မလှည့်နိင်တဲ့ကြွေ မခုန်နိင်တဲ့ကြက်

30 January 2010



လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းကတော့ ရွှေသာယာရွာဆိုတာ အင်မတန်စည်ကားခဲ့တဲ့ ရွာကြီးပေါ့လေ။ ရွာနီးချုပ်စပ် ပါတ်ဝန်းကျင် ရွာတွေက အမှီသဟဲ ပြုရလောက်တဲ့အထိ လယ်ယာချောင်းမြောင်းနဲ့ ကြွယ်ဝချမ်းသာသူတွေ ရှိခဲ့တဲ့ ရွာကြီးဖြစ်ခဲ့လေရဲ့။ ဆိုရရင် ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း လေး ငါး ဆယ်လောက်က အထိ မှန်ခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ ဒါပေမယ့် ရွာလူကြီးတွေ အချင်းချင်း အယူဝါဒမတူညီရာကနေစပြီး ရွှေသာယာရွာကြီးရဲ့ တည်ငြိမ်မှု အက်ကြောင်းထင်လာခဲ့တယ်။ ကြမ္မာဆိုးဝင်ချင်တော့ ရွှေသာယာရွာကို အုပ်ချုပ်တဲ့ ရွာသူကြီးကိုဆန်း ခွေးရူးကိုက်ခံလိုက်ရပြီး ဆုံးပါးသွားတယ်။ အဲဒီနောက်ပိုင်းကစပြီး ရွှေသာယာမှာ ရွာသူကြီးနေရာ အပြိုင်အဆိုင်လုကြရင်း မဲဆွယ်ကြရင်း တဖက်နဲ့တဖက် အငြင်းအခုန်တွေ စဖြစ်လာတယ်။ စကားလုံးတိုက်ပွဲတွေ ဆင်နွဲကြတယ်။ နောက်ဆုံး တုတ်တပြက် ဓါးတပြက်အထိ ဖြစ်ပြီး ရွှေသာယာရွာလည်း နှစ်ခြမ်းကွဲ 
သွားရတော့တာပါပဲ။ ဒါက ရွှေသာယာနဲ့ ပါတ်သတ်တဲ့ သမိုင်းကြောင်းပေါ့။

အဲဒီနောက်ပိုင်းတော့ ရွာလယ်ကနေ ဖြတ်စီးဆင်းနေတဲ့ သာယာအေးချောင်းက ရွာနှစ်ရွာရဲ့ နယ်နမိတ်စည်း ဖြစ်လာတော့တယ်။ စစ်စေးပင်တွေ ရှိနေတဲ့ မြောက်ဘက်အခြမ်းက ရွာကို စစ်စီးတော(စစ်စေးတော) ရွာလို့ ခေါ်ပြီး သပြေပင်တွေ ပေါက်ရောက်တဲ့ တောင်ဘက်ခြမ်းကိုတော့ သပြေတန်းရွာ လို့ အလွယ်ခေါ်ရာကနေ အခုတော့ စစ်စီးတောရွာ နဲ့ သပြေတန်းရွာရယ် ဆိုပြီး ရွာနှစ်ရွာ ဖြစ်လာတော့တာပါပဲ။ သာယာအေးချောင်းကို တံတား တစ်စင်း ထိုးထားပေမယ့် တရွာနဲ့ တရွာ ကူးလူးဆက်ဆံမှု အင်မတန် နည်းပါတယ်။

ဝတ္ထုတွေထဲကလို နှစ်ခြမ်းကွဲ ရွာတွေရဲ့ပုံစံအတိုင်း တစ်ရွာမှာ ဘုန်းကြီးကျောင်းရှိပြီး နောက်တစ်ရွာမှာ သင်္ချိုင်း ရှိတာမျိုးလည်း မဟုတ်ပါဘူး။ ကိုယ့်ရွာနဲ့ကိုယ် ဘုန်းကြီးကျောင်းကိုယ်စီ သင်္ချိုင်း ကိုယ်စီ ရှိကြတာပါပဲ။ အဲ..သပြေတန်းဘက်က သင်္ချိုင်းမှာ မြေပုံတွေ ပိုများတာတော့ စစ်စီးတောထက် ပိုသာတာ တခုလို့ပြောရင်ရမယ်။ ဒါကလည်း သပြေတန်းဘက်မှာနေတဲ့သူ ပိုများတာကြောင့်လို့  ယေဘူယျ
ကောက်ချက်ချရမှာပါ။

ပြောရရင် ရွာနှစ်ရွာ ကွဲပြီးချိန်ကစပြီး သပြေတန်းရွာက ခေတ်အဆက်ဆက် လယ်ယာလုပ်ငန်း လုပ်ကိုင် စားသောက်ခဲ့ကြတာကြောင့် စစ်စီးတောထက်ပိုပြီး ဆင်းရဲနှုံချာတယ်လို့ ဆိုရမယ် ။ စစ်စီးတောကတော့ သပြေတန်း နဲ့ ဆန့်ကျင်ဘက်ပါပဲ။ သားသတ်လိုင်စင်ယူပြီး ရွာနီးချုပ်စပ်ကို အသားငါး ဖြန့်ဖြူးရောင်းချသလို အရက်ချက်တဲ့သူ အမြောက်အမြား ရှိတာကြောင့် သပြေတန်းထက်စာရင် ပိုပြီး ကြွယ်ဝချမ်းသာသလို သပြေတန်းနဲ့ ယှဉ်ရင် ပိုပြီးစရိုက်ကြမ်းတယ် လို့ ဆိုရမယ်။ ဒါကြောင့်လည်း သပြေတန်းဘက်က ငါတိုရှူတဲ့လေက ပိုလတ်ဆတ်တယ်ဆိုပြီး ရွာထဲက နောက်တက်လူငယ်တွေကို အားပေးလေ့ ရှိတယ်။

ရွာနှစ်ရွာက အကူးအလူး အဆက်အဆံ နည်းတယ်ဆိုပေမယ့် စပါးပေါ်ချိန် တချိန်တော့ ရွာနှစ်ရွာ အဆက်အဆံ ရှိကြတယ်။ ဒီဘက်နယ်တကြောရဲ့ အစွဲလမ်းဆုံး ဝါသနာ တခုကတော့ ကြက်တိုက်ကြတယ်။ ဒါကြောင့် သပြေတန်းရွာဘက်မှာ စပါးပေါ်ပြီး ငွေစကြေးစ ရွှင်တဲ့အချိန်ဆို စစ်စီးတောရွာ နဲ့ ချိန်းပွဲလေးတွေ ရှိတော့တာပါပဲ။ နဂိုအခံ အငြိုးလေးတွေ ရှိတာကြောင့်လည်း ချိန်းပွဲတိုင်းက မြိုင်မြိုင်ဆိုင်ဆိုင်လည်း ရှိတတ်ကြတယ်။ ကြက်ပွဲမှာ စစ်စီးတောဘက်ရော သပြေတန်း ဘက်ပါ ရွာလုံးကျွတ် ရှိသမျှပုံလောင်းကြတယ်။ အောလောင်းကြတယ်။ လယ်, လယ် ချင်းထပ်ပြီး လောင်းကြတယ်။ 

ရွာနှစ်ရွာလုံးမှာ ကြက်သမား တွေ ကိုယ်စီရှိကြပေမယ့် စပါးပေါ်ချိန်ရောက်ပြီး ငွေစကြေးစ ရွှင်ပြီဆို တရွာထဲသားချင်း ကြက်တိုက်လေ့ မရှိဘဲ တဖက်ရွာနဲ့သာ ချိန်းပြီး ကြက်တိုက်လေ့ရှိကြတယ်။ ကြက်ပွဲရဲ့ အနိင်အရှုံးက ရွာတစ်ရွာချင်းစီရဲ့ ဂုဏ်သိက္ခာဖြစ်သလို တချို့တွေ အတွက် ပုံအောရင်းနှီးထားရတဲ့ ဘဝတခုလုံးစာလည်း ဖြစ်နေတော့တယ်။

ဒါကြောင့် စပါးပေါ်ဖို့ သုံး လေးလ အလိုလောက်ထဲက ရွာရဲ့ ကြက်သမားတွေက ကိုယ့်ရဲ့တိုက်ကြက်ကို တသသ လုပ်နေကြသလို ချိန်းပွဲရက်နီးရင်လည်း ဗေဒင်မေးကြ ယတြာချေကြ ကြက်တိုက်မယ့်နေ့မှာ ကြက်ကု(ကြက်ကိုင်)က ဘာအရောင် ဝတ်ရမယ် ၊ တိုက်မယ့်ကြက်ကို ဘာနေ့နံနဲ့နာမည်ပေးရမယ် စသဖြင့် စေ့စေ့စပ်စပ် ပြင်ဆင်လေ့ ရှိကြတယ်။ သပြေတန်းဘက်က ကိုရင်ဘုန်း နဲ့ စစ်စီးတော ဘက်မှာတော့ ကြက်သမား သန်းအေးက ကြက်ကာလသားခေါင်းတွေလို့ ပြောရင်ရမယ်။ ကြေးအကြီးဆုံး ချိန်းဝိုင်းကြီးတွေကို သူတို့တွေရဲ့ ကြက်နဲ့ပဲ တိုက်လေ့ရှိသလို စစ်စီးတော နဲ့ သပြေတန်း တရွာလုံးကလည်း ယုံယုံကြည်ကြည်နဲ့ ပုံလောင်းလေ့ ရှိကြတယ်။ 

တရွာလုံးက ယုံကြည်အားကိုးရလောက်အောင်လည်း သူတို့တွေက ကြက်နဲ့ ပါတ်သက်ရင် စနစ်တကျရှိတယ်။ ဂရုတစိုက်ရှိတယ်။ ဝါရင့်ကြက်သမားတွေပီပီ ကြက်ကိုဂရုတစိုက်နဲ့ ပြုစုတယ်။ တိုက်ကြက်ကောင်းတစ်ကောင်ဖြစ်လာဖို့ အချိန်ပြည့် ဂရုတစိုက်နဲ့ပြုစုတယ်။

ကြက်အစာကောက်တဲ့အခါ နှုတ်သီးနာမှာ စိုးလို့ အိုးအဝကို ပိတ်စည်းပြီး အဲဒီ ပိတ်ပေါ်မှာ အစာကို တင်ကျွေးတယ်။ တိုက်ကြက်တွေအတွက် အသင့်တော်ဆုံးဖြစ်တဲ့ လုံးတီးဆန် ကျွေးတယ်။ အခွံမချွတ်ရသေးတဲ့ စပါးကျွေးတယ်။ ဆန်အကောင်းစားကျွေးလို့ တိုက်ကြက်အတွက် ပိုပြီးအားရှိစေမှာ မဟုတ်ဘူး။ ဆန်အကောင်းစားကျွေးရင် ကြက်တွေမှာ အဆီတွေ တက်လာတတ်လာတယ် ။ ကြက်တောင်ပံကို မပြီးကြည့်လို့ တောင်ပံအရင်း အရေပြားအောက်မှာ ဝါနေတာ မြင်ရင်အဆီရှိနေပြီ ။ ဒါဆိုရင် အဆီကျတဲ့အထိ နေ့စဉ်ရက်ဆက် နေပူထဲမှာ ကြိုးချည်ထားပေးပြီး ကြက်ကို ကိုယ်ရေစစ်ပေးရတော့တာပဲ။

တိရိစ္ဆာန်ဆိုပြီး အဆင်ပြေသလို အိပ်ဆိုပြီးလည်း လုပ်လို့မရပြန်ဘူး ။ ညသိပ်ရင် ခြင်ထောင်ချပေးရတယ်။ ကြက်ကို ခြင်ကိုက်လို့ အိပ်ရေးပျက်ရင် ကြက်မှာ အားကုန်တတ်တာကြောင့် ကြက် ပိုင်ရှင်သာ ပုဆိုးခြုံပြီး ကွေးရ ကွေးရ ကြက်ကိုတော့ ခြင်ထောင်နဲ့ ကျကျနန သိပ်ရတာပါပဲ။ ကြိုးပုခက် ကို ခြင်ထောင်ချပြီး ကြက်ကို ကြိုးပုခက်ပေါ်မှာ အိပ်စေတယ်။ ကြိုးတန်းပေါ်မှာ ကြက်က ခြေနှစ်ချောင်းနဲ့ ကုပ်ပြီးအိပ်တော့ ကြက်ရဲ့ခြေကုပ်အား ကောင်းလာသလို အောက်ပိုင်းလည်း ခိုင်စေတယ်ပေါ့လေ။ နေဝင်မိုးချုပ်မှာ အိပ်တန်းတက်သွားတဲ့ ကြက်ကို ညသန်းခေါင် ရောက်ရင် တခါနိုးပြီးအစာကျွေးရပြန်တယ်။ အစာထပ်စားပြီး ပြန်အိပ်သွားတော့ ကြက်မှာ ပိုပြီးအားရှိ စေတယ်လို့ ယုံကြည်တာ ကြောင့်ပါပဲ။

မနက်နိုးလာရင်လည်း ကြက်ကို ရေကိုင် ရတယ်။ ရေကိုင်တယ်ဆိုတာ ကြက်ရဲ့တောင်ပံတွေထဲကို ရေဆွတ်ပြီး လက်နဲ့သပ်ချရင်း ကြက်ရဲ့ပေါင်တွေကို လက်နဲ့ဆုပ်နယ်တာမျိုးပါ။ ဒါကလည်း နေ့စဉ်ရက်ဆက် မနက်တိုင်း လုပ်ရတာပါပဲ။ တိုက်ကြက်တိုင်းကို ဂရုတစိုက်မွေးထားရပေမယ့် စိတ်ချရတဲ့ တိုက်ကြက်ကောင်း ရဖို့တော့ ကံလိုက်ဖို့လည်း လိုသေးတယ် ။ တွန်သံစူးမှ အတက်စူးတယ် ဆိုတော့ ကြက်တွန်သံလည်း ဂရုစိုက်ပြီးနားထောင်ရတယ်။

ထွန်းကြက်တွေနဲ့ ဆုံမှာတော့ ကြက်သမားတိုင်းစိတ်ပူတာပါပဲ။ တိုက်ကြက်မျိုးကောင်းကနေ လေး ငါးကောင် ပေါက်လာပေမယ့် အမွှေးက ရစ်နဲ့တူတဲ့ကြက်မျိုး၊ တချို့က စစ်တကောင်းလို့ခေါ်တဲ့ ခေါင်းမှာ အမောက်အကြီးကြီးရှိတဲ့ နယားကြက်မျိုး။  နောက်တမျိုးကတော့ မဂို လို့ခေါ်တဲ့ ကြက်မျိုးတွေကို ထွန်းကြက်လို့ သတ်မှတ်ကြတယ်။ ထွန်းကြက်ဆိုရင် မကောင်းဘူးလို့ ယေဘူယျ သတ်မှတ်ပေမယ့် တမိပေါက် တယောက်ထွန်း ဆိုသလို ကြက်ကောင်းကောင်းရရင်တော့ ဒီနယ်တကြောမှာ လုပ်စားပေတော့ပဲ။ ထွန်းကြက်ဖြစ်တဲ့ မဂိုနဲ့ပါတ်သတ်ပြီး ကြက်လောကမှာ စာချိုးလေးတောင် ရှိသေးတယ်။ 

"မဂိုကောင်း ကျောင်းဆောက် ၊ မဂိုမခဲ မယားဆဲ" တဲ့လေ။
မဂိုကြက်များ ကောင်းပြီဆို ကျောင်းဆောက်ရလောက်အောင် အကျိုးပေးနိင်ပွဲ ရတတ်ပေမယ့် မဂိုကြက်က မခဲရင်တော့ ရှုံးလို့ မယားဆဲတာတောင် ခံရမယ်ဆိုတဲ့ စာချိုးပါပဲ။ မဂိုဆိုတာ မြင်လွယ်အောင် ပြောရရင် ကြက်မနဲ့တူတဲ့ ကြက်ဖမျိုးပေါ့။ ခန္ဓာကိုယ် အရောင် မဲပုပ်ပုပ် ပေါ်မှာ အဝါပြောက်နဲ့ အဖြူပြောက်တွေ ရှိပြီး ခေါင်းပုံစံက ကြက်မနဲ့ ခပ်ဆင်ဆင်တူတယ်ဆိုတော့ အကြောမနပ်တဲ့သူကတော့ အထင်သေးနိင်တာပါပဲ။

ကြက်သမားသန်းအေးက ကြက်မွေးကောင်းသလို ကြက်ကုကောင်းတဲ့သူအဖြစ်လည်း ဒီနယ်တကြောက ကြက်လောကမှာ နာမည်တလုံးရထားသူ ဆိုရင်မမှားပါဘူး။ သူ့အတွက်တော့ ကြက်တိုက်နေရရင် ထမင်းမေ့ ဟင်းမေ့ပါပဲ။ ဘယ်ရွာမှာ ကြက်ပွဲရှိလည်း သန်းအေး ရောက်အောင် သွားတယ်။ လိုအပ်လို့ အကူအညီတောင်းလို့ သူ့ကို ကြက်ကု လုပ်ခိုင်းရင်လည်း ငြင်းလေ့မရှိဘူး ကြက်အကြောင်းလည်း ကောင်းကောင်း နားလည်သလို ကြက်ကိုင်ရာမှာလည်း သူကညင်သာပါးနပ်တယ်။ ကြက်ပွဲမှာ သူကိုင်ပေးတဲ့ကြက် နှုတ်သီးမြေထောက်ရာကနေ တချက်ကောင်း ပြန်ခွပ်ပြီး နိင်ပွဲရခဲ့တဲ့ ပွဲတွေလည်း မနည်းဘူးဆိုတော့ သူ့ကို ယုံကြည်ကြတာလည်း ဖြစ်သင့်တယ်လို့ ဆိုရမယ်။

အခုလာမယ့် စပါးပေါ်ချိန် ချိန်းပွဲအတွက်တော့ စစ်စီးတောဘက်က ဖောင်းစိမ်း လေးနဲ့ တိုက်မယ်ဆိုပြီး သန်းအေးကသတင်း လွှင့်ထားတယ်။ ဖောင်းစိမ်းဆိုတာ ကြက်တကိုယ်လုံး အဖြူရောင်ဖြစ်ပြီး အနားလေးတွေမှာ အစိမ်းရောင်လေးတွေ ရောစပ်ထားတဲ့ ကြက်မျိုးပေါ့ ။ စစ်စီးတောနဲ့ သပြေတန်းအတွက် စည်းကမ်းတစ်ခု အနေနဲ့ ချိန်းပွဲရဲ့ လောင်းကြေး အကြီးဆုံးပွဲကို ပွဲမတိုးဖူးတဲ့ ကြက်နဲ့ တိုက်လေ့ရှိကြတယ်။ အရင်နှစ်က ပွဲဝင်ခဲ့ဖူးတဲ့ တစ်မွှေးတိုး(တနှစ်သား) နှစ်မွှေးတိုး(နှစ် နှစ်သား) ကြက်တွေကို ပွဲကြီးအတွက် သုံးလေ့မရှိကြဘူး။ ဒါကြောင့် ပွဲမဝင်ဖူးတဲ့ ကြက်ကို ဘယ်လောက်အထိ လေ့ကျင့်ပေးနိင်လည်း ခွပ်လက်ကောင်းကောင်းချနိင်လည်း ဆိုတာအပေါ်မှာ အနိင်အရှုံးက မူတည်နေတယ်။

ခွပ်လက်ချတယ်ဆိုတာ တခြားတိုက်ကြက်တကောင်နဲ့ အရင်ခွပ်စေတာမျိုးပေါ့။ ပြိုင်ပွဲမဝင်ခင် အကြိုခြေစမ်းတဲ့ သဘောလို့လည်း ပြောရင်ရမယ် ။ အဓိကကတော့ ပွဲဝင်မယ့်ကြက်ရဲ့ အနေအထားကို သိချင်သလို ပွဲမစိမ်းအောင် ခွပ်လက်ချ ပေးတာမျိုးပေါ့။ ခွပ်လက်တခါ ချပြီးရင် ကြက်ကိုချွဲတွေ ထုတ်ပေးဖို့တော့ မမေ့မလျော့ သတိထားရတယ်။ ချွဲထုတ်တယ်ဆိုတာကလည်း လူက မတ်တပ်ရပ်ပြီး ကြက်ရဲ့ခြေနှစ်ချောင်းကို ပေါင်ကြားညှပ်၊ ကြက်ကို ဇောက်ထိုးထားပြီးမှ ကြက်နှုတ်သီးထဲ ရေလောင်းထည့်ပြီး ကြက်ရဲ့လည်ပင်းကို ခပ်ဆတ်ဆတ်လေး ပုတ်ပေးရတာမျိုးပါ။  ဒီလိုလုပ်မှ ကြက်လည်ပင်းထဲက ချွဲတွေ ထွက်လာပြီး ကြက်မှာ နေသာထိုင်သာ ရှိတော့တာပေါ့။ ကြက် နှစ်ကောင် ခွပ်ပြီးလို့ ချွဲမထုတ်ပေးရင် နောက်တစ်နေ့ အဲဒီကြက် ချွဲကျပ်ပြီး သေတာပါပဲ။

သန်းအေးက သူ့ကြက်ကို ခွပ်လက်တခါချ ပြီးရင် သုံးပါတ်တိတိ အနားပေးတယ်။ အစာကောင်းကောင်း
ကျွေးပြီး အားမွေးစေတယ်။ ပြီးရင် နောက်တကြိမ် ခွပ်လက်ချပြန်တယ်။ ပထမအခေါက် ခွပ်လက်ချတာ တစ်နာရီ ကြာရင် နောက်တကြိမ် ခွပ်လက်ချတာကို တစ်နာရီ ထက်ပို ပေးတယ်။ တကြိမ်ထက်တကြိမ် အချိန်တိုးပြီး ခွပ်လက်ချလို့ သုံးလေး ကြိမ်ဆိုရင် ပွဲဝင်ဖို့ လုံလောက်ပြီလို့ သူကသတ်မှတ်လိုက်ပြီ ။ ခွပ်လက်ချတဲ့ အချိန်မှာ အနာတရ မရှိဖို့တော့ တဖက်ကြက်ကိုရော သူ့ကြက်ကိုပါ အတက်တွေကို ဖုံးအုပ်ချည်နှောင် ပေးထားရတယ်။ ခွပ်လက်ချတဲ့ပွဲမှာလည်း သူ့ကြက်ရဲ့ တောင်ပံအားယူပုံ
ခေအနှုတ်အသိမ်းတွေကို ကြည့်ပြီး သန်းအေး အားရ ကျေနပ်နေမိတယ်။

ဒီတော့ ဒီနှစ်လည်း အရင်အကြိမ်တွေလိုပဲ သူ့ရဲ့ကြက် အနိင်ရမယ်လို့ သန်းအေးကယုံကြည်နေတယ်။ ဒီနယ်ဘက် မှာတော့ သေနတ် လို့နာမည်ပေးထားတဲ့ သူ့ရဲ့ကြက်တွေကို ပြိုင်ဘက်တိုင်း အလေးအနက် ထားကြရတယ်။ သန်းအေးက သူ့ရဲ့ကြက်တိုင်းကို သေနတ်လို့ နာမည်ပေးထားတယ်၊၊ ဗေဒင်ယတြာတွေကို ယုံကြည်တဲ့ သန်းအေးကို ရွာဦးကျောင်းက ကပ္ပိယကြီး အဘဝင်းက သေနတ်ဆိုတဲ့ နာမည်ကို အခါတော်
ပေးထားတာပေါ့။ ကြက်ကပဲကောင်းတာလား ပေးထားတဲ့နာမည် သေနတ်ကပဲ စွမ်းတာလား မသေချာပေမယ့် သန်းအေးကတော့ ကြက်ပွဲတိုင်း အောင်လံ ထူနိင်တာပါပဲ။ သေနတ်ကို ယုံကြည်တဲ့ စစ်စီးတော ရွာသူရွာသား တွေလည်း စိုစိုပြေပြေပေါ့လေ။

ဒီနှစ်ကို သပြေတန်း ဘက်အခြမ်းက ကိုရင်ဘုန်း တို့ကလည်း အထူးအားထားကြတယ်။ ဒီတကြိမ်ကို ဝမ်းဆက်ကြက် နဲ့ တိုက်ဖို့ရွေးချယ် ထားလိုက်တယ်။ ဝမ်းဆက်ဆိုတာ အမွှေးက အနီရောင်ဆိုရင် ခြေထောက်လည်းအနီ မျက်လုံးလည်းအနီနဲ့ တကိုယ်လုံးအနီရောင် ဒါမှမဟုတ် အနက်ရောင်ဆိုလည်း တကိုယ်လုံး အနက်ရောင် ရှိတဲ့ကြက်မျိုးပါပဲ။ တိုက်ကြက်ကောင်းကို ရှာထားပြီး သေသေချာချာ လေ့ကျင့် ပေးထားသလို သန်းအေးရဲ့ သေနတ်ကို နိင်ဖို့လည်း တတ်သိနားလည်တဲ့ လူကြီးတွေကို မေးပြီး ပွဲဝင်မယ့် ကြက်ကို နာမည်ပေးထားပြီးပြီ။

အခုတကြိမ် ပွဲဝင်မယ့် ကြက်နာမည်က မေတ္တာ တဲ့ ။
ဒီတော့ တွေ့ကြပြီပေါ့ သေနတ်နဲ့မေတ္တာ။
ကြက်ပွဲမှာ ဗေဒင်သဘောတရား၊ ကတ်ကင်းသဘောတရားတွေ ပါမပါ မသေချာပေမယ့်သေနတ်ကို
မေတ္တာနဲ့ အနိုင်ယူမယ်ဆိုပြီး တချို့တွေကတော့ လက်ခမောင်းခတ်နေသလို စိတ်ကူးနဲ့ ကြည်နူးနေတဲ့ သပြေတန်းရွာသားတွေလည်း မနဲမနောပါပဲ။ အရင်တခေါက်က သေနတ်ကို ရှုံးခဲ့ရတဲ့ ရှုံးကြွေးလည်း ဒီတကြိမ်တော့ ပြန်ဆပ်နိင်ကောင်းပါရဲ့လို့ တွေးထားကြတယ်။ ကြက်ပွဲအနိင်အရှုံးက သူတို့ သပြေတန်းတရွာလုံးရဲ့ အောင်ပွဲဖြစ်တဲ့အပြင် ကြေးကြီးကြီး လောင်းထားကြတော့ ဘဝတခုလုံးစာ လောင်းကြေးလို့ ပြောရင် မမှားနိင်ဘူးပေါ့လေ။

ဒီလိုနဲ့ ချိန်းပွဲနေ့ရောက်တော့ သာယာအေးချောင်းနဘေးက ကညင်ပင်ကြီးအောက်မှာ နှစ်ရွာလုံးကျွတ်နီးနီး
ရောက်နေကြတော့တယ်။ ကြက်နှစ်ကောင် ကပ်ပြီး စိန်ခေါ်တဲ့ ပွဲအသေးလေးတွေကလည်း မနက်ပိုင်းထဲက သူ့အစုနဲ့သူ ရှိနေကြတယ်။ ကြက်သမားတွေက ကိုယ့်ကြက်ကိုယ်ပိုက်ထားပြီး ကိုယ်ပြိုင်ချင်တဲ့ ကြက်တွေ့ရင် ကြက်ကြက်ချင်း ကိုယ်လုံးချင်း တချက်ကပ်လိုက်ရင်ဒါဟာ ကြက်ပွဲရဲ့ စိန်ခေါ်နည်းတမျိုးပါပဲ။ ပြီးရင်တော့ ကိုယ့်ကြက်ကို လာကပ်တဲ့ကြက်ရဲ့ အလုံးအရပ် ၊ ကြက်အတက် အရှည်တွေတိုင်းပြီး အလုံးအရပ်တူရင် ဒဲ့ လောင်းကြတယ်။ 

တဖက်က အလုံးအရပ် ကြီးနေရင် တော့ ကြေးကြောပေးခိုင်းပြီး လောင်းလေ့ရှိကြတယ်။ ကပ်လောင်း တဲ့ပွဲလေးတွေ ရှိနေပေမယ့် ချိန်းပွဲဖြစ်တဲ့ စစ်စီးတောက သန်းအေးရဲ့ သေနတ်နဲ့ သပြေတန်းက ကိုရင်ဘုန်းတို့ရဲ့ မေတ္တာရဲ့ ချိန်းပွဲကိုပဲ လူတွေက မျှော်လင့်အားထားကြတယ်။ ကိုယ့်ရွာဘက်ကနေ ကိုယ်စီကိုယ်စီကြေးကြီးကြီးလည်း လောင်းကြေး ထပ်ထားကြတယ်။ စစ်စီးတောဘက်ကလည်း သေနတ်ကို ယုံသလို သပြေတန်းဘက်ကလည်း မေတ္တာကို ယုံကြည်ထားကြတယ်။ စစ်စီးတောဘက်က သေနတ်ပါရင် ပွဲပြီးတယ်လို့ ကြွေးကြော်ကြသလို သပြေတန်းဘက်ကလည်း မေတ္တာဆိုတာ အရာရာကို အနိင်ယူပါတယ် ဆိုပြီး အားတက်စဖွယ်တွေးကြတယ်။ 

ဒီလိုနဲ့ အားလုံးမျှော်လင့်နေကြတဲ့ တချို့တွေအတွက်ဘဝတခုလုံးစာ ရင်းထားကြတဲ့ သန်းအေးနဲ့ ကိုရင်ဘုန်းရဲ့ ကြက်ပွဲကြီး စပါပြီ။ ပွဲစပြီး သိပ်မကြာခင်မှာပဲ မေတ္တာက အသာစီး ရနေတော့ ဒီတခါ တို့အလှည့်ကွ ဆိုပြီး သပြေတန်းကလူတွေ ပျော်မဆုံး တပြုံးပြုံး ဖြစ်နေကြတယ်။ စစ်စီးတောဘက်က
ကြေးကြီးကြီး လောင်းထားတဲ့သူတွေလည်း ရင်တမမပေါ့လေ။

ဒီပွဲကိုတော့ စစ်စီးတော့ဘက်က သန်းအေးနဲ့ သပြေတန်းဘက်က ကိုရင်ဘုန်းတို့က ကြက်ကု လုပ်ကြတယ်။ ကြက်ပွဲတပွဲမှာ ကြက်ကုရဲ့ အခန်းကဏ္ဍက အဓိကကျလွန်းတယ် ကြက်ကုကောင်းရင် ခေါင်းငိုက်နေတဲ့ ကြက်တောင် တချက်ကောင်း ခွပ်ပြီး ပွဲသိမ်းပေးနိင်တယ် မဟုတ်လား။ ခွပ်လက်ချပေးချိန်မှာလည်း ကိုယ့်ကြက်အကြောင်း ကိုယ်သိထားကြတယ်။ ကိုယ့်ကြက်ကတော့ ဘယ်လိုဘယ်ပုံ ခွပ်လေ့ရှိတယ်ဆိုတာ သိနေလို့ အခုချိန်မှာ ကိုရင်ဘုန်းတို့ရဲ့ ကြက် အသာစီးရနေပေမယ့် သန်းအေးကတော့ သူ့ရဲ့ ကြက် အတွက် စိတ်မပူပန်ပါဘူး။

ပွဲစပြီး တစ် နာရီ နီးနီးအထိ အပြန်အလှန်ခွပ်နေပေမယ့် မေတ္တာက ပိုပြီးတက်တက်ကြွကြွ ရဲစိတ်ရဲမာန်တွေ အပြည့်နဲ့ ခွပ်နေတယ် ။ သေနတ်ကတော့ အပူးမခံဘဲ လေထဲမှာ ဆုံတိုင်းပြန်ပြန်ပြီး ရိုက်ချနေတယ်။ 
ဘေးက ကြည့်နေတဲ့သူတွေ အတွက်တော့ သေနတ်ရဲ့ ခွပ်ဟန်က မထိတထိ လို့ ထင်စရာပါပဲ။ သေနတ်ရဲ့ အတက်က ထိထိမိမိမရှိဘူး မေတ္တာကို စူးမနက်စေဘူးလို့ ထင်ကြတယ်။ ဒီတော့ သပြေတန်းဘက်က ပိုပြီးအားတက်လာတယ် လောင်းကြေးလည်း အပေါ်ကြေး ဖြစ်လာတယ်။ သိပ်မကြာခင် မေတ္တာက ပွဲသိမ်းပေးနိင်တော့မယ်လို့လည်း ထင်လာကြတယ်။ သေနတ်ဘက်ကလောင်းထားတဲ့ စစ်စီးတော 
ရွာခံတွေ ကတော့ စိုးထိတ်လာပြီပေါ့။ 

တတိယ အခေါက်အနေနဲ့ ကြက်နှစ်ကောင်ကို ပြန်ခွဲပြီး ကြက်ကု ကြပြန်တယ်။ ကြက်ကု တို့ရဲ့ထုံးစံ ခွပ်ချက် ထိထားတဲ့ နေရာတွေကို လက်ပူတိုက်ပေးကြ ဖူးရောင်စ ပြုနေတဲ့ ကြက်ခေါင်းကို ပါးစပ်နဲ့ ငုံပြီး အာငွေ့ပေးကြတယ်။ ကြက်တောင်မွှေးတချောင်းကို လည်ပင်းထဲ ထိုးထည့်ပြီး ချွဲထုတ်ပေးကြတယ်။ နည်းကုန် လမ်းကုန် ကုပြီး ကြက်ဝိုင်း အလယ်ကို ပြန်လွှတ်ပေးတော့ ကြက်နှစ်ကောင်က အရင်ထက် ပိုပြီး ထူထူထောင်ထောင် ပြန်ဖြစ်လာတယ်

မေတ္တာက ဇွဲမလျော့ဘဲ အတင်းဝင်အတင်းထွက် ခွပ်နေတော့ သပြေတန်းဘက်က ကြည့်ရတာ အားတက်ကြတယ်။ သေနတ်ကတော့ မေတ္တာလောက် မောပုံမပေါ်ဘဲ အခုထိ မထိတထိ ခွပ်နေသေးတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာတော့ သပြေတန်းဘက်ကမေတ္တာ ကိုယ်ဟန်ယိမ်းယိုင်လာတယ် ခြေလှမ်းတွေ မမှန်တော့သလို ခွပ်ချက်တွေ အားမပါတော့ဘူး။ ခွပ်နေရင်းနဲ့ တချက်တချက် ခေါင်းငိုက်စပြုလာတယ်။ ခုန်ပြီးပြန်အကျမှာ အခြေတွေ ယိုင်လာတယ် ။ 

ဒီတော့မှ စစ်စီးတောဘက်က သန်းအေးရဲ့ သေနတ်က အကြောခွပ်တဲ့ ကြက်အမျိုးအစား ဖြစ်နေမှန်း သိကြရတော့တယ်။ အကြောခွပ် တဲ့ကြက်ဆိုတာမျိုးက ကြည့်လိုက်ရင် ခွပ်ပုံက မထိတထိလို့ ထင်ရပေမယ့် တဘက်ကြက်ရဲ့ ခေါင်းက အရေးကြီးတဲ့ အကြောတွေကို အတက်နဲ့ လိုက်ထောက်တဲ့ ကြက်မျိုးပါပဲ။ အကြောတွေ အထိခံရတာ ကြာလာတော့ မေတ္တာက အားအင်တွေကုန်ခမ်းလာပြီး ဒယိမ်းဒယိုင်
ဖြစ်လာတော့တယ်။ ဒီတော့မှ သေနတ်က မေတ္တာကို စိမ်ပြေနပြေ နဲ့ ထိထိမိမိ ချွေတော့တာပါပဲ။ ကိုရင်ဘုန်းလည်း ကုချိန်တောင် မရတော့ဘူး သူ့ရဲ့မေတ္တာ ဘုံးဘုံးလဲတော့တယ်။ ဒီတခါမှာလည်း သပြေတန်းဘက်က မျှော်လင့်ချက်တွေ အရင်အကြိမ်တွေလိုပဲ နစ်မြုပ်သွားရပြန်တော့တာပါပဲ။ အရှုံးကြီးရှုံးသူတွေ အထိနာကြီးနာသူတွေနဲ့ သပြေတန်းရွာဘက်မှာ နာလံမထူနိင် ဖြစ်ကြရပြန်ပါတယ်။

ပွဲပြီးမီးသေ ဆိုတဲ့စကားရှိပေမယ့် နောက်နေ့တွေရောက်တဲ့အထိ စစ်စီးတော ဘက်ကလည်း စမြုံ့ပြန်လို့ ကောင်းနေသေးသလို ၊ သပြေတန်းဘက်ကလည်း ဝမ်းနည်းပက်လက်ဖြစ်တဲ့သူ ကြိတ်မနိင်ခဲမရ ဖြစ်တဲ့သူ တွေနဲ့ ဒေါသတွေ လောင်မြိုက်နေတယ်။ ရွာထဲက ကာလသား တချို့ကတော့ လူကြီးတွေကို အပြစ်တင်တယ်။

" အဘတို့နှယ် အစထဲကလွဲချက်ဗျာ ဟိုက သေနတ်ပါဆိုမှ အဘတို့က မေတ္တာလုပ်နေသေးတယ် မသကာ သူသေနတ် ကိုယ်သေနတ်ပေါ့ " တဲ့ အားမလိုအားမရ ပြောကြတဲ့သူတွေလည်း ရှိတာပါပဲ။

"ကြွေတစ်လက် ကြက်တခုန်" ဆိုတဲ့ စကားပုံရှိပေမယ့် သပြေတန်းအတွက်တော့ အခုထိ ကြွေတလက် မရောက်နိင်သေးသလို ကြက်ကလည်း မခုန်နိင်သေးဘူး။ အရှုံးတွေလည်း များလှပြီ...။ သပြေတန်းရွာ အတွက် အရှုံးတွေများနေပေမယ့် နောက်တကြိမ် စပါးပေါ်ချိန်ကို ကိုယ်စီ ကြိတ်ပြီးအားခဲ နေကြတုန်းပါပဲ။ အဲဒီအခါ စစ်စီးတောက သန်းအေး နဲ့ သပြေတန်းက ကိုရင်ဘုန်းတို့လည်း ပြန်တွေ့ကြအုံးမှာပေါ့။
နောက်တကြိမ် စပါးပေါ်ရင် သင်ရော ဘယ်ဘက်က လောင်းချင်ပါသလဲ မိတ်ဆွေ.....။
။................................................။

56 comments:

chit palone said...

တစ်လား မတစ်လားတော့မသိဘူး လန့်တော့လန့်တယ် ပါပါးကို သူက ကွန်းမန့်ဖွက်ထားမှာစိုးလို့ ဖတ်လိုက်ဦးမယ်နော်။

chit palone said...

အလဲ့ ဒါဆိုဝှက်မထားဘူးပဲ ဝက်စုတ်မလာခင် နှစ်လိုက်ဦးမယ် ဟိ ထင်တောင်ထင်ဘူး။ ဖတ်တော့မယ်နော်
သာမီးလေး သံမဏိဘဲ

chit palone said...

ဝက်ရေလာတော့လေ နာတယောက်တည်းပျင်းလှပြီ ဆိတ်လည်း မြက်ရှာစားနေတယ်ထင်တယ်။ သဒီတခါတကယ်စာဖတ်တော့မယ်ကွာ
နော်ပါပါး
သာမီးလေး သံမဏိဘဲ

စိတ်စမ်းရေ said...

ဖတ်လို့ သိပ်ကောင်းတယ်...။တကယ်ကို ပြောင်မြောက်အောင်ရေးနိုင်ပါပေတယ်...။

့hnin said...

အစ်ကိုရေ... လာဖတ်သွားပြီနော် ဒီတစ်ခါတော့ ၃ယောက်မြောက်ပဲနော်း))
ညီမလေး နှင်းဟေမာ

ဒူကဘာ said...

သေခြာကို ရေးဖွဲ့နိုင်တဲ့ ပို့စ်ပဲ အခေါ်အဝေါ်တွေ အနေအထားတွေ အားလုံးမှန်ပါ၏၊ ကြိုက်တယ်၊ နတ်ကရာ ကြည့်မော ဆိုသလို ထင်တဲ့အတိုင်း သန်းအေးတို့ ကြက်ပဲ နိုင်သွားတာပဲ၊ ဒီလိုပွဲတွေလဲ ကြည့်ဖူးတယ်၊ ထိုင်းမှာဆို ဆုံလည်နဲ့ ကြက်တွေ အပြေး လေ့ကျင့်တာတွေ ၊ ခြင်ထောင် အုပ်ဆောင်းနဲ့ သိပ်တာတွေ တွေ့ဖူးသလို၊ အတက်မှာ သံကွပ်စွပ်ပြီး တိုက်တဲ့ ပွဲတွေ ကြည့်ဖူးတယ်၊ အဲတာကြတော့ အစမှာ အဝင်အထွက် ကြမ်းတဲ့ ကိုရင်ဖုန်းတို့ ကြက်မျိုးက အနိုင်ရနိုင်ပါတယ်၊ ရသ အဖုံဖုံပေါ့လေ၊ ဒါပေသိ သဘာဝ အတိုင်းသာ အကောင်းဆုံးပဲ မဟုတ်လား။ ပြောပြသူကော ရေးဖွဲ့သူရော ချီးကျူးပါတယ်။

Anonymous said...

ဝေးးးးးးးးးးးးးးး ၇လား မသိဘူးဗျိုးးးးးးးးးးး
အော်....ကြက်ပွဲကို ဘဲက အပြတ်လာ အားပေးတယ်ပေါ့။
တွေ့ကြသေးတာပေါ့ ဘဲစုတ်ရာ....
ဆိတ်တစ်ကောင် အချိန်မရလို့ မလာနိုင်တာကို အခွင့်ကောင်းယူနေတယ်ပေါ့လေ.... ဟုတ်စ။
ပါပါးးးးးးရေ မီးကြီးဆိတ် လာတယ်နော်။
မဖတ်ရသေးလို့ မမန့်သေးဘူးနော်။
ဒါပဲ။။။ အားကျမခံနေရာလာလုတာပါ။ ဟိဟိ

ချစ်စရာကောင်းတဲ့
မီးကြီး ကွန်မန်ဒိုဆိတ်

Anonymous said...

ဝေးးးးးးးးးးးးးးး ၇လား မသိဘူးဗျိုးးးးးးးးးးး
အော်....ကြက်ပွဲကို ဘဲက အပြတ်လာ အားပေးတယ်ပေါ့။
တွေ့ကြသေးတာပေါ့ ဘဲစုတ်ရာ....
ဆိတ်တစ်ကောင် အချိန်မရလို့ မလာနိုင်တာကို အခွင့်ကောင်းယူနေတယ်ပေါ့လေ.... ဟုတ်စ။
ပါပါးးးးးးရေ မီးကြီးဆိတ် လာတယ်နော်။
မဖတ်ရသေးလို့ မမန့်သေးဘူးနော်။
ဒါပဲ။။။ အားကျမခံနေရာလာလုတာပါ။ ဟိဟိ

ချစ်စရာကောင်းတဲ့
မီးကြီး ကွန်မန်ဒိုဆိတ်

chit palone said...

ဖတ်ခဲ့သမျှ ပို့စ်ထဲမှာ ဒီပို့စ်အကြိုက်ဆုံးပဲ။
ကြက်အကြောင်းကို ဗဟုသုတ စုံစုံလင်လင် သေသေချာချာမေးပြီးတော့ စပါယ်ရှယ်ကိုရေးထားတာပဲ။
ကြက်နှစ်ကောင်ကို ပေးထားတဲ့နာမည်နဲ့ ဇာတ်အိမ်ဆင်ပြီး ဆိုလိုရင်းကိုသဘောအရမ်းကျတယ်။
သြော် မေတ္တာ မေတ္တာ အဲ့ဒီမေတ္တာကို သမိးကတော့စိတ်မရှည်တော့ဘူး။ သူကသေနတ်ဆိုတော့ ကိုယ်ကဗုံးကျဲလိုက်တာ ကောင်းမယ်ထင်တယ် ပါပါးရယ်။ ကောင်းလွန်းလို့ ဘယ်လိုမန့်ရမှန်းတောင်မသိတော့ဘူး တကယ့်အနှစ်ပဲဗျာ။
တော်တော်ကို သဘောကျမိတဲ့ပို့စ်လေးပါ။
ပရင့်ထုတ်ပြီးသိမ်းထားလိုက်တော့မယ်။
လေးစားအားကျလျှက်
သာမီးလေး သံမဏိဘဲ

ဒူကဘာ said...

လူပြော သူပြော များနေတဲ့ Avatar ရုပ်ရှင်လို ရသ ၂ခါရအောင် ကြက်ပွဲကို ၂ခါကြည့်ပြီး ၂ခါ မန့်သွားတယ်၊ ဟိုတခါ ...စက်တင်ဘာလို စစ်စီးတော က အစိမ်းဝတ် သေနတ်သမား သန်းအေးတို့ ကိုရင် ကျောင်းသားတွေနဲ့ မေတ္တာရှင် ဘုန်းတော်ကြီးတွေကို မတော်မတရား လုပ်နေကြတာတွေကို ရပ်ကြဖို့ ပြောချင်ပါတယ်၊ ကြက်ဝိုင်းလို ကြွေတလှည့် ကြက်တခုန်မှာ ဒီတချီ အပြီးသတ် အနိုင်ရဖို့ ကိုရင်ဖုန်းတို့ မေတ္တာ ဖက်ကနေ လောင်းကြေး ထပ်သွား လိုက်တယ်။

အဇ္ဈတ္တပြခန်း said...

ငါ့ညီရေ... အခြေမြစ်ကျကျရေးနိုင်လို့ချီးကျူးတယ်ကွာ.. ကြက်တွေရဲ့အချက်လက်တွေ.. ဒေသခံရဲ့အခြေနေ.. သဘာဝကို ပေါ်လွင်အောင် ရေးဖွဲ့နိုင်တယ်ကွာ ပြောချင်တဲ့အကြောင်းရာတစ်ခုအတွက် မြှုပ်ကွက်တစ်ခုရဲ့အကြောင်းရာအတွက်.. ရွာလေးနှစ်ရွာနဲ့ ကြက်ပွဲနဲ့ ဇာတ်ပို့ထားတာ.. သိပ်တော်တယ်ကွာ.. ချီးကျူးတယ်ငါ့ညီ.. ငါ့ညီက စာပေဆန်တဲ့ အနုပညာသမားတစ်ယောက်လို့ မှတ်ယူတယ်ကွာ

ညရဲ့ကောင်းကင် said...

ကိုမြစ်ဘာပြောချင်လဲ ဆိုတာ ဖတ်အပြီးမှာ သိလိုက်ပါတယ်...
တကယ်တော်ပါပေတယ်.. ကြက်တိုက်ပွဲကို ပြောင်မြောက်အောင်ရေးနိုင်ပြီး ဆိုလိုချင်တာကို ငုံထားတဲ့ ရေးချက်ကို လေးစားတယ်...

Anonymous said...

သယ်ရင်းရေ မင်းပြောတဲ့ 2D ရေးချက်လေးက တကယ်ပါလား ၊ ငါကနောက်နေတယ်ထင်လို့
၂ခါဖတ်ပြီး၂ မျိုးမြင်လိုက်ရတယ်ကွ
သိပ်ကောင်းတယ်

mw

kiki said...

တကယ်ကောင်းတဲ့ ဇာတ်လမ်းလေးနဲ့  သရုပ်ဖေါ်အရေးအသားလေးပါပဲ ဆရာမြစ်ကျိုး ရေ ..။ကြက်အကြောင်းတွေလည်း ထဲထဲဝင်ဝင် ရေးတတ်ပါပေတယ် ။
မေတ္တာ သည်သာ အောင်နိုင်ရာ ဆိုပြီး ထင်နေကြပေမဲ့ ၊အလှည့်အပြောင်းအတွက် လိုအပ်ရင် သေနတ် ၊သေနတ်ချင်း ခွပ်ကြမှ ပွဲသိမ်းလှမယ် ထင်ပါရဲ့ ....
နောက်တပွဲ ဆက်လုပ်ပေးပါ ။
မကျေနပ်လို့  တစ်က ပြန်စပေးလို့  ရမလား.....း)

Anonymous said...

အရေးကြီးတဲ့အကြောတွေကိုခွပ်ပြီးမှ ဖြိုတာကို မြင်မိသွားပြီ

ဆောင်းနှင်းရွက် said...

2nd time တော့ မဖတ်တော့ပါဘူးးး ...
စာရေးတာ ပေါ်လွင်အောင်
တော်တော် ရေးသွားတယ် နော် ...
အဲ့လို ရေးတတ်ဘူးးးး ... !

ခိုင်စိုးလင်း said...

နံပါတ်တစ် - သပြေကုန်းရွာက သူများ တခြား စီးပွား လုပ်ချိန်မှာ လိုက်မလုပ်ဘူး လယ်ပဲ စိုက်နေတယ်
နံပါတ်နှစ် - ကိုယ်ရွာက စီးပွားရေး သိပ်မလှဘဲ အောလောင်းတယ်
နံပါတ်သုံး - တစ်ဘက်က ကြက်ဟာ ဘယ်လို အမျိုးအစားလဲဆိုတာကို ခွပ်တဲ့ခါမှ သိကြတော့တယ် တကယ်ဆို ကြက်သမားပဲ ဘယ်ကြက်က ဘယ်လိုမျိုးဆိုတာ တိုက်ပွဲ မ၀င်ခင်တည်းက သိနေရမှာ မဟုတ်လား
နံပါတ်လေး - ရှုံးသွားပြီးတဲ့ခါမှာလည်း အရှုံးအတွက် ဟိုလူ့ အပြစ်ဖို့ ဒီလူ့အပြစ်ဖို့
နံပါတ်ငါး - ကိုယ့်ရွာက လေက ပိုသန့်တယ်လို့ ထင်နေတဲ့ အချက်ပါပဲ

ဝက်ဝံလေး said...

တိရိစ္ဆာန်ထဲကကို မလွတ်ဘူး ပထမ တခါ ခိုအကြောင်း အခုလဲ ကြက်အကြောင်း

ကောင်းပါတယ် ကိုမြစ်ရေ
ဒါပေမယ့်လို့တော့လေ အဲလိုကြက်ပွဲတို့ လက်ဝှေ့ပွဲတို့တော့ မကြိုက်ဘူးသိလား ကိုယ်ကပဲ မိန်းကလေးဖြစ်နေလို့လား မသိဘူး

တော်တော်တော့ ဗဟုသုတ ရတယ်သိလား ကြက် အကြောင်းလေး
တော်တော်ရီိချင်တယ် ကြက်ပိုင်ရှင်သာ ပုဆိုးခြုံအိပ်ချင်အိပ်မယ် ကြက်ကိုတော့ ခြင်ထောင်နဲ့ ဆိုတာလေ ဟားဟားးးးးးးးးးးးး

နောက်တခါကျရင်လေ ဝက် သတ်ပွဲအကြောင်းလေး လဲ ရေးပါ့လားဟင် နောက်တကြိမ်တွေကျတော့ ဆိတ် အကြောင်း နောက်တကြိမ်တွေကျတော့ ဘဲ အကြောင်းပေါ့ ဟွင့် ဘက်လိုက်ထှာနော် ကြက်အကြောင်းတော့ ရေးတယ် မီတရားဘူး မီတရားဘူးးးးးးးးးးးးး

Anonymous said...

ရေးတတ်လိုက်တာ။
ဖတ်လို့ကောင်းလိုက်တာ ပါပါးရာာာာာာ
ပြောပြချင်တဲ့ဇာတ်ကွက်ကို ပေါ်လွင်အောင်ရေးနိုင်တဲ့ ပါပါးရဲ့ ပါရမီက ထူးပါ့တော်။
သာမီးလေးတွေမှာ ဂုဏ်ယူနေရတယ်နော့်။
ဒီလိုဒီလိုအရေးလေးတွေကြောင့် ပိုပြီးလေးစားအားကျ ချစ်ခင်လာရပါတယ်ဗျိုးးးးးးးးး။

ချစ်စရာကောင်းတဲ့
မီးကြီး ကွန်မန်ဒိုဆိတ်

kokomaung.uk said...

နောက်တစ်ကြိမ်စပါးပေါ်ချိန်မှာလဲ သန်း+အေးတို့ သေနတ်က ကိုရင်+ဖုန်းတို့ရဲ့  မေတ္တာကို အနိုင်ယူဦးမယ်ထင်ပါရဲ့ ဗျာ။ ကျနော်ကတော့ ဘယ်ဘက်ကမှ လောင်းကြေးမထပ်ရဲဘူး ကိုမြစ်ကျိုးရေ။
စစ်စီး+တောရဲ့  ကြက်ကိုင်တွေ ဗျူဟာကောင်းလွန်းတဲ့အတွက် သပြေတန်း(ဆရာမင်းသုဝဏ်ရဲ့ သပြေညို ကဗျာလေးကို သတိရမိသေး)နယ်ပယ်ဘက်မှာ မြေပုံတွေ တိုးလာမှာ ကြောက်ရပါသော်ကောဗျာ။

အတွေးနက်နက် အရေးခက်ခက်တွေကို ရေးသထက်ရေးနိုင်ပါစေဗျာ။

ခင်တဲ့
ကိုကိုမောင်(ပန်းရနံ့)

မိုးမောင် said...

တော်တော်လေးကို စေ့စေ့စပ်စပ်ရေးထားတာပဲ။ တဆင့်ပြန်ဖောက်သည်ချတယ် ဆိုပေမယ့် တင်ပြပုံက သေသပ်လှပါတယ်။ မြစ်ကြီးက တကယ့်ကြက်သမားလည်း ဖြစ်မယ်ထင်တယ်။(တိုက်ကြက်သမားကို ဆိုလိုသည်)

ခင်မင်လျှက်...

မိုးစက်အိမ် said...

ကောင်းတယ်ဗျာ ကိုကျိုး . . . ရေးလိုက်တဲ့ စာတိုင်းမှာ
ဗဟုသုတ တပုံ့ တပင်အမြဲပါတယ် အချိန်ပေးစာဖတ်ရတဲ့ 
သူတိုင်းတကယ်အကျိုးရှိတယ်ဗျာ ကိုကျိုးပြောသလိုပေါ့ဗျာ
နှစ်ခါလောက်သာသေချာပြန်ဖတ်ရင် တစ်စုံတစ်ရာတော့
နားလည်မှာပါ အဲယူဆချက်တော့ တူချင်မှတူမှာပေါ့လေ
ကျွန်တော်လည်းငယ်ငယ်က အလိုကြက်ပွဲဆို စိတ်ဝင်စား
တယ်ဗျ ကြက်ကု ဆိုတဲ့ လူတွေက ကြက်ကိုဂရုစိုက်တာတော်
တော်လွန်တယ်ထင်နေတာ ခုမှဘဲကိုကျိုးပြောမှ ခြင်ကိုက်
မခံရတာနဲ့  ၀ိတ်မတက်ရအောင်ဂရုစိုက်ရတာနဲ့  ဂရုစိုက်လိုက်
ရတာလွန်ရောပါဘဲလားဗျာ တကယ်ကောင်းတယ်ဗျာ
အားပေးလျက်ပါ ကိုကျိုး ခင်မင်လျက်

Anonymous said...

အောာာာာာာာ် အခု comment တွေဖတ်မှပဲ သိတော့တယ် ပါးပါးရေ
အင်းးး ဘယ်ဘက်ကလဲ ဆိုတော့ နောက်တခါဆိုလဲသမီးတို့ကတော့ မေတ္တာဘက်ကပဲဗျာာာာာာာ တနေ့တော့ မေတ္တာသည် နိုင်လိမ့်မယ်ပေါ့ မလျှော့ဘူး ပါးပါး နောက်တခါလောင်းကြေးလဲ မေတ္တာဘက်ကပဲ ဒါဗြဲ အားလုံးကို ပုံအောပြီးကို လောင်းဦးမှာ သိလားးး

အငယ်ဆုံး ဆလူးဝက်

ချော (အစိမ်းရောင်လွင်ပြင်) said...

ကိုမြစ်ကျိုးရေ
မဖတ်ဘဲ မနေနိုင်အောင် ကောင်းလွန်းလို့ ချီးကျူးမိပါရဲ့..
တကယ့်ကြက်ပွဲကို ထိုင်ကြည့်ရသလို ပီပြင်ပါပေရဲ့..
ပြောချင်တာတွေကို ထိထိမိမိပြောနိုင်သလို အတွေးကောင်းကောင်း အရေးကောင်းကောင်းနဲ့ ပြောင်မြောက်လွန်းလို့လက်ဖျားခါပြီး ပြန်သွားပါတယ်..
သူငယ်ချင်းတွေကို လက်တို့လိုက်ပါဦးမယ်... ထပ်ပြောပါမယ်... သိပ်ကောင်းလွန်းပါတယ်..

kokomaung.uk said...

ထပ်လာဖတ်ပါတယ်။ ထပ်သိချင်လို့။

ထပ်ဖတ်တဲ့အတွက် ထပ်တွေ့ပါတယ်။
ပထမအပိုဒ်က ရွာသူကြီးနှင့်ခွေးရူး၊ တတိယအပိုဒ်ကဘုန်းကြီးကျောင်း၊
စတုတ္ထအပိုဒ်က ရွာနီးချုပ်စပ်ကို ရောင်းဝယ်မှု၊
နောက်ပြီးတော့ ဗေဒင်ယတြာ စတာတွေပေါ့ဗျာ။

အတုယူရအောင်လို့ လာထပ်ဖတ်တာပါ။
ကိုကျိုးတို့ကတော့ ပစ်လိုက်ရင် တစ်ချက်ထဲနဲ့ အများကြီးထိတယ်။

အတုယူသွားသည် (အစစ်မယူပါးဝ)။

အားလုံးအဆင်ပြေပါစေ။

ရွှေရတုမှတ်တမ်း said...

ကိုမျှစ်ချိုးတို့များ မရေးတော့လဲအကြာကြီး..
ရေးပြန်တော့လဲ...တပုဒ်ဆို တပုဒ်ကိုပါပဲဗျား

ကိုဇော် said...

ထင်တယ်...ထင်ပါတယ်။
ထင်မိပါတယ်..ဖတ်လို့လည်း ပြီးရော ပိုမြင်မိပါတယ်။ ဒါကြောင့် ပိုလေးစားပါတယ်ဗျာ။
ဘာပဲ ပြောပြော အားနည်းသူဘက်ကို ပေးနေမိတဲ့ လူမို့လို့လားတော့ မသိဘူး။
မေတ္တာ ကိုပဲ အနိုင်ရစေချင်မိပါတယ်။
ဒါပေမဲ့ နောက်တစ်ခါ ဆိုတာတော့ ....မသိ။

လေးစားစွာဖြင့်
ကိုဇော်

မငုံ said...

ကြက်ပွဲလာအားပေးတယ်။ :))

ချစ်ကြည်အေး said...

ကိုမြစ်ကျိုးရေ...စစ်စီးတော နဲ့ သပြေတန်း ဆိုကတည်းက ခပ်ရေးရေး မြင်မိသားဗျ၊ ကြက်အကြောင်း တကယ့်ကို ပီပြင်အောင် ရေးနိုင်တာ သဘောကျတယ်၊ အဆုံးသတ်ပုံလည်း လှတယ် ဘာပဲဖြစ်ဖြစ် ကျမတို့ကတော့ သပြေတန်းက မေတ္တာပဲ...ဟွန်း...နောက်တပွဲကို စောင့်နေတယ်.... :)

ညီမလေး said...

ကြွေတခါလှည့် ကြက်တခါခုန်တိုင်း ရိုက်သွားတဲ့ ဂရက်တွေကလဲ ......။မပြောတော့ပါဘူးလေ ။
ဒါနဲ့ ..
စပါးကကော ပေါ်ပါအုန်းမလားတဲ့ ???

~ဏီလင်းညို~ said...

ကိုမြစ်ရေ....
ဒီပို့စ်လေးကိုဖတ်ရင်းနဲ့ ဆရာကြီးသော်တာဆွေရဲ့ ကြက်ဍီကာ ဆိုတဲ့ စာအုပ်လေးကိုတောင်သွားသတိရမိတယ်...။ ကြက်တိုက်တဲ့ အကြောင်းလေးတွေပါလို့...။
(ပျောက်နေတာ ကြာပြီ...၊ ပြန်လာတော့လည်း ရေးထားတာ ဖတ်လို့ကောင်းတယ်ဗျာ...း))
ခင်မင်တဲ့
ဏီလင်းညို

flowerpoem said...

တိုက်ကြက်အကြောင်းကို သေချာလေ့လာပြီးရေးထားတာ ကောင်းတယ် ကိုမြစ်ကျိုးအင်း . . .
ဗဟုသုတလည်းရပါတယ်...

thawzin said...

ကောင်းလိုက်တာဗျာ... ဖတ်ရသူကို ကြက်ဗဟုသုတတွေပါရစေတယ်ဗျာ....။ မေတ္တာသည်သာ အောင်နိုင်ရာဆိုတာကလဲ အမည်နာမကြီးဖြစ်နေတာကိုဗျ။ တကယ့်မေတ္တာဆိုတာက မိဘတိုင်းမှာတောင် သားသမီးတိုင်းအပေါ် မေတ္တာမထားနိုင်ကြပါဘူးဗျာ။ ဘယ်နှယ်အောင်နိုင်ပါ့မလဲဗျာ။ ကြက်အကြောင်းတော့ ကိုTG ဆိုတဲ့လူတော်တော်သိတာပဲနော်။ အကိုက အရေးသားလေးနဲ့အနားကွပ်ပေးလိုက်တော့လဲ ဖတ်ရသူအတွက် အရသာရှိတဲ့ဟင်းတခွက်လိုပါပဲဗျာ။ အဆင်ပြေပျော်ရွှင်နိုင်ပါစေဗျာ.....။

YM said...

စိတ်ဝင်စားစရာကောင်းအောင်ရေးဖွဲ့ထားတဲ့ ၀တ္ထုလေးတစ်ပုဒ်ပါ။ ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်ရှင်။

ahphyulay said...

မေတ္တာ က အရာရာကို အောင်နိုင်တယ် ဆိုပေမဲ့  မေတ္တာ ရဲ့ 
သဘောလေးကို နားလည်ခံစားတတ်ပါမှ စာနာ တတ်တဲ့ 
ဝန်းကျင်နဲ့  တွေ့ ပါမှ မေတ္တာက နေရာလေးရပြီး အောင်မြင်
သွားမှာပါ။

ahphyulay said...

မေတ္တာ က အရာရာကို အောင်နိုင်တယ် ဆိုပေမဲ့  မေတ္တာ ရဲ့ 
သဘောလေးကို နားလည်ခံစားတတ်ပါမှ စာနာ တတ်တဲ့ 
ဝန်းကျင်နဲ့  တွေ့ ပါမှ မေတ္တာက နေရာလေးရပြီး အောင်မြင်
သွားမှာပါ။

Anonymous said...

အကိုက ၂ခေါက်ပဲ ဖတ်ခိုင်းတာနော်...
၂ရက်ဆက်တိုက် ဖတ်လိုက်တယ်..အကိုရေ..
မြတ်မွန်

shwezinu said...

"အဘတို့နှယ် အစထဲကလွဲချက်ဗျာ ဟိုက သေနတ်ပါဆိုမှ အဘတို့က မေတ္တာလုပ်နေသေးတယ် မသကာ သူသေနတ် ကိုယ်သေနတ်ပေါ့"

ကဲ ကြာသလားလို့ ကိုမြစ်ကျိုး ရေ တပွဲတလမ်း အကဲစမ်း လိုက်ကြရအောင်..

ချော (အစိမ်းရောင်လွင်ပြင်) said...

စီဘုန်းမှာအော်လို့မရလို့ဒီမှာ အော်ခဲ့မယ်.. ကိုမြစ်ကျိုးအင်းအတွက် ၀က်ဝံခြေထောက်တွေ ချန်ထားတာရှိသေးတယ်
လာယူလှည့်ပါဦးလို့ တော်ကြာ ပုတ်ကုန်ရင် အမြည်းမရှိမှာစိုးလို့ပါ...

ခြေလှမ်းသစ် said...

တကယ့် စရိုက်အပီအပြင်နဲ့ အရမ်း စိတ်ဝင်စားအောင် ရေးထားလိုက်တာ တွေဟာ ဇတ်ထဲကနေ ရုံးမထွက် နိုင်အောင်ပါပဲ .... နောက်ပြီး ဖွားကီ ပြောပြသလို ပညာပေး ထားတာတွေက မေတ္တာကို မေတ္တာနဲ့ မရတော့ တဲ့ အခြေအနေတခုမှာ လက်နက်ခြင်း လက်နက်ခြင်း ယှဉ်ပြိုင် သင့်ပါတယ်လို့ .... အတော် စာရေးကောင်းပါတယ်ဗျာ ...

ဏီ(န်)ကင်း said...

ဗဟုသုတတွေအတွက်ကျေးဇူးအထူးပါ.။
နောက်ပိုင်းလူတွေအဲဒိလိုဓလေ့တွေမသိတော့ဘူး။
ကျွန်တော်အပါအ၀င်ပေါ့..
များများလေးရေးပေးပါ..ဒီလိုမျိုးလေးတွေကို

အိုက်ခီလောက် said...

ထင်တယ် ထင်တယ် တင်တဲ့နေ့ က ကော့မန့် မှာကြည့်လိုက်တာ နံပါတ်စဉ်က ၂၂ တဲ့ လေ
မူးရူးနေလို့ စာဖတ်ပြီး ကော့မန့် ကမေ့နေတယ် အဟီး
ခုမှပြန်လာတော့ ၄၁ ရှိနေပြီ ကိုကျိုး
ဒါလား တစ် ရမယ် ဆိုတာ ခုတော့ သူ့ သမီးကပဲယူသွားပြီ
အဆိုတော် ကလေး က ဦးသွားပြီ
နောက် ဝက် သူ့ လည်း ထိပ်ဆုံးမှာချည်းပဲ
ကြက် ကတော့ တိုက်နေလို့  မလာနိုင်သေးဘူးထင်တယ်
ကြက်ပွဲပြီးမှ ရောက်လာမလားမသိဘူး
အညာမှာနေတုန်းက တိုက်ကြက်တွေ မွေးထားတာ တွေ့ ဖူးတယ်ဗျ အိမ်ဘေးမှာ တိုက်ကြက်တွေအများကြီးပဲ
သူ့ တို့ ကတိုက်ကြက်တွေ မွေးပြီးတာချီလိတ်ကို ပို့ ပေးတယ်လို့ ပြောသံကြားဖူးတယ်
အဲ့ကတည်းက တိုက်ကြက်တွေ ကောင်းကောင်းမြင်ဖူးတာ ကိုကျိုးေ၇းသွားသလိုပဲ ပြုစုပေးတာကိုလည်းမြင်ဖူးတယ်
တိုက်ကြက်များပြူစုရ တယ်ခက်သကိုး
ဒီတော့ ကိုကျိုးရာ ကြက်တစ်မျိုးမွေးရအောင်လေ
ပြုစုစရာလည်းမလိုဘူး ကြက်ပွဲလိုလည်းတိုက်စရာမလိုဘူး အရှုံးတော့မရှိဘူး အမြတ်ချည်းပဲ ဟတ်ဟတ်
စိတ်ဝင်စားရင် ရှယ်ယာထည့်လို့ ၇တယ်နော် ကိုကျိုး

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ကိုမြစ်ကျိုးအင်း ရေ..

ကျန်းမာပျော်ရွှင်ပါစေလို့ ပထမဦးဆုံး ဆုမွန်ချွေလိုက်ပါတယ်ဗျာ။
ဒီပို့စ်လေးကို ဖတ်တာ အကြိမ်ရေ မနည်းတော့။ အရမ်းကို စေ့စေ့စပ်စပ် သေသေသပ်သပ် နဲ့ တင်ပြဖော်ပြ ပေးထားတာ ဖတ်ရသူအဖို့ အတွေးများစွာနဲ့ အားရစရာပါဗျာ။ ငယ်ငယ်တုန်းက ရွာမှာနေစဉ် ကြက်ဝိုင်းတွေ မကြာခဏဆိုသလို လုပ်ကြတာဆိုတော့ ရောက်ဖူးခဲ့ပေါင်းလဲ များပါတယ်။ နောက်ပိုင်းတော့ ရဲကဖမ်းတာနဲ့ မလုပ်ကြတော့တာ။ ဖတ်ရင်းနဲ့ တကယ့်ကြက်ဝိုင်းထဲ ရောက်နေသလို ခံစားရပါတယ်။
နောက်တစ်ပွဲအတွက်တင်မဟုတ်ဘဲ ဘယ်တော့ဖြစ်ဖြစ် မေတ္တာ အဖွဲ့သားတွေဘက်က ရပ်တည်မယ်။

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး

တလနွန် said...

ိုတိုက်ကြက်တွေနဲ့  ပတ်သက်ပြီး သေသေချာချာကို သိသွားရတရ်..ဘယ်တော့မဆို ကိုမြစ်ကျိုးဆီ စာလာဖတ်ရကျိုးနပ်နေတာပဲ..
တကယ်ကြိုက်တယ် ဒီဇာတ်လမ်းလေးကို...
"သူသေနတ် ကိုယ်သေနတ်ပေါ့" စကားလေး သဘောကျမိတယ်....

ခင်မင်ခြင်းများနှင့်
တလနွန်

အနော် said...

ကြွေတစ်လှည့် ကြက်တစ်ခုန်ပေါ့ အကိုမြစ်ကျိုးရေ အဆုံးအရှုံးတွေ များခဲ့ဖူးပီ ဆိုပေမဲ့ နောက်ထပ် အားအသစ် အသစ်တွေနဲ့ မေတ္တာနဲ့ သေနတ်ရဲ့ အားပြိုင်ပွဲမှာ မေတ္တာဘက်က အနိုင်ရမယ့်အလှည့် ရောက်လာတော့မှာပါ.. အဲ့ဒီအခါ ဘယ်ဘက်ကို ပုံအောလောင်းသင့်တယ်ဆိုတာကတော့ ရွာသားတွေရဲ့ ယုံကြည်မှုပေါ် တည်မှီနေရဲ့
ကြက်ပွဲရဲ့ ဗဟုသုတတွေအတွက် အကိုမြစ်ကျိုးကို တကယ့်ကိုကျေးဇူးတင်ပါတယ် အကိုရေ
ဒီလို စာကောင်းပေမွန်မျိုး ဒီ့ထက်များများ ရေးသားနိုင်ပါစေ

ကိုရင်နော်ခင်လေးငယ် said...

ပိရိစွာနဲ့ တင်ပြထားတဲ့ ရေးသားချက်တွေကြောင့်
လေးစားကျေနပ်စွာ ဖတ်ယူသွားရင်း
ကျေးဇူးတင်မိတယ်...

ဒီနေရာလေး သဘောကျလိုက်တာ...
"အဘတို့နှယ် အစထဲကလွဲချက်ဗျာ ဟိုက သေနတ်ပါဆိုမှ အဘတို့က မေတ္တာလုပ်နေသေးတယ် မသကာ သူသေနတ် ကိုယ်သေနတ်ပေါ့"

ခင်မင်လေးစား ချစ်ခြင်းအားဖြင့်..

ဇော် said...

စာဖတ်ပြီး ဒုတိယမြောက်နေ့မှ ကွန်းမန့်ပေးဖို့ သတိရတယ် .. တွေ့ပုချိ ကိုကျိုး =P

ကြက်အကြောင်း သိကောင်းစရာ အဖြစ် ဗဟုသုတရသွားတယ် .. နောက် အတော်ကို ဖတ်လို့ကောင်းတယ်လို့ အပေါ်က တစ်ယောက်ချီးကျူးသွားသလိုပဲ .. ကျနော့်အကိုကတော့ ပြိုင်စံရှားပါပဲဗျာ .. =)
အားကျတယ်...
အဆင်ပြေပါစေ ...

အိမ် said...

ဟုတ်ပါ့ အခုလဲသေနတ်ကနိုင်တုန်းပဲ...လက်ရှိလဲ မေတ္တာဘယ်လို အားကောင်းတယ်ပြောပြော သေနတ်ပစ်အားကိုတော့ လိုက်မမှီသေးဘူးဗျ။ ကွာတော့ကွာမှာပါ၊ ဗုဒ္ဓဘာသာ အယူအဆအရ အခုမခံရလဲနောင် ဘဝတွေ ဘဝတွေခံရမှာပါ။ ဘာပဲဖြစ်ဖြစ်ဗျာ.... လောလောဆယ် ခံရတာကိုက ဆိုးတယ်...။ ခံရခက်ကြီးဆိုတာ အဲဒါပေါ့ဗျာ..။

littlebrook said...

....ဘရာဗို.....ကောင်းသည်....

Anonymous said...

နောက်တစ်ခေါက် လာဖတ်တယ် ဆရာ.......

ကျောပိုးအိတ် said...

တော်တော်ဖတ်လို့ ကောင်းတယ်။ ဗဟုသုတတွေအများကြီးဘဲနော်။

မလောင်းတော့ပါဘူးအကိုရာ။ ကြက်တွေကို သနားလို့ ။
း)

ကြက်တွေအဆီကျအောင် နေ့ တိုင်းနေပူထဲမှာ လှမ်းရတယ်တဲ့။

လူတွေအဆီကျချင်ရင်ရော
း)

ကိုလူထွေး said...

သေနတ်ဘက်က ပြိုင်လောင်းချင်နေသူတွေ ပေါလာပြီနော်.. သတိထား...

းဝ)

busymozzee said...

ဂနေ့ တခေါက်ဖတ်သွားပြီ.. နောက်နေ့ တခေါက်လာပြန်ဖတ်ဦးမယ်....

လက်ရာကတော့ ရှယ်ပဲဗျိုး..

YoungGun said...

အေးဗျာ အောက်က..ရည်ညွန်းသာ မတွေ့ရရင်.. တကယ့် ကြက်သမားကြီးကျနေတာပဲ..တကယ်လဲ တိုက်ဖူးတယ်နဲ့တူတယ်.။ ဖတ်ရတာ ကျေးလက်ရနံ့ကို သင်းနေတာပဲ..။

အင်ကြင်းသန့် said...

အော်...တွေ့ပြန်ပြီ နောက်ထပ်လူတော်တစ်ယောက် ...လက်ဖျားခါလောက်ပါရဲ့

ခင်မင်စွာဖြင့်
အင်ကြင်း

Mg Mg Zaw Htet said...

ဆရာမြစ်ရေ..ကောင်းလိုက်တဲ့ အတွေးနဲ့အရေးဗျာ။ ကျွန်တော်ကတော့ ဖောင်းစိမ်းကို ရိုက်သတ်ပြီးချက်စားမယ့်သူတွေ မြန်မြန်ပေါ်လာပါစေလို့ပဲ မျော်လင့်နေတယ်ဗျာ။
ခင်မင်စွာဖြင့်

 

Posts Comments

©2006-2010 ·TNB