ဗိုလ်ချုပ်အတွက် (သို့) တိုင်းပြည်အတွက်

19 January 2012

ဒီပို့စ်လေးနဲ့ ပါတ်သတ်ပြီး အနည်းငယ် စကားဦးသန်းချင်ပါသည်။ ဒီပို့စ်လေးက ကျနော် ပထမဆုံးရေးဖြစ်တဲ့ ဓါတ်ပုံအက်ဆေးလေးပါ။ ဓါတ်ပုံအက်ဆေးသဘော မပီပြင်ခဲ့လျှင်လည်း ကျွန်တော့်ရဲ့ လိုအပ်ချက် ဖြစ်ပါလိမ့်မည်။ လွန်ခဲ့သည့် သုံး နှစ်ပါတ်ဝန်းကျင်က ကျွန်တော့်ဘလော့ဂ်ပေါ်မှာ ဓါတ်ပုံလေးတွေ တင်ပြီး မျှဝေဖူးခဲ့သော်လည်း နောက်ပိုင်းတော့ ဓါတ်ပုံတွေ မတင်ဖြစ်တော့။ ယခုဒီပို့စ်ထဲတွင် ဓါတ်ပုံတော်တော်များများ ပြန်တင်ဖြစ်သည်။ ရည်ရွယ်ချက်ရှိပါသည်။ ထိုရည်ရွယ်ချက်ကို ပြောချင်၍လည်း ဤကဲ့သို့ စကားဦးသန်းမိခြင်း ဖြစ်သည်။

ကျွန်တော်လက်ရှိခေတ္တနေထိုင်သည့် ထိုင်ဝမ်နိင်ငံ ထိုင်ပေမြို့တွင် ဟိုဒီသွားလာရင်း နေရာတစ်ခုတည်းကို သုံး ၊ လေး ကြိမ်ရောက်ဖြစ်သည်။ ထိုနေရာက Chiang Kai Shek Memorial Hall ဖြစ်သည်။ ချန်ကေရှိတ် က ထိုင်ဝမ်နိင်ငံတည်ထောင်ခဲ့သည့် ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ထိုရင်ပြင် ဗိမ္မာန်နေရာကို နိင်ငံဖခင် အောက်မေ့ဖွယ်ဗိမ္မာန်ဟုလည်း အမည်ခေါ်ဝေါ်ကြသည်။ သူ့နိင်ငံတည်ထောင်ခဲ့လို့ သူတို့နိင်ငံဖခင်ကြီးဟု ကင်မွန်းတပ်ကြသည်က  သဘာဝကျသည်။ မထူးဆန်း။ ကျေးဇူးသိတတ်ကြသည်ကိုး။ ထူးဆန်းနေသည်က ကျွန်တော်...။

ထို ချန်ကေရှိတ်အောက်မေ့ဖွယ် ဗိမ္မာန်က ကျွန်တော် နေသည့်နေရာနှင့် သိပ်မဝေး။ သွားလျှင် နာရီဝက်ခန့် အချိန်အတွင်း ရောက်သည့်နေရာဖြစ်သည်။ သည်တော့ ရောက်ဖြစ်သည်။ ပထမတကြိမ်ရောက်သည်။ နှံ့နှံ့စပ်စပ်လျှောက်ကြည့်သည်။ ထူးဆန်းသည့်ခံစားချက်တစ်ခုက ဝင်လာသည်။ ဒါပေမယ့် ထိုခံစားချက်ကို သိပ်အလေးအနက် မထားခဲ့မိ။ ထို့နောက် အချိန်အတန်ကြာတော့ နောက်တစ်ကြိမ် ထပ်ရောက်ပြန်သည်။ မြင်ဖူးပြီးသား ပြခန်းတွေ ပြကွက်တွေကို ပြန်ကြည့်မိပြန်သည်။ ပထမအကြိမ်တုန်းက ခံစားချက်ထက်ပိုပြင်းထန်သည့် စိတ်ခံစားချက်က ထပ်ဝင်လာပြန်သည်။ ဒါကိုလည်း အသာထားလိုက်သည်။ 

သည်လိုနှင့် တတိယအကြိမ်ရောက်သည့်အခါမှာတော့ ကျွန်တော့်ခံစားချက်တို့က ထိန်းမရတော့။ သိပ်ကို အားကောင်းလွန်းနေတော့သည်။ ထိုခံစားချက်က ချန်ကေရှိတ်၏ အသုံးအဆောင် ၊ ဆုတံဆိပ် ၊ အဝတ်အထည် ၊ လက်ရေးစာမူ ၊ စီးခဲ့သည့်ကား ၊ ဆွဲခဲ့သည့်ပန်းချီ စသည့် ပြခန်းထဲတွင် ပြသထားသမျှ အမှတ်တရပစ္စည်းများကို ကြည့်မိတိုင်း ဗိုလ်ချုပ်အောင်ဆန်း အသုံးအဆောင်တွေသာဆိုလျှင်ဟု အစားထိုးမြင်နေမိသည့်ခံစားချက်ဖြစ်သည်။ ထိုခံစားချက်က ပထမအကြိမ်၊ ဒုတိယအကြိမ် ရောက်ဖြစ်သည့်အကြိမ်တွေထက် ပို၍အားကောင်းသော ခံစားချက်ဖြစ်နေတော့သည်။  ဒို့ဗိုလ်ချုပ်သာဆိုလျှင် ဆိုသည့်အတွေး ၊ ဒို့ဗိုလ်ချုပ်အသုံးအဆောင်တွေကိုလည်း ဒီလို ခမ်းခမ်းနားနား ထားစေချင်သည့် စိတ်များဖြစ်ပြီးရင်း ဖြစ်နေမိတော့သည်။ မည်သည့်ပစ္စည်းကို ကြည့်မိကြည့်မိ ဗိုလ်ချုပ်ကိုတွဲမြင်နေမိသည်။ 

ထိုစိတ်ခံစားချက်တွေကြောင့် ကျွန်တော် တွေးမိသွားသည်။ ငါတို့နိင်ငံမှာရော ဘာလို့အဲဒီလို မလုပ်နိင်ရမလဲ။ လုပ်ရင် ရရမှာပေါ့။ ရန်ကုန်မြို့မှာ နေရာကျယ်ကျယ် လွယ်လွယ်ကူကူ ရှိနိင်သလား စဉ်းစားမိတော့ ပြည်သူ့ရင်ပြင်ကို မြင်မိသည်။ ဤချန်ကေရှိတ်ရင်ပြင်နှင့် ဗိမ္မာန်တည်ရှိပုံကလည်း  ပြည်သူ့ရင်ပြင်နှင့် ခပ်ဆင်ဆင်။ တောအုပ်လေးတွေလည်း ရှိသည်။ ရေကန်လေးတွေလည်းရှိသည်။  နေရာအခက်အခဲ မရှိဘဲ ပြည်သူ့ရင်ပြင်တွင် ဗိုလ်ချုပ်ပြတိုက်အတွက် နေရာတစ်ခုယူ၍ တည်ဆောက်လျှင် ဖြစ်နိင်ကြောင်း ကျွန်တော်တွေးမိသည်။ ဖြစ်စေချင်လွန်းလှသည်။

ထို့ကြောင့် ဒီဓါတ်ပုံအက်ဆေး လေးကို တင်ဖြစ်ခြင်းဖြစ်သည်။ ကြည့်မိသူများအတွက် ဒေသန္တရဗဟုသုတ ဖြစ်စေ ၊ ကျွန်တော့်ကဲ့သို့ ဘယ်ပုံကိုကြည့်ကြည့် ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရပစ္စည်းလေးတွေကို ဒီလို ခမ်းခမ်းနားနား ထားစေချင်သည့် စိတ်အားတက်ကြွမှုဖြစ်စေ၊ ရစေချင်၍ သည်ပို့စ်ကို တင်ပါသည်။ ပြည်ပအားကိုး အထင်တကြီးစိတ်မျိုးမဟုတ်ပါ။ ကောင်းသည့်အချက်များကို ကိုယ့်နိင်ငံတွင်လည်း ရှိစေချင်သော စိတ်ဆန္ဒသက်သက်သာ ဖြစ်ပါသည်။


CKS (ချန်ကေရှိတ်) ပြတိုက်အဝင်မုဒ်ဝ ဖြစ်သည်။ ထိုင်ဝမ်အလံက မြန်မာပြည်အလံဟောင်းနှင့် ဆင်တူလွန်းသည်။



CKS ရင်ပြင်ပေါ်ရှိ အဆောက်အဦးတစ်လုံး


အဝင်မုဒ်ဝဘက်မှ မြင်ရသည့် ချန်ကေရှိတ် ဗိမ္မာန်ရင်ပြင် ပုံစံငယ်။ အနောက်ဆုံးက အမိုးအပြာရောင် အဆောက်အဦးမှာ လေးထပ်အဆောက်အဦးဖြစ်ပြီး အပေါ်ဆုံးထပ်တွင် ချန်ကေရှိတ် ရုပ်ထု ထားရှိပြီး အောက်ထပ်များတွင် ချန်ကေရှိတ်အသုံးအဆောင်များကို အမှတ်တရထားရှိသော ပြတိုက်ဖြစ်သည်။ အနီရောင်အဆောက်အဦးနှစ်ခုမှာ တစ်ခုက ပြဇာတ်များကပြသော ဇာတ်ရုံဖြစ်ပြီး၊ နောက်တစ်လုံးကတော့ နိင်ငံခြားသားအဆိုတော်များ စတိတ်ရှိုးကျင်းပလေ့ရှိသည်။

CKS ပြတိုက်ပေါ်မှ မြင်ရသည့် ရင်ပြင်ကျယ်မြင်ကွင်း၊ အဆောက်အဦး နှစ်လုံး၏ ဘေးနှစ်ဖက်တွင် သစ်တောအုပ်များ ရေကန်များ ရှိသည်။


အမိုးအပြာရောင် အဆောက်အအုံထဲမှ ၁၂၅ နှစ်စာတန်းဖြင့် ချန်ကေရှိတ် ရုပ်ထု 
( တာဝန်ကျအစောင့်များ ဂျုတီချိန် လဲလှယ်နေစဉ်)

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကိုလည်း  ဤကဲ့သို့ ကြွားကြွားဝံ့ဝံ့ ထားရှိစေချင်သည်။

ထိုရုပ်ထုကို အပေါ်ဆုံးအထပ်တွင်ထား၍ အောက်ထပ်များတွင် ပြခန်းအဖြစ် ထားရှိသည်။ CKS အောက်မေ့ဖွယ်ပြတိုက်ထဲတွင် ခင်းကျင်းထားပုံများကတော့...

ဝတ်ဆင်ခဲ့သည့် စစ်ဝတ်စုံ



သုံးစွဲခဲ့သည့် ကြွေခွက် ကြွေဇွန်းများပါ မကျန်စေရ

ရုံးခန်းပုံတူ


စီးခဲ့သည့် ကား နှစ်စီး

ထိုကားများကို မြင်တော့ မကြာခင်ရက်ပိုင်းက Facebook ပေါ်တွင် မြင်ခဲ့ရသည့် ဗိုလ်ချုပ်စီးခဲ့သော ကားပုံလေးကို ပြန်မြင်မိသည်။ သံဘာဂျာတံခါးနောက်ကွယ်မှာ ဖုန်အလိမ်းလိမ်းတက်လျှက်ရှိသည်။ တန်ဖိုးထားတတ်ကြပါစေ...။



လက်ရေးမူရင်း
ချန်ကေရှိတ်  စာဖတ်နေပုံနှင့် ဖတ်ခဲ့သည့်စာအုပ် ၊ သုံးခဲ့သည့်ဒိုင်ယာရီ

 ဤပုံကိုမြင်တော့ တိုင်းပြည်အေးချမ်းလျှင် စာရေး စာဖတ်ခြင်းဖြင့်သာ မွေ့လျော်တော့မည်ဟု ပြောခဲ့သော ဗိုလ်ချုပ်မရလိုက်သည့် အနာဂတ်ဘဝလေးအကြောင်း သတိရမိသည်။

နိင်ငံတကာခေါင်းဆောင်များမှ ဂုဏ်ထူးဆောင် ဆုတံဆိပ်များပေးအပ်နေပုံ ၊
ဗိုလ်ချုပ်သာ သက်တမ်းစေ့ အသက်ရှင်နေထိုင်ခွင့်ရခဲ့လျှင် ကမ္ဘာ့နိင်ငံများမှ ဤကဲ့သို့ပင် ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ကြလိမ့်မည်။


ချန်ကေရှိတ် သွားလာခဲ့စဉ်က ဓါတ်ပုံများ၊ နိင်ငံတကာက ပေးအပ်သော ဆုတံဆိပ်များ ၊ ဖတ်ခဲ့သောစာအုပ်များ

အမှတ်တရပစ္စည်းအရောင်းဆိုင် ၊ ကော်ဖီဆိုင် ၊ အအေးဆိုင်များ
CKS (ချန်ကေရှိတ်) ပြတိုက်ကို နေ့စဉ် ဖွင့်လှစ်ထားသည်။ နေ့စဉ်စည်ကားနေသည့် ပြတိုက်ကြီးကို ကြည့်ရင်း ရန်ကုန်မှာရှိသည့် ဗိုလ်ချုပ်ပြတိုက်ကို တစ်နှစ်တွင် တစ်ကြိမ်သာ ဖွင့်ပေးသည့် စနစ်ကိုလည်း ပယ်ဖျက်စေချင်မိသည်။ ပြတိုက်တစ်ခုလုံးမှ ပုံများကို စုံစေ့အောင်တင်လျှင် အတော်များနိင်တာကြောင့် သင့်တော်ရာပုံများကို ရွေးထုတ်ဖြစ်သည်။




ညဘက်ပိတ်ထားသော ပြတိုက်




ပြတိုက်လှေကားထစ်များပေါ်မှ မြင်ရသော ရင်ပြင်

CKS ပြတိုက်တည်ရှိသည့် ရင်ပြင်ကျယ်နှင့် သစ်တောအုပ်ထဲတွင် နေ့စဉ် နိင်ငံသားများဖြင့် စည်ကားနေသလို နိင်ငံခြားသားခရီးသွားများလည်း အမြဲတစေ လာရောက်လည်ပတ် လေ့လာကြသည်။ ဗိုလ်ချုပ်ပြတိုက်ကိုလည်း ခမ်းခမ်းနားနား တည်ဆောက်ထားလျှင် နေ့စဉ်ဖွင့်လှစ်ထားလျှင် နိင်ငံသား ၊ နိင်ငံခြားသားခရီးသွားများဖြင့် စည်ကားနေမည်ဟု ယုံကြည်မိသည်။

အနှစ်ချုပ်ပြောရလျှင် မိဘကိုတန်ဖိုးထားသည့် မိသားစုသည် ပါတ်ဝန်ကျင်တွင်လည်း မျက်နာပွင့်လန်း ဂုဏ်ကျက်သရေရှိသည်။ တခြားအိမ်နီးခြင်းများ၏ မထေမဲ့မြင်ပြုခြင်းမှ ကင်းဝေးမည်။ လေးစားခံရမည်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်မှာ နိင်ငံ၏ဖခင်ကြီးဖြစ်သည်။  ထို့ကြောင့် တန်ဖိုးထားတတ်ကြစေချင်သည်။ 

ကျွန်တော်မျှော်လင့်သလို ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်များ၏ ပြတိုက်ကြီး ခမ်းခမ်းနားနား ဝံ့ဝံ့ထည်ထည်ဖြင့် ပေါ်ပေါက်လာခဲ့လျှင် ဒါဟာ ဘဝတစ်ခုလုံးတိုင်းပြည်အတွက် ပေးဆပ်ခဲ့သည့် ဗိုလ်ချုပ်အတွက် ကျေးဇူးဆပ်ရာရောက်သလို ၊ တိုင်းပြည်အတွက် ဂုဏ်တက်စရာလည်း ဖြစ်ပါသည်။ ထိုစိတ်ဆန္ဒဖြင့် ဤဓါတ်ပုံအက်ဆေးလေးကိုဖန်တီးဖြစ်ပါသည်။ ထို့ကြောင့် သည်ဓါတ်ပုံအက်ဆေးလေးကို “ဗိုလ်ချုပ်အတွက် (သို့) တိုင်းပြည်အတွက်” ဟု အမည်ပေးလိုက်ချင်သည်။ မကြာမီတစ်နေ့တွင် ခမ်းနားသပ်ရပ်သော ၊ တိုင်းပြည်အတွက်ဂုဏ်ယူဖွယ်ရာ ဗိုလ်ချုပ်ပြတိုက် ပေါ်ထွက်လာမည်ဟု မျှော်လင့်မိပါသည်။

။..........................................................................................................။

33 comments:

Crystal said...

မှန်တယ် ဒီလိုပြတိုက်ကြီးဖြစ်ဖို့ သိပ်တောင့်တမိပါတယ်...

သဒ္ဓါလှိုင်း said...

အရမ်းမျှော်လင့်တောင့်တမိပါတယ်။ ဘယ်တော့မြင်တွေ့ခွင့်ရပါ့မလဲကိုမြစ်။ သူတို့နိုင်ငံက ပုံတွေကြည့်ပြီး ကြည်နူးမိသလို ကိုယ့်ဆီမှာရောဆိုတဲ့ ဖြစ်ချင်စိတ်လေးကလွှမ်းမိုးနေတယ်။
ခင်မင်လျက်
သဒ္ဓါ

ဘုန်းဘုန်းတောက် said...

ဟုတ်တယ် ဒကာတော် ကိုမြစ်ကျိုးအင်းရေ ဘုန်းဘုန်း နယူးဒေလီအလည်ရောက်တုန်းကလည်း မဟတ္တမဂန္ဒီရဲ့ ပြတိုက်၊ အိန္ဒြာဂန္ဒီရဲ့ပြတိုက်တွေကို မြင်ရ၊ ကြည့်ရှုရတဲ့အခါ ဒကာတော်မြစ်ကျိုးတွေးသလိုမျိုး တွေးခဲ့မိပါသေးတယ်။

အမြတ်တနိုး တန်ဖိုးထားတတ်ကြပါစေ...

sosegado said...

လှလိုက်တဲ့ပုံတွေ
တစ်နေ့တော့ ဖြစ်လာမှာပါ

ညီလင်းသစ် said...

ကောင်းမွန်တဲ့ စိတ်ကူး၊ အဆိုပြုချက်ပါပဲဗျာ..၊ တကယ်လည်း ဖြစ်စေချင်ပါတယ်၊ ဗိုလ်ချုပ်လို နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အတွက် ဒီလိုပြတိုက်မျိုး ရှိကိုရှိသင့်ပါတယ်...။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ဇတ်ဆရာ-
ကောင်းလိုက်တဲ့စိတ်ကူးနဲ့ ဓါတ်ပုံကလေးများ--

မြစ်ကျိုးအင်း said...

Crystal >> ဟုတ်တယ် ပြည်သူတိုင်း တောင့်တနေတဲ့ဆန္ဒပါပဲဗျာ။

သဒ္ဓါလှိုင်း >> ဟုတ်တယ်မသဒ္ဒါရေ။ ကိုယ့်နိင်ငံလည်း အဲဒီလိုပဲ တန်ဖိုးထားစေချင်တယ်။

ဘုန်းဘုန်းတောက် >> တင်ပါ့ဘုရား။ ဖြစ်နိင်ရင် နိင်ငံရပ်ခြားရောက်နေတဲ့ဘလော့ဂ်ရေးသူတွေလည်း
ရောက်နေတဲ့နိင်ငံက နိင်ငံခေါင်းဆောင်ပြတိုက် ပုံတွေ တင်စေချင်ပါတယ်ဘုရား။ ဒါမှ တပည့်တော်တို့ နိင်ငံမှာ ဒီလိုပြတိုက်ကြီးတွေ ရှိစေချင်စိတ် လူတိုင်းရင်ကို လှုံ့ဆော်နိင်မှာပါဘုရား။

ကိုဆိုဆီ >> အဲဒီတနေ့လေး မြန်မြန်ရောက်စေချင်တယ်။

(ကိုညီလင်းသစ်) Nyi Linn Thit >> “ဗိုလ်ချုပ်လို နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အတွက် ဒီလိုပြတိုက်မျိုး ရှိကိုရှိသင့်ပါတယ်...။”
ဟုတ်တယ်ကိုညီလင်းသစ်ရေ။ ဗိုလ်ချုပ်လို... ဗိုလ်ချုပ်လို ... ဗိုလ်ချုပ်လို ဆိုတဲ့ စကားစုလေးကိုက ဘယ်အရာတွေနဲ့ ထိုက်တန်တယ်ဆိုတာရဲ့ ခက်ဆစ်လေးပါပဲ။

ဂျစ်တူး ( မုံရွာ )>> စိတ်ကူးလေးကို ထောက်ခံပေးလို့ ဝမ်းသာသလို ဓါတ်ပုံလေးတွေကို ချီးကျူးပေးလို့လည်း ကျေးဇူးတင်ပါ့ဗျာ

အလင်းသစ် said...

စံပြု၊ လေးစား၊ ဂုဏ်ယူစရာ ရုပ်ပုံလွှာ တစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်ရဲ့ ပြတိုက်ကြီးကလည်း မြန်မာပြည်မှာ ထီးထီးမားမား ဝံ့ဝံ့ထည်ထည် ရှိလာလိမ့်မယ်လို့ ကျွန်တော်ဖြင့် ယုံကြည်မိပါရဲ့ဗျာ။။။ စိတ်ကူးလည်း ယဉ်မိပါရဲ့ ဗိုလ်ချုပ်ပြတိုက်ကြီးရဲ့ ဝင်းထဲကို စဝင်ကတည်းက မြန်မာသူရဲကောင်း သီချင်းကို နေရာတိုင်းကနေ ကြားနေရအောင် နည်းပညာပံ့ပိုးမှုနဲ့ ဖွင့်ပေးထား၊ ကြက်သီးတဖွားဖွားနဲ့ ဗိုလ်ချုပ်ရဲ့ ပုံရိပ်များကို လိုက်ကြည့်နေမယ့် မြန်မာပြည်သားတွေစိတ်ထဲ ဇာတိသွေး၊ ဇာတိမာန်တွေ တက်ကြွလာလိုက်မယ့် ဖြစ်ချင်း။။။ စိတ်ကူးတကယ်ကို ယဉ်မိပါရဲ့ဗျာ။။။

ဟန်ကြည် said...

မြစ်ဟာ စီးဆင်းနေသလို သမိုင်းဟာလည်း စီးဆင်းနေပါတယ် ကိုမြစ်ရေ...မြစ်ဟာ သူတိုက်စားသမျှကို မြစ်ဝှမ်းလွင်ပြင်မှာ ပြန်ပြီး အံချပေးရလေ့ရှိပါတယ်...သမိုင်းဟာလည်း တစ်နေ့နေ့မှာ ပြန်ပြီး အံထုတ်ပေးရမှာတွေ ရှိပါသေးတယ်...

အဲဒီနေ့ကို ရောက်လာခဲ့ရင် ဗိုလ်ချုပ်ရဲ့ မှတ်တမ်းတွေကို ကျွန်တော်တို့တစ်တွေ ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ရေးကြပြကြတာပေါ့...

နှင်းနုလွင် said...

အင်မတန်သင့်တော်တဲ့ စိတ်ကူးပါပဲ။ ဒီလိုမျိုးကို လုပ်ခွင့်ရှိနိုင်တဲ့သူတွေ မြင်နိုင်၊ တွေးနိုင်ပါစေလို့ပါ ထပ်ဆင့်ပြီး ဆန္ဒပြုမိတယ်။

Anonymous said...

တထပ်တည်းခံစားရပါတယ်ရှင်။
အိုင်အိုရာ

Angelhlaing(May everybody be happy and healthy! said...

အမြန်ဆုံး အကောင်ထည်ပေါ်လာပါစေလို့ မျှော်လင့်လျှက်ပါအကိုရေ..

မြစ်ကျိုးအင်း said...

အလင်းသစ်>> ပြတိုက်တောင်မဖြစ်လာသေးဘူး။ စိတ်ကူးနဲ့တင် ကြည်နူးဂုဏ်ယူဖို့ ကောင်းလွန်းတယ်။

ဆရာဟန်ရေ အဲဒီသမိုင်းတပါတ်လည်မယ့်နေ့ကို မျှော်လင့်မိပါတယ်။

မနှင်းနုလွင် ၊ မအိုင်အိုရာ ၊ ညီမလေးအိန်ဂျယ်လှိုင်>> ကျွန်တော်တို့အားလုံးရဲ့ဆန္ဒတွေ ထပ်တူပါပဲခင်ဗျာ။

blackroze said...

ဦးမြစ်ရေ
ဦးမြစ်ပြောသလိုသာတကယ်
လုပ်ဖြစ်ရင်အရမ်းကောင်းမယ်..
အခုခေတ်ကလေးတွေက
ဗိုလ်ချုပ်ဆိုတာ
ဘယ်သူမှန်းတောင်မသိကြတော့ဘူးလေ..

စကားမစပ်
နောက်ခါအလှုခံဆိုရင်
ဦးမြစ်စီကိုလည်းဖုန်းဆက်ပြီး
အလှုခံမယ်နော်..း)

မေဓာဝီ said...

ဒီမှာလဲ ပြတိုက်တွေသွားတိုင်း ကိုယ့်တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ ခေါင်းဆောင်တွေ စာရေးဆရာကြီးတွေ ပညာရှင်ကြီးတွေ အတွက် ပြတိုက်တွေ ရှိစေချင်လိုက်တာလို့ တောင့်တခဲ့ဖူးတယ်။
နန်းတော်အတုကြီးတွေ ပလ္လင်အသစ်တွေ လျှောက်လုပ်နေမယ့်အစား ရှိခဲ့တဲ့ သမိုင်းကို တန်ဖိုးထားပြီး မှတ်တမ်းမှတ်ရာတွေ ပြန်ဖော်ထုတ် ထိမ်းသိမ်းစေချင်တယ်။

San San Htun said...

တကယ်ဖြစ်သင့်တဲ့ စိတ်ကူးလေးပါ ကိုမြစ်..ခုခေတ် ကလေးတွေဆို ဗိုလ်ချုပ်အောင်ဆန်းဆိုတာတောင် မသိတော့ဘူး..

ကိုဇော် said...

တစ်နေ့တော့ ဖြစ်လာမယ်လို့ မျှော်လင့်နေတုန်းပါပဲ။
ဖြစ်လည်း ဖြစ်လာရမှာပေါ့ကွာ။

An Asian Tour Operator said...

sooner or later..

mstint said...

ဓာတ်ပုံတွေကြည့်ပြီးကိုယ်တိုင်ရောက်သွားသလား
မှတ်တယ်။ကျေးဇူးနော်။ ဗဟုသုတတွေယူသွားပြီ။
အတွေးလေးကောင်းတယ်မောင်မြစ်ရေ။ အခုဆိုရင်
ကမ္ဘာလှည့်ခရီးသည်တွေနေ့နေ့ညညဝင်နေပြီဆိုတော့
ခိုင်မာတဲ့သမိုင်းအကြောင်းပြဘို့ရာ ပိုလိုပြီပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

မြစ်ရေ...
အဲ့ဒီလိုသာဖြစ်လာရင် အတိုင်းထက်အလွန်ပါဘဲ..။
တကယ်လဲဖြစ်သင့်ပါတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်သမျှ သမိုင်းကြောင်းပျောက်လို့ မဖြစ်ပါဘူး။ တိုင်းပြည်ရဲ့ အတူမရှိတဲ့ မွန်မြတ်တဲ့၊ အစားထိုးမရတဲ့၊ သူလိုလူမရှိတဲ့သူ တစ်ယောက်မို့ပါ။

(စကားမစပ် ၁။ ပုံတွေ ကောင်းလွန်းတယ်။ စာရေးသူရဲ့ အားထုတ်မှုကို တွေ့လိုက်ရတယ်။ ၂။ နောက်ခံအနက်ရောင်လေးနဲ့ဖတ်လိုက်ရတော့ အစ်မရဲ့ အရင်ဆိုက်အဟောင်းလေးကို သတိအရမ်းရသွားတယ်)

မြစ်ကျိုးအင်း said...

blackroze >> နေ့စဉ်ဖွင့်လှစ်ထားတဲ့ ပြတိုက်ကြီး ဖြစ်ပေါ်လာရင်တော့ ဗိုလ်ချုပ်ရဲ့ဖြစ်စဉ်သမိုင်းကို ကလေးတွေလည်း မြင်တွေ့အားကျခွင့်ရလာမှာပေါ့။
(အလှူအတွက်ကြုံရင် ဖုန်းဆက်လိုက်လေ။ တနိင်တပိုင်ပေါ့)

မမေဓါဝီ >> “နန်းတော်အတုကြီးတွေ ပလ္လင်အသစ်တွေ လျှောက်လုပ်နေမယ့်အစား” တဲ့
ထိမိလိုက်တဲ့ သုံးသပ်ချက်လေးပဲ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တကယ့်သမိုင်းအမှန်တွေက ဖုံးကွယ်စရာမှ မဟုတ်တာ။

san htun >> ကျနော် ချန်ကေရှိတ်ပြတိုက် သွားရင်း မြင်ခဲ့တဲ့မြင်ကွင်းလေး တစ်ခုရှိတယ်။ ၆နှစ် ၇နှစ် အရွယ်ကလေးလေးကိုသူ့အဖိုးက လိုက်ပို့ပေးတာ။ ကလေးက ဟိုဟာလက်ညိုးထိုး မေးလိုက် ဒီဟာမေးလိုက်နဲ့ အဖိုးကလည်း သေချာရှင်းပြပေးတယ်။ အဲဒါလေးကို ကြည့်ပြီး သမိုင်းတွေကို ဒီလို လက်ဆင့်ကမ်း ပြောပြသွားကြတာကို ကြည်နူးမိတယ်။

ကိုဇော် ၊ ကိုAATO >> အဲဒီတနေ့နေ့ကို မကြာခင်မှာ ရောက်ချင်နေမိတယ်။

အန်တီတင့် >> ဟုတ်တယ်အန်တီတင့်ရေ။ နောက်ဆို နိင်ငံတကာ ခရီးသွားတွေ ပိုများလာတော့မှာဆိုတော့ ဒီလိုဂုဏ်ယူဖွယ်ရာ ပြတိုက်မျိုး ရှိသင့်ပါပြီ။

အစ်မမြသွေး >> သူလိုလူမရှိတဲ့ လူပုဂ္ဂိုလ်တစ်ယောက်အတွက် ထိုက်တန်တဲ့ နေရာတစ်ခု ရှိစေချင်တဲ့ အတွေးတွေ ထပ်တူညီကြပါတယ်။
(ကျနော်လည်း ဘလော့ဂ်စလုပ်ခါစက အောက်ခံ အနက်နဲ့ပဲ။ ပြောင်းထားတာကြာလို့ ပြန်လုပ်ကြည့်တာ။ ဒါပေမယ့် စာဖတ်သူတွေအတွက် ဖတ်ရနဲနဲခက်တော့ မကြာခင် အောက်ခံ အဖြူပဲ ပြန်ထားမလားလို့ :D )

ဗညားရှိန် said...

ဗိုလ်ချုပ်အတွက် ပြတိုက်ကို တခမ်းတနား လုပ်သင့်တယ် . ဟုတ်ပါတယ် လုပ်သင့်လုပ်ထိုက် တဲ့ အရာတစ်ခုပါ . . ဖြစ်ပေါ်လာစေချင်တယ် . . လောလောဆယ် နိုင်ငံက ကြွေးမြှီးတွေ ပတ်လည်နဲ့ ရုန်းကန်နေရချိန်မို့ မမျှော်လင့်မိသေးပေမဲ့ နောင် ဆယ်စုနှစ် တစ်ခုလောက်အတွင်းမှာ ဖြစ်ပေါ်လာစေချင်တယ် . . . ကိုမြစ်ရေ

ခင်မင်စွာဖြင့်
ှဗညား

Anonymous said...

လွတ်လပ်ရေးရဲ့ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းပြတိုက် အမြန်ပေါက်လာပါစေ........

မြတ်မွန် said...

ဗိုလ်ချုပ်သနားပါတယ်..
ဦးမြစ်ပြောသလိုပဲ ဗိုလ်ချုပ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ မြန်မာပြည်မှာလည်း ဒီလို အဆောက်အဦး ရှိရင် သိပ်ကောင်းမှာ......
နောင်တစ်ချိန် (သို့ )ဘယ်တော့အခါ..ဖြစ်လာမလဲ မျှော်လင့်လျှက်ပါပဲ..

ညီရဲ said...

သူများနိုင်ငံက သူတို့ နိုင်ငံဖခင်ကို ခုလို ခမ်းခမ်းနားနားနဲ့ ဂုဏ်ပြုထားတာတွေကို မြင်တော့မှ ကိုယ့်နိုင်ငံက ကျေးဇူးကန်းထားတာကို ပိုမြင်သာလာတယ်။ ကျေးဇူးမဆပ်တဲ့ အပြင် ကျေးစွပ်တဲ့အနေနဲ့ ဗိုလ်ချုပ်ပုံရိပ်တွေကို ဖျောက်ဖျက်နေကြတာကို မြင်နေရတာ တကယ်စိတ်မကောင်း ဖြစ်မိတယ်... ဗိုလ်ချုပ်ပုံရိပ်တွေ ခမ်းခမ်းနားနားနဲ့ ပြန်လည် နိုးကြားလာဖို့ အချိန်ဘယ်လောက်များ စောင့်ရဦးမလဲနော်...

ပြည်ကောင်းအောင် said...

ကိုမြစ်ကျိုး၊ ကျနော် ကွန်ပြူတာနဲ့ဝေးနေလို့ မလာလည် ဖြစ်တာဗျ။ ဟိုတနေ့ကမှ laptop အသစ်တလုံး ပြန်ဝယ်ဖြစ်လို့ အခုလာလည် တာပါ။ ဟုတ်တယ်ဗျို့.. ခင်ဗျားနဲ့ တသဘော တည်း ရှိတယ်။ အဲဒါ အရင်တုန်း ကတော့ ဖြစ်လာဖို့ impossible, အခုတော့ တိုင်းပြည် နိုင်ငံရေး ရာသီ ဥတု အခြေအနေ အရ possible လို့ ထင်ရတာပဲဗျ။

မောင်သီဟ said...

တွေးရင်း မျက်ရည်မဝဲမိဖူးလားဗျာ့ သူများနိုင်ငံကမြင်ကွင်းတွေမြင်ပြီး
း) တန်ဖိုးထားတတ်တဲ့သူတွေ အခွင့်လမ်းပေါ်ရင်တော့ ဖြစ်လာမှာပါ
မျှော်ကြတာပေါ့ အာဇာနည်ဗိမာန်ကိုတောင်နေ့တိုင်းဖွင့်ထားစေချင်တာ
မနေ့ညနေက အဲဘက်က လမ်းလျှောက်ပြန်ရင်း သူငယ်ချင်းတွေနဲ့ပြောဖြစ်သေးတယ်

ပုံမှန် said...

ဟုတ်ပါတယ်ဗျာ အဲလိုလေးတွေ အမြန်ဖြစ်ချင်လိုက်တာ ကိုမြစ်ရာ ....

ဒီမိုဝေယံ said...

ဒီဓာတ်ပုံတွေ မြင်မိတော့ အလည်အပတ် ရောက်ခဲ့စဉ်က မြင်ကွင်းတွေ အမှတ်ရမိတယ်။
ခရီးသွားဆောင်းပါးလေး ရေးချင်တာ ခုထက်ထိ မရေးဖြစ်သေး..။

သူများတိုင်းပြည်တွေမှာ အာဇာနည်တွေကို တကယ်အလေးအမြတ် ထားကြတာကိုမြင်တော့ ကိုယ့်နိုင်ငံမှာလဲ ဖြစ်စေချင်တယ်ဗျာ..

မဝေးတော့ဘူးလို့ ထင်မိပါတယ်...

အဖြူရောင်နတ်သမီး said...

တစ်ခမ်းတစ်နားပဲနော် ကိုမြစ်..
ကြည့်လိုက်တာနဲ့ ဖိန့်ဖိန့်တုန်စေတယ်..
ဖြစ်စေချင်ပါဘိ..း(

Moe Ye said...

ကျွန်တော်တို့လည်း အဲဒီလို ဖြစ်နိုင်အောင် ကြိုးစားကြတာပေါ့။ အခုကျွန်တော်တို့ လူငယ်တွေ အတူတူ ကြိုးစားကြမယ်လေ။

စံပယ်ချို said...

ဘဘမြစ်ရေ(အဘတို့ဆိုပြီးရေးထားခဲ့လို့ ဘဘမြစ်)လို့ခေါ်တာပါ တစ်ကယ်ဆိုရင်တော့အကိုကြီးတစ်ယောက်အရွယ်ပါပဲ
ဘဘမြစ်ရေ တကယ်လုပ်ဖြစ်ရင်တော့အကောင်းဆုံးပါပဲ
ငယ်ငယ်က မေမေဖတ်ခိုင်းလို့ (ချန်ကေရှိတ်)သမိုင်းကိုဖတ်ဖူးပါတယ်
မေ့လိုက်ပါပြီ အခုပြန်သတိရစေတယ် ပုံတွေနဲ့သေချာရှင်းပြပေးထားလို့ ကျေးဇူးတင်ပါတယ်ရှင်

...အလင်းစက်များ said...

ဖြစ်စေချင်တယ် ကိုမြစ်။ ကိုယ့်နိုင်ငံရဲ့ ဖခင်ကြီး ဖြစ်ရုံသာ မက နိုင်ငံတကာက လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်မို့  ခန်းနားထည်ဝါစွာ ဂုဏ်ပြုထားသင့်တယ်ဗျာ။

ဘိုင်သဝေး ကိုမြစ်ရဲ့ နောက်ထပ်ပိုစ့်ကို စောင့်မျှော်နေပါကြောင်းဗျာ။

 

Posts Comments

©2006-2010 ·TNB