ဂြိုလ်သား ၊ ကြံ့ နှင့် ရွေးကောက်ပွဲ

03 November 2010


(၁)
လွင်ပြင်ကျယ်ကြီးထဲတွင် မရေတွက်နိင်အောင် လူများ ရှိနေကြ၏။ သည်နေ့သည် ထူးခြားသော နေ့တစ်နေ့ဖြစ်သည်။ ထို့ပြင် မယုံကြည်နိင်ဖွယ်ရာနေ့လည်း ဖြစ်သည်။ စူးရှသော အသံတစ်သံ ထွက်ပေါ်လာသဖြင့် လူသံများအားလုံး တိတ်ဆိတ်သွားကြသည်။ အသံထွက်လာရာဆီသို့ အကြည့်များကို ပို့လိုက်သည့်အခါ လွင်ပြင်၏ တစ်ဖက်စွန်းတွင် ရပ်နေသော ဂြိုလ်သားများထဲမှ အကြီးအကဲ ဖြစ်ဟန်တူသူက အော်သံပေးလိုက်ခြင်း ဖြစ်သည်။ သူ့အနောက်နှင့် ဘေးဘက်တွင်တော့ ဂြိုလ်သားအများအပြား ရပ်နေကြသည်။

အံ့သြဖွယ်ရာပင်။ လူသားများမှာ မကြောက်သည့်အပြင် လက်များကို ဆန့်တန်းကာ အားပေးသည့် သဏ္ဍာန်ကို ပြကြသည်။ လူသားတို့ မကြောက်သည်မှာလည်း တကယ်တော့ ထူးဆန်းသည်မဟုတ်။ ထိုဂြိုလ်သားများမှာ လူသားတို့အတွက် ကောင်းကျိုးဆောင်ရန် ရောက်လာမှန်း အားလုံးသိထား ကြခြင်းကြောင့် ဖြစ်သည်။ သူတို့ ဘယ်အချိန်က ကမ္ဘာမြေပေါ်ရောက်လာကြသလဲ။ ဘာရည်ရွယ်ချက်နဲ့ သူတို့လာခဲ့ကြတာလဲ။

(၂)
လွန်ခဲ့သည့် လေးရက်ခန့်က လူသူကင်းဝေးသော လယ်ကွင်းတစ်ခုထဲသို့ ဂြိုလ်သားများ စီးနင်းလိုက်ပါလာသည့် ယာဉ်ပျံကြီး တိတ်တဆိတ် ဆိုက်ရောက်လာခဲ့သည်။ ထို့နောက်တွင် ယာဉ်ပျံပေါ်မှ ဂြိုလ်သားများ တိတ်ဆိတ်စွာဆင်းသက် လာကြ၏။ သို့သော်  ထိုဂြိုလ်သားများကို အပင်အောက်တွင် အိပ်နေသူတစ်ဦးမှ တွေ့မြင်သွားခဲ့သည်။ ဆန်းကြယ်သော အဖြစ်ကြောင့် ထိုလယ်သမားမှာ အံ့သြဘနန်းဖြစ်ပြီး တော်တော်နှင့် မလှုပ်မရှားနိင်ဖြစ်ကာ ကြောင်အ သွားခဲ့ရသည်။ ထို့နောက် ချက်ချင်းသတိပြန်ဝင်လာပြီးနောက် ထွက်ပြေးတော့သည်။



သို့သော် ထိုလယ်သမားကြီးကို ဂြိုလ်သားများမှ တွေ့မြင်သွားသဖြင့် ထွက်မပြေးနိင်ရန် ဖမ်းချုပ်လိုက်၏။ လယ်သမားခမြာ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော ဂြိုလ်သားပုံသဏ္ဍာန်ဆန်းကြောင့် ထိတ်လန့်တုန်လှုပ်လွန်းရကား ကြောက်သေး များပင် ထွက်ကျကုန်သည်။ ဂြိုလ်သားများထဲမှ တစ်ဦးက ရှေ့တိုးလာသည်။ သူ့ခေါင်းပေါ်မှ သံမဏိအတံ အသေးလေးတစ်ခုက တလှုပ်လှုပ် ဖြစ်သွားကာ လယ်သမားကြီး၏ စိတ်ထဲတွင် အသံတစ်ခု ကြားလိုက်ရသည်။

“ မကြောက်ပါနဲ့ ဒုက္ခမပေးပါဘူး ”

မည်သူပြောမှန်း လိုက်ရှာသော်လည်း ရှာမတွေ့။ သို့သော် သူ့စိတ်ထဲတွင်တော့ ထိုအသံကို ကြားရသည်မှာ သေချာနေသည်။ ထို့ကြောင့် လယ်သမား ပို၍ကြောက်လန့်ကာ ဒူးများပင် ခွေယိုင်သွားသည်။ ထိုဂြိုလ်သားခေါင်းပေါ်မှ သံမဏိ အတံငယ်လေးကို ထပ်လှုပ်ပြန်သည်။ မည်သည့်အသံမှ မထွက်လာသော်လည်း လယ်သမားကြီး စိတ်ထဲတွင် စကားပြောသံကို ပီပီပြင်ပြင် ကြားရပြန်သည်။

“ တကယ်မကြောက်ပါနဲ့ ကျုပ်တို့က ကူညီဖို့လာတာပါ ”

ဂြိုလ်သားဖြစ်သူမှ သူ့လက်ကို ငြင်ငြင်သာသာ ကိုင်ဆွဲလာသည့်အပြင် ကြားရသော စကားသံမှာလည်း သူ့စိတ်နှလုံးကို အေးချမ်းစေသော အသံမျိုး ဖြစ်သဖြင့် လယ်သမားကြီး အကြောက်လျော့သွားသည်။ သူမဝံ့မရဲဖြင့် ဂြိုလ်သားများကို မေးလိုက်သည်။

“ခင်ဗျားတို့က ဘယ်သူတွေက ဘာလာလုပ်တာလဲ ”

လယ်သမားမှ ပြောရိုးပြောစဉ်အတိုင်း အသံထွက်ကာ ပြောလိုက်သော်လည်း ဂြိုလ်သားများမှာ သူတို့ခေါင်းပေါ်မှ သံမဏိအတံလေးကို လှုပ်ရုံဖြင့် သူတို့ပြောစေချင်သော စကားများကို တဖက်သား ရင်ထဲထိ ရောက်ရှိစေနိင်စွမ်း ရှိသည်။

“ ကျုပ်တို့က ခပ်လွယ်လွယ်ပြောရရင် အဖြူရောင်ဂြိုလ်ကလာခဲ့တာပဲ။ လာရတဲ့ ရည်ရွယ်ချက်ကတော့ ဒီနိင်ငံမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ သိရလို့ လာတာ ”

ဂြိုလ်သားများကို စေ့စေ့ကြည့်ကာ ငါတို့နိင်ငံက ပါတီတွေက ခြေသွက်လှချည်လား ဂြိုလ်သားတွေကိုတောင် လာဘ်ထိုးပြီး မဲလာပေးခိုင်းနိုင်ပါလားဟု တွေးလိုက်သည်။ သူတို့ကိုတော့ ငါတို့ကို ချေးသလို ငွေတစ်သောင်းနဲ့ မရလောက်ဘူးထင်တယ်ဟု လယ်သမားကြီး ဆက်တွေးမိသည်။

“ ကျုပ်တို့က မဲလာပေးတာ မဟုတ်ဘူး၊ အဲဒီလို လာဘ်ပေးလာဘ်ယူလုပ်ပြီး မသမာမှုနဲ့ မဲလိမ်တာကို အရေးယူဖို့ လာတာပါ ”

လယ်သမားကြီး လန့်သွားသည်။ “ဟိုက်..ငါတွေးတာတောင် သိနေပါလား” ဟုတွေးမိသည်။

“ကျုပ်တို့က ဒီဂြိုလ်ပေါ်မှာရှိတဲ့ လူမျိုးတိုင်းရဲ့ ဘာသာစကားကို တတ်ကျွမ်းတယ်၊ အဓိက ဆက်သွယ်တာက စိတ်ချင်းဆက်သွယ်တာပဲ ခင်ဗျားအနေနဲ့ အသံထွက်ပြီးမပြောဘဲ စိတ်နဲ့ပြောရင်လည်း ကျုပ်တို့ နားလည်ပါတယ်”

“စိတ်နဲ့တော့ မပြောတတ်ဘူးဗျာ အကျင့်မရှိဘူး ”

“ထားပါ။ ကျုပ်တို့လာတာကို ခင်ဗျား လျှို့ဝှက်ထားပေးပါ။ ကျုပ်တို့က ရွေးကောက်ပွဲမှာ မဲလိမ်တာတွေ ရှိမရှိကို တိတ်တဆိတ် စောင့်ကြည့်မလို့ပါ”

“လိမ်တာတွေ့ရင်ရော”
“လိမ်တာတွေ့ရင်တော့ ကျုပ်တို့ ဂြိုလ်ကို ခေါ်သွားပြီး အဲဒီလိမ်တဲ့သူတွေကို စိတ်ဓါတ်သန့်ရှင်းရေး လုပ်ပေးပြီး ပြန်လွှတ်မှာ”

“ ပြန်လွှတ်ပေးမှာ သေချာလား ”

မိမိနိင်ငံသား အချင်းချင်းဆိုသည့် အသိဖြင့် လယ်သမားကြီး စိုးရိမ်စွာ မေးလိုက်မိသည်။

“ ပြန်လာပို့ပေးမှာပေါ့ ကျုပ်တို့ဂြိုလ်မှာလည်း မထားပါဘူး။ သူတို့ကို စိတ်ဓါတ်ကောင်းလာအောင် ကျုပ်တို့က လေ့ကျင့်ပေးပြီးရင် ပြန်လာပို့မှာပါ”

“ကောင်းပြီလေ ဒါဆိုရင်တော့ ခင်ဗျားတို့ လာတာကို လျှို့ဝှက်ထားပေးပါ့မယ်”

လယ်သမားကြီးနှင့် ညှိနှိုင်း၍အဆင်ပြေသွားသဖြင့် ဂြိုလ်သားများ ကျေနပ်ကာ အရပ်အသီးသီးသို့ ထွက်ခွာသွားကြသည်။ လယ်သမားကြီးမှာတော့ ကတုန်ကယင်ဖြစ်စိတ်ဖြင့် အိမ်သို့ပြန်လာသည်။ ထူးခြားဆန်းကြယ်သော အဖြစ်ကို သူတစ်ယောက်ထဲ တွေ့မြင်ခဲ့သဖြင့် တစ်ယောက်ယောက်ကို ပြောပြချင်စိတ် အင်မတန်ဖြစ်နေမိသည်။ နောက်ဆုံးတော့ ဘယ်လိုမှ မနေနိင်တော့သည့် အတွက် သူ့မိန်းမ ဖြစ်သူကို ပြောပြလိုက်သည်။

“ .......... အဲဒီတော့ မင်းလည်း ဘယ်သူမှ မပြောနဲ့နော်”

လယ်သမားကြီး၏ စကားဆုံးတော့ သူ့ဇနီးဖြစ်သူမှ သေသေချာချာ ကြည့်ကာ

“ ရှင် အပင်အောက်မှာ အိပ်နေတုန်း အပမှီလာပြီထင်တယ်”

သူ့ဇနီးဖြစ်သူမှ မယုံကြည်သဖြင့် လက်ဆွဲကာ ယာဉ်ပျံရပ်ထားရာစီသို့ ခေါ်ဆောင်သွားသည်။ ယာဉ်ပျံ မရှိတော့ပေမယ့် လယ်ကွင်းထဲတွင် ထင်ရှားသော အရာများ ကျန်ရစ်ခဲ့သည်။ ထို့ပြင် ဂြိုလ်သားများ၏ ခြေရာဆန်းများကိုပါ တွေ့လိုက်ရသဖြင့် သူ့မိန်းမပါယုံကြည်လက်ခံသွားရတော့သည်။

“ ဒုက္ခပါပဲတော် ကျုပ်တို့က သူတို့ပါတီကို မဲပေးပါ့မယ်ဆိုပြီး ငွေချေးထားတာ အခု ဘယ်လိုလုပ်မလဲ ”

“အေးကွာ... မဲသွားပေးရင်လည်း ဂြိုလ်သားတွေ သိပြီး ငါတို့ပါ ဖမ်းခေါ်သွားအုံးမယ်”

“ဂြိုလ်သားတွေနဲ့ တွေ့တုန်းက ငွေချေးထားမိလို့ မဲသွားပေးရင် အပြစ်ရှိလားဆိုတာ မမေးထားလိုက်ဘူးလား”
“ ငါလည်း ကြောက်နေတာနဲ့ မေးဖို့ သတိမရလိုက်ဘူး ”

လယ်သမား ဇနီးမောင်နှံလည်း ကြံရာမရဖြစ်ကာ တခြားသူများကို ပြောပြ အကူအညီတောင်း မိတော့သည်။ ထိုသို့ဖြင့် ဂြိုလ်သားများ ရောက်နေသည့် သတင်းမှာ ရွာငယ်ဇနပုဒ်မှ တဆင့် တဖြည်းဖြည်း မြို့ပြများအထိ ပျံ့နှံ့သွားတော့သည်။ သို့သော်လည်း ရွေးကောက်ပွဲ ပျက်စေရန် ကောလဟာလ လွှင့်သည်ဟု သတ်မှတ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူတို့က ဂြိုလ်သားအကြောင်း ပြောသူများကို ဖမ်းဆီး ချုပ်နှောင်လေတော့သည်။

လယ်သမားကြီးနေသော တစ်ရွာလုံးတွင် ရှိသမျှ ယောက်ျားများအကုန် ဘုန်းကြီးဝတ်ကြကာ မိန်းမများကတော့ သီလရှင် ဝတ်ကုန်ကြတော့သည်။ ထိုသို့ဖြစ်ရသည်မှာလည်း  မြို့မှပြန်လာသူတစ်ဦး ပြောပြသည့်  ရွေးကောက်ပွဲ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၉) ရှိ ပုဒ်မ ၃၉၂ (က) တွင် သာသနာ့ဝန်ထမ်းများ ဆန္ဒမဲပေးပိုင်ခွင့်မရှိ ဟု ပါဝင်သည့်အချက်ကြောင့်ဖြစ်၏။ ပုဒ်မ ၃၉၂ (ခ) ဖြစ်သည့် ထောင်ဒဏ်ကျခံနေရသူများလည်း ဆန္ဒမဲပေးခွင့်မရှိဟု ထပ်ပြောသော်လည်း မည်သူမှ ထောင်ကျမခံနိင်သည့် အတွက် ဘုန်းကြီးဝတ်လိုက်ကြခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်အခါ မဟုတ်ဘဲ သင်္ကန်းတိုက် များလည်း လက်မလည်အောင် ရောင်းချရလေသည်။

ထိုသို့ဖြင့် စီမံထားသည့်အတိုင်း မဲပေးပွဲကြီးကို တနိုင်ငံလုံးတွင် ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြတော့သည်။  ရွေးကောက်ပွဲပြီး၍ နေ့မကူးခင်ပင် မဲမသမာမှု အပုပ်နံ့များက လှိုင်လှိုင်ကြီး ထွက်ပေါ်လာတော့သည်။  သေပြီးသူများ၏ နာမည်ဖြင့် မဲပြားများ၊ မှတ်ပုံတင်နံပါတ်တစ်ခုထဲဖြင့် အကြိမ်ရာချီ မဲပေးမှုများ၊  ရွာလုံးကျွတ် ဘုန်းကြီးဝတ်ကြသော်လည်း လယ်သမားကြီးတို့ရွာမှ မဲအရေအတွက်ရယူသွားခြင်း စသည့် အဖြစ်အပျက်များဖြင့်   ပရမ်းပတာ ဖရိုဖရဲ ရုပ်ပျက်ဆင်းပျက် နိင်စွာဖြင့် ရွေးကောက်ပွဲကြီးသည်ကာ ဈေးအိမ်သာခွက်ထဲမှ  ဆေးလိပ်တိုကဲ့သို့ပင် ပြည်သူများ၏ ရွံရှာစက်ဆုပ်ခြင်းအပြည့်ဖြင့် ပြီးဆုံးသွားတော့သည်။

(၃)
ရွေးကောက်ပွဲပြီး နောက်တစ်နေ့တွင် မဲလိမ်သည့်သူများ၊ မတရားလုပ်သည့်သူများကို ဂြိုလ်သားများမှ အမှန်တကယ် ဖမ်းဆီးလိုက်ပြီးနောက် လွင်ပြင်ကျယ်ကြီးထဲတွင် စုရုံးထားလိုက်လေသည်။ ထိုသူများကိုလည်း ပြည်သူများမှ တခဲနက် လာရောက် ကြည့်ရှုကြခြင်းကြောင့် လွင်ပြင်ကျယ်ကြီးထဲတွင် လူများ စည်ကားနေခြင်း ဖြစ်သည်။

ထိုသတင်းကို ကမ္ဘာအနှံ့သို့ တိုက်ရိုက် ထုတ်လွှင့်သတင်းယူကြရန် သတင်းဌာနများလည်း ရောက်နေကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင် တော်တော်များများလည်း ရောက်လာကြသည်။ ထို့ပြင် အစိုးရအဖွဲ့အစည်းများ၊ အစိုးမဟုတ်သည့် အဖွဲ့များလည်း ရောက်နေကြသည်။ ထိုစဉ် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသဖြင့် ပြည်သူအားလုံး ငြိမ်သက်သွားသည်။ ဂြိုလ်သားများ၏ အကြီးအကဲ ဖြစ်သူက စကားစတင် ပြောတော့သည်။ သူ့ပြောစကားများအားလုံး လူသားတို့၏ စိတ်နှလုံးသားထဲသို့ အသီးသီးဝင်ရောက်သွားသည်။

“ဒီမှာ စုရုံးထားတဲ့ မသမာတဲ့နည်းနဲ့ မဲလိမ်ပြီး အနိုင်ရအောင် လုပ်ခဲ့တဲ့ သူတွေကို ကျုပ်တို့ အခု ဖမ်းခေါ်သွားရပါမယ်။ ပထမ ရည်ရွယ်ထားသလို စိတ်ဓါတ်သန့်ရှင်းရေးလုပ်ပြီး ပြန်လွှတ်ဖို့တော့ မသေချာပါဘူး”

ဂြိုလ်သားအကြီးအကဲ၏စကားအဆုံး လူအများဆီမှ ကြွက်စီကြွက်စီအသံများ ထွက်လာလေသည်။

“ ဘာကြောင့်ဆိုတော့ ဟိုမှာကြည့်လိုက်ပါ ”

ဂြိုလ်သားအကြီးအကဲ၏ လက်ညွှန်ရာကို ကြည့်လိုက်သည့်အခါ မဲလိမ်သည့်သူများကို ယာဉ်ပျံကြီးဆီသို့ ခေါ်ဆောင်သွားမည့် ကားများကို တွေ့လိုက်ရသည်။ သို့သော် သာမန် ကားများမဟုတ်။ ထိုင်ခုံမပါဘဲ လေးဘက်လေးတန် သံဇကာများဖြင့် ပိတ်ထားသည့် တိရိစ္ဆာန်တင်ကားများ ဖြစ်နေသည်။

“ဟာာာ”
လူထုထံမှ အော်သံများ ထွက်ပေါ်လာသည်။ ထိုတိရိစ္ဆာန်တင်ကားများကို တွေ့မြင်ပြီးနောက် နိင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ အကြီးကဲ ဖြစ်သူမှ ရှေ့ထွက်လာကာ ဂြိုလ်သား အကြီးအကဲကို လှမ်းပြောလိုက်သည်။

“ ဒါဟာ ဖိနှိပ်မှုရဲ့ ပြယုဂ်ပါ။ သူတို့ဟာ အပြစ်ရှိကောင်းရှိမယ်။ သို့သော် လူသားတစ်ယောက်ရဲ့ အခွင့်အရေး အတိုင်း သူတို့ကို ကောင်းမွန်စွာ ခေါ်ဆောင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒီ ကားတွေဟာ တိရိစ္ဆာန်တွေကို တင်ဆောင်တဲ့ကားပါ။ ဒီကားနဲ့ ခေါ်ဆောင်သွားဖို့ကို ကျနော်တို့ ကန့်ကွက်ပါတယ်”

ဂြိုလ်သားအကြီးအကဲ ဖြစ်သူမှ လက်ကာ ပြလိုက်သည်။ ထို့နောက် အားလုံးကြားရန် ပြောလိုက်၏။

“ တကယ်တော့ သူတို့ဟာ လူသားတွေ မဟုတ်ပါဘူး။ ဘာတွေလည်းဆိုတာ သေချာကြည့်ကြပါ။ ”

ဖမ်းဆီးထားသော လူအုပ်ပေါ်သို့ ရောင်ခြည်တန်းများ ဖြာအုပ်သွားသည်။ စူးရှသော အလင်းရောင်ကြောင့် ကြည့်နေသူများ မျက်လုံးမှိတ်လိုက်ကြ၏။ မျက်လုံးများ ပြန်ဖွင့်လိုက်ချိန်တွင် အံ့သြဖွယ်ရာ အဖြစ်ကို ကြုံကြရသည်။ ဖမ်းဆီးခံထားသူများ အားလုံးမှာ လူပုံသဏ္ဍာန်ပျောက်ကာ မူလပုံသဏ္ဍာန်ဖြစ်သည့် ကောင်းကင်ကို ကျောပေးထားသော ခြေလေးချောင်း သတ္တဝါများ ဖြစ်ကုန်တော့သည်။ နဖူးတွင်တော့ ချိုတစ်ချောင်းစီ ထောင်ကာ နေသည်။

“အားး”
“ အောင်မလေး ဘာတွေလဲ”

လူအုပ်ကြီးမှာ ကြောက်လန့်တကြားဖြစ်ကာ ဝရုန်းသုန်းကား ဖြစ်ကုန်တော့သည်။ ဂြိုလ်သား အကြီးအကဲ ဖြစ်သူမှ

“ မကြောက်ကြပါနဲ့ ဘာမှ အန္တရာယ် မပေးနိင်ပါဘူး ”

ဟု ပြောသဖြင့် လူများ အားလုံး တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ကာ အချင်းချင်း အားပေးကြသည်။ သို့သော် တစ်ချို့သောသူများကတော့ လူအုပ်၏ နောက်ကွယ်တွင် ၀င်ရပ်ကာ သူတို့ကို မမြင်အောင် ကွယ်လိုက်ကြသည်။ ဘေးနားမှ လူက

“ ဘာဖြစ်တာလဲ ကြောက်လို့လား”

“မဟုတ်ပါဘူး ပိုက်ဆံချေးထားမိတာ အားနာလို့”

ဖမ်းဆီးခံထားရသော အဖွဲ့ကို ကြည့်ကာ တချို့ကတော့ တရှုံ့ရှုံ့နှင့် ငိုနေကြသည်။

“ နင့်အမျိုးတွေပါသွားလို့ ဝမ်းနည်းနေတာလား ”
“ မဟုတ်ပါဘူး သေသွားတဲ့ အဖေနဲ့ မောင်လေး ဒီမြင်ကွင်းတွေ မမြင်လိုက်ရတာ သနားလို့ပါ”

ထိုအချိန်တွင် ထိတ်လန့်ဖွယ်အဖြစ် တစ်ခု ဖြစ်ပွားသွားခဲ့သည်။ ထိုအဖြစ်မှာ လူအုပ်ကြီးမှ ဝရုန်းသုန်းကား ဖြစ်နေချိန် ကြောက်လန့်ပြီး လွှတ်ချထားမိသော ဆေးလိပ်တိုများကြောင့် ဖြစ်သည်။ မြေပေါ်တွင် အငွေ့တလူလူနှင့် မီးရဲနေသော ဆေးလိပ်များကို မြင်သည့်အခါ မူလသွင်ပြင် ပြန်ပေါ်နေပြီဖြစ်သော တိရိစ္ဆာန်များမှ ပြေးလာကာ ထိုဆေးလိပ်မီးများကို ခြေထောက်ဖြင့် နင်းချေကာ မီးသတ်ပစ်ကြသည်။ ထိုအနီးနားရှိ လူအုပ်ကတော့ ကြောက်လန့်တကြား ထွက်ပြေးတော့သည်။

ဗဟုသုတ ရှိသောလူကြီး တစ်ယောက်မှ အော်ပြောလိုက်၏။

“ ဒါသဘာဝပဲ။ ကြံ့ဆိုတာ တောတွင်း မီးသတ်ကားလို့ ခေါ်တယ်ကွဲ့။ သူတို့က မီးရောင်မြင်ရင် လိုက်ငြိမ်းပစ်တာလေ ”

လူအုပ်ကြီးထံမှ တစ်ယောက်တစ်ပေါက် စကားသံများ ဆူညံနေချိန်မှာင် ဖမ်းဆီးထားသူများကို တင်ဆောင်သွားမည့် ယာဉ်ပျံကြီးကတော့ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီ။ ထိုအချိန်တွင် လူအုပ်ထဲမှ တစ်ယောက် ယာဉ်ပျံရှိရာသို့ ပြေးထွက်လာသည်။
“ခဏနေပါအုံး ဒါလေးယူသွားပေးပါ”
ဂြိုလ်သားတစ်ယောက်၏ လက်ထဲကို အဝတ်လိပ်လေးတစ်ခု လှမ်းပေးလိုက်သည်။ ဂြိုလ်သားက ဖြည်ကြည့်လိုက်သည့်အခါ အစိမ်းရောင်အောက်ခံပေါ်တွင် ခြင်္သေ့တစ်ကောင် ထိုင်နေသည့်ပုံရှိသည့်  အဝတ်လိပ်တစ်ခုဖြစ်နေသည်။ ဂြိုလ်သားထံမှ စကားသံ ထွက်ပေါ်လာသည်။

“ ဒီအဝတ်ကို ဘာလုပ်ရမှာလဲ ”
“ အာကာသထဲ ရောက်ရင် ပစ်ခဲ့ပေးပါ ကျုပ်တို့ကမ္ဘာနဲ့ ဝေးလေ ကောင်းလေပဲ”

ဂြိုလ်သားမှ ခေါင်းတစ်ချက်ငြိမ့်ကာ အဝတ်စကို ပြန်လိပ်ပြီးနောက် ယာဉ်ပျံပေါ်တက်သွားသည်။ ယာဉ်ပျံလည်း ကောင်းကင်ပေါ် ပျံတက်ရန် အရှိန်ယူနေလေပြီ။ ထို့နောက် တရွေ့ရွေ့ မြင့်တက် ထွက်ခွာသွားတော့သည်။ ကောင်းကင်ပေါ် ပျံတက်သွားသော ယာဉ်ပျံကို ငေးမောနေကြသော လူအုပ်ထဲမှ အသံ တစ်သံ ထွက်လာသည်။

“ အော် ကြံ့တွေမို့လို့ ဒင်းတို့က အရေခွံထူတာကို”

ထိုအခါ အားကျမခံ ဝင်ပြောလိုက်သော စကားသံသည်လည်း ထပ်ထွက်လာသေးသည်။

“ ဒါတင်ဘယ်ကမလဲဗျာ မီးရောင်မြင်ရင် မနေနိင်လို့ တစ်နိင်ငံလုံး အမှောင်ချထားတာလည်း ထည့်ပြောအုံးလေ”

တစ်ယောက်တစ်ပေါက် မှတ်ချက်ချသံများကို ချန်ရစ်ကာ ယာဉ်ပျံကြီး ထွက်ခွာသွားလေပြီ။ သူတို့ကို စိတ်ဓါတ် သန့်ရှင်းရေးလုပ်ပြီးလျင် ပြန်လာပို့မလားဆိုသည်ကိုတော့ ယခုလောလောဆယ် မည်သူမျှ စိတ်မဝင်စား ကြသော ကိစ္စတစ်ခုသာ ဖြစ်သည်။ သူတို့အားလုံး စိတ်ဝင်စားနေသည်မှာ ရိုးသားသော သန့်ရှင်းသော အစိုးရတစ်ရပ် ထွက်ပေါ်လာတော့မည့် အနာဂတ်နိင်ငံရေးအကြောင်းသာဖြစ်သည်။

ယာဉ်ပျံကြီးကတော့ ဂြိုလ်ပတ်လမ်းထဲသို့ဝင်ရောက်ကာ အစက်အမှုန်လေး အဖြစ်တဖြေးဖြေး ပျောက်ကွယ် သွားတော့သည်။

။.............................................................................။


(၃. ၁၁. ၂၀၁၀)
ရွေးကောက်ပွဲ မတိုင်မှီ ၄ ရက်အလိုတွင် ရေးပါသည်။

(စိတ်အာသာ ပြေချင်လို့ ဂြိုလ်သားများကို ဖန်တီးလိုက်ရပါကြောင်း)

စာဖတ်သူများ စိတ်အာသာပြေချင်သေးလျင် ထပ်ဖတ်ရန် “ အနာဂါတ်နိင်ငံတော်”

42 comments:

ကွာစေ့လေး said...

ဟိုင်း..
ဒီပို့စ်ကို ဖတ်င်္ပြီး လာမည့်တနင်္ဂနွေမတိုင်ခင်မှာ သင်္ကန်းတိုက်တွေ စီတော့မယ်နဲ့ တူတယ်... အရေးအသားကတော့ တကယ်ကောင်းတယ် ... ဒီပို့စ်ကို ဖတ်ပြီး ကျေနပ်မိပါတယ်..
တကယ်သာ အဲ့ဒီဂြိုလ်သားတွေ လာရင် ကောင်းမယ်...း)
အားပေးလျက်

ကွာစေ့လေး

Mg Mg Zaw Htet said...

နေကျောပေးတဲ့ အရေထူကောင်တွေကိုပါ သုံးရောင်ချယ် အဝတ်စုတ်နဲ့အတူ အာကာသထဲ လွှတ်ပစ်ပါဗျို့။ ကျွန်တော်တော့ ဘုန်းကြီးသွားဝတ်တော့မယ်။
ဆရာမြစ်.... နောက်တခါ ဖွတ် အကြောင်းရေးပါဗျို့။

ဖိုးကြယ် said...

ကိုမြစ်ပြောသလို ဂြိုလ်သားလည်းရတာပဲ ကျနော်ကတော့ snipper အယောက်တစ်ထောင် လောက်ပို့ပေးစေချင်တော့တယ် :) ဟီး အစားပုပ် ဗိုက်ခေါက်ထူကြီးတွေဆိုတော့ ပစ်မလွဲပဲနေမှာ :)

ခင်တဲ့(ဖိုးကြယ်)

Anonymous said...

စည်းစိမ်တို့ကတော့ ဘုန်းတော်ကြီးကျောင်းသွားမှာ သေချာတယ် သီလရှင်လုပ်ဖို့တော့ ဟုတ်ဘူးနေား))

ကြံ့တွေရဲ့ သဘာဝက အဲဒီလိုလားဗျ အခုမှ သိတော့တယ် ကျေးဇူးဗျာ
ကျန်တာတွေကိုတော့ စိတ်နဲ့ အပြောကျင့်ထားမယ် အခုကထဲက ကြံထားမှ

ခင်မင်တဲ့
seesein

သော်ဇင်စိုး said...

ဂြိုလ်သားတွေ၊ ဂြိုလ်သားတွေ...:D
ကိုမြစ်ရေ.. ဘာဖြစ်လို့ ဘိုးဘိုးအောင်တို့၊ ဘိုးမင်းခေါင်တို့ ထည့်မရေးတာလဲဗျာ.. သူတို့မှာလည်းတာဝန်ရှိတယ်မဟုတ်လား..
အော် ကိုကြီးကျော်တို့လည်း အရက်သောက်တဲ့ တစ်ချိန်ပဲပေါ်လာတယ်..
ကိုမြင့်မိုးအောင်ရေးတဲ့ ထူးအိမ်သင် သီချင်းလေးကိုပဲ ညီးနေမိတယ် ကိုမြစ်ရေ..
"ဒီမှာ နတ်ဘုရားများက ဘယ်ကိုရှောင်ပြေးသွားသလဲ " ဆိုတာလေးလေ..
ဂြိုလ်သားတွေလာရင် ဂြိုလ်မလေးတွေလည်းပါလာမှာပေါ့နော်.. :D

Khyl said...

ပြန်လာ မပို့တော့ဘူးတဲ့လေ... စိတ်ဒတ်ဖြူအောင်လုပ်လဲ လူမှ မဟုတ်တာ ( စာရေးဆြာ ပျောသီ.... :P)

ကိုအောင် said...

ဂြိုလ်သားတွေကို ပြောလိုက်ပါ၊ အလုပ်ရှုပ်ခံပြီး
စိတ်ဓါတ်သန့်စင်ရေး လုပ်မနေနဲ့လို့၊ တခါ
တည်း သုတ်သင်လိုက်ပါလို့ ....

အဖြူရောင်နတ်သမီး said...

အဲဒီဂြိုလ်သားတွေနဲ့တွေ့ရင် ပြောပြချင်တယ်..
“%^#)&v;'*@%^$%^&#...”...လို့..
“.........”လို့...
ဂြိုလ်သားလိုပြောတာနော်...

sosegado said...

ဘုန်းကြီးဝတ်ဖို့ ထောက်ခံစာလိုတယ်ဗျ လွယ်မယ်မထင်ဘူး
ထောက်ခံစာသွားတောင်းလို့ ကြိုတင်မဲထည့်ခိုင်းရင် သူတို့အကွက်ဝင်ပြီ
သူတို့မဟုတ်ရင်ပြီးတာပဲ ထည့်ချင်ရာထည့်

ကိုဇော် said...

ကြံ့ တွေတင် မကပါဘူး..
ဖွတ် တွေကလည်း အရေခွံ ထူပါတယ်ကွ ...:P

အင်္ဂါဟူး said...

အော် ဦးမြစ် ဦးမြစ် တတ်လဲ တတ်နိုင်ပ...

အဲဒီတုန်းက ဦးမြစ်အနော့်ကို မမြင်ဘူး မဟုတ်လား ကျွန်တော်က အဲဒီ ကြံ့တွေ တင်သွားမယ့် ယာဉ်ကြီးကို မောင်းတဲ့ကောင်လေ။

ဝက်ဝံလေး said...

ကိုမြစ်ကျိုးအင်း ဆိုတာ အကိုလား ခဏလောက် လိုက်ခဲ့ပါဗျာာ ကျနော်တို့နဲ့
ဟဟဟဟ အဲလို လာခေါ်ရင် သေချာ အဝတ်အစားတွေ ပါအောင်ထည့်သွားသိလား သူတို့ ခဏ က ဘယ်လောက်မှန်းမသိလို့ ဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးးး
ရယ်ရတယ် ဗြဲ ဗြဲ

PhyoPhyo said...

ကြိုက်တယ်၊ ဘာကြိုက်မှန်းမသိဘူး၊ အကုန်ကြိုက်တယ်၊
“လွင်ပြင်ကျယ်ကြီးကနေ ... တဖြေးဖြေး ပျောက်ကွယ်သွားတော့သည်” အထိ
ခင်မင်တဲ့

နှင်းဟေမာ said...

ဂြိုလ်သားတွေကို အကြံပေးချင်တယ် ...။ ခေါ်သွားတဲ့ ကြံ့တွေကို မျိုးတုံးသွားအောင် အမှုန့်ကြိတ်ပြီး ရေနဲ့ဖျော် ... ကမ္ဘာနဲ့ဝေးရာနေရာကို သွန်ပစ်လိုက်ပါလို့ ...။
အဲလိုမှ မဟုတ်ရင် ဥာဏ်နီဥာဏ်နက်များတဲ့ ဒီကောင်တွေက ဂြိုလ်သားလောက်တော့ ပျင်းတောင်ပျင်းသေးတယ်ဆိုပြီး က နေကြမှားD

SHWE ZIN U said...

ကိုမျှစ်ချိုးရေ

တခါထဲကိစ္စ တုန်း လုပ်လိုက်ရင် အကောင်းဆုံးဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဆွေလေးမွန် said...

ဟားဟား ကိုမြစ်တို့ကတော့ လုပ်ချလုပ်ပြန်ပြီ...
တစ်ကယ်အလို ဖြစ်မှာလားဟင်..
ကိုမြစ် ဂြိုလ်သားတွေ အလို လာအောင် တစ်ကယ်ခေါ်ပေးပါ..ဟီးဟီး..

An Asian Tour Operator said...

&^%$#@ ဂြိုလ်သား တွေပြောသွားတဲ့ ကွန်မန့် :-)

လင်းမြကြည်ဖြူ said...

ဂြိုလ်သားတွေကို မှာလိုက်သေးလား
ဒီကြံ့တွေက လာဘ်ထိုးတာ တော်တယ်လို့ သတိထားပါလို့.. တော်ကြာ သူတို့ ဂြိုလ်ရောက်ရင် လမ်းတွေကို ကတ္တရာခင်းပေးမယ်ဆိုပြီး လာဘ်ထိုးလာခဲ့ရင် လက်မခံပါနဲ့လို့...
ဂြိုလ်ကြီးတစ်ခုလုံး ကတ္တရာ တစ်ဝက်တစ်ပျက်တွေ ခင်းထားတဲ့လမ်းတွေဖြစ်ကုန်လိမ့်မယ်..
တော်ကြာ အပြည့်ခင်းပေးစေချင်ရင် သူတို့ကို ကမ္ဘာကြီးဆီကို ပြန်ပို့ပေးဘာညာနဲ့ ခြိမ်းခြောက်နေဦးမယ် ဆိုတာ ဂြိုလ်သားတွေကို ပြောဖြစ်အောင် ပြောပြလိုက်ပါ။ ဂြိုလ်သားတွေပါ လာဘ်ပေးလာဘ်ယူ အကျင့် ပါသွားမှာ စိုးရတယ်။။
သတိထားပါ လို့................................

လသာည said...

ဟားဟား ကြိုက်တယ်...။ ဇာတ်လမ်းရော အိုက်ဒီယာရော..။

ဒီပိုစ်ကို Animation လုပ်ပြီး ဇာတ်ကားလေးရိုက်ရရင် သိပ်ကောင်းမှာပဲ။ တော်တော်စိတ်ဝင်စားစရာကောင်းမယ့် ဇာတ်ကားလေး ဖြစ်မှာ သေချာတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

မျှစ်..
အရောက်လာပြီး ငပိကြော်လာပို့တား)
အဟဲ
ဂြိုလ်သားတွေကို ပေးလိုက်ချင်လို့ပါ.. သူတို့ဆီမှာ ငပိကြော်တွေ ဘာတွေ ရှိမှာမဟုတ်ဘူးလေ.. ဒါကြောင့် စားရပါစေတော့ဆိုပြီး အချိန်မီလေး လာပို့တာ...
ဂြိုလ်သားတွေ တကယ်ရောက်လာမယ်ထင်ပြီး လိမ်မဲ့သူတွေ မလိမ်ရဲတော့ဘဲ နေဦးမယ်...
အင်း ဒီလိုဆိုလဲ ကောင်းတာပါဘဲ။
စိတ်ကူးတွေက တကယ်လက်တွေ့ဖြစ်လာတတ်တယ်လို့ ကြားဖူးထားတယ်.. တကယ်များ ဖြစ်လာလေမလား ???

ဝက်ဝံလေး said...

ပပါပါးးးး ခစ်ခစ် ဒီတခါ များ ပါးပါးကိုမမေးတော့ဘူးနော်
အစ ဖတ်တုံးက လူတယောက်က ဂြိုဟ်သားကို ပေးလိုက်တာ ဘာလဲ ဆိုတာ နားမလည်လို့ ခုတော့ နားလည်သွားဘီ အရောင်သုံးရောင် တဲ့ ခစ်ခစ် နာတော့မယ် ငါ့ပါးပါးတော့
၂ ခေါက် ပြန်ဖတ်လိုက်တော့ နားလည်တွားရယ် ဟားဟားးးးးးးးးးးးးးးးးး
တွေ့တယ်နော် ပါးပါးသမီးလေးရဲ့ စာဖတ်စွမ်းရည် reading skill ကို ဟိ

ဝက်ဝံလေး said...

အပေါ်က ရွှေချော ဂြိုဟ်သားတွေက ငပိကြော် မစားဘူးတဲ့ များ ဆီကိုသာ ပို့လိုက် ဟိဟိ
စားရချည်သေးရဲ့ ရှလွတ်

ကိုကို said...

အရမ်းကောင်းတယ်ဗျာ...အဲလိုဖြစ်နေရမှာ..ကိုယ့်စိတ်ထဲရှိတာကိုဖွင့်ထုတ်ပြောလိုက်ရလို့ကျေနပ်စရာကောင်းတာကဘယ်အရာနဲ့မှတူဘူးဗျ...ကျွန်တော်တော့စာမရေးတတ်ဘူး..မကျေနပ်တာတွေကိုရေးထားတဲ့သီချင်းတွေရှိတယ်..မကြာခင်နားဆင်ကြရလိမ့်မယ်လို့ထင်ပါတယ်...တပုဒ်တလေတော့တင်ပီးသွားပါပီ..ဂုဏ်ယူပါတယ်ကိုမြစ်ကျိုးအင်းခင်ဗျာ.....လေစားစွာဖြင့်

MND said...

တသောင်းတော့ မယူထားပါဘူး ဒါပေမဲ့ သီလရှင်ဝတ်ဖို့ သင်္ကန်းတိုက်မှာ သီလရှင်ဝတ်စုံမှာပေးပါနော် .. လိုရမယ်ရပေါ့။

ပြီးတော့ ဂြိုလ်သားတွေကို ပြောလိုက်ပါ ... ကြံ့တွေကို ပြန်မလွှတ်ပါနဲ့ .. ကြံ့အရေခွံနဲ့ ပိုက်ဆံအိတ်တို့ ဖိနပ်တို့ လုပ်ပြီး ကမ္ဘာဂြိုလ်ကို အင်ပို့လုပ်ပါ ... လို့။

ရေးထားတာ သိပ်ကောင်းတာပဲ။ ရယ်လဲ ရယ်ရတယ် ... ဗဟုသုတလဲ ရတယ် .. စိတ်လဲ အဆာပြေသွားတယ် ... တော်ချက် :)

ငွေလမင်း said...

ကိုမြစ်ရေ
ဖတ်လို့ကောင်းပါတယ် သွယ်ဝိုက်ပြီးပြောတယ်ပေါ့
သေသွားတဲ့ အဖေနဲ့မောင်လေး ဒီမြင်ကွင်းတွေ မမြင်လိုက်ရတာ သနားလို့ပါ
အဲဒီစာသားလေး ကြိုက်တယ်

ချစ်ကြည်အေး said...

အမ အလုပ်များနေလို့ ခုမှ ရောက်ပါတယ် မောင်မြစ်ပိုင်ရေ.....မနေ့က ဖတ်ခဲ့ပြီး မမန့်ခဲ့ရလို့ ခု ပြန်လာမန့်တယ်။ အဲသလို ဂြိုလ်သားတွေ ရှိရင် အိမ်မှာ ထမင်းဖိတ်ကျွေးချင်ထှာ ပြီးမှ ချစ်ကြည်အေးကို မဲပေးကြပါလို့ ပြောလိုက်ဦးမှာ....:P

Unknown said...

ဟာ့ဟာ့ဟား
တော်လိုက်တဲ့ ဒို့အကိုကြီး ဒီလိုတော်ပုံမျိုးနဲ့ဆို ပဲဟင်းနဲ့ တွေ့တော့မယ်နော်...းp

Anonymous said...

အစ်ကို မြစ်ကျိုးအင်းးးရေ...
စိတ်အာသာဖြေနည်းလေးကလည်း ထိရောက်လွန်းပါ့။
:)....အင်း..အချိန်တွေတောင် တဖြည်းဖြည်း နီးကပ်လို့ လာပြီ။
ဒါနဲ့ ဟိုအဝတ်လိပ်လေး သူတို့ သေချာမှ လွှင့်ပစ်ခဲ့ရဲ့
လားမသိ။ :) ။
ကမ္ဘာကြီးနဲ့ ဝေးလေ ကောင်းလေမို့ ပါ။
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ဂြိုလ်သားတွေ သူတို့ ဂြိုလ်ထိ ခေါ်သွားတယ်လား .. ခံနိုင်ရည်ရှိဖို့တော့ လိုမယ်နော် .. မတော် ဓါတ်ကူးသွားမှ :D

မိုးခါး

ပန်းနုနှင်းဆီ said...

ကိုမြစ်ရေ
မနက်ဖန်တော့ ဂြိုလ်သားတွေက ကြံ့တွေကို လာခေါ်တော့မယ်ထင်ပါရဲ့။
သတင်းထူးကိုစောင့်မျှော်နေပါတယ်...
တကယ်သာ ခေါ်သွားမယ်ဆိုရင် အိုးစည်ဒိုးပတ်တွေနဲ့ လိုက်ပို့လိုက်ချင်ပါတယ်...
မဲလိမ်မဲ့သူများ သတိထား
ဂြိုလ်သားများနှင့်တွေ့လိမ့်မည်။

~ဏီလင်းညို~ said...

စာဖတ်သွားတယ်မျှစ်.......။
ကျုပ်ဘာမှ မပြောသွားဘူးနော်............ဟိဟိ

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

အင်ကြင်းသန့် said...

ကားအရေအတွက်လောက်ငှပါ့မလားလို့ တွေးမိတယ်...။ :D

blackroze said...

ဟားဟာား...ဦးမြစ်ရဲ့ရေးချက်ကတော့
အပြင်းစားရေးချက်ဘဲကွာ...
ကြိုက်သကွာ..

နေ၀သန် said...

:P.. So perfect!

Anonymous said...

မြစ်ရေ...
နောက်ဆုံးတော့ ဒုံရင်းက ဒုံရင်းပါဘဲဟာ..။
မထူးဇာတ်မှန်းတော့အရင်ထဲက သိပြီးသားပါ။
အမယ်မင်း...ကယ်ပါဦးဂြိုလ်သားတို့ရေ...လို့သာ...ဟစ်လိုက်ချင်တော့တယ်။
ချောက ငပိကြော်ပို့ထားပီဆိုတော့ မြသွေးနီက ဒဏ်ကြေလူးဆေးလာပို့ သွားပါတယ်။

မြတ်မွန် said...

ဦးမြစ်ရေ...
ဂြိုလ်သားကား ကြည့်နေရသလိုပါပဲလား။

ဂြိုလ်သားတွေ လာကူရင် ကောင်းမယ်နော်..။
ခဏတဖြုတ်လာတာပဲ ကောင်းပါတယ်..
တော်ကြာ ဂြိုလ်သားတွေပါ အကျင့်ပျတ်သွားမှာ ဆိုးလို့..

ဂျစ်တူး ( မုံရွာ ) said...

ဇတ်ဆရာရေ့ ---
နှစ်ခေါက်တိတိလာဖတ်ဖြစ်တယ်ဗျာ-သိပ့်နားမလည်ဘူး
နောက်ထပ် ထပ်ပြီးဖတ်ရအုံးမယ်ထင်ပါရဲ့ ဗျာ-

Unknown said...

ဂြိုလ်သားတွေ တကယ်မလားဘူးလား
မဲတွေဒီလောက်လိမ်နေတာ
တကယ်လာပြီး ဖမ်းခေါ်သွားရင်ကောင်းတယ်
မျက်စိနောက်လွန်းလို့ တစ်ကောင်မှ မကျန်အောင် အကုန်သာခေါ်သွားပေတော့
မဟုတ်ရင် ဒီပုံအတိုင်းဆို ကောင်းကျိုးပေးမှာမဟုတ်ဘူး
မြန်မြန်လာခေါ်ပါ။

အနော် said...

အခု အဲ့ဂြိုလ်သားတွေကို ကြံ့တွေ ဖွတ်တွေက စိတ်ဓာတ်တွေ ပြောင်းပေးလိုက်ပီး နယ်နှင်ဒဏ်ပေးလိုက်ပီတဲ့ :)

သူကြီးမင်း (တုံးဖလား) said...

အဲဒီအတိုင်း စိတ်သန့်ရှင်းရေးလုပ်ပြီးမှ ပြန်ပို့ခဲ့ရင်တော့ အကောင်းသား။ ဒါပေမဲ့ စိတ်သန့်ရှင်းရေးမလုပ်ဘဲ အမှိုက်တွေ ထပ်ထည့်ပြီး ပြန်လွတ်ခဲ့ရင်တော့ ဒုက္ခ။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ROCK GUNNER said...

မြင်သာတဲ့ အခြေအနေတွေနဲ့  အတူ အလွန်ကောင်းတဲ့ အရေးအသား တစ်ခုပါပဲ။ အဲဒီ အဝတ်စနဲ့  ကြံတွေကို ပြန်မလွှတ်ပါနဲ့ .ခေါ်သွားပြီး ဟိုမှာ လိုတဲ့နေရာ သန်ရှင်းရေးလုပ်ခိုင်းလိုက်ပါ..နာရီနဲ့တော့ မသတ်
်မှတ်နဲ့နော်..ဘဝတိုင်း ခိုင်းလိုက်ပါ အကိုရာ.hehe.:)
(ခံစားချက် အတွေးပေါ်လာလို့ ထပ်ရေးတဲ့ အခါကျရင်အဲဒီအမိန်ချ)...:P ...အားပေးလျှက်ပါ..

 

Posts Comments

©2006-2010 ·TNB