သီလပျက်ရသူများ

20 March 2010



ခပ်ဝေးဝေးရှိ မီးပွိုင့်တွင် မီးနီမိနေသော bus ကားကို မြင်ရုံဖြင့် မှတ်တိုင်မှ ခရီးသည်များ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ အမျိုးသမီးတစ်ချို့မှ ထမိန်ကိုပြန်ပြင် ဝတ်ကြသည်။ တချို့မှ စလင်းဘတ်အိတ်ကို ဇစ်ပိတ်ထားရဲ့လား ပြန်စစ်ကြသည်။  ကျောပိုးအိတ်ကို အရှေ့ဘက် ပို့ကြသူများ၊ ပုဆိုးခိုင်ခိုင်ပြန်ဝတ်သူများ စသည်ဖြင့် လာနေသည့် bus ကားမြင်လျှင် ပြုလုပ်လေ့ရှိသော ပြုဖွယ်ကိစ္စ အသီးသီးကို ပြင်ဆင်ကြကုန်သည်။ ထို့နောက် ခရီးသည်တို့သည် မသိမသာ သော်လည်းကောင်း သိသိသာသာသော် လည်းကောင်း ပလက်ဖောင်း အစပ်ကို တိုးထွက်လာကြ၏။ ကျွန်တော်သည်လည်း လွယ်ထားသောအိတ်ကို အရှေ့ဘက်သို့ပို့ကာ ပိုက်ထားလိုက်ရင်း မီးပွိုင့်စိမ်းသဖြင့် ထွက်လာသည့် ကားပေါ်ကို အလွယ်တကူ တက်နိင်ရန် အဆင်သင့် ပြင်ဆင်ထားလိုက်သည်။

" ပန်းဆိုးတန်းကို ..... တညင် (သန်လျင်) ပြန်မယ်
ပန်းဆိုးတန်းကို ..... တညင် (သန်လျင်) ပြန်မယ် "

မှတ်တိုင်ကို ကားမရပ်ခင်မှာပင် စပါယ်ယာ၏ အော်သံထွက်လာသည်။ ထိုခေါ်သံသည် ကားစောင့်နေသူများအတွက်တော့ သတိပေး တပ်လှန့်သံနှင့် အတူတူဟု ဆိုရမည်။ အရှိန်ရပ်စ ကားပေါ်ကို အတင်းတိုးတက်ကြတော့သည်။ ကားအတွင်းမှ ဝေါ ခနဲ ထွက်ကျလာသော  ခရီးသည်များနှင့် မှတ်တိုင်မှအတင်းတိုးတက် နေကြသော ခရီးသည်များသည် နှစ်ပေ ခန့် ကျယ်သော ကားတံခါး ပေါက်တွင် ထိပ်တိုက် တွေ့နေတော့သည်။

" ဟဲ့ဟဲ့ နေကြပါအုံးဟဲ့ ဆင်းပါရစေအုံး ထိုင်ခုံတွေအများကြီးပါဟဲ့ တကတဲမှ"

ခပ်ဝဝ အမျိုးသမီးကြီးတစ်ဦး၏ မကျေမနပ် ရေရွတ်သံထွက်လာသော်လည်း ထိုကဲ့သို့သော စကားလုံးများသည် မှတ်တိုင်မှ ခရီးသည်များအတွက် ဒီဘက်နားမှဝင်၍ ဟိုဘက်နားမှ ပြန်ထွက်သွားလေ့ရှိသော  စကားလုံးများသာ ဖြစ်သည်။ ထိုကဲ့သို့ အလိုမကျသော စကားသံများ၊ ငြူစူဟန်များကို ကျွန်တော်တို့ကိုယ်တိုင်ပင် အကြိမ်ကြိမ် ပြုမူခဲ့ကြဖူးသေးသည်။

လိုင်းကားတိုးစီးရင်း ဤကဲ့သို့သော တစ်ယောက်နှင့်တစ်ယောက် ငြူစူဟန်များသည် ဤဘက်ခေတ်တွင်တော့ လူတိုင်းအတွက် ရိုးနေပြီဖြစ်သည်။

ကျွန်တော်ကတော့ ကားတံခါး အပေါက်မှ အရင်မတက်ဘဲ ပိုက်ထားသည့်အိတ်ကို ကားမှန်တံခါးမှ တဆင့် ထိုင်ခုံလွတ်တခုပေါ် အရင်တင်ထား လိုက်သည်။ ထိုင်ခုံနေရာ ဦးထားသည့်သဘောဖြစ်သည်။ ဒါဆို ကျွန်တော့်အတွက် ထိုင်ခုံနေရာရပြီ။ ကျွန်တော့်ကဲ့သို့ မိမိတို့၏ ပါလာသော အိတ်နှင့်ထီးများကို ထိုင်ခုံအလွတ်များပေါ်သို့ ကားပြတင်းမှ တဆင့်ထည့်လိုက်ကာ ထိုင်ခုံနေရာဦးထား သူများလည်း မနည်းမနောပါ။ တကယ်ဆို ဘိုကလေးဈေးမှတ်တိုင်သည် သန်လျင်ပြန်ဖို့ ဂိတ်စ မှတ်တိုင် မဟုတ်သေးပါ။ ဘိုကလေးဈေး မှတ်တိုင်ပြီးလျှင် ပန်ဆိုးတန်း မှတ်တိုင်ရောက်ပြီ။ ပန်းဆိုးတန်းမှတ်တိုင်သည်သာ ဂိတ်အစ မှတ်တိုင်သာ ဖြစ်သည်။

သို့သော် ဂိတ်စမှတ်တိုင်မှ ကားစောင့်စီးလျှင် ထိုင်ခုံနေရာရရန် မလွယ်ပါ။ ထို့ကြောင့် ထိုင်ခုံနေရာရရန် ဒီဘက်မှတ်တိုင်အထိ ပြန်လျှောက်လာ၍ ကားပတ်စီးကြခြင်းဖြစ်သည်။ တစ်ဂိတ်ကြို၍ ကားပတ်စီးသော်လည်း ကျွန်တော့်ကဲ့သို့ ပြုမူကြသူများမှ များလွန်းလှသဖြင့် ကားတံခါးဝမှ တက်သွားသည်ထက် မှန်ပြတင်းတံခါးများမှ အထုပ်အပိုးတွေ ခုံပေါ်တင်ပြီး နေရာဦးရသည့် စနစ်ကို  ကျွန်တော် ကျင့်သုံးတတ်ခဲ့ပြီ။ ဒီစနစ်ကိုတော့ မှတ်တိုင်မှ လူဦးရေ အရေအတွက်နှင့် တွက်ချက်ရသည်။ လူဦးရေ နည်းနေလျှင်တော့ တံခါးပေါက်မှ တဆင့်တက်လိုက်ရုံသာ ဖြစ်သည်။

ထိုင်စီးနေသော ခရီးသည်များတွင် ဂိတ်ဆုံးရောက်မှ ဆင်းမည့်သူ များနေခဲ့လျှင် ကားပတ်စီးသော်လည်း ထိုင်ခုံနေရာ ချက်ချင်းမရတတ်ပါ။  ထိုအခါမျိုးဆိုလျင်တော့ ထိုင်နေသည့် ခရီးသည်ဘေးနားတွင် မခွာတမ်းရပ်နေရတော့သည်။ ထိုင်နေသူမှ မော့ကြည့်လာလျှင်လည်း ချိုချိုသာသာ ပြုံးပြ ဖြစ်သည်။ တစ်ချို့ခရီးသည်များက ပြန်ပြုံးကြတတ်သော်လည်း တစ်ချို့တွေကတော့ လက်ရှိရနေသည့် ထိုင်ခုံပိုင်ဆိုင်မှု၏ မာန် အရ မသိကျေးကျွန်ပြုတတ်တာနှင့်လည်း ကြုံရတတ်သည်။ ကိစ္စတော့ မရှိပေ။ ထိုသူများကိုယ်တိုင်လည်း ချိုချိုသာသာ ပြုံးပြရသည့် အချိန်နှင့် ကြံကြရအုံးမည်မဟုတ်လား။


ဤကဲ့သို့သော ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် မျက်နာချိုသွေးသည့် အပြုအမူများသည် ဤခေတ်တွင် လူတိုင်းကြုံကြရမည့် အသေးအဖွဲ အဖြစ်အပျက်သာ ဖြစ်သည်။

ဘိုကလေးဈေးမှတ်တိုင်မှ ထွက်ခွာလာသော bus ကားသည် ရန်ကုန်ခရီးစဉ်၏ ဂိတ်ဆုံး ၊ သန်လျင်ခရီး၏ ဂိတ်စ ဖြစ်သော ပန်းဆိုးတန်း မှတ်တိုင်ကို ဆိုက်ရောက်လာသည်။ ဂိတ်ဆုံးအထိစီးသော ခရီးသည်တစ်ချို့ ဆင်းသွားသဖြင့် လွတ်ကျန်ခဲ့သော နေရာလွတ် အနည်းငယ်ကိုပင် ဂိတ်စမှ စောင့်စီးနေကြသော ခရီးသည်များမှ အလုအယက်တက်ကာ နေရာဦး ကြရပြန်သည်။ ဂိတ်စမှ စောင့်စီးသည့်တိုင် ထိုင်ခုံနေရာများ ပြည့်နေသဖြင့် မျှော်လင့်တကြီးဖြင့် တက်လာသော ခရီးသည် တချို့၏ စိတ်ပျက်အားလျော့သည့် မျက်ဝန်းများ ၊ အလိုမကျသော အကြည့်များကို ကျွန်တော် ရင်မဆိုင်ရဲသဖြင့် ကားပြတင်းမှ တဆင့်မြင်နေရသော အောင်ဘာလေ ထီရုံးကြီးကို ငေးကြည့်နေလိုက်သည်။ ဟိုအရင်ကတော့ ကျွန်တော် ကိုယ်တိုင်လည်း ထိုကဲ့သို့ အလိုမကျသော အကြည့်မျိုးဖြင့် ကြည့်ခဲ့ဖူးသည်။


ကျွန်တော့်တွင် စွဲမြဲခဲ့သည့် အတွေးနှင့်အပြုအမူမှာ သဘာဝကျကျတွေး၍ သဘာဝကျကျရှင်သန်နေထိုင်ချင်သည့် ပုံစံမျိုးဖြစ်သည်။ စာနာသည့်စိတ်ထားနှင့် မျှတစွာလုပ်ဆောင်ချင်စိတ်သာ ရှိခဲ့သည်။ ထိုသို့ရှိနေအောင်လည်း အတွေးနှင့် အပြုအမူတို့ကို လေ့ကျင့်ခဲ့ဖူးပါသည်။ ယခုလိုကားစီးသည့် အခြေအနေတွင်လည်း  ဂိတ်စမှစတင် ထွက်မည့် bus ကားသည် ထိုင်ခုံနေရာများ လွတ်နေရမည်။ အိမ်ပြန်မည့် ခရီးသည်များ အတွက် ရှိသင့်သော ထိုင်ခုံနေရာများ ရှိရမည်။ ဒါဟာ သဘာဝကျကျ အခြေအနေဖြစ်သည်။ ထို့ပြင် နိင်ငံကြီးသာ ပီသသော အပြုအမူ လည်းဖြစ်သည်။ ထိုစိတ်နှင့် ထိုအတွေးကြောင့်ပင် ယခင်က အိမ်ပြန်ခရီးတိုင်း ဂိတ်စ မှတ်တိုင်တွင်သာ စောင့်စီးဖြစ်ခဲ့၏။

ဂိတ်စရှိလျှက်နှင့် ကားပတ်စီးခြင်းသည် သဘာဝမကျသော ၊ လူပေါ်လူကျောသော အပြုအမူဖြစ်သည်။ သဘာဝကျသည့်အခြေအနေမဟုတ်ဟု ခံယူထားခဲ့သည်။ ခရီးသည်အလွတ်ဖြင့်ရောက်လာသော bus ကားကို ဂိတ်စ မှတ်တိုင်တွင် စောင့်နေသော ခရီးသည်တို့သည် ထိုင်ခုံနေရာ ကိုယ်စီဖြင့် အပြည့်အဝ အခွင့်အရေးရခြင်းသည် သဘာဝကျပြီး နိင်ငံကြီးသား ပီသသော အပြုအမူဟု ယုံကြည်ကာ ကျွန်တော် ကားစောင့်စီးခဲ့ဖူးပါသည်။ ထပ်ရောက်လာမည့် နောက်ကားကို ထပ်မစောင့်နိင်၍ မတ်တပ်ရပ် လိုက်မည့်သူတွေလည်း သူတို့သဘောအတိုင်း စီးကြပါစေပေါ့။ ထိုသို့ဖြစ်စေချင်ခဲ့သည်။ မျှော်လင့်ခဲ့ဖူးပါသည်။

သို့သော် ကျွန်တော်လက်တွေ့ ကြုံတွေ့ရသော အခြေအနေသည် စိတ်ကူးထဲကနှင့် ဆန့်ကျင်ဘက် အခြေအနေသာ ဖြစ်နေသည်။ ဂိတ်စကိုထိုးဆိုက်လာကတည်းက ထိုင်ခုံနေရာ အပြည့်ဖြင့် ရောက်လာသော bus ကားများကိုသာ ကြုံတွေ့ရသည်။ သဘာဝမကျသည့် ဖြစ်တည်မှုကို အလိုမကျစိတ်နှင့် လုပ်ငန်းခွင်၏ တစ်နေ့တာ ပင်ပန်းနွမ်းနယ် စိတ်တို့ကြောင့် ကားပတ်စီးသူများကို ငြိုငြင်စွာ ကြည့်ခဲ့ဖူးသည်။ သို့သော် ကျွန်တော့်ရပ်တည်ချက်ကို မပြောင်းလဲဘဲ ဂိတ်စတွင်သာ စောင့်မြဲစောင့်လျက် ဆက်စောင့်ခဲ့သည်။ ရန်ကုန်တွင် အလုပ်လာတက်ရသဖြင့် နေ့စဉ်ပြန်နေကြ ဤခရီးစဉ်၏ ပထမ တစ်လတာတွင်တော့ ကျွန်တော်၏ သဘာဝကျကျ ဖြစ်သင့်သည့် အခြေအနေကိုသာ ဖြစ်စေချင်ပြီး တခြားသူများ သဘာဝကျကျ မပြုမူသော်လည်း ကျွန်တော်ကတော့ ထိုအထဲ မပါစေရဘူး ဆိုသော အတွေးဖြင့် ဂိတ်စကတည်းမှ မတ်တပ်ရပ်တနေရာစာအတွက်  တိုးဝှေ့ပြီး စီးခဲ့ဖူးသည်။ ထိုအချိန်ကတော့ လိပ်ပြာလုံ ခဲ့သည်ဟု ဆိုရမည်။

သို့နှင့် နေ့ရက်များစွာက တရွေ့ရွေ့နှင့် ကုန်လာခဲ့သည်။ ညနေ အလုပ်ပြန်ချိန်၏ မြင်ကွင်းနှင့် အခြေအနေကတော့ အရင်အတိုင်းသာ ဖြစ်နေခဲ့သည်။ ကျွန်တော် လုံစေချင်သော လိပ်ပြာပင် မောပန်းစ ပြုလာခဲ့ပြီ။ နိင်ငံကြီးသား ပီသချင်သော အပြုအမူတို့လည်း တစစနှင့် ကွယ်ပျောက်ချင်လာခဲ့ပြီ။ အလွန်ပင်ပန်းသော အလုပ်တက်ရက်တချို့တွင် ကျွန်တော်နှင့် အိမ်ပြန်ခရီးစဉ်တွင်ခင်မင်လာသော ခရီးဖော်က တိုက်တွန်းသဖြင့် ကျွန်တော် တစ်စစနှင့် ကားပတ်စီးစ ပြုလာခဲ့သည်။ လက်ရှိခေတ်အခြေအနေ၏ လှိုင်းလုံးထဲတွင် ကျွန်တော် အလိုက်သင့် ကူးခတ်စ ပြုလာခဲ့ပြီ။

ဂိတ်စတွင် ကားစောင့်စီးခဲ့ဖူးသော ဘဝတူ ခရီးသည်များနှင့် အခုလို ကားပတ်စီးသော ဘဝတူ ခရီးသည်များကိုလည်း နားလည်စ ပြုလာခဲ့သော်လည်း နေ့စဉ်ပြန်နေကြ ဖြစ်သော အခုလို အချိန်တိုင်းတွင် ကျွန်တော်၏ စိတ်အာရုံသည် ရှက်ရွံ့နေတတ်မြဲဖြစ်သည်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကို သဟဇာတ မဖြစ်နိင်သေးပါ။ မိမိ၏ စိတ်တန်ဖိုးကို မြှင့်တင်ချင်စိတ်နှင့် တစ်နာရီခန့် စီးရသော ခရီးစဉ်၏ ပင်ပန်းဆင်းရဲမှုတို့၏ လွန်ဆွဲမှုကြောင့် ဒီအချိန်ရောက်တိုင်း ကျွန်တော့်လိပ်ပြာ မလုံမလဲ ဖြစ်နေဆဲပင် ဖြစ်သည်။ မျက်နာပြောင် တိုက်ခြင်းဆိုသည့် အပေါ်ယံ မျက်နာကြော မတင်းနိင်သေးသ၍ ဂိတ်စမှ ခရီးသည်များ တက်လာတိုင်း တစ်ခုခုကို ငေးမောနေသော မျက်နာမျိုးဖြင့် ကျွန်တော် မမြင်ချင်ယောင် ဆောင်နေရအုံးမည်။

ငယ်စဉ်ထဲက တွေးခဲ့ဖူး လေ့ကျင့်ခဲ့ဖူးသော ဖြစ်သင့်ဖြစ်ထိုက်သည့် သဘာဝကျကျ အပြုအမူနှင့်  စိတ်ဓါတ်သည် ရန်ကုန်တွင် အလုပ်တက်၍ သုံးလခန့် အကြာတွင် ကွယ်ပျောက်သွားရတော့သည်။ လူဆိုသည်မှာ သဘာဝကျကျ ရှင်သန်ဖို့ ဆိုသော အတွေးအခေါ်များသည်လည်း  ပြည့်ညှပ်နေသော ခရီးသည်များကြားတွင် ထွက်လာသော ချွေးတို့နှင့်အတူ ကွယ်ပျောက်သွားခဲ့သည်မှာ ကြာခဲ့ပြီ။ တစ်နေ့တာလုံး စိတ်နှင့်ခန္ဓာ မောပန်းခဲ့သော ဘဝတူ ခရီးသည်များကိုလည်း အပြစ်မတင်ရက်တော့ပေ။

သက်သောင့်သက်သာဖြင့် အိမ်ပြန်ခရီးသည် တစ်နေ့တာ မောပန်းမှုများကို ဖြေဖျောက်ပေးခြင်းလည်း
ဖြစ်သည်။ နောက်တစ်နေ့အတွက် အားအင်များကို ပြန်လည်စုစည်ခြင်း ဖြစ်သည်ကိုလည်း ကျွန်တော် လက်ခံနားလည် လာခဲ့ပြီ။ ထို့ကြောင့် ဘလောက်တစ်ခုစာ လမ်းလျှောက်ရခြင်း၊ ကားပတ်စီးခ အနည်းငယ် ပိုပေးရခြင်းတို့သည် ကျပ်ကျပ်သိပ်သိပ် ကားစီးရသော ဒုက္ခထက် အများကြီး သက်သာသဖြင့် ဘိုကလေးဈေး မှတ်တိုင်အထိ ပြန်လျှောက်ပြီး ကားပတ် စီးဖြစ်တော့သည်။

အမှတ်တမဲ့မှ အလေ့အထ လေးတွေ ဖြစ်လာခဲ့သည်။ အလေ့အထမှ တစ်စစနှင့်အလေ့အကျင့်
ဖြစ်လာသည်။  အလေ့အကျင့်တွေ များလာသည့်အခါ ဒါဟာ ယဉ်ကျေးမှုအသစ်တစ်ခု ဖြစ်လာတော့သည်။

ယခုချိန်တွင်တာ့ ကျွန်တော်တွင် ကွယ်ပျောက်စပြုနေသော နိင်ငံကြီးသား ပီသသော စိတ်ထားလေးအတွက် နှမျောမိသည်မှလွဲလျှင် မိမိကိုယ်ကိုသာ အဆင်ပြေအောင် ပြုမူနေထိုင်သော ခေတ်သစ်ယဉ်ကျေးမှု လှိုင်းလုံးထဲတွင် အလိုက်သင့် ကူးခတ်တတ်လာခဲ့ပြီ။ ဒါဟာလည်း ဘဝကို ရင်ဆိုင်နည်းတွေထဲမှ နည်းနာ တစ်ခုလည်း ဖြစ်နိင်ပါသည်။

ကျွန်တော့်ကဲ့သို့ပင် နိင်ငံကြီးသား ပီသချင်လျှက်နှင့် စိတ်ဓါတ်များ လျော့ရဲခဲ့ရသော ကားပတ်စီးသူ ခရီးသည် အရေအတွက် မည်မျှရှိနေနိင်မလဲ။ နောက်ထပ်ရော ပျက်စီးဖို့ အဆင်သင့်ဖြစ်နေသည့် သူတွေရော ဘယ်လောက်များများ ရှိလာအုံးမလဲ။ ကျွန်တော် မမှန်းတတ်ပြီ။ ဒါဟာ တစ်နာရီစာ ခရီးစဉ်၏ စိတ်ဓါတ်ပျက်စီးမှုများသာ ဖြစ်သည်။

ထိုကဲ့သို့ဖြစ်ရသည်မှာ အဘယ်ကြောင့်နည်းဆိုပြီး ဆင့်ကာဆင့်ကာ ဆက်စပ်တွေးခဲ့ဖူးသော်လည်း ထိုအတွေးများကို အဆုံးသတ်အဖြေရသည်အထိ ကျွန်တော် မတွေးနိင်ခဲ့ပါ။  ကျွန်တော်အတွက် မနက်ဖြန် လုပ်ငန်းခွင်နှင့် ကျွန်တော့်နောက်ကွယ်တွင်ရှိသော မိသားစု၏ စားဝတ်နေရေးသည် မည်သည့်အရာကိုမျှ ကြာရှည်တွေးခွင့် မပေးထားပေ။ ကျွန်တော်ယုံကြည်သည်မှာ လူတိုင်းလူတိုင်း  အဆင်ပြေပြေနှင့် ဘဝကို ဖြတ်သန်းရသည့် အချိန်ရောက်ခဲ့လာလျှင် ထို့ပြင် ထိုအချိန်တွင် ကျွန်တော်တို့၏  စိတ်ဓါတ်များဆိုးဆိုးရွားရွား မပျက်စီးသေးခဲ့လျှင် ကျွန်တော်တို့အားလုံး နိင်ငံကြီးသား အပြုအမူများကို ကျင့်သုံးနိင်ကြပါမည် ထင်ပါသည်။

ပိတ်လှောင်နေသော ကားထဲရှိ ခရီးသည်တို့ထံမှ ထွက်လာသော အနံ့အသက်တို့ကြောင့် တွေးလက်စ အတွေးများ ရပ်သွားကာ မှန်ပြတင်းပေါက်ဘက် မျက်နာလှည့်၍ လေတစ်ချက် ရှိုက်သွင်းလိုက်သည်။ တံတားပေါ်မှအဖြတ်တွင် မြစ်ပြင်ကို ဖြတ်သန်း လာသောလေသည် အေးမြလတ်ဆတ်နေ၏။ ထိုလေကို ဝဝလင်လင်ရှူရှိုက်လိုက်ရ၍ တနေ့တာပင်ပန်းနွမ်းနယ်မှု တစ်ချို့ ပြေပျောက်သွားရတော့သည်။

ယခုအချိန်တွင် ကျွန်တော့်အတွက် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ လတ်ဆတ်သောလေကို ဝဝလင်လင် ရှုရှိုက်ရဖို့သာ ဖြစ်သည်။
။...........................................................................။

44 comments:

♥ကိုဇော်♥ said...

အောင်မြတ်လေး မိမြစ်ရယ်...ချောလှချည့်လား..
ဓါတ်တိုင်လေးတောင်မှ မှီနေသေးတယ်။
စာမဖတ်ခင် ညည်းကို အရင်တွေ့လိုက်လို့ အရင် လာမန့်တာဟေ့..
စာ ဆက်ဖတ်လိုက်ဦးမယ်။

ချောလိုက်တာ မိမြစ်ရယ်..။

♥ကိုဇော်♥ said...

တိုတိုပဲ ပြောခဲ့တော့မယ်....

“ တကယ်ကို ဒီလိုပဲ စဉ်းစားခဲ့ဖူးပါတယ်။ ”

သို့သော် ခေတ်ရေလှိုင်းလုံးက ကြီးတယ်။ ဒါကြောင့် ခေါင်းတောင်မှ မဖော်နိုင်တော့. . ဒါပေမဲ့ ဆက်လက်ကူးခတ်ပါဦးမယ်။

အနော် said...

....ယခုအချိန်တွင် ကျွန်တော့်အတွက် အရေးအကြီးဆုံး နှင့် အလိုအပ်ဆုံးမှာ လတ်ဆတ်သောလေကို ဝဝလင်လင် ရှုရှိုက်ရဖို့သာ ဖြစ်သည်။ ...
ဒီလိုနည်းတွေနဲ့ပဲ ကိုယ့်ကိုယ်ကို အသက်ဝဝရှုနိုင်ဖို့သာ တွေးတောနေမိတာ ကြာပါပီ အကိုရာ

ကိုအောင်(ပျူနိုင်ငံ) said...

ဒီကားက ရွှေဂုံတိုက်ဖက်ရော ရောက်လားဗျ။

ညီမလေး said...

ကျောင်းတတ်တုန်းက ဘဝကို သတိရတာအေ... T.T
....................................................................................................................................
နိုင်ငံကြီးသားလား ??? .... အင်း .... နိုင်ငံကြီးသားတဲ့လား ...။

ဒါနဲ့ " ပန်းဆိုးတန်းကို ..... တညင် (သန်လျင်) ပြန်မယ်
ပန်းဆိုးတန်းကို ..... တညင် (သန်လျင်) ပြန်မယ် " အဲ့လိုအော်သလား ??? ။

Anonymous said...

အမှတ်တမဲ့ ကနေ အလေ့အထ၊ အလေ့အထ ကနေ ယဉ်ကျေးမှု ....မှန်လိုက်လေဗျာ။
ကိုယ့်နောက်က မိသားစုဆိုတာ၊ လိုအပ်ချက်ဆိုတာ ငဲ့ကြည့်လိုက်ရုံနဲ့ ငတေ ဆိုတာ လည်း ဖယောင်း လောက်အောက်မေ့လိုက်ဖို့ တွေးရဲစေနိုင်တဲ့အထိကို အခြေအနေတွေနဲ့ အသားကျ မာကျောကျစ်လစ်...။ (အခြေအနေနဲ့ လိုက်အောင် ပြောင်းလဲ ရှင်သန်ဖို့ တတ်စွမ်းနိုင်ကြလွန်းတယ် လို့ပဲ ပြောရလေမလား...)

kokomaung.uk said...

ဘတ်စ်ကားစီးရမှာတောင် ခပ်ကြောက်ကြောက် ဖြစ်သွားပြီ။ ပူးပူးကပ်ကပ် ညှပ်ညှပ်တပ်တပ် နံနံစော်စော် ဆူဆူညံညံ။ ဘ၀ ဘ၀။

ဘယ်သောခါများမှ သက်တောင့်သက်သာ ရှိကြရှာပါ့မလဲ။

kaungkinpyar said...

ဘတ်စ်ကားစီး ခရီးသည်တိုင်း ခံစားဘူးတဲ့ ခံစားချက်ပါပဲ....

ဝက်ဝံလေး said...

အို ဘယ့် ဘယ့်နှယ့် ဖုံးကညာတပါး လုံးရာက ပြားသနည်း အမလေးလေး ငါတို့ပါးပါးကိုများ မိမြစ်တဲ့
အင်းလေ ဟုတ်ရှာမှာပေါ့ သာမီး ၃ ယောက်ကို ကျွေးဖို့မွေးဖို့ ရှာရတာ အဲလိုပုံနဲ့မှ ဖြစ်မယ်မလား အဟက်

ဝက်ဝံလေး said...

အဟီးးး ပြောလို့ ပြောတာဟုတ်ဘူးနော် မှတ်တိုင်မှာ မှီနေတဲ့လူက တော်တော်တူတယ် ဒက်ဒီ မျှစ် နဲ့ ဟားဟားးးးးးးးးးးးးးးးးးး

SHWE ZIN U said...

ကိုမြစ်ကျိုးရေ

ကျနော် တို့ မန်းသူတွေကတော့ ဘတ်စ်ကားစီးရမှာ သိပ်ကြောက်တယ် .. အဲဒီလို အလုပ်သွားရရင် အဲလို ဘဲ စိတ်တွေ ပြောင်းသွားမလားမသိဘူး

ခင်တဲ့
ရွှေစင်

ဓါးထက်ထက် said...

အဲဒီဘ၀ တွေကလွတ်မြောက်ဘို့  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရပ်ထားတဲ့  Air pagan က air bus (310) ကြီး ၂စီးချသုံးလိုက်ရရင်ကောင်းမယ်နော်ညီ နှမျောလွန်းလို့ ပါ

Angel Shaper said...

အမှတ်တမဲ့မှ အလေ့အထ လေးတွေ ဖြစ်လာခဲ့သည်။ အလေ့အထမှ တစစနှင့် အလေ့အကျင့် ဖြစ်လာသည်။ အလေ့အကျင့်တွေ များလာတဲ့အခါ ဒါဟာ ယဉ်ကျေးမှု တခု ဖြစ်လာတော့သည်။

ဟုတ်တယ်... ပါပါးရေ.....
အဲလိုပဲ မရင်းနှီးချင်တဲ့ယဉ်ကျေးမှုလှိုင်းလုံးထဲ အလိုက်သင့်ကူးခတ်နေရတာ တော်တော်ခံရခက်တယ်နော်။

Angel Shaper said...

ယခုအချိန်တွင် ကျွန်တော့်အတွက် အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ လတ်ဆတ်သောလေကို ဝဝလင်လင် ရှုရှိုက်ရဖို့သာ ဖြစ်သည်။

ဟုတ်တယ်... အဲဒီလိုတွေးပြီး ကျေနပ်နိုင်အောင်ကြိုးစားနေရတာ၊ အသက်ဝအောင်ရှုနေရတာ.... ကြာပြီ ပါပါးရ။
အဆင်ပြေပျော်ရွှင်ပါစေဗျာာာာာ

Angel Shaper said...

ဒါက... ပါပါးကွက်စ်အတွက်....
တော်ရာမှာ ပျော်အောင်နေနေရတဲ့ ဘဝတွေမှာ
မာမီမြစ်....အဲလေ.....
ပါပါးးးးးမြစ် အဆင်ပြေပျော်ရွှင်ပါစေလို့.....

မီးကြီး
ကွန်မန်ဒိုဆိတ် (တချိန်က ပိုလီယိုဆိတ်)အဟဲ

kiki said...

အများမိုးခါးရေသောက်နေကြရတဲ့ အချိန်မှာ ကိုယ်က ထူးထူးခြားခြား ၅၀၀၀ တန်ကော်ဖီသောက်နေရင်တော့ ..သီလပျက်သူ က ကိုယ်သာဖြစ်လိမ့်မယ်ထင်ပါတယ်လေ ....
ခုတော့ တိုးစီးစရာ စစ်ပြီးခေတ်က ဘတ်စ်ကားတွေတောင် နယ်နှင်ခံရလို့ ရွှေရောမသားတွေ ဘယ်လို ခရီးဆက်နေကြပြီလည်း လို့ တောင် မတွေးဝံ့တော့ပါဘူး ဆရာမြစ်ရေ ။

မြတ်မွန် said...

ဒါတွေကို အတ္တ တွေလို့ ဆိုနိုင်မလားပဲနော်..
အတ္တကိုရှေ့တန်းတင်တော့ ပျက်စီးခြင်းတွေ ဖြစ်လာတာပေါ့။
ကိုယ်သက်တောင့် သက်သာရဖို့ အတွက် အတ္တတွေ ဖြစ်လာတဲ့ အခါ ...
နည်းမျိုးစုံနဲ့ ကြိုးစားကျတော့တာ လူသဘာဝလို့ ဆိုနိုင်မလား..။
အဆင်မပြေ ချို့တဲ့မှုတွေ များလာတဲ့ အခါ ....ဘယ်သူက နိုင်ငံကြီးသားပီသလို့ ရပါတော့မလဲ..။
နိုင်ငံကြီးသားပီသ ဖို့ဆိုတာ လူတွေရဲ့ စိတ်ဓာတ် ပတ်ဝန်းကျင် လူနေထိုင်မှု စရိုက် နိုင်ငံရဲ့ တိုးတက်မှုတွေ စည်းကမ်းတွေနဲ့ အများကြီး ဆိုင်တယ်လို့ ထင်မိပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခုခေတ်မှာတော့ ကားပတ်စီးတာဟာ လိပ်ပြာမလုံစရာကောင်းတဲ့အလုပ်လို့ ဘယ်သူကမှ အထူးတလည် မတွေးမိကြတော့ဘူး..
စာရေးသူပြောတဲ့ ဒီယဉ်ကျေးမှုလှိုင်းလုံးထဲမှာ အားလုံးဟာ အလိုက်သင့်ကူးခတ်တတ်ခဲ့ကြတာ ကြပါပြီ..
ဒီထက်ဆိုးတဲ့ သီလပျက်တဲ့ ဖြစ်ရပ်တွေကိုတောင် ပေါ့ပေါ့ပါးပါးသာ သဘောထားနေခဲ့ကြတာ အသေအချာတွေ့နိုင်ကြသားဘဲလေ..
ငါဒါလုပ်လိုက်ရင် ဘယ်သူထိခိုက်မလဲဆိုတဲ့အတွေးကိုတွေးမိကြဖို့
အချိန်မရှိတော့တာလား.. မတွေးချင်ကြတော့တာလားဆိုတာတော့
စဉ်းစားရခက်ဆဲပါ.. နိုင်ငံကြီးသားပီသဖို့ ကြိုးစားနေကြသူတွေ ဘယ်လောက်များများ ကျန်နေသေးသလဲ.. စိတ်ဝင်စားမိပါတယ်...

ကိုညီမင်း said...

ကားပါတ်စီးတာထက်ပိုမြင်ကြည့်မိတယ် တွေးရင်တွေးသလောက် ရင်လေးစရာဖြစ်နေပြီနော် ကိုယ်တွေလည်း အဲဒီသီလပျက်နေပြီလားမသိပါဘူးဗျာ

ကိုမြစ်အဆင်ပါစေ

ဆောင်းယွန်းလ said...

ညီလေးရေ...
လူပတ်စီးပြီး လူ့ပျက်စီးတွေများလာတဲ့ ခေတ်ကြီးထဲမှာ ကားပတ်စီးရတာလောက်ကတော့ ဖြေသာပါသေးတယ်လေ...

ဂျစ်တူး ( မုံရွာ ) said...

အင်း - - -
ကျနော်တို့တတွေအများကြီးနိုင်ငံကြီးသာပီသချင်သူတွေပါ
--အမှတ်တမဲ့မှ အလေ့အထလေးတွေ ဖြစ်လာခဲ့သည်။ အလေ့အထမှ တစစနှင့် အလေ့အကျင့်ဖြစ်လာသည်။ အလေ့အကျင့်တွေများလာတဲ့အခါ ယဉ်ကျေးမှုတစ်ခု ဖြစ်လာတော့သည်။-----အဲဒီအမှတ်တမဲ့ကလေးတွေကိုမစမိဖို့တော့မိမိကိုယ်
မိမိသတိပေးနေမိမှာပါ။ ကျေးဇူးပါကိုမြစ်ကျိုးရေ - - -

ရွှေရတုမှတ်တမ်း said...

ကားပတ်စီးဖို့အရေး..မှတ်တိုင်မှီပြီးအိုက်တင်ပေးနေရသေးလား...
ကိုကိုမျှစ်ရယ်...

ပီယ said...

ကိုမြစ်ကျိုးရေ ဒီလိုပဲခေါ်မယ်ဗျ နော့

ဒီထက်မကတဲ့ စိတ်ဓါတ်ပျက်ပြားမှု့တွေတောင် ထမင်းစားရေသောက်ဖြစ်နေပြီလေ ဒါကိုဘယ်သူမှအရေးတယူ လုပ်ပြီး စဉ်းစားမိမှာမဟုတ်ဘူး ကိုမြစ်ကျိုးစာကိုဖတ်ပြီး ကျွန်တော်တွေးမိတာကတော့ ဘတ်စ်ကားပတ်စီးတဲ့ စိတ်ဓါတ်ပျက်စီးမှု့ မဟုတ်ပဲ အခြားနေရာ အခြားပုံစံတစ်ခုနဲ့ ဒီလို ပျက်စီးမှန်းမသိပျက်စီး သွားတဲ့ လူတွေဘယ်လောက်ရှိနေပြီလဲဆိုတာ တွက်ချက်ကြည့်လို့တောင်ရမှာမဟုတ်ဘူး

ahphyulay said...

အင်း.... အတွေးအခေါ် လေးပါနေတယ်နော်..၊
ဒါကြောင့် မို့  လွတ်လပ်စွာပဲ ဖြန့် ပြီး အများကြီး
တွေး လို့ ရနေတယ်၊
လူ ဆိုတာကတော့  သက်သာရာ၊ ငြိမ်းချမ်းရာ ကို
လိုချင်ရှာချင်နေ ကြတာပါ။ ရှာလဲ ရှာနေကြပေမဲ့ 
လွဲ လွဲ နေတာလဲ ရှိနေ အုံးမှာလေ။
ကိုယ် လုပ်ချင်ရာကို လွတ်လပ်စွာ လုပ်ချင် ကြတဲ့ 
စရိုက်လေး တွေကြောင့်  ပါ လို့ ။

ဒဏ္ဍာရီ said...

လက်တွေ့ဆန်တဲ့ ဘ၀နေနဲ့ လူနေမှုအဆင့်အတန်း၊ လူတွေဟာ ရုန်းကန်ရင်း ဘ၀ကို ကျဉ်လည်သလို ဖြစ်သန်းနေရတဲ့ အချိန် အားလုံးဟာ တကယ်ပဲ အလိုက်သင့်လေး မျောတတ်သွားခဲ့ရတာပါ။ ဒီလို အတွေ့အကြုံမျိုး ကိုယ်တိုင်ကြုံခဲ့ဘူးပါတယ်။ အကျင့်သီလ ပျက်ပျားပြီး အတ္တကြီးသူတွေနဲ့ စာရင် မျက်နှာလွဲလိုက်တော့မယ် ကိုမြစ်ကျိုးအင်းရေ..။ ဒါပေမယ့် မိမိအပါအ၀င် အားလုံးကိုတော့ နိုင်ငံကြီးသားပီသစေချင်ပါတယ်။ အမတို့လည်း ကျိုးစားဖို့လိုအပ်နေတယ်လေ။

ခင်မင်လေးစားလျှက်

ချစ်ကြည်အေး said...

ကားပတ်စီးတာတော့ မစီးဘူး၊ အရှေ့ဖျား နဲ့ အနောက်ဖျား သွားမယ်၊ လူလည်း မလန်းဘူးဆိုရင်ပေါ့...ဒီမှာ ရထားတော့ ပတ်စီးဘူးတယ်...။ ဟုတ်တယ် နေရာ ရချင်လို့...။ ဒါပေမဲ့ ကိုမြစ်တွေးသလို မတွေးကြည့်ခဲ့မိဘူး...:)

flowerpoem said...

ရန်ကုန်မှာ ဘတ်စ်ကားစီးရတာ စိတ်ညစ်တယ်... စီးနေရင်းနဲ့လည်း လူတွေ ကိုယ်ချင်းစာတရား အရမ်းနည်းနေပြီလို့ ခဏခဏတွေးမိပါတယ်. . . တစ်ခါထက်တစ်ခါ တစ်ကိုယ်ကောင်းဆန်တဲ့လူတွေ ပို၂များလာတာကိုတွေ့ရတယ်

မျက်မှန်လေး said...

အင်း ဟုတ်တယ်နော် ကိုမြစ်ကြီး။။ကျွန်တော်လည်းတစ်ခါတစ်ခါ အဲလိုခံစားရဖူးတယ်။
ဒီမှာကျတော့ lake side မှာနေရာမရလို့ boonlay ထိရတားပတ်စီးတယ်လေ။

ဒါပေမဲ့ ကိုယ်ဝန်သည်တို့ အဖိုးကြီးအဖွားကြီးတွေလာရင်တော့ ထပေးပါတယ်။
ဟီးဟီး
အလိုမျိုးဘဲ ခံစားခဲ့ရဖူးတယ်။
ရှက်ရွံ့မိတယ်။

ဏီလင်းညို said...

မျှစ်ရေ....
ကားတော့ တစ်ခါမှ ပတ်မစီးဖူးခဲ့ပေါင်ဗျာ....။
တစ်ခါတစ်လေတော့ မြို့ထဲကနေ အိမ်ပြန်ရင် ကားအရမ်းကြပ်လာလို့ ဆင်းရမယ့်မှတ်တိုင် မရောက်ခင် သုံးလေးမှတ်တိုင်လောက်မှာ ကြိုဆင်းပြီးလမ်းလျှောက်ပြန်မိတတ်တာပါပဲ....။
နောက်ကားတွေလည်း ကြပ်နေတာအတူတူပဲမို့လေ...။
အဲ့သလိုဟ.....း))
ခင်မင်တဲ့
ဏီလင်းညို

ကိုခိုင် said...

ဓါတ်ပုံထဲမှာတော့.....
ပိုင်ဆိုင်မှုအားလုံးကိုလွယ်ပိုးပြီး
တခုခုကိုလေးလေးနက်နက်တွေးနေပုံဘဲ...
ထင်တာတော့...
အကြီးကြီးတခုခုလုပ်ဖို့စဉ်းစားနေတာလား...
ဒါမှမဟုတ်...း)

လတ်ဆတ်သောလေများ
ဝဝရှုနိုင်ပါစေ။

ကိုခိုင်

စန္ဒကူး said...

(အမှတ်တမဲ့မှ အလေ့အထ လေးတွေ ဖြစ်လာခဲ့သည်။ အလေ့အထမှ တစစနှင့် အလေ့အကျင့် ဖြစ်လာသည်။ အလေ့အကျင့်တွေ များလာတဲ့အခါ ဒါဟာ ယဉ်ကျေးမှု တခု ဖြစ်လာတော့သည်။) အဲဒါလေးသဘောကျတယ်။ ဒီအပတ် ဘုရားကျောင်းသွားတုန်းက ဆွေးနွေးမိတဲ့ အကြောင်းရာလေးတစ်ခုနဲ့ တိုက်ဆိုင်နေတယ်။

ပိုးပိုးပြည့်စုံ said...

ပိုးပိုး ဖတ်ပြီးသွားပြီ.....

ကိုလူထွေး said...

စာဖတ်ရင်း အတော်လေးကို မွန်းကြပ်သွားမိတယ်...
ရန်ကုန်ပြန်ရောက်သွားသလိုပဲ...

းဝ)

ကြည်ဖြူပိုင် said...

သရုပ်ဖော်ပုံလေးနဲ့ဇာတ်လမ်းလေးအရမ်းလိုက်တယ်
သရုပ်ဖော်ပုံနဲ့တင်....အသက်ဝင်နေတာ....
သူငယ်ချင်းရဲ့အရေးကောင်းလေးနဲ့တွဲဖက်လိုက်တော့
ဆိုဖွယ်ရာမရှိတော့ဘူး။
အဲလိုဇာတ်လမ်းလေးတွေကြိုက်တယ်

ဆောင်းနှင်းရွက် said...

ကို တစ်ကိုးကင်းးးးရေ ...
လာဖတ်သွားတယ် ....
ဓာတ်ပုံ နဲ့တင်
ပို့စ်က ဖတ်ဖို့ ဆွဲဆောင်နေတယ် ..

ညရဲ့ကောင်းကင် said...

ဒီလိုပါပဲ ကိုမြစ်ရာ ...
ဘ၀ဆိုတာ တခါတခါမှာ ကိုယ်မလုပ်ချင်ပေမယ့် လုပ်နေတဲ့ အရာတွေ ရှိသလို ကိုယ်လုပ်ချင်သားနဲ့ မလုပ်နိုင်တဲ့ အရာတွေလည်း ရှိနေတတ်တော့ ... ဟူးးးးးးးးးးးးး


ဒေါ့ကွန်းပြောင်းသွားတာ မသိဘူးဗျ...ဒါကြောင့် နောက်ကျသွားတာ ...း)

ကျောပိုးအိတ် said...

တကယ်အပြင်မှာ ဖြစ်နေတဲ့ သဘာဝ အကြောင်းအရာတွေကို ဖတ်လိုက်ရတာ စိတ်ထဲမှာ ခံစားမှုတစ်ခုကို ပေးသွားတယ်။

Younggun said...

၂ဝဝ၇ က ကိုယ့်ကိုကိုယ် ပြန်မြင်လိုက်သလို.

TYZ said...

ကားပတ်စီးခဲ့ရတာလေးကို သတိရမိတယ်။ ဒါပေမဲ့ ကိုယ်က အမြဲကားမူးတတ်လေတော့ ထိုင်ခုံရတာများတယ်လေ။ ရန်ကုန်- သံလျင်ပြန်ရတာ မသက်သာပါဘူး။ နေ့တိုင်းဆို ပိုဆိုးပေါ့နော်။ အတွေးက တကယ်ကို ချီးကျူးစရာ။ အရေးကလည်းတကယ်ကောင်း...

အင်ကြင်းသန့် said...

ရန်ကုန်မှာ ၂နှစ်လောက်ပဲနေခဲ့ဖူးတာ အဲဒီလိုတော့ကားပတ် မစီးဖူးခဲ့ဘူး...ဒါပေမယ့် ထင်ပါတယ်...ကိုယ်ကိုယ်တိုင် အဲဒီနေရာမှာသာဆိုရင်လည်း အဲဒီလိုပဲလုပ်မိလိမ့်မယ်လို့...


~~~အမှတ်တမဲ့မှ အလေ့အထ လေးတွေ ဖြစ်လာခဲ့သည်။ အလေ့အထမှ တစစနှင့် အလေ့အကျင့် ဖြစ်လာသည်။ အလေ့အကျင့်တွေ များလာတဲ့အခါ ဒါဟာ ယဉ်ကျေးမှု တခု ဖြစ်လာတော့သည်။~~~

အဲဒီ စကားလေးကိုတော့ တော်တော်ကြိုက်မိပါတယ်...။

မြစ်ကျိုးအင်း ဆိုပြီး နာမည်ကြီးတာ မဆန်းပါဘူးလေ...ဓါတ်ပုံ ခုမှပဲမြင်ဖူးတယ်...အတော့်ကို ချောတာကိုး။ ။

မငုံ said...

ဟုတ်တယ် ကိုမြစ်ကျိုးအင်းရေ.. ကားပေါ်က ဆင်းလိုက်မှ ကောင်းကောင်းအသက်ရှူခွင့်ရတော့တယ်။ အထဲမှာ ကျပ်ပိတ်သိပ်နေတာတောင် အချောင်ကြီး ရှိသေးတယ်။ ၀င်ပါနဲ့ အော်နေတဲ့ စပယ်ရာအသံတွေ လက်ကိုင်ကွင်းက ခြေဖျားထောက်ပြီး လှမ်းကိုင်တာတောင် မမှီ :( အမလေး အများကြီးပဲ။

မြသွေးနီ said...

ကိုမြစ်ရေ....

မွန်းကြပ်နေတယ်ရှင့်..။
ဘယ်နေရာမှာမှ လေကောင်းလေသန့်တွေ
ရှူလို့ရနိုင်မလည်းဟင်....။

စံလင်းထွန်း said...

ရှားပါးစာကောင်းလေးတွေ လာဖတ်မှတ်သွားပါတယ်ခင်ဗျာ ...။

လေးစားလျက်
စံလင်းထွန်း

Anonymous said...

ဒီပို့စ်လေးဖတ်လိုက်ရတော့ ပြန်သတိရမိတယ်..
ကားတစ်စီးလာရင် တိုးဝှေ့လုယက်.. အရင်ရောက်တဲ့သူက ရှေ့ဆုံးကတတ်နိုင်မယ့် တန်းစီတဲ့စနစ်လေးကို ဘာလို့မသုံးကြတာလဲမသိဘူးဗျာ.. ကျွန်တော်လဲ ဟိုအရင်တစ်ချိန်ကတော့ အဲ့လိုပဲစီးခဲ့ဘူးပါသေးတယ်.. ဘိုကလေးဈေးကတောင် မဟုတ်ဘူး.. တစ်ခါတစ်လေ လမ်း၅၀တို့.. ဂန္ဒီတို့ကနေကို သွားစောင့်စီးတာ..
ဘိုကလေးဈေးကစီးလဲ ဘာမှမထူးလို့လေ.. သီလတွေပျက်ခဲ့ဖူးတယ်ပေါ့ဗျာ..။

 

Posts Comments

©2006-2010 ·TNB