၁၀၉/၁၁၀ အလွမ်း

04 April 2010



(ဇာတ်လမ်း တစ်ပုဒ်မှာ ယုတ္တိဗေဒ ရှိမှု မရှိမှု ဆိုတာ ခေတ်အခြေအနေနဲ့လည်း သက်ဆိုင်တယ်ဆိုတာကို ရှင်းပြချင်ပါတယ်။ အောက်မှာ ဆက်ဖတ်ရမယ့် ဇာတ်လမ်းလေးဟာ မြန်မာပြည်မှာ အင်တာနက်ဆိုတာ မတွင်ကျယ်ခင် လွန်ခဲ့တဲ့ ၈နှစ်ကာလက ရေးခဲ့ဖူးတဲ့ ဝတ္ထုဟောင်းလေးပါ။ ယနေ့ခေတ်နဲ့ ကြည့်ရင် အနည်းငယ် ရယ်စရာ ကောင်းနေမယ် ဆိုတာလည်း ခန့်မှန်းမိပေမယ့် ထိုအချိန်က စိတ်ခံစားမှုနဲ့ ရေးခဲ့ဖူးတဲ့ ဝတ္ထုတိုလေး ဖြစ်ပါတယ်။

ကျွန်တော် မတင်ဘဲ ပို့စ်အသစ် တင်တယ်ဆိုပြီး တစ်ခြားဘလောဂ်တွေမှာ သွားပေါ်နေလို့ လာဖတ်မယ့်သူတွေ အတွက် ပို့စ်မရှိဘူး မဖြစ်ရအောင် သိမ်းထားတဲ့ ပို့စ်တစ်ပုဒ်ကို တင်ပေးလိုက်ရတာပါ။ မထင်မှတ်ဘဲ တင်ဖြစ်တဲ့ ပို့စ်လေးပါပဲ။ ဘလောဂ်စလုပ်ချိန်မှာ စာအုပ်ထဲက ကူးပြီးတင်ခဲ့ဖူးသလို ပြန်သိမ်းထားတာ ကြာပြီဖြစ်တဲ့ ပို့စ်အဟောင်းလေး ဆိုရင်လည်း မမှားပါဘူး။ ဖတ်ဖူးတဲ့သူတော့ နည်းမယ်ထင်ပါတယ်။)
................................................................................................................................................။

၁၀၉/၁၁၀ အလွမ်း


ချစ်သူမရှိသော နေ့ရက်တွေသည် မှောင်မိုက် ခြောက်ကပ်လွန်းလှသည်။ ထို့ပြင် မျှော်လင့်ခြင်းတွေ ပေစွန်းပြီး ပူလောင်ခဲ့ရသည်။ မျှော်လင့်ခြင်း ဆိုသည်မှာ သူမကျွန်တော့်အနားက ထွက်ခွါသွားကာစ နေ့ရက်တွေမှ စတင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာပြည်တွင် ချစ်သူရှိမနေမှန်း သိပေမယ့် အိမ်ရှေ့လမ်းမက ဆိုင်ကယ်ဟွန်းသံ ကြားတိုင်း သူမရောက်လာတာများလား ထင်မိကာ ရင်ထဲမှာ တစ်ဆတ်ဆတ် တုန် သွားမိသည်။ဟွန်းသံကြောင့် လမ်းမကို သတိလက်လွတ် လှမ်းကြည့်မိသည် အထိ မျှော်လင့်ခြင်းဖြင့်ရူးနှမ်း နေခဲ့ရဖူးသည်။ အကြိမ်ကြိမ် အခါခါ ရူးသွပ်ခဲ့ရပေမဲ့ ကျွန်တော်ကတော့ အသံကြားတိုင်း ခေါင်းထောင်နေခဲ့ မြဲဖြစ်သည်။ ချစ်သူကိုသတိရမိတိုင်း စိတ်ကူးတို့ကြောင့် ထိုကဲ့သို့ သတိလက်လွတ် အကြိမ်ကြိမ် ဖြစ်ခဲ့ရသည်။

တစ်ခါတစ်လေ ချစ်သူ ကျွန်တော့်အနား ရောက်နေသည်ဟု စိတ်ကူးယဉ် လိုက်မိသည်နှင့်ပိတ်ထားသော မျက်လုံးတို့ ဖျတ်ခနဲပွင့်ကာ ဘေးနားမှာ လိုက်ရှာကြည့်မိသည်။အသိစိတ်ကို စိတ်ကူးယဉ်မှုတို့က အနိုင်ယူ ဝါးမျိုခံခဲ့ ရသည်မှာလည်း အကြိမ်ကြိမ် အခါခါဖြစ်သည်။ ထိုကဲ့သို့ အတွေးများဖြင့် နှိပ်စက်ခံနေရသော ကျွန်တော့်ရင်ခွင်သည် အချိန်နှင့်အမျှ နာကျင်ရပါသည်။ ရှည်လျားလွန်းသော နေ့ရက်တွေသည် သူမထံမှလာမည့် စာကို မျှော်လင့်ရခြင်းသာ မရှိခဲ့ရင် တော်တော် ဖြတ်သန်းဘို့ခက်ခဲမည်။

ကျွန်တော်အတွက် တစ်ခုကံကောင်းသည်မှာ မကြာခဏ ရောက်လာသော သူမရဲ့ စာများကြောင့် နေ့ရက်ဖြတ်သန်းရသည်မှာ အနည်းငယ် သက်သောင့်သက်သာ ရှိစေခဲ့သည်။ ချစ်သူရဲ့စာကိုဖတ်ရတိုင်း ရင်ခွင်သည် လင်းလက်နေခဲ့သည်။ ပျော်ရွှင်ခြင်းနှင့် သတိရခြင်းတို့သည် တစ်ဖက်တစ်ချက်စီ စီးမိုးနေခဲ့ကြသည်။ ထိုခံစားချက်တို့ကြောင့်ပဲ စာတိုက်ပိတ်ရက်တွေကို မုန်းတတ်ခဲ့သည်။ သောကြာနေ့ ညနေတိုင်းသည် မျှော်လင့်ချက်မရှိသော နေ့ရက်တို့အတွက် ဖြတ်သန်းရခက်သော အချိန်ဖြစ်ပြီး တနင်္ဂနွေညတိုင်းသည် မျှော်လင့်ချက်တို့ဖြင့် တက်ကြွစွာ အိပ်ပျော်သွားလေ့ ရှိသောညများဖြစ်သည်။

သူမထံမှ စာလာလျင် ရင်ခွင်သည်ပေါ့ပါး နေသလောက် စာမလာတာကြာသော ရက်များသည် တစ်စုံတစ်ခုဖြင့် ပူလောင်နေရသော ရက်များလည်းဖြစ်သည်။ ထိုသို့ဖြင့် ခံစားချက်တို့နှင့် ကျွန်တော်သည် လုံးလည်ချာလည် လိုက်နေခဲ့သည်။ ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်လုံးလုံး သူမဆီက စာမလာခဲ့ပေ။ ထိုကဲ့သို့ စာလုံးဝမလာသော ရက်သတ္တပတ်များလည်း ရှိသောကြောင့် ထူးထူးခြားခြား စိတ်အနှောက်အယှက် မဖြစ်မိပေ။ တစ်ခါတစ်လေ ထိုကဲ့သို့ နေ့ရက်များကို ဖြတ်သန်းပြီးလျင် သူမဆီက စာကို ရလေ့ရှိသည်။ ထို့ကြောင့်မနက်ဖြန် တနလာင်္နေ့တွင် ပြည့်ဝသော မျှော်လင့်ချက်တို့ စတင်မည် ဖြစ်သည်။


...........................။

တနင်္လာနေ့...

ရုံးဖွင့်ရက် ဖြစ်သော်လည်း ဒီနေ့ကိုတော့ မျှော်လင့်ချက် သိပ်မထားမိပေ။ များသောအားဖြင့် ကျွန်တော်တို့ရပ်ကွက်ထဲသို့ စာပို့သမားလာသော နေ့တွေသည် တနင်္လာနေ့ နောက်ပိုင်းရက်တွေပဲ ဖြစ်လေ့ရှိသည်။ စာလာလေ့ရှိသော နေ့ရက်မဟုတ်ပေမယ့် ရုံးဖွင့်ရက်ဆိုသော အသိကြောင့် မျှော်လင့်ခြင်းနှင့် မသိစိတ် တို့ အတူတကွ ညီညီညွတ်ညွတ် ရှိနေခဲ့ကြသည်။ ထိုညီညွတ်မှုသည် သောကြာနေ့ ညနေတိုင်အောင် တည်ရှိနေမှာလည်း ဖြစ်သည်။ တစ်ဖြည်းဖြည်း အချိန်တွေကုန်ရင်း တနင်္လာနေ့သည်လည်း ကျန်ရစ်ခဲ့တော့သည်။မနက်ဖြန် အင်္ဂါနေ့တွင်တော့ မျှော်လင့်ချက်တို့ ပိုမိုတောက်ပခွင့် ရနိင်မည်ထင်၏။
.........................။

အင်္ဂါနေ့...

ယနေ့ရဲ့အချိန် တော်တော်များများသည် ခေါင်းစဉ်တပ် မရသော အလုပ်တို့ကို လုပ်နေပေမယ့် ကျွန်တော်ရဲ့စိတ် နှင့် နားအစုံတို့ကတော့ လမ်းမဆီကို သာရောက်နေခဲ့သည်။ စက်ဘီးတစ်စီးရဲ့ဘရိတ်ညစ်သံကြားတိုင်း စာပို့သမားထင်ပြီး တီးလက်စ ဂစ်တာကို ရပ်ပစ်လိုက်မိ၊ ကော့ဒ်တွေ မှားကိုင်မိနဲ့ အယောင်ယောင် အမှားမှား ဖြစ်နေခဲ့သည်။ ကဗျာတစ်ပုဒ်ကို ချောချောမွေ့မွေ့ မစပ်နိင်သည်မှာ ထိုမျှော်လင့်ချက်ကြောင့် ဖြစ်သည်။

ချစ်သူထံမှ စာသည် ကျွန်တော်တို့ ချစ်ခြင်းတွေရဲ့ကြိုးတစ်ချောင်း ဖြစ်သည်။ ထိုကြိုးသည် ကျွန်တော်တို့ရဲ့ နှလုံးသားနှစ်ခုကို ပေါင်းစည်းစေနိင်သလို တမ်းတခြင်းတွေကို တဒင်္ဂ ပြေပျောက်စေနိင်သော မျှော်လင့်ချက်လည်း ဖြစ်သည်။ သို့သော်လည်း ကျွန်တော်ထမ်းပိုးထားရသော မျှော်လင့်ချက်တို့ လေးပင်သလောက် အချိန်တို့ကတော့ ပေါ့ပါးစွာနှင့် ကုန်ဆုံးသွားခဲ့သည်။ မကြာခင် နေဝင်တော့မည် ဖြစ်ပေမယ့် စိတ်တော့မပျက်ခဲ့သေးပါ။

ကျွန်တော့်အတွက် (၃)ရက်စာ အခွင့်အရေး ကျန်ရှိနေသေးသည် မဟုတ်လား။
.............................။

ဗုဒ္ဓဟူးနေ့...

ဒီနေ့မှာတော့ သူမရဲ့စာကို သိသိသာသာ မျှော်နေမိသည်။ ရက်သတ္တပတ်တွေရဲ့ဗုဒ္ဓဟူး နေ့တိုင်းသည် စာပို့သမား လာနိုင်သလို လာတတ်သော နေ့တွေလည်း ဖြစ်သည်။ ကောင်းကင်မှာ နေလုံးသည် တစ်ဖြေးဖြေးမြှင့်တက်လာနေသည်နှင့် အပြိုင် ကျွန်တော်ရဲ့ စိတ်သည်လည်း ဘာကိုမှန်း မသိဘဲ အလိုမကျဖြစ်နေခဲ့သည်။ ဘယ်အချိန်မှာများ အိမ်ရှေ့ကနေ “အစ်ကိုရေ စာ” ဆိုပြီးအော်မလဲဆိုတာကို မသိစိတ်နှင့်ပါ နားစွင့်နေမိသည်။ တစ်စုံတစ်ခုကို မျှော်လင့်ရင်း ထမင်းစားရသည်မှာလည်း အရသာ မရှိလှပေ။ စိတ်ကျဉ်းကျပ်လှသည်။ ဘယ်လိုနည်းနဲ့ အချိန်ဖြုန်းရင် ကောင်းမလဲ စဉ်းစားကြည့်ပေမယ့် နည်းလမ်းမတွေ့နိုင် လောက်အောင် စိတ်တစ်ခုလုံး မျှော်လင့်ခြင်းထဲ နစ်မြုပ်နေခဲ့သည်။ ထိုအချိန်တွင်

“ ကျွီ ”

စက်ဘီးဘရိတ်ညစ်သံ ကြားရပြီးနောက် ဒေါက်ထောက်သံကိုပါ ကြားလိုက်ရ၏။ ဒါဆိုရင်တော့ သေချာပါပြီ။ ကျွန်တော် ခပ်သွက်သွက်လေးပဲ အပြင်ကိုထွက်လိုက်သည်။ မြင်ရသော မြင်ကွင်းကြောင့် ကျွန်တော့်ရင်ထဲက အလိုမကျစိတ်တို့ ဆောင့်တက်သွားသည်။

“ဟာ..ကွာ..”

မကျေမနပ် ရေရွတ်လိုက်မိသည်။ သတင်းစာပို့သမားကို မြင်လိုက်ရသဖြင့် အလိုလို စိတ်တိုသွားရခြင်း ဖြစ်သည်။“သွားစမ်းပါ ဒီသတင်းစာ ငါဘာလုပ်ရမှာလဲ” စိတ်ပျက်လက်ပျက် တွေးရင်း ပြန်ဝင်လာပြီး အရိုးမရှိသူ တစ်ယောက်လို ထိုင်ခုံပေါ်သို့ ခန္ဓာကိုယ်ကို ပုံချလိုက်သည်။


“အေးလေ ဒီအချိန် သတင်းစာ လာနေကြပဲဟာ ကိုယ့်ဘာသာ လိုရာဆွဲတွေးပြီး မျှော်လင့်ချင်တာကိုး ”
ကိုယ်ကိုကိုယ် ပြန်ဖြေသိမ့်မိသည်။

'စိတ်တိုလိုက်တာ'
'ဒီအချိန် စာမဟုတ်ဘဲ လူကိုယ်တိုင် ပြန်လာရင် ဘာလုပ်မလဲ' ကိုယ့်ကိုယ်ကို မေးမိတော့
'အသက်ရူ မွန်းတဲ့အထိသာ နမ်းပစ်လိုက်ချင်တယ်' အဖြေကို စဉ်းစားမိသဖြင့် ပြုံးလိုက်မိ၏။ ဒါပေမဲ့ မဖြစ်နိင်ပါဘူး။ ဒီလိုနဲ့ ရင်ထဲကိုငုံ့ကြည့်တော့ “ ငိုမဲ့မဲ့ ”
နာရီကိုမော့ကြည့်တော့ “ ၃ နာရီခွဲ ”
“ဒီအချိန်မှတော့ စာပို့သမား ဘယ်လာနိုင်ပါတော့မလဲ။ တစ်ခြားရက်ကွက်တွေ ပို့နေလို့နဲ့ တူပါတယ် ဒါဆိုရင်လည်း မနက်ဖြန်ပေါ့” ဟု သက်ပြင်းရှိုက်ရင်း တွေးလိုက်မိသည်။

............................။


ကြာသာပတေးနေ့ ...

ဒီနေ့တော့ မမျှော်တော့ပါဘူး အလိုက်သင့်ပဲ နေတာကောင်းမယ်၊ မဟုတ်ရင် လူလည်း ရူးမလားပဲ၊ ရင်ထဲမှာ ဗျာများရတာ ပင်ပန်းလှသည်ဟု တွေးနေမိသည်။ ဘေးလူတွေသာ ကျွန်တော်အဖြစ်ကို သိရင် တော်တော် ပိုတယ်ထင်ကြမည်။ တစ်ကယ်တော့ အဝေးရောက်နေတဲ့ ချစ်သူကို သိပ်ချစ်မိလို့ အလွမ်းကြောင့်ပဲ အာရုံတွေ နောက်နေရခြင်းဖြစ်သည်။ ကျွန်တော်တို့ အတွက် အဆင်ပြေဆုံး ဆက်သွယ်နိုင်မှုမှာလည်း အပြန်အလှန် စာပို့ခြင်းသာ ရှိသည်။

ရံဖန်ရံခါ ဖုန်းဆက်လေ့ရှိပေမယ့် ထိုအခွင့်အရေးသည် သူမ တစ်နေ့တာလုပ်ခရဲ့ တစ်ဝက်စာနှင့် လဲလှယ်ပြီးမှသာ ရရှိသဖြင့် အမြဲတမ်း ဆက်သွယ်မှုအတွက် စာပို့ခြင်းကိုသာ အားထားနေခဲ့ရသည်။ ကျွန်တော် စာမျှော်တတ်သလို သူမလည်း မျှော်လေ့ရှိသဖြင့် အမြဲမပြတ် စာထည့်ပေးလေ့ရှိသည်။ ဒီနေ့လည်း သူမအတွက် စာတစ်စောင်ရေးရင်း အချိန်တွေကို ဖြတ်သန်းနေမိသည်။ ဒီလိုနှင့် ကြာသာပတေးနေ့သည်လည်း တစ်တိတိ ကုန်ဆုံးသွားတော့သည်။

နောက်ဆုံးတော့ ကျွန်တော်လုပ်နိုင်စရာ တစ်ခုပဲ ရှိတော့၏။ ချိုချိုသာသာ ကျိန်ဆဲ လိုက်သည်။
“ ကောင်မလေးရေ နင်တော်တော် ဆိုးတယ်ဟာ ”

ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ သေချာပြီဟု ထင်မိပါသည်။ ဒီနေ့က စာပို့သမား ခွင့်ယူထားတာ ဖြစ်နိင်သည်ဟု တွေးလိုက်မှပဲ အနည်းငယ် စိတ်သက်သာရာ ရသွား၏။
.........................။

သောကြာနေ့...

ဒီနေ့ကတော့ ဒီ ရက်သတ္တပတ်အတွက် နောက်ဆုံးနေ့ ဖြစ်သလို စိတ်ခံစားမှုရဲ့ ဒီရေအမြင့်တက်ဆုံး အချိန်လည်းဖြစ်သည်။ ဒီနေ့တော့ သေချာပြီဟု ယုံကြည်နေမိသဖြင့် စိတ်ကြည်ကြည်လင်လင်နဲ့ မျှော်နေတော့မည်။ ကုန်လွန်ခဲ့တဲ့ နေ့တွေက ခံစားချက်တွေကိုလည်း မေ့လိုက်ပစ်ပြီ။ ဒီနေ့မှ စာပို့သမား မလာရင် စာတိုက်ကို မီးသွားရှို့တော့မည်ဟု ခပ်ရွတ်ရွတ်သာ တွေးလိုက်မိ၏။

လှုပ်ခတ်နေသော အတွေးတို့ သည် နာရီ လက်တံနှင့် အပြိုင် ဖြစ်နေခဲ့သည်။ ထိန်းချုပ်၍ နေသည့်တိုင် နေ့လည် ထမင်းစားချိန် နီးလာသည်နှင့်အမျှ ကျွန်တော်အနည်းငယ် စိတ်လှုပ်ရှားလာမိကြောင်း ဝန်ခံရမည်။ အိမ်ရှေ့ထွက်ပြီး ဟိုကြည့်ဒီကြည့်လုပ်ရတာလဲ နှစ်ခါရှိနေပြီ။ စာလေးတစ်စောင်ကို ဘာကြောင့် ဒီလောက်တောင် တောင့်တ နေမိသလဲမသိပေ။ အတိုဆုံးပြောရရင် အချစ်ကြောင့်ပဲ ဖြစ်မည်ထင်ပါသည်။ ပင်လယ်ခြားတဲ့ အရပ်ကနေ ကျွန်တော့်ကို စိတ်ခံစားမှုအမျိုးမျိုး ပေးနေသည်မှာ ကျွန်တော်ရဲ့ 'ကောင်မလေး' ဖြစ်သည်။

တကယ်ပါပဲ.. ကျွန်တော့် ရင်ခွင်ထဲကို မျှော်လင့်ခြင်း မျိုးစေ့တွေ ပျိုးထားပေးခဲ့သည်။ ကျွန်တော့်ရဲ့ ဒီဒုက္ခတွေ ကို သူမ စဉ်းစားမိပါ့မလား။ ကိုယ်ချင်းရောစာတတ်ပါ့မလား။ သုံးကြိမ်မြောက် အိမ်ရှေ့ထွက်ကာ လမ်းမရဲ့ အပေါ်ဘက် အောက်ဘက် ကို မျက်စိတစ်ဆုံး ကြည့်မိတော့ လမ်းရဲ့အောက်ဖက် ခပ်လှမ်းလှမ်းတွင် စာပို့သမား ကုလားလေးကို တွေ့လိုက်ရသည်။ အမှန်အတိုင်း ဝန်ခံရလျင် ကျွန်တော့်ရင်သည် ဆတ်ခနဲ တုန်ခါသွားသည်။
ကုလားလေးကို ရင်ခုန်မိတယ် ဆိုတာကတော့ တော်တော် လွဲမှားလွန်းသော အလွဲ ပဲဖြစ်သည်။ အမှန်က စာပို့သမားဆိုတဲ့ အသိနှင့် ဖြစ်သွားရခြင်းပါ။ (ကောင်မလေး ရေ နင်သာသိရင်တော့ ရယ်နေမှာပဲနော်)

ကျွန်တော်အိမ်ထဲကို ပြန်မဝင်တော့ဘဲ အိမ်ရှေ့ကအုတ်ခုံတွင် ထိုင်နေလိုက်တော့သည်။ ဘေးလူတွေကြည့်ရင် တစ်စုံတစ်ရာကို မျှော်နေတဲ့ပုံစံ မပေါ်အောင်လည်း တစ်ခုခုကို စဉ်းစားနေပုံမျိုး လုပ်နေမိသည်။ ဒီအချိန်မှာတော့ စိတ်ထဲတွင် အမည်မဖေါ်နိင်သော ခံစားချက်တစ်ခုဖြင့် ကျေနပ်နေခဲ့သည်။ နောက်ကိုလှည့်ကြည့်သောအခါ ကုလားလေးသည် ခပ်လှမ်းလှမ်းက အိမ်ကိုစာပို့ပြီး ပြန်ထွက်လာသည်။

နောက်ဆုံးတော့လည်း အားလုံးဟာ အဆုံးသတ်သွားရတာပဲ မဟုတ်လား။

“နေပါအုံး.. စာပို့သမား လာတာက ဟုတ်ပါပြီ ငါ့အတွက် စာပါမယ်လို့ ဘယ်သူက အာမခံလို့လဲ၊
မပါရင် ဘယ်လိုလုပ်မလဲ၊”

မသိစိတ်ရဲ့အတွေးတစ်ခုကြောင့် ကျွန်တော်ရင်ထဲ နည်းနည်းလှုပ်ခါသွားသည်။
“အို..ဘာတွေ တွေးနေတာတုန်း၊ ပါကိုပါရမယ်ကွာ၊ ဘယ်လိုသိလဲမမေးနဲ့ အာရုံရနေတာ”
ကိုယ့်ကိုကိုယ် ပြန်နှစ်သိမ့်လိုက်မှပဲ စောစောက ရရှိ ထားသော ကျေနပ်မှုလေး ပြန်ရလာသည်။ ကျွန်တော် ပျော်ရွှင်ရသလို စာပို့သမားလေးလည်း ကျေနပ်သွားအောင် လ္ဘက်ရည်ဖိုး ပေးလိုက်မည်ဟု ဆုံးဖြတ်လိုက်၏။ အိမ်ထဲ ပြန်မဝင်တော့ဘဲ စောင့်နေလိုက်တော့သည်။

“အစ်ကိုရေ စာ”
စာပို့သမားရဲ့လှမ်းပြောသံကြောင့် မယုံမရဲ ဖြစ်နေသော သံသယတို့ ဝေးလွင့်သွားပြီး ပြီးပြည့်စုံသော ကျေနပ်မှုရသွားသည်။ ဒီလိုပဲဖြစ်ရမှာပေါ့။ အချိန်တန်တော့ လာရတာပဲမဟုတ်လား။ မျှော်လင့်ချက်တွေ ပြည့်သွားရတာဘဲ မဟုတ်လား။ ကျွန်တော့်ရဲ့ ရူးသွပ်ခဲ့မှုတွေကို ဟန်ဆောင်ဖုံးကွယ်ရင်း မထူးခြားတဲ့ ဖြစ်စဉ်တစ်ခုလို စာအိတ်ကို လှမ်းယူလိုက်သည်။

“ဟာ”

ရင်ထဲတွင် တိုးတိတ်စွာ မြည်ဟီးသွားခဲ့သည်။ စာအိတ်က အညိုရောင်ကြီး၊ ဟင်..တံဆိပ်ခေါင်းကလည်း (၂)ကျပ်တန် ပြည်တွင်း တံဆိပ်ခေါင်းကြီးနဲ့... လိပ်စာကတော့ငါ့လိပ်စာပါပဲ ဘာတွေဖြစ်ကုန်ပြီလဲ တခုခုတော့ မှားနေတာ သေချာပြီ။ ကုလားလေးရေ မင်းဒီနေ့တော့ လဘက်ရည် မသောက်နဲ့အုံး။ စိတ်ရှုပ်ထွေးစွာဖြင့် စာအိတ်ကို ဖွင့်ကြည့်တော့မှပဲ အဖြစ်မှန်ကို သိရတော့သည်။

အဝေးသင်တက္ကသိုလ်အတွက် ကျူရှင်တက်ရန်ကြော်ငြာ စာရွက်ပို့လိုက်ခြင်းဖြစ်နေသည်။ ပြုံးရမလို မဲ့ရမလိုနှင့် ခြေပစ်လက်ပစ်သာ ထိုင်ချလိုက်တော့သည်။ ရင်ထဲမှာလည်း ဗလာတစ်ခုလို ဖြစ်သွားသည်။ စိတ်တိုဖို့တောင် မေ့လျော့သွားရ၏။ ဘာဖြစ်ချင်မှန်းလည်းမသိတော့ပေ။ စာပို့သမားလာတိုင်း အလွမ်းရဲ့ဘုရင်မဆီက မဟုတ်နိင်ဘူး ဆိုတဲ့ သဘောတရား တစ်ခုကိုလည်း နားလည်သွားရတော့သည်။

ကုန်ဆုံး သွားတဲ့ တစ်ပတ်တာ ကာလအတွက် စိတ်ညစ်ညစ်နဲ့ဒီလိုသာ အော်လိုက်ချင်တော့တာပါပဲ...။

“ ငါ့မျှော်တဲ့စာမပါရင် စာပို့သမားတွေ ရပ်ကွက်ထဲ မလာကြပါနဲ့ ”

...................................................................................................................................................။

(၂၅.၈.၂၀၀၂) က ရေးခဲ့တဲ့ဝတ္ထုတိုလေးပါ။

ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြောချင်တဲ့ အကြောင်းအရာတွေ ချက်ချင်းရောက်နိင်တဲ့ယခုခေတ်က တစ်ကယ်ကို ကျေနပ်ဖွယ်ရာပါပဲ။ ဟိုတစ်ချိန်ကတော့ မေးခွန်းတစ်ခုရဲ့ အဖြေကို ပြန်ရဖို့ အမြန်ဆုံး ၁၀ ရက်ကျော် ကြာခဲ့ဖူးတယ် ပြောပြရင် ယုံ နိင် ပါ့ မ လား .....။

47 comments:

ချစ်ကြည်အေး said...

ကိုမြစ်ကျိုးက အဲဒီတုန်းကတည်းက စာတွေ ရေးနေပြီလား...။ ယုံပါတယ်...အဲဒီလောက် ကြာတတ်တယ် ဆိုတာ...မျှော်မောရတဲ့ အဖြစ် လူတိုင်းလိုလို ကြုံဖူး ကြမယ်ထင်ပါရဲ့....:)

ညရဲ့ကောင်းကင် said...

ကိုမြစ် ရေးထားတာ ဖတ်လို့ကောင်းတယ်ဗျာ ...
တဖြည်းဖြည်းချင်းဖတ်ပြီး ဘာဖြစ်မလဲ .. ဘာဖြစ်မလဲပေါ့ ... နောက်ဆုံးတော့ စိတ်မကောင်းဖြစ်သွားတယ် ... ရယ်ချင်သလိုလဲ ဖြစ်သွားတယ် ...း)

ဟုတ်တယ်နော် ... အခုလို ဆက်သွယ်မှုတွေ မြန်ဆန်တဲ့ ခေတ်ကျတော့လည်း ....ပြောင်းလဲမှုတွေက မြန်ဆန်လွန်းပါတယ်ဗျာ ...း(

အင်ကြင်းသန့် said...

စာလေးကို ခံစားပြီး ဖတ်သွားပါတယ်...ရီလည်း ရီမိပါရဲ့... တစ်ခါတစ်ရံမှာ ကိုယ်လိုရာတွေ ဆွဲတွေးပြီးမျှော်လင့်နေရာကနေ မျှော်လင့်ထားသလိုဖြစ်မလာတဲ့ အခါခံစားရတဲ့ ခံစားချက်ကို နားလည်မိလို့ပါ...

ahphyulay said...

အင်း.. ဖတ်ဖူး တယ်လေ။
ဘာပဲ ပြောပြော ဖွဲ့ နွှဲ့  ခံစား စရာ၊ တွယ်တာ မျှော်လင့် 
စောင့် စား စရာ တစ်ခုခု ရှိနေပြီ ဆိုရင် သတိ မထား
မိတဲ့  အချိန်တွေတောင် သတိထား ဆုပ်ကိုင်မိ လာ
တတ်ပြီး အမြဲ တန်းပဲ မျှော်လင့်  နေတတ်လို့  ရင်မှာ
ဟာ တာတာ ဖြစ်နေတတ် တာပါလို့  ထင်ပါတယ်။

SHWE ZIN U said...

ကျနော် လည်း စာပို့ သမားကို အဲလိုမျှော်မော ဘူးတယ်.
ဘယ်တော့မှ ရောက်လာမှာ မဟုတ်တဲ့ စာတစောင်ကြောင့် အချိန်များစွာ စာပို့သမား လာချိန်ကို စောင့်ဘူးတယ်..
ကိုယ်ချင်းစာပါတယ်

ခင်တဲ့
ရွှေစင်

ကျောပိုးအိတ် said...

ဖြစ်ခဲ့ဘူးတယ်အကို။ အဲဒီလို ခံစားချက်ကို။ တစ်နေ့ တစ်နေ့  စာပို့ သမားရဲ့  စက်ဘီးဘဲလ်သံကို။ တကယ်ကိုလဲ ရူးသွပ်ခဲ့ဘူးတယ်။

အကိုကမှ စာတိုက်ရုံးမီးရှို့ မယ်ဆို ဆိုခဲ့သေးတယ်။ သမီးက ဒီထက်ဆိုးတယ်။
း)

ခုလို အင်တာနက်ခေတ်မလာသေးတော့ ဒီလိုဘဲ မျှော်ခဲ့ရတာပေါ့။

ဘာဘဲပြောပြော
ခုလဲ စာလာပို့ တယ်။ လက်ဖတ်ရည်ဖိုးပြန်ပေးနော်။
း)

အိုက်ခီလောက် said...

ဝါး စောင့်ရတာတော့ အသေကြာ
ပို့ လိုက်တဲ့စာရဖို့ ဆယ့်ငါးရက် ကြာတယ်
ဓါတ်ပုံပါ ထည့်ပေးလိုက်လို့  ရွေးရရင် ပိုကုန်တယ်
ကိုကျိုးရေ ဖတ်လို့ ကောင်းပါ့ 
ခုနေများတော့ ကိုကျီုးပြောသလိုပဲ ကလစ်လေး တစ်ချက်နှိပ်တာနဲ့ ရောက်ပြီးသား
ဘာပြောပြော အရင်ထက်စာရင် ခုနေချိန်က အများကြီးသက်သာသွားတယ်

ချော (အစိမ်းရောင်လွင်ပြင်) said...
This comment has been removed by the author.
ချော (အစိမ်းရောင်လွင်ပြင်) said...

ချော (အစိမ်းရောင်လွင်ပြင်) said...
ငယ်မူငယ်သွေးလက်ရာလေး ဆိုပေမဲ့လို့
အဲဒီချိန်ကတည်းက လက်စောင်းထက်နေတဲ့ အရေးအသားတွေမှန်း လေ့လာမိပါတယ်..
စာတစ်စောင်ကို မျှော်ရတဲ့ မျှော်လင့်ချက်လေးတွေကိုဘဲ
အသက်ပါအောင် ရေးဖွဲ့ထားပုံကိုက
ဖတ်ပြီး ကိုယ်ချင်းစာမိသလို
ဖတ်ပြီးလဲ ပြုံးမိပါရဲ့...
မျှော်လင့်ရတဲ့ဒုက္ခ သိပ်ကြီးမှန်း
လူတိုင်းလဲ ခံစားဖူးကြပါလိမ့်မယ်........

flowerpoem said...

ခုတော့ ခေတ်ကြီးက တိုးတက်လာတော့ ဘာလေးလုပ်၂ အဆင်ပြေနေတာပဲနော်.......
မျှော်ရတဲ့အလုပ်ကို သိပ်မုန်းတာပဲ မခံစားနိုင်ဘူးနော် ကိုမြစ်ကျိုးအင်းကိုလည်းကိုယ်ချင်းစာပါတယ်. . .

ပိုးပိုး said...

စာတစ်ခါမှမမျှော်ဖူးခဲ့ဘူးးးးး တကယ်.....

♥ကိုဇော်♥ said...

ဟုတ်ပ....
မျှော်ရတာ ကောင်းကို မကောင်း..
အခုခေတ်မှာ စာကို မမျှော်ရတော့ပေမဲ့....
ဂျီတော့မှာ သူ့အကောင့်လေး တတ်လာမလားလို့တော့ ဆက်ပြီး မျှော်နေရသေးတာပါပဲ. . .
ရင်ဘတ်တူသူများရေ. . .ဟုတ်တယ်မလား. .

ဒဏ္ဍာရီ said...

ခုမှပဲ ဖတ်ရတာ...။ အင်း ... ဟုတ်တယ်နော် စောင့်ရတဲ့ အလုပ်ဆို စိတ်ကိုမရှည်တာ။ စာပို့သမားက ဒီကြားထဲ မုန်ဖိုးပေးတဲ့ အိမ်တွေကို အရင်လိုက်ပို့တာ ခံရဘူးတယ်။ နောက်တော့ ကိုယ်လည်း အဲလိုနည်းသုံးမှ ကိုယ့်စာ အရင်ရတော့တယ်။ မကောင်းလှတဲ့ စနစ်တွေလေ..။

ခင်မင်လေးစားလျှက်

jr.လွင်ဦး said...

ပြန်ကြည့်လိုက်ရင် နည်းပညာတွေ တိုးတက်မှုနှုန်း တအားမြန်တယ်နော် သူငယ်ချင်း။
နောက် .. ငါတို့တွေလဲ အိုဘီ။
:D

ပိုးဟပ်လေး said...

မျှော်တော်ယောင်တော့ မျှော်တော်ယောင်ပဲ......

ပိုးဟပ်လေး said...

မျှော်တော်ယောင်တော့ မျှော်တော်ယောင်ပဲ......

အဖြူရောင်နတ်သမီး said...

အင်း....
ကိုယ်ကတော့ ပြောင်းပြန်...
ကိုယ်ပို့လိုက်တဲ့ “ပါဆယ်ထုတ်”
မျှော်သူဆီ မရောက်ပဲ ပို့သူဆီပြန်ရောက်လာလို့...
စာတိုက်ကို ဒေါပွနေတယ်...
းးး(((

နှင်းနဲ့မာယာ said...

အရင်တုန်းက ရေးထားတဲ့စာလဲ အခုလက်ရည်နဲ့ မကွာပါဘူးနော်...
ကောင်းတယ် သိလား...
စာပို့သမားမျှော်ရတဲ့ ဒုက္ခလေး
ခံစားဘူးတယ်..
ဒါပေမယ့် မေ့တေ့တေ့ဖြစ်နေပြီ...::)))
နှင်း

kaungkinpyar said...

စာပါတယ် စာပါတယ် လတ်မှတ်ထိုး ရွေးပါ အကိုကြီး...

မြတ်မွန် said...

ဟားဟား ကုလားလေးကို ပြေးဖတ်ချင်နေပြီ မဟုတ်လား မာမီမြစ်တို့ ကတော့..။ ကုလားလေးကို အိမ်မှာခေါ်ထားလိုက်ရင် ပိုကောင်းတယ်။ ဟိဟိ

ဂျစ်တူး ( မုံရွာ ) said...

မဖတ်ရသေးတော့လည်းအသစ်ပါဘဲခင်ဗျာ-

ညီမလေး said...

ခေတ်တွေဘယ်လောက်ပဲ တိုးတတ် တိုးတတ် ကလစ် တချက် နှိပ်ရုံနဲ့ ကမ္ဘာကြီးနဲ့ ဘယ်လို လွယ်လွယ် ဆက်သွယ်လို့ရတယ်ပြောပြော စာကိုမျှော်ရတဲ့ ဖီးလ် နဲ့ စာရောက်လာရင် ပျော်ရတဲ့ ဖီးလ် ကတော့ ဘာနဲ့မှမလဲနိုင်ပါဘူးလေ .. နော့ ကိုမြစ်ကျိုးအင်းရယ်း)) ။

နောက်ပြီး မျှော်ရတာလဲမောသလို ပို့လို့ ရောက်မရောက် ပူရလို့ မောတာလဲ ရှိသေးတယ် .. ။ ဒါပေမဲ့လည်း ဟိုသီချင်းလေးလို မောတော့မောတာပေါ့ .. ဒါပေမဲ့ မမောဘူး... ဆိုသလိုလေး)) ။

Angel Shaper said...

ဲ့ပိုစ့်လေး ဖတ်လို့တော်တော်ကောင်း။
ဟုတ်တယ်နော်...ဆက်သွယ်မှု ယန္တရားကြီး တိုးတက်လာလို့သာ အဝေးးးးးးးးးးးးကြီးးးးးးးးးး ရောက်နေကြပေမယ့်.... နီးနီးလေးးးးး ဆက်သွယ်လို့ရနေတာပေါ့နော်။
ဖတ်လို့ကောင်း၏။

Anonymous said...

ပါပါးးးးးကွက်စ်........
ဟုတ်ပါ့နော်..... ခုတော့ ကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မီးလင်းသွားပြီနော်.... ခစ်ခစ်........
ရှေ့မီး၊ နောက်မီး၊ အရှေ့အလည်ပိုင်း၊ တောင်ပိုင်း.... ဟဲဟဲ.....
အဆင်ပြေပျော်ရွှင်ပါစေပါပါးရေ.....

မီးကြီး
ကွန်မန်ဒို ဆိတ် (တစ်ချိန်က ပိုလီယိုဆိတ်)

kiki said...

စာကလေး...စာကလေး..
တောကျီးကန်းမျှော်နေ၏ စာကလေး... အိုဗာ ..
တော်သေးတယ် တပါတ်မှာ ၇ ရက်ပဲ ရှိပေလို့ နော်..နို့ မို့ ဆို ..စာ မျှော် နေရင်းနဲ့ ပဲ ။
အကယ်ဒမီ မြစ်တို့  ..ဘယ်အရွယ် ကတည်းကများ စာမျှော်တဲ့ အလုပ် .. လုပ်နေပါလိမ့် နော် ...

ခုခေတ်မှာ ကလစ်တချက် နှိပ်ရုံ နဲ့  အသံလေးကြား. ရုပ်ကလေး မြင်ရတယ် ဆိုပေ မဲ့  ၊ ချစ်သူကိုယ်တိုင် ရေးထားတဲ့ စာလုံးလေးတွေကို အထပ်ထပ် ပြန်ဖတ်ရတဲ့  အရသာ က ပိုပြီးကြည်နူးစရာ ကောင်းသလိုပါပဲ လေ ။
အဟောင်းဆိုပေမဲ့ လည်း မဖတ်ရသေးတော့ အသစ်လိုပါပဲ ။ ဖတ်လို့ ကောင်းသား..
ဆက်မျှော်စေ ....

sosegado said...

ပျော်စရာလေးတွေ ဖတ်သွားတယ်၊ ထင်သလိုမဖြစ်တာလေးတွေ ဖတ်လို့ကောင်းတယ်

kokomaung.uk said...

အေးဗျာ။။ မျှော်ရပါကြောင်း နွေမိုးဆောင်းဆိုသလိုဘဲပေါ့။
ကျနော်ကတော့ စာတိုက်က လာမဲ့စာထက် လူကြုံနဲ့လာမဲ့စာတွေကို ပိုပြီး မျှော်ခဲ့ဘူးတယ်။ တောသားကိုးဗျ။းဝ

ကြည်ဖြူပိုင် said...

စာပို့ကုလားမလေးစာလာပို့ပါတယ်
.................:D
ငါကတော့အင်တာနက်တွေဘယ်လောက်
ခေတ်စားစား
လက်ရေးလေးနဲ့ေ၇းထားတဲ့စာလေးတွေကိုပဲ
နှစ်သက်တယ်
သူငယ်ချင်းတွေငါ့ဆီကိုပို့လေ့ရှိတဲ့စာတွေကို
ခုထိသိမ်းထားတုန်း
စာရေးကောင်းလိုက်တာဟယ်

MoeKhit said...

ဖတ်ပြီးတော့ ပြုံးမိပါတယ်ဗျာ...
ကျွန်တော်လဲ အဲလိုပဲ စာခဏခဏမျှော်ခဲ့ဘူးပါတယ်....
ဒါပေမယ့် ကျွန်တော်မျှော်တာက မေမေ့ဆီက စာ.... :D

littlebrook said...

ကျေးစေရတုလိုဆို ပြဿနာ .. ကိုမြစ်ဟိုခေတ်မှာ လူမဖြစ်တာ
ကျေးဇူးတင်ဗျ ..

မေဇင် said...

ကိုယ်ချင်းစာမိပါတယ်....ဟို အရင်တုန်းက... ခုလဲ မိသားစု နဲ့ စာရေး ဆက်သွယ်နေဆဲပါပဲ...အင်တာနက် ဆိုတာ..ရွာ မှာက နတ်မင်းကြီးတစ်ပါး ကိုယ်ယောင်ဖျောက်နေသလို...ကြားဖူးပြီး မမြင်ဖူးကြသေးဘူးလေ...း))။

ဆောင်းနှင်းရွက် said...

ခုချိန်မှာ ဆက်သွယ်ရေးတွေ
အရင်ကလို တိုးတက်လာပေမယ့်
စာထည့် တယ် ဆိုတာ တစ်ချို့တွေ
လုပ်နေဆဲပါပဲ ..
ဆောင်းနှင်းကတော့
ကိုယ့်ဆီ့ စာမလာဘူးဆိုတာ သိနေတော့
မမျှော်ပေမယ့်
ဆောင်းနှင်း စာကို မျှော်နေတဲ့
အိမ်က မိသားစု ရှိနေတယ် လေ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

သဒ္ဓါလှိုင်း said...

စာရေးကောင်းတော့လည်းဖတ်ရတာပိုပြီးအရသာရှိပါတယ်။
အပေါ်မှာ ကိုဇော်ပြောသလိုပဲ.. စာကိုမမျှော်ရတော့ပေမဲ့
ဂျီတော့မှာဘယ်တော့ပေါ်လာမလဲလို့မျှော်နေရပြန်ပြီနော်။
(ရင်ဘတ်တူချင်းပဲနားလည်မှာပါ)....
ခင်တဲ့
သဒ္ဓါ

ကိုအောင်(ပျူနိုင်ငံ) said...

စာ မျှော်ခဲ့သည်ရှိသော် လာပါစေဗျာ ....း)

YoungGun said...

ခံရပုံချင်း တူတယ် ကျနော့်ကျတော့ . စာပို့သမားထက် သင်္ဘောဥသြဆွဲသံပေါ့ဗျာ။ ဥသြဆွဲသံထဲမှာ ချစ်သူ့ခေါ်သံလေးများ ပါလာလေများ မျှော်တောင်ယောင်ရဖူးပါ့။ ဒါနဲ့ အခုကော စာရပြီလား..။

~ဏီလင်းညို~ said...

မျှစ်ရေ.......
ဖတ်ရတာ ကောင်းလိုက်တာ......။
ကိုယ်ကတော့ မမျှော်လင့်ခဲ့တော့တာ....... နှစ်တွေအများကြီးကြာခဲ့ပြီ.....။
နင်... အခုရော မျှော်သေးလားဟ.......း))
(အားကိုးဂျီး...... ကုလား စာလာပို့ဒယ်နော်....။ ဘယ်မလဲ.... ကုလားအတွက် ကာကာဖိုး...း))
ခင်မင်တဲ့
ဏီလင်းညို

မြသွေးနီ said...

အရင်တုန်းကတောင် ဒီလောက်မျှော်ခဲ့ရတာဆိုတော့..
အခုချိန်မှာ ကိုမြစ်ကြီး ဘယ်လောက်တောင်
အွန်လိုင်းမှာ အဖြစ်သည်းနေမလည်းလို့ တွေးမိတယ်။ ဟေး..ဟေး..:)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

စာက ပို့လိုက်တယ်တဲ့။ လမ်းမှာ ပျောက်သွားတာ။ :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

အနော် said...

အင်တာနက်ခေတ်ကြီးမှာရော ကိုယ်မျှော်လင့်နေတဲ့သူဆီက အီးမေးလ်လေးတစ်စောင်အတွက်
စာအသစ်မရှိတဲ့ inbox ကို အကြိမ်ကြိမ်ဖွင့်မိတဲ့နေ့တွေ ဘယ်လောက်များခဲ့ပီလဲ စဉ်းစားလို့ မတတ်ခဲ့ဘူး.. စာတိုက်ခေတ်မှာက စာပို့သမားကိုအပြစ်ဖွဲ့ချင်ဖွဲ့ ဒါမှမဟုတ် စာပို့စနစ်ကြောင့်လား... ပို့ရက်သားနဲ့ မရောက်တာလား.. လားပေါင်းများစွာနဲ့ ဖြေတွေးစရာတွေ ရှိနေသးတာကပဲ တော်သေးရဲ့ :(
အလွမ်းတွေထဲ ကူလွမ်းပေးသွားရဲ့ :)

သိင်္ဂါကျော် said...

အဟောင်း ဆိုပေမယ့်လည်း ဖတ်လို့ကောင်းနေတာပါပဲ..

မေဓာဝီ said...

စာပို့သမားမရှိခင် ခေတ်တုန်းကဆို ပိုဆိုးမယ်နော်။
တပြည်ထဲ တရွာထဲဆိုရင်တော့ ခိုတို့ ကျေးသားတို့နဲ့ သ၀ဏ်လွှာတွေ ပါးကြမယ်ထင်တယ်။ ဒါတောင်မှ
စာပို့တဲ့ ခိုတို့ ကျေးတို့ကလဲ တိရစ္ဆာန်ဆိုတော့ ချော်တောငေါ့ပြီး တခြားလျှောက်သွားနေရင် မျှော်ရသူက သေပြီ။
နိုင်ငံရပ်ခြားဆိုရင်တော့ ခိုလဲ ပင်လယ်ဖြတ်ပြီး ပျံနိုင်မှာ မဟုတ်ဘူး။

ခေတ်အခြေအနေကိုလိုက်ပြီး အဖြစ်အပျက်တွေက ပြောင်းလဲသွားတာကို အားလုံးသိပြီးသားမို့ မြစ်ကျိုးအင်းရဲ့ အလွမ်းက ယုတ္တိဗေဒကျပါတယ်။
အရင်ခေတ်က ကဗျာတွေမှာပါတဲ့ ကျေးစေရတုတွေကို ဒီဘက်ခေတ်လူတွေ နားလည်သလိုမျိုးပေါ့။

တခုရှိတာက ခေတ်ကပြောင်းသွားပေမဲ့ မျှော်ရတဲ့သူရဲ့ ရင်မောရတဲ့ဒုက္ခကတော့ မပြောင်းဘူးနော်။ တိုးတက်လာတဲ့ ခေတ်ကြီးမှာ အီးမေးလ်ကို ကလစ်တချက်နှိပ်ပြီး ပို့လို့ရပေမဲ့ တဘက်လူက မပို့ဘူးဆိုရင် မျှော်သူက ရင်မောရတာပါပဲ။

ပေါ့ဆိမ့် said...

လွန်ခဲ့တဲ့ ၈ နှစ်လောက်က လက်ရာ ဝတ္တုဟောင်းလေး ဆိုပေမယ့် ကျွန်တော်အတွက် အသစ်ပါ။ တော်တော်ဖတ်လို့ ကောင်းပါတယ်။ တိုက်ဆိုင်မှုလေးတွေလည်း ပါတယ်လေ...။

Anonymous said...

တစ်ချိန်တုန်းက ခံစားခဲ့ရတဲ့ခံစားချက်ကို ပြန်ပြီး ထိတွေ့လိုက်ရသလိုပါပဲ။ စာ တစ်စောင် ဖတ်ခွင့်ရဖို့အမြဲပင်ပန်းတကြီး မျှော်လင့် ခဲ့ဖူး သလို ကိုယ့်လို မျှော်လင့်ချက်နဲ့ ပင်ပန်း မနေစေချင်လို့ တစ်ပါတ်ကို စာ နှစ်စောင် နှုန်း.. နှစ်နှစ်ကျော် ပုံမှန်ရေး ပို့ခဲ့ဖူးတယ်။

ကူးလွေ့

မိုးမောင် said...

အဟောင်းတွေ ပြန်ဖော်ထုတ်တာလည်း တမျိုးကောင်းတာပါပဲ။ သူ့အရွယ်နဲ့ သူ့ခံစားချက်ပေါ့လေ။ ကောင်းလေစွ..ကောင်းလေစွ။

ကေသရီ said...

ကိုမြစ်ရေ
စာပို့သမားကို မျှော်ရတဲ့ အဖြစ်လေးကို မြင်ယောင်မိပါတယ်။ မေးလ်က ဘယ်လောက်ပဲမြန်မြန် ချစ်သူ့လက်နဲ့ရေးထားတဲ့ လက်ရေးလေးလောက်တော့ ရင်ခုန်စရာမကောင်းဘူးထင်တာပဲ။ဒါပေမယ့် ဆက်သွယ်မှုတော့ အရမ်းမြန်ဆန်သွားတာပေါ့လေ။ တစ်ချိန်က ခံစားမှုလေးကို ပြန်လည်မျှဝေပေးတဲ့ အတွက်ကျေးဇူးပါ။

အကြမ်းထည် said...

”စာဗျို့..စာ...စာ”
တော်တော်လေးသဘောခွေ့သွားပါတယ်။
carry on ဆရာ။
ပျော်ရွှင်နိုင်ပါစေ။

အရိုင်းပန်း said...

၁၀၉ ၁၁၀ အလွမ်း ကို နောက်ကျစွာ မန်းသွားပါတယ် အကိုမြစ်ရေ........

 

Posts Comments

©2006-2010 ·TNB