ကျောင်းတော်ကြီးနှင့်စာရင်းရှင်းတမ်း

02 August 2009




ဘ၀လမ်းကြောင်းမှာ ပြန်မကြည့်ချင်ဆုံးမှတ်တမ်းက ပညာရေးမှတ်တမ်းပါပဲ...။ ပညာရေးနဲ့ ပါတ်သတ်ပြီး အမြင့်ဆုံးမရောက်ခဲ့တာ ငယ်စဉ်ထဲကပါပဲ...။ဆုတခုမှ မရခဲ့ဖူးပါဘူး...။ ဆုမရခဲ့ဖူးလို့ ၀မ်းနည်းတဲ့ လူစားမျိုးလည်း မဟုတ်ပြန်ဘူး.။ငယ်ငယ်ထဲက ပြင်ပစာတွေ ဖတ်ဖို့ ပိုအားသန်မိတယ်။ ကိုယ်တကယ် နှစ်သက်တဲ့ ဦးပုညရဲ့ ရေသည်ပြဇာတ်ကိုတော့ အထပ်ထပ်အခါခါ ဖတ်ဖြစ်တယ်။ ပြောရရင် ရသပါတဲ့ စာတွေဖတ်ရတာ ငယ်ငယ်ထဲက နှစ်သက်ခဲ့တယ်...။ အတန်းပညာကို အများကြီး အလေးအနက် မထားခဲ့မိပါဘူး...။ စာမေးပွဲ နီးလာရင်သာ စာကျက်ပြီးဖြေလိုက်တာပဲ...။ ဒီလိုနဲ့ တတန်းပြီးတတန်း တရွေ့ရွေ့နဲ့ ဖြတ်သန်းလာခဲ့တယ်..။

လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနေတာလောက်ကလွဲရင် အရမ်းဆိုးသွမ်းတဲ့အထဲမှာလည်း မပါခဲ့ဘူး...။ ဒီတော့ ပညာရေးနဲ့ ပါတ်သတ်ရင် ဆုမရခဲ့ဖူးသလို ဆူးဖြစ်တဲ့ စိတ်ဒဏ်ရာလည်း မရခဲ့ဖူးဘူး...။ ပညာရေးမှာ ပုံမှန်ပဲ ရှင်သန်ခဲ့တယ်...။ ဒီလိုနိဒါန်းတွေ ချီနေရတာက သူငယ်ချင်း ရီနိုက ကျောင်းပညာနဲ့ ပါတ်သတ်ပြီး ရခဲ့တဲ့ဆု နဲ့ရခဲ့တဲ့ဆူး ဆိုပြီး ရေးပေးဘို့ တဂ်လာလို့ပါပဲ..။


ခေါင်းပူအောင်စဉ်းစားပေမယ့် ပြောပြစရာ ရခဲ့တဲ့ဆုမရှိခဲ့သလို ရင်ဖွင့်စရာဆူးလည်းမရှိပါဘူး..။ ကျောင်းသားဘ၀က ရည်းစားများအကြောင်းဆိုရင်တောင် ဒီ့ထက်တော့ ပြည့်ပြည့်စုံစုံ ပြောနိင်သေးတယ် (အစဆွဲလိုက်မိပြီ)။ အဲဒီလိုဆိုတော့ တဂ်ပို့ကဒီမှာတင်ပဲ အဆုံးသတ်ရမယ့်ကိန်းဖြစ်နေတော့တယ်..။ အဲဒီလို ဆိုပြန်တော့လည်းသူငယ်ချင်းဖြစ်သူကို အားနာဘို့ ကောင်းနေပြန်တယ်...။ သူ့ကို အရေးတယူ မရှိဘူးလို့လည်း မကြားတကြားများပြောနေမလားမသိဘူးဆိုပြီး တွေးမိသေးတယ်..။


ဒါနဲ့ပဲ ကျောင်းနဲ့ပါတ်သက်တဲ့ ထူးထူးခြားခြားအဖြစ်အပျက်ကို တွေးကြည့်တော့ ဆယ်တန်းကျောင်းသားဘ၀ကပျော်ရွှင်စရာအဖြစ်အပျက်လေးအကြောင်းရေးထားတာ သတိရမိတယ်..။ တဂ်ထားတဲ့ ခေါင်းစဉ်နဲ့ သိပ်မဆိုင်နိင်ပေမယ့် အနီးစပ်ဆုံး ဒါပဲ ရှိတာမို့လို့ အဲဒီပို့စ်အဟောင်းလေးပဲ ပြန်တင်လိုက်ပါတယ်...။ ဒီလောက်နဲ့ပဲ ကျေနပ်ပါလို့ သူငယ်ချင်းရီနိုကို ပြောချင်ပါတယ်။


ကျွန်တော် မှတ်မိသလောက်ဆို ကျွန်တော်တို့ ၁၀ တန်းရောက်တဲ့ ၉၈ ခုနှစ်ကမှ ကျောင်းသားစုံညီ ပွဲတော်ကို စလုပ်တာလို့ ထင်တာပါပဲ..။ကျောင်းဝင်းထဲမှာ ကျောင်းသားတွေဖွင့်တဲ့ မုန့်ဆိုင်တွေ ကျောင်းသားတွေ တီးတဲ့ စတိတ်ရှိုးတွေနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တဲ့သဘောပါပဲ...။ဇန်န၀ါရီလ ၃ ရက်နေ့မှာ လုပ်တာထင်ပါတယ်...။ ကျောင်းမှာ ဆရာမတွေက အဲဒီပွဲ လုပ်ရမယ်ဆိုတော့ ကျွန်တော်တို့ အဖွဲ့ကိုလည်း ကျောင်းမှာစည်စည်ကားကား ဖြစ်အောင်လို့ အစီအစဉ် တခုခု လုပ်ဘို့တာဝန်ပေးလာတယ်..။ ဒါနဲ့ ကျွန်တော်တို့အဖွဲ့လည်း ဘာလုပ်ရင် ကောင်းမလဲဆိုတာတိုင်ပင်ကြရတော့တယ်...။


တခြားကျောင်းသား ကျောင်းသူတွေလို မုန့်ရောင်း တာမျိုးလည်း ကျွန်တော်တို့က မလုပ်ချင်ဘူး။ ထူးထူးခြားခြား လည်း ဖြစ်အောင် လုပ်ဘို့တိုင်ပင်ပေမယ့် ပွဲတော်စဘို့ နှစ်ရက်လိုတဲ့ ဇန်န၀ါရီ(၁)ရက်နေ့ အထိ ဘာအကြံမှ ထွက်မလာသေးဘူး...။ အချိန်က ကပ်နေပြီဆိုတော့ တဖွဲ့လုံးလည်း စိတ်လျှော့ ထားလိုက်ကြတော့တယ်...။ သူများရောင်းတဲ့မုန့်ပဲ သွားဝယ်စားကြတာပေါ့လို့ တချို့တွေက ညိုနေကြပေမယ့် ကျွန်တော်ကတော့ ကြိတ်ကြံနေတုန်းပဲ....။ စဉ်းစားရင်းနဲ့ ပြီးခဲ့တဲ့ ခရစ်စမတ်က ကျွန်တော်တို့ မြို့ရဲ့ ကျီးပင်လမ်းထဲမှာ လုပ်တဲ့ ဟောက်စီ ဆိုတဲ့ကစားနည်းကို သတိရသွားမိတယ်...။ အဲဒီတုန်းကတော့ ကျွန်တော်တို့က ထိုးသားအနေနဲ့ ကစားခဲ့ကြဖူးတယ်။


အဲဒီကစားနည်းကို သတိရ လိုက်တော့ တော်တော်ပျော်သွားတယ်...။ ဖြစ်နိင်ချေ ရှိမရှိ စဉ်းစားတော့ ကျွန်တော်တို့ လိုချင်တဲ့ ထူးထူးခြားခြားအစီအစဉ်နဲ့ ကွက်တိ ဖြစ်နေတယ်...။ဒါနဲ့အိုကေပြီ ဆိုပြီး အသေးစိတ် ထပ်စဉ်းစားတယ်...။ မနက်မိုးလင်းတော့ အရင်လုပ်ထားတဲ့သူတွေရဲ့ အိမ်ကို စုံစမ်းပြီး သွားတွေ့ဖြစ်တယ်...။



ကစားနည်းသိတဲ့ သူတွေကို လိုက်မေးကြည့်ပြီး ဒိုင်ကိုင်မယ့် သူတွေအနေနဲ့ ဘာတွေလိုအပ်တယ်ဆိုတာ မေးမြန်းကြည့်တယ်။ သူတို့ကလည်း သေသေချာချာ ရှင်းပြပေးတဲ့အပြင် နမူနာ စာရွက်ပါပေးလိုက်တော့ ကျွန်တော်တို့အတွက် အတိုင်းထက်အလွန် ဖြစ်သွားတော့တယ်။အဲဒီကနေပြန်လာပြီးတော့ လိုအပ်တာတွေကို ခပ်သွက်သွက်လေး စီစဉ်ကြတော့တယ်...။ကျောင်းသားစုံညီပွဲတော်က မနက်ဖြန်ဆို ရောက်ပြီလေ...။


ပြီးတော့မှ တဖွဲ့လုံးကို စုစည်းပြီး ကျွန်တော့်အစီအစဉ်ကို ပြောပြတော့ အားလုံး ဟေးခနဲ ထအော်တဲ့ အထိကို ၀မ်းသာသွားကြတာပါပဲ...။ မနက်ဖြန်အတွက်ပြင်ဆင်တယ်ဆိုတာလဲ ထွေထွေထူးထူးတော့မဟုတ်ပါဘူး...။ အအေးဆိုင်တွေက ပုလင်းအဖုံး အခုတစ်ရာသွားတောင်းပြီး သုညသုည (၀၀)ကနေ ကိုးကိုး(၉၉)ထိ အဖုံးအတွင်းမှာ နံပါတ်တွေ ရေးလိုက်ကြတယ်....။


နှစ်လုံးပူးဂဏန်း သုံးကွက်ကို သုံးတန်းရေးထားတဲ့ အကွက်လေးတွေ ပါတဲ့ နမူနာစာရွက်တွေကို မိတ္တူသွား ဆွဲထားကြပြီး လိုအပ်တဲ့ မီးစက်ရယ် ဆောင်းဘောက်နဲ့မိုက်တွေပါ အဆင်သင့်ရှာထားလိုက်တော့ ပြင်ဆင်စရာ ရှိတာတွေ ပြီးသွားတော့တယ်..။ပြီးတော့ သူငယ်ချင်းတွေကိုလည်း တာဝန်တွေ ခွဲဝေပေး ထားလိုက်တယ်..။ အားလုံး အဆင်သင့် ပြင်ဆင်ပြီးသွားတော့ မနက်ဖြန်ကို စိတ်စော နေမိကြတော့တယ်...။


နောက်တနေ့ ပွဲတော်နေ့ ရောက်တော့ ကျွန်တော်တို့ စောစောပဲ လူစုထားပြီးကျောင်းကို ချီတက် ကြတော့တယ်...။ ကျောင်းအ၀င်ဝနား သစ်ပင်အောက်က နေရာကို ကျွန်တော်တို့ရဲ့ ကစားပွဲလုပ်မယ့် နေရာအဖြစ် ရွေးလိုက်ကြတယ်...။ သဘောကတော့ ဆည်ဝက စောင့်တဲ့ဗျိုင်းလို လာသမျှ ဆွဲစိမယ်ဆိုတဲ့ အကြံနဲ့ပါပဲ...။ ယူလာတဲ့ ဘလက်ဘုတ်ကို သစ်ပင်မှာချိတ် စာသင်ခန်းထဲက ခုံနှစ်လုံး သွားယူပြီး အရှေ့မှာ ချထားလိုက်တယ်...။ ကျန်တဲ့သူငယ်ချင်းတွေက ဆောင်းဘောက် နဲ့ မိုက်ခရိုဖုန်း ကိုအသံစမ်းတဲ့ သူက စမ်းကြနဲ့ တိုင်ပင်ထားသလိုလှုပ်ရှား နေကြတယ်...။ အားလုံး အစဉ်သင့် ဖြစ်နေပေမယ့် ကျွန်တော်တို့ မလှုပ်ရှားသေးဘူး လူနဲနဲစုံတဲ့ အထိ စောင့်နေလိုက်သေးတယ်....။


မနက်(၉) နာရီလောက် ရောက်တော့ ကျောင်းထဲမှာကျောင်းသားကျောင်းသူတွေအပြင် အိမ်က လိုက်လာကြတဲ့ မိဘတွေနဲ့ စည်ကားစပြုလာတယ်...။ အိုကေ စမယ်ဆိုပြီး အချက်ပြ လိုက်တော့ ဘိုတိုးက အာတွေ စလွှတ်တော့တာပါပဲ..။ speakerသံ ထွက်လာတာဆိုတော့လူတွေ စိတ်ဝင်တစားနဲ့ တဖြေးဖြေး ရောက်လာကြတယ်...။အဲဒီမှာ ဘိုတိုးက...

အားလုံး ပျော်ရွှင်ရအောင် ကျွန်တော်တို့ကအစီအစဉ် လေးတခုလုပ်ထားပါတယ်ပါတယ် ဒီအစီစဉ်ကတော့ ဟောက်စီ လို့ခေါ်တဲ့ တစ်ဆယ်ရင်းပြီး တစ်ရာငါးဆယ်ရနိင်တဲ့ အစီအစဉ်လေးပါပဲ ကစားပုံ ကစားနည်းကတော့ ဒီလိုနံပါတ် ကိုးခုပါတဲ့ စာရွက်လေး တရွက်ကိုအရင်ဝယ် ရပါမယ် ပြီးရင် ကျွန်တော်တို့က ဒီဂေါ်လီအဖုံး လေးတွေကို တလှည့်တခု နှိုက်ပေးပြီး ပေါက်မဲနံပါတ်ကို ကြေငြာပေးပါ့မယ်။


ဘိုတိုး စကားဆုံးတော့ ကျွန်တော်က နမူနာ အဖြစ် ဂေါ်လီအဖုံးတခုနှိုက်ပြ လိုက်ရတယ်..။ ဘိုးတိုးက ဆက်ပြောပြန်တယ်။ အဲဒီ ပေါက်မဲနံပါတ်က ကိုယ်ဝယ်ထားတဲ့ စာရွက်ထဲမှာ ပါနေခဲ့ရင် အဲဒီနံပါတ်ကို တုတ်ချွန်လေးနဲ့ ဖောက်ထားပါခင်မျာ အပေါက်လေး သုံးခုဟာ ဒေါင်လိုက်ဖြစ်ဖြစ် အလျားလိုက်ဖြစ်ဖြစ် ထောင့်ဖြတ်ဖြစ်ဖြစ် တတန်းထဲ ကျနေပြီ ဆိုရင်တော့အဲဒီ စာရွက်လေးကို ပြပြီး ငွေတစ်ရာ့ငါးဆယ်ကို ထုတ်ယူနိင်ပါပြီ ဒါဆိုရင်တော့ တပွဲပြီးပါပြီ...။ ကျွန်တော်က ဘေးကနေ နမူနာတွေ လုပ်ပြပေးရပြန်တယ်...။


လူတွေ စိတ်ဝင်စားပြီး ၀ယ်ပြီးချိန်တွင် ဘိုတိုးက တကယ်လို့များ ပေါက်မဲဟာ တပြိုင်နက်ထဲ နှစ်ယောက် တူနေခဲ့မယ်ဆိုရင်တော့ ငွေတစ်ရာ့ငါးဆယ်ကိုတ၀က်စီ ခွဲပေးပါ့မယ် ကဲကဲ ပွဲစလိုက်ရအောင်ခင်မျာ အခုလက်ကျန် ငါးစောင်ပဲကျန်ပါတော့တယ်သုံးစောင်ပဲ ကျန်ပါတော့တယ် နဲ့ဆွဲဆောင်လိုက်တာ လူတွေက စိတ်ဝင်စားပြီး ၀ယ်ကြတော့တယ်...။


ကျွန်တော်တို့ လုပ်ကွက်က တော်တော်ပိုင်တယ်လို့ ပြောရပါမယ်....။ A4 တရွက်မှာ အကွက်(၂၄)ကွက် ဆွဲထားပြီး တကွက်ကို ၁၀နဲ့ရောင်းတာမျိုးပါ။ အဲဒီတကွက်မှာမှ နှစ်လုံးပူးဂဏန်း တတန်းကို သုံးကွက်စီထားတဲ့ အကွက် ကိုးကွက်ပါတယ်..။ အဲဒီ တရွက်ကို တစ်ဆယ်နဲ့ရောင်းတာမျိုးပေါ့..။ ၂၄ ကွက်ဆိုတော့ ၂၄၀ ရပါတယ်။ ပေါက်တဲ့သူကို ၁၅၀ပေးတော့ တပွဲပြီးတိုင်း ကျွန်တော်တို့က၉၀ အမြတ်ကျန်နေသေးတယ်။ အဲဒီအချိန်ကတော့ ငွေတစ်ဆယ်ကလည်း အနည်းငယ် တန်ဖိုး ရှိနေသေးပါတယ်..။ အရင်းအနှီး တပြားမှ မလိုတဲ့ကစားနည်းပါပဲ..။


တယောက်က ဂေါ်လီမဲတွေ နှိုက်လိုက် ဘိုတိုးက အချစ်ဆုံးရဲ့  တစ်သုံးပါခင်ဗျာ ။ ဆယ့်တစ်မီးငြိမ်းမယ့် ဆယ့်တစ်လေးပါ။ ငါးပါးသီလစောင့်တဲ့သူများအတွက် ငါးပါ ခင်မျာ နဲ့ ကာရံလေးတွေ အရွှန်းလေးတွေ နဲ့ အော်ပေးတော့ နောက်ရောက်လာတဲ့ သူတွေလည်း မုန့်ဈေးတန်းတောင် သိပ်မသွားကြတော့ပဲ ကျွန်တော်တို့ ကစားဝိုင်းမှာပဲအုံနေတော့တယ်..။ ၁၀ပွဲကျော်လောက် ကစားပြီးချိန်မှာ hallခန်းဘက်ကတီးဝိုင်း စမ်းသံ ထွက်လာတယ်..။ ဒါနဲ့ စတိတ်ရှိုး လက်မှတ် ဝယ်ထားသူတွေလည်း hall ခန်းဘက် ထွက်သွားတော့ ကျွန်တော်တို့ ဆီမှာ လူနည်းပြီး ကျန်နေခဲ့တော့တယ်...။ ဒါပေမယ့် ကိုယ်ကလည်းဘာမှ ရင်းထားရတာ မဟုတ်တော့ ရသလောက်နဲ့ပဲ ဆက်ကစားနေဖြစ်တယ်...။


တီးဝိုင်းစပြီး မိနစ်(၂၀) ကျော်လောက် အချိန်မှာ hall ခန်းဘက်က ပရိတ်သတ်တွေ ဝေါခနဲ ထွက်လာလို့ ဘာဖြစ်တာလည်း စုံစမ်းကြည့်တော့ သီချင်း နှစ်ပုဒ်တောင် မပြည့်သေးဘူး ရန်ဖြစ်လို့ ပွဲပျက်သွားတာတဲ့လေ။ ကျွန်တော်တို့ကျောင်းက အထက(၁)ကျောင်းဖြစ်ပြီး ကျွန်တော်တို့နဲ့ တကယ့်ပြိုင်ဘက်ကျောင်းက အထက(၂) ကျောင်းပါပဲ...။ အထက(၂)နဲ့တော့ ခေတ်အဆက်ဆက် ရန်ပွဲတွေ များခဲ့တယ်..။ အခုလည်း ဒီစတိတ်ရှိုးကို အထက(၂)က ကျောင်းသား အချို့လာကြည့်ရင်းနဲ့ ကျွန်တော်တို့ကျောင်းက ကျောင်းသားအချို့နဲ့ ရန်ဖြစ်ပြီး စတိတ်ရှိုးပျက်သွားရတာပါပဲ..။


ကျွန်တော်တို့လည်း ပုထုဇဉ် ပြီပြီ ကြိတ်ပြီးပျော်သွားမိတယ်....။ ဗေဒင်စကား နဲ့ ပြောရရင် တိုင်ထိပ် ရောက်ကိန်း ဆိုက်သလိုပါပဲ..။ hall ခန်းထဲက ထွက်လာတဲ့ သူတွေ အားလုံး ကျွန်တော်တို့ကစားဝိုင်းမှာ ကြိတ်ကြိတ်တိုး နေတော့တယ်..။ ကစားတဲ့သူများတော့ တပွဲတပွဲကလည်း ခဏလေးနဲ့ပြီးတာပါပဲ..။ ဒီကစားနည်းက ခေါက်ရေ များလေ ကိုယ့်တွက် ကျန်လေ လို့ ပြောရမယ်..။ စာရွက်တွေတောင် ကုန်ခါနီးဖြစ်ကုန်တော့ သူငယ်ချင်းတွေလည်း ကျောင်းနားက မိတ္တူဆိုင်မှာ အပြေးအလွှား မိတ္တူ ထပ်ဆွဲရ တော့တယ်...။ အဖွဲ့ထဲက မိန်းခလေး သုံးယောက်က A4 စာရွက် တွေကို တကွက်ချင်းညုပ် တဲ့သူကညုပ် ပွဲစဉ်နံပါတ် ရေးသူကရေး ပိုက်ဆံသိမ်းတဲ့သူ ကသိမ်းနဲ့ တော်တော် ကိုလှုပ်လှုပ်ရှားရှား ဖြစ်နေကြတာပါပဲ...။


ကစားတဲ့သူတွေက ကြိတ်ကြိတ်တိုးနေတော့ ပွဲအခြေအနေ ကိုကြည့်ပြီး ဘိုတိုးကို တကွက် ၂၀ နဲ့ ရောင်းခိုင်းပြီး ဆုကြေးကိုလည်း (၃၀၀) ပေးမယ်ဆိုပြီး နှစ်ဆ တင်ခိုင်းလိုက်တော့တယ်...။ဝယ်တဲ့သူ အရမ်းများနေတော့ အရင်က A4 တရွက်ကုန်တာနဲ့ ပွဲစတာမျိုး မလုပ်တော့ဘဲ A4 နှစ်ရွက် (၄၈) ကွက်ရောင်းပြီးမှ ပွဲစဖြစ်တော့တယ်...။ ရောင်းအားက ၂ ဆပေမယ့် ပြန်ပေးတဲ့ဆုကြေးကတော့ အရင်အတိုင်းပါပဲ။ ကိုယ်ဘယ်နှစ်ကွက်ရောင်းတယ်ဆိုတာ ဘယ်သူမှ မသိနိင်တာလေ။ ၂ဆ ရောင်းပေမယ့် ဒါလည်းပြိုက်ခနဲ ကုန်သလို တပွဲပြီးတိုင်းအမြတ် ကလည်းနင့်ခနဲကျန်နေတော့တယ်။


အဲဒီအချိန်မှာ လူတွေအုံးအုံး ကျက်ကျက်ဖြစ်နေတာကြောင့် ကျောင်းအုပ်ဆရာမကြီး မနေနိင်ဘဲ ထွက်လာကြည့်ရတယ်..။ခဏနေတော့ ကျွန်တော်တို့အတန်းပိုင် ဆရာမ ရောက်လာပြီး ကျွန်တော့်ကို ကျောင်းအုပ်ဆရာမကြီးမှ ဒီပွဲရဲ့ ဝင်ငွေစာရင်းကို သူ့ဆီ တင်ခိုင်းကြောင်းလာပြောတယ်...။ ကျွန်တော်က ဟုတ်ကဲ့ ကျွန်တော်တင်ပေးပါ့မယ်လို့ ပြန်ပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ တမျိုးဖြစ်မိတာအမှန်ပါပဲ..။ လုပ်ငန်းတခုအောင်မြင်လာတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေအတိုင်းလို့ သတ်မှတ်ရမယ်ထင်ပါတယ်..။ ဘယ်လောက်အောင်မြင်သလဲ အကျိုးအမြတ်က ဘယ်လိုလဲဆိုပြီး ၀င်ပါချင်တဲ့ သဘောမျိုးလို့ထင်မိတယ်..။


တဖြေးဖြေးနေမြင့်လာတဲ့ အပြင် ကစားတဲ့ သူလည်းနည်းသွားတာနဲ့ ကျွန်တော်တို့လည်း ကစားဝိုင်းကို သိမ်းလိုက်တော့တယ်။ သူငယ်ချင်းတွေက ပစ္စည်းသိမ်းနေချိန် ကျွန်တော်က ဒီပွဲစဉ်ရဲ့ စာရင်းကို လုပ်ပေးနေလိုက်တယ်..။ စာရွက်ရဲ့ တဖက်တချက်မှာ အ၀င်စာရင်းနဲ့ အထွက်စာရင်းဆိုပြီး ခေါင်စဉ် တပ်လိုက်တယ် ပြီးတော့ အ၀င်စာရင်းရဲ့အောက်မှာ အစဉ်လိုက်ချရေးလိုက်တော့တယ်..။


တပွဲရောင်းရငွေ (၁၈)ကွက် တစ်ရာရှစ်ဆယ် တစ်ပွဲပြီးတိုင်း ကျန်ငွေ (၃၀)ကျပ် ပွဲအရေအတွက် (၂၀) စုစုပေါင်းရငွေ (၆၀၀) ကျပ်ဆိုပြီးအ၀င်စာရင်း ချရေးပေးထားလိုက်တယ်။ တပွဲကို ၂၄ ကွက် ၂၄၀ ဖိုးရောင်းတာကို လျော့ချလိုက်သလို ပွဲအရေအတွက်ကိုလည်း အများကြီးလျော့ချလိုက်တယ်..။ စာရွက်ရဲ့ တဖက်မှာလည်း မီးစက်ခ၊ ဓါတ်ဆီခ ၊sound box ခ ၊ဆိုက်ကားခ မိတ္တူဆွဲခ၊ ဆိုပြီး ထွက်ငွေကို စိတ်ထဲရှိတဲ့
တန်ဖိုးတွေရေးပေးပြီး စာရင်းနှစ်ခုကို ယှဉ်ပြလိုက်တယ်...။ အမှန်ကအဲဒီပစ္စည်းတွေအားလုံးက ဘိုတိုးရဲ့ ဦးလေး ပိုင်ပြီး ကျွန်တော်တို့ကိုသူ့ကားနဲ့လိုက်ပို့ပြီးကူညီပေးတာပါ...။ စာရင်းနှစ်ခု ယှဉ်ပြပြီးချိန်မှာ ဘေးကနေ လိုငွေ (၄၅) ကျပ်လို့ စာရင်းပိတ်ပြီး ကျောင်းအုပ်ဆရာမကြီးဆီ အဲဒီစာရင်းကိုတင်ပေးလိုက်တော့တယ်..။


အအေးကိုတောင် ကိုယ့်ဘာသာကိုယ် ၀ယ်သောက်ရတဲ့ ပုံစံမျိုး ဆိုတော့ ဆရာမကြီးဆီမှ ဘာသံမှထွက်လာသံ မကြားရတော့ပါဘူး...။ ကျွန်တော်တို့သူငယ်ချင်းတွေစုပြီး ဝိုင်းခေါ်သင်တဲ့ အိမ်ရောက်တော့ ရတဲ့ပိုက်ဆံ ရေလိုက်တာ အားလုံးပေါင်း(၇၀၀၀) ခွန်နှစ်ထောင်နီးနီး အမြတ်ရလိုက်တယ်..။ ဒါနဲ့သူငယ်ချင်း(၉)ယောက် တယောက်ကို(၇၀၀) ဆီခွဲဝေပြီး ကျန်တဲ့ငွေတွေကို အအေးသောက်ပြီး မြို့လယ်က သဲပုံစေတီမှာဆီမီး(၅၀၀) တပျော်တပါးသွားထွန်းလိုက်ကြတော့တယ်။

................................................................................................................................

ဒီလောက်နဲ့ပဲသူငယ်ချင်း ရီနိုမာန် လည်း ကျေနပ်ပါလေ။


(၁၀ တန်းကျောင်းသားဘ၀ထဲက “ဇ” လေးရှိလို့လားတော့ မသိပါဘူး တက္ကသိုလ်တက်တော့ စီးပွါးရေးနဲ့ ဘွဲ့ရတာပါပဲ...။ အခွန်ရှောင်ချင်သူများ စာရင်းဖျောင်ချင်သူများကို လိုအပ်ရင် ကူညီပေးပါ့မယ်း)

44 comments:

ဖိုးစိန် said...

တစ်လာယူတယ်
ညနေမှဖတ်မယ်

မယ်ကိုး said...

အတွက်အချက် စာရင်းအင်းကျွမ်းကျင်ပုံတွေ သဘောတကျဖတ်သွားပါတယ်။ :P

သားကြီး said...

ဟားဟား ကျောင်းမှာကတည်းကစီးပွါးရေးသောင်းကျန်းခဲ့တာကိုး
စီးပွါးရေးနဲ့ဘွဲ့ရတာမဆန်းပါဘူး
ဖျောင်စရာစာရင်းတော့မရှိသေးဘူးခုလောလောဆည်
နောက်များကျမှဆက်သွယ်တော့မယ် :P

စည်သူ said...

ဟ.. တွေ့ပြီဟ

လာမယ်.. လာမယ်..
ဖျောင်စရာတွေရှိတယ်

ပြီးမှထွက်မပြေးနဲ့
မယ်ကိုးကလည်းကောင်းတယ်နော်

ဟိုနေ့ကတောင်
အတိတ်စိမ်းတွေပေးသွားတယ်

မမ“မယ်”ပြောမယ်နော်“၉” တစ်လုံး..:P

ဟီးဟီးဟီး
ပျော်ရွှင်ပါစေ
စည်သူ။

may16 said...

စီးပွားရေး သောင်းကျန်းတယ်ဗျို့ :P

kiki said...

တယ်ဟုတ်ပါလား ..
နောင်နှစ် ၂၀၁၀ .. ..
စာရင်းလိမ်ဖို့  အကြံပေးအရာရှိ ( အထူး ) ရာထူးတနေရာ ပေးလိုက်ပြီ .. တသက်စားမကုန်အောင်လုပ်ပေတော့ ဦးမြစ်ကျိုး ရေ ...
ခုထိ ဒီလို လုပ်နေတုန်းလား ဟင် ..
ပြောလိုက်မယ်နော် ချစ်သူကို ..
စာရင်းစစ် အောဒစ်ကို နေ့ တိုင်းဝင်ခိုင်းလိုက်မယ်..
ဟေးဟေး။။

မကိ

မိုးခါး said...

ဟားဟား
အကြံကပိုင်ပနော်
လိုအပ်ရင် အကူအညီတောင်းမှထင်တယ် စာရင်းဖျောက်ဖို့ :P

rose of sharon said...

တော်လိုက်တာ.... စီးပွါးရေးသောင်းကျန်းတဲ့ဇလေးက အဖြူအစိမ်းဘဝကစခဲ့တယ်ပေါ့နော်...

ချမ်းလင်းနေ said...

ဟောက်စီကစားနည်းက အတော်စိတ်ဝင်စားစရာပဲ။ဗဟုသုတရသွားပါတယ်။ကိုမြစ်ကျိုးရဲ့ ကျောင်းသားဘဝလေးကတော့ ပျော်စရာကြီးပဲနော်.။

march.pisces88 said...

စီးပွားရေးဘွဲ့ ကို ဒီလိုထိထိခိုက်ခိုက်မပြောပါနဲ့ နော်..မီး လည်း BBM နဲ့ ဘွဲ့ ရ တာပါ..ဟွန်!့ ဒါ မျိုးမ တတ်ပါဝူးနော်....

Angel Shaper said...

အလွန်တော်ခဲ့တာပဲ...ရို့...
နောက်များမှ ဆက်သွယ် အကူအညီတောင်းရမယ်။
ဖျောင်စရာ ပြည့်လာရင်ပေါ့.. အဟိ
ခုတော့ ဖျောင်စရာလေးတွေ လိုက်စုရဦးမယ် မလား။
အဟီးးးးးးးးးး

ပျော်ရွှင်ပါစေဗျိုးးးးးးးးးးးးးး

Yu Ya said...

အခွန်ဆောင်ဖို့ အကူအညီလိုနေပါတယ် ကိုမြစ်ကျိုးအင်းရေ... :P

မေတ္တာရောင်ပြန် said...

ကဲ ကူပါအုံး ကျေးဇူးရှင်ရယ်။ ကျောင်းပြီးတာက ဓါတုဗေဒ၊ ၀ါသနာက ကွန်ပျူတာ ဆရာမ အခုလုပ်နေတာက စာရင်းကိုင် ဟီးဟီး မရောင်က အဲလိုထွန်းပေါက်တာ။ ကဲ ရုံးမှာစာရင်းတွေ မလုပ်တတ်လို့ လာကူတော့နော်။ :D

လင်းကြယ်ဖြူ said...

ကျောင်းသားဘ၀ပျော်စရာပေါ့နော

thawzin said...

ဟဟ တယ်ဟုတ်ပါ့လား.......... ငယ်ငယ်ကတည်းက စီးပွားရေး အကွက်တွေ ကြိုမြင်တတ်လိုက်တာနော်.....
လေးစားပါ့ဗျာ

မမသီရိ said...
This comment has been removed by the author.
မမသီရိ said...

မိတ္တဗလဋီကာ က ဦးသန့်လဲ ဘာသာပြန်ခဲ့သေးသလား
မမ မသိခဲ့ဖူးဘူး
ဦးနု ဘာသာ ပြန်တဲ့ စာအုပ်တွေတော့
ကိုယ်ပိုင် ရှိနေလို့

စုံညီပွဲတော်က တော့ ၁၉၉၈ မှာ
စတာမှန်တယ်

မောင်လေးတို့ ကျောင်းကပျော်စရာကြိး နော်

ကိုညီမင်း said...

အတွက်အချက်ကတော့ ကောင်းပါ့ဗျာ ၇၀၀၀ နဲ့ ၄၅ကျပ်
ကို အတူတူဖြစ်သွားအောင် လုပ်နည်းလုပ်ဟန်လေးက
သဘောကျစရာပါပဲ..။

မငုံ said...

ဒီနှစ် စာရင်းချုပ်ရင် လာငှားမယ်နော် :) ပျော်စရာကျောင်းသားဘ၀လေးပါ။

စိတ်စမ်းရေ said...

ကိုပိုင်တို့ကတော့ ပိုင်ပါ့ကွာ....။ စီးပွားရေးသ
မား ပီသပါပေ့.....။

တလနွန် said...

ကျောင်းသားစုံညီပွဲတော်မှာ ဝင်ငွေရှာတာ ကောင်းလိုက်တာဗျာ..တော်တော်ပျော်ဖို့ ကောင်းတယ်နော်။ ကျောင်းသားဘဝ အဖြူအစိမ်းကို သတိရသွားပြီး ကိုမြစ်ကျိုးရေ။

reenoemann said...

ကျေးဇူး အရင်တင်မယ် သယ်ရင်းရေ။

ခြောက်ယောက်မြှောက် ကျေးဇူးတင်ခြင်းကို
ထိုက်ထိုက်တန်တန် ရရှိပါတယ်ကွာ။

ကဲ ဝေဖန်မယ်။

စဖတ်တော့ ပျင်စရာကောင်းလိုက်တာလို့ထင်နေတာ။
ဒါပင်မဲ့ ကိုယ်တက်ခ့်တဲ့ ပိုစ့် ကိုမဖတ်ရင်းတော့
ရာဇဝင်က ရိုင်းအုံးမယ်။

ဒါကြောင့် ပြီးအောင်တော့ ဖတ်မှရမယ်ဆိုပြီး
ဖတ်လိုက်တာ ၄၅ကျပ်တောင်း ရှုံးနေတယ်
ဆိုတော့ ဟုတ်မှ ဟုတ်ရဲ့လားလို့ ထင်နေတာ။
နောက်မှ ၇၀၀၀ တောင် မြတ်သွားတာဆိုတော့
ပြုံးရုံမကဘူး အသံပါထွက်ပြီး ရယ်လိုက်ရတယ် သယ်ရင်းရေ။

ကျေးဇူးပါကွာ ခုလို ငါ့အပေါ်မှာ အလေးထား
ရေးသာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

သယ်ရင်းရီနို

ဇော် said...

ပိုင်ပါ့ဗျာ ကိုကျိုးကတော့။
ကျနော်လဲ လာသင်ဦးမှဗျာနော့။ အခွန်ဆောင်ရတော့မှာလေ။ ခိခိ။ =P

မေဇင် said...

တော်လိုက်တာလေ.... အရင်းမစိုက်ရပဲ အမြတ်ကြီးကျန်တဲ့ ပွဲမှာ လိုငွေတောင်ပြလိုက်သေးရဲ့ .... ဒီလိုကစားပွဲမျိုး...ဝေါင်ဝေါရှေးမယ်...ဗျို့....း) ဒါပေမယ့် ဆီးမီး (၅၀၀) တစ်ပျော်တစ်ပါးထွန်းတယ်ဆိုတော့ ကုသိုလ်ရတာပေါ့လေ.....း)

မိုးစက်အိမ် said...

တတ်လည်း တတ်နိုင်တဲ. ကိုကျိုး ဘဲဗျာ
တကယ်စိတ်ဝင်စားဖို.ကောင်းတယ် ရေးတာကိုက
ကောင်းတယ်ဗျာ ဖတ်နေတယ်တဲ. သူကို ဆက်ဖတ်
ချင်အောင်လည်း ရေးတတ်တယ်...စားရင်းအင်း
ပိုင်းနိုင်တာ ချင်းတော.တူတယ်ဗျာ...အိမ်မှာ
ငယ်ငယ်က ဈေးဝယ်ရင် ပိုတင်တာလေးတောင်
သတိရသွားတယ်ဗျာ...:)

kokomaung.uk said...

လိုငွေ ၄၅ ကျပ်ကို ကျောင်းအုပ်ဆရာမကြီးစိုက်ပေးတာ ကိုမြစ်ကျိုး ဘတ်ထားပြီထင်တယ်။ စာရင်းထဲ မပါဘူး။

ကြည်ဖြူပိုင် said...

သူငယ်ချင်းကို အားကိုးဦးမှပဲ။ အောက်တိုဘာအထိပဲ အခွန်ဆောင်ရသေးတယ်။ ခုဆိုဂျူလိုင်လကုန်ထိဆောင်ရတော့မှာ။
အားကိုးတယ်နော်သယ်ချင်း

Anonymous said...

တို့လမ်းထဲမှာ ဘယ်တုံးက ဟောက်စီ ကစားပွဲ လုပ်သွားတာလဲ မသိလိုက်ပါလား၊ တို့လဲ ကျီးပင်လမ်းကပဲ

jr.လွင်ဦး said...

ကြိုက်တယ်.. စာပြောတာ..
(ခုပဲ အငြိမ့်ကြည့်ပြီးပြန်လာတော့ လူပျက်သံ မပျောက်သေးဘူး)
ဟေဟေ့ဟေးးးးးးးး ..
၉၈ က ၁၀ တန်းဆို မင်းက ငါ့ထက်ငယ်သကွာ..
ကောင်းကွာ။ ဟိ..

ကောင်းကင်ပြာ said...

အမလဲ နဲနဲ သင်ပေးစမ်းပါ၊ ဖျောက်စရာလေးတွေ ရှိနေတယ်

ကိုလူထွေး said...

အဟား... မိုက်တယ်...

"လုပ်ငန်းတခုအောင်မြင်လာတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေအတိုင်းလို့ သတ်မှတ်ရမယ် ထင်တယ်..။"

ဒီလိုမတရားတဲ့ အာဏာကို ဖီဆန်ပြတာ သဘောကျတယ်... ၄၅ ကျပ် အရှုံးပြတာကို ဆရာမကြီးက စိုက်ပေးသင့်တယ်...

သို့သော်.. သို့သော်... အကျွန်ုပ်သည် အဆွေတော်နှင့် ဘယ်သောအခါမှ အကျိုးတူ စီးပွားလုပ်လိမ့်မည် မဟုတ်ပါ...းD

းဝ)

ဖိုးသူ said...

အရေအသားကတော့လန်ထွက်နေတာပဲ...စားရေဆရာသာလုပ်လိုက်ပါတော်ဟာ....ဟေ့ကောင်ငါ့အကြောင်းလည်းရေဦးလေ.....အချစ်အကြောင်း....ရီစရာအကြောင်း.....လုပ်စမ်းပါအုံး...ငါတို့ကဘ၀သမားတွေဖြစ်သွားပြီဆိုတော့.....စိတ်ဖိစီးမှုဒဏ်ကို...မခံစားနိုင်ဘူးလေ.....နော်.....တခါတလေလည်း....စိတ်ပေါ့ပေါ့ပါးပါးရည်စရာ...ငယ်ကျိုးငယ်နာလေးတွေလည်းရေအုံးလေ......ဟဲဟဲ

အနော် said...

အကိုရေ ကျောင်းတော်ကြီးနှင့် စာရင်းရှင်းတမ်းကို လာရောက်စစ်ဆေးသွားပါတယ်
လူဒီလောက်စည်ပီး ၄၅ ကျပ် ရှုံးတယ်ဆိုတာ မဖြစ်နိုင်ပါဘူး
ဆရာမကြီးက မြတ်ရင်တော့ ကျောင်းအတွက် အလှုခံမယ်လုပ်နေတာ
အခုရှုံးနေတယ်ဆိုတော့ သူလန့်ပီး စာရင်းမစစ်လိုက်တာ ဖြစ်မှာပါ ... ဟိဟိ
သူငယ်ချင်းတွေနဲ့ အတူပျော်ခဲ့ရတဲ့ ကျောင်းသားစုံညီပွဲတော်တွေကို ပြန်လွမ်းသွားပါတယ်... :(

Phyo Maw said...

စီးပွားရေးနဲ့ ကြီးပွားရေးနဲ့ သမီးရီးစားရေးလဲ အောင်ပါစေ။

ငှက်ကလေး said...

အင်း ၉၈ က ၁၀ တန်း တက်တယ်ဆိုတော့ ကိုမြစ်ကျိုးအင်း အသက်ကို မှန်းကြည့်မယ် ၂၆ မှန်သလားမသိဘူး ဟိဟိ ပျော်စရာ ကျောင်းသားဘဝ နော် ညီမလဲ စာမတော်ပါဘူး အဟီးးး ကြွားသွားတယ်သိလား

ဘိုင်

ညလေး said...

ကိုမြစ်ကျိုးအင်းကို ညလေးထက် အသက်ကြီးမယ် ထင်နေတာ ၉၈ မှာ ၁၀တန်းအောင်တယ်ဆိုတော့ ညလေးက ၉၆ အောင်တာ ခိခိ.. ငယ်သေးတာပေါ့ ဒါတောင် စာရင်းဖျောင်တာ အတော် တော်တယ်... :P

Khinmarlaraung said...

အစ်ကို မြစ်ကျိုးအင်း.ရောက်ပါတယ်ရှင်။ :)
အတွက်အချက်စာရင်းတွက်သွားပုံလေး
တော်တော်သဘောကျသား..:)။
ရေးသွားလိုက်တာများ စာဖတ်သူတောင်
ကစားပွဲထဲအရောက်။။။:)
ခင်မင်လျှက်.....ခင်မာလာအောင်...:)

မိုးမောင်(HappyCloud) said...

အောက်ဆုံးက ဂွင်းစ ဂွင်းပိတ်လေးနဲ့ notice လေးကို တော်တော်လေး စိတ်ဝင်စားတယ် :D

ဝေလေး said...

စာရင်းဖျောက်လိုက်ပုံကတော့ ရှယ်ပဲ ဆရာမကြီးက ၄၅ ကျပ်တော့ မစိုက်ပေးဘူး... :P

အိမ် said...

ဟားဟား... ဒီလိုလုပ်စားလာတာ ကြာပြီပေါ့ ခုရော ဘယ်လိုများ အလွန်တွေရှောင်လေလဲ...
ဟဲဟဲဟဲ.... ဖုန်းဆက်လိုက်ရမလား....

အိမ် said...

ဟားဟား... ဒီလိုလုပ်စားလာတာ ကြာပြီပေါ့ ခုရော ဘယ်လိုများ အလွန်တွေရှောင်လေလဲ...
ဟဲဟဲဟဲ.... ဖုန်းဆက်လိုက်ရမလား....

ဂျစ် said...

အခုရော ဘာစာရင်းတွေ ဖျောက်သေးလဲဗျို့...။

စပ်စပ်စုစု ဦးစပ်စုရဲ့ တူမလုပ်သွားတယ် ။

ဂျစ်တူး

Mogok Thar said...

ညီလေးရေ

ဒိနေ့မှ လယ်ထဲမှာ ဘယ်လို အမြတ်၇အောင် လုပ်ရမလဲ စဉ်းစားနေရင်း ၀င်လာတာ။ ခုတော့ တွေ့ဘီ။
သထေးဖြစ် အကြံလေး ပေးစမ်းပါအုံးဗျာ။

စကားမစပ်...
စာလေးဖတ်ပီး ပြုံးမိတယ်။ ကျောင်းသားဘ၀ ပြန်တမ်းတမိတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ငယ်ကတည်းက ဇ နဲ့ဘဲဟ..
ငါတောင် ကုမ္ပဏီစာရင်းတွေ ဖျောက်ဖို့ နင့်လာငှားရမလို ဖြစ်နေပြီ။
ခုဆို ပညာတော်တော်စုံနေလောက်ပြီနော။
ဘာဘဲဖြစ်ဖြစ် ဖတ်လို့ကောင်းပါတယ်
ပေါ့ပေါ့ပါးပါး စိတ်ရွှင်လန်းစရာပေါ့။

 

Posts Comments

©2006-2010 ·TNB