မေတ္တာရေဆန်

27 May 2010



ယနေ့သည် အလုပ်ပိတ်ရက်ဖြစ်သောကြောင့် စာထိုင်ဖတ်ကာ စိတ်အပန်းဖြေဖို့ ကြိုတွေးထားခဲ့သည်။ မြန်မာပြည်ရှိ မိသားစုထံလည်း ဖုန်းဆက်ပြီးသွားပြီဖြစ်၍ တခြားလုပ်စရာ မယ်မယ်ရရမရှိတော့။ ထို့ကြောင့် မနက်စာ စားပြီးကတည်းက ကော်ဖီတစ်ခွက်ဖျော်ပြီး ဝရန်တာသို့ စာအုပ်တစ်အုပ်နှင့်အတူ ထွက်လာသည်။ အချိန်က မနက်ခင်း ကိုးနာရီ ကျော်သာ ရှိသေးသလို ဒုတိယထပ်တွင်နေသော ကျွန်တော်တို့အခန်း၏ ဝရန်တာဆီသို့ အပူဒဏ် မရောက်လာသေးတာကြောင့် အေးအေးလူလူ စာထိုင်ဖတ်ဖို့ အကောင်းဆုံး အခြေအနေလည်း ဖြစ်၏။

ပက်လက်ကုလားထိုင်ကို နေရာချကာ ဘေးနားရှိ ခုံပုလေးပေါ်တွင် ကော်ဖီခွက်ကို တင်ထားလိုက်ခြင်းဖြင့် စာထိုင်ဖတ်ရန် ပြင်ဆင်ပြီး ဖြစ်သွာလေပြီ။ ထို့နောက် ခန္ဓာကိုယ်ကို သက်သောင့်သက်သာ အနေအထားဖြင့် စာထိုင်ဖတ်နေ လိုက်တော့သည်။ ခန့်မှန်းခြေ မိနစ် ၂၀ ကျော်ခန့်အရောက်တွင် အိမ်ရှေ့လမ်းမဆီမှ ကားတစ်စင်း ရပ်သံကို ကြားလိုက်ရ၏။ ကျွန်တော်လက်ရှိနေသော လမ်းသွယ်လေးသည် ကားအသွားအလာ နည်းပါးတတ်သော်လည်း ယခုလို တနင်္ဂနွေ အလုပ်ပိတ်ရက်များတွင်တော့ ကားစီးရေ အနည်းငယ် ဖြတ်သန်းလေ့ ရှိသည်။

ဝရန်တာ ဘေးနားကပ်ကာ ထိုင်နေခြင်းဖြစ်သဖြင့် ခေါင်းစောင်းကာ ကြည့်လိုက်ရုံဖြင့် လမ်းမမှ မြင်ကွင်းများကို မြင်နိင်လေသည်။ ကားရပ်သံနှင့် မရှေးမနှောင်းမှာပဲ ကားတံခါး ဖွင့်သံ ပိတ်သံများကိုပါကြားလိုက်ရပြီးနောက် စကားသံ ထွက်ပေါ်လာသည်။

“ အဖေ နေကောင်းတယ်နော် ”
“ အေး ကောင်းတယ် မင်းတို့ရော ”
“ ကျွန်တော်တို့လည်း ကောင်းတယ် ”
“ မင်းတို့မလာတာတောင် ကြာပြီ ”
“ခုတလော အလုပ်တွေ များနေတယ်လေ”

သူတို့ရဲ့ စကားသံများ ဝရန်တာ အထိ ပျံ့လွင့်လာသဖြင့် အောက်ထပ် လမ်းမသို့ ကြည့်လိုက်မိ၏။ ပြောင်လက်နေအောင် သုတ်ထားပုံရသော အနက်ရောင် ဇိမ်ခံကား တစ်စီး၏ ဘေးနားတွင် အသက် ၃၅ နှစ်အရွယ်ခန့် အမျိုးသားတစ်ယောက်နှင့် အတူ သူ၏ ဇနီးဖြစ်ဟန်တူသော အမျိုးသမီး တစ်ယောက်ကိုပါ အလှမွေးခွေးလေး ပိုက်လျက်သား တွေ့လိုက်ရသည်။ သူတို့၏ အရှေ့တွင်တော့ စွပ်ကျယ်အင်္ကျီ ဝတ်ထားသော အသက် ၆၀ ကျော်ခန့်ရှိ အဖိုးကြီး တစ်ဦးကို တွေ့လိုက်ရသဖြင့် ကျွန်တော် အနည်းငယ် အံ့သြသွားရသည်။


ထိုအဖိုးကြီးကို ကျွန်တော် သိနေသည်မှာကြာပြီ။ လက်တွန်းလှည်း တစ်စီးဖြင့် အနီးအနားရှိ လမ်းတကာကို လျှောက်ကာ ရေသန့်ဘူးခွံ အချိုရည်ဘူးခွံများ လိုက်ကောက်သလို ကတ်ထူစက္ကူပုံးခွံများ လိုက်ကောက်သော အဖိုးကြီး ဖြစ်သည်။ ကျွန်တော်တို သောက်ပြီးသား ကိုကာကိုလာဘူးခွံများ ဘီယာဘူးခွံများ၊ အရက်ပုလင်းခွံများကို စုထားပြီး ပေးလေ့ရှိသဖြင့် လမ်းတွေ့တိုင်း လက်ပြနှုတ်ဆက်တတ်သော အဖိုးကြီးဖြစ်သည်။ သူနှင့်အတူ တခါတလေ သူ့ဇနီး အဖွားကြီးပါ လိုက်ကောက်လေ့ရှိသည်။

ဤနိင်ငံတွင်တော့ ဆင်းရဲသော သက်ကြီးရွယ်အိုများ၏ စားဝတ်နေရေး အလုပ်မှာ ထိုကဲ့သို့ ဘူးခွံများကို ကောက်ပြီး ပြန်ရောင်းခြင်း ဖြစ်သည်။ တစ်ချို့ ပင်စင်စားသက်ကြီးရွယ်အိုများလည်း အပျင်းပြေအနေနှင့် ဘူးခွံများ လိုက်ကောက်တတ်ကြသော်လည်း ဤ အဖိုးကြီးလင်မယားကတော့ အမှန်တကယ် ဆင်းရဲ၍ ကောက်ခြင်း ဖြစ်ဟန်တူသည်။ သူတို့နေသည့်အခန်းမှာ တကယ်တော့ ပင်မအိမ်တစ်ခုနှင့်တွဲဆောက်ထားသည့် ကားဂိုထောင်အဟောင်း တစ်ခုသာ ဖြစ်သည်။ သူတို့လင်မယား၏ ဝင်ငွေမှာလည်း ထိုဘူးခွံကောက်ခြင်းများအပေါ် မှီခိုနေမှန်း နေ့စဉ် လမ်းတကာလျှောက်၍ လိုက်ကောက်နေခြင်းဖြင့်သိသာစေသည်။

သူတို့တွင် သားထောက်သမီးခံ မရှိဟု ကျွန်တော် ထင်ထားခဲ့ဖူးသည်။ ယခု သူတို့အရှေ့တွင် ရပ်နေကြသော သားနှင့် ချွေးမ ဖြစ်သူ၏ ပုံစံကတော့ ပြည့်ပြည့်စုံစုံ နေထိုင်နိင်ပုံမျိုးဖြစ်သည်။ အဖိုးကြီး၏ လက်ထဲတွင် စက္ကူပုံးခွံ တစ်ခုကို ကိုင်လျက်သား မြင်ရ၏။ စီရလွယ်အောင် သေသေသပ်သပ် ခေါက်နေဟန်တူသည်။ ထိုအချိန်တွင် အိမ်အတွင်းဘက်မှ အဖွားကြီ ထွက်လာ၏။ သူတို့အခန်း၏ အဝင်ဝ ဘေးနှစ်ဘက်တွင်  ကတ်ထူစက္ကူများကို ထပ်ထားခြင်း ဘူးခွံများကို အိတ်များနှင့် ထည့်ထားခြင်းများကို မြင်ခဲ့ဖူးသည်။ ယခုမြင်ကွင်းက အနည်းငယ် စိတ်ဝင်စားဖွယ် ကောင်းနေသောကြောင့် ဆက်ကြည့်နေမိလိုက်၏။

“ နေကောင်းလား သားတို့ ”
“ အမေနေကောင်းလား ”
“ ကောင်းပါတယ် ကလေးတွေရော မပါဘူးလား ”
“ အိမ်မှာ အင်တာနက်ဂိမ်းဆော့နေကြတယ်လေ မလိုက်လာကြဘူး ”
“အော် ..အေး..အေး..”
“ အိမ်ထဲ ဝင်အုံးမလား ”
“ မဝင်တော့ဘူးအမေ သွားစရာ ရှိတယ် အမေတို့ကို ပေးစရာ ရှိလို့ ဝင်လာတာ ”
“ ဘာများလဲ ”

အမေဖြစ်သူ၏ မေးခွန်းကို မဖြေတော့ဘဲ ကားနောက်ဖုံး ဘက်ကို လျှောက်သွားရင်း
နောက်ဖုံးဖွင့်လိုက်သည်။

“ အဖေ ဒီမှာ ပစ္စည်းတွေ လာယူ”

သားဖြစ်သူ ခေါ်သံကြောင့် အဖိုးကြီးရော အဖွားကြီးပါ ကားနောက်ဖုံးဆီ လျှောက်လာကြသည်။ ချွေးမ ဖြစ်သူ ကတော့ ခွေးကလေး ကြိုးတန်းလန်းဆွဲကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေလေ၏။

“ အဖေတို့ အတွက် ရုံးကနေ သယ်လာပေးတာ”

ကားနောက်ဖုံးထဲတွင်တော့ စက္ကူပုံးခွံများကို ထပ်ကာ ကြိုးဖြင့် ချည်ထားသည်ကို တွေ့လိုက်ရသည်။

“ သယ်ရလွယ်အောင် ရုံးကကောင်လေးကို ကြိုးနဲ့ ချည်ခိုင်းထားတာလေ ”

အဖိုးကြီးလည်း လက်နှစ်ဖက်အသုံးပြုကာ မ ယူ လိုက်သည်။

“ အမေ ဒါကတော့ ဘူးခွံတွေ... အိမ်ကယူလာပေးတာ”

ဟုဆိုကာ ကျွတ်ကျွတ်အိတ် အကြီးစားဖြင့် ထည့်ထားသော အိတ်တစ်လုံးကို ပေးလိုက်သည်။ အိတ်ထဲတွင်တော့ အချိုရည် ဘူးခွံများကို တွေ့လိုက်ရသည်။ ဆေးဘူး တစ်ချို့ကိုလည်း တွေ့ရ၏။

“ ကျေးဇူးပါ သားရေ ”
“ အားမနာနဲ့ အမေ ... ကျွန်တော်တို့ သွားလိုက်အုံးမယ် ”

ဘောင်းဘီ အိတ်ထဲမှ ကားသော့ကို ဆွဲထုတ်ရင်း နှုတ်ဆက်လိုက်သည်။

“ ယောကျာ်းရေ ဒီမှာ ဘော်ဘီ အီးပါနေလို့ ကားနောက်ခန်းထဲက စက္ကူယူခဲ့ပါအုံး ”

မိန်းမဖြစ်သူ၏ ခေါ်သံကြောင့် ထိုအမျိုးသားလည်း တချက်လှမ်းကြည့်ကာ ကားထဲမှ တစ်ရှူးတစ်ချို့နှင့် ကတ်ထူစက္ကူ အပြားလေးကို ယူလိုက်သည်ကို တွေ့လိုက်ရသည်။ ဒီနိင်ငံတွင် အိမ်မွေးခွေးများ မွေးခြင်း ခေတ်စားသလို မနက်ခင်းနှင့် ညနေခင်းတိုင်း ခွေးကျောင်းထွက်လေ့ရှိကြသည်။ ကျွန်တော်သိသလောက် အိမ်းမွေးခွေး တစ်ကောင်၏ တန်ဖိုးမှာ မနဲပေ။ လမ်းတွင် မစင်စွန့်ခဲ့လျှင်တော့ ပိုင်ရှင်ဖြစ်သူမှ စက္ကူများဖြင့် ကျုးံပေးရသလို ခွေးကိုလည်း တစ်ရှူးများဖြင့် သုတ်သင်ကာ သန့်ရှင်းပေးကြရသည်။

ထိုအမျိုးသားလည်း ခွေးအနားကို လျှောက်သွားရင်း ခွေးခေါင်းကို တချက်ဖွဖွပုတ်ကာ
“ ဘော်ဘီ မင်း.. မနက်ကလည်း တစ်ခေါက်ပါပြီးပြီ ”

ဟုပြော၍ ကတ်ထူစက္ကူ နှစ်ခုဖြင့် ခွေးချီးများကို ကျုံးပြီး နံဘေးမှ ရေမြောင်းထဲ ပစ်ချလိုက်သည်။

“ကဲ သွားကြစို့ ” ဇနီးဖြစ်သူထံ လှမ်းပြောရင်း
“အဖေနဲ့ အမေ ကျွန်တော်တို့ သွားပြီနော် ”
“ အေး အေး သွားကြ ”
“ ဖြေးဖြေး သွားကြနော် ”

တဖြည်းဖြည်း ထွက်ခွာသွားသော ဇိမ်ခံကားနက်ကြီးကို အဖိုးကြီးရော အဖွားကြီးပါ မျက်စိ တစ်ဆုံး ငေးကြည့်နေကြသည်။ သူတို့လက်ထဲတွင်တော့ သားဖြစ်သူ တကူးတက လာပေးထားသော စက္ကူဘူးခွံများနှင့် အချိုရည်ဘူးခွံများကို ကိုင်လျက်သား ရှိနေသေး၏။ ထိုပစ္စည်းများကို ရောင်းချလိုက်လျှင် သူတို့လင်မယားအတွက် တနပ်စာတော့ ကောင်းကောင်းရနိင်မည်ဟု ကျွန်တော် စိတ်မှန်းဖြင့် တွက်ကြည့်လိုက်မိသည်။

ထိုမြင်ကွင်းကို အစအဆုံး ကြည့်ပြီးချိန်တွင်တော့ အတွေးတွေ များသွားရသည်။ ရုံးဌာန တစ်ခုတွင် ရာထူးတစ်ခုခုဖြင့် အလုပ်လုပ်နေဟန်ရှိသော ထိုလူ၏ အကောင်းစားကားဖြင့် တကူးတကလာ၍ မိဘကို ပေးသွားသည့် ပစ္စည်းများကို မြင်၍ ကျနော် အံ့သြမိသည်။ သူ့သားအနေဖြင့်ရုံးမှ စွန့်ပစ်ထားသော စက္ကူဘူးခွံများကို ယူလာပြီး သူတို့ကို ကြည့်ရှုထောက်ပံ့သည်ကို အဖိုးကြီးစိတ်ထဲ မည်သို့ခံစားရမည်ကိုတော့ ကျွန်တော် မခန့်မှန်းတတ်ပါ။ သို့သော်  ကောင်းသည်ဆိုးသည် မပြောဘဲ ပေးသမျှကို လက်ခံနိင်သည့် အဖိုးကြီး၏ နားလည်ပေးနိင်စွမ်းကို လေးစားမိသည်။ ထိုသည်မှာ မိဘမေတ္တာကြောင့်သာ ဖြစ်မည်။ ပြည့်ပြည့်စုံစုံ ရှိပုံရသော ထိုအမျိုးသား၏ မိဘအပေါ် သိတတ်ပုံကို မြင်လိုက်ရသဖြင့် ကျွန်တော် စိတ်အာရုံတို့ ညစ်နွမ်းသွားရသည်။ ထို့ကြောင့် ဖတ်လက်စ စာအုပ်ကို ပိတ်ကာ ထရပ်လိုက်မိသည်။ စာဆက်ဖတ်ဖို့ရန် ကျွန်တော်စိတ်မပါတော့ပေ။

။..................................................။

51 comments:

ourstream said...

အင်း ဘယ်လိုပြောရမလဲတောင်မသိတော့ဘူး..။ဒါဟာ ကျေးဇူးသိတက်ခြင်းလေလား......။

ပိုးပိုး said...

အရေးအသားကြောင့် ပြီးအောင်ဖတ်ရတာ စိတ်ထဲတမျိုးကြီး ဒီမှာလည်းအဲလိုတွေ အားကြီးပဲ..ဟင်းးးးး

အနော် said...

လူနေမှုအဆင့်အတန်းမြင့်တဲ့ နိုင်ငံတွေမှာ ကိုယ့်ခြေထောက်ကိုယ်သယ်နိုင်သေးတဲ့ သက်ကြီးရွယ်အိုတွေ အလုပ်လုပ်နေတာမြင်ဖူးတယ်.. အဘိုးကြီး အဘွားကြီးတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို ချီးကျူးတယ်.. ရုံးက အသုံးမလိုတဲ့ စက္ကူစုတ်ကို သေသေသပ်သပ်ထုတ်လာပီး လာပို့တဲ့ သားကိုပဲ ကျေးဇူးတင်ရမယ်.. :(

ပိုးဟပ်လေး said...

တို့ မြန်မာလူမျိုးတွေနဲ့ မတူတဲ့ ဓလေ့စရိုက်တွေ ပေါ့ကွယ်

sosegado said...

ဒီမှာ နေ့တိုင်းနီးပါး တွေ့နေရတဲ့ အဖြစ်အပျက်တွေပါပဲ၊ တိုးတက်လာနာနဲ့ အမျှ တစ်ဘက်က ဆုတ်ယုတ်လာတာတွေ ဒွန်တွဲတွေ့နေရပါတယ်၊ အပျော်တန်းရိုက်ထားတဲ့ အဲလို အဖိုးကြီးတွေ အဖွားကြီးတွေအကြောင်း စလုံးရုပ်ရှင်ကြည့်ဘူးပါတယ်၊
ဒီမနက်ပဲ မြတ်မွန်ဆီမှာ၊ ဆင်တူသယောင်ယောင် ပို့တ်လေးဖတ်လိုက်ရတယ်၊……

Anonymous said...

ပေါ်လွင်အော်ရေးထားတာ စိတ်ထဲမကောင်းဘူး
တို့တတွေ အသက်ကြီးလာ၇င်ေ၇ာ ဘယ်လိုဖြစ်ကြမလဲ ဟူးးး

မြတ်မွန် said...

ဟားဟား..ဦးမြစ်ရေ..အကြံတူနေတယ်ဗျို့..
ကိုယ့်မိဘတွေသာ ဒီလို အဖြစ်မျိုးနဲ့ကြုံရရင်ဆိုတဲ့ စိတ်ကလေးနဲ့ တွေးကြည့်ရင်..မျက်ရည်တောင်ကျမတက်ပဲ..အဲဒီမြင်ကွင်းတွေကို သိပ်စိတ်ညစ်တယ်..မမြင်ချင်ဘူး..။
ဦးမြစ်ရေ..ရေးထားလိုက်တာ ရင်ထဲမှာ နင့်ကနဲ့ ဖြစ်မိတယ်..။

kokomaung.uk said...

ဒီလိုမျိုး မိဘကျေးဇူးဆပ်တာကတော့ အခုမှ တွေ့ဖူးတယ်။ အံ့သြစရာဘဲ။ အေးလေ.. ဘာမှ မိဘကို ပြန်မပေးဘဲ မိဘတွေကို ရန်ရှာနေတတ်တဲ့ သားသမီးတွေထက်တော့ သူတို့ သာလွန်နေဦးမှာပါ။ ပြီးတော့ သားအရင်းက သူဋ္ဌေးသမီးကို ယူထားမိပြီး မိန်းမကြောက်နေရတာလဲ ဖြစ်နိုင်တာပါဘဲ။ ပြည့်ပြည့်၀၀ ပေးချင်ပေမဲ့ အခြေအနေကြောင့် မပေးရဲတာလဲ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ စကားအသုံးအနှုန်းက မရိုင်းစိုင်းဘူးလေ။ ဖတ်ရတာ ညှင်ညှင်သာသာလေးဘဲ။ ဒါပေမဲ့ တစ်ခုခုတော့ လွဲချော်နေမှန်း သိသာထင်ရှားပါတယ်။

စာအရေးကောင်းတော့လဲ ဖတ်တဲ့သူတွေ ရင်ထဲ စွဲစေတာပေါ့ဗျာ။ ဆက်လုပ် ဆရာရေ။။။။ အသစ်တင်သမျှ မလွတ်တမ်းဖတ်နေပါတယ်။

အကြမ်းထည် said...

ခပ်မြန်မြန်ပြန်ကြည့်မှ ကိုယ် လည်း အမေအို ကြီး ကို
စက္ကူစုတ် ထုပ်ထား တာ လေး တောင် မ ပေး ဖူး သေး ပါ လား လို့ .....တွေး မိ ပါ တယ်။
ဘာ မှ ပြော စ ရာ မလို အောင် စာဖတ်သူ အကြိုက် အကောင်း ဆုံး အရေး သား လေး မို့
vote လုပ် ခဲ့ ပါ တယ်။
with reps;

သိင်္ဂါကျော် said...

ဖတ်ရတာ စိတ်မကောင်း ဖြစ်သွားတယ်..။ ဒီလိုမျိုးတွေက ဒီမှာလည်း ရှိတော့ရှိပေမယ့် တစ်ခြားနိုင်ငံတွေမှာ ပိုများမယ်ထင်တယ်.. သူတို့မှာက သံယောဇဉ်လည်း မရှိ၊ အရွယ်ရောက်လာတာနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ကြတယ်လေ၊ မိဘကို မထောက်ပံ့တာ မကောင်းတဲ့ကိစ္စလို့လည်း တွေးပုံမရကြဘူး ထင်တယ်။

ဂျစ်တူး ( မုံရွာ ) said...

တကယ့်ဖြစ်ရပ်မှန်----
အင်း - - - -
အများကြီးတွေးစရာကြီးပါ - - -
စာရေးဆရာခေါ်တဲ့နောက်ကိုလိုက်သွားမိတယ် - - -

♥ ကိုဇော် ♥ said...

မပေးတာထက် စာရင် တော်သေးတာပေါ့လေ။
ဒီလိုပဲ မြင်မိတယ်။
နောက်တစ်ခုက . . . .
တွေ့နေရတဲ့ အချိန်လေးမှာ စိတ်ချမ်းသာအောင် နေသွားနိုင်တာလည်း ကျေးဇူးဆပ်နည်း တချို့ပဲ မဟုတ်လား။ မဆိုးပါဘူး။

ရွှေရတုမှတ်တမ်း said...

ဒီမှာတော့..အဖိုးကြီးအဖွားကြီးတွေက ခပ်တင်းတင်းပဲ.
ဒို့ကဘယ်သူ့မှမမှီခိုဘူးဟေ့တဲ့...
သူ့အရပ်နဲ့သူ့ဇတ်ပေါ့လေ...

ရွှေနတ်သား said...

ကိုယ့်မြန်မာ အမြင် အနေနဲ့ တော့ ကြည့်ရတာ စိတ်မသက်သာဘူးဗျာ..
ဒါပေမဲ့ ဦးကျောက်ပြောသလိုဘဲ သူ့ အရပ်နဲ့ သူပေါ့ အကိုရေ

ချော (အစိမ်းရောင်လွင်ပြင်) said...

ဒီပိုစ့်လေးဖတ်ပြီး ဆင်ခြင်မိတာက ဒီလောက်လုပ်ပေးရုံနဲ့ ကျေနပ်နေတတ်တဲ့ သားသမီးမျိုး မဖြစ်အောင်တော့ ကိုယ့်ကိုယ်ကို ကြိုးစားရဦးမယ်..
ကိုမြစ်ကျိုးပေးချင်တဲ့ မက်ဆေ့လေးကို မြင်လိုက်မိပါတယ်..
ဒီအတွက်လည်း ကျေးဇူးပါ..
မြင်တာလေးကို ရိုးရိုးလေးရေးထားပေမဲ့
ကောင်းမွန်သပ်ရပ်တဲ့ ပိုစ့်လေးတစ်ခုပါဘဲ

ဝက်ဝံလေး said...

သေချာဖတ်တယ်နော် ဖတ်တဲ့အထဲက လွတ်သွားရင်တော့မသိဘူး
တခုသိချင်တာ သူတို့ ဘာစကားပြောတာလဲ မြန်မာလိုလား တရုတ်လိုလား
ဒါဆို ဘားဘား(ပါးပါးကိုခေါ်တာမပီလို့ပါ) က နားလည်တယ်ပေါ့
ဒီလိုလဲဖြစ်နိုင်တာပဲလေ ဘာဘားက နားမလည်တော့ ထင်ရာ လျှောက်ပြောတာရော အဟိ
အိမ်းးးးးးးးးးးးးး အိမ်းးးးးးးးးးးးးး
မပြောတတ်တော့ဘူး ဝက်လဲ

Khinkhin said...

ကျွန်မကတော့ ဒီလို တွေးကြည့်ပါတယ်။
တချို့ အဘိုးကြီးအဘွားကြီးတွေ အသက်ကြီးလို့ လုပ်စရာမရှိပဲ ပျင်းနေရင် တခုခုလျှောက်လုပ်နေတတ်ပါတယ်။ ကျွန်မမိတ်ဆွေ (သြစတေးလျ အမျိုးသမီး) ရဲ့ အမေဆိုရင် အသက်တော်တော်ကြီးနေပါပြီ။ ၇၀ ကျော်ပြီထင်တယ်။ အဲဒီအဘွားကြီးက သူများအိမ်မှာ cleaner သွားလုပ်တယ်။ အစကတော့ အံ့သြတယ်။ သူ့သမီးတွေက မပြောဘူးလား။ မတားဘူးလား ပိုက်ဆံမပေးဘူးလားပေါ့။ နောက်မှ သိတာကတော့ သူက ပိုက်ဆံမရှိလို့လဲ မဟုတ်ဖူး။ အလုပ်တခုခု လုပ်နေချင်လို့ အလုပ်မရှိရင် ဒီပရက်ရှင်ဝင်ပြီး လှုပ်ရှားမှု မရှိတော့ ကျန်းမာရေးထိခိုက်မှာစိုးလို့ ပါတဲ့။ အဲဒီတော့မှ ဟုတ်သားပဲလို့ တွေးမိတယ်။
အဲဒါ ကောင်းသော အလေ့အထလို့ ထင်ပါတယ်။

ဒီဝတ္ထုထဲက အဖိုးကြီးကတော့ ဘယ်လိုလဲ မသိဘူးပေါ့လေ။ အသက် ၆၀ ကျော်ဆိုတော့ သိပ်မကြီးသေးပါဘူး။ ကျန်းမာရေးကောင်းရင် အဲဒီအရွယ်က အလုပ်လုပ်နိုင်ပါသေးတယ်။ တချို့တွေ ၇၀ ကျော်ထိ လုပ်နေကြတာပဲ။ ဘာမှ မလုပ်ဘဲ ထိုင်နေတာထက် သမာအာဇီဝ တခုခု လုပ်နေတာ ပိုကောင်းတယ်လို့ ထင်တာပါပဲ။

kiki said...

ဖြစ်နိုင်ခြေတွေ အများကြီးရှိပါတယ် ။
ဒီနိုင်ငံက အဖိုးကြီး အဖွားကြီးတချို့ ၊ ပိုက်ဆံမရှိတာ မဟုတ်ပေမဲ့ ခုလို အဟောင်းတွေ လိုက်ကောက်ပြီး ပိုင်ဆံရှာကြတာ တနည်းအားဖြင့် သူတို့ အချိန်ကို အလကားမနေချင်လို့ အသုံးချတာဖြစ်သလို recycle အတွက် အထောက်အကူပေးတာ လည်း ဖြစ်နိုင်တယ် ။ ဟိုတလောက ဆွေမျိုးမရှိ တကောင်ကြွက် အဖိုးကြီးတယောက်ဆုံးသွားတာ လည်းဒီလို ပဲ ။ သူသေတော့မှ သိကြတာက သူ့ ဘဏ်ထဲမှာ ငွေ သန်းနဲ့ ချီပြီး ကျန်ခဲ့တယ် တဲ့လေ ။
သား နဲ့ အတူလိုက် နေပြန်တော့ ချွေးမ မျက်နှာကြည့်နေရ စားရတာ ထက်စာရင် ခုလို လွတ်လွတ်လပ်လပ် နေရတာ ကို ပိုကြိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီက တချို့  ချွေးမတွေ ကလည်း တအား ဆိုးကြတာ ကိုး ။

သားက မိဘကို ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံပြီး အဟောင်းအမြင်းတွေကို ဂရုတစိုက် လာပေးတာက ၊ မိဘကို ရိုက်နှက်ဆဲဆို သတ်ဖြတ် နေကြတဲ့ သားဆိုးမျိုး နဲ့ စာလိုက်ရင် အများကြီး တော်သေးတယ် လို့  ပဲ ယူဆရတော့ မှာပဲ ။။

အကောင်းဖက်က တွေးကြည့် လိုက်တော့ စိတ်ထဲ ဒီလောက်ကြီး မခံစားရတော့ ဘူးပေါ့လေ ။
ကိုယ့်အလှည့်ကျ ဒီလို မဖြစ်အောင်တော့ ကြိုးစားအုံးမှ ဆိုတဲ့ အသိတရားလေးတော့ ယူသွားပါတယ် ဆရာ မြစ်ရေ ..

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော်တို့ဖက်မှာလည်း သားသမီးနဲ့ မိဘ အဲလိုဆက်ဆံတာတွေ ရှိတယ်၊ သို့ပေမယ့် ပင်စင်ကို လူတိုင်းရတော့ သားသမီးက ပေးပေး မပေးပေး မိဘက ဂရုကို မစိုက်ဘူး၊ ပင်စင် ဥပဒေ မရှိတဲ့နေရာဆိုရင် အသက်ကြီးတဲ့သူတွေအတွက်
မလွယ်ဘူး။

SHWE ZIN U said...

မိဘ တွေ လုပ်နေတဲ့ အလုပ်အတွက် ရုံးကနေ တကူးတက ယူလာပေးတဲ့ သူ့သတ္တိကို ဘဲ ကျေးဇူးတင် ရမဲ့ပုံဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခိုင်နုငယ် said...

ခွေးတစ်ကောင်ရဲ့ အနွံတာကိုကျတော့
ချီးတောင်ကျုံးပေးနိုင်ပြီး
မိဘနှစ်ပါးရဲ့အနွံတာကိုမခံနိုင်တဲ့....
သားသမီးမျိုးတွေလည်းရှိနေပါသေးလား
အင်းဘာပဲဖြစ်ဖြစ် အဆိုးထဲကအကောင်းလို့
တွေးလိုက်ရင် စက္ကူစုတ်တွေယူလာပေးတဲ့သူ့ကို
ကျေးဇူးတင်ရပေမပေါ့.........
စာရေးအားတွေကောင်းတဲ့ ကိုမြစ်ကျိုးအင်းရဲ့လင့်ကိုခွင့်မတောင်ပဲချိတ်ဆက်ထားမိပါတယ်။
တစ်ခါတည်း..link ချိတ်ဆက်ခွင့်ပြုပါလို့ ခွင့်တောင်းပါရစေ...........

ကျောပိုးအိတ် said...

;o

မွေးရကျိုးတော်တော်နပ်တယ်
း(

သဒ္ဓါလှိုင်း said...

ကိုမြစ်ရေ..
ဖတ်ရင်းနဲ့နင့်ကနဲခံစားရတယ်။မိဘတွေကသားသမီး
အပေါ်မှာဘယ်တော့မှမေတ္တာမပျက်ဘူး..ခွင့်လွှတ်
နေပြီးသားပဲနော်..။ဒါကြောင့်လည်းသားသမီးဘက်က
ပိုပြီးဂရုတစိုက်နဲ့မေတ္တာပြန်ပေးဖို့အရေးကြီးတယ်။
ဖတ်ရင်းနဲ့တကယ်ဖြစ်နေသလိုပေါ်လွင်အောင်ရေးတာ
ကောင်းလိုက်တာ..
ကျန်းမာရွှင်လန်းပါစေ....
ခင်တဲ့
သဒ္ဓါ

မောင်မိုး said...

အပေါ်မှာ မခင်ခင်တို့ မကိကိတို့ပြောတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ကျောင်းတက်တုန်းကလည်း အဘိုးကြီးတွေ အဘွားကြီးတွေ အဆောင်ကိုလာပြီး ပုလင်းခွံတွေလာကောက်တာရှိတယ်။ အမှန်က ငတ်ပြတ်ဆင်းရဲနေလို့မဟုတ်ဘူး။ ရှိတဲ့အသက်အရွယ်နဲ့ လုပ်နိုင်တာကိုလုပ်မယ်ဆိုတဲ့ မာနပေါ့ဗျာ။ အဲ..မြန်မာနိုင်ငံမှာဆိုရင်တော့ အဖေ၊ အမေတို့ရယ် မလုပ်ကြပါနဲ့ဗျာ။ ရှက်စရာကြီး၊ သားတို့သမီးတို့ ဂုဏ်သိက္ခာကိုလည်းငဲ့ပါဦးလို့ ပြောကြမှာပေါ့။

ကိုမြစ်ကျိုးရဲ့ပို့စ်ပါအကြောင်းအရင်းမှန်ကိုတော့ ကျွန်တော်မသိပါဘူး။

flowerpoem said...

နိုင်ငံခြားမှာ တော့ အဲလို များတယ်နော်. . .

ကိုခိုင် said...

အရေးအသားကကောင်းတော့အပြီးအထိကို
ခေါ်သွားတော့တာပါ။
တော်တော်ညက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ မတွေ့ပါရစေနဲ့လို့ပဲဆုတောင်းရတော့မှာပါ။

ကိုခိုင်

အဖြူရောင်နတ်သမီး said...

သက်ပျင်းအရှည်ကြီးချသွားပါတယ်.....
သားသမီးများ “မိဘတွေအတွက်” အသိစိတ်လေးတွေ ကိုယ်စီ ရှိကြရင်ကောင်းမယ်နော်...

နှင်းမိုးမိုး said...

ဖတ်ပြီး ခံစားသွားတယ် ကိုမြစ်ရေ....

အင်ကြင်းသန့် said...

အကြောင်းရင်းက ဘယ်လိုပဲ ဖြစ်နေပစေပေါ့နော်.... ဖတ်ပြီး ခံစားရတာတော့ အမှန်ပဲ....မိဘက လုပ်စရာမရှိလို့ အပျင်းပြေသက်သက် လုပ်နေသည်ပဲ ထားဦး မိဘကို ဒီ့ထက်ပိုပြည့်စုံတဲ့ အနေအထား တစ်ခုမှာ ထားနိုင်လောက်တဲ့ အခြေအနေရှိနေရဲ့သားနဲ့ ဒါမျိုးဖြစ်တာကတော့....အင်း ....ကိုယ့်အမြင်သက်သက်ကို ပြောတာပါ....ဒီလိုလူစားမျိုးထဲ ကိုယ်မပါအောင် ဆင်ခြင်အသိရသွားတာပေါ့

မျှဝေပေးလို့ ကျေးဇူးပဲ ကိုမြစ်ကျိုးအင်း

Anonymous said...

(မောင်မိုး ... အဲ..မြန်မာနိုင်ငံမှာဆိုရင်တော့ အဖေ၊ အမေတို့ရယ် မလုပ်ကြပါနဲ့ဗျာ။ ရှက်စရာကြီး၊ သားတို့သမီးတို့ ဂုဏ်သိက္ခာကိုလည်းငဲ့ပါဦးလို့ ပြောကြမှာပေါ့။ )
မောင်မိုးရဲ့မိဘဆိုရင် မောင်မိုးဘယ်လို မြင်မလဲ
ဘယ်လိုပြောမလဲ...

မြစ်ကျိုးအင်း said...

အသက်ကြီးလာတဲ့ သူတွေက ပင်စင် ယူလိုက်တဲ့အခါမှာ စိတ်ကျရောဂါမျိုး ဝင်သွားလေ့ရှိတယ်။ ဒါကတော့ နိင်ငံတော်တော်များများမှာလည်း ဖြစ်မယ် ထင်ပါတယ်။ ဒါပေမယ့် ဒီနိင်ငံမှာ ဘူးခွံကောက်တဲ့ အဖိုးကြီး အဖွားကြီး တော်တော်များများကတော့ အမှန်တကယ် ဆင်းရဲမွဲတေ ပုံမျိုးပေါက်ပါတယ်။ ဆိုက်ကား အကြီးစားမျိုးကို တလမ်းဝင် တလမ်းထွက် နင်းပြီး ဘူးခွံလိုက်ကောက်ရသလို ထမင်းဆိုင် ရှေ့ အမှိုက်ပုံးထဲက လွှင့်ပြစ်ထားတဲ့ တခါသုံး စက္ကူ ပန်းကန် တွေကိုပါ မရွံမရှာ ယူကြပါတယ်။ ငွေကြေးချမ်းသာပြီး အလုပ်လုပ်ချင်သူတွေ ကတော့ သူတို့ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်ရုံမှာပဲ ဆက်လုပ် ကြသလို လူမှုရေးအဖွဲ့အစည်းတွေမှာ ဝင်လုပ်လေ့ ရှိတယ်။ မြန်မာပြည် နာဂစ် ဖြစ်တုန်းက အဲဒီအဖွဲ့အစည်းတွေ မြန်မာပြည်အထိ သွားလှူကြပါတယ်။ ဆိုလိုချင်တာက ဘူးခွံကောက်တဲ့ သူတော်တော်များများက အမှန်တကယ် ဆင်းရဲမွေတေ တယ် ဆိုတာကို ပြောချင်တာပါ။

ဒီပို့စ်လေးပေါ်မှာ ဝင်ရောက်ဆွေးနွေးသွားကြ သူများ လိုက်ပါခံစားပေးသူများ အားလုံးကို အမှန်တကယ် ကျေးဇူးတင်ပါတယ်။

ညီမလေး said...

စာရေးဆရာမ ကြည်အေးပြောတဲ့ စကားတခွန်းရှိတယ် "ဘဝမှာ မိဘရယ် ၊
သားသမီးရယ် ၊ ညီအစ်ကိုမောင်နှမရယ် ၊ နောက်ဆုံးလင်မယားဆိုတာတောင် မတော်တဆ
ကြုံတွေ့ကြတာမို့ တစ်ယောက်နဲ့တစ်ယောက် မတန်တဆ မမျှော်မှန်းထိုက်ဘူး ၊
မလိုချင် မတောင်းခံထိုက်ဘူး ။ ပေးသမျှ ကိုသာ ကျေးဇူးတင် ယူထိုက်တယ် "..တဲ့ ။ စိတ်အချမ်းသာဆုံး နည်းလမ်းဖြစ်မယ် ထင်တာပဲ ။
လူတွေပြောတတ်ကြတယ်နော် ။ မေတ္တာဆိုတာ အလျှားအနံ မရှိပေမဲ့ အသွားအပြန်ရှိတယ်လို့လေ ...။ ဒါပေမဲ့ အဲ့ဒါဟာ အမြဲမမှန်ပါဘူး ။ ပေးခဲ့တိုင်းလဲ ပြန်ရချင်မှရတယ် ။အဲ့လို သာဓကတွေ အများကြီးပါ။ အတိတ်ကံ ဆိုတာကလည်း ရှိသေးတာကိုး ။ ရမယ်လို့လည်း မမျှော်လင့်တာ အကောင်းဆုံးပါ ။ ဒါပေမဲ့ လူမှန်ရင် လူ့တာဝန်တော့ ကျေရမှာပေါ့ ။ ကျေးဇူးတရားဆိုတာကိုလည်း သိတတ်ရမှာပေါ့ ။ အဲ့ဒါကို မသိတဲ့သူကိုလဲ လောကကြီးက ဒဏ်ခံမှာပဲ ။ ဝဋ် ဆိုတာက လည်စမြဲလေ ။

အောင်မော် said...

ကျနော်တို့ စားသောက်နေတဲ့ canteen မှာ ပန်းကန်သိမ်းတဲ့ အဖိုးကြီးဆို clay pot ဟင်းအကျန်တွေ ကို ပန်းကန်ဆေးတဲ့နေရာမယူသွားဘဲနဲ့ ဒေါင့်ကျကျ စားပွဲတစ်ခုမှာ ထိုင်စားနေတာ၊နေ့တိုင်းတွေ့နေရတယ်။

thaingarra said...

သက်ကြီးရွယ်အိုတွေ ရဲ့ ဘ၀က ...

ဆိုးတယ် ဗျာ ...

ဒီလို ယဉ်ကျေးမှု မျိုး က ... တော့

ဆိုးလွန်းတယ် ... :(

thaingarra said...

သက်ကြီးရွယ်အိုတွေ ရဲ့ ဘ၀က ...

ဆိုးတယ် ဗျာ ...

ဒီလို ယဉ်ကျေးမှု မျိုး က ... တော့

ဆိုးလွန်းတယ် ... :(

ahphyulay said...

မြစ် တို့ ရဲ့  သဘော ကိုက အထက်က နေ အောက် ကိုပဲ
စီးဆင်း နေ တတ် တာပဲလေ။
မိဘ တို့  မည်သည် ဘယ်သော အခါ မှ သားသမီး
တို့  အပေါ် မှာ မျှော် ကိုး တတ် တာ အပစ် မမြင် တတ်
တာ သဘာဝ ပေမဲ့  သားသမီး တွေက လဲ စာ နာ
စိတ် တွေ တော့  မွေးမြူ လေ့ ကျင့်  နေ ဘို့  လိုပါတယ်။

Younggun said...

ခင်ဗျားနေရာမှာ ကျွန်တော်သာ ဆိုရင် .. ( ခွင့်လဲ ရရင် ) အဲဒီလင်မယားကို ပြေးရိုက်မိလိမ့်မယ်ဗျာ။

~ဏီလင်းညို~ said...

မျှစ်ရေ......

ဖေဖေဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်ကပင်စင်ယူခဲ့ပေမယ့် အိမ်မှာသူလုပ်ချင်တဲ့အလုပ်လေးတွေလုပ်ရင်း.....ခုတော့ ငြိမ်းငြိမ်းချမ်းချမ်းနေနေရတယ်လေ......။

ဒါပေမယ့်လည်း..... ကျွန်တော်ကတော့ အဲ့ဒီလို သားသမီးမျိုးထဲမှာ မပါချင်လို့ ရနိုင်သလောက်ကြိုးစားနေမိတယ်....။

မိဘတွေအသက်ကြီးလာရင် သိပ်ဂရုဏာဖြစ်စရာကောင်းတယ်.......။ တစ်ခါက မအားလို့ ဖုန်းကိုအေးအေးဆေးဆေးမဆက်ဖြစ်တဲ့ အချိန်၊ ဖေဖေနေမကောင်းဖြစ်နေတာ မသိရဘူး.....။ အဲ့ဒီအချိန်မှာ မေမေက ဆေးခန်းသွားမယ်ပြောတာတောင် ကျွန်တော်ဖုန်းမဆက်လို့ မသွားတော့ပါဘူး....၊ ဖြစ်ချင်ရာ ဖြစ်ပါစေတာ့တဲ့လေဗျာ.......။ အဲ့ဒါကို နောက်ကျ မေမေပြန်ပြောပြတော့ မျက်ရည်တောင် လည်မိတာ......။

(ကော်မန့်ရေးတာ........ဘာတွေရေးမိသွားသလဲတောင်မသိဘူး......)

ခံစားမိတယ်.သူငယ်ချင်းလေး........။

ခင်မင်တဲ့
ဏီလင်းညို

T2A said...

အေးဗျာ...........ဒီနိုင်ငံမှာ အသက်ရှည်ရတာက ငရဲတစ်မျိုးများ ဖြစ်နေမလားပဲနော...။ စိတ်ပျက်စရာပါဗျာ ။ ယဉ်ကျေးမှုရယ်လို. တိတိပပ ပြနိုင်စရာမရှိခြင်းကြောင့်များလားဗျာ။

littlebrook said...

သူတို့ဓလေ့ကိုးး) ပိုက်ဆံကလွဲရင် ဘာမှမရှိတဲ့လူမျိုး

သုဒြေ္န said...

ဒီနေရာမှာ နဲနဲလောက်ပါဝင်ဆွေးနွေးလိုတာက ကိုယ်ပိုင်ခံယူချက်နဲ့ သက်ဆိုင်နေပါတယ် ဒီလိုမျိုး အဖြစ်ပျက်တွေက ဗမာစကားပုံမှာလဲတွေ့ ရတယ် ဥပမာ ဗမာအို ကျောင်းကြိုကျောင်းကြား ကရင်အို ချောင်းကြိုချောင်းကြားတဲ့  အိုမင်းရင့် ရော်သူတွေရဲံ့ ဘ၀ရပ်တည်မှုကိုရည်ညွှန်းတာပါ ကာလံဒေသံ ဆိုသလို အေးဆေးတည်ညိမ်စွာ လေညှင်းခံလမ်းလျှောက် နံနက်ခင်းလေ့ ကျင့် ခန်းလုပ် စာထိုင်ဖတ်နေတဲ့  သက်ကြားရွယ်အိုတွေ မြေးလေးထိမ်းရင်း ပန်းပင်လေးရေလောင်းရင်း အိမ်မှုကိစ္စတွေလုပ်ကိုင်ရင်း ၆၀ ကျော် ရ၀ သက်တွေကိုကျော်ဖြတ်နေသူတွေလဲဒုနဲ့ ဒေး ဆိုလိုချင်တာက ဘူးခွံလေးတွေကောက် စက္ကူဟောင်းလေးတွေ လိုက်ကောက်ရင်း သူတို့ ရဲ့ နောက်ပိုင်း အချိန်တွေကိုကျော်ဖြတ်တာက သိမ်ငယ်တာမဟုတ်သလို ဘူးခွံနဲ့ စက္ကူစုတ်ကောက် ခွေးဖင်အီးကုံးပေးတဲ့ သားကလဲမိဘကို ကျေးဇူးမသိတတ်သူလို့ မှတ်ယူလို့ မရနိုင်တာပါ ဒီပို့ စ်လေးကိုဖတ်မိပြီးတော့  မိဘတွေရဲ့ သားသမီးပေါ်ထားတဲ့ မေတ္တာကိုတော့ မျက်ဝါးထင်ထင်တွေ့ မြင်ရတာကြောင့် ဖတ်လို့ ကောင်းတဲ့ ပို့ စ်တခုအဖြစ်ငြင်းလို့ မရတာ သေချာပါတယ် အရာရာကို မုဒိတာပွါးမြင်တတ်မယ်ဆိုရင် ဒီမိသားစုကိုတွေံ့လိုက်ရတဲ့ အခုမြင်ကွင်းလေးကတော့ ကြည်နူးစရာတွေနဲ့ ပြည့် နေမှာပါ သားဖြစ် သူကတခုတ်တရနဲ့ သူတတ်နိုင်သလောက် မိဘကိုမမေ့ ဘူးဆိုတာထင်ရှားနေလို့ ပါ လက်ရှိကိုယ့် အခြေနေကတော့  အဲဒီသားလိုတောင် မိဘနဲ့  နီးနီးနားနားမနေနိုင်ဘဲ ဘူးခွံလေး ပုလင်းခွံလေး စက္ကူစုတ်လေးတောင်မှသတိရတဲ့ အချိန်တိုင်းမှာ အမေ့ ဆီသွားမပို့ နိုင်တဲ့  အမေ့ အိမ်နဲ့ ဝေးနေတဲ့  အဝေးကအမေ့ သားဖြစ်နေလို့ ပါဘဲ စာဖတ်သူ စာရေးသူအားလုံးကိုခင်မင်မှုများစွာဖြင့် 

အိမ် said...

အင်း.... ဒါမျိုးတွေက ဖြစ်တတ်ပါတယ်လေ... သားသမီးမပီသတဲ့ သူတွေ ရှိသလို၊ မိဘမပီသတဲ့သူတွေလဲ ရှိပါတယ်၊ ဘာပဲဖြစ်ဖြစ်ပါ ဒီလိုလူစားထဲ ကိုယ်တွေ မပါဖို့ အဓိကပါပဲ။ အရေးအသားတာ့ သဘောကျတယ်ဗျာ ...။

Angel Shaper said...

အဲလိုနည်းနဲ့ မိဘကို သိတတ်တာတော့ မကောင်းဘူးလို့ ထင်ရတာပဲနော်။
ဘာပဲဖြစ်ဖြစ်...
ဒီထက့်ကျေးဇူးသိတတ်ဖို့ လိုအပ်တာပေါ့။
အသက်ကြီးတဲ့ ဘိုးဘွားတွေ စိတ်ကျရောဂါမရဖို့ အလုပ်လုပ်မယ်ဆိုတာတော့ ကောင်းပါတယ်။ အဲလို ဗူးခွံတွေကောက်တဲ့ အဆင့်ထက်တော့ သူတို့ဝါသနာပါရာ အလုပ်တစ်ခုခုဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။ အခုလိုမျိုးကျတော့ စိတ်မကောင်းစရာပဲလေ... ကိုယ်တွေ အဲလို မလုပ်မိအောင် ကြိုးစားဖို့ သင်ခန်းစာပေါ့နော့်။
ဟုတ်တယ် မလား အန်ကယ်မြစ်။

blackroze said...

စုန်ရေနဲ့ဆန်ရေ...ဆိုတာကိုဒီနေရာလေးမှာသေချာမြင်လိုက်ရတာဘဲ

khin oo may said...

စိတ်ထိခိုက်ရပါလား.။
.

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

အညာက အဖေ..အမေ ဆီက ပြန်လာတာ ၂ ရက်ပဲ ရှိပါသေး။ အလွမ်းဓာတ်ခံ မပြေခင် ဖတ်လိုက်ရလို့ မျက်ရည်ဝဲမိတာ အမှန်ပါ ကိုမြစ်ရေ။


ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

ညလင်းအိမ် said...

ဘာပြောရမှန်းကို မသိတော့ဘူး ..
စိတ်ထဲတော့ မကောင်းဘူး .. အဲလိုအဖြစ်မျိုးတွေ ကျွန်တော်လည်း ခဏခဏ မြင်ခဲ့ဖူးတယ် ...

Sint said...

Well...I think, it's all depend on people. I know a family in Singapore. A daughter is taking care of her sick mother. The son was excepting the house (near botanical garden ) and the business from her after father passed away. But, the business was not doing well. Later he found out that the company owed money from the bank. After that he didn't even talk to her. He is her only son. It's very heart breaking for Chinese monther.She sold the hosue to pay back the bank and move some where cheaper.

Anonymous said...

ဟူးးးးးးးးးးး
မလွယ်ပါ့လား
း(

မိုးခါး

Anonymous said...

တချို့ လူကြီးမိဘတွေက သူတို့ ဘ၀အမောပြေအတွက် စိတ်ဖိစီးမှု မရှိတဲ့ အလုပ်မျိုးကို လုပ်ကြတာပါ။ ဇာတ်လမ်းထဲက လူဆိုးဆိုတဲ့သားက သူ့မိဘတွေကို ဂရုစိုက်တဲ့ ပုံရှိပါတယ်။ ကားနဲ့လာတဲ့ ကုန်ကျစရိတ်ကိုပြန်တွက်ကြည့်ရင် သူပေးတဲ့ အစုတ်တွေထက် ပိုတန်ဖိုး ရှိပါလိမ့်မယ်ထင်တယ်။ မိဘပြန်မကြည့်သူက အစုတ်တောင်မပေးပါဘူး။ တကူးတကလည်း မလာပါဘူး။ စာရေးသူ ကရုံးဖွင့် ရက်တွေ အိမ်မှာ မရှိလို့ အဖိုးကြီးအဖွားကြီးတွေကို သားသမီးမရှိဘူးလို့ ထင်တာ ဖြစ်မှာပါ။ အဲ့ လိုမျိုး မိသားစုတွေအများကြီးတွေဖူးပါတယ်။ ငွေကြောင့် မဟုတ်ပဲ ဘ၀ အမောပြေ အတွက် အလုပ်လုပ်တဲ့ လူကြီးတွေ အများကြီးရှိပါတယ်။ မတွေ့ဖူးသေးလို့ပါ။

မှတ်ချက်၊ ၊လောကကြီးကို အကောင်းဘက်မှ ကြည့်တတ်ပါစေ။

ရွှေပြည်သူ said...

ကိုမြစ်ကျိုးအင်းရေ... တနေ့ကပဲ ဒီပို့စ်လေး Forward Email ကနေ ရပါတယ်။ စာရေးသူနာမည် မပါလို့ ရှာကြည့်လိုက်တာ ကိုမြစ်ကျိုးအင်း ရေးတာမှန်းသိလိုက်ရပါတယ်။ အဲဒါနဲ့ ပို့စ်ကို အရမ်းကြိုက်လို့ ပို့စ်ခေါင်းစဉ်မှာရော အောက်ခြေမှာပါ ရေးသူနာမည်နဲ့ Link သေချာထည့်ပြီး ပြန် Share လုပ်လိုက်ပါတယ်။

တကယ်ကို သံဝေဂယူစရာ စာပါ။ အများကြီးဆက်တွေးဖြစ်ပြီး နောက်ဆုံး ဒီနိုင်ငံက လူတွေရဲ့ Mindset ကိုက တစ်မျိုးပါပဲလေလို့ပဲ မှတ်ချက်ချလိုက်မိပါတယ်။

 

Posts Comments

©2006-2010 ·TNB