အရင်အတိုင်း

24 October 2009



ခေါ်သံသဲ့သဲ့ကို နားထဲတွင် ကြားရသလိုရှိလာသည်။ ထို့အတူလက်မောင်းကို တစုံတယောက် ကိုင်လှုပ်နေသလို ခံစားရသဖြင့် အာရုံတချို့တ၀က်ဖြင့် မျက်ခွံသည် အနည်းငယ်ပွင့်သွား၏။ ထို့နောက်ေ၀၀ါးနေသော အမြင်အာရုံတွင် မျက်နာတစ်ခုသည် တဖြည်းဖြည်း နီးကပ်လာသည်။

ဖိကပ်လာသော နှုတ်ခမ်းကြောင့် နဖူးတွင် အနည်းငယ်ပူနွေးသွားခဲ့သည်။ ထို့နောက် ပြန်ခွါသွားသဖြင့် ပင့်သက်နွေးနွေးသာ ကျန်နေခဲ့၏။ မပြီပြင်သေးသော အသိတရားဖြင့် စီးမိုးနေသော မျက်နာကို ကြည့်လိုက်မိသည့်အခါ နှလုံးသွေးတို့ တဒင်္ဂ အေးစက် ရပ်တန့်သွားသည်။ ထို့နောက် ပြင်းထန်သော အရှိန်ဖြင့် နှလုံးသားသည် တချက်ဆောင့်ခုန်သွားသည်...။ ခြေလက်တို့ အေးစက်ကာ တဆတ်ဆတ် တုန်ခါ သွားရတော့သည်...။

““““ ...... ””””


ကျယ်လောင်လွန်းသော အာမေဋိတ်သံသည် လည်ချောင်းဝတွင် ပျောက်ရှသွားကာ ထိုင်းမှိုင်းနေသော စိတ်တို့ လွင့်စင်သွားပြီး မျက်ဝန်းသည် ပြူးကျယ်သွားသည်...။ ဘာတွေဖြစ်ကုန်ပြီလဲ...။ အဖြစ်အပျက်သည် မြန်ဆန်လွန်းလှသည်။ အိပ်ယာမှ လှုပ်နိုးခံရခါမည်သူမျှ ဒီအဖြစ်မျိုးကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင် နိင်မည် မထင်ပေ။

“ထတော့လေ ..ဘာကြည့်နေတာလဲ မောင်က တကယ်အအိပ်ကြီးတာပဲ”

ဘယ်တော့မှ မမေ့နိင်မယ့် အသံကိုကြားမှ အရာရာကို စပ်ဆက်မိသွားသည်။ ' ချစ်သူ ' ဟုတ်သည်။
ချစ်သူ ဖြစ်သည်။ နှစ်ပေါင်းများစွာ , လပေါင်းများစွာ , ညပေါင်းများစွာ စောင့်မျှော်ခဲ့ရသော ချစ်သူသည် အခုတော့ ကျွန်တော့် အိပ်ယာဘေးကို ရောက်ရှိနေခဲ့ပြီ..။ ကျွန်တော်ခန္ဓာကိုယ်သည် သတိမထားမိခင်မှာပင် ၀ုန်းခနဲ ထရပ်ပြီးဖြစ်နေလေပြီ။

“ အို....ပိုး ရယ်”

နှုတ်ဖျားမှ ထိုတခွန်းသာ ရေရွတ်နိင်ပြီး ချစ်သူကို ငေးမောနေမိသည်။ ထို့နောက် သတိမထားမိခင်မှာပင် ချစ်သူကို ရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ အချိန်တွေ မည်မျှ ကုန်သွားမှန်းမသိပေ။

ကျွန်တော်သည်လက်ရှိအချိန်ကို သတိပြုမိချိန်တွင် သူမသည် ကျွန်တော်ရင်ခွင်ထဲတွင် ငိုရှိုက်နေခဲ့ပြီ...။ ကျွန်တော့်နှလုံးသားသည် တဆတ်ဆတ်တုန်ခါနေ၏။ စီးဆင်းနေသော သွေးတို့သည် နားထင်နှစ်ဘက် ဆီကို တဒုတ်ဒုတ်ဖြင့် တိုးဝင်နေသည်...။ သူမရဲ့မျက်ရည်တို့ကို ကြည့်ရင်း ရင်ထဲမှဝမ်းနည်း မှုတို့ လှိုက်တက်လာသည်။ အခုချိန်တွင်တော့ နှစ်ပေါင်းများစွာက အလွမ်းတို့သည် အရည်ပျော်ကာ အရှိန်ပြင်းစွာ စီးဆင်းနေခဲ့ပြီ။

“မငိုနဲ့တော့နော် ..... ပိုးပင်ပန်းပါတယ် အခု..မောင်တို့ ပြန်ဆုံကြပြီပဲ .... တိတ်တော့နော် ”




ဆံပင်လေးကို သပ်ပေးရင်း တိုးတိုးလေးပြောလိုက်သည်။ ကျွန်တော့်အသံ တို့သည် ရင်ခုန်သံ ကဲ့သို့ပင် တုန်ခါနေ၏။ ရင်ထဲတွင် တည်ငြိမ်မှုရရန် ကြိုးစားနေသည်။ စကားတွေ များစွာ ပြောချင်နေသော်လည်း ဘယ်ကစ၍ ပြောရမှန်းမသိပေ။ ပြန်လွတ်ထွက်သွားမှာ စိုး၍သာ တင်းတင်းကျပ်ကျပ် ဖက်ထားမိသည်။

“ဘယ်နေ့ကပြန်ရောက်တာလဲ”
“မနေ့ညက ပြန်ရောက်တာ... အခုမနက်မိုးလင်းလင်းချင်း မောင့်ဆီကို ပြေးလာတာလေ ပြန်ရောက်ထဲက လာချင်နေတာ မိုးအရမ်းချုပ် နေလို့”
“ပိုးက တကယ်ချစ်ဖို့ကောင်းတာပဲ”
“ဘာဖြစ်လို့လဲ”
“မောင့်ကို ပထမဆုံး သတိရလို့လေ”
“မောင့်ကိုပဲ ချစ်ခဲ့တာလေ မောင့်ကိုပဲသတိရမှာပေါ့”

“နားထောင်ကောင်းလိုက်တာကွာ နှလုံးသားတွေ အရည်ပျော်တော့မယ်”
“နားထောင်ကောင်းရင် နောက်မှဆက်နားထောင်နော် အခုမျက်နာသွားသစ်တော့ မောင်စားဘို့
မုန့်ဟင်းခါးဝယ်လာတယ် အေးသွားလိမ့်မယ်”

“ဟုတ်သားပဲ ပျော်နေတာနဲ့ အားလုံးကို မေ့သွားတယ် ခဏလေးစောင့်နော် ရေပါချိုးလိုက်မယ်”
“မြန်မြန်လုပ်နော် ... ပိုးကော်ဖီဖျော်ထားပေးမယ်”
“တကယ်လိမ္မာတဲ့ကလေးပဲ ...စိတ်ချ လုံးဝ မကြာစေရဘူး”

ချစ်သူရဲ့ပါးလေးကို လိမ်ဆွဲကာ ရေချိုးခန်းကို ပြေးထွက်လာခဲ့သည်။ အခုချိန်တွင်တော့ ခန္ဓာကိုယ် တခုလုံးပေါ့ပါးနေသည်။ ရင်ခုန်သံတို့သည် မငြိမ်သက်သေးပေ။ အတွေးအာရုံတခုလုံးတွင် ချစ်သူသာရှိနေ သလို အသွေးအသား ထဲတွင်လည်း ချစ်စိတ်တို့ ပြည့်နှက်နေသည်..။ အရာရာ အားလုံးကို ချစ်သူသာ ပိုင်ဆိုင်ထားသည်။ ကျွန်တော်သည် သူမကို စကားလုံးများဖြင့်ဖော်ပြ၍ မရနိင်လောက်အောင် ချစ်ခဲ့သည်။ သိပ်ချစ်ခဲ့ရသမျှ ဝေးနေရတဲ့ အချိန်တွင် အလွမ်းတို့သည် အဆမတန် ဖြစ်လာသည်။ တယောက်ထဲ ဖြတ်သန်းခဲ့ရသော နေ့ရက်တို့သည် ပူလောင်လွန်းသလို ကုန်ခဲလွန်းလှ၏ ။

နေ့စဉ်ရက်ဆက် အရမ်းလွမ်းခဲ့ရသည်။ အချိန်တိုင်းလိုလို သတိတရ ရှိနေခဲ့သည်။ လွမ်းဆွတ်ခြင်းသည် သွေးမဲ့ဒဏ်ရာ များစွာကို ဖြစ်စေခဲ့သလား မသိပေ။ အခုတော့ ချစ်သူသည် အနားကို ရောက်လာခဲ့ပြီ။ နေ့ရက်တို့သည် ပြန်လည်၍ပျော်ရွှင်ဖွယ်ကောင်းတော့မည်။ သိပ်ချစ်တာပဲ ပိုးရယ်.။အတွေးတခုလုံး လွှင့်ဝဲနေ သည်။ အတွေးလွန်သွားသဖြင့် သွားပွတ်တံတွင် သွားတိုက်ဆေး မထည့်မိဘဲ တိုက်နေမိသည်။ နောက်မှသတိရသည်။

“အင်း...ပိုး သိရင်တော့ ရယ်မှာပဲ ” တွေးရင်းပြုံးလိုက်မိသည်

~~~~~~~~~~~~~~~~~~~~~~

သူမသည် အလွန်ပျော်နေသည်။ ဒီလိုမနက်ခင်းမျိုးကို ရဘို့ ဘယ်လောက်တောင် စောင့်မျှော်ခဲ့ရလဲဆိုတာ သူမကိုယ်တိုင်သာ အသိဆုံးဖြစ်မည်...။ အမှန်တကယ် မောပန်းခဲ့ရသည်..။ စိတ်ရှည်သီးခံ ခဲ့ရသည်။ အခုတော့ သူမသည် ပျော်ရွှင်နေပြီ။ စိတ်တခုလုံး လန်းဆန်းနေသည်။ ပြီးတော့ ငိုချင်နေခဲ့သည်...။ မောင့်ရဲ့ ရင်ခွင်ထဲတွင် သည်းသည်းထန်ထန် ငိုကြွေးချင်နေသည်..။ ခံစားခဲ့ရသမျှ ရင်ထဲတွင် ပေါ့ပါးသွားတဲ့ အထိ ငိုချင်နေခဲ့သည်။ မောင့်ရဲ့ ရင်ခွင်သည် အရင်လိုနွေးထွေးဆဲ ဖြစ်နေအုံးမလား.....။ ပြီးတော့ မောင့်ရဲ့ နှုတ်ခမ်း တို့သည် အရင်လို ချိုမြိန်နေအုံးမည် ထင်သည် ။ ထိုအတွေးကြောင့် ရှက်ရွံ့ စွာ လှစ်ခနဲ ပြုံးလိုက်မိသည်။

ချိုမြိန်သော အရာတွေ အားလုံးသည် မောင့်ထံတွင်သာ ရှိမည်ဟု သူမကတော့ အမြဲတမ်း ယုံကြည် ထားသည်။ ချစ်ခြင်း , ကြင်နာခြင်း , နုညံ့ခြင်းတွေအားလုံး မောင့်ထံမှသာရနိင်မည်...။ ထိုအရာတွေသည် သူမလိုချင်ခဲ့ပြီး အပြည့်အ၀ မရခဲ့သော အရာတွေသာ ဖြစ်သည်။ ခုတော့မောင့်ရဲ့ ချစ်ကြင်နာခြင်းကို အပြည့်အ၀ ရနိင်တော့မည်။ ပျော်ရွှင်စွာတွေးနေမိ၏...။ ကော်ဖီကို မြည်းကြည့်သည် ။ မောင့်အကြိုက် အခါးဓါတ်ကဲသော စိမ့်စိမ့်လေး ဖြစ်နေ၍ ကိုယ့်ကိုကိုယ် ကျေနပ်သွားသည် ။ (၁၀) တန်းကျောင်းသူဘ၀ရဲ့ မနက်ခင်းတချို့တွင် မောင့်အတွက် နံနက်စာကို အခုလို ပြင်ဆင်ပေးခဲ့ ဖူးသည် ။

မောင့်ရဲ့ ကျေနပ်မှုသည် သူမရဲ့ ပီတိ ဖြစ်သည်။
မောင့်ရဲ့ ပျော်ရွှင်ခြင်းသည် သူမရဲ့ အားအင် ဖြစ်သည်။
မောင့်ရဲ့ ၀မ်းနည်းမှုသည် သူမအတွက်တော့ ကျိန်စာ သာဖြစ်သည်။
မောင့်ကို အမြဲတမ်းပျော်ရွှင်နေစေချင်သည်။ ဒါဟာသူမရဲ့ တကယ့် ဆန္ဒ အမှန်သာ ဖြစ်သည်....။

ရေကျသံတွေကို ဖောက်ထွက်ပြီး သီချင်းသံ သဲ့သဲ့ ထွက်ပေါ်လာ၍ မုန့်ဟင်းခါးပွဲ ထည့်နေရင်း နားစွင့်နေမိသည်။ ရေချိုးခန်းတံခါးနား ကပ်၍နားထောင်တော့မှ လေးဖြူရဲ့ “အိမ်ကိုပြန်ခဲ့တော့” သီချင်းကို မောင် ဆိုနေခြင်းဖြစ်သည်။

“..မင်းနဲ့ တွေ့ချင်လို့....ဟိုမှာမပျော်တဲ့ခဏ....အိမ်ကို ပြန်ခဲ့တော့....”

ဟုတ်သည်။ ထိုအရပ်တွင်သူမရဲ့ ပျော်ရွှင်ခြင်းတွေ ပျောက်ဆုံးသွားခဲ့ရသည်။ အခုချိန်တွင်တော့ သူမပျော်ရွှင်နေရပြီ။ မောင်သည်လည်း သူမလိုပဲ ပျော်ရွှင်နေမှာပါပဲ။ မောင်ပျော်ရွှင်နေတာ မြင်၍ သူမသည် ပို၍ပျော်ရွှင်ရပြန်သည်။ ခဏနေမှ ထိုသီချင်းကို ဂစ်တာဖြင့် ပြန်တီးခိုင်းရမည်။ သူမသည် ထိုအစီအစဉ်အတွက် ကျေနပ်သွားသည်..။ ပြီးတော့ မောင့်ရဲ့ရင်ခွင်ထဲတွင် မှေးစက်ရင်း မောင့်ရဲ့စကားသံနှင့် ရင်ခုန်သံကို နားထောင်ရမည်...။ အချိန်တွေ မြန်မြန် မကုန်လျင်ကောင်းမည်။ စကားတွေကတော့ ဘယ်လောက်ပြောပြော ကုန်နိင်မည်မထင်ပေ..။ ဘာပဲဖြစ်ဖြစ် မောင့်ရဲ့ ရင်ခွင်ထဲတွင် အကြာကြီး တိုးဝင်နေမည်။ ထိုအရာသည် သူမအလိုချင်ဆုံးဆု ဖြစ်သည်။ သူမသည် မောင့်ရဲ့ အိပ်ယာ ကို သိမ်းဆည်းရင်း တွေးနေမိသည်။
~~~~~~~~~~~~~~~~~~~~

ရေကိုအမြန်ဆုံးချိုးနေသည်...။ တဆတ်ဆတ်တုန်သော ရင်ခုန်သံတို့သည် ယခုအချိန်ထိ တည်ငြိမ်နိင်ဘို့ ခက်ခဲနေသည်။ အခုချိန်တွင်တော့ ကျွန်တော်နှင့် ချစ်သူရဲ့ ကြားတွင် ရေချိုးခန်း တံခါးတချပ်သာ ခြားနေ သည်..။ ထိုတံခါးကို အမြန်ဆုံးဆွဲဖွင့်ရမည် ၊ ဘာအကြောင်းနှင့်မျှ အချိန်ကုန်ခံ၍ မဖြစ်တော့ပေ။ ဝေးခဲ့ရသော နှစ်တွေသည် အခုချိန်တွင်တော့ တစက္ကန့်လောက်ကိုတောင် အလဟဿ အဖြစ်မခံနိင်တော့။ ထို့ကြောင့်ရေကို အမြန်ဆုံးချိုးနေမိသည်။ ပျော်ရွှင်ရလွန်းသဖြင့် စိတ်တခုလုံး နုပျိုလန်း ဆန်းနေသည်။ ဘာကိုပဲတွေးတွေး ကြည်နူး စရာတွေပဲ ဖြစ်နေ၏။

ချစ်သူသည် အရာရာကိုတတ်နိင်စွမ်းသည် ။ပျော်ရွှင်ခြင်း , ၀မ်းနည်းခြင်း ဒါတွေကို ဖန်ဆင်းနိင်သည်။ အခုလို ချစ်သူအနားတွင် ရှိနေချိန်သည် အပျော်ရွှင်ရဆုံး အချိန်တွေသာ ဖြစ်သည်။ချစ်သူသာအနားမှာ မရှိခဲ့လျင်........။ ထိုအတွေးသည် တပိုင်းတစဖြင့် ရပ်ဆိုင်းသွားသည် ။ အပြင်ဘက်ကို နားစွင့်ကြည့်တော့ တိတ်ဆိတ်နေသည် ။ ရေကျသံမှလွဲ၍ အရာရာသည် တိတ်ဆိတ် ငြိမ်သက် နေသည်။ စိုးရိမ်ပူပန်စိတ်သည် ၀ုန်း ခနဲ ဆောင့်တက်လာ သည်။ ချစ်သူရှိသေးရဲ့လား တွေးမိ၍ ခန္ဓာကိုယ် တုန်ခါသွားသည်။

“ ပိုး ရေ ”

တိတ်ဆိတ်နေ၏..။နှလုံးသွေးတို့ကတော့ တဒိတ်ဒိတ် ခုန်နေသည်။

“ ပိုး....ရေ..”

“မောင် ဘာဖြစ်လို့လဲ ”

ဒုတိယ အကြိမ်ခေါ်မှ ချစ်သူရဲ့ ပြန်ထူးသံကို ကြားလိုက်ရသည်။ ရင်ထဲကို စမ်းချောင်းတစင်း ဖြတ် စီးဆင်းသွားသလို..။

“ဘာမှ မဖြစ်ဘူး...ဘာမှ မဖြစ်ဘူး”

ဝမ်းသာအားရ ပြန်ထူးရင်း ရေချိုးခန်းမှ ထွက်လိုက်သည်။ တံခါးဝတွင် မျက်နာသုတ်ပုဝါ ကိုကိုင်၍ အဆင်သင့် စောင့်နေသည် ။ ကြည်နူးစိတ်တို့ ခန္ဓာကိုယ်အနှံ့ စိမ့်ဝင်သွားသည် ။ ချစ်သူရဲ့ ချစ်ကြင်နာမှု အလိုက်သိမှု တို့သည် ဟိုးအရင်ကအတိုင်း ဖြစ်သည်။

ဒီလိုမနက်ခင်းမျိုးကို အမြဲတမ်းရရင် ဘယ်လောက်ကောင်းမလဲ ဟု အင်္ကျီဝတ်ရင်း တွေးမိသည်။ အမြဲတမ်း ဟုတ်သည်။ အမြဲတမ်း ရချင်သည်။ဒီလိုဘ၀သည် စိတ်ကူးထဲက ဘ၀မျိုးဖြစ်သည်။ ပြီးတော့ အကြိမ်ကြိမ် တွေးပြီး တကြိမ်မှ မရခဲ့သော ဘ၀ဖြစ်သည်။ ဒီနေ့မှာတော့ ထိုဆန္ဒသည်ပြည့်ဝတော့မည်။ ကျွန်တော်ရဲ့စိတ်သည် အင်္ကျီ ကြယ်သီး တပ်ပေးနေသော ချစ်သူကို ကြည့်ရင်း မချင့်မရဲ ဖြစ်လာသည် ။ သို့ဖြင့် ခါးလေးကို ဆွဲဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

“မောင်ဘယ်လောက် လွမ်းခဲ့ရသလဲဆိုတာ သိချင်လား”
“အင်း...သိချင်တယ်”
“ဒါဆိုခေါင်းလေး မော့ထား”
“...အင်း...”
“ မျက်လုံးပါ မှိတ်ထား”
........
..................
..........................

“ အဲဒီလောက်အထိ.....”

စကားလုံးများစွာထက် ပြီးပြည့်စုံသော အရာမှာ တခုသာ ရှိမည်ထင်သည်။ ထိုအရာမှာ တရှိုက်မက်မက် အနမ်း ဖြစ်သည်။ကျွန်တော်တို့နှစ်ယောက်အတွက် ဒီအချိန်တွင် အနမ်းတခုရဲ့ အဓိပ္ပါယ်သည် ကျယ်ပြန့် နက်ရှိုင်းလှသည်။ လွမ်းမောတမ်းတခြင်း ,ပြန်ဆုံချိန်ကိုမျှော်လင့်ခဲ့ရခြင်း ,မျိုသိပ်ခဲ့ရခြင်း , စောင့်စည်းသီးခံခြင်း , သတိရခြင်း ... စသည်ဖြင့် အဓိပ္ပါယ်များစွာ ပျော်ဝင်နေသည်။ အချိန်ကာလကတော့ ကျွန်တော်တို့ နှစ်ယောက်ကြားက ထွက်ပြေးသွားပြီ။

“မောင်ဘယ်လောက်လွမ်းခဲ့ရတယ်ဆိုတာ သိပြီလား”
“အင်းသိပြီ”
ချစ်သူရဲ့ အသံသည် ကျွန်တော်ရင်ခုန်သံကဲ့သို့ပင် တုန်ခါနေသည်။

“ဒီလိုဆို ပိုးကလည်း ဘယ်လောက်လွမ်းခဲ့ရတာကို ပြောပြမယ် သိချင်လား”
“သိချင်တာပေါ့”
“ဒါဆိုမျက်လုံးပြန်မှိတ်ပေး”
“စိတ်ချ လုံးဝကို မဖွင့်ဘူး”
“သိပ်မသိချင်ရှာပါဘူးနော်”
“ပိုးစကားနားထောင်တာပါ”
“အင်းပါ...အင်းပါ ခေါင်းနည်းနည် ငုံ့ပေးလေ”
“မငုံ့ဘူးကွာ ဒီလောက်တော့ ကိုယ့်ဘာသာကြိုးစားပေါ့”
“ဒီလိုလား ရပါတယ် ..ဒါနဲ့ မောင့်အရပ် အရင်ကထက် ရှည်လာသေးလား”
“ဟင့်အင်း အရင်အတိုင်းပဲ”
“ဒါဆို မျက်လုံးမှိတ်တော့နော်”
“အင်း”

အမြင်အာရုံသည်မှောင်မိုက်သွားပြီး အခန်းထဲတွင် တိတ်ဆိတ်သွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ပထမဆုံး အသိမှာ လည်ပင်းကို သိုင်းဖက်လာသော လက်နှစ်ဘက် ဖြစ်သည်။ တဖြည်းဖြည်းနှင့် ထွက်သက်နွေးနွေးသည် မေးဖျားကို ရိုက်ခတ်လာသည်။

ထို့နောက်.....
.......................
.............................

မျက်ဝန်းထဲတွင် ကြယ်တွေများစွာ ကြွေကျသွားသည် ။ တိမ်တိုက်တချို့သည် ခန္ဓာကိုယ်ကို ဖြတ်တိုက် သွားသည်။ သာယာငြိမ်းအေးသော လေပွေကြောင်းထဲတွင် အလိုက်သင့်စီးမျောနေသည် ။ ခံစားချက်တို့ စုံလင်နေသည်။ နက်ရှိုင်းသော ချောက်ကမ်းပါး ထဲကို ထိုးဆင်းသွားလိုက် ကောင်းကင်ကို ပျံတက်လိုက်ဖြင့် နှလုံးသားသည် တလှပ်လှပ် ခုန်နေသည်။ အဆုံးမရှိသော နယ်ပယ်တခုတွင် ဝါဂွမ်းတစလိုလွင့်မျှောနေသည်။ ထိုနယ်ပယ်သည် ပင်လယ်တခုဖြစ်နိုင်သလို ကောင်းကင်တခုလည်းဖြစ်နိုင်သည် သေချာတာက ထိုနေရာတွင် အချိန်ကာလ မရှိပေ။ ရင်ခုန်သံတို့ကတော့ လှိုင်းထန်နေသည်။ မောပန်းလွန်းလှသည်။

ချစ်သူရဲ့ခါးကို တင်းတင်းကြပ်ကြပ် ဖတ်ထားသော လက်သည် အားလျှော့လာသည်။ ပင့်သက်နွေးနွေးသည် တဖြည်းဖြည်း ဝေးကွာသွားကာ ခိုတွယ်ထားသော လက်နှစ်ဘက်သည် အားလျှော့ ပြေကျသွားသည်။ အခန်းထဲတွင် တိတ်ဆိတ်ခြင်းသာ ကျန်ခဲ့သည်။

“ လက်စားချေနည်းတွေထဲမှာတော့ ဒီနည်းဟာအကောင်းဆုံးပဲလို့မောင်ထင်တယ်”

တိုးတိုးလေးပြောရင်း ချစ်သူကိုကြည့်မိသည်။ ပထမဆုံးသော မြင်ကွင်းမှာ မျက်ရည်တွေဝိုင်းနေသော မျက်ဝန်း တစုံ ဖြစ်သည်။ မော့ကြည့်နေသော ချစ်သူရဲ့မျက်ဝန်းထဲတွင် မျက်ရည်တို့ပြည့်လျှံနေသည်။

“ ပိုး....ဘာဖြစ်လို့...”

ရေရွတ်သံပင် မဆုံးလိုက် ရင်ခွင်ထဲကို တိုးဝင်ကာ ရှိုက်ကြိးတငင် ငိုနေတော့သည်။ နုနယ်သော ချစ်သူရဲ့နှလုံးသားသည် အလွမ်းဒဏ်ကို အချိန်များစွာ ခံစားခဲ့ရပေမည်။ ရက်စက်လှသော ဝေးကွာချိန်တွေသည် ရင်ခုန်သံတို့ကို တိတ်ဆိတ်စေခဲ့ကာ လွမ်းမောခြင်းတွေကိုသာ ပေးခဲ့သည်။ တယောက်တည်း ရှေ့ဆက်ခဲ့ရသော နေ့ရက်တွေသည် အထီးကျန်ခြင်းဖြစ်သာ ပြည့်နေခဲ့မည် ။ မည်သည် ပြီးပြည့်စုံမှုများ ရှိနေပါစေ ချစ်သူမရှိသော အရပ်သည် နာကျင်စရာများသာ ရှိနေခဲ့မည် မဟုတ်ပါလား ။ ထိုအရပ် တွင် သူမသည် နှစ်ပေါင်းများစွာ ကျွန်တော့်ကို လွမ်းဆွတ်နေခဲ့ရပေမည်။ ကျွန်တော်သည်လည်း သူမ ကဲ့သို့ အတူတူပင်ဖြစ်သည်။

ကျောလေးကိုသပ်ပေးရင်း ငိုရှိုက်ခြင်းကိုစောင့်ဆိုင်းပေးလိုက်သည်။ မွမ်းကြပ်ခဲ့ရသော သူမရဲ့ ရင်ခွင်ကို မျက်ရည်တို့နှင့်အတူ ပွင့်ထွက်သွားစေလို၍ ဖြစ်သည်။ အလွမ်းတို့သည်လည်း မျက်ရည်တို့ကဲ့သလို့ စီးဆင်းသွားပါစေဟု ကျွန်တော်ဆုတောင်းနေမိသည်။

“ မငိုနဲ့တော့နော် အခုပိုးဘေးမှာ မောင်ရှိနေပြီ နောက်ဆိုပိုးပျော်ရတော့မှာပေါ့ ဒီမှာကြည့်စမ်း....”

မျက်ရည်ဝိုင်းနေသော မျက်ဝန်းသည် တောက်ပနေသည်။

“ ပိုးကငိုတာတောင် လူလည်ကျသေးတယ် ”
“ ဟင် ဘာဖြစ်လို့လဲ”
“ဒီမှာကြည့်လေ ရင်ခွင်ထဲမှာငိုတော့ မျက်ရည်တွေရော နှပ်တွေရော အင်္ကျီနဲ့သုတ်ပြီးသားဖြစ်တာပေါ့
အဲ့ဒါလူလည်ကျတာလေ”

အခုမှ သဘောပေါက်သွားသောချစ်သူသည် ရယ်သံလွင်လွင်ဖြင့် ရင်ခွင်ထဲကိုတိုးဝင်သွားသည်။ ကျွန်တော်သည် နားရွက်ကလေးအပေါ်မှ ဆံပင်လေးကို သပ်တင်ပေးရင်း နားနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

“မောင်ပြောပြမယ် ငိုတာထက်လေးနက်တဲ့ အလုပ်တွေ အများကြီးရှိတယ် ဘာတွေလဲသိလား”

“သိတာပေါ့ ...ပိုးနဲ့မောင် စကားတွေပြောကြမယ်လေ ..အတိုးချပြီးတော့ကို ပြောမယ် ပြီးတော့ မောင့်ရဲ့ ရင်ခွင်ထဲမှာ ရင်ခုန်သံကို နားထောင်မယ်၊ မောင်ဆိုပြမယ့် ဂစ်တာသံကိုလည်း နားထောင်မယ် ကဗျာအသစ်တွေကိုလည်း ဖတ်မယ်လေ စကားတွေလည်း အများကြီးပြောမယ်။ တိတ်တိတ်လေးလည်း အချိန်တွေကို ဖြတ်သန်းမယ်လေ”

“အင်း ဟုတ်တယ် ... ပိုး ဖြစ်ချင်တာတွေကို မောင် လုပ်ပေးမှာပေါ့ အဓိကက ပိုး ပျော်ဘို့ပဲလေ”

“ဒါပေမယ့် မောင် အခုအရင်လုပ်ရမှာက ထည့်ထားတဲ့ မုန့်ဟင်းခါးကို သွားစားဘို့ပဲ ကြာရင်ပွကုန် လိမ့်မယ်မောင်ရဲ့ ”

ကြည်လင်နေသော ချစ်သူရဲ့ အပြုံးသည်ရင်ခွင်ကို ငြိမ်ချမ်းသွားစေသည်။ သူမသည် ကျွန်တော် ဘယ်လောက်အထိ ချစ်သလဲဆိုတာကို မခန့်မှန်းနိင် စေခဲ့သူဖြစ်သည်။ ထိုပြင့် တသက်လုံး ချစ်သွားမယ့် သူလည်းဖြစ်သည်။

“ဟင် အင်း မောင်စိတ်ပြောင်းသွားပြီ အဲဒီမုန့်မစားတော့ဘူး”
“ဒါဆို ဘာစားချင်လို့လဲ ပြောလေ”
“မောင် လိုချင်တာက တရှိုက်မက်မက် အနမ်း တပွင့်ပဲ ကဲဘယ်လိုလဲ ပေးမှာလား ”
“............”
.................................

အခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။
ထိုအချိန်တွင် ပြတင်းပေါက်မှ မြူခိုးတို့သည် အခန်းထဲသို့ဝင်ရောက်ကာ ကျွန်တော်တို့နှစ်ယောက်ကို လွှမ်းခြုံသွားသည်။ ချစ်သူကို မြင်ရသည်မှာ ဆေးသားမကောင်းလှသော ဓါတ်ပုံတပုံကဲ့သို့ မှုန်ဝါးဝါးဖြစ်နေပြီး သူမသည်လည်း ကျွန်တော့်ကို ထိုကဲ့သို့သာ မြင်နေရမလားမသိပေ။

“ ဖြေလေ”

ချစ်သူရဲ့နှုတ်ခမ်းအစုံသည် အနည်းငယ် လှုပ်ရှားသွားသည်။ အသံကိုမူ သဲကွဲစွာ မကြားရပေ။ မြင်ကွင်းကတော့ ပို၍ မှုန်ပြသွားသည်။

“ ဖြေလေ.....”

မေးခွန်းရဲ့အဆုံးတွင် ကျွန်တော်တို့နှစ်ယောက်ကြားမှ မြူခိုးတို့သည် တံတိုင်းတခုလို ခြားသွားခဲ့သည် ။
ချစ်သူရဲ့ ခန္ဓာကိုယ်သည် လေတိုက်ခံလိုက်ရသော တိမ်ဆိုင်တွေကဲ့သို့ ပါးလျသွားသည်။ ကျွန်တော်သည် သွေးရူး သွေးတန်းဖြင့် လှမ်းဆွဲလိုက်ချိန်တွင် ............

“ မသွားပါနဲ့ ချစ်သူရယ်”

ကျွန်တော့်အသံသည် ဆို့နစ်ကွဲရှစွာဖြင့် ထွက်သွားသည်။ ကျွန်တော့်ခန္ဓာကိုယ်သည်လည်း ပင်ပန်းခြင်းကြီးစွာဖြင့် ကြမ်းပြင်ပေါ်သို့ ဒူးထောက်၍ ကျသွားသည်။ အခန်းထဲတွင် အရာရာ ဆုံးရှုံးသွားသော လူငယ်တယောက်နှင့် ကြေကွဲခြင်းမှ လွဲ၍ ဘာဆိုဘာမှမကျန်တော့ပေ။

ထို့နောက် မျှော်လင့်တကြီးဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်နှစ်ဖက်ကို ဖြေကြည့်သည်။

ဘာဆိုဘာမှ...မကျန်တော့ပေ။
~~~~~~~~~~~~~~

စူးရှပူပြင်းသော နေရောင်ခြည်သည် ဒီနေ့အတွက် ရက်စက်လှသည်။ နာရီဝက်လောက် နောက်ကျပြီးမှ ရောက်လာတော့ရော ဘယ်သူကအပြစ်တင်မှာမလို့လဲ။ မျက်လုံးပွင့်ပွင့်ချင်း ဝုန်းခနဲထထိုင်ခါ ကုတင်ဘေးကို ကြည့်မိသည်။ အရာရာသည် အရင်အတိုင်းဖြစ်သည်။

“ယနေ့သည် မနေ့ကအတိုင်းဖြစ်၍ မနက်ဖြန်သည်လည်း ယနေ့အတိုင်းပင် ဖြစ်နေဦးမည်။”
အိမ်မက်တပုဒ်ကို ပြီးဆုံးအောင် မက်ခွင့်မရှိသောဘဝသည် ကံဆိုးမိုးမှောင်ကျသော ဘဝသာ ဖြစ်လိမ့်မည်။
ရာသီ အချိန်နှင့် ပတ်ဝန်းကျင်တို့သည် လူငယ်တယောက်ရဲ့ ပျိုမြစ်လန်းဆန်းမှုကို တစတစနဲ့ ဝါးမြိုသွားခဲ့
သည်။ ကံကြမ္မာသည်ရက်စက်လှသည်။ ကျွန်တော်သည် အနည်းငယ်မျှလောက်ပင် ပြန်မရခဲ့။ အိမ်မက် တပုဒ်ကိုတောင် ပြီးဆုံးအောင်ပြန်မရခဲ့ပေ။ ဘာကိုမှ အပြစ်မတင်လိုတော့ပြီ....။ အိမ်မက်ကလေးရယ် နှမျော လိုက်တာ..။ ၀မ်းနည်စွာ တွေးမိသည်။ ကျွန်တော့်ရင်ခွင်ကတော့ မောဟိုက်နေသည်။ နွမ်းလျနေသော နှလုံးသား မှ ရေရွတ်သံ တခုသည် နှုတ်ဖျားမှ တိုးညင်းစွာ ထွက်ကျသွားသည်....။

“ လွမ်းလိုက်တာ ချစ်သူရယ်”



။.............................................................................။

၂၀၀၃ ခု ၁၁ လပိုင်း ကရေးထားဖူးတဲ့ ၀တ္ထုလေးပါ.....။ ကိုယ့်ဘာသာ ပြန်ဖတ်ပြီး ခံစားချက်လေး တခုရမိလို့ ပြန်ကူးပြီးတင်လိုက်တာပါ။



48 comments:

kiki said...

၁ ကွ... ၁ ရဘီဟေ့ .. ဝက်ရေ ..ဆောတီး နော်

ahphyulay said...

ဒါတောင်၂တဲ့ ဗျာမမကီနော်...

jr.လွင်ဦး said...

ဟုတ်တယ် .. အသက်အရွယ်က တကယ်စကားပြောတယ်။
ငါက မသိဘူး ။ နင် အခုများလွမ်းနေတာလားလို့။ :D
နောက်မှ ၂၀၀၃ က လက်ရာဖြစ်နေတယ်။း)

မိုးမောင် said...

ကောင်းတယ် ဘော်ဒါ။ ၂၀၀၃လက်ရာ ဆိုပေမယ့် အဖွဲ့အနွဲ့လေးတွေက အခုထိလန်းနေတယ်။ လက်စသတ်တော့ ကိုယ်တွေ့လေးနဲ့ ရောယှက်နေတဲ့ ခံစားချက်ဝတ္တုတိုလေးပါပဲ။(မဟုတ်ဘူး မငြင်းကြေး)။

အခုအချိန်မှာ ဒီထက်လေးနက်တဲ့ ဘ၀ထဲရောက်နေတော့ ပိုကောင်းတာတွေ ဖတ်ရတာပေါ့လေ။

ahphyulay said...

အိမ်မက်လို ဖြစ်သွားခဲ့ တဲ့ တကယ့် အဖြစ်အပျက်လေးပါပဲ။
အမြဲတန်းပဲ စောစောအိပ်ဖို့  အောနေ ဆူနေတတ်တဲ့ ဘလော့ လောကကြီးကို အကိုတို့ လိုပဲ သံယောဇဉ်ကြီးလွန်းတဲ့  ညီ
မလေးပါလို့ ။ မဖြစ်ချင်ခဲ့ တာတွေဖြစ်ခဲ့ ရလို့ ညီ့ ကိုပြောချင်
တာကတော့  ဦးညွှတ်ကျမသွားဖို့ ပါ။ စိတ်ချင်းတူနေရင်
လဲ အဲဒီ အိမ်မက်ကပဲ တကယ်ပြန်ဖြစ်ပြန်ထင်လာစေပါတယ်ညီလေးရေ...
ပြောခဲ့ ချင်တာက ရှေ့ကိုပဲတည့် တည် တည့် ကြည့် ပြီးရှောက်ပါတော့ လို့ .....

ahphyulay said...

စိတ်ခြင်းတူနေရင် ဘယ်တော့ မှ မပြီးဆုံးနိုင်တော့ ဘူးဆိုတာ
ကိုပဲပြောချင်ပါတော့ တယ်။ အိမ်မက်နဲ့ တူတဲ့ တကယ့် အဖြစ်၊
တကယ့် အဖြစ်နဲ့ တူတဲ့ အိမ်မက်တွေဖြစ်နေပေမဲ့  ခြေလှန်းတွေ
မရိမ်းယိုင်စေပဲ၊ဒူးတို့ မညွတ်စေပဲ...........

ဖိုးမောင်(happycloud) said...

အချစ်ဆိုတဲ့ အရာကတော့ သတ္တ၀ါတိုင်းကို ရူးသွပ်စေတာပါပဲ... ငယ်တုန်းက ရေးထားတာက ငယ်ချစ်လေးတွေပေါ့.... ပြန်ဖတ်ချိန်မှာ အလွမ်းပြေပေါ့လေ...

kokomaung.uk said...

ငယ်လက်ရာဆိုပေမဲ့ တကယ်ရသပါတဲ့ အဖွဲ့အနွဲ့လေးပါဘဲ။
ဖတ်ရသူတွေရဲ့ နှလုံးသားလေးတွေပါ ကိုမြစ်ကျိုးရဲ့  အဖွဲ့အနွဲ့ထဲ မျောပါစီးဆင်းသွားကြလေရဲ့ ။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ဆောင်းယွန်းလ said...

ဟောင်းပေမယ့် ကောင်းနေဆဲ ဝတ္ထုတိုလေးတပုဒ်ပါပဲ ညီလေးရေ...ဝတ္ထုထဲမှာစီးမြောသွားခဲ့တယ်...အရေးအသားတွေကပြောင်မြောက်တာကိုး...
အသက်နဲ့အချိန်အပိုင်းအခြားပေါ်မှာ မူတည်ပြီး ခံစားချက်တွေက ပြောင်းလဲတတ်ကြတာဆိုတော့......

Phyo Maw said...

သူပျော်လျှင် ကျေနပ်သည်
ကျနော်မရှိလျှင် သူပျော်သည်
အားလုံးစိတ်ချမ်းသာအောင်
ကျနော်ရှိလျှင် ပျော်မည့်သူနှင့်
နေသည်။
လူ ၃ ယောက်လုံး ပျော်ရွှင် သွားလေသနည်း။

thawzin said...

ခံစားချက်တွေကို ထပ်တူခံစားမိပြီး မြင်မိပါတယ်ဗျာ.... အစဖတ်တုန်းက အဆင်ပြေနေပြီးအောင့်မေ့နေတာ.... မြူခိုးက နာရီဝက်စောသွားတာကို .......
ချစ်တဲ့သူတိုင်း ပေါင်းစည်း ဆုံနိုင်ကြပါစေဗျာ

ဟာ.... နှစ်ခါပြန်မန့်ရပြီးပေါ့ဗျာ... ဘာအယ်ဒါတတ်တယ်မသိဘူး မပေါ်ဘူးဖြစ်သွားတယ်.....

kiki said...

နိုးတဝက် အိမ်မက်က တကယ်နိုးလာတဲ့ တချိန်မှာ မျှော်လင့်ထားတာတွေလည်း တကယ်ဖြစ်လာမှာပါ။
အတိတ် နမိတ် တွေ လား ။
သူ ပြန် လာ တော့ မှာ သိနေတယ်....
အတွေးတွေ သိပ်မများနေနဲ့ အုံး ..
ကျန်းမာရေး ဂရုစိုက် ပါ ..အဲ့ဒီအချိန်ကျရင် ..
တောင်ပေါ်တက်ကြဖို့  အားမွေးထား ကိုပိုင်ရေ ....။

ကိုလူထွေး said...

အခုလက်ရှိခံစားနေရတယ်လို့တောင် ထင်မိသေးတာ...

၂၀၀၃ ခုနှစ်ကဆိုတော့ ...

သိပြီ..သိပြီ...
အဲဒီနေ့က မီးကင်းစောင့်ရတဲ့ နေ့မဟုတ်လား...

သားကြီး said...

လူကအိပ်မက်မက်တာလား
အိပ်မက်က လူကိုပြန်မက်တာလား :)

သားကြီး said...

မျက်လုံးမှိတ်ခိုင်းပြီး
................
..................
..........................
အဲဒါတွေ.. အဲဒါတွေ ဖြစ်သွားတယ်
ပြောဦးလေသယ်ရင်း စကားလုံးထက်ပြီးပြည့်စုံတဲ့တရှိုက်မက်မက်
အနမ်းဆိုတာ နှာခေါင်းနဲ့နမ်းတာလား
နှုတ်ခမ်းချင်းနမ်းတာလား
အဟဲ.... စပ်စုသွားတယ်
....
၂၀၀၃ကနေစတွက်ရင်ခုမှ၆နှစ်ပဲရှိသေးတာ
အချစ်ကအဲလောက်အအိုမမြန်ပါဘူး
အသက်အရွယ်ကြောင့်ဒီလိုအဖွဲ့အနွဲ့မျိုး
ရေးချင်စိတ်မရှိတော့ဘူးလို့မပြောနဲ့လေ
:)
အလွမ်းအသောတွေနဲ့ရောထွေးဖတ်ရှုခံစားသွားပါကြောင်း....။

မိုးခါး said...

း)
ငယ်လက်ရာဆိုလို့ တော်တော် ငယ်ငယ်လား ထင်လိုက်သေးတယ် .. ၂၀၀၃ ဆိုတော့ ခုမှ ၂၀၀၉ ကွာမှ မကွာသေးတာ
အသက်အရွယ်ကြောင့် မရေးချင်တော့သလိုဆိုတော့ အဘက အသက်ကြီးပြီလား :P

(ဘာပဲဖြစ်ဖြစ် အဆင်ပြေ ပျော်ရွှင်ပါစေ ..း))

အိမ် said...

ကိုယ့်ဆရာက ဒါမျိုးလဲ ရသားဟ.... လုပ်ဗျို့ ကောင်းတယ်..။

မိုးအိမ့်ဖြူ said...

ဘယ်လိုပဲရေး ရေး ကောင်းလေ၏

မယ်ကိုး said...

ငယ်ငယ်ကရေးခဲ့တဲ့ ပို့စ်တွေ တဂ်မလို့ တင်ပြီးသွားပြီကိုး...ဒါပေမယ့် အဲဒီလိုလေးတွေ ရှိရင် ထပ်တင်ပါဦး ။အရောင်လေးစုံတော့ ပိုလှသလားလို့...

ရုံလေး said...

အခြေ အနေကောင်းပြီ ထင်နေတာ
အင့်...............၂၀၀၃ ကတဲ့
ဖတ်လို့ ကောင်းတယ်
တော်ပါ၏

ဖိုးစိန် said...

ငယ့်လက်ရာကို ကြွားတာလား

သို့မဟုတ်

ငယ်ငယ်က ချစ်ခဲ့တဲ့ အချစ်ကို ပြန်ခံစားကြွားတာလား..

အရေးအသားကတော့ ပြောစရာမလိုပါဘူးလေ..

ကောင်းပြီးသားဆိုတော့...

စာရေးတာ အသက်အရွယ်နဲ့ ဆိုင်တယ် မထင်ပါဘူး...

ခံစားချက်နဲ့ပဲ ဆိုင်ပါတယ်..

အသက်အရွယ်ရလာတိုင်း အချစ်တွေ အလွမ်းတွေ မဖွဲ့ မနွဲ့ရတော့ဘူးဆိုရင်တော့...

နောင်လာ နောင်သားတွေ အတုယူဖို့ ခက်လိမ့်မယ်..

အရေးအသားကို သာ အဓိက ထားပါ...

အသက်အရွယ်က သာမည ပါ...

ဟဲဟဲ..

စာရေးကောင်းတဲ့သူမို့ ရေးစေချင်လို့ပြောသွားတယ်မှတ်..

ဆရာလုပ်တယ်ထင်ရင်လဲ ဆရာတင်လိုက်ပေါ့ဗျာ...

ချစ်ခင်စွာဖြင့်

ဖိုးစိန်

ဂျပန်ကောင်လေး said...

အလွမ်းဝတ္ထုလေးတစ်ပုဒ်ကို လာခံစားသွားပါတယ်....

ဒဏ္ဍာရီ said...

၂၀၀၃ ငယ်လက်ရာလေး ပေမယ့် ဖတ်ရတဲ့သူ ရင်ထဲမှာ တကယ့်အိမ်မက်ထဲ ရောက်သွားသလိုပဲ အကို။ အသက်အရွယ်နဲ့ ရင့်ကျက်မှုက အတွေးအခေါ်ကို ပြောင်းလဲသွားပေမယ့် အချစ်ကတော့ အမြဲတမ်းသစ်လွင် နုပျိုနေတုန်းပဲပေါ့နော်။
စာအရေးအသား တကယ့်ကိုကောင်းပါတယ်ရှင်။

ခင်မင်လေးစားလျှက်

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

သိုင်းလောက သရဖူ ဆရာတဆူ လို့ ပဲထင်ခဲ့တာ....
ချစ်ကိုယ်တွေ့ တွေကြလဲ..ရင်သိမ့်တုန်ပဲ...

ချမ်းလင်းနေ said...

ရန်ကုန်ကနေ စာဖတ်လိုက်ဖတ်ရတာလဲ မလွယ်ဘူးဗျာ။ နောက်မှ အတိုးချလာဖတ်တော့မယ်။

စိမ်း... said...

အောင်မလေး ဖွဲ့တာ နွဲ့တာများ လက်ဖျားရော ခြေဖျားပါခါတယ်...
စာကို တစ်လုံးချင်းသေချာလိုက်ဖတ်ပြီး ခံစားယူရတယ်...
ဆလံ ဆလံ... အခါခါပေးတယ်...
ဟေဟေ့ ဒို့လည်း ကြိုးစားမယ် ဒါမျိုးရေးတတ်အောင်... :)

Yu Ya said...

ကျွန်တော်လည်း ပြန်ငယ်သွားသလို ခံစားရတယ် ကိုမြစ်ကျိုးအင်းလက်ရာဖတ်ပြီးမှ...

yu ya

flowerpoem said...

ကောင်းတယ် ကိုမြစ်ကျိုးအင်း ကြာပြီဆိုပေမယ့် အတွေးအခေါ်ရော အရေးအသားပါလန်းတုန်းပဲ အရမ်းကြိုက်တယ်

ahphyulay said...

အိမ်မက်ဆိုတာအငွေ့ တွေလိုပဲအမြဲနောက်မှာပဲကျန်ခဲ့ တတ်
ပါတယ်။ ကိုယ်က လက်ရှိအငွေ့ တွေထဲမှာ ရှိနေတာမှ
မဟုတ်တာပဲ။တကယ် ဆက်ဖြစ်နေတဲ့  တကယ့် အဖြစ်တွေထဲမှာ
ဆက်ရှင်သန်နေတုံးပဲမဟုတ်လား။ရှင်သန်နေရဘို့ 
ဆက်ရှင်သန်ဘို့ လိုနေပါတယ်။ အဲဒီ အငွေ့ တောထဲက ခေါင်း
ထောင်ထကြည့် ဘို့ လိုပါတယ်။

ကြည်ဖြူပိုင် said...

တို့လဲနေရာလာဦးတယ်ကွယ်
ဒါပေမယ့်အခါနှောင်းသွားပြီ
၃၀တဲ့
:)

chit palone said...

အောင်မလေး ဒယ်ဒယ်ကွက်ရယ် အသက်ဒီလောက်လည်း မကြီးသေးပါဘူးနော် သာမီးလေးသုံးယောက်ဖြစ်တဲ့ မီးကြီးဆိတ် မီးလတ်ဘဲ။ မိးငယ် ဝက်တို့ အားလုံး နယ်နယ်လေးတွေရှိပါသေးတယ် ဘီတူပြောလည်း တို့ဒယ်ဒယ်ကို အသက်ကြီးပြီလို့ နှော့ ဟိုနှစ်ကောင်ရယ်။
သမီးလေး ပုန်းပုန်းခေါ် ဘဲလေး

ဝက်ဝံလေး said...

ဟဲ့ဘဲမ ဘာအခုမှလာပြီး ပြောမနေနဲ့ ဒက်ဒီပြောတော့ အဲဒီ ဇာတ်လမ်း ညည်းသိတယ်ဆို ငါတို့တောင် မသိတာ အင်း ငါက ထားပါ အငယ်ဆိုမသိတာ အကြီးမ ဆိတ်တောင် မသိတာ ညည်းကဘယ်လိုသိသွားတာတုံး လင်းစမ်းပါအေ
ဟဲ့ အိမ်ကျယ် ဘယ်ရောက်နေတုံး ငါရောက်ပြီနော် ရောက်ကြောင်းလေး ဘူ ထားခဲ့မယ်နော် ဘူ ဆိတ် မ ဘယ်မှာလဲ ဘူ

chit palone said...

ဟဲ့ ငါသိမှာပေါ့ ငါတို့ဒက်ဒက်နဲ့ မာမီ့ရဲ့ ငယ်ကချစ် နှစ်တရာဇာတ်ဟာ အဲ့ဒါ ဒက်ဒက်က မာမီ့ကိုလွမ်းလို့တဲ့ ဒိုင်ယာရီထဲကနေ ကွန်ပျူတာမှာ ပြန်ရိုက်တာ လွမ်းလွန်ပြီး ဆက်မရိုက်နိုင်ပဲ ဘူးသီးလုံးလောက်ရှိတဲ့ မက်ရီတွေ ကျလာတော့ ငါလည်း ကဲ ဒက်ဒက်ရယ် ပါးစပ်ကခေါ်ပေးနော် သာမိးလေး စာရိုက်ပေးပါ့မယ်ဆိုပီး ရိုက်ပေးတာ ကွန်နက်ရှင်းက မကောင်းလို့ မယ်မယ် ဒယ်ဒယ့်ကို နှပ်နှပ်သုတ်ပေးတဲ့ အခန်းထိပဲ ရိုက်ပေးလိုက်ရပါတယ်ဟယ်။
အရမ်းသိတတ်လိမ္မာသော သာမီးလတ်လေး ဘဲ
နင်ကလည်း ဘူမယ်ဆိုတာကြီးပဲ ဟင့် အငယ်မို့လို့သည်းခံနေတာ အကောင်းမှတ်နေတယ် ပြောင်းဖူးရိုးတောင်နိုင်တော့မယ် မထင်ဘူး

ဝက်ဝံလေး said...

အယ် ဒီလိုကြေးလား ဒက်ဒီ သမီးတွေထဲမှာတောင် ခွဲပြီးခြားထားသေးတယ် ရဒယ်ဖြစ်ထား ငါ့ကို ဘယ်သူမှ လာမခေါ်နဲ့ ကောက်တယ် ကွေးတယ် ငါ ဒီကိစ္စ အရင်မသိလို့ မကျေနပ်ဘူး ပြန်ကိုမဖြောင့်ဘူး မှတ် ဟွင်းးးးးး
အကြီးမ ဆိတ် ငါတို့ ကောက်ကြမယ် လာ သူတို့ သားအဖ ကိုမခေါ်ဘူး ဟဲ့ ဆိတ်မ ဘယ်ရောက်သွားတုံး နင်ကလဲ အားအားရှိ အိပ်မယ် ဆိုတာချည်းပဲ ထ ဟာ ငါတောင် မနေ့က မအိပ်ဘူး နင်လဲ မအိပ်နဲ့ ထ ထ

ဆိတ်ကလေး said...

အော် ပါးပါးကြီးရယ်.......
အတက်က ကြီးနေပီလားးးးးးး
အဲလေ (ဘွာတေး ဘွာတေး) အသက်က ကြီးနေပီလား ဘူပြောတာလဲ အဲလို။ ဘူတွားတာ ပါကျဲလေးလားလားးးးးးး
တိပါဘူးးးးးးးးးးးးး
အော်... ဒါ ပါကြီး နယ်နယ်က ၀တ်ထုလားးးး
ကောင်းလိုက်တာဂျာ.... ချိတ်ညစ်ဖို့ အဲလေ....
ဖတ်လို့ ကောင်းလိုက်တာလို့ ပြောတာ။
ဂျစ်လို့စတာနော် ချိတ်ချိုးနဲ့။

Angel Shaper said...

အကိုရေ... တကယ်တော်တယ်ဗျာ။
ငယ်ငယ်ကတည်းက ပါရမီပါလာတာပဲနော်။
ဒါ ငယ်ငယ်က ရေးတာဆိုလို့သာ ယုံလိုက်မယ်။
လွန်ခဲ့တဲ့ တစ်လလောက်က ရေးတာလားလို့ ထင်မှားချင်စရာ ဟဲဟဲ။ ကိုယ်ပိုင်ဝတ္ထုလေးက ကိုယ်ပိုင်ဖာတ်လမ်းလား သိချင်လိုက်တာဗျာ။
လေးစားအားကျသွားပါတယ်ဗျိုးးးးးးးးးးးးးးးးးး
ဆက်ရေးဦးဗျ။
အသက်ကြီးမှ ရေးတဲ့ ၀တ္ထုလေးတွေကိုလဲ လာအားပေးနေမယ်နော်။

Angel Shaper said...

အပေါ်က ၀က်နဲ့ ပါးလုံးက တရိစ္ဆာန် ဥယျာဉ်နဲ့ မှားဝင်လာတာလားမသိဘူးဗျ။
ဘယ်လိုဟာလေးတွေလဲ မသိပါဘူးးးးးးးး
မယ်မယ်ကိနော်.. တစ်ယူတယ်။ ကြည့်စမ်း။
သမီးကြီးနေကောင်းရင်တော့ ကိုသားကြီးကိုခေါ်ပီး မယ်မယ်ကိ အိမ်ကို ခဲနဲ့လာထုဦးမယ်။ ဟိဟိ

yangonthar said...

လက်ရာဟောင်းထဲက အချစ်ဖွဲ့ ဆိုခြင်း အသစ် စက်စက် တွေကို ဖတ်သွားတယ် အစ်ကိုမြစ်ရေ အချစ် ရယ် အိပ်မက်ရယ် ဘယ်အရာက တကယ်ဖြစ်နေတာလဲ ဆိုတာ ခုထိကို ဝေခွဲလို့  မရနိုင်သေးဘူး .... အရေးအဖွဲ့ ကောင်းကောင်း ကို ဖတ်ရတာ အားရတယ် အစ်ကိုရေ
ခင်တဲ့
ရန်ကုန်သား :)

မငုံ said...

သိပ်ကောင်းတဲ့ ၀တ္ထုလေး။ လွမ်းနေရတဲ့သူမို့ ကိုမြစ်ေ၇.ဖတ်ပြီး ငိုင်ကျသွားမိတယ်။

မိုးစက်အိမ် said...

အိမ်မက်လေးကို ၀တ္ထူတစ်ပုဒ်ရေးသွားတာ
လှတယ်ဗျာ . . . ခက်တာက ဇာတ်သိမ်းက
မပေါင်းရဘူးဗျာ . . . အိမ်မက်ထဲမှာတောင် ကိုမြစ်ကျိုး
ကတော်တော်ဆိုးတဲ့ လူဘဲဗျာ ဟီးးးးးးးးး တော်သေးတယ်
ဒါတောင် ဆင်ဆာတွေ ဖြတ်ထားသေးလို့  :D :P

မေဇင် said...

ခံစားသွားတယ်....ဒီလို ၀တ္တုလေး ကို ချစ်သူနဲ့ ဝေးနေတဲ့ အချိန် ဖတ်မိရင် မျက်ရည်တောင်ကျမိမလား မသိပါဘူး...။ တကယ်ထိမိပါတယ်..။

့hnin said...

အစ်ကိုမြစ်ကျိုးအင်းတစ်ယောက် သူများတွေ ကမ္ဘာပျက်နေချိန်တွင် ဘာတွေများ လုပ်နေမည်နည်းဟု လာကြည့်လိုက်သောအခါ ငယ်လက်ရာများ နှင့် အလုပ်တွေရှုပ်နေလေတော့ သတည်း...းp
Hnin Hay Mar

ကိုညီမင်း said...

အခုေ၇ာ အ၇င်အတိုင်းပဲလားဗျ
ဖတ်၇င်းနဲ့အဟုတ်ကြီးထင်နေတာ
အိမ်မက်မှန်းသိမှ စိတ်ထဲမှာတမျိုးဖြစ်သွားရတား)

ညီမလေး said...

ရှာဖွေဖတ်ရင်း အရင်အတိုင်းကို အမှတ်မထင်တွေ့မိပါတယ် ..
တွေ့တော့ မန့်မိတယ် ...
အရေးအသားဘာလို့ အဲ့လောက်ညက်ညောရသလဲ ကိုမြစ်ကျိုးအင်းရယ် ...
ပြီးတော့ ရေးနေတဲ့ အချိန်က ခံစားချက်ကိုသိချင်တာ ....
ညီမလေးတောင်ဖတ်ရင်းနဲ့ မျှော...သွားတယ်
နောက်အမြဲလာဖတ်ရမဲ့ နေရာတနေရာတိုးသွားတာတော့ သေချာသွားပြီ....

ချော (အစိမ်းရောင်လွင်ပြင်) said...

ခံစားချက်တွေ အကုန်သွန်ချထားတဲ့ အတိုင်းဘဲ
ငယ်လက်ရာပေမဲ့ ခံစားချက်တွေက သိပ်မကြာခင်ခံစားထားသလိုဘဲ..
သိပ်ကောင်းတဲ့ အရေးအသားလေးတွေဆိုတာ
လက်ခံလိုက်ပါတယ်.. ပါရမီကို ပါလာပြီးသား လူတစ်ယောက်ပါလား.. တော်ပါပေတယ်..

မြတ်မွန် said...

ပထမဆုံး အကြိမ် ဖတ်တာ မဟုတ်ပါဘူး..
ဒီပိုစ့်လေးဖတ်ပြီး ဦးမြစ်ကြီးကို စသိခဲ့တာ..

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဖတ်တုန်းကလည်း ဘာမှန်းမသိတဲ့ ခံစားချက်နဲ့ ဖတ်ပီးပီးခြင်း မျက်ရည်ကျမိတယ်...။

အလွမ်း အလွမ်း..
လွမ်းရတဲ့ ဒုက္ခကို လွမ်းဖူးတဲ့ သူမှ သိနိုင်မယ်...။
အရူး တပိုင်းပေါ့...။
သိပ်ကြောက်စရာကောင်းတဲ့ ခံစားချက်..။

Anonymous said...

အိုးးးးးးးးး
အလွမ်းကမ္ဘာထဲ ရောက်သွားသလိုပါပဲလားကွယ်

စုစု said...

ဒီကောင်လေး အချစ်အကြောင်းရေးတော့လည်း ပီပြင်သားပဲ။

 

Posts Comments

©2006-2010 ·TNB