အနေအထိုင်မတတ်တော့ ဘ၀ကလွဲတယ်

01 December 2009


ဘ၀၏ ကံကြမ္မာအလှည့်အပြောင်းသည် ထူးဆန်းလေစွ ။ အံ့သြဖွယ်ရာ ကောင်းလေစွပါတကား။ ကိုကျော်ညွှန့်သည် စိတ်စေတနာကောင်းရှိသော ရက်ရောတတ်သော လူရွယ်တယောက်ဖြစ်သည်။ ဘ၀ကို ရေဆန် ဖြတ်သန်း ခဲ့ရသော်လည်း အတ္တမကြီးဘဲ မျှတသော အတွေးရှိသူသာ ဖြစ်သည်။ သူ၏ စိတ်စေတနာကောင်းတို့သည် ယခုတော့ တဖန်ပြန်၍ အကျိုးပေးပြီ ထင်ရတော့သည်။ အသက် ၃၂ နှစ်တာလုံးလုံး ပင်ပန်းဆင်းရဲစွာ ရှာဖွေစားသောက်ခဲ့ရသော ကိုကျော်ညွှန့်သည် ထင်မှတ်မထားသော ကံကောင်းမှုမျိုးဖြင့် ကံကောင်းခဲ့ပြီ။ လူမှန်းသိတတ်စ အရွယ်ကတည်းက ကြုံတွေ့ ခဲ့ရသော ဆင်းရဲမွေတေ မှုတို့သည်လည်း ယခုတော့ ကိုကျော်ညွှန့် နှင့် လားလားမျှ မဆိုင်တော့ပေ။ ကြုံရာလုပ်ပြီး တကိုယ်ရည်တကာယ စားဝတ် နေရေး ဖြေရှင်းရမှုသည်လည်း ယခုအချိန်တွင်တော့ ချုပ်ငြိမ်း သွားပေတော့သည်။ ကိုကျော်ညွှန့် ငယ်စဉ်ကတည်းက မခေါ်မပြောဖြင့် အဆက်အသွယ် ဖြတ်ထားသော ဦးလေးသည် အံ့သြဖွယ်ရာ သေတမ်းစာတခုကို ကိုကျော့်ညွှန့် အတွက် ရေးထားပေးခဲ့သည်။
စေတနာရှိလွန်း၍ ဆိုသည်ထက် ဦးလေးအနေဖြင့် ကိုကျော်ညွှန့် ထက်ရင်းနှီးရသော ဆွေမျိုးမရှိ ခြင်းကြောင့် သူ၏ပိုင်ဆိုင်မှု အားလုံးသည် ကိုကျော်ညွှန့်အတွက် ဖြစ်လာတော့သည်။

သူ့နာမည်ဖြင့်ထားခဲ့သော ဘဏ်ထဲမှငွေသည် သူ့ဘ၀တွင် မမျှော်မှန်းဖူးခဲ့သော ငွေပမာဏဖြစ်သလို သူ့ဘ၀နောင်ရေးအတွက် ကောင်းကောင်း ရပ်တည်လို့ရသော ပမာဏလည်း ဖြစ်သည်။ သူ့ဦးလေး၏ မစားရက် မသောက်ရက် စုထားသော ငွေတို့သည် ယခုတော့ သူ၏ပိုင်ဆိုင်မှု ဖြစ်လာတော့သည်။ ဦးလေးတယောက်လုံး ကွယ်လွန်သွားမှုသည် သူ့အတွက် အမှန်တကယ်ကို စိတ်မကောင်းဖြစ်ရသော်လည်း လောလောလတ်လတ် ပိုင်ဆိုင်ထားသော ငွေပမာဏကိုတော့ သူမေ့ဖျောက်ထားလို့မရခဲ့ပေ။ သူ့ဦးလေးအလောင်း မြေကျသည်အထိကနေ ရက်လည် ဆွမ်းကျွေးအထိ သူတည်တည် ငြိမ်ငြိမ် ဦးစီးပြီးဆောင်ရွက်ခဲ့သည်။ ယခင်က သူ့ဦးလေးနေခဲ့ပြီး ယခု သူ ပိုင်ဆိုင် သော တထပ်တိုက်ပုလေး၏ ဧည့်ခန်းတွင်ထိုင်ရင်း သူသည် ပီတိတို့ဖြင့် ကျေနပ်နေခဲ့သည်။ ဦးလေး ထားခဲ့သော ပစ္စည်းစာရင်းများကို ကြည့်ရင်း သူ့အနာဂါတ် အတွက် တွေးမဆုံးအောင် ဖြစ်နေသည်။ ဘာကိုပဲ တွေးတွေး အရာရာသည်ကျေနပ်နှစ်သက်စရာသာ ဖြစ်နေတော့သည်။

သူ့အတွက် ချန်ခဲ့သော ပစ္စည်းစာရင်းထဲတွင် သန်လျင်ဘက်မှ ၄ ထပ်တိုက် တလုံး ပါဝင်နေသည်။ ၁၉၆၀ ကျော်က ငွေ ၁၀သိန်းခွဲအကုန်အကျခံ တည်ဆောက်ထားပြီး တထပ်လျင် အခန်း ၆ ခန်းပါသော ထို ၄ထပ် တိုက်၏ တနှစ်စာ အခန်းငှားခသည် ယခုအချိန်တွင် သိန်း၃၀ခန့် ၀င်ငွေရှိနေတော့သည်။ ဘဏ်အပ်ငွေ၏ အတိုးများနှင့် သရက်ခြံ သီဟိုဠ်ခြံတို၏ တနှစ်စာ ပျှမ်းမျှဝင်ငွေတို့ကို တွက်ချက်ပြီးသည့်အခါတွင် သူအတွက် စား လောက်ရုံအပြင် ပိုလျှံနေတော့သည်။

ဆင်းရဲသော ဘ၀က မထင်မှတ်ပဲ ဘ၀ပြောင်းလာသူ ဖြစ်သည့်အတွက်လည်း သူဌေးတယောက်လို လောဘ မရှိ ခြင်းလည်း ဖြစ်သည်။ စည်းစိမ်ချမ်းသာ၏ အရသာကို မခံစားဖူးသည့်အတွက် လက်ထဲကငွေကို တပြားကနေ နှစ်ပြားခွာဖို့လည်း အတ္တမရှိပေ။ ဘ၀မှာ အကြိမ်ကြိမ်တွေးခဲ့သလို ထမင်းနပ်မှန်ရုံ လူတန်းစေ့ရုံ နေရရင် ကျေနပ်ပါပြီဆိုသော အတွေးများသည်လည်း ယခုအချိန်ထိ မပျောက်ပျက်ဘဲ တည်ရှိနေခြင်း ဖြစ်သည်။ မစားရက်မသောက်ရက် စုဆောင်းခဲ့သော ဦးလေးအတွက် စိတ်မကောင်း ဖြစ်မိသလို သေလျှင် ကိုယ့်နောက်ဘာမှမပါ အကုန်ချန်ထားရစ်ခဲ့ရမည် ဆိုသည့် အနိစ္စတရားကို ဆင်ခြင်မိသည်။

ကိုကျော်ညွှန့်တယောက် ဧည့်ခန်းတွင် ကော်ဖီထိုင်သောက်ရင်း ပိုင်ဆိုင်မှု တို့ကို ကြည့်ကာ စိတ်ကူးတခု ရလာ ခဲ့သည်။ ထိုစိတ်ကူးမှာ သူပိုင်ဆိုင်သော ၄ ထပ်တိုက်၏ အခန်းငှားခများကို လျော့ချပေးဖို့ပဲ ဖြစ်သည်။ တနှစ်စာ အိမ်ခန်းငှားခ သိန်း၃၀ခန့်သည် သူ့အတွက်တော့ လိုအပ်တာထက် ပိုလျှံနေသော ငွေပမဏဖြစ်သလို အခန်းငှားခ လျော့ချပေးလိုက်ခြင်းဖြင့် သူ့ဦးလေးအတွက် ကောင်းမှုတခုခု လုပ်ရာလည်း ဖြစ်မည် မဟုတ်ပါလား။ ထို့ထက်အရေးကြီးဆုံးမှာ အိမ်ငှားများ၏ ပြုံးပျော်ပီတိ များဖြစ်သည်။ စဉ်းစားရင်းတွေးတောရင်းဖြင့် သူမမြင် ဖူးသော အိမ်ငှားများ၏ ပျော်ရွှင်မှုတွေသည် သူ့နှလုံးအိမ်ကို ရိုက်ခတ်လာနေတော့သည်။ လတ်တလောချမ်းသာလာခြင်း၏ ပီတိနှင့် နဂိုရှိပြီးသား စိတ်စေတနာကောင်းတို့ ပေါင်းစပ်မိသည့် အခါတွင်တော့ သူ့တွင်သဒ္ဒါစိတ်တို့ တရိပ်ရိပ် တိုးပွားလာနေတော့သည်။

ခေါင်းရင်းသရက်ပင်မှ ကျေးငှက်ကလေးများ၏ တေးဆိုသံသည်လည်း သူ့အကြံအစည်ကို ကောင်းချီး
ပေးနေသလို ခံစားလာရသည်။ သာယာနေသော နေမင်းသည်ပင် သူ၏သဒ္ဒါတရားကြောင့် ယနေ့ပို၍နွေးထွေးနေသလို ခံစားရသည်။ စိတ်ကောင်းနှလုံးကောင်း ရှိချိန်တွင် ကြည့်လေရာလောကကြီးသည် သာယာလှပေစွ။ သူခံစားနေရသော ပီတီ အဟုန်တို့၏ ရိုက်ခတ်မှုကြောင့် အနည်းငယ် ကတုန်ကယင်ပင် ဖြစ်လာတော့သည်။ ထို့နောက် အချိန်မဆိုင်းပဲ ထို ၄ထပ်တိုက်၏ အိမ်ခန်းငှား တာဝန်ခံဖြစ်သူ ဦးသော်ကကို ချက်ချင်း အရောက်လာခဲ့ဖို့ လှမ်းခေါ် လိုက်တော့သည်။ နောက်ထပ် ၃ နာရီခန့်ကြာပြီးချိန်တွင် ဦးသော်ကနှင့် မောင်ကျော်ညွှန့်တို့ ဧည့်ခန်းတွင် ဆုံတွေ့နေလေတော့သည်။



“ဒီလိုဦးသော်ကရဲ့ ကျနော့်မှာ အစီအစဉ်တခုရှိလို့ဗျ ”
“ဘာများပါလိမ့် မောင်ကျော်ညွှန့်ရေ”
“ကျနော့် အခန်းငှားခတွေကို လျော့ချတော့မလို့”
“ဗျာ...ဘယ်လို ”
“အော် ဦးသော်က မရှင်းဘူးထင်တယ် ဒီလိုဗျ အခုလက်ရှိအခန်းငှားခတွေရဲ့ ထက်ဝက်တိတိကို
လျော့ချ လိုက်ကြောင်း အိမ်ငှားတွေကို ဒီကပြန်ရင် ကြေငြာပေးစေချင်တယ်”

ဦးသော်က၏ မျက်နာပျက်ယွင်းသွားပုံသည် သူမျှော်လင့်ထားတာနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ တခုခုကို ပြောချင်ပုံဖြင့် ဦးသော်ကရဲ့ နှုတ်ခမ်းတို့ တလှုပ်လှုပ် ဖြစ်နေသည်။

“ဘာပြောချင်တာရှိလို့လည်း ဦးသော်က.... ပြောပါ”

အချိန်အနည်းငယ် တုန့်ဆိုင်းပြီးနောက်
“တကယ်ဆို ဒီလိုလုပ်ဖို့ မလိုပါဘူးလေ အိမ်ခန်းငှားတွေအားလုံးဟာလည်း အခုလက်ရှိ ဈေးနှုန်းကို ကျေကျေ နပ်နပ် ပေးနေကြတာပါပဲ ... ပုံမှန်အတိုင်းသွားနေတဲ့ အရာတွေကို ပြောင်းလဲတိုင်း ကောင်းတာ မဟုတ်ပါဘူး ဦးလေးက တူသားလို ခင်လို့ အကြံပေးတာပါ သေသေချာချာ ပြန်စဉ်းစားစေချင်ပါတယ်”

“ကျနော် စဉ်းစားဆုံးဖြတ်ပြီးပါပြီလေ ကျနော်ပြောတဲ့ အတိုင်း လုပ်စေချင်တာပါပဲ”

“မောင်ကျော်ညွှန့် သေသေချာချာစဉ်းစားပါ အိမ်ငှားတွေက ဘယ်လိုထင်ကြမလဲ”

“သူတို့ အိမ်ရှင်အသစ်က စိတ်ကောင်းစေတနာ ရှိတယ်လို့ပဲ ထင်ကြမှာပါ။ ဒီလိုပဲ ရည်ရွယ်ပါတယ်”

“မဟုတ်သေးဘူး မောင်ကျော်ညွှန့် ဦးလေးပြောချင်တာက.......”

“ကဲပါ ဦးသော်က အချိန်ကုန်မခံပါနဲ့ ကျနော် ပြောတဲ့အတိုင်းသာ ကြေငြာပေးပါ”

ဦးသော်ကအနေဖြင့် ဘာမှမတတ်နိင်တော့ပြီ။ သက်ပျင်းတချက်ကို ချရင်း ကတိပေးလိုက်ရတော့သည်။

“ကောင်းပါပြီလေ ဦးလေး ဒီကပြန်ရောက်တာနဲ့ ကြေငြာပေးပါ့မယ်”

ခပ်လေးလေး ထပြန်သွားတော့ ဦးသော်ကရဲ့ နောက်ကျောကိုကြည့်နေသော ကိုကျော်ညွှန့်မျက်ဝန်းတွင် သဒ္ဒါစိတ် တို့ဖြင့်သာအရောင်လက်နေခဲ့ပေမယ့် ဦးသော်က၏ ရင်ထဲတွေတော့ ရှုပ်ထွေးနောက်ကျိနေသည်။

“ဒီသူငယ် စိတ်အခြေအနေ ပုံမှန်မှရှိရဲ့လား ဘယ်လို အတွေးမျိုးပါလိမ့် ”
“သူ့ဦးလေးသာ ကြားလိုက်ရရင် တမလွန်ကနေ ချက်ချင်းတောင် ပြန်ထလာနိင်တာပါပဲ ”
“ဘာရည်ရွယ်ချက်ပါလိမ့် ”
အဖြေမရသော အတွေးများဖြင့် ဦးသော်က တစ်ယောက် ငေးငေးငိုင်ငိုင်ဖြင့် အိမ်ပြန်ရောက်လာခဲ့သည်။

သူ့တာဝန်ဖြစ်သော အိမ်ခန်းငှားတွေကို အသိပေး ကြေငြာရမှာတွေကိုလည်း တတ်ကြွမှု မရှိပေ။ အရင်နှင့် မတူသော သူ့ပုံစံကိုကြည့်၍ မိန်းမဖြစ်သူနှင့် သမီးဖြစ်သူတို့ အချင်းချင်း မေးငေါ့ပြီး အသံတိတ် စပ်စု နေကြတာကိုလည်း ဦးသော်က မမြင်မိပေ။ သက်ပြင်း တချချ ဖြစ်နေသော သူ့ကို မနေနိင်သည့်အဆုံး သူ့မိန်းမမှ မေးခွန်း ထုတ်မေးလာခဲ့သည်။

“ကိုသော်က ရှင်ဘာဖြစ်နေတာလဲ တခုခုဖြစ်နေတာတော့သေချာတယ် ”
“မင်းမသိပါဘူးကွာ”
“မသိလို့မေးနေတာပေါ့တော် သက်ပျင်းတချချနဲ့ ဘာဖြစ်နေတာလဲ ပြောပါ”
“ဟူးးးး ...ဒီလိုကွာ ........”

ဦးသော်ကရဲ့ ရှင်းပြသံအဆုံးမှာ သူ့မိန်းမ မျက်နာတွင် မယုံနိင်မှုတို့ဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။

“ရှင် အရက်များ သောက်ထားသေးလား”
မေးမေးပြောပြောဖြင့် သူ့ပါးစပ်နား အနံ့လာခံသော မိန်းမဖြစ်သူကိုလည်း စိတ်မဆိုးရက်ပေ။
“ငါကိုယ်တိုင် အရက်မူးနေတာ ဖြစ်စေချင်တာ”

တခုခုတော့လွဲနေပြီ ဟုရေရွတ်ကာ သူ့မိန်းမကိုယ်တိုင် ဖုန်းဆက်မေးဖို့ရန် ထသွားသည်အထိ ဦးသော်က နေရာမှ မရွေ့ဖြစ်သေးပေ။ ခဏနေတော့ သူ့မိန်းမ ပြန်ရောက်လာသည်။ အခုချိန်တွင်တော့ အရာရာ ရှင်းသွားခဲ့ပြီ။

“မောင်ကျော်ညွှန့်က အမြန်ဆုံးကြေငြာပေးပါ လို့ မှာလိုက်သေးတယ်”

သူ့မိန်းမ၏ စကားဆုံးလျှင် ဦးသော်ကခမျာ အပေါ်အင်္ကျီကောက်ဝတ်ကာ အခန်းငှားတွေထံကို ထွက်သွားတော့သည်။ နောက်ထပ် တနာရီခန့်ကြာပြီးချိန်တွင်တော့ နှစ်ပေါင်းများစွာ တစ်ယောက်နှင့် တယောက် မေးထူး ခေါ်ပြောဖို့ရန်ကို ခက်ခဲနေခဲ့ကြသော အိမ်ခန်းနီးချင်းများအားလုံး တိုက်ရှေ့ ကွက်လပ်တွင် စုစုရုံးရုံး ဖြစ်နေတော့သည်။ မိမိတို့၏ ထင်မြင်ချက်များဖြင့် အရင်ကနှင့်မတူ စည်းရုံးညီညွတ်နေကြသည်။

“ခင်များသိပြီးပြီလား”
“တ၀က်တိတိ လျော့ချတာတဲ့”
“ဟုတ်ပါ့မလား ဦးသော်က ကြီး အရူးထတာများလား”
“သေချာအောင်တော့ အိမ်ရှင်ကို ဆက်သွယ်ရမယ်”
တယောက်တပေါက်ဖြင့်လည်းကောင်း နီးစပ်ရာအစုအဖွဲ့များဖြင့်သော်လည်းကောင်း ကိုယ့်ထင်မြင်ချက်များဖြင့် တီးတိုး ဝေဖန်နေကြတော့သည်...။ အိမ်ရှင်ထံ ဖုန်းသွားဆက်သော ဒုတိယအထပ်မှ ကျူရှင်ဆရာ ပြန်ရောက် လာပြီးသည့်နောက်တွင် အိမ်ခန်း ငှားများအားလုံး အခြေအနေကို ရှင်းရှင်းလင်းလင်းသိသွားတော့သည်။ ကျူရှင်ဆရာ၏ ရှင်းပြသံအဆုံးမှာ အားလုံးတဒင်္ဂ တိတ်ဆိတ်သွားသည်။ ထို့နောက် ယခင်ထက် တိုး၍ ဆူညံလာခဲ့သည်။ အခုချိန်တွင်တော့ သူတို့ အားလုံး၏ အတွေးထဲတွင် အဘယ့်ကြောင့်အိမ်ခန်းငှားခ တ၀က်တိတိ လျော့ချလိုက်ရတာလည်း ဆိုသည့် မေးခွန်းများ တူညီနေတော့သည်။ ကိုကျော်ညွှန့်ရည်ရွယ်သလို ရယ်မော ပျော်ရွှင်သွားကြသော မျက်နာများ တခုမှ မရှိခဲ့ပေ။

“ဒါဟာ ဘာကြောင့်လဲ”
“ဟုတ်တယ် ဒါဟာ ပုံမှန်အခြေအနေတော့မဟုတ်တာအမှန်ပဲ”
“အကောင်းမြင်ရရင် ဒါဟာဖြစ်တောင့် ဖြစ်ခဲအခြေအနေတခုပဲ”
“ ဟင် အင်း...မဟုတ်ဘူးဗျ ဒါဖြစ်လေ့မရှိတဲ့ အခြေအနေ”

“နေကြအုံးဗျ ကျုပ်တခုပြောမယ်”
ပထမထပ် အခန်းနံပါတ် ၃ တွင်နေထိုင်သော အပ်ချုပ်ဆိုင်ပိုင်ရှင်မှ အသံကျယ်ကျယ်ဖြစ် စကားဝိုင်းကို ဦးဆောင်လိုက်သည်။

“ဒီအကြောင်းအရာရဲ့ နောက်ကွယ်မှာ ထူးခြားချက် တခုခု ရှိကို ရှိရမယ်ဗျ ဒါကိုကျုပ်တို့ သိဖို့လိုတယ်”

“အေးလေ။ အဲဒါဘာလဲ ဒါ သွေးရိုးသားရိုး မဟုတ်ဘူး”
“ဘာကြောင့်အိမ်ပိုင်ရှင်က သူ့အိမ်လခကို တ၀က်တိတိ လျော့ချလိုက်တာလဲ”
“ဘာအတွက်လဲ”

မေးခွန်းပေါင်းများစွာဖြင့် စကားဝိုင်း ပြန်ကျယ်လောင်လာခဲ့သည်။ မေးခွန်းများစွာ၏ တခုတည်းသော ဦးတည်ချက်မှာ အဘယ်ကြောင့် အိမ်ခန်းငှားခကို တ၀က်တိတိလျော့ချလိုက်တာလည်း ဆိုတာပဲဖြစ်သည်။

“လူသာမန် တယောက်အနေနဲ့ ဒီလို ကောင်းမွန်နေတဲ့ ၀င်ငွေကို ငြင်းပယ်မယ်ဆိုတာ မဖြစ်နိင်ဘူး ။
ဆိုးဆိုး ရွားရွား တခုခုရှိလို့သာ ဒီလိုထောင်ချောက်နဲ့တူတဲ့ အကြံအစည်တွေနဲ့ ငါတို့ကို ချည်နှောင်တာပဲ”

“သူဘာကိုဖုံးကွယ်ချင်လို့ စိတ်ကောင်းစေတနာကို ချပြရတာလဲ”

“ခင်များတို့ အိမ်ကြီးကို ကြည့်ကြစမ်း အိမ်ကြီးက စောင်းနေတယ်မထင်ဘူးလား”
“အေးဗျ စောင်းနေသလိုပဲ။ နောက်ပြီး  ကျုပ်အခန်းရဲ့ အမိုးတွေလည်း တဖြေးဖြေး အိကျလာနေသလိုလိုပဲ”
အပေါ်ဆုံးထပ်တွင်နေသော သူကပြောသည်။

“ဒီလောက်အိုဟောင်းနေတဲ့ အိမ်ကို အာမခံထားပြီး မီးရှို့လိုက်မယ်ဆိုရင်ရော”
ကျူရှင်ဆရာမှ တွေးတွေးဆဆဖြင့်ဝင်ပြောသည်။

“ဘုရားရေ..... အဲဒီလိုဖြစ်နိင်ပါ့မလား”
“ဒါတော့ ဘယ်သူအတတ်ပြောနိင်မလဲ”

ထို့နောက်တွင်တော့ စကားဝိုင်းသည် ဆိုးရွားသော အခြေအနေများကို သူ့ထက်ငါ ထုတ်ပြောခြင်းဖြင့် ပို၍ ဆိုးရွားမှုဆီ ဦတည်သွားတော့သည်။ ယခင်က ကြွက်ကြောင့်သော်လည်းကောင်း ကြောင် ကြောင့် သော် လည်းကောင်း ဖြစ်ပေါ်ခဲ့သော အသံဗလံများသည်လည်း ယခုအခါ မမြင်နိင်သော ပုဂ္ဂိုလ်တို့၏ ခြောက်လန့်မှု အဖြစ် အသွင်ပြောင်းသွားသလို ခေါင်မိုးသွပ်လန်နေသဖြင့် လေတိုက်တိုင်းထွက်လာသော ပုံမှန် အသံ တို့သည်လည်း ဤအိမ်ကြီး၏ ဟောင်းနွမ်း ယိုယွင်းမှုကို ပို၍ အဓိပ္ပါယ် ပေါ်လွင်သွားစေသည်။

တတိယထပ်တွင်နေသော ပင်စင်စားအဖိုးကြီးမှ တညနေ နေ၀င်ရီတရောတွင် မီးဖိုရန်အလို့ငှာ မြေအောက်ခန်းထဲတွင် သစ်တိုသစ်စ သွားရှာရင်း သေသွားသောအိမ်ရှင် အဖိုးကြီးကို ၀ိုးတ၀ါး တွေ့လိုက်ကြောင်း ထုတ်ပြောသည်။ ပထမထပ်မှ ကျောင်းဆရာမကလည်း သူ့အိပ်ခန်း အောက်ဘက် မြေအောက်ထပ်မှ တခါတရံ ထုနှက်သံများကြားရသည်ဟု အားကျမခံ ၀င်ပြောပြန်သည်။ ယခင်က မေးထူးခေါ်ပြောပင် မလုပ်ခဲ့ကြသော အခန်းနီးချင်းတို့သည် ယခုအခါတွင် အိမ်ကြီး၏ ဆိုးရွားမှုများကို စိတ်ကူးတည့်ရာ ထုတ်ပြောရင်း မိမိတို့အချင်းချင်း ရင်းနှီးမှုကို တည်ဆောက်နေကြသည်။ ထိုတည်ဆောက်မှု၏ အခြားတဖက်တွင်တော့ အိမ်ခန်းငှားခ တ၀က် တိတိလျော့ချပေးလိုက်သော အိမ်ကြီးသည် သူတို့ စကားလုံးများဖြင့် တအိအိ ပြိုကျနေပေတော့သည်။ တစ်ဦးတစ်ယောက်ပြောလိုက်တိုင်း ဆိုးရွားမှုတို့ ပိုလာသော ဤအိမ်ကြီး၏ အခြေ အနေသည် နောက်ဆုံးတွင် ကြောက်လန့်စရာ နေရာအဖြစ် တိတ်တဆိတ် သတ်မှတ် ထားလိုက် ကြတော့သည်။

ထို့နောက်တွင်တော့ အရာရာသည် ထိတ်လန့်ခြင်းတခုခုကို စောင့်ဆိုင်းနေရသလို တုန်လှုပ်ခြောက်ခြားဖွယ်ရာ သာဖြစ်နေတော့သည်။ စကားသံတွေ ယခင်ကထက် တိတ်ဆိတ်သွားသလို ယခင်ကထက် အရာရာကို သီးခံ နိင်စွမ်းတို့ ကုန်လာခဲ့ပြီ။ မမြင်ရသော အန္တရာယ်အငွေ့အသက်တို့ဖြင့် အိမ်တခုလုံး လွှမ်းခြုံခံထားရသကဲ့သို့ အရာရာသည် အေးစက်စက် ဖြစ်နေခဲ့တော့သည်။ အခန်းထဲတွင်လည်း လေထုသည် ယခင်ကလောက် မရှိတော့ဘူး ထင်ကုန်ကြသည်။ ညအိပ်ချိန်တိုင်အောင် ဆိုးရွားသော အတွေးတို့ကို မဖျောက်နိင်သေးပေ။ တံခါးချက်များ သေသေချာချာ ချထားရဲ့လား နောက်တကြိမ် စစ်ကြပြန်သည်။ တထိတ်ထိတ်တလန့်လန့်ဖြင့် ညတာကို ကုန်လွန်ပြီးသည့်နောက်တွင် မည်သူမျှ လန်းဆန်း ခြင်းမျိုး မရှိတော့ပေ။ ဘာမှန်းမသိသော စိတ်အတွေးများ၏ ခြောက်လန့်မှုကိုလည်း မည်သူမှ မခံစားနိင်တော့ပေ။

နောက်တနေ့ညနေတွင်တော့ တတိယထပ်မှ မုဆိုးမသားအမိ အခန်း ပြောင်းရွေ့မှုသည် အားလုံး၏ တိတ်တဆိတ် စိတ်ကူးများနှင့် ထပ်တူဖြစ်သွားခဲ့သလို အပေါ်ယံ ငြိမ်သက်နေသော အခြေအနေတခုကို စနက်တံ ဖြုတ်လိုက်သလို ဖြစ်သွားတော့သည်။ မည်သူမျှ ဤအိမ်ကြီးတွင် တထိတ်ထိတ်ဖြင့် မနေလိုတော့ပေ။ ပထမဆုံး အခန်းပြောင်းရွေ့သူ၏ အကြောင်းကြားစာကို ဦးသော်ကမှ စိတ်မသက်သာသော မျက်နာဖြင့် မောင်ကျော်ညွှန့်ကို ပြလိုက်သည်..။

“သွားပလေ့စေလေ ဦးသော်ကရဲ့ နောက်အိမ်ငှားတွေ ထပ်တင်မှာပေါ့။ အဲဒီအခန်းကို  ငှားရန် စာကပ်ထားလိုက်ပါ”

နောက်တနေ့တွင်လည်း အခန်းပြောင်းရွေ့ရန် အကြောင်းကြားလာသူ နှစ်ယောက်ရှိနေခဲ့ပြီ။ တပါတ်တာမျှ ကုန်ဆုံးလာချိန်တွင် ဤအိမ်ကြီးတွင် နေထိုင်သူတို့သည် အိမ်ခန်းပြောင်းရွေ့ရန် အကြောင်းကြားစာများ အသီးသီး ပို့ပေး နေခဲ့သည်မှာ အိမ်ခန်းတိုင်း လိုလို ဖြစ် နေတော့သည်။ အရှိန်အဟုန်ကြီးသော ထိတ်လန့်ခြင်း လှိုင်းတံပိုး တို့သည်လည်း ထိုအိမ်ကြီးတွင်နေထိုင်သော တာဝန်ခံ ဦးသော်က မိသားစု အပေါ်ကိုပင် လွှမ်းခြုံ သွားတော့သည်။ အခြေခံအကြောင်းတရားကို သိသော ဦးသော်က ကိုယ်တိုင်ခြောက်ခြားစ ပြုလာပြီး သူ့မိသားစုကိုပင် နှစ်သိမ့်နိင်ခြင်းငှာ မရှိတော့ပေ။

ပြောင်းရွေ့သွားသော အိမ်ခန်းတို့၏ ရှေ့တွင် ငှားရန် စာများကပ်ထားရုံမှ တပါး အခြားရွေးချယ်စရာ မရှိပြီ။ အိမ်ခန်း ငှားရန်လာကြည့်သူတို့သည်လည်း ဤမျှ များပြားနေသော အခန်းလွတ်များကို အံ့အားသင့် နေကြသည်။ ပြောင်းရွေ့ခါနီး အခန်းရှင်တို့မှ အိမ်ရှင်က ရေရာသော အကြောင်းပြချက်မရှိဘဲ အခန်းငှားခ တ၀က်တိတိ လျော့ချကြောင်း ပြောပြလိုက်သည့်နောက်တွင်တော့ အကောင်အထည် ဖော်ပြနိင်စွမ်းမရှိသော စိုးရိမ်စိတ်တို့ဖြင့် အိမ်ခန်းငှားရန် ကြံစည်သူတို့ပင် လက်လျော့ကာ ပြန်လှည့်သွားကြတော့သည်။

၁၀ ရက်ကျော်မျှသော အချိန်အတွင်း အခြေအနေသည် ဆိုးရွားစွာ ဆက်လက် ဖြစ်ပေါ်နေသည်။ ဦးသော်က သမီးသည်ပင် စိတ်ခြောက်ခြားလွန်းကာ ထိုအိမ်ကြီးတွင် မနေချင်တော့သဖြင့် ချစ်သူနှင့် ခိုးရာ လိုက်ပြေးသွားတော့သည်။ ရှာဖွေစားသောက်စရာ မရှိတော့သည့်အတွက် ကြွက်များ ပိုးဟပ်များ သည်လည်း နေရာ ရွေ့သွား ခဲ့လေပြီ။ ယခုအချိန်တွင်တော့ အရာရာသည် ပြုပြင်၍ပင် မရနိင်တော့ပေ။

တိတ်ဆိတ် ခြောက်ကပ်သော အခြေအနေကို ရင်မဆိုင်နိင်တော့သည့်အတွက် နောက်ဆုံးတွင် ဦးသော်ကတို့ လင်မယား ကိုယ်တိုင် မောင်ကျော်ညွှန့်ထံ အခန်းသော့ ပြန်အပ်ကာ အဝေး တနေရာကို ထွက်ခွါသွားလေတော့သည်။

စားပွဲခုံပေါ်တွင် စုပုံနေသော အိမ်ခန်းသော့များကိုကြည့်ကာ အဖြေရှာမရသော အတွေးများဖြင့် မောင်ကျော်ညွှန့် တယောက်ငေးငိုင်ကာ ကျန်ရစ်နေခဲ့တော့သည်။

။...............................................................။


(Emile Gaboriau ရဲ့ Accursed House ဇာတ်လမ်း ကျောရိုးကို ယူပါသည်။)

54 comments:

မဆုမွန် said...

သိပ်ကောင်းတဲ့ ပို့စ်လေးပါ မှတ်သားစရာ သတိထားစရာတွေ အများကြီးသယ်သွားတယ် အခုထက်ထိလည်း တွေးနေမိတုန်းပဲ..တကယ့် စိတ်စေတနာနဲ့ အလျော့ပေးလိုက်တဲ့ အဖြစ်တွေမှာ...သို့လော သို့လော သို့လော တွေ ဖြစ်လာနိုင်တဲ့ သံသယတွေအတွက် ပြုံးသွားတယ်..

မိုးအိမ့်ဖြူ said...

အတော် ဖတ်လို့ကေင်းတဲ့ ပိုစ့်လေးပါ... နောက်ထပ်လည်း ဒီလို ပိုစ့်ကောင်းကောင်းလေး တွေရေးနိုင်ပါစေဗျာ

ဖိုးဂျယ် said...

ပိုစ့်ကောင်းလေး တစ်ပုဒ်ပါ
တွေးတောစရာတွေ သယ်ဆောင်သွားတယ်ဗျာ

ခင်မင်လျှက်

ဒဏ္ဍာရီ said...

တကယ့်ကောင်းတဲ့ ပိုစ့်လေးပါ။ စေတနာသည် လူတိုင်းနှင့် မတန်ဆိုတဲ့ စကားပုံလေး လိုပေါ့။ လူတွေဟာ အကောင်းမြင်ထက် အဆိုးမြင်ဘက်က ပိုများတယ်ဆိုတာ သိသာတာပဲလေ။

ခင်မင်လေးစားလျှက်

kiki said...

စေတနာ ဆိုတာ လူတိုင်းနဲ့  မတန်ပါဘူး ဆိုတဲ့  စကား က အတော် မှန်တာ ပဲနော် ။
စေတနာက ဝေဒနာတွေ ဖြစ်သွားရတာပေါ့ .
ကို ကျော် မြစ်ကျိုးအင်း ညွန့် ရေ .....
ဖတ်လို့ ကောင်းတယ် ။
တွေးမိတွေးရာ တွေးမိသွားတယ်
ဒါကြောင့်.....
ဖွားကိ တော့ ဒါမျိုး မဖြစ်အောင် လူကြမ်း ပဲ လုပ်ပါတော့မည် ....
( လူကြမ်းဆိုတာက နာမည်သာ ဆိုးတာ နော် ။။ဟဲဟဲ
သိတယ်ဟုတ် ။။။ )

ဂျပန်ကောင်လေး said...

ဆင်ခြင်ဥာဏ်၊ အမြော်အမြင်ကြီးမားမှု၊ တွေးခေါ်တတ်မှု ဒါတွေအားလုံးဟာ ဘယ်အလုပ်ပဲ လုပ်လုပ် ပေါင်းစပ်ပြီးမှ လုပ်သင့်တယ်ဆိုတာကို မီးမောင်းထိုးပြသွားပါတယ်... ချက်ထိုးသလိုပဲ.. တနေရာထဲကိုသာကြည့်ပြီး ထောင့်စုံမကြည့်တတ်ရင် လွယ်လွယ်ကျရှုံးသွားမှာပဲလေ.. ကျွန်တော်တော့ ဒီစာဘာကိုပေးချင်နေသလဲဆိုတာတွေကို တွေးမိသွားတယ်... ရသင့်သလောက်လည်း ရသွားတယ်...

ဝက်ဝံလေး said...

အဟမ်း အဟမ်း ဖတ်တုံးကတော့ နားမလည်ဘူး ကွန်မန့်တွေ ဖတ်ကြည့်တော့မှ နားလည်တယ် ဘာကို ဆိုလိုချင်ပါသနည်း စေတနာ လူတိုင်းနဲ့မတန်ဆိုသလို ဘီသူ့ကိုရည်ရွယ်ပြီး ပြောပါသနည်း ရှင်းနော် ရှင်း ဒါဗြဲ ပြောမယ်

ဝက်ဝံလေး said...

သူများတွေကပြောတယ် တွေးတယ် တဲ့ ရသင့်သလောက်လဲရတယ် ဝက်လဲတွေးတယ် ခေါင်းကိုက်တာပဲ အဖတ်တင်တယ် ဘာရလဲ ဆိုတော့ ဗိုက်ဆာတာပဲ သိတယ် သွပ်ဖို့ တခုခု သွားလုပ်လိုက်ဦးမယ် ဘိုင် တာ့တာ
မတွေးတော့ဘူးတွေးရင်း တွေးရင်း ပါးလုံးပြောသလို ပလက်တီနာမ်ပင်တွေ ပေါက်လာမှာစိုးလို့ အဟီးးးးးးးးးးးးးးးးးးးးးးးးးးးး

ahphyulay said...
This comment has been removed by the author.
အနော် said...

လူတွေဟာ ဘယ်လိုပဲ ပြောပြော လက်ရှိဖြစ်ရပ်တွေမှာပဲ ပျော်မွေ့နေကြတယ်
လက်ရှိဒုက္ခတွေကိုပဲ သုခလို့ ထင်မှတ်နေကြတယ်
ဒုက္ခမရှိရင် မနေတတ်တော့သလို
ဒုက္ခပေးမယ့်သူ မရှိရင်လဲ လိုက်ရှာနေကြတယ်
သုခပေးမယ့်သူဆိုရင် အရင်ဆုံး သံသယနဲ့ကြည့်မယ်
ဟုတ်ရော ဟုတ်ပါ့မလား
အဲ့ဒီ သုခနောက်မှာ ဘာတွေများ ကပ်ပါလာမလဲ
ယုံမှားသံသယအတွေးတွေပေါ့
အဲ့ဒီအတွေးက သိပ်ကြောက်စရာကောင်းတယ်
အတွေးအကြံတွေမှာ ယုံမှားသံသယစိတ် ဝင်လာပီဆိုရင် အရာရာဟာ ပျက်သုဉ်းခြင်းဆီကို ဦးတည်သွားတော့တာပဲ :(
ပို့စ်ကောင်းလေးကို လာဖတ်ရလို့ စိတ်အာသာပြေသွားတယ် :)
Happy Sweet December ပါ အကိုမြစ်ကျိုးအင်းရေ

kokomaung.uk said...

မှန်တိုင်းမကောင်းသလို ကောင်းတိုင်းလဲ မမှန်ဘူးဆိုတဲ့ နိယာမ ဆန်တဲ့ သင်ခန်းစာတစ်ခု ရလိုက်ပါတယ်။

ကြယ်ပြာ said...

အင်း ... သမရိုးကျမဟုတ်တဲ့ပြောင်းလဲမှုတိုင်းကို လူတွေက သမရိုးကျလေးတွေးမှာတော့မဟုတ်ဘူး .... ဖတ်လို့ကောင်းပါတယ် .... သဘောလဲကျမိတယ် .....

khin oo may said...

1 Dec 09, 22:30
kom: တော်တော်ရှည်တာဘဲ။တွေးလဲတွေးရတယ်ဖတ်လဲဖတ်ရတယ် ရေးလဲရေးရတယ်လက်လဲညောင်းသေး. ဝါသနာပါလို့သာ.
1 Dec 09, 22:26
kom: ရှေးလူကြီးတည်ဆောက်ခဲ့တဲ အရာကို နောက်လူက ဆက်မလိုက်နိုင်တော့တာကိုတော့နမျောမိတယ်။
1 Dec 09, 22:26
kom: ပြီးသွားတော့ဘာဆက်ပြောရမှန်းမသိတော့ဘူး
1 Dec 09, 22:26
kom: ဖတ်ရင်းနဲ့ သူက လခတေါ လျော့ယူမယ်ဆိုတော့ကိုယ်က ကြားထဲက နမျောသွားတယ်ဘုရားစူး

သိင်္ဂါကျော် said...

အိမ်လခ လျှော့လိုက်ပြီ ဆိုကတည်းက အဲလို ဖြစ်တော့မယ် လို့ ထင်လိုက်မိတယ်.. ဝတ္တုလေး ကောင်းတယ်.. ပေးချင်တဲ့ msg ကို ရလိုက်တယ်... ဒါပေမယ့် အိမ်လခ တကယ် မတတ်နိုင်တဲ့ တခြားလူတွေ တော့ လာကောင်းလာနိုင်မယ် လို့ ထင်တယ်...

သုဒြေ္န said...

စေတနာနှင့် ပတ်သတ်ပြီးအမြင်အာရုံချိုံ့ တဲ့ သောကုလားအုပ်လိုလူများအတွက်ရည်ရွယ်သည်တဲ့ ရေးပုံလေးမိတယ် သိပ်မှန်တာပေါ့ ညီ ဒီလိုလူမျိုးတွေလောကကြီးထဲအများကြီးရှိနေတာခင်တဲ့ ကိုကြီး သုဒြေ္န

နှင်းနဲ့မာယာ said...

စိတ်ဝင်စားစရာလေးပို့စ်လေးအတွက် ကျေးဇူးပါ။
တခါတရံမှာ စေတနာလွန်သွားတော့လဲ မထင်မှတ်တဲ့ ပြဿနာတွေဝင်လာတတ်တယ်နော်...
ဘာပဲဖြစ်ဖြစ်နှစ်ဦးနှစ်ဘက် အကောင်းမြင်တတ်ကြရင် ကောင်းမယ်နော်..


နှင်း

နှင်းဟေမာ said...

စေတနာဟာ လူတိုင်းနဲ့မထိုက်တန်သလို ...
လူတိုင်းအပေါ်မှာစေတနာမထားထိုက်ဘူးဆိုတာ
ခုမှ သဘောပေါက်နားလည်သွားမိတယ်
ပို့စ်က အရမ်းရှည်ပေမယ့် မငြီးငွေ့အောင် ရေးသွားနိုင်တဲ့ စာရေးဆရာကို လေးစားပါတယ် ...း)
ဒီ့ထက်မက ဘ၀ရသလေးတွေ စာဖတ်သူတွေအတွက် များများပေးနိုင်ပါစေ အစ်ကို မြစ်ကျိုးအင်းရေ.......

kaungkinpyar said...

အမ ဖတ်သွားတယ် မောင်ပိုင်ရေ.. ဘာရေးရမှန်းတောင် မသိဘူး

thawzin said...

ဟုတ်တယ်နော့၊ ပို့စ်က အတွေးလေးတွေပေးတဲ့ ပို့စ်ကောင်းလေးပဲ။ ကျွန်တော်ကတော့ ဘာမှ မတွေးမိပါဘူး။ လူတိုင်းသည်စေတနာနဲ့ မတန် ဆိုသလိုနေမှာပဲနော်။ စေတနာတွေ မရဖူးသူတွေအတွက် ရလာတဲ့စေတနာဆိုတာ ဝေဒနာအထင်နဲ့ လုပ်ချင်တာတွေလုပ်နေကြရော။ တရားတစ်ပုဒ်ထဲမှာ မှတ်သားဖူးတယ်။ လူတွေက အထင်တွေနဲ့ပဲ လျောက်လုပ်နေကြတာတဲ့။ ဒီပို့စ်မှာလဲ အထင်နဲ့ လူတွေက အိမ် ပြောင်းကုန်ကြတာပဲ။ လူတိုင်းကို စေတနာထားနိုင်တာကောင်းပါတယ်။ စေတနာသည် လူတိုင်းနဲ့ တည့်သည်။ ဒါပေမယ့် စေတနာမှန်းသိအောင် မိမိဘက်က လုပ်သင့်တာပေါ့လေ။

thawzin said...

ဟုတ်တယ်နော့၊ ပို့စ်က အတွေးလေးတွေပေးတဲ့ ပို့စ်ကောင်းလေးပဲ။ ကျွန်တော်ကတော့ ဘာမှ မတွေးမိပါဘူး။ လူတိုင်းသည်စေတနာနဲ့ မတန် ဆိုသလိုနေမှာပဲနော်။ စေတနာတွေ မရဖူးသူတွေအတွက် ရလာတဲ့စေတနာဆိုတာ ဝေဒနာအထင်နဲ့ လုပ်ချင်တာတွေလုပ်နေကြရော။ တရားတစ်ပုဒ်ထဲမှာ မှတ်သားဖူးတယ်။ လူတွေက အထင်တွေနဲ့ပဲ လျောက်လုပ်နေကြတာတဲ့။ ဒီပို့စ်မှာလဲ အထင်နဲ့ လူတွေက အိမ် ပြောင်းကုန်ကြတာပဲ။ လူတိုင်းကို စေတနာထားနိုင်တာကောင်းပါတယ်။ စေတနာသည် လူတိုင်းနဲ့ တည့်သည်။ ဒါပေမယ့် စေတနာမှန်းသိအောင် မိမိဘက်က လုပ်သင့်တာပေါ့လေ။

ကိုလူထွေး said...

ရည်ရွယ်ချက်ကောင်းပြီး အကောင်းအထည်ဖော်တဲ့နေရာမှာ နဲနဲ လိုသွားတာပေါ့လေ...

အတွေးရောအရေးရော ကောင်းချက်ဗျာ...

ကဗျာဦး said...

လာဖတ်တယ်
တယ်ရင်း
ကောင်းတယ်

ချမ်းလင်းနေ said...

ထူးခြားဆန်းပြားမှုတစ်ရပ်ပဲဗျာ။
Sweet December မှာ ပျော်ရွှင်ချိုမြိန်ပါစေဗျာ။

မေသစ္စာမောင် said...

ကိုယ့်စေတနာ လူတွေနားလည်သဘောပေါက်အောင် အပြောအဆိုလည်း တတ်ဖို့လိုလိမ့်မယ်လိုထင်ပါတယ်။ ပြောတဲ့နေရာမှာလည်း ကိုယ်ရည်သွေးတယ်လို့ မထင်ရလေအောင် ဂရုစိုက်ပြောတတ်ဖို့လည်း လိုမယ်ထင်ပါတယ်။ နားထောင်တဲ့ သူကလည်း ဘယ်လိုနားထောင်ပေးတတ်သလည်းဆိုတာကလည်းရှိသေးတယ် မဟုတ်လား...။

ဇော် said...

မှတ်မှတ်သားသား ဖြစ်စေတဲ့ စာမူတစ်ပုဒ်ပဲ ကိုကျိုးရ ..
သေချာပါတယ် .. ကိုကျိုးကတော့ အဲ့လိုလူမျိုး မဟုတ်လောက်ပါဘူး ..
ကိုယ့်ကိုယ်ကိုယ် သူနဲ့ မနှိုင်းနဲ့လေဗျာ .. =)

Mogok Thar said...

ဒီပို့စ် ဖတ်ပြီး အတွေးတွေ အများကြီး တွေးမိသွားတယ်ဗျာ။

“စေတနာသည် လူတိုင်းနဲ့ မတန်” ဆိုပေမဲ့ “စေတနာကံမှန်ရင် အသီးအပွင့်တော့ ကျန်ခဲ့မယ်” လို့ အမြဲ ယုံကြည်ထားတယ်။
“ကျေးဇူးကန်းသူ၊ ကျေးဇူးသိတတ်သူ”... လူဆိုတာက အမျိုးမျိုးလေ...
လူ့စိတ် အထွေထွေအတွက် စိတ်ကျေနပ်စေဖို့ ဘုရားရှင်တွေတောင် တတ်နိုင်ကြမယ် မထင်ဘူး။
သူ့ အဆက်၊ သူ့အထုံတွေနဲ့ ဘာသာအမျိုးမျိုးထဲမှာ ကိုယ်ရေစက်ပါရာ ကျင့်သုံးကျင်လည်ကြရတာ..။

“ကိုကျော်ညွန့်” သာ အိမ်ငှားတွေအားလုံးကို စုစည်းစေပြီး သူ့ စိတ်ရင်းစေတနာမှန်ကို သေချာ ဖော်ပြနိုင်ခဲ့ရင်.....
“ဦးသော်က” သာ လိမ္မာပါးနပ်စွာနဲ့ အိမ်ငှားတွေကို သတင်းကောင်းစကား ပါးနိုင်ခဲ့မယ် ဆိုရင်....
“အိမ်ငှား” တွေကသာ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ သေချာ မြင်တတ်ကြမယ်ဆိုရင်...
အဲဒီ အိမ်ကလေးဟာ ပျောရွှင်မှုတွေနဲ့ အိမ်ရှင် “ကိုကျော်ညွန့်” ရဲ့ စေတနာတွေ သီးပွင့်ရာ နေရာလေးတစ်ခု ဖြစ်ခဲ့မှာပါ။
ကန္တာရမှာ အိုအေစစ်ကို ကုလားအုတ်တိုင်း မမြင်နိုင်ပေမဲ့ ၇ှာဖွေနိုင်တဲ့ ကုလားအုတ်တွေလဲ ရှိတာပါပဲလေ။
ဒီတော့...
အိုအေစစ်လေးကို ရှာဖွေတွေ့ရှိသလိုမျိုး “ကိုကျော်ညွန့်” အိမ်ကိုလည်း တစ်ချို့လူတွေက သုခရိပ်မြုံလေးအဖြစ် ရှာဖွေတွေ့ရှိပြီး လာရောက် နေထိုင်ကြလိမ့်မယ်လို့ သေချာ ယုံကြည်တယ်။

ဈေးပေါတိုင်း မကောင်းဘူး ထင်ပြီး ဈေးကြီးတိုင်း ကောင်းတယ် မှတ်တတ်ကြတာလဲ သဘာဝ တစ်ခုပါပဲလေ။

ဘာပဲဖြစ်ဖြစ်...
စေတနာနဲ့ လုပ်တဲ့အလုပ်ဟာ အတိုင်းအတာ တစ်ခုထိတော့ အကျိုးပြုမှာကိုတော့ ယုံတယ်...။

မြတ်မွန် said...

ဟုတ်ပါတယ် စေသနာဆိုတာ ထားသင့်ထားထိုက်တဲ့နေရာမှာ ထားတာကောင်းပါတယ်။ ကောင်းလိုက်တဲ့ ပိုစ်လေးတစ်ပုဒ်ပဲနော်..။ အားပေးနေပါတယ်။
ခင်တဲ့
မြတ်မွန်*

တောင်ပေါ်သား said...

အင်း မန့်လိုက်ဦးမယ်း)

သာမာန်လူတွေအနေနဲ့ကြည့်မယ်ဆိုရင် စေတနာဟာ လူတိုင်းထက် မတန်ဘူးလို့ မြင်မိမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်က စေတနာစိတ်နဲ့ လုပ်ပေးပေမဲ့ ကိုယ်ပြန်ရလိုက်တာက ကိုယ့်အတွက် ကောင်းမွန်တဲ့အရာ မဟုတ်လာတတ်လို့ လို့ မြင်မိပါတယ်။ ကျနော်အယူအဆကတော့ စေတနာထားသူသည် ဘယ်တော့အခါမှ စိတ်ဆင်းရဲမူ မဖြစ်ပါဘူး.. ခု ပိုစ့်လေးအတိုင်းပြောရမယ်ဆို ကိုမိုးကုတ်သားနဲ့ စိတ်ချင်းတူပါတယ်။ တကယ်၍များ မောင်ကျော်ညွှန့်က အိမ်ဌားတွေကို စုစည်းပြီး သူရဲ့ စေတနာ တနည်းအားဖြင့် ဆန္ဒကို ဖော်ထုတ်ပြခဲ့မယ်ဆိုရင်၊ နောက်တနည်း ဦးသော်ကအနေနဲ့ လစာ တ၀က်လျှော့ရသည့် အကြောင်းရင်းကို စေတနာအမှန်နဲ့ ပြောခဲ့မယ်ဆိုရင် အားလုံး မျှော်လင့်တဲ့ ၀မ်းသာမူတွေ ရကြမှာပါပဲ။ ကျနော်အမြင်အရတော့ စေတနာသည် ဘယ်တော့အခါမှ အလဟသ မဖြစ်ပါဘူး တချိန်မဟုတ် တချိန် ပြန်အကျိုးခံစားတတ်ပါတယ်။ (မှတ်ချက်။ ။စေတနာဆိုတာ အကျိုးပြန်ခံစားရမယ်လို့ ယူဆပြီး လုပ်ခြင်းကို မဆိုလိုပါ) ဒါပေမဲ့ ကိုယ်စိတ်ရင်းမှန်နဲု့ပြုလိုက်တဲ့ ကောင်းမူတွေဟာ တချိန်ချိန်တော့ ပြန်ခံစားရစမြဲပါ။

----- ကျေးဇူး ပိုစ့်ကောင်းလေးအတွက် ------


လေးစားလျက်
တောင်ပေါ်သား

Mogok Thar said...

ညီလေးရေ...

အတွေးတွေ ပေးတဲ့ ပို့စ်ကောင်းလေးတစ်ပုဒ်ကို ဖတ်ခွင့်ရတာ ကျေးဇူးတင်ကြောင်း ထပ်လာပြောတာ။

ခင်မင်လျက်

flowerpoem said...

ဒီပို့စ်ကို ဖတ်ပြီး ကျွန်မကတော့ ဘယ်လိုမြင်လည်းဆိုတော့ လူတွေက စေတနာနဲ့လုပ်ပေးတဲ့အခါမှာ သူတို့ အတွက် မေးခွန်းတွေဖြစ်လာတယ် တစ်ဖက်လူရဲ့ စေတနာကို အကောင်းဘက်ကမတွေးဘဲ အဆိုးဘက် ကစတွေးတတ်တယ် ဒီတော့ ကိုယ့်စေတနာက ကိုယ့်ကို ပြန်ပြီး ဒုက္ခပေးသလိုဖြစ်မိတယ် လို့ခံစားမိပါတယ် ( အမှားပါရင်လည်း ခွင့်လွှတ်ပါနော်)

ahphyulay said...

ကီးဘုတ်က ကြောင်နေလို့  ရရစ်ရိုက်ရင်နှစ်ထပ်ဖြစ်ဖြစ်နေ
တာလေ၊ လူလိုပါပဲ။
ဒါကြောင့်  ရိုက်ပြီး ပြန်ဖျက်ရတယ်။ အခုထပ်ရိုက်ပါအုံးမယ်။
ဒီပို့ (စ)လေးကိုဖတ်ပြီး စေတနာရဲ့  အလွဲလေးတစ်ခုကို
မြင်ရပါတယ်။ဒီအလွဲလေးနဲ့ ပဲ ယှဉ်ပြီး သတိရမိတာက
မြင်းတစ်ကောင်နဲ့  သားအဖနှစ်ယောက်ပုံလိုပါ။ယူချင်တာယူ
ပြီးလွဲချင်တိုင်းလွဲနေတတ်တဲ့  လူတွေရဲ့ သဘော လေးကိုပါ။
ဆိုင်မဆိုင်တော့ မသိဘူး၊ ကိုယ်ထင်တာကိုယ့် အလွဲနဲ့ ပဲ
ခံစားကြည့် မိတာလေ။ ဒိုင်ယာလော့  ပါလာရင် ကိုယ်လို
ရာကိုယ် ဆွဲ၊ထင်ချင် တိုင်းထင်လို့ ရမှာပါနော်။

ညီမလေး said...

အင်း............ ဖြစ်ရလေ ... လို့ပဲ ငြီးချင်ပါတော့တယ် ။

ဆွေလေးမွန် said...

စေတနာထားလွန်းတော့လဲ လူတစ်ချို့က တန်ဖိုးမထား
တတ်ကြဘူးလေ..

စည်သူ said...

အင်း..

ဖတ်ရင်းနဲ့တောင်မှ ဘာလို့ အိမ်သူအိမ်သားတွေကို ခေါ်ပြီး ရှင်းမပြရတာလဲလို့ ဒေါသထွက်မိတယ်..

ဒီလိုပါပဲ ကိုက “က” ရေးပေမယ့် “ယ” လို့ မြင်တဲ့သူက မြင်တာမျိုးလည်း ရှိတတ်ပါတယ်..

ဘာဖြစ်ဖြစ် ဒီပိုစ့်လေး ဖတ်ရတာ ဗဟုသုတ အတော်လေးကို ရသွားတယ်..

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

chit palone said...

သာမီးလေးတော့ ဒီပို့စ်လေးကို မတရားကြိုက်တာပဲ ဒီလိုနှစ်နှစ်ကာကာလေး ဖတ်လိုက်ရတာ အရမ်းအရသာရှိတာပဲ ကျေးဇူးပါပဲ ဒယ်ဒယ်မြစ်ရေ လူတွေက ဟုတ်တယ်နော် ပြောရခက်တယ်။ တဝက်တောင်လျှော့ချလိုက်တော့ အဲ့လိုဖြစ်သွားတာနေမှာပေါ့။ အင်း တကယ်ပဲ တွေးစရာတော်တော်လေး များသွားတယ်ဗျို့။
ပျော်ရွှင်ပါစေ
ခင်မင်လေးစား အားကျလျှက်
သာမီးလေး ပါးလုံး

ဆောင်းယွန်းလ said...

တန်ဖိုးရှိလှတဲ့ ပို့စ်ကောင်းတခုပါပဲ ညီလေး
သင်ခန်းစာယူစရာတွေပေါ့
ကိုယ်တွေ့နဲ့ ယှဉ်ပြီး ရေးထားတာပေါ့ ဟုတ်လား
လောကကြီးမှာ စေတနာကို နားမလည်တတ်သူတွေလည်း ရှိတာပေါ့လေ

မိုးမောင် said...

သဘောပေါက်ပြီးသား အကြောင်းအရာဖြစ်နေလို့ အများကြီးတော့ မဝေဖန်တော့ဘူး။ skill တွေမြင်လိုက်ရလို့ အားရတာတော့ အမှန်ပဲ။ carry on man!! :D

ရွှေရတုမှတ်တမ်း said...

အဲလို..ပေါချောင်ကောင်းလေးလိုက်ရှာနေတာ
တွေ့ရင်ပြောကြပါဦး....

မြစ်ကျိုးအင်း said...

သေသေချာချာ ခံစားဖတ်ရှုပြီး ဝေဖန်ပေးသွားကြတဲ့
ညီအကိုမောင်နှမများကို တကယ်ပဲ ကျေးဇူးတင်မိပါတယ်။ နောက်ထပ် ရေးဖို့လည်း အားအင် တွေရလာတာ အမှန်ပါပဲ။

Khinmarlaraung said...

အစ်ကို မြစ်ကျိုးအင်း...အရင်ဆုံးပြောချင်တာက
လေးစားအားကျမိပါတယ်လို့ .။။။
တကယ့်ကို ပညာသားပါပြီး လေးနက်တဲ့အတွေး၊
ရှင်းလင်းတဲ့အရေးတွေနဲ့ ဖတ်သွားလိုက်ရတာများ
ပြီးသွားပြီဆိုတော့မှ လူလည်းအပြင်လောကကိုပြန်
ရောက်လာရတယ်။ အတွေးတွေကဇာတ်ကောင်တွေနဲ့ 
အတူပါသွားတာလေ....:)
Immmm.....ဖြစ်ပါတယ်အစ်ကို။
ညီမတို့ အလုပ်ခွင်တွေမှာပိုအတွေ့ များပါတယ်။
ကိုက အလျှော့ပေးကာမှ ကျေးဇူးတင်ဖို့ သတိမရပဲ
ပိုပြီးအနိုင်ယူချင်လာတဲ့ပုံမျိုးတွေလေ....
ဒါပေမဲ့လည်း......:)
ခင်မင်လေးစားလျှက်.....ခင်မာလာအောင်..:)

မငုံ said...

ကောင်းတယ်။ တန်တာထက် ပိုလျော့ပြီး ရတော့လဲ လူတွေရဲ့ သဘောသဘာဝအရကို မတန်တော့ဘူး ထင်နေတတ်တယ်နော်။ စေတနာထားပေမဲ့ မယူတတ်တော့လဲ ဘယ်တတ်နိုင်တော့မှာလဲနော့။
ကောင်းတဲ့ ပိုစ့်လေးပါ။

ဧရာဝတီသား said...

ကိုမြစ်ကျိုးအင်း ဆီကို စာလာဖတ်တိုင်း လာဖတ်ရကျိုးနပ်တယ်။ ဒီပိုစ့်နဲ့ ပက်သက်လို့တော့ ဘာမှ မပြောတော့ပါဘူးဗျာ၊ ပေးချင်တဲ့ msg ရင်ထဲကိုရောက်တယ်၊ နောက်ထပ် ပိုစ့်လေးတွေ မျှော်နေပါ့မယ် ...
ခင်မင်လျက်

~ဏီလင်းညို~ said...

ကိုမြစ်ရေ...
တတိယအကြိမ်လာဖတ်ပြီးတော့မှ မန့်ဖြစ်တာပါ...။
ပြောချင်တာတွေ များပေမယ့် ဘာပြောရမှန်းလည်းမသိပါဘူးဗျာ...။
စေတနာထားတာကို တန်ဖိုးထားရမှန်းမသိတတ်တဲ့ လူတစ်ချို့ရဲ့ ချွတ်ယွင်းမှုတစ်ခုကို မြင်လိုက်မိသလိုလိုပါပဲဗျာ...။
လောကကြီးမှာ ဒါမျိုးတွေ အများကြီးပါခင်ဗျာ...။
သိပ်သနားစရာကောင်းတဲ့လူတွေလို့ ကျွန်တော်တော့ မြင်မိပါတယ်...။

ခင်မင်လျှက်...

ဏီလင်းညို

မင်းအိမ်ဖြူ said...

ဒီပိုစ့်လေးအတွက် ဖြစ်နိုင်မယ်ဆိုရင် ပြန်ဖြေပေးတဲ့ ပိုစ့်လေး ရေးပေးပါလို့ တောင်းဆိုချင်ပါတယ် ၊၊ အပေါ်မှာ မန့်သွားတဲ့ သူတွေထဲက တချို့ကို သဘောကျတယ် ၊၊ စေတနာဆိုတာ လူတိုင်းနဲ့ မတန်ပါလား ဆိုတာ က ဘေးလူအမြင်ပါ ၊၊ စေတနာသန့်သန့် ထားခဲ့သူတစ်ယောက်အတွက် ဘယ်တော့မှ မတွေးမိတဲ့ အတွေးတစ်ခုပါ
နောက်တစ်ခုက ဦးလေးဖြစ်သူ ၊ မောင်ကျော်ညွန့်နဲ့ ဦးသော်ကတို့ရဲ့ အသေးစိတ် အပြုအမူလေးတွေ ပေါ့ အင်း ပို့စ်ကောင်းလေးတစ်ခုပါ

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

ဆောင်းနှင်းရွက် said...

တစ်ခါတစ်လေမှာ
တွေးခေါ်မှု့ ဆိုတာ
တော်တော် အရေးကြီးတယ် ...
တော်တော် ကောင်းတဲ့
ပို့စ်လေး တစ်ပုဒ်ပါပဲ ...

NweYoe said...

အပေါ်မှာ ပြောသွားလိုက်တာ စုံလို့။ ဒီက ပြောဖို့ ကျန်တော့ဖူးပဲ၊ အဟဲ သူတို့ပြောသလိုလေးတွေပဲပေါ့။း-)

မြစ်ကျိုးအင်း said...

ကိုမင်းအိမ်ဖြူပြောသလို ပြန်ဖြည်တဲ့ ဇာတ်လမ်း မျိုးလေး အခါအခွင့်သင့်ရင် ရေးပါ့မယ်ဗျာ
အားပေးတာ ကျေးဇူးပါပဲ

အိမ် said...

ကျနော့်စိတ်ထဲ ပေါ်လာတဲ့ ရူဒေါင့်အစုံကနေ ကြည့်မယ်ဆိုရင်.....။
စေတနာသည် လူတိုင်းနှင့်မတန် ဆိုတဲ့ စကားဟာ အမှန်ပဲ ဆိုတာ ဒီပို့စ်လေးက သက်သေခံနေတယ်။ နောက်တခုက စေတနာကို ဝေဒနာဖြစ်အောင် လုပ်တတ်တဲ့ လူတွေရဲ့ အကျင့်ပေါ့ဗျာ.. တဖက်လူရဲ့ လပ်ဆောင်ချက်ကို သေချာမကြည့်ပဲ အပေါ်ယံလေး တွေးပြီး ဆုံးဖြတ်ချက်ချတတ်တာပေါ့။ နောက်တချက်က ဘာသင်းခန်းစာ ရလဲဆိုတော့ ဘယ်အရာပဲ လုပ်လုပ် ကိုယ်တိုင်၊ ကိုယ်ကျ ဦးစီးဦးဆောင် လုပ်ပြီး ကျပ်ကျပ်မတ်မတ်လုပ်မှ ဖြစ်မယ်ဆိုတာပါပဲ။ ဘာကြောင်လဲဆိုတော့ကာ... ကိုကျော်ညွှန့်ဟာ ဦးသော်ကကို ယုံလို့ စီစဉ်ခိုင်းတာမှာ ဦးသော်ကရဲ့ ဖြေရှင်းမှု ညံ့ဖြင်း ချက်ကြောင့် အခုလိုဖြစ်တာလေ.. ။
နောက်တချက်က အိမ်ငှားတွေပေါ့.... ကိုယ်တိုင်က ဘာမှသေချာရေရာ စုံစမ်းမှု မရှိဘဲ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး၊ ပဲခူး ရောက်ရောက်ဆိုပြီး တစိပ်ကို တအိတ်လုပ်ပြီး ပြောတော့ ကိုယ်ရမဲ့ အခွင့်အရေးလေး ဆုံးရှုံးသွားတာပါ။ နောက်ဆုံးအနေနဲ့ ရလိုက်တာကတော့ ဘာလုပ်လုပ် သေချာတဲ့ လုပ်ဆောင်ချက် ရှိမှ ကိုယ်လုပ်တာ အောင်မြင်မယ်လို့ ထင်တာပဲ။

မိုးစက်အိမ် said...

ပို့ စ်ကောင်းလေးတစ်ပုဒ် ထပ်တိုးပြန်ပြီပေါ့ ပေးထား
တဲ့ ခေါင်းစဉ်လေးနဲ့ တကယ်လိုက်ဖက်တယ်တယ်ဗျာ
သင်ခန်းစာသာယူတတ်မယ်ဆို ရှုထောင့်အမျိုးမျိုးက
နေယူနိုင်တယ်လို့ မြင်မိတယ်ဗျာ . . . ကိုယ်ကစေတ
နာကို အရင်းခံလိုက်ပေမဲ့  တစ်ခါတစ်လေ ကိုယ့်စေတနာ
ဟာဝေဒနာဖြစ်သွားတတ်ပါတယ် . . . ဒါဟာဖြစ်လေ့
ဖြစ်ထရှိတာမို့  အပြစ်လို့ လည်းမဆိုသာပြန်ဘူးပေါ့ဗျာ
ကိုယ်စိတ်ကူးလေးတွေနဲ့ ကြည်နူးစိတ်ကူးနေပေမဲ့ 
မထင်မှတ်တာတွေ ဖြစ်သွားတဲ့ သဘောပါ . . . အဓိက
ကတော့ အနေအထိုင်လည်းတတ်ရမယ် စေတနာလည်း
ထားတတ်ရမယ် ဒါမှ ဘ၀မလွဲမှာဖြစ်သလို ဝေဒနာမဖြစ်
မှာလည်း အသေအချာပါဘဲဗျာ :)

^^ရွှေ ယွန်း ဝါ^^ said...

ဘာမှမပြောလိုတော့ပါဘူး။ ကွန်မန့် ၅၀ပြည့်သွားအောင် စေတနာနဲ့ ကူညီလိုက်ပါတယ်။

reenoemann said...

သယ်ရင်း

ဒီပိုစ့်ကတော့ ခုမှလာဖတ်ဖြစ်တယ်။
ငါပြောပါတယ်။ နောက်ဆို ငါလာမမန့်ရဲတော့ဘူးလို့။
အားကျတယ်ကွာ။

သယ်ရင်းရီနို

ရွှေပြည်သူ said...

သိပ်သေသပ်တာပါပဲ ကိုမြစ်ကျိုးအင်းရေ... စာတစ်ပုဒ်လုံး ဖတ်ပြီး ခေါင်းစဉ်ကိုပြန်ဖတ်တော့ ပိုအဓိပ္ပါယ်ရှိသွားတယ်... ဟုတ်တယ်နော်... တခါတလေ အနေမှန်ဖို့အပြင် အနေတတ်ဖို့လည်း လိုပြန်ပါလေရော...

ကေသရီ said...

ကိုမြစ်ရေ
ဒီပိုစ့်လေးကို ဖတ်ပြီး အတွေးအသစ်တစ်ခု ရသွားပါတယ်။ စေတနာဆိုတာ လူတိုင်းနဲ့ မထိုက်တန် သလို ကိုယ့်စေတနာကို ဝေဒနာလို့ထင်နိုင်တဲ့သူတွေ အများကြီးရှိနိုင်ပါတယ်။ ကောင်းတာလုပ်တယ်ဆိုပေမယ့် လုပ်သင့်မလုပ်သင့် စဉ်းစားချင့်ချိန်ပြီးမှလုပ်သင့်ပါတယ်။

sosegado said...

အဆိုးမြင် အကောင်းမြင်
လူသာဘဝကို ပေါ်လွင်စေပါတယ်၊

 

Posts Comments

©2006-2010 ·TNB