ဘလော့ဂါ အငြိမ့်(၂)

24 August 2009




xxx ခွန်နှစ်ထွေ...သီတာရယ်မှ ပတ်ကာဆင်း...သာတောင့်သာတယ်လေး.... နတ်ပြည်...တနင်း....နင်း...xxx
(xxx ဘုန်းတန်း...ဘုန်းတန်းတေဇာ..ဖြာဖြာရောင်လင်းပါလို့...မင်း...မင်း...မြတ်ထွဋ်ခေါင်ဗွေxxx) ၂

ရွာစားကျော် ရီနိုမာန်ရဲ့ လက်အဖျားမှာ စက်တပ်ထားသလို တီးကွက်နဲ့အတူ ဆွဲဆွဲငင်ငင် ဆိုလိုက်သော နတ်ချင်း သံရဲ့ အဆုံးမှာ ကြက်သွေးရောင် ပြည်ဖုံးကား ကန့်လန့်ကာကြီးမှာ ဘေးတဖက်တချက်သို့ ခွဲထွက် သွားကြ၏။ ဇာတ်စင်၏ ဘေးတဖက်တချက်စီမှ ဆလိုက်မီးရောင်များရဲ့ အောက်တွင် ပုဆိုးကွက်တုံး ကော်လံ လည်ကတုံး ၀တ်ပြီး ခေါင်းပေါင်းကိုယ်စီနဲ့ လူရွှင်တော် သုံးယောက် စပ်ဖြီးဖြီးမျက်နာများဖြင့် ပေါ်လာကြသည်။
သုံးယောက်သား ညီညီညာညာ ပရိတ်သတ်ဘက်ကို မျက်နာမူပြီး သကာလ လက်အုပ်ချီ၍ ဂါရ၀ ပြုလိုက်ကြသည်။

“ကိုဖိုးစိန်လားခင်ဗျ”

“မှန်ပါတယ် ကိုမြစ်ကျိုးအင်းရေ”

“ဟိုဘက်က ကို အိမ် မဟုတ်လားဗျ”

“ရှိကြောင်းပါဗျာ”

“မာကြရဲ့လားဗျာ”

“မာကြောင်းပါခင်မျာ”

“တော်တော်များမာကြရဲ့လား”

“ဟေ့လူဘာပြောတာတုန်းဗျ”

“အော်ကျန်းမာရေး တကယ်ကိုကောင်းကြရဲ့လားမေးတာပါဗျာ အတွေးမချော်စမ်းပါနဲ့”

“ဆိုင်းဆရာ ကိုရီနိုရဲ့ ဆိုင်းလက်သံလေးနားထောင်မကောင်းဘူးလားဗျာ”

“နားထောင်ကောင်းပါပေတယ် ကိုဖိုးစိန်ရေ”

“လက်သံကောင်းတာလဲ မပြောနဲ့လေ ဆိုင်းဆရာကြီး စိန်ဗေဒါ မျိုးဆက်ကိုးဗျ”

“ဘယ်လိုများတော်စပ်တာလဲဗျ”

“အမေမတူ ဖအေကွဲကနေမွေးတာလေဗျာ”

“အကောင်းအောက်မေ့လို့ နားထောင်ပါတယ် ပေါက်ကရတွေပြောနေတာကိုးဗျ”

“ဆိုင်းဆရာ ကိုရီနိုကို မိတ်ဆက်ပေးပြီးပြန်တော့ ကျုပ်တို့ လူရွှင်တော်တွေလည်း
ကိုယ့်ကိုကိုယ်မိတ်ဆက်မှ သင့်မယ်လေဗျာ”

“မှန်တာပေါ့ ကို အိမ်ရယ်”

“ကဲဒါဆို ကို မြစ်ကျိုးအင်းပဲ စပြီး မိတ်ဆက်ဗျာ”

“ဒီနာမည်ကို ကျွန်တော့်အမေက ကဗျာဆန်ဆန်ပေးထားတာဗျ ပြောရရင်အမေက ကဗျာရေးတာ ၀ါသနာ ပါတယ် ကျွန်တော့်ကို မွေးမယ့်နေ့မှာ အမေကချဉ်ခြင်းတခုတပ်တယ်တဲ့ အဲဒါက မျှစ်ကို အစိမ်းလိုက် စားချင်တာတဲ့လေ အဲဒီနေ့က အဖေကလည်း အိမ်မှာမရှိတော့ အမေလည်း စိတ်မရှည်တာနဲ့ ကိုယ်တိုင်ပဲ မျှစ်သွားခူးတယ်တဲ့ အမေက မျှစ်ချိုးရင်း ကျွန်တော့်ကို မွေးတာဗျ အဲဒီအချိန်မှာ အဖေက ဖဲဝိုင်း ရောက်နေတာတဲ့ အကျိုးပေးမယ့် ကလေးမို့လို့လား မသိဘူး တက်သမျှဖဲတွေက တစ်ကိုးကင်း တက်ပြီး အဖေ့ခမျာ အဖြစ်ဆိုးခြင်းတွေပဲ ၀င်နေလို့ အိမ်ကိုတောင် ပြန်မလာနိင်တာတဲ့လေ ..။
အဲဒါနဲ့အမေလည်း ကျွန်တော့်မွေးစဉ်က အဖြစ်လေးတွေပြန်တွေးပြီး ကဗျာဆရာမပီပီ ကာရံလေးနဲ့ မြစ်ကျိုးအင်းလို့ နာမည်ပေးခဲ့တာဗျ...”


“မှတ်သားလောက်ပါပေတယ်ဗျာ”

“ကဲကိုဖိုးစိန်လည်း ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးအုံးဗျာ”

“အမှန်တော့ ခင်များတို့ခေါ်တဲ့ ဖိုးစိန်ဆိုတဲ့ နာမည်က စာလုံးပေါင်း မှားနေတယ် အမှန်က ဖိုးစိမ် ဗျ...။
ဒီနာမည်ကို ကျုပ်အဖွားက ပေးခဲ့တာပေါ့....။အဖွားက အဖိုးကို အရမ်းချစ်တာဗျ။ ကျုပ်ကို မွေးပြီးနာမည်ပေးမယ်လုပ်တော့ အဖွားက အဖိုးအမြဲတမ်း စိမ် စိမ်ထားတဲ့..

အိမ်။....။“ဟေ့..ဟေ့လူ ဇာတ်စင်ပေါ်မှာ မဟုတ်တာတွေ မပြောနဲ့နော်“

“အာ...စကားတော့ ဆုံးအောင် နားမထောင်ဘူး အဖိုးအရက်နဲ့ စိမ် စိမ်သောက်တဲ့ ဆေးမြစ်ကလေးကို
မြင်ပြီး ဖိုးစိမ်လို့ နာမည်ပေးတာကို ပြောမလို့ဗျ”

မြစ်ကျိုးအင်း။...။“တော်သေးတာပေါ့ ဆေးမြစ်ကလေး ၀င်ကယ်သွားလို့”


ဖိုးစိန်။...။“ကဲ ကိုအိမ်ကလည်း လုပ်စမ်းပါအုံးဗျ”

အိမ်။....။“အလှည့်ကျတော့လည်း နွဲ့ချင်သေးတယ်”

ဖိုးစိန်။...။“အလှည့်ကျတော့ မနွဲ့စတမ်း လုပ်စမ်းပါဗျ”

အိမ်။...။“မှားသွားလို့ ဟုတ်တယ်အလှည့်ကျတော့လည်း မနွဲ့စတမ်း ကိုယ်ပေါင်ကိုယ် လှန်ကုတ် ရတော့မှာပေါ့
ခင်များတို့က အိမ် လို့ အလွယ်ခေါ်နေပေမယ့် ကျနော့်နာမည်အပြည့်အစုံက အိမ်တိုင်ကျိုးဗျ”

မြစ်ကျိုးအင်း။...။“စိတ်ဝင်စားစရာပါလားဗျာ လင်းစမ်းပါအုံး”

အိမ်။...။“ ဒီလိုဗျ ဒီနာမည်က ကျနော် အိမ်ထောင်ကျပြီးမှ အရပ်ကပေးတဲ့ နာမည်ဗျ လူရွှင်တော် မလုပ်ခင်
ကျနော်က သဘောင်္သား လုပ်လိုက်သေးတယ် အိမ်ထောင်ကျပြီး သဘောင်္က ပထမဆုံးပြန်လာတဲ့ညပေါ့ဗျာ
မနက်မိုးလင်းတော့ အိမ်တိုင်တချောင်း ကျိုးပါရောဗျာ”

ဖိုးစိန်။...။“နွာသိုးကြိုးပျက်ပါလား”

အိမ်။.....။“အထင်မလွဲကြပါနဲ့ အဲဒီညက ငလျင်လှုပ်လို့ပါဗျာ”

ဖိုးစိန်။...။“အော်..ကျုပ်က နွားသိုး ကြိုးပျက်ပြီး အိမ်တိုင်ကိုလာဆောင့်တာထင်လို့ဗျ”

အိမ်။....။ “အဲဒါနဲ့အရပ်က ကျနော့်ကိုအိမ်တိုင်ကျိုးလို့ ခေါ်ကြရာကနေ အခုတော့ အိမ်ဆိုတဲ့ နာမည်တွင်သွားတာပါပဲဗျာ”

မြစ်ကျိုးအင်း။...။“တော်သေးတာပေါ့ ငလျင် ၀င်ကယ်သွားလို့”

ဖိုးစိန်။...။“ကိုအိမ်က အိမ်ထောင်ကျတဲ့ အကြောင်းပြောလို့ ကျုပ်သတိရသွားတာ တခုပြောရအုံးမယ်
ကျုပ်ပြီးခဲ့တဲ့လက ရန်ကုန်ပြန်တော့ အိမ်တိုင်ကျိုး ရဲ့ မိန်းမက လာတွေ့တယ်ဗျ သူ့ယောကျာင်္း လူကြုံ ထည့်ပေးလိုက်တာ လာယူတာတဲ့....။သူလာတော့ သူ့သားအကြီးဆုံးကိုပါ ခေါ်လာတာနဲ့တူတယ်ကွ သူ့သားကလည်းကွာ အိမ်တိုင်ကျိုးနဲ့ နဲနဲမှ ရုပ်မတူဘူးဟေ့...အမ်မယ် ရုပ်သာမတူတာ အသက်ကတော့ အိမ်တိုင်ကျိုးနဲ့ အတူတူလောက်ပဲကွ”

“ဂွမ်း” ဖိုးစိန်ခေါင်းအားလူရွှင်တော်များမှ ၀ိုင်းရိုက်လိုက်ကြသည်။

အိမ်။...။“ကုန်ပါပြီကွာ”

မြစ်ကျိုးအင်း။....။“ကဲကဲ ကျုပ်တို့ချည်းပဲ ပျက်လုံးထုတ်နေလို့လည်း မပြီးသေးဘူး အများမျှော်လင့်နေကြတဲ့
မင်းသမီးလေးလည်းပွဲထုတ်အုံးမှကိုးဗျ အပြောလေးတွေလျှော့ပြီး အလုပ်လေးနဲ့ သက်သေပြကြပါစို့ ...
ကဲ ကို အိမ်တိုင်ကျိုးရေ ခင်များပဲ ခေါ်ပေးဗျာ”

အိမ်။....။“အများပျော်စရာ ဘလော့ဂါတွေ တင်ဆက်တာမို့... အများပျော်စရာ ဘလော့ဂါတွေ တင်ဆက်တာမို့
အစဉ်အဆက်မှာ သဘင်သက်ကလေးရှိတဲ့ လှသွေးကြွယ် ရတက်မအေးစရာ မင်းသမီးလေး ကောင်းကင်ပြာရေ... အများအမြင်တင့်စေဘို့ အငြိမ့်ခွင်လေး ထွင်လိုက်ကြပါစို့...။”


ဖိုးစိန်။...။“ကိုအိမ်ခေါ်တာ မင်းသမီးက ထွက်မလာပါလားဗျ ”

မြစ်ကျိုးအင်း။...။“ခဏလေး ခဏလေး မင်းသမီး နှုတ်ခမ်းနီဘူးပျောက်နေလို့ ကွမ်းဝါးနေတယ်”

ကောင်းကင်ပြာ။....။“လာပါပြီရှင် ..အကိုတို့ရေ မင်္ဂလာညချမ်းပါရှင်”

လူရွှင်တော်များ။....။““မင်္ဂလာပါမင်းသမီးရေ””

ဖိုးစိန်။....။“ပရိတ်သတ်ကြီးက မင်းသမီးလေး ဘယ်လိုကမယ် ဘယ်လိုဆိုမယ် ဆိုတာကို မျှော်လင့်နေကြတယ်ခင်မျ”

ကောင်းကင်ပြာ။....။“အကိုတို့ရေ ခေါင်း ခါး ခြေ လက် ဤလေးချက် ၊မပျက်စေရ သုခုမ လို့ ဆိုရိုးရှိတယ် မဟုတ်လားရှင်”

လူရွှင်တော်များ။.....။“မှန်ပါပေတယ်ဗျာ”

ကောင်းကင်ပြာ။....။“ပြာပြာ့ရင်ထဲမှာ ကဗျာတွေရှိတယ် ကဗျာကို ချစ်တယ် ၊ကဗျာဆရာကို အဲကဗျာကိုမြတ်နိုးတတ်တဲ့ ပြာပြာက ကဗျာမမှီ စာမမှီ ဆိုတဲ့ သီချင်းလေးနဲ့ ကဗျာလွတ်အက လေးကလိုက်ချင်တာက ဒီလိုပါတဲ့ရှင်....”

အိမ်။...။“ကြားပါရစေဗျာ”

ဆိုင်းဆရာ ရီနိုမာန်ရဲ့ စည်းနဲ့ဝါး တီးလုံးသံ စထွက်လာချိန်တွင် ဇာတ်စင်တခုလုံး မှောင်ကျသွားပြီး ကောင်းကင်ပြာရောင် ၀တ်ထားတဲ့ မင်းသမီးလေးကောင်းကင်ပြာရဲ့ ခန္ဓာကိုယ်ပေါ်တွင် ဆလိုက်မီးတို့ ဖြန့်ကျက်ကုန်ကြ၏။နွဲ့ပျောင်းသော အချိုးအဆစ်များဖြင့် ကရင်း ကြည်လင်သာယာသော အသံလေးဖြင့် အငြိမ့်သီချင်းလေးကို ဆိုလိုက်သည်။

xxx ချစ်သူချက်(chat)နေ တို့ချက်နေ တို့နှစ်ယောက်ချက်နေ ....
xxx ချစ်သူဂျီပုန်းလုပ်နေရင် တို့နောက်တယောက်ချက်မယ်ပြင်...
xxxချစ်သူနဲ့လည်း ကြူချင်သေးတယ် အခြားသူနဲ့လည်း မူချင်သေးတယ်
xxx နေလုံးနီနီ အရှေ့မှာ ထွက်ခဲ့ပြီ...။

သီချင်းစာသားနှင့်လိုက်ဖက်စွာ အချိုးညီညီ အကအလှများကို တင်ဆက်ပြီးသွားသဖြင့် မင်းသမီးလေး ကောင်းကင်ပြာ ဇာတ်စင်နောက်သို့ မခို့တရို့လေး ၀င်သွား၏။ဇာတ်စင်ထောင့် တဖက်တချက်စီတွင် ထိုင်နေသော လူရွှင်တော်တို့ ထလာကြကုန်၏။


အိမ်။...။“ဘလော့ဂါတွေ လူရွှင်တော် လုပ်တယ်ဆိုတော့ ဘလော့ဂါ အတွေ့အကြုံလေးတွေ ဝေမျှမှ ကောင်းမယ် မဟုတ်လားဗျာ”


မြစ်ကျိုးအင်း။...။“မှန်တာပေါ့ဗျာ ဆောင်ရန်ရှောင်ရန်လေးတွေ ပြောသင့်တာပေါ့”

အိမ်။....။“ဒါဆို ကျနော်က ဘလော့ဂါနီတိလေးတွေ ရွတ်ပြချင်သေးတယ်ဗျာ”

ဖိုးစိန်။....။“ကြားပါရစေဗျာ”

အိမ်။....။
“ငွေအသုံးလည်း မစီးနှင့်
လေလုံးလည်းမကြီးနှင့်
ငွေအသုံးစီးတော့ လူချဉ်ဖတ်မည်။
လေလုံးကြီးတော့ လူအမြင်ကပ်မည်။

အဖော်မပါ မကဲနှင့်
ဘလော့ဂါ မချွဲနှင့်
အဖော်မပါ ကဲတော့ နှာနှပ်သူ လွန်မည်။
ဘလော့ဂါ ချွဲတော့ စာဖတ်သူရွံမည်။

လူကိုလည်း မျောအောင်မပေးနဲ့
စာကိုလည်းမောအောင် မရေးနဲ့
လူကိုမျောအောင်ပေးတော့ ယုံတတ်သူ မုန်းမည်။
စာကိုမောအောင်ရေးတော့ စာဖတ်သူ ပုန်း မည်။

အမျက်လည်းမပါနှင့်
ပါးစပ်လည်းမဖွာနှင့်
အမျက်ပါတော့ တသက်တာအမှန်မရတတ်ပြီ။
ပါစပ်ဖွာတော့ လက်ပါခံရတတ်သည်။

မတော်တဆ အဖျားလည်း မနင်းနဲ့
အကျော်အခွ ဇယားလည်း မခင်းနဲ့
မတော်တဆ အဖျားနင်းရင် ငယ်သံပါအောင် အော်ကြမည်။
အကျော်အခွ ဇယားခင်းရင် ငိုသံပါအောင် ဆော်ကြမည်။”


မြစ်ကျိုးအင်း။....။“မှတ်သားလောက်ပါပေတယ်ဗျာ”

ဖိုးစိန်။...။“ခင်များတို့က ဘလော့ဂါဆိုလို့ ပြောရအုံးမယ် ကျုပ်ရဲ့ သုံးတန်းရောက်နေတဲ့ သမီးလေးလည်း
ဘလော့ဂါ လုပ်နေတယ်ဗျ”

မြစ်ကျိုးအင်း။....။“ပေါက်တတ်ကရတွေ မပြောနဲ့လေဗျာ”

ဖိုးစိန်။...။“အဟုတ်ပြောတာဗျ မြန်မာစာ ရေးတတ်ရင် ဘလော့ဂါ လုပ်လို့ ရတာပဲ မဟုတ်လားဗျ အမ်မယ် ခင်းများတို့ ကျုပ်သမီးကို အထင်မသေးနဲ့ဗျ သူက စာကြီးပေကြီးတွေပဲ ဘလော့ပေါ်တင်တာ”

အိမ်။...။“ဘာစာတွေတုန်းဗျ ”

ဖိုးစိန်။....။“သူ့အမေရဲ့ ချက်တင်ထဲက စာတွေ ၃ ပိုင်းခွဲပြီး တင်တာဗျ”

“ဂွမ်း” ကျန်တဲ့လူရွှင်တော် နှစ်ယောက်မှ ဖိုးစိန်ခေါင်းအား ၀ိုင်းရိုက်လိုက်ကြသည်...။

ဖိုးစိန်။....။“အခုလည်း အရမ်းအရေးကြီးတဲ့ စာတွေ တင်မလို့ လုပ်နေတယ် အခန်းဆက် တင်မယ်ဆိုပဲ”

မြစ်ကျိုး။....။“ ဘာစာတွေများပါလိမ့်”

ဖိုးစိန်။....။“ က ကနေ အ အထိ ၄ ပိုင်းခွဲပြီး တင်မလို့တဲ့လေ”

လူရွှင်တော်များသံပြိုင်။.....။
“““ xxx ဘူလေးလဲ ....အဲဒါ ဘူလေးလဲ xxx”””...........။

မြစ်ကျိုးအင်း။.....။“ကျုပ်မိန်းမ ကတော့ ဘလော့ဂါလုပ်တာ ပါစပ်ပြဲသွားတယ်”

ဖိုးစိန်+အိမ်။....။“ဟေ..ဘာဆိုင်လို့တုန်း”

မြစ်ကျိုးအင်။....။“ မတန်တဆ အလုံးကြီးတွေ မိန့်ခွန်းချွေရလို့လေ”

အိမ်။....။ “အခုရော သက်သာသွားပြီးလား”

မြစ်ကျိုးအင်း။....။“ရင်ကျပ်ရောဂါ ပါရသွားပြီ ”

ဖိုးစိန်။....။“ဘယ်လိုဖြစ်ရတာတုန်း”

မြစ်ကျိုးအင်း။....။“အချွဲတွေ ထွက်လာတာများလို့ ဆေးခန်းပြမှ ရင်ကျပ်ရောဂါ ရမှန်းသိတာဗျ”

အိမ်။....။“အခုတော့ သက်သာသွားပြီပေါ့”

မြစ်ကျိုးအင်း။....။“ အခုလား လေဖြတ်ပြီး ပါးတချမ်းပါ ရွဲ့သွားတယ် စကားပြောရင် အရင်လို မပီတော့ဘူးဗျ
ငါစိတ်ဆိုးအောင် မလုပ်နဲ့လို့ပြောရင် နာချိတ်ချိုးအောင်မရုပ်နဲ့ ဖြစ်နေပြီ”

အိမ်။....။“ အော် ဖစ်မှဖစ်ရလေ အဲ ယောင်ကုန်ပြီ ဖြစ်မှဖြစ်ရလေဗျာ”

လူရွှင်တော်များသံပြိုင်။.....။
“““xxx ဘူလေးလဲ ဒါလေးကဘူလေးလဲ xxx”””
............။

အိမ်။....။“ ကျုပ်မိန်းမကြတော့ ဘလော့ဂါ လုပ်တာ အလုပ်ပါပြုတ်ရော ”

ဖိုးစိန်။.....။“ဘာဆိုင်လို့တုန်းဗျ”

အိမ်။...။“အလုပ်မှာကိုင်တဲ့ ကွန်ပြူတာကို ဘလော့အတွက် သုံးလို့ သူဌေးက အလုပ်ဖြုတ်လိုက်တာလေ”

မြစ်ကျိုးအင်း။....။“တနေ့လုံး ဘလော့အိမ်လည် ထွက်နေလို့များလား”

အိမ်။....။“အိမ်လည်တာက နဲနဲပါဗျာ သူ့ဘလော့သူ ၀င်လိုက်ထွက်လိုက် လုပ်နေလို့ဗျ”

ဖိုးစိန်။....။“တမျိုးပါလားဗျ ဘာအတွက် ၀င်လိုက်ထွက်လိုက် လုပ်နေတာလဲ”

အိမ်။.....။“တခါဝင်ရင် သူ့ဘလော့က လာတဲ့သူ တယောက်တိုးလို့တဲ့လေ ”

မြစ်ကျိုးအင်း+ဖိုးစိန်။...။
““xxx ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်..ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ် ””ဖိုးစိန်။.....။“အဲဒါ အခုဘာအလုပ် လုပ်နေလဲ”

အိမ်။...။“၀င်လိုက်ထွက်လိုက် လုပ်ရတာ ၀ါသနာပါလို့တဲ့ နတ်ကတော် လုပ်နေတယ်”

လူရွှင်တော်များသံပြိုင်။.....။
“““xxx ဘူလေးလဲ .. အဲဒါဘူလေးလဲ xxx ”””
ဖိုးစိန်။....။ “ထပ်ပြောရင် အောက်ကနေ အုတ်ခဲပျံတွေ ဖိနပ်ပျံတွေ လာတော့မှာ မို့လို့ ဒီလောက်နဲ့ပဲရပ်ပြီး မင်းသမီးရဲ့ အလှည့်လေးလည်း ပေးရင် မကောင်းဘူးလားဗျာ...။”

မြစ်ကျိုးအင်း။....။“ဖြစ်သင့်တာပေါ့ဗျာ”

အိမ်။...။“အခုလာမှာ ဘူလေးလဲဟင်”

ဖိုးစိန်။...။“အခုအလှည့်ကျတဲ့ မင်းသမီးလေးကတော့ အများကြည်တဲ့ ဖွားကီပါပဲ ထူးထူးခြားခြား အစီအစဉ်လေး
ဖြစ်အောင် မင်းသားချောလေး လတ်လတ်ဇော် ကနေပြီး မကီကီနဲ့ တွဲဖက်ကာ နှစ်ပါးသွားကဏ္ဍလေးနဲ့
တင်ဆက်ပါမယ်ခင်မျာ”

မကြာမှီ မင်းသားလေးဇော်မှ မင်းသမီးကီကီ လက်ကိုဆွဲပြီး ဇာတ်စင်ရဲ့ ညာဘက်အခြမ်းမှ ထွက်ပေါ်လာ၏။

ဇော်။...။“နှမကလေးကီရေ မောင်ကြီးတို့ အများအမြင် ဘ၀င်ခွေ့စေဘို့ နှစ်ပါးခွင် တူယှဉ်မွေ့ရအောင်ပ ...ကကြစို့လေ”

မကီ။....။“အနားတချက်က ဖ၀ါးထပ်မျှ လိုက်ပါမယ့်သူပါ မောင်ကြီးရေ”

ဇော်။...။“ကဲ ဒါဆိုလည်း နှစ်ပါးသွား ကမယ် ဘုရားတရား တပေတော့ ကီကလေးရေ”

မင်းသားလေးဇော်ရဲ့ စကားဆုံးလျင် ဆိုင်းဆရာမှ မဟားတရား တီးလုံးဖြင့် နာမည်ကျော် ဒေ၀စ္ဆာရာ သီချင်းကို
ဇာတ်ကြမ်းတိုက်လေတော့သည်..။
“xxx အို အသေပစ်မှာ... ရွှေချစ်တာ စည်းစိမ်တွေပဲ ...လုမယ်ကြံသမျှ ..ပစ်ကာမနှေးမယ့် လက်ကလေးပါကွဲ့
သားတွေစုရုံး ဘဘကြီးအတွက် အူကြပေတော့ xxx

xxx အို နေရစ်ပါ... အိမ်ထဲက ထွက်မလာပါနဲ့ .....စုလာရင်ဖြင့် ... ကြောက်နေရတဲ့ ဘ၀လေးပါကွဲ့
အမှားတွေစုထုံး ဘုရားကွယ်ရတဲ့ အထိလည်း ဖြစ်ပြီxxx

xxx အို ရွှေညစ်တာ... တန်းလျားက ခြင်ကိုက်လွန်းလို့ ....မျက်နာပြောင်တိုက်ပြီး... မဆင်းပေးတာ နားလည်ပါကွဲ့ မယားတွေစုဆောင်း ရွှေချောင်းတွေလည်းများခဲ့ပြီxxx ”
နှစ်ပါးခွင်အား အပေးအယူ မျှမျှ မြိုင်မြိုင်ဆိုင်ဆိုင် ကပြီးသကာလ မင်းသားနှင့် မင်းသမီးတစ်ဦးကို တစ်ဦးဖေးမပြီး ဇာတ်စင်နောက်သို့ ၀င်သွားလေတော့သည်။

ဖိုးစိန်။....။“မင်းသားနဲ့မင်းသမီးဆိုသွားတဲ့ သီချင်းလေး မကောင်းဘူးလားဗျာ”

မြစ်ကျိုးအင်း။....။“ကောင်းဆို သီချင်းနာမည်ကိုက အသေညစ်တာ တဲ့လေ”

အိမ်။...။“ကဲကဲ ထောင်တန်တဲ့စကားတွေ ရပ်ပြီး ကျုပ်တို့ရဲ့ အလုပ်အကိုင်လေး ကို ပရိတ်သတ်သိအောင်
မိတ်ဆက်ပေးကြ ရအောင်လားဗျာ”


မြစ်ကျိုးအင်း။...။အလုပ်အကိုင်ဆိုလို့ ပြောရအုံမယ် မင်းတို့ငါကို လူရွှင်တော်ဆိုပြီး အထင်သေးချင်ကြတာလား
ဒီမှာ ငါက တပ်ထွက်ကွ”

“မထင်ရပါလားကွာ ငယ်ငယ်လေးပဲရှိသေးတယ်”

“ဟေ့...ဟေ့ ဖိုးစိန် မင်းမညစ်ပါတ်နဲ့နော် ငါပြောတဲ့ တပ်ထွက်ဆိုတာ စစ်တပ်က ထွက်လာတာကို ပြောတာကွ”

“အေးပါကွ ငါကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်လာတာကို ပြောတာပါကွာ လုပ်စမ်းပါအုံး
ဘာကြောင့်ထွက်လာရတာလဲ”

“တကယ်တော့ ငါက လွဲချက်ကယ် နာခဲ့လို့ ရာထူးကအဖြုတ်ခံရတာကွ ”

“အမ်မယ်စိတ်ဝင်စားစရာပါလား ဘယ်လိုလွဲတာတုန်းကွ”

“တနေ့တော့ ငါတို့တပ်ထဲကို အထက်လူကြီးလာတယ်ကွ ရောက်လာတော့လည်း ထုံးစံအတိုင်း မှာတမ်းတွေ
ချွေတာပေါ့ကွာ ငါလည်း ညက အိပ်ရေးပျက်ထားတော့ သူပြောတာတွေ သေသေချာချာ မမှတ်မိလိုက်ပါဘူး
အဲ...ညရောက်တော့ တပ်ရင်းမှူးက ငါ့ကိုခေါ်တွေ့တယ်လေ မင်းနေ့လည်က ဘာလို့ဂရုတစိုက် နားမထောင်တာလည်းတဲ့ ငါကလည်း ကျွန်တော်နားထောင်ပါတယ်လို့ ပြန်ဖြေတော့ ငါ့ကိုဒါဆို နေ့လည်က ဗိုလ်ချုပ် ဘာမှာသွားလဲတဲ့မေးပါလေရော ငါလည်းစိတ်ထဲရှိတာဖြေလိုက်တာ တခါတည်း အချုပ်ထဲ ရောက်ပြီး အလုပ်ပြုတ်တော့ တာပါပဲကွာ”

“မင်းကဘယ်လိုဖြေလိုက်လို့လဲ”

“ ဗိုလ်ချုပ်မှာ ဆိုမှတော့ ငါလည်း စကားလိန်နဲ့မေးတာထင်ပြီး ဗာဂျာမှုတ်လို့ ဖြေလိုက်မိတာ”

“ဂွမ်း” မြစ်ကျိုးအင်းခေါင်းအား ကျန်လူရွှင်တော်များမှ ၀ိုင်းရိုက်လိုက်ကြသည်။

မြစ်ကျိုးအင်း။...။“ မဟုတ်ဘူးလေကွာ ရှေ့တန်းမှာ ပျင်းနေရင် သီချင်းဆိုလို့ ရတယ်လေကွာ”

ဖိုးစိန်။....။“တခါတည်း၆၅ နှစ်ချလိုက်ရမှာ”

အိမ်။...။“ဒါကြောင့်မောင်မှူးကြီးက နှုတ်ခမ်းထော်နေတာကိုး”


အိမ်။....။“သူငယ်ချင်းက အလုပ်ပြုတ်လာတယ်ပြောတော့ ငါအလုပ်ပြုတ်တာလေး သတိရမိသေးတယ်”

ဖိုးစိန်။...။“အော် ကို အိမ်ကလည်း အလုပ်ပြုတ်လာတာကိုး ဘယ်လိုဖြစ်တာလည်း ပြောစမ်းပါအုံးဗျ”

အိမ်။....။“ ကျနော် သဘောင်္သားဘ၀ကပေါ့ဗျာ တစ်ခါတော့ အတွေ့အကြုံရအောင်ဆိုပြီး ရေငုပ်သဘောင်္နဲ့
လိုက်သွားမိတယ် တခါတည်း အလုပ်ကို တန်းပြုတ်တာပဲဗျာ”

မြစ်ကျိုးအင်း။....။“ခင်များက ဘာလုပ်မိလို့လဲ”

အိမ်။....။“အိုက်လို ပြတင်းပေါက်လေး ဖွင့်မိတာပါဗျာ”

“ဂွမ်း” အိမ်တိုင်ကျိုး ခေါင်းအား ၀ိုင်းရိုက်ကြကုန်တော့သည်။

ဖိုးစိန်။...။“ခင်များတို့ပြောတော့ ကျုပ်လည်း အားကျမခံ ပြောရသေးတာပေါ့”

အိမ်။....။“ခင်များရော အလုပ်ပြုတ်တာပဲလား”

ဖိုးစိန်။....။“အမ်မယ် အထင်သေးလို့”

မြစ်ကျိုးအင်း။....။“မဟုတ်ဘူးလား”

ဖိုးစိန်။....။“ဟဲဟဲ ဟုတ်တယ် ကျုပ်စားသောက်ဆိုင်မှာ လုပ်တော့ စားသုံးသူမှာတဲ့ဟင်း မှားချက်ပေးလို့ အလုပ်ပြုတ်တာဗျ”

အိမ်။....။“စားသုံးသူက ဘာမှာလို့လဲ”

ဖိုးစိန်။...။“စားသုံးသူက ဥပါတဲ့ငါးကောင်လုံးကြော်မှာတာဗျ ဒါနဲ့ကျုပ်လည်း ငါးအထီးတကောင် သတ်ပြီး
ကြော်ပေးလိုက်မိတာ အလုပ်ပါပြုတ်ရော”

“ဂွမ်း”

မြစ်ကျိုးအင်း။.....။“စားသုံးသူက သေသေချာချာမရှာလို့နေမှာပါဗျာ”

“ကျုပ်တို့တွေချည်းပဲ ပျက်လုံးထုတ်တာလည်းကြာသွားပြီ မင်းသမီးလေးလည်း ကချင်နေရှာရောပေါ့
ကိုမြစ်ကျိုးအင်း ဒီတခါ ခင်များခေါ်ဗျာ”

“ဒီတခါ အလှည့်ကျတာက မင်းသမီး မဟုတ်ဘူးဗျ မင်းသားလေး လတ်လတ်ဇော်ရဲ့ တစ်ကိုယ်တော် အကအလှပါပဲ ကျွန်တော်တို့ရဲ့ မင်းသားလေးဆိုတော့ သေသေချာချာ ဖွဲ့ဖွဲ့နွဲ့နွဲ့လေး ခေါ်ရမယ်ဗျ”

“ဘယ်လိုများခေါ်မှာပါလိမ့်”

“မင်းသားရေ မြန်မြန်လာဟေ့”

“တော်တော်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ စာစီလိုက်ရမှာပဲ”

ခေါ်သံဆုံးလျင်ဆုံးချင်း မင်းသားလေး လတ်လတ်ဇော် ခုန်ပေါက်ပြီး ပြေးထွက်လာသည်။

“ကလို့ရပြီလား ကိုဂျီးကျိုး ကချင်လှပြီဗျ ”

“ပရိတ်သတ်နဲ့ မိတ်မဆက်တော့ဘူးလား မင်းသားရဲ့”

“နောက်မှဆက်ဗျာ အခုတော့ ကချင်နေပြီ ကျွန်တော်ချစ်သူ အွန်လိုင်းပေါ်တက်မလာတာ သုံးရက်ရှိနေလို့
သူ့ကို ဒီလိုလေး ပြောလိုက်ချင်ပါတယ်”

“““ကြားပါရစေဗျာ”””

ပြောပြီးပြီးချင်း ဆိုင်းဆရာ ကို မျက်စပစ်ကာ ဂျွမ်းသုံးပါတ် ပစ်လိုက်တော့သည်။ဆိုင်းဆရာလည်း တားလို့ရလမ်း မမြင်သဖြင့် မင်းသားလေးလတ်လတ်ဇော်အတွက် အပူလုံးကြွ လူလုံးမလှတဲ့ တီးကွက်များဖြင့် ငိုချင်းချပေးရတော့၏။
(xxx ချစ်သူလာသောညက အင်တာနက်မှန်ပါတယ်
xxx ချစ်သူမလာသော အခုရက် ကွန်နက်ဘယ်လို ဖြစ်နေသလဲကွယ်
xxx ပုဂံနက် ဘယ်လို စုတ်နေသလဲကွယ်
xxx ချစ်သူမုန်းလို့ ရှောင်ပြေးကာ ပုန်းနေတာလားကွယ်xxx။)

ညောင်နာနာ အသံလေးဖြင့် လွမ်းလွမ်းဆွတ်ဆွတ် ရှိုက်ကာရှိုက်ကာ နှစ်ခေါက်တိတိ ဆိုပြီးချိန်တွင် တိုက်ပုံလေး ပုခုံးပေါ်တင်ကာ တွံတေးသိန်းတန် စတိုင်ဖြင့် ဇာတ်စင်နောက်သို့ ၀င်သွားလေတော့သည်။
လူရွှင်တော်သုံးယောက်ကလည်း ထောင့်အသီးသီးမှ စပ်ဖြဲဖြဲ မျက်နာများဖြင့် ထလာကြသည်။

ဖိုးစိန်။....။“လူရွှင်တော်တွေရဲ့ သမားစဉ်အရ ကျုပ်တို့လည်း သံချပ်လေးထိုးကြရင် မကောင်းဘူးလားဗျာ”

အိမ်။.....။“ဒါဆို ခင်များက အတိုင် ကိုတာဝန်ယူဗျာ ကျနော်နဲ့ မြစ်ကျိုးအင်းနဲ့က အဖောက်တာဝန်ယူမယ်”

မြစ်ကျိုးအင်း။....။“အတိုင်အဖောက်တော့ ညီပါစေနော်”

ဖိုးစိန်။...။“စိတ်ချ...ကျုပ်က ကုန်ဈေးနှုန်းက တက်လွန်းတယ် လို့တိုင်ပေးမယ် ခင်များတို့က မြန်မြန်ကျပါစေ လို့ဆိုကြ”

မြစ်ကျိုးအင်း။....။“အိုကေ သဘောပေါက်ပြီ”

ဖိုးစိန်။...။
“ကုန်ဈေးနှုန်းကတက်လွန်းတယ်”အိမ်+မြစ်ကျိုးအင်း။.....။ “မြန်မြန်ကျပါစေ ဆုတောင်းကြစို့”
ဖိုးစိန်။...။
“တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ”အိမ်+မြစ်ကျိုးအင်း။.....။ “မြန်မြန်ကျပါစေ ဆုတောင်းကြစို့”
ဖိုးစိန်။...။“အဲလိုမဟုတ်ဘူးလေ ထာဝစဉ်သာ တည်တံ့ပါစေ လို့ ဆိုကြလေဗျာ ကဲပြန်ဆိုမယ်”

ဖိုးစိန်။...။
“တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ”အိမ်+မြစ်ကျိုးအင်း။.....။ “ထာဝစဉ်သာတည်တံ့ပါစေ”
ဖိုးစိန်။....။
“၀က်တုတ်ကွေးရောဂါ ကြောက်စရာ”အိမ်+မြစ်ကျိုးအင်း။.....။“ထာဝစဉ်သာတည်တံ့ပါစေ”

ဖိုးစိန်။....။“နင့်ကြီးတော်ထာဝစဉ်တည်တံ့ပါလားဟဲ့ ဘာတွေဆိုနေမှန်း မသိဘူး ၀က်တုတ်ကွေးရောဂါ ကြောက်စရာ လူ့ပြည်ရွာက မြန်မြန်မောင်းထုတ် လို့ဆိုရမှာလေ ”

အိမ်။....။“စောတီး ကိုကိုး”

ဖိုးစိန်။.....။
“ကဲပြန်ဆိုမယ် ၀က်တုတ်ကွေးရောဂါ ကြောက်စရာ”အိမ်+မြစ်ကျိုးအင်း။.....။“လူ့ပြည်ရွာက မြန်မြန်မောင်းထုတ်”
ဖိုးစိန်။.....။
“ကားသမားတွေက အမောင်းကြမ်းတယ်”အိမ်+မြစ်ကျိုးအင်း။.....။“လူ့ပြည်ရွာက မြန်မြန်မောင်းထုတ်”

ဖိုးစိန်။...။မဟုတ်ဘူးလေကွာ ဒုက္ခရောက်မှာ အားလုံးပါပဲ လို့ ဆိုရမှာလေ ပြန်ဆိုကြ”

ဖိုးစိန်။.....။
“ကားသမားတွေက အမောင်းကြမ်းတယ်”အိမ်+မြစ်ကျိုးအင်း။.....။“ဒုက္ခရောက်မှာ အားလုံးပါပဲ”

ဖိုးစိန်။....။
“၂၀၁၀ လည်းရောက်တော့မယ်”အိမ်+မြစ်ကျိုးအင်း။.....။“ဒုက္ခရောက်မှာ အားလုံးပါပဲ”
ဖိုးစိန်။....။“နင်တို့လုပ်ပုံနဲ့တော့ ကားအပြာလေး စီးနေရအုံးမယ် စိတ်ညစ်တယ် တကယ်ပဲ ၂၀၁၀ ရောက်ရင်
နှစ်သစ်ရောက်ပြီလေကွာ အဲဒီတော့ တပြည်လုံးထွက်ကာ ပျော်ကြပါစို့ လို့ လိုက်ဆိုရမှာ ပြန်ဆိုမယ်”

အိမ်။....။“စောတီးကိုကိုး”

ဖိုးစိန်။....။
“၂၀၁၀ လည်းရောက်တော့မယ်”အိမ်+မြစ်ကျိုးအင်း။.....။“တပြည်လုံးထွက်ခါ ပျော်ကြပါစို့”

ဖိုးစိန်။....။
“ကျုပ်တို့ ဘဘကြီးသေတဲ့အခါ”အိမ်+မြစ်ကျိုးအင်း။.....။“တပြည်လုံးထွက်ခါ ပျော်ကြပါစို့”

ဖိုးစိန်။....။“ပေါက်ကရတွေ လျှောက်ပြောပြန်ပြီ ၀မ်းနည်းသ၀ဏ်လွှာ ပို့ရမှာ လို့ဆိုကြလေကွာ”
မြစ်ကျိုးအင်း။.....။“စောတီး ကိုကိုး”

ဖိုးစိန်။....။“ကျုပ်တို့ဘဘကြီးသေတဲ့အခါ
အိမ်+မြစ်ကျိုးအင်း။.....။“တပြည်လုံးထွက်ခါ ပျော်ကြပါစို့ အဲမှားလို့ ၀မ်းနည်းသ၀ဏ်လွှာ ပို့ရမှာပဲ”

ဖိုးစိန်။.....။
“ဖိုးစိန်တယောက်ပျောက်လို့နေ”အိမ်+မြစ်ကျိုးအင်း။.....။“၀မ်းနည်းသ၀ဏ်လွှာ ပို့ရမှာပဲ”
ဖိုးစိန်။....။“တော်တော်ချစ်ကြတာကိုး ဘာဝမ်းနည်းသ၀ဏ်လွှာပို့ရမှာပဲလည်း ဖိုးစိန်တယောက် ပျောက်လို့နေဆိုရင် လယ်ထဲရောက်တာတော်တော်ကြာပေါ့ လို့ ဆိုရမှာ ကဲပြန်ဆိုကြ”

ဖိုးစိန်။.....။
“ဖိုးစိန်တယောက်ပျောက်လို့နေ”အိမ်+မြစ်ကျိုးအင်း။.....။“လယ်ထဲရောက်တာတော်တော်ကြာပေါ့ ”
ဖိုးစိန်။....။
“ငါတို့နိင်ငံရဲ့ ပညာတတ်တွေ”အိမ်+မြစ်ကျိုးအင်း။.....။“လယ်ထဲရောက်တာတော်တော်ကြာပေါ့ ”ဖိုးစိန်။....။“ဟုတ်ဘူးလေကွာ ပညာရဲရင့် ပွဲလယ်တင့်တယ် လို့ဆိုရမှာ ဘာမှလည်းမရဘူး ဘာတွေလျှောက်ဆိုနေကြတာလဲ”

အိမ်။.....။“စောတီးကိုကိုး”

ဖိုးစိန်။....။
“ငါတို့နိင်ငံရဲ့ ပညာတတ်တွေ”အိမ်+မြစ်ကျိုးအင်း။.....။“ပညာရဲရင့် ပွဲလယ်တင့်တယ် ”
ဖိုးစိန်။.....။
“အရူးတယောက် လမ်းလျှောက်လာ”အိမ်+မြစ်ကျိုးအင်း။.....။“ပညာရဲရင့် ပွဲလယ်တင့်တယ် ”
ဖိုးစိန်။...။“နင်တို့ရူးမှပဲ ပွဲလယ်တင့်တော့..အရူးတယောက်လျှောက်လို့လာ ခွေးတွေဝိုင်းတောင် သူမမှုဘူးလို့ဆိုလေ”

ဖိုးစိန်။.....။
“အရူးတယောက် လမ်းလျှောက်လာ”အိမ်+မြစ်ကျိုးအင်း။.....။“ခွေးတွေဝိုင်းတောင် သူမမှုဘူး”
ဖိုးစိန်။.....။
“ငါတို့အမေစု သတိရတယ်”အိမ်+မြစ်ကျိုးအင်း။.....။“ခွေးတွေဝိုင်းတောင် သူမမှုဘူး”
ဖိုးစိန်။.....။“ကျန်းမာပါစေ ဆုတောင်းပေးပါလို့ ဆိုရမှာလေ တကယ်ပဲ ဘာတွေဆိုနေကြမှန်းကို မသိဘူးပြန်ဆိုကြ”

ဖိုးစိန်။....။
“ငါတို့အမေစု သတိရတယ်”အိမ်+မြစ်ကျိုးအင်း။.....။“ကျန်းမာပါစေ ဆုတောင်းပေးပါ”ဖိုးစိန်။.....။“ပစ္စည်းဥစ္စာ မတည်မြဲပါ”အိမ်+မြစ်ကျိုးအင်း။.....။“ကျန်းမာပါစေ ဆုတောင်းပေးပါ”
ဖိုးစိန်။....။တခါဆို တခါသင်နေရတာပဲ ပစ္စည်းဥစ္စာ မတည်မြဲပါ လို့ဆိုရင် မင်းလိုချင်ရင်ပေးလိုက်ပါ့မယ် လို့ ဆိုရမှာလေ”
မြစ်ကျိုးအင်း။.....။“စောတီး ကိုကိုး”

ဖိုးစိန်။.....။
“ပစ္စည်းဥစ္စာ မတည်မြဲပါ”အိမ်+မြစ်ကျိုးအင်း။.....။“မင်းလိုချင်ရင် ပေးလိုက်ပါ့မယ် ”

ဖိုးစိန်။.....။
“မင်းတို့ညီမလေး လှပဂေး”အိမ်+မြစ်ကျိုးအင်း။.....။“လက်သီးလိုချင် ဒီမှာ နမ်းထား”

ဖိုးစိန်။.....။“အရင် အပိုဒ်တွေလို မင်းလိုချင်ရင် ပေးလိုက်ပါ့မယ် လို့ ဆိုကြလေကွာ”
အိမ်။......။“ဘာလို့ဆိုရမှာလဲ ငါတို့ကို မအ ဘူးများမှတ်နေလား”
မြစ်ကျိုးအင်း။....။“မင်းလုပ်ချင်တိုင်းလုပ်လို့ရအောင် ငါတို့ကို မင်းရဲ့ မဲပုံး များမှတ်နေလား”
ဖိုးစိန်။.....။“ဒါက သံချပ်လေကွာ”
အိမ်+မြစ်ကျိုးအင်း။....။“ဘာမှ မချပ်နဲ့ တော်ပြီ မဆိုတော့ဘူး”

ထိုအချိန်တွင် အရှေ့က ကသွားသော မင်းသမီးလေးကောင်းကင်ပြာ မကီကီ တို့နှင့်အတူ မင်းသားလေး
လတ်လတ်ဇော် ပါထွက်လာပြီး လူရွှင်တော် သုံးယောက်နှင့်အတူပရိတ်သတ်ကို လက်အုပ်ချီကာ ဂါရ၀ပြု
နှုတ်ဆက်လိုက်ကြတော့သည်။

ဇာတ်စင်ဘေးတဖက်တချက်မှ ကြက်သွေးရောင် ကန့်လန့်ကာကြီးမှာ တဖြည်းဖြည်းထွက်လာပြီး ပွဲခင်းတခုလုံး
မီးရောင်တို့ဖြင့် လင်းထိန်သွားလေတော့သည်။

ဤတွင် အငြိမ့်ခန်း တခန်းရပ်ပါပြီ။
ကျန်းမာရွှင်လန်းအမောအပန်းပြေပါစေ။

..................................................................................................................


ဝန်ခံချက်။...။ ဤအငြိမ့်ကို သူငယ်ချင်း အိမ် တဂ် ၍ ရေးပေးပါသည်။
ဤ အငြိမ့်ခန်းတွင်ပါဝင်သော အဖွင့်နတ်သီချင်းနှင် ရေငုပ်သဘောင်္ ပျက်လုံးမှလွဲလျင် ကျန်သည့် သံချပ်များ
ပျက်လုံးများနှင့် စာသားများအားလုံး မည်သည့်စာမျက်နာပေါ်တွင်မှ မရှိသေးသော ကိုယ်ပိုင်စာစုများဖြစ်ပါသည်။
ခေတ်ပေါ် အငြိမ့်ခန်းတို့ရဲ့ ထုံးစံအတိုင်း ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများပါခဲ့ပါက ခွင့်လွှတ်ကြပါရန်.....။

ဤဘလော့ဂါ အငြိမ့်တွင် နာမည်အသုံးပြုခွင့်ပေးခဲ့သော....
မကီကီ
မကောင်းကင်ပြာ
သူငယ်ချင်း ဖိုးစိန်
သူငယ်ချင်း
အိမ်
သူငယ်ချင်း ရီနိုမာန်
ညီမလေး လတ်လတ်ဇော် (မင်းသမီးလုပ်ဘို့ ဘယ်လိုပြောပြောမရဘဲ မင်းသားပဲ လုပ်မယ်ဆိုတဲ့ ညီမလေးပါ)
တို့ကို ကျေးဇူးတင်ရှိပါသည်။

လိုချင်တဲ့ သီချင်းတပုဒ်ကို နှစ်ခေါက်တိတိ ပြန်ရှာပေးသော သူငယ်ချင်း
ဂျူ ကိုလည်း ကျေးဇူးတင်ပါတယ်။

ဘလော့ဂါ အငြိမ့်(၁) ကို သူငယ်ချင်း
အိမ် ရေးထားပါတယ်။

ဇာတ်ကံထရိုက်တို့ရဲ့ ဈေးကွက်ထုံးစံအရ ဒီပွဲခွင်ကို လူဝင်များလျင် နောက်ထပ် ပွဲချီများဆက်ကပါအုံးမည်။



မြစ်ကျိုးအင်း

93 comments:

Anonymous said...

၁တွ

Anonymous said...

သံချပ်တော့ေ၇လည်ခိုက်တယ်ဗျား..အဟေးဟေး သေချာတယ် ရွာပြန်ရင် ကောက်မစိုက်ရဘူး ကားပြာစီးရမှာ...ဟားဟား။

ahphyulay said...

ဒို့ ကသုံးကွ..ဒါဘဲ။ငှဲ..ငှဲ....

ahphyulay said...

အဲဒီဇာတ်ဆောင်တွေအားလုံးနဲ့  အငြိမ့် ခွေတစ်ခွေ
လောက်ထုပ်ဖြစ်အောင်လုပ်ဖြစ်ရင်ပိုကောင်းမယ်ဗျို့ 
အသံထွက်ပြီး ရုပ်ကြွလာလို့ ပိုပြီးမြိုင်သွားမယ်နော်
ကျွန်တော်တို့ ဘလော့ လောက ထမှာလဲ ဒီလို
ပါရမီရှင်တွေ ရှိနေတယ်ဆိုတာ သိစေချင်လို့ ပါ။
ဘလော့  လောကကြီးမှာဒီဇာတ်ဆရာတွေနဲ့ 
ဒီထက်အလှဆင်ပြီးဒီထက်ပျော်ရွှင်စရာကောင်း
သော ဘလော့ ရွာကြီးတစ်ခု တည်ထောင်နိုင်ပါ
စေလို့ .........။

နဒီမိုးညို said...

အရမ်းကောင်းတယ်..ရှင့်..ဒီလိုမိုး..တစ်ခါမှ.
မဖတ်ဖူးဘူး..ဘလော့ဂါနီိတိဆိုတာ..သဘောကျတယ်..
နဒီ..သိတဲ့..ဘလော့ဂါတစ်ယောက်ကိုမျက်စိထဲပြေးမြင်
တော့တာပဲ..ဟီးးးးးးးအားပေးတယ်..အစ်ကိုရေ
အပိုင်း..၂ တွေ ၃ တွေစောင့်ဖတ်ချင်သေးတယ်နော်..

ahphyulay said...

အွန်လိုင်းပေါ်မှာ အမောတွေ ပျောက်သွားအောင်
တပြိုင်ထဲ အပြိုင်ရယ်ကြပေတော့ ဗျို့ ၊ချုပ်မထား
ကြနဲ့ နော.....။

စိတ်စမ်းရေ said...

ကောင်းလိုက်တဲ့ အငြိမ့်....။
ကြိုက်တယ်ဗျို့......။
ပျော်ရွင်စွာရယ်မောသွားပါတယ်.....။

မီးမီးချစ် said...

ဖျာ တချပ်ဝယ်သွားပါတယ်.. နှစ်ပါးသွားလေး လဲ လုပ်ပါအုံး

thawzin said...

ဖိုးစိန်။.....။“အရူးတယောက် လမ်းလျှောက်လာ”
အိမ်+မြစ်ကျိုးအင်း။.....။“ခွေးတွေဝိုင်းတောင် သူမမှုဘူး”

ဖိုးစိန်။.....။“ငါတို့အမေစု သတိရတယ်”
အိမ်+မြစ်ကျိုးအင်း။.....။“ခွေးတွေဝိုင်းတောင် သူမမှုဘူး”

အငြိမ့်လေးကို တရေးတမောကြည့်ရှု ဖတ်သွားပါတယ် အကိုရေ... အငြိမ်းလေးလဲ ကောင်းပါပေ့နော်...
မမကီက အငြိမ့်မင်းသမီးပေါ့ သူကတာကြည့်ချင်လိုက်တာ.... ဆက်လက်ကကြပါဗျာ ဆက်လက်ရှုစားပါ့မယ့်ဗျို့

ကြည်ဖြူပိုင် said...

ကောင်းလိုက်တဲ့အငြိမ့်လေး..ရီရတယ်နော်..ဇာတ်ကွက်ချိတ်ဆက်အကုန်မိတယ်။ဘာမှဟာကွက်မရှိဘူး

မချစ်ရ said...

အငြိမ့်လာကြည့်သွားပါတယ်နော်
ကောင်းလိုက်တဲ့သံချပ်လေးပဲ
ရီရလွန်းလို့ညစ်တာတွေပျောက်သွားပြီ

jr.lwinoo said...

ဟွန်း ငါက သီချင်းကို အကောင်းများသုံးမလားလို့။
ကိုရွာသား တဂ်ကို ရေးမယ်မှတ်နေတာ။

ငါလည်းလူပျက်မလုပ်ရဘူး။ ကျေနပ်ဘူးဟေ့။း)

မငုံ said...

ဇာတ်ဆရာရေ..ဒီအငြိမ့်ကို ရွာက အလှူမှာငှားချင်လို့ အချင်းချင်း ဈေးလျော့ပေးဦး။ :))

ရယ်မောစွာနဲ့ ဖတ်သွားပါတယ် ဇာတ်ဆရာရေ..

kiki said...

ရွာစားကိုကျိုးရေ ...
လက်သွက်လှချည်လား ...
လူပြက်သံချပ်တွေ မိုက်တယ်ဗျိုးးး။။

ဒီနေ့ ည သန်းခေါင်ကျော်ရင် အိမ်အောက် တလမ်းကျော်မှာ
ကားပြာ တွေ တန်းစီ စောင့်နေလိမ့်မယ်။
ဘဘကြီးက ဂုဏ်ပြုချင်လို့  ခဏလိုက်ခဲ့ စမ်းဘာ ဒဲ့....
ကွန်ပူတာကြီးထဲမှာ ရေးထားတဲ့ အကြောင်းအရာတွေ အားလုံး တော့ပ်စီးကရက် တွေ .. တော်ရာ ဝှက်ထားပါ ..

လင်းယုန် မှ တောကြောင် .. တောကြောင်မှ မြေခွေး..
ဂိန် ... အိုဗာ ...အိုဘာတယ်...

ခိခိ .. စတာ...
ရယ်ရတယ် ကိုပိုင်ရယ်..
တော်ချက်က တအားးးး
ရွာပြန် ရင် အပိုင်စား ပေးမယ် ရွာစားအတွက်
မြေတကွက် ..

yangonthar said...

အစ်ကိုရေ ပန်းနေတာတွေ ပြေ လွမ်းနေတာ တွေလည်း ပျောက်။ တကယ်ကောင်းတဲ့ လက် ရာပဲ။ တတ်လဲ တတ်နိုင်တဲ့ အစ်ကိုမြစ် တော် ချက်ဗျာ။ သဘာလေးက စ ကား ပြောတယ် ထင်ရဲ့  လွှတ်ကောင်းတယ်ဗျို့ ။ လက်စောင်းက ထက်တယ်ဗျာ ဂွတ်ရှယ်ပဲ ....
လေးစားလျှက်
ညီငယ်ရန်ကုန် :D
(မန့် ရင်းနဲ့ မျက်နှာကြီး စပ်ဖြီးဖြီးဖြစ်လျှက်)

စန္ဒီမိုးမြင့် said...

အစ်ကိုရေ
ကော်ဖီသောက်ရင်းဖတ်တာ ကော်ဖီတောင်သီးတယ်
ဒါနဲ့ အစ်ကို
စကားမစပ် မြန်မာပြည်ပြန်အုံးမှာလား ပြန်မယ်ဆိုရင် လာကြိုမယ်သူ အဆင်သင့်နေမှာနော် :P
လူကြုံမရှိလည်းငပိကြော်ကိုယ်တိုင်လာပို့ပါ့မယ် :P

အိုက်ခီလောက် said...

ဟဟ ကိုကျိုးရေ လုပ်လှချည်လားဗျ
ကောင်းချက်တော့ သွက်တယ်
အဟတ် ဂျစ်ညီမလေးက မင်းသားတဲ့လား
အမားကီက မင်းသမီးပေါ့ ချစ်အကိုတွေက လူပျက်တွေ
အဲ့လေ လူရွှင်တော် တွေ
ဆိုင်းဆရာလည်း အခြေအနေမကောင်းလို့ ဘလောက်ပါ ပိတ်လိုက်တယ် အဟတ်
ပျော်ရွှင်စွာရယ်မောသွားပါတယ် ကိုကျိုးရေ
တော်သေးတယ် အရက်သမားက ပွဲဆူအောင်မလုပ်သွားလို့  အဟတ် စတာ

Anonymous said...

ကောင်းပါ့အားပေးပါတယ် .. ဆက်ရေးပါ (၃)ကိုမျှော်နေမယ်

မျက်မှန်လေး said...

ဟဟ။။။။

ရွာပြန် ကောက်စိုက်မယ်။
ရာဘာ အစေးချွတ်မယ်။
ပြန်ပါဦးမယ် ပြန်ဦးမယ်။
နှုတ်ခွန်းဆက်ပါတယ်ရှင့်။။
ခွီး၂

မိုးစက်အိမ် said...

ပြုံးတော်မူ ပတ်ပျိုး ဘဲဗျာ ... ရေးတတ်ရေးတတ်တယ်
စဉ်းစားရတာ ရေးရတာနဲ. အချိန်တော်တော်ပေးရမှာ
ဘဲဗျာ တကယ်ကိုသရုပ်ပါတယ်ဗျို. 3 4 5 ...
မျှော်နေမယ်ဗျို. ... :)

ဧရာဝတီသား said...

တယ်လည်း တတ်နိုင်ပါလား ကိုမြစ်ကျိုးအင်းရေ၊ တကယ့် အငြိမ့်ကနေတာ ကို မျက်စိထဲမြင်လာပြီး တ၀ါးဝါး အော်ရယ်နေရတယ်။

ချစ်သူchatနေ သီချင်းလေး ကြိုက်လွန်းလို့ကူးသွားတယ်။ :D

သူကြီးမင်း (တုံးဖလား) said...

ကိုမြစ်ကျိုးတို့ကတော့ ဘက်စုံပါဘဲဗျာ။
ဘလော့ဂါအငြိမ့်ကို အစအဆုံး ၏သည် မလွဲ ဖတ်ရှုသွားပြီး တကယ်ဘဲ ချီးကျူးမိပါတယ်။

ဘလော့ဂါအငြိမ့်မှသည် စင်ပေါ်အငြိမ့်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဝေလေး said...

FB မှာ ကိုဧရာဝတီသားတင်ထားတဲ့ ချစ်သူချက်နေသီချင်းကိုကြည့်ပြီး ရောက်လာတာ..... ရီလိုက်ရတာအစ်ကိုရယ် ရေးတတ်ပါ့. :)

Mogok Thar said...

နက်က ခုမှ ကောင်းကောင်းတက်လို့ အငြိမ့်လေး ပြေးလာကြည့်တယ်။

ရယ်ရလွန်းလို့ အိပ်တောင် ပျော်တော့မယ် မထင်ဘူးဗျာ။

သံချပ်လေးတွေက အချိတ်အဆက်မိပါ့။
နောက်ထပ် အငြိမ့်သဘင်လေးတွေလဲ မကြာမကြာ ခင်းကျင်း ပြပါလို့ ပရိတ်သတ်ကြီး တောင်းဆိုပါတယ်

ဂျစ် said...
This comment has been removed by the author.
ကိုညီမင်း said...

လက်စောင်းထက်လွန်းတယ်ကိုယ့်လူရယ်
တကယ့်ဘက်စုံပါပဲလားအပြင်မှာတကယ်ကို လူပျက်တွေလိုသ၇ုပ်ဆောင်တာကြည့်ချင်မိတယ်။
ေ၇းတတ်တော့ဇာတ်ကမျက်လုံးထဲမြင်တဲ့အထိပါပဲ။
အားလုံးကောင်းတယ်သဘောကျမိတယ်။

kaungkinpyar said...

မင်းသမီး လာတယ်၊ လူရွှင်တော်တွေ ဘယ်ရောက်တုန်း၊ တယောက်ထဲ့ ကသွားလိုက်တယ်၊

xxx ချစ်သူချက်(chat)နေ တို့ချက်နေ တို့နှစ်ယောက်ချက်နေ ....
xxx ချစ်သူဂျီပုန်းလုပ်နေရင် တို့နောက်တယောက်ချက်မယ်ပြင်...
xxxချစ်သူနဲ့လည်း ကြူချင်သေးတယ် အခြားသူနဲ့လည်း မူချင်သေးတယ်
xxx နေလုံးနီနီ အရှေ့မှာ ထွက်ခဲ့ပြီ...။

ကဲ ကပြီးပြီ၊ ပြန်ပီး)
ကောင်းလိုက်တာ

နှင်းနဲ့မာယာ said...

ကိုမြစ်ကျိုးအင်းရေ
အငြိမ့်ထောင်ရင် စပွန်စာပေးပါရစေနော်...
လတ်လတ်ဇော်တစ်ယောက် ဖျားနေတယ်ပြောပြီး
အငြိမ့်ထွက်ကနေတာ ခုမှပဲသိရတော့တယ်...
အကို့လက်ရာ အငြိမ့်ခန်းလေးကို
အရမ်းသဘောကျမိတယ်...
နောက်လာမယ့် အငြိမ့်တွေကိုစောင့်နေမယ်နော်...

နှင်း

ယွန်းလေး said...

ကောင်းလိုက်တဲ့အငြိမ့်...အပြင်မှာသာဆို
အထူးတန်းလက်မှတ် ၀ယ်ပြီးလာကြည့်ဦးမှာ..
အားပေးလျှက်ပါ..ဦးမြစ်ရေ............

Anonymous said...

good idea ,best writing,made happyness,thank u very much.

ကိုညီမင်း said...

ကြိုက်လွန်းလို့နောက်တခေါက်ထပ်ဖတ်တယ်.။
သီးလေးသီးအငြိမ့်နဲ့နင်လားငါလားပဲ။
၇ှား၇ှားပါးပါးအွန်လိုင်းစာေ၇းဆရာကောင်းပါပဲ
နောက်ထပ်အပိုင်းလေးတွေလည်းမျော်နေမယ်

chitpalone said...

ကောင်းလိုက်တဲ့အငြိမ့် ရယ်လိုက်ရတာ အူကိုနာနေတာပဲ။ အမှန်တရားတွေကို ပြောသွားတယ်တော့ မမကောင်းကင် အငြိမ့်ကမယ်လို့ဖတ်လိုက်တဲ့အချိန်မှာ မျက်စိထဲမှာ မြင်မိတာက အော် ကွမ်းလေးများဝါးနေမလားဆိုပီး စမလို့လုပ်တုန်း တကယ်ကိုပါလာတာပဲ။ မျက်စိထဲမှာ ကွက်ကွက်ကွင်းကွင်း ကိုမြင်သွားတယ်။ ရယ်လိုက်ရတာ။ ပျော်တောင်ပျော်သွားတယ်။
ခင်မင်လေးစားအားကျလျှက်
ညီမလေး ပုန်းပုန်း
PS နောက်ထပ် အငြိမ့်ပွဲလည်းကပါဦးနော်။ နော်ဝေမှာလာကပါလားဟင် အဟီး

ကိုလူထွေး said...

ရွာဘုရားပွဲကျရင် ငှားခွင့်ပြုပါ...

ကိုယ်တို့ရွာကဘုန်းကြီးတောင် ဒီအငြိမ့်ဖတ်ပြီး...
"တားတားရဲ ရိုက်မယ်..တားတားရဲ ရိုက်မယ်" လုပ်နေလို့ ပရောဂဆရာနဲ့ပြထားရတယ်...

ရယ်ရတယ်... ဆက်ရေးပါဦး

ကိုလူထွေး said...

လူဝင်များရင် ပွဲဆက်မယ်ဆိုလို့ တယောက်ထဲ နှစ်စောင်ဝယ်ကြည့်သွားတယ်...

းဝ)

ကိုလူထွေး said...

ဒီတစောင်က "သားသားလဲ လိုက်မယ်" လို့ မိန့်တော်မူထားတဲ့ ဘဘုန်းကြီးကိုလှူမလို့....

Unknown said...

ဟားဟား... တကယ်ပဲ လက်ရာတွေ အတွေးတွေ ဆန်းသစ်တယ်ဗျာ...

ညစ်နေတဲ့စိတ်တွေ ဖိစီးမှုများနေတဲ့ စိတ်တွေ ပျောက်သွားသလိုပဲဗျာ...

ကျေးဇူး ဒီပို့စ်လေးအတွက်....

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

မိုးကောင်းသူ said...

မနက်စောစောစီးစီး အငြိမ့်ကြည့်လိုက်တာ ရယ်ရလွန်းလို့ အူတောင်နာတယ်။ :D နောက်ထပ်ပွဲချီတက်မယ်ဆိုလို့ မျှော်နေပါပြီ။

မီမီဝါ said...

ကိုမြစ်ကျိုးအင်း ရေ
လာပြီးအားပေးသွားပါတယ်..
အပိုင်းလေးတွေ ဆက်ပါအုံး..
ဆက်လက်မျှော်နေမယ်နော်..
:D

မိုးမောင်(HappyCloud) said...

အတိုင်အဖောက်ညီပါပေ့။ အပြင်မှာလည်း ဒီအဖွဲ့ကို တကယ်ကစေချင်တယ် :)

ဆောင်းယွန်းလ said...

ကောင်းလိုက်တဲ့အငြိမ့်ပါလား...
အတွေးအခေါ်တွေလည်းကောင်း ပြတ်လုံးတွေလည်းကောင်း...မိုက်တယ်ညီလေးရေ..

ဆက်ရန်ရှိသေးလား...

sweety said...

ကောင်းလိုက်တာ အစ်ကိုရာ..အငြိမ့်ကို အဲလိုစာနဲ့ တခါမှမဖတ်ဖူးဘူး..မျက်လံုးထဲမြင်အောင်ရေးတတ်လိုက်တာ..တော်တော်လည်းကောင်းတယ်..တော်တော်လည်းရီရ တယ်..ဟားဟား...

မယ့်ကိုး said...

ရယ်လိုက်ရတာ။ အရမ်းလည်း သဘောကျတယ်။အပြင်မှာတောင် ကြည့်ချင်မိပါတယ်။

Waing said...

ဘလော့ဂါအငြိမ့်တဲ့ ကောင်းလိုက်တာနော် လူရွှင်တော်တွေအကြောင်း မိတ်ဆက်တာရယ်၊
အငြိမ့်သီချင်း၊ ဘလော့ဂါနီတိ၊ နှစ်ပါးသွားအက၊ မင်းသားရဲ့ငိုချင်း၊ သံချပ် အားလုံး အားလုံး ပြည့်စုံပါတယ်
စာဖတ်သူအားလုံးပြုံးပျော်ရွှင် ကြည်နူးစေနိုင်ဖို့ ကြိုးစားပမ်းစား အငြိမ့်တစ်ပွဲအဖြစ် ဖန်တီးပီပြင်အောင် ရေးသား
ပေးတဲ့ ကိုမြစ်ကျိုးအင်းကို အရမ်းကျေးဇူးတင်တယ်နော်။ ထာဝရ ပျော်ရွှင်နိုင်ပါစေ။

flowerpoem said...

ကောင်းတဲ့ ဘလော့ဂါအငြိမ့်ပါ ဘလော့မရေးပဲနဲ့ အငြိမ့်ထောင်စားလို့ရပြီ
လူရွင်တော်တွေတော့ ငတ်ပါပြီ :P

သားကြီး said...

တော်တော်ရယ်ရတယ်ဗျိုးးးး
ပွဲဆက်လေးရှိရင်လုပ်ပါဦးး

Anonymous said...

ကောင်းလိုက်တာဟေ့.. ပါးတွေတောင်ညောင်းတယ်..
ဆက်ကပါ.. ရှေ့ဆုံးဖျာကို စာရင်းပေးသွားတယ်။ ရော့.. စရံငွေ.. ဒီမှာ။

မေဇင် said...

ဟာသ ဥာဏ်ရွှင်တယ် ပြောရမလား ပဲ... ။ တော်တော် ရယ်ရတယ်...။ လူရွှင်တော် လုပ်စားလို့ ရပြီ..သိလား..း))

အနော် said...

၃ တွေ ၄ တွေ မျှော်နေမယ်ဗျို့
သီချင်းတွေရော ကကွက်တွေရော ပြက်လုံးတွေရော
တကယ့်ကို အဆင့်မီတယ်ဗျို့ ဟီးဟီး
ဖတ်ရင်းနဲ့ ရယ်လိုက်ရတာ
ဇာတ်လာငှားမယ်ဗျို့ ရွာဘုရားပွဲကျရင်
အခု ဒီမင်းသား ဒီမင်းသမီး ဒီလူရွှင်တော်ပဲနော်
ကြိုတင် စရန်သတ်သွားပါတယ်ဗျို့ ခွိခွိ

ရွှေ ယွန်း ဝါ said...

ရီရတယ်၊ ကြိုက်တယ်။ ဘလော့ဂါ အငြိမ့်(၁) ကို အိမ် ရဲ့ ဘလော့မှာမတွေ့ ဘူး။ ကြိုက်လွန်းလို့ ထပ်ဖတ်ချင်သေးတယ်။

M**e said...

ရယ်ရလွန်းလို့ဘာပြောရမှန်းတောင်မသိတော့ဘူး
ထပ်ဖတ်ချင်သေးတယ်ဒီလိုဟာသမျိုးတွေကို
အ၇မ်းကောင်းတာပဲနော်

ဇော် said...

ဝေးဟေးဟေး

ကျနော်ကလဲ ကိုဂျီးအိမ်ကို အားကျမခံ တစ်ပါတယ်ဗျာ။ ဒါပေမယ့် ရှေ့က ၅တစ်လုံးက ခံသွားတာကြောင့် ၅၁ပါတဲ့။ ဟိဟိ။

ဟားဟား
ကြိုက်တယ်ဗျိုးးးး ဘလော့ဂါတွေရဲ့ ဆောင်ရန် ရှောင်ရန်တွေကို။ မှတ်သားလောက်ပါပေတယ် ကိုကျိုးရာ။ =D

အဲ့ဒါ ဘူလေးလဲဆိုတာ အနော်တိဖူးနော်။ ဟီး။ အနော် နှာစေးနေတာ အတော်ကြာပြီ။ ခွိခွိ။

ဟာဂျာ။ ကျနော်နဲ့ ဖွားကိကို တွဲပေးထားရလားဗျ။ ကျနော်က နုနုဖတ်ဖတ်လေး။ ခုမှ ၁၆နှစ်ကို ရက်ပေါင်း ၅၀၀၀ လောက်စွန်းစကို။ ဖွားကိကဖြင့်။ ဟိဟိ။ ကျောဝူး။ ဖွားကိကြီး လိုက်ရိုက်တော့မယ်။ ဟီးဟီး။

"ဗိုလ်ချုပ်မှာ ဆိုမှတော့ ငါလည်း စကားလိန်နဲ့မေးတာထင်ပြီး ဗာဂျာမှုတ်လို့ ဖြေလိုက်မိတာ”
ဟားဟား။ အူတောင်နာတယ်။ ရီရတာ။

ကျနော့်ကို ခေါ်တာ အတော်ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ကို ခေါ်လိုက်တာကိုးဗျ။ ကျနော်တောင် ရင်ခုန်သွားတယ်။ ဟားဟား။

ဟာဂျာ.. ဟာဂျာ .. တူလုပ်မှပဲ တူများလဲ ပေါ်ကုန်ပြီ ချစ်သူမလာတာတွေ။ မျက်နှာပူလိုက်တာ။ ဟီး။ ဒါပေမယ့် ကို့ကိုတော့ အဲ့သီချင်း ပြန်ဆိုပြပလိုက်ဦးမယ်။ ဟီးဟီး။

သံချပ်ကာတွေကတော့ ရေလည်ဂွတ်ဗျိုးးး။ ကိုဂျီးအိမ်ပြောသလိုပဲ သေချာတယ်။ ကားပြာကြီးနဲ့ ညားတော့မှာကို။ ဟီး။

ဟုတ်ကဲ့ခင်ဗျ။ နောက်ဆုံးပိတ် စာရင်းချုပ်လိုက်ရမယ် ဆိုရင်ဖြင့် အလွန့်အလွန်ကို ကောင်းသော အငြိမ့်ဖြစ်ပါတယ်ခင်ဗျာ။ အကောင်းဆုံးကတော့ မင်းသားလေး ဇော်ပေါ့ခင်ညာ။ ခွိခွိ။ နောက်က ၀ိုင်းရိုက်ကြတော့မယ်။ ဟားဟား။

နောက်လဲ ရေးပါဦးဗျိုးးး။ မဲအားလုံး ကျနော်တစ်ယောက်တည်းပေးသွားပါတယ်ခင်ဗျ။ အားပေးတယ်ဗျိုးးး။ ရေလည် ရီရလို့။ ဟားဟား။ =]

ဝက်ဝံလေး said...

မြန်မာနိုင်ငံပြန်ရောက်ရင် လာမကြိုမှာ မပူရဘူး သိလား ကိုမြစ်ကျိုးအင်း ကားပြာလေးတွေ လာကြိုလိမ့်မယ် အဟက်

ရယ်ရတယ် ဗြဲဟဲဟဲ ဟဟဟ ဂယ် ရယ်ရတယ် ဟိဟိ

Phyo Maw said...

ပရိတ်သက်ပွဲတောင်းပါတယ်
အားပေးပါတယ်
ဆက်ရေးပါ။ (ပို့ပါတယ် ဘယ်ရောက်ရောက် အရောက်ပို့ပါတယ်)
အပေါ်ကလူတွေ ပြောသလိုမျိုး ရှယ်ရီပါတယ် ဟဲ ဟဲ ပြောရမယ်။

ဖိုးသူ said...

sorry အမြဲနီတဲ့တစေနီမောင်ပိုင်ရေ......မအားလို့ရယ်တခြားလူမှုရေးပြဿနာလေးတွေရှိနေတာကြောင့်မင်း BLOGတွေကမဖတ်အားတာ..အခုမှဖတ်ဖြစ်တာ......မဆိုးဘူးစာဖတ်ရပြင်းတဲ့ငါတောင်စာဖတ်ချင်စိတ်ဖြစ်လာတယ်...ပြောပြီးသားလေ......မင်းစာအရေးသားတော်တော်ကောင်းတယ်လို့...စာရေးဆရာသာလုပ်ပါတော့ဟာ...........တော်တော်လည်းရယ်ရတယ်.......နောက်အားလည်းဖတ်အုံးမယ်စိတ်ချ......ဒါနဲ့...နောက်တစ်ပတ်.....သရဲနီနဲ့....အာကြီးတွေ့ကြပြီပေါ့ကွာ....အာကြီးကလည်း.....သူကိုနိုင်မယ့်အသင်းကိုစောင့်နေတာ.....တစ်ခုတော့ရှိတယ်.......မင်းသရဲနီတွေ...မနေ့က.....liverpool အိမ်ကွင်းမှာအရှုံးနဲ့မရင်ဆိုင်ရပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်ကွာ...ဘောလုံးဆိုတာ..လုံးတယ်..သိတယ်မှတ်လား......ဟီးဟီး ဒါဘဲ.... ;)

HAPPY CLOUD said...

အားပါး လန်းတယ်ဗျာ... တကယ်ပဲ လေးစားတယ်... အဲလိုရေးနိုင်တဲ့လူမျိုး အတော ရှားတယ်ဗျ။ အားပေးပါတယ်ဗျာ... အဆင်ပြေရင် ဆက်ရေးပါအုန်းဗျာ...။
ဖိုးမောင်

TZA said...

ဟားဟား.. ဖတ်ပြီးသွားပြီ... သံချပ်ကို အဘောအကျဆုံးပဲ.. အတိုင်အဖောက်ကတော့ ညီပါ့ဗျာ..

Angel Shaper said...

ကိုကြီးမြစ် တစ်ယူပါတယ်။ ဟဲဟဲ
နောက်ဆုံးကနေ ရေရင် တစ်ဟိဟိ။
ကြိုက်တယ်ဗျာ။ ဒဒွေးမှာ ပွဲလုပ်မယ်ကြားတယ်။
အဲဒီအခါတော့ ဒီအဖွဲ့ ကိုငှားရမယ်။ ဟဟားးး
သံချပ်လေးတွေ အရမ်းမိုက်တယ်။
သမီးက အငြိမ့်ဆို သိပ်ကြိုက်တာ။။။။ ကလေးမှာ လာကတဲ့ အငြိမ့်မှန်သမျှ၊ ဘုရားပွဲတွေ အကုန် ရောက်တယ်။ ရန်ကုန်က စမ်းချောင်းရှင်စောပု မှာတစ်ခါသွားကြည့်တယ်။ ရှေ့ ဆုံးက ကလေးတွေကြားထဲ တဟားးဟားးး အော်ရယ်နေလို့ စမ်းချောင်းလမ်းက လူတွေ အကုန်နီးပါးမှတ်မိတယ်။ ဘုရားပွဲမှာ အော်ရယ်တဲ့ကောင်မလေးတဲ့။ ဟဟားးး
ပျော်စရာကောင်းတဲ့ လိုက်ဖ် အငြိမ့်လေးကို အရှေ့ဆုံးက ထိုင်ကြည့်ရတဲ့ အရသာလေး နဲ့လာခံစားပါတယ်။ အရမ်းကြိုက်တယ် ကိုကြီးမြစ်ရေ....
လေးစားပါတယ်နော်။။။

နွေးနေခြည် said...

ကောင်းတယ်ဗျို့ ဆက်ပါဦးးးးးး
ပရိတ်သတ်တွေ ပွဲတောင်းနေပြီ

ဗီလိန် said...

ကိုအိမ်ရေးကတည်းက ကိုမြစ်ကျိုးအင်းကို တဂ်တယ်ဆိုလို့ စောင့်နေတာ။ ဖတ်ပြီး ရယ်သွားပြီ။ :)

အားကြီးချစ်လေး said...

ဟာသရသ အပြည့်အ၀ ခံစားလိုက်ရတယ် ။

စာရေးကောင်းတာ အားလုံးသိလို့ ထပ်မချီးကျူးတော့
ဘူးမောင် ။ ဒီတစ်ခါ ပို့စ်လေးက ရေးနေကြပုံစံလေး
မဟုတ်တော့ ထူးထူးခြားခြားလေး ဖြစ်နေတယ် ။

သုံးလေးခေါက်ပြန်ဖတ်ပြီး ပြုံးရယ်မိတာတော့ အမှန်ပါပဲ ။

မောင့်ပို့စ်အသစ်တင်တိုင်း မြတ်နိုးစွာနဲ့ အားပေးနေသူပါ ။

ဘယ်နေရာ ဘယ်ကိုရောက်ရောက် မောင့်ရဲ့ စာဖတ်ပရိတ်သတ် အဖြစ် အသိအမှတ်ပြုပေးပါ ။


ဒီပို့စ်လေးကို တဂ်တဲ့ “အိမ်”ကိုလည်း ကျေးဇူးပါ ။
ဘလော့ဂါ အငြိမ့်(၁)လဲ သွားအားပေးပြီးပါပြီ ။
စိတ်ကူးလေးတွေ သိပ်ကောင်းကြတယ် ။

Unknown said...

ဘယ်လိုပြောရမလဲသိဘူး
ရွာလိုပြောရရင်

လန်းဆန်းဂွမ်း တယ်ဗျာ :)

မေဓာဝီ said...

ရယ်ရတယ်။
ရေးတတ်လိုက်တာ။ :)

ဂျစ် said...
This comment has been removed by the author.
မီးလေး said...

အငြိမ့်လေး လာဖတ်သွားပါတယ်...
ရီပီး ပြန်သွားပါတယ်...

အရုပ်ကလေး said...

အစ်ကိုတော် ..
ညီ မအားလို့ အလည်မရောက်တာ ကြာသွားတယ်..။
အငြိမ့်ဆက်လေးကို ဖတ်ပြီးရယ်သွားတယ်
အစ်ကိုတော် ရေးတာလေးတွေလည်း ကောင်းမှကောင်း
အားလုံးကို အဆင်ချောလို့ ..။

ခင်မင်စွာ
idulize(အရုပ်ကလေး)

jr.လွင်ဦး said...

သူငယ်ချင်းရဲ့..
အငြိမ့်ခွင်ရေးတယ်ဆိုတာက စာဖတ်အားကောင်း၊ ပတ်ဝန်းကျင်လေ့လာအားလည်းကောင်းမှ။
နောက်ပြီး ဗီဇ၊ ဖြတ်ထိုးဥာဏ်ကောင်းရတယ်။ နဂို ဟာသဥာဏ်ရှိရမယ်။ အိုအများကြီးလိုအပ်တယ်လေ။
နင်အရမ်းတော်ပါတယ်ဟ။
ဒါပေမယ့် သံချပ်တွေက သိပ်မရီရသလိုပဲ။
ခင်မင်လျှက်
ဂျူ

ဂျစ် said...

ဒီစာသားလေးတွေ ကြိုက်တယ်....မှတ်သားသွားပါတယ်။

“ငွေအသုံးစီးတော့ လူချဉ်ဖတ်မည်။
လေလုံးကြီးတော့ လူအမြင်ကပ်မည်။

အဖော်မပါ မကဲနှင့်
ဘလော့ဂါ မချွဲနှင့်
အဖော်မပါ ကဲတော့ နှာနှပ်သူ လွန်မည်။
ဘလော့ဂါ ချွဲတော့ စာဖတ်သူရွံမည်။

လူကိုမျောအောင်ပေးတော့ ယုံတတ်သူ မုန်းမည်။
စာကိုမောအောင်ရေးတော့ စာဖတ်သူ ပုန်း မည်။

စာအရေးကောင်းတာ သိပါတယ်...ဒါပေမဲ့ ကိုအင်း
အိပ်ရေးဝအောင်အိပ်ပါ ။ ကျန်းမာရေးဂရုစိုက်ပါ ။
စာကောင်းလေးတွေဖတ်ရတော့ ပျော်ရွှင်ရသလို
ဂျစ်တူးတို့ ချစ်ခင်လေးစားတဲ့ ကိုအင်းကိုတော့
ကျန်းမာပျော်ရွှင်စေချင်ပါတယ်။

အရာရာ အဆင်ပြေပါစေ ခင်ဗျာ ။

ဂျစ်တူး

ဝသန်မိုး said...

ခုံနံပါတ် ၆၈ က နေ လာ လာအားပေးသွားတယ် ကိုကျိုးရေ
ပရိသတ်အ၀င်လည်း မနည်းပေဘူးလေ
ဒါကြောင့် အငြိမ့်(၃) ကို
ဆက်ကဖြစ်အောင် ကပေးပါလို့ 
ဈေးကြီးလည်း လာကြည့်ပါ့မယ်ဗျာ။
ညဘက်ပွဲ လာကြည့်တာ အိပ်ချင်တောင်ပြေသွားတယ်
ကောင်းလွန်းလို့ 
မျှော်နေမယ် နော် အငြိမ့်၃ ကို

ခင်တဲ့
ဝသန်မိုး

Sein Lyan Tun said...

အဟမ်း.... အဟမ်းးးးး အဟမ်းးးး


ပြည်သူချစ်တဲ့ ဘလော့ဂါ လူရွှင်တော် ဖိုးစိမ် ပြန်လာပီးလေ...


ဖိုးစိမ် က အငြိမ့်သမလေးနဲ့ ကလာကာ နောက်ကွယ်မှာ နှစ်ပါးခွင် နဲ့ ဂွင်ဆင်နေတာဆိုတော့...

အရှေ့မှာ ဘာတွေ ဖြစ်နေလဲ ဘာတွေ ကျိုးနေလဲ ဆိုတာ မသိဘူးဗျ.....

သြော်.... သယ်ရင်းမျှစ်ချိုးရယ်...

အဖော်မပါ မကဲနှင့်
ဘလော့ဂါ မချွဲနှင့်
အဖော်မပါ ကဲတော့ နှာနှပ်သူ လွန်မည်။
ဘလော့ဂါ ချွဲတော့ စာဖတ်သူရွံမည်။

လူကိုမျောအောင်ပေးတော့ ယုံတတ်သူ မုန်းမည်။
စာကိုမောအောင်ရေးတော့ စာဖတ်သူ ပုန်း မည်။


အဲဒါတော့ ဖိုးစိမ်ကို ဆော်ဒါဗျ... လူရွှင်တော် အချင်းချင်းနော်...

အဲလောက်ထိ မဖဲ့နဲ့.....

ပြောချင်ဘူး...

ဖိုးစိမ်က တရော်လောက် ရုံပတေသီးလောက်ချွဲတတ်တာကိုး......


း))))


အရေးအသားကတော့ ညက်တယ်...

ကျနော်က အငြိမ့်ဆိုရင် အသေကြိုက်တာ....

မော့စ်... မိုးဒီ... ငြိမ်းချမ်း... ကောင်းကျော်..

ရှဲဒိုး.... မန်းဝင်း.... ခင်လှိုင်...

စသဖြင့်... သူတို့တွေက ကျနော့်ဘဝမှာ

မင်းသားမင်းသမီးတွေထက် လွမ်းမိုးလို့ပါ...


ခုလို ကိုယ်ပိုင်ရေးထားတာဖတ်တော့ ကိုယ်တိုင်သာ ဝင်က ရရင် ဘယ်လောက်များ ပျော်စရာကောင်းလောက်မလဲလို့ရေ....


ကိုပိုင် ဇာတ်ညွှန်းရေးစားလို့ရပြီး...

စကားလုံးတွေက ပြောင်မြောက်တယ်...

အရေးအသားတွေက ထိတယ်... မိတယ်...


ဘလော့ဂါအငြိမ့်လေး ပွဲဆူသွားတယ်....


အရမ်းကောင်းတယ်....

အမှတ်တရလဲဖြစ်တယ်ပေါ့......


ကိုယ်တိုင်လူရွင်တော် ဖြစ်ရတဲ့အတွက်လဲ ကျေနပ်တယ်...


ချစ်တဲ့

ဖိုးစိမ်

မေသစ္စာမောင် said...

ဖတ်ရတာ တော်တော်လေးအသက်ဝင်တယ်..။
အပြင်မှာ ပွဲထိုင်ကြည့်နေသလိုခံစားမိတယ်။
အရေးအသားလည်းကောင်းတယ် ရယ်ရတယ်
မှတ်သားစရာလေးတွေလည်းပါတယ်။

ပွဲဆက်လေးကို စောင့်ဖတ်နေမှာပါ...။

Yu Ya said...

ကိုမြစ်ကျိုးရေ... လက်မှတ် ၂စောင် ရလို့ အငြိမ့်လာကြည့်သွားပါတယ်။

တကယ်ကောင်းတဲ့ အငြိမ့်ပါပဲ။ ဒီတစ်ပတ်လုံး ပင်းပန်းနေတာတွေတောင် ပျောက်ကုန်ပါရောလားဗျာ။

ပရိသတ်က သောင်းသောင်းပြပြဆိုတော့ နောက်တစ်ပွဲကဖို့ အားယူထားပါအုံးဗျို့။ ကျန်းမာရေးတော့ အထူးသတိချပ်ပါ။ ကျန်းမာမှ အငြိမ့်ကလို့ရမှာနော့။

ဆန္ဒမွန်ဖြင့်
yu ya

ကာရံဆူး said...

ကိုမြစ်ကျိုးအင်းရေ..ရယ်ရတာ တွေးတွေးပြီးတော့ကို ရယ်ရတယ်..တကယ့်ကို တော်ပါပေတယ်...မချီးကျူးပဲ မနေနိုင်အောင်ကို တော်တယ်...ညစ်နေတာတွေတောင် ခဏလေးမှာ မေ့သွားတယ်...နောက်အပိုင်းလေးတွေလဲ မျှော်နေပါတယ်နော်...

WWKM said...

မင်္ဂလာပါမြစ်ကျိုးအင်းရေ..
တက်ဂ်ထားတဲ့အကြောင်းလာပြောရင်းနဲ့ ဘလော့ဂါအငြိမ့်ကို ပျော်ရွှင်စွာဖတ်သွားပါတယ်။
ဖတ်လို့အလွန်ကောင်းပါတယ်။

စည်သူ said...

ဟား.. ဟာ.. ဟာ..

ကောင်းလိုက်တဲ့ ဘလော့ဂ်ဂါ အငြိမ့်ဗျာ..
ကိုမြစ်ကျိုးအင်းရေ.. ရုံက လူတွေပြည့်နေလို့

အဝကနေ လာချောင်းသွားတယ်ဗျ..
ချောင်းရင်းချောင်းရင်းနဲ့ စိတ်ပါလာတာ
မပြန်ဖြစ်ပဲ မိုးလင်းထိ ကြည့်လိုက်တယ်ဗျာ..

မင်းသမီးကလည်း အကကောင်းပါ့..
မင်းသားရဲ့ လွမ်းချင်းကလည်း ပြိုင်းစံရှားပါ့

ပျက်လုံးတွေကလည်း..
မော်ဒန်ပျက်လုံးတွေကိုဗျ..

အခုလို တင်ဆက် ကပြ ဖျော်ဖြေ သွားကြတဲ

ခေါင်းဆောင်မင်းသမီးလေး.. ကီကီ

မင်းသမီးချောလေး.. ကောင်းကင်ပြာ

မင်းသားချောလေး.. လတ်လတ်ဇော်

ဟာသလူရွှင်တော်များဖြစ်ကြတဲ့..

ကိုမြစ်ကျိုးအင်း..

ကိုအိမ်တိုင်ကျိုး

ကိုဖိုးစိန်(စိမ်)

...................တို့ကို အထူးပဲ ကျေးဇူးတင်ကြောင်း
ပြောကြားရင်းနဲ့ နောက်နောင်များမှာလည်း အခါခွင့် ကြုံကြိုက် လာရင် ....

တင်ဆက်

ကပြ

ဖျော်ဖြေမှု ကို ပြန်လည် စောင့်မျှော် နေမိပါကြောင်း
ပြောကြားရင်းနဲ့...

အစီအစဉ် ပြီးမြောက်လို့
စီးတော်ယာဉ်ကိုစီးကာ.. ကြွမြန်းလိုက်ပါအုံးမယ်...

ခင်မင်စွာဖြင့်
စည်သူ။

မိုးအိမ့်ဖြူ said...

ဒီနေ့မှ အခွေထွက်တာလားမသိဘူး...။ အငြိမ့်က တုန်းက လက်မှတ်မ၇လိုက်လို့အခုမှ ကြည့်ရတယ်ဗျို့ နှစ်ယောက်သား ကြည့်ရင် ရယ်နေရတယ်ဗျို .. တော်တော်ရယ်ရပါ၏..... :) နောက်ထပ်လည်းမျှော်နေပါ့မယ် ...။

မင်းနေဝေး said...

မျက်စိထဲမှာ မြင်ယောင်လာတယ်ဗျာ ....
တကယ်တကယ် ... :)
နောက်တစ်ခွေ အဲ နောက်တစ်ခါ ဆက်ဆက်မျှော်နေမယ်

စိမ်း... said...

တော်ပါပေတယ်... လေးစားအားပေးလျက်ပါရှင်...

မဆုမွန် said...

ဘုရားရေ...
တကယ့်ကို အံ့မခန်း ပညာစွမ်းတွေပါလား ကိုမြစ်ကျိုးအင်းရေ..

တကယ်လေးစားပါတယ်ရှင် အငြိမ့်ခန်းဆင်သွားတာ တကယ့် ပညာရှင်လိုပါပဲ ဦးလေးဦးသူရ ဇာဂနာပြန်ထွက်လာရင် အဲ့အငြိမ့်ပို့စ်လေး ပေးဖတ်ဦးမှ သူလေးစားသွားမယ်..

စောင့်မျော်နေမယ် နောက်ဆက်တွဲပို့စ်လေးတွေကို

Anonymous said...

အရမ်းကောင်းပါတယ် ကိုမြစ်ကျိုးအင်းရေ... တကယ့်အငြိမ့်ကို ကြည့်နေရသလို ခံစားရတယ်... နောက်အပိုင်းတွေ ဆက်စောင့်နေပါ့မယ်.. ဒီတစ်ခါ ဇာတ်ဆရာ ဘယ်သူပါလိမ့်..

သုဒြေ္န said...

အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးလုံးကောင်းတယ် တကယ်ပြောတာ ကိုကြီး သုဒြေ္န

နေလင်း said...

ကိုမြစ်ရေ..

အလည်လာရင်း ဖတ်သွားပါတယ်..
မုန့်ဟင်းခါး ဘယ်တော့ထပ်ချက်ဦးမှာလဲဗျ...

ခင်မင်လျက်...
ကိုနေလင်း

Anonymous said...

ရယ်ရတယ်..
ကိုမြစ်ကျိုးအင်းး
...ကောင်းလိုက်တာ..

ပေါက်
(မုန့်ဟင်းခါးထပ်ချက်ရင် ခေါ်အုန်းနော့)

ဖိုးဂျယ် said...

အခုမှပဲ ရောက်ဖြစ်တယ် ရီရတယ်ဗျာ

နှင်းဟေမာ said...

အစ်ကို ရေ......
ဖတ်ရင်းဖတ်ရင်း ဘယ်လိုမှ မဟန်တော့လို့ ခဏရပ်လိုက်ရတယ် .... သေအောင်ရယ်ရတယ်...
ဗိုက်တွေလည်းနာနေပြီ.....။
အစ်ကို့ရဲ့ အငြိမ့်ပွဲကို ရုံးမှာ အလုပ်လုပ်ချိန်ခိုးမကြည့်ရလို့ ရှေ့ဆုံးမှာ ရေးသင့်ပြီနော်...။
အပြင်မှာ တစ်ကယ်ဘလော့ဂါအငြိမ့်လုပ်ချင်စိတ်တွေတောင် ပေါ်လာတယ်နော်....။
ညီမ နှင်းဟေမာ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

နံပါတ် ၃ ကိုဖတ်ပြီးတော့ နံပါတ် ၂ ကို လာဖတ်ပါတယ်.... ရယ်ရလွန်းလို့ အူတက်မတတ်ပါဘဲ။ ...

ခင်မင်စွာဖြင့်
ကိုမျိုး

thaingarra said...

ဖတ်ရတာ နောက်ကျတယ်ဗျာ ...

နောက်ကနေ ပြန်ဖတ်နေတာဆိုတော့ ...

ဘလော့ဂ်ဂါ အငြိမ့် (၅) က ရေးပြီးပြီလား

မသိဘူး ဗျာ ... :)

Anonymous said...

[url=http://buycialispremiumpharmacy.com/#odfwu]buy cialis[/url] - cialis online , http://buycialispremiumpharmacy.com/#fzhhb buy cialis online

Anonymous said...

[url=http://buyviagrapremiumpharmacy.com/#bzxak]buy viagra[/url] - buy viagra online , http://buyviagrapremiumpharmacy.com/#saegt viagra online

Anonymous said...

[url=http://buyonlineaccutanenow.com/#piomf]accutane without prescription[/url] - cheap generic accutane , http://buyonlineaccutanenow.com/#ivcly buy accutane online

Tips and Tricks blog said...

I love that idea. Awesome Post..

jaypee hospital said...

Amazing amount of great, actionable advice. I will keep coming back to this for a while to try and implement many of these! Thanks!

penile implant said...

That was a VERY interesting one! Seriously interesting.

Health and Wellness Blog India said...

Thanks for sharing that. It was fun reading it. :-)

 

Posts Comments

©2006-2010 ·TNB