နှလုံးသားရှိတဲ့အရပ်

17 December 2009




မွေးရပ်မြေမှ ထွက်ခွာခဲ့သည်မှာ နှစ်များစွာ ကြာခဲ့သော်လည်း  ကျွန်တော့်အတွက်တော့ ခဏတာ အချိန်လေးဟုသာ ထင်မှတ်မိသည်။ ထိုသို့ ထင်မှတ်ရသည်မှာလည်း မြို့ပြ၏ ခေတ်မှီဇိမ်ခံ ပစ္စည်းများကြောင့်ပင် ဖြစ်မည်။  ခေတ်မှီ အသုံးအဆောင်များကြားတွင် နေသားတကျ ရှိနေခဲ့သည်မှာ အမိမြေကို ပြန်ဖို့ရန်ပင် မေ့လျော့နေသည် အထိပင်။ ကျွန်တော်နေသည့် အခန်းလေးကို ခေတ်မှီပစ္စည်းများဖြင့် ပြီးပြည့်စုံရန် ဖန်တီးထားသည်။ လိုလေသေးမရှိ ဖြည့်ဆည်း ထားသည်။

အခန်းထဲမှ အပြင်မထွက်ဘဲ ကမ္ဘာတဝှမ်းက သူငယ်ချင်းမိတ်ဆွေများနှင့် ဆက်သွယ်နိင်သည်။ ပူပြင်းသည့်နွေရာသီတွင်လည်း  ခလုတ်တချက်နှိပ်ရုံနှင့် တခဏအတွင်း အေးမြသွားစေနိင်သည်။  ဘီယာ ၊  ဖျော်ရည် များမှစ၍ သစ်သီးအစုံအလင်အထိ အခန်းထဲရှိ ရေခဲသေတ္တာမှ  လက်လှမ်းယူနိင်သည်။ ခိုက်ခိုက်တုန်သည့် ဆောင်းရာသီသည်လည်း ကျွန်တော့်အခန်းထဲရှိ အပူပေးစက်ကြောင့် ချမ်းအေးခြင်းငှာ မစွမ်းနိင်ရှာ။ စိတ် မွန်းကျပ်ချိန်များအတွက် ဖောက်ခွဲရန် ကာရာအိုကေစက်က တာဝန်ယူပေးနိင်သည်။ ပြီးပြည့်စုံခြင်းများ၏ လက်တကမ်းအကွာတွင် ကျွန်တော်ရှိနေခဲ့သည်။ ထိုသို့ဖြင့် ကျွန်တော်သည် အမိမြေမှ ထွက်ခွာလာသည်မှာ အချိန်ခဏသာ ရှိသေးသည်ဟု ထင်မြင်နေခြင်း ဖြစ်မည်။ 

နိင်ငံရပ်ခြားတွင် တစ်နေ့ ၊ တစ်ပါတ်ဆိုသည်မှာ ခဏလေးနှင့် ကုန်လွန်သွားသည့် နာရီလက်တံများဖြစ်သည်။ နေ့စဉ် လူနေမှုဘဝတွင် အသားကျ နေသဖြင့် မြန်မာပြည်ရှိ မိသားစုထံကို တစ်ခေါက်တစ်ခါ ဖုန်းဆက်ဖို့ရန်မှာလည်း မေ့မေ့နေတတ်သည်။  သတိမရ၍ မဟုတ်သော်လည်း နေ့စဉ်လုပ်နေကျ အစီအစဉ်များထဲတွင် မျောပါရင်းဖြင့် တစ်ရက်တာ အချိန်တို့သည် ခပ်လွယ်လွယ်ပင် ကုန်ဆုံးနေတော့သည်။ အိမ်ကို ဖုန်းဆက်ရန် တွေးထားသည်မှာ အခါခါဖြစ်သော်လည်း သူငယ်ချင်းများနှင့် အွန်လိုင်းပေါ်တွင် စနောက်ရင်း ရောက်တတ်ရာရာ ပြောရင်းဖြင့် ဖုန်းဆက်ရန် သတိရမိချိန်တွင် မြန်မာပြည်၌် မိသားစု အိပ်စက်နေချိန်မျိုး ဖြစ်သွားတတ်သည်မှာလည်း အခါခါပင်။ 


မိသားစုဆိုသည်မှာ ဘယ်အချိန်ပြောပြောရသည်ဟု  တလွဲဆံပင်ကောင်းသည့် အတွေးများ ဝင်နေသလားဟု ကိုယ့်ကိုကိုယ် အခါခါ စမ်းစစ်ဖြစ်သည်။ ဖုန်းခေါ်ဖြစ်တိုင်းလည်း မိဘနှင့် မောင်နှမများ၏ "သားလေးနေကောင်းရဲ့လား" "မောင်လေး နင်နေကောင်းတယ်နော်" ဆိုသည့် မေးခွန်းများကိုသာ ကြားရတတ်သဖြင့် ရိုးအီနေသည်များလားဟု သံသယဝင်မိပြန်သည်။  တခါတရံတော့ မေမေက “သားရယ်မေမေအရမ်းလွမ်းတာပဲ” ဟု ပြောရင်း ငိုသည့်အခါများတွင်တော့  ကျွန်တော် ဝမ်းနည်းမိတတ်သည်။ 

ယနေ့ညတော့ အိမ်ကိုဖုန်းဆက်မည်ဟု ကိုယ့်ကိုကိုယ် အခါခါ သတိပေး၍ နေနေခဲ့သည်။ အိမ်တွင်လူစုံတက်စုံ ရှိမည့်အချိန်တွင် အွန်လိုင်းပေါ်မှ စကားပြောလက်စ သူငယ်ချင်းကို ခဏစောင့်နေရန် ပြောပြီး အိမ်ကို ဖုန်းခေါ်လိုက်၏။ ဖုန်းခေါ်သံကို စောင့်နေရင်း သားရယ် နင်ကလည်းနေနိင်လိုက်တာဆိုပြီး မေမေ ပထမဆုံးပြောမယ့် စကားကို ကြားယောင်မိ၍ ပြုံးမိသည်။ သားသမီးများ ပါတ်လည်ဝိုင်းနေသော်လည်း မေမေက ကျွန်တော့်ကို အမြဲ လွမ်းနေတတ်သည်ဟု ဆိုသည်။ ကျွန်တော် အုံးခဲ့သည့် ခေါင်းအုံးလေးကို မေမေညတိုင်း ဖက်အိပ်တယ်ဟု ပြောတော့ ကျွန်တော် ကျေနပ်ရသည်။ မောင်နှမတွေ အားလုံးထက် ကျွန်တော့်ကိုပိုချစ်သည့် သဘောဟု မှတ်ယူမိသည်။ ဖုန်းလိုင်းဝင်သွားပြီး ခဏအကြာတွင် ဟယ်လို ဆိုပြီး မမ၏ ထူးသံကြားလိုက်ရသည်။

“မမ သားပါ။”

ကျွန်တော်တို့ မောင်နှမများအားလုံး ကိုယ့်ထက်ကြီးသည့် အကို ,အမများကို သားကလေ သမီးကလေ ဆိုပြီး ပြောလေ့ ရှိသည်။ ၃၆ နှစ်ရှိပြီဖြစ်သည့် ကျွန်တော့်ကိုကိုကလည်း ၃၈ နှစ်အရွယ် အစ်မဖြစ်သူကို သားကလို့ပဲ ပြောလေ့ရှိသလို အမဖြစ်သူများ ကလည်း ကိုကို့ အိတ်ကပ်ထဲသို့ ယခုအချိန်ထိ မုန့်ဖိုးထည့်ပေးနေတတ်တုန်း ဖြစ်သည်။

" ငါတို့လည်း အခုလေးတင် မောင်လေးအကြောင်းပြောနေကြတာ "

ထိုကဲ့သို့စကားမျိုးကို ငါးကြိမ်ဖုန်းဆက်လျှင် သုံးကြိမ်ခန့် ကြားရလေ့ရှိသည်။ နှစ်တွေကြာမြင့်လာသော်လည်း ယခုအချိန်ထိ မိသားစု စကားဝိုင်းမှာ ကျွန်တော့်ကို သတိရကြောင်းက ပါနေဆဲဖြစ်သည်။

" အခု မမ က မေ့မေ့ အိမ်မှာလား "
" မဟုတ်ဘူး ငါ့အိမ်မှာပဲ။ မနက်ဖြန် နင့်ယောက်ဖမွေးနေ့လေ အဲဒါဘုန်းကြီးဆွမ်းကပ်မလို့ ချက်နေကြတာ”
မမ အိမ်နှင့် မေမေ့အိမ်သည် နှစ်မိနစ်ခန့်မျှ လမ်းလျှောက်ရသောအကွာအဝေးတွင်ရှိသည်။

" မေမေက ဒေါ်လေးတို့ အိမ်သွားတယ် မနက်ဖြန်မှ ပြန်ရောက်မှာ "
" ဒေါ်လေး ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ဘူး သက်သက်သွားလည်တာ "
"အော်... အင်း အင်း "
"နင့် ကိုကိုလည်း ရောက်နေတယ် သူတို့တွေ ဘီယာတွေသောက်ပြီး သီချင်းဆိုနေကြတာလေ။ သီချင်းဆိုရင်း မောင်လေးကိုတောင် သတိရတယ်လို့ ပြောနေကြတာ။ နင့် ကိုကိုနဲ့ ပြောမလား "
" အင်း ပေးလိုက်လေ "

ကိုကိုသည် ကျွန်တော်တို့ မိသားစု၏ လူဆိုး စာရင်းဝင်သူဖြစ်သည်။ သူထင်ရာ သူလုပ်၍ အိမ်ပြန်လာချင်မှ ပြန်လာတတ်သူဖြစ်သည်။ အပေါင်းအသင်းများနှင့် အပြင်တွင် နေချင်သလို နေလေ့ရှိသည်။ လက်မြန် ခြေမြန် ရှိသလို ထစ်ခနဲဆို လက်ပါတတ်သော ကိုကို့ အတွက်ကြောင့် ဖေဖေနှင့်မေမေမှာ သူကျောင်းသားဘဝကတည်းက ကျောင်းအုပ်ကြီး ရုံးခန်းထိလိုက်ခဲ့ရသလို အရွယ်ရောက်ချိန်တွင်လည်း ရပ်ကွက်ရုံးအထိ လိုက်၍ ခံဝန်ထိုးပေးရစေသူဖြစ်သည်။ မိဘများမှ မည်မျှပင် ဆူပူသော်လည်း ပြန်မပြော၍ နားမထောင်တတ်သူပင်။ ကိုကိုနှင့်ယှဉ်လျှင် မူးယစ်ဆေးဝါးမသုံးသလို စကားလုံးကြီးကြီးများ ပြောလေ့ရှိသော ကျွန်တော်က အိမ်တွင် နာမည်ကောင်းရသူ ဖြစ်သလို ကျွန်တော်ပြောသော အကြံဥာဏ်များကိုလည်း အလေးအနက်ထားခြင်း ခံရသူဖြစ်သည်။ ဖုန်းဆက်တိုင်း မဆုံဖြစ်၍ ကိုကိုနှင့်ကျွန်တော် ဖုန်းမပြောဖြစ်သည်မှာ အတော်ကြာပြီ။

" ညီလေး နေကောင်းရဲ့လား " ကိုကို့အသံကြားမှ ကျွန်တော် အတွေးတွေ ရပ်သွားသည်။
" ကောင်းတယ်။ ကိုကို ရော ဘယ်လိုလဲ"
"ငါက အေးဆေးလေ သိတယ်မှတ်လား "
ခပ်လေးလေး ပြောလိုက်သော ကိုကို့ အသံတွင်  အယ်လ်ကိုဟော တို့ ပျော်ဝင်နေသည်။

" အခု ကောင်းနေတာလား " ဟု ခပ်နောက်နောက်မေးမိတော့
" ဘီယာသောက်ထားတာပါကွ အေးဆေးပါ "
"စွတ်သောက်မနေနဲ့အုံး"
" အေးပါကွ။ ညီလေးရာ မင်းကိုငါတို့ အရမ်းသတိရတာကွ အခုလေးတင်ပြောနေတာ မင်းရှိနေရင် သိပ်ကောင်းမှာပဲလို့"
" သားလည်း သတိရပါတယ်"
"မင်းပြန်လာမလို့ဆို ပြန်မလာပါနဲ့ကွာ ဒီမှာ မင်းနေတတ်မှာမဟုတ်ဘူး"

ဒီနှစ်စကတည်းက ပြောထားဖူးသည့် ကျွန်တော်ပြန်လာမည် ဆိုသည့် စကားကို သူသတိတရပြောခြင်းဖြစ်မည်။ အခန်းထဲကို တချက်ဝေ့ကြည့်ရင်း ပြန်ပြောလိုက်သည်။

" ဒါပေမယ့် အဲဒီမှာ မိသားစုရှိတယ်လေ"
ရာနှုန်းပြည့်မမှန်နိင်သော စကားဖြစ်မှန်း ဘာသာ သတိထားမိသည်။ 

"အေးလေ ဟုတ်ပါတယ် မင်းကတယောက်ထဲ ဆိုတော့ ပိုလွမ်းနေမှာပါ။ ငါတို့ကမှ မောင်နှမတွေ အတူတူ ရှိနေကြတာ။ ဒါပေမယ့်ကွာ မင်း ပြန်လာရင် ဒီမှာ အဆင်မပြေမှာစိုးတယ်။  လုပ်ရကိုင်ရတာ သိပ်အလွယ်ကြီး မဟုတ်ဘူးလေ။ ပြန်မလာပါနဲ့ အုံးကွာ"
"အင်းပါ ..မသေချာသေးပါဘူး"
"ငါတို့ မင်းကို အရမ်းလွမ်းနေတာကွ မင်းနေကောင်းရဲ့လား "
" အင်း "
" ညီလေး မင်းပြန်လာချင်လို့လား...ဒါဆိုလည်း ပြန်လာခဲ့ကွာ ငါတို့ ရတဲ့အလုပ် အတူတူ လုပ်ကြတာပေါ့"
"အင်း"
"ခုနကလေးတင် မင်းကို သတိရကြောင်း ပြောနေတာကွ"
" အင်းပါ..ဟုတ်ပါပြီ ”

မိသားစု အနေနှင့် ကျွန်တော့်ကို အမှန်တကယ် သတိရနေသည်မှာ ယုံမှားစရာမရှိပါ။ ကိုကို့စိတ်ထဲတွင် ကျွန်တော့်ကို သတိရကြောင်းသာ ပြောချင်နေပုံရသည်။ အနည်းငယ် ရီဝေနေခြင်းကြောင့် ပြောပြီးသား စကားများ ထပ်နေသည်ကို နားလည်ပေးနိင်သော်လည်း ငွေနှင့်ဝယ်ထားရသည့် စက္ကန့်မိနစ်များကို နှမျောစိတ် ဝင်စပြုလာသည်။ စိတ်ထဲတွင် စိတ်ပျက်စွာ ကျွတ် ခနဲ စုပ်သပ်မိသည်။ ကိုကိုတော့ ရစ်နေပြီ ၊ ဖုန်းကဒ်တစ်ကဒ်ရဲ့ တန်ဖိုးကိုသူမသိဘူး။ ဖုန်းကဒ်တစ်ကဒ်က တနာရီစာ လုပ်ခရှိတယ် ဆိုတာ သူတို့နားလည်မှာ မဟုတ်ဘူး။ မမကလည်း ဖုန်းလာပြန်မယူသေးဘူးလား မသိဘူး။ ဖုန်းကို နားတွင် ကပ်ထားသော်လည်း ကျွန်တော့်စိတ်တို့က အဝေးသို့ပြေးနေ၏။ ကိုကိုကတော့ သူ့အရှိန်နှင့်သူ ဆက်ပြောနေသည်။

"အလုပ်အဆင်ပြေတယ် မဟုတ်လား ကျန်းမာရေး ဂရုစိုက်ကွ မင်းကတယောက်ထဲနေရတာ"
"အင်းပါ ..စိတ်မပူနဲ့ "
"ဒီမှာလည်း ညီလေးအတွက် အလုပ်လုပ်လို့ မကောင်းမှာစိုးတာ။ မင်းပြန်လာမယ်ဆိုရင် ငါတော့ သိပ်အားမပေးချင်ဘူး။ ပြန်ရောက်ပြီးမှ မနေတတ် မထိုင်တတ်ဖြစ်နေမှာစိုးတယ်"

"အင်းပါ .. မသိသေးပါဘူး ဖေဖေနဲ့ မေမေ့ကိုလည်း ဂရုစိုက်အုံးနော် "
"ဒီမှာ ငါတို့ အားလုံးရှိတယ် မင်းသာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါကွာ အလုပ်ထဲမှာလည်း သတိထားအုံး အလုပ်အဆင်ပြေတယ်မဟုတ်လား"

"အင်း... ပြေပါတယ် အိုကေတယ် "
"ညီလေး မင်းနဲ့ စကားမပြောရတာ တော်တော် ကြာပြီကွာ ငါ မင်းကို အရမ်းသတိရတယ်။ ငါ့ညီတွေကို ငါသိပ်ချစ်တာကွ။ "
".........."
"............" 

အထပ်အထပ် အခါခါသော စကားလုံးတို့၏ကြားတွင် သည်းခံနိင်မှုတို့ လျော့ပါးလာသည်။ ဖုန်းကဒ်ထဲတွင် ၁၀ မိနစ်ခန့်သာ ကျန်နိင်တော့မည်။ နောက်တစ်ကြိမ် မေမေ့ကို ဖုန်းဆက်ရန်အတွက် မိနစ်သိပ်ကျန်တော့မည်မထင်။ နောက်ဆုံးတော့ လုပ်စရာ တခုသာ ရှိတော့သည်။ ကိုကိုအနေနှင့် သိနိင်မည် မဟုတ်ဘဲ ဖုန်းကဒ်ကုန်သွားသည် ဒါမှမဟုတ် လိုင်းပြတ်သွားသည်ဟုသာ ထင်မည်ဟု စဉ်းစားမိကာ ဖုန်းခွက်ကို အသာအယာ ပြန်ချလိုက်သည်။ ထို့နောက် chat လက်စ သူငယ်ချင်းကို ရပြီဆိုသည့် စာလှမ်းရိုက်လိုက်သည်။

သူငယ်ချင်းဖြစ်သူနှင့် အပြောင်အပျက်စကားလုံးတို့ဖြင့် စနောက်နေသော်လည့်း ကျွန်တော့် လုပ်ရပ် မှားသွားပြီလား တွေးနေမိသည်။ ထိုသို့ မလုပ်သင့်ဟု အဖြေရ၏။ စေ့စေ့တွေးလေ နောင်တ တို့ဖြင့် ပူလောင်လေ ဖြစ်လာသည်။ မိသားစု၏ မေတ္တာနှင့် အစ်ကိုဖြစ်သူ၏ရင်ထဲမှ စစ်မှန်သော ချစ်ခြင်းတရားကို သေချာတွေးမိချိန်တွင် တရာကျော်တန် ဖုန်းကဒ် တန်ဖိုးက နားထင်ကို လာဆောင့်သလို ခံစားလိုက်ရသည်။ ကျွန်တော် သိပ်မှားသွား ခဲ့ပြီ။ 

ကျွန်တော်စိတ်တိုတိုင်း ညီအငယ်ကောင်ကို လက်ပါပြီး ဆုံးမတတ်သော်လည်း ကိုကို့ အနေနှင့် ကျွန်တော်တို့ ညီ နှစ်ယောက်အပေါ် တခါမျှ လက်ဖြင့်ပင် မရွယ်ခဲ့ဘူးပေ။ အပြင်တွင် မည်မျှပင်ဆိုးစေ ညီတွေအပေါ် ကောင်းတတ်လွန်းသူ ဖြစ်မှန်း သေသေချာချာတွေးလေ ထင်ရှားလေလေ ဖြစ်သည်။ ကျွန်တော့်၏ စိတ်အတွေး အာရုံတွေကို ဘယ်အရာတွေကများ ပိတ်ဖုံးသွားစေခဲ့တာပါလိမ့်။ ကိုကို၏ ရန်ပွဲတိုင်း မသိခဲ့ရပေမယ့် ကျွန်တော့် ရန်ပွဲတိုင်းမှာတော့ ကိုကို ပါခဲ့မြဲဖြစ်သည်။ 

ကိုကိုနှင့် ပါတ်သတ်၍ မမေ့နိင်ဆုံးအဖြစ်အပျက်လေးများကို သတိရမိသည်။ ကျွန်တော် အရွယ်ရောက်လာချိန် သီချင်း နားထောင်တတ်လာစဉ်က မှတ်မှတ်ရရ ဘေးအိမ်မှဖွင့်သည့် ရဲသွင်၏ နှင်းဆီလှိုင်းများ သီချင်းကို လိုက်ဆိုမိတော့ ကျွန်တော်နှင့်ရွယ်တူ အိမ်ရှင်ကောင်လေးက မနာလိုစိတ်ဖြင့် ကက်ဆက်ကိုပိတ်ပစ်ခဲ့သည်။ ထိုစဉ်တုန်းက ကိုကို ကျွန်တော့်ကိုကြည့်ပြီး မျက်ရည်ဝဲကာ ဈေးသို့ချက်ချင်းပြေး၍ ရဲသွင် သီချင်းစာအုပ် ဝယ်ပေးခဲ့သလို ကျွန်တော်နဲ့ အတူ စာအုပ်ကြည့်ပြီး သီချင်းတွေ အော်ဆို ပေးခဲ့တာ သတိရသွားမိသည်။  ကျွန်တော် မူလတန်းကျောင်းသားဘဝက မနက်ကိုးနာရီ မုန့်စားဆင်းချိန်တိုင်း ကျောင်းနားက ဗန်ဒါပင်ကြီး အောက်တွင် ကော်ဖီခွက်လေးနှင့် မုန့်တခုကိုင်ကာ နေပူပူ မိုးရွာရွာ ကိုကို စောင့်ကျွေးခဲ့သည့် မြင်ကွင်းက မရည်ရွယ်ဘဲ ကျွန်တော့်မျက်လုံးထဲ ထင်းထင်းကြီး ပြန်ပေါ်လာသည်။ ကိုကိုရေ ကျွန်တော်တော့ သိပ်မှားသွားပြီ ။

လှိုက်တက်လာသည့် ဝမ်းနည်းခြင်းများကိုထိန်း၍ ကျွန်တော် ချက်ချင်း ဖုန်းပြန်ခေါ် လိုက်တော့သည်။ လိုင်းမကောင်းသဖြင့် အကြိမ်ကြိမ် ပြန်ခေါ်နေရသည့်ဖုန်းကို ကျွန်တော် စိတ်မရှည်နိင်တော့။ ကိုကိုရေ ပြောချင်တာ ပြောပါ။ ကုန်ချင်သလောက်ကုန်ပါစေ။  သား နားထောင်ပေးပါ့မယ်ဟု စိတ်ထဲမှာ အထပ်ထပ်ရွတ်ဆိုနေမိသည်။ ဖြူစင်သည့် ချစ်မေတ္တာကို ဘာနှင့်မျှ လဲ၍မရကြောင်း တလစာ လုပ်ခဖြင့်လည်း ဝယ်၍မရကြောင်း ကိုကို့ ကို ကျွန်တော်ပြောပြမှဖြစ်မည်။ ကျွန်တော်ပြောသည်ကို  ကိုကို နားမလည်နိင်လျှင်လည်း ကိစ္စမရှိ။ ထိုစကားကို ပြောပြလိုက်မှ ကျွန်တော် နေသာထိုင်သာ ရှိတော့မည်။ ဖုန်းလိုင်းဝင်သွားသံကို စိတ်စောစွာ နားထောင်နေမိသည်။

" ဟယ်လို "
" မမရေ ... သားပါ စောစောက ဖုန်းလိုင်းကျသွားလို့ "
" ဟုတ်လား။ ထင်တယ် လိုင်းတွေ သိပ်မကောင်းဘူး "
မိသားစုဝင်တိုင်းသည် ကျွန်တော့်အပေါ် အကောင်းတွေးပေးတတ်သူများသာဖြစ်သည်။
" အင်း.... ကိုကို့ ကိုခေါ်ပေးပါအုံး။  ပြောတာ မပြီးသေးလို့ "
" နင့် ကိုကိုက အပြင်ထွက်သွားပြီ။ မောင်လေးကို သတိရလို့တဲ့ ခုဏက သူမျက်ရည်ကျနေသေးတယ်။” 

အစ်မဖြစ်သူ၏ ပုံမှန်အတိုင်း ပြောလိုက်သည့်စကားက ကျွန်တော့်အတွက် ပြင်းထန်စွာ လောင်မြိုက်စေခဲ့သည်။ ထိုစကားကို ကြားလိုက်ရသည့်နောက်တွင် ကျွန်တော်တင်းထားသမျှ မျက်ရည်တို့ စီးကျလာတော့သည်။ ရင်ထဲတွင် ဝမ်းနည်းခြင်းများ တလှိုက်လှိုက် တက်လာကာ နှလုံးအိမ်တခုလုံး နောင်တ တရားတို့ဖြင့်ပူလောင် နေတော့သည်။ ဖြူစင်သောချစ်ခြင်း ၊ အနစ်နာခံခြင်း ၊ စာနာဖေးမခြင်းတွေသည် မိသားစုထံမှသာ ရနိင်ကြောင်း ကျနော့်၏ နောင်တ တရားက သင်ပေးခဲ့ပြီ။ ပြီးပြည့်စုံသော ခေတ်မှီ အသုံးအဆောင်ပစ္စည်းများသည် မေမေညတိုင်းဖက်အိပ်သော ကျွန်တော်၏ ခေါင်းအုံးလေး လောက်ပင် တန်ဖိုးမရှိတော့ပါ။

အခုချိန်တွင်တော့ ကျွန်တော့်စိတ်နှလုံးသား တခုလုံးသည် အတန်ကြာမေ့ထားခဲ့သော အမေ့အိမ်ကို လွမ်းဆွတ်နေမိသည်။ ထို့အတူ ဆုံးဖြတ်ချက် တစ်ခုကိုလည်း တထိုင်တည်း ချဖြစ်လိုက်သည်။ အပေးအယူဆန်လှသော သည်အသိုင်းအဝိုင်းကို ကျွန်တော်စွန့်ခွာရမည်။ သည်အရပ်မှာ အနေကြာလာလျှင် ချစ်ခြင်းမေတ္တာကို မခံစားတတ်လောက်အောင် ကျွန်တော့်နှလုံးသား လွင်တီးခေါင် ဖြစ်သွားတော့မှာ စိုးရိမ်မိသည်။ ကျွန်တော့် နှလုံးသားအတွက် စစ်မှန်သော ရေကြည်ရာ မြက်နုရာအရပ်သည် နွေးထွေးလွန်းလှသော မိသားစုရှိရာ အရပ်မှလွဲ၍ တစ်ခြားမရှိနိင်။ ထိုအရပ်တွင် ကျွန်တော်မှချစ်သော ကျွန်တော့်ကိုချစ်သော၊ နှလုံးသားများ တည်ရှိနေကြောင်း မမေ့မလျော့ အထပ်ထပ် သတိပေးနေမိတော့သည်။

။…………….....................................................။


တနေ့နေ့တော့ ကျွန်တော်တို့ အားလုံး အိမ်ပြန်နိင်ကောင်းပါရဲ့.....။

(ကျွန်တော့်ကိုသတိရလို့ မျက်ရည်ကျတဲ့ ကိုကို့ အတွက် အမှတ်တရ)

ပို့စ် မျက်နာဖုံး ပုံကိုတော့ လူထုအသံ အွန်လိုင်းဂျာနယ် မှ ကူညီပါသည်။


61 comments:

Angel Shaper said...

ဝေးးးးးးးးးးးးးးးးးးးးးးး
တစ် လား မသိဘူးးးးးးးးးးးးးးးးး

Angel Shaper said...

အယ်.....
တစ် ရ တာပဲ။
သာမီး လုတာ မဟုတ်ဘူးနော်။
ဟဲဟဲ

မဆုမွန် said...

ကိုမြစ်ကျိုးအင်းရေ..

ကျွန်မ ဒီပို့စ်လေး ဖတ်ပီး တကယ်မျက်ရည်ကျမိတယ်.. ကျွန်မ အဖြစ်နဲ့ တူလိုက်တာ...ကျွန်မ တစ်ခါရေးဖူးသလို

တစ်ခါတစ်လေမှာ..ကိုယ်ချစ်တဲ့သူတွေကို ကိုယ်တိုင်က နာကျင်ခံခက်စေလိုစိတ်တွေနဲ့ နာကျင်စေခဲ့ဖူးတာရှိတယ်.. ကိုယ့်ဘယ်လောက်အနစ်နာခံခဲ့တယ် ပေးဆပ်ခဲ့ရတယ်ဆိုတာ ကိုယ့်ကိုကိုယ် အမွှန်းတင်ပီးပဲဖြစ်ဖြစ်ပေါ့..တစ်ပါးသူက ဘာမှ ပြန်လုပ်ပေးနိုင်ခွင့် မရနိုင်တာကို သိသိချည်းနဲ့ပေါ့..အဲ့အထဲမှာ မိဘ ညီအစ်ကိုမောင်နှစ်မ သူငယ်ချင်း ချစ်သူစတာတွေပါတယ်...ဆိုတာလေး ဖေ့စ်ဘွတ်ခ်မှာ တင်ဖူးတယ်..

တကယ်စိတ်မကောင်းဘူးရှင်။ ကျွန်မတို့ကိုချစ်တဲ့မိသားစုကို နာကျင်အောင်လုပ်မိတာတွေရှိတယ် ပြန်တွေးရင် တကယ်စိတ်ထိခိုက်တယ်..

Angel Shaper said...

အားးးးးးးးးးးးးလုံးထက် နွေးထွေးလုံခြုံတဲ့ အရိပ်ဟာ
အမေ့အိမ်ပါပဲလို့ သိလိုက်ရတဲ့ အချိန်မှာ
ကျွန်တော်ဟာာာာာ
ဟိုးးးးးးးးးးးးအဝေးးးကြီးမှာ
ရောက်ရှိနေခဲ့ပြီလေ။။။။။။။။ တဲ့။
ကိုမြစ်ကြီးရေ...
အိမ်ကိုတော့ ဖုန်းပုံမှန်ခေါ်ဖြစ်အောင် ကြိုးစားပေါ့။
မိသားစုဆိုတာ အဝေးရောက်နေတဲ့ သူတွေကို ပိုပြီး အချစ်ပို အလွမ်းပို တတ်ကြတာပဲလေ။
အဆင်ပြေ ပျော်ရွှင်ပါစေနော်။

Anonymous said...

ပါပါးးးးးးးးး ကွက်ရေ....
မျက်ရည်တောင် လည်မိတယ် တကယ်။
ဘာမန့်ရမလဲ မသိဘူး စကားလုံးရှာမရဘူး။
ကိုယ်ချင်းစာမိပါတယ်။

သမီးကြီး
ကွန်မန်ဒို ဆိတ် (တချိန်က ပိုလီယိုဆိတ်)

ဝက်ဝံလေး said...

ကိုမြစ်ရေ စိတ်ထဲမကောင်းဘူး
တခါကလဲ ကြီးကြီးနဲ့ဖုံးပြောတာ ပြောလို့ကိုမဝသေးဘူး ဖုံးထဲက ပိုက်ဆံကုန်တော့မယ် ဒါနဲ့ ကြီးကြီးရေ ပိုက်ဆံကုန်တော့မယ် ကျတော့မယ် နော် ပြောထားရတယ် စကားတွေလေ ပြောလို့ကို မဝတာ တကယ် ပါ ဒါတောင်ကြီးကြီးက ဖုံးဆက်လို့ ဝမ်းတွေသာနေတာ

ကိုမြစ်ရေ ၂ ခေါက်တော့ ထပ်မဖတ်ပါရစေနဲ့ နောက် တခေါက် ထပ်ဖတ်ရင် တကယ်ငိုမိတော့မယ်

လွမ်းတယ်ဆိုတဲ့ စကားလုံးကို အရင်က မသိခဲ့မိတာ အမှန်ပါ အခုတော့ တကယ်လွမ်းတယ် အိမ်ကလေ ညီမတို့နဲ့ ဖုံးပြောရရင် သိပ်ဝမ်းသာရှာတာ

တော်ပြီဗျာ

littlebrook said...

ဟူး .... ခင်ဗျားစာရေးတော်တော်ကောင်း
မျက်ရည်က ၀ဲလာတယ်ဗျ ...

littlebrook said...

ဟူး .... ခင်ဗျားစာရေးတော်တော်ကောင်း
မျက်ရည်က ၀ဲလာတယ်ဗျ ...

littlebrook said...

ဟူး .... ခင်ဗျားစာရေးတော်တော်ကောင်း
မျက်ရည်က ၀ဲလာတယ်ဗျ ...

သစ်သစ် said...

မိသားစုကိုအရမ်းသတိရချိန်မှာ လာဖတ်မိတော့ မျက်ရည်မတားနိုင်လိုက်ဘူး....အဖြစ်ချင်းမတူတာတောင် ဝေးတမြေကကိုယ့်မိသားစုကို လွမ်းတဲ့စိတ်လေးကတော့ တူပါတယ်နော်.... ပျော်ရွှင်ကြပါစေရှင် ။

ဒဏ္ဍာရီ said...

ဒါတော့ ဟုတ်တယ် ကိုမြစ်ကျိုးအင်းရေ... အိမ်ကို ဖုန်းဆက်လိုက်တိုင်း မိသားစုတွေက သတိရတယ်လို့ ပြောလိုက်ရင် နွယ်တိုကိုယ်တိုင်လည်း ဒီဘက်ကနေ မျက်ရည်ဝဲနေတုန်းပါ။ မိဘတွေက သားသမီးတွေ ဘယ်လောက်ပဲ အရွယ်ရောက်ရောက် သတို့မျက်စိထဲမှာတော့ ကလေးပဲလေ။ နွယ်တို့လည်း တူတူပဲ စကားပြောရင် မောင်နှမတွေ သားက သမီးကလို့ပဲ ပြောတာ အကျင့်ဖြစ်နေတယ်။
ကိုမြစ်ကျိုးအင်းပြောသလို မိသားစုတွေနဲ့ အတူ နေရမယ့် အချိန်ကို စောင့်မျှော်ရင်း ဆက်လျှောက်နေရတာပဲလေ။ တရက်ရက်တော့ ပြန်စုံရမှာပါ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ဧပရယ်၈၄၇၇ said...

ကောင်လေး............. လက်စွမ်းက ထက်ပြီးရင်း ထက်လာပါလားကွ.............. well done ......... carry on ................

နှင်းဟေမာ said...

အစ်ကိုရေ... ငိုချင်ရက် လက်တို့လိုက်တာလား
...စိတ်ထဲမှာဝမ်းနည်းလာလို့ မျက်ရည်
တောင်ဝဲလာတယ်... ခံစာချက်တွေကတော့ ထပ်တူ ထပ်မျှပါပဲ အစ်ကို ရည်မှန်းချက်တွေပြီးမြောက်ကြတဲ့တစ်နေ့ အမေ့အိမ်ကို ပြန်ကြပါစို့ အစ်ကိုရေ.... တို့ ၀ါသနာတူ ခံစားမှုတွေတူတဲ့ မောင်နှမတစ်တွေလည်း အမိမြေမှာ နွေးထွေးစွာဆုံဆည်းခွင့်ရကြမယ်ဆိုရင်တော့ ပျော်စရာကြီးပေါ့နော် အစ်ကို ....း)
ခင်မင်လေးစားလျှက်ပါ
ညီမလေး နှင်းဟေမာ

အိမ် said...

ကျနော့်မှာလဲ အကို့လို အကိုတယောက်ရှသဗျ။ ထုံးစံတွေ တူနေပြီဗျာ..။ ဘာဖြစ်ဖြစ်ပါ ဘယ်လောက်ပဲဆိုးဆိုး သွေးက စကားပြောတယ်ဆိုတာ အဲဒါပါပဲ။

~ဏီလင်းညို~ said...

ကိုမြစ်...
ကျွန်တော်တို့ ရင်ထဲမှာ ရှိတဲ့...၊ ထုတ်မပြောဖြစ်တဲ့ စကားလုံးတွေကို ချပြထားတာကို ဖတ်ရလို့ ကျေးဇူးဗျာ...။ မရှက်တမ်းဝန်ခံရရင် အိမ်လွမ်းစိတ်တစ်ဝက်နဲ့ နေ့ရက်တွေကို ဖြတ်သန်းနေခဲ့ရတာ ကြာနေခဲ့တော့ ဖတ်ရင်း..မျက်ရည်ဝဲမိတယ်...။ အရင်တုန်းက...အတူတူထိုင်ပြီး...ဂစ်တာတီးကြရင် ဘေ့စ်တီးပေးတတ်တဲ့ ကျွန်တော့် အစ်ကိုကိုလည်း...လွမ်းမိတယ်..။

ခင်မင်တဲ့
ဏီလင်းညို

Phyo Maw said...

ထိလွယ်ခိုက်လွယ်ပါပဲ တာကိုး...။

ဆောင်းနှင်းရွက် said...

ဖတ်ပြီး
အိမ်ကို ပိုလွမ်း မိတယ် ..

အခုချိန်ထိ
နေသားမကျသေးတဲ့ စိတ် တွေ က
တစ်ခါတစ်လေမှာ အရမ်း ခံစားရတယ် ...

ကောင်းကင်ပြာ said...

အဝေးရောက်နေသူ အားလုံး စိတ်တွေတူတူပါပဲ မောင်လေး...ခံစာဖူးသူတိုင်း ထပ်တူ ဖြစ်ရပ်လေးတွေ ခံစားဖူးမှာပါ...ကျားယို...

မြတ်မွန် said...

ဟင့် လုပ်ချလိုက်ပြန်ပြီ အကိုရာ..ငိုမိပြီ ပြန်လာတာ ၁လကျော်ဘဲရှိသေးတာ နှလုံးသားက ဒါဏ်ရာက မကြတ်သေးဘူးအကိုရ..။
ဟုတ်တယ်အကို ခေတ်မှီ အသုံးဆောင်တွေကြားမှာ အိမ်ကို ဖုန်းဆက်ရမှာတောင် မေ့လျှော့နေတာ တူတယ်အကို ဘာပဲဖြစ်ဖြစ် မိဘကတော့ သားသမီးတိုင်းကို အနားမှာရှိနေစေချင်တာကြီးပါပဲ အကို ..ဘဝက အခြေနေ မပေးတော့ ဘယ်တက်နိုင်ပါ့မလဲလေနော်..။
မိသားစုနဲ့ ဝေးနေတဲ့ လူတိုင်းခံစားရမဲ့ ခံစားချက်လေးပါပဲ အကို..
ခင်မင်လေးစားတတ်တဲ့ ..

thawzin said...

ဇာတိချက်ကြွေမွေးရပ်မြေ ဆိုတာ မိမိရဲ့ နှလုံးသားရှိတဲ့အရပ် ဆိုတာ မှန်တယ်ဗျို့။ ဟုတ်တယ်.. လူတစ်ယောက် အရက်သေစာ သောက်စားနေချိန်မှာ ပိုပြီးတော့ ခံစားချက်ပျင်းတယ်ဗျ။ စကားပြောလို့လဲ ပိုကောင်းလာတယ်။ သိမှာပါ။ ကျွန်တော်တောင် မူးဖူးခဲ့တာ ၂ကြိမ်လောက်ပဲရှိမယ်ထင်တယ်။ အဲလိုအချိန်မှာ တဖက်လူက ကိုယ့်စကားနားမထောင်ရင် ဒေါသထွက်လို့ရရင်ထွက်မယ်၊ ထွက်လို့မရရင် ၀မ်းနည်းသလိုလို ခံစားသွားရတတ်တယ်ဗျ။ ကျွန်တော်တောင် ဒီနေ့ ကောင်မလေးဆီ ဖုန်းဆက်သေးတယ်ဗျ... ။ ဆက်ခနဲ့ဖုန်းကောက်ချသွားတာ။ တော်တော်လေး ဖြေဖျောက်လိုက်ရတယ်။ ပြီးတော့ စိတ်ထဲမှာ “ငါနဲ့ ဘာဆိုင်လဲ” ဆိုတဲ့ ဒေါသဖြင့် စိတ်ကို နာသလိုဖြေလိုက်ရတယ်ဗျ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ တော်တော် ခံစားလိုက်ရတယ်။ ဒါတောင် ကျွန်တော်က ခံစားချက်တွေထားပြီး လုပ်တတ်တဲ့ ကောင်မဟုတ်ဘူး။ အစ်ကိုရဲ့ အစ်ကိုရဲ့ မျက်ရည်ကို ကျွန်တော်လဲ ခံစားချက်တူသူမို့ နားလည်ပါတယ်ဗျာ။ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ

ခြေလှမ်းသစ် said...

နိုင်ငံတကာမှာ အလုပ်လာလုပ်နေရတဲ့ ဒုက္ခက မသေး ဘူးဗျ ... အချိန်တန်ရင်တော့ အိမ်ပြန်ရမှာပါဗျာ ... အောင်မြင်တဲ့ တနေ့ပေါ့နော် .... နိုင်ငံခြားဟာ ဘယ်လောက်ဘဲ ကောင်းကောင်း အမိမြေလောက်တော့ မအေးချမ်းပါဘူးဗျာ .

ဂျပန်ကောင်လေး said...

စိတ်မကောင်းဘူးဗျာ.. ကျွန်တော်တော့ တစ်ပတ်တစ်ခါ ဖုန်းဆက်နိုင်အောင် ကြိုးစားတယ်... ဘ၀ဆိုတာ တိုတိုလေးမို့လေ...း((

ကြည်ဖြူပိုင် said...

ငါ့လက်ရှိပို့စ်သစ်လေးမှာ ငါ့လက်ရှိအခြေအနေတွေထင်ဟပ်နေတယ်
အဲဒိအချိန်မှာ နင့်ပို့စ်လေးကိုလာဖတ်မိတော့
ငါလုံးဝစိတ်မထိန်းနိုင်တော့ဘူးဟာ
ရှိုက်ကြီးတငင်ငိုမိသွားတယ်
ဘာကိုမှန်းမသိဝမ်းနည်းသွားမိတယ်
တစ်ပတ်တခါတော့ဖုန်းဆက်ပေါ့ဟာ
ကိုယ့်ကိုယ်ကိုလည်းအံ့သြသွားမိတယ်
စာဖတ်ပြီး ရှိုက်ကြီးတငင်ငိုလိုက်မိလို့

တောင်ပေါ်သား said...

အကိုရေ လာခံစားသွားပါတယ် ဘာပြောရမှန်းမသိအောင် ၀မ်းနည်းမိပါတယ်။ ကျနော်ကတော့ ဖုန်းဆက်ရင် အမေနဲ့အမပဲ ရှိတာဆိုတော့ အေးဆေး ပြောတာပဲ ကုန်အောင်ပြောတာပဲး)

နောက်တခါ မိသားစုအတွက် ကပ်စီးမနဲပါနဲ့ :P


လေးစားလျက်
တောင်ပေါ်သား

ညီမလေး said...

နှလုံးသားမဲ့တဲ့ အရပ်မှာရောက်နေလို့ စိတ်တွေနွမ်းကြေနေတဲ့ အချိန်မှာမှ ဒီစာကိုဖတ်မိရက်သား ဖြစ်နေတယ် ...
မျက်ရည်တွေ မကျချင်ပါဘူးဆိုမှပဲ ကျရပြန်ပါတယ် ...
ကိုမြစ်ကျိုးအင်း ... ညီမလေးကတော့ အိမ်ကိုဖုန်းဆက်တော့မယ်ဆိုရင် အားလုံးကိုလျှော့ချထားတယ် .. အဲ့တခဏလေးအတွင်းမှာ သူတို့တွေ ပြောချင်တာပြောကြစေဖို့ ... တခါက မားမားကို ဒေါသသံနဲ့ပြောလိုက်မိတယ် ..သတိထားမိတဲ့ အချိန်ကျ ကိုယ့်မှာနောင်တမျက်ရည်တွေကျလို့ ။။။။ အဲ့နောက်တော့ ဘယ်တော့မှ အဲ့လိုအဖြစ်မျိုးမဖြစ်စေရဘူးလို့ ကိုယ့်ကိုကိုယ်ဆုံးမတယ် ... အစားထိုးလို့မရတဲ့ အရာတွေ ပျောက်မသွားခင်၊ကိုယ်တွေနဲ့အတူတူရှိနေတုန်းတခဏ စိတ်ချမ်းသာမှု၊ပျော်ရွှင်မှု....ဆိုတဲ့ဆိုတဲ့အကောင်းဆုံးဆိုတာတွေပဲ ပေးချင်တယ်ကိုမြစ်ကျိုးအင်းရယ်...
တခါတခါ ချစ်ရတာပင်ပန်းပေမဲ့ မချစ်ဘဲနဲ့လဲ မနေနိုင်ဘဲကိုး .. အဲ့တော့ စိတ်လျှော့ စိတ်လျှော့လို့.... နောင်တတွေလဲမရချင်ဘူးလေ..

မိုးမောင် said...

ဒီပိုစ့်ကို ဖတ်ပြီးတဲ့အချိန်မှာ Gtalk List ထဲ မြစ်ကျိုးအင်းaccountမီးလင်းနေလား ချက်ချင်းထရှာမိတယ်။ ချီးကျူးစကားပြောချင်တာရယ်၊ မိသားစုအပေါ်ထားတဲ့ တချို့သောဥပက္ခာတရားတွေ ကိုယ်တွေက လွန်ကဲနေမိတဲ့အကြောင်းတွေ ဆွေးနွေးချင်လို့ပါ။ တကယ်ကောင်းတဲ့ ပိုစ့်ပါပဲ။ ဟတ်ထိတယ် ဘော်ဒါ။

ယွန်းလေး said...

ဖတ်ပြီးတော့ အိမ်ကိုသတိရလာမိတယ်

busymozzee said...

ကျနော်လဲ မျက်ရည်ဝဲမိတယ်.....
မောင်နှမတွေ ကြားမှာ ဒါလေးတွေက ဖြစ်လေ့ရှိတယ်ဆိုပေမယ့် ဘယ်လိုပဲ မတည့်မတည့်... ကျနော်လဲ မောင်လေးတွေကို အရမ်းချစ်တာပဲ....
သူတို့ကလဲတူတူပဲ.... ကျနော့ကို အရမ်းချစ်တယ် ဆိုတာ သိနေတယ်...
နောက်ဆို ကိုကို့ကို ချော့ပြောလေ ကိုမြစ်ရဲ့ ... မေမေနဲ့ ပြောချင်နေလို့နော်လို့ ပြောလိုက်ပေါ့... အကြံပေးတာပါ...

Welcome said...

နီးရင်တကျက်ကျက်
ဝေးရင်တသက်သက် ဆို
သွေးကစကားပြောတာမို့လေ ..

နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး အမြန်ပြန်ဆုံနိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးပါတယ်ဗျာ

(လူကိုစိတ်မကောင်းဖြစ်အောင်...)

ကြယ်ပြာ said...

ရေးတဲ့သူတော်တယ်ဟ ... ဖတ်ပြီး မျက်ရည်ကျသွားတယ် ... စိတ်ကလဲနုသလားမမေးနဲ့ ကိုယ့်ကိုကိုယ်ပြောတာပါ ... မြစ်ကျိုးအင်းရဲ့ ကိုကို ကို ထပ်ကျေးဇူးတင်လိုက်ဦး ... သူငယ်ချင်းတွေအများကြီးဝိုင်းခံစားလို့ရတဲ့ ပိုစ့်လေးတစ်ခုဖြစ်သွားလို့လေ ...

Waing said...

ဖတ်ရင်းနဲ့ အိမ်ကိုပိုလွမ်းပြီး သတိပိုရတယ် ကိုမြစ်ရေ
တစ်နေ့နေ့တော့ အကိုလည်း နွေးထွေးလုံခြုံတဲ့ အမေ့အိမ်၊ မိသားစုအိမ်ကို ပြန်လည် ရောက်သွားမှာပါလို့ မျှော်လင့်ဆုတောင်းရင်း..........

ဧရာဝတီသား said...

အစိမ်းရောင် နှလုံးသားတွေနဲ့ တွေ့မှ ရွှေရောင် နှလုံးသားရဲ့ တန်ဖိုးကို သိလာတယ်။
ခံစားချက်တွေ တူတော့ ခံစားရတယ်ဗျာ ...

ခင်မင်လျက်

ahphyulay said...

ပြောချင်တာက အချစ်မှ မဟုတ်တာပဲ။
အေးမြတဲ့  သံယောဇဉ်ပဲလေ။
စိမ့် ပြီးအေးတော့  ဖြတ်ရခက်တတ်ပါတယ်လေ။
မပူလောင်ပဲ အမြဲနွေးထွေးနေတတ်တဲ့ 
အသိုက်အမြုံလေးဖြစ်ပြီး အစားထိုးလို့ မရတော့ တဲ့ 
အရိပ်တွေနဲ့  ဖွဲ့ စည်းထားတဲ့  အသိုက်အမြုံလေးပါလို့ ။

သုဒြေ္န said...

"နှလုံးသားရှိတဲ့ အရပ်" ဖြစ်နိုင်မယ်ဆိုရင် အဲဒီအရပ်ကိုချက်ချင်းဘဲ ပြန်ပြေးချင်မိတယ် ဘာလို့ လဲသိလား ပြောပြချင်တယ် နွေးထွေးတဲ့ ကြင်နာမှုနဲ့  ချစ်တဲ့ သူတွေအများကြီးရှိနေလို့ ပါ ခင်တဲ့ ကိုကြီးသုဒြေ္န

ညီညီ said...

အစ်ကိုမြစ်ရေ.
စာဖတ်ပြီး ဘယ်လိုဖြစ်သွားလဲတောင် မသိပါဘူး.။ တစ်ပါတ်တစ်ခါတော့ ညီအစ်ကို နှစ်ယောက် အိမ်ကို ဖုန်းခေါ်ဖြစ်အောင် ကြိုးစားကြပါတယ်.။ ညီအစ်ကို နှစ်ယောက် လုံး အတူရှိနေတာတောင် တစ်ချို့ အပါတ်တွေ မဆက်ဖြစ်လိုက် မိဘူး.။ နောက်ဆို အချိန်မှန် ဆက်ဖြစ်အောင် ကြိုးစားမယ်ဗျာ။

အစ်ကိုမြစ်လည်း မိသားစု ဘ၀ အမြန်ဆုံး ပြန်ရပါစေ။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

reenoemann said...

သယ်ရင်း

ဖတ်ရင်းနဲ့ မျက်ရည်ဝဲလာတယ်ကွာ။
မင်းရေကောင်းတာတော့ ပြောမနေတော့ပါဘူး။
မင်းလိုပဲ ငါလည်း လွမ်းတယ် အမေကို။
ဖုန်းမဆက်နိုင်တိုင်း မျက်ရည်ကျရတယ် သယ်ရင်းရာ။


ပြောရင်းနဲ့ တောင် မျက်ရည်ကကျချင်လာပြီ။

သယ်ရင်းရီနို

မယ်ကိုး said...

စာကောင်းတယ်လို့ ပြောရမှာတောင် အားနာမိတယ်။ ဒီထက်အများကြီးပြောချင်တယ်။ ဖတ်ရတာ ရင်ဆို့တယ်။

march.pisces88 said...

မလာတာကြာလို့ များများဖတ်သွားပါသည်။း)

ကိုညီမင်း said...

မျက်ရည်ဝဲအောင်ရေးနိင်စွမ်းရှိတဲ့ေ၇းဟန်ကို လေးစားပါတယ်ဗျ။ဖတ်ပြီးတကယ်စိတ်မကောင်း ဖြစ်ရတာပါဗျာ၊တခါတလေအလုပ်များပြီးမေ့နေ မိတာကိုပြန်တွေးမိတယ်။အရင်ထက်ပိုဂရုစိုက် သင့်တယ်နော်။

^^ရွှေ ယွန်း ဝါ^^ said...

ကျနော်လဲအဲလိုဖြစ်ဖူးတယ် ၊ မိသားစုတော့မဟုတ်ဘူးပေါ့လေ၊ အရမ်းခင်ရတဲ့သူငယ်ချင်းပါ။ သူကလဲနားလည်ပေးပါတယ်။
ကိုမြစ်ကျိုးအင်းအိမ်ကလဲ နားလည်ပေးမှာပါ။

မိုးခါး said...

အင်း
ဖြစ်တတ်ပါတယ်ပေါ့နော် ..း((
တကယ်တော့ အစားထိုးလို့ မရနိုင်တာ ကိုယ့် မိဘနဲ့ ကိုယ်သွေးချင်း မောင်နှမပဲ
ဘယ်လောက်ပဲ မတည့်ပါစေ အရေးကြီးရင် ကိုယ့်ဘက်က ရပ်တည်ပေးနိုင်သောသူက ကိုယ့်ရဲ့ သွေးရင်း မောင်နှမပါပဲ .. (အချို့ ချွင်းချက်များရှိပါသည် ..)

ညရဲ့ကောင်းကင် said...

ဖတ်လိုက်ရတာလေ တကယ်မျက်ရည်ကျမိတယ်သိလား..
ကျွန်တော့်မှာလည်း အဲလို အဖြစ်လေးတွေရှိတယ်...
ညီအစ်ကိုတွေ စကားအပြောအဆို မလုပ်ကျပေမယ့် စိတ်ထဲမှာရှိနေကြတာ...
ခုသူတို့လည်း ဘယ်လောက်တောင် သတိရနေမလဲ....
အမေကော အဖေကော ဘယ်လောက်လွမ်းနေမလဲ...
နှလုံးသားရှိရာ အရပ်ကို ပြန်ချင်လိုက်တာဗျာ...

ပို့စ်လေးဖတ်ပြီး လွမ်းသွားတယ်ဗျာ...
ခင်မင်လေးစားလျက်
ညရဲ့ကောင်းကင

YoungGun said...

အဝေးက အရောင်လွင့်တောင်တန်းဆီ သွားတဲ့သူတွေ ချောမောစွာ အိမ်ပြန်ရောက်နိုင်ကြပါစေတဲ့ .. ကဗျာဆရာပိုင်ရဲ့ တေလေကောင်းဘွိုင်ထဲကလို..ဆုတောင်းပေးချင်ပါတယ်အကိုရေ။

မငုံ said...

ကိုမြစ်ရေ..တနေ့ အားလုံးအိမ်ပြန်ကြတာပေါ့။ အိမ်ပြန်အလာကို စောင့်ကြိုနေတဲ့ မိသားစုတွေဆီ ပျော်ပျော်ကြီး ပြန်ကြတာပေါ့။

မိုးစက်အိမ် said...

ဒါဟာတကယ့်အဖြစ်အပျက်တစ်ခုဘဲလို့ ထင်တယ်ဗျာ
ရင်ထဲမှာစို့ သွားတယ် . . . ကျွန်တော့်က အကြီးဆုံးဆို
တော့ အလိုတော့မခံစားခဲ့ ရဘူး ဒါပေမဲ့ ကျွန်တော်ဒီပို့ စ်
မှာ ညီနေရာကနေကြည့်လိုက်တယ် . . . တော်တော်
ကြေကွဲသွားတယ်ဗျာ . . . အစ်ကိုကြီးမေတ္တာကိုလည်း
နက်နက်နဲနဲ မြင်သွားမိပါတယ် . . .

kokomaung.uk said...

အေးဗျာ... အများပြောသလိုပါဘဲ။ နှလုံးသားကို တိုက်ရိုက်ထိသွားတယ်။ ဒီပို့စ်ကိုဖတ်ရင်း ကိုမြစ်ကျိုးနေရာကနေ ခံစားကြည့်ပြီး စိတ်မကောင်းဝမ်းနည်းမိသလို ကျနော့်ကို အတော်ချစ်တဲ့ အကိုအရင်းတစ်ယောက်ကိုလဲ အရမ်းသတိရမိသွားတယ်။ ဒါပေမဲ့ သူ သေလားရှင်လားမသိရတဲ့အဖြစ်ပါ။ ထိုင်းနိုင်ငံထဲသွားမယ်ဆိုပြီး ပျောက်ဆုံးသွားတာ ဆယ်စုနှစ်ကျော်ရောပေါ့။

ဘာဘဲဖြစ်ဖြစ် ဒီပို့စ်လေးက မိသားစုရှိသူတွေကို မိသားစုမေတ္တာအကြောင်း နားလည်သွားစေတဲ့ ပို့စ်လေးတစ်ခုပါဘဲ။

အားပေးနေလျက်ပါ။

မေသစ္စာမောင် said...

ဒီပို့စ်လေးဖတ်ပြီးတော့ ကိုယ့်ကိုယ်ကို ကံကောင်းတယ်လို့.....မိသားစုနဲ့ဘယ်တုန်းကမှ
ဝေးဝေး မနေဖူးခဲ့ဘူး။

ဒီပို့စ်လေးမှာ ရေးထားသလိုမျိုး ကိုယ့်မိသားစုကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့ အချိန်တွေရှိခဲ့ဖူးပါတယ်။

အပေါ်က ကိုကိုမောင် ပြောသလို မိသားစုရှိသူတွေကို မိသားစုမေတ္တာအကြောင်း နားလည်သွားစေတဲ့ ပို့စ်လေးတစ်ခုဆိုတာ သေချာပါတယ်။

ခင်မင်အားပေးလျက်

ကိုလူထွေး said...

ရဲသွင်စာအုပ် ပြေးဝယ်ပေးတာ ဟိုးးးအရင် ပိုစ့်တပုဒ်မှာ ဖတ်လိုက်ရဖူးတယ်။ ညီတယောက်အပေါ်မှာ ထားတဲ့ သူ့ရဲ့ စေတနာနဲ့ စိတ်ထားက တကယ်လေးစားစရာပါ...

Anonymous said...

စိတ်မကောင်းချင်းများစွာပါပဲ အင်း ဆိုပြီး သက်ပျင်းလေး ချမိပါတယ် အကိုတော်ရေ ဒီလိုပေါ့ ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုတဲ့စကာနဲ့သာဖြေပါလို့ပြောချင်ပါတယ်
♫♫ ပျော်ရာမှာမနေ တော်ရာလွင့်နေကြတာ ရင်နင့်မိတယ်လေ ♪♪ အပေါင်းအဖော် သူငယ်ချင်းတွေ ♫
ကိုင်ဇာဆိုထားတဲ့သီချင်းလေးလေ ကြားဘူးတယ်မှတ်လား

Co2zenith said...

ထိတရ်ဗျာ...

သားရယ် နေနိုင်လိုက်တာဆိုတာ၊၊

နေတတ်အောင်နေနေရတဲ့ သားကြီးအချို့ရဲ့ဘ၀တွေကို ရေးကြည့်ပေးပါဗျာ၊၊

မြစ်ကျိုးအင်း said...

သိပ်ကောင်းတဲ့ အကြံပေးမှုပါပဲ
ရေးဖြစ်အောင် ကြိုးစားပါ့ မယ်ဗျာ။
အဝေးရောက်သားတွေရဲ့ တချို့ ခံစားချက်တွေ ချပြချင်ပါတယ်။

Co2zenith said...

ကျေးဇူးပါဗျာ၊၊

အမြဲအားပေးနေမယ်၊၊

Maydarwii said...

စာရေးအရမ်းကောင်းတယ်။
ကိုယ့်မိသားစုလောက် ကောင်းတဲ့ ... ကိုယ့်ကိုနားလည်ပေးတဲ့သူ မရှိနိုင်ပါဘူး။
မိသားစုနဲ့ဝေးမှ မိသားစုတန်ဖိုးပိုသိလာရတယ် ... ။
ဒီစာအတွက် ကျေးဇူးပါ ... ။

ဆောင်းယွန်းလ said...

ညီလေးရေ..
တနေ့တော့ အားလုံးအိမ်ပြန်နိုင်ကြမှာပါကွာ...
စာတပုဒ်လုံးကို ဖတ်ပြီး ရင်ထဲမှာ တကယ်လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရပါတယ်။
ဟုတ်တယ်..အကိုတို့ နှလုံးသားတွေက တကယ်ကို လွင်တီးခေါင်နှလုံးသားတွေဖြစ်နေတာ ကြာခဲ့ပါပြီ

ချော(အစိမ်းရောင်လွင်ပြင်) said...

စာတွေလာဖတ်သွားတယ်.. အရမ်းကိုကောင်းပါတယ်..
ခံစားချက်တွေ တနင့်တပိုးကြီးပါဘဲလား...
အားပေးနေပါတယ်နော်..
ချော(အစိမ်းရောင်လွင်ပြင်)

ရွှေပြည်သူ said...

ကျွန်မလည်း ခုတလော အိမ်ကို အရမ်းလွမ်းနေမိတော့... ဖတ်ပြီး မျက်ရည်ဝဲနေမိပါတယ် ကိုမြစ်ကျိုးအင်းရေ...

htar* said...

ကူးယူမျှဝေခွင့် ပြုပါရှင်။ စာရေးသူရော ဘလော့လိပ်စာရော ဖော်ပြပေးပါ့မယ်နော်။း))

ရွှန်းလဲ့ said...

ဲပြန်မှာပါဗျာ....
ကောင်းလိုက်တဲ့ပိုစ့်လေးးးးးးးးး

စန္ဒကူး said...

ဝတ္တုတိုဆိုပေမယ့်လည်း တစ်ပုဒ်ဆိုတစ်ပုဒ် ရင်ထဲနင့်အောင် ခံစားရပါတယ်။
လောလောဆယ်လူနေမှုဘ၀ မိသားစုနဲ့ဝေး ရေမြေခြားရောက်နေတဲ့ လူငယ်တွေရော လူကြီးတွေရော "ထိ" တဲ့ စာသားလေးတွေရယ်ပါ။

ရွှေဂဲ said...

အကို
ဖြစ်ကျိုးအင်း
မိသားစုနဲ့ မြန်မြန်ပြန်ဆုံ ဖို့အတွက် ဆုတောင်းပေးပါတယ်
ခင်တဲ့
ရွှေဂဲ

ROcK GUNnER said...

ခုမှ ဖတ်ဖြစ်တယ်..အရေးအသားတွေ နဲ့အတူ ခံစားချက်တွေ တူမိပါတယ်..ဝမ်းနည်းလာ သလိုပါပဲ..အေးချမ်းကြပါစေ..

 

Posts Comments

©2006-2010 ·TNB