စိတ်သည်မကောင်းမှု၌မွေ့လျော်သည်

23 April 2009

ဒီနေ့ဘာရယ်မဟုတ်ဘဲ လူရွှင်တော်တွေ ပျက်တဲ့ပျက်လုံးတခုကို သွားသတိရမိတယ်။
ပုထုဇဉ်လူသားတွေရဲ့ စိတ်ကို အသုံးချပြီး ဟာသလုပ်ထားတဲ့ ပျက်လုံးမျိုးပါ။
လူဆိုတာမျိုးကလည်း အခက်သားလား အစွန်းအစ ထွက်တဲ့ စကားများ ပြောမိရင် ကောင်းရာ
ကောင်းကြောင်း မစဉ်းစားချင်ကြဘူး။

အားလုံးတော့လည်း မဟုတ်ပါဘူး တချို့ကြတော့လည်း
ဘာပြောမှန်းမသိအောင်ကို ရိုးကြပါတယ်။

ပျက်လုံးမှာက လူရွှင်တော် နှစ်ယောက်က မင်းသမီးကို အပြိုင်အဆိုင် ပိုးပန်းကြတယ်။
တယောက်က ပိုးပန်းနေတဲ့ အချိန်မှာ နောက်တယောက်က ၀င်ပြီး အချွန်နဲ့ မ ပေးတယ်။
အဲဒီတော့လူရွှင်တော် တယောက်က မင်းသမီးကို သစ္စာတိုင် စဆိုတယ်။

ဆိုလိုတာက မင်းသမီးသာ သူ့နောက်လိုက်မယ်ဆိုရင် မပင်ပန်းစေရဘူး
လမ်းခရီးမှာ အခက်အခဲတွေ ကြုံရင် သူကာကွယ်ပေးမယ်ဆိုပြီး သစ္စာတိုင် ကိုဆိုပြတယ်။
သူ့ဟာက ကာရံလေးနဲ့။

ဟိုတောင်တန်းမှာတော့......မောင်ထမ်းလို့ခေါ်မယ်
ဟိုတောင်တကွေ့မှာတော့.....မောင်ပွေ့လို့ခေါ်ပါ့မယ်
ဟိုတောင်တရိုးမှာတော့......မောင်..မောင်...ဆိုပြီး အင်း..အဲ တွေဖြစ်ကုန်ရော။
သူကာရံမစပ်တတ်တော့တဲ့ ပုံစံမျိုးလုပ်ပြတယ်..နောက်လူရွှင်တော်တယောက်ကလည်း
ကာရံရအောင်စပ် မရရင်မင်းနာပြီမှတ်လို့ ၀င်ကြိမ်းတယ်။

ဒါနဲ့ ပထမတယောက်က နဲနဲစဉ်းစားဟန်ပြုပြီး
ဟိုတောင်တရိုးမှာတော့.....မောင် ပိုးလို့ချီပါ့မယ် လို့ဆိုပြပြီးသက်ပြင်းချပြတော့ ပရိသတ်က ရယ်ကြတယ်။
တကြောင်းချင်းပဲ ဘာသာပြန်ပြန် သုံးကြောင်းလုံးစုပြီးပဲ ဘာသာပြန်ပြန် ရယ်စရာရယ်လို့ မရှိဘူး။
ဒါပေမယ့် ပရိသတ်က ရယ်ကြတယ်။ဒါကြောင့် စိတ်သည်မကောင်းမှု၌မွေ့လျော်သည်လို့ ပြောတာပေါ့။

ကျောင်းသားဘ၀က ကျွန်တော်တို့ ဆရာကိုယ်တိုင်လည်း အဲဒီလိုပြောခဲ့တာပဲ။
ဆရာက ကျောင်းသားတွေနဲ့ အပြင်မှာဆိုသူငယ်ချင်းပေါင်း ပေါင်းတယ်။
ဆရာလ္ဘက်ရည်ဆိုင် သွားရအောင် ညှိရင် ဆရာက မင်းတို့တိုက်မှာလား ငါတိုက်ရမှာလားမေးတတ်တယ်။

ဆရာက ကျွန်တော်တို့ကို လ္ဘက်ရည်တိုက် ကျွန်တော်တို့က ဆေးလိပ်ပြန်တိုက်မယ် ဆိုပြီး
မတန်တဆ ညှိလည်း ဆရာကတော့ အေးဒါဆိုရင် သွားမယ်ဆိုပြီး လက်ခံတာပဲ။
ပြောရရင် ဆရာကို ကျွန်တော်တို့ က လေးစားချစ်ခင်ကြတယ်။
ဆရာကလူငယ်ဆန်တော့ ကျွန်တော်တို့နဲ့ သိပ်မဝေးဘူး ဆိုရမယ်။

ဆရာကလည်း သူ့တပည့်တိုင်းကို စေတနာထားတယ် ။အခါအခွင့်သင့်တိုင်းလည်း လမ်းညွှန်ဆုံးမတတ်တယ်။
တခါကတော့ ဆရာ အတန်းထဲမှာ အားလုံးကို ဘ၀ရဲ့ အနာဂါတ်နဲ့ပါတ်သတ်ပြီး ဆုံးမတယ်။
မင်းတို့တတွေ မဖြတ်ချင်လည်း ဖြတ်သန်းရမယ့် ဘ၀လမ်းဆိုတာ ရှိနေတယ်။
မသွားချင်လည်းမရတော့တဲ့ လူကြီးဘ၀ကို ရကြတော့မယ်။

လူကြီးဆိုတာ အသက်ကြီးတာကို ခေါ်တာဆိုပေမယ့် ကိုယ့်ပုခုံးပေါ်ကို ရောက်လာတဲ့ တာဝန်တွေကျေဘို့ လိုသလိုကိုယ်နေထိုင်တဲ့ ပါတ်ဝန်ကျင်ကိုပါ အကျိုးပြုနိင်အောင် ကြိုးစားဘို့လိုတယ်။ဒါမှ လူကြီးလူကောင်း လို့ခေါ်နိင်တာ။နောက်ဆုံး ပါတ်ဝန်ကျင်ကို အကျိုးမပြု နိင်ရင်တောင် ဒုက္ခပေးတဲ့ လူစာရင်းထဲတော့ ငါ့တပည့်တွေ မပါစေနဲ့ဆိုပြီး ဆုံးမတယ်။

အဲဒီနေ့ကလည်း အတန်းပြီးတော့ ထုံးစံအတိုင်း ဆရာ့ကိုခေါ်ပြီး လ္ဘက်ရည်ဆိုင်ကို သွားကြရော။
ဟိုရောက်လို့ ခဏနေတော့ တယောက်က ဆရာဒီနေ့ဆုံးမ တဲ့စကားလေးတွေက ကောင်းတယ်ဆရာ။
ဒါပေမယ့် ကျွန်တော်သာဆို ဒီလိုပဲ တိုတိုတုတ်တုတ် ဆုံးမလိုက်မှာပဲ လို့ပြောတော့ ဆရာက လုပ်စမ်းပါအုံးကွ
ငါလည်းမှတ်သားရတာပေါ့လို့ ပြန်ပြောတယ်။

ဒီလိုလေဆရာ...မိန်းခလေးတွေ အရှည်ကိုကြည့်ရမယ်...
ယောကျာင်္းလေးတွေ အချောင်မလိုက်နဲ့လို့ ဆုံးမမှာပဲ။
သူ့စကားဆုံးတော့ ကျွန်တော်တို့တွေ ၀ိုင်းရယ်ကြရော။ဆရာက တွေးတွေးဆဆနဲ့ ပြောတယ်။

မင်းပြောတဲ့ ဆုံးမစကားက ကောင်းတယ်ကွ သေသေချာချာတွေးရင် လေးနက်တယ်
ဒါပေမယ့် ငါ့တပည့်မှတ်ထားကွ လူ့စိတ်ဆိုတာ မကောင်းမှု၌ မွေ့လျော်တာကွ ...မင်းမယုံဘူးလား
ဒီကောင်တွေပဲကြည့် မင်းစကားကြားကြားချင်း ၀ိုင်ရယ်တာ တွေ့တယ်မဟုတ်လား
ဒီကောင်တွေက ဆုံးမစကားကို ဘယ်လိုဘာသာပြန်လဲဆိုတာ သူတို့ပဲသိတယ်ကွ
အဲဒါ ဒီကောင်တွေ စိတ်က မကောင်းမှုမှာ မွေ့လျော်နေလို့ပဲ ဆိုပြီးရှင်းပြတယ်။

ဆရာပြောလည်းပြောတာပဲ။ယောကျာင်္းလေး အချင်းချင်းကတော့ တယောက်ကို တယောက် တွေ့ရင် ဦးတဲ့သူ
အဲဒီလို ဆုံးမကြတာပါပဲ။အပြစ်ပြောလို့တော့လည်း မရပါဘူး
“စိတ်သည်မကောင်းမှု၌မွေ့လျော်သည်” လို့ တရားစာအုပ်မှာကို ရေးထားတာပဲလေ.....။

14 comments:

thawzin said...

အရမ်းကောင်းတဲ့ပို့စ်လေးပါဗျာ
ယူတတ်ရင် လောကုတ္တရာအတွက်ပါ အကျိုးများမဲ့ပို့စ်လေးပါ လောကီမှာ ဒီလိုနှစ်ခွစကားမပြောမိဘူးဆိုရင် လူရိုသေရှင်ရိုသေပိုဖြစ်ခံရတဲ့ အကျိုးပေးနိုင်ပါတယ် ဒါပေမယ့်လဲပြောသူရှိရင်တော့ ရီမိမှာပဲလေ ဘာလို့လဲဆိုတော့ စိတ်ဆိုတာမကောင်းသောနယ်မှာပျော်မွေ့တာကိုဗျ

Welcome said...

ခုခေတ် လူငယ်တွေနဲ့ အကိုက်ပဲ ..

ပျော်ရွှင်ပါစေ

flowerpoem said...

ကျော်ရသွားပြီပညာပေးပို့စ်လေးကို သဘောကျတယ်..

ခမ်းကီး said...

ကောင်းတယ်ဗျာ..
ကျောင်းသားဘ၀ကို တန်းသတိရမိတယ်။

pm said...

ကိုယ့်လူ အပြောက တော့ စံပဲ။

တိုတိုတုတ်တုတ်နဲ့ ရင်ထဲထိ ထိစေနိုင်တယ်။ :P

သီဟသစ် said...

မှန်လိုက်တာ မြစ်ကျိုးအင်းရေ..

တစ်ခုခုဆို အထာတွေက ပေါက်ပေါက်နေတာ..
အဲဒါကြောင့်လား..

mgnge said...

တကယ့် ကောင်းတဲ့ ပိုစ်ပဲဗျ...။အဟုတ်တွေကြီး ပဲ.. ကို ရေကာတာ ရ..။

ဂျပန်ကောင်လေး said...

အစ်ကိုရေ.. ကောင်းလိုက်တာ.. ဖတ်လိုက်ရတာ တခုခုကို ရသွားသလိုပဲ.... ဒီလိုပို့စ်လေးတွေ ဆက်ရေးပါဦးဗျာ...

တားမြစ် ထားသော... said...

စိတ်သည် မကောင်းမှု၌ မွေ့လျော်၏။
သတိသည် စိတ်၏ ချွန်းဖြစ်မည်ဟု တွေးမိ၏။

သုခမိန်(E-Journal)

winlatt said...

စိတ်တွေမကောင်းတဲ့နေရာမှာ မွေ့လျော်သည်...တဲ့
ဟုတ်ပ ကိုယ့်ဆရာရေ...
ရုပ်ဝတ္ထုတွေအမှီပြု
သာယာမှုနောက် တကောက်ကောက်လိုက်
မိုက်လိုက်တဲ့ ပုထုဇင်
သမုဒယသံယောဇဉ်ကို
အမြှင် မပြတ်ချင်လို့
ဘဝအထပ်ထပ် နောက်တော်ပါး
မွေ့လျော်စေဖို့ရာ စိတ်....စိတ်...စိတ် .....ဆိုပါလားဗျို့

နေကျယ်ဝန်း said...

စိတ်သည် မကောင်းမှု၌မွေ့လျော်သည်
မှန်ပါ့ဗျ
အဲဒါကြောင့်လည်း ပြက်လုံးတွေရယ်နေရတာကိုး
ခုခေတ် အငြိမ့်တွေမှာလည်း ပြက်လုံးသန့်သန့်လေးတွေရှားကုန်ပြီ
ကျွန်တော် တစ်ခု စဉ်းစားမိတာက ပြက်လုံးတွေအဲလိုဖြစ်လာတာ လူတွေရဲ့ စိတ် မကောင်းမှုမှာ မွှေ့လျော်လို့ အဲလို ပြက် ကြတာလား ။
ဒါမှမဟုတ် အဲလို ပြက် ကြလို့ ရယ်ရအောင် မကောင်းတာကို အရင် တွေးကြတာလား ။
ခပ်တော့ခပ်ခက်ခက်ပဲ ။
anyway .. Good .. :D

မီးမီးငယ် ရဲ့  ထည်ဝါချို said...

သေချောလေးဖတ်သွားတယ်

ဆရာနဲ့ တပည့်ရင်းနှီးမှုက အားကျစရာ

မဆုမွန် said...

သိပ်ကောင်းတဲ့ပို့စ်လေးပါ
ကျွန်မတို့သူငယ်ချင်းတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်...

တစ်ခုခုပြောလိုက်လို့ ဘေးချော်ပြီး အတွေးပေါက်တတ်တာ များလွန်းလို့...

တွေးပုံလေးကိုတော့ သဘောကျတယ် ဒါပေမယ့် မဟုတ်ဘူးလို့ ပြောဖြစ်တယ်...ဓာတ်သိဆို ရယ်ကြတယ် အသေပဲ..

Anonymous said...

မှတ်သားစရာပါပဲဗျာ.. ဆရာသမားပြောမှပဲ
ကျောင်းတုန်းက မြန်မာစာ ဆရာပြောသွားလေး
သွားအမှတ်ရတယ်.. ဘာတဲ့.. မင်းတို့တွေက
မကောင်းတာ လုပ်ဖို့၊ မကောင်းတာ ကြည့်ဖို့ဆို
မစင်ပုံ ယင်အုံသလိုကို ၀ိုင်းလာတာ..တဲ့..
တကယ်သင်ရမဲ့ ကျောင်းစာကျတော့ အမြီးမြှောက်လိုက် အီးပေါက်လိုက် လုပ်နေကြတယ်..တဲ့ မှတ်ကရောဗျာ။

 

Posts Comments

©2006-2010 ·TNB