လူတစ်ယောက်ဘယ်လောက်တန်လဲ

02 May 2009

ဒီရပ်ကွက်လေးမှာ ကျွန်တော့်အမျိုးသမီး ဆေးခန်းဖွင့်မယ်ပြောတော့ ကျွန်တော်အနည်းငယ်တော့ သဘောမကျ ဖြစ်မိသည်။ဒီရပ်ကွက်လေးရဲ့ ဆင်းရဲနှုံချာ မှုကြောင့်မဟုတ်ပါဘူး။ တကူးတက အချိန်ယူပြီး လာရလို့လေ။ တကယ်ဆို ကိုယ်နေတဲ့ မြို့နယ်မှာ ဖွင့်ရင်ရပေမယ့် အမျိုးသမီးက ဒီရပ်ကွက်လေးမှာ ဖွင့်ခွင့်ရဘို့ အကြောင်းပြချက် တခုပေးသည်။ သူပေးတဲ့အကြောင်းပြချက်က ဒီရပ်ကွက်လေးက ဆင်းရဲတယ်မောင်ရယ် ဆိုတော့ ကျွန်တော်တားဘို့မစွမ်းသာတော့ဘူး။ နောက်တော့လည်း ညနေသုံးနာရီဆို နှစ်ယောက်သား ကားလေးနဲ့ထွက်လာပြီး သူ့ကိုဆေးခန်း လိုက်ပို့ပေး ကိုယ်ကည ၉ နာရီထိုးခါနီးဆိုလာပြန်ကြိုနဲ့ အကျင့်လိုကို ဖြစ်သွားတော့သည်။

တချို့နေ့တွေမှာတော့ မြို့ထဲကို ကိုယ်တယောက်ထဲစောစော ထွက်ပြီး ဆေးခန်းအတွက် သူမှာတဲ့ဆေးတွေ လိုက်ရှာဝယ်ပေးရတယ်။ပြီးရင် အမျိုးသမီးကို ၀င်ခေါ်ပြီး ဆေးခန်းလိုက်ပို့ ပေးရသည်။ အကူမိန်းခလေးရှိလို့ ဆေးခန်းမှာတော့ ကြာကြာမနေဖြစ်ပါဘူး။ကိုယ်ရှိနေရင် အနှောက်အယှက် ဖြစ်မှာလည်း စိုးရသေးသည်။ အခုတော့လည်းဆေးခန်းလေးက လူနာတွေရဲ့ ယုံကြည်အားကိုးမှုနဲ့ အောင်မြင်တဲ့ ဆေးခန်းလေးတခု ဖြစ်လာတော့သည်။ တခြားဆေးခန်းတွေထက် အစစအရာရာ လျော့ယူပေးတာကြောင့်လည်း ဖြစ်မည်။

ဒီနေ့ညလာကြိုတော့ တလမ်းလုံးမိုးတွေ သည်းသည်းမဲမဲ ရွာနေလို့ ကားကို ဂရုတစိုက် မောင်းနေရသည်။ ရပ်ကွက်နားရောက်တော့ တရပ်ကွက်လုံးမှောင် အတိဖြစ်နေသည်။ အေးလေ မိုးရွာရင် လျှပ်စီးမလက်ရင်သာ မလက်မယ် မီးကတော့ ပျက်နေကြ ဆိုတော့ ထူးပြီးလည်း မဆန်းတော့ပါဘူး။အလကား နေရင်တောင် ဒီမီးက မလာသေးတာပဲ မိုးရွာမှတော့ မီးမလာဘို့က ရေစိုတာ ထက်တောင်သေချာသေးသည်။ ဆေးခန်းရောက်တော့ အကူကောင်မလေး တယောက်ပဲ တွေ့မိလို့ ဘယ်သွားလည်းမေးကြည့်တော့ လူနာတယောက် အသည်းအသန် ဖြစ်လို့ လိုက်သွားရတယ် လို့ပြောသည်။ ဒါနဲ့သွားတဲ့နေရာမေး ပြီးတော့ကားပေါ်က လက်နှိပ်ဓါတ်မီး ယူပြီး ကိုယ့်ဘာသာပဲ ထွက်လာခဲ့တော့သည်။

တလမ်းလုံးလည်း ရေတွေလျှံနေတာ ဒူးခေါင်းအထက်နားထိ ရောက်နေတော့သည်။ပုဆိုးကို ခပ်မြင့်မြင့် မပြီး တရွေ့ရွေ့ ပဲလျှောက်နေရသည်။ရပ်ကွက်လေးကတော့ မိုးအေးအေးတွင် တိတ်တဆိတ် ကွေးနေပုံရသည်။ လမ်းတ၀က်လောက်ရောက်တော့ ကိုယ့်ကိုမျက်မှန်းတန်းမိ တဲ့ ဆိုက်ကားဆရာလေးနဲ့ တွေ့တော့ သူလိုက်ပို့ပေးမယ်ပြောတာနှင့် ခေါ်လာခဲ့သည်။ဘာပဲဖြစ်ဖြစ် အဖော်နဲ့ဆိုတော့ ပိုကောင်းသည်။ ညွှန်ပြထားသော အိမ်ကိုရောက်သည့်အခါ ခြံထဲဝင်ပြီး အိမ်ရှင်ကို အော် ခေါ်တော့ ပြတင်းပေါက်တချပ် ပွင့်လာပြီး မိန်းမကြီးတယောက်ထွက်လာသည်။

“ကျွန်တော်ဆရာမကို လာကြိုတာပါ”
“လူနာက အနောက်ကအိမ်မှာနေတာပါ အိမ်ဘေးကနေသွားရင် တွေ့လိမ့်မယ်”
“သြော်...ဟုတ်ကဲ့ ကျေးဇူးပါဗျာ”

အိမ်ရှင်ကို နှုတ်ဆက်ပြီး သူညွှန်ပြလိုက်သလို အိမ်ဘေးဘက်ကနေ လက်နှိပ်ဓါတ်မီး အားကိုးနဲ့ လျှောက်လာရင်း
အနောက်ဘက် ရောက်တော့ အိမ်မကြီးကို တဖက်ရပ် အဖီချ ထားတဲ့ တဲအိမ်လေးတွေ့လိုက်ရသည်..။ မှန်အိမ် မီးရောင်ဖြင့် တဲထဲမှာတော့ လူနာရဲ့ မိသားစုဝင်တွေ တိတ်တဆိတ် လှုပ်ရှားနေကြသည်..။ ကျွန်တော့်ကို မြင်တော့ အသံတိတ်ပဲ နှုတ်ဆက်ကြသည်။ ညာဘက်က ကုတင်ပေါ်မှာ လူနာကို တွေ့လိုက်ရသည်။ အမျိုးသမီးက လူနာကို ဆေးထိုးဘို့ ပြင်ဆင်နေသည်။ ကျွန်တော်ရောက်နေမှန်း သူမ သတိမပြုမိသေး ။

“ကျွန်မကို တယောက်လောက် ကူညီပါ ဒီမှာဆေးထိုးမလို့ မီးရောင်ထင်ထင် ရှားရှား ပြပေးပါ”

ကျွန်တော်ခပ်သွက်သွက်ပဲ လူနာ အနားတိုးကပ်သွားပြီး လက်တဖက်က လက်နှိပ်ဓါတ်မီး ထိုးထားရင်း နောက်တဖက်ဖြင့် အကြောမြင်သာအောင် လူနာလက်မောင်းကို အနည်းငယ် ဖျစ်ညစ်ပေးလိုက်သည်။ အသက် ငါးဆယ်လောက် ရှိပြီထင်ရပေမယ့် လူနာရဲ့ပုံသဏ္ဍန်က အရိုးပေါ်အရေတင် ဖြစ်နေတော့ ရှိရင်းစွဲထက်ပိုပြီး အိုမင်းနေသည်။ ဆေးထိုးပြီး ပစ္စည်းတွေ ၀ိုင်းသိမ်းပေးမှ ကျွန်တော်ရောက်နေမှန်း သူမသိတော့သည်။ ဆေးအိတ်တဖက် ဓါတ်မီးတဖက်ဖြင့် လူနာအိမ်မှ ပြန်ထွက်လာတော့ လူနာရှင်တွေ အနောက်က လိုက်လာသည်။ အရှေ့ကအိမ်မကြီးပေါ်မှာ ခဏတာ တက်နားရင်း အိမ်ရှင်ဧည့်ခံသော ရေနွေးပူပူလေး သောက်ဖြစ်သည်။

“ဆရာမ လူနာ ဘယ်လောက်ခံအုံးမလဲ”
လူနာရှင်ရဲ့ အမေးစကားကြားတော့ ကျွန်တော့် စိတ်ထဲ တမျိုးကြီး ဖြစ်သွားသည်။ ဘယ်လိုကြီးလဲ.. သူတို့က မိသားစုဝင်တွေ မဟုတ်ဘူးလား.. ဘာလို့စိတ်လျှော့စကား ပြောကြတာလဲ.. စိတ်ထဲက တွေးနေပေမယ့် ကျွန်တော်ဘာမှ ၀င်မပြောခဲ့ပေ။

“သေသေချာချာ ကုဘို့တော့ လိုပါတယ်..အကောင်းဆုံးက ဒီ့ထက်အခြေအနေ မဆိုးခင် ဆေးရုံတင်သင့်တယ်”
“အခုထိုးပေးတဲ့ ဆေးကလည်း ယာယီလောက်ပဲ သက်သာစေနိင်မှာပါ”
ဆရာမစကားကြားတော့ လူနာရှင်တွေ ခေါင်းငုံ့သွားကြသည်။

ခဏနေတော့ကျွန်တော်တို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် လမ်းလျှောက်နေရင်း

“လူနာကိုလာကိုင်တဲ့ လက်ကို မြင်ဖူးပါတယ်လို့ ထင်နေတာ မောင့်လက်ဖြစ်မှန်း ပြီးမှပဲသိရတော့တယ်”
“စိတ်ထဲမှာ လူနာကို စိုးရိမ်စိတ်ကြီးနေတာလေ”

ကျွန်တော်ကတော့ ဖြစ်ရလေလို့ တွေးလိုက်ရင်းပြုံးလိုက်မိသည်။ ဆေးခန်းရောက်တော့ လူနာရှင်မှ ခြေကြွခ ဘယ်လောက် ကျသလဲမေးသည်။ ဆေးခန်းအကူ ကောင်မလေးမှ သုံးထောင်လို့ ပြောသံကြားတော့ ကျွန်တော့် စိတ်ထဲ မကောင်းဖြစ်သွားရသည်။ ပုံမှန်အားဖြင့် ဒီဆေးခန်းမှာ လာကုတဲ့သူတွေဆီက ယူတဲ့နှုန်းက ပျမ်းမျှခြင်း အားဖြင့် ငါးရာ လောက်ပဲရှိမှန်း သိတော့အခုလို သုံးထောင် တောင်းလိုက်တာ ဘ၀င်မကျ ဖြစ်မိသည်။ ဒါပေမယ့်လည်း ကိုယ်က သူ့အလုပ်ကို ၀င်မစွက်ဖက်ဘူးလို့ ဆုံးဖြတ်ထားတော့ ဘာမှဝင်မပြောဖြစ်ခဲ့ပေ။
အိမ်ပြန်လမ်းမှာတော့ စိတ်ထဲအနည်းငယ်ပြောချင်လာတာနဲ့

“ချစ်ရေ သူတို့ကို သုံးထောင် တောင်းလိုက်တာ မများဘူးလားကွာ သူတို့တွေလည်း နွမ်းနွမ်းပါးပါး လေးတွေပဲ”
“အဲဒီလိုမှ မတောင်းရင် တော်ရုံတန်ရုံ နဲ့လည်း ဆေးခန်းမလာဘဲ အိမ်ကိုပဲ ခေါ်ကြမှာလေ ”
“လူနာက ဘာရောဂါဖြစ်တာလဲ”
“အဓိကကတော့ အရက်အလွန်အကျွံသောက်ခဲ့လို သူ့ရဲ့ အသဲ ခြောက် စပြုနေတာ”
“ကုလို့ ရနိင်သေးရဲ့လား”
“ရှင်းရှင်းပျောက်ဘို့ မလွယ်ပေမယ့် ဂရုတစိုက်နေသွားရင် သက်တမ်းစေ့တော့ နေလို့ရနိင်တယ်
ဒါပေမယ့် ကုသစရိတ်အတွက် ငွေတော်တော်ကုန်လိမ့်မယ်”

အကြောင်းစုံသိတော့မှ သြော်ဒါကြောင့် လူနာရှင်တွေက ဘယ်လောက်ခံအုံးမလဲ မေးတာ နားလည်သွားတော့သည်။
.................................................။

နောက်နေ့ရောက်တော့ တနေ့လုံး အဲဒီလူနာ အကြောင်းပဲစိတ်ထဲရောက်နေသည်။
ငွေဘယ်လောက်ကုန်ရင် သူအသက်ရှင်နိင်မလဲ သိချင်နေသည်။အမျိုးသမီးက အနည်းငယ်စဉ်းစားပြီး

“၆သိန်း ၇ သိန်းလောက်တော့ ကုန်လိမ့်မယ် ဘာကြောင့်ဆိုတော့ ဆေးရုံမှာ ရက်ရှည် တင်ထားရမယ်
လိုအပ်တဲ့ ဆေးဝါးတွေ ၀ယ်ရမယ် အဟာရဖြစ်မယ့် အစာတွေ ကျွေးရမယ် ကျန်တဲ့ အထွေထွေ စားရိတ်နဲ့ဆို
အဲဒီလောက်တော့ ကုန်မှာပဲ”

၆သိန်းဆိုတာ မနည်းဘူး ဆိုပေမယ့် လူတယောက် အသက်က အဲဒီ့ထက် အဆပေါင်းများစွာ တန်ဘိုးရှိတာတော့ သေချာသည်။ ဒါကကိုယ်မြင်ရတဲ့ လူနာတယောက်ပဲ ရှိသေးတယ်။ ဒီလို လူနာတွေ တနိင်ငံလုံးမှာ အများကြီး ရှိနိင်သေးသည်။ ဘယ်လိုကယ်တင်မလဲ .. ကျွန်တော် စိတ်မောသွားရသည်။

“ဒါဆိုရင်လဲ ချစ်ရယ် သူတို့ကို ဟိုနေ့က သုံးထောင်ပြန်ပေးလိုက် ပါလား ကိုယ်တို့ကူညီနိင်သလောက်ပေါ့”
“ပြန်ပေးဘို့ စဉ်းစားထားပါတယ် ပြန်ပေးဖြစ်မှာပါ”

အေးလေ..ဘယ်တတ်နိင်ပါ့မလဲ အားလုံးက ကံပစ်ချရာ ရှင်သန်နေ ကြရတာပဲ.. ဒီနိင်ငံမှာမှ ဆင်းဆင်းရဲရဲနဲ့ လူလာဖြစ်ကြရတာကိုး.. ရသလိုနေပြီး ဖြစ်သလို သေကြရမှာပဲ..။

နောက်တော့ကျွန်တော်လည်း လူ့သဘာဝအရ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတော့သည်။
ဒီနေ့အမျိုးသမီးကို ပုံမှန်အတိုင်း သွားကြိုတော့ ကားမောင်းထွက်ခါစမှာပဲ

“လွန်ခဲ့တဲ့ ငါးရက်လောက်က ညဘက်ကြီး ဆေးသွားထိုးပေးရတဲ့ လူနာကို မောင်မှတ်မိလား”
“မှတ်မိတာပေါ့”
“အင်း ..ဒီနေ့ပဲသူဆုံးသွားတယ် မောင်ပြန်ပေးခိုင်းတဲ့ သုံးထောင်အပါအဝင် ကူငွေ ငါးထောင်ပေးလိုက်တယ်”
“သြော်”
ကျွန်တော် ဒါပဲရေရွတ်နိင်တော့သည်။အဖြေကြိုသိနေတာတောင် ဇာတ်သိမ်းရောက်တော့ စိတ်မကောင်းဖြစ်မိသည်။

'လူနာဘယ်လောက်ခံနိင်သေးလဲ' လူနာရှင်ရဲ့ မေးသံကို ပြန်ကြားနေမိသည်။
အမှန်တရားကို ဘယ်လိုအင်အားနဲ့ လက်ခံခဲ့ကြတာလဲ။နေ့ရောညရော သူတို့ အဖေအတွက် သေမင်းကို ဝိုင်းကူ စောင့်ပေးနေချိန်မှာ သူတို့ တော်တော်နာကျင်နေခဲ့ရမယ် ဆိုတာ သေချာလွန်းသည်။ သူတို့အဖေကို အကောင်းဆုံး ဆေးရုံကို ပို့ပေးချင်စိတ် အချိန်တိုင်းရှိနေကြမှပဲ... ငါတို့သာ အဲဒီဘ၀မျိုးရောက်ခဲ့ရင်... ဆိုတဲ့အတွေး တွေးမိတော့ ချက်ချင်းပဲ မျက်လုံးစုံမှိတ်လိုက်မိသည်။

ဆင်းရဲ ငတ်မွတ်ခြင်းက အမှန်တရားကို လက်ခံနိင်လောက်တဲ့ အင်အားမျိုးပေးခဲ့တာနဲ့တူပါရဲ့..။

ထိုနေ့ကအိမ်ပြန်လမ်းတလျှောက် ကျွန်တော်တို့ တိတ်ဆိတ်နေခဲ့တော့သည်။
စိတ်ထဲတွင် လူတယောက် ဘယ်လောက်တန်သလဲ မေးခွန်းထုတ်နေမိတော့သည်။
၊......................................၊

(ကိုသုနြေ္ဒရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို ခံစားရေးဖွဲ့ပါသည်..)

31 comments:

မြူးသျှရီ said...

အကိုရေ...............
လာဖတ်သွားတယ်.
အင်းးးးးးးးးးးးးးးးးးးးမြန်ပြည်မှာတော့
ပြေားတော့ပါဘူးးးးးးးးးးးးးးးးးးးး
သိတယ်မဟုတ်လား?????????

ဖိုးဂျယ် said...

စိတ်မကောင်းကလွဲပြီး ဘာမှ မတတ်နိုင်ဘူးလေ။
ကောင်းရာသုဂတိလားပါစေဗျာ

Phyo Maw said...

အော်... အရက်။

နေညိုရင့် said...

(၁) ကတော့ အရက်က လူကို ဖျက်တာပါ။ (၂) ကတော့ သာမန် မိသားစုတစုရဲ့  စီးပွားရေးဟာ အရေးကြုံရင် လူတယောက်ကို ကယ်တင်ဖို့  ငွေကြေး အလုံလောက် မရှိတာပါ။ (၃) ကတော့ ဘ၀အာမခံချက် မပေးနိုင်တဲ့ အစိုးရ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ နေရလို့ ပါ။

စိတ်စမ်းရေ said...

စိတ်မကောင်းဘူးကွာ...။အင်း...အရက်.. အရက်...

ဖိုးစိန် said...

အရမ်းကောင်းတဲ့ပိုစ့်လေးပါ
ကျနော်လဲတစ်ခုခုကိုမြင်ရကြားရတွေ့ရလို့
စိတ်မကောင်းစရာဆို
ိစိတ်ထဲစွဲနေတဲ့အကျင့်ရှိတယ်
လူတစ်ယောက်ဘယ်လောက်တန်တယ်ဆိုတာ
အဲဒီလူရဲ့နေထိုင်မှုဘဝအဆင့်အတန်းနဲ့ကံတရားပေါ်တော့
မူတည်မယ်ထင်တယ်နော့်
ခင်မင်စွာဖြင့်
ဖိုးစိန်

thawzin said...

စိတ်ပြေနပြေကိုလာဖတ်သွားတယ်အကိုရေ......... အပြစ်တွေပြောနေမယ့်အစား ကျွန်တော်ပြောချင်တာက လူဘ၀ဆိုတာရခဲ့ပါတယ် ရခဲ့တဲ့လူဘ၀ကို တန်းဖိုးထားမထားက မိမိနဲ့ပဲဆိုင်တယ် သီလနဲ့ကြည့်ရင် သုဓါမေရယ ဆိုတဲ့ ကံကိုကျူးလွန်တာပဲ “အသက်ကိုဉာဏ်စောင့်တယ်” ဆိုပေမယ့် ဉာဏ်မစောင့်လို့အသက်တိုတာထက် ကံမစောင့်လို့အသက်တိုတာပါ , ကံဆိုတာမိမိပြုတဲ့အမှု ကောင်းမှုမကောင်းမှုဆိုတဲ့ ရလဒ်ကြီးတစ်ခုပါ, မကောင်းသောအမှုပြုသောသူအတွက် မကောင်းသော အခြေအနေတွေနဲ့ရုန်းကန်ရမှာပဲ, လူအသက်ဆိုတာ ကံ, စိတ်, ဥတု, အာဟာရ တွေပေါ်မှာ မှီတည်နေတာပါ , အသက်တိုစေတဲ့ အရက်သောက်ပြီး သေတာကတော့ သနားရမှာထက် သင်ခန်းစာယူသင့်တာဗျ, ယူတတ်ရင်ကုသိုလ် မယူတတ်ရင်အကုသိုလ် ပဲ ဒီပို့စ်ကို ဖတ်ပြီး အကုသိုလ် ပူနွေးနေတာမြင်ရတော့ စိတ်မကောင်းယုံပါပဲ, ကျွန်တော်ကတော့ ရအောင်ယူသွားပါတယ် အကိုရေ ပို့စ်လေးက အရမ်းကို ကျိုးကျေးဇူးများပါတယ် ကျွန်တော်ယူသွားတဲ့အရာနှစ်ခုက (၁)လူဘ၀ဆိုတာရခဲ့တယ်
(၂) အရက်သောက်ရင် မိမိရဲ့ မိသားစုကတောင် သေမှာမနှောမျောခြင်းခံရတယ် ဒါကြောင့် သေရည်ကို မသောက်ဖြစ်အောင်နေမယ်ဆိုတဲ့ သင်ခန်းစာယူသွားပါတယ်အကိုရေ

နန်းဝါ၀ါမောင် said...

ပို့စ်ကောင်းလေး တစ်ပုဒ် လာဖတ်သွားပါတယ်..
စိတ်မကောင်းဖြစ်မိပါတယ်.

kaungkinpyar said...

ဒီပို့စ်လေးကို ဖတ်ပီး အမ စိတ်မကောင်းဘူး၊ အမ မောင်လေးက ဒီ အရက်ကြောင့် သေသွားတယ်လို့ ပြောလိုရပါတယ်၊ ငွေတွေ ကုန်သွားပေမဲ့ သူအသက် ကို မကယ်နိုင်ပါဘူး၊ ဘယ်သူပဲ ဖြစ်ဖြစ် မသောက်ရင်တော့ အကောင်းဆုံးပါပဲ၊ ဒီပို့စ်လေး အတွက် ကျေးဇူးပါ

ဆည်းဆာသံစဉ် said...

ဘာရယ်လို့ တော့ သေချာမပြောတော့ပါဘူး...နောက်ဆို ဒီထက်များလာအုံးမယ် ထင်တယ်နော်..၀မ်းနည်းစရာတွေပါပဲခင်ဗျာ...ဘယ်သူမပြု မိမိမူတွေဖြစ်တဲ့ အတွက်ကြောင့်...စဉ်းစားပြီး တွေးခေါ်မူ့ တွေ ရှိပါစေဗျာ...။

တောင်ပေါ်ကရှမ်းကလေး said...

အကိုရေ ကောင်းလိုက်တာဗျာ အနော့တောင် လျော့သောက်ရမလို ပဲ ဗျ
ဒါပေမယ့်လည်းအသိရတယ်လို့ မှတ်ထားတယ်
သိပ်မသောက်တော့ဘူး ခုတစ်လောရှောင်နေတယ်
အကိုပိုစ့်ကလည်း ကောင်းတယ်
ညီလည်း သတိထားရတော့မယ်
ပြောရရင်တော့ အာမခံချက်မပေးနိုင်တဲ့ နိုင်ငံမှာလူဖြစ်ရတာကို က တစ်ပန်းရှုံးတာပဲဗျ

ခင်မင်လျှက်
အိုက်ခီလောက်

သုနြေ္ဒ said...

ကိုယ့် ရဲ့ ကိုတွေ့ အဖြစ်ပျက်လေးပါ post တခုအနေနဲ့ ဖြစ်လာအောင်ခံ စားစုစည်းတင်ပြပေးတဲ့  ညီလေး
ပိုင် ကို အထူးဘဲ ကျေးဇူးတင်ပါသည် ကျနော့ 
၇ည်၇ွယ်ချက်က ၁ ဒီလိုအဖြစ်မျိုးတွေကင်းဝေးကြပါစေ ၂ အရက်အစရှိတဲ့ လူကိုအန္တ၇ယ်ပေးစေသော
မူးယစ်စေသောအရာဝတ္ထုများဘေးမှကင်းဝေးစေရန်
ရည်ရွယ်ပါတယ်ဗျာ ညီလေးယမကာ လုင်လည်းဒီ post လေးကိုဖတ်စေချင်ပါတယ်

ကိုညီမင်း said...

ဇာတ်လမ်းလေးနဲ့ ရည်ရွယ်ချက်လေး ကောင်းပါတယ်
(ရသလိုနေပြီး ဖြစ်သလို သေကြရမှာပဲ) ဆိုတဲ့ စာသား ကိုတော့ အကြိုက်ဆုံးပါပဲဗျာ

မငုံ said...

အရက်သေစာသောက်စားခြင်းကို ဘုရားလဲမကြိုက်ပါဘူး။ မိဘဆွေမျိုးဘယ်သူမှမကြိုက်ကြပါဘူး။ ငါးပါးသီလထဲမှာ မူးလာရင် ကျန်လေးပါးကို ဆက်လက်ကျူးလွန်ဖို့ ၀န်မလေးတော့ဘူး။
ချက်ခြင်းလက်ငင်းမဖြတ်နိုင်ရင်တောင် လျော့သောက်တာ ကောင်းပါတယ်။ ပိုစ့်လေး တောတော်ကောင်းပါတယ်။

မသက်ဇင် said...

ပထမဆုံးရောက်ဘူးတာပါ။
စာရေးကောင်းသူတယောက်လို့ မှတ်ချက်ပေးမိပါတယ်။

megumi said...

ဆင်းရဲတွင်းနက်တဲ့ဘဝကို ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် နားမလည်တာတစ်ခုက အရက်သောက်ပြီး ဘဝအမောကို ဖြေနေတဲ့လူတွေပဲ။ အရက်သောက်ခြင်းဟာ stress ဖြေဆေးမဟုတ်ပါဘူး။အရက်က လူကိုဖျက်တာပါ။ အရက်သောက်မယ့်အစား အဲဒီအရက်ဖိုးကို မိသားစုအတွက် အသုံးပြုလိုက်ရင် ဘယ်လောက်ကောင်းမလဲနော်။

ကြည်ဖြူပိုင် said...

အကိုရေ....အရမ်းကိုစွဲဆောင်တဲ့ပို့စ်လေးပါ။ ဟုတ်တယ်။လောကကြီးမှာမပြည့်စုံတဲ့လူတွေကိုတွေ့တိုင်းကူညီချင်ပေးချင်တယ်။ ကူညီလိုက်တိုင်းလဲစဉ်းစားမိတယ်။ ငါတစ်ခါတော့သူတို့ပြေလည်အောင်ကူညီပြီးပြီ။ သူတို့ဘ၀တလျှောက်လုံးဒီလိုပြေလည်သွားစေချင်တယ်။ ဘ၀တစ်ခုလုံးပြေလည်အောင်ရောငါကူညီနိုင်ပါ့မလား။ကမ္ဘာတစ်ဝန်းမှာလဲ ဒီလိုလူတွေအများကြီးပါလား။ ငါဘယ်လိုကယ်နိုင်မလဲ။ဆိုတဲ့ အကို တွေးခဲ့သလို ခဏခဏတွေးမိတယ်။ ဒါပေမယ့်မကယ်နိုင်ခဲ့ပါဘူး။တတ်နိုင်သလောက်ပဲပေါ့လေ

မာရေးသျှင် said...

အရင် အိန္ဒိယသမ္မတကြီး အဒူကလမ်ပြောသလိုပေါ့ဗျာ ကျနော်တို့အားလုံးရဲ့ အဓိကအကျဆုံးရန်သူဟာ “ဆင်းရဲမွေတေမှု”ပါပဲ။ ဒါကို ကျနော်တို့ လက်ခံရမယ်။ ပြီးတော့ တွန်းလှန်ရမယ်။ ကဲ ဆရာ မြစ်ကျိုးအင်း စစ်ထိုးကွင်း စဗျာ။

flowerpoem said...

ဇာတ်လမ်းလေးက ဖတ်လို့ကောင်းတယ် ဆင်းရဲခြင်း ကလည်း လူတွေကို နေရာတော်၂များ၂မှာ နှိပ်စက်ပါတယ်.. ကံစီမံရာပေါ့ရှင်..

ဇော် said...

အကိုကျိုးလုပ်တာနဲ့ ကျနော် ညဒျူတီကို မအိပ်ဘဲဖတ်လိုက်တာ အိပ်ရေးပျက်ပြီဗျာ။ ခုတော့။ ဟင့်။ အကိုကျိုးစာတွေက သိပ်ကိုစွဲဆောင်လွန်းတယ်။ ဘယ်လိုစုတ်ချက်၊ ဘယ်လိုမှော်အတတ်တွေနဲ့များပြုစားပြီး အသက်သွင်းထားပါလိမ့်နော်။ ဟင်းး။

နေမင်းသံစဉ် said...

ရေးသားထားလေး တွေက တကယ်ကို ကောင်းပါတယ်..အားပေးလျက်ပါ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

ဖြိုးဇာနည် said...

ဟုတ်ပဗျာ့ဖတ်နေရင်းနဲ့ဘယ်လိုများ
ဇတ်သိမ်းမလဲဆိုတာသိချင်စိတ်နဲ့မရိုးမရွ
ဖြစ်လာတယ်ဟီ့းဒါပေမဲ့သိတယ်မလား
ချန့်မှန်းခြေနဲ့မှန်းတုတ်လိုက်တာလွဲရော့
ပျော်ရွှင်ပါစေခင်ဗျာ့

mgnge said...

အဓိကကတော့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးတာပါ..။ တစ်ြ့ခားနိုင်ငံတွေမှာရောဒီလို အဖြစ်တွေမရှိဘူး လား..။ အဓိကက ဘယ်သူမပြုမိမိမှုပါ အရက်သေစာ သောက်စားလို့ ဖြစ်ရာ ကစတဲ့ရော ဂါ..။သုဓါမေရယ ကိုစတင်မှီဝဲပြီဆိုကတည်းက တန်ဆေးလွန်ဘေး ဆိုတာ ကိုသတိပြုရမှာပါ..။ ဒါကတော့ဘယ် နေရာ ဖြစ်ဖြစ်ပေါ့..။ ဒါကို ဖတ်ပြီး ဟိုအပစ်တင်ဒီအပစ်တင်မယ့် အစားသင်ခန်းစာ ယူတတ်ဖို့ တော့လို မယ်ထင်တယ်..။ စာရေးသူက လည်း သင်ခန်းစာယူတတ်စေဖို့ ရေးထားတာလို့ ထင်ပါတယ်..။ အဓိက ကတော့ ဘယ်နေရာမှာဖြစ်ဖြစ် ယူသင့်တာကိုယူ ဖို့ တော့ လို မယ်ထင်တယ်..။ ကျွန်တော်က တော့ ယူသင့်တာလေးယူသွား တယ်ဗျာ..။

အပူတော့မရှာတော့ဘူး..။ :)

ကြယ်သောကြာ said...

ဘာကို စပြောရမလ???ဲ အဓိက ကတော့ Poverty ပါဘဲ Food Poverty, Knowledge Poverty အစရှိသည့် ဆင်းရဲမွဲတေမှု တွေပါဘဲ။ တရားခံ ရှာနေလို့ မရပါဘူး ။ ကိုယ့်တစ်နိုင်ငံတည်းမှာမှ မဟုတ်တာ။ အဓိက က ကိုယ်တတ်စွမ်းသလောက် တိုက်ဖျက်ဖို့ပါဘဲ။ ကျွန်တော်တို့တွင်လည်း တာဝန်ရှိပါသည် ပေါ့။ မဟုတ်ဘူးလား ကို မြစ်ကျိုးအင်း ရာ။

flowerworld said...

ဖတ်ပြီးတော စိတ်မကောင်းဖြစ်သွားတယ် မီးလေးအကိုဆိုလဲ အရက်ကြောင့်ပေါ့ ကုနေရတာ လက်ကုန်ပဲ ပိုက်ဆံတတ်နိုင်လို့ အသက်ရှင်နေတာ ပေါ့ နောက်မဟုတ်ရင် သွားနေရပြီး

ဒူကဘာ said...

စာရေးကောင်းပြီး စာကြောင်းတွေ နောက်ကို စိတ်ကို ခေါ်ဆောင်အောင် ရေးနိုင်သူမို့ ချီးကျူးပါတယ်ဗျာ။

ခမ်းကီး said...

သံဝေဂ ရစရာတွေပေါ့ဗျာ။

ရွှေပြည်သူ said...

အရေးအသား ဆွဲခေါ်သွားတဲ့နောက်မှာ လိုက်ဖတ်ရင်း အဆုံးကျတော့ ရင်ထဲမှာနင့်ကျန်ခဲ့ပါတယ်...

မင်းအိမ် said...

ဘယ်သူကမှ ဘာမှ လုပ်မပေးနိုင်ကြဘူး

ကျွန်တော်တို.လည်း ဘာမှ လုပ်မပေးနိုင်ကြဘူး ...

တကယ် တကယ့်ဘ၀တွေ အများကြီးပါ .....

အဝေကမို.မြင်နေတာလား .........

နီးနေလို.မှုန်နေကြတာလား .............

ဒီလိုပါပဲ အစ်ကိုရေ .............

အိမ် said...

ဒီပို့ဖတ်ပြီးတော့ စဉ်းစားမိတာလေးပြောပြ ချင်တယ်ဗျာ။ လူတယောက် ဘယ်လောက်တန်သလဲဆိုတာ အဲဒီလူရဲ့ အရည်အချင်းပေါ်မူတည်မယ်လို့ထင်တာပဲဗျ။
ဆိုလိုတာက နာမည်ကြီးလူဆိုး တယောက်သေဆုံးသွားတာနဲ့ နာမည်ကြီး လူကောင်းတဦးသေဆုံးသွားတာ ဘယ်ဟာကပို
တန်ဖိုးရှိသလဲ.....၊ ဘယ်သူ့ကိုလူတွေနှမျောတသသဖြစ်နိုင်သလဲ
... ဒီသဘောကိုပြောတာပါ။
ို

မြတ်မွန် said...

ဒီပိုစ့်လေးလည်း ဖတ်ပြီးသား ဒါပေမယ့် ထပ်ဖတ်သွားတယ်..
ဦးမြစ်အရေးအသားတွေ လေ့လာသွားတယ်နော်..။
ဆက်လက်အောင်မြင်ပါစေ..။
အစဉ်လေးစားလျှက်။

 

Posts Comments

©2006-2010 ·TNB