လမိုင်းမကပ်တဲ့ ပွဲ

10 April 2010



ဒီစာကိုတော့ ရာသီစာလို့ပဲ ဆိုရမယ်ထင်တယ်။ ကိုယ်ကိုတိုင်လည်း အခုချိန်မှာ သင်္ကြန်အငွေ့အသက်တွေကို ခံစားနေမိပြီ ဆိုတော့ ဖြတ်သန်းခဲ့ဖူးတဲ့ ပျော်ရွှင်ခြင်းတွေကို ပြန်သတိရလာပြန်တယ်။ သင်္ကြန်မှာ လူငယ်သဘာဝ ပျော်ခဲ့ မော်ခဲ့တာလေးတွေ စိတ်ထဲ ပြန်ရောက်လာမိပြီပေါ့။သင်္ကြန်အကြောင်း ပြန်တွေးလိုက်တိုင်း အတွေးထဲ အရင်ဆုံး ဝင်လာတတ်တဲ့ အကြောင်းအရာတွေထဲက ရယ်ရယ်မောမော အဖြစ်အပျက်လေးကို ပြန်ပြောပြချင်ပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်လောက်က အကြောင်းအရာဖြစ်ပေမယ့် အခုထိ ပြက်ြပက်ထင်ထင် မြင်ယောင်နေဆဲပါပဲ။ အမြဲတမ်း သတိရနိင်လောက်အောင်လည်း အဖြစ်အပျက်က ထူးခြားတယ်လေ။ သေချာတာက ဒီဇာတ်လမ်းက ကျွန်တော့်စိတ်ကူးနဲ့ ဖန်တီးပြီး ရေးထားတာ မဟုတ်ဘူးဆိုတာပါပဲ။ အဲဒီလောက်စနစ်တကျ အလွဲတွေကိုလည်း ဖန်တီးဖို့ မလွယ်ပါဘူး။ ကံကြမ္မာစီထားတဲ့ ဇာတ်က လူရေးတာထက် ပိုအကွက်စေ့ပါတယ်။

.....................................................................။

သင်္ကြန်ရောက်ခါနီးပြီဆို ကျွန်တော်တို့ သူငယ်ချင်းတွေ ရန်ကုန်တဖက်ကမ်းက ဒလ ဘက်ကိုဆင်းပြီး ဂျစ်ကား သွားငှားလေ့ရှိတယ်။ အဲဒီနှစ်ကလည်း ဂျစ်ကားငှားပြီး စရံငွေ ပေးခဲ့ကြတယ်။ အကြိုနေ့မရောက်ခင် ညနေမှာပဲ ငွေအကျေချေပြီး ဂျစ်ကားရော ကားဆရာနှစ်ယောက်ရော ဇက် နဲ့ကူးပြီး သွားခေါ်လာကြတယ်။ အကြိုနေ့ မတိုင်ခင် ညနေဆိုရင် ပန်းဆိုးတန်း ဘောတံတားမှာ ဒလဘက်က တက်လာတဲ့ ဂျစ်ကားတွေ တန်းစီနေတာပါပဲ။ သင်္ကြန်ကာလအတွင်း ကားဆရာတွေကို ကျွန်တော့်အိမ်မှာပဲ နေဖို့ စားဖို့ပါ စီစဉ်ပေးရတယ်။ ကိုယ်က တာဝန်ခံပြီး ငှားတော့ အိမ်မှာပဲ ထားထားရတာပေါ့။

ဒီလိုနဲ့ သင်္ကြန်အကြိုနေ့မှာ ဘယ်မှ လျှောက်မလည်ဘဲ သူငယ်ချင်းတွေ စုပြီး စားကြသောက်ကြ ဂျစ်ကားကိုပါ ကြောင်ကြောင်ကျားကျားတွေ ဆေးမှုတ်ကြတယ်။ ကားသမားတွေကလည်း သင်္ကြန်ပြီးရင် ကားဘော်ဒီ ပြန်ကိုင်လေ့ရှိတော့ လုပ်ချင်ရာလုပ် အေးအေးဆေးဆေးပါပဲ။ ကားဆရာ နှစ်ယောက်က မနှစ်ကလည်း သူတို့ကားပဲ ငှားဖူးတယ်ဆိုတော့ တော်တော်ရင်းနှီးနေတယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့ ကားကို ငှားတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်ဆိုတော့ ကားငှားတဲ့အခါ စာချုပ် ချုပ်တော့ ၁၇ ယောက်ပဲ တင်ခွင့်ရှိတယ်လို့ ကားပိုင်ရှင်ဘက်က ထည့်ချုပ်လေ့ရှိတယ်။ တစ်ချို့ကလည်း ၁၈ ယောက်ပေါ့။ ကျွန်တော်တို့က ၁၇ ယောက်လည်း အိုကေတယ်ဆိုပြီး စာချုပ် ချုပ်ကြတယ်။ ဒါကလည်း အထာ ရှိတယ်လေ။

စာချုပ်ထဲမှာ ၁၇ ယောက်ဆိုပေမယ့် ကားတကယ်ထွက်ရင် အယောက် ၂၀ ပါပဲ။ ကားသမား ဆိုတာလည်း ကိုယ်နဲ့ရင်းနှီးနေတော့ အိုကေပါတယ်။ ဒီတော့ သူတို့ကို လ္ဘက်ရည်ချိန် လ္ဘက်ရည် တိုက်ရတယ်။ လည်တဲ့သူ ၂ ယောက် ၃ ယောက်လောက် တိုးလာရင် တော်တော်သိသာပါတယ်။ စားဖို့သောက်ဖို့ အသုံးစရိတ် ပိုထွက်လာတယ်ပေါ့။ ဒီလိုနဲ့ သင်္ကြန် အကျနေ့ စလည်ဖြစ်ကြတယ်။ အဲဒီနေ့ကတော့ အေးအေးဆေးပါပဲ။ ဘာပြဿနာမှ မဖြစ်လိုက်ဘူး။ ကျွန်တော်တို့ သင်္ကြန်လည်ရင် ပြဿနာ ဖြစ်လေ့မရှိပါဘူး။ လည်တဲ့သူတွေက အေးဆေးသမားတွေများတော့ တစ်ခါမှ ပြဿနာ မဖြစ်ခဲ့ဖူးဘူး။

ဒီလိုနဲ့ သင်္ကြန်အကျနေ့ ကျော်လွန်ပြီး အကြတ်နေ့ ရောက်လာတယ် ။ပုံမှန်လည်နေကျ နေရာတွေ သွားရင်း မနက်(၁၀) နာရီလောက်ရောက်တော့ ကျွန်တော်တို့ ဂျစ်ကား စံပြ ရုပ်ရှင် ရုံရှေ့ က အဖြတ်မှာ အရက်မူးသမား နှစ်ယောက်က ကျွန်တော်တို့ ကားလာနေတာကို ဂရုမစိုက်ဘဲ အတင်းကို ဇွတ်တိုးဖြတ်ဝင်လာတယ်။


ကားမောင်းတဲ့သူ သတိကောင်းလို့ သာ ယာဉ်တိုက်မှု မဖြစ်တာ။ ကားသမားက အမူးသမား နှစ်ယောက်ကို
ရှောင်လိုက်တဲ့ အချိန်မှာ ကားဘောနပ် ပေါ်မှာ ထိုင် နေတဲ့ ကျွန်တော့်သူငယ်ချင်း ဘိုတိုးနဲ့ ပြားကြီးက အဲဒီအမူးသမားတွေကို ဘာရယ်မဟုတ်ဘူး လွှတ်ခနဲ လှမ်းဆဲ လိုက်တယ်။

ဒီလိုနဲ့ ကားက ဆက်မောင်းလာပေမယ့် ကျွန်တော့် စိတ်ထဲမှာ မသင်္ကာလို့ နောက်လှည့်ကြည့်လိုက်တော့ ငမူး နှစ်ယောက်က အိတ်ထဲက အရက်ပုလင်း ထုတ်ပြီး ကျွန်တော်တို့ ကားစီကို လှမ်းပစ်လိုက်တာ မြင်လိုက်ရတယ်။ “ဟာ ပစ်ပြီ”လို့ ကျွန်တော် ရေရွတ် လို့တောင် မဆုံးသေးဘူး ကားနောက်ဆုံး မှာ ထိုင်လိုက်လာတဲ့ ရဲကြီးရဲ့
နောက်စေ့ ကို တည့်တည့် ထိတော့တာပါပဲ။ ကားသမားကို ရပ်ရပ် လို့ အော်ပြောလိုက်ချိန်မှာ ရဲကြီးက
အနားရောက်လာပြီး ငါခေါင်းကွဲ သွားပြီလို့ ငို သံပါကြီးနဲ့ ပြောတော့တယ်။ ဒီကောင်က ရန်ဖြစ်လေ့မရှိဘူး ဆိုတော့ နည်းနည်း စိတ်ပူတတ်တယ် ပြောရမယ်။

ဒီကောင့်ကိုတောင် ပြန် မပြောအားပါဘူး ။ အားလုံးကို အောက်ဆင်းဘို့ ကျွန်တော်အော်ပြောလိုက်ပြီး ရှေ့ဆုံးကနေ ဆင်းလိုက်တယ်။ သတ္တိကောင်း လို့ ရှေ့ဆုံးဆင်းတာတော့ မဟုတ်ပါဘူး။ ကျွန်တော်ထိုင်နေတာ ကားသမားရဲ့ဘေး ရှေ့ခန်းမှာဆိုတော့ ဆင်းရတာလွယ်တယ်လေ။ နောက်တော့ ကားပေါ်ကနေ ဘိုတိုး ၊ ပြားကြီး ၊ ငတီး ၊ ဝေယံမောင် ၊ မပို၊ နဲ့ နောက်တစ်ယောက် ဆင်းလာကြတယ်။ ကားပေါ်မှာ လူတွေများနေပေမယ့် တကယ်ပြန်ချမယ့်သူက ကျွန်တော် အပါအဝင် ၇ယောက်ပဲ ရှိတယ်။ ဆင်းလာတဲ့သူတွေက ဘာဖြစ်တာလဲ မေးတော့ အကျိုးအကြောင်း ပြောပြလိုက်ရတယ်။ အဲဒီအချိန်မှာ ငမူး နှစ်ကောင်က စံပြရုပ်ရှင်ရုံ အောက်ထဲကနေ တိုင်တွေကွယ်ပြီး လှမ်းကြည့်နေတယ်။

ကျွန်တော်လည်း ကားထဲမှာ ပစ်ထားတဲ့ ဘီယာပုလင်း အလွတ်တစ်လုံးကို ဆွဲယူလိုက်တယ်။ အဲဒီအချိန်က လမ်းမလယ်မှာ ရန်ဖြစ်ရတာ ပထမဆုံး အကြိမ်ပါပဲ။ ဒီတော့ အတွေ့အကြုံမရှိသေးဘူးပေါ့။ ရန်ဖြစ်တဲ့ အခါ အတွေ့အကြုံက အရေးကြီးကြောင်း အဲဒီတော့မှ သိရတော့တယ်။ ဆွဲယူလိုက်တဲ့ ဘီယာပုလင်း အလွတ်ကို လည်ပင်းနေရာက ကိုင်ပြီး ကျွန်တော် လမ်းမနဲ့ ရိုက်ခွဲလိုက်တယ်။ ဗီဒီယိုတွေထဲမှာ ရန်ဖြစ်တဲ့အခါသုံးတဲ့ အကွက်ကို သတိရသွားလို့ပါပဲ။

တကယ်ဆို ငမူးနှစ်ကောင်က အဝေးကြီးမှာပါ။ ပုလင်းနဲ့ လှမ်းပစ်တာက အသင့်တော်ဆုံးဖြစ်ပေမယ့် စိတ်ထဲမှာ ဗီဒီယိုတွေထဲကလို ပုလင်းကို ခွမ်း ခနဲ မြည်အောင် ခွဲချင်နေမိတယ်။ သွေးအေးသွားမှ ပြန်တွေးမိတာပါ။ အဲဒီအချိန်ကတော့ လူရှိန်အောင် လုပ်တာများလား မသိဘူး။ ဖြစ်ချင်တော့ ခွဲလေ့ ခွဲထ မရှိတာရယ် အများကြီးကွဲ သွားမှာ စိုးတာရယ်ကြောင့် ဖြေးဖြေးခွဲတာ ပုလင်းက မကွဲဘဲ ဒေါင် ခနဲမြည်ပြီး ပြန်ခုန်တက် လာတယ်။ ဒါနဲ့ ဒုတိယ အကြိမ်မြှောက် ထပ်ခွဲတယ်။ ဒေါင်ခနဲ ပြန်ခုန်တက်လာပြန်တယ်။ ကျန်တဲ့ သူတွေကလည်း ကျွန်တော် ပုလင်းခွဲတာကို ရပ်ကြည့်နေကြတယ်။ အလေ့အကျင့်မရှိရင် ပုလင်းခွဲရတာတောင် အဆင်မပြေဘူး။

ဒါနဲ့တတိယ အကြိမ် ထပ်ခွဲတယ် ။ မရဘူး ဒေါင် ခနဲပဲ မြည်ပြန်တယ်။ ဒီတော့ ငတီးက စိတ်မရှည်ဘဲ ပေးကွာ ဆိုပြီး ကျွန်တော့် လက်ထဲက ပုလင်း ဆွဲယူပြီး လမ်းမနဲ့ ရိုက်ခွဲလိုက်တော့တယ်။ အားပြင်းလို့နဲ့ တူပါရဲ့ ခွမ်း ခနဲ ကွဲသွားတာ သူကိုင်ထားတဲ့ ပုလင်း လည်ပင်းနေရာလေးပဲ ကျန်ခဲ့တော့တယ်။ အနီးကပ် ထိုးရင်တောင် အသားထဲကို နဲနဲပဲ ဝင်နိင်တဲ့ အနေအထားပါပဲ။ ဒါပေမယ့် ပုလင်းကွဲသံ ခွမ်း ခနဲ ထွက်လာတာဟာ ကျွန်တော်တို့ကို ရန်ပွဲစဖို့ အချက်ပေးလိုက်သလိုဖြစ်သွားတယ်။

ငတီးက သူခွဲထားတဲ့ ပုလင်း ငုတ်စိလေးကိုင်ပြီး ငမူးတွေရှိတဲ့ စံပြရုပ်ရှင်ရုံစီ ပြေးသွားတယ်။ ကျွန်တော်တို့လည်း ပြေးလိုက်ကြတယ်။ ကားရပ်တဲ့နေရာနဲ့ ရုပ်ရှင်ရုံက နဲနဲဝေးပါတယ်။ ပြေးသွားရင်းနဲ့ ပြားကြီးဆီက ခဲ လုံး ရှာလို့ အော်ပြောသံ ကြားတော့ ကျွန်တော်တို့ ပြေးရင်းနဲ့ ထု စရာ ခဲ ရှာကြတယ်။ ပလက်ဖောင်းမှာ ခင်းထားတဲ့ ကွန်ကရစ် အပြား အပိုင်းကြီး တခုတွေ့တော့ မပို က ပြေးကောက်တယ်။ မပိုဆိုတာ သင်္ကြန်လည်တဲ့ တစ်ဖွဲ့လုံးမှာ အကောင်အသေးဆုံး လေးပါ။

အပြားကကျိုးနေပေမယ့် တော်တော်ကြီးသေးတယ်။ ထင်တာက အဲဒီ အပြားကို ခွဲပြီး အပိုင်းအစ တွေနဲ့ အားလုံး ၀ိုင်းပစ်ကြမယ်ထင်တာ။ ဘယ်ဟုတ်ပါ့မလဲ အဲဒီ ကွန်ကရစ်ပြားကြီး အတိုင်း သူကလှမ်းပစ်တော့တာပဲ။ ။သူ့အားနဲ့ ပစ်တာ ငမူးတွေဆီ မရောက်ဘဲ ရပ်ထားတဲ့ ကားဘေး သွားကျလို့ ကျွန်တော်တို့ ဘုရားတ လိုက်ရသေးတယ်။ ကားမှန်ကွဲရင် နောက်တစ်မှု ထပ်တိုးပြီး အချုပ်ထဲရောက်သွား နိင်တာကိုး။ အစိတ်စိတ် အမွှာမွှာ ကွဲသွားတဲ့ ခဲ တွေကို ကောက်ပြီး ငမူးတွေက ကျွန်တော်တို့ကို ပြန်ပစ်တော့တာပါပဲ။ အဲဒီအချိန်မှာ ရုပ်ရှင်ရုံအောက်က ဈေးသည်တွေ ထွက်ပြေးသွားကြပြီ။ ခဲ နဲ့မထိအောင် ရှောင်ရင်း ရတဲ့ ခဲနဲ့ ပြန်ထုတော့ အနီးကပ် တိုက်ပွဲ မဖြစ်လာတော့ဘူး။ အဝေးကနေ ခဲတွေနဲ့ လှမ်းပစ်နေကြတော့တယ်။ သူတို့နယ်မြေ ဖြစ်နိင်တာကို သတိရသွားတာနဲ့ ကားဆီကို ပြန်ကြဖို့ အော်လိုက်တော့ အားလုံး ပြန်ပြေးလာကြတယ်။

ကားပေါ်တတ်ပြီး ကားသမားကို မောင်းခိုင်းတော့  ဘယ်အချိန်ထဲက မောင်းချင်တယ်မသိဘူး နောက်တောင် လှည့်မကြည့်ဘူး တန်းမောင်းတာ ဘိုတိုး ကျန်နေခဲ့လို့ ကားသမားကို မနည်းရပ်ခိုင်းရတယ်။ ဘိုတိုးလည်း ကျန်ခဲ့မှာကြောက်လို့ သူမှာအမှီအမြန်ပြေးလိုက်ရတာ ကားပေါ်ရောက်တော့ စကားတောင် တော်တော်နဲ့ မပြောနိင်ဘူး။ လျှာထွက် နေတော့တယ်။ အင်းလေ ကျန်ခဲ့လို့ကတော့ အရိုးပါကျိုးမယ့် သဘောမှာရှိတာကိုး။

လူစုံတော့ ကားသမားလည်း ခပ်မြန်မြန်ပဲ မောင်းထွက်လာတော့တယ်။ လူရှင်းတဲ့ လမ်းသွယ်တစ်ခုမှာ ကားရပ်ခိုင်းလိုက်ပြီး ကားပေါ်က အားလုံးဆင်းလာကြတယ်။ ဘယ်သူဘာဖြစ်သွားလည်း စစ်ကြည့်တော့ ပုလင်းနဲ့ အပစ်ခံရတဲ့ ရဲကြီးက ခေါင်းကွဲသွားတယ်။ ဝေယံမောင်က နှုတ်ခမ်းမှာသွေးတွေ စီးကျနေတယ်။
ငတီးရဲ့ လက်က သွေးထွက်နေတာလည်း မနဲမနောပါပဲ။

ရဲကြီးခေါင်းကွဲ တာကို လက်ခံနိင်ပေမယ့် ငတီးနဲ့ ဝေယံမောင် ရဲ့ဒဏ်ရာက ထူးဆန်းနေတယ်။ အဝေးကြီးကနေ ခဲတွေနဲ့ ပစ်တာ ထိတာလည်းမတွေ့ရဘဲ ဒဏ်ရာရတယ် ဆိုတော့ တခုခုမှားနေမှန်း တော့သိတယ်။ ဒါနဲ့ ငတီးကို ခဲနဲ့ထိတာလား ဝိုင်းမေးကြတော့ ဒီကောင် စပ်ဖြဲဖြဲလုပ်ပြီး “ မဟုတ်ဘူးကွ ပုလင်းခွဲရင်းလက်ထိသွားတာ” ဆိုပြီး ပြန်ဖြေတယ်။ သူ့အဖြေကြောင့် အားလုံး ရယ်ကြတော့တာပါပဲ။ ကျွန်တော်ခွဲလို့ မကွဲတဲ့ ပုလင်းကို ယူခွဲလိုက်တာ အားများပြီး ပုလင်းကွဲက လက်ကို ပြန်ရှတာလေ။

ငတီးထက် အခြေအနေဆိုးသူကတော့ ဝေယံမောင် ပါပဲ။ ဒီကောင်က အရှေ့တောင်အာရှ ၁၇ နှစ် ချန်ပီယံ ဘော်လုံးအသင်းက ဘော်လုံးသမားပါ။ သူ့ကျတော့ နှုတ်ခမ်းက သွေးတွေ စီးကျနေတယ်။ သူ့မျက်နာကို ခဲနဲ့ထိတာ ထင်ပြီး ဝိုင်းမေးကြတော့ သူလည်း တဟဲဟဲ ရယ်ရင်း ဒီလိုပြန်ဖြေတယ်။

“ ခဲနဲ့ထိတာမဟုတ်ဘူးကွ နှုတ်ခမ်းကိုက်ပြေးလို့ သွေးထွက်လာတာ”

သူ့အဖြေကြားတော့ ရယ်လိုက်ကြတာ တော်တော်နဲ့ မပြီးဘူး။ တကယ့်အာဂ လက်ရွေးစင်ပါပဲ။ ရန်ဖြစ်ချင်ဇော ဘယ်လောက်များနေတယ် မသိဘူး သွေးထွက်ရလောက်အောင်ကို နှုတ်ခမ်းကိုက် ပြေးတယ်တဲ့လေ။ ဒီလိုနဲ့ အနီးဆုံး ဆေးခန်းကို သွားပြီး ရဲကြီးခေါင်းကို ပါတ်တီးစီးပေးတယ်။ ချုပ်ရလောက်အောင် မကွဲတော့ တော်သေးတယ်ပြောရမယ်။ ငတီးနဲ့ ဝေယံမောင်ကိုလည်း ဆေးထည့်ကြတယ်။ ဆရာဝန်ကတော့ တကယ့်ရန်ပွဲကြီး ဖြစ်ခဲ့တယ် ထင်မလားဘဲ

ဆေးထည့်ပြီး ပါတ်တီး စည်းပေးတော့ ရဲကြီးက တစ်စခန်းထပြန်တယ်။ ဆရာဝန်ကို သူ့ ခေါင်းကွဲသွားတာ ဦးနှောက်တွေ ထွက်ကုန်ပြီလား မေးရတာ အခါခါပဲ။ ဆရာဝန်ကလည်း ဦးနှောက် မထွက်ပါဘူး လို့ အကြိမ်ကြိမ် နှစ်သိမ့်တာတောင် ဒီကောင်က မယုံချင်ဘူး။ ဒီကောင်က တခါမှ ရန်ဖြစ်ဘူးတာ မဟုတ်တော့ တော်တော် ကို တုန်လှုပ်နေရှာတာ။

(ရဲကြီးနဲ့ ပါတ်သက်တဲ့အကြောင်း လေး ကျွန်တော်ရေးခဲ့ဘူးတယ်။ ဗုဒ္ဓဟူးသမီးနှင့်တစ်လတာ ဆိုတဲ့ ပို့စ်လေးပါ။)

အဲဒီနောက်ပိုင်း ရဲကြီးကိုလည်း သူငယ်ချင်းတွေက လမ်းမှာတွေ့ရင် ဦးနှောက်မှမရှိတာကိုး လို့ နောက်ကြတော့တယ်။ အဲဒီအချိန်က အက်ဆစ် သီချင်းတွေက ခေတ်စားနေချိန်ဆိုတော့ သီချင်းထဲက စာသားကို ရွတ်ပြကြတာ။

တကယ်တော့ ကျွန်တော် ပုလင်းခွဲ တာကနေစပြီး လွဲလိုက်ကြတာ ရန်ပွဲနဲ့တောင် မတူတော့ဘူး။ အလွဲလွဲ အချော်ချော်ကို ဖြစ်နေတော့တာပါပဲ။ သတိရတိုင်း ပြန်ပြောပြီး ရယ်နေကြရတော့တယ်။ ဆေးခန်းက ထွက်လာတော့ နေ့လည်ဘက်ပဲ ရှိသေးလို့ ရဲကြီးခေါင်းကို ကြွပ်ကြွပ်အိတ် စွပ်ပေးပြီး ကျွန်တော်တို့ ညနေရောက်တဲ့ အထိ ဆက်လည်ကြတယ်။ ရဲကြီးကတော့ ကားပေါ်မှာ တမှိုင်မှိုင် ပေါ့ဗျာ။ သူများပျော်လို့ မပျော်နိင် ခေါင်းကွဲသွားလို့မှိုင် နဲ့တူပါရဲ့။ အိမ်ရောက်ရင် ငါဘယ်လိုပြောရ ကောင်းမလဲ ဆိုပြီး ကျွန်တော့်ကိုလည်း ခဏခဏ လာမေးနေ တော့တယ်။

နောက်တစ်နေ့ သင်္ကြန်အတက်နေ့ရောက်တော့ လူတွေအားလုံး မတိုင်ပင်ဘဲ ယူလာကြတဲ့ ခဲ တွေ တုတ်တွေ များလွန်းလို့ တော်တော်များများ ပြန်ချထားခဲ့ရတယ်။ အတွေ့အကြုံ ရှိသွားပြီလို့ ပြောရမယ်။ အဲဒီနေ့ကတော့ ဘာပြဿနာမှ မဖြစ်လိုက်ပါဘူး။ ခေါင်းကွဲထားတဲ့ ရဲကြီး မပါလာတာက လွဲရင် အားလုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။

လူငယ်သဘာဝ ရန်ဖြစ်တာထက် အတွဲလိုက် တစ်သီတစ်တန်းကြီး လွဲခဲ့ဖူးတဲ့ သင်္ကြန်မို့လို့ ဘယ်အချိန် ပြန်တွေးတွေး ပြုံးရယ်နေမိတယ်။ ဖြစ်နေတဲ့ အချိန်မှာ သွေးတွေဆူနေပေမယ့် ခုတော့လည်း အမှတ်တရ တစ်ခုအဖြစ် ကျန်ရစ်သလို သူငယ်ချင်းတွေကြား လူစုံတိုင်း အဲဒီ အကြောင်းလေး ပြန်ပြောပြီး ရယ်ဖြစ်ကြတယ်။ တစ်ခါက အလွဲများနဲ့သင်္ကြန်ပါပဲ......။


(အသစ်ပြန်ရေးထားတဲ့ ပို့စ်ဟောင်း လေးပါ။)

46 comments:

kokomaung.uk said...

ကိုမြစ်ကျိုးတို့ ရန်ပွဲကတော့ သဲထိတ်ရင်ဖိုပါဘဲ။ တကယ်ဆော်ကြပြီထင်နေတာ။ ၁၇ ယောက်နှင့် ၂ ယောက်ရန်ပွဲဆိုတော့။ လက်စသတ်တော့ သွေးထွက်သံယိုဖြစ်ခဲ့ကြတာက ကိုမြစ်ကျိုးတို့အဖွဲ့ကိုး။ အဲဒီအမူးသမားတွေ ကိုမြစ်ကျိုးရဲ့အခုပို့စ်ကို ဖတ်မိရင်တော့ ဘယ်လိုနေကြမလဲမသိဘူး။း)

သင်္ကြန်ရောက်ပြန်တော့မယ်ဗျာ။ လွမ်းစရာကြီး။

ပိုးပိုး said...

မဖတ်ခင် အရင်မန့်လိုက်တယ်ကွယ်..

ချမ်းလင်းနေ said...

ဖြစ်လေ့ဖြစ်ထပါပဲ။ တကယ်လမိုင်းမကပ်တဲ့ ပွဲလေးပေါ့ဗျာ။ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ သင်္ကြန်တွေ လည်ခဲ့တာ သတိရသွားမိပါတယ်။

သဒ္ဓါလှိုင်း said...

သင်္ကြန်မှာလည်ခဲ့တာတွေကိုအရမ်းသတိရသွားတယ်
်ကိုမြစ်ရေ...
ဒါပေမဲ့ရန်ဖြစ်ရင်ကြောက်လို့ဖတ်ရင်းအသည်းယား
နေရတယ်။

ခင်တဲ့
သဒ္ဓါ

Pwint Myue Zin said...

ဖြစ်ရလေ ကို တစ်ကိုးကင်းရယ်

Myue Myue said...

ဖြစ်ရလေ ကို တစ်ကိုးကင်းရယ်

အဖြူရောင်နတ်သမီး said...

သင်္ကြန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွဲမျိုးလေးတွေပါပဲ..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

သင်္ကြန်အမှတ်တရလေးပေါ့နော်။ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။
တစ်ခုဘဲ ပိုပြီး ထူးဆန်းတယ်ဗျ။ ချန်ပီယံ ဘောလုံး အသင်းက ညီတော်မောင် ရဲ့ အဖြစ်။
ဂိုးသွင်းရင် အံကျိတ်ပြီး သွင်းမယ်ထင်တယ်။ စိတ်ဓာတ်ကလဲ ပြင်းထန်လိုက်လေဗျာ။

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်လောင်းလိုက်ပါတယ် ကိုမြစ် ရေ...


ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

ဒဏ္ဍာရီ said...

မင်္ဂလာနှစ်သစ်ပါ ကိုမြစ်ကျိုးအင်း....

သင်္ကြန်ကတော့ ဖြစ်လေ့ဖြစ်ထ ရှိကြတဲ့ လူငယ်သဘာဝတွေပေါ့နော်။ ရန်ဖြစ်တာ မြင်ရင်တော့ ကြောက်တယ်။ မျက်စိရှေ့မှာ အဲလိုတွေ့ရင် ကိုယ့်ကို အရင်နှာနှပ်နေရတာနဲ့ ပြီးရော.... သတ္တိခဲလေ..။း))

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

မြသွေးနီ said...

ကိုမြစ်ရေ...
ကျွန်မလည်း သင်္ကြန်မှာ ကားနဲ့တစ်ခါပဲလည်ဖူးတယ်။ ရန်ဖြစ်တဲ့ ကား၂စီးကြားထဲ ကျွန်မတို့ကားညပ်နေလို့
အုတ်ခဲပျံတွေကို ကွန်ဖူးသိုင်းနဲ့ရှောင်ခဲ့ရဖူးတယ်။ အဲ့ဒီထဲက..
နောင် သင်္ကြန်ကားနဲ့ဘယ်တော့မှ မလည်ဖို့ဆုံးဖြတ်လိုက်မိတော့တယ်။
အင်း.. ကြာခဲ့ပြီပေါ့။။

အနော် said...

အကိုမြစ်ကျိုး ပုလင်းခွဲတဲ့နေရာကို ဖတ်ရင်း ရီလိုက်ရတာ :D
ရန်ဖြစ်ဖို့က အတွေ့အကြုံကလဲ စကားပြောတယ်နော်.. ဘာပဲပြောပြော အဝေးကနေ ချတာကမှ တော်သေး .. အနီးကပ်ဆို လက်သီးတွေဘာတွေ အထိုးကျင့်နေရဦးမယ် ဟိဟိ..
နောက်တစ်ခါ ရန်ဖြစ်ရင် အကိုမြစ်ကျိုးကို အားကိုးမှပါပဲ.. :)
သင်္ကြန်အလွမ်းတွေကတော့ ထပ်တစ်ရာဖြစ်နေတော့ မပြောချင်တော့ပါဘူး အကိုရေ ငိုပဲ ငိုချင်တော့တယ်..

sosegado said...

သင်္ကြန် မလည်ဖြစ်တာ တော်တော်ကြာပြီဆိုတာ ဒီစာကိုဖတ်လိုက်မှ သတိရသွားတယ်၊ သင်္ကြန်လည်၊ သင်္ကြန်ပြီးရင် စမြုံပြန်နှင့် ပျော်စရာကြီးပါပဲ၊
သင်္ကြန်ကို လွမ်းရင်း ဖတ်သွားပါတယ်

ဂျစ်တူး ( မုံရွာ ) said...

အင်း -- - -
အခုတလောဆားချက်တယ်ဆိုလားဘာချက်တယ်ဆိုလား
ချက်တာတွေများနေပါပေါ့လားကွယ်ရို-
ဟောင်းပေမဲ့ လည်းကောင်းနေဆဲပါ(ဆိုင်းထီးဆိုင်)
ဟုတ်တယ်မဟုတ်လားဇတ်ဆရာရေ - - -

မိုးခါး said...

ရန်ဖြစ်တဲ့ပွဲပေမယ့် ရီနေရတယ် .. ခေါင်းကွဲသွားတာတော့ စိတ်မကောင်းပါဘူး .. :D

သက်တန့်ချို said...

ပုလင်းက ရိုက်ခွဲတာတောင်မကွဲဘူးဆိုတော့ အတော်မာပုံရတယ်ဗျး) တော်သေးတာပေါ့ဗျာ တစ်ကိုးကင်းကြီးဘာမှမဖြစ်လို့ နို့ဆို ဘလော့တောင်ဂင်းနိုင်ပါတော့မလားမသိ ဟိး)

ချော (အစိမ်းရောင်လွင်ပြင်) said...

ပြုံးပြုံးရယ်ရယ် ဖတ်သွားပါတယ်..
လူငယ်ဘ၀အပျော်ဆိုတာ ဘယ်တော့မှပြန်မရနိုင်တော့တဲ့
လွမ်းစရာ အမှတ်တရတွေဘဲပေါ့နော်..
သင်္ကြန်ပွဲက ဘယ်ပွဲနဲ့မှ မတူအောင် အမှတ်ရစရာတွေက ပိုများတယ် မဟုတ်လား...
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ပါစေ ကိုမြစ်ကျိုးရေ...
ဆန္ဒတွေအားလုံးပြည့်စုံပါစေ...
စာတွေလဲ အများကြီးဆက်ပြီး ရေးသားနိုင်ပါစေ..

ခင်မင်စွာ

မချော

မြတ်မွန် said...

ရဲကြီးတဲ့ နံမည်က သတ္တိ တော်တော်ကောင်းတာပဲ။ ခေါင်းထိ သွားတဲ့ မျက်နှာကို ကြည့်ပြီး တော်တော်ရယ်ရမယ်။

ပုလင်းခွဲနေတာနဲ့ပဲ တော်တော် အချိန်ကုန်သွားမယ် ထင်တယ်နော်။
ငမူးတွေကတော့ ခွဲတာကြည့်ပြီး ရယ်နေလောက်တယ်။

ဟားဟား ဘိုတိုးကလည်း နောက်က အမှီ ပြေးလိုက်တာကို မြင်ယောင်ရင်း ရယ်ချင်လိုက်တာ..။

ဇာတ်လမ်းကြည့်နေရသလိုပါပဲ။

ပိုးပိုးပြည့်စုံ said...

အားကိုးစရာ ဗလကြီး ဦးမြစ်ကျိုးအင်း.... ပုလင်းခွဲနည်းသင်ပေးပါဦးရှင့်....

မေဓာဝီ said...

မြစ်ကျိုးအင်း ပုလင်းကြော်ငြာရိုက်လို့ရပြီ။
ဘယ်လိုခွဲခွဲ မကွဲတဲ့ပုလင်း ဆိုပြီး။ :)

သမီးကြီး said...

ကိုမြစ်ကျိုးအင်းရေ အခုရော ပုလင်းခွဲတတ်ပြီလား?

ညီမလေး said...

့ဖြစ်ရမယ် ကိုမြစ်ကျိုးအင်းတို့ကတော့ရယ်
တခုခုဆို အားကိုးရမဲ့ပုံပဲတော့ ..းD

kiki said...

နောက်ဆို ဂလောက်ထူတဲ့  ပုလင်းနဲ့ ဘီယာ မသောက်နဲ့  ပေါ့.....

ငယ်ငယ်တုံးက တခါ .. ဒီလိုပဲ ဂျစ်ကားနဲ့  ရေပက်ခံ ထွက်ဖူးတယ် ၊ အကိုတွေ နဲ့လေ ။ ညနေစောင်း အိမ်ပြန်ချိန် မှာ သူများ ပက်လိုက်တဲ့ ရေပုန်းက ကိုင်းကျွတ်ထွက်လာပြီးကားမှန်ကွဲသွားတော့ မဏ္ဍပ်မှာ ရန်ဖြစ်ခဲ့ကြဖူးတယ်( ယောကျာင်္းလေးချင်းချင်း ချကြတာပါ ) ။ အဟဲ .. ၂ ဦး ၂ ဖက် အကုန်လုံး ရဲစခန်း ရောက်ရော .. ညသန်းကောင် မှ အိမ်ပြန်ရောက် ။အားလုံးဆူခံထိပြီး နောက်နှစ်တွေမှာ မလည်ရတော့ဘူး ...
ခုတော့လည်း လွမ်းစရာလေးတွေပါပဲ ..

Angel Shaper said...

နောက်တစ်ကြိမ် ဆိုရင်တော့ တစ်ချက်တည်းနဲ့ ကွဲတော့မှာပါ :)))))

မောင်မိုး said...

အင်းဗျာ။။ သင်္ကြန်လို့သတိရလွမ်းဆွတ်လိုက်ရင် ဘယ်နှစ်က ဘယ်လိုရန်ဖြစ်ခဲ့တာတွေချည်းပဲ သတိရလာတယ်။ ကွဲတဲ့နှစ်၊ လျော်ရတဲ့နှစ်၊ ပြေးရတဲ့နှစ်၊ ဆော်လိုက်ရတဲ့နှစ်၊ ဆွမ်းကြီးလောင်းလိုက်ရတဲ့နှစ်စသဖြင့်ပေါ့ဗျာ။ ဘာပဲပြောပြော သင်္ကြန်နီးတိုင်း တမ်းတမ်းတတလွမ်းရတာချည်းပါပဲ။

ahphyulay said...

ဖတ်ပြီး ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့  လတ်လတ်
ဆတ်ဆတ် နဲ့  လန်းဆန်းကြည်နူး မှု လေးတွေကို ပြန်
ရလိုက်မိပါတယ် လို့ ။

ဆောင်းနှင်းရွက် said...

အတွေ့အကြုံ လေးးးတွေ ပေါ့...

ကိုတစ်ကိုးကင်းကို
လူမိုက် အနေနဲ့ ငှားရင်မှားမယ်နဲ့ တူတယ် ..
တော်ကြာ လူဆိုးက
ငါ့ကို လာချဖို့ စောင့်နေရတာ စိတ်မရှည်တော့ဘူးးး
ဆိုပြီးးးးး ပိုပြီး စိတ်တိုလာမှ ကွိုင်ပဲ .. >>

ဏီလင်းညို said...

မျှစ်ရေ........
နာလည်းခွဲသကွာ........ခွမ်းးးးးးးးးးးးးးးး
နင်တို့နဲ့ ဖိုက်ခဲ့တာ...... နာတို့နဲ့တူဒယ်........ဟား.....ဟား.......း))
ခင်မင်တဲ့
ဏီလင်းညို

MoeKhit said...

လမိုင်းကပ်ရင်တော့ ကိုမြစ်ကျိုး တော်တော်လက်သံပြောင်မယ့် သဘောရှိတယ်နော်....နောက်ခါဆို ချဗျာ.. ဘာမှအားမငယ်နဲ့...နောက်မှာ ကျွန်တော်တို့ရှိတယ်...ကိုမြစ်ကျိုးက ရှေ့မှာနေ... :P

littlebrook said...

အဟားဟားဟား ခုမှအဖြစ်ကို လုံးချာလည်တော့တယ်
ကျွန်တော်တို့က အဲ့အမူးသမားနှစ်ယောက်လေ အဟိ ..
လက်တည့်တယ် .. နောက်တာနော် ဟေ့လူ တကယ်ထင်ပြီး
အကြွေးပြန်တောင်းနေမှ နောက်စေ့ကွဲနေရင် ပြဿနာ

ကေသရီ said...

ကိုမြစ်ရေ
ပြုံးစရာသင်္ကြန်အကြောင်းလေးဖတ်သွားပါတယ်။ စာဖတ်ရင်းအလွဲလွဲအချော်ချော်ဖြစ်နေတာကို ပြုံးမိပေမယ့် အပြင်မှာဆိုရင်တော့ ရန်ဖြစ်တာကြောက်တတ်တယ်။

မိုးမောင် said...

ဒီလိုပွဲတွေက လမိုင်းမကပ်တာပဲ ကောင်းတယ်ပြောရမယ်။ လမိုင်းကပ်ရင် အမှုက ပိုကြီးမှာပေါ့လေ။ :)

ရွှေရတုမှတ်တမ်း said...

ကိုမျှစ်ချိုးတို့ ပုလင်းမချိုးနိုင်တာတော့..အံ့ဖွယ်သုတ ပါလားနော်...

♥ကိုဇော်♥ said...

ဘီယာ ပုလင်းတွေက တော်ရုံမကွဲအောင် တမင် လုပ်ထားရတာလေ. . .
ရုပ်ရှင်ထဲမှာ ခေါင်းရိုက်လို့ ကွဲတယ် ဆိုတာ သူတို့ မီးဖုတ်ထားလို့ ဒါမှ မနာပဲ ကွဲတာ. .

သတိရတယ်. . .သင်္ကြန်ရယ်. . .
တိုက်ဆိုင်တာတွေ ချရေးပါဦးမယ်. . .

shwezinu said...

ရန်ပွဲ ထဲ ရွှေစင်ဦးတို့ မပါရင် တဖူနာ မှာစိုးလို့ ပါအုန်းမှ
အမလေး ပုလင်းလေးတောင် မခွဲနိုင်ဘူး...
ကိုဇော်ကြိးကတော့ ဗဟုသုတ အတော်စုံတယ်

ခင်တဲ့
ရွှေစင်

ချစ်ကြည်အေး said...

ဟင်...အဝေးက လှမ်းပစ်နေတာမျိုးများ...တကယ်ပဲ ဖိုက်ကြတော့မှာလားလို့....ဒီက ရင်တမမနဲ့ ဖတ်နေတာ...ခိခိ...။ ဘလော်ဂါ သင်္ကြန်မျှော်နေတယ်ဗျို့...:)

အင်ကြင်းသန့် said...

အင်း...အင်း...ဘီယာပုလင်းခွံကိုတောင် ဒီလောက်ခက်ခက်ခဲခဲ ခွဲနေရတဲ့ သူတို့နဲ့ရန်ဖြစ်ရမယ့်လူကို အမူးသမား ၂ယောက်က တိုင်အကွယ်ကနေ လှမ်းကြည့်ပြီး တုန်နေအောင်ကြောက်နေကြမယ် ထင်တယ်... :D


(ပိုစ့်အဟောင်းပေမယ့်လည်း မဖတ်ရသေးတော့ အသစ်ပါပဲ...)

မိုးစက်အိမ် said...

သင်္ကြန်လည်ရတာ အန္တာရယ်များသား ကိုကျိုးရ
ဘယ်သူမှကဗျာဆန်ဆန်ငွေဖလားနဲ့ လုပ်မနေတော့
ဘူး ၀ုန်း ဒိုင်း ဘဲ ရန်ကလည်းဖြစ်သလားမမေးနဲ့ 
သင်္ကြန်ပြီးရင် တော့ အလဲရော အကွဲတွေရော
အပြဲတွေရော စုံနေတော့တာပါဘဲ ကိုကျိုးအတွက်က
တော့သင်္ကြန်အမှတ်တရ ပြောစရာလေးကျန်ခဲ့တာ
ပေါ့ဗျာ သွေးပူနေတုန်းဆိုတော့ ကိုယ်ဘာဖြစ်ဖြစ်မသိ
ဘူးဗျ သွေးအေးရင်တော့ ပုရွက်ဆိတ်ကိုက်ရင်တောင်
အကြီးကြီး နာတတ်ကြတယ် :D သင်္ကြန်အလွမ်း
ပြေလေးပါဘဲဗျာ . . . :)

ကိုအောင်(ပျူနိုင်ငံ) said...

သင်္ကြန်တွင်း အမှတ်တရတစ်ခုပေါ့၊ သင်္ကြန်တွင်း လည်ပတ်ပျော်ရွှင်မှုတွေမှာ အားလုံး အန္တရယ် ကင်းရှင်း ပါစေလို့ ဆုတောင်းပါတယ်၊ နှစ်သစ်မှာ ပျော်ရွှင်ပါစေ။

နန်း said...

ဆားချက်ပေမယ့်
မဖတ်ရသေးတော့အသစ်လိုပါပဲ
သင်္ကြန်ရောက်တော့မယ်နော်

thawzin said...

မပိုးနဲ့ နောက်တစ်ယောက် တဲ့။ အဲဒီနောက်တစ်ယောက် ဘယ်သူတုန်းဗျ။ အကိုရဲ့ အနွယ်တော်လေးလားဗျ။ အာဂသတ္တိတွေပြခဲ့လိုက်တဲ့ ရန်ပွဲပေါ့နော်။ တကယ်တော့ အခုနောက်ပိုင်း အတာ သင်္ကြန်ဆိုတာကြီးက အမူးသမားတွေနဲ့ အရူးအကန်းတွေ ပျော်လေ့ရှိကြတာပါဗျ။ အဓိပ္ပါယ်မဲ့လိုက်တဲ့ ရေကစားနည်းကို လူငယ်တွေ ခေတ်ရေစီးကြောင်းနဲ့ ပြောင်းလဲလိုက်ကြတာ သရုပ်ပြက်တွေပဲ ဖြစ်ထွန်းလာကြတယ်။ ကျွန်တော်ကတော့ သင်္ကြန်ဆိုတာ ကောင်းကောင်း မကစားဖူးပါဘူးဗျာ။ လူကြားသူကြားသွားရမှာ အရမ်းရွံ့တတ်တာ။ လူရာမ၀င်တာလိုပြောရရင် ပိုမှန်မယ်ထင်တယ်။ ၁၀တန်းလဲအောင်ရော စစ်တက္ကသိုလ်ရောက်သွားတော့ ပျော်ရမယ့်သင်္ကြန်က စစ်တက္ကသိုလ်မှာပဲကျတာကို။ အရာရှိဖြစ်ပြန်တော့ သင်္ကြန်တွင်းဆို ရှေးတန်းနဲ့ လုံခြုံရေးလေ။ အခုကျတော့လဲ ဒီမှာ ၃နှစ်သုံးမိုး သင်္ကြန်ကျရတယ်။ ပြန်လာရင်လဲ ဘယ်ကြောင်ပို့ခံရမယ်မသိဘူး။ ပျော်စရာဆိုတာ မကောင်းတာလုပ်မှ ပျော်ရတော့မယ့်ဘ၀ဆိုတော့လဲ မပျော်တာက တော်ပါသေးတယ်။ နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေဗျာ။ မင်္ဂလာနှစ်သစ်ဖြစ်ပါစေဗျာ။ ကျေးဇူးရှိသူကိုလည်းကောင်း၊ ကျေးဇူးမရှိသူကိုလည်းကောင်း မခွဲခြားပဲ အားလုံးအတွက် ကောင်းကျိုးရအောင်လုပ်ဆောင်ခြင်းသည် မေတ္တာမည်ပါသည်

ကူးလွေ့ said...

နှစ်ကူး အတာ တန်ခူးမှာ ရွှင်မြူးအေးချမ်းလို့ ပျော်ရွှင်ပါစေဗျာ။
အပူအပင်တွေ ကင်းစင် လန်းဆန်းအောင် ရေကြည်လေး ဆွတ်ရုံ ဖျန်းပက်သွားပါတယ်..။
ငြိမ်းချမ်းအေးမြပါစေ..။

Anonymous said...

ဖြစ်ရလေ ကိုမြစ်ရယ် ...
ကိုမြစ်တို့ ရန်ပွဲက တော်တော်ရယ်နေရတယ် ...
အဲဒါလေးတွေက အမှတ်တရလေးတွေပေါ့ ...
အဲဒီသူငယ်ချင်းတွေနဲ့ ပြန်ဆုံတိုင်း ပြောဖြစ်ကြမှာပဲ ...

ရေလာလောင်းတယ် ကိုမြစ်ရေ ...

သင်္ကြန်မှာ စိတ်ကူးလေးတွေနဲ့ အေးချမ်းပါစေ ...

ခင်တဲ့
ညရဲ့ကောင်းကင်

အကြမ်းထည် said...

နောက်တခါ ပုလင်း ခွဲရမယ့်အချိန်ရောက်ရင်...
ကြိုပြောပါ...ပုလင်းလွတ်ပေးပါ့မယ်..။
လူမိုက် ၁၀ ယောက်လည်း လွှတ်ပေးပါ့မယ်.
သို့ပေမယ့်...ပုလင်းအကောင်းလေး ဒီဘက်မျှဝေပါ။

ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ
with rep;

jr.လွင်ဦး said...

ခုတော့ .....

ကိုလူထွေး said...

ခွဲကျင့်ချင်ယင် အိမ်မှာတော့ ပုလင်းအလွတ်တွေ အများကြီး ရှိသေးတယ်။

ဟဲဟဲ။ ဖန်ပုလင်းတော့မဟုတ်ဘူး။ ကော်ပုလင်းတွေ...

းဝ)

Anonymous said...

အတွေ့အကြုံမရှိရင် ပွဲကြီးတွေမှာ ဒီလိုဖြစ်တတ်တာဘဲ

mw

 

Posts Comments

©2006-2010 ·TNB