ကမ္ဘာပျက်ခြင်း

08 May 2010



အခန်း (၁)
အေးချမ်းစွာ ရှာဖွေစားသောက် နေထိုင်ခဲ့သော သူတို့အတွက် နောက်ဆုံးအချိန်အခါသည်ကာ မျှော်လင့်မထားဘဲ ကျရောက်လာလေပြီ။ ပထမဆုံး ဝေါခနဲ အသံကျယ်ကြီးကို ကြားလိုက်ရပြီးနောက် သူတို့နေထိုင်ရာ အရပ်တွင် စူးရှပြင်းထန်သော အလင်းရောင် ထွက်ပေါ်လာသည်။ ကောင်းကင်အမိုးကြီး ပွင့်ထွက်သွားသလိုပင်။ ထိုအလင်းရောင် ထွက်ပေါ်လာရာ မိုးကောင်းကင်ကို ထိတ်လန့်ခြင်း ကြီးစွာဖြင့် မော့ကြည့်လိုက်မိသည်။ တစ်ခြားသူများ အားလုံးလည်း ထိုအလင်းရောင်ကြီးကြောင့် တအံ့တသြ ဖြစ်လို့နေကြသည်။ လှုပ်ရှားဖို့ကို မေ့နေသည်အထိ အလင်းရောင် ထွက်ပေါ်လာရာသို့ မော့ကြည့်နေမိသည်။ ဘာတွေဆက်ဖြစ်မလဲဟု တွေးနေချိန်မှာပင် သူတို့နေထိုင်ရာ အရပ်တစ်ခုလုံး အမှောင်ဖုံးလွှမ်းသွားတော့၏။
သူတို့၏ ကောင်းကင်ပေါ်မှ အမျိုးအမည် မဖော်ပြနိင်စွမ်းသော ကြီးမားသည့် အရာဝတ္ထုများ ပြုတ်ကျလာသဖြင့် အမှောင်ဖုံးလွှမ်းသွားခြင်းဖြစ်သည်။ ကျရောက်လာသော ထိုအရာဝတ္ထုများမှာ လေးလံလွန်းလှသဖြင့် တော်တော်များများ မည်သို့ အသက်ထွက်သွားမှန်းတောင် မသိနိင်တော့ဘဲ သေဆုံးသွားတော့သည်။ အရာဝတ္ထုများ ပိမိနေသဖြင့် ကယ်ပါယူပါ အော်သံများသည်လည်း ဆူညံပွက်လော ရိုက်နေလေသည်။ သို့သော် မည်သူကမှ တစ်ဦးကို တစ်ဦး ကယ်တင်ပေးဖို့ရန် မဖြစ်နိင်တော့ပေ။

မောင်နီလည်း စားလက်စမုန့်ကို ပစ်ချကာ အသက်ဘေးအတွက် ခြေဦးတည့်ရာ ပြေးရတော့၏။ ပြေးရင်းဖြင့် မည်သည့်အရပ်သို့ ရောက်သွား နိင်မည်ကိုပင် စဉ်းစားချိန် မရတော့။ ကျယ်ဝန်းလှသော ဤအရပ်တွင် ခြေဦးတည့်ရာ ပြေးလွှားနေကြသော ဘဝတူ များစွာကိုလည်း ပြေးရင်းလွှားရင်း တွေ့ရပြန်သဖြင့် သွေးပျက်မတက် ခြောက်ခြားလွန်းလှသည်။ သူ့မိဘများနှင့် သူ့မိသားစုလည်း သေဆုံးသွားကြပြီလား ထွက်ပြေးလွတ်မြောက် သွားကြပြီလား မသိနိင်တော့ပြီ။

ပြေးရင်းလွှားရင်း သူဇနီးနှင့် သားငယ်ကို ရှာဖွေကြည့်မိသည်။ အချိန်ယူကာ ရှာဖွေဖို့ ဆိုသည်မှာတော့ မဖြစ်နိင်ပေ။ လောလောဆယ် မိမိအသက်ဘေးအတွက် ခြေဦးတည့်ရာသို့ ပြေးနေမိတော့သည်။ သူမည်သို့ပင် အားကုန်စိုက်ကာ ပြေးသော်လည်း အန္တရာယ်ဆိုးမှ မလွတ်မြောက်နိင်ရှာတော့ပေ။ အမှောင်တွေ ဖုံးလွှမ်းပြီးသည့် နောက်တွင် ပြင်းထန်သော လှုပ်ခါမှုတို့စတင်လာသည်။ သူတို့နေထိုင်ရာ အရပ်တွင် တော်လဲသံများ ထွက်ပေါ်ကာ အိုးထိန်းစက်ကဲ့သို့ ချာချာလည် လေပြီ။


“ အားးးး ”
“ကယ်ကြပါ ”

သွေးပျက်ခြောက်ခြားစွာ ထွက်ပေါ်လာသော အော်သံတို့သည်လည်း ဆူညံလွန်းသော တော်လဲ သံများအောက်တွင် နစ်မြုပ် နေလေသည်။ တစ်ဦးကိုတစ်ဦး အော်ခေါ်ကြသည် မိမိတို့ အားကိုးရာကို တိုင်တည်မြည်တမ်းကြသည် သို့သော် တစ်ဝေါဝေါ မြည်ဟီးနေသော တော်လဲ သံများအောက်တွင် မိမိ အသံကိုပင် ပြန်ကြားဖို့ရန် မဖြစ်နိင်တော့ပေ။ လှုပ်ခါခြင်းတို့သည် တစ်စထက်တစ်စ တိုး၍သာ ပြင်းထန်လာသဖြင့် ရပ်တည်ခြင်းငှာ မစွမ်းသာတော့ပေ။ သူတို့နေထိုင်ရာ အရပ်တွင် သေခြင်းတရားသည် နီးကပ်စွာ ရှိနေလေပြီ။

အိုးထိန်းစက်ကဲ့သို့ ချာချာလည်နေမှုကြောင့် သူတို့အရပ်မှ ဆွေမျိုးများ အဝေးကို လွင့်စင်ကုန်ကြတော့သည်။ ရှင်သန်ခြင်းအတွက် ကုပ်ကပ် တွယ်ကပ်ထားသော သူ့လက်တို့ ညောင်းညာ လွန်းလှပြီ။ မကြာခင် တွယ်ကပ်ထားသော သူ့ခြေလက်တို့ပြုတ်ထွက်ကာ သူသည်လည်း လွင့်ထွက်သွားရတော့မည်။ သေခြင်းတရားကို သူမြင်လိုက်ရလေပြီ။ အချိန်သိပ်မကြာခင်မှာပင် သေရတော့မည်ဟု စိတ်ဒုန်းဒုန်း ချလိုက်မိသည်။ သူချစ်သောမိသားစု ၊ သူနေထိုင်ရာအရပ် ၊ သူ့ဆွေမျိုးများ နှင့် သူနှစ်သက်သော အစားအစာများ အားလုံး ချန်ရစ်ခဲ့ရတော့မည်။

ဝမ်းနည်းလွန်းသဖြင့် သူ့မျက်ရည်တို့ အဆက်မပြတ် တသွင်သွင် ကျဆင်းလာသည်။ သူတို့အတွက် ကပ်ဘေးကြီးက ဆိုးရွားလွန်းလှသည်။ တဝေါဝေါမြည်သံများ ကြားနေရသဖြင့် သွေးပျက်မတတ် ဖြစ်နေရသည်။ ဘာတွေဖြစ်ကုန်ပြီလဲ။ အပြောင်းအလဲများသည် မြန်ဆန်လွန်းလှသည်။ မကြာသေးသည့်အချိန်က အေးချမ်းရှင်းလင်းနေသော သူတို့၏ နေရပ်သည် ယခုတော့ အရာဝတ္ထုများဖြင့် ပြည့်နှက်နေလေပြီ။ ထိုအရာများအောက်တွင်တော့ သူတို့၏ အိမ်နီးချင်းများ ဆွေမျိုးများ ပိပြားနေမှန်း တွေးလိုက်မိသည်။ သူသည်လည်း ဘယ်အချိန်တွင် အသက်ထွက်ရတော့မလဲ စောင့်စားနေရတော့သည်။

ထိုအချိန်တွင် မမျှော်လင့်ဘဲ ချာချာလည်မှုတို့ ရုတ်တရက် ရပ်တန့်သွားသည်။ တော်လဲ သံများပါ ငြိမ်သက် သွားသဖြင့် သူထိတ်ခနဲ ဝမ်းသာသွား၏။ ရုတ်ခြည်းတိတ်ဆိတ်သွားပုံသည် အံ့သြဖွယ် ကောင်းလွန်း လှသည်။ စောစောက ထွက်ပေါ်ခဲ့သော တဝေါဝေါဖြင့် တော်လဲသံ များသည် ယခုတော့ ဒီနေရာတွင် မည်သည့်အဖြစ်အပျက်မှ မဖြစ်ခဲ့သလို တိတ်ဆိတ်သွားခြင်းဖြစ်သည်။ မုန်တိုင်းမလာခင် တဒင်္ဂတိတ်ဆိတ်ခြင်း ဖြစ်နိင်သည်ဆိုကိုပင် သူမတွေးတတ်ခဲ့လောက်အောင် ပျော်ရွှင်သွားမိသည်။

ဒါဆို သူမသေနိင် တော့ဘူးပေါ့။ အိုးးးး ကံကောင်း လိုက်တာ ။ သေခြင်းတရားဆီမှ ကံသီကာ လွတ်မြောက် ခဲ့သဖြင့် သူ စိတ်မထိန်းနိင်စွာ ခြေဦးတည့်ရာ ပြေးလွှားလိုက်တော့သည်။ ဝမ်းသာလွန်းစွာ ဟေးးး ခနဲ အားပါးတရ အော်လိုက်မိပြီးမှ သူ့ဆွေမျိုးများအတွက် သတိရမိသဖြင့် ချက်ချင်း အသံပြန်ပိတ်လိုက်ရ၏။ သူ့လို ခံစားရ၍ထင်သည် ဟိုနေရာ ဒီနေရာများမှ မသေဘဲ ကျန်ခဲ့သူတို့၏ ဝမ်းသာအားရ အော်သံများ ထွက်ပေါ်လာ၏။

ထို့အတူ နေရာအနှံ့တွင် ငိုကြွေးသူတို့ ရှိနေလေသည်။ ခြေလက် ပိမိသူတို့ရဲ့ ညည်းညူသံများလည်း နေရာ အနှံ့မှ ထွက်ပေါ်နေသည်။ ကပ်ဘေးမိသူနှင့် လွတ်မြောက်လာသူတို့၏ ခြားနားသော အခြေအနေဖြစ်သည်။ မည်သူမဆို မိမိအသက်ကို တန်ဖိုးထားကြသည် မဟုတ်လား။ ခုတော့ သူလွတ်မြောက်ခဲ့လေပြီ။ သူ့မိသားစုကိုတော့ လောလောလတ်လတ် ရှာဖွေ၍ မရနိင်သေးပေ။ နေရပ်တစ်ခုလုံး အခြေအနေတွေ ရှုပ်ထွေးနေသည်။ ဘာပဲဖြစ်ဖြစ် အနီးစပ်ဆုံး တစ်ဦးဦးကို သူဆွဲထုတ် ကယ်တင်ရမည်။ အနီးအနား ကြည့်မိချိန်တွင် ခြေလက် ပြတ်ပြီး လူးလိမ့်အော်ဟစ်နေသူကို တွေ့လိုက်ရသည်။ သူကယ်တင်ပေးဖို့ရန် အနားသို့ တိုးကပ်သွားမိသည်။

ထိုအချိန်တွင် ဆိုးရွားလွန်းသော ကပ်ဘေးကြီး ဒုတိယအကြိမ် ပေါ်ထွက်လာပြန်တော့သည်။ ဒီတစ်ကြိမ် တွင်တော့ မြင့်ရာအရပ်မှ ရေများ တစ်ဝေါဝေါဖြင့် စီးဆင်းလာခြင်းဖြစ်သည်။ ရေလုံးကြီးများ ရောက်လာပုံမှာ မြန်ဆန်လွန်းလှသဖြင့် သူဘေးဘက်ရှိ အမြင့်တစ်နေရာသို့ အလျင်အမြန် ပြေးတက်လိုက်ရသည်။ ရေများ အဆက်မပြတ် ဝင်ရောက်လာမှုကြောင့် တစ်ဖြည်းဖြည်း မြင့်တက်လာသဖြင့် ပို၍မြင့်ရာဆီသို့ အတင်းကုပ်ကပ် တွယ်တက်နေမိသည်။

နားခိုရာ နေရာတစ်ခုကို ရောက်သွားသဖြင့် ရေပြင်ကြီးကို ကြည့်လိုက်နေမိသည်။ ထိုရေများထဲတွင်တော့ သေဆုံးသွားသူတို့ ပေါလော မျောပါနေသည်ကို တွေ့လိုက်ရသဖြင့် သူ့ခြေလက်တို့ အားအင်ကုန်ခမ်း မတတ်ဖြစ်သွားရသည်။ အစုအဝေးလိုက် သေဆုံးမျောပါနေသည်ကို မြင်လိုက်ရသဖြင့် ကြောက်ရွံ့ထိတ်လန့်လွန်းစွာ ရှိုက်ကြီးတစ်ငင် ငိုကြွေးနေမိသည်။ သူသည်လည်း မကြာခင် ထိုအစုအဝေးထဲတွင် ပါဝင်ရတော့မည် ထင်သည်။

အဆက်မပြတ် ဝင်ရောက်လာသော ရေလုံးကြီးများကြောင့် သူတို့နေထိုင်ရာ အရပ်တစ်ခုလုံး ရေမြုပ်သွားလေပြီ။ သူခိုကပ်နေသော နေရာဆီသို့ မကြာခင် ရေများရောက်လာတော့မည်ကို ခန့်မှန်းမိသဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ယင်နေမိသည်။ ပြေးစရာ နေရာ မရှိတော့မှန်း သူသိနေလေပြီ။ ဒီတစ်ကြိမ်တွင်တော့ သေခြင်းတရားထံမှ သူလွတ်မြောက်ဖို့ရန် မဖြစ်နိင်တော့ပေ။ သေချာနေသော သေခြင်းတရာကို ထိုင်စောင့်နေရသူ၏ ခံစားချက်သည် သွေးပျက်ဖွယ်ရာသာ ဖြစ်သည်။ ခြောက်ခြားတုန်လှုပ်ဖို့လည်း ကောင်းလှသည်။ တစ်ဖြည်းဖြည်းနှင့် ရေများပို၍မြင့်တက်လာသည်မှာ သူခိုလုံရာ နေရာအထိပင် ရောက်လာတော့မည်။ အပေါ်သို့ မော့ကြည့်မိသည်။ ထပ်တက်ဖို့ရန်မဖြစ်နိင်တော့။

တစ်စထက်တစ်စ မြင့်တက်လာသော ရေများကို ကြည့်ရသည်မှာ သေမင်းသည် သူ့ခံတွင်းကို ဖွင့်ဟရင်း အနားသို့ တိုးကပ်လာသလို ခံစားလိုက်ရသည်။ အစွယ်ဖြူဖြူများကိုပင် မြင်လိုက်ရသလိုလိုပင် ....။ ရှင်သန်ဖို့ အတွက် နောက်ဆုံးအနေဖြင့် အပေါ်ထပ်တက်ရန် နေရာရှာနေချိန်တွင် သူ့ခြေထောက် အေးခနဲ ဖြစ်သွားသဖြင့် ငုံ့ကြည့်လိုက်မိသည်။

အိုးးးး ရေတွေ

သေမင်း၏ လက်အေးကြီးဖြင့် သူ့ခြေထောက်ကို ဖမ်းဆုပ်ကိုင်ခံလိုက်ရသလို သူ့နှလုံးသား ထိတ်ခနဲဖြစ်ကာ အမြင်အာရုံများ ပြာထွက်သွားသည်။ သူသေရတော့မှာပါလား။ နောက်ဆုံးလက်ကျန် အင်အားကို ညစ်ထုတ်ကာ ကြောက်လန့်တစ်ကြား အပေါ်သို့ ထပ်မံကုတ်တက်ရန် ကြိုးစားနေချိန်မှာပင် သူ့ခန္ဓာကိုယ် တစ်ခုလုံး ရေထဲသို့ မျောပါသွားတော့သည်။ သူ၏ ထိတ်လန့်တကြား အော်သံသည်လည်း ဆူညံစွာ ဝင်ရောက်နေသော ရေလုံးကြီးမျာ၏ အသံအောက်တွင် နစ်မြုပ်သွားလေပြီ။
မကြာခင် ရေများစီးဝင်လာမှု ရပ်တန့်သွားသော်လည်း သူတို့အရပ်သည်ကား တစ်ခဏအတွင်းတွင် ပင်လယ်ပြင်ကြီး ဖြစ်သွားလေပြီ။ မှီတွယ်ရာ အရာဝတ္ထုတစ်ခုခုကို ဖမ်းကိုင်ဖို့ရန် ကြိုးစားသော်လည်း ပင်လယ်ပြင်ကြီးသဖွယ် ဖြစ်နေသော ရေပြင်ကျယ်ကြီးထဲတွင် သူ့ခန္ဓာကိုယ် သေးသေးလေးမှာ အဆီးအတားမရှိ မျောလွင့်နေလေသည်။ သူ့လိုပင် သေအံ့ဆဲဆဲ မှီတွယ်ရာ တစ်ခုခုကို ဖက်တွယ်ထားသော ဘဝတူများကိုလည်း ဖျတ်ခနဲ ဖျတ်ခနဲ တွေ့လိုက်ရသည်။

ထိုအချိန်တွင် တော်လဲသံများ နောက်တစ်ကြိမ် ထပ်မံကြားရကာ သူတို့နေထိုင်ရာ အရပ်သည် အိုးထိန်းစက်ကဲ့သို့ ချာချာလည်ပြန်လေသည်။ ရေများ ဘောင်ဘင်ခတ်နေသော လှိုင်းထန်လွန်းသည့် ပင်လယ်ပြင်ကျယ်ထဲတွင် သေဆုံးသွားသော သူ့ခန္ဓာနှင့် မျိုးနွယ်စုများ အားလုံး မျောပါနေကြတော့သည်။
နောက်ဆုံးတွင် ဆိုးရွားလွန်းသော ကပ်ဘေးကြီးကြောင့် သူတို့အားလုံး သေဆုံးခဲ့လေပြီ။ အသက်ရှင် ကျန်ရစ်ခဲ့သူ ဆို၍ မည်သူမှ မရှိတော့ပေ..။
........................................။
.............................................................။
.....................................................................................။

အခန်း(၂)

ကျကျန်ရစ်သော အင်္ကျီတစ်ထည်ကို ထပ်ထည့်ရန် အဝတ်လျှော်စက် အဖုံးကို ဖွင့်လိုက်မိချိန် ရေထဲတွင် မျောပါနေသော ပုရွတ်ဆိတ်များကို တွေ့လိုက်ရသည်။ သူ သေသေချာချာ မကြည့်မိလိုက်သဖြင့် အဝတ်လျှော် စက်ထဲတွင် သေဆုံးသွားသော ပုရွတ်ဆိတ်များဖြစ်သည်။ လွန်ခဲ့သည့် တစ်ပါတ်ခန့်က နောက်ဆုံး လျှော်ခဲ့ပြီးချိန်တွင် အံကျအောင် ပြန်မပိတ်ခဲ့မိသဖြင့် ဝင်နေသော ပုရွတ်ဆိတ်များ ဖြစ်ဟန်တူသည်။ ရာသီဥတု ပူပြင်းနေသဖြင့် အေးပြီး မှောင်နေသော အဝတ်လျှော်စက်ထဲ ဝင်နေပုံရသည်။ ပုခုံးတစ်ချက်တွန့်ကာ အဖုံးကို ပြန်ပိတ်လိုက်၏။ အဝတ်လျှော်စက်သည်ကား တာဝန်ကျေစွာ လည်နေ လေပြီ။

။.........................................................။

48 comments:

မိုးစက်အိမ် said...

ကိုကျိုးပြောချင်တာက ကံကံရဲ့ အကျိုးလား ကိုယ်ချင်း
စာတရားထားတတ်ဖို့ လား ဒါပေမဲ့ဆင်တူလေးဘဲလို့ 
မြင်မိတယ်ဗျာ ... ဖတ်တဲ့လူအတွက်တော့တစ်ခုခု
ကျန်မှာသေချာပါတယ် ... အားပေးလျက်

ပိုးပိုးပြည့်စုံ said...

အရမ်းကြိုက်တယ် ဒီပို့စ်လေးကို.... အားပေးလျှက်ပါ ဆက်ရေးပါ .....

ပိုးပိုးပြည့်စုံ said...

အရမ်းကြိုက်တယ် ဒီပို့စ်လေးကို.... အားပေးလျှက်ပါ ဆက်ရေးပါ .....

Anonymous said...

good idea , nice post
carry on !

ညီမလေး said...

ထင်တယ် ထင်တယ် အဲ့လိုတွေ လုပ်တော့မယ်ဆိုတာ ... ဟင်းဟင်းးး ။

ဟုတ်တယ်နော် ... ကျွန်တော်တို့မမြင်နိုင်တဲ့ ကျွန်တော်တို့ကြောင့် ကမ္ဘာပျက်သွားကြတဲ့သတ္တဝါလေးတွေ အများကြီးရှိမှာပဲနော် .. နောင်သတိထားရမယ် ။ သူတို့လဲ ကျွန်တော်တို့လို အသက် နဲ့ပဲလေ..နော်။

အနော် said...

ဘုရားရေ.. ဖတ်ပီးပီးချင်း စိတ်ထဲမှာ ကြောက်လိုက်တာ. ပီးတော့ ရင်ထဲမှာ မောသွားတာပဲ... အဲ့ဒီလိုအဖြစ်မျိုးနဲ့ မကြုံခင် အရင်သေသွားရင် ကောင်းမယ်.. နာဂစ်မုန်တိုင်းတိုက်ခဲ့တဲ့အချိန်တုန်းက ဓာတ်ပုံတွေကို ကြည့်ရတဲ့အခါမှာတောင် သူတို့ရဲ့ ချောက်ချားမှုတွေ နာကျင်မှုတွေ ခိုကိုးရာမဲ့မှုတွေ ဆုံးရှုံးခဲ့ရမှုတွေ ဒါတွေကို ခံစားလို့ရခဲ့တယ်.. ကမ္ဘာကြီးတောင် ပျက်ရတော့မယ် အခြေအနေနဲ့ ကိုယ်ကိုယ်တိုင် ခံစားခဲ့ရမယ်ဆိုရင်တော့......... :(

အဖြူရောင်နတ်သမီး said...

မျက်လုံးထဲမှာ Independent Day ရုပ်ရှင်ကားကိုသွားသတိရလိုက်တယ်...
ဇာတ်လမ်းတွဲတွေ အရမ်းရှည်အောင်မစွဲထားပါနဲ့ကိုမြှစ်ရေ....စောင့်ပြီးဖတ်ရတာ အရသာပျက်လို့...
အစဉ်အားပေးလျှက်....

ကျောပိုးအိတ် said...

လူတွေတကယ်သေကုန်ပြီမှတ်တာ။
ပုရွတ်ဆိတ်လေးတွေ ဖြစ်နေတာကိုး။

ကောင်းတယ်နော်။ အဲဒီလို ဘယ်သူမှ မတွေးမိဘူး။

တာမီးတို့ တောင် ပူလွန်းလို့  အေးတဲ့နေရာ လိုက်ရှာနေရတာ။ သူတို့ လဲ အဲလိုဘဲနေမယ်နော်။

အ၀တ်လျှော်စက်ထဲ ထည့်ကာနီး သေချာပြန်ကြည့်ဦးမယ်။
း)

မြသွေးနီ said...

များလူ သထ္ထ၀ါ အားလုံး..
ဘေးရန် ကြောင့်ကြ ဆင်းရဲကင်းကြပါစေ..။

ရွှေ ယွန်း ဝါ said...

ဒါဆိုရင်တော့ ပုရွက်ဆိတ်သေတွေ နင့် အင်္ကျီမှာကပ်နေတော့မှာဘဲ။ သနားပါတယ် ( ပုရွက်ဆိပ်ကိုပြောတာ )

မြသွေးနီ said...

များလူသထ္ထ၀ါ အားလုံးဘေးရန်ကြောင့်ကျ ဆင်းရဲ ကင်းကြပါစေ....။

သမီးကြီး said...

ဖတ်ရင်းဖတ်ရင်းနဲ့ ကိုယ်တိုင်ကြုံတွေ့နေရသလို ခံစားရတယ်။ ပြေးပေါက်ကိုမရှိတဲ့အချိန်ပဲနော်။ တကယ်ကမ္ဘာပျက်ရင်လဲဒီလိုပဲနေမှာ။ သူတို့သနားပါတယ်နော်။

ရင်ထဲက လတစ်စင်း said...

နာဂစ်တုန်းက အဖြစ်အပျက်များ ရေးတာလားလို့... :P
ဆွဲဆောင်မှူကောင်းတဲ့ ဇာတ်ကားတစ်ကားလိုပါပဲ အကိုရေ....

အမြဲတမ်း အားပေးနေပါတယ်....

ရင်ထဲက လတစ်စင်း said...

နာဂစ်တုန်းက အဖြစ်အပျက်များလားလို့... :P
ဆွဲဆောင်မှူရှိတဲ့ ဇာတ်ကားတစ်ကားလိုပါပဲ။
အမြဲတမ်း အားပေးနေမယ် အကိုရေ...

加油 加油 ^_^

ဂျစ်တူး ( မုံရွာ ) said...

အင်း - - -
သဲထိပ်ရင်ဖို -
နုလုံးရောဂါအဖြစ်ခံပြီးဖတ်အုံးမယ်ဗျို့  -

kiki said...

ပုရွက်ဆိတ်တွေ အတွက် ကမ္ဘာပျက် ။
လူတွေ အတွက် ရွာပျက် ။
ဘာတွေ ပဲ ဘယ်လို ပျက်ပျက် ၊ အနိဌာရုံတွေ ချည်းပဲနော် ။
ဆူနာမီ၊ နာဂစ် ၊ ငလျှင် သဘာဝဘေးတွေကြောင့်ရော ။ လူလူချင်း နှိပ်စက်တာတွေ ကြောင့်ရော ..သေဆုံးရခါနီး ခံစားချက်တွေ လည်း ဒီလို ပဲ နေကြမှာပဲ ထင်တယ် ။
အကယ်ဒမီလို့  မပြောရဘူး ..စာတွေ အရေးကောင်းတယ် ။ ဒါပေမဲ့ အလားတူ အိပ်မက်မျိုးတော့ မမက်ပါစေနဲ့ ။ မောတယ်လေ.. ။

ကိုအောင်(ပျူနိုင်ငံ) said...

ပုရွတ်ဆိတ်ဖြစ်သွားလို့ ... ဟင်း၊ အတွေးကတော့
တကယ်မိုက်တယ်။

ချစ်ကြည်အေး said...

ကိုမြစ်ရေ ကောင်းပါ့ ဖတ်နေရင်းနဲ့ ထင်တော့ ထင်မိသား ဗေစင်ထဲက ပုရွက်ဆိတ်များလားလို့...။ အတွေးရော၊ အရေးရော ပါဖက်....:)

ချော (အစိမ်းရောင်လွင်ပြင်) said...

Bravo!
ိုအတွေးကောင်း၊ အရေးကောင်းတဲ့ပိုစ့်လေးပါ
တော်ရုံ သတိမပြုမိတတ်တဲ့ ရှုထောင့်လေးတွေကို သတိထားမိစေမဲ့ အကြောင်းအရာကောင်းလေးပါဘဲ..
ရိုးသလိုလို၊ သိပြီးသားအကြောင်းအရာလိုလိုနဲ့ မထင်မှတ်တဲ့ အရာလေးကိုချပြသွားတယ်..
စာဖတ်သူကို ဆွဲဆောင်စေနိုင်တဲ့ အိုင်ဒီယာကောင်းလေးတစ်ခု ဖြစ်ပါကြောင်း....

နှင်းမိုးမိုး said...

စိတ်မောမော နဲ့ဖတ်လိုက်တယ်..
အရမ်းကို ကောင်းလွန်းတယ် ကိုမြစ်ကျိုးအင်..

T T Sweet said...

နာဂစ်ကို သတိရစေတယ်။ ပုရွက်ဆိတ်များရဲ့ နာဂစ်ပေါ့။ ပုရွက်ဆိတ်တစ်ကောင်လည်း သူ့ဘ၀သူတွယ်ဖက်မှာပဲ။ သေရမှာ ကြောက်မှာပဲ။ တပါးအသက် မတော်တဆပဲဖြစ်ဖြစ် မသတ်မိအောင် သတိထားသင့်ပါတယ် ဆိုတာလေး ဖတ်သူများရသွားကြရင်ကောင်းမယ်။

♥ကိုဇော်♥ said...

ဂွတ်. . .ပို့စ်. .
တင်ပြပုံ ကောင်းလို့ ရုပ်ကြွသွားတာ. .

sosegado said...

နောက်ဆုံးတော့ ပုရွက်ဆိတ်ဖြစ်နေတာကို၊
ရေနစ်ဘူးတော့၊ နေနစ်တဲ့ အရသာကိုသိခဲ့ရတယ်၊

ကိုလူထွေး said...

တီတီဆွိပြောသလိုပဲ...

းဝ)

ရွှေရတုမှတ်တမ်း said...

ငယ်ငယ်က ပရွက်ဆိတ်အုံကို သေးနဲ့ပန်းတော့ ပရွက်ဆိတ်တွေ အဲလိုတွေးမှာပဲနော်

littlebrook said...

နာဂစ်ဖြစ်တုန်းကအဖြစ်တွေကို ခံစားရေးဖွဲ့ထားတာလို့ ထင်သွားတယ်း)

ဒူကဘာ said...

သိပ်ကောင်းတဲ့ စိတ်ကူး၊ နေပြည်တော်က ဘကြီးလဲ နာဂစ်တုန်းက လူတွေကို အဝတ်လျှောက်စက်ထဲက ပုရွက်ဆိတ် ကာမဿကာလို့ သဘောထား လိုက်ပုံရတယ်။

အကြမ်းထည် said...

တခုခုပေးရမှ ကျေနပ်တတ်တဲ့ ဆ၇ာ့စိတ်ကူးလေး ကို
အလေးပြုရင်း ...ယူသွားပါတယ်ဗျာ
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ
carry on!
with rep;

ညလင်းအိမ် said...

ကိုမြစ်တို့ ရေးလိုက်ရင် စိတ်ဝင်စားစရာပါပဲဗျာ ...
ဒါကြောင့်လည်းတော်နေသာပေါ့...

ပုရွတ်ဆိတ်လေးတွေ နေရာက ခံစားမိလိုက်တယ် ...
း)))

kaungkinpyar said...

မော ပ တော်

မောင်မိုး said...

လူတစ်ယောက်အသက်နဲ့ ပရွတ်ဆိတ်တစ်ကောင်ရဲ့အသက်...အင်း အသက်ချင်းတော့ အတူတူပဲလို့ထင်တယ်ဗျာ။

ပုံမှန် said...

ဟူး....တော်ပါသေးရဲ့ ထပ်ပြီးသေကုန်ကြပြီထင်နေတာ ပုရွက်ဆိတ်တွေဖြစ်နေတာကိုး..ဘာပဲဖြစ်ဖြစ်လေနောက်တစ်ခါသတိထားပေါ့ သူလည်းအသက်နဲ့ပဲလေ...ပို့လေးရေးထားပုံကိုတော့ကြိုက်ပါတယ်..

Anonymous said...

တွေးစရာတွေများသွားတယ်နော်

mw

kokomaung.uk said...

တွေးလဲ တွေးတတ်တယ်။ ရေးလဲ ရေးတတ်တယ်။ အဲဒါ.. ကလေးများမှတ်ဖွယ်။း)ဝ

ဖတ်လို့ကောင်းလိုက်တာလွန်ရော....

မြတ်မွန် said...

တော်တော်ရေးတက်တယ်။
မထင်မှတ်တာတွေ ထထရေးတဲ့ အိုင်ဒီယာက မဆိုးဘူး။ စဉ်းတောင် မစဉ်းစားဖူးဘူး ဦးမြစ်ရေ။
ဖတ်နေရင်း ကမ္ဘာပျက်တာလားလို့ အောင့်မေ့နေတာ။ ငါတို့ ကမ္ဘာပျက်ရင်လည်း ဒီလိုပဲလား ဆိုပြီး ကြောက်စရာကြီး..။ အောက်အပိုဒ်သာ မပါရင် ..ဝမ်းနည်းစရာကြီး..တရားသဘောတွေပေါက်ပြီး တည်မြဲခြင်းအကြောင်း ရေးတာလားလို့ တွေးနေမိမှာ။ တော်သေးတယ် အောက်အပိုဒ်လေးပါသွားလို့။ အော် ပုရွတ်ဆိတ်လေးတွေ သနားစရာ။ သူတို့တွေလည်း ကမ္ဘာပျက်တာ ခဏခဏ ကြုံဖူးကြမှာပါပဲ။ ကိုယ်ကိုတိုင် မခံစားဖူးတော့ ပုရွတ်ဆိတ်လေးတွေ နေရာမှာ လူတွေက ကိုယ်ချင်းမစာတက်ကြဘူး။ ခုလိုဖတ်လိုက်ရတော့ သူတို့လေးတွေကို သနားမိတယ်။

အဟီး မန့်တာ များသွားပြီး ဆော်တီး ဦးမြစ်ရေ..။

အင်ကြင်းသန့် said...

ကိုမြစ်ကျိုးအင်းရေ...အဲဒီလို တိရိစ္ဆာန်လေးတွေရဲ့ နေရာမှာ ကိုယ်သာဆိုရင် ဆိုပြီး ကိုယ်ချင်းစာတွေးတတ်တဲ့ အတွေးလေးတွေ တော်တော်များများမှာ ရှိကြရင်ကောင်းမယ်နော်...အတွေး အရေးကောင်းတာကတော့ ခဏခဏ ပြောနေရလို့ ထပ်နေပါပြီ...

purplemay said...

aiyooo !!! ပွက်ဆိတ်တွေကိုးဗျ.....။ ဖတ်ဖတ်ချင်းကြက်သီးတောင် ထတယ်ဗျာ ...။ ပွက်ဆိတ်တွေမှန်းသိတော့ ရီမိတယ် ။ ပြီးတော့ ကိုယ်တွေအလှည့်ကျရင်လည်း အဲ့လိုပဲဖြစ်မှာပဲလို့တွေးမိတော့ ကြောက်သွားတယ် ...။ အစ်ကို မြစ်ကျိုးအင်းရေ...ရသစုံပါပဲဗျာ...း)

ကေသရီ said...

ကိုမြစ်ရေ
ညီမတော့ သတ္တ၀ါတွေရဲ့အသက်ကို ကိုယ်နဲ့နှိုင်းပြီး ကိုယ်ချင်းစာ တရားထားသင့်တယ်လို့ထင်ပါတယ်။ အရေးအသားကောင်းသလို အတွေးလေးကလည်းကောင်းလိုက်တာ။ နာဂစ်တုန်းက လူတွေကိုပြန်သတိရသွားမိတယ်။

ဝက်ဝံလေး said...

အဟမ်း အဟမ်း ပုရွတ်ဆိတ်သေလို့ ဝင်စားသလား ဒါမှမဟုတ်ရင် စားပြီးသားပန်းကန်တွေ မဆေးပဲ ပုံထားလို့ ပုရွတ်ဆိတ်တွေ မျက်စိထဲ မြင်ပြီးတော့ ရေးဖြစ်သလား

ဘာလို့လဲ ဆိုတော့ ပထမ ဘာပို့စ်လဲ မသိဘူး အဲဒီမှာလဲ ပုရွတ်ဆိတ်အကြောင်းပဲ အခုလဲ ပုရွတ်ဆိတ်ပဲ

အဟင်းးးး အဟင်းးးး ဘာပဲဖြစ်ဖြစ် ဖတ်ရတာ ကောင်းပါ၏

ပိုးဟပ်လေး said...

လူဇိုး....အဟုတ်မှတ်လို့...
နောက်ကျတော့ ပုရွက်ဆိတ်တွေ ဖြစ်နေတယ်..ဟွင်းးးး

may16 said...

ဥပမာပေးလေးက အရမ်းကို ကောင်းပါတယ်...

ကြည်ဖြူပိုင် said...

အားရိုး
ရုံတွေတင်လိုက်ရတာ
နောက်တော့ ပုရွက်ဆိတ်တဲ့
ကောင်းပ..ရေးတတ်တယ်

Younggun said...

ကောင်းတယ်ဗျာ။ အစက ထင်တော့ထင်သား ဒါပေမယ့် .. မဝံ့ရဲသေးဘူး။ နှိုင်းယှဉ်တင်ပြသွားတာ လန်းသဗျာ။

Anonymous said...

အအေးရှာမှ ပိုပူကုန်ပါရောလား ကိုမျှစ်တို့ကတော့ ရိုက်ချက်ပြင်းတယ်ဗျို့ ဘာရေးရေး ကောင်းနေတာဘဲ
အငြိမ့်လေးတွေကပါအုံး မောလိုက် ပျော်လိုက်ပေါ့ဗျာ ဒါမှ ဘ၀က နေပျော်မှာဗျ

ခင်တဲ့
seesein

SHWE ZIN U said...

ကိုမျှစ်ချိုး ရေးလိုက်တာ လူတောင် မျောပါသွားတယ် ကမ္ဘာပျက်တဲ့ထဲ

ဟင်းတော်သေး

ဂျစ် said...

စာအရေးအသားက အရင်ကထကတောင်ပိုကောင်းလာပါသေးတယ် ။
အမြဲအားပေးလျှက်ပါ ။
ပျော်ရွှင်ပါစေ .........လို့....
ဂျစ်တူး

ကျော်ညိုသွေး said...

ပိုက်ဆံနှစ်ရာမကုန်ပဲ ၀ထ္ထုတိုကောင်းတစ်ပုဒ်
ဖတ်သွားတယ်ဗျာ :D

မဂ္ဂဇင်းတစ်အုပ်ကို တစ်ရက်ငှားခ ၂၀၀ လေဗျာ။
ဒီလိုဆွဲဆောင်မှု့ရှိတဲ့ ၀ထ္ထုမျိုးပါချင်မှပါတာကလား ၊

~ဏီလင်းညို~ said...

မျှစ်ရေ......

ခုမှပဲ အေးဆေးဖတ်ရတာ......။
သူ့ ဘ၀နဲ့သူ သောက၊ ဒုက္ခ၊ သုခဆိုတာတွေ ရှိနေမှာပဲနော်ဗျာ........။
ဖတ်လို့ သိပ်ကောင်းတယ်........။

ခင်မင်တဲ့
ဏီလင်းညို

 

Posts Comments

©2006-2010 ·TNB