ဘေလာ့ဂ္ဂါ အငြိမ့် (၄)

01 May 2010


မီးရောင်တို့ဖြင့် ထိန်လင်းနေသော ပွဲတော်ကျင်းပရာ လမ်းမကြီး ပေါ်တွင် လူများ ပြည့်ကျပ်စွာ သွားလာနေကြသည်။ များပြားလှသော လူအုပ်ကြီးရဲ့ ဦးတည်ရာကတော့ တူညီနေသည်ကို တွေ့ရမည်။ သူတို့ တရွေ့ရွေ့ဦးတည်ရာကာ ဘလောဂ်ဂါအငြိမ့် ရုံဆီသို့ ဖြစ်သည်။ မကြာခင်မှာ ဘလောဂ်ဂါ အငြိမ့် စတင်တော့ပေမည်။ လုပ်ငန်းခွင်မှ မောပန်းနွမ်းနယ် မှုများကို ပြေပျောက်စေရန်နှင့် စိတ်လက်ပေါ့ပါးစွာ ရယ်မောပျော်ရွှင်နိင်စေဖို့ အတွက် ဘလောဂ်ဂါအငြိမ့် ရုံတော်ကြီးထဲသို့ သူတို့ တစ်ရွေ့ရွေ့ တိုးဝင်နေကြတော့သည်။

ဘလောဂ်ဂါ ရုံတော်မင်္ဂလာကြီး အတွင်းတွင်ကာ ဖျာခင်းထားသော အလယ်ဝန်းရဲ့ ဘေးနှစ်ဖက်မှ ဆယ်ပေခန့်စီ ခွာပြီး စိုက်ထားသော မီးတိုင်တို့ရဲ့ အလင်းရောင်ဖြင့် ထွန်းလင်းတောက်ပနေ၏။ အငြိမ့်စင်ကို ကြက်သွေးရောင် ဖဲကတ္တီပါ ဖြင့် ဖုံးကွယ်ထားသည်။ အငြိမ့်စင်ရဲ့ အပေါ်ဘက်တွင်တော့ ရွှေအိုရောင် နဖူးစီး လိုက်ကာ ချိတ်ဆွဲထားသည်။ ထိုနဖူးစီး ပေါ်တွင်တော့ ကျွန်သစ်သားပြားပေါ်တွင် ထွင်းထုထားသော စာတန်း တစ်ခုရှိနေ၏။ မီးဆလိုက် ထိုးထားသော ထိုစာတန်းသည်ကာ “ ဘလောဂ်ဂါအငြိမ့် ” ဖြစ်သည်။

မြန်မာ့ဆိုင်းဝိုင်းမှ နှဲ နှင့် ဗုံသံတို့ ပေါင်းစပ်ကာ အပျိုးတီးသံ ထွက်ပေါ်လာသဖြင့် မီးကိုရေနှင့်ဖျန်းလိုက်သလို ပွဲရုံအတွင်း ငြိမ်သက်သွားသည်။ မိမိတို့နေရာများတွင် အတည်တကျ ထိုင်လိုက်ကြရင်း ဆိုင်းသံကို နားစွင့် နေကြသည်။ ထိုအချိန်တွင် ဘေးနှစ်ဖက်မှာ မီးတိုင်တို့ မှိတ်သွားသဖြင့် ဇာတ်ရုံတစ်ခုလုံး အမှောင်ကျသွား တော့သည်။ ထို့နောက် ဇာတ်စင်ရဲ့ ဘယ်ညာအပေါ် နှစ်ဖက်မှ ဆလိုက်မီးရောင် နှစ်ခု ကြက်သွေးရောင် ကတ္တီပါလိုက်ကာ ကြီးပေါ် ထိုးစိုက်ကာ ဝေ့ကာ ဝိုက်ကာဖြင့် တစ်စုံတစ်ရာ ကိုရှာနေဟန် ပြုပေးနေသည်။ ပွဲခင်းထဲမှ ပရိတ်သတ်များရဲ့ မျက်လုံးအစုံသည်လည်း ဆလိုက်မီးရောင်တို့နှင့် အတူ အာရုံစူးစိုက်ကာ စောင့်နေကြတော့သည်။

ထို့နောက်တွင်တော့ ဆိုင်းဆရာကြီး အိုက်ခီလောက်ဦးဆောင်သော မြန်မာ့ ဆိုင်းဝိုင်းကြီးမှ ဆိုင်းသံ ထွက်ပေါ်လာပြီး ကြက်သွေးရောင် လိုက်ကာကြီး အပေါ်သို့ တစ်ရွေ့ရွေ့တက်သွားတော့သည်။ ဆလိုက်မီးရောင် နှစ်ခုသည် အငြိမ့်စင်ရဲ့ အလယ်ဗဟိုတွင် စုစည်းကာ ကျရောက်သွား၏။ အငြိမ့်စင်သည်ကာ ပီပီပြင်ပြင် ပေါ်ထွက်လာပြီဖြစ်သည်။ ဆလိုက်မီးရောင် အောက်တွင် တော့ အပြာနုရောင် ပုဆိုးကွက်တုံး၊ အင်္ကျီအဖြူရောင်နှင့် ပန်းနုရောင် ပုဝါများကို ခေါင်းပေါင်းကာ လက်အုပ်ချီ ထားသည့် လူရွှင်တော် သုံးယောက်ကို တွေ့လိုက်ရ၏။
လူရွှင်တော်များမှ ညီညာဖျောင်းဖြစွာ လက်အုပ်ချီ၍ ပရိသတ်ကို ဂါရဝပြု ကန်တော့လိုက်ကြသည်။ ထို့နောက် အလယ်တွင်ရပ်နေသော လူရွှင်တော်မှ ခွန်းထောက် စဆိုလိုက်သည်။

ပွဲတော်လာမိတ်သဟာတွေ အပန်းတော်ပြေစေဖို့ အငြိမ့်တော်မဟာဖိတ်ခေါ်ကာ အသုံးတော်ခံလို့ရယ် ကြွလာသူဆွေသဟာ ပန်းရွှေကြာနှယ် လန်းဖြာကြစေကြောင်းရယ်လို့ ညီတူစွာကျွန်တော်တို့ လူရွှင်တော်အပေါင်းရယ်က ခွန်းခြွေဆုတောင်း… ”

“မင်္ဂလာရှိပါပေတယ် ကိုဇော်ရေ”
“ဂျစ်တူးလား ခင်မျာ”
“ကိုဇော်ရေ”
“ဟိုဘက်က ကိုဏီလင်းညို လားဗျ”
“အမှုတော်ထမ်းရွက်လျက်ပါဗျာ”

ကိုဇော်။......။ “ပရိတ်သတ်ကြီးကို ဖျော်ဖြေဖို့ အချိန်အခါ ကျရောက်လာပြန်ပြီ မဟုတ်လားခင်မျ”
ဂျစ်တူး။......“လေ့လာဆည်းပူးထားတဲ့ ပညာလေးနဲ့ အလုပ်အကျွေးပြုရမယ့် အချိန်အခါပါပဲဗျာ” 
ကိုဇော် ။.......။ “အားပေးတဲ့ ပရိတ်သတ်ကြီးကလည်း အားရစရာပါပဲ တကယ့်ကို သောင်းသောင်းဖြဖြ နဲ့....” 
ကိုဇော်၏ စကားမဆုံးခင် ဂျစ်တူးနှင့် ဏီလင်းညို မှ စက္ကူလိပ်များ ဖြင့် ရိုက်ကြကုန်သည်။

“ ဟ ဘာလို့ ရိုက်တာတုန်း ” 

“ ဘာသောင်းသောင်းဖြဖြ လဲ တခြားစကားလုံးနဲ့ ပြန်ပြော ” 
“ ကိုဇော် ခုတစ်လော ဘလောဂ်တွေ စာလိုက်မဖတ်ဘူးနဲ့တူတယ် ” 
“ ငါ နဲ့ ဘာဆိုင်လို့တုန်း ”
ဂျစ်တူး။.......။“ ဆိုင်ဆိုင်မဆိုင်ဆိုင် တစ်ခြားစကားနဲ့ ပြောင်းပြော သောင်းသောင်းဖြဖြတော့ မသုံးနဲ့”
ကိုဇော်မှ ခေါင်းကုတ်ကာ မျက်နာငယ်လေးဖြင့် ပြန်ပြင်ပြောလိုက်ရသည်။


“ အားပေးတဲ့ ပရိတ်သတ်ကြီးကလည်း အားပါးတရ ဆိုတော့ ကျွန်တော်တို့ လူရွှင်တော်တွေ ဖျော်ဖြေခွင့်ရတာ ဝမ်းသာစရာပဲ မဟုတ်လား ”


ဂျစ်တူး ။......။ “ မှန်ပါပေတယ်ဗျာ ပရိတ်သတ်ကြီး ရယ်မော ပျော်ရွှင်သွားအောင်လည်း အစွမ်းကုန် ဖြည့်ဆည်းကြပါစို့ ”

ဏီလင်းညို ။......။ “ဒါဆို အခု လူရွှင်တော် သုံးယောက်စုံပြီဆိုတော့ ဘာစလုပ်ကြမတုန်း”

ဂျစ်တူး ။.......။ “ ကျွန်တော် အကြံရပြီဗျ”

ကိုဇော် ။.......။ “ ကြားပါရစေဗျာ ”

ဂျစ်တူး ။........။ “ ဒီလိုလေ သုံးယောက်ရှိပြီဆိုတော့ ပါတီထောင်ကြတာပေါ့”

ဂျစ်တူးရဲ့ ခေါင်းပေါ်သို့ စက္ကူလိပ် များဖြင့် ဝိုင်းရိုက်ကြတော့သည်။

ကိုဇော် ။.....။ “ဘာပါတီ ထောင်တာတုန်း သူကလည်း အရေးထဲ ဖျာဝင်ခင်းချင်နေသေးတယ်”
ဂျစ်တူး ။.....။ “ဟုတ်ဘူးလေကွာ သုံးယောက်ရှိပြီ ဘာလုပ်ကြမလဲ မေးတာကိုး”
ဏီလင်းညို ။.....။ “ပျက်လုံး အရင်ထုတ်မလား မင်းသမီး အရင်ခေါ်မလား မေးတာဟ”

ကိုဇော်။.......။ “ တော်ကြ တော်ကြ .... ကျွန်တော် ပြောပြမယ် ကျွန်တော်တို့က မြန်မာလူမျိုးတွေ ဖြစ်တော့ ဘယ်နေရာ ရောက်နေနေ ကိုယ့်မြေ ကိုယ့်ရေ အကြောင်းလည်း အမြဲ မပြတ် စုံစမ်းဖြစ်တယ်ဗျ” 


ဏီလင်းညို ။......။ “ဒါပေါ့ဗျာ ကျနော်တို့ဆိုလည်း ကိုယ့်နိင်ငံရဲ့ ကောင်းသတင်းလေးတွေ ကြားချင်တာကိုးဗျ”

ကိုဇော်။........။ “ဒီတော့ ကျွန်တော်တို့ ကြားထားတဲ့ သတင်းကောင်းလေးတွေ ပြောပြကြပါစို့”

ဂျစ်တူး ။......။ “ဒါဆို ကျုပ်ကြားထားတဲ့ အပြောင်းအလဲလေးတွေ ပြောပြအုံးမှပဲ”                               


ကိုဇော် ။......။ “ဂျစ်တူးမှာ သတင်းတွေ ရှိတယ်ဆိုပါတော့ လုပ်စမ်းပါအုံးဗျ”

ဂျစ်တူး ။......။ “ရှိတာပေါ့ဗျ အပြောင်းအလဲ ဖြစ်တဲ့ သတင်းလေးတွေပေါ့”
 

ဏီလင်းညို ။.......။ “ပရိသတ်ကြီးလည်း သိရအောင် ပြောပြပါဗျာ

ဂျစ်တူး ။.......။ “ပထမဆုံး အပြောင်းအလဲက ဈေးနှုန်း အပြောင်းအလဲဗျ”

ကိုဇော် မှ ဝမ်းသာအားရဟန်ဖြင့် မေးလိုက်သည်။
“ကုန်ဈေးနှုန်းတွေ ကျသွားတာလား”

ဂျစ်တူး ။......။ “မဟုတ်ဘူး တည်းခိုခန်းသွားလို့ ကင်မရာ ပါလာရင် ဈေးပိုပေးရတာပါ”

ဂျစ်တူးခေါင်းကို စက္ကူလိပ်များဖြင့် ဝိုင်းရိုက်ကြကုန်သည်။ ဂျစ်တူးရဲ့ ပျက်လုံးကို ပီပြင်စေရင် ဏီလင်းညိုမှ ပို့ ပြန်သည်။

“ အကိုက အခုရိုက်ထားတာတွေ ပြန်ဖျက်ပေးမှာပါ ညီမရယ် ”

ဏီလင်းညို ကို စက္ကူလိပ်ဖြင့် ရိုက်ကြတော့သည်။

ဂျစ်တူး ။......။ “နောက်ထပ် ပြောင်းလဲတာ ပြောရအုံးမယ်”

ဏီလင်းညို ။......။ “ရှိသေးတယ်ပေါ့”

ဂျစ်တူး ။.......။ “ရှိတာပေါ့ဗျ အခုဆိုရင် မီတာ စာရွက်လာရင် အရင်လို တစ်စောင်ထဲ မဟုတ်တော့ဘူး နှစ်စောင်ဖြစ်သွားပြီ”

ကိုဇော် ။........။ “စနစ်ပြောင်းသွားတာများလား”

ဂျစ်တူး ။.......။ “မဟုတ်ဘူးဗျ တစ်စောင်က လျှပ်စစ်ရုံးမှာ ဆောင်ရတာ”
ဏီလင်းညို ။.......။ “ဒါဆို နောက်တစ်စောင်ကရော”

ဂျစ်တူး ။.........။ “နောက်တစ်စောင်က ဈေးထဲက ဖရောင်းတိုင်ဆိုင်မှာ ဆောင်ရတာ”

ဏီလင်းညို + ကိုဇော် ။......။ “ဒါပြောစရာလား.....ပြောစရာလား ”
ဟု ပြိုင်တူရေရွတ်ကာ ဂျစ်တူးကို စက္ကူလိပ်များဖြင့် အားပါးတရ ဝိုင်းရိုက်ကြပြန်သည်။
ကိုဇော် ။........။ “ပရိတ်သတ်ကြီး အမောအပန်းပြေအောင် ရွှေပြည်ကြီးရဲ့ ကောင်းသတင်းလေး တွေ ပျက်လုံးထုတ်ကြပါဗျာ”

ဏီလင်းညို ။......။ “ဒါဆို ကျနော် ဖတ်လိုက်ရတဲ့ သတင်းကောင်းလေး ပြောပြမယ်”
ကိုဇော် ။......။ “အဲဒီလို လုပ်ပါဗျ”
ဂျစ်တူး ။.....။ “ကိုညို့ သတင်းလေး ပြောပြပါအုံးဗျာ”

ဏီလင်းညို ။.......။ “အခုဆိုရင် ရွှေပြည်ကြီးမှာ ခိုးပြေးတဲ့ စုံတွဲတွေ အင်မတန် နည်းသွားပြီတဲ့လေ”
ကိုဇော် ။......။ “ကောင်းလိုက်တာဗျာ သတင်းကောင်းလေးပါပဲ”

ဂျစ်တူး ။.......။ “မိသားဖသား ပီပီ တောင်းရမ်းကြတယ်လား”

ဏီလင်းညို ။.......။ “မဟုတ်ဘူးဗျ ညဘက်တွေ မီးလာတာစောင့်ပြီး ရေတင်ရ အဝတ်လျှော်ရနဲ့ မို့လို့ ခိုးပြေးချိန် မရှိတော့တာတဲ့...”

ဏီလင်းညိုရဲ့ ပျက်လုံးဆုံးလျင် စက္ကူလိပ်များ ဖြင့် ဝိုင်းရိုက်ကြကုန်သည်။ ဏီလင်းညို ပျက်လုံးကြားလျင် ဂျစ်တူးမှ သီချင်း တစ်ပိုင်းတစ်စ ကောက်ဆိုလိုက်သည်။

“ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင် အတိုင်းထက် အလွန်ပဲ”

ဏီလင်းညို ။.......။ “နောက်ထပ် သတင်းတစ်ခု ဖတ်လိုက်ရသေးတယ်ဗျ”
ဂျစ်တူး ။......။ “ဘာသတင်းများပါလိမ့်” 

ဏီလင်းညို ။.......။ “ ရွှေဆိုင်တွေက အထည်ဆိုင်တွေ ပြောင်းဖွင့်ကြပြီတဲ့ ”
ကိုဇော် ။.....။ “ရွှေဈေးတွေ ကျလို့များလား” 

ဏီလင်းညို ။.......။ “၂၀၁၀ ရောက်ပြီ ဆိုတော့ ပုဆိုး အဝယ်များလာလို့တဲ့လေ ” 
ဏီလင်းညို ပျက်လုံးကို ပီပြင်စေရန် ဂျစ်တူးမှ ဗိုလ်အောင်ဒင် ဟန်ပန်ဖြင့် ခါးထောက်ကာ
“မကြောက်ပါနဲ့ ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ပါတီထောင်.. အဲ..မှားလို့ ရေချိုးမလို့ပါ” ဟုပြောလိုက်သည်။

ကိုဇော်+ဏီလင်းညို ။.......။ “ ဒါပြောစရာလား ... ဒီလိုပြောစရာလား ” ဟုဆိုကာ စက္ကူလိပ်များဖြင့် ရိုက်ကြတော့သည်။

ကိုဇော် ။.......။ “တော်...တော်ကြ သတင်းကောင်းပြောပါဆို ဘာတွေပြောနေလဲမသိဘူး ကျွန်တော့်မှာ သတင်းကောင်း လေးတွေ ရှိတယ်ဗျ”

ဂျစ်တူး ။.......။ “ကိုဇော်ကလည်း သတင်းကောင်း ကြားထားတယ်ပေါ့”

ကိုဇော် ။......။ “ဒါပေါ့ဗျ”

ဏီလင်းညို ။......။ “ပြောပြပါအုံးဗျာ”

ကိုဇော် ။.......။ “ရွှေပြည်ကြီးမှာ ဘောလုံးပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြတာ သိတယ် မဟုတ်လား”

ဏီလင်းညို ။......။ “သိတ
ယ်လေ ဆုကြေးစား စနစ် စတင်နေပြီလေ” 
ဂျစ်တူး ။.......။ “အာဖရိက က ကြေးစားကစား သမားတွေပါ ခေါ်ပြီး ကန်တာတဲ့”

ကိုဇော် ။......။ “အဲ့ဒါကို ပြောပြချင်တာဗျ အာဖရိက ကစားသမားတွေလည်း ရောက်လာပြီး မကြာပါဘူး သူတို့ကို အားကိုးလိုက်ကြတာများ အားရစရာပါပဲဗျာ” 

ဏီလင်းညို ။.....။ “အော်...ပရိတ်သတ်တွေကလား”

ကိုဇော်။......။ “မဟုတ်ဘူး မြန်မာမလေးတွေ”

ကိုဇော့်ကို စက္ကူလိပ်ဖြင့် ရိုက်လိုက်ကြသည်။

ဏီလင်းညို ။......။ “ဧကန္တတော့ သူတို့ ဟိုဟာ ကြိုက်လို့နေမှာ”

ဂျစ်တူး ။.......။ စင်ပေါ်မှာနော် ပေါက်ကရ မပြောနဲ့

ဏီလင်းညို ။......။ ဒီလိုလေကွာ အာဖရိက ကစားသမားတွေဆိုတော့ မဲတယ်လေ အဲဒါကြောင့် ဟိုဟာကြိုက်တယ်လို့ ထင်တာ” 

ကိုဇော် ။.......။ “ ဘာ....ဘာကြီးလဲ ဟင်”

ဏီလင်းညို ။......။ “ ချောကလက် ကြိုက်တာလို့ ပြောမလို့ပါ”

ကိုဇော်မှ လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းကာ ဖြူဖြူကျော်သိန်း ဆိုဟန်ဖြင့် “ ငါတော့ မေ့လို့ မရနိင်ဘူး ” ဟုဆိုလိုက်ချိန်တွင် ဂျစ်တူးမှ “ချောကလက်စားမယ် ..... ချောကလက်စားမယ်” ဟုခြေဆောင့်ကာ အော်နေတော့သည်။ကိုဇော်မှ ဂျစ်တူးကို စက္ကူလိပ်ဖြင့် ရိုက်ရင်း
“ အဲဒါ ချောကလက် မဟုတ်ဘူး အညာထန်းညက်ခဲ ” ဟုပြောလိုက်သဖြင့် မည်သို့သဘောပေါက်သည် မသိဘဲ ပရိတ်သတ်များ ရယ်ကြလေ တော့သည်။

ဂျစ်တူး ။......။ “ ကဲ..ကဲ..အပြောင်အပျက်လေးတွေ လျော့ပြီး ပရိတ်သတ်ကြီးကို ကျုပ်တို့ရဲ့ ရှေ့ထွက်မင်းသမီးလေးနဲ့ မိတ်ဆက်ပေးကြပါအုံးစို့”

ဏီလင်းညို ။.....။ “ ကျနော်တို့ရဲ့ ရှေ့ထွက်မင်းသမီးလေးကို ကိုဇော်ပဲ ခေါ်ဗျာ”

ကိုဇော် ။......။ “ အထူးအချိန်အခါ ကျရောက်ပြန်ပြီမို့ ဦးနှိမ်ကာ နှုတ်ဆက်ရင်း ဟိုးဝတိံသာက ယမင်းရုပ်လေးလို မြင်သူဘဝင်ခိုက်အောင် လှရက်လွန်းပါတဲ့ အို..ဘယ့် နှမငယ် ဂျူနီယာ လေးကို ခေါ်ထုတ်ဖို့ ရွာစား အိုက်ခီလောက်ရေ အကြိုတော် ထောက် စေဗျာ.......”


မြန်မာ့ဆိုင်းဝိုင်းကြီးမှ ဆိုင်းဆရာ အိုက်ခီလောက်ရဲ့ လေပြေထိုး တီးသံ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဇာတ်စင်ရဲ့ ညာဘက်အခြမ်းမှ အဖြူရောင်ဝတ်စုံဖြင့် မင်းသမီးလေး ဂျူနီယာ ယပ်တောင်ကိုင်ကာ ထွက်ပေါ်လာသည်။ ထို့နောက် ပရိတ်သတ်ကြီးကို လက်အုပ်ချီကာ အလေးအမြတ် ဂါရဝ ပြုလိုက်ပြီးနောက် လူရွှင်တော်များဘက် လှည့်ကာနှုတ်ဆက်သည်။

“ မင်္ဂလာညချမ်းပါ အစ်ကိုတို့ရေ”
လူရွှင်တော်များ ။.........။ “မင်္ဂလာပါ ညီမလေးရေ”

ဂျူနီယာ။.....။ “ဟိုဘက်က ကိုဇော် မဟုတ်လားရှင်”
ကိုဇော်။......။ “ဟုတ်ပါတယ် ညီမလေးရေ”
ဂျူနီယာ။......။ “ဒီဘက်က ကိုဂျစ်တူးလားရှင့်”
ဂျစ်တူး ။.......။ “ဟုတ်ပါတယ် ဂျူနီယာ ... ဇဗ္ဗူဒီပါမှာ မတူညီတာတွေ လိုက်ပြောနေရင် လူရီစရာ ဖြစ်သွားလိမ့်မယ် ဂျူနီယာ ဒါကြောင့် ငွေတစ်ရာလောက် ကူညီပါ”

“ အရေးထဲ ပိုက်ဆံလာချေးနေသေးတယ် ”
ဟုဆိုကာကိုဇော် နှင့် ဏီလင်းညို မှ ဝိုင်းတီးလိုက်ကြသည်။

ဂျူနီယာ ။.......။ “ ဟိုဘက်က ကိုဏီလင်းညို မဟုတ်လား ”

ဏီလင်းညို ။.......။ “ ဟုတ်ပါတယ် ညီမလေးရေ ပရိတ်သတ်ကြီးက ညီမလေး ဘယ်လိုဆိုမယ် ဘယ်ပုံကမယ် ဆိုတာကို စောင့်မျှော်နေကြတယ်ဗျ”

ဂျူနီယာ ။.......။ “ ဒီနေ့က May Day နေ့ အလုပ်သမားနေ့ ဖြစ်လို့ ညီမလေးတို့လို ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ တစ်နေ့တာ လုပ်ငန်းခွင် လေးကို ဆိုပြချင်ပါတယ် သီချင်းလေး နာမည်ကတော့ သူဌေးမျက်ရည် ပါတဲ့ရှင်”

လူရွှင်တော်များ သံပြိုင်ညီညာစွာဖြင့်
“ကြားပါရစေဗျာ”

ထိုအချိန်တွင် ဇာတ်စင်ပေါ်မှ မီးရောင်များ မှေးမှိန်သွားကာ စင်ရဲ့ အရှေ့တည့်တည့်မှ အနုမြူ မီးများ ထွန်းလင်းလာသဖြင့် မင်းသမီးရဲ့ အဖြူရောင် ဝတ်စုံမှာ ပြာလဲ့လဲ့ တောက်ပ သွားသည်။ ဆိုင်းဆရာကြီး အိုက်ခီလောက်ရဲ့ လက်စွမ်းပြသံ ထွက်ပေါ်လာပြီးနောက် မင်းသမီးရဲ့ အချိုးညီညီ အကအလှတို့ စတင်လေပြီ ။ သာယာသော တေးသံနှင့် နွဲ့ပျောင်းသော အကတို့မှာ စည်းချက်ညီနေပေသည်။
“ xxx မနက်ဆို အိမ်က ထွက်လို့လာပါတယ် ရုံးကို အရောက်မယ် ကော်ဖီတစ်ခွက်ကိုဖျော်ကာရယ် ကွန်ပျူတာလေး ဖွင့်ပါတယ်xxx အလုပ်ကိစ္စတော့ ခဏထားကွယ် အာရုံလေးတွေ လန်းဆန်းဖို့ရယ် ဘလော့ဂ် ပေါင်းစုံအလည်ထွက်ကြမယ်xxx စီဘောက်မှာလဲ နှုတ်ဆက်မယ် ပို့စ်ကလေးများလည်း အသစ်တင်တယ် တို့ရဲ့မနက်ခင်း တစ်ခုလုံး မအားလပ်ရပြီကွယ်xxx”

ဆိုင်းဆရာ ခီလောက်ရဲ့ ခပ်ကြမ်းကြမ်း တီးဟန်နှင့် အတူ မင်းသမီးရဲ့ အက တို့ ပို၍မြူးကြွ လာလေပြီ။

“xxx ထမင်းစားချိန်လေးတော့ ခဏ အိပ်မယ်... ရုံးပြန်တက်မှ ဘလော့အလည်ပြန်ထွက်မယ်..
စီဘောက်ကိုတော့ ဖွင့်ထားတယ် နေ့လည်ဘက်မှ တို့ပြန်ဆုံကြမယ် ....အားလုံးလာကြကွယ်...
တို့စီဘောက်မှာ လူပိုစုံတယ် ထွေရာလေးပါး ပြောကြမယ် သာကြောင်းမာကြောင်းပါဦးမယ်.. မအားမလပ်နဲ့ ချက်တင်လေးလည်း ခိုးတက်ရသေးတယ်xxx”

ဆိုင်းဝိုင်းနှင့် သီချင်းသံတို့ လမိုင်းကပ်သွားလေပြီ။ ပရိတ်သတ်ကြီးသည်လည်း ဆိုဟန် တီးဟန် ထဲတွင် မျောပါနေပေတော့သည်။

“xxx ဒီညနေတော့ အချိန်ပိုရှိတယ်…. အလုပ်ကိုပဲကြိုးစားမယ်..စီဘောက်မှာလည်း လူကုန်ပြီကွယ်. သူဌေးကြည်ဖြူအောင်လဲ အလုပ်လုပ်ပြရဦးမယ်..အိမ်ပြန်ရောက်မှ ပြန်ဆုံမယ် စီဘောက်ကနေမျှော်ပါဟယ် ညနက်တော့မှ အိပ်ပေါ့ကွယ်..... ဒါဟာ ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ တစ်နေ့တာ ဝတ္တရားပဲxxx”

သီချင်းသံရဲ့ အပိတ်ကို ဆိုင်းဝိုင်းမှ ပတ်မ ချသံဖြင့် အဆုံးသတ်ပေးလိုက်သည်။ သီချင်းသံ နောက်သို့ စီးမျောလိုက်ပါသွားသော ပရိတ်သတ်ကြီး ဆီမှာ သက်ပြင်းချသံ ဟင်းးး ခနဲ တူညီစွာ ထွက်ပေါ်လာသည် မင်းသမီး ဂျူနီယာမှ ပရိတ်သတ်ကြီးကို လက်အုပ်ချီ ကန်တော့ကာ အငြိမ့်စင် အတွင်းသို့ ဝင်သွားလေသည်။
ကိုဇော် ။.......။“မင်းသမီးလေး ကသွားတာ အချိုးကျ ပြေပြစ်တယ် မဟုတ်လားဗျာ”
ဂျစ်တူး ။.........။ “ ဆိုဟန်လေးကလည်း အပြစ်ပြောစရာ မရှိဘူးကိုးးဗျ”

ဏီလင်းညို ။.........။“မင်းသမီးရဲ့ သီချင်းလေး နားထောင်မှ သူ့မှာ တစ်နေ့တစ်နေ့ မအားလပ် ရှာပဲကိုး”

ကိုဇော် ။.......။“ သူ့သီချင်းနားထောင်ပြီးမှာ သနားစိတ် ဝင်မိတယ်ဗျာ”

ဏီလင်းညို ။........။ “ ဘလော့ဂ်ဂါတွေကိုလား ”

ကိုဇော် ။.......။ “ မဟုတ်ပါဘူး အလုပ်ရှင် သူဌေးကိုပါဗျာ ”

လူရွှင်တော်များမှ သီချင်းတစ်ပိုင်းတစ်စကို သံပြိုင် ညီညာစွာ သီဆိုကြလေသည်။

“xxxကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်....ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်xxx”


ကိုဇော် ။.......။ “ မင်းသမီးခင်မျာ မအားလပ်တဲ့ ကြားထဲက ဇာတ်ဆရာကို ခင်လို့ လာကပေးရရှာတာ ”

ဂျစ်တူး ။.......။ “ ဒါတော့ အမှန်ပဲ ကျနော်ဆိုလည်း မအားဘူးဗျ ခင်လို့သာ လာကူညီရတာ ”

ဏီလင်းညို ။........။ “ ဂျစ်တူးက ဘာတွေ အလုပ်များနေလို့လဲ ”

ဂျစ်တူး ။......။ “ ဓါတ်ပုံဆရာ ဆိုတော့သင်္ကြန်မတိုင်မှီ ရေကူးကန်တွေမှာ ကင်မရာ လိုက်တပ်နေရတာလေ”

ကိုဇော် ။......။ “ဘာလို့ ကင်မရာ တပ်တာလဲ”

ဂျစ်တူး။.......။ “အရင်တစ်နှစ်က ရေကူးကန်ထဲမှာ စုံတွဲတွေ မဖွယ်မရာတွေ ဖြစ်တယ်လေ”

ဏီလင်းညို ။.......။ “ အော်ဒါကြောင့် မဖြစ်သင့်တာ မဖြစ်အောင် ကင်မရာ တပ်တာပေါ့ ”

ဂျစ်တူး ။......။ “ မဟုတ်ပါဘူး အခွေထုတ်ရောင်းစားမလို့ ”

စက္ကူလိပ်များ ဖြင့် ဝိုင်းတီးကြကုန်သည်။


ဏီလင်းညို ။......။ “ ကျနော်ဆိုလည်း နေမကောင်းတဲ့ ကြားထဲက လာကူညီပေးတာ ”

ဂျစ်တူး ။.......။ “ကိုညိုလည်း နေမကောင်းဘူးပေါ့ ”

ဏီလင်းညို ။......။ “ အင်း နှာစေးချောင်းဆိုး လောက်ပါပဲ”

ကိုဇော် ။......။ “ နင်နေမကောင်းဘူးဆို အိုင်ကု ပေးမယ်လေ ”

ဏီလင်းညို မှ လက်တကာကာဖြင့် “ နေနေ...နင် အိုင်ကုရင် ငါ တက်သွားလိမ့်မယ် ”

ကိုဇော်မှ ဏီလင်းညိုကို စက္ကူလိပ်ဖြင့် ရိုက်ရင်း
“ နေမကောင်းရင် ငါကု ပေးမယ်လို့ပြောတာ ဘာတွေ တွေးနေတာတုန်း ”

ဏီလင်းညို ။......။ “မသိဘူးလေ နင်က အိုင်ကု ဆိုတော့ ...”

ကိုဇော် ။......။ “ အဲဒီတော့ ဘာဖြစ်လဲ”

ဏီလင်းညို ။....။ “အဲ... နင်ကုမှာလို့ ထင်တာပေါ့”

“ရှင်းနေတာကို မရှုပ်ရှုပ်အောင် လုပ်တယ်” ဟုပြောရင်း
ဂျစ်တူးမှ ဝင်ရိုက်လိုက်သည်။

ကိုဇော် ။......။ “ခင်များတို့က မအားမလပ် ကြဘူးဆိုတော့ ဟိုတစ်လောက တိုက်ပြို တဲ့ အကြောင်းလေး ပြောပြချင်သေးတယ်”

ဏီလင်းညို ။.....။ “ကိုဇော်လည်း ရှိတယ်ပေါ့”

ကိုဇော် ။......။ “ဖြစ်ဖြစ်ချင်းကို ရောက်သွားတာဗျ”

ဂျစ်တူး ။.......။ “ဒါများဗျာ သတင်းဦးလေး ဖြစ်အောင် ဓါတ်ပုံ ရိုက်တာ မဟုတ်ဘူး

ကိုဇော် ။.......။ “ဖြစ်ဖြစ်ချင်းချင်း ဓါတ်ပုံရိုက်လို့ မဖြစ်ပြန်ဘူးဗျ” 
ဏီလင်းညို ။.......။ “ဘာဖြစ်လို့တုန်း”

ကိုဇော် ။......။ “ဖြစ်ဖြစ်ချင်း ဓါတ်ပုံရိုက်တော့ သက်ဆိုင်ရာ ဘက်ကလို့ ထင်ကြအုံးမယ်”

ဂျစ်တူး ။......။ “ဒါဆိုလည်း နဲနဲကြာမှ ရိုက်ပေါ့”
 ကိုဇော် ။......။ “ဒါလည်း မဖြစ်ပြန်ဘူးဗျ” 
ဏီလင်းညို ။......။ “အမျိုးမျိုးပါလား”

ဂျစ်တူး ။......။ “ နဲနဲကြာမှ ရိုက်တော့ ဘာဖြစ်လဲ”
 
ကိုဇော် ။......။ “နဲနဲကြာမှ ရိုက်တော့ အဖမ်းခံရရောပေါ့”

ဂျစ်တူးနှင့် ဏီလင်းညိုမှ
“ဒါပြောစရာလား ....ဒီလို ပြောစရာလားး ”
ဟုဆိုကာ
ကိုဇော့်ကို စက္ကူလိပ်များဖြင့် ဝိုင်းရိုက်ကြတော့သည်။

ကိုဇော် ။......။ အဲဒီနေ့က တိုက်ပြိုတယ် ကြားတော့ ကျွန်တော်လည်း အပြေးအလွှားရောက်သွားတာပေါ့ 
ဂျစ်တူး ။.......။ “စိတ်ဝင်စားစရာပါပဲ ပြောပြပါအုံးဗျာ”

ကိုဇော်။.........။ “တိုက်ပြိုတဲ့နေရာရောက်တော့ လူတွေအုံနေတာပဲ”

ဏီလင်းညို ။........။ “အင်းပေါ့ စိတ်ဝင်စားကြတာပေါ့”

ကိုဇော် ။........။ “တိုက်ပြိုပြီး ခဏကြာတော့ ပျာပျာ ပျာပျာနဲ့ ရောက်လာကြပါတယ်”

ဂျစ်တူး ။.......။ “ကယ်ဆယ်ရေး အဖွဲ့တွေလား”

ကိုဇော် ။........။ “မဟုတ်ဘူး အုတ်ဝယ်တဲ့သူတွေ


“အင့်ဟာ”

ကိုဇော့်ကို စက္ကူလိပ်များဖြင့် အားပါးတရ ဝိုင်းရိုက်ကြတော့သည်။

ဏီလင်းညို ။.......။ “ကျွန်တော်တို့က ဝါသနာ အရ ကတဲ့ ဘလော့ဂ်ဂါ လူရွှင်တော်တွေဆိုတော့ အမှားပါရင်လည်း ခွင့်လွှတ်စေချင်သလို အားနည်းချက်လေးတွေလည်း ရှိမယ် မဟုတ်လားဗျာ”

ကိုဇော် ။......။ “မှန်ပါတယ် ချစ်သော မျက်စိနဲ့ ကြည့်စေချင်ပါတယ်”

ဂျစ်တူး ။........။ “ပရိတ်သတ်ကြီးကို ရယ်မော ပျော်ရွှင်အောင် အသုံးတော်ခံ ရုံသက်သက်ပါပဲဗျာ”

ဏီလင်းညို ။......။ “ပရိတ်သတ်ကြီးကို ဖျော်ဖြေရတာလည်း အားပါးတရ ရှိပါတယ်၊ ဒါပေမယ့်လည်း မင်းသမီး လေးခင်မျာ ကချင်ရှာလို့ အငြိမ့်စင်ထောင့်က ချောင်းကြည့်နေတယ်ဗျ”

ကိုဇော် ။......။ “မင်းသမီးလေးရဲ့ အကအလှလေးလည်း ပရိတ်သတ်ကို ရှုစားခွင့် ပေးမှ မျှတမယ် မဟုတ်လား”

ဂျစ်တူး ။......။ “မှန်ပါတယ်ဗျာ အလှည့်လေး ပေးလိုက်ကြပါစို့”

ကိုဇော် ။.......။ “ဒီတစ်ခါတော့ ကိုဏီလင်းညို ခေါ်ထုတ်ပေးဗျာ”

ဏီလင်းညို ။.......။ “အပြော အဆို အငို အနွဲ့ စာဖွဲ့လောက်ပါလို့ မမုန်းရက်အောင် အပြုံးယှက်ဆောင်တဲ့ မင်းသမီးလေး အနော်ကို ခေါ်ထုတ်ဖို့ ရွာစားကျော် အိုက်ခီလောက်က ရတနာ စိန်ထုပ်ကို ကြဲပက်စေဗျာ...” 

ရွာစား အိုက်ခီလောက်ရဲ့ ဆိုင်းဝိုင်းတော်ကြီးမှ ငြိမ့်ညောင်းသောသံစဉ် စတင်လေပြီ။ အငြိမ့်စင် ရဲ့ ဘယ်ဘက်အခြမ်းမှ ပန်းနုရောင် ဝတ်စုံဖြင့် မင်းသမီးလေး အနော် ယပ်တောင်လေးကိုင်ကာ ထွက်ပေါ်လာသည်။ ပရိတ်သတ်ကို လက်အုပ်ချီဂါရဝ ပြုလိုက်၏။

“မင်္ဂလာညချမ်းပါ အကိုတို့ရေ”
“ မင်္ဂလာရှိတဲ့ ညလေးပါပဲ ညီမလေးရေ”

ဏီလင်းညို ။.........။ “ပရိတ်သတ်ကြီးကလည်း မင်းသမီးလေးရဲ့ တေးသံနဲ့ ဆိုဟန် ကဟန်ကို စောင့်မျှော်နေကြတယ် ဘယ်သီချင်းလေးနဲ့ ဖျော်ဖြေမယ် စိတ်ကူးထားလဲ ပြောပေးပါအုံး ”

မင်းသမီး ။........။ “ညီမလေးတို့ ဘလော့ဂ် လောကမှာ အမြဲလိုလို ကြုံတွေ့နေရတာလေးကို ဇာတ်ဆရာက သီချင်းလေး ရေးပေးထားပါတယ် သီချင်းရဲ့ အလိုက်ကလေးကတော့ ဟိုတစ်ချိန်က နာမည်ကြီး သီချင်း တစ်ပုဒ်ဖြစ်တဲ့ လောပန်းလောင်း ဆိုတဲ့ သီချင်းအလိုက်ကလေး အတိုင်းပါပဲ ”

လူရွှင်တော်များ ။.......။ “““နားဆင်ပါရစေဗျာ”””
လူရွှင်တော်များ နောက်ဆုတ်သွားသည်နှင့် တစ်ပြိုင်နက် မီးရောင်တို့ မှေးမှိန်ကာ ဆလိုက်မီးတန်း နှစ်ခုတို့ မင်းသမီးရဲ့ ခန္ဓာကိုယ် ရှိရာသို့ စုစည်းကာ ကျရောက်လာသည်။ မြန်မာ့ဆိုင်းဝိုင်းမှ အဖွင့်တီးလုံးသံ ထွက်ပေါ်လာပြီးနောက် မင်းသမီးရဲ့ အက တို့ စတင်လေသည်။
xxxဘလော့ဂ်ဂါလေးတို့ရယ် အဆဲခံရလို့ စိတ်မပျက်ပါနဲ့ကွယ်..
ဒီလောကရဲ့အလယ်မှာ ဆဲတတ်သူရယ်၊ အားပေးသူရယ် အမျိုးမျိုးရှိပါတယ်xxx

xxxတစ်ခါတစ်လေမှာ ပိုစ့်အသစ်တင်ရင် အမှားလိုက်ရှာတယ်..
တွေ့ပြန်ရင်ကွယ်… အမည်မဖော်လိုတဲ့ စေတနာရှင်ကြီး သူရောက်လို့လာတယ်..
ဆဲသွားပြန်တယ်.. ရိုင်းလိုက်တာကွယ်… ဒီလိုလူမျိုးလည်းရှိပါတယ်xxx

xxxဒီလောကမှာကွယ် မမြင်နိုင်တဲ့ ရန်သူများလည်း ၀ိုင်းဝိုင်းလည်နေတယ်..
အမြင်မတူပြန်ရင်ကွယ် ကော်မန့်တွေမယ် ဆဲကြပြန်တယ်.. စိတ်ညစ်ရပါတယ်xxx

xxxတစ်နေကုန်အောင် စီဘောက်ပြောင်း၊ ဟိုနေရာ ဒီနေရာ စုံအောင်ဆဲတဲ့
ဒီလူမျိုးတော့ တို့လည်း လက်မခံပါ။ ရှုံ့ချပါတယ်.. ဝေးဝေးနေကွယ်.. အဝေးကြီး သွားပါကွယ်.
တကယ်တော့ လိုက်ဆဲတဲ့သူဟာ အောက်တန်းကျသူပါxxx  
သီချင်းတစ်ခေါက် ဆုံးသွားချိန်တွင် ညက်ညောသော အကများဖြင့် ဖြည့်စွက်ပြီးနောက် နောက်တစ်ကျော့ ပြန်သီဆိုရင်း ပျော့ပျောင်းသော ကဟန်လေးကို အဆုံးသတ်လိုက်တော့သည်။ ထို့နောက် ပရိတ်သတ်ကို နှုတ်ဆက်ရင်း အတွင်းသို့ ဝင်သွားလေတော့သည်။ အငြိမ့်စင်ထောင့်တွင် ထိုင်နေကြသော လူရွှင်တော်တို့ ထလာကြကုန်၏။  

ကိုဇော် ။.......။ “မင်းသမီးလေး အနော်ကသွားတာ အပြစ်ပြောစရာကို မရှိပါလား”
ဂျစ်တူး ။.......။ “သီချင်းလေးကလည်း ယခုခေတ်ကို ထင်ဟပ်စေတဲ့ သီချင်းလေးဆိုတော့ ကွင်းကွင်းကွက်ကွက် ရှိပါပေတယ်”
ဏီလင်းညို ။.......။ “ဒီသီချင်းကို ဇာတ်ဆရာ ရေးတယ်ဆိုလို့ သူ့အကြောင်းလေး ပြောပြချင်သေးတယ် ကျနော်တို့ ဇာတ်ဆရာက တအားရှက်တတ်တာဗျ”
ကိုဇော် ။......။ “ကိုညိုက ဘယ်လိုလုပ်သိတာတုန်း”

ဏီလင်းညို ။.......။ “တစ်ရက် သူ့အိမ်သွားလည်လို့ သိလိုက်ရတာဗျ”

ဂျစ်တူး ။......။ “ပြောပြပါအုံးဗျာ”

ဏီလင်းညို ။.......။ “မပြောရဲဘူးကွ တော်ကြာ ညကြေး အဖြတ်ခံနေရအုံးမယ်”

ကိုဇော် ။......။ “လူရွှင်တော်ဆိုတာ ပရိတ်သတ် မျက်နာပဲ ကြည့်ရမယ်လေ ပြောသာပြောပါဗျာ”

ဏီလင်းညို ။......။ “ဒီလိုဆိုတော့လည်း ပြောပြရမှာပေါ့ တစ်နေ့ သူ့အိမ်သွားလည်ရင်း ဇာတ်ဆရာ အရှက်ကြီးတာ သိလိုက်ရတာဗျ” 
ကိုဇော်+ဂျစ်တူး ။......။ “ဘယ်လိုများပါလိမ့်ဗျာ”

ဏီလင်းညို ။......။ “ဇာတ်ဆရာ အိမ်သာတက်တာ တံခါးကြီး ပိတ်ထားတယ်ဟ”

ဏီလင်းညို ကို စက္ကူလိပ်များဖြင့် ဝိုင်းတီးကြတော့သည်။

ကိုဇော်။........။ “ ညကြေးဖြတ်ခံရမှာ စိုးလို့ ဇာတ်ဆရာကို မပျက်ကြနဲ့တော့”
ဂျစ်တူး။........။ “ဒါဆို ဘာပျက်ရင်ကောင်းမလဲ”
ဏီလင်းညို။......။ “ ဒီတခါတော့ ဒီလို ပျက်ချင်တယ်ဗျာ”
ကိုဇော်။........။“ ဘယ်လိုများပါလိမ့်”
ဏီလင်းညို ။......။ “ရှေးယခင်က လူရွှင်တော်ကြီးတွေရဲ့ ပျက်လုံး ပျက်ဟန်တွေ အတိုင်း ခင်များတို့နဲ့ ပြိုင်ပွဲလေး လုပ်ချင်တယ်ဗျာ”

ဂျစ်တူး ။..........။ “ဘယ်လိုပြိုင်ပွဲတုန်း”

ဏီလင်းညို ။.......။ “ကျွန်တော်က အဖြစ်အပျက်လေး တစ်ခုကို ပြောပြမယ် ခင်များတို့က အဲဒီ အဖြစ်အပျက်နဲ့ လိုက်ဖက်တဲ့ သီချင်းလေး ဆို ပြရမယ်”

ကိုဇော် နှင့် ဂျစ်တူး မှ အင်္ကျီ လက်မောင်းကို ပင့်တင်ပြီး ပုဆိုးကို ခါးတောင်းကျိုက်ကာ တက်ကြွသည့် ဟန်ဖြင့်

ဂျစ်တူး ။........။ “ဒါမျိုးစိန်ခေါ်လို့ကတော့ သိပ်ကြိုက်တာပေါ့ဗျ”

ကိုဇော် ။........။ “လုပ်လေ ကြာသလားလို့”

ဏီလင်းညို ။......။ “အိုကေ ဒါဆို အခုစမေးမယ် ကျနော်တို့ မြန်မာ ဗီစီဒီ အခွေတွေ စစဖွင့်တာနဲ့ ကြားရတဲ့ အဖြစ်လေးကို လိုက်ဖက်တဲ့ သီချင်း ဆိုပြဗျာ မှန်တယ် မမှန်ဘူးဆိုတာတော့ ပရိတ်သတ်ကြီး ဆုံးဖြတ်ပါစေ”

ကိုဇော် ။......။ “ဒါလေးများ ဗျာ”

ဏီလင်းညို ။......။ “သိတယ်ပေါ့”
ကိုဇော် ။......။ “သိဘူး စဉ်းစားအုံးမယ်”
ကိုဇော်နှင့် ဂျစ်တူး တို့နှစ်ယောက် အငြိမ့်စင်ထောင့်ကို သွားကာ ခေါင်းချင်းဆိုင်ပြီး စဉ်းစားနေကြလေသည်။ ပရိတ်သတ်ကြီးသည်လည်း ကိုယ်စီ ကြိတ်ကာ မည်သည့်သီချင်း ဖြစ်နိင်မလဲဟု တွေးနေကြလေသည်။ ထို့နောက် အဖြေရှာဖွေ တွေ့ရှိဟန်ဖြင့် တက်ကြွစွာ အငြိမ့်စင် အလယ်သို့ ပြန်လျှောက်လာကြသည်။

ကိုဇော် ။......။ “ဘယ်သီချင်း ဆိုဆိုရတယ်နော်”

ဏီလင်းညို ။......။ “ဗီစီဒီ စစဖွင့်ချင်း ကြားရတဲ့ အဖြစ်နဲ့ တူရင် ရတယ် ကြိုက်တာဆို”

ဏီလင်းညို စကားဆုံးလျင် ကိုဇော်မှာ ဂျစ်တူးကို မျက်စ ပစ်ကာ အချက်ပြလိုက်သဖြင့် ဂျစ်တူးလည်း ခြေထောက် နှစ်ချောင်းကို ခပ်ကားကားရပ်ကာ လက်က ဂစ်တာတီးဟန်ဖြင့် အဆိုတော် မျိုးကြီး ပုံစံ အတိုင်း အသံကို ညစ်ကာ သီချင်း တစ်ပိုင်း တစ်စ ကို သီဆိုလိုက်လေတော့သည်။

“ စကားတစ်ခွန်းကို အခါခါ မပြောချင်စမ်းနဲ့ နားကွဲမယ် တော်ပါတော့ ဒီရက်လွန်နေတဲ့ အကြောင်းနဲ့ မင်းရဲ့ ဓါတ်ပြားဟောင်းကြီး ငါရိုက်ခွဲပစ်မိတော့မယ် မင်းရဲ့ ဓါတ်ပြားဟောင်းကြီး တော်ပါပြီ နားငြီးသွားပြီ ”

မျိုးကြီးရဲ့ ဓါတ်ပြားဟောင်းကြီး သီချင်းသံ ကြားလိုက်ရချိန်တွင် ပရိတ်သတ်များမှ လက်ခုပ်တီးကာ အားပေးကြတော့သည်။

ဏီလင်းညို ။......။ “ ဟုတ်ပါပြီ ဒါဆိုနောက်တစ်ခု ထပ်မေးမယ်”
ဂျစ်တူး+ ကိုဇော် ။.......။ “လုပ်လေ ရတယ် ဟင်းဟင်း”

ဏီလင်းညို ။......။ “ကျွန်တော်တို့ မြန်မာဘောလုံးအသင်း နိင်ငံခြားသွားကန်တဲ့ ပွဲတွေကို ပြည်သူတွေက တီဗီမှာ ကြည့်ပြီးတိုင်း ပွဲပြီးတဲ့အခါ ရတဲ့ခံစားချက်လေးသိတယ်မဟုတ်လား အဲဒါနဲ့ လိုက်ဖက်တာ ဆိုပြပါအုံး”

ကိုဇော် နှင့် ဂျစ်တူး လည်း တိုးတိုး တိုးတိုးဖြင့် တိုင်ပင်ကြလေသည်။ ပရိတ်သတ်ကြီးသည်လည်း လိုက်ဖက်သော သီချင်းများကို စဉ်းစားနေလေသည်။ ထို့နောက် လူရွှင်တော် နှစ်ယောက် အဖြေရသွားဟန်ဖြင့် အငြိမ့်စင် အလယ်သို့ ပြန်လျှောက် လာကြသည်။

ဂျစ်တူးမှ မိုက် ကို ကိုင်ကာ ဟန်ပါပါဖြင့် လေးဖြူရဲ့ သံယောဇဉ် သီချင်းကို သီဆိုလေသည်။

“သံယောဇဉ် သံယောဇဉ် ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ် ”

ပရိတ်သတ်များရဲ့ တုန့်ပြန်မှု အနည်းငယ်သာ ရရှိသဖြင့် ကိုဇော်မှ မိုက်ကရိုဖုန်း ကို ဆွဲယူကာ ထူးအိမ်သင် သီချင်းကို ဆိုပြလေသည်။

“ မျှော်လင့်ချက်သာ မထားခဲ့ရင် ငါဒီလို ခံစားရမယ် မထင်ဘူး xxx မျှော်လင့်ချက်သာ မထားခဲ့ရင် ငါဒီလို ကြေကွဲရမယ် မထင်ဘူး ”

ဒီတစ်ကြိမ်တွင်တော့ ပရိတ်သတ်များနှင့် ခံစားချက်ချင်း တူညီသွား၍ထင်ရသည် လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။

ဏီလင်းညို ။......။ “ဒါဆို နောက်တစ်ခု ထပ်မေးအုံးမယ်ဗျာ မြန်မာပြည်မှာ နေ့လည် ၁၂ နာရီကျော် နဲ့ ညနေ ၄ နာရီ ကျော်ပြီးတိုင်း လူတွေရဲ့ မချင့်မရဲ အသံကြားရတယ်လေ ဒီတစ်ခါလည်း လွဲသွားပြန်ပြီ တော်ပါပြီ နောက်တစ်ခါတော့ ဆိုပြီး ပြောတတ်ကြတယ်ဗျ သိချင်တာက သူတို့ရဲ့ နောက်တစ်နေ့ မြင်ကွင်းလေး ကို လိုက်ဖက်တာလေး ဆိုပြပါအုံး”
ဂျစ်တူး နှင့် ကိုဇော်လည်း ထုံးစံအတိုင်း ခေါင်းခါ လက်ခါရင်း တိုင်ပင်ကြပြန်လေသည်။ ထို့နောက် အဖြေရသွား ဟန်ဖြင့် ပြန်လျှောက်လာကြသည်။ ကိုဇော်မှ မိုက်ကရိုဖုန်းကို ကိုင်ကာ ကနွဲ့ကယဖြင့် ဝိုင်းစုခိုင်သိန်း သီချင်းကို ဆိုပြလေတော့သည်။

“ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်နောက် ဖြစ်သမျှဟာ အကောင်းပဲပေါ့ ”

ပရိတ်သတ်ရဲ့ လက်ခုပ်သံကြောင့် ဂျစ်တူးကလည်း မိုက် ကိုဆွဲယူကာ သီချင်း တစ်ပုဒ် ဆိုပြလေသည်။
စည်သူလွင်ရဲ့ နင်ကြိုက်သလို လုပ်ပါ ဆိုသည့် သီချင်းကို ခံစားချက် အပြည့်ဖြင့် ဆိုလေတော့သည်။

“ အချိန်တန်ရင်လေ မင်းအနားဘဲ ပြန်ပြန်လာခဲ့ မသွားတော့ဘူး ငါစိတ်တို့အကြိမ်ကြိမ်တွေးထားပေမယ့် ငါ့ရဲ့သွေးသားထဲက ဆာလောင်တောင့်တ နေတယ် အချိန်တွေ ကုန်လာပြီလေ လုံးပါးပါးမှာ သေချာပြီပဲ ငါ့ခြေလှမ်းများ ရှေ့ဆက်ဝင်လာခဲ့ မင်းဆီကို ”

ပရိတ်သတ်သည်ကား အားပါးတရ အားပေးကြလေတော့သည်။ ထို့နောက် လူရွှင်တော်များ အငြိမ့်စင် အလယ်တွင် ညီညာစွာ ရပ်လိုက်ကြသည်။
 

ဂျစ်တူး ။......။ “ကဲဗျာ. . ကျွန်တော်တို့ ပြောရတာလည်း ပျော်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ချည်းပဲ မပြီးသေးဘူးဗျ။ အခု နောက်ဆုံး အလှည့်ကျတဲ့ မင်းသမီးတွေကို ခေါ်ထုတ်ပေးကြပါစို့

ဏီလင်းညို ။......။ “ဒီတစ်ခါတော့ အထူးအစီအစဉ်အနေနဲ့ မင်းသမီး သုံးလက်က ဖျော်ဖြေမှာပါတဲ့ဗျာ”

ကိုဇော် ။.......။ “စောင့်မျှော်အားပေးကြပါစို့ ”

ဂျစ်တူး ။.......။ “ မောသမျှတွေ အဝေးကိုပြေး လန်းဆန်းခြင်းတွေ ပေးရအောင် ကဲ...မင်းသမီး ချောမြအေး တို့ရေ ရွှေကြာတင့်သလို အသရေဖြာ လန်းစွင့်ရအောင်လို့ ရွာစားက ရတနာစိန်ထုပ်ကို ဖွင့်....”

ဆိုင်းဆရာကြီး အိုက်ခီလောက်ရဲ့ အကြိုတော်ထောက် တီးသံနှင့်အတူ မင်းသမီး သုံးယောက် ထွက်ပေါ်လာကြသည်။ မင်းသမီး များသည်ကား ချောမြအေး ဟု လျှမ်းလျှမ်းတောက် ကျော်ကြားနေသော မချော ၊ မမြသွေးနီ နှင့် မချစ်ကြည်အေး တို့ ဖြစ်ကြလေသည်။ ဆင်ယင်ထားသော ရတနာများနှင့် သူတို့ဝတ်စုံများ သည်ကာ လိုက်ဖက်လှစွာ ကြွားကြွားဝံ့ဝံ့ ရှိနေလေသည်။ ပရိတ်သတ်များကို ဂါရဝ ပြုနှုတ်ဆက် ပြီးနောက် လူရွှင်တော်များဘက်လှည့်ကာ နှုတ်ဆက်လေသည်။

ချောမြအေး ။.......။ “မင်္ဂလာညချမ်းလေးပါရှင်”
လူရွှင်တော်များ ။.........။ “မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ ညလေးပါပဲ အစ်မတို့ရေ”

မမြသွေးနီ ။........။ “ခေါင်းခါးခြေလက် ဤလေးချက် မပျက်စေရ သုခမ လို့ စာဆိုရှိတယ် မဟုတ်လားရှင်”
လူရွှင်တော်များ ။.......။ “မှန်ပါတယ် အစ်မရေ”
မချစ်ကြည်အေး ။.......။ “ဒါကြောင့် ကျွန်မတို့က အနုအရွသုခုမ နဲ့ ပီပြင်စွာ ဒီလိုလေး အသုံးတော်ခံချင်ပါတယ်ရှင်”
လူရွှင်တော်များ ။.......။ “ကြားပါရစေဗျာ”

မင်းသမီး သုံးလက် ကိုယ်စီနေရာယူကာ အဖွင့်တီးသံကို စောင့်ခေါ်နေလေသည်။ မြန်မာ့ဆိုင်းဝိုင်းမှ ဗုံသံ နှဲသံ များစတင်သည်နှင့် ခေါင်းခါးခြေလက်တို့ ပျော့ပျောင်းစွာ အက တို့စတင်လေပြီ။ အကြိမ်ကြိမ် ပွဲဝင်ဖူး၍ထင့် အကတို့သည်ကာ ညီညီညာညာဖြင့် ကြည့်ကောင်းလေသည်။

“xxx အလုပ်သမားနေ့ကို ဂုဏ်ပြုကာကြို သီချင်းလေးတစ်ပုဒ်နဲ့ ကပါရစေဆို
လေးစားထိုက်သူတေ
ွမို့ စင်မြင့်ထက်က ဂါဝရပန်းကလေးနဲ့ ကမ်းလင့်ပါရစေ အစ်ကို.....
ပျိုတို့မောင် အလုပ်သမား ကာယဥာဏ အင်အားအပြည့်နဲ့
တိုင်းပြည်က အားကိုးရစေဖို့ စွမ်းအားရှိသမျှ ကြိုးစားကြစေလို ဒီမေဒေးနေ့မှာ ဘလော့ဂ်ဂါများအဖွဲ့ကတေးသီချင်းလေးနဲ့ ဂုဏ်ပြုကာသီဆို …xxx”

မင်းသမီးတို့ရဲ့ အကအလှများ ပေါ်လွင်စေရန် ဆလိုက်မီးရောင်များက အငြိမ့်စင်ပေါ်တွင် ပြေးလွှားလှုပ်ရှား ပေးနေသလို အိုက်ခီလောက်ရဲ့ လက်စွမ်းပြသံကလည်း ပရိတ်သတ်အားလုံးကို တစ်သားထဲ သီချင်းထဲတွင် စီးမျောသွားစေသည်။

“xxx ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင် ဘလော့ဂ်ဂါတို့ရဲ့ အငြိမ့်သဘင် အာရုံတွေ
လန်းရွှင
်စေဖို့အဆန်းထွင်ကာ ကပြဖြေဖျော် မေဒေးနေ့ကိုနော်.. အားလုံးလည်းပျော်.. ဘလော်ဂါတွေလည်းပျော်.. ပွဲလာသူတွေလည်းပျော်.. ပျော်ပျော်ရွှင်ရွှင် ဘလော်ဂါတို့ရဲ့ အငြိမ့်သဘင် ဒီပွဲတော်..xxx”

မင်းသမီးတို့ ကပြ၍ မဝသည် ထင်ရသည် ။ နောက်တစ်ကျော့ပတ်ကာ သီဆိုလေသည်။ ဆိုင်းဝိုင်းကြီးကလည်း အလိုက်တသိဖြင့် မြူးမြူးကြွကြွ တီးပေးလေသည်။
“xxx ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်လင်လင် ဘလော့ဂ်ဂါတို့ရဲ့ အငြိမ့်သဘင်
အာရုံတွေလန်းရွှင်စေဖို့အဆန်းထွင်ကာ ကပြဖြေဖျော်
မေဒေးနေ့ကိုနော်.. အားလုံးလည်းပျော်.. ဘလော်ဂါတွေလည်းပျော်..
ပွဲလာသူတွေလည်းပျော်.. ပျော်ပျော်ရွှင်ရွှင် ဘလော်ဂါတို့ရဲ့ အငြိမ့်သဘင် ဒီပွဲတော်..xxx”

သီချင်းသံ အဆုံးနှင့် ဆိုင်းဝိုင်းရဲ့ တီးသံတို့ တစ်ထပ်တည်း ကျကာ ပြီးဆုံးလေပြီ။ ပရိတ်သတ်ကြီးသည်လည်း ယခုမှ လက်ခုပ်တီးဖို့ရန် သတိရ၍ထင်ရသည်။ အားပါးတရ လက်ခုပ်တီးသံများ ဘဝဂ်သို့ ညံ လေပြီ။ ထိုအချိန်တွင် အရှေ့က ကသွားသော မင်းသမီး ဂျူနီယာ နှင့် အနော်တို့ ပါ ထွက်ပေါ်လာကာ ပရိတ်သတ်ကို လူရွှင်တော်များနှင့်အတူ လက်အုပ်ချီကန်တော့ကာ နှုတ်ဆက်လိုက်လေတော့သည်။

ကြက်သွေးရောင် လိုက်ကာကြီး တစ်ရွေ့ရွေ့ ကျလာကာ ဤတွင် ဘလော့ဂ်ဂါ အငြိမ့် ပြီးပါပြီ။


..............................................................................................................................................။

ဤအငြိမ့်တွင်ပါဝင်သော ပျက်လုံးများအားလုံး မည်သည့်စာမျက်နာတွင်မှ မရှိသေးသော ကိုယ်ပိုင်ပျက်လုံးများ ဖြစ်ပါသည်။ မျက်နာဖုံးပုံကတော့ ဂျစ်တူး(မုံရွာ) ရဲ့ လက်ရာပါ။
နာမည်အသုံးပြုခွင့် ပေးခဲ့ကြသော မင်းသမီးများ ဖြစ်သည့်

မမြသွေးနီ

မချစ်ကြည်အေး

မချော

ဂျူနီယာ နှင့်

အနော်

လူရွှင်တော်များအဖြစ်

ဂျစ်တူး(မုံရွာ)

ဏီလင်းညို

ကိုဇော်

ဆိုင်းဆရာကြီး အဖြစ်
အိုက်ခီလောက်

တို့ကို ကျေးဇူးတင်ရှိပါသည်။

ဘလောဂ်ဂါ အငြိမ့် ထပ်ဖတ်ချင်သေးလျင်....

55 comments:

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါကိုမြစ်ကျိုးရေ-
တည်းခိုခန်းကိုတောင်သွားပြီးဓါတ်ပုံရိုက်တော့မယ်ဗျာ-
လုပ်လိုက်လေကြာသလားလို့ -
ရယ်ပြီ့းရင်းရင်မောသွားပါတယ်ဗျာ-

ကိုဇော် said...

ဘာကွ . . .
သွားစရာလား. . သွားစရာလး. ..
ကဲကွာ. . ကဲကွာ . . .
( စက္ကူလိပ်ဖြင့် ရိုက်လိုက်တယ်။ )

ပိုးပိုးပြည့်စုံ said...

ပို့စ်တွေကို စာဖတ်သူတွေအတွက် အချိန်ပေးကြိုးစားရေးပေးသော စာရေးသူကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်...

canary99 said...

LOL... ဖတ်သွားပါတယ် ... ဘယ်လောက် effort ထည့်ထားတယ်ဆိုတာ သိသာပါတယ်..

ဂျစ်တူး ( မုံရွာ ) said...

မေဒေးနေ့ တော့အငြိမ့်ကရတာမသက်သာဘူးဗျာ-
အလုပ်ကလေးပိတ်လို့ နားမလားအောင်းမေ့ပါတယ်
ဇတ်ဆရာ ကိုမြစ်ကျိုးလာခေါ်လို့ အငြိမ့်ဝင်ကပါတယ်
ခေါင်းကြီးဘဲအရိုက်ခံနေရတယ်-ဒီညတော့-----
ကောင်းကောင်းအိပ်ရမည့်ပုံမပေါ်ပါဘူး-----
- - - - - - - - - - - - - - - - - -
ဘာတွေတွေးနေတာလဲ-
ရီရလွန်းလို့ အိပ့်လိုမရတော့ဘူးလို့ပြောတာပါဗျာ-
ဟားဟားဟား - - - - -ထပ်ဖတ်တော့ထပ်မန့်သွား-ပါတယ်ဗျာ-

စိတ်စမ်းရေ said...

ကောင်းလိုက်တဲ့ အငြိမ့်... သိပ်သဘောကျတာပဲ....။

ဒူကဘာ said...

ရေချိုးခါနီးတောင် ဘောင်းဘီ မချွတ်ရဲအောင် ဖြစ်နေပြီ ...... မတော်....သူတကာတွေ တွေ့သွားယင် ပါတီ ထောင်ချင်လို့ ထင်နေဦးမယ်။

ချစ်ကြည်အေး said...

မေဒေးအငြိမ့်ကပေးရင် ဒဘယ်-နှစ်ဆ ပေးမယ်ဆိုလို့ ခု ပွဲကရတဲ့ ညကြေးလာတောင်းတာ....ဘယ်မလဲ ဇာတ်ဆရာ....?

ရွှေ ယွန်း ဝါ said...

ဘာသတင်း ၊ ဘာဘလော့မှသွားကြည့်စရာမလိုတော့ဘူး။ အငြိမ့်ထဲမှာ သတင်းစုံနေပြီ။ ဒီတစ်ခါ တော်တော် ကောင်းတယ်။

မြတ်မွန် said...

ဟားဟား..မိုက်တယ် ဖတ်လို့ ကောင်းမှ ကောင်းပဲ..ဗဟုတုတလည်းရ..ရယ်လည်းရယ်ရ..အရမ်းတော်တယ်ဗျို့..။ အချိန်တော်တော်ပေးပြီး ရေးလိုက်ရမယ်နော်..ဦးနှောင့်တွေလည်း တော်တော် ချောက်သွားမှာပဲ ဇာတ်ဆရာရေ..
သီချင်းတွေကလည်း ကိုယ်တိုင် တီထွင်ထားတော့ ..ကောင်းတယ် ..။ အပြင်မှာ တကယ်ကရင် ကောင်းမယ်နော်..

အလုပ်သမားနေ့မှာ အလုပ်တက်ရလို့ ဒေါသ ထွက်နေတာ အငြိမ့်ကြည့်လိုက်ရလို့ ပျော်သွားပါတယ် ဦးမြစ်ရေ..
ကျေးဇူးတင်ပါတယ်
လေးစားလျှက်..

khin oo may said...

khin oo may said...

1 May 10, 23:03
ုkom: စက္ကူလိပ်ဖြင့်မရျိုက်ရ။
1 May 10, 23:03
ုkom: အတော့်ကိုကြိုးစားအားထုတ်ရေးထားတာဘဲ ချီျးကျူးပါတယ်။


(စောစောက ဘာမှမရေးမိဘဲ submit လုပ်လိုက်မိလို့ ဘာမှ ပါမသွားဘူး. ကွန်မက်မှာ)

sosegado said...

ကချက်၊ ပြချက်၊ဟာသ ချက်တွေက ထိမိလိုက်တာ အငြိမ့်ဆရာရယ်၊ အပြင်မှာကြည့်ရရင် ကောင်းမှာပဲ၊ နောက်ထပ်စောင့်မျော်လျှက်။

jr.လွင်ဦး said...

နင့် အငြိမ့်တွေ အကုန်ကောင်းတယ်။
တကယ်ပဲ ဇာတ်ဆရာ လုပ်ဖူးသလားလို့တောင် တွေးမိသေးတယ်။
ဟုတ်တယ် .. အပြင်မှာကြည့်ရ သိပ်ကောင်းမှာပဲ။
း)

kiki said...

အငြိမ့်စင်အောက် မှ နေ၍ သောင်းသောင်းဖြဖြ အားပေးသွား ပါသည် ။။
ဝုန်း ဒိုင်း... ။ ရွှီး ။ ဖြောင်း ဖြောင်း ဖြောင်း..

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ကဲ..ဇတ်ဆရာရေ... မေလ ၆ ရက် မရောက်ခင်...

ပုဆိုးဝတ်ရအောင်... ဘောင်းဘီချွတ်။

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

စန္ဒကူး said...

ရေးလဲရေးနိုင်တယ် ကိုမြစ်ကျိုးအင်း..
ရီလဲရီရတယ်။
စိတ်ညစ်ညူးတဲ့အချိန်တွေ ပျော်ရွှင်မှုရသပေးတဲ့စာစုအတွက် ကျေးဇူးပါ။
အငြိမ့်ထဲပါဝင်ဖျော်ဖြေပေးနဲ့အခြားဘလော့ဂါ မောင်နှမများလဲ ကျေးဇူး ပါ။း)

Flower said...

ဟမ်..
မိမြစ်ရေ ကျုပ်က ခြေလက်တောင်
အချိုးကျအောင် မချိုးတတ်ဘဲ
ဘယ်လိုလုပ် စင်ပေါ်ရောက်သွားတာတုန်း
ပရိသတ်တွေတော့ ခဲနဲ့ပေါက်တော့မှာဘဲ..
ရယ်ရတဲ့ ပျက်လုံးလေးတွေအတွက် ကျေးဇူး..
ပြုံးပြုံးရွှင်ရွှင်နဲ့ ကိုယ်ကတာ ကိုယ်ပြန်ကြည့်သွားတယ်...
လူရွှင်တော်တွေကတော့ ပျက်ရတာ ညောင်းမညောင်းမသိ
ဖတ်ရတာတော့ အရှည်ကြီးဘဲ
အိပ်ရေးဘယ်နှည ပျက်ခံလိုက်သတုန်း...

အိုက်ခီလောက် said...

အလုပ်သမားနေ့ အမှတ်တရပေါ့ နော်ကိုကျိုး
ခုတစ်ခေါက်အငြိမ့်က အရင်ထက်ပို ရီရတယ်
အလုပ်ပိတ်ရက် နားနားနေနေ ရက်လေးမှာ
ဖတ်ပြီး သဘောတွေ ကျ အူတွေ လိမ့်
ဟာသလေးတွေ တော်တော် သဘောကျသွားတယ်
ရိပ်သာဝင်မယ် နောက်နှစ် ကိုကျိုး အဖောညှိထားတာ ဟိဟိ

ကိုအောင် said...

အငြိမ့်လာကြည့်တယ် ကိုမြစ်ကျိုးရေ ...
အားပေးလျက်ပါ။

~ဏီလင်းညို~ said...

မျှစ်ရေ........
ဒီနေ့ အလုပ်သမားနေ့မို့ နားရမလားအောက်မေ့တယ်...။ ၄နာရီစာတောင် သွားစောပြီး ဆင်းပေးရလို့ ပေါက်ကွဲပြီးပြန်လာတာ........။
ဒီအငြိမ့်လာဖတ်လိုက်တာနဲ့ ပျောက်တွားရော......း))
တိုင်းချူး............း))
ထူးထူးရှယ်........။
သိပ်ဂွတ်ဒ်တယ်...........း))

(ကိုဇော့်ကို ပြောထားဦးနော်....။ နာ့ကို အိုင်ကုမယ် လာမပြောနှင့်လို့ နောက်တစ်ခါ..........း))
မေ့လို့.....
ဒို့ ချစ်မကြီးတွေက မင်းသမီးတွေဘာတွေဖြစ်လို့.....။
နောက်တစ်ခါ...အွမ်လိုင်းမှာတွေ့မှ အော်ရှည်ရေးခိုင်းအူးမှ.............း))
(ဖတ်ရတာ ကောင်းတယ်မျှစ်ရေ...........၊ ထပ်ပြောသွားတာ......၊ ရယ်ရလို့ ....။ ရှယ်....တိုင်းချူး........)


ခင်မင်တဲ့
ဏီလင်းညို

သမီးကြီး said...

ကိုမြစ်ကျိုးအင်းရေ ရယ်ရလွန်းလို့ မျက်ရည်တောင်ကျတယ်။ အသံထွက်ရယ်မိလို့ မအိပ်ပဲစာဖတ်နေတာ ဦးကိုကိုသိသွားပြီ :)

သူကြီးမင်း (တုံးဖလား) said...

စေတနာမှန်မှန်နဲ့ အားထုတ်ပြီး ရေးထားမှန်းသိလို့ အစအဆုံးသေသေချာချာ ဖတ်သွားပါတယ်။
ဒါနဲ့...
အပြင်လောကမှာ အငြိမ့်ထောင်ရင်... သိပ်မကြာလောက်ဘူးးးးးးးးးးး...
..

အောင်မြင်ကျော်ကြားလာမယ် လို့ပြောမလို့ပါ။

ပျော်ရွှင်ပါစေဗျာ။

ညီညီထွေး said...

ပီပြင်ပါပေ့ဗျာ........း)))))

ရွှေရတုမှတ်တမ်း said...

နောက်တပွဲတော့ ဇတ်ဆရာကိုယ်တိုင်ကရမယ်ဗျို့

SHWE ZIN U said...

ကိုမျှစ်ချိုး ရေ ပျော်ပျော်ပါးပါး နဲ့ ဝမ်းသာအားရ ကို ဖတ်သွားပါတယ် ..အဟဲ သောင်းသောင်းဖျဖျ လေး ကြိုဆို မလို အင်း ကြိုရဲတော့ဘူး
သူများ အငြိမ့် ထဲ မပါရ တာတော့ မကျေနပ်ဘူး နော် သူများ လည်း ကတတ်ပါတယ် ဘီလူးဆိုင်း လေး တော့ တီးပေးနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

တခေါက်ထက်တခေါက်
ရေးတာ ပိုပိုပြီး မိုက်လာတယ်ဗျာ.....
ကြိုက်၏..... သဘောအလွန်ကျ၏။

littlebrook said...

သောင်းသောင်းဖြဖြ အားပေးလိုက်ပါသည်
(ပြောစရာလား ဒီလိုပြောစရာလား ဟိဟိ)
ဇာတ်ဆရာရေ .. ခင်ဗျားမို့ပြောတတ်တယ်
နောက်ဆို ဘလော့ဂ်ဂါ အချင်းချင်းတွေ့လို့ နှုတ်ဆက်ရင် ပြောစရာလား ဒီလိုပြောစရာလားလို့ နှုတ်ဆက်မယ် .. :D

ဒဏ္ဍာရီ said...

ပျက်လုံးတွေနဲ့ မင်းသမီး ဆိုတဲ့ သီချင်းလေးတွေ ရေးဖွဲ့ထားတာ စိတ်ကူးကောင်းတယ် ကိုမြစ်ကျိုးအင်း။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ကိုလူထွေး said...

ဗိုလ်ချုပ်လူထွေးလည်း ဘောင်ဘီချွတ်ပြီးမှ ပုဆိုးရှာမရလို့ ဒုက္ခရောက်နေတယ်

ကယ် ကြ ပါ အုံး...


းဝ)

အနော် said...

ဒီတစ်ခါတော့ ပိတ်သတ် ဟုတ်တော့ဘူးကွ မင်းသမီး ဖြစ်ပီ ဟိဟိ..
ပြက်လုံးတွေက အရမ်းရီရတာပဲနော် အကို..
အခုဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ဟာသလုပ်ထားတော့ ပိုပီး မျက်စိထဲ မြင်ယောင်ပီးကို ရီနေမိတယ်.. :)
သီချင်းတွေကလဲ ဘလော့ဂါတွေရဲ့အကြောင်းတွေဆိုတော့ ပိုပီး သဘာဝကျတယ် အရမ်းကောင်းတယ် အကိုရေ
နောက်ထပ် အပိုင်းတွေ ထပ်မျှော်နေမယ်..

ဝက်ဝံလေး said...

နဲနဲမဟုတ်ဘူး တော်တော်လေးမြင့်တယ် အကုန်လုံးကိုနားမလည်ဘူး
အိုင်ကု ရယ်
အကိုက အခုရိုက်ထားတာ ပြန်ဖျက်ပေးမှာပါ ညီမရယ် (ဒိုင်ယာလော့ခ် နဲနဲလွဲနေသလားလို့) အဲဒါရယ်ပဲ နားလည်လိုက်တယ် ကျန်တာတွေ ဝါးတားတားမပြောနဲ့ နားလည်ဘူး မြင့်တယ် ဗျာာာ

Anonymous said...

အငြိမ့်ထောင်လုပ်စားရရင်ကောင်းမယ်ဗျို့

အင်း ဒီလိုအငြိမ့်မျိုးကျတော့ ညတိုင်းကို ကြည့်ချင်ပါတယ်
ခဏခဏ အငြိမ့်ကခိုင်းပါဗျာ အားမနာပါနဲ့
မင်းသမီးလုပ်ချင်တဲ့သူတွေ တန်းစီနေတယ် မဟုတ်လား အမရွှေစင်ဦး တောင် မန်းသူဆိုတော့ ကချင်နေတာ
နောက်ည ဆက်လက်မျှော်နေပါမည်

ခင်မင်စွာဖြင့်
seesein

အင်ကြင်းသန့် said...

တော်လိုက်တဲ့ ဇာတ်ဆရာ...တကယ်ပါ ကိုမြစ်ကျိုးအင်းရေ...ချီးကျူးမိပါတယ်.. အကယ်ဒမီ မြစ်ကျိုးအင်း ပီသပါပေတယ်...အားရပါးရ ရီလိုက်ရတဲ့ အတွက်လည်း ကျေးဇူးပါ...

ကေသရီ said...

ကိုမြစ်ရေ ဖတ်လို့ကောင်းလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူး။ အစ်မချော၊ အစ်မမြသွေးနီနဲ့ အစ်မ ချစ်ကြည်အေးတို့ရဲ့ အကအလှများကို ကြည့်ရှုခံစားရင်း ပြက်လုံးထဲမှာ အားရပါးရ ရယ်သွားပါတယ်။

မြသွေးနီ said...

အမယ်လေးလေးဇာတ်ဆရာ...ဒီမနက်မှ အိမ်လည် ဖြစ်တော့မှ..လား.. လား...မကြီးမငယ်နဲ့ မြသွေးနီတစ်ယောက် စင်ပေါ်ါရောက်လို့ပါလား။ သီချင်းတွေကလည်း ပြောင်မြောက်ပါ့။ လူရွှင်တော် တွေကလည်း ပြောမပြောချင်ဘူး။ အရယ်သန်သူ ဆိုတော့ အသံထွက်ပြီးတော့ကို ရယ်မိတော့တာ။ ဒါကြောင့် မေဒေးနေ့က အိမ်မှာ နေမထိ ထိုင်မထိ ဖြစ်နေတာ။ လက်စသတ်တော့ စင်ပေါ်မှာ ကပြ အသုံးတော်ခံ နေရတာကိုး။

တစ်ခု စိတ်ဆိုးမိတာတော့ အားနာနာနဲ့ မကွယ် မ၀ှက်တမ်း ပြောခဲ့ချင်တယ်။ တစ်ပုဒ်ထဲပဲ.... ပေး...က...လို့ ... ဟွန်း ။

လင်းဦး(စိတ်ပညာ) said...

ပုဆိုးတွေ သယ်ရောင်းကောင်းပါလား..... :D

ပျက်လုံးတွေကတော့ ထိမိလှသဗျ....

နှင်းဟေမာ said...

ဇာတ်ဆရာရေ...
ဘလော့ဂါ အငြိမ့်၎ကို လာရောက် ကြည့်ရှုအားပေးသွားပါတယ် ...
နောက်ထပ်လဲ ၅ ၆ ၇ ၈ တွေ ဆက်လက်ရေးသားနိုင်ပါစေ ...
ခင်မင်လေးစားစွာဖြင့်
နှင်းဟေမာ

ahphyulay said...

ငယ်ငယ်က လမ်းမ ပေါ် လမ်းပိတ်ပြီး လုပ်တဲ့  ဗလာပွဲ
တွေမှာ မိုးလင်းပေါက် က တဲ့  အညိမ့် ကို ရြှေ့  ဆုံးက
ပါးစပ် ကြီး “ဟ ” ပြီး ကြည့် ရဘို့  အုတ်ခဲတွေ
ဖျာတွေ ခင်း နေရာဦး ပြီး ကြည့် ခဲ့ ရ တဲ့ ဇာတ်ပွဲ ကို
သတိရသွားမိတယ်။
ကြည့် တော့ လဲ အခု လို လူပျက်တွေ ထွက်မှာကိုပဲ
စောင့်  ပြီး မျှော် မျှော် နေတတ်တာကို သတိရသွားတယ်။
ဒီပို့ (စ) လေး ဖတ်ပြီး ။

Anonymous said...

၃ကြိမ်ထက်မနဲ့ လာရောက်ဖတ်ဖြစ်ပါတယ်။ မိမိအတွေ့အကြုံနဲ့ အမှန်တကယ်သိပြီး ရင်နှီးရေးတတ်တယ်လို့ ယူဆမိပါတယ်။ (ချီးကျူးပါတယ်)

(ကျုပ်လဲ ဇာတ်ထောင်ဖြစ်ရင် ခင်ဗျာကို ဇာတ်ဆရာ တင်ရမယ်..... )

လေးစားစွာဖြင့်
ကျော်နိုင်

Anonymous said...

သရော်ချက်တွေက ထိတယ်မိတယ် ဘော်ဘော် တော်တော်သဘောကျတယ်ကွ ရေးလည်းရေးတတ် တွေးလည်းတွေးတတ် ပါပေတယ်။
ဆက်ဆွဲအုံး ကိုယ့်လူရေ

mw

ညလင်းဖြူ said...

ပုံဖော်ထားသော အနုပညာရသအား လေးစားစွာဖြင့် ဖတ်ရှုသွားပါသည်။
စီဘောက်တွင် နားနားပြီးအော်ချင်သော်လည်း the page cannot be displayed ဖြစ်၍နေလေသည်။

ကျွန်မဘလော့အား လင့်ခ်ချိတ်ထားပေးသဖြင့် ကျေးဇူးတင်သည်။

ဒိုမိန်းအပြောင်းအလဲအား အသိပေးလိုပါသည်။

http://nyalinphyu.myanmarbloggers.org ဖြင့် ဝင်ရောက်လည်ပါတ်နိုင်ပါသည်။

လေးစားခင်မင်လျက်
ညလင်းဖြူ

ကျောပိုးအိတ် said...

ပျက်လုံးတွေကလဲ ကောင်းမှကောင်း။ တော်တော်ရေးတတ်တာ အရမ်းချီးကျူးသွားတယ်အကိုရေ

တစ်ချက်ရယ်ရင် အသက်တစ်ရက်ပိုရှည်တယ်တဲ့။ အခုတော့ ရယ်ရတာ များနေတယ်။ အသက်များများရှည်ပြီပေါ့။
း)

YoungGun said...

ရေးသမျှ အငြိမ့်တွေထဲမှာ အခုဟာ အကြိုက်ဆုံးပဲ..ပုဆိုးတွေလည်း ရောင်းကောင်းမယ်။ မြန်မာပြည်တွင်းက အာဖရိကဖလားလည်း ကြည့်ကောင်းတယ်။ ဓာတ်ပုံ စောစောရိုက်ရင် ငပွကြီး ဖြစ်မယ်။ ဒါပဲဗျာ ဟားဟားဟား

မိုးခါး said...

မြင်ယောင် ကြည့်သွားပါတယ်ဗျို့ ... :D

flowerpoem said...

ဟား၂ တကယ်အပြင်မှာ ကရင် ပိုရီရမယ် ကိုမြစ်ရေ အပြင်မှာ ကနိုင်အောင် မဲဆွယ်ပါအုံး :P

သိင်္ဂါကျော် said...

အငြိမ့်ပွဲကို ရောက်တာ နောက်ကျသွားတယ်..
:):):)

နှင်းမိုး said...

အငြိမ့်အားလုံး လာဖတ်သွားပါတယ်

Anonymous said...

Z ဆရာရေ သိပ်ကောင်းတဲ့အငြိမ့်ပါပဲ။ အားစိုက်ထုတ်ထားရတာတွေ့ရပါတယ်။ အမြဲအားပေးနေမှာပါ။

ညီမင်း

Unknown said...

အရမ်းကြိုက်တယ်ဗျို့။
ပထမဆုံးလာမန့်တာပါ။
ကျွန်မတော့ သိမ်းထားလိုက်တယ်။

ညလင်းအိမ် said...

အဟားဟား ပါးစပ်ကို မပိတ်နိုင်ဘူး ကိုမြစ်ရေ ...
တပတ်စာဖတ်ဖို့ ကျန်တဲ့ အကြွေးတွေလိုက်ဖတ်ရင်းမှ တကယ်ပျော်သွားတယ် ....
တော်တယ်ဗျာ ...
စာဖတ်သူကို ပျော်ရအောင် ကြိုးစားပေးထားတယ် ... ချီးကျူးပါတယ် ကိုမြစ် ...

အားပေးနေတယ် ...
ခင်တဲ့
ညလင်းအိမ်

thaingarra said...

ကိုမြစ်ကျိုးအင်း ရဲ့ ...

စကားပြေ အရေးအသားကတော့ ...

တကယ့်ကို ကောင်းလွန်းပါတယ် ခင်ဗျာ ...

နောက်နောင်လည်း အဟောင်းများ ထဲမှ

အကောင်းများနှင့်အသစ်များကိုမျက်ခြည်မပြတ်

စောင့်ဖတ်ချင်ပါသေးကြောင်း ...

ကာရံဆူး said...

ကိုမျှစ်ချိုးရေ...အငြိမ့် (၅) ကိုမျှော်နေပါတယ်...မပြုံးပဲ ၀ါးလုံးကွဲ ရယ်သွားသည်...

ဂျစ် said...

ဘလော့ဂါ အငြိမ့်(၅)
စောင့်မျှော်နေပါတယ် ...။
အရမ်းကြိုက်တယ်...ပျော်ရွှင်မှုရသွားတယ်။
ကျေးဇူးပါ....နော် ။
ဂျစ်

သော်ဇင်စိုး said...

ရီလိုက်ရတဲ့အရီဗျာ.. ပြောကိုမပြောချင်တော့ဘူး.. ခိခိ.. တကယ်ပဲ ဇာတ်ဆရာပဲလုပ်စားပါတော့ဗျို့.. :))))))))))))))))))))))))

 

Posts Comments

©2006-2010 ·TNB