ယုံကြည်ချက်နှင့်ရှေ့ဆက်ကြသူများ

11 October 2011



ထိုနေ့ကတောင်ထိပ်ပေါ်ရောက်တော့ နေ့လည် ၃ နာရီခန့်ရှိနေပြီ။ ကျောပိုးအိတ်ကို ပစ်ချပြီး အရင်ဆုံးလုပ်ဖြစ်သည်က အရှေ့ဘက် တောင်စွန်းနားသို့ သွားမိ၏။ ပေ ခြောက်ထောင်ကျော်မြင့်သည့် တောင်ထိပ်မို့ လေတဟူးဟူး တိုက်ကာ တိမ် နှင့် မြူခိုးများက မျောလွင့်နေသည်။ မြင်ကွင်းက မနှစ်ကအတိုင်းပင် ဖြစ်သည်။ ဟိုးအဝေးဆီမှ တောင်တန်းများကလည်း အရင်အတိုင်း မှိုင်းညို့လျက်။ တောင်ထိပ်တစ်ချို့က တိမ်တွေထဲ ဝင်ရောက် ပျောက်ကွယ်နေသည်။ ယခင်အတိုင်းပါပဲ။ ဘာမှမပြောင်းလဲခဲ့။ တစ်နှစ်တာ အချိန်ကာလသည် သဘာဝပါတ်ဝန်းကျင်ကို အများကြီး မပြောင်းလဲစေနိင်ခဲ့သေးပါ။ သို့သော် မနှစ်က ရောက်ခဲ့သည့် ခံစားချက်နှင့် သည်နှစ်ခံစားချက်က မတူတော့။ မနှစ်က ကျွန်တော် ရယူသူ ဖြစ်ခဲ့၏။ သည်နှစ်ရောက်လာခြင်းက ပြန်လည်ပေးဆပ်ရန်ဖြစ်သည်။

မနှစ်က နေဝင်ချိန်တွင် သည်နေရာ၌ ကျွန်တော် အကြာကြီးရပ်ကာ ဤမြင်ကွင်းများကို ကြည့်နေခဲ့ဖူးသည်။ ရည်ရွယ်ချက် တစ်စုံတစ်ရာ မရှိဘဲ ရပ်နေခဲ့သည်ဟု ဆိုလျှင် အမှန်စစ်စစ်ဖြစ်မည် မထင်ပေ။ ကျွန်တော့်ရည်ရွယ်ချက်ကိုက တောင်တန်းများကို ကြည့်ရင်း စိတ်တစ်ခုလုံး မျောလွင့်နေချင်သည်။ ကျွန်တော်က သဘာဝတရားကို ချစ်သည်။ တောအုပ်စိမ်းစိမ်း ၊ မှိုင်းညို့ညို့တောင်တန်းများ နှင့် ပြာလွင်နေသောပင်လယ်များကို ချစ်သည်။

မနှစ်က ဤတောင်ပေါ်သို့ တစ်ညအိပ်ခရီး ရောက်လာဖြစ်သည်။ ထိုခရီးထွက်မည့် ရက်တွင် ကျွန်တော် စာမူကိစ္စများဖြင့် မအားမလပ်ဖြစ်နေသည်။ ထို့ကြောင့် မလိုက်ဖြစ်တော့ကြောင်း အတန်တန် ပြောသော်လည်း တောင်ပေါ်ခရီးစဉ်ကို အစီအစဉ်ဆွဲသူ သူငယ်ချင်း၏ စကားက ဆွဲဆောင်မှု ကောင်းလွန်းသည်။

“စာရေးဆရာ.. မင်းက စာတွေ တကုပ်ကုပ်ရေးနေတော့ အညောင်းမိနေမှာသေချာတယ်။ လေကောင်းလေသန့် ရှူရင်း တောတောင်သဘာဝအလှလေး ခံစားစေချင်တယ်။ ဘဝတစ်ခုလုံးနဲ့ ယှဉ်ရင် ဒီ သုံးရက်တာ အချိန်လေးက ဘာမှ မဟုတ်ပါဘူးကွ။ ပြီးတော့ မင်းအတွက် တောင်ပေါ်ဇာတ်လမ်း တစ်ပုဒ်လောက် ရမလာဘူးလို့ မင်းထင်လို့လား။ ”


သူပေးသည့် အကြောင်းပြချက်များက ခိုင်လုံပြီး ဆွဲဆောင်နိင်လွန်းတာကြောင့်  အလုပ်များကို ထားပစ်ခဲ့ပြီး သည်ခရီးစဉ်ကို လိုက်လာခဲ့မိတော့သည်။ ခရီးမထွက်ဖြစ်တာကြာပြီဆိုတော့ ကားပေါ်ရောက်ချိန်မှာပင် ကျန်ခဲ့သည့် အလုပ်များကို မေ့သွားတော့သည်။ သူငယ်ချင်း ငါးယောက်သား နောက်ပြောင်ရင်း တောင်တန်းများဆီကို ပျော်ပျော်ရွှင်ရွှင် ဦးတည်ခဲ့ကြတော့သည်။ တောင်ထိပ်ပေါ်အထိ ကားတဆင့် တောင်ပေါ်သွားသည့် ရထားတဆင့်တို့ကြောင့် ပေထောင်ချီမြင့်သော်လည်း လမ်း အများကြီး မလျှောက်လိုက်ရဘဲ တောင်ထိပ်သို့ ရောက်ရှိသွားသည်။

တောင်ထိပ်ပေါ်ရောက်တော့ သူငယ်ချင်းများနှင့်အတူ ရွက်ဖျင်တဲ ထိုးပြီးသည်နှင့်  ဟိုးအဝေးမှ မှုန်ပြပြ တောတောင်များကို ထိုင်ငေးရန် မြေနေရာ ပြန့်ပြူးသော အရှေ့ဘက်စွန်းသို့ ထွက်လာခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်အတွက် စိတ်လှုပ်ရှားစရာ မြင်ကွင်းကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ထိုအရာက မျောလွင့်နေသည့် တိမ်တို့ဖြစ်သည်။ ကျွန်တော်နှင့် မလှမ်းမကမ်းမှ တိမ်များ ဖြတ်သန်းသွားသည့် မြင်ကွင်းကို ကြည့်ပြီး တော်တော်စိတ်လှုပ်ရှားမိခဲ့သည်။

ဘဝတွင် ပထမဆုံး တိမ်များကို နီးကပ်စွာ မြင်တွေ့ရခြင်းဖြစ်သည်။ ကျွန်တော်နှင့် ဘယ်တုန်းကမျှ မနီးစပ်ခဲ့ဖူးသည့် တိမ်တွေ။ အခုတော့ နံဘေးမှ ဖြတ်သန်းနေကြသည်။  တသက်တာလုံး ဝေကွာခဲ့ရသည့် တိမ်တွေကို ထိုအချိန်မှာ နှစ်သက်သွားမိတော့သည်။ နေဝင်သွားသည်အထိ  မျောလွင့်နေသည့် တိမ်များကို လိုက်ငေးရင်း စိတ်အာရုံတစ်ခုလုံး တငြိမ့်ငြိမ့်ခံစားနေရသည်။ ဒီခရီးလေးက  ကျေနပ်ဖို့ သိပ်ကောင်းသည့် ခရီးဆိုတာ သေချာသွားခဲ့ပြီ။ သဘာဝတရားကို ချစ်သည့် ကျွန်တော့်အတွက်တော့ ဒါဟာ အံ့မခန်း မြင်ကွင်းဖြစ်နေခဲ့သည်။

ညစာ စားပြီးနောက် ရွက်ဖျင်တဲအပြင်ဘက်တွင် မီးပုံဖိုကာ သူငယ်ချင်းများနှင့်အတူ စိတ်လွတ်လပ်စွာ သောက်ရင်း ပေါ့ပါးပျော်ရွှင်နေချိန်မှာပင် ကျွန်တော့်အတွေးထဲ တစ်ချက်တစ်ချက် ရောက်နေသည်မှာ ဖြူလွှလွှတိမ်တိုက်များသာ ဖြစ်နေခဲ့သည်။ အပြာရောင် ကောင်းကင်နောက်ခံတွင် ဖြေးညင်းစွာ မျောလွင့်နေသည့် အဖြူရောင် တိမ်တိုက်များသည် ကျွန်တော့်အာရုံကို ဖမ်းစားထားလိုက်လေပြီ။  ညအိပ်ချိန်တိုင်သည်အထိ တိမ်တွေ အကြောင်း တွေးနေမိခဲ့သည်။   အိပ်ပျော်ခါနီးတွင် ဆန်းကြယ်သည့် စိတ်ကူးတစ်ခုရသွားသည်။ ထိုစိတ်ကူးလေးကို အကောင်အထည်ဖော်ချင်စိတ်ဖြင့် မနက်ခင်းရောက်ရှိရန် ကျွန်တော် စိတ်စောနေမိတော့သည်။

မနက်မိုးလင်းတော့ ညကစိတ်ကူးအတိုင်း လုပ်ဆောင်ရန် ပါလာသည့် ပုလင်းလေးတစ်လုံးထဲမှ ပစ္စည်းများကို ထုတ်ပြီး ပုလင်းကို သန့်ရှင်းအောင် ဆေးကြောလိုက်သည်။ ပုလင်းအတွင်း ခြောက်သွေ့သွားချိန်တွင် ကျွန်တော် မနေ့ညနေက ထိုင်ခဲ့သည့် အရှေ့ဘက်စွန်းကို ထွက်လာခဲ့တော့သည်။

 ဒီနေ့မှာ နေရောင်ခြည်က ကြည်ကြည်လင်လင် ဖြာကျနေ၏။ ကျွန်တော်ချစ်သည့် တိမ်များက တငြိမ့်ငြိမ့်ဖြင့် မျောလွင့်နေဆဲဖြစ်သည်။ ကျွန်တော် အချိန်မဆိုင်းတော့ပါ။ တောင်စွန်းနားအထိ တိုးသွားကာ ပုလင်းအဝကို တိမ်တွေဘက် လှည့်ပေးလိုက်သည်။ ထို့နောက် အဖုံးကို ချက်ချင်းပြန်ပိတ်ပြီး ပုလင်းထဲသို့ ကြည့်လိုက်သည်။ ပုလင်းထဲတွင် မှုန်မှိုင်းမှိုင်းလေး ဖြစ်နေလေပြီ။ မျှော်လင့်ထားသလို အဖြူရောင် အငွေ့များ တွေ့ရမည်ထင်သော်လည်း ခပ်မှုန်မှုန်လေထုလေးကိုသာ မြင်ရသည်။ ကိစ္စမရှိ။ ဒီပုလင်းထဲတွင် ကျွန်တော်ချစ်သော တိမ်တိုက်များ ရှိနေပြီးဆိုသည့် အသိလေးသည် ကျွန်တော့်စိတ်ကို ကြည်နူးချမ်းမြေ့နေစေခဲ့ပြီ။

သူငယ်ချင်းများက ကျွန်တော့်လုပ်ရပ်ကို တအံ့တသြ ချီးကျူးကြသည်။

“စိတ်ကူးကောင်းတယ်ကွာ”
“စာရေးဆရာတို့ကတော့ တအားကို ကဗျာဆန်လွန်းပါလားဟေ့”

ကျွန်တော်ကတော့ ကျေနပ်စွာဖြင့် ခပ်ပြုံးပြုံးဖြစ်နေတော့သည်။

ထိုခရီးစဉ်မှ ပြန်လာခဲ့ပြီးနောက် ကျွန်တော်၏ တိမ်ပုလင်းလေးကို စာရေးစားပွဲပေါ်တွင် တင်ထားလိုက်သည်။ အရင်က စိတ်ဝင်တစား မကြည့်ဖြစ်ခဲ့သည့် တိမ်များကိုလည်း အပြင်ရောက်တိုင်းကြည့်ဖြစ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ပုလင်းလေးထဲတွင် မှုန်မှိုင်းနေခြင်းများ မရှိတော့ဘဲ ကြည်လင်လာ၏။ အလုံပိတ်ထားသည့် ထိုပုလင်းထဲတွင် တိမ်တိုက်များရှိနေဆဲ ဆိုသည့် အသိဖြင့် ကျွန်တော်ကတော့ သတိရတိုင်း ကြည့်နေဆဲ ပီတိဖြစ်နေဆဲဖြစ်သည်။ အိမ်ကိုလာလည်သည့် သူတိုင်းကိုလည်း ထိုတိမ်တိုက်များ ထည့်ထားသည့် ပုလင်းလေးကို ထုတ်ပြဖို့ မမေ့ခဲ့ပေ။


“ဘာမှလည်း မရှိပါလားဗျ။”
“အချိန်ကြာသွားလို့ပါ။ အဲဒီပုလင်းထဲမှာ တိမ်တွေကို  ထည့်ထားတာ အသေအချာပဲ။”

အချိန်တွေကြာလာသော်လည်း ကျွန်တော့်လေသံထဲက ဂုဏ်ယူသံကို လျှော့ချမပစ်နိင်ခဲ့သေး။ အပြင်ထွက်တိုင်းလည်း ကောင်းကင်က တိမ်တိုက်များကို မော့ကြည့်ဖို့ မမေ့မလျော့ ရှိနေသေးသည်။  ထိုသို့ဖြင့် လွန်ခဲ့သည့် တစ်လခန့်က ကျွန်တော်နှင့် ကွဲကွာနေသည်မှာ ကြာပြီဖြစ်သော ကျောင်းနေဘက် သူငယ်ချင်းရဲခေါင်နှင့် ပြန်ဆုံခဲ့သည်။ ရဲခေါင်က ဘဝတက္ကသိုလ်ကြီးထဲတွင် အချိန်အတန်ကြာ နေခဲ့ရပြီး အပြင်လောကသို့ ပြန်ရောက်လာသည်မှာ မကြာသေးချိန် ကျွန်တော်နှင့် ပြန်ဆုံခဲ့ခြင်းဖြစ်သည်။ သူက ကျွန်တော့်လို အတတ်ပညာတစ်ခုခုဖြင့် ရှင်သန်နေထိုင်သူမဟုတ်ဘဲ သူယုံကြည်ရာကို မမှိတ်မသုန် ဆုပ်ကိုင်ရင်း ဒုက္ခဆင်းရဲကြားထဲတွင် အလျားလိုက် ကူးခတ်နေသူလည်းဖြစ်သည်။ သူ့မျက်နာပေါ်က အပြုံးများက ခုထိ မာထန်နေဆဲ။ သူနှင့် အေးအေးဆေးဆေး စကားပြောချင်၍ အိမ်ကိုခေါ်လာခဲ့သည်။

သောက်ရင်းစားရင်း ရှေးဟောင်းနှောင်းဖြစ်များပြောရင်း ၊ သူကြုံဖူးသော ငရဲခန်းအတွေ့အကြုံများကို နားထောင်ရင်း ကျွန်တော်တို့ စကားဝိုင်း အရှိန်တက်နေချိန်မှာပဲ ကျွန်တော့်ရဲ့ တိမ်တိုက်ပုလင်းကို ထုတ်ပြဖြစ်သည်။ ထိုတိမ်တိုက်များရလာပုံနှင့် ကျွန်တော့်စိတ်ခံစားချက်များကိုလည်း အာဇ္ဇဝန်းရွှင်ရွှင် ပြောဖြစ်သည်။ ရဲခေါင်က တိမ်ပုလင်းလေးကို လှည့်ပတ်ကြည့်သည်။

“ မင်းစိတ်ကူးကတော့ မဆိုးပါဘူး။ ဒါပေမယ့် ဒီလုပ်ရက်ကို ငါ ရှုံ့ချတယ်ကွာ။ မလုပ်သင့်ဘူး”
“ဟ.. ဘာဖြစ်လို့လဲကွ”
“ပြောပြရင်လည်း မင်းခံစားတတ်မှာ မဟုတ်ပါဘူး။ ဒါမျိုးက ကိုယ်တွေ့ကြုံဖူးတဲ့သူမှ နားလည်နိင်တာ”

သူ့စကားကို ကျွန်တော် စိတ်ဝင်စားသွား၏။ တိမ်တိုက်လေးအနည်းငယ်အတွက် သူ့စကားလုံးတွေက သိပ်မြင့်လွန်းနေသည်။

“ အဆန်းပါလား။ လင်းစမ်းပါဦးကွာ။ ဘယ်လိုကိုယ်တွေ့မျိုးလဲ”

သူက လက်ကျန်ခွက်ကိုအပြတ်ရှင်းပြီး တိမ်ပုလင်းလေးကို ပြန်ကောက်ကိုင်ကာ  

“ မိုးတိမ်ဆိုတာ မျောလွင့်နေတဲ့ အရာကွ။ ဒီ့ထက်ရှင်းအောင် ပြောရရင် သူ့ယုံကြည်ချက်နဲ့သူ ရှေ့ဆက်နေတာမျိုး။ ယုံကြည်ချက်နဲ့ သွားနေတဲ့ ဘယ်အရာမျိုးကိုမှ မချုပ်နှောင်ထားသင့်ဘူး။ အဲ့ဒါ လူ့ကျင့်ဝတ်ပဲ။ လူကြီးလူကောင်းစိတ်ဓါတ်ပဲ။ နိင်ငံကြီးသားတစ်ယောက်ရဲ့ အပြုအမူပဲ။ ”

ရဲခေါင်က ပြောရင်းနှင့် ရှူးရှူးရှဲရှဲ ဖြစ်လာ၏။ အသက်ရှူသံပြင်းလာ၏။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၏။

“အိုကေ .. အိုကေ သူငယ်ချင်း။ ငါသဘောပေါက်ပြီ။ အခုလည်း ငါက ချုပ်နှောင်ထားတာမျိုးလို့ မတွေးမိလို့ပါ။ ငါ သဘောကျတဲ့ အရာလေးကို အမြဲတမ်းမြင်နေခွင့်အတွက် ဒီလိုလုပ်ဖြစ်သွားတာပါ။ မင်းပြောတာ သဘာဝကျပါတယ်”

ကျွန်တော့်ရဲ့ လေပြေအေးစကားကြောင့် ရဲခေါင် ပြန်လည်ငြိမ်သက်သွားသည်။ ထို့နေ့မှစပြီး တိမ်ပုလင်းလေးကို ကြည့်တိုင်း ကျွန်တော့်စိတ်ထဲတွင် ယခင်ကလို ကြည်နူးမှုများအစား ရဲခေါင်၏ စကားသံများက ဝင်လာနေတော့သည်။ “ယုံကြည်ချက်ဖြင့် ရှေ့ဆက်နေသည့်အရာများ” “လူကြီး လူကောင်းစိတ် ” “လူ့ကျင့်ဝတ်”။

ထိုစကားသံများ ကျွန်တော့်နားထဲတွင် တစထက်တစ ပို၍ ဆူညံလာသည့် နောက်တွင်တော့ တောင်ပေါ်ခရီးစဉ်ကို အစီအစဉ်ဆွဲလိုက်ရတော့သည်။ ထိုသို့ဖြင့် သည်တောင်ပေါ်သို့ နောက်တစ်ကြိမ် ကျွန်တော် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အကြောင်းစုံ သိသွားသည့် သူငယ်ချင်း နှစ်ယောက်ကတော့ ကျွန်တော့်ကို ကောင်းကောင်း သြဘာပေးပြန်သည်။

“ဒါတော့ မင်း စိတ်ကူးယဉ်လွန်းတာပါကွာ။ ဒီပုလင်းအဖုံးကို ဖွင့်ဖို့အတွက် တောင်ပေါ်ကို နောက်တစ်ခေါက် ပြန်သွားဖို့ မလိုပါဘူးဟ။”

“ ပြောမနေနဲ့မော်ကြီး။ စာရေးဆရာတွေက အဲဒီလိုပဲ သူများထက် ပိုထူးပြီး ခံစားတတ်တဲ့သူတွေ။ ဘာပဲဖြစ်ဖြစ် စရိတ်ငြိမ်းနဲ့ ခရီးထွက်ဖြစ်တာ အမြတ်လို့သာ တွေးလိုက်ကွာ။ ငါတို့လည်း ထပ်ရောက်ဖြစ်တာပေါ့”

ကျွန်တော့် ဒီခရီးစဉ်၏ အဓိက ရည်ရွယ်ချက်သည် တိမ်ပုလင်းလေးကို အဖုံးဖွင့်ပေးဖို့ဖြစ်သည်။ အဖုံးဖွင့်မည့် နေရာကို မူလနေရာဖြစ်သည့် သည်တောင်ပေါ်ကို ရွေးချယ်မိခြင်းကတော့ ရှင်းပြရန်မလွယ်သည့် စိတ်ခံစားချက်ဖြစ်သည်။ အပြစ်ရှိသူတစ်ယောက်လို ခံစားမိပြီးနောက် အကောင်းဆုံးပြန်လည်ပေးဆပ်မည် ဆိုသည့် ခံစားချက်ဖြစ်မည်ထင်သည်။ တပါးသူထက် ပို၍ နုညံ့ချင်သည့် စိတ်၏ ဆွဲဆောင်မှုတစ်ခုလည်းဖြစ်မည်။

ကျွန်တော့်ရဲ့ တိမ်ပုလင်းလေးကို အဖုံးဖွင့်ပေးမည့် မနက်ခင်းတွင် နေရာင်ခြည်က အနည်းငယ် မှုန်မှိုင်းနေသည်။  ပုလင်းထဲ ထည့်စဉ်ကလို သာယာကြည်လင်ခြင်း မရှိသော်လည်း ကျွန်တော်ကတော့ ဒီမနက်ခင်းကိုသာ ရွေးလိုက်သည်။ ချုပ်နှောင်ထားသော အရာများ လွတ်မြောက်ဖို့အတွက် အချိန်တိုင်းသည် နေ့ကောင်းရက်သာ ဟု ကျွန်တော်ယုံကြည်ထားမိသည်။

မနက် ၉ နာရီခန့်တွင် ကျွန်တော် ယခင်တစ်နှစ်ကလို အရှေ့ဘက်တောင်စွန်းဆီသို့ တိမ်ပုလင်းလေးကို ကိုင်၍ လှမ်းလျှောက်သွားသည်။ ဖမ်းဆုပ်ထားသော အရာများ လွတ်မြောက်ခွင့်ပေးရမည့် ကျွန်တော့်ရင်ထဲတွင် နောင်တများအစား ကြည်နူးခြင်းများသာ ရှိနေသည်။ အရှေ့ဘက်တောင်စွန်းနားရောက်တော့ ကျွန်တော် ရပ်တန့်ရင်း တိမ်ပုလင်းလေးကို ကိုင်မြှောက်ကြည့်သည်။ အထဲတွင် ကြည်လင်နေသော်လည်း ကျွန်တော် ချုပ်နှောင်ထားသည့် အရာများ သည်ပုလင်းထဲတွင် ရှိနေကြောင်း သိနေသည်။ ပုလင်း အဖုံးဖွင့်ရင်း တစ်ကိုယ်တည်း ခပ်တိုးတိုးပြောလိုက်သည်။

“ နောက်တော့ကျနေပြီ။ ဒါပေမယ့်လည်း အရင်အတိုင်း ယုံကြည်ချက်နဲ့ ခရီးဆက်နိင်ကြပါစေ”

သူတို့ခရီးလမ်းအတွက် နောက်ကျနေပြီဖြစ်သော်လည်း လှောင်ပိတ်ထားခြင်းထက်စာလျှင်  နောက်ကျပြီးမှ ခရီးဆက်ခွင့်ရခြင်းက ပိုကောင်းသည် မဟုတ်လား။ ထို့နောက် မည်သည့်ချုပ်နှောင်မှုများ မရှိစေရန် ပုလင်းကို ခပ်ဝေးဝေးက ကျောက်တုံးဆီသို့ အရှိန်ဖြင့် ပစ်ခွဲလိုက်တော့သည်။ 

“ ခွမ်းးး ”

ပုလင်းကွဲသံ ။ သို့မဟုတ် ချုပ်နှောင်ထားသည့် အရာများကို ဖွင့်ပေးလိုက်သည့် သော့ခလောက်သံ။ ထိုအသံက ကျွန်တော့်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးသွားမိစေသည်။ လွတ်မြောက်ခြင်း၏နောက်တွင် အပြုံးများ သေသေချာချာ ရှိနေကြောင်း ကျွန်တော်သိခဲ့ရပြီ။

ထိုနေရာမှ ကျောခိုင်းထွက်လာစဉ်မှာပင် ရဲခေါင် နောက်ဆုံး ပြောသွားသည့် စကားတစ်ခွန်းကို ပြန်အမှတ်ရမိလိုက်တော့သည်။

“ ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့ အရာတွေကို ချစ်တဲ့စိတ်လေးနဲ့တောင် မချုပ်နှောင်ထားမိစေနဲ့ကွာ”

သေချာပါသည်။ ဘဝတွင် နောက်ထပ် ဒီလို အဖြစ်မျိုး ထပ်ဖြစ်ခွင့် ရှိလာမည် မဟုတ်တော့ပါ။ ကောင်းကင်ထက်သို့ မော့ကြည့်မိသည်။ မြူခိုးများနှင့် တိမ်တိုက်များက လွတ်လပ်စွာ မျောလွင့်နေကြလေသည်။

။.......................................................................................။

41 comments:

Angelhlaing(May everybody be happy and healthy! said...

“ ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့ အရာတွေကို ချစ်တဲ့စိတ်လေးနဲ့တောင် မချုပ်နှောင်ထားမိစေနဲ့ကွာ”...

ချုပ်နှောင်ခံထားရသော ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့ အရာများလုံး လွတ်မြောက်ပါစေလို့ စာရေးသူနဲ့အတူ ထပ်တူ ဆန္ဒပြုရင်း...

မြတ်မွန် said...

“ ခွမ်းးး ”

ပုလင်းကွဲသံ ။ သို့မဟုတ် ချုပ်နှောင်ထားသည့် အရာများကို ဖွင့်ပေးလိုက်သည့် သော့ခလောက်သံ။ ထိုအသံက ကျွန်တော့်ကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးသွားမိစေပါတယ် ဆရာမြစ်ရေ။

အတ္တစိတ်ကြောင့် ချုပ်နှောင်ခံရခြင်း လူတိုင်းမကြုံရပါစေနဲ့လို့ ဆုတောင်းမိ၏ ။

PhyoPhyo said...

“ မိုးတိမ်ဆိုတာ မျောလွင့်နေတဲ့ အရာကွ။ ဒီ့ထက်ရှင်းအောင် ပြောရရင် သူ့ယုံကြည်ချက်နဲ့သူ ရှေ့ဆက်နေတာမျိုး။ ယုံကြည်ချက်နဲ့ သွားနေတဲ့ ဘယ်အရာမျိုးကိုမှ မချုပ်နှောင်ထားသင့်ဘူး။ အဲ့ဒါ လူ့ကျင့်ဝတ်ပဲ။ လူကြီးလူကောင်းစိတ်ဓါတ်ပဲ။ နိင်ငံကြီးသားတစ်ယောက်ရဲ့ အပြုအမူပဲ။ ”

ဖတ်ရတာ ရင်ထဲမှာ နင့်သွားတယ်။
အရေးအသားက ကောင်းတာရော၊ အကြောင်းအရာရောပေါင်းပြီး ဆွဲဆောင်လို့ သေချာဖတ်သွားပါတယ်။
ဆုတောင်းပါတယ်။ အားလုံးလွတ်လွတ်လပ်လပ် ခရီးဆက်နိုင်ကြပါစေ။

Junemoe said...

“ ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့ အရာတွေကို ချစ်တဲ့စိတ်လေးနဲ့တောင် မချုပ်နှောင်ထားမိစေနဲ့ကွာ”

ဟုတ်တယ်နော်..။ ကျွန်တော်တို့တွေ မရည်ရွယ်ပဲ လုပ်ခဲ့မိတာလေးတွေရှိလိမ့်မယ်..။ အတွေးတွေ အများကြီးရသွားတယ်ဗျာ။

အလင်းသစ် said...

“ ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့ အရာတွေကို ချစ်တဲ့စိတ်လေးနဲ့တောင် မချုပ်နှောင်ထားမိစေနဲ့ကွာ”

ဒီစကားလေး ကြိုက်တယ်အကို။။ အဲဒီစကားလေးနဲ့ ကိုက်ညီအောင် ပိုက်ဆံတွေကို ညီဖြင့် ချုပ်နှောင်မထားပဲ သုံးသုံးပစ်တာ ကိုယ်နဲ့ကို လုံးဝမကပ်တဲ့ထိပဲ။။ ဟီးးးး ပိုက်ဆံဆိုတာလည်း သူ့ယုံကြည်ချက်နဲ့ သူခရီးဆက်နေတာပဲလေ။။။

ကိုကိုမောင်(ပန်းရနံ့) said...

အချိန်နဲ့ တပြေးညီ လိုရင်းရောက်အောင် ပို့တတ်ပါပေတယ်။ ဒီလိုအတွေးလေးမျိုးမှ ရင်ထဲကို ထိတာ။

ဒါပေမဲ့ ယုံကြည်ချက်နဲ့ ခရီးဆက်သူအဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဘဝတက္ကသိုလ်ကြီးထဲရောက်နေလဲ ယုံကြည်ချက်ရှိသူတွေကတော့ ဆက်လက် ချီတက်နေမှာပါဘဲ။ အဲဒီလိုလေးဘဲ နားလည်မိပါတယ်။

အားလုံးလွတ်မြောက်ရှင်သန်ထမြောက်လျှောက်လှမ်းနိုင်ကြပါစေ။

ခင်မင်လျှက်

အင်္ဂါဟူး said...

အချိန်ကိုက် တင်ဆက်မှုပါ ဆရာမြစ်...နာခံလွယ်သော သူများ လိုက်နာကျင့်ကြံနိုင်ကြပါစေ...

ယုံကြည်ချက်နဲ့ မျောလွင့်သူများ....ပုလင်းကွဲသံနှင့် အလားတူသော သော့ခလောက်သံများ ကြားနိုင်ကြပါစေ...လွတ်လပ်စွာ စီးမျော့နိုင်ကြပါစေ။

မေဓာဝီ said...

ကောင်းလိုက်တဲ့ အတွေးနဲ့ အရေး ...
ဖတ်ရင်း ကြက်သီးတောင် ထမိတယ် စာရေးဆရာရယ် ... ။
ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့ အရာတွေကို မချုပ်နှောင် ကောင်းဘူးနော် ... ။

တိမ်တွေလဲ လွတ်လပ်စွာ မျောလွင့်ပါစေ
ငှက်တွေလဲ အနှောင်အဖွဲ့ကင်းစွာ ပျံသန်းပါစေ
ဘ၀တွေလဲ .... ......................

Nyi Linn Thit said...

ယုံကြည်ချက်နဲ့ ခရီးဆက်နေတာတွေကို မချုပ်နှောင် ကောင်းသလို ချုပ်နှောင်ထားတာတွေ လွတ်မြောက်ဖို့ အတွက် အချိန်ဆိုင်းဟာ နေ့ကောင်းရက်သာ ဆိုတာ လုံးဝ မှန်လိုက်တာ...၊ ကိုမြစ်ကျိုးရဲ့ အရေးအသား ကတော့ အခုအချိန် လူတိုင်းရဲ့ ရင်ထဲက မျှော်လင့်ချက် ခေါင်းလောင်းတွေကို ထပ်ပြီးတော့ ခပ်ကျယ်ကျယ်လေး မြည်းဟည်း သွားစေတာပဲဗျို့..၊ ဖတ်လို့ ကောင်းတယ်ဗျာ၊ ဘယ်သူမှ မမြင်ရတော့တဲ့ ပုလင်းထဲက တိုက်မျှင်လေး တွေ ခုန်ပေါက်ပျံသန်း၊ ထွက်ခွာသွားတာ ရင်ဘတ်နဲ့ မြင်လိုက်တယ်....။း)

rose of sharon said...

ရဲခေါင်နောက်ဆုံးပြောသွားတဲ့စကားလေးကို လက်ခံတယ်...

ကိုဇော် said...

ချုပ်နှောင်မှု မရှိတော့ဖို့ပဲ လိုတာပေါ့နော့။
နောက်ကျတယ် ဆိုတာကတော့ ရှိပေမဲ့ ခရီးကို ဆက်ရင် ရောက်ရမှာပါပဲ။

ပန်းချီ said...

စိတ်ကူးကောင်းကောင်းနဲ့ရေးထားတဲ့ ဇာတ်လမ်းဆန်းလေးတစ်ပုဒ်မို့ ဖတ်ရတာအရသာရှိလိုက်တာ ကိုမြစ်ရေ..။

ယုံကြည်ချက်နဲ့ခရီးဆက်သူများ ချုပ်နှောင်မှုမှကင်းဝေးပါစေ။

ညီရဲ said...

စိတ်ကူးလေး ကောင်းလိုက်တာ အစ်ကိုရာ...
ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့သူတွေလဲ လွတ်လွတ်လပ်လပ် မျောလွင့်ခွင့်ရဖို့ ပုလင်းအဖုံးကို ဖွင့်လိုက်သလို ဖွင့်လို့ ရရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်...
တနေ့ တော့ သူတို့ တွေ အချုပ်အနှောင်ကင်းကင်းနဲ့ မျောလွင့်ဖို့ မျှောလင့်ပါတယ် အစ်ကို...

မောင်မျိုး said...

နောက်ဆုံးမှာ ပြောသွားတဲ့ ကိုရဲခေါင် ရဲ့ စကားလေးကို သိပ်ကြိုက်တယ် စိတ်ကူးကောင်းကောင်းနဲ့ အတွေးတွေ အများကြီးပေးသွားတဲ့ စာရေးဆရာ ကိုလည်းကျေးဇူး အများကြီးတင်ပါတယ် အကြောင်းအရာသေးသေးလေးလို့ထင်ရတဲ့ တစ်ချို့သော ကိစ်စတွေက တကယ်ပဲ ကြီးကျယ်နေသေးတာပဲ အဲ့တာလေး ဒီပို့စ်မှာရလိုက်တယ် ။

သက်ဝေ said...

ကိုယ်လည်း တချိန်က တိမ်တွေကို ချစ်လွန်းလို့ အပိုင်လိုချင်စိတ် ဖြစ်ခဲ့ဖူးတယ်…
အခုလိုတော့ ပုလင်းထဲ ထည့်ပြီး သိမ်းဆည်းဖို့ စိတ်ကူးမရခဲ့ပေမယ့် ရသမျှ နည်းလမ်းတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားကြည့်ခဲ့တယ်…။ နောက် တော်တော်ကြာတော့မှ ဒါဟာ မလိုအပ်တဲ့ ဇာတ်ဆန်မှုတခုပဲ… သူ့ဖာသာ လွင့်မျောရင်း ရွေ့လျားနေတတ်တဲ့ သဘာဝကို လွန်ဆန်ပြီး ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာ ကိုယ့် အမှားမှန်းသိသွားတဲ့နောက် ကိုယ့်စိတ်ကို ပြန်ပြင်နိုင်ခဲ့တယ်…။ အခုတော့ သူတို့ လိုရာကို နှစ်သက်စွာ လွင့်မျောခွင့် ပေးထားလိုက်ပြီ…။ ယုံကြည်ချက်ချင်း တူညီပြီး သူ့အပေါ် ထားခဲ့တဲ့ စိတ်ကောင်း စေတနာကောင်းတွေအတွက်တော့ တချိန်မှာ ပျော်ပျော်ပါးပါး ပြန်ဆုံတွေ့နိုင်ကောင်းရဲ့လို့ မျှော်လင့်နေရတာပါပဲ…။

ဒီပိုစ့်လေး သိပ်ကောင်းတယ်… အရမ်းနှစ်သက်တယ်လို့ ပြောပါရစေ…။

sosegado said...

ယုံကြည်ချက်ဆိုတာ အရမ်းကြောက်ဖို့ကောင်းပါတယ်၊
ချုပ်နှောင်ထားတာကတော့ ဘယ်အရာမှ မကောင်းပါဘူး၊
လွတ်မြောက်တာကို ကြိုဆိုပါတယ်၊
လွတ်မြောက်တာနဲ့ ပုလင်းခွဲတာတော့ မဆိုင်ဘူးထင်တယ်၊
ပုလင်းတစ်လုံးဖြစ်လာဖို့ အရင်းအနှီးရှိပါတယ်
ပုလင်းကွဲတွေက လူတွေကို အန္တရယ်ဖြစ်စေပါတယ်
သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်၊…….
ကိုမြစ်ရေ မတူအောင်တွေးကြည့်တာပါ… ဟဲဟဲးD
တစ်ချို့ အစွန်းရောက်ယုံကြည်ချက် တွေကိုတော့ ချုပ်နှောင်ထားသင့်ပါတယ်၊
ဥပမာ ဘယ်လိုနည်းနဲ့မဆို အရှေ့တောင်အာရှတစ်ခုလုံး_ _ _ _ နိုင်ငံ ဖြစ်ရေး ဆိုတာကိုပေါ့။

ချစ်ကြည်အေး said...

အရမ်းကောင်းတဲ့ ပိုစ့်လေးပါ မောင်ပိုင်ရေ၊ အတွေး အရေး ရည်ရွယ်ချက် ပြောစရာမရှိအောင် ထောင့်စေ့ကောင်းမွန်သော စာလေးတပုဒ်ပါပဲ....:)

Anonymous said...

“ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့ အရာတွေကို ချစ်တဲ့စိတ်လေးနဲ့တောင် မချုပ်နှောင်ထားမိစေနဲ့” တဲ့။
ချစ်လို့ကိုယ့်အနားမှာရှိနေစေချင်တာရော ချုပ်နှောင်ထားခြင်းမျိုးပဲလား။ ဒါဆိုရင်တော့ ပြဿနာပဲဗျာ။

သတိုး said...

“ ယုံကြည်ချက်နဲ့ ခရီးဆက်နေတဲ့ အရာတွေကို ချစ်တဲ့စိတ်လေးနဲ့တောင် မချုပ်နှောင်ထားမိစေနဲ့ကွာ”

ဝန်းကျင်နီးနား၊ ပုလင်းများ
ကွဲကျေလွင့်ပျောက် ကြစေသား။

မြသွေးနီ said...

ကိုမြစ်ရေ...
မျက်မှောက်အခြေအနေကို ကိုယ်စားပြုထားတဲ့ ပို့စ်ကောင်းလေးတစ်ပုဒ်ပါ..။ နှစ်သက်သဘောကျလွန်းရပါတယ်.။ ကိုဆိုစီပြောသလို ပုလင်းကို ရိုက်ခွဲဖွင့်ပြီးမှ တိမ်လေးတွေကို လွတ်လပ်ခွင့်ပေးမယ့်အစား ပုလင်းအဖုံးလေးကို လှပ်လို့ ပုလင်းကို အသာလေး စောင်းပေးလိုက်ရင်ကိုပဲ တိမ်လေးတွေ ၀မ်းမြောက်ဝမ်းသာစွာနဲ့ ထွက်သွားနိုင်တယ်ထင်ပါတယ်။ ချစ်မြတ်နိုးစိတ်လေးနဲ့ ကိုယ်တိုင် သိမ်းထားမိခဲ့တာဆိုတော့ ရိုက်ခွဲဖွင့်လိုက်မိလို့ ပုလင်းကွဲစလေးတွေများ တိမ်မျှင်တိမ်စလေးတွေကို စူးရှမိပြီး နာကျင်သွားမှာ စိုးမိပါရဲ့ရှင်..။

Anonymous said...

ကိုမြစ်ကျိုး ရေ

အတော်ကောင်းတဲ့ အတွေးလေး ဘဲ လှလိုက်တဲ့ ဝတ္ထုလေး

ကျေးဇူးဘဲဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

စော(အဝါရောင်မြေ) said...

ယုံကြည်ချက်ကြောင့်ပဲ ဖြစ်ဖြစ်
ဘာကြောင့်ပဲ ဖြစ်ဖြစ်ပါ
အကျင့် သီလနဲ့ 
စာရိတတွေကို ခိုင်ခိုင်ထိန်းထားနိုင်မယ့်ဆို လူတွေရဲ့  အနာဂတ်တွေဟာ ပိုလို တောင်ပြောင်ပြီး လိုရာ ခရီးရောက်မှာပါ။
လောဘတော့ မပါစေနဲ့ ပေါ့လေ။

မေသိမ့်သိမ့်ကျော် said...

တိမ်တွေကို သဘောကျတာချင်းတော့ တူသွားပြီ ဆရာမြစ်ရေ....။

ခရီးသွားနေလို့ မရောက်တာကြာသွားလို့ ခွင့်လွှတ်ပါရှင်။


ခင်တဲ့
မေသိမ့်

Anonymous said...

SUPER 'like'

mstint said...

ဇာတ်အိမ်လေးဆုံးတဲ့အထိ မျောသွားတယ် ကိုမြစ်ရေ။ တောင်ထိပ်ရဲ့ အရသာကို ခံစားဘူးတယ် တိမ်တွေကိုလည်း လက်နဲ့ဖမ်းဆုပ်ဘူးတယ်။
သက်ရှိသက်မဲ့အရာအားလုံးမှာ ခိုင်မာတဲ့ယုံကြည်ချက် ကိုယ်စီနဲ့ခရီးဆုံးရောက်ဘို့ နှင်နေကြတာပဲလေ။ ကိုယ်တိုင်လည်းအလားတူမို့ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီး စာနာစိတ်နဲ့ ပိတ်လှောင်တာမျိုးတွေ ကင်းဝေးနိုင်ရင် အကောင်းဆုံးပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကြည်ဖြူပိုင် said...

ပတ်ဝန်းကျင်မှာမြင်နေရတဲ့ ရိုးစင်းတဲ့ အရာဝတ္ထုလေးတွေကို စိတ်ကူးဆန်းဆန်းလေးနဲ့တွဲဖက်ခြယ်မှုန်းလိုက်တော့ အရမ်းကိုလှပနူးညံ့ပြည့်စုံတဲ့ စာတပုဒ်ဖြစ်သွားတယ်။
ကွန်ဂရက်ကျူလေးရှင်းပါ....:)

TZA said...

ဂွတ်သဗျာ.. လက်မထောင်သွားတယ်။

Angel Shaper said...

ယုံကြည်ချက်နဲ့ သွားနေတဲ့ ဘယ်အရာမျိုးကိုမှ မချုပ်နှောင်ထားသင့်ဘူး။ အဲ့ဒါ လူ့ကျင့်ဝတ်ပဲ။ လူကြီးလူကောင်းစိတ်ဓါတ်ပဲ။ နိင်ငံကြီးသားတစ်ယောက်ရဲ့ အပြုအမူပဲ။
အဲ့ဒီအတွေးနဲ့ အရေးလေးတွေကို လေးစားတယ်။

မြစ်ကျိုးအင်း said...

အားပေးသူများအားလုံး ကျေးဇူးပါခင်ဗျာ။ တိမ်ပုလင်းလေးကို ခွဲ ဖြစ်တာက ယုတ္တိပိုရှိစေချင်တဲ့ စိတ်ကြောင့်ပါ။ မူလ ရေးနေတုန်းက အဖုံးဖွင့်ပေးရုံပဲ တွေးထားတာ။ ရေးရင်းနဲ့ တခု စဉ်းစားမိတယ်။ ပုလင်းဖွင့်လိုက်ချိန် ထပ်ဝင်လာရင် ဘယ်လိုလုပ်မလဲ ဆိုပြီး စာဖတ်သူဘက်ကထောက်ပြကြမလား တွေးမိတာနဲ့ ခိုကပ်လို့ မရအောင် ခွဲပစ်လိုက်တဲ့ သဘောပါ။ အဖုံးဖွင့်ပြီး အတန်ကြာမှ ပစ်ခွဲတဲ့သဘောမျိုး ရေးထားပေမယ့် မပေါ်လွင်သွားတာတော့ ကျနော့်ရဲ့ လိုအပ်ချက်ပါ။

အပြုသဘောလေးနဲ့ ဆွေးနွေးပေးကြတာ တကယ်ကို ကျေးဇူးတင်မိပါတယ်။

blackroze said...

ခပ်ဝေးဝေးက ကျောက်တုံးဆီသို့ အရှိန်ဖြင့် ပစ်ခွဲလိုက်တော့သည်။

“ ခွမ်းးး ”

ပုလင်းကွဲသံ ။ သို့မဟုတ် ချုပ်နှောင်ထားသည့် အရာများကို ဖွင့်ပေးလိုက်သည့် သော့ခလောက်သံ။

လုံးဝကိုလွတ်လပ်ပေါ့ပါးသွားတယ်ဦးမြစ်ရေ
တကယ်တော့တချို့အရာတွေကို
မချုပ်နှောင်ထားသင့်ပါဘူး..
သူတို့ဘာသာလွတ်လပ်စွာခရီးဆက်ခွင့်
ပေးသင့်ပါတယ်..

kiki said...

အတွေးရော အရေးရော အကြောင်းအရာရော ကောင်းလွန်းလို့ ဟတ်ထိသွားပြီး..ဘယ်နေရာကစ ပြောရမှန်းမသိတော့ပါ ..။
ဒီစာစုလေးကို .... ပြီးခဲ့တဲ့အချိန်ပိုင်းလေးအတွင်းမှာ ပုလင်းအဖုံး နဲနဲ လောက်လေး တခဏလေး ဟ ပေးပြီး ..ယုံကြည်ချက်နဲ့လွင့်နေကြတဲ့တိမ်လေးတွေ အားလုံး မထွက်လိုက်ရသေးခင် မှာ အတင်းအကြပ် ပြန်ပိတ်ထားလိုက်တဲ့ လူကြီးတွေ ဖတ်မိစေချင်လိုက်တာ လေ ..

ခင်တဲ့
မကိ..

အနော် said...

ချစ်တဲ့စိတ်ကြောင့်ရော မုန်းတဲ့စိတ်ကြောင့်ရော အချုပ်အနှောင်ခံရခြင်းဘေးကနေ လွတ်မြောက်စေချင်တာပါပဲ အကိုမြစ်ရေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

တိမ်တွေမှာတော့ နာမ်ရဲ့ သဘောသဘာဝမရှိတော့ ချုပ်နှောင်ထားလည်း တိမ်သက်သက်သာ ရှိနေမှာပါ။
ဒါပေမဲ့ လူတစ်ယောက်၊ လူတစ်စုကို ကိုယ်နဲ့အမြင်မတူ၊ ကိုယ်မကြည်ဖြူတဲ့ သူတို့ရဲ့ ယုံကြည်ရာအတွက် ဖမ်းဆီးချုပ်နှောင်ထားတဲ့ခါ လူကိုသာ ချုပ်နှောင်လို့ရပေမဲ့ ယုံကြည်ချက်တွေကိုတော့ ချုပ်နှောင်ထားလို့ မရဘူးပေါ့နော်။ သို့သော် ချုပ်နှောင်ထားတဲ့အတွက် ယုံကြည်ချက်နောက်ကိုတော့ လူက လိုက်လို့မရဘူးပေါ့.
လူတိုင်းလူတိုင်း ယုံကြည်ချက်နဲ့ ရဲရဲဝံ့ဝံ့ ချီတက်နိုင်ဖို့အတွက် သော့ခလောက်တွေအားလုံး ဖွင့်ပေးသင့်ပါတယ်။ ဖွင့်ပါစေလို့လည်း ဆုတောင်းမိပါတယ်။
အတွေးရော အရေးရော သိပ်ကောင်းတဲ့ပိုစ့်လေးပါ။
ဘရာဗိုပါ စာရေးဆရာ

ဘုန်းဘုန်းတောက် said...

ဟိုတစ်နေ့က မဒမ်ကိုးထဲမှာ ကိုရင်ရေးထားတာ သွားသတိရမိတယ်။ လွတ်သင့်လွတ်ထိုက်တဲ့လူတွေကို လွတ်ပေးလိုက်တာ မှန်ပေမယ့် မလွတ်သင့်မလွတ်ထိုက်သေးတဲ့လူတွေ ပါသွားမှာကို စိုးရိမ်မိတယ်တဲ့။

ချောပြောသလိုပါပဲ တိမ်တွေကို ချုပ်နှောင်ထားလည်း သက်သောင့်သက်သာ ရှိနိုင်ပါသေးတယ်။ ယုံကြည်ချက်တွေ၊ ရှေ့ဆက်မျှော်လင့်ချက်တွေ အပြည့်ရှိတဲ့ လူတွေကို ချုပ်နှောင်ထားဖို့တော့ မကောင်းပါဘူး။

အဲဒီလို ချုပ်နှောင်ခံထားရတဲ့ လူတွေ မြန်မြန်လွတ်ပါစေ၊ သော့ခလောက်တွေ မြန်မြန်ပွင့်ပါစေလို့ဘဲ ဆုတောင်းလိုက်ပါရစေ။

san htun said...

အရေးအသား တကယ့်ကို ပြောင်မြောက်သလို အိုင်ဒီယာလေးကလည်း ပြောစရာမလို ကောင်းမွန်တယ်...Good Job ကိုမြစ်

နှင်းနုလွင် said...

အဟုတ်ပဲ........လွင့်မျောနေရမယ့် အရာတခုဟာ လွင့်မျောနေရမှ သဘာဝကျမယ်။ ယုတ္တိတန်မယ်။ ချုပ်နှောင်ထားလိုက်မယ်။ အတိုင်းအတာ ဘယ်လောက်အထိ ခံနိုင်မလဲ။ ချည်နှောင်သူကိုယ်တိုင်ပဲ မလွတ်မလပ် ဖြစ်သွားမယ်။ အဲ့ဒီသဘာဝကို ပေါ်လွင်ထင်ရှင်းစေတယ်။ ဖတ်ရတာ ထိထိမိမိရှိတယ်။

ညိမ်းနိုင် said...

သိပ်ကောင်းတဲ့အတွေးနဲ့အရေးပဲဗျာ...အတုယူအားကျသွား
တယ် ကိုမြစ်ရေ....။ကြိုက်သဗျိုးးးးးးးးးးးး

ညီမလေး said...

အဲ့လို ပစ်ခွဲခံရလို့ လွတ်မြောက်မယ် ဆိုရင် ညီမလေးလဲ ပစ်ခွဲခံချင်မိတယ် .....

ဟန်ကြည် said...

အတွေးလှတာကို သဘောကျမိပါရဲ့...ကိုယ်ကိုယ်တိုင်တောင် တစ်ခါမှ မတွေးဖြစ်တဲ့ ရှုထောင့်၊ ပြကွက်ကို ရေးသွားတာကို သဘောကျလို့မဆုံးတာကြောင့် နှစ်ခါပြန်ဖတ်ဖြစ်သွားပါတယ်...

Thet Oo said...

မင်္ဂလာပါ။

8Yar said...

ကောင်းလိုက်တဲ့ ဝတ္ထုတို လေးဗျာ။ လေးစားပါတယ် အစ်ကိုမြစ်ရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

 

Posts Comments

©2006-2010 ·TNB