ရင်လွဲအိမ်

14 February 2010


ယခုအိမ်ပြန်လာနေပြီ ဆိုသည့်အသိက တရံမလပ် အတွေးထဲဝင်နေသည်။ တဒိတ်ဒိတ်ဖြင့် ခုန်နေသောရင်သည် ကြည်နူးချမ်းမြေ့မှုကြောင့်သာဖြစ်မည်။ ငါး နှစ်တာဝေးကွာခဲ့သော မိသားစုကို မကြာခင် ပြန်တွေ့ရတော့မည်။ အကြောင်းမကြားဘဲ ပြန်ရောက်လာသည့် ကျွန်တော့်ကို မြင်လိုက်သောအခါ သူတို့ တဒင်္ဂတော့ အံ့သြတိတ်ဆိတ် သွားနိင်သည် ။ ထို့နောက် ဆူညံသော အော်ဟစ်သံများဖြင့် ကျွန်တော့်ကို အပြေးအလွှား ပွေ့ဖက်လာကြမည်။


သားသမီးများဖြင့် နွေးနွေးထွေးထွေး နေလေ့ရှိသော ဖေဖေက ကျွန်တော့်ကို အရင်ဆုံး ပွေ့ဖက်လာလေမလား။ ကျွန်တော့်ကို သိပ်ချစ်သော မေမေကတော့ ဝမ်းသာခြင်းများစွာနှင့် မျက်ရည်များ စီးကျလာမည်။ ထို့နောက် တရှုံ့ရှုံ့ဖြင့် ငိုကြွေးမည်။ မေမေငိုလျင် မမ တို့လည်း ဝမ်းနည်းဝမ်းသာ လိုက်ငိုကြမည်။ ပြီးလျှင် ကျွန်တော့်ကို ပွေ့ဖက်ကြမည်။ ကျွန်တော်ကရော သူတို့တွေ ငိုလျှင် မျက်ရည်မကျဘဲ နေနိင်ပါ့မလား။ နေနိင်မည် မထင်ပေ။ ထို့နောက်တွင်တော့ စိတ်ချမ်းမြေ့ ပျော်ရွှင်မှုတို့ဖြင့် ကျွန်တော်တို့ အိမ်လေး ဆူညံနေပေတော့မည်။ တူတွေ တူမတွေကတော့ ကျွန်တော့်ကို ဝိုင်းပါတ်နေကြမည်။ အို.... အတွေးနှင့်ပင် ကျွန်တော် ကြည်နူးလွန်းလှပြီ။


မိသားစုရှိနေသော အိမ်ကလေးကို နီးလာလေ ကျွန်တော် ရင်ပိုခုန်ရလေ ဖြစ်သည်။ တကယ်ဆို ဒီအိမ်လေးသည် ကျွန်တော်တခါမှ မရောက်ဖူးသေးသော အိမ်သစ် ဖြစ်သည်။  နိင်ငံရပ်ခြားမှာ အလုပ်လုပ်နေသည့် ကျွန်တော့်အတွက် မိသားစုထံမှ ပို့ပေးထားသော အိမ်တက် မင်္ဂလာမှတ်တမ်း ဗီဒီယိုအခွေနှင့် ဓါတ်ပုံတွေအရသာ ကျွန်တော် ရင်းနှီးနေပြီးသား အိမ်လေးဖြစ်သည်။ ကျွန်တော်ရှိစဉ်ကနေခဲ့သောအိမ်နှင့် ယခုအိမ်သစ်သည် သိပ်မဝေးကွာသဖြင့် ကျွန်တော် တန်းတန်းမတ်မတ် လာနိင်ခြင်းဖြစ်သည်။


ပေ ၄၀ x ၆၀ မြေကွက်နှင့် တထပ်တိုက်လေးသည် ဖေဖေနှင့် မေမေ၏ ချမ်းမြေ့ရိပ်မြုံလေး ဖြစ်သလို ကျွန်တော့်ရဲ့ ချွေးစက်များဖြင့် တည်ဆောက်ထားသော အိမ်လေးလည်း ဖြစ်သည်။ ကျွန်တော့်ဘဝတွင် စိတ်ချမ်းမြေ့ဆုံး အဖြစ်အပျက်တခုကိုပြပါဆိုလျှင် မိဘနှစ်ပါးကို အိမ်ပိုင်လေး ဝယ်ပေးနိင်ခဲ့ခြင်းသာ ဖြစ်သည်။ ငယ်စဉ်ဘဝထဲက အိမ်ငှားဘဝဖြင့် ဟိုပြောင်းဒီရွေ့လုပ်ခဲ့သော ဘဝက ကျွတ်လွတ်ခဲ့ပြီ။ တနှစ်စာ စာချုပ် ပြည့်ခါနီးတိုင်း ပူပန်သောက ရောက်ခဲ့ရသော မိဘနှစ်ပါးလည်း ယခုဆိုလျင် မနက်ခင်းတိုင်းကို ယုံကြည်မှု အပြည့်ဖြင့် စိတ်ချမ်းမြေ့စွာ နိုးထ နိင်ခဲ့ပြီ။


အိမ်သစ်လေးနှင့်ပါတ်သတ်လျှင် အဖြစ်အပျက်တိုင်းသည် စိတ်လှုပ်ရှားတက်ကြွဖွယ်ရာသာ  ဖြစ်သည်။
မေမေတို့ကို အိမ်ဝယ်ပေးမည်ဟု စပြီးဆုံးဖြတ်လိုက်ကတည်းက ကျွန်တော့်တွင် ခွန်အားများ ပြည့်ဝလာခဲ့သည်။ ဖုန်းဆက်ပြီး မေမေတို့ကို သင့်တော်မည့် အိမ်သစ်တလုံး ရှာဖို့ပြောသည့်နေ့ကိုလည်း ကျွန်တော် မမေ့နိင်သေးပေ။ ကျွန်တော့် အသံကို စပီကာဖွင့်ထားသဖြင့် တမိသားစုလုံး ကြားရချိန် မိသားစုအားလုံး၏ တက်ကြွပျော်ရွှင်သွားသံသည် ကျွန်တော့်ကို ပိုပြီး ခွန်အားတွေ ပြည့်လာစေသည်။ မိသားစု၏ ကံကြမ္မာလို့ပင် ပြောရမည် ။ အနီးအနားတွင် ဆောက်ပြီးကာစ လူမနေသေးသော သဘောင်္သား တစ်ဦးပိုင် တထပ်တိုက်လေးကို တွေ့ကြောင်း ဈေးနှုန်း အနေအထားလည်း သင့်တော်ကြောင်း အကြောင်းပြန်လာပြီးသည့် နောက်တွင်တော့ ကျွန်တော်တို့ မိသားစုပို၍ တက်ကြွကုန်ကြသည်။

" ရေတွင်းလေးလည်းပါတယ် ကြည်နေတာပဲ သားရေ ကောင်းလိုက်တာ "

" အိမ်အနောက်ဘက်ကိုတော့ မြေလေးနည်းနည်း ဖို့ရမယ် "

" ဘေးဘက်ခြံစည်းရိုးကိုတော့ နောက်မှပဲ အုတ်တံတိုင်းလေး ခတ်မယ်သားရေ အခုလောလောဆယ် ငွေပိုမကုန်တာ ကောင်းတယ်လေ "

" အဝီစိ တွင်း တတွင်းတော့ တူးမှဖြစ်မယ် ဒီမိသားစုနဲ့က ရေတွင်းရေဆို လောက်မယ် မထင်ဘူး "

" သားဖေဖေ သူငယ်ချင်းက အုတ်တွေ ပြန်ရောင်းဖို့ ရှိတယ်တဲ့ ဈေးသက်သာတယ် ဝယ်ထားနိင်ရင် ကောင်းမယ်။ နောက်ဆိုလည်း လိုလာမှာပဲလေ "

" မောင်လေးရေ ငါတို့ အိမ်အတွင်းနဲ့ အပြင်ကို ဆေးဘာအရောင်သုတ်ရမလဲ မောင်လေး ကြိုက်တဲ့ အရောင်သုတ်ပေးမယ် "

" ပိုင်ပိုင်ရေ အခုခြံထဲမှာ မချစ်စု သရက်ပင်လည်း ပါတယ်ဟ။ နင်ပြန်လာရင် ငါတို့တွေ ငံပြာရည်နဲ့ သရက်သီး တို့စားကြမယ်လေ"

ထိုရက်ပိုင်းတွင် ပြောဖြစ်သော စကားတိုင်းသည် အိမ်သစ်လေး အကြောင်းသာဖြစ်နေသည်။
အိမ်အရောင်းအဝယ်စာချုပ်မှာ သားနာမည်နဲ့ ချုပ်ပေးမယ်နော် ဆိုပြီး မေမေပြောတော့ ကျွန်တော် ငြင်းခဲ့သည်။

" မေမေတို့ နာမည်နဲ့ပဲ ချုပ်ပါ၊ ဒါက သားမေမေတို့ကို ဝယ်ပေးတာလေ သားမမက်ပါဘူးမေမေရ မိသားစုတွေ စုစုစည်းစည်းရှိနေရင် သားကျေနပ်ပါပြီ"



အမှန်တကယ်လည်း ကျွန်တော့်တွင် မက်မောစိတ် တစိုးတစေ့မျှ မရှိပြီ။ မိဘတွေ မသေခင် အိမ်ပိုင်လေးနှင့် နေသွားရသည်ဆိုသော ခံစားချက် ၊ ပီတိကိုသာ ကျွန်တော်ပေးချင်နေခဲ့သည်။ ငွေအပြီးချေပြီး အရောင်းအဝယ် စာချုပ် ချုပ်သောနေ့က မေမေအိမ်ပြန်ရောက်တော့ ငိုသည်တဲ့။ စာချုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော မေမေ့လက်တို့ တုန်နေသည်တဲ့လေ။ အိုးပိုင်အိမ်ပိုင်ဆိုသော စကားလုံးသည် အင်မတန် ရေရွတ်လို့ကောင်းသော စကားလုံး ဖြစ်မှန်း ကျွန်တော်ပါ ခံစားလို့ရနေခဲ့သည်။ 

ထို့နောက် အိမ်သစ်ကို ပြင်ဆင်ကြသည်။ ဆောက်ပြီးကတည်းက လူမနေသော အိမ်ဖြစ်သဖြင့် တအိမ်လုံးကို ရေဆေးကြသည် ။ တရော် ကင်မွန်းရည် တို့ဖြင့် ပက်ဖြန်းကြသည်။ တအိမ်သားလုံး မနားမနေ လုပ်ကြသည်။ ပင်ပန်းမှုကား မရှိကြတဲ့။ အလုပ်ထဲတွင် ရောက်နေသော ကျွန်တော်သည်လည်း တထောင့်တနေရာက ဝိုင်းကူလုပ်ပေးချင်သော အတွေးတို့ အချိန်ပြည့်ဖြစ်ပေါ်နေသည်။ ဒါဟာ ကျွန်တော်တို့ ပိုင်တဲ့ အိမ်မဟုတ်ပါလား။ အင်မတန် တက်ကြွဖို့ ကောင်းမှာပဲ။


ဖေဖေက အဝီစိရေတွင်း တူးသော အဖွဲ့ကို သွားခေါ်သည် ဆေးသုတ်သည့်သူ လိုက်ရှာသည် တဲ့ ။ မေမေနှင့် အမတွေက တအိမ်လုံးကို ရှင်းလင်းကြ သည်တဲ့ ၊ ညီအငယ်ကောင်နှင့် ယောက်ဖဖြစ်သူက အိမ်ခေါင်မိုးပေါ် တက်ပြီး သစ်ရွက်ခြောက်တွေကို ရှင်းကြသည်တဲ့ ။ ကလေးတွေ ဖြစ်ကြသော တူတွေ၊တူမတွေပင် နိင်သလောက် လုပ်နေကြသည်။ အိမ်သာကို ရေးဆေးကြသည် ။ မီးဖိုခန်းက ကျောက်ပြားတွေကို တိုက်ချွတ် ဆေးကြော ကြသည်။ မည်သူမျှ မောပန်းမည် မဟုတ်မှန်း တွေးကြည့်ရုံဖြင့်ပင် သိသာနိင်သည်။

" ရေချိုးခန်း အိမ်သာကလည်း အကျယ်ကြီးပဲ ကလေးတွေက ရေချိုး ဇလုံကြီးကို သဘောတွေ ကျနေကြတယ်"



ထိုကဲ့သို့ သဘောကျသော စကားလုံးများကြားရလေ ကျွန်တော် မမောနိင် မပန်းနိင်ဖြစ်ရသည်။ ထိုရက်ပိုင်းတွင် ညတိုင်းနီးနီး ကျွန်တော် ဖုန်းဆက်ဖြစ်သည်။ အိမ်သစ်လေးကို သဘောကျသံ ၊ သိပ်ကောင်းတာပဲဆိုတဲ့ ချီးကျူးသံကို ကြားချင်စိတ်ကြောင့်ဖြစ်သည်။ ထိုအသံများသည် ကျွန်တော့်အတွက် နောက်တနေ့စာ အားအင်တွေပဲ ဖြစ်သည်။ ကျွန်တော့်တွင် အခက်အခဲ ရှိတိုင်း ၊ ဒီလအတွက် အိမ်ကို ငွေမပို့နိင်တိုင်း ကျွန်တော် ဖုန်းဆက်ချင် စိတ်ကို မြိုသိပ်ခဲ့ရသည်။ ဖုန်းမဆက်ဘဲ နေနိင်လိုက်တာ သားရယ်ဆိုသော မေမေ့ရဲ့ရေရွတ်သံကို ကျွန်တော် ဥပေက္ခာ ပြုထားခဲ့ရသည်။ ဖုန်းမဆက်ဘဲ နေနိင်အောင် နေရတဲ့ သားရဲ့ အခက်အခဲကို မေမေတို့ သိမှာမှ မဟုတ်တာလို့ပဲ စိတ်ထဲတွင်သာ တိုးတိုးလေး ပြန်ဖြေခဲ့ဖူးသည်။ မိသားစုကို ကျွန်တော်ပေးချင်သည်မှာ အောင်မြင်သော အကြောင်းအရာနှင့် ပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်တို့သာ ရှိသည်။


အခုလို တက်ကြွဖွယ် နေ့ရက်များတွင်တော့ ကျွန်တော် ညတိုင်း ဖုန်းဆက်ဖြစ်သည်။ ရရှိနေသော ပျော်ရွှင်တက်ကြွခြင်းတို့ကို အချိန်တွေ ကြာနိင်သမျှ ကြာအောင် ဆွဲဆန့် ပေးထားချင်သည်။ မိသားစုအနေနှင့် လတ်ဆတ်သည့်လေကိုရှူပြီး တက်ကြွမည့်အတွေးတွေ တွေးနိင်ဖို့ ဖုန်မှုန့်တွေပါသည့်လေကို ကျွန်တော် နေ့တိုင်းရှူခဲ့ရတာ၊ အောက်ကျ ဆက်ဆံခံ ခဲ့ရတာကိုတော့ ကျွန်တော် ဘယ်တော့မှ ပြောပြဖြစ်မည် မဟုတ်ပေ။ မသန့်ရှင်းသောလေကြောင့် ကျွန်တော့်၏ နှလုံးနှင့် အဆုတ် တို့ အရင်လို လတ်လတ်ဆတ်ဆတ် မရှိတော့တာ ကျွန်တော် သိနေခဲ့ပြီ။ အလွယ်တကူ မောပန်းနေတတ်ခဲ့ပြီ။ ကျွန်တော်လဲခဲ့ရသော အရာတွေကို ထိုက်တန်သည်ဟုပင် ကျွန်တော်ကတော့ သတ်မှတ်ထားခဲ့သည်။ မိသားစုအားလုံး ပျော်ရွှင်နိင်အောင် စွမ်းဆောင်နိင်ခဲ့သည်။ ထိုအကြောင်းသည် ဘဝ၏ နောက်ဆုံးအချိန်ထိ တွေးလျှင်တောင် ပျော်ရွှင်ကြည်နူးဖွယ်ရာ ဖြစ်မှာ သေချာနေခဲ့ပြီ။


ကျွန်တော် ခြံရှေ့ရောက်လာတော့ သေချာအောင် နောက်တခေါက် ကြည့်လိုက်သည်။ ဒီအနီးအနား ဝန်းကျင်တွင် တထပ်တိုက်ပုလေးသည် ဒီအိမ် တစ်လုံးပဲ ရှိနေသည်။ ဗီဒီယိုထဲက ပုံနှင့်လည်း တပုံစံထဲ ဖြစ်၏။ သေချာပါသည်။ ဒါဟာ ကျွန်တော်တို့ မိသားစု၏ အိမ်ပါပဲ။ ခြံဝင်းသံပန်းတံခါးကို တွန်းဖွင့်ရင်း ဒီသံပန်းတံခါးက နောက်ဆုံးမှ တပ်ဖြစ်သည့် အစိတ်အပိုင်းဖြစ်ကြောင်း သတိရသွားသည်။ နေပါအုံး... အဲဒီတုန်းက ဘာတွေ ထပ်ဝယ်တာပါလိမ့် ၊ အော် သတိရပြီ ၊ အဲဒီလက ၂၉ လက်မ တီဗီရယ် ၊ ဆိုဖာတွေရယ် ဒီသံပန်းတံခါးရယ် အတွက် ငွေပို့ပေးလိုက်တာပဲ။ ဟားးးးး ....ဆိုဖာပေါ်ထိုင်ပြီး ဖေဖေနှင့် အတူ ဘော်လုံးပွဲ ကြည့်ရတော့မည်။ အရင်ကလို ဘော်လုံးပွဲကြည့်ရင်း အငြင်းအခုန်လေးတွေ ပြန်လုပ်ရတော့မည်။


ခြံတံခါးကို တွန်းဖွင့်ဝင်လာရင်း အိမ်ရှေ့ ခြံဝင်းထဲကို ကြည့်မိသည်။ ပန်းအိုးတွေကတော့ ဗီဒီယိုထဲကထက် ပိုများနေသည်။ မေမေက ပန်းပင်စိုက် ဝါသနာပါတာပဲ ပန်းအိုတွေ များလာတာ မဆန်းပါဘူးလေ။ လရောင်အောက်တွင် ဂမုန်းပင်၏အရွက်တို့ လက်ဖြာနေသည်။ ဘယ်ဘက်အခြမ်းတွင် အုတ်ဖြင့် အခိုင်အမာ ဆောက်ထားသော ရေစင် ကို မြင်ရသည်။ ဒီရေစင် ထပ်ဆောက်ချင်တယ်ဆိုလို့ အုတ်တွေ ထပ်ဝယ်ရတာ မှတ်မိနေသည်။ အင်းလေ တခါလောက် အကုန်ခံ လိုက်တော့ တသက်လုံးစိတ်အေးရပြီပေါ့။


တအိမ်လုံးလည်း တိတ်ဆိတ်နေသည်။ တကယ်ဆို ကျွန်တော်ရောက်လာတာ  တော်တော် 
 နောက်ကျနေသည်။ ဒီအချိန်မှတော့ မိသားစုအားလုံး အိပ်ပျော်နေလောက်ပြီ။ အခုချိန်မှ အိမ်ကို ရောက်လာခဲ့သည် ၊ တလမ်းလုံး အခက်အခဲတွေ တစ်ပုံတစ်ပင် ဖြတ်ကျော်လာခဲ့ရ၏။ ထို့ကြောင့် ထင်ထားသည်ထက် ပို၍နောက်ကျပြီးမှ ရောက်လာခဲ့သည်။ ဧည့်ခန်း ဆိုဖာပေါ်တွင်သာ အိပ်လိုက်တော့မည်ဟု စဉ်းစားမိသည်။ တနည်းအားဖြင့်လည်း ကောင်းသည်ဟု ဆိုရမည်။ မနက်မိုးလင်းလင်းချင်း ဧည့်ခန်းတွင် မိန့်မိန့်ကြီး ထိုင်နေသော ကျွန်တော့်ကိုမြင်လျှင် တစ်မိသားစုလုံး ပိုပြီးအံ့သြပျော်ရွှင်ကြမည်။ သူတို့ အိမ်မက်မက်နေသလား ကိုယ့်ကိုကိုယ် ပြန်စစ်ကြမည်။ ထိုမြင်ကွင်းများကို ကြည့်ပြီး ကျွန်တော် အားရပါးရ ရယ်မောရမည်။ ကျွန်တော် စိတ်လွတ်လက်လွတ် မရယ်မောဖြစ်တာကြာပြီ။


ညအိပ်မီးထွန်းထားသော ဧည့်ခန်းသည် တိတ်ဆိတ်အေးစက်နေ၏။ ခေါင်းရင်း မှန်ပြတင်းမှတဆင့် ဝင်လာသော လရောင်ကြောင့် မဟော်ဂနီရောင်လျှာထိုး ခင်းထားသော ဧည့်ခန်းသည် ပြောင်လက်နေသည်။ ထို့နောက် ဂ ငယ် ပုံစံဝိုင်းထားသော ဆိုဖာခုံများကို တွေ့ရသည် ။ ၂၉ လက်မ တီဗီကို ဇာပုဝါဖြင့် အုပ်ထားသည်။ တီဗီ နံဘေးက ကြမ်းပြင်တွင် ကျွန်တော့် ပို့ထားပေးသော ဖုန်စုပ်စက်ကို မီးအားသွင်းထားသည်။ ပစ္စည်းပို့ခက ဖုန်စုပ်စက်နီးနီးဖြစ်နေတာ ပြန်သတိရမိသည်။ ပို့ခဘယ်လောက်ကုန်သည်ကိုတော့ အိမ်ကိုမပြောပြ ဖြစ်ခဲ့ပေ။


ဧည့်ခန်း၏ ဘေးကပ်လျက် အခန်းသည် မိဘ နှစ်ပါး၏ အခန်းဖြစ်ကြောင်း စာထဲတွင် ဖတ်လိုက်ရသည်။ ဒါဆို ကျွန်တော်ချစ်သော ဖေဖေနှင့်မေမေ အိပ်နေပြီပေါ့။ အခုဝင်နိုးလိုက်လျှင် ကောင်းမလား တွေးလိုက်မိသည်။ တစ်ကယ်ဆို မိသားစုကို တွေ့ချင်လှပြီ။ သို့ပေမယ့် ခဏစောင့်လိုက်တာ ပိုကာင်းပါမည်။ အခုချိန်နိုးလိုက်လျှင် မေမေတို့ အံသြထိတ်လန့်သွားနိင်၏။ ကျွန်တော့်အတွက် မိသားစုနှင့် မတွေ့ရသည်မှာ ငါးနှစ်ရှိနေခဲ့ပြီဖြစ်၍ နောက်ထပ် လေး ငါး နာရီခန့် ဆက်သည်းခံရန်မှာ သိပ်မခက်ခဲပေ။ အောက်ဖေးခန်းနှင့် မီးဖိုချောင်ကိုတာ့ မနက်မှသာ သေသေချာချာ ကြည့်တော့မည်။ ကျွန်တော်လည်း ပင်ပန်းနေတာကြောင့် ခဏလောက်တော့ အိပ်စက် အနားယူသင့်နေပြီ။ မကြာခင်ရောက်လာတော့မည့် မနက်တွင် ကျွန်တော်တို့ မိသားစု၏ အပျော်ရွှင်ဆုံးအချိန် ဖြစ်လာတော့မည်။ ထိုအကြောင်းတွေးမိတော့ အားလုံး၏ ပျော်ရွှင်ခြင်းများကို ဖန်တီးပေးရန် ကျွန်တော် စိတ်မရှည်စွာဖြစ်ရပြန်သည်။


ထို့နောက် ဧည့်ခန်းဆိုဖာတွင် သွားအိပ်ရန် ခြေလှမ်းပြင်လိုက်ချိန်တွင် မေမေတို့ အခန်းတံခါး တဖြည်းဖြည်း ပွင့်လာ၏။ ပုန်းလိုက်ရင်ကောင်းမလားဟု တွေးနေချိန်မှာပင် အခန်းထဲမှ မေမေ ထွက်လာသည်။ ဧည့်ခန်းညမီးရောင် အောက်တွင်ရပ်နေသော ကျွန်တော့်ကို မေမေမြင်တွေ့သွားခဲ့သည်။ မေမေ့ကိုတွေ့ရတာ သားကြည်နူးလိုက်တာ။ တော်သေးတယ် မေမေအများကြီး မပြောင်းလဲသေးဘူးနော်။ မေမေကတော့ ကျွန်တော့်ကို အံသြစွာ စူးစိုက် ကြည့်နေသည်။

" မေမေ သားလေ.. မမှတ်မိဘူးလား အရင်ထက်တော့ ပိန်သွားတယ်မေမေရ သားသုံးနေကြ ရေမွှေးနံ့ကို မေမေ မှတ်မိလို့ ထွက်လာတာလား "



ကျွန်တော်ပြောလိုက်သော်လည်း မေမေမည်သည့်စကားမျှ ပြန်မပြောဘဲ ကျွန်တော့်ကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ခါလာသည်။ ထို့နောက် မျက်ရည်များ စီးကျလာခဲ့သည်။ ကျွန်တော် မျှော်လင့်ထားသလိုပင် ကျွန်တော့်ကို မြင်သဖြင့် မေမေ အံ့သြ ဝမ်းသာ စိတ်ဖြင့် ငိုနေလေပြီ

"ကဲပါ မေမေရယ် မငိုနဲ့တော့နော် ကျွန်တော်ပြန်ရောက်ပြီလေ၊ မနက်ဖြန် ထမင်းကြော်ရင် တယောက်စာ ပိုကြော်ပေးနော် ကျွန်တော် မေမေကြော်တဲ့ ထမင်းကြော်ကို စားချင်လှပြီ "

" အဲ ... မေမေ တခုခုပြောလေ သားကို မမှတ်မိလို့လား မေမေ့အချစ်ဆုံး သားဆို "



မျက်ရည်များ စီးကျနေသော မေမေ့ နှုတ်ခမ်းတို့ တဖြေးဖြေး ပွင့်ဟလာသည်။ ထို့နောက် ကျွန်တော့်ကို တခုခု ပြောရန်အားယူလိုက်သည်။ ထိုအချိန်မှာပင် ကျွန်တော့် စိတ်ထဲတွင် မေမေ ဘာပြောတော့မည်ကို သိလိုက်သလို ဖြစ်သွားသည်။ ထိုအသိဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် ငုံ့ကြည့်ဖြစ်သည်။

" အိုးးးးးးး "

ကျွန်တော် သဘောပေါက် သွားခဲ့လေပြီ ။ ဆို့နစ်လွန်းသော ခံစားချက်ဖြင့် ဧည့်ခန်းကြမ်းပြင်တွင် ဒူးထောက်ကျသွား၏။

" မပြောပါနဲ့ မေမေရယ် သား ခဏလောက် နေပါရစေအုံး "

မျက်ရည်များစီးကျနေသော မေမေသည် ဆို့နစ်ကွဲရှသော အသံဖြင့် ကျွန်တော့်အတွက် စကားသံ ထွက်လာသည်။

" သားလေးရေ... အမျှ... အမျှ...... အမျှ "

မေမေ၏ အမျှဝေသံ အဆုံးတွင် ကျွန်တော့် ဝိညာဉ် ကမ္ဘာအပြင်ဘက်အထိ ဝေးလွင့်သွားရတော့သည်။ ဒီမိသားစုဖြင့်တော့ ဘယ်အခါမှ ပြန်ဆုံနိင်မည် မဟုတ်တော့ပေ။

။.................................................................။


62 comments:

ahphyulay said...

မိသားစု နဲ့  မတွေ့ တော့ ဘူးဆိုတဲ့  လက်လျှော့ တဲ့ စိတ်
ဖြစ်ပေါ် နေပုံပါလို့ ။ တကယ် မဟုတ်တဲ့  အိမ်မက်တစ်ခုပါလို့ ။
အိမ်မက်က အငွေ့ နဲ့  တူပေမဲ့  တကယ့် အဖြစ်က အတွေ့ 
တွေပါနော်။ အဲ့ ဒီ အငွေ့ တွေ ကြားထဲက အတင်းရုန်းထွက်ပြီး
အတွေ့ တွေ ထဲရောက်အောင် အ၇င်ဆုံးကြိုးစားပါတော့  လို့ ။
ကြာလာတော့ လဲ အတွေ့ တွေက အငွေ့ လိုဖြစ်လာတာပါပဲလေ။

ညရဲ့ကောင်းကင် said...

ကိုမြစ်ရာ...
အစ်ကိုစိတ်ကူးတွေ တကယ်ဖြစ်ရမှာပါ...
ဖြစ်သင့်သလောက်လည်း ဖြစ်နေပြီလို့ထင်ပါတယ်ဗျာ...
ဒါအိပ်မက်တခုပဲ ဖြစ်ပါစေ....

မိသားစုရဲ့ ရင်ခွင်စီ အမြန်ဆုံးပြန်နိုင်ပါစေဗျာ...
ဆုတောင်းပေးလိုက်ပါတယ်...

ခင်တဲ့
ညရဲ့ကောင်းကင်

ချော (အစိမ်းရောင်လွင်ပြင်) said...

ဟူး...............
သက်ပြင်းချမိတယ်
ဇာတ်လမ်းတစ်လျှောက်လုံး
ကြည်နူးပျော်ရွှင်စိတ်နဲ့ ဖတ်လာပြီးမှ
ဒီလောက် စွန့်လွှတ်အနာခံခဲ့သူကို နောက်ဆုံးမှာ ဒီလိုနည်းနဲ့ ဇာတ်သိမ်းထားတာ ရက်စက်လွန်းတယ်..
စာဖတ်သူကို ဆွဲခေါ်သွားပြီး နောက်ကျောကို ဓါးနဲ့ ထိုးလိုက်သလိုဘဲ .. လုပ်ရက်ပါပေ့ကိုမြစ်ကျိုးရဲ့..
ရင်ထဲကို နင့်ခနဲဘဲ.. စာရေးသူရဲ့ ကိုယ်ပိုင်ခံစားချက်လေးတွေ
ထည့်ရေးထားတယ် ထင်ပ
စာထဲမှာ မိသားစုကိုချစ်ခင်တွယ်တာစိတ်တွေ အပြည့်ပါဘဲ.. သိပ်ကောင်းပါတယ်..
ဇာတ်လိုက်လေးကို ရက်စက်လွန်းတာကလွဲရင်...

ဆောင်းနှင်းရွက် said...

အမြန်ဆုံး ပြန်လည် ဆုံဆည်းနိုင်ပါစေ ...

ဖတ်ရတာ
နောက်ဆုံးမှာ နင့် သွားတာပဲ ... !

ပျော်ရွှင်တဲ့
မိသားစု လေး အဖြစ်
အမြန်ဆုံး ပိုင်ဆိုင် နိုင်ပါစေ .. !

နှင်းနဲ့မာယာ said...

ကိုမြစ်
စ လည် ဆုံး အားလုံး အရမ်းကောင်းတယ်...
ဇာတ်သိမ်းမှာ စိတ်မကောင်းဖြစ်ရတာက လွဲလို့ပေါ့.
မိသားစုဇာတ်လမ်းတွေဆိုရင် ပျော်စရာ ဇာတ်သိမ်းလေးပဲ မျှော်ကြတာများတယ်လေ...
ပျော်ရွှင်ပါစေ ကိုမြစ်..

နှင်းနဲ့မာယာ

kiki said...

ဇာတ်လမ်း စစချင်းမှာတော့ ပျော်စရာ...
အလယ်လောက်ရောက်တော့ နဲနဲ သံသယ ဖြစ်စရာ.. လေယာဉ်ချိန် က ဒီလောက် နောက်မကျ နိုင်ပါဘူး လို့ လေ..
နောက်ဆုံး ဇာတ်သိမ်းတော့ .. သက်ပြင်းချမိတယ်

ဘာလို့ စိတ်အားငယ်နေရတာလဲ..
မိဘသိတတ်တဲ့ သားသမီး ဘယ်တော့မှ ဒုက္ခမရောက်ပါဘူး ။
အချိန်တန် အိမ်ပြန်ကြတော့မှာပဲဟာ
Happy Ending လေး ဖြစ်ရမှာပေါ့ .
ကျန်းမာရေး ဂရုစိုက် ပါ ကိုပိုင်ရေ...

ခင်တဲ့ အမ ..
မကိ

မိုးမောင် said...

ကိုယ့်ကိုကိုယ် သတ်ပြစ်လိုက်တာကလွဲလို့ အားလုံးကောင်းတယ်။ ဒါလည်း စာဖတ်သူအနေနဲ့ ပြောတာပါ။ တချို့သော ကိုယ့်ခံစားချက်တွေ ဖောက်ထုတ်ချင်လို့ သေပြစ်လိုက်တယ်လို့လည်း ယူဆလို့ရပါတယ်။ ခြုံပြောရရင် အရေးအသားပိုင်း အလွန်ကောင်းနေပါပြီ။ စာပေကို ဈာန်ဝင်ရင် ၀င်သလောက် စိတ်ကိုအပါ ခြယ်မှုန်းရေးသားတဲ့မှော် ၀င်နေပြီပေါ့လေ။

ဂျပန်ကောင်လေး said...

ရင်ထဲကို ထိတဲ့ စာစုလေးပါအစ်ကို..... ခံစားရတယ်....း((

ကောင်းကင်ပြာ said...

ကိုပိုင် အမေ့ဆီ ရောက် အောင် ပြန်ပါ၊ ယူ ပြန်နိုင်မယ်လို့ အမ ထင်ပီးသားပါ.....အမေ့ဆီ ရောက်မှာပါ...

ညီမလေး said...

အဲ့လို ဇာတ်သိမ်းကြီးကို မခံစားနိုင်ဆုံးပဲ ။ မိဝေးဖဝေးနဲ့ ရေခြားမြေခြားမှာ ဘဝအတွက်ကြိုးစားနေကြသူအားလုံး အတွက် ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းလေးတွေပဲ ဖြစ်စေချင်တယ်ဗျာ ..။ နောက်ခါအဲ့လိုကြီး ဇာတ်မသိမ်းနဲ့နော် ..T.T ။

ညီမလေး said...

စာရေးဟန်ကတော့ ထုံးစံအတိုင်း ဇွန်းလေးနဲ့ ရှယ်ပေါ့လို့ ပြောဖို့ကျန်ခဲ့လို့ နောက်တခေါက်ထပ်မန့်ပါတယ်း)

အနော် said...

အိမ်ကို အရောက်ပြန်ခဲ့နိုင်တာပဲ အကိုရေ ဒီလိုနည်းနဲ့ ရောက်ခဲ့တယ်ဆိုလဲ ပြန်တော့ပြန်ချင်သား..
ပို့စ်ကို ဖတ်လိုက်ရတာတော့ ပြန်ချင်စိတ်တွေ တအားများနေပေမဲ့ သေမှပဲ ပြန်ရောက်တော့မှာပဲလို့ ကိုယ့်စိတ်ကိုကိုယ် လျှော့နေပုံရတယ်..
ဘာပဲဖြစ်ဖြစ်လေ တစ်ချိန်ချိန်တော့ အိမ်ကိုပြန်နိုင်ခွင့်ရကြမှာပါ.. ရတဲ့အခါ အိမ်ကို အပြေးပြန်ကြတာပေါ့.. အဲ့ဒီအချိန်မတိုင်ခင်အထိ အိမ်ပြန်ချင်တယ်လို့ စိတ်ထဲမှာ အမြဲတွေးတောနေပေမဲ့ လက်တွေ့တော့ ပြန်လို့မဖြစ်သေးလို့ကို မပြန်နိုင်သေးတဲ့အဖြစ်တွေပေါ့..
ဘဝမှာ ကိုယ့်ကို အဲ့လိုအမျှော်တလင့်ဖြစ်နေတုန်းမှာပဲ သေပစ်လိုက်ချင်မိတယ်.. (အနော့်စိတ်ကူးထဲက အတွေးပါ)

မင်းအိမ်ဖြူ said...

တကယ်ကောင်းတယ်ဗျာ ဖတ်ရင်း မျောသွားတယ် တကယ်ပါ

ပျော်ရွှင်ပါစေဗျာ

နောက်ဆုံးဇာတ်သိမ်းလေးကိုတော့ ထပ်မဖတ်ချင်တော့ဘူး

kokomaung.uk said...

ကိုမြစ်ကျိုး..
လုပ်ရက်တယ်ဗျာ။
ချစ်သူများနေ့ရဲ့  ကြည်နူးစရာလေးတွေဖတ်ရင်း ကြည်နူးလို့မှ မဆုံးခင်...
ကိုမြစ်ကျိုးပို့စ်လေးက ရင်ထဲမှာ ကြေကွဲစရာ အပြည့် ကျန်ရစ်နေခဲ့ပြီ။

ဖတ်ရင်း ပျော်ရမယ်ထင်ခဲ့တာ။ အနီစာကြောင်းလေးကြောင့် ထင်ထားတာနဲ့ပြောင်းပြန်ဖြစ်သွားတယ်။

အနာဂါတ်တွေ အများကြီးရှိပါသေးတယ်။ မိသားစုနှင့်ပျော်ပျော်ပါးပါး နေခွင့်ရကြဦးမှာပါ။

ပျော်ရွှင်ကြည်နူးစွာ မိသားစုနှင့်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်တဲ့
ကိုကိုမောင် (ပန်းရနံ့)

.

Moe Cho Thinn said...

တို့မောင်လေးလဲ ရပ်ဝေးမှာ ဆုံးပြီး ပြန်မလာနိုင်သူမို့ စိတ်မကောင်းခြင်းကြီးစွာ ဖတ်သွားပါတယ် ကိုမြစ်ကျိုးရေ..
အရမ်းခံစားရစေတဲ့ ပို့စ်ပါပဲ။
ကျန်းမာအောင် နေနော် မောင်လေး။

တလနွန် said...

မိသားစုအပေါ်ထားတဲ့ စိတ်ဓါတ်လေးကို လေးစားရင်း ကြည်နူးပျော်ရွင်မိတယ်....အရာအားလုံးပြီးပြည့်စုံကာမှ မိသားစုနဲ့ ပြန်မဆုံနိုင်တော့လောက်တဲ့ နေရာကို ထွက်သွားခြင်းကိုတော့ တားမြစ်ပါတယ် :))))
အဝေးရောက်သူများအားလုံးလည်း ကျန်းမာချမ်းသာစွာနှင့် အေးချမ်းတဲ့မိသားစုအရိပ်အမြုံလေးခိုလှုံနိုင်ကြပါစေလို့  ဆုတောင်းနေမိတယ်....(ကျနော်လည်း အိမ်လွမ်း..)

ခင်မင်လျက်
တလနွန်

YoungGun said...

ဖွဟဲ့..လွဲစေ ပယ်စေ.. ။ ဒီလောက် ကြိုးစားထားပြီးမှ ကံတရားက ရက်စက်မယ်ဆိုရင်လည်း အဲဒီကံကို လက်ညိုးထိုးပြီး ကလော်တုတ်လိုက်ချင်တယ်ဗျာ။

Anonymous said...

ရိုက်ချက်ပြင်းတယ်ဗျ။ ထိတယ်။

mw

ဂျစ်တူး ( မုံရွာ ) said...

အငြိမ့် ကလေးများလည်းဆက်ကပါအုံးဇတ်ဆရာရယ်--
အခုပို့ စ်ကလေးကိုလည်းသဘောကျပါတယ်ဗျာ-
အဲဒီလိုတအံ့တဋ္ဌသမိသားစုတွေ့ တာတွေကိုအမြန်ဆုံးခံစား
ချင်သလိုအမြန်ဆုံးခံစားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါ
တယ်ဗျာ-လေးစားစွာဖြင့်-----

Anonymous said...

ကိုကြီးးးးးးးးးးးးးးးးးးးးးးးး
:( :( :(

ရွှေရတုမှတ်တမ်း said...

ဟိုတနေ့ကမှ gtalk မှာ အကောင်းပကတိကြီးတွေ့ထားပြီးသား..ဒီနေ့အမျှလာဝေခိုင်းလို့ ဘယ်ရမလဲ..ဟင်း

မြတ်မွန် said...

မသန့်ရှင်းသောလေကြောင့် ကျွန်တော်ရဲ့ နှလုံးနှင့် အဆုတ်တို့ အရင်လို လတ်ဆက်မနေတော့ဆိုတဲ့ စာကြောင်းလေးမှာ မျက်ရည်ဝဲမိတယ်..။
ခံစားချက် နှစ်မျိုးနဲ့ရေးထားတဲ့ပိုစ့်လေးပါ..။
ပျော်ရွှင်ရသလို ဝမ်းနည်းမှုခံစားချက် ရသလေးလဲ ရပါတယ်..။
ဆရာကိုအစဉ်လေးစားလျှက်..။

SHWE ZIN U said...

ကိုမြစ်ကျိုး

ဒီတခါ စာဖတ်ရ တာ နဲနဲ ရိုးနေသလိုဘဲ.. ၊ ဒါပေမဲ့ စာရေးကောင်းတော့ ဖတ်လို့တော့ ကောင်းနေတာပါဘဲ..

စိတ်မဆိုးနဲ့နော်
ခင်တဲ့
ရွှေစင်

ဒူကဘာ said...

ပြည်ပရောက်တွေ... မိသားစုအပေါ် သက်ဝင် ထားရှိတဲ့ စေတနာကို ခြယ်မှုန်းပြနိုင်ကာ မှော်ဝင်တဲ့ စုတ်ချက်တွေ ပေါ့ ... စာရေးကောင်းတဲ့ ဘလော့ဂ္ဂါတွေ ထဲမှာ မြစ်ကျိုးအင်း ပါတယ် ဆိုတာ အကြွင်းမဲ့ လက်ခံပါတယ်ဗျာ.....။

Zaw said...

သူ ငယ် ချင်း တ ယောက် ပြော လို လာ လည် ပြီ ဖတ် တယ် ..........ရင် ထဲ မ ကောင်း ဘူး ဗျာ ................အ ရမ်း ထိ တယ် ဗျာ .......ပျော်ရွှင် ပါစေ ဗျာ

စိတ်စမ်းရေ said...

အရေးအသား အရမ်းကောင်းတယ်ဗျာ...။ဖတ်ပြီးစိတ်
မကောင်းဖြစ်ရတယ်....။

ကိုဇော် said...

အဝေးရောက်တွေ အတွက်ကတော့ ပြည့်နိုင်မယ် မထင်ပေမဲ့ ဒီလိုပဲ ဖြည့်ပေးကြရတာပါပဲ။
အချိန်တန် အိမ်ပြန် ကြရတာပဲ ဆိုတာထက်
အိမ်မပြန်နိုင်ခဲ့ကြသူတွေလည်း ဒုနဲ့ဒေး။
ဒီလိုနဲ့ပဲ ကျနော်တို့ ဝေးနေခဲ့ကြရတယ်။
ပုံပြင် မဟုတ်ပေမဲ့ အမြဲ အရာထင်တယ်ဗျာ။

ကိုညီမင်း said...

ကြည်နူးခဲ့သမျှတချက်ထဲနဲ့ရိုက်ချလိုက်တယ်ဗျာ
တော်တ်ေစိတ်မကောင်းဖြစ်ရပြန်တယ်

လိုင် said...

စကားပြေအရေးအသားသိပ်ကောင်းတယ်

Anonymous said...

it was true story .i had been lost 2 friends.



maung t

ကိုလူထွေး said...

အားရိုးရိုးရိုးရိုး....

ဇာတ်လမ်းထဲမှာ ကိုယ်ကိုတိုင် ပါဝင် သရုပ်ဆောင်နေရသလို ခံစားရပြီးမှ...

နောက်ဆုံးမှာ အမျှဝေ လွှတ်လိုက်တယ်...

ရက်စက်ပါ့ ဇာတ်ဆရာရယ်...

း(

Anonymous said...

ရေးချက်သားချက်က ရှယ်ပဲ ချစ်ညီရေ...

ဖတ်ဖူးသမျှ ညီ့လက်ရာတွေထဲက အကောင်းဆုံးတပုဒ်လို့ ထင်မိတယ်...

းဝ)

~ဏီလင်းညို~ said...

ကိုမြစ်ရေ...
ဖတ်ပြီးတော့ အိမ်လွမ်းလာသလိုလို.....
ခင်မင်တဲ့
ဏီလင်းညို

လင်းကြယ်ဖြူ said...

တကယ်ကို ကောင်းတဲ့ ရသမြောက်စာစုလေးပါခင်ဗျာ
အဝေးရောက်နေတဲ့ သူတွေအဖို့
အစစအရာရာ သတိထား နေထိုင်သင့်တယ်ဆိုတာဟုတ်ပါတယ်
ဇာတ်လမ်းထဲ က အဖြစ်မျိုးတွေ ကလည်း ဒုနဲ့ဒေး
ဖြစ်ခဲ့ရတာ တွေ မနည်းပါဘူး.....

အားလုံး အဆင်ပြေလို့
ပျော်ပါစေခင်ဗျာ
*.*.*

jr.လွင်ဦး said...

နယူးရီးယား အိမ်ပြန်ကြတဲ့ အချိန်မို့ထင်တယ်။
တော်တော်များများ အိမ် အကြောင်းတွေ ရေးထားကြတယ်။
နင်ရေးတာ အရမ်းကောင်းတယ် ကိုပိုင်။

flowerpoem said...

ကိုမြစ်ကျိုးအင်း အိမ်ပြန်ချင်နေပြီထင်တယ် အိမ်ပြန်ချိန်လေးကို ရသပေါ်လွင်အောင် တင်ပြထားပုံလေး တကယ်ကောင်းတယ်..

ဒဏ္ဍာရီ said...

ဖတ်ရင်းနဲ့ ပထမတော့ စိတ်ချမ်းသာလာသလိုနဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်း နာလည်ပြီး စိတ်မကောင်း ဖြစ်လာရတယ်။
ရသစုံနဲ့ ရေးထားတဲ့ ပိုစ့်လေးက ခံစားရတယ်။

ခင်မင်လေးစားလျှက်

ကြည်ဖြူပိုင် said...

နာမျက်ရည်လွယ်ပါတယ်ချိုမှ
နာနိုအောင် နင်ရုတ်တယ်
နိုပီးပြန်သွားပြီ :'(

မငုံ said...

မိသားစုနဲ့ အဝေးမှာ နေရချိန် မိဘတွေ ကျန်းမာအောင် ဆုတောင်းရတယ်။ ကိုယ်ပြန်သွားချိန် မိသားစုအားလုံးကို စုံညီစွာ ပျော်ရွှင်စွာ တွေ့ချင်ကြတယ်လေနော်။ ပိုစ်ကောင်းလေး။ ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်။

reenoemann said...

မြန်မာပြည်က အိမ်တွေက မိုးချုပ်တာနဲ့ ပိတ်ကြတာ။
ဒါပေမယ့် မင်းက ခြံတံခါးလည်း ဖွင့်လို့ရတယ်၊ဧည့်ခန်း
ထဲ အထိလည်း မင်းရောက်လာတယ်ဆိုတော့ ဘယ်လိုပါလိမ့်လို့ တွေးနေတာ။
ဒါမှမဟုတ် ဆိုဖာပေါ်မှာ ပဲ အိပ်တဲ့အချိန်မှာများ
မင်းကိုယ်မင်း ပေးသေလိုက်မလာလို့ ငါကတွေးနေတာ

ဇာတ်ကို ခေါ်လာတာကောင်းတယ်။ ဇာတ်သိမ်းမှာ ကျ
သွားတယ်လို့ထင်မိတယ်။ စိတ်မဆိုးနဲ့။ ကိုယ်ထင်တာ ကိုယ်ရေးတာနော်။

Anonymous said...

မထင်မှတ်တဲ့ အချိုးလေးနဲ့ ဇာတ်ကိုသိမ်းချလိုက်တာ..
အရမ်းကိုထိလွန်းပါတယ်ရှင်..။ ကိုမြစ်ရဲ့ စာတွေထဲမှာ ဒီပို့စ်လေးက တော်တော်ကို နှစ်သက်မိပါတယ်။

မြသွေးနီ

မေဇင် said...

စိတ်ကူးထဲမှာ အဲ့လို တိတ်တိတ်လေး အိမ်ပြန်နေကြပေါ့...ဒါပေမယ့် ဒီလို ဇတ်သိမ်းနဲ့မဟုတ်ဘူး ။ ပထမပိုင်းမှာ ကြည်နူးရသလောက် နောက်ပိုင်းမှာ ကြေကွဲရတယ်။ ဒီလိုမျိုး ဘယ်သူမှ ဇတ်မသိမ်းပါစေနဲ့ ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

သုတ၊ရသ တွေနဲ့ အတူ အားအင်တွေပါ ရရှိခံစားအောင် ရေးဖွဲ့ထားတာ ဖတ်ရသူအဖို့ ပိတိ၊ အလွမ်း၊ ရသမျိုးစုံအောင် ခံစားရတယ်ဗျာ။

အေးမြတဲ့အမေ့ရင်ခွင်မှာ မိသားစုစုံစုံညီညီနဲ့ ပျော်ရွှင်ချမ်းမြေ့သာယာ ပါစေလို့ ဆုမွန်ချွေလိုက်ပါတယ် အကို ရေ..

ခင်မင်စွာဖြင့်
ကိုမျိုး

မိုးစက်အိမ် said...

အရေးအသားရော ဇာတ်အိမ်ကပါဆွဲဆောင်သွားတယ်ဗျာ
ရင်လွဲအိမ် ဆိုတည်းကဇာတ်သိမ်းမကောင်းမယ်မှန်းတော့ကြို
သိပါတယ်ဒါပေမဲ့ ကျော်မဖတ်ဘဲ ဆုံးတဲ့အထိသေချာဖတ်
သွားပါတယ်...စာလည်းဆုံးရောတော်တော်လေး ဆွေးမြေ့ 
ခံစားလိုက်ရတယ်ဗျာ...မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သား
သမီးတွေအားလုံး ဒီလိုအဖြစ်ဆိုးမျိုးကနေလွတ်ကင်းကြပါစေဗျာ

ူlittlebrook said...

အိမ် အိမ် အိမ် ..

Angel Shaper said...

ရင်လွဲအိမ်တဲ့လားးး မျက်ရည်တောင်ဝဲမိတဲ့ ပိုစ့်လေးပါ။ ရင်ထဲကိုနင့်ခနဲနေအောင် လုပ်တတ်တယ်ဗျာ။
အဲလိုလေးတွေပေါ့ သမီး လေးစားအားကျရတာ။
မိဘ မောင်နှမတွေကို ချစ်ခင်တန်ဖိုးထားပြီး လုပ်ကျွေးပြုစုတတ်တဲ့သားသမီးတိုင်းကို ဘုရားသခင်ကောင်းကြီး ပေးပါစေ။
အကိုရေ...
အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေဗျာ။

အင်ကြင်းသန့် said...

ကိုမြစ်ကျိုးအင်း...
ဘ၀တူတွေမို့လားမသိဘူး၊ ရင်နဲ့အမျှခံစားပြီးဖတ်သွားပါတယ်...ဟုတ်တယ်နော်...ကျနော်တို့တွေ
ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲ အောက်ကျခံပြီးတော့ အလုပ်တွေလုပ်နေရပါစေ...မိဘနှစ်ပါးနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အပျော်တွေက ရှေ့ဆက်ဖို့ခွန်အားတွေပါပဲ...သူတို့အတွက်ကိုယ်တတ်နိုင်သလောက်လေး ဒီဘ၀မှာ ဖြည့်ဆည်းပေးခွင့်ရတဲ့သူဖြစ်နေရတာကိုပဲ ပီတိဖြစ်နေရတာပါ...ဒီလိုဇာတ်လမ်းလေးမျှဝေပေးတာကျေးဇူးပါ...ဒါပေမယ့် အဆုံးသတ်ကိုတော့ အဲဒီလိုကြီးလုပ်ဖို့မကောင်းဘူးထင်တယ် :(

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
အသစ်မတွေ့ တော့လည်းပြန်ဖတ်သွားပြန်ပါပြီဗျာ-

Co2zenith said...

အမေလည်း ကျွန်နော့ကို အမျှ ဝေနေလောက်ပီဗျာ ဖုန်းပြန်ဆက်ဖို့ အားမွေးပါတော့မယ် အကိုရာ၊၊

း(

လာတိုင်း ဟက်ထိတရ်

wai said...

စိတ်မကောင်းဘူး ။ တကယ့်ကို အိမ်ပြန်ချိန် အတွေးတွေကထပ်တူပါပဲ။ ဒီ့ထက်ဆိုးတဲ့အဖြစ်တွေလည်း ရှိပါသေးတယ်။ ရန်ကုန်လေဆိပ်ရောက်မှ အစ်ကိုနဲ့ အမေဆုံးတာသိရတဲ့အဖြစ်၊
ဝယ်လာတာတွေကို ဘာလုပ်ရမှန်းမသိတဲ့ဘ၀။ Electronics ကြိုက်တဲ့အစ်ကိုအတွက် ၀ယ်လာတာတွေ၊ အမေသုံးဖို့ ဆီးချိုစစ်တဲ့စက်ကို ဈေးကြီးပေးပြီးဇွတ်ဝယ်လာရပြီး အခုထိ သိမ်းထားရတာတွေ။ ကိုမြစ်ကျိုးအင်းရေ--- မိသားစုကိုသိတက်သော အဝေးရောက်ညီအစ်ကိုမောင်နှမများ ပျော်ရွှင်စေချင်ပါတယ်ဗျာ။

မြစ်ကျိုးအင်း said...

wai ရေ ကြားရတာ တကယ်ထိတယ်ဗျာ ။
ကျနော်တော့ အိမ်ကိုဖုန်းဆက်တိုင်း သားကိုချစ်ရင် ကျန်းမာရေးဂရုစိုက်ကြပါလို့ပဲ မှာဖြစ်တယ်ဗျာ။ ပြန်သွားရင် အရင်လိုပဲ လူစုံတက်စုံ တွေ့ချင်မိတယ်။ အရာရာက ကံတရားအတိုင်းပဲ မဟုတ်လား လူတွေ လုပ်နိင် သလောက်တော့ ဂရုစိုက်ပြီး နေစေချင်တာပါပဲ။

မောင်ဘကြိုင် said...

ဟူးးး ကိုယ်ချင်းစာတယ်ဗျာ
ဆုတောင်းပေးနေပါတယ်

ရွှန်းလဲ့ said...

သင်္ခါရရဲ့ ပုံစံတစ်မျိုးပေါ့....
ဖတ်လို့ ကောင်းပါတယ်....

ဇော် said...

တစ်ကယ်လက်ရာမြောက်ပါတယ်.. ခြံတံခါးကိုတွန်းဖွင့်ပြီး အိမ်ကလေးဆီကို ၀င်လာတဲ့အချိန် နေရာလေးအရောက်မှာ ဖတ်ရင်းနဲ့ ကိုယ်ကိုယ်တိုင် အိမ်ကိုပြန်သွားရသလိုပါပဲ.. ဧည့်ခန်းလေးထဲအ၀င်.. ဖေဖေနဲ့ဘောလုံးပွဲအတူကြည့်ရတော့မယ့် ဆိုဖာလေး.. နောက်ဆုံးမှာ ဖြတ်ချလိုက်တဲ့ ကြေကွဲမှု.. တစ်ကယ်ကို ခံစားရစေတယ်..။ (အဝေးရောက်နေသူများအားလုံး မိသားစုရဲ့ရင်ခွင်နဲ့ ချမ်းမြေ့စွာပြန်လည် ဆုံဆည်းနိုင်ကြပါစေ...။)

shwe said...

အကို မြစ်ကျိုးအင်းရေ
ဖတ်ရင်းနဲ့ မျက်ရည်တောင်ကျမိတယ်....
တကယ်များလားလို့တွေးပီး စိတ်လဲပူမိသေးတယ်.
အကယ်ကောင်းတဲ့ စာလေးပါ မမြဲလာအားပေးနေပေမယ့် ခုမှကော့မက်ပေးမိတာပါ...

မြစ်ကျိုးအင်း said...

shwe ရေ
အားပေးတဲ့ အတွက် ကျေးဇူးပါနော်

Khaing Thazin said...

စိတ်ဝင်တစားနဲ့ ဖတ်လာတာ...
နောက်ဆုံးလည်း ရောက်ရော..ကြက်သီးတွေ ထပြီး
ရင်ကို ဒိုင်းကနည်း လာထိတယ်..
ဘုရား ဘုရား..
ကောင်းလိုက်တဲ့ စာ..
တော်လိုက်တဲ့....“တစ်ကိုးကင်း”

မိုးယံ said...

စာချုပ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ အမေ့လက်တို့ တုန်နေသည်တဲ့လေ... ကိုစဉ်းစားရင်း တစ်ခုခုတော့ တစ်ခုခုပဲဆိုပြီး မျက်ရည်တော့ ၀ဲလာတယ်..

ထိုအသိဖြင့် ကျွန်တော့်ကိုကျွန်တော် ငုံကြည့်ဖြစ်သည်..

အိုးးးးးးးး

အဲဒီမှာ နည်းနည်းခန့်မှန်းမိတယ်....
အနီရောင်နဲ့ရေးထားတဲ့ စာကို ဖတ်ပြီးရင်ထဲမှာ ဆို့နင့်လာတယ်...

အဲလို တိတ်ဆိတ်တဲ့ ညချမ်းအချိန်မျိုးမှာ အိပ်ခန်းထဲက ထွက်လာတဲ့ အမေက ..“ သားလေးရေ အမျှ.... အမျှ.... အမျှ ..” ဆိုတဲ့ အသံကို ၀မ်းနည်းသံကြီးနဲ့ ဖြည်းဖြည်းချင်း ငိုပြီး ပြောတာဗျ... ပုံဖေါ်ပြီး တော်တော်ထိတယ်.. ဦးမြစ်စာတွေ ရေလည်မိုက်တယ်.. ကိုယ်ကလည်း အဲလို ဇတ်မပေါင်းတာတွေကို ပိုနှစ်သက်တယ်...

တစ်လုံးချင်းကို ဈာန်ဝင်ရင်း သေချာဖတ်နေတာ ဆိုတော့ နိုင်ငံခြားက နေ အသိမပေးပဲ ပြန်လာတဲ့သား အိပ်ချိန်ကြီး အိမ်ထဲကို သော့မဖွင့်ပဲ ၀င်လာတယ်ဆိုတော့ တွေးမိသား... ဆုံးအောင်ဖတ်ပေမယ့်လဲ ရသ အပြည့်ပါတုံးပဲ ဦးမြစ်ရယ်

ဟိုဘက်က စက်ကနေ သွားဖတ်တယ်... ကွန်မန့်တွေ သေချာရေးပြီးမှ ဗြုန်းကနဲပျက်သွားတယ်
ဒီမှာ ပြန်လာမန့်တော့ ခုနက စာတွေနဲ့ မတူတော့ဘူးဗျာ..

Anonymous said...

ွှအရမ်းကို အရေးအသား ပိုင်နိုင်ထိမိပြီး စာဖတ်သူကို ဆွဲခေါ်သွားနိုင် ပါတယ် ကိုမြစ်ရေ...

Genius လို့တောင်တင်စားလောက်ပါပေတယ်

အဆုံးသတ်လေးကတော့ တကယ်ထိမိတယ်. ခေါင်းစဉ်ဖတ်ပြီးကတည်းက ဆို့နင့်စရာလေးတွေပါလာမယ်ဆိုတာ ကြိုတွေးထားမိပေမယ့် အရေးအသားနောက်ကို မျောပါသွားမိတယ်ဗျာ...

spring said...

ကိုမြစ်ေ၇း>>>

အိမ်နဲ့ဝေးနေလို့လားမသိတော့ဘူး ဒီ၇င်လွဲအိမ် ဖတ်ပြီးငိုနေပြီ>>>>>>>>>>>>>>

အရှင်ဃောသက said...

ဘုန်းဘုန်း ဖတ်သွားပါသည်။ ရသမြောက်ပါသည်။ စီစစ်ရေးအဖွဲ့က နမူနာ ပုံစံ လင့်လုပ်ပေးလိုက်၍ သေချာ ဖတ်သွားပါသည်။

အောင်မြင်ပါစေ..

Anonymous said...

အကိုရေ ကြိုက်လို.share ခွင့်ပေးပါ။ပြီးတော့ ဘယ်တုန်းက ညီမ ဒီဝတ္ထုကိုဖတ်ဘူးလဲမသိဘူး။

 

Posts Comments

©2006-2010 ·TNB