သံယောဇဉ်.....နိဂုံး

21 April 2009

“ဖိုမင်လေး အမျိုးသမီးတယောက် ရောက်နေတယ်၊တွေ့ချင်လို့တဲ့ အဲဒါ....” ထွက်လာတော့ အ၀မှာ မော် ။
A C E က ရုံးပေါ်မှ လက်ခုပ်တီးပြီး ခေါ်လိုက်သည်။ရုံးခန်းထဲရောက်တော့

“မောင်သူရရေ ဆရာတို့က မင်းကို မလက် ကို ပြောင်းပေးဘို့ပါပဲ ဒါပေမယ့် မင်းအမျိုးသမီးက
တခါထဲ ပြန်ခေါ်သွားချင်တယ်လို့ တောင်းဆိုနေတယ် အဲဒါ...”
“ကျွန်တော် နှုတ်ထွက်ပါ့မယ် ဆရာ..”
“အေးကွာ လောက မှာအမှားတွေ့မှ အမှန်ကို သိခွင့်ရကြတာ မင်းကို ဆရာတို့ နားလည်ပေးပါတယ်
မင်းကြိုးစားခဲ့သမျှလည်း ဆရာတို့ အမှတ်တရ ရှိပါတယ် ရန်ကုန်ရုံးကိုလဲ အချိန်မရွေး ၀င်နိင်ပါတယ်ကွာ”

ညောင်အင်းက ဒီတခါ ထွက်လာတော့ 'မော်' နဲ့ပါ Myanstar စက်ရုံကြီးနဲ့ ကျွန်တော်တို့ရဲ့ site ထဲက လူတွေက
ကျွန်တော့နောက်ကျောကို ကြည့်နေသလိုလို..။ မော်က ကျွန်တော့်လက်ဆွဲပြီး ကားပေါ်တတ်သည်။
သူ့လက်တွေ နွေးနေသည်။
.................................................................................................................................................
နှုတ်ဆက်ပွဲကို site ရှေ့ဘုံဆိုင်မှာပဲလုပ်ဖြစ်သည်။ကျန်ခဲ့မယ့် အဖွဲ့နဲ့ ရန်ကုန်ဆင်းမယ့် အဖွဲ့။ဘာတွေပဲပြောပြော
နောက်ဆုံးတော့ ကျွန်တော်တို့ အကြောင်းပဲ ရောက်လာသည်။မင်းသူက အောက်လင်းမီးအိမ်ကို မီးဇာ ထထည့်သည်။

ဦးပေါ်လေးက ပက်လက်လှန်ထားသော မြေအိုးအဖုံးကို တည့်မတ်အောင်အုတ်ခဲကျိုးလေးများဖြင့် ဖိုခနောက်ဆိုင်
ချိန်ခုနေသည်။မီးဖိုထဲကမှ မီးသွေးရဲရဲ လေးများကို မီးညုပ်နှင့်ကိုက်ယူပြီး နနွင်းတက်ပေါ် အုပ်ကာ မီး ပြောင်း နှင့်
မှုတ်နေသည်။
“ ဖိုမင်လေး ဇာတ်ပွဲတွေကြည့် ဖူးတယ်မဟုတ်လား ”ကိုတင်ငွေက ကျွန်တော်ကိုမေးလာသည်။
ဘာဆက်ပြောမလဲလို့ စူးစမ်းအကြည့်ဖြင့် ကြည့်မိသည်။
“ မှတ်ထားကွ ဇာတ်ဆိုတာတညလုံးကမှာ မိုးလင်းပေါက်ကမှာ မင်းတယောက်ထဲကြည့်ဘို့ မဟုတ်ဘူး
မင်းမကြည့်လဲ ဇာတ်က ကနေမှာပဲ အခုမင်းက ဇာတ်ကို မင်းတယောက်ထဲ ကြည့်ဘို့ကျိုးစားနေသလိုမျိုးပဲ”

“အဲဒီလိုပဲ ဝေက သနားဘို့ ကောင်းတဲ့မိန်းခလေး ပေါ့ကွာ ဒါကို ငါတို့လည်းသိကြတယ်
အခုမင်းက တယောက်ထဲပဲ ဖိဖိစီးစီး သနားချင်နေတာကိုးကွ..
သူ့ဘာသာကနေတဲ့ ဇာတ်ထဲ မင်းပါဝင်ကချင်သလိုဖြစ်နေတာ”

သူပေးတဲ့ ဥပမာက ကျွန်တော့်အတွက်တော့ ထိမိလွန်းလှသည်။
................................................................................................................................................

ပြန်ရောက်သည့်ညက မော်တညလုံးငိုနေသည်။သူ့ဘက်လှည့်ပြီး ပုခုံးကို လှမ်းကိုင်လိုက်သည်။
သူကြမ်းတမ်းစွာပုတ်ချလိုက်သည်။သားငယ်ကတော့ ဘာမှမသိရှာ တခေါခေါနှင့် အိပ်မောကျနေသည်။

“မော့်ကို ညာပြီးပဲ ဖြစ်ဖြစ် တခုလောက် ပြောပါလား ကို သူ့ကို မချစ်ခဲ့ပါဘူး လို့လေ”
“မော်ရယ်...”ကျွန်တော်ဒါပဲ ညည်းနိင်တော့သည်။ကျွန်တော် ညာပြီးမပြော တတ်တာ မော်အသိဆုံးဖြစ်သည်။

“အားလုံးပြီးသွားပြီးပဲ ကွာ ကိုယ်မှားခဲ့ပါတယ်..ကိုယ်နောက်ထပ် .....”
“မဟုတ်ဘူး ကိုသူ့ကို မချစ်ခဲ့ဘူးလို့ မပြောဘဲနဲ့တော့ ပွဲကမပြီးသေးဘူး” သူငိုသံတို့ ပိုကျယ်လာသည်။

အစိမ်းရောင် အိပ်ခန်းမီးအလင်းရောင် ဖျော့ဖျော့ အောက်တွင် မို့ဖောင်းနေသော သူ့မျက်ဝန်းကို မြင်ရသည်။
လမ်းထိပ်ဖက်ဆီမှ ဖြတ်မောင်းသွားသော ဈေးကားမျာရဲ့ ..ဈေး..ကို.....ဈေး..ကို ဆိုသည့်အော်သံများ ကြားစပြုပြီ။

မနက်မိုးလင်းခါနီးမှာ ကျွန်တော်မှေးခနဲ အိပ်ပျော်သွားသည်။လက်မောင်းကို ကိုင်လှုပ်နေသလို ခံစားရလို့
ဖျတ်ခနဲ လန့်နိုးသွားသည်။ ကြည့်လိုက်တော့ မော်က တနေရာရာ သွားမယ့်ပုံစံမျိုးနဲ့ ပြင်ဆင်ပြီးဖြစ်နေသည်။

“ကို ထတော့ မော်တို့ ပဲခူးသွားရအောင်”
“ဟင် ..ဘာသွားလုပ်မှာလဲ”
“ကို့ကောင်မလေးကို သွားတွေ့မလို့ ကိုနိင်မြင့်က တဆင့် ချိန်းခိုင်းထားပြီးပြီ”
“မော် ဘာတွေလျှောက် လုပ်နေတာလဲ ဒုက္ခပါပဲကွာ”
“ဒုက္ခ မဟုတ်ပါဘူး ကိုရယ် အကောင်းဆုံးဖြစ်စေချင်လို့ပါ” စကားသံတို့ တိမ်းဝင်သွားသည်။

ကျွန်တော်လည်း ထပြီးရေချိုးခန်း ၀င်လိုက်ရသည်။ကံကြမ္မာသည် ကျွန်တော် လက်ထဲတွင် မရှိတော့ပေ။
ဘာတွေဖြစ်လာအုံးမလဲ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရတော့မည်။
.............................................................................................................................................

နိင်မြင့်တို့ ဧည့်ခံထားသော အအေးပုလင်းတို့က အရာမယွင်းသေး။ပျော်ဆင်းလာသော ရေငွေ့တို့ကြောင့်
စားပွဲခင်းပေါ်တွင် ဟိုတကွက်ဒီတကွက် စွန်းထင်းနေသည်။ဒီအစွန်းအထင်းတွေက မကြာခင်မှာ
ပျောက်သွားနိင်ပေမယ့် ကျွန်တော့်ရင်ထဲက အစွန်းအထင်းတို့က ဘယ်တော့များမှ ပျောက်ပါ့မလဲ။

နိင်မြင့်နှင့် ကျွန်တော်က ထိုင်ခုံတွေပေါ်မှာ ထိုင်နေသည်။ နိင်မြင့် အမျိုးသမီးနဲ့ သူတို့ကတော့
အောက်က ဖျာပေါ်မှာ ထိုင်နေကြသည်။ခြေတံရှေ အိမ်ဖြစ်ပြီးဘေးပြတင်းပေါက်တို့
ဖွင့်ထားသောကြောင့် လယ်ကွင်းစိမ်းစိမ်းထဲက လေများတညိမ့်ညိမ့် တိုးဝင်နေကြသည်။

စကားဝိုင်းကိုဝေ က စတင်သည်။
“ကျွန်မကို ချိန်းတာ ဘာကိစ္စရှိလို့ လဲ”
“ညီမရေ အစ်မ က ကိုသူရရဲ့ အမျိုးသမီးပါ” ဝေရဲ့ မျက်နာ မသိမသာ ပျက်သွားသည်။
“ဒါက အစ်မတို့ မိသားစု ဓါတ်ပုံပါ” မော်က ဓါတ်ပုံ တစ်ပုံ ထုတ်ပေးသည်။
ဓါတ်ပုံကို ငုံ့ကြည့်ပြီး ဝေငိုပါတော့သည်။

“ အစ်မက ညီမလေးကို တမင်သက်သက် နှိပ်စက်တာမဟုတ်ပါဘူး
အစ်မ ညကတညလုံးသေသေချာချာ စဉ်းစားပြီးမှ ညီမကိုတွေ့ဘို့ ချိန်းလိုက်တာပါ
အစ်မက မင်းတို့ အတွက်လည်း စဉ်းစားပေးပြီးပါပြီ ညီမလေး အမေနဲ့ လိုက်တွေ့မယ်
ဘာမှမဖြစ်စေရဘူး အစ်မရှင်းပြပေးပါ့မယ် ညီမလေး အမေ သဘောတူရင် အစ်မ ကိုသူရကို ကွာရှင်းပေးပါ့မယ်”
မော့်ရဲ့ အသံတို့ ဆို့နှစ်နေသည်။

“အမရဲ့ သဘောထားကြီးတာကို တော့ လေးစားပါတယ် ဒါပေမယ့် ဝေက အရုပ်လေးတရုပ် မဟုတ်ဘူး”
“ဝေကြောင့် နောက်ထပ် အိမ်ထောင် ပျက်တခု ထပ်မပေါ်စေချင်သလို
အဖမဲ့တဲ့ သားသမီးတွေလည်း မရှိစေချင်ပါဘူး”

“ဝေ့ကိုခွင့်ပြုပါတော့ အစ်မလည်းလိုက်စရာမလိုပါဘူး...တချို့ ကိစ္စတွေက ဒီအတိုင်းထားတာ ပိုပြီးကောင်းပါတယ်”
“နေ.နေပါအုံးညီမလေးရယ် အစ်မတကယ်ပဲ စိတ်မကောင်းပါဘူး ဒါလေးတော့ လက်ခံပေးပါနော်”
“အစ်မတောင်းပန်ပါတယ် ညီမလေးကို စော်ကားတာမဟုတ်ပါဘူးကွယ်” ဟုဆိုကာ ဆလင်းဘက်အိတ်ထဲမှ
တစ်သိန်းအုပ် သုံးအုပ်ကိုထုပ်သည်။

“မလိုဘူ အစ်မ ...”ဝေချက်ချင်းပဲထရပ် လိုက်ပြီး ကျွန်တော့်ကိုအေးစက်သော အကြည့်ဖြင့်ကြည့်သည်။
သူ့မျက်ရည်တို့ကတော့တလိမ့်ချင်း ကျနေတော့သည်။ကျွန်တော့်ကို ထင်ချင်တာ ထင်ကြပါစေတော့.
ရုတ်တရက် မတ်တပ်ထရပ်ပြီး ..
“ဝေ ကိုယ်ပြန်လိုက်ပို့ပေးမယ် မော် ဒီမှာပဲ ခဏစောင့်နေပေးပါ ကိုယ် ပြန်..လာ..ခဲ့..မယ်...”

“မလိုဘူး အကို ဝေဘာသာ ပြန်ပါ့မယ် တသက်စာ နှုတ်ဆက်ခဲ့ပါတယ်”
ပြောပြီး ဝေ အိမ်ပေါ်မှပြေးဆင်းသွားတော့သည်။
(ထိုနေရာရောက်တော့ ဇာတ်လမ်းပြောပြနေသော သူရကျော်ကို အရှင်လတ်လတ် မြေမြုပ်ပြစ်လိုက်ချင်သည်)

အပြန်လမ်းတလျှောက်လုံး ကျွန်တော်နှင့်မော် တလမ်းလုံး မျက်ရည်ကျလာခဲ့ရသည်။
စက်ရုံအရှေ့ကို ဖြတ်တော့ ကျွန်တော့် မျက်လုံးတွေ ပိတ်ထားလိုက်သည်။
မော်ကတော့ ကျွန်တော့်လက်များကို ဖျစ်ညစ်လာသည်။
...................................................................................................................................................
လန်ဒန်ဆေးလိပ်ကို လှမ်းယူနေသော သူရ လက်တို့သိသိသာသာ တုန်ယင်နေသည်။
သူကိုယ်တိုင်ထိထိခိုက်ခိုက် ရှရှနာနာ ဖြစ်နေမယ်ဆိုတာ တော့သေချာလွန်းသည်။
သူအတွက်ပါ ရေနွေးငှဲ့ပေးတော့ ချက်ချင်းပဲယူသောက်သည်။

“အဲဒါနဲ့...”ကျွန်တော်စကားဆက်တော့ သူရက လက်ကာပြသည်။
ဆေးလိပ်ကို အားပါးတရ ရှိုက်ဖွားပြီး အခိုးအငွေ့တွေကို မှုတ်ထုတ်ပစ်လိုက်သည်။
ရင်ထဲက အပူတွေကိုပါ ထွက်သွားစေချင်ပုံရသည်။

“အဲဒါနဲ့ ကျွန်တော်တို့ ပြန်လာ ခဲ့ကြတယ် အိမ်မှာလည်း မော်နဲ့ သိပ်အဆင်မပြေဘူးဗျာ
သူနဲ့ကျွန်တော်စကားပြောရတာတခုခုလိုနေသလိုပဲ နှစ်ယောက်စလုံးရဲ့ မျက်နာပေါ်မှာ
တခုခုကို ရှောင်ပြီးပြောနေရတော့ စကားတွေက သိပ်မလေးနက်သလိုပဲ ”

“နောက်တပါတ်လောက်နေတော့ မနက်ကျွန်တော် အလုပ်သွားခါနီး ဖုန်းဝင်လာတယ် အဲဒီအချိန်က
တောင်ဒဂုံ စက်မှုဇုံမှာ ရှိတဲ့ 'ငါး သုံးကောင်' ဆီစက်မှာသုံးဘို့ ရထားတွဲတွေ တပ်ဆင်ဘို့ အလုပ် တခုရထားတယ်
တခုခုမှာမှ စိတ်မနှစ်ထားရင် ကျွန်တော် နေရထိုင်ရတာ မကောင်းဘူးဗျာ”

“မှတ်မိသေးတယ် ဖုန်းဝင်လာတော့ တနင်္လာနေ့ မနက် ၇ နာရီကျော်ကျော်ပဲ ရှိသေးတယ်”
“နိင်မြင့်လှမ်းဆက်တာ ဝေဆုံးသွားပြီ လို့ကြားကြားခြင်း ကျွန်တော် မိုက်ခနဲ ဖြစ်သွားရတယ်”
.................................................................................................................................................

“သူရကြီး မင်း သေသေချာချာ နားထောင်ကွာ ည ၂ နာရီ ကျော်ကျော်လောက်ကပဲ ဝေဆုံးသွားပြီသူငယ်ချင်း
ဆရာဝန် ပြောတာတော့ သူ့နဂို အခံရှိတဲ့ နှလုံးရောဂါ က ပြန်ဖောက်လာတာလို့ပြောတယ်ကွာ”
“...ဟာ..ကွာ..”ကျွန်တော့်နားထဲတွင် စကားတို့ ကြားတချက် မကြားတချက်..ကမ္ဘာပျက်သွားခဲ့သည်။

“ငါ အခုလာခဲ့မယ်” နိင်မြင့်ကို ပြောပြီးပြီးခြင်း ကျွန်တော် ကမန်းကတန်းပဲ ထွက်လာခဲ့သည်။
မော့်ကို ဝေဆုံးသွားပြီလို့ ပြောတော့ သူသည်းသည်းထန်ထန်ငိုတော့သည်။သူပါလိုက်ခဲ့ မယ်လို့ပြောနေလို့
မနည်းထားခဲ့ရသည်။

နိင်မြင့် အိမ်ရောက်တော့ အသင့်စောင့်နေတဲ့ နိင်မြင့်နှင့် အတူ ဝေတို့ အိမ်ကို ထွက်လာခဲ့တော့သည်။
“ဝေ့ကို ဆေးရုံမပို့ဘူးလားကွာ ”မချိတင်ကဲမေးတော့
“ဝေကိုယ်တိုင်က မသွားတာကွ မနေ့ညက ၁၂ နာရီကျော်မှ အရမ်းအောင့်တယ်ဆိုလို့ ဆေးရုံကို
အတင်းကြီးပို့ကြရတာ ဆေးရုံရောက်တော့ မမှီနိင်တော့ဘူးကွာ”

“ငါ့အပြစ်ပါကွာ ငါ့ကြောင့်ဖြစ်ရတာပါ..”
“ဒီလိုလည်းမတွေးပါနဲ့ကွာ အားလုံးဟာ ကံကြမ္မာရဲ့ ဆေးစက်လေးတွေပါပဲ
သူ့မှာ ဒီလိုဖြစ်လာဘို့ အကြောင်းကံ ပါလာပြီးသားလေ ”

“ငါ့ကိုယ်ငါတော့ ခွင့်မလွှတ်နိင်ဘူးကွာ” နိင်မြင့် ဘာစကားမှ မဆိုတော့။။။
“အခုဝေက ဘယ်မှာလဲ”
“အိမ်ပြန်သယ်လာပြီ အခုငါတို့ သူ့အိမ်ကိုသွားနေတာ ရောက်တော့မယ်”


ဝေတို့ အိမ်ရောက်တော့ ဝေသူငယ်ချင်းတွေကို တွေ့ရသည်။ကျွန်တော့်ကိုတွေ့တော့ သူတို့မျက်နာတွင်
အံ့သြရိပ်တို့ ပေါ်သွားသည် .နောက် ရွံရှာဖွယ် သတ္တ၀ါ တကောင်တွေ့ လိုက်ရသလို
ချက်ချင်းလှည့်ထွက်သွားကြသည်။ဒါတွေကိုကျွန်တော် ကြိုတွေးထားခဲ့ ပါပြီ..

ကျွန်တော့်ကို ရန်ပြုမယ်ဆိုရင်တောင် ကျေကျေနပ်နပ် ခံယူဘို့ ဆုံးဖြတ်ထားသည်။
အိမ်ပေါ်လှမ်းတက်တော့ ဝေ့ရဲ့ရုပ်အလောင်းကို တန်းတွေ့ရသည်။ကျွန်တော့် ခြေထောက်တို့ ယိုင်ညွှတ်ကျသွားသည်။
နိင်မြင့်က ကမန်းကတန်း ဖမ်းထိန်းပေးပြီ “မင်းအရမ်းကြီး ပုံစံမပျက်စေ နဲ့ကွာ”ခပ်တိုးတိုး သတိပေးသည်။

ကျွန်တော်ဝေ့ရဲ့ ညာဘက်မှာထိုင်ချလိုက်သည်။
ဝေရဲ့ပါးနှစ်ဖက်ပေါ် တွင် ပါးကွက်လေးနှစ်ကွက် ကနေရာ ယူထားသည်။
ဝေ့ရဲ့မျက်နာလေး ချောင်ကျနေသည်။နှုတ်ခမ်းတို့ ဖြူဖျော့နေသည်။
ဝေဘယ်လောက်တောင် ဝေဒနာတွေ ကြိတ်မှိတ်ခံ စားနေခဲ့ရမလဲ။

သူ့ရဲ့ နောက်ဆုံးအချိန်မှာတောင် ကျွန်တော့်ကို သတိရနေမယ်ဆိုတာ ကျွန်တော်သိနေခဲ့သည်။
ကျွန်တော့်ကို ဘာတွေများ မှာ ချင်ခဲ့မလဲ..ဘာတွေများတောင်း ဆိုချင်ခဲ့မလဲ...

ဝေက အိမ်ထောင်တခုကို မပျက်စေချင်ဘူးတဲ့ လားညီမလေး ရယ် မင်းကံဆိုးလွန်းတယ်
ညီမလေးယုံကြည်တဲ့ အချစ်က ဘ၀ တခုလုံးနဲ့တောင် လဲခဲ့ရတယ်လားကွာ။အကို ကို ခွင့်မလွှတ်ပါနဲ့ ညီမလေးရယ်
ဝေ့ရဲ့ဘ၀ဆက်တိုင်း အနှောင်အဖွဲ့ကင်းတဲ့ ချစ်ခြင်းနဲ့ပဲတွေ့ပါစေ ညီမလေးရယ်..ငြိမ်းချမ်းပါစေ..
ကျွန်တော့်မျက်ရည်တို့ တားမရနိင်တော့။


ဘေးနားမှာ ဘယ်သူတွေ ထိုင်ပြီး ဘယ်သူတွေ ထသွားလဲ ကျွန်တော် မသိတော့။
စိတ်တွေအားလုံးယောက်ယက်ခတ်နေသည် ဒါမှမဟုတ် ငြိမ်သက်နေသည်။
အတွေးတွေ လွှင့်ဝဲနေသည် ဒါမှမဟုတ် တခုထဲပဲ တွေးနေသည်။
ဝေပြောခဲ့သောစကားတို့ ပြန်ကြားမိသည်။
အရင်တုန်းကပြောခဲ့တာလား အခုဘေးမှာ ထိုင်ပြောနေတာလား မသိတော့..။

နိင်မြင့်က “ငါတို့ပြန်သင့်ပြီ သူငယ်ချင်း” သတိပေးစကားဆိုပြီး အသာအယာ ဆွဲထူသည်။
ငါ့အစား မင်းကပဲ အစစအရာရာ တာဝန်ယူပေးပါကွာ ငါ့ဘ၀ က နာမည်ခံလို့တောင်မကောင်းလို့ပါ”
“အေးပါ မင်းဖြစ်စေချင်သလို ငါလုပ်ပေးပါ့မယ်”
နိင်မြင့်လက်ထဲကို စက္ကူဖြင့် ပါတ်ထားသော ငွေတထုပ်ထည့်ပေးလိုက်သည်။

................................................................................................................................................
အပြင်ဘက်တွင် မိုးတို့ရွာနေသည်။ မိုးရေထဲကို ဒီအတိုင်းပဲ တိုးဝင်လိုက်တော့သည်။
ကျွန်တော့် ပါးပြင်ပေါ်စီးကျလာသော အရည်တချို့ကို မိုးရေ ဟုယုံကြည်ချင်ပါသည်။
............................................................................................................................................






16 comments:

နွေးနေခြည် said...

ဘ၀က မရည်ရွယ်တာနဲ့ မဖြစ်ချင်တာတွေလည်း ဖြစ်လာတာပါပဲ...

အားပေးနေပါတယ်... နောက်လည်း ဆက်ရေးပါဦး

သီဟသစ် said...

မြစ်ကျိုးအင်းရေ..
တကယ်ကို အပိုင်သယ်ပြီး ဇာတ်သိမ်းသွားတာပဲ..

အားလုံးက ဂရုဏာသက်စရာ..

အစက မဆုံဖြစ်ခဲ့ရင် အကောင်းသားဆိုသလိုမျိုးနော်..

ကောင်းတယ်ဗျာ ထပ်ရေးပါအုံးလို့

မေဒီဇာ said...

သီချင်းနဲ့ ပို့စ်က အရမ်းကို လိုက်တယ်။ ဇာတ်လမ်းကလည်း ကောင်းတယ်။ ကိုသီဟသစ်ပြောသလိုပဲ... အစထဲက မဆုံခဲ့ရင် ကောင်းသား။ ဝေ့ကို သနားမိတယ်... မဖြစ်ချင်ပဲ ဖြစ်နေရတာတွေအတွက် တစ်ခါတစ်ရံတော့ နာကြည်းစရာတွေ ဖြစ်လာတတ်တယ်နော်။

မေဒီဇာ said...
This comment has been removed by the author.
ကိုညီမင်း said...

တကယ်ဖတ်လို့ကောင်းတယ်ဗျာ နောက်ထပ်ရေးပါအုံး

Welcome said...

ဇာတ်သိမ်းပိုင်းလေး လာဖတ်ပါတယ်။
စ၊ လယ်၊ ဆုံး ကောင်းမွန်တာကြောင့်
အစ အဆုံး ပြန်ဖတ်ဖြစ်တယ်။
ဆက်လက်ရေးသားနိုင်ပါစေ

ခင်မင်လျက်

ဧပရယ်၈၄၇၇ said...
This comment has been removed by a blog administrator.
ဧပရယ်၈၄၇၇ said...

်ဤ သံယောဇဉ် ပိုစ့်အား အလုံးစုံ ဖတ်ရှုပြီးသည့် သကာလ ကျွန်ုပ်၏ ရောင်ရင်းကြီး အဖြူလေး ထံမှ ဤကဲ့သို့ ပြောင်မြောက်လှသော အရေးအသားအား ဖတ်ရှုရလိမ့်မည်ဟု ထင်မထားခဲ့ချေ .....။ သို့ပေတည့် ကျွန်ုပ်ကိုယ်တိုင် ယခု မြင်တွေ့ ဖတ်ရှုခဲ့ရပြီး ဖြစ်သဖြင့် အနှီပုဂ္ဂိုလ်အား ဤနေရာမှနေ၍ ချီးကျူးလိုက်လေတော့သည်..............။

ပုံမှန်ဆိုရင် ဤဇာတ်လမ်းကို သာမန် အိမ်ထောင်ရေး ဖောက်ပြန်မှု ဇာတ်လမ်းလို့ ပြောလို့ရပေမယ့် တစ်ခါတလေ လူ့ပတ်ဝန်းကျင်မှာ စောင့်ထိန်း လိုက်နာသင့်တဲ့ လူ့ကျင့်ဝတ်တွေ ရှိနေတယ်ဆိုတာ ဤပိုစ့်မှာ ဖော်ပြနေသလိုပဲ ........။ လူတိုင်းမှာ အချစ်ဆိုတာ ရှိပေမယ့် အချစ်ဆိုတဲ့ ဆန္ဒကို ရှေ့တန်းမတင်ပဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားကြတဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာလည်း လေးစား ချီးကျူး စရာပင်ဖြစ်ပေသည် ....။ မည်သို့ပင်ဖြစ် ဤပိုစ့်ကို ဖတ်ရှုမိသူ စာဖတ်သူတစ်ယောက် အနေဖြင့် တစ်စုံတစ်ခုသော အသိ အတွေးအခေါ် ရရှိလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်မိလေတော့သည်...........။

ရောင်းရင်းကြီး အဖြူလေးတစ်ယောက် ကောင်းရာသုဂတိလား ပါစေ အဲ .......... ဆောရီး .........ယခုလို စာကောင်းပေကောင်းလေးတွေ ဆက်လက်ရေးသား နှိုင်ပါစေလို့ ဆန္ဒပြုရင်း ကွန်မန့်အား ဤနေရာတွင် အဆုံးသတ်လိုက်လေတော့သည်........။


မှတ်ချက်...။
ဤ သံယောဇဉ် ပိုစ့် ဘလော့ပေါ်သို့ အစဉ်ပြေ ချောမောစွာ ရောက်ရှိရေးအတွက် ကိုမြစ်ကျိုးအင်း တစ်ယောက် တစ်ပါတ်လောက် အလုပ်ပျက်သွားကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းရရှိလေသည်....။ ကဲ အဖြူလေးရေ လက်တို့ပြီး ပြောလိုက်မယ်နော် ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာ တစ်ပါးတဲ့....။ ဒီလောက်ဆို သဘောပေါက်ပေါ့ ဖြူတော့ မဖြူနဲ့နော်..........။

mgnge said...

အင်း...စလယ်ဆုံး တစ်ကယ်ကောင်းတဲ့ ပိုစ် ပါဗျာ..။
သေသေချာချာဖတ်တော့ တွေးဖို့ လေးတွေတော့ ဖြစ်သွားတာပေါ့..။
ရောင်းရင်းကြီး ကိုအဖြူလေးလည်းဒီထက် မကစာ ကောင်းပေကောင်းများ ရေးသာနိုင်ပါစေဗျာ..။

ဒါ့ထက် ဒီအကြောင်းအရာ က..တကယ့်အဖြစ်နော်..။
စိတ်မကောင်းစရာပဲနော်..။

ဂျပန်ကောင်လေး said...

အစ်ကို... သေချာဖတ်ပြီးခံစားသွားတယ်.. ပထမပိုင်းနဲ့ ဒုတိယပိုင်းဟာ အတိုင်းအဆမရှိ ခံစားရပါတယ်.. တခုတော့ ပြောပါရစေ.. မော်က ဝေ့ကိုသွားမတွေ့ဘဲနဲ့ ကျိတ်ပြီးခံစားနေရမယ်... ဝေကလည်း အဝေးတစ်နေရာ ကနေ ရောဂါနဲ့ ဆုံးပါသွားမယ်ဆိုရင် ပိုပြီးခံစားရမယ့် ဇာတ်လမ်းလေးဖြစ်သွားမယ်လို့ ထင်ပတယ်.. ကျနော့်စိတ်အထင်ပြောမယ်ဆိုရင် ဝေ့ကို ငွေသွားပေးတာက ပေါနေသလိုဖြစ်ပြီးတော့ ဇာတ်လမ်းကိုလည်း ပေါ့သွားစေတယ်လို့ ထင်တာပါပဲ.. စကားမှားသွားရင်ခွင့်လွှတ်ပါအစ်ကို... အစ်ကို့စာထဲက ၀တ္ထုရေးပုံလေးကို လေ့လာသွားပါတယ်.. အပြစ်ပြောစရာမရှိအောင် အရေးအသားပိရိပါတယ်အစ်ကို... ကျွန်တော့စာနဲ့ပတ်သက်လို့ ဝေဖန်စရာရှိရင်လည်း ဝေဖန်ပေးပါဦးး)

flowerpoem said...

ကိုမြစ်ကျိုးအင်း ဇာတ်သိမ်းကို လာဖတ်သွားပါတယ်... အရေးအသား တကယ်ညက်တယ်ရှင့်

megumi said...

အဆုံးကနေ စဖတ်ပြီး အစကနေ ပြန်ဖတ်သွားပါတယ်။
အတွေးတွေ ပေးလို့ ကျေးဇူးတင်ပါတယ်။
နောက်ထပ်လည်း ရေးပါဦးရှင်။

အိမ် said...

ကောင်းတယ်ဗျာ အစအဆုံးဆွဲခေါ်သွားနိုင်တာကိုက တော်တယ်ပြောရမယ်။ အားကျတယ်ဗျာ။

Moe Cho Thinn said...

ဖတ်ပြီး စိတ်မကောင်းဘူး။ တချို့ အဖြစ်အပျက်တွေက ၀တ္ထုထက် ပိုခံစားရတတ်တယ်။ အိမ်ထောင်ရေး မပျက်စီးစေချင်တဲ့ ဝေရဲ့ စေတနာကို ကျေးဇူးတင်မိတယ်။ အဖြူလေးက အရေးကောင်းပဲ။

ရွှေပြည်သူ said...

အရေးအသားက ဆွဲခေါ်သွားတော့ ဖတ်ပြီး မောကျန်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ တကယ်တမ်း အပြစ်ရှိတာက သူရကျော်တစ်ယောက်ပဲ လို့ မြင်မိပါတယ်။ အခိုင်အမာ အိမ်ထောင်ရှိသူတစ်ယောက် အနေနဲ့ အစကတည်းက သူဝေ့ကို ရှောင်ခဲ့သင့်တယ် ထင်တာပါပဲ။ ဘာပဲပြောပြော နောက်ဆုံးတော့ ဝဋ်ကျွေးတွေလို့ပဲ မြင်မိပါတယ်...

မဆုမွန် said...

အင်း..........................

များသောအားဖြင့် အိမ်ထောင်ရေးဖောက်ပြန်မူတွေမှာ နောက်လူတွေကို သနားစရာဖြစ်အောင် ရေးလာကြတာကို သတိထားမိတယ်..
နောက်ပြီး ဖောက်ပြန်တဲ့ အိမ်ထောင်ဦင်္းစီးအပေါ်လည်း အချစ်ဆိုတာကို ဗန်းပြပြီး သနားစရာ နားလည်စာနာပေးစရာဖြစ်အောင် ရေးလာကြတယ်..

ဒါဆိုရင် ဇနီးဖြစ်သူဘက်ကရော..ဇနီးဖြစ်သူကလဲ ခင်ပွန်းဖြစ်သူ အဝေးရောက်နေချိန်မှာ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်မျိုးတစ်ခုလို သဘောထားပြီး ကိုယ့်ခင်ပွန်းအခြေအနေကို မသိအောင်ကို ခင်ပွန်းကို အချိန်ပေး မလေ့လာနိုင်တာလား..

မိဘတွေဘက်ကရော...

အင်းဒါတွေ အကုန်ဆန်းစစ်ရင် အချစ်ဆိုတာကို အကာအကွယ်ယူပြီး ဖောက်ပြန်မူတစ်ခုလို မြင်မိတယ်..
ဖောက်ပြန်မူတွေကိုတော့ လုံးဝ လက်မခံတာ အမှန်ပဲ.

အိမ်ထောင်ဦးစီးရဲ့ ရွေးချယ်မူက အဓိကပါပဲ ဘက်နှစ်ဘက်မှာ.တစ်ဘက်ကို ဘယ်လိုမှ မရှိတော့ဘူး ဒီတစ်ဘက်ကိုလည်း ကိုယ်က အရမ်းပါနေပြီဆိုရင် ကိုယ်စိတ်မရှိတော့တဲ့ ဘက်ကို ဖြတ်သာချပစ်လိုက်ပါ...အဲ့တာဟာ သုံးဘက်စလုံးအတွက် သိပ်ကောင်းမယ် ထင်တယ် လေနံနှစ်ဘက်နင်းတာမျိုး မိသားစု ရင်သွေး စတာတွေ အကြောင်းပြပြီး ဇော်က ကတာမျိုးကိုတော့ လူ့ဘောင်က လက်မခံတာ အမှန်ပဲ..အဲ့လိုလုပ်ချင်းအားဖြင့် တစ်ချိန်မှာ မလွဲမသွေ သုံးဦးလုံး ကြုံလာရနိုင်တဲ့ အရှက်တကွဲအကျိုးနည်းတာတွေ သက်သာမယ် ထင်ပါတယ်။
ဟုတ်ချင်မှလည်း ဟုတ်မှာပါ..တွေးကြည့်တာပါပဲ..

 

Posts Comments

©2006-2010 ·TNB