သံယောဇဉ်......အပိုင်း(၁)

14 April 2009

ဒီနေ့မနက် ခါတိုင်းလိုပဲ နှင်းတွေပိတ် နေသည်။ဓါတ်တိုင် နှစ်တိုင်စာလောက်ဆို ကောင်းကောင်း မမြင်ရတော့လို့
ပဲခူးကားတွေ မီးထိုးပြီးမောင်းနေရသည်။သမိုင်းဂိတ်အစ ခေါင်းခန်းကနေ စီးလာလို့ နေရာရပေမယ့် တလမ်းလုံး
ဆန္ဒစောနေလို့ ညောင်အင်းရောက်တော့ ကားလေးဘီးလုံး မရပ်သေးခင်မှာပဲ ဆင်းလိုက်မိသည်။

ကားတံခါးဖွင့် ဖွင့်ချင်း ဆောင်းလေအေးအေး က တိုးဝှေ့ နှုတ်ဆက်လာသည်။
ချက်ချင်းကို လန်ဆန်းသွားရသည်မှာ ဆောင်းလေအေးကြောင့်လား မကြာခင်တွေ့ရတော့မယ့်
ချစ်သူကြောင့်လား နှစ်ခုစလုံးကြောင့်လည်း ဖြစ်နိင်ပါသည်။

'ဆင်ကြီး'စားသောက်ဆိုင်က ၂၄နာရီ ဖွင့်တဲ့ အတွက် မှန်လုံကားကြီးတွေ၊ကုန်ကားတွေ၊ ကားကြီး ၊ကားငယ်တွေနဲ့
အမြဲတန်းလိုလို ပြည့်နေသည်။နှင်းတွေ ပိတ်နေပေမယ့် ချစ်သူလာလမ်းကို အစောဆုံးမြင်ချင်စိတ်ဖြင့်
အပြင်ဘက်ဒေါင့်ကျကျ စားပွဲကိုပဲ ရွေးလိုက်မိသည်။

ငြိမ်းကျော် ရဲ့ နှင်းငွေ့ပါသော ရနံ့ဆိုတာ အခုလို နံနက်ခင်းရဲ့ ရနံ့ကို ပြောချင်တာများလား။
မြက်ခင်းစိမ်းစိမ်းလေးတွေ မှာလည်း ရေသီးလေးတွေ ခိုလို့။
ကျွန်တော့်နှာခေါင်းထဲကို ရင်းနှီးနေတဲ့ သနပ်ခါးရနံ့ မွှေးမွှေးလေး က ဆောင်းလေနဲ့အတူ တိုးဝင်လာသည်။
“ဟင်..ဝေ ဘယ်အချိန်ထဲက ရောက်နေတာလဲ ကိုယ်မတွေ့လိုက်မိဘူး”
“အကိုကားပေါ်က ဆင်းလာကတည်းက ဝေမြင်နေရတယ်၊ဝေ့သူငယ်ချင်းတွေနဲ့ ဘူးသီးကြော် ၀ယ်နေတာလေ”
ပြောပြီး ၂ဆင့်ချိုင့်လေး နဲ့ အကြော်ထုပ်ကလေးကိုစားပွဲပေါ် တင်လာတယ်။

ဝေ ပြောမှဘေးကအကြော်တဲကို လှမ်းကြည့်မိသည်။မိုးပြာရောင် အပေါ်အင်္ကျီလက်တို ဘောင်းဘီနက်ပြာရောင်
ယူနီဖောင်း တွေနဲ့ လက်လှမ်းပြနေတဲ့ ဝေ့သူငယ်ချင်း တသိုက်ကို မီးခိုးငွေ့တွေ ကြားထဲမှ လှမ်းမြင်လိုက်ရသည်။
အလုပ်မှာနေ့လည်စာ စားဖို့ ၀ယ်နေမှန်းသတိထားမိသည်။
....................................................................................................................................................
“ဖိုမင် လေး စက်တန်းတွေ ထည့်တာက ကျွန်တော်တို့ပဲ လုပ်ရမှာလား”မင်းသူက မေးလာသည်။
“ဘာဖြစ်လို့လဲ”
“ဘုတ်ဆုံမက မေးခိုင်းလို့ပါ”(ဝေ ရဲ့ရပ်ကွက်ထဲမှ ငယ်နာမည်က စက်ရုံထဲအထိ တွင်နေသည်။)
“မဆိုင်ဘူးကွ ကိုရီးယားက ပညာရှင်တွေ လာမှာ ငါတို့က အကြမ်းထည်ပဲ လုပ်ပေးရုံပဲ”
“အခုဒီကိုလာပြီး အသေးစား ပြင်ဆင်မှု လုပ်ရတာကလဲ ငါတို့သူဌေး Mr.Kim ကို ဒီ Myanstar စက်ရုံသူဌေးက
အကူအညီတောင်းလို့ ကွ” မင်းသူကို ပြည့်ပြည့် စုံစုံ ရှင်းပြရင်း မျက်စိတဆုံး ညီညီညာညာ စက်သံ
တဖျောင်းဖျောင်းဖြင့် ချုပ် နေသော စက်တန်းများကြား ကြီးကြပ်နေသော ဝေ့ ကို ရှာနေမိသည်။

“ဒါဆို ကျွန်တော်တို့ 'မလက်' ကို ရွှေ့ရတော့မယ် ထင်တယ်နော် ဖိုမင်လေးတော့ ငေါင် ဖျာလိပ်ရတော့မယ်”
မင်းသူစကားကြားတော့ ကျွန်တော့်ရင်ထဲမှာ တမင်မေ့ထားသော အလုပ်အကြောင်းဝင်လာသည်။
ဟုတ်တယ် ကျွန်တော်တို့ အမှတ် (၃) လမ်းမကြီးဘေးက 'မလက်'ရွာနားတွင် စတင်ဆောက်နေပြီဖြစ်တဲ့
“B” ပိုးကာကွယ်ဆေးစက်ရုံ ကို ပြောင်းကြရတော့မယ်။
အဲဒီစက်ရုံက grounding လောင်းပြီးလို့ S A E တို့အဖွဲ့ မနေ့ကထွက်သွားကြပြီ။
ကျွန်တော်ရဲ့ တွေဝေနေသော စိတ်တို့ကို ကံကြမ္မာကပဲ ဆုံးဖြတ်ပေးလိုက်တာများလား။

ဒီနေ့အလုပ် လုပ်ရတာစိတ်နဲ့ ကိုယ်သိပ်မကပ်ချင်ဘူး။ကိုယ့်ကိုကိုယ်လည်း အားမရချင်
ဘ၀မှာ အမှန်နဲ့ အမှားကို မြင်နေရဲ့နဲ့ မပြတ်သားတာဟာ အဆိုးဆုံးပဲလား။
အနီးဆုံးကို တိုးကပ်ချင်နေသလို အဝေးကြီးကိုလည်း ထွက်သွားချင်နေမိသည်။

ကျွန်တော့်ဘ၀မှာ 'သံယောဇဉ်'ဆိုတဲ့ ဝေါဟာရနဲ့ ပါတ်သတ်လာရင် 'နာကျင်ခြင်း' လို့ပဲဖွင့်ဆိုချင်တော့တယ်။
ဝေခွဲမရတဲ့ စိတ်တွေနဲ့ အချိန်တိုင်း နာကျင်နေရတယ်။'ခဏ..ခဏ' လေးတွေနဲ့စုစည်းပါများလာတော့ အဲဒီ
သံယောဇဉ်က ကျွန်တော်နှလုံးသားထဲမှာ အမြစ်တွယ်လာတော့တယ်။
ချစ်တဲ့အဆင့်ကိုကျော်လွန်ပြီး သံယောဇဉ် အဆင့်ဖြစ်လာရင်တော့ နာကျင်ခြင်းရဲ့ အစကို ရလာတော့တာပါပဲ။

စီကနဲ ဘဲလ်မြည်သံကြားမှ ထမင်းစားချိန်ရောက်မှန်း သတိပြုမိတော့သည်။စက်သမတွေနဲ့ အပေါက်ဝတွင်
ညုပ်မှာစိုးလို့ အနီးဆုံးထွက်ပေါက်မှ ထမင်းစားဆောင်ရှိရာတောင် ကုန်းလေးပေါ်သို့ ထွက်လာခဲ့တော့သည်။
တပါတ်ကို ခွန်နှစ်ရက်လောက် စားနေရတဲ့ငြုပ်ရုတ်သီးလေလွင့် နဲ့ မှန်ရောင်ပဲဟင်း ကိုတောင် စားရတာ
အရင်လိုငြီးငြူဘို့ သတိမရမိဘူး ။(ငြုပ်သီးထောင်းလိုလို ငံပြာရည်ချက်လိုလို ချက်ထားတဲ့ဟင်းလေ ၊
မောင်Kim က တရက်စာ ၂၅၀ နဲ့ ရအောင် ပုံစံနဲ့ ကျွေးခိုင်းထားတာ ။)
..........................................................................................................................................

နေ့ခင်းက တပည့်လေးတယောက်ဆီက ဝေ ပေးထားတဲ့ message လေးရထားလို့ သူတို့စက်ရုံ ရဲ့မနီးမဝေးက
လဘက်ရည်ဆိုင်မှာ စောင့်နေမိသည်။ခပ်ကြောင်ကြောင် ဖြစ်နေမှာစိုးလို့ ပဲခူးသား ကိုတင်ငွေကိုပါ ခေါ်ထားမိသည်။

ကျွန်တော့်ကိုယ် ကျွန်တော် ရင့်ကျက်ပြီ ထင်ခဲ့ပေမယ့် 'ဝေ' နဲ့ စတွေ့ခဲ့တဲ့ အချိန်ကစပြီး ဆောက်တည်ရာ
ထောက်တည်ရာ တို့ မဲ့ခဲ့ရသည်။ကိုယ့်ကိုကိုယ်လဲ အထပ်ထပ် အပြစ်တင်နေမိသည်။
ခုချိန်မှာတော့ ကျွန်တော်နဲ့ ဝေရဲ့ ငြိတွယ်မှုတို့ သည် အဆုံးစွန်ထိ ရောက်ရှိနေပြီ။
တဆစ်ဆစ်နာကျင်နေရတာကိုပဲ ခုံမင်နေမိတော့သည်။

အသိသတိတို့ ၀င်လာလိုက်ရင် တုန့်ခနဲ ရပ်ချင်ပေမယ့် ကိုယ့်ကို ကိုယ်ထိန်းချုပ်နိင်စွမ်းမရှိတော့သလိုပဲ
ဖြစ်နေရသည်.ကျွန်တော့်ဘ၀ကို အကြီးအကျယ် ကိုင်လှုပ်ခဲ့တဲ့ အဲဒီ့သံယောဇဉ်က မြန်ဆန်လွန်းသည်။

“ဟေ့ကောင်..ဟိုမှာလာနေပြီကွ”
ဘေးမှာထိုင်နေသော ကိုတင်ငွေက လက်တို့လိုက်မှ ပြိုဆင်းလာတဲ့ ပါးကွက်တွေကြားထဲက '၀င်း'နေအောင်
ပြုံးပြနေတဲ့ပါးချိုင့်လေးကို မြင်မိတော့သည်။
ကျွန်တော်တို့ ထိုင်နေတဲ့စားပွဲဆီကို တည့်တည့် လျှောက်လာတဲ့ ဝေထံမှ စတီးချိုင့်ကိုလှမ်းယူလိုက်သည်။

“အကို စားလေ”ဆိုပြီး အဆာပြေ စားဘို့ သူယူလာတဲ့ မုန့်ကလေးကို လှမ်းပေးသည်။
ကိုတင်ငွေက နောက်ပြီး လက်လှမ်းတော့ သူကပြုံးပြီး ကျွန်တော်ကို ကြည့်သည်။

“နောက်တာပါဟာ မစားတော့ပါဘူး ကဲ သူရရေ ငါစက်ရုံ အရင်ပြန်နှင့်မယ်”
ပြောပြောဆိုဆို ဖြင့် ကိုတင်ငွေထသွားသည်။
ဝေ့ကို ကြည့်မိတော့ မနက်ကလိမ်းလာတဲ့ ပါးကွက်ထူထူလေးက လွင့်ပြယ်စပြုပြီ နှုတ်ခမ်းတို့က ခပ်ဖျော့ဖျော့..။

“ဝေ ပင်ပန်း နေပြီလား”
“မပင်ပန်းပါဘူး အကို ဒီည ဝေတို့ ၈ နာရီလောက်ဆို ဆင်းပါပြီ”
သူတို့ အထည်ချုပ်စက်ရုံက မြင်ရသလောက် ပင်ပန်းလွန်းသည်။စက်ရုပ်တွေလို အချိန်ပြည့်မနားတမ်း
လုပ်နေရသည်။စက်တန်းအလိုက် ချမှတ်ထားတဲ့ daily target တွေမှီအောင် ချုပ်ပေးရသည်။
အပ်ချုပ်သမ လေးတွေလည်း တနေကုန် ခါးကိုက် မျက်လုံးတွေဝေအောင် ချုပ်ရသလို ဝေတို့လို
အလုပ်ကြပ်တွေကလည်း အချိန်ပြည့် မတ်တပ်ရပ်နေရသည်။

“အကို မနက်ဖြန် ရန်ကုန် ပြန်ဆင်းအုံးမှာလား”
“ဒီတပါတ်တော့ မပြန်တော့ဘူး”ကျွန်တော့်စကားကြားတော့ ဝေ့မျက်နာ ၀င်းလက်သွားသည်။
“ဒါဆို မနက်ဖြန် ၁၀ နာရီ ဘုရားမှာပဲ စောင့်နေနော် ဝေ့မှာပြောစရာရှိတယ်”
“စောင့်မယ်လေ ကိုယ်မှာလည်းပြောစရာ ရှိတယ်”

ဘေးက ဝေတို့ အဆိုင်းမှ ခလေးမလေးတွေက ကျွန်တော်တို့ကို ကွက်ကြည့် ကွက်ကြည့် လုပ်သည်။
ဝေ့အကြောင်းပြောပြရရင် ဝေက myanstar အထည်ချုပ်စက်ရုံရဲ့ top ten ထဲက တယောက်ပဲ
(ချောတာ ချစ်ဘို့ကောင်းတာကို ကြွားတာမဟုတ်ပါဘူး လူ၆၀၀ကျော်ထဲက ၁၀ယောက်ဆိုတော့ ဘာလုပ်လုပ်
သူတို့ပါရတယ် အားလုံးကလည်း ဝေ့ကိုသိကြတယ်။

ကျွန်တော်ကတော့ Golden Middas ဆိုတဲ့ ကိုရီးယား ဆောက်လုပ်ရေးကုမ္ပဏီ ရဲ့ အငယ်ဆုံး အင်ဂျင်နီယာ လေးပါ။
ထောင်ထောင်မောင်းမောင်း မျက်ခုံးကောင်းကောင်း ဆိုတော့ သိသာတယ်ဆိုပါတော့ဗျာ။
ကိုတင်ငွေ့ စကားနဲ့ပြောရရင် ရန်ကုန်သား အရှုပ်ထုပ်နဲ့ ပါးကွက်ကြား ပဲခူးသူ ဆိုပါတော့။

“ဒါဆိုဝေ စက်ရုံထဲ ပြန်ဝင်တော့မယ်နော် ”
“ကောင်းပြီ ဝေ ကိုယ်မနက်ဖြန်စောင့်နေမယ်”
နှုတ်ဆက်ပြီးထွက်လာခဲ့တော့သည်။ကျွန်တော်တခုခု ဆုံးဖြတ်ရတော့မည်။
ကျွန်တော်တို့ရဲ့ ဆောက်လုပ်ရေးကွင်းထဲ ဖြတ်လျှောက်မိချိန်မှာ တနေကုန်ပူထားတဲ့ ဆောင်းနေရဲ့
တံလျှပ်ငွေ့တွေက ကျွန်တော့်တကိုယ်လုံးကို ဖြတ်ထွက်သွားသလို ခံစားရသည်။ရင်တွေပူနေမိသည်။


(ဆက်ရန်)

7 comments:

ကိုညီမင်း said...

သံယောဇဉ် အဖွဲ့အနွဲ့လေးတွေက ဖတ်လို့ကောင်းတယ်။
အပိုင်း၂ကို စောင့်မျှော်နေပါတယ်

စန္ဒီမိုးမြင့် said...

ဒီပို့စ်လေးကို တင်ပေးတဲ့ကိုကြီးမြစ်ကျိုးအင်း
ဒီလို အဖွဲ့အနွဲ့လေးနဲ့ရေးသားထားသော ကိုအဖြူလေးတို့ကို
ကျေးဇူးတင်ပါတယ် အပိုင်း၂ ကိုမျှော်နေမယ်နော်
ကိုကြီးမြစ်ကျိုအင်းရေး ညီမကို ကဗျာလေးလက်ဆောင်ပေးသွားတဲ့အတွက်ကျေးဇူးနော်
ခင်တဲ့
ညီမ
စန္ဒီမိုးမြင့်
မန္တလေး

ကောင်လေး said...

အဖြူလေးရေ.. အားပေးနေတယ်နော်.. ဆက်ရန်ကိုလည်း မျှော်နေတယ်..။ ရန်ကုန်သားအရှုပ်ထုပ်နဲ့ ပါးကွက်ကြားပဲခူးသူ အကြောင်းလေးကို..။

ပန်းခရမ်းပြာ said...

မနက်ဖြန် ဘာတွေ ပြောကြမှာတုန်း။
သိချင်လှပြီ။

ဂျပန်ကောင်လေး said...

အစ်ကို.. ဆက်ဖတ်ဖို့ စောင့်နေမယ်နော်...

mgnge said...

ဆက်လက်စောင့်မျှော်နေပါ သည်...။

နာတို့ ပဲခူး သူလေးတွေ အကြောင်းနဲ့  မြန်စတား အကြောင်းဆိုတော့ စိတ် ၀င်စားတယ်ကွ...။

မြန်စတားနဲ့ ငါနဲ့ တောင်ရင်းနှီးသား ...။
ဘာလို့ လည်း လာမမေးနဲ့ မပြော ပြ ဘူး :P

မင်းဒင် said...

သံလျှပ်ငွေ့ .. မဟုတ်ဘူး ညီလေးရ ။ တံလျှပ် ဆိုမှ မှန်မယ် ။ စာပြင်ဆရာရှေ့ရောက်တယ်သာ မှတ်ပေတော့ ။ စာအုပ်ထုတ်ဖြစ်ရင် စာပြင်ဆရာ လုပ်ပေးမယ်နော် ။
အခုရေးတဲ့ စတိုင်က စာအခန့် စတိုင် ၊ ကြိတ်ထား.. ။ နိုင်ငံကျော် ကမ္ဘာကျော်လာတော့မှာပါ .. ။

ခင်သော ..

မင်းဒင်

 

Posts Comments

©2006-2010 ·TNB