တဏှာဇော

14 November 2009


သက်ရှိသတ္တ၀ါတွေမှာ လွန်ဆန်လို့မရတဲ့ စွဲလန်းမှုတဏှာက သိပ်ကြောက်ဖို့ကောင်းတာအမှန်ပါပဲဗျာ။ ဘယ်လောက် ကြောက်ဖို့ကောင်းသလဲဆို ကျနော့်အဖြစ်ကိုပဲ ကြည့်ပါလေ။ မိုင်ရာချီဝေးတဲ့ခရီးကို မနားတမ်း ပျံလာနေမိတာ အဲဒီစွဲလန်းမှု တဏှာကြောင့်ပေါ့။ မောပန်းမှုမရှိဘူးလို့ ပြောရမလားပဲ...။ မဟုတ်ဘူး တကယ်ဆို မောပန်းတာကို သတိမရတာ။

အခုကျနော် အိမ်ကိုပြန်လာနေပြီ။ကျနော့်ရဲ့ အတွေးအာရုံထဲမှာ ချစ်ဇနီးတယောက်ကလွဲရင် ဘာအသိမှ ရှိမနေဘူး။ အိမ်ကို မြန်မြန်ပြန်ရမယ်။ အိမ်မှာကျနော်သိပ်တွေ့ချင်တဲ့ ချစ်ဇနီးရှိနေတယ်။ ခရီးရဲ့အစမှာ သူတို့ကျွေးလိုက်တဲ့ အစာရေစာတချို့ကလွဲရင် ကျနော်အခုထိ ဘာမှမစားသေးဘူး။ စားဖို့အတွက် ပျံသန်း ခြင်းကို ခဏလေးနားလိုက်ဖို့တောင် အချိန်မပေးနိင်ဘူး။ ကိုယ့်တံတွေးကိုယ်မြိုချပြီး ပျံသန်းနေမိတယ်။ ဘာပဲဖြစ်ဖြစ် အိမ်မြန်မြန်ပြန်ရောက်မှဖြစ်မယ်။ ကျနော်သူ့အနားမှာနေရရင် သိပ်ပျော်တယ်။ ပြီးတော့ သူ့ကို စိုးရိမ်တယ်။

ကျနော်သာ အိမ်ပြန်နောက်ကျခဲ့ရင် ဒါမှမဟုတ် ခရီးလမ်းရဲ့တနေရာမှာ သေဆုံးခဲ့ရင်..... ကျနော်ဆက် မတွေးရဲဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်သိနေတယ်။ ဘယ်တော့မှ မတွေးချင်ပေမယ့် အခုလို အိမ်ပြန်တဲ့အခါတိုင်း တွေးနေမိတာပါပဲ။ ပထမဆုံး ချစ်ဇနီးမျက်နာမြင်လာမယ်။ ပြီးရင်သူ့ဘေးနားမှာရစ်ဝဲ နေမယ့် ကျနော့်ရဲ့ ပြိုင်ဘက်ကို မြင်လာမယ်။ အဲဒီလို သူတို့မျက်နာတွေ မြင်ပြီးတိုင်း ကျနော်ရဲ့ ပျံသန်းမှုကို အရှိန်တွေမြှင့်မိတယ်...။

ကျနော်မှာ စွဲလန်းခြင်းရဲ့ တဏှာဇောတွေ ကပ်နေတယ်..။ အဲဒီဇောတွေနဲ့ပဲ အိမ်ကိုအမြန်ဆုံး ပြန်လာ နေမိတာပါ။ တဏှာဇောတွေကြောင့်ပဲ ကျနော်ဟာ ပိုင်ရှင်တွေရဲ့ ခိုင်းကောင်းတဲ့ သတ္တ၀ါတကောင် ဖြစ်လာတော့တယ်။ အဲဒီပိုင်ရှင်တွေ အကြောင်းတွေးမိရင် ကျနော်နာနာကျည်းကျည်း ဖြစ်မိတယ်။ ကျနော်ရဲ့ ပြိုင်ဘက်ဆိုတာလည်း တကယ်တော့ ကျနော်လို အသုံးချခံ သက်သက်ပါပဲလေ။


သက်ရှိတွေထဲမှာ ဥာဏ်ရည်အမြင့်ဆုံး လူတွေရဲ့အစွမ်းက ကြောက်ခမန်းလိလိပါပဲဗျာ။ ကျနော်လေ လူတွေနဲ့ဝေးတဲ့နေရာမှာ တကယ်ကို နေချင်ပါတယ်။ သူတို့ကျွေးမယ့်အစာကို အခန့်သားမစားရရင် နေပါစေ။ ဖြစ်သလိုရှာစားပြီး ကျနော်ဝေးဝေးမှာနေပါရစေ။ အခုအိမ်ပြန်ရောက်ရင် ကျနော်ရက်သတ္တပါတ် လောက်တော့ ချစ်ဇနီးအနားမှာ နေခွင့်ရမယ်။ ဒါပေမယ့် အချိန်တွေတဖြည်းဖြည်းကုန်လာလေ ကျနော့်ရဲ့ ငရဲခန်းက ရောက်ဖို့ နီးလာလေလေပါပဲ။ အဲဒီအကြောင်းတွေတွေးရင် ရင်ဘတ်က အောင့်အောင့် လာတတ်တယ်။ ငရဲခန်းနေ့ကိုရောက်ရင်လေ ကျနော်အဖြစ်က အရူးမီးဝိုင်းဆိုတဲ့ စကားထက် ပိုတယ်ဗျာ။


အသိဥာဏ်ရှိပါတယ်ဆိုတဲ့လူတွေ ဘာလုပ်ကြတယ်ထင်လဲ။ ကျနော်နဲ့ချစ်ဇနီးရဲ့ သာယာကြည်နူးတဲ့ ဘ၀လေးကို အတင်းအဓမ္မ ဖျက်ဆီးတယ်။ အဲဒီနေ့ရောက်ရင် ကျနော့်ကိုလှောင်အိမ်ရဲ့အပြင်ကို ထုတ်သွား ကြတယ်။ ပြီးရင်တော့ ကျနော့်ရဲ့ငရဲခန်း စတာပါပဲ။ လှောင်အိမ်ထဲမှာကျန်ခဲ့တဲ့ ကျနော့်ချစ်ဇနီးဆီကို ကျနော့်ရဲ့ပြိုင်ဘက်တကောင်ကို ထည့်ပေးလိုက်တယ်။ အဲဒီကောင်က ကျနော့်ချစ်ဇနီးနားမှာကပ်ပြီး ချစ်စကားတွေပြောနေတယ်။ မြင်နေရတဲ့ မြင်ကွင်းအတွက် ကျနော်လေ လုပ်ခွင့်တာရရင် အဲဒီကောင်ကို သတ်ပစ်ချင်လောက်အောင် မုန်းတယ်ဗျာ။


ဒါပေမယ့် ကျနော်လုပ်လို့ရနိင်တာက လှောင်အိမ်ကိုတပါတ်ပြီးတပါတ် ပြေးလွှားနေရတယ်။ ရင်ထဲမှာလည်း မီးတောက် နေတာပါပဲ။ လှောင်အိမ်အပြင်ကနေ ချစ်ဇနီးကို အားပေးနေရတယ်။ သူပြောတာမယုံဖို့။ မင်းအနားမှာ ကိုယ်ရှိနေတယ် ဆိုတာတွေ အဆက်မပြတ်ပြောရင်း ကျနော်အရူးတပိုင်းနဲ့ တပါတ်ပြီးတပါတ် ပြေးလွှားနေရတယ်။ ပြိုင်ဘက်ကလည်း သူ့တာဝန်ကို အင်မတန်ကျေတယ်ဗျာ။ ကျနော့်ချစ်ဇနီးကို အတင်းကြီးကို လိုက်ကပ်နေတာပါပဲ။ ကျနော့်ရဲ့ အရူးတပိုင်း ဖြစ်နေပုံကို ပိုင်ရှင်ဖြစ်တဲ့လူတွေက ကြည့်ရတာ ကျေနပ် သွားကြပြီဆို ကျနော့်ကိုလှောင်အိမ်ထဲ ပြန်ထည့်ပြီး ပြိုင်ဘက်ကိုပြန်ထုတ် လိုက်ကြတယ်။


ကျနော်လေ လှောင်အိမ်ထဲရောက်ရောက်ချင်း ချစ်ဇနီးအနားကို အငမ်းမရပြေးသွားတော့တာပါပဲ။ အခုနက ကျနော် စိုးရိမ်လိုက်ရတာတွေကို ရင်ဖွင့်ပြောပြတယ်။ ချစ်ဇနီးနဲ့လည်ချင်းယှက်ပြီး အမောတွေ ဖြေနေရတယ်။ ဒါဟာ ကျနော့်အတွက် အိမ်မက်ဆိုးဆိုတာထက် ပိုတယ်ဗျာ။ ဘယ်တော့မှ မကြုံချင်ပေမယ့် ခဏခဏတွေ့ကြုံနေရတာပါပဲ။ ဒီလိုမျိုး ပိုင်ရှင်တွေဘာကြောင့် လုပ်တယ်ဆိုတာ ကျနော်သိတာပေါ့ဗျာ။ မင်းအချိန်မှီပြန်မလာရင် မင်းဇနီးကိုအဖော် အသစ်ရှာပေးမယ်ဆိုတဲ့ သဘောကို ကျနော်သိအောင် ပြတာလေ။ ဒါကြောင့်လည်း ကျနော်ရောက်တဲ့ နေရာကနေ အိမ်ကို အမြန်ဆုံးပြန်လာရတာပဲ မဟုတ်လား။


ကျနော့်ကို ချစ်ဇနီးအနားမှာ ခဏနေခွင့်ပေးတယ်။ ပြီးရင် အစာရေစာကို၀၀လင်လင်ကျွေးပြီး ပိုင်ရှင်တွေက ကျနော့်ကို  အပြင်ပြန်ထုတ်ကြပြန်တယ်။ ပြီးရင် ကျနော့်ကိုမျက်နာသုတ်ပုဝါ အသေးစားလေးနဲ့ ဖွဖွလေးပတ် လွယ်အိတ်ထဲထည့်ပြီး ဟိုးအဝေးကြီး တမြို့တရွာကို ကားကြုံနဲ့ပို့လိုက်ကြတော့တယ်။ အဲဒီအရပ်ကို ရောက်ပြီဆိုရင် ကျနော်ကို အစာရေစာကျွေးတယ်။ ပြီးရင် ကျနော်ခြေထောက်မှာ စာရွက်လိပ် လေးချည်ပြီး ပြန်လွှတ်ပေးလိုက်ကြတယ်လေ...။


အဲဒီစာရွက်ထဲမှာလား... ကျနော်တို့လိုသတ္တ၀ါတွေနဲ့ ဘာမှမဆိုင်တဲ့ လက်ရှိကုန်စည်တွေရဲ့ နောက်ဆုံး ဈေးနှုန်းတွေ ပါတယ်လေ။ ဘာပဲဖြစ်ဖြစ်လေ စာရွက်ထဲမှာ ဘာတွေပဲပါနေပါစေ ကျနော်သိတာက အိမ်ကိုမြန်မြန်ပြန်ရမယ်။ ကျနော် သိပ်ကြာသွားရင် ကျနော့်ချစ်ဇနီးအတွက် စိုးရိမ်ရတယ်။ ကျနော်နောက်ကျနေရင် ဟိုတစ်ကောင်ကို ချစ်ဇနီးရဲ့လှောင်အိမ်ထဲ ထည့်ပေးလိမ့်မယ်။ အဲဒီလိုဖြစ်မှာ ကျနော် သိပ်ကြောက်ပါတယ်။  အဲဒီဇောနဲ့ကျနော် မိုင်ရာချီခရီးကို အမြန်ဆုံးနှုန်းနဲ့ရောက်အောင် ပျံနိင်တော့တာပါပဲ။  “ဇော” အဟုန်ကြောင့် ကျနော့်ရဲ့ အတောင်ပံခတ်နှုန်းတွေကို ဘေးကနေ တယောက်ယောက်ကြည့်မယ်ဆို အတောင်ခတ်နေတာကို ရှင်းရှင်းလင်းလင်းမြင်ဖို့ မလွယ်နိင်ပါဘူးလေ..။ တဖျတ်ဖျတ်နဲ့ တောင်ပံခတ်သံတွေ ကျနော့်ရဲ့ အပြန်လမ်းမှာ ဆူညံနေတာပါပဲ။


အမြန်ဆုံးနှုန်းနဲ့ ကျနော်အိမ်ပြန်ရောက်ပြီဆို တာဝန်ကျေပြီလေ။ ပိုင်ရှင်တွေက ကျနော့်ခြေထောက်မှာ ချည်ပေးလိုက်တဲ့ ကုန်စည်ဈေးနှုန်း စာရွက်ကိုကြည့်ပြီး အ၀ယ်ဒိုင်တွေနဲ့ အလုပ်ဆက်လုပ် နေကြပေမယ့် ကျနော်ကတော့ ချစ်ဇနီး အနားမှာ ကြည်ကြည်နူးနူးနဲ့ အမောဖြေနေရတယ်..။ ကျနော်နေချင်တာလည်း သူ့အနားမှာပဲ မဟုတ်လား။ ဒီလိုမျိုးနဲ့ပဲ ကျနော်တို့ရဲ့ အတောင်ပံတွေ မညောင်းမချင်း ကျနော်တို့ရဲ့စွမ်းအားတွေမကုန်မချင်း လူတွေကို အလုပ်အကျွေးပြုရတာပါပဲ။ လူတွေက စွဲလန်းခြင်းတဏှာကိုအသုံးချပြီး ကျနော်တို့ရဲ့ စွမ်းအားတွေကို ထုတ်ယူသုံးစွဲနေကြတာပဲလေ...။ ခင်များတို့ ကြားဖူးမှာပေါ့ ဘိန်းကျွေးပြီး လိုသလို ခိုင်းတာမျိုးတွေပေါ့။ ကျနော်တို့ကိုတော့ စွဲလန်းခြင်းတဏှာနဲ့ အသုံးချကြတယ်လေ။


ကျနော်တို့လို စွဲလန်းခြင်းအမျိုးမျိုးနဲ့ အိမ်ကိုအမြန်ပြန်ပေမယ့် အိမ်ပြန်မရောက်လာတဲ့ ဘ၀တူတွေလည်း အများကြီး ရှိတာပါပဲ။ ကျနော်တို့ထက် အင်အားကြီးတဲ့ စွန်တွေ သိန်းငှက်တွေရဲ့ အလစ်အငိုက် ဖမ်းယူစားသောက်ခြင်းကို ခံကြရတယ်။ ဘယ်အချိန်မှာများ ကျနော့်ကျောပေါ်ကိုရော လက်သည်းချွန်ချွန်တွေ ရောက်လာမလဲ ...။ ကျနော်မသိပါဘူး။ လမ်းခရီးမှာ ကျနော်တို့ သေဆုံးသွားတဲ့အခါ ကျနော်တို့ရဲ့ ချစ်ဇနီးမယားတွေကို ကြင်ဖော်အသစ်တွေ ထပ်ထည့်ပြီး အသုံးချခံ တဏှာသားကောင်တွေအဖြစ် ထပ်ပြီးလေ့ကျင့်ကြပြန်တယ်လေ။ အဲဒါတွေ တွေးမိရင် ကျနော်နာကျင်တယ်..။ အခုတော့ ကျနော်တို့ရဲ့ ကျောပေါ်ကို လက်သည်းချွန်တွေ မရောက်လာမချင်း ကျနော်တို့ရဲ့ အတောင်ပံတွေ မညောင်းမချင်း လူတွေကို အလုပ်အကျွေး ပြုနေရအုံးမယ် မိုင်ထောင်ချီပျံနေရ အုံးမှာပါပဲလေ..။


ကျနော်တို့တွေ ကိုယ့်အိမ်ကို ဘယ်လိုမှတ်မိလည်း ခင်များတို့ သိပ်သိချင်နေမလား...။
အဲဒါကိုက ကျနော်တို့ရဲ့ စွမ်းရည်ပါပဲ။ ဘယ်နေရာရောက်ရောက် ကိုယ့်အိမ်ကိုယ် မှတ်မိကြတာပါပဲ။
ဒါကြောင့်လည်း ကျနော်တို့က စာပို့ ခို တွေအဖြစ် နာမည်ကြီးနေတာပဲ မဟုတ်လား....။

ဖြစ်နိင်ရင် လူတွေနဲ့ဝေးဝေးမှာ နေချင်ပါတယ်လေ။

.........................................................................................................။

(ကိုသုနြေ္ဒ ပြောပြတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေး ငါး ဆယ်က မြန်မာပြည်ရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ပါဝင်ခဲ့တဲ့ စာပို့ ခို တွေကို လေ့ကျင့်ခိုင်းစေခဲ့တဲ့ အဖြစ်လေးပါပဲ။ ဗဟုသုတလေး ပြောပြပေးတဲ့ ကိုသုနြေ္ဒကို ကျေးဇူးတင်ပါတယ်)


38 comments:

ahphyulay said...

အဝေးကြီးက ခိုလေးလိုပဲ လာရလို့ မောလာပြီး အမောဖြေရတယ်လေ

ahphyulay said...

ဇောတစ်ခု.. ပေါ့ ၊ပြောကြည့် ချင်တာပါ။
အဲဒီဇောက သံယောဇဉ် ဇောပါလို့ ။ မြင်နေရက်နဲ့  အရှင်လတ်
လတ် ဇွတ်ဆွဲထုပ်ပြီး ခွဲထားခံရတဲ့ ၊ခွဲထုပ်လိုက်လို့ ဖြစ်
လာရတဲ့  သံယောဇဉ် ဇောပါလို့ ။ နှလုံးသည်းပွတ်တောင်
လောင်ကြွမ်းသွားနိုင်ပြီး၊နှလုံးသွေးတို့ တောင် ရပ်တန့် သွား
နိုင်တဲ့  ဇောအဟုန်ပါ။ သံယောဇဉ် ဇော တက်နေရင် ဘာမဆို
ကိုပဲ ကျော်လွှားသွားနိုင်တဲ့  သဘောလေးကို ကောင်းကောင်း
အသုံးချခဲ့ တဲ့  ဇာတ်ကလေးဖြစ်ပေမဲ့  ယူမိတာလေးကတော့ 
တဆစ်ဆစ်နာနေရတဲ့  သံယောဇာဉ်ပါလို့ ....။

နှင်းနဲ့မာယာ said...

ကိုမြစ်ရေ
စာပို့ခိုလေးတွေ အကြောင်းကို ကြားဖူးပါတယ်..
ဒါပေမယ့် အခု ဒီပို့စ်လေး ဖတ်ပြီးမှ
ခိုလေးတွေဘဝကို စာနာသနားမိလာတယ်...
တိရိစ္ဆာန်တွေကလဲ သံယောဇဉ်တွေ
တဏှာရာဂ တွေနဲ့ ချည်နှောင်တာကို ခံရတတ်တာပဲနော်...

ကျေးဇူးပါ ကိုမြစ်ရေ

နှင်း

kokomaung.uk said...

တဏှာနှောင်ကြိုး ကြောက်ဖို့အရမ်ကောင်းပါတယ်။ ကြိုးကခိုင်လာလေ အသုံးချခံဖြစ်ဖို့ များလေပေါ့ဗျာ။
ဇောတကာ့ဇောထဲမှာ တဏှာဇောက အပြင်းဆုံး ဖြစ်နေမလားဘဲ။

ဟဲဟဲ။
ကျနော်တောင် တဏှာဇောကြောင့် မြန်မာပြည်ကို ပြန်ချင်စိတ်ပေါက်နေမိပြီ။ ။

စာပို့ခိုတွေ ဘာဖြစ်လို့ ပိုင်ရှင်ဆီပြန်လာရသလဲဆိုတာ သဘောပေါက်သွားပြီ။
ကျေးဇူးဘဲ ကိုမြစ်ကျိုးရေ။

မလွတ်တမ်းအားပေးနေတယ်နော့။

ပျော်ရွှင်ပါစေ။

kiki said...

မောတော့ မောတာပေါ့ ... ဒါပေမဲ့ မမောဘူးးးး
ဟောဟဲ ..ဟောဟဲ ..
ချစ်ချစ်က အသစ်တွေ့ ရင် ခိုဘယ်သူ နဲ့ နေရမှာ လဲ လို့  ..နေရမှာ လဲ လို့  ..
ခိုမှာလည်း အချစ်နဲ့ ပါ ..
ခိုတို့  ချစ်ခြင်း ကို ခွဲတဲ့  လူတွေ .. ဝဋ်လည်ကြလိမ့်မယ် ..


( ကို သုနြေ္ဒ ကြီး ကို စောင်းပြောတာ ..း))

ဪ .. တဏှာ တွေ ..ဇောတွေ ..အမောတွေ ....ဒါတွေ မရှိတော့လည်း မဖြစိပြန်ဘုး နော်

ရေးတဲ့ ပုံစံလေး မိုက်တယ် .. ကို ခိုမြစ် ရေ..

အနော် said...

စွဲလမ်းခြင်း တဏ္ဍာဇောတွေတဲ့လား အကိုမြစ်ကျိုးအင်းရေ
စာပို့ခိုလေးတွေကို တရုတ်သိုင်းကားတွေကြည့်တုန်းကပဲ တွေ့ဖူးတယ် ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်လောက်အထိ မြန်မာပြည်မှာ စာပို့ခိုတွေနဲ့ ဆက်သွယ် စာပို့နေတယ်ဆိုတာတော့ မသိခဲ့ဘူး
ဗဟုသုတအဖြစ် သိမှတ်ခွင့်ရလို့ ကျေးဇူးပါ
မျှဝေတဲ့ အကိုမြစ်ကျိုးရော အကိုသုနြေ္ဒကိုရော ကျေးဇူးရှင့်

နှင်းဟေမာ said...

အစ်ကိုရေ...
ညီမလေး စာလာဖတ်တယ်
ခိုလေးတွေရဲ့ဘ၀က သနားဖို့ကောင်းလိုက်တာနော်
ဒီပို့စ်လေးကိုဖတ်ရတော့ သူတို့လေးတွေရဲ့ခံစားရသမျှကို ကိုယ်တိုင်ဖြစ်နေရသလိုပါပဲ ..... ကိုယ်ခြင်းစာနာမိတယ်
လောကမှာ သမ္မာအာဇီဝကျကျနဲ့ အသက်မွေးခြင်းဖြင့်
တိရိစ္ဆာန်လေးတွေအားလုံးရဲ့အပေါ်မှာ အတက်နိုဆုံး ကာကွယ်စောင့်ရှောက်ကြဖို့ ငဲ့ညှာစာတက်ကဖို့ လူသားအားလုံးမှာ တာဝန်ရှိပါတယ်......
ခင်မင်လေးစားလျှက်
ညီမလေး နှင်းဟေမာ

Waing said...

ခိုလေးတွေဘ၀က တော်တော်သနားဖို့ကောင်းတယ်နော်

စည်သူ said...

အင်း..
ခုလိုမရေးရင် ဒီလောက်ကို မသိဘူးဗျ..
သိသွားတော့လည်း ဂရုဏာသက်မိတယ် လူတွေကပဲ ရက်စက်တာလား စဉ်းစားမိတယ်..

ကျွန်တော်တို့တစ်တွေကရော.. ခိုငှက်လိုပဲလား
အတွေးတွေပေါက်လာတယ်..

တွေးလိုက်အုံးမယ်ဗျာ

ပျော်ရွှင်ပါစေ
စည်သူ။

kaungkinpyar said...

ဒီပို့စ်လေး ဖတ်ပြီး မောလိုက်တာ မောင်ပိုင် ရေ...

မေဇင် said...

သနားပါတယ်...ဒါပေမယ့် လူတွေရော ဘာထူးလို့လဲ....စွဲလမ်းမှုတွေကြောင့်ပဲ...မငြိမ်းချမ်းနိုင်ကြတာပဲ...။

ဝက်ဝံလေး said...

စာဖတ်ပြီး ရင်ထဲ နင့်သွားတယ် ဒါပေမယ့် ညီမကတော့ တောင်ပံတစုံ လိုချင်မိတာ အမှန်ပဲ သွားချင်တယ် လွတ်လွတ်လပ်လပ် ပျံချင်တယ်
တော်ပါပြီ ဒီခံစားချက်တွေ လူပြိုဂျီးတွေ နားလည်မှာဟုတ်ပါဘူး ပြောပြတော့ဘူး လက်ညောင်းရုံပဲ အဖတ်တင်မယ်

စာလေးက ဘာရသ လဲဆိုတာ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ရသ တွေပြန် recall လုပ်ကြည့်လိုက်ဦးမယ် အဲလိုမျိုး စာတွေ ပေ တွေ ပါလာရင် ဝက် သိတော့တာမဟုတ်ဘူး ဝက် က စားဖို့ သောက်ဖို့ အိပ်ဖို့လောက်ပဲသိတာ ကဲ သွားပြီ ဒုန်းးးးးးးဒုန်းးးးးးးးးးးး

အော်သပြီ ဘယနက ရသ တဲ့ ဟုတ်လားမသိဘူး မဟုတ်လဲ ပြန်ပြင်ပေး ဒါဗြဲ

thawzin said...

စာကိုခြေထောက်မှာ ချည်ပြီး ဆိုမှပဲ ဒါ တိရစ္ဆာန်မှန်း သိသွားတာ။ ဇတ်လမ်းကို မြုပ်ကွက်လေးနဲ့ “ကျွန်တော်” အစားသုံးထားတော့ စာဖတ်သူကို စွဲဆောင်ချက် အရမ်းကောင်းဗျာ။ အဲဒီခိုလေးတွေလဲ သနားစရာပဲဗျာနော်။ တရုတ်ကားတွေထဲမှာလဲ ပါတယ်။ မြန်မာနိုင်ငံမှာတော့ မြင်ဖူးဘူးဗျ။ ဆက်သွယ်ရေးက စစ်ရေးစစ်ရာမှာ ခရာကျတယ်ဗျ။ ကျွန်တော့်တို့ သင်ကြားရတဲ့ စစ်ပညာတစ်ခုမှာပါတယ်။ မိမိတပ်အကြောင်း မိမိသိရင် စစ်ပွဲ တ၀က်နိုင်တယ်တဲ့။ ရန်သူအကြောင်းပါသိသွားရင် စစ်ပွဲက ရာနှုန်းပြည့်အောင်နိုင်ပြီး ဆိုပြီး ရှိတယ်။ သတင်းအချက်တွေ ပြည့်ပြည့်စုံစုံသိသွားတဲ့ လူတစ်ယောက်အတွက် ဆုံးဖြတ်ချက်ဘယ်လိုချရမလဲ၊ ဘယ်လိုစီစဉ်ဆွဲရမလဲဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ပြီးလေ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ ဆက်သွယ်ရေး ဒေတာတွေက အရမ်းအရေးပါတဲ့ သဘောပြောပြတာပါ။ အဲဒီလို မျိုးတွေ ရှိခဲ့မှာပဲ။ သူ့ခေတ်သူခါဆိုပေမယ့် အားနည်းချက် အားသာချက်ကြည့်ပြီး အမျိုးမျိုး ဆက်သွယ်နေကြရတာပဲလေ။

Yu Ya said...

ခိုလေးတွေဘ၀ စာနာသွားတယ်ဗျာ။

yu ya

ရေတမာ said...

အရေးကောင်းလိုက်တာ အကိုရာ အဆုံးထိ စွဲဆောင် သွားနိုင်တယ်။ 5/5 ပဲ။ လူတွေလည်း စွဲလမ်းခြင်းတဏှာနဲ့ တနည်းနည်း အသုံးချခံနေရတာပဲ မဟုတ်လား။ အဲဒီစိတ်ကို မထိန်းချုပ်နိုင်သေးတဲ့ အပြင် ဒီစာလေးဖတ်ပြီး သူ့အနားကို အမြန်ဆုံးပြေးသွားချင်တယ်းP

ဒဏ္ဍာရီ said...

စာရေးကောင်းလို့ မျောသွားတယ် အကိုရေ ... ခို လေးမှန်းမသိအောင် မြုတ်ပြီး ရေးထားတဲ့ အရေးလေးကို နှစ်သက်မိတယ်။
ခို လေးတွေရဲ့ ဘ၀နဲ့ လူသားတွေရဲ့ ဘ၀တွေလည်း အတူတူပဲလို့ ထင်မိတယ်။ ဇော ချင်းသာ တူချင်မှ တူမှာပေါ့နော်။ လူတွေကတော့ လောဘဇောတွေ မောဟဇောတွေ တနှာဇောတွေ မြောက်များစွားနဲ့ လှုပ်ရှား ရုန်းကန်ရင်း ဘ၀ဆိုတာကြီးကို ဖြတ်သန်းနေရသလိုပါပဲ အကို....။

ခင်မင်လေးစားလျှက်

ရွှေရတုမှတ်တမ်း said...

ဓါတ်ရှင်ထဲတော့ကြည့်ဖူးတယ်
ကိုမြစ်ကျိုးရေးမှ..ခိုမလေး.ကြောင့်မှန်းသိရတယ်..အဟဲ..

ဆောင်းယွန်းလ said...

ထုံးစံအတိုင်း ဘာအကြောင်းအရာရေးရေး အမြဲဖတ်လို့ကောင်းတယ် ညီလေးရာ...
စာပို့ခိုတွေရဲ့ဘဝကို ပီပြင်အောင်ရေးပြထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းပါတယ် ညီလေး

သုဒြေ္န said...

ချစ်ခြင်းကိုအခွဲမခံနိုင်ဘုးဗျာ တကိုယ်လုံးမှာ ရှိတဲ့အင်အားတွေကို တောင်ပံနှစ်ဘက်မှာ စုလိုက်တယ် ရှိရှိသမျှအာရုံတွေကိုလဲ ချစ်သူရှိမဲ့ နေရာဒေသကိုဦးတည်လိုက်တယ် ပြီး၇င်တော့  အမြန်ဆုံးအ၇ှိန်ဟုန်နဲ့  ချစ်သူဆီ ချစ်သူဆီ ကျနော်ချစ်တဲ့ ချစ်သူဆီ............... ဒီလိုဘဲ လူသားတွေလဲအတူတူပါဘဲ အခြေနေ အကြောင်းအမျိုးမျိုးကြောင့်  ဝေးကွာ နေပေမဲ့  အချိန်နဲ့ အမျှ ချစ်ရတဲ့ မိသားစုဆီ စိတ်အလျှင်က မရပ်မနား သူတို့ ဆီပြန်နေမိ တော့ တာပါ ခံစားတတ်ကြမှာပါ ခင်တဲ့  သုဒြေ္န

chit palone said...

အင်း ခိုတွေစာဘယ်လိုပို့တာ အခုမှပဲသိတော့တယ် ဖတ်ပီး ရင်ဘတ်ကြီး ဘာဖြစ်သွားမှန်းကိုမသိပါဘူး ကိုယ်ချင်းစာပါတယ် ခိုလေးရယ် ဘာပြောရမှန်းကိုမသိတော့ဘူး တကယ်ပါပဲ ရင်ဘတ်ကြီးတော့ တော်တော်ထိသွားတယ် သူဘယ်လောက်တောင် ဒေါသတွေထွက်နေမလည်းနော် သူဘယ်လောက်တောင် ခံပြင်းနေမလည်း သူ့မိန်းမနား သူများကပ်နေတာ သူတော်တော်ကို ခံစားရမှာပေါ့နော် ကျင့်ကိုကောင်းဘူး သိတော့ပါဘူး
ခင်မင်လျှက်
သာမီးလေး သံမဏိဘဲ

flowerpoem said...

သတ္တ၀ါတွေအားလုံး တဏှာရဲ့စေခိုင်းခြင်း က ရုံးမထွက်နိုင်ရင် ပိုပြီး သံသရာရှည်က လွတ်နိုင်မယ်မထင်တော့ပါဘူး . .

ပွင့်မြုးဇင် said...

စကာလုံးလေးတွေကြားမှာ ခိုလေးရဲ့ မျက်ရည်စက်တွေ တွေ့လိုက်ရတယ်... အရမ်းကို အရေးအသားကောင်းပါတယ်...

မိုးမောင် said...

လက်ရာလေးတွေ ကောင်းမြဲကောင်းဆဲ ကောင်းနေလျက်ပါပဲ။ တစ်ပုဒ်ဆို တစ်ပုဒ် စေတနာပါပါရေးထားလို့ သာဓုခေါ်ပါတယ်။ ဓမ္မနဲ့ယှဉ်တဲ့ အသိတရားတွေကို ဖတ်ကောင်းအောင်အံဝင်ခွင်ကျ ကြိုးစားနိုင်လို့ တော်တယ်ပေါ့လေ။း)

Good Shot Man :D

မငုံ said...

ဝတ္ထုလေးကောင်းတယ်။ စာပို့ခိုလေး ရဲ့အဖြစ်ကို ရေးသားသွားတာ လှတယ်။ ရှေးတုန်းကတော့ ဆက်သွယ်ရေးကို ဒီလိုခိုလေးတွေနဲ့ ဆောင်ရွက်ကြတယ်နော်။ စဉ်းစားကြည့်ရင်း အံ့သြချီးကျူးစရာလေးပါ။ ခိုအနေနဲ့ လိုရာအရောက် ပို့ဆောင်ပေးနိုင်တယ်။

အိန္ဒြာ said...

တစ်စုံတစ်ရာမကပေးလိုက်တဲ့ မှတ်သားစရာပါတဲ့ ရသမြောက်တဲ့ စာလေးတစ်ပုဒ်ပါ..။

ကျေးဇူးတင်ပါတယ်..

ဇော် said...

ဗဟုသုတတော့ရပါရဲ့ ..
အတော်ကို စိတ်မကောင်းဖြစ်မိသွားတယ်ဗျာ ..

ကိုလူထွေး said...

ကိုသုနြေ္ဒဆီမှာ အများကြီးရှိနိုင်သေးတယ်...
စာအများကြီးဖတ်နိုင်တဲ့သူမို့လို့လေ... ဆက်လုပ်ပါ ညီရေ့......

းဝ)

ကျောပိုးအိတ် said...

အရမ်းစိတ်ဝင်စားစရာကောင်းတာဘဲ။ ဖတ်ရင်းနဲ့  ခိုလေးတွေအပေါ်သနားမိတယ်။

Angel Shaper said...

တဏှာဇောနဲ့ ကြိုးစားပြီး ပျံသန်းနေရှာတဲ့ ခိုကလေးတွေလိုပဲ စိတ်ကလေးတွေ သူ့ဆီအရောက် အပြင်းအထန် ပျံသန်းနေမိတယ်။ ဘာလုပ်ရမလဲ မသိဘူး။။။။။ (အရေးထဲ ဒီလက်က ပေါက်ကရ မရေးလို့ကို မရဘူးဖြစ်နေတယ် အဟီးးး)
ရင်ဘတ်ထဲကို ထိတယ်။ ဟတ်ထိတယ်ပေါ့ဗျာ....
စာပို့ခိုလေးတွေ သနားဖို့ကောင်းလိုက်တာ။ အဲလိုခိုင်းတဲ့လူတွေ ရက်စက်လိုက်ကြတာ။ ယုတ်မာလိုက်ကြတာ။ လူမဆန်လိုက်ကြတာနော်။ ဟင်းးးးးးးးးးးးးးးး ဆိတ် မကောင်းပါဘူးးးး
ကိုမြစ်ကြီး အရေးကောင်းလိုက်တာဗျာ။ လေးစားအားကျသွားပါတယ်။

reenoemann said...

ဘာပြောရင်း ကောင်းမလဲလို့ စဉ်းစားနေတာ။

ပြောသွားကြတဲ့ လူတွေကလည်း စုံလို့ဆိုတော့

ဘာမှကို ပြောစရာမရှိတော့ဘူး။

တကယ်ကို ဖတ်လို့ကောင်းတယ် သယ်ရင်း

ခင်တဲ့ ရီနို

ညီမလေး said...

အရမ်းကောင်းတဲ့ စာလေးပါ။ စာကောင်းကောင်းလေး ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါနော်...
လူတွေလည်း အဲ့လိုပါပဲလေ.......
တကယ်တော့ လူတွေနဲ့ခိုတွေ တူတူပါပဲ ..

Ðaywalker[Soul] said...

လာဖတ်ပါတယ်ဗျာ

ချမ်းလင်းနေ said...

စာကိုဖတ်လာရင်းနဲ့ အောက်ဆုံးရောက်မှ စာပိုခိုလေးဖြစ်ကြောင်းသိလိုက်ရတယ်ဗျာ။ အရေးအသားကျစ်လစ်တယ်ဗျာ။

မိုးခါး said...

စိတ်ဝင်စားစရာပဲနော်
ခိုလေးတွေ ခမျာ သနားတော့လည်း သနားပါတယ် ..
ဒါနဲ့ စာပို့ခိုနဲ့ ရိုးရိုးခိုက တူတူပဲလားဟင် .. စာပို့ခိုဖြစ်အောင် လေ့ကျင့်ပေးထားတာလား ...

နေစိုးနိုင် said...

စာရေးသူဟာ.. ခို ကလေး အဖြစ် ၀င်ပြီးရေးတယ်..
အရေးကောင်းတော့ .. ခိုကလေး အသက်ဝင်လာတယ်..
အသက်ဝင်လာတော့ စာဖတ်သူတွေပါ ခို ကလေးတွေ ဖြစ်ကုန်ကြတယ်...

လေးစားပါတယ်ဗျာ..
ဆက်လက်အားပေးနေမှာပါ

မြတ်မွန် said...

ဝါး..ကောင်းလိုက်တဲ့စာတွေပါပဲ..
လူတိုင်းကတော့ ဘဝအတွက် ခိုလေးတွေလိုပါပဲအကိုရေ..ဇော တွေနဲ့ပဲ လှုပ်ရှား ရုန်းကန်ရင်း အိမ်ကလေးဆီကို ပြန်ကာ နားရင်း အမောတွေဖြေရင်း နဲ့ သံသရာ လည်နေတော့တာပါပဲ..။
လေးစားလျှက်ပါရှင်..။
မြတ်မွန်

အိမ် said...

အခုတော့ ဆုတောင်းပြည့်သွားလောက်ပါပြီဗျာ.. ခိုတွေထက် မြန်တဲ့ အီးမေးတို့၊ အင်တာနက်တို့ ရှိနေပြီပဲ.. မဟုတ်ဘူးလားး..။

shwezinu said...

ကျနော်သိတာက အင်္ဂလိပ်ခေတ်က စာပို့ခိုတွေက ဘိန်းကျွေးတာဘဲသိတာ အခုလိုမျိုးမသိဘူး
ကျေးဇူးဘဲဗျာ ဗဟုသုတ တခုတိုးတာပေါ့

ပိုအဆင်မြင့်သွားတာပေါ့ emotion နဲ့ ထိမ်းချုပ်တာဆိုတော့

ကြောက်စရာကောင်းတဲ့လူတွေဘဲနော်

 

Posts Comments

©2006-2010 ·TNB