံပါးဝ ဆိုသလို၊ ရူးတိုက်ပေးတိုင်း ကိုက်တတ်တဲ့ ခွေးတွေပဲပေါ့ဗျာ....။ ဒီထက်ဆိုးတာက အိမ်ကြက်ခြင်း အိုးမဲသုတ်ပြိး ခွပ်ခိုင်းတာပါပဲ။

တဖက်ကကြည့်ပြီးပြောရရင်တော့ဗျာ သူတို့လဲ နီးရာဓါး ကြောက်ရသလို၊ နေရေးထက်၊ ဝမ်းရေးခက် ဆိုသလိုပေါ့ဗျာ..
တချို့လဲ ရာဇဝတ်မှုရှိထားတော့ သက်ဆိုင်ရာက အကျပ်ကိုင် ခြိမ်းခြောက်ထားတာ ရှိတော့ မလုပ်ချင်ပဲ လုပ်ရတာတွေလဲ ရှိကောင်း၊ ရှိမှာပဲ၊ အဲဒီလိုပဲ လက်ရှိ အစိုးရလုပ်တာတွေကို လုံးဝ ထောက်ခံပြီး ကူညီသူလဲ ရှိမှာပဲ။ တချို့လဲ ဝင်စွပ်ကောင်လို စားပေါက်ချောင်လို့ လုပ်နေတဲ့သူလဲ ရှိမှာပဲ။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပေါ့ဗျာ။
ဒီလိုစိတ်ဓာတ်တွေကြောင့်လဲ ယနေ့ထိ ဘာမှမပြောင်းလဲတာ မျက်မြင် ကိုယ်တွေ့ပဲ မဟုတ်လားဗျာ။
ဒါပေမဲ့ဗျာ.......... ဒါမျိုးတွေ မဖြစ်သင့်တာတော့ အမှန်ပါပဲ .....။ စိတ်ညစ်သွားပြီဗျာ........။

Younggun said...

ဦးနာအောက်အကြောင်း အခုမှ သေချာသိရတယ် အကို။ ကျေးဇူးပါခင်ဗျာ။ ဖတ်ရင်းနဲ့ အောက်ဘက်ရောက်လာတော့ ခွေးလောက်တောင် သောက်ဖြစ်မရှိတဲ့ ကောင်တွေ မြင်လိုက်ရတယ်။ ဦးနာအောက်ဆီက နွားတွေတောင် ဒီကောင်တွေထက် မြင့်မြတ်ဦးမယ်။ အားပေးလျက်ပါ။

ဧပရယ်၈၄၇၇ said...

well done my friend .............
carry on..............

ထက်ထက် said...

အဖိုးတန်တဲ့ ပို့စ်လေးပါပဲ.
နှိုင်းယှဉ်ပြထားတာ အရမ်းထိရောက်တာပဲ.
ဝမ်းတထွာအတွက် အသိဥာဏ်တွေ မရှိတော့တာ ဝမ်းနည်းစရာ သိပ်ကောင်းတယ်..
ကောင်းရာကောင်းဝယ် မလုပ်ကိုင်တတ်တော့တာလားးး
အလွယ်လမ်း လိုက်နေကြတာ သိပ်စိတ်ကုန်ဖို့ကောင်းနေပြီ...

မငုံ said...

ဦးနာအောက်အကြောင်းကို ငယ်တုန်းက စာသင်ဖူးတာပဲရှိတယ်။ သေချာမမှတ်မိတော့ဘူး။ အခုလို ဖော်ပြတော့ သိပ်ကောင်းတယ်။ ဦးလူထွေးကြီးကိုပါ ကျေးဇူးတင်ရမယ်။

သက်ပိုင်သူ said...

ကျေးဇူးပဲညီရေ
ရေးတာကောင်းပါတယ်
ကိုယ်တော့ငယ်ငယ်တုန်းကတော့ ဦးနာအောက်အကြောင်း သင်ရတယ်
ညီရေးထားတာလောက် အသေးစိတ်မကျဘူး အခုတော့ သိရပါတယ်း)

အနော် said...

လေးစားစရာကောင်းတဲ့ ဦးနာအောက်အကြောင်း မှတ်သားသွားပါတယ် အကိုရေ
ကျေးဇူးတင်ပါတယ် အခုလိုမျိုး တိတိကျကျ မှတ်တမ်းမှတ်ရာနဲ့တင်ပြပေးတဲ့အတွက်
အကို့ရဲ့ စေတနာကိုရော
တဂ်တဲ့ ဦးလူထွေးကိုရော
တကယ်ကျေးဇူးတင်ပါတယ်

kaungkinpyar said...

အမ သေချာ ဖတ်သွားပါတယ်၊ မသိတာတွေပါ အကုန်သိသွားပါတယ်

ကိုလူထွေး said...

ဦးနာအောက်ဆိုတာ မွန်အမျိုးသား တယောက်ဆိုတာတော့ သိမထားခဲ့ဖူးဘူး...

တကယ်ကို လေးစားအားကျဖို့ကောင်းတယ်...

ပိုက်ဆံရှိရင် ခိုင်းတိုင်းလုပ်တဲ့သူတွေကို ၂၀၀၀ ပေးပြီး လုပ်ခိုင်းစရာတွေရှိသေးတယ်...


မြစ်ကျိုးကို ကျေးဇူးတင်ပါတယ်...

တဂ်တဲ့ ဦးလူထွေးကိုရော ကျေးဇူးတင်ပါတယ်...

(အရှိန်လွန်သွားတယ်...)

းဝ)

နှင်းနဲ့မာယာ said...

ဦးနာအောက်ရဲ့ မျိုးချစ်စိတ်နဲ့ အရှုံးခံရဲတဲ့
စိတ်ဓါတ်ကို လေးစားပါတယ်။
ငယ်ငယ်က ကျောင်းစာအနေနဲ့ပဲ သိခဲ့ ဖတ်ခဲ့တာလေ...
ခုမှ မျိုးချစ်စိတ်ဆိုတာကို ခံစားပြီး ပြန်မှတ်သွားတယ်...

မချစ်ရ said...

အကိုရေမသိသေးတဲ့အကြောင်းအရာလေးဖတ်လိုက်ရလို့ ကျေးဇူးပါပဲလေးစားထိုက်ပါတယ်

Anonymous said...

ကျနော်မြင်တာ ထပ်ပြောချင်တယ်ဗျာ.... ဒါက ဘက်မလိုက် အမြင်လို့ပဲ ပြောမလား၊ လက်ရှိအစိုးရ ဘက်က ရှေ့နေလိုက်တယ်လို့ပဲ ပြောရမလားတော့ မသိဘူးဗျ။ဘာပဲဖြစ်ဖြစ်လေ ဘယ်အရာမှ တဖက်စွန်းရောက်တာ မကောင်းဘူးလို့ ထင်ပါတယ်။ ဒီလိုပါ ကျနော်တို့ သတိမထားမိတဲ့ အချက်ကဘာလဲ ဆိုတော့ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်၊ အားလုံးသိမ်းကျုံးပြောရရင်တော့ လူတွေရဲ့ စိတ်ဓာတ်ကို သွားသတိထားမိတယ်... ဘာလဲဆိုတော့ အသာစီးနေချင်တဲ့စိတ်ဓာတ်၊ ရိုင်းရိုင်းပြောစတမ်းဆို သာပေါင်းညာစား စိတ်ဓာတ်ပေါ့ဗျာ။ မြန်မာတိုင်းမှာ မျိုးချစ်စိတ်ရှိခဲ့ရင် ဦးနာအောက် ရှုံးနိမ့်စရာ အကြောင်းမရှိဘူး.. ဘာကြောင့်လဲ ဆိုတော့ အင်္ဂလိပ်ဆိုတာ လူမျိုးခြားလဲ ဖြစ်ပြန်၊ ကိုယ့်နိုင်ငံကို လာအုပ်ချုပ် မင်းလုပ်နေတဲ့ သူလဲ ဖြစ်ပြန်၊ ကိုယ့်နိုင်ငံပြည်တွင်းမှာပဲ သင်္ဘောဆွဲနေတာ ဖြစ်ပြန်တော့ ဘယ်လောက်ပဲ သူတို့ သင်္ဘောလိုင်းမှာ မက်လုံးပေးပေး၊ မြန်မာတွေသာ မျိုးချစ်စိတ်ဓာတ်နဲ့ ဦးနာအောက် အတိုးနဲနဲနဲ့ ပိုက်ဆံချေးခဲ့သလို ဝိုင်းအားပေးခဲ့ရင် ချစ်တီးတွေ ဦးနာအောက်ကို လက်မြှောက် အရှုံးပေးသလိုပဲ ဦးနာအောက် သင်္ဘောကိုသာ မျိုးချစ်စိတ်ဓာတ် တခုထဲနဲ့ ဝိုင်းအားပေးလိုက်ရင် ဦးနာအောက်ပဲ အနိုင်ရရှိမှာပါ။ ဒီသင်္ဘောကိစ္စမှာ ဦးနာအောက် ရှုံးနိမ့်ရပုံ ကျနော် အကြမ်းဖျင်း သိရသလောက် ပြောရရင် သင်္ဘောလိုင်းမှာ အပြိုင် ခရီးသည်ခေါ်ရင်း လက်ဆောင်တွေ အပြိုင်ပေးရင်းနဲ့ ဦးနာအောက် စီးပွားပျက်သွားတာလို့ သိထားပါတယ်။ ကဲ....... ကျနော်ပြောချင်တဲ့ စကား ခုလောက်ဆို သဘောပေါက်မှာပါနော်........။ မပေါက်သေးဘူးလား ဒါဆိုလဲ ပေါက်အောင် ဖောက်ပေးမယ်...။ ဒီလိုလေ အသာစီးနေချင်သူတွေ၊ ခပ်ရိုင်းရိုင်းပြောရရင် အပေါ်မှာပြောခဲ့သလိုပဲ သာပေါင်းညာစားတွေက ခုခေတ်မှ ရှိတာမဟုတ်ဘူးဗျ ဟိုးတုန်းထဲက ရှိခဲ့တာ၊ ဒီတော့ဗျာ ကျနော်တို့တွေ အဲလို လူစားမျိုးထဲ မပါအောင် ကြိုးစားကြပါစို့လား။ ဒီလိုစိတ်ဓာတ်မျိုး ဖျောက်ကြပါစို့လား။
လူဆိုတာလဲ ခက်သားလားဗျာ ကျနော် ပထမဆုံး ရေးခဲ့တဲ့ ကွန်မန့်လိုပဲ ဆိုပြန်တော့လဲ..........................................................................။ ဘာပဲဖြစ်ဖြစ်ပါလေ တကယ်တန်းဖိုးရှိတဲ့ ပို့စ်လေးပါ။ အားလုံး မေ့လျော့နေတဲ့ မျိုးချစ်စိတ်ရှိသူ တဦးအကြောင်း စုံစုံစေ့စေ့ တင်ပြထားတော့ မသိသေးသူများ သိသွားသလို၊ သိပြီးသူများလဲ ပြန်လည် အမှတ်ရ မျိုးချစ်စိတ်တွေ ထက်သန်စေပါတယ်။ ကျေးဇူးပါဗျား.....။

Angel Shaper said...

လေးစားထိုက်တဲ့ ဦးနာအောက် အကြောင်းခုမှ စိစိစပ်စပ် သိခွင့်ရတော့တယ်။ ရေးတေးတေးနဲ့ ဖြစ်နေတာလေ။ ခုလို မျိုးချစ်စိတ်ဓာတ်လေးတွေ ပိုပြီး ထက်သန်လာအောင် စေတနာစိတ်နဲ့ မျှဝေလိုက်တဲ့ အကို့ရဲ့ စိတ်ဓာတ်၊ အရေးအသား၊ အားလုံးအတွက် ကျေးဇူးတင်နေရင်း ပိုပြီးလေးစားခင်မင်မိပါတယ်လို့ ။ ပျော်ရွှင်ပါစေအကိုရေ... လူငယ်တိုင်း အတုခိုးသင့်ပါတယ်လေ။

တလနွန် said...

မွန်တိုင်းရင်းသား ဦးနာအောက် အတ္ထုပတ္တိ ကို သေသေချာချာ ဖတ်ဖူးတယ်။ ဦးနာအောက် က လေးစားဖို့ အရမ်းကောင်းတဲ့ လူတစ်ယောက်ပါ။
ကော့တိုးကော့နှပ်နယ်သားဆိုရင် အခုတိုင် ဦးနာအောက်ကြောင့် ဂုဏ်ယူစရာဖြစ်နေခဲ့တယ်။

Anonymous said...

အခုလို ဗဟုသုတလေးတွေ မျှဝေလို့ ကျေးဇူးတင်ပါတယ်။ တိတိကျကျ မသိခဲ့ဘူး။ အခုမှ သေချာသိရတယ်။

မေဇင် said...

ဦးနာအောက် ကိုကြားဖူးပါတယ်..ဒါပေမယ့် သူ့အကြောင်းကို ခုလို စုံစုံလင်လင် မသိဖူးဘူး...။ ကျေးဇူးတင်ပါတယ်...။ ဦးလူထွေးရဲ့ အဲ့ဒီ တက်ဂ့် ပိုစ့်ဟာ... နောင့် တို့အတွက် ဗဟုသုတ များစွာ ရမယ်မျှော်လင့်ပါတယ်..။

စည်သူ said...

ကျေးဇူးကိုမြစ်ကျိုးအင်းေ၇

အခုလိုတင်ပြပေးတာပေါ့..။
ကျွန်တော်လည်း အနည်းအကျင်းသိထားပါတယ်
အခုလို တင်ပေးလိုက်တော့ ပိုသိသွားတာပေါ့..။

တင်ပေးတဲ့သူရော
တက်ဂ့်ပေးတဲ့သူကိုရော

အထူးကျေးဇူးတင်ရှိပါကြောင်း
ခင်မင်စွာဖြင့်
စည်သူ။

thawzin said...

ဦးနာအောက်အကြောင်းလေးကို ပြန်လည် သတိရမိစေပါသည်.။ ကျေးဇူးတင်ရှိပါတယ်ဗျာ
အကိုရဲ့ အာဇာနည်စိတ်ဓါတ်လေးစားပုံလေးကိုလဲ လေးစားမိပါတယ်..........., ဆန္ဒကိုဦးမတည်ပဲ ပဓါနကို ဦးတည်ထားတဲ့ စိတ်ထားလေးကိုပေါ့ ကျေးဇူးတင်ပါတယ်

မယ့်ကိုး said...

တကယ့်ကို အဖိုးတန်တဲ့ စာလေးပါ။ ငယ်ငယ်လေးတဲ့ အထူးလေးစားမိတဲ့ ဦးနာအောက်ပါ။

မယ့်ကိုး said...

တကယ့်ကို အဖိုးတန်တဲ့ စာလေးပါ။ ငယ်ငယ်လေးတဲ့ အထူးလေးစားမိတဲ့ ဦးနာအောက်ပါ။

ဇော် said...

ဦးနာအောက်ကို ပြန်ပြီး အမှတ်ရသွားတယ်ကိုကျိုး။
မှတ်သားထိုက်တဲ့ သင်ခန်းစာရမိတယ်။


( ကျနော် ဆုံးဖြတ်ချက်ချလိုက်ပြီ။ နောက်ဆို အလုပ်သွားကာနီး ရတဲ့အချိန်ကို စာဖတ်ဖို့လုပ်ရင် ဘယ်တော့မှ ကိုကျိုးစာကို မဖတ်တော့ဘူး။ ဘာလို့ဆို မပြီးဘဲနဲ့ တစ်ဝက်တပျက်ထားခဲ့ရတာ ကျနော်တစ်နေ့လုံး အလုပ်လုပ်ရတာ စိတ်မဖြောင့်ဘူး။ အလုပ်ချိန် ၈နာရီကို အတော်ဒုက္ခရောက်တယ်။ ဆန့်ငင်ဆန့်ငင်နဲ့။ ပြန်ရောက်ရောက်ချင်း ယူနီဖောင်းတောင်မလဲနိုင်ဘူး။ ၀င်းဒိုးတက်တာကိုတောင် ကြာလို့ စိတ်မရှည်ဖြစ်မိတယ်။ ဆုံးဖြတ်ချက်ချပလိုက်ပြီ။ နောက်ဆို အလုပ်သွားကာနီး ကိုကျိုးအိမ်ကို မ၀င်မိအောင်ရှောင်မှ။ =( )

khin oo may said...

ဦးနာအောက်ကိုသိတ်သဘောကျခဲ့တယ်။

Phyo Maw said...

ဦးနာအောက်ကို သိပ်သဘောကျရင် ဘွား ဦးဆောင်ပြီး စီးတီးဟောက ထမင်းဆိုင်တွေ ဈေးကျအောင် စီစဉ်ပါ။

ဏီ(န်)ကင်း said...

ဗဟုသုတရစေတဲ့ပိုစ့်လေးပါ၊မြန်မာတိုင်းရင်းသားတွေထဲမှာဒီလိုမျိုး.မျိုးချစ်စိတ်ထက်သန်ပြီးကြိုးစားတဲ့သူတွေအများကြီးပါ။ဂုဏ်ယူမိပါတယ်။သူ့ခေတ်သူ့အခါကခက်ခဲတဲ့လုပ်ငန်းကြီးတစ်ခုကိုလုပ်သွားခဲ့တာပါ

Beauty Studio USA Branded Store said...

ကိုမြစ်ကျိုးအင်းရေးသားထားတဲ့ ဦးနာအောင့်(မွန်လိုအခေါ်ပါ။)အကြောင်းက အရမ်းကောင်းပြီး အတော်လေးစုံလင်ပါတယ်။ကျွန်တော့်အဖေက ကျိုက်မရောက မွန်ပါ။သူက အမြဲပဲ သူဠေးကြီးအကြောင်းကို ကျွန်တော် ငယ်ငယ်က ခဏခဏပြောပြပါတယ်။အားလဲကျပါတယ်။ကြီးတော့လဲ ကော့တိုးကော့နှပ်ရွာက သူနေသွားတဲ့အိမ်ကို(အခုပြတိုက်လုပ်တားတာ)သွားလည်ဖူးပါတယ်။အိမ်ကြီးက သစ်ပင်ကြီးတပင်ထဲနဲ့ ဆောက်ထားတာပါ။အရင်တုန်းက ဗမာပြည်မှာ ကျွန်းသစ် ဘယ်လောက်ကြီးသလဲဆိုတာ အဲဒီအိမ်ကို မြင်မှသဘောပေါက်သွားတာ။သူဠေးကြီးအကြောင်းနဲ့ သူရဲ့မျိုးချစ်စိတ်ကို အကိုရေးထားတာတွေရလို့ ကျေးဇူးလဲတင်ပါတယ်။အခုခေတ် လူငယ်အတော်များများက ဒီလိုအကြောင်းတွေ ဗမာ့မျိုးချစ်သူရဲကောင်းတွေကို မသိကြ၊မေ့ကုန်ကြပြီလေ။

rose of sharon said...

စီးပွါးရေးနဲ့ဘွဲ့ရထားတဲ့သူတယောက်ကဦးနာအောက်ကို လေးစားတာမဆန်းပါဘူး...ဟုတ်တယ်နော်...

ညလေး said...

ညလေးသာ ချမ်းသာခဲ့ရင် ဦးနာအောက်နည်းလမ်း အသုံးပြုမယ်..
ကတိ..
မချမ်းသာလဲ ရသလောက်လေး လုပ်ရမှာပဲ..

သိန်းဝင်း said...

အသိတိုးရပါတယ်ဗျာ၊သူတစ်ယောက်တည်းမို့လို့ရှုံးနိမ့်ခဲရတာပါ၊ အားမတန်မာန်လျှော့ပေါ့

ဂျစ် said...

ငယ်ငယ်က ဦးနာအောက် အကြောင်း စာထဲမှာဖတ်ဘူးပေမဲ့ ဒီလောက်စုံစုံလင်လင် မသိခဲ့ဘူး။
တကယ့် လေးစားထိုက်တဲ့ သူတစ်ယောက်ပါ ။

ဒီလို တန်ဘိုးရှိပြီး အတုယူဖွယ် သူတစ်ယောက်အကြောင်းကို တက်(ဂ်)တဲ့သူရော ၊
ရေးတဲ့ ကိုအင်းကိုပါ ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင့်
ဂျစ်တူး

shwezinu said...

ဦးနာအောက် အကြောင်း အသေးစိတ်သိချင်နေတာ ကျေးဇူးဘဲ ကိုမြစ်ကျိုးအင်းရေ

 

Posts Comments

©2006-2010 ·TNB