ဆွေမျိုးများထဲမှ

08 October 2011

စာမရေးဖြစ်သည်မှာ ကြာလာတော့ အာရုံတွေက ငြိမ်သက်အေးခဲနေ၏။ စိတ်ကူးထဲမှာ ဇာတ်လမ်းများကိုပုံဖော်သလောက် လက်ကလိုက်မရေးချင်သည့်အခါ စာရေးချင်စိတ်ပင် လျော့ပါးစပြုလာသည်။ ဒီအတိုင်းဆို ကြာလေပိုဆိုးလေဖြစ်တော့မည်ကို တွေးမိ၍ ပေါ့ပေါ့ပါးပါး တစ်ပုဒ်ရေးကာ စာရေးချင်စိတ်ကို အရှိန်ပြန်ယူလိုက်ပါရသည်။ ဆွေမျိုးများထဲမှာ ထူးခြားသည့် စရိုက်ရှိသူများအကြောင်း ရေးမည်ဟု စိတ်ကူးရမိပြီး ယခုပို့စ်လေးကို ရေးမိခြင်းဖြစ်သည်။ 

ပထမဆုံးရေးချင်သည့် သူအကြောင်းက ကျွန်တော့်အဘိုးအကြောင်းဖြစ်သည်။ အဘိုးက ခုခေတ်စံချိန်စံညွှန်းများနှင့်တိုင်းလျှင် ထူးခြားသော စရိုက်ရှိသူတစ်ယောက်ဟု သတ်မှတ်ရမည်ထင်သည်။ သူယုံကြည်ရာကို ဆွဲကိုင်ပြီး နေထိုင်ရှင်သန်သွားသူဖြစ်သည်။  အဘိုးနာမည်က ဦးထွန်းအောင် ဟုခေါ်သည်။ 

ကျွန်တော် သိတတ်စ အရွယ်ရောက်မှ အဘိုးက ကျွန်တော့်အဘိုးအရင်း မဟုတ်မှန်း သိခဲ့ရ၏ အဘိုးက အဘွား၏ နောက်အိမ်ထောင်ဖြစ်သည်။ ကျွန်တော့်ဖေဖေ ကလေးဘဝကတည်းက သူ့ဖခင် ဆုံးပါးခဲ့ရတာကြောင့် အဘွားက နောက်အိမ်ထောင် ထပ်ထူလိုက်ခြင်းဖြစ်သည်။ မပြောမဖြစ် ပြောဖို့လိုသည့်အချက်က အဘိုးက ဗုဒ္ဓဘာသာဝင် မဟုတ်။ ဘာသာခြားဖြစ်သည်။ သူ ကျွန်တော့်အဘိုးအရင်း မဖြစ်ခဲ့သည့် အချက်များထဲတွင် ထိုအချက်သည် ကျွန်တော့်ကို စိတ်သက်သာရာ ရစေသော အချက်လည်းဖြစ်၏။


အဘိုးက ပညာတတ်တစ်ဦးဖြစ်သည်။ အိန္ဒိယနိင်ငံ ကာလက္ကတား တွင် တက္ကသိုလ်တက်ပြီး အင်ဂျင်နီယာ ဘွဲ့ရခဲ့သည်။ အဘိုးတို့ မောင်နှမများအားလုံးက နိင်ငံခြားတွင် ဘွဲ့ရထားသူများဖြစ်သည်။ ထိုခေတ်အခါက နိင်ငံခြားတွင် ပညာတော်သင် ထွက်ပြီး ဘွဲ့ရသည်မှာ ရှားပါးသော ခေတ်ဖြစ်သည်။ ထို့ကြောင့်လည်း ကျွန်တော် သိတတ်စ အရွယ်တွင် အဘိုးက ရာထူးကြီးကြီး ရနေပြီ။ သန်လျင်မြို့ရှိ BOC ရေနံချက်စက်ရုံတွင် အဘိုးက ရာထူးအကြီးဆုံး ဖြစ်နေခဲ့သည်။

အဘိုးနေသည့်အိမ်က ခြံဝင်းလေးနှင့် တစ်ထပ်တိုက် ဖြစ်သည်။ အင်္ဂလိပ်များ အုပ်စိုးခဲ့စဉ်က  ရေနံချက်စက်ရုံအရာရှိများ နေသွားသော အိမ်လည်းဖြစ်၏။ ကျွန်တော်တို့ နေသည့် အိမ်နှင့်က မလှမ်းမကမ်း၊ မနီးမဝေး မှာရှိသည်။ အဘိုး၏ ဘွဲ့ထူး ဂုဏ်ထူးမှာ ရိုးသားခြင်းနှင့် စည်းစနစ်ရှိခြင်းဖြစ်သည်။ သူ့ပစ္စည်းများကို ကိုင်တွယ်ပြီးလျှင် နေသားတကျ ပြန်ထားရသည်။ မဟုတ်ပါက ဆူ၍မဆုံးတော့။ သူ၏ အလုပ်စားပွဲနား ကပ်ခွင့်မရှိ။ ခဲတံကို လက်တစ်ဆစ် ကျန်သည်အထိ ချွန်၍ သုံးတတ်သူဖြစ်သည်။ မည်သည့်အရာမျှ အလဟဿ အဖြစ်မခံ။ ထိုအမူအကျင့်များသည် အဘိုးအကြောင်း ပြန်တွေးတိုင်း ရှေ့ဆုံးမှ သတိရမိသော အချက်များလည်း ဖြစ်သည်။ စည်းကမ်းရှိခြင်း စနစ်တကျ ရှိခြင်းသည် ပြောပလောက်စရာ မဟုတ်ဟု ဆိုလျင် လက်ခံရမည် ဖြစ်သော်လည်း အဘိုး၏ ရိုးသားခြင်းကိုတော့ သေသေချာချာ မီးမောင်းထိုးပြချင်သည်။

သည်နေရာတွင် သန်လျင်သားတို့ ပြောလေ့ရှိသော အပြောင်အပျက် စကားတစ်ခွန်းရှိသည်။ ဘီအိုစီ ရေနံချက်စက်ရုံ ရှိနေသမျှ သန်လျင်သားတွေ မငတ်ဘူး ဆိုသည့် စကားဖြစ်၏။ ပိုပိုသာသာ ပြောသလို အပြောင်အပျက် စကားဖြစ်သော်လည်း သန်လျင်မြို့တွင် ရေနံနှင့် ပါတ်သတ်၍ ချမ်းသာနေကြသူများက ဒုနှင့်ဒေး ဖြစ်သည်။ မကောင်းမှုဟု မတွေးဘဲ တနိင်တပိုင် လုပ်ကိုင်လျှင် နေ့စဉ်ဝင်ငွေ မပူရသော အလုပ်မျိုးလည်း ဖြစ်သည်။ ဒါက သာမန်မြို့နေလူထုအတွက် ရေနံချက်စက်ရုံနှင့် ပါတ်သတ်သည့် စီးပွားရေး အနေအထား ဖြစ်သည်။ အဘိုးကဲ့သို့ စက်ရုံတစ်ခုလုံး၏ အကြီးဆုံး ရာထူးရှိသူအတွက် မည်မျှအထိ လုပ်ကိုင် နိင်စွမ်း ရှိမည်ကို မှန်းဆဖို့အတွက် နမူနာ ကောင်းများလည်း ရှိသေးသည်။

ဘီအိုစီ ရေနံချက်စက်ရုံဆိုသည်မှာ (ထိုခေတ်က) ဂိတ်စောင့်များပင် ချောင်ချောင်လည်လည် နေနိင်ကြပြီး ဆီပန့်ကိုင်သူများက ရွှေတွဲလွဲ ငွေတွဲလွဲ ၊ ဌာနစိတ်မှူးများ၏ ဇနီးများက ရွှေလက်ကောက် တစ်တောင်ဆစ်ခန့်အထိ ဝတ်ဆင်ကာ ခြံတွေ ကားတွေ ဝယ်နိင်သည့် လုပ်ကွက်ရှိသည့် နေရာမျိုး ဖြစ်သည်။ ထို့သို့ဆိုလျှင် ရာထူးအကြီးဆုံးဖြစ်သော စက်ရုံမှူးအဘိုး၏ ဝင်ငွေကို မှန်းဆ၍ ရနိင်လောက်ပြီ။ မသမာသည့် နည်းလမ်းဖြင့် ဝင်လာမစဲ တသဲသဲသော ငွေပုံပေါ်တွင် ထိုင်နေနိင်သူဟု ဆိုရမည်။ 

သို့သော် အဘိုးက ထိုကိစ္စများကို လုံးဝ လက်မခံ။ ဌာနမှ သူ့တပည့်များက အဘိုးထံလာ၍ ငွေကို အထုတ်လိုက် မကြာမကြာ လာပေးကြသည်။ အဘိုး၏ အနေအထိုင် ကျပ်တည်းမှုကို သဘောပေါက်သဖြင့် ထောက်ပံ့ပေးကြခြင်းဖြစ်သည်။ ငွေကိုလက်ခံရုံ ၊ မည်သည့်ကိစ္စထဲမှ ပါရန်မလို၊ နာမည်ထွက်မှာ စိတ်ပူရန်မလို၊  သူတို့ ကန်တော့သည်ကိုသာ လက်ခံပေးရုံ တောင်းပန်ပြီး ပေးကြသည်။ အဘိုးက ငွေထုတ်ကို တစ်ချက်တောင် မတို့ထိ။ ပြန်ယူသွားဖို့ ၊ သူရသည့်လခနှင့် လုံလောက်ကြောင်း ၊ ကိုယ်ဖြစ်တာ ကိုယ်ခံရမည်ဖြစ်ကြောင်း ၊ သူ့အလုပ်ကို လိပ်ပြာသန့်သန့် လုပ်ချင်ကြောင်း ပြော၍ ပြန်လွှတ်မြဲ ဖြစ်သည်။ ကြာလာတော့ အဘိုးအတွက် ငွေထုတ်အစား ဂုဏ်ထူးတစ်ခုရလာသည်။ ဝန်ထမ်းများ တညီတညွတ်ထဲ ပြောပုံက ဦးထွန်းအောင်လို လူမျိုး ရှားမှရှား  ဆိုသည့် ဂုဏ်ပုဒ်ဖြစ်သည်။ အဘိုးကလည်း သူ့လိပ်ပြာလုံမှု အတွက် ကျေနပ်နေသည်။ အလုပ်အပေါ် မည်သည့် အခွင့်အရေးမှ မယူပုံကို ကျွန်တော့် ဖေဖေ ပြန်ပြောသည့် အဖြစ် တစ်ခု ရှိသည်။

ရေနံချက်စက်ရုံဝင်းထဲတွင် ကတ္တရာစေးများထည့်သည့် တိုင်ကီများ ရာ ၊ ထောင် ချီ၍ ရှိသည်။ ကတ္တရာလမ်းခင်းပြီးလျှင် ထိုတိုင်ကီအလွတ်များကို စက်ရုံဝင်းထဲတွင် ပုံထားသည်။ ထိုတိုင်ကီများက ရေထည့်၍ သုံးလျှင်ဖြစ်သည်။ သန်လျှင်မြို့ရှိ နေအိမ်တော်တော်များများတွင် ထိုကဲသို့ ရေတိုင်ကီများ ရှိသည်။ ကျွန်တော့် ဖေဖေက အဘိုးကို ပြောသည်။

“ အပါ … ပီပါအလွတ်တစ်လုံးလောက် ယူပေးပါလား။ ရေထည့်မလို့ ” 

ဆိုတော့ အဘိုးက ချက်ချင်းပြန် ဖြေသည်။

“ ငါ မယူပေးချင်ဘူး။ အပြင်မှာ ကိုယ့်ဟာကိုယ် ဝယ်”

ထိုကဲ့သို့ လူစားမျိုးဖြစ်သည်။ အလုပ်အပေါ် မည်သည့် အခွင့်အရေးမျှ မယူခဲ့သူဖြစ်သည်။ ထိုသို့ သူ့လခကိုသာ တန်ဖိုးထားသော အဘိုးထံမှ ကျွန်တော် မုန့်ဖိုးရဖူးသည်မှာ အင်မတန်ရှားသည်။ သူ့ဆီ လက်ဖြန့်၍ ရသော အချိန်မှာ သူ့ဘာသာ ပွဲတော်နေ့ဖြစ်သည်။ ထိုနေ့မျိုးမှာ အဘိုးထံ လက်ဖြန့်၍ “ ဆလာမလေးကွမ်း ” ဟုပြောလျှင် အဘိုးက ငွေတမတ် ထုတ်ပေး၏။ မှန်သည်။ အဘိုးက မူဆလင်ဘာသာဝင်ဖြစ်သည်။ (မြင်ဖူးနေကျ မုတ်ဆိတ်မွှေးများနှင့် လူမျိုးမဟုတ်ဘဲ ဘောင်းဘီရှည်ကိုသာ ဝတ်၍ အနောက်တိုင်းဆန်ဆန် သပ်ရပ်စွာ နေတတ်ခြင်းကြောင့် ကျွန်တော့်စိတ်ထဲတွင် အဘိုးကို  သာမန်အတိုင်းသာ မြင်လေ့ရှိသည်။) တမတ်ဆိုတော့ ထိုအချိန်က ဇီးထုတ်  ပဲလှော်လောက်တော့ ဝယ်စားနိင်သည်။ ထိုကဲ့သို့ နေ့မျိုးတွင်သာ ပွဲတော်ကို အကြောင်းပြု၍ မုန့်ဖိုး လွယ်လွယ်ကူကူ တောင်း၍ရသည်။ ကျန်သည့်အချိန်များတွင် တောင်း၍မလွယ်။

 သားသမီး သုံးယောက်နှင့် မိသားစုကို သူ၏ လခတစ်ခုတည်းဖြင့် ရပ်တည်ရခြင်းကြောင့် အဘိုး၏ လုပ်သားဘဝက ပိုပိုလျှံလျှံ ချောင်လည်မှု မရှိခဲ့။ အဘိုးအိမ်ကို ပြန်သတိရတိုင်း အာရုံထဲအထိ ဝင်လာတတ်သည်မှာ ငပိရည်ကျိုအနံ့နှင့် ချဉ်ပေါင်ရွက်မွှေထားသည့် အနံ့ဖြစ်သည်။ အဘိုးအိမ်တွင် အမြဲတမ်း မပြတ်လပ်သည်မှာ ထို ဟင်း အမယ် နှစ်မျိုးဖြစ်သည်။ အိမ်အလည်သွားတိုင်း ချဉ်ပေါင်ရွက်မွှေကို ငပိရည်ဆမ်းကာ စားခဲ့ရသည်ချည်းသာဖြစ်၏။ အဘိုးက ချမ်းသာ ကြွယ်ဝခြင်းကို ရိုးသားမှုနှင့် လဲလှယ်ကာ ထိုသို့ အနေ နှင့် အစား  ခြိုးခြံ၍ လုပ်သားဘဝကို ဖြတ်သန်းရင်း သက်ပြည့်ပင်စင် ယူခဲ့တော့သည်။

အဘိုးသက်ပြည့် ပင်စင်ယူသည့်အချိန်တွင် လုပ်သက်အရ ပေ ၄၀x ၆၀ ခြံကွက် တစ်ကွက်ရရှိခဲ့သည်။ တိုးချဲ့ရပ်ကွက်၏ အတွင်းဘက်ကျကျ နေရာတွင် ဖြစ်၏။ မြို့ထဲသို့ သွား လာဖို့ အလွယ်တကူ မဖြစ်သည့်နေရာလည်းဖြစ်သည်။ သူ့လက်အောက်မှ ဝန်ထမ်းများက မြို့လယ်တွင် ခြံဝယ်ကာ တိုက်ဆောက်ကားစီးနိင်ချိန်တွင် အဘိုးက သူရရှိခဲ့သည့် မြေကွက်ပေါ်မှာ ခြေတံရှည် သစ်သားအိမ်တစ်လုံး ဆောက်ပြီး ပြောင်းရွေ့နေထိုင်ခဲ့သည်။ ထိုအချိန်တွင် သမီးနှစ်ဦးက အရွယ်ရောက် အိမ်ထောင်ကျနေပြီ ဖြစ်၍ ထိုအိမ်တွင် အဘိုး ၊ အဘွား နှင့် သူတို့၏ သားငယ် သာ နေထိုင်ခဲ့ကြသည်။

ကြိုတင်စုစောင်းထားနိင်ခြင်းမရှိသည့် အဘိုး၏ ပင်စင်စား ဘဝသည် တခြားပင်စင်စားများ ကဲ့သို့ပင် အခက်အခဲများဖြင့် စတင်ရင်ဆိုင်ရတော့သည်။ အဘိုးအတွက် ထွက်ပေါက်ဟု ဆိုရမည်မှာ သူ၏ မောင်နှများက ရာထူးများဖြင့် အဆင်ပြေနေသောကြောင့် တပါတ်တခါ ရန်ကုန်တွင် ဆန်သွားယူ၊ ငွေသွားတောင်းဖြင့် စားဝတ်နေရေးကို ဖြေရှင်းခဲ့သည်။ ကျွန်တော်တို့အိမ်လာလည်သည့်အခါ မေမေက ဆန် ၊ ဆီ စသည်ဖြင့် တတ်နိင်သည့်အချိန် ထောက်ပံ့ပေးခဲ့သည်။ ပင်စင်စားတစ်ဦး၏ ဘဝသည် ထိုနည်းလည်းကောင်း ဖြစ်ကြ၍ အဘိုး၏ ပင်စင်စား ဘဝက ထူးပြီးတော့ ဆန်းမနေခဲ့ပါ။

သို့သော် ထိုအချိန်တွင် မပြောမဖြစ် ပြောချင်သည်က အဘိုး၏ ဘာသာရေး ဖြစ်သည်။ သူပင်စင်ယူသည့်အချိန်တွင် ဗုဒ္ဓဘာသာဝင် ဖြစ်နေခဲ့လေပြီ။ တခြားဘာသာခြားများ ဗုဒ္ဓဘာသာထဲ ရောက်လျှင် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များထက် ပို၍ ဘာသာရေးကို အားစိုက် လုပ်ဆောင်လေ့ရှိသည့် ဆိုရိုးအတိုင်းပါပဲ။ အဘိုး၏ မောင်နှမများက ဗုဒ္ဓဘာသာထဲ အရင်ရောက်ရှိပြီး အိမ်တွင် ဓါတ်ခန်းဖွင့် ၊ ကျိုက်ထီးရိုး မြစိမ်းတောင်တွင် ဘုရားတည် ၊ စသည်ဖြင့် ဘာသာရေးကိစ္စများ အားတက်သရော လုပ်ဆောင်နေကြသည်။ ဘာသာပြောင်းပြီးနောက်ပိုင်း အဘိုးနှုတ်က ထွက်သမျှသည် ဘုရားစကား တရားစကားများသာ ဖြစ်နေတော့သည်။

ထိုအချိန်တွင် ကျွန်တော်တို့ ပြောင်းရွေ့နေထိုင်သည့် ရပ်ကွက်နှင့် အဘိုးနေသည့် ရက်ကွက်မှာ တဆက်တည်း ဖြစ်လာသောကြောင့် အဘိုးအိမ်နှင့် တော်တော် နီးသွားခဲ့သည်။ ထို့ကြောင့် အိမ်တွင် မုန့်တခုခု လုပ်စားတိုင်း၊  ဟင်းကောင်းချက်တိုင်း အဘိုးအိမ်ကို သတိတရ သွားပို့ပေးသည်။ သွားပို့ပေးရသည်က မခက်ခဲ။ ငါးမိနစ်ခန့် စက်ဘီးစီးလျှင် အဘိုးအိမ်ကို ရောက်ရှိသော်လည်း အိမ်ရှိ ကလေးများက အဘိုးထံသို့ မသွားချင်ကြပါ။ မသွားချင်သည့် အကြောင်းကလည်း အနည်းငယ်တော့ ထူးသည်။ အဘိုးက သူ့ထံ ရောက်လျှင် တခြားစကား မပြော။ “ လာ… ဘုရားရှိခိုး ၊ တရားပါထိုင် ” ဆိုပြီး အတင်းထိုင်ခိုင်းတာကြောင့် ကလေးတွေက သူ့ဆီရောက်တိုင်း ဘုရားရှိခိုး တရားထိုင်ပြီးမှ ပြန်ကြရသည်။ ထို့ကြောင့် ကလေးတွေက အဘိုးအိမ်ဆို မသွားချင်ကြ။

ရပ်ကွက်ချင်းက ဆက်နေတာကြောင့် အဘိုးကလည်း ကျွန်တော်တို့အိမ်ကို အမြဲရောက်သည်။ သူ့မောင်နှများထံမှ ပြန်လာတိုင်းလည်း အိမ်ကို ဝင်လာလေ့ရှိသည်။ ဝင်လာတိုင်းလည်း ပြောသည်မှာ  “ဘုရားရှိခိုးနော်။ တရားလည်းထိုင် ”  ကြာလာတော့ မေမေက  စိတ်အချဉ်ပေါက်ပြီး အငေါ်တူးသည်။  “အပါရယ်… ကျမတို့က ငယ်ငယ်ထဲက ဘုရားရှိခိုးတာ.. အပါ စိတ်မပူနဲ့” တဲ့။ မေမေ ထိုသို့ပြောလည်း ခဏတာမျှသာ။ နောက်တော့လည်း ထပ်ပြောမြဲ ပြောဆဲ။ သူကိုယ်တိုင်လည်း တရားစခန်းဝင်သည်။  ဘုရားတည်သည့်နေရာ ကျိုက်ထီးရိုးတောင်တွေအထိ အခါခါ သွားရင်းနှင့် သူ့ဘဝ၏ နေဝင်ချိန်ကို ဘုရား တရား အလုပ်များနှင့်သာ ကုန်ဆုံးစေတော့သည်။

အဘိုးသည် သူကွယ်လွန်ချိန်အထိ လာဘ်မစားဘဲ ရိုးသားစွာ လုပ်ခဲ့သည့် ဘဝကို တန်ဖိုးထားနေဆဲဖြစ်သည်။ ဆင်းရဲကျပ်တည်းသော်လည်း နောင်တ ရသည့် အကြောင်း တခွန်းမျှ မပြောခဲ့။ ထိုသို့ဖြင့် အဘိုး အသက် ၇၀ကျော်မှာ ကွယ်လွန်သွားခဲ့သည်။ 

ရှင်သန်ချိန်မှာ မည်သို့ပင် ရပ်တည်ခဲ့သည် ဖြစ်စေ ကိုယ့်ယုံကြည်ချက်နှင့်ကိုယ် ဘဝ၏ လောကဓံကို ရင်ဆိုင်သွားခဲ့သည်။ သန်လျင်ဘီအိုစီတွင် အဘိုးလက်ထက်က အလုပ်လုပ်ခဲ့သူ တစ်ဦးသာ သည်စာကို ဖတ်မိလျှင် အဘိုးကို ချက်ချင်းမှတ်မိမှာ သေချာသည်အထိ ရိုးသားခြင်းဂုဏ်ကို ထိန်းခဲ့သူဖြစ်သည်။

လူတစ်ဦးတစ်ယောက် သေဆုံးပြီးလျှင် ထိုသူ၏ ရှင်သန်ချိန် အပြုအမူများပေါ်မူတည်၍ ကျန်ရစ်ခဲ့သည့် ဆွေမျိုးများက ဂုဏ်ယူဖွယ် သို့မဟုတ် မျက်နာငယ်ဖွယ် အမွေများကျန်ရစ်ခဲ့မြဲ ဖြစ်သည်မဟုတ်လား။ ကျွန်တော်ကတော့ အဘိုးအကြောင်း တွေးမိတိုင်း ရိုးသားခြင်းဂုဏ်ကို ထိန်းသိမ်းခဲ့ခြင်းအတွက် ဂုဏ်ယူမိပြီး (ကျွန်တော့် စိတ်ခံစားချက်အရ) သူ၏ ဘာသာရေး ခံယူချက်ကြောင့် ဝမ်းမြောက်မိပါသည်။

အဘိုး ဘဝကို တွေးမိလျှင် ဆက်စပ်ပြီးတွေးမိသည့် အတွေးများလည်း ပေါ်လာမြဲဖြစ်သည်။ လုပ်သားများ လုပ်ငန်းခွင်မှ ပင်စင်ယူပြီးသည့် နောက်ပိုင်းတွင် သူတို့အတွက် ခိုင်မာသည့် ဘဝအာမခံချက် ရှိစေချင်သည်။ ထိုခေတ်ရောက်လျှင်တော့ သီလစောင့်သူများ ယခုထက် ပို၍များလာမည်ဟု ထင်မိပါသည်။
အဘိုး၏ ဘဝအကြောင်းလေး ရေးဖွဲ့ရင်းနှင့် မတန်တဆ မဆန့်မပြဲ လာဘ်စားခြင်းများလည်း ပပျောက်ပါစေဟု ဆန္ဒပြုမိပါသည်။

။.....................................................................။

33 comments:

ကိုကိုမောင်(ပန်းရနံ့) said...

အင်း...
အတုယူစရာဘဲဗျာ။ ရိုးသားခြင်းဟာ ကိုးကွယ်တဲ့ ဘာသာပေါ်မှာ မူတည်နေတာတော့ မဟုတ်ပါဘူး။ ပင်ကိုယ် ပကတိစိတ်ဓါတ်က ရိုးသားနေတာပါ။
အဆုံးသတ်မှာ ဘာသာပြောင်းလာတာတော့ အတော်လေး ကြည်နူးမိတယ်။ သူ့မြေးလေးဆရာမြစ်ကိုလဲ နတ်ရွာနတ်ထံက ကြည့်ရှုစောင့်ရှောက် နေမယ် ထင်ပါရဲ့။

ခင်မင်လျှက်

Angel Shaper said...

လူတစ်ဦးတစ်ယောက် သေဆုံးပြီးလျှင် ထိုသူ၏ ရှင်သန်ချိန် အပြုအမူများပေါ်မူတည်၍ ကျန်ရစ်ခဲ့သည့် ဆွေမျိုးများက ဂုဏ်ယူဖွယ် သို့မဟုတ် မျက်နာငယ်ဖွယ် အမွေများကျန်ရစ်ခဲ့မြဲ။
မှန်ပေအိ။ ပါးပါးးးးးး အဘိုးရဲ့ ရိုးသားခြင်းအတွက် လေးစားပါအိ။
အတုယူသင့်ပါပေသည်။

Angel Shaper said...

လုပ်သားများ လုပ်ငန်းခွင်မှ ပင်စင်ယူပြီးသည့် နောက်ပိုင်းတွင် သူတို့အတွက် ခိုင်မာသည့် ဘဝအာမခံချက် ရှိစေချင်သည်။ ထိုခေတ်ရောက်လျှင်တော့ သီလစောင့်သူများ ယခုထက် ပို၍များလာမည်ဟု ထင်မိပါသည်။
မတန်တဆ မဆန့်မပြဲ လာဘ်စားခြင်းများလည်း ပပျောက်ပါစေဟု ဆန္ဒပြုမိပါသည်။

ချစ်စရာကောင်းသော သမီးကြီး ဆိတ်ကလေး ထပ်တူ ဆန္ဒပြုလိုက်ပါကြောင်းးးးးးးးး

မိုးယံ said...

မွစ်စလင်မ် (အစ္စလာမ်ဘာသာဝင်) အများကြီးနဲ့ တွေ့ဆုံဖူးတယ်.. ယခုထိလဲ လက်တွဲလုပ်ကိုင်တုန်းပဲ။ တစ်ချို့များ ဗုဒ္ဓဘာသာဝင်များထက် စိတ်ထား မြင့်မြတ်နူးညံ့ကြတယ်။ ကိုယ်နဲ့လည်း အဆင်ပြေတယ်..အမျိုးထဲမှာလည်း မွတ်စလင်မ်တွေရှိသေးတယ်။

သူကြီးပြောသလိုပဲ...ဘာသာတရားက ဘယ်လောာက်ဆုံးမ ဆုံးမ ကိုယ်တွေက လိုက်နာမှ အဲဒီဘာသာရဲ့ လွှမ်းမိုးမှုကို ခံရမှာပါ။ ဆရာမြစ်ရဲ့ အဘိုးက နောက်ဆုံးနေ၀င်ချိန်ကို အသုံးချသွားပုံကို အကြိုက်ဆုံးပဲ။

သေချာတွေးကြည့်တော့ လူတွေက နေ့စဉ် ထမင်းစား အပြင်သွား အိပ်ယာထ မျက်နှာသစ်ပြီး နောက်ဆုံးသေသွားကြမှာပဲ။ ဘာမှ အသုံးမကျတဲ့ လူ့ဘ၀ကို ဆရာမြစ် အဘိုးက အနှစ်ကျန်အောင် အမြတ်ထွက်အောင် အသုံးချသွားနိုင်တယ်လို့ ယုံကြည်မိပါ၏။

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ဆို အဲလိုမျိုး ရိုးသားသူတွေ ရှားပါးနေတဲ့ ခတ်ကြိးထဲမှာ အားကျ စရာပါအကို ..သူရဲ့ မူလစိတ်ရင်းကကို ရိုးသားနေလို့ ဖြစ်မှာနော်...

T T Sweet said...

ကိုမြစ်ရဲ့အဘိုးအတွက် အင်မတန် ဂုဏ်ယူပါတယ်။ လေးစားမိပါတယ်။ ခုခေတ်လူတွေကတော့ အဖိုးကြီး အ လိုက်တာလို့ ပျက်ရယ်ပြုလေမလားပဲ။ အမျိုးထဲမှာလဲ အဲလို စက်ရုံမှုးအဖိုးလေး တစ်ယောက်ရှိတယ်။ နေတာထိုင်တာ အင်မတန် ရိုးအေးပြီး စည်းစံနစ်ရှိတယ်။ ကိုမြစ်အဖိုးနဲ့ အတော်တူသဗျ။

blackroze said...

ဦးမြစ်ရဲ့အဘိုးအတွက်ဂုဏ်ယူမိပါတယ်..

အဲဒီလိုစိတ်ထားမျိုးကအခုခေတ်မှာရှိကိုမရှိ
တော့တာပါ...ညီမတခါတွေ့ဖူးတယ်..
မှတ်ပုံတင်ရုံးကစာရေးက..
စာရွက်ရှာပေးဖို့အတွက် လဘက်ရည်ဘိုး
200ပေးတာ နည်းလို့ဆိုပြီး..
ပေးတဲ့အမကြီးကို200လောက်တော့
ပေးမနေပါနဲ့တော့ဗျာလို့ ပြောလွှတ်တာ
တွေ့ဖူးတယ်..ဦးမြစ်ရေ..

မေဓာဝီ said...

ရိုးသား ဖြောင့်မတ်တဲ့ ဂုဏ်က ဘ၀မှာ တန်ဖိုးအရှိဆုံးပါပဲ။ နောင်လာနောက်သား နောက်မျိုးဆက်တွေပါ အဘိုးအတွက် ဆက်လက် ဂုဏ်ယူနေနိုင်တာပေါ့။ ဆြာမြစ်အဘိုးက တကယ်ကို လေးစား ချီးကျူးဖို့ ကောင်းတယ်။ အဘိုးရဲ့ ဂုဏ်ယူဖွယ် လုပ်ရပ်တွေကို ခုလို စာနဲ့မှတ်တမ်းတင်နိုင်တာလဲ ဆြာမြစ်ကို ချီးကျူးပါတယ်။

san htun said...

ကိုမြစ်အဘိုးအတွက် ဂုဏ်ယူမိပါတယ်...

Nyi Linn Thit said...

ဒီလောက် ရိုးသားခဲ့တဲ့ အဘိုးအကြောင်းကို တွေးရင် သူ့ရဲ့ ရိုးဂုဏ်ကို အရင်ဆုံး သတိရမိတာ တကယ်ပဲ ဖြစ်သင့်တဲ့ ကိစ္စ ပါပဲ၊ သန်လျင်ဇာတိ ဖြစ်တဲ့ ကျနော့်အဖိုးနဲ့ အဖွားတို့တော့ သူ့အကြောင်း သိကောင်းသိနိုင်မယ် ထင်တယ်ဗျ၊ ဒီလိုမျိုး မယိုင်မလဲ အဆုံးထိ ရိုးသားသွားတဲ့ အဘိုးတစ်ယောက် အကြောင်းကို တသီးတသန့် စာထက် အက္ခရာ တင်တော့ အဲဒီ ရိုးသားခြင်းတွေ အတော်လေး ပျောက်ကုန်တဲ့ ဒီခေတ်ကလူတွေ အတွက် မှတ်သား စရာ ဖြစ်ကျန်ရစ် ပါတယ်...။

ကိုဇော် said...

တကယ်ကို ဘာသာခြားတွေ ဘာသာပြောင်းရင် တကယ် ထူးခြားတတ်ကြပါတယ်။ မေတ္တာရှင် ဆရာတော် ဟောသွားတဲ့ စကားလေးကို အမြဲတမ်း သတိတရ ဖြစ်နေမိပါတယ်။

ဗုဒ္ဓဘာသာကနေ တခြားဘာသာကို ပြောင်းတာက ငတ်လို့။
တခြားဘာသာကနေ ဗုဒ္ဓဘာသာ ပြောင်းလာတာက တကယ်ကို အနှစ်ကျကျ သိလို့။

ဆိုပဲ။ တကယ်လည်း ဆရာတော် ဦးဇောတိက ၊ ဦးဆန်းလွင် တို့ကို သာဓက ထားပြီးတော့ လက်ခံပါတယ်။

အလင်းသစ် said...

ခေတ်ကို အကြောင်းပြပြီး ကိုယ်ကျင့်တရားတွေ ရောင်းချနေကြတဲ့ ဒီနေ့ခေတ် လူတွေကို မြင်နေရတော့ အကို့ အဘိုးရဲ့ စိတ်ဓာတ်မျိုးက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ သိပ်ကို ထင်သာ၊မြင်သာရှိတယ်ဗျာ။။။

rose of sharon said...

လေးစားစရာသိပ်ကောင်းတဲ့အဘိုးဘဲ... အကောင်းဆုံးစံနမူနာတွေ ပြသွားခဲ့တယ်...

မိုးခါး said...

လေးစားအားကျ အတုယူစရာ ကောင်းလိုက်တာ .. ခုခေတ်မှာလဲ ဒီလိုလူမျိုးတွေ ရှိနေလိမ့်ဦးမယ်ဆိုတာ ယုံကြည်ပါတယ် .. ပိုမိုများပြားလာဖို့သာ လိုအပ်တာပါ ..

မအိမ်သူ said...

တကယ်ကိုလေးစားအတုယူဖွယ် အဖိုးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရတဲ့မြေးတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူစရာပါပဲ။ ဒီခေတ်ကြီးမှာ အဲဒီလိုရိုးသားပြီး ကိုယ့်ရိုးဂုဏ်ကိုလဲ သေတဲ့တိုင်ထိန်းသိမ်းသွားနိုင်သူမျိုးဟာ အတော်ကိုရှားနေပြီလို့ဆိုရမယ်ထင်ပါရဲ့။ သားစဉ်မြေးဆက် ဂုဏ်ယူထိုက်ပါတယ်။

သတိုး said...

ဗုဒ္ဓဘာသာမှာက ဘာသာတရားရဲ့ အားနည်းချက်မရှိပဲ ဘာသာဝင်တွေရဲ့ အားနည်ချက်က တအားများလွန်းနေတာ ဖြစ်မယ်။ ကိုယ့်ဘာသာရဲ့ အနှစ်သာရကို မဆိုထားနှင့် ဗုဒ္ဓ၀င်ကိုတောင် လူပြောသူပြောကြားဖူးနားဝလောက်ကလေးနဲ့ တင်းတိမ်ပြီး နေသွား၊ သေသွား သူတွေ အများကြီး မဟုတ်လား။
တခြား ဘာသာဝင်တွေက ကိုယ့်ဘာသာအကြောင်း စိတ်ဝင်စားကြ၊ စူးစမ်းကြတော့ အနှစ်သာရကို သိနေကြတယ်။ အားနည်း၊ အားသာချက်ကိုတောင်မှ သိနေကြတယ်။ ကျွန်တော်တို့တွေကတော့ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ...ရေး အစစ အမှတ်တမဲ့နဲ့ပဲ ပြီးသွားတတ်ကြတာ ဆိုတော့.လည်း........

ချော(အစိမ်းရောင်လွင်ပြင်) said...

လဘ်စားမှုတွေ များပြားလှတဲ့ ဒီခေတ်ကြီးမှာ ဆရာမြစ်ရဲ့အဖိုးရဲ့ ရိုးသားမှု ဂုဏ်က ချီးကျုးဖို့ကောင်းသလို နမူနာယူဖို့လည်း ကောင်းပါတယ်။ သို့သော်လည်း လူတော်တော်များများက ချဉ်ပေါင်ရွက်မွှေ၊ ငါးပိရည်နဲ့ မတင်းတိမ်နိုင်ကြလေတော့ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေကြတာပေါ့။
လိုချင်ရမ္မက်ကြီးလာလေ မတရားလဘ်စားမှုကို ပိုပြီး လုပ်လာလေပါဘဲ
ဗုဒ္ဓဘာသာဝင် စစ်စစ်တွေဖြစ်နေကြပေမဲ့ အမြတ်ကြီးစား မတရားလာဘ်စားသူတွေ တစ်ပုံကြီးပါ။ ဆရာမြစ်လဲ အဖိုးရဲ့ ရိုးဂုဏ်ကို နမူနာယူပြီး ရိုးသားကြိုးစားနိုင်ပါစေသော်.....

SHWE ZIN U said...

ဘီယာ ဘိုးလေးတင်ပါ

SHWE ZIN U said...

အဲလို ပုဂ္ဂိုလ် မျိုးအတွက် ဂုဏ်ယူသင့်ပါတယ် ကိုမြစ်ကျိုး ရေ သေတော့လည်း ဘာမှ ယူသွားလို့ ရတာမဟုတ်

ညီရဲ said...

အစ်ကို့ အဘိုးလို လူမျိုးကတော့ ရှားသွားပြီ အစ်ကို...
ဒီဘက်ခောတ်မှာ ဆိုရင်တော့ မရှိတော့ဘူးတောင် ထင်မိတယ်....
ဘာသာခြားတွေ ဒီလို ဘာသာ ကူးပြောင်းရင် သူတို့ က ယုံကြည်မှုကြောင့် ကူးပြောင်းတာဆိုတော့ ပိုပြီး အားစိုက်တာကို တွေ့ ရလေ့ရှိတယ်...အဲဒီအတွက်လဲ ပီတိဖြစ်မိတယ် အစ်ကိုရေ...

mstint said...

သူများမိုးခါးရေသောက်ရင် ငါလည်းသောက်မှပဲ ဆိုတဲ့လူအများစုရဲ့ အတွေးအခေါ်နဲ့ ဆန့်ကျင်ပြီး ဖြူစင်ရိုးသားတဲ့ ဂုဏ်သိက္ခာကို တစ်စိုက်မက်မက်ထိန်းသိမ်းခဲ့တဲ့ ရှားရှားပါးပါး မောင်မြစ်ရဲ့ အဘိုးလိုလူမျိုး နောက်တစ်ဦး အန်တီတွေ့ဘူးခဲ့တယ်။ အန်တီ့ဘဝအတွက် တစ်သက်လုံးကျေးဇူးဆပ်လည်း ကုန်မှာမဟုတ်တော့တဲ့ အန်တီ့ဖေဖေပါ။ မောင်မြစ်အဘိုး ဇာတ်လမ်းလေးဖတ်ပြီး ထပ်တူထပ်မျှ ကြည်နူးဝမ်းသာ ဖြစ်မိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sonata-cantata said...

မန္တလေးမှ မိတ်ဆွေတွေအကြောင်းလေး ရေးခဲ့ပါရစေ။ အစ္စလမ်ဘာသာဝင်တွေပါပဲ။ မြို့သစ်တွေဖော်တော့ တက္ကသိုလ်က ဆရာဆရာမတွေမို့ မြေကွက်တွေချပေးတာကို မယူခဲ့ပါဘူး။ သူတပါးလယ်မြေတွေကို သိမ်းပြီး ပေးတာကြောင့်ပါတဲ့။ အတုယူ လေးစားထိုက်သူတွေပါ။

ခင်မင်စွာဖြင့်
မသီတာ

sosegado said...

သန်လျင်ကို သတိရသွားသည်၊
ခုမှတော့စက်ရုံကြီးကစုတ်ပြတ်သတ်နေပေမဲ့
လူတစ်ချို့ကတော့ မိန်းမလေးယောက်ကို တိုက်လေးလုံးနဲ့ထားနိုင်ခဲ့စေသည်။

8Yar said...

အစ်ကို့အဘိုးကတော့ လေးစားလောက်ပါပေတယ်ခင်ဗျာ။ နောက်လူတွေလည်း အစ်ကိုဆန္ဒရှိသလို အတုယူသင့်ပါတယ်။

MGTHANT said...

ဂုဏ်ယူဖွယ်ရာ အဘိုးပါပဲ... ကိုယ်တောင် အကျဉ်းထဲ အကျပ်ထဲရောက်ရင် လုပ်နိုင်ပါ့မလား မသိဘူး...

flowerpoem said...

ရိုးသားခြင်းက အနေကြပ်ပေမယ့် ဘာနဲ့မှနှိုင်းယှဉ်မှုလို့မရသော အရာပါ...
ကျွန်မဖေ၂ ပြောခဲ့ဘူးပါတယ်
"လူသာသေစေ နာမည်မသေစေနဲ့" ဆိုတဲ့ စကား က သိပ်မှန်တာပဲ

မြသွေးနီ said...

ဒီလိုလူမျိုးက ရှိတော့ရှိတယ်။ ရှားတဲ့ အထဲမှာပါတယ်။ ရိုးသားတဲ့ အဘိုးရဲ့မြေး ဖြစ်ခွင့်ရတာ ဂုဏ်ယူစရာပါ ကိုမြစ်ရေ..။ ဘာသာတရားကတော့ မိမိနှစ်သက်ရာ လွတ်လပ်စွာ ရွေးချယ် ကိုးကွယ်ခွင့် ရှိကြပါတယ်။ အကျင့်သီလဆိုတာက မိမိရဲ့ စိတ်ပေါ်မှာသာ မူတည်ပါတယ်။ ဘာသာတရားနဲ့မဆိုင်ဘူးဆိုတာ ကိုမြစ်ရဲ့ ပို့စ် ဖတ်အပြီးမှာ ပိုသိခွင့်ရလိုက်ပါတယ်။

မဒမ်ကိုး said...

ဒီလိုအဘိုးမျိုးရှိတာ ဂုဏ်ယူဖို့ကောင်းပါတယ်
မဒိုးကန်ရဲ့ အဖေနဲ့အဘိုးဆိုလဲ ဒီပုံစံမှတပုံထဲ ပါပဲ
တကယ် ဂုဏ်ယူဖို့ကောင်းပါတယ်

ဟန်ကြည် said...

ကိုမြစ်အဘိုးအကြောင်းဖတ်ရတော့ ကိုယ့်အဘိုးအကြောင်းကို ပြန်ဖတ်နေရသလို ခံစားမိတယ်...အဘိုးကလည်း အင်္ဂလိပ်ခေတ်က ပညာတတ်ဖြစ်ပေမယ့် အစိုးရအလုပ်မလုပ်ဘဲ ယောက်ဖရဲ့ ဆန်စက်မှာ မန်နေဂျာဝင်လုပ်တယ်လေ...စပါးဝယ်ဖို့ ချန်ထားတဲ့ပိုက်ဆံတွေကို အချိန်မကျမချင်း သော့ခတ်ပြီးသိမ်းထားတာ မှိုသာတက်သွားမယ် ယောင်လို့တော့င်မထိဘူး...ယောက်ဖ စက်ပိုင်က ကြာတော့ အားမရလွန်းတာနဲ့ အဲဒီငွေတွေနဲ့ စပါးလေးဘာလေးဝယ်လှောင်ထား စက်ထဲမှာ အသုံးလိုမှပြန်သွင်းလို့ ပြောတာတောင် ငါ့ငွေမှမဟုတ်ဘဲလို့ တစ်ခွန်းပဲ ပြောသတဲ့...အင်း ရိုးသားကြတဲ့ ရှေးလူကြီးတွေကို ကြာလေလွမ်းလေပါပဲ...

မြတ်မွန် said...

အဖိုးရဲ့စိတ်ကို ကွန်ထရိုမလုပ်တဲ့ အဖွားကိုလည်း လေးစားမိတယ်။

မေသိမ့်သိမ့် ကျော် said...

အဘိုးကို တကယ်ကို လေးစားမိတယ်။ ဒီခေတ်မှာတော့ ဒီလိုလူမျိုး ပိုရှားသွားပြီ။


ခင်တဲ့
မေသိမ့်

jp.myintswe said...

a few good man quite different religions.

ရွှေမြို့သူ said...

လေးစားဖို့ကောင်းတဲ့အဘိုးပါပဲ
ခုခေတ်မှာသူ့လိုလူ ရှားမှရှား

 

Posts Comments

©2006-2010 ·TNB