ရင်ခွဲရုံမှ အဖြစ်အပျက်

19 April 2010

သန်လျင်ဆေးရုံဝင်းထဲက ရင်ခွဲရုံမှာ ထားတဲ့ အလောင်းတွေရဲ့ ကိုယ်အင်္ဂါတွေ ပျောက်ဆုံးနေတဲ့ သတင်းတစ်ခု ဒီရက်ပိုင်းမှာ forward mail အဖြစ်နဲ့ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီသတင်းထွက်ပြီး နောက်ပိုင်းမှာ နောက်ထပ် forward mail အဖြစ်နဲ့ ထပ်ရောက်လာတဲ့ သတင်းကတော့ ပျောက်ဆုံးသွားတဲ့ အသားစတွေကို အဘွားကြီး တစ်ယောက်က ဟင်းလျာ အဖြစ်စားသောက်နေတာပါ ဆိုတဲ့ သတင်းပါပဲ။

ဒါနဲ့ပဲ ဒီနေ့ အိမ်ကို ဖုန်းဆက်ဖြစ်တော့ အဲဒီ အကြောင်းကို အဓိက မေးဖြစ်လိုက်တယ်။ ကိုယ့်မြို့ကအကြောင်း ဖြစ်တာကြောင့် စိတ်ဝင်စားပြီး မေးဖြစ်ခဲ့တာပါ။ ဖြစ်ရပ်ရဲ့ တရားခံ အစစ်ကို အတိအကျ မဖော်ထုတ် နိင်သေးပေမယ့် စိတ်ဝင်စားစရာ အချက်အလက်လေးတွေ သိလာရပါတယ်။ ပို့စ်အဖြစ်ရေးဖို့ မရည်ရွယ် ထားပေမယ့် ကျွန်တော် ဘာမှ မလုပ်ဘဲ ပို့စ်တက်တယ် ဆိုတာ ထပ်ဖြစ်ပြန်တော့ စာလာဖတ်သူတွေကို အားနာပြီး ဒီအကြောင်းအရာလေးကို မြန်မြန်ရေးပြီး တင်လိုက်တာပါ။ သိမ်းထားတဲ့ ပို့စ်အဟောင်းတွေလည်း မတင်ချင်တာရယ် ဒီအကြောင်းက အနည်းငယ်တော့ စိတ်ဝင်စားဖို့ ကောင်းမယ် ထင်တာရယ်ကြောင့် တင်ဖြစ် လိုက်တာပါ။

အဲဒီအကြောင်းအရာကို ကျွန်တော် အဓိက မေးဖြစ်တာကတော့ ကျွန်တော့်အစ်မကိုပါပဲ။ သူပြောပြတဲ့ ပုံစံအရဆို ရင်ခွဲရုံက အဘွားကြီးက မသင်္ကာစရာ ဖြစ်နေပါတယ်။ ဒုတိယ forward mail ထဲက လူသားစားတယ်လို့ ရည်ညွှန်း ထားတဲ့ အဘွားကြီးပါ။ အဲဒီ အဘွားကြီး အကြောင်းက စိတ်ဝင်စားစရာတွေ ရှိနေပါတယ်။ ကျွန်တော့် အကိုရဲ့ ဇနီး သန်လျင်ဆေးရုံမှာ မီးဖွားတော့ ကျွန်တော့်အစ်မက လူနာစောင့် လုပ်ပေးခဲ့တယ်။ အဲဒီတော့ အထက်က ရည်ညွှန်းထားတဲ့ အဘွားကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီအဘွားကြီးက အသက် ၆၀ လောက် ရှိပြီး ထောင်ထောင်မောင်းမောင်း ပါပဲ။ ညစဉ် အရက်သောက်တတ် သလို စရိုက်ကြမ်းတယ်လို့ သတ်မှတ်ထားကြတယ်။ ဆေးရုံတက်တဲ့ မီးဖွားလူနာတွေရဲ့ အဝတ်အစားတွေ အဓိကကတော့ ထမိန်တွေကို အတင်းကို ယူလျှော် တတ်တယ်။ အဓိကက ငွေရဖို့ ဆိုပါတော့။ ဆေးရုံမှာ ခရမ်းရောင် ဝတ်တဲ့ သန့်ရှင်းရေး လုပ်သလို ဆေးရုံမှာလည်း သူ့အသံ အဆူညံဆုံးပါတဲ့လေ။ စရိုက်ကြမ်းတော့ အော်ကျယ်အော်ကျယ် ပြောတတ်တယ်လို့ ဆိုလိုချင်တာပါ။ သူက ဆေးရုံသန့်ရှင်းရေး လုပ်တဲ့ အပြင် သူ့ရဲ့ အဓိက ဝင်ငွေရတဲ့အလုပ်က လူသေတွေကို ရင်ခွဲတဲ့ အလုပ်ပါပဲ။

လွန်ခဲ့တဲ့ ၄ ၊ ၅ နှစ်ရဲ့ လူသေတစ်လောင်း ရင်ခွဲနှုန်းက ၂သောင်းပါ။ သူက လူသေတစ်လောင်း ရင်ခွဲပေးတိုင်း ငွေ ၂ သောင်းရပါတယ်။ အရင်က လူသေရင်ခွဲ တဲ့အလုပ်ကို သူ့ယောကျာ်း လုပ်ခဲ့တာပါ။ သူ့ယောကျာ်းဆုံး သွားတော့ သူကဆက်ပြီး လုပ်ကိုင်တယ်ပေါ့။ အဲဒီအချိန်က ဆေးရုံမှာ လူသေရင်ခွဲတဲ့သူက နှစ်ယောက်ရှိပါတယ်။ အဲဒီအဘွားကြီးရယ် နောက်ထပ် ကုလားတစ်ယောက်ရယ် ရှိတယ်။ လူသေတစ်လောင်း ခွဲတိုင်း နှစ်သောင်းရတော့ သူတို့ နှစ်ယောက်က လုပြီးတောင် ခွဲရတယ်ဆိုပဲ။ အစ်မကိုပြောရင်း ကုလားထက်ဦးအောင် သော့ဖွက်ထားရတယ်လို့ ပြောပြီးသူ့ရင်ဘတ်ထဲမှာ ဖွက်ထားတဲ့ ရင်ခွဲရုံသော့ ကိုပါ ထုတ်ပြခဲ့သေးတယ်တဲ့။ ဈေးကွက်လုရတဲ့ သဘောနဲ့ တူပါတယ်။

သူ့လိုပဲ ကုလားကလည်း သူဦးတဲ့အခါ ရင်ခွဲရုံ သော့ကို ဖွက်ထားတတ်တယ်။ တစ်ခါတော့ လူသေတစ်လောင်းကို မနက်မှ ရင်ခွဲမယ် ဆိုပြီး ကုလားက သော့ဖွက်ထားတယ်တဲ့လေ။ ဒီတော့ အဲဒီအဘွားကြီးက ည ၁၂ နာရီလောက် ရင်ခွဲရုံ ပြတင်းပေါက်ဖျက်ဝင်ပြီး လူသေကိုရင်ခွဲတယ်တဲ့။ ဒါတွေက အဲဒီ အဖွားကြီး ကိုယ်တိုင် လူနာစောင့်တဲ့ ကျွန်တော့်အမကို ပြောပြခဲ့တာပါ။ (မနက်ရောက်တော့ ကုလားလည်း ငွေ ၂သောင်းပျောက်သွားတော့ ရင်နာမှာပါပဲ။) သူနဲ့ ကျွန်တော့်အစ်မ စကားတွေ ပြောရင်း အစ်မက ထုံစံ အတိုင်း အဒေါ် မကြောက်ဘူးလား မေးတာပေါ့။ ငါ့ကိုသူတို့ကတောင် ပြန်ကြောက်ရမှာပါတဲ့ဆိုပြီး ပြန်ဖြေပါတယ်။

လူသေတွေကို ရင်ခွဲတဲ့အခါ အတွင်းကလီစာတွေ ဘယ်မှာ သွားထားလဲ မေးတော့ ရင်ခွဲရုံ ပါတ်ဝန်းကျင် တစ်ဝိုက်မှာ မြုပ်ထားတယ် လို့ပြန်ဖြေပါတယ်။ ဒါနဲ့ အစ်မလည်း ဆက်မေးတယ်တဲ့။ အဒေါ့်ကို သရဲ မခြောက်ဘူးလား မေးတော့ အဘွားကြီး ပြန်ဖြေတာက တစ်ခါကတော့ အိမ်မက်ပေးတယ်တဲ့။ ဘယ်လိုအိမ်မက် လည်းဆိုတော့ အဘွားကြီးက လူသေတွေ ရင်ခွဲတိုင်း လူအဆီ တွေကို အိမ်ယူလာတတ်တယ်။ တစ်ခါတော့ လူဆီကို အိမ်ယူလာပြီး အုန်းမှုတ်ခွက်နဲ့ ထည့်ချက်တယ်တဲ့ လူဆီကဆေးဖက်ဝင်တယ်တဲ့လေ။ ညရောက်တော့ ကာယကံရှင်က သူ့အဆီတွေ လာပြန်ထား ဆိုပြီး ရက်ဆက် အိမ်မက် မက်တာနဲ့ သွားပြန်ထားပေး လိုက်ရတယ်ဆိုပဲ။

ဘယ်မှာ ဘယ်လိုပြန်ထား ထားလည်းတော့ မသိပါဘူး။ ထင်တာတော့ ကလီစာတွေနဲ့ အတူ ပြန်ထည့်မြုပ်တာနဲ့ တူပါရဲ့။ ဒီလောက်ဆို သူ့စရိုက်ခပ်ကြမ်းကြမ်းကို မှန်းလို့ ရနိင်ပါတယ်။ ဒါတွေက အဘွားကြီး ကိုယ်တိုင် ပြောပြတာကို ကျွန်တော့် အစ်မက ပြန်ပြောပြတာပါ။ အခုဖြစ်နေတဲ့ လူသေအလောင်းတွေ က အစိတ်အပိုင်းတွေ ပျောက်ပုံကို ဆက်မေးဖြစ်တော့ တိရိစ္ဆာန်ကိုက်သလို သွားရာ တွေ မရှိဘဲ ဓါး ဒါမှမဟုတ် ထက်မြတဲ့ အရာဝတ္ထုနဲ့ လှီးသလို တိတိရိရိ ပြတ်တာတွေတဲ့။ (သူတို့ကိုယ်တိုင် သွားကြည့်ထားတာမဟုတ်ဘဲ အနီးစပ်ဆုံး ပြန်ကြားတာကို ပြောတာဖြစ်လို့ ဓါးနဲ့လှီးဖြတ်တယ် ဆိုတာလည်း သတင်းအမှား ဖြစ်နိင်ပါတယ်)။ နောက်ဆုံး ဖြစ်ခဲ့တာက ရေနစ်သေတဲ့ အလောင်းမှာ အသားတစ်ချို့ မရှိတာတဲ့လေ။ ဟိုထင်ဒီထင်နဲ့ မြို့နေလူထုလည်း ထိတ်လန့်ရတယ်လို့ ပြောပါတယ်။ စီစီတီဗီကင်မရာတွေ တပ်တယ်လို့ ပြောပေမယ့် အခုထိ မတပ်ရသေးဘူးလို့လည်း ပြောကြပါတယ်။

အဘွားကြီးကို ပိုပြီး မသင်္ကာဖွယ်ရာ ဖြစ်ရတဲ့ အကြောင်းကလည်း ရှိပါတယ်။ အဲဒါကတော့ အဘွားကြီး ကိုယ်တိုင်က အိမ်နီးနားချင်းတွေကို လူသားစားကောင်းတယ်လို့ ပြောဖူးတယ်တဲ့လေ။ ဒီတော့ အဘွားကြီးကို ရဲစခန်းခေါ်စစ်တယ်လို့ ပြောကြပါတယ်။ မြို့ကလူတစ်ချို့ကတော့ ဒီအဘွားကြီးကိုပဲ မသင်္ကာ ဖြစ်နေကြတာပါပဲ။ တစ်ခြားသတင်းတွေ အရတော့ အဘွားကြီးကို သရဲဝင်ပူးပြီး ဒီလိုတွေ လုပ်တယ်လို့လည်း ပြောကြပါတယ်။ တစ်နေရာ တစ်မျိုးနဲ့ သတင်းတော့ စုံနေတာပါပဲ။ အခုချိန်မှာ ဘယ်သတင်း အမှန်ရယ်လို့တော့ ကောက်ချက်ဆွဲဖို့ မလွယ်သေးပါဘူး

မနေ့က ကျွန်တော့်အကို ဇနီးကိုယ်တိုင် အိမ်ပြန်လာရင်း မြင်ခဲ့တာတော့ ရင်ခွဲရုံနားမှာ ကားနောက်ခန်းကို ဖွင့်ပြီး အဲဒီအဘွားကြီးနဲ့ လူတစ်ချို့ကို ကားပေါ်ခေါ်တင်နေတယ်တဲ့။ ကားပေါ်တင်တဲ့သူက သန်လျင်က နတ်စင်တစ်ရာ ဆရာတော်ပါ။ နတ်စင်တစ်ရာ ဆရာတော်က ပရောဂ တွေလည်း နိင်နင်းတယ်လို့ နာမည်ကြီးပါတယ်။ ဒီတော့ သရဲဝင်ပူးတယ်ဆိုတဲ့ သတင်းကလည်း ဖြစ်နိင်ချေ ရှိနေပါတယ်။ စကားတို့ရဲ့ ထုံးစံအရ ကားတတ်တဲ့ သဘောလည်း ရှိနေတော့ ဘာကိုမှ ကောက်ချက်ဆွဲလို့လည်း မရပါဘူး။ ထင်တာတွေ အားလုံး မှားယွင်းတာလည်း ဖြစ်နိင်ပါသေးတယ်။

ကျွန်တော့် အစ်ကိုတစ်ယောက် ကိုတော့ ခိုင်မာတဲ့ သတင်းစုံစမ်းပေးဖို့ မှာထားပါတယ်။ တိကျသေချာတာ သိလာခဲ့ရင် ဒီပို့စ်လေးကိုပဲ ထပ်ဖြည့်ပြီး တင်ပါ့မယ်။

(ဒီပို့စ်နဲ့ ပါတ်သတ်ပြီး ထင်တာတွေ အားလုံးမှားယွင်းတာလည်း ဖြစ်နိင်ပါတယ် ဆိုတာ ထပ်ပြောထားပါရစေ။ ကြားရသမျှမှာ စိတ်ဝင်စားဖွယ်ရာလေးတွေ ပါလို့ ရေးဖြစ်တာပါ။ သတင်းအမှန်ကတော့ မကြာခင် ပေါ်လာမယ်လို့ ထင်ပါတယ်။)

46 comments:

သူကြီးမင်း (တုံးဖလား) said...

အော်... ဖြစ်စဉ်က ဒီလိုကိုး။
ဖော်ဝါ့ဒ်မေးတွေ ဖတ်ရပါတယ်။ အဲဒီအကြောင်းပေါ့။ ဒါပေမဲ့ ကောလာဟလဘဲ ဖြစ်မှာပါလို့ ထင်ခဲ့တာ။ အခုလို သန်လျင်မြို့သားတွေရဲ့ သက်သေတွေကိုပါ ယူပေးပြီး ဖော်ပြပေးတော့ ဒီအဘွားကြီးကို မသင်္ကာစရာ ပိုဖြစ်လာတယ်။ လူသားက စားမိရင် ထပ်ပြီးစားချင်တတ်တယ်တဲ့။ မူးယစ်ဆေးတစ်မျိုးလိုပေါ့။

သတင်းတွေထူးလာရင် ထပ်ဖတ်ချင်ပါသေးတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ။

ဒူကဘာ said...

ဒို့ ငယ်ငယ်က ကြားဖူးတဲ့ သိဒ္ဓိရဖို့ လူသားစားတဲ့ ဘုန်းကြီး ဦးလာဘ လိုလား? ဒါမှ မဟုတ်ယင် ကြေးအိုးဆိုင်ချင်း တိုက်ခိုက် သလို ကြေးအိုးထဲက ကလီစာတွေက ထည့်ရောင်းတယ် ဆိုတဲ့ သဘောလား ? သေခြာယင် ဘာမှ မဟုတ်ပေမဲ့ ဒို့ ရာဇဝင်မှာ ငါ့စကော တပ်ကြီး တက်လာလို့ ပြည်ပျက်ကိန်းလို ရှားပါးတဲ့ ဘဝဆိုးထဲက ဒို့လူတွေ အတွက် ဟုတ်သည် မဟုတ်သည် ဆိုပေမဲ့ စိုးရိမ်မိသား။

kiki said...

ဒီ သတင်းကို ဖတ်ဖူးနေတာတော့ ကြာပြီ ။
တိရစ္ဆာန် တကောင်ကောင်ပဲ ကိုက်သလိုလို နဲ့ လေ ။
ဒေသခံ က ပြောတာ ဆိုတော့ လည်း ယုံ ရခက် မယုံ ရ ခက် ပါပဲ ။ ဘာပဲ ဖြစ်ဖြစ် သတင်း အသစ် အဆန်း ကြားရတာ ကျေးဇူးပါ ..

(၁) ဒါဆို ရဲ တွေက ဘာလုပ်နေကြတာလဲ ????။လုသေ အလောင်း ဖျောက်ဖျက်မှု ထဲ အကျုံးဝင်မယ် ထင်တယ် ။
(၂) လူသေကို ရင်ခွဲတာ မှု ခင်းဆရာဝန်ရဲ့  အလုပ် လေ ။ ဒီလိုတွေ ဖြစ်နေကြတယ် ဆိုတော့ ဒီအဖွားကြီးကို ပဲ မှုခင်းဆရာဝန်များ ခန့်ထားလိုက်သလား နော် ...
(၃) ဒီလောက်တောင် သတင်းထွက်နေတာ အစိုးရက ဘာမှ မဆောင်ရွက် ပေးဘူးလား ။
ဥပမာ .. စုံထောက် ကြီး ဂျိမ်းစ်ဘွန်း ကို ငှားတာ ပြုတာ မျိုး လေ ..း)) .. ဖြစ်စေချင်တာ တွေ .. ပြောကြည့်တာ ပါ .

တကယ်ဆို သင်္ကြန်သွေးစွန်းတာ တောင် ဘာမှ မသိလိုက်တာ ကြီး ကို နော် .. လူသေ အလောင်း ပျက်တာ လောက် ကိုတော့ ဒီင်္လောက်ကြီး အရေး တယူ ဖေါ်ထုတ်ပေးမယ် မထင် ပါဘူးလေ....

သံလျှင်သားများလည်း ကြောက်ရွံ့  ခြင်းကင်းစွာ နဲ့  ချမ်းမြေ့ ကြပါစေ ..

မေဓာဝီ said...

ဖတ်ရတာ ကြောက်စရာကြီးပါလား။
လူသားစားမိတဲ့ ပေါရိသာဒမင်း အကြောင်းတော့ ဖတ်ဖူးတယ်။
လူသားက စားမိရင် စွဲသွားတာ ထင်ပါရဲ့။ အဖွားကြီးက သရဲပူးလို့ စားတာပဲလား၊ ငတ်လို့ စားစရာမရှိတာနဲ့ စားကြည့်ရင်း ကြိုက်သွားလို့ ဆက်စားဖြစ်တာပဲလား ... ကာယကံရှင်မှသိမှာပဲ။ နောက်ဆက်တွဲ သတင်းကိုလဲ စိတ်ဝင်တစား စောင့်နေပါမယ်။

ဂျစ်တူး ( မုံရွာ ) said...

အင်း---
ဒီနှစ်သစ်ကတော့မကောင်းတဲ့သတင်းတွေကြီးပါလားဗျာ-
စိတ်ညစ်တယ်-

ကိုအောင် said...

စိတ်ဝင်စားစရာပဲဗျာ၊ နောက်ထပ်သိရတာရှိရင် ပို့စ်တင်ပါအုံး။

ကိုညီမင်း said...

လူတွေလည်းဘာဖြစ်ကုန်ပြီလဲမသိဘူး နောက်ဆက်တွဲသိချင်တယ်ဗျာ စိတ်ဝင်စားစရာပဲ

ကိုဇော် said...

စရိုက် အရတော့ ဖြစ်နိုင်တာပါပဲ. . .
အရက်သောက်တယ် ဆိုတော့ ဒီလို စားဖြစ်သွားဖို့ ၉၀ % ပိုဖြစ်နိုင်တယ်။
သေသေချာချာ ထပ်သိရရင် ကောင်းမယ်။

Nge Naing said...

လူ့ခန္ဓာကိုယ်ဆိုတာ ရောဂါပိုးများစွာရဲ့ ပျော်မွေ့ရာ နေရာဖြစ်လို့ ဒီလိုအလုပ်မျိုးကို လုပ်တဲ့သူဟာ အနည်းဆုံးတော့ Microorganisms အကြောင်းကို မသင်ပေးထားဘဲနဲ့ ခန့်ရင်အန္တရယ်ရှိတာ အမှန်ပဲ။ ဆေးရှုံSupervisor က သော့မကိုင်ဘဲ ရင်ခွဲဖို့လူနာကို လုပြီးခွဲတယ်၊ သော့ကို ရင်ခွဲတဲ့ Staff တွေက ၀ှက်ထားလို့ ရတယ်ဆိုတာတွေကလည်း အထူးအဆန်းပဲ။ မြန်မာပြည်က ဆေးရုံတွေက ရင်ခွဲရုံမှာ လုပ်တဲ့ Staff တွေမှာ အချိန်နဲ့ တာဝန် လုပ်ပိုင်ခွင့်တွေ စနစ်တကျ ခွဲဝေထားတာ မရှိဘူးထင်တယ်။ စိတ်ဝင်စားစရာလည်းကောင်း၊ ကြောက်စရာ လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်စရာ ကောင်းတာတော့ အမှန်ပဲ။ နောက်ထပ်ပို့စ် တင်နေတာကို မျှော်နေပါတယ်။

ahphyulay said...

ငယ်ငယ် က ကြားဘူးတဲ့  “ဦး လာဘ ” လို ဖြစ်နေပြီ။
သူ့ က တော့  အရှင်ကို သတ်စား တာ ၊
သူ့ ကို မိတော့  ကျားစာ ကျွေး ပစ်ရတယ် တဲ့  ။

ပိုးပိုး said...

ထပ်သိချင်သေးတယ် စုံစမ်းပေးပါဦးရှင့်...

ရွှေရတုမှတ်တမ်း said...

ဆားပုလင်းဘကျောက်။ ။ အိုင်ဆေး ကိုမျှစ်ချိုးရေ...ဒီအမှုတွဲ ကျွန်တော်ဆီရောက်မလာသေးဘူးဗျ၊ လောလောဆယ်ကျွန်တော်လဲ အဆန်းတကျယ်လုပ်တဲ့အမှုတွေနဲ့ မအားသေးဘူးဗျာ

စန္ဒကူး said...

အဲဒီမေးလ် ရလိုက်တယ်..
ထုံးစံအတိုင်း လူစကား ကား တတ်တော့ စိတ်မ၀င်စားမိဘူး။
အခုတော့စိတ်ဝင်စားလာပီ...
အဖြစ်မှန်ကိုသိချင်တယ်..

ကာရံဆူး said...

လူတွေလဲ ဘာတွေဖြစ်နေပြီလဲ မပြောတတ်တော့ပါဘူး...အမျိုးတူချင်းစားရင်တော့ ပြည်ပျက်တော့မှာပဲ...ဒီနှစ်သစ်မှာ မကြားဝံ့ မနာသာတွေ များလိုက်တာ..လူသားအားလုံး အဆင်ပြေ ငြိမ်းချမ်းပါစေ...

ချစ်ကြည်အေး said...

ရေနစ်သေတဲ့ အလောင်းကတော့ ရေသတ္တဝါတွေ ထိုးစားတာ မဖြစ်နိုင်ဘူးလား...၊ ဒီအဖွားကြီရဲ့ စရိုက်ကလဲ ဖြစ်နိုင်ခြေ ရှိတာပဲ၊ အသားလှီးပြီး ရောင်းစားတာလဲ ဖြစ်နိုင်တာပဲ။ အဲသလို အလောင်းခွဲသူတွေဟာ ညဆို အိပ်မရတတ်ကြလို့ အရက်သောက်အိပ်ရင်း အရက်စွဲသွားကြတာလို့ ကြားဖူးတယ်။ လူတွေကတော့ မလှစုန်းရိုး ထင်တတ်ကြတော့ကာ ပြောဖို့တော့ ခက်သား....

ထပ်ပြီးသိလာရင် မျှဝေပါအုံးလေ...

~ဏီလင်းညို~ said...

မျှစ်ရေ......
တစ်ကယ်လားဆိုတာတော့ စာဖတ်ပြီးတဲ့အခုချိန်ထိ သံသယရှိနေတုန်းပဲ.....။
စကားဆိုတာ သိတဲ့အတိုင်းမို့လား....း)))
ဘာပဲဖြစ်ဖြစ် သိရတဲ့အတွက် တိုင်းကျူးစ်....
စောင့်ဖတ်နေဦးမယ်.........
ခင်မင်တဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

အဲဒီမေလ်းတွေ ရောက်တော့ ဖတ်ပြီး ကောလဟာပဲ ဖြစ်မှာပါလေ ဆိုပြီး ထားလိုက်တာ။ အခု ကိုမြစ်ကျိုးအင်းရေးမှပဲ စိတ်ဝင်စားလာတယ်။ သက်ဆိုင်ရာ ဆေးရုံက တာဝန်ရှိသူတွေ ပေါ့ရော့တာ ရာနှုန်းပြည့်ပဲ။ ရင်ခွဲတယ်ဆိုတာ ဒီလို တွေ့ကရာလူ ခွဲလို့မှ မရတာ။ ဆေးရုံရဲ့ ရင်ခွဲရုံသော့ကို ဒီလိုယူထားလို့ ရတယ်ဆိုတာလည်း ခုမှ ကြာဘူးတယ်။ ထူးဆန်းတဲ့ သတင်းဖြစ်လို့ နောက်ဆက်တွဲကို စောင့်ဖတ်မယ် ကိုမြစ်ကျိုးအင်းရေ... ။ စုံစမ်းမှုလေး မြန်မြန် အောင်မြင်ပါစေနော်..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

မောင်မိုး said...

ပထမဆုံး ဒီသတင်းကို ကြားရချင်းတော့ ကြွက်တို့ ဘာတို့များ အလောင်းတွေကို ကိုက်သလားပေါ့။ ကိုမြစ်ရေးထားတဲ့ ပုံစံအတိုင်းဆို တော်တော်ကို စိတ်ဝင်စားစရာကောင်းနေပါပြီ။ စောင့်ဖတ်ကြတာပေါ့ဗျာ။ သတင်းလေးဘာလေးထူးရင် တင်ပေးပါဦး။

အင်ကြင်းသန့် said...

ဟုတ်တယ် ကိုမြစ်ကျိုးအင်း...တော်တော်တော့ စိတ်ဝင်စားစရာကောင်းနေပြီ....တကယ်လို့ နောက်ဆက်တွဲ သတင်းလေးများသိခဲ့ရင်လည်း ဆက်ပြီး မျှဝေပေးစေချင်ပါတယ်...

မြတ်မွန် said...

ကြောက်စရာဇာတ်လမ်း တစ်ပုဒ်လိုလို..
လူသားစား ရုပ်ရှင်လိုလို နဲ့..ဖတ်ရင်း ဖတ်ရင်း အမလေး ကြောက်စရာကြီး..
စိတ်ဝင်စားဖို့ကောင်းတယ်..
ဆက်ဖတ်ချင်သေးတယ်..ဦးမြစ်ရေ..

ပိုးဟပ်လေး said...

မေးလ်ထဲကို ရောက်လာတော့
သိပ်တောင် မထင်ဘူး ကောလဟာလ
လို့ပဲထင်နေတာ
နောက်ပြီး ကြွက်တို့ဘာတို့လိုမျိုး အကောင်ကိုက်တာ
ကို ပုံကြီးချဲ့ ပြီးလျောက်ပြောတာ အောက်မေ့နေတာ...
နောက်တော့ CCTV လည်းတပ်တယ်တဲ့ ပြီးတော့ မိသွားတာက
အဖွားကြီးတဲ့ ဟီးးးးးးး ပြောရင်း ကြက်သီးတောင်
ထလာပြီ... သရဲခြောက်နေတာအောက်မေ့လို့

မိုးခါး said...

း(

သမီးကြီး said...

ကိုမြစ်ကျိုးအင်းရေ
အစ်ကိုတို့လို နယ်ခံတွေပြောတာကတော့ ပိုသေချာတာပေါ့နော်။ ကျွန်မ ကြားတာက မြွေပါလိုအကောင်တစ်ကောင် လာစားနေတာတဲ့။ cctv camera ကနေတွေ့ရတာတဲ့။ ဒါနဲ့ကျွန်မတို့လည်း မထူးဆန်းပါဘူးဆိုပြီး ပြောနေကြသေးတယ်။ ဒါပေမယ့် အခုအတိုင်းဆိုရင် ကျွန်မ ကြားတာ သတင်းမှားဖြစ်မယ်။ ခုလိုပြောပြပေးတာ ကျေးဇူးနော်။ စိတ်ဝင်စားလို့ ဒီသတင်းထပ်ရရင် ပြောပြအုန်းနော်။

ကေသရီ said...

ဒီမေးလ်ကို မဖတ်ဖူးသေးပါဘူး။ အခု ကိုမြစ်ပိုစ့် တင်လိုက်မှ သိရတာ။ စိတ်ဝင်စားဖို့ကောင်းသလို ဘာဆက်ဖြစ်မလဲဆိုတာလည်း သိချင်ပါတယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

သတင်းထူးလေးမို့ ဆက်ပါဦးဗျာ..

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

မေဇင် said...

ဒီသတင်း ကို စိတ်ဝင်စားနေတာ..... လူသေ အသားစ တွေပျောက်တယ် ပြောတယ်လို့ စာဖတ်ရကတည်းကပဲ...ကင်မရာ တပ်ထားပါတော့လား လို့ အားမလို အားမရ တွေးမိသေးတယ်....ကြောက်စရာပါလား...း(((

စိုင်းမွန်း said...

ကိုမြစ်ရေ..........
လာဖတ်သွးတယ်ဗျ.............
ဘာရယ်တော့မဟုတ်ဘူး........... တစ်မျိုးပဲနော်.........

ဆောင်းနှင်းရွက် said...

ကြောက်စရာကြီးး.. >>>

ညလင်းအိမ် said...

စိတ်ဝင်စားတယ် ကိုမြစ် ...
သေချာသိရင် ပြောပါဦး ...

littlebrook said...

စားလည်း ဘာမှတော့မဖြစ်ဘူးနဲ့တူတယ်
အသုဘရှင်ကတော့ စိတ်ဆိုးမှာပေါ့ ..
သေပြီပဲဟာ ...နိုင်ငံတစ်ခုမှာ အလောင်းကို မြေမချ၊ မီးမရှို့ဘူး အစိတ်အပိုင်းသေးသေးလေးတွေဖြစ်အောင် ခုတ်ထစ်ပီး ငှက်တွေ ခွေးတွေကို ကျွေးပစ်လိုက်တာ ကြည့်ဖူးတယ် .. အဲ့ဒါအကောင်းဆုံးနည်းပဲ

Angel Shaper said...

အင်းးးလန့်စရာ.....စိတ်ဝင်စားစရာပဲ...
အဲဒီအဘွားကြီးတော့ လူစိတ်ကုန်နေပြီထင်ပါရဲ့.....ဟင်းးးးးး

တလနွန် said...

ကိုမြစ်

စိတ်ဝင်တစားဖတ်သွားပါတယ်ဗျာ... နောက်ထပ်လည်း ဖတ်ချင်သေးတယ်...

ခင်မင်လျက်

အနော် said...

အမငီး.. ငယ်ငယ်က လူကြီးတွေက လူသားစားတဲ့ ဦးလာဘကြီးအကြောင်းပြောရင် ကြောက်လို့ တစ်ယောက်တည်းမအိပ်ရဲဘူး.. ညက အကိုပြောတော့ ပို့စ်ကို ပြေးဖတ်ပီး ကြောက်လို့ ဘုရားစာ ရွတ်နေရတယ်.. :(..
အရက်လဲ သောက်တယ်.. လူသေတွေကိုလဲ မကြောက်မရွံ့ ရင်ခွဲရဲတယ်ဆိုတော့ လူသားကို စားတယ်ဆိုတာ တကယ်ဟုတ်မှာ.. နောက်ပီး လူဆီကိုလဲ အိမ်ကိုသယ်သွားသေးတယ်ဆိုတော့... ကြောက်စရာကြီးနော် :(

Moe Tain Nyo said...

တော်တော်ကို ထူးခြားပြီး ကြောက်စရာကောင်းတဲ့ သတင်းပဲဗျ။ တကယ့် အဖြစ်မှန် သေချာသိချင်လိုက်တာ ဗျာ။

sosegado said...

သန်လျန်ဆိုတာ ရန်ကုန်နီးပေမဲ့ မြို့ငယ်လေးပါပဲ၊ ရင်ခွဲရုံနှင့် ပတ်သက်တဲ့သူ အားလုံး သံသယ ဖြစ်ကြပါတယ်၊ ဒီကိစ္စ အတိုင်ခံရလို့ ရဲ၊အက်စဘီ၊ ဆရာဝန်က အစ ထုထောင်းတွေလဲခံကြရတယ်တဲ့၊ အက်စဘီက ဆေးရုံနှင့်နီးတယ်လို့ ပြောရမှာပဲ၊ အဘွားကြီးကို မသင်္ကာစရာ ပိုဖြစ်လာတယ်၊ အဘွားကြီးလည်း တစ်ရက်နီးပါးစစ်ခံရတယ်ဆိုလား၊ အတွင်းကလီစာတွေ မြုပ်တာကစတာပါ၊ စားနေကျ အကောင်တွေက မမြုပ်တော့ ရှိတဲ့ဆီကိုလာစားတာတဲ့၊
စိတ်ဝင်စားတယ် နောက်ဆုံးသတင်းလေးလုပ်ပါဦး။

Steve Evergreen said...

မြန်မာပြည်တုန်းက လူသေ အလောင်းပေါင်း ရာကျော်ခွဲဘူးလာတယ်။ မှူခင်းဆရာဝန်လုပ်ခဲ့တာပါ။ လူသေ ခွဲတယ် ဆိုတာ တာဝန်ကျဆရာဝန်မပါပဲ ခွဲမရာပါ ။ တကိုယ်လုံးက ဒဏ်ရာတွေကို သူ့ရဲ့ စာအုပ်မှာ သေသေချာချာ မှတ်တမ်းတင်ရတာပါ။ အထက်မှာ ရေးထားတာ က အဖွားကြီး သူ့ ဟာသူ ညမှာ ဝင်ခွဲတယ် ရေးထား လို့ ပြောရတာပါ။ ရင်ခွဲရုံ ဝင်ထမ်း တွေက ဆရာဝန် ကြည့်ချင်တာ ကို ခွဲပြရတာပါ။ စိတ်တိုင်းမကျရင်လဲ ကိုယ်တိုင်ဝင်ခွဲရတဲ့ အခါတွေရှိပါတယ်

Anonymous said...

သတင်း ဖတ်ရကတည်းက စိတ်ဝင်စားနေတာ ဗျ..။

ကူးလွေ့

Anonymous said...

မှု့ခင်းနဲ့ဆိုင်တဲ့ လူသေလောင်းတွေ၊ ရောဂါ အမည် ရှာမရပဲ သေဆုံးတဲ့လူနာတွေ၊ ဆေးရုံရောက်ပြီး ၂၄ နာရီတွင်း သေဆုံးတဲ့ခါမျိုးတွေမှာ ဆေးရုံက ရင်ခွဲရုံတွေမှာ သေဆုံးရတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ ရင်ခွဲ စစ်ဆေးကြပါတယ်။

မှု့ခင်း ကိစ္စတွေက လွှဲလို့ ကျန်တဲ့ ရင်ခွဲမှု့ကို လူနာရှင်က သဘောတူမှ လုပ်လို့ရတယ်။

ရင်ခွဲ စစ်ဆေးတာကို သေဆုံးတဲ့သူကို တာဝန်ယူ ဆေးကုတဲ့ ဆရာဝန်၊ ရောဂါဗေဒ ဆရာဝန်နဲ့ မှု့ခင်းဆိုင်ရာ ဆရာဝန်တွေက ခွဲတာပါ။

ရင်ခွဲရုံ ၀န်ထမ်းတွေက ဆရာဝန်ကို ကူညီ လုပ်ကိုင် ပေးကြတာပါ။

ရင်ခွဲ စစ်ဆေးတာကို မနက် ၈နာရီကနေ ညနေ ၄ နာရီတွင်း အလုပ် ချိန်မှာပဲ လုပ်ရတယ်။

နယ်ဆေးရုံတွေမှာ ဆို မီးမရှိတာများတာမို့ ရာသီဥတု လင်းလင်းထင်းထင်း ရှိမှ ခွဲရတာမျိုး၊ ညနေ ၂နာရီ ကျော်ရင် မခွဲတော့ဘူး။ခွဲရင်းနဲ့ ညနေစောင်းမှာ အလင်းရောင် ကောင်းကောင်း မရနိုင်တာတွေကြောင့်ပါ။

ညနေ ၄နာရီ ကျော်မှာ ရင်ခွဲစစ်ဆေးတာမျိုး ပုံမှန်မှာ လုပ်လေ့ မရှိပါဘူး။

ရင်ခွဲရုံသော့ကို အဲ့လို ရင်ခွဲရုံ အလုပ်သမားတွေ လုယူထားနိုင်ခွင့်မရှိပါဘူး။ သော့တွေက ဆေးရုံက သူနာပြုချုပ် ရုံးခန်းမှာ ထားတာများပါတယ်။ ဒီလို သော့မျိုးဆို စ္စတာကြီးက ဘီဒိုထဲတောင် ထည့်သိမ်းထားတတ်တာမျိုးပါ။


မအယ်တွေ့ခဲ့ဖူးတဲ့ ရင်ခွဲရုံ ၀န်ထမ်းတချို့ဆို လူသေလောင်းတွေကို အရမ်းကြောက်တတ်ကြတယ်။ သူတို့လည်း ဒီအလုပ်ပဲ ရှိနေတော့ အရက်သောက် ရဲဆေးတင်ပြီး ကြောက်ကြောက်နဲ့ လုပ်ကြတာ လည်း ရှိပါတယ်။

တကယ်တော့ တော်ရုံလူ မလုပ်နိုင်တဲ့ အလုပ်ကို သူတို့ လုပ်ပေးကြတာပါ။ သူတို့တွေ ရှိလို့သာ အလုပ်လုပ်ရတာ အဆင်ပြေတာမျိုးပါ။

မြစ်ကျိုးအင်း စာထဲမှာ ရင်ခွဲရုံဝန်ထမ်းက အလောင်းတွေကို ညအချိန် ခွဲချင်သလို ခွဲ သော့တွေလည်း လုကြတယ် ဆိုလို့ သိတာလေးတွေ ၀င်ပြောခဲ့တာပါ။
သန်လျှင်ကိစ္စကို အမှန်တိုင်း အမြန် ပေါ်စေချင်ပါတယ်။

မအယ်

Flower said...

သတင်းကလဲ လန့်စရာကြီးပါလား
ဘာဘဲဖြစ်ဖြစ် အဖြစ်မှန် အမြန်ဆုံးပေါ်ပေါက်ပါစေ
လူသားစားတဲ့လူတွေရဲ့ခေတ်က မကုန်တတ်သေးဘူးလား..
ဘယ်လိုစိတ်နဲ့များအသက်ရှင်နေတယ်မသိ..
ဒီလိုသတင်းတွေဟာ စိတ်ညစ်စရာကောင်းလွန်လှတယ်..
ဒီလိုလူတွေမြန်မြန်ပပျောက်ပါစေ..
ပြန်ရောက်ပြီဝေ့.. နှစ်သစ်မှာပျော်ရွှင်ပါစေ..

ရွှေပြည်သူ (ShwePyiThu) said...

သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ် ကိုမြစ်ကျိုးအင်း။ သရဲတွေဘာတွေလည်း မကြောက်တတ်သလို စရိုက်လမ်းခပ်ကြမ်းကြမ်းရှိတဲ့ အဘွားအို လူသားစားရဲတယ်ဆိုတာလည်း အများကြီး ဖြစ်နိုင်ပါတယ်။ အမှုမှန် အမြန်ဆုံးပေါ်ပါစေလို့ပဲ ဆုတောင်းမိပါတယ်။

မြစ်ကျိုးအင်း said...

မှုခင်းဆရာဝန်တွေ လူသေရင်ခွဲရတာကို ကြားဖူးပါတယ်။ အခု ကျနော်ရေးထားတာက ကာယကံရှင် အဖွားကြီးကိုယ်တိုင် ပြန်ပြောပြ တာကြောင့် ရေးရဲတာလည်း ပါပါတယ်။ သူကိုယ်တိုင်က လိမ်လည် ပြီး ပြောဆိုခဲ့တာ ဟုတ်မဟုတ်တော့ မသိနိင်ပါဘူး။ ပြီးတော့ သူရင်ခွဲတဲ့ အကြောင်းတွေ ပြောတုန်းက လွန်ခဲ့တဲ့ ၄ နှစ်ခန့်ကဆိုတော့ လိမ်လည်ပြီး ပြောရအောင်ကလည်း အကြောင်းမရှိဘူးလို့ ထင်မိတယ်။

ကျနော်စိတ်ရင်းအမှန်အတိုင်း ပြောရရင် ဒီသတင်းတွေ အားလုံး အမှားတွေ ဖြစ်စေချင်ပါတယ်။ လူသားစားတယ်ဆိုတဲ့ စရိုက်ဆိုးကြီး တကယ်ကို မရှိစေချင်တာပါ။

ဒါကြောင့် သတ္တဝါ တစ်ကောင်ကောင် ဥပမာ မြေကြွက် ၊ မြွေပါ တွေ ကိုက်တာမျိုးပဲ ဖြစ်စေချင်တယ်။

လူသေရင်ခွဲတဲ့ ကိစ္စကကာယကံ ရှင် ကိုယ်တိုင် ပြောတာဆိုတော့ မှုခင်းဆရာဝန် နဲ့ ဘယ်လို အချိတ်အဆက် ရှိမလဲ မသိရသေးပါဘူး။

ဒီလို အုတ်အော်သောင်းနင်း ဖြစ်တဲ့အခါမှာ ဝန်ထမ်း က ရင်ခွဲတဲ့ ကိစ္စကို တနည်းနည်းနဲ့ ဖုံးကွယ် သွားမလား စောင့်ကြည့်ရအုံးမှာပါပဲ။

ညတိုင်းဖုန်းဆက် မေးဖြစ်လို့ သတင်းထူးတာ နဲ့ ထပ်တင်ပေးပါ့မယ်။

SHWE ZIN U said...

ကဲ ရှုတ်တယ်ဗျို့

ဒီအမှု့ ကို ဆားပုလင်းကျောက် မှ တပါး ဖော်ထုတ်နိုင်သူ မရှိလောက်ဘူး.. ဟို ဆားပုလင်း ကျောက် ကို အဆန်း တကျယ် ဗွီဒီယို ရုံထဲက အမြန်သွားခေါ်ထုတ်ခဲ့ပါ ကိုမျှစ်ချိုး ..

အဲဒါ အမိန့်ပါ

ရွှေစင် (မျက်နှာမဲ ရဲမင်းကြီး)

PhyoPhyo said...

မနေ့က အိမ်မှာ တစ်ယောက်တည်းရှိတုန်း fb ကလင့်ကနေဒီရောက်လာရော အကုန်မဖတ်ရဲဘူး၊ တစ်ပိုဒ်ပဲဖတ်ပြီး ဧည့်ခန်းကိုပြေးရတယ်၊ အိမ်ကလူတွေပြန်လာကြတော့မှပြောပြပြီး အစအဆုံးပြန်ဖတ်ရတယ်၊ စိတ်ဝင်စားစရာကြီး
ကျေးဇူး

Mr.Thinker said...

ဖြစ်နိုင်... မဖြစ်နိုင်...စဉ်းစားကြည့်တာ နဲ့သိနိုင်ပါတယ်.......တင်တဲ့ လူကကိုယ့် blog နာမည်ကြီး အောင်....လူဖတ်များအောင်.....တင်ချင်တာတင် ရေး ချင်တာ ရေး လို့ရပါတယ်....ယုံ တဲ့ လူတွေကိုပဲ အံ့ တယ်..
ရင်ခွဲတယ်ဆိုတာ ဒီလို တွေ့ကရာလူ ခွဲလို့ရရင် ရင်ခွဲ စစ်ဆေး ရတဲ့ ရည် ရွယ်ချက် က ဘာ ဖြစ် သွား မ လဲ......
ပြန်ပြောပြ တိုင်း ရေး ရင်.....ဒီထက် စိတ်ဝင်စားစရာ တွေ ကျုပ်လည်း ပြောပြ မယ်။ :)))

Anonymous said...

အထက်က Mr. Thinker ဆိုသူသို့

ဘလော့ရှင်က လူတွေ စိတ်ဝင်စားနေပေမယ့် ဘာမှ ရေရေရာရာ အချက်အလက် မသိရသေးတဲ့ ဖြစ်ရပ်တစ်ခုကို သူ အပင်ပန်းခံ အချိန်ကုန်ခံ ဖုန်းခ အကုန်ခံ မေးမြန်းစုံစမ်းပေးတာပါ။ ဒီစေတနာကို ကျွန်တို့ စာဖတ်သူတွေ အရင် အသိအမှတ်ပြုရပါမယ်။ ဒီလိုလူမျိုးတွေ မရှိရင် ကောလဟလဟာ ကောလဟလ အဆင့်နဲ့ ပြီးသွားလိမ့်မယ်။ မဖဲဝါတို့၊ ရန်ကုန်က သူရဲခြောက်တဲ့အိမ်..တို့လို ကောလဟလတွေဟာ ဟုတ်မဟုတ် မသိနိုင်ဘဲ ပြီးသွားတာ ဘာကြောင့်လဲဆို ဒီလို အပင်ပန်းခံ စုံစမ်းပေးမယ့်သူတွေ ရှိဦးတော့ တင်ပြစရာနေရာ မရှိလို့ပါ။

အခု သူ စုံစမ်းမေးမြန်းလို့ ရတဲ့ အချက်အလက်တွေကို သူ့ဘလော့ကနေ တင်ပြပေးလာတယ်။ ဟုတ်မဟုတ် အတည်ပြုပါဦးမယ်လို့လဲ ပြောထားတယ်။ နောက်ဆက်တွဲကိုလဲ လိုက်ပေးတယ်။ သူ့စေတနာ ချီးမွမ်းဖို့ ကောင်းနေပါပြီ။

ဗုံးကွဲတဲ့ သတင်းဓာတ်ပုံတွေ ဘလော့တစ်ခုက ချက်ချင်း တင်ပေးတယ်။ ဖြစ်စဉ်ကို ဓာတ်ပုံအထောက်အထားနဲ့ လူတွေ ချက်ချင်း သိခွင့်ရတယ်။ ကျေးဇူးမတင်ဘဲ ဝိုင်းခနဲ့ကြ၊ ချိုးဖဲ့ကြ လုပ်ကြတယ်။ ဒါ မြန်မာတွေရဲ့အကျင့် မဖြစ်စေချင်ဘူး။ လူတစ်စုရဲ့ စရိုက်ကို လူမျိုးရဲ့စရိုက်လို့ ရောအထင်မခံရချင်လို့ ဒီစရိုက်တွေ မပြပါနဲ့လို့ တောင်းပန်ပါတယ်။

ကိုမြစ်ကျိုးအင်း ဒီလိုဒီလို စုံစမ်းပေးတယ်။ သိရသမျှ တင်ပြပေးတယ်။ အဘွားကြီး လူသားမစားဘဲ အထင်မှားခံရတာဆိုရင် သူ့သိက္ခာအတွက် ဖြေရှင်းပေးမယ်။ ဒါဆို ကောင်းတဲ့အလုပ်ပါ။

တစ်ခုခု ထလုပ်လို့ ထ,ပေါက် (အောင်မြင်)ရင် ဘေးက ဝိုင်းဆဲမယ်၊ ဘာမှမလုပ်ရ။ အားလုံးငြိမ်နေ... ဆိုတဲ့ ယဉ်ကျေးမှုကြီးတော့ မြန်မာတွေကြားမှာ လုပ်မထားစေလိုပါကြောင်း။

BEE said...

ရင်ခွဲရုံဝန်ထမ်းတွေ အရက်သောက်ကြတာက လူသေနံ့တွေအိမ်ပြန်တဲ့အထိ သူတို့ကိုယ်မှာ စွဲစွဲလာလို့ ကြောက်ကြောက်နဲ့ရော အနံ့ကို ဖျောက်ချင်လို့ရော သောက်ရင်း အရက်စွဲကုန်တာ ထင်ပါတယ်။ လူ့ခန္ဓာကိုယ် အတွင်းကလီစာတွေအနံ့က နည်းတာမှ မဟုတ်တာ။

သူတို့ကိုလဲ တစ်ခါသုံးလက်အိတ်တွေ ပိုးသတ်ဆေးရည်တွေ လောက်လောက်ငင ပေးနိုင်တာ မဟုတ်ဘူး။ ဒီလိုပြောလို့ မြန်မာပြည် ဆေးရုံတွေမှာ ဒီလိုတောင် ဖြစ်နေပြီလားလို့တော့ မသိသလို မနှိမ်စေချင်ဘူး။ ဒီလိုမဖြစ်အောင်သာ ထားနိုင်ရင် မြန်မာပြည်ကို နိုင်ငံခြားက လာလာဆေးကုနေကြတာ ကြာရောပေါ့။

 

Posts Comments

©2006-2010 ·TNB