သံယောဇဉ်.....အပိုင်း(၂)

20 April 2009

ဘုရားကြီးကိုရောက်တော့ မနက် ၁၀:၁၅မိနစ်ရှိပြီ။ဝေရောက်နေပြီ ထင်သည်။
ခပ်သွက်သွက်ပဲ ဘုရားပေါ်တက်လာမိသည်။ဒီနေ့တက်ရသော လှေကားထစ်များက ခါတိုင်းထက်ပိုပြီး
မတ်စောက်နေသည်ဟု ထင်မိသည်။ဘုရားရိပ်မှာတောင် မအေးချမ်းနိင်သလို ဖြစ်နေရသည်။
ကံကြမ္မာက ဘယ်လို စီရင်ချက်များချမလဲ ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရတော့မည်။

သောကြာဒေါင့်မှာပဲ မြတ်ဘုရားကို ဦးချမိသည်။တပည့်တော်ကို ခွင့်မလွှတ်ပါနဲ့ ဘုရား။
ကိုယ့်ကိုလည်း ခွင့်မလွှတ်မိပေ။ဝေရှိတတ်သည့် တန်ဆောင်းဘက်ကို လှမ်မျှော်ကြည့်လိုက်သည်။
ခရမ်းဖျော့ရောင် ပါတိတ်ဝမ်းဆက်လေးကို ၀တ်ကာကျွန်တော့်ဘက်ကို ကျောပေးထိုင်နေသော ဝေ့ကို
တွေ့လိုက်ရသည်။

အဲဒီခရမ်းရောင်လေးဝတ်လာသည့်နေ့မှာပဲ ကျွန်တော်တခုပြောခဲ့ဖူးသည်။
ဝေကကျွန်တော်နှင့်တွေ့ဘို့လာတိုင်း အလှဆုံးပြင်ဆင်လာတတ်သည်ဟု ထင်မိသည်။
ပါးကွက်လေးနှစ်ဘက်ကိုလည်း ဘယ်တော့မှ မပြတ်စေရ(ပြန်သွားရင်တော့ ပျက်သွားရတာပါပဲ)
“ကိုယ်နဲ့တွေ့ရင် ဝေအလှဆုံး မပြင်လာနဲ့နော် ”
“ဘာလို့လဲ ”
“အသည်းယားလွန်းတော့ စိတ်မထိန်းနိင်ဘူး”
“ဟွန့်” ဝေရဲ့ ခပ်တိုးတိုးရယ်သံလေးက ပိုပြီး စိတ်ဓါတ်ကို ယိမ်းယိုင်စေသည်။
“ပြင်လည်းဝေ မပြင်လည်း ဝေပါပဲလေ ” ဝေ့မျက်နာလေး ပန်းနုရောင် သမ်းသွားသည်။

“ဝေစောင့်နေရတာကြာပြီလား”
“သိပ်မကြာသေးပါဘူး”
“ဒါဆို ကိုယ်တို့ ပန်းခြံထဲမှာ စကားသွားပြောရအောင်”
“ကောင်းသားပဲ သွားလေ”
မနက် ၁၀ နာရီနေက ပူစပြုပြီ။ဝေက သူ့ခေါက်ထီးကို ဖွင့်ပြီးကျွန်တော်ကို မိုးပေးသည်။

“ပေးပါကွာ” သူ့ထီးကိုယူပြီး သူ့ကိုမိုးပေးတော့ ကျွန်တော့်လက်မောင်းကို သူခိုမှီလာသည်။
“အကို ဒီနားမှာပဲထိုင်ရအောင်”
မျက်နာလေးက ဖျော့တော့တော့။ဝေ့မှာနှလုံးသွေးကြောကျဉ်းရောဂါ ရှိသည်ဟု သူပြောဘူးသည်။
အလုပ်ရဲ့ပန်ပင်းတဲ့ ဒဏ်ကို သူမခံနိင်ရှာပေ။အရိပ်ကျကျတနေရာရှိ ခုံတန်းလျားတခုပေါ်မှာ ထိုင်ဖြစ်သည်။

“အကို့ ကို ဝေပြောစရာရှိတယ်”
“ကိုယ်လည်းပြော စရာရှိတယ်”

“ ဝေအရင်ပြောလေ” ကျွန်တော်ခွင့်ပေးတော့ သူ အတန်ကြာငြိမ်သက်သွားသည်။ခဏကြာ အားယူပြီးမှ
“ဝေ ပြောမှာ ကို အကို ပြီးအောင် နားထောင်ပေးပါနော်”
“ဝေပြောမယ်ပြောမယ် နဲ့ အားယူခဲ့ရတာ ကြာပါပြီ ခုတော့ ဝေ အမှန်အတိုင်းပြောပြသင့်ပြီထင်လို့”
“ဘာများဖြစ်လို့ လည်းဝေ”ကျွန်တော်မေးတော့
“ ဝေ့မှာ အိမ်ထောင်ရှိခဲ့ဖူးတယ် ”
“အကိုမပြောနဲ့အုံး ဝေဆက်ပြောပါရစေ”
“ဝေ့အမျိုးသားက အစ်ကိုတို့ နားက ကျောက်ကုန်းကလို့ ပြောတယ် ဝေတို့က ၁၀ တန်းဖြေပြီးထဲက
သူ့နောက်လိုက်ခဲ့မိတယ် သူက တီးဝိုင်းတခုမှာ ဂစ်တာတီးတယ် အလုပ်က ရှိတလှည့် မရှိတလှည့်
ဝေ့ကို ခဏခဏ နှိပ်စက်လွန်းတော့ ဝေ့မိဘ ဆွေမျိုးတွေနဲ့ စကားများပြီး အိမ်ထောင်ကျပြီး
နှစ်နှစ်လောက်ကတည်းက ထွက်သွားတယ် အခုဝေတို့ကွာရှင်းပြီးတာ သုံးနှစ်ရှိပြီ”

စကားကို အဆက်မပြတ် ပြောလိုက်ရတော့ သူမောသွားဟန်ရှိသည်။
ဆလင်းဘက်ထဲမှ ရှုဆေးနှင့် လက်ကိုင်ပုဝါကို ထုတ်ပြီးနှာဖျားကို တို့သည်။
“အကို ပြောစရာရှိတယ်ဆို ပြောလေ”
“အကိုပြောပြီးမှ ဝေ ထပ်ပြောတော့မယ် နောက်တခုက ပျော်စရာလေးပါ”ဝေကရွှင်ရွှင်မြူးမြူးလေးပြောသည်။

ဒီတခါ ကျွန်တော် အားယူရတဲ့ အလှည့် ဖြစ်သည်။နောက်ဆုံ အချိန်ထိ ပြောသင့်မပြောသင့် ချိန်နေမိသည်။
ဘာပဲဖြစ်ဖြစ် ဒီအချိန်သည် ပြောဘို့ အကောင်းဆုံး အချိန်ဖြစ်သလို ပြောဘို့အတွက် ဆုံးဖြတ်ထားပြီးလဲ ဖြစ်သည်။
“ ကိုယ့် မှာ အိမ်ထောင်ရှိတယ်ဝေ ခလေးလည်းနှစ် ယောက်လည်းရှိတယ် ”
ရှုဆေးဘူးလေး ပြုတ်ကျသွားသည်။
ထို့နောက် လက်ကိုင်ပုဝါဖြင့် မျက်နာကို အုပ်ကာ သည်းသည်း ထန်ထန်ငိုတော့သည်။

သူ့ခန္ဓာကိုယ်လေး တစ်သိမ့်သိမ့် တုန်လာသည်။ကျွန်တော်သူ့ကို ရင်ခွင်ထဲဆွဲသွင်းလိုက်မိသည်။
ကျွန်တော်မျက်ဝန်းတို့ေ၀၀ါးသွားပြီး မျက်ရည်တို့ အလိုလို ကျဆင်းလာသည်။
“ဝေ ဘာဖြစ်စေချင်သလဲ ကိုယ်သူ့ကို..”
စကားပင် မဆုံးသေး ကျွန်တော်နှုတ်ခမ်းတို့ကို ဝေ သူ့လက်ဖြင့် အတင်းပိတ်လာသည်။

“ဝေတို့ နောက်ဆုတ်ကြရအောင် ဒီစည်းဒီဘောင်တွေကို မကျော်သင့်တော့ဘူး
ဒီလိုပုံစံနဲ့လည်း ရှေ့မဆက်သင့်တော့ဘူး ”

“ဟုတ်ပါတယ်ဝေ ကိုယ်အများကြီးမှားခဲ့ပါတယ် ဘာပဲဖြစ်ဖြစ်
ဝေဖြစ်ချင်တာကို ကိုယ်လိုက်လျောဘို့ ဆုံးဖြတ်ထားတယ်”

“အခုချိန်မှာအကောင်းဆုံးက ဝေတို့လမ်းခွဲကြပါစို့”
“ဝေ သဘောပါပဲ ဒါဟာလည်း အဖြစ်သင့်ဆုံးလို့ထင်ပါတယ်” ခပ်လေးလေးပြောမိသည်။

“ဒီစကားကို ဝေလွယ်လွယ်နဲ့ ပြောတာမဟုတ်ပါဘူး ဝေဟာ အိမ်ထောင် ပျက်ခဲ့တဲ့သူတယောက်ပါ
အဲဒီခံစားချက်ကို ဝေအသိဆုံးပါ ဝေ့ကြောင့်နောက်ထပ် အိမ်ထောင်တခု ပျက်စီးသွားမှာ မလိုလားဘူး”
ရှိုက်သံဖြင့် ပြောနေပေမယ့် စကားလုံးတို့သည် မြှား အစင်းပေါင်းများစွာလို....။

တနေ့နေ့ တချိန်ချိန်မှာ ကျွန်တော်တို့ နှစ်ယောက် ဒီလိုပဲကြုံကြ ရမယ်လို့ တွေးထားခဲ့သည်။
ဒုတိယအကြိမ်မြောက် မွေးဖွားခဲ့တဲ့ သံယောဇဉ်က လူ့ဘောင်ကျင့် ၀တ်တွေကို ရင်ဆိုင်အန်တုဘို့
ခွန်အားဖြစ်စေခဲ့သလား။

ထိုနေ့က ကျွန်တော်တို့ တကယ်ပဲ လမ်းခွဲ ခဲ့ပါသည်။ဝေကို ရန်ကုန်ဘက်က လာသော ပဲခူး ဟိုင်းလပ် ကားပေါ်
တင်ပေးပြီး လမ်းတဖက်ကူး၍ ပဲခူးဘက်မှ ဆင်းလာသော ရန်ကုန်ကားတားပြီး ပြန်လာခဲ့တော့သည်။
စက်ရုံကို လည်း ပြန်ချင်စိတ်မရှိပေ။ဆန့်ကျင်ဘက် ထွက်ခွါခဲ့ပေမယ့် မျက်စေ့တဆုံးတော့ ကြည့်မိသည်။
...................................................................................................................................................

“ဖေကြီး..အိတ်ဘယ်မှာလဲ အင်္ကျီတွေ ထည့်ပေးမလို့” မော်က သူလုပ်နေကြ၀တ္တရားအတိုင်း မေးလာသည်။

“အိမ်ရှေ့က ခုံပေါ်မှာလေကွာ”ပြောပြီး ရေချိုးခန်းဝင်ပြီး ကိုယ်လက်သန့်စင်နေသည်။
“ဒေါက်...ဒေါက်..ဒေါက်”
“အေး ပြီးပါပြီကွာ ...ခဏ..”
တံခါးကို ကဗျာကယာ ဖွင့်လိုက်သည်။

“ဒါ ဘာလဲ”
“ဟင်...”မော့်ရဲ့လက်ထဲတွင် ဝေ့ရဲ့ ဓါတ်ပုံလေး လေ။မိုးကြိုးပစ်ချလိုက်သလိုပါပဲ။
“ပြော..ကို ပြောပါ..”
“အလုပ်ထဲက သူငယ်ချင်းတွေနောက်တာပါကွာ”
“ကိုနော် မှန်မှန်ပြော မဟုတ်တာတွေ လုပ်ထားတာလား”
“မလုပ်ရပါဘူးကွာ ဟိုကောင်တွေ နောက်လိုက်တာပါ”

ပြောပြီး မော့်လက်ထဲက ဓါတ်ပုံလေးကို ယူပြီး ဖြဲပစ်လိုက်သည်။မော်ကတော့ ဘာမှထပ်မပြောပဲ
တချက်စူးစူးစိုက်စိုက်ကြည့်သည် ကျွန်တော် ထိုအကြည့်နဲ့ပင် သေသွားနိင်လောက်သည်။

ကိုယ့်ကိုကို မနည်းတည်ငြိမ်အောင်ထိန်းပြီး မော့်အရှေ့က ထွက်လာခဲ့သည်။မော်လည်း မီးဖိုချောင်ဝင်သွားသည်။
သားငယ်ထမင်းထည့်ဘို့ ချက်ပြုတ်တော့မည်။ဒါပေမဲ့ သူကျွန်တော့်ကို အလစ်မပေးတော့ဘူး ဆိုတာတော့
သေချာနေတော့သည်။

ကံကြမ္မာသည် အဆိုးများကို ဆက်တိုက်သယ်ဆောင်လာတတ်သည်။
မော့်ကို ကြာကြာလိမ်လို့ မရနိင်တော့မှန်း စိတ်ထဲမှာ အလိုလို သိနေသည်။
ဘာပဲဖြစ်ဖြစ် အနှေးနဲ့ အမြန်ရင်ဆိုင်ဘို့ ပြင်ဆင်ရတော့မည်။

“မော်ရေ ကိုယ်သွားတော့မယ်နော်” လှမ်းပြောရင်း အိတ်ဆွဲပြီး ထွက်လာခဲ့တော့သည်။
ပုံမှန်လုပ်နေကြ ၀တ္တရားလေးတောင်ကျွန်တော် မေ့လျော့ခဲ့မိပါလား။
မော့်ကို နောက်ကျောမှ သိုင်းဖက်ပြီး ပါးလေးကို အနမ်းပေးခဲ့ ခြင်းကိုတောင် သတိလက်လွတ် ဖြစ်ခဲ့တော့သည်။

ထိုရက်များက ကျွန်တော့်ကမ္ဘာ ပျက်ရသောနေ့များပါပဲ ။နေဆယ်စင်းမကပူနေပြီဆိုတဲ့ စကားကိုနားလည်နေရပြီ၊
ကျွန်တော်တို့ ယာယီ ရုံးခန်းရှိ တောင်ကုန်းပေါ်ကနေ 'ဝေ'တို့ အထည်ချုပ်စက်ရုံ ကြီးကိုကြည့်လိုက်တော့ တံလျှပ်တို့
တလျှပ်လျှပ်ဖြစ်နေသည်။

မော့်တို့ အတွက် စိတ်မကောင်း ဖြစ်နေရသလို 'ဝေ့'အတွက်လည်း နာကျင်နေရသည်။
နောက်ဆုတ်ဘို့ ကြိုးစားရင်း ရှေ့တိုးခဲ့မိသော ကျွန်တော်အတွက် ကံကြမ္မာသည် အဆိုးဖြင့်သာ ကြိုနေတော့မည်လား။
......................................................................................................................................................

“forman လေး အမျိုးသမီးတယောက်က တွေ့ချင်လို့တဲ့ ဂိတ်ပေါက်မှာ စောင့်နေတယ်”
ဂိတ်မှူး ဦးပေါ်လေးက လှမ်းအော်သဖြင့် ကြည့်လိုက်တော့ “ဝေ” ဖြစ်နေသည်။မမြင်ရတာ တပါတ်လောက် ရှိပြီ။
တမင်ကို မတွေ့အောင်ရှောင်နေမိသည်။ရှေ့ဆက်ရင် နာကျင်စရာမှလွဲပြီး တခြားမရနိင်မှန်း သိနေသည်။

အခုတွေ့တော့ ယူနီဖောင်းနှင့် မဟုတ်။အ၀ါရောင် ၀မ်းဆက်ဖြင့် နွမ်းနွမ်းလျလျ လှပနေသည်။
ဝေနှင့် အတူ ညောင်းအင်းထိပ်မှ လဘက်ရည်ဆိုင်တွင်ထိုင်ဖြစ်သည်။

“အကိုကြိုက်တာမှာပါ ဝေတော့ ဘာမှ မစားချင်ဘူး”
“ညီလေးရေ ကော်ဖီမစ်ကို နို့စိမ်းလေး ထည့်ပေးကွာ ပြီးတော့ လန်ဒန်တပွဲချပေး”
သူကြိုက်တဲ့ ကော်ဖီမှာပေးတော့ ဝေက မော့ကြည့်သည်။
စည်းခြားသွားပေမယ့် မြင်နိင်သေးတာပဲ မဟုတ်လား။

“ဝေနေမကောင်းဘူးလား”စိုးရိမ်သံကြားတော့ သဲ့သဲ့ပြုံးသည်။
“ဒီလိုပါပဲ မကြာခင်ကောင်းသွားမှာပါ”ကျွန်တော်နှစ်သိမ့်ပေးချင်ပေမယ့် သူအမှန်အတိုင်းယုံကြည်ပါ့မလား။

“အခု အလုပ်လာထွက်ရင်းနဲ့ ဝေလာနှုတ်ဆက် တာပါ”
“ဝေအလုပ်ထွက်ဘို့ အထိလိုလို့လားကွာ”
“အခုက အိမ်က ဘယ်လိုသတင်းရသွားလဲမသိဘူး ဝေ့အမေ ကိုယ်တိုင် အလုပ်လာထုတ်တာလေ”
“အိမ်မှာပဲ မိတ္ထီလာစောင်တွေ ချုပ်ခိုင်းတော့တယ်”
ရင်ထဲမှာဟာနေတယ်ဗျာ ဘယ်လိုပြောရမလဲ တောင်မသိတော့ဘူး။

“ကိုယ်လဲမကြာခင် 'မလက်' ပြောင်းရတော့မှာပါ”လန်ဒန်တလိပ်ကို မီးညိုပြီး အခိုးငွေ့များမှုတ်ထုတ်လိုက်သည်။
“ကျွန်တော်အမှန်အတိုင်းပြောရရင် ဝေ့ကို တွေ့ချင်သေးတယ် ကျွန်တော်တို့ ပါတ်သတ်မှုက
တော်တော်နဲ့ မေ့လို့ မရနိင်ပါဘူး အရာရာအားလုံးအတွက် ထပ်ပြီးတောင်းပန်ပါတယ်”

“ရပါတယ် ဝေခွင့်လွှတ်ပါတယ် ဝေ အကို ကို နှုတ်မဆက်ဖြစ်မှာစိုးလို့...”
စကားတို့မဆုံးခင် ရှိုက်သံထွက်လာတော့သည်။ဆိုင်ထဲက အကြည့်တချို့ရောက်လာသည်။

“ဝေကျွန်တော်တို့ စိတ်ခိုင်ကြရမယ်နော် ဝေ့ကို ကျွန်တော်ကိုယ်တိုင် ကားပေါ်တင်ပေးပါ့မယ်”
သူ့လက်လေးကို ဆွဲပြီး ဆိုင်ထဲကထွက်လာခဲ့သည်။ဝေ့လက်တခုလုံး အေးစက်နေသည်။
ဝေနေမကောင်းမှန်း ဘာသာသိသည်။တကယ်ကို စိတ်မကောင်းဖြစ်ရသည်။

“ဝေ ဟိုနေ့က ပျော်စရာလေး ပြောမယ်ဆိုတာ ဘာလဲ ကိုယ်သိခွင့်ရှိမလား”
“အကိုသိချင်ရင်တော့ ပြောပြပါ့မယ် အဲဒါက ဝေတို့ လက်ထပ်ကြရအောင်လို့ ပြောမလို့ပါ ခုတော့မလိုတော့ပါဘူး”
“ဝေတခုလောက်တော့ ပြောခဲ့ချင်တယ် အဲဒါက အကို့ကို ဝေတကယ်ချစ်ခဲ့တာပါပဲ”
ရင်ထဲမှ မီးတို့သည် ပိုပြီး အရှိန်ကောင်းလာတော့သည်။
လမ်းမကြီးပေါ်မှာတော့ ရန်ကုန် ပဲခူးကားတွေ ပုံမှန်ဖြတ်သွားနေကြသည်။
...................................................................................................................................................
သူရကျော်က သူ့ရဲ့ဇာတ်လမ်းကို ခဏရပ်လိုက်ပြီး သဲသဲမဲမဲ ရွာနေသော မိုးထဲကို တိတ်တဆိတ်ငေးကြည့်နေသည်။
မိုးစက်တို့ ကျွန်တော်တို့ စားပွဲကို လာမှန်တော့ စားပွဲကိုမပြီး အတွင်းဘက်ထပ်ရွှေ့လိုက်ကြသည်။
“ညီလေး လန်ဒန်တပွဲပေး ရေနွေးတအိုးပါချကွာ”
သူ ရေနွေးတခွက်ကို ငှဲ့ထည့်ပြီး သောက်နေသည်။လည်ချောင်းရှင်းချင်ဟန်တူသည်။
ကျွန်တော်သူ့ကို တခုခုပြောသင့်သည်ထင်သည်။ဘယ်လိုမှတ်ချက်ပေးရမလဲ ဒါမှမဟုတ် ဘယ်လိုဝေဖန်ပေးမလဲ။
သေချာတာကတော့ ကျွန်တော်လည်း ရင်မောနေသည်။

အပြင်ဘက်ကမိုးရေတွေ ကျွန်တော့်ရင်ထဲပြည့်လာသလိုလို...ရေနွေးတစ်အိုးထပ်ရောက်လာတော့
သူ့ဖန်ခွက်ထဲ ငှဲ့ထည့်ပေးလိုက်သည်။ထောင်းထောင်းထနေသော ရေနွေးငွေ့တို့က ကျွန်တော်တို့ မျက်နာကို
ဖြတ်သန်းသွားသည်။

“ကိုသူရ ခင်များတို့ ဇာတ်လမ်းက အဲဒီလိုနဲ့ပြီးသွားရောလား” မရဲတရဲ မေးကြည့်မိသည်။
“ကျွန်တော့်ရဲ့ အဖြစ်အပျက်ကို ဘ၀ရဲ့ မုန်တိုင်းလို့ တင်စားရင် မုန်တိုင်းရဲ့ ဗဟိုက ခုမှလာမှာ”
“မုန်တိုင်းရဲ့ အလယ်ကို ရောက်တော့ ကျွန်တော်ဆောက်တည်ရာ မရခဲ့ဘူးဗျာ ကျွန်တော်ပြောပြပါ့မယ်”

“ပထမဆုံး ကျွန်တော့် အမျိုးသမီးက အဖြစ်အပျက်တွေကို သိသွားတယ်”
“ပြီးတော့ ဝေ့ ကို ကျွန်တော် တသက်လုံးပြန် မမြင်ရတော့ဘူး”
"ဘာကြောင့်လဲ"
“ဝေ နှလုံရောဂါနဲ့ သေ..သွား..တယ်ဗျာ”

“ဟာ..... ခင်များဗျာ”ကျွန်တော် တော်တော်လေး ကို ဒေါသထွက်သွားမိသည်။
“ခင်များကျွန်တော့်ကို ဒေါသထွက်သင့်တယ် ကျွန်တော့်ကိုယ် ကျွန်တော်တောင် တသက်လုံး ခွင့်မလွှတ်နိင်ခဲ့ဘူး”
“ဘယ်လိုတွေ ဆက်ဖြစ်ကြတယ်ဆိုတာ ကျွန်တော်ပြည့်ပြည့်စုံစုံပြောပြပါ့မယ်”

(ဆက်ရန်)


8 comments:

Moe Cho Thinn said...

စောင့်ဖတ်နေပါတယ်။

သီဟသစ် said...

ကိုမြစ်ကျိုးနဲ့ ကိုအဖြူလေးတို့ရေ..

စောင့်မျှော်ဖတ်ရှုလျက် ရှိပါကြောင်းဗျာ..

ကိုညီမင်း said...

ကိုယ့်လူနှယ် လုပ်ရက်ပါ့ ကောင်းခန်းရောက်မှ
ဆက်ရန် နဲ့ တိုးနေရတယ် ဟင်းးးးးးးးးးးးး

mgnge said...

ဏာ့ပဲခူးသူလေးသေ သွားတာလား.....။

း(
လုပ်ရက်တယ် ဟာတာတာ နဲ့ ကျန် ခဲ့တယ်..။နှစ်ရက်လောက် စောင့်ရဦးမယ်ထင်တယ်..။
း(

နွေးနေခြည် said...

ဟင်...
မြန်မြန်ဆက်ပါ ကောင်းခန်းရောက်နေပြီ

Welcome said...

သံယောဇဉ်တွေ စုဖတ်သွားတယ်
ဆက်ရန်မျှော်နေမယ်

လေးစားလျက်

Anonymous said...

မြန်မာ့လူမှုပတ်ဝန်းကျင်မှာ မရှားပါးပေမယ့် မြန်မာစာပေမှာ ရှားရှားပါးပါး တွေ့ရခဲတဲ့ ဇာတ်အိမ်အဖြစ်အပျက် အရေးအဖွဲ့ပါ။

Anonymous said...

Hello
lexapro drug
You can have Lexapro but need to wait for 2 weeks before starting your regimen of Lexapro and once you stop taking Lexapro, you need to wait for 2 weeks before taking MAOI.
[url=http://www.piecethemusical.com/]lexapro pharmacy[/url]

Dosage: Usually 10 mg once a day and to be taken in the morning or in the evening.
http://www.piecethemusical.com/ - lexapro for sale
You can have Lexapro but need to wait for 2 weeks before starting your regimen of Lexapro and once you stop taking Lexapro, you need to wait for 2 weeks before taking MAOI.

 

Posts Comments

©2006-2010 ·TNB