ကျုပ်ဘ၀မှာ ထူးထူးခြားခြားနာမည်တလုံးကို လူပျိုပေါက် အရွယ်အထိရခဲ့ဖူးတယ်။ အဲဒီနာမည်က လွယ်လွယ်နဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ထူးထူးခြားခြားတွေ ဖြစ်လေ့ရှိတဲ့ ကျုပ်အတွက် ဒါဟာလည်း အမှတ်တရ အဖြစ် အပျက်တခုနဲ့ပါတ်သတ်ပြီး ရခဲ့တာပါပဲ...။ကမြင်းကျော အထလွန်ပြီး ရခဲ့တဲ့ နာမည်လို့ပြောရမှာပဲ...။ ကျုပ်တို့ လေးတန်း ရောက်တော့ အစိုးရစစ်စာမေးပွဲနဲ့တိုးတယ်။ အစိုးရစစ်ဆိုတော့ ကျုပ်တို့လည်း သိပ်ပေါ့ပျက်ပျက် မလုပ်ရဲဘူး သေသေချာချာစာကျက်ရတယ်။ ကျောင်းကဆရာမတွေကလည်း ညဘက်တွေမှာ ရပ်ကွက် တွေကိုအလှည့်ကျ စာလိုက်သင်ပေးတယ်..။
ဆရာမတွေနေတဲ့ရပ်ကွက်က ကျုပ်တို့ရပ်ကွက်ရဲ့ ဘေးရပ်ကွက်ပေါ့...။အခုချိန်မှာ ရပ်ကွက်လို့သာပြောပေမယ့်
အဲဒီအချိန်ကတော့ရွာသာသာပါပဲ။မီးမရှိတဲ့အပြင် အဆိုးဆုံးက ကျုပ်တို့ရပ်ကွက်နဲ့ ဆရာမတွေနေတဲ့ ရပ်ကွက်ရဲ့ ကြားမှာ သင်္ချိုင်းကုန်းတခုရှိတယ်။ အထင်ကရ သင်္ချိုင်းကြီးပေါ့။ အဲဒီသင်္ချိုင်းဝင်းကြီးက အကျယ်ကြီးပဲ။ အဲဒီဝင်းထဲ မှာမှ တရုတ်သင်္ချိုင်းရော မြန်မာရော မွန်ရော သူ့အပိုင်းနဲ့သူခွဲထားတာ ဝင်းကြီးကကျယ်လွန်းပြီး တချို့နေရာ တွေမှာ အပင်တွေကတောအုပ်အသေးစား လောက်တောင် ပေါက်နေလို့ ဟိုးအရင်တုန်းက ကျားမတကောင် တောင် သားလာပေါက်ဖူးတဲ့အထိပဲ...။

ညဘက်တွေမှာ ဆရာမတွေက စာသင်ပြီး ပြန်ရင် ကျုပ်တို့ ကျောင်းသားတွေက သင်္ချိုင်းဘေးက လမ်းမအတိုင်း ပြန်လိုက်ပို့ကြရတယ်။ကျောင်းသားကျောင်းသူ အယောက် ၂၀ ကျော်ပေါ့။ လူများတော့လည်း မကြောက်ကြ ပါဘူ။ တချို့ညတွေမှာ ဆရာမတွေ ပြန်ပို့ပြီးလို့ ပြန်လာရင် အဲဒီသင်္ချိုင်းနေရာရောက်တာနဲ့ ကျုပ်နဲ့ရွှေတိုးနဲ့ လောင်းကြေးစားကြေး လုပ်ကြတာပဲ။ အဲဒီဝင်းကြီးရဲ့ အလယ်လောက်မှာ မြန်မာသင်္ချိုင်းတခုရှိတယ်..။ ဇရပ်တခု ရှိပြီး ကိုးတောင်ပြည့် စေတီလေးတဆူလည်းရှိတယ်။ ကျုပ်တို့လောင်းတာက အဲဒီစေတီဘေးက ဇီးသီးပင်ကနေ ဇီးသီးတလုံးခူးပြီး ပြန်ထွက်လာဘို့ လောင်းကြတာ...။ ကျုပ်တို့လောင်းတော့ ကျန်တဲ့ သူငယ်ချင်းတွေက ၀ိုင်းတား ကြတာပေါ့...။ညကြီးမိုးချုပ် မ၀င်စေချင်ဘူးလေ..။
ကျုပ်အတွက်ကတော့ နေ့ခင်းနေ့လည်တိုင်း အဲဒီ ဇီးသီးသွားခူးပြီ ကစားနေကြဆိုတော့ ကြောက်ရကောင်းမှန်း လည်းမသိပါဘူး။မြေပုံအဟောင်းတွေက ခွေးတွေဖော်ထားတဲ့ အရိုးခေါင်းတွေ ကောက်ပြီး မျက်လုံးနှစ်လုံး နေရာမှာဇီးသီးနှစ်လုံး ထည့်ပြီး အဲဒီခေတ်က နာမည်ကြီးတဲ့ သိုက်သမိုင်းကားတွေထဲက စုန်းဆရာကြီးတွေ လုပ်တမ်းကစားကြတာကိုးဗျ..။ အဲဒီဇီးပင်ကလည်း ရေခံမြေခံ ကောင်းလို့လားမသိဘူး...။အပင်အောက်ဝင်ပြီး လက်ကိုသာ အပေါ်ဆန့်လိုက်ရင်ဇီးသီးတလုံးတော့ စမ်းမိတာပါပဲ...။အဲဒီလောက်အထိကို ပြွတ်ခဲနေအောင် သီးတာ...။ရွှေတိုးကလည်း အဲဒီလိုပဲ သူကလည်း ၀င်ခူးရဲတယ်ပေါ့...။အဲဒါနဲ့ ၅ ကျပ်ကြေး လောင်းဖြစ်ကြရော။
ပထမနေ့တွေမှာ သူရော ကျုပ်ရော ဇီးသီး ၀င်ခူးတာ နှစ်ယောက်လုံး ဇီးသီး ခူးလို့ ရတော့ လောင်းကြေးက ဘယ်သူ့ဘယ်သူမှ မနိင်ဘူး ဖြစ်နေတယ်..။ညတိုင်းတော့ ၀င်ခူးဖြစ်တာမျိုးမဟုတ်ပါဘူး..။နှစ်ယောက်လုံး စိတ်ပါတဲ့နေ့မှပါ...။အားတိုင်းယားတိုင်း သင်္ချိုင်းထဲ ၀င်ဘို့အတွက်တော့လည်း စိတ်မသန့်ဘူးပေါ့။ တစ်ညတော့ ပြဿနာ တက်မယ့်ညမို့လို့နဲ့တူပါရဲ့ နှစ်ယောက်စလုံး လောင်းကြေးအတွက် တက်ကြွနေလိုက်ကြတာ။ ရွှေတိုးက စပြီးစိန်ခေါ်တာနဲ့ ပွဲက ဖြစ်ရောဆိုပါတော့။ ဒီတညတော့ အရှုံးအနိင်ပေါ်အောင်ဆိုပြီး အချိန်မှတ်ဖို့ပါ ရွှေတိုးက ပြောလာတယ်...။သဘောက ဇီးသီးခူးရုံနဲ့တင်မရသေးဘူး ...ဘယ်သူအမြန်ဆုံး သင်္ချိုင်းထဲက ပြန်ထွက် လာမလဲဆိုတာကိုပါ ထည့်တွက်ရမယ်ပေါ့။ အချိန်ပိုမြန်ပြီး ဇီးသီးလည်းပါလာမယ့် သူက အနိင်ဆိုပြီး လောင်းကြတယ်...။
အဲဒီအချိန်မှတ်ဘို့ကလည်း ရွှေတိုးပဲ အစဆွဲတာပါပဲ။ သူက ဒီတခါတော့ အဖြေပေါ်အောင် အချိန်နဲ့လုပ်မယ် ဆိုပြီးပြောတာနဲ့ကျုပ်လည်းလက်ခံလိုက်တာလေ..။ကျုပ်ကတော့ ရှုံးတာနိင်တာနောက်မှထား စိန်ခေါ်ရင်တော့ ပြိုင်လိုက်ချင်တာ ဘာဗီဇမှန်းမသိပါဘူး။ ဒါနဲ့ပွဲဖြစ်ပါလေရော။ အရင်ပွဲတွေလိုပဲ သင်္ချိုင်းထဲ ကျုပ်က အရင် ဝင်တယ်။ သင်္ချိုင်းထဲ ၀င်ပြီးတာနဲ့ ကျုပ်က နေ့ခင်းနေ့လည်ဘက် သွားနေကြလမ်းတွေအတိုင်း အုတ်ဂူတွေ ကြားကနေ ကွေ့ပါတ်ပြေးတော့တာပဲ...။တချို့မြေပုံအဟောင်းတွေကိုတော့ ကျော်လွှားရတာပေါ့...။ မြေပုံအသစ် ရှိတဲ့ဘက်ကတော့ မသွားဘူး ဒါတော့စိတ်မသန့်ဘူးလေ...။
ဇီးပင်အောက်ရောက်တော့ ခပ်မြန်မြန်တလုံးခူးပြီး သင်္ချိုင်းဝကို ပြန်ပြေးရပြန်ရော။ အချိန်မှတ်တာဆိုတော့ မြန်လေ ကောင်းလေပဲပေါ့။ ကျုပ်အ၀င်ဝကို ပြန်ရောက်တော့ အားလုံးပေါင်း ၆ မိနစ်နဲ့ စက္ကန့်စွန်းတယ်လေ။ ကျုပ်ရဲ့စံချိန်ကိုကြည့်ပြီး ရွှေတိုးက ပြုံးတယ်။ သူ့အတွက်တော့ ဒီပွဲက အေးဆေးဆိုတဲ့ အပြုံးလားတော့ မသိဘူး။ လေကိုအားရပါးရ တချက်ရူပြီး ရွှေတိုး သင်္ချိုင်းထဲ ပြေးဝင်သွားတော့တယ်။ သိပ်မကြာပါဘူး ခန့်မှန်းခြေ တစ်မိနစ် ကျော်ကျော်လောက်မှာပဲ ရွှေတိုးရဲ့ အော်သံနက်ကြီး ထွက်လာတယ်....။
“အားးးးးးးး ”
“ကြောက်ပါပြီဗျ”
ဆိုပြီး အော်သံကြားတော့ ကျုပ်တို့လည်း ထိတ်ထိတ်ပြာပြာဖြစ်သွားရတယ်..။ဘာများဖြစ်တာပါလိမ့် သရဲများ ဂုတ်ချိုးပြီလား ဆိုပြီး ဟိုတွေးဒီတွေးနဲ့ပေါ့...။ ပါလာတဲ့သူငယ်ချင်းတွေလည်း ကြောက်လန့်ပြီး ဘုရားစာ ရွတ်တဲ့ သူကရွတ်ကြ အော်တဲ့သူက အော်ကြနဲ့ ခဏလောက်တော့ကမ္ဘာပျက်သလိုပါပဲ။ ကျုပ်လည်းဘယ်သူမှထိန်းလို့ မရတော့ဘူး။ တချို့ကလူကြီးတွေ ပြေးခေါ်ကြတယ်။
ခဏလောက်နေတော့ကျုပ်တို့ရပ်ကွက်ထဲကလူကြီးတွေ ရောက်လာကြတယ်။ ရွှေတိုးဆီကလည်း
အော်သံနက်ကြီးထွက်လာပြီးတဲ့နောက်ပိုင်း ဘာသံမှမကြားရတော့ဘူး။
အဲဒီတော့မှ ကျုပ်လည်း တွေးကြောက်မိတော့တာ...။ ရွှေတိုးတခုခုဖြစ်သွားရင်
ကျုပ်လည်းမချောင်ဘူးလေ..။ အဖိုးက အမှန်အကန်ရိုက်တော့မှာသိနေတယ်..။

လူကြီးတွေလည်း လက်နှိပ်ဓါတ်မီးတွေနဲ့ သင်္ချိုင်းထဲဝင်သွားတော့ ကျုပ်လည်းဘုရားတပြီး လိုက်သွားရတယ်။
ရွှေတိုးကို ဂုတ်ကျိုးပြီးများ တွေ့ရမလားလို့ တွေးမိသေးတယ်..။လက်နှိပ်ဓါတ်မီးတွေ မီးအိမ်တွေနဲ့ ဟိုရှာဒီရှာ လုပ်နေလို့နောက်ဆုံးတော့ ကျုပ်ကပဲ အရှေ့ကနေလမ်းပြရတော့တယ်..။ ဇီးပင်ဆီသွားရာလမ်းတလျှောက် ကျုပ်က ရှေ့ကခေါ်သွားရင်း ဘေးဘီဝဲယာကိုလည်း ရှာကြတာပေါ့။ လက်နှိပ်ဓါတ်မီးနဲ့ ဟိုထိုးဒီထိုးရင်း တယောက်က ဟိုမှာ သရဲသရဲလို့ အော်လိုက်တော့ အားလုံးဝိုင်းကြည့်လိုက်ကြတယ်။

အုတ်ဂူတလုံးထဲကနေ ကုန်းထလာတဲ့ မဲမဲကောင်ကြီးကို လက်နှိပ်ဓါတ်မီးရောင်အောက်မှာ တွေ့ရတာ ဖြုန်းခနဲ ခေါင်းမွှေးတွေတောင် ထောင်ထပြီး
ခေါင်းလည်းပုတ်လောက်ကြီးဖြစ်သွားတယ်။ ရင်ထဲမှာလည်း တဆတ်ဆတ်နဲ့ ကိုတုန်နေတာပါပဲ။ အုတ်ဂူထဲကနေသရဲကြီး ကုန်းထလာတယ်ထင်ပြီး လူကြီးတွေရဲ့တဂတ်ဂတ်နဲ့ မေးရိုက်သံ တွေထွက်လာတယ်။
ကျုပ်လည်း မျက်လုံးတွေပြာပြီး ဒူးတွေ ချောင်ကုန်လို့ အနားက လူကြီး တယောက်ရဲ့ လက်ကို အတင်းဖမ်းဆွဲ ထားရတယ်။ သရဲအကြောင်းတွေးနေချိန်မှာ မဲမဲကောင်ကြီးကို အုတ်ဂူထဲက ကုန်းထနေတဲ့ပုံမြင်ရတာ ဖြုန်းခနဲဆိုတော့ လိပ်ပြာလွင့်မတတ်ပါပဲ။ကြောက်ကြောက်နဲ့ လက်နှိပ် ဓါတ်မီး ၀ိုင်းထိုးတော့မှ သရဲမဟုတ်ဘဲ ကျုပ်တို့လိုက်ရှာနေတဲ့ရွှေတိုးဖြစ်မှန်းသိလိုက်ရတော့တယ်..။
ရွှေတိုးပုံစံကိုမြင်အောင်ပြောရရင် အုတ်ဂူထဲမှာ ကိုယ်တပိုင်းမြုပ်နေပြီး အပေါ်ပိုင်းက ကုန်းကုန်းကြီး ဖြစ်နေ တာ။လူကြီးတွေလည်း အပြေးအလွှား ပြေးကြည့်ကြတော့ ရွှေတိုးက သတိမေ့နေတယ်။ ဒါနဲ့ ရွှေတိုးကို အုတ်ဂူထဲကကမန်းကတမ်း ဆွဲထုတ်ပြီး သင်္ချိုင်းအပြင်ကိုသယ်သွားကြတော့တယ်။ ရပ်ကွက်ထဲအထိ သယ် သွားပြီး ရွှေတိုးအိမ်ရောက်တော့ ဒီကောင့်ကို နှာနှပ်တဲ့သူက နှပ်ပေးတယ်..။
သောက်တော်ရေတွေ ပရိတ်ရေတွေ ဖြန်းပေးကြ လည်ပင်းပုတီးစွပ်ပေးနဲ့ တော်တော်ကြာတော့
ရွှေတိုးသတိရလာတယ်..။ အဲဒီတော့မှ သတိထားမိတာ ရွှေတိုးရဲ့ ညာဘက်လက် ကျိုးသွားတာလား
အဆစ်လွဲသွားတာလား မသိဘူး။ တညည်းညည်းတညူညူနဲ့ အော်နေတော့ တာပဲ...။
အဲဒီမှာရွှေတိုးကို လူကြီးတွေက ဘာဖြစ်တာလည်း သရဲနဲ့တွေ့ခဲ့တာလား မေးကြတာပေါ့။ အဲဒီမှာ ရွှေတိုးက သူ့ရဲ့သင်္ချိုင်းတွင်းခရီးစဉ်ကို ပြန်ပြောပြတော့တာပဲ။ ကျုပ်နဲ့လောင်းထားတာနိင်ချင်လို့ ရွှေတိုးက သင်္ချိုင်းထဲ ရောက်တော့ကျုပ်ပြေးသလို မြေပြင်တွေပေါ်က မပြေးဘူး။ မြေပြင်ပေါ်ကဆို အုတ်ဂူတွေ ရှောင်ရတော့ ကြာတယ်ဆိုပြီး အုတ်ဂူတလုံးကနေ နောက်တလုံးကို ခုန်ကူးပြီးပြေးတာကိုးဗျ..။ သူပြောမှ ကျုပ်စဉ်းစားမိတာ အဲဒီလိုသွားရင် ဇီးပင်ဆီရောက်တာ တော်တော်မြန်တယ်ဗျ။ ဒီကောင်က အဲဒီလိုသွားဘို့ စိတ်ကူးရထားလို့ ကျုပ်ကို အချိန်နဲ့မှတ်ပြီး လောင်းမယ်လို့စိန်ခေါ်တာကိုးဗျ။ အဲဒါရွှေတိုးခမျာပြေးရင်းနဲ့ အုတ်ဂူတခုကနေ နောက်တလုံးကို ခုန်ကူးတာ နောက်အုတ်ဂူက သက်တမ်းကြာပြီဆိုတော့ဆွေးမြေ့နေတာ တခါတည်း အုတ်ဂူထဲ ကျွံကြတော့တာပဲ...။
သူ့စိတ်ထဲမှာ သရဲကသူ့ခြေထောက်ကို အောက်ကနေ ဆွဲချလိုက်တယ်ထင်ပြီး ငယ်သံပါအောင် အော်ပြီး မေ့ သွားတာဗျ။ အုတ်ဂူထဲ အရှိန်နဲ့ ကျတော့ လက်ထောက်လိုက်မိတာ လက်ပါကျိုးသွားတဲ့ကိန်း ဆိုက်တော့တာပဲ။
ရပ်ကွက်ထဲမှာလည်း အဲဒီအကြောင်း အုတ်အော်သောင်းနင်း ဖြစ်နေတော့ ကျုပ်အဖိုးကိုယ်တိုင် ရောက်လာပြီး ကျုပ်ကိုလာခေါ်သွားတော့တယ်။ အိမ်ရောက်တော့ ဘာပြောကောင်းမလဲ တိုင်မှာကြိုးတုပ်ပြီး ရိုက်တာများ ၄ /၅ ရက်နေမှ အရှိုးရာတွေပျောက်တော့တယ်။ အရိုက်ခံရတဲ့ အရှိုးရာတွေက ၅ ရက်လောက်နဲ့ပျောက်သွားပေမယ့် သင်္ချိုင်းထဲ ၀င်ရတာ ၀ါသနာပါလို့ဆိုပြီး ကျုပ်ကိုသူငယ်ချင်းတွေက နာမည်တခု ပေးလိုက်တာ ကျုပ်လူပျိုပေါက် ရောက်တဲ့အထိ အဲဒီနာမည်သွားတော့တယ်။ အဲဒီနာမည်က “သင်္ချိုင်း” တဲ့လေ..။

ကျုပ်ကို မြင်ရင် သင်္ချိုင်းလို့ပဲ ခေါ်ကြတော့တယ်။ သူငယ်ချင်းတွေကို ခင်တတ်တဲ့ကျုပ်လည်း ခေါ်ချင်ရာခေါ် ဆိုပြီးလွှတ်ထား လိုက်တာ ကြားပါများတော့ နားထဲမှာပါ ချောနေတော့တယ်..။ အဲဒီနာမည်ရပြီး ကျုပ်ပြန်ဆုံးရှုံး သွားတာတခုရှိတယ်။ အဲဒါက ကောင်မလေးတွေမြင်ရင် အရင်လို ပြီတီတီ မလုပ်ရဲတော့ဘူး။ ကျုပ်ကသူတို့ကို သွားစရင် သူတို့က ပေးထားတဲ့ နာမည်ထပ် နောက်တလုံးပိုပြီး သင်္ချိုင်းကုန်း ဆိုပြီး အော်ကြတော့တာကိုးဗျ...။
။......................................။
(ညောင်ရမ်းရဲ့ ငယ်ဘ၀လေးပါ)
49 comments:
ဟယ် ... စိတ်မကောင်းစရာတွေတော့ဖြစ်ကုန်ပါပြီ။
ကြာသာမိုးကျိုး ကျနော် ၁ ပါတယ်ခင်ဗျာ။ စိတ်မကောင်းလိုက်တာ။ ဟိဟိ။
ကိုကျိုးရေ .. ကျေးဇူးဗျ။ ကျနော် တစ်သက်နဲ့တစ်ကိုယ် ၁ဖူးသွားတယ်ဗျ။ စိတ်မကောင်းဖြစ်အောင် သိပ်လုပ်တာကိုးးး ကျနော့်အကိုက။ ဟိဟိ။ =]
ဘယ်ရမလဲ ဇော်ရယ်... ကျွန်တော်ကလည်း ၂. ပါဗျ..
yu ya
အဟဲ..ကိုမြစ်ကျိုးအင်းရေ... နောက်ဆို ငယ်နာမည်လေး လှမ်းခေါ်လိုက်မယ်
yu ya
သယ်ရင်းရေ. နင့်အတွေ့အကြုံတွေက ရေလည် မြေကြီးဆန်တယ်..
စာရေးဆရာကောင်းတစ်ယောက်ပါဘဲ..
တကယ်..
ဟားဟား
ရယ်လဲ ရယ်ရ၊ နဲနဲလဲ လန့်ဖို့ကောင်းတယ်ဗျာ။ စောင်ခြုံထဲကနေ ဖတ်နေတာ အလုပ်သွားကာနီးကို။ ဟွင်း။ =]
အကိုရေဒီ့ထက်ကြောက်စရာကောင်းတာရေးပါ....:P
ဟိဟိ... ဒီမှာ တစ္စေကြီးလ ကမနက်ဖြန်စပြီလေ...အဲဒါကြောင့် မန်ဂျာက နောက်နေ့စောစော ပြန်မယ်လို့ပြောပြီးခါစ.... ပိုစ့်အသစ်ဝင်လာလို့ ကြည့်တော့ post ကိုကြည့်ပြီး ဖတ်ရင် ကောင်းလား မကောင်းလား စဉ်းစားနေတာ သူများတွေ ဦးကုန်ပြီ... သရဲ အကြောင်းဆို အရမ်း ကြောက်တာလေ...သင်္ချုင်းဆိုတော့ သေချာနေပြီ သရဲ အကြောင်းဆိုတာ...ခုတော့လဲ ကြောက်စရာမကောင်းပဲ ရီစရာကောင်းနေတာကိုး..... အဟဲ တော်ပါသေးတယ်.။
ဟဟဟ အော် ကိုယ်တွေ့ဆိုတာ ဒါလား ဟွင်းးးးးး ကောင်းသားပဲ အဟီးးးးး ရယ်လိုက်ရသေးတယ် နောက်ဆုံးလေ ကိုမြစ်ကျိုးအင်း အရိုက်ခံရတယ်ဆိုတာ ဟိဟိ တော်တော် နာသွားလားဟင် အုံဖွ အုံဖွ ချီးတုံ မတ်တပ်ထ ဟိဟိ
ကြောက်စရာကောင်းမလားလို့ လာဖတ်တယ် ကောင်းလဲ မကောင်းဘူးကြောက်စရာ ရယ်ပဲရယ်ရတယ် ကြောက်စရာကောင်းတဲ့ဟာ ရေးပါဗျိုးးးးးးးးးးး
ကဲ လိမ့်ပြီနော် ဒုန်းးးးးးဒုန်းးးးးးး ဘိုင် ဝက် ဆိုတော့ဂလိုပဲ ပြောမယ်ထင်တယ် ပျံပြီနော် ဖလပ်ဖလပ် သုံးလို့ရတော့ဘူးလေ ဟိဟိ တာ့တာ
ကြံကြံဖန်ဖန်ဆော့ရတယ်လို့ သင်္ချိုင်းရယ်
ကောင်မလေးတွေခေါ်တဲ့ နာမည်ကတော့ မိုက်တယ်နော်...း) ။
မကြောက်ဘူးလား၊ ကြောက်စရာကြီး။
ကိုညောင်ရမ်းရဲ့ ငယ်ဘဝကလဲအမျိုးမျိုးပါလား။
တကယ်ကြီးလား.. ခွိခွိ
ကို ပိုင်တယောက် တော့
ကျိုးလိုက် ကုန်းလိုက် နဲ့ ..
အင်း ... ဇီးသီးတွေရော ...
ခုထိ ၊ ခူးနေတုံးလား ။
ဇာတ်လမ်းက ဆက်ရန်ရှိသေးသလိုဘဲနော် ။
သူရဲ တောင် မထွက်လာသေးဘူးလေ ....
အပိုင်း ၂ ရေးပါဦး ။ သူရဲမ ချောချောလေး ဆံပင်ဖါးလျား နဲ့...
ကိုညောင်ရမ်းရဲ့ ငယ်ဘဝက အရမ်းစုံတယ်နော်။ စာရေးဆရာရေးတတ်တော့လည်း ဇာတ်လမ်းကောင်းဖတ်ရတာပေါ့ :)
တော်တော်ဆိုးတဲ့ ကလေးဘ၀ပဲ အကိုရေး)
နောက်တခါ ငယ်နာမည်လေးပဲ ခေါ်တော့မယ်း)
လေးစားလျက်
တောင်ပေါ်သား
သုံးချိုင်းကင်း
လို့ ကောင်မလေးများက ခေါ်သည်။
ကိုကိုလူပျို အရှက်ပိုရသည်။
ကလိကလိ
ခေါင်းစဉ်မြင်သာနဲ့တင်ကြောက်နေမိတယ်။ ပြောတာ ပြောရပါတယ် လူတိုင်း သင်္ချိုင်းခြေတစ်ဖက်လှမ်းပြီးပြီပဲလေ။ နော်။ ငယ်နာမည်တော့ သိသွားပြီ။
ကမြင်းစရာ အဲလောက်တောင်ပဲ ရှားရလား..ဟင်။ အဖိုးမို့ပေါ့ဗျာ ကျနော်သာဆို ဟင်း..ဟင်း နာပြီးသာမှတ်ပေတော့..။
ဖတ်လို.ကောင်းတယ် ကိုကျိုး မျောသွားတယ်
ကိုကျိုးစာတွေ ပို.စ်တွေ တိုင်းကဖတ်လို.ကောင်းတယ်ဗျာ
ဒီလိုစာမျိုးက ခံစားရေးလို.မရဘူးဗျ...ကိုယ်တိုင်ကြုံတွေ.
တာမျိုး ဒါမမဟုတ်ရင် ကို.ပတ်ဝန်းကျင်မှာတွေ.မြင်
မှတ်သားထားနိုင်တာမျိုးမှဘဲ ရေးနိုင်တာဗျို. ...
နောက်ပို.စ်လေးတွေ မျှော်နေအုံးမယ်ဗျာ ...
ကြောက်စရာကြီးဗျာ။ ရှာရှာပေါက်ပေါက် လုပ်တတ်တယ်။
ကြောက်စရာကို ရယ်စရာ ဟာသနှောပြီး ရေးထားတာ ဖတ်လို့ ကောင်းလိုက်တာဗျာ။ ကျွန်တော်တို့ ကတော့ ဒါမျိုး အလောင်းအစားနဲ့ တောင် မလုပ်ရဲဘူးဗျို့။
ခင်မင်လျက်
ဟုတ်ပါ့ဗျာ....
လာစမ်းပါ.. လာလောင်းလိုက်စမ်းပါ..
ဒါမျိုးဆိုလို့ကတော့.. ဟမ်း.ဟမ်း
ပြင်းတောင်ပြင်းသေးတယ်...
ဝမ်း.. တူး.. သရီး.. ပြေးပြီ(((((((((((ဟေ့))))))))))))))
စိတ်ဝင်စားဖို့ လည်းကောင်းပါတယ် ငယ်ဘဝ သူငယ်ချင်းတွေ အလောင်းအစား လုပ်ကြတာ ကိုလည်း မြင်ယောင်လာမိတယ် အရေးအသား က ညက်တော့ ရွှေတိုး အဖြစ်ကော ညောင်ရမ်း ငယ်ရဲ့ အသွင်ကိုပါ ကွက်ကွက် ကွင်းကွင်းကို မြင်တော့တာပါပဲ အရမ်းကောင်းတယ်အစ်ကို
အောင်မြင်ပါစေ
လေးစားလျှက်
ရန်ကုန်သား
:D
ပေါက်ပေါက်ရှာရှာ ညောင်ရမ်း ငယ်ဘ၀ပါလား၊ ဒါမျိုးဆိုတာ မလောင်းကောင်းပါဘူးဟယ်၊ အင်း ငယ်သေးတော့ လုပ်ချင်တာပဲ သိတာ နေမှာပါ၊ မတော် လန့်ပြီး အသက်ပါ ပါသွားရင် ပီးရော၊ အမ သာဆို အဲ့နားတင် အသက်ထွက်မယ်၊
သင်္ချိုင်းမှာ ဇီးသီးခူးစားကြမယ်
ဒီမှာ့တော့ ဇီးသီးမသီးတော့ ပန်းင်္သီးခူးကြမယ်
အချဉ်သီးဆို အချဉ်တယ်ပေါ့
အချိုသီဆို ရေခဲသေတ္တာထဲ ထည့်ပြီး ဥထားမယ်
အိုကေ?
တကယ့်ပေါက်ပေါက်ရှာရှာပါလား ကိုယ်တွေ့ဆိုတော့
ဖတ်ကောင်းတယ်စိတ်ကူးပြီးရေးရင်အဲလိုတွေးမိမှာ မဟုတ်ဘူးနော်
ငယ်ငယ်တုန်းက အကြောက်အရွံ့မရှိ ဆော့ခဲ့တာလေးတွေ ပြန်သတိရမိတယ်ဗျို့
ဒါပေမဲ့ အကိုရာ တိုင်မှာဖက်ပီး အရိုက်ခံရတာတော့ မကောင်းပါဘူးနော့်
နောက်ပီး နာမည်ပြောင်ပေးတာကလဲ တကယ့်ကို တွင်တယ်နော် အသက်ကြီးတဲ့အထိ
အနော်ဆို နာမည်ပြောင်တွေ မှတ်ကို မမှတ်မိတော့တဲ့အထိပဲ ဟီးဟီး
အကို ညောင်ရမ်းရဲ့ ငယ်ဘဝတွေက ရီရတယ်နော်
ရေးတာ အရမ်းကောင်းတယ် အကို
သယ်ရင်းရေ ညောင်ရမ်းရဲ့ ငယ်ဘဝက
သဲထိတ်ရင်ဖိုပါပဲလားဗျ
ရေခံမြေခံကောင်းတဲ့ဇီးသီးတွေ ချိုဆိမ့်နေမှာပဲ ဟီးးး
အော်ဂျစ်ညီမလေးက တစ် ရသွားတာကိုး အဟတ်
ကောင်းပါလေ့ ကောင်းပါလေ့ အမြဲတစ်ရပါစေကွယ် ငှဲငှဲ
ရင်တစ်ထိတ်ထိတ်နဲ့ ဘာများဖြစ်မလည်းဆိုပြီးဖတ်လိုက်တာ နောက်တော့ အတော်ရီရတာပဲ ဟဟ
ကိုကျိုးတော့လက်သံပြောင်တယ် ရေးထားတာ
Fantasy Game ကစားတာပေါ့ဗျာ။ ဒါပေမယ့် Myanmar က ကစားတဲ့သူသိပ်မရှိသေးဘူးဗျ။
ကိုယ့်ဆရာက ချယ်ဆီးFan မဟုတ်တာတော့သေချာပြီ။ မန်ယူFan ဆို တစ်ခုပြောခဲ့မယ်။
Burnley ကိုရှုံးသွားရလောက်အောင်တော့ စောပါသေးတယ် ကိုယ့်လူရယ်:)
ညောင်ရမ်းရဲ့ ငယ်ဘ၀က ဖတ်လို့ကောင်းတယ် သရဲမကြောက်ဘူးပေါ့နော် :P
ဇာတ်လမ်းအဖွင့်မှာ သင်္ချိုင်းကုန်းအနေအထားအရ ကိုညောင်ရမ်းငယ်ဘဝမှန်း မှန်းဆမိတယ်။ တော်တော်ဆိုးတဲ့ ကိုညောင်ရမ်းကြီးပဲ။ ကိုမြစ်ကျိုး အရေးကောင်းတယ်ဗျာ။ ဆုံးအောင် ဖတ်ဖြစ်တယ်။
ခင်မင်ခြင်းနှင့်
တလနွန်
ခေါင်းစဉ်ကြည့်ပြီး ကြောက်ကြောက်နဲ့ဖတ်တာ... ရီစရာဖြစ်နေတယ်...
သင်္ချိုင်းအကြောင်းပြောရင် "ရွှေ" ပါတဲ့ နာမည်တခုကို သွားသွားသတိရတယ်...
တိုက်ဆိုင်တာနဲ့ တူပါရဲ့... :P
ကိုးသင်္ချိုင်း.. အဲ... ကိုသင်္ချိုင်း... အဲဗျာ...ယောင်ကုန်ပြီ။... ကိုမြစ်ကျိုး...ငယ်ဘ၀ကတော့ စုံနေတာပါဘဲဗျာ။
ပုံပြင်တစ်ပုဒ်မဟုတ်တော့ ပိုဖတ်လို့ကောင်းတယ်။
ပျော်ရွှင်ပါစေဗျာ။
ဖတ်လို့ကောင်းလိုက်တာ...ရေးချက်တွေကပီပြင်တယ်ညီလေးရေ...
ကြောက်စရာတွေရော၊ပျော်စရာတွေရောပဲ။ကောင်းတယ်ဗျဖတ်လို့။ငယ်ဘ၀လေးတွေပေါ့
မကြောက်တဲ့အတိုင်းပဲကစားစရာရှားလို့နော်
ငယ်ငယ်တုန်းကဆို သင်ချိုင်း အနားမပြောနဲ့
အသံတောင် ကြားရဲတာမဟုတ်ဘူး
အဲလောက်ထိ သတ္တိကောင်းခဲ့တာ
ခုတော့ အဲဒီပိုစ့်လေးတစ်ခု ရေးဖူးတယ်
ပြန်တင်ပေးမယ်
ချစ်တဲ့
ဖိုးစိန်
ဇာတ်လမ်းက အစကနေ အဆုံးထိကို ဆွဲခေါ်သွားတာပဲဗျ။ တော်ရုံ ထူးခြားအဖြစ်ပျက်ဆို ဖတ်လေ့မရှိပေမယ့် ဒါကျတော့ တကယ်မျောပါသွားတယ်ဗျာ။ ကျနော်အစက ထင်ထားတာက အဲလို မဟုတ်ဘူး။ သူငယ်ချင်းကို တစ်ယောက်ယောက်ကများ တကယ်ဆွဲထားလိုက်သလားပေါ့။ ဟဲဟဲ။
ဒါလေးများ အသာလေး လာထား ရိုးနေပြီ ..............အကို့ မှာလဲ ခပ်ဆင်ဆင် တကဲ့ ဖြစ်ရပ်လေး..............ရှိဘူးတယ်..ဒီ ပို့ စ် လေးဖတ်မိတော့ မှ ပြန်ပြီး..........သတိရသွားတာ တွေါရင်ပြောပြမယ် ခေါင်းစဉ်လေး..မှတ်ထားလိုက် ရေတွင်းကြီးတဲ့  ခင်တဲ့ ကိုကြီး သုဒြေ္န
အကိုက တော်တော်ရေးတတ်တာပဲနော်...ငယ်နာမည် လေးခေါ်ချင်ပေမယ့် ရိုင်းမှာစိုးတယ်လေ သုန်းချိုင်းကင်း ဆိုရင်ရော...ဟိဟိ..နောက်တာနော် သမီးပျိုသာပြိုင် ပွဲဝင်ရင်လေ ကြောက်လို့သေလိမ့်မယ် ဒါကြောင့်လေ နေ့လယ်ကတည်းက ကြိုခူးထားပြီးပြိုင်တော့မယ် သရဲနဲ့ တွေ့ရင်အာဘွားပေးလိုက်မယ် အာဘွားးးးးးးး
ကိုမြစ်က သိပ်အလောင်းအစား ၀ါသနာမပါရှာဘူးပဲ။ သချိင်္ုင်းထိတောင် လောင်းရဲတယ်ဆိုတော့။ မငုံတော့ နေ့ခင်းသွားခိုင်းရင်တောင် မသွားရဲဘူး။ နာမည်လေးမဆိုးဘူးပဲ။ :))
အောင်မလေး တော်တော်ကို သတ္တိကောင်းတာပါလားနော်။ ကျားမတောင် သားလာဖောက်ဖူးတယ်ဆိုတော့ တော်တော်တော့ တောနက်မယ်ထင်တယ်နော်။ ကျားမြင်ဖူးချင်လိုက်တာ။ အရုပ်ဟုတ်ဘူးနော် အဟိ။ အခုတလော ကိုဖြူလေး ခေတ်မဟုတ်တော့ဘူးထင်တယ်။ ကိုညောင်ရမ်းက ထက်ထက်လိုပဲ ခေတ်စားနေပုံရတယ်နော်။ အဟိ ပျော်ရွှင်ပါစေ ခင်မင်လေးစားလျှက်
ညီမလေး ပုန်းပုန်း
စာရေးက လွှတ်ကောင်းကိုး ကိုယ့်လူရ
အကိုလဲ သချိုင်းဘေး ကပ်လျှက်မှာ နေတဲ့ သယ်ရင်းမိသားစုဆီ သွားသွားလည်ခဲ့တဲ့ ငယ်ဘ၀ သတိရသွားတယ်။ ခုလို ပြေပြေပြစ်ပြစ်လေး မရေးတတ်တော့ ဒီတိုင်းပဲ အမှတ်၇ထားတော့မယ်။
:-)
(rှတ်ချက်။ ။အဲဒီသယ်ရင်း အိမ်က ကိုယ်သွားလည်တိုင်း တခါမှ သရဲ မတွေ့ဖူးပါဘူး။ ရပ်ကွက်ထဲက လူတွေကတော့ သူတို့ အိမ်မှာ သရဲတေါ မွေးပြီး ခိုင်းစာူကြတယ်။ သူတို့ မတည့်တဲ့ သူတွေကို မွေးထာတဲ့ သရဲတွေ ညဘက် လွှတ်ပီး အခြောက်ခိုင်းတ်ာလို့ သိပ်နာမည်ကြီးတာ)
သင်္ချိုင်းဆိုလို့ ကျောချမ်းသွားတယ်။
ခုလဲဘာထူးလို့လဲ စိန်ခေါ်ရင် လောင်းမယ်လေ ကြာသလားလို့ ဆိုတဲ့ လူမျိုးနော် ။
တို့အကိုတွေက တော့ ဖြစ်ရမယ်.....ဝေး။
အားကြီးချစ်လေး
ဆိုးချက်
သတ္တိလည်းတော်တော်ကောင်း
ငယ်နာမည်တော့ မခေါ်တော့ပါဘူး :P
ဂွတ်တယ်ဗျာ...။ အဲဒီလို ကိုယ်တွေ့ဟာသလေးတွေ ဖတ်ရတာ အရသာရှိတယ်။
တစ် ရပြန်ပြီဗျ။။
ငဇော်ရယ် ပျင်းတောင်ပျင်းသေးတယ်နော်။
နင်တစ်ယူသလို ငါလဲ အားကျမခံ တစ်ပြန်ယူပါတယ်အောက်ဆုံးကနေ ဟဟားးးးးးးးးး
ကိုမြစ်ကြီး ပေါက်ပေါက်ရှာရှာဗျာ။
သတ္တိရှိတာကို ချီးကျူးပါတယ်။ အဟုတ်။
သမီးဆို ဒီခေါင်းစဉ်ကြီး မြင်တယ်။ အခန်းထဲမှာ တစ်ယောက်တည်းဖြစ်နေလို့ ။ ခု လူစုံတော့မှ ဒီပိုစ့်ကို ပြန်ဖတ်တာ။ ဟီးးးး အဲလောက် သတ္တိကောင်း၏။ ဟိဟိ
ဒီလဆို ကုလားတွေ ဥပုဒ်တဲ့ဗျာ။ ညည မနက်တစ်နာရီမှ ဆိုင်ပိတ်တယ်။ အပေါ့သွားချင်ရင် တစ်ယောက်တည်းမသွားရဲလို့ မနေ့ကတောင် ဆိုင်က ကုလားကြီးကို အပေါက်ဝထိလိုက်ပို့ ခိုင်းရတယ်။ လူမရှိလို့ လေ။ ဟီးးးးးးးး
အမှန်က ကြောက်တာ တော့ မဟုတ်ပါဘူး။ တစ်ယောက်တည်း အရမ်းတိတ်ဆိတ်နေရင်၊ အဲလိုလေးတွေပေါ့ ဟဲဟဲ မနေတတ်တာပါ။ လေးစားတယ် ကိုသင်္ချိုင်းကြီးကို အဲ.. ကန်တော့ ဟီးး ကိုမြစ်ကြီးကို.... ဟိဟိ
Post a Comment