စပါးခင်းနှင့်လေညင်း

09 June 2010


ကြားနေကျမဟုတ်သော မြည်သံကြောင့် ကျနော်နိုးလာခဲ့သည်။ မျက်လုံးများကို မှေးစင်းထားရင်း အနည်းငယ် ဖွင့်ကြည့်လိုက်၏။ မည်သည့်အရာကိုမှ သဲကွဲစွာ မမြင်နိင်အောင် မှောင်ပိတ်နေသော်လည်း သေချာသည်ကတော့ ကျနော် အိပ်ယာတခုပေါ် ရောက်နေခြင်းဖြစ်သည်။  ပရုပ်လုံးနံ့ ခပ်သင်းသင်းလေး ထွက်ပေါ်လာသဖြင့် သေသေချာချာ အနံ့ခံကြည့်လိုက်၏။ ကျနော် အုံးထားသော ခေါင်းအုံးနှင့် ခြင်ထောင်မှ ပရုပ်လုံးနံ့ ထွက်ပေါ်နေခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။

ဤအိမ်ရှင်တို့သည် ဧည့်သည် စောင်သည်တို့အတွက် ခြင်ထောင်၊ ခေါင်းအုံးတို့ကို သီးသန့် ဖယ်ထားဟန်တူသည်။ ကျနော် နှစ်ခြိုက်စွာ ခေါင်းအုံး ပေါ်ကို မျက်နာမှောက်၍ အားပါးတရ တချက် ရှိုက်လိုက်သည်။ ယခုလို သန့်ရှင်း သပ်ရပ်သော ခေါင်းအုံးဖြင့် ကျနော် မအိပ်ခဲ့ ရသည်မှာ တော်တော် ကြာနေခဲ့ပြီ။

တုံ.... တုံ....
တုံ.... တုံ... တုံ... တုံ.. တုံ. တုံ တုံ တုံတုံတုံ...

အသံကျယ်ရာမှ တဖြည်းဖြည်းတိုးသွားသလို ဖြေးဖြေးမှန်မှန်ရိုက်နေရာမှ ခပ်စိပ်စိပ် ရိုက်ခတ်နေသော အသံကို အခါခါ ကြားလိုက်ရပြန်သည်။ ကြည်လင်လာသော စိတ်ဖြင့် သည်တကြိမ်တွင်တော့ မည်သည့်အသံ ဖြစ်မှန်းခန့်မှန်း၍ရပြီ။ ရွာဦးကျောင်းရဲ့ တုန်းမောင်းခေါက်သံ ဖြစ်သည်။ နောက်ဖေးမီးဖိုခန်း ဆီမှ ချိုးချိုးချွတ်ချွတ် အသံများ ထွက်ပေါ်လာသဖြင့် အိမ်ရှင်ဖြစ်သူ အဒေါ်မြတင် ဆွမ်းထချက်နေဟန်တူ၏။ လင်းကြက်တွန် သံများ ဟိုမှဒီမှ ထွက်ပေါ်လာသည်။ ထိုအသံများအားလုံးသည် ကျနော် ကြားလေ့ မရှိသော အသံများ ဖြစ်သည်။

ယခင်က ကျနော်၏ မနက်ခင်း တေးသံသည် လမ်းမပေါ်မှ ဖြတ်သန်းသွားသော လိုင်းကားသံများ၊ မှတ်တိုင်တွင် လူခေါ်သော စပါယ်ယာတို့၏ အသံများသာ ဖြစ်နေခဲ့သည်။ ဆဲဆိုနေသော အသံများကိုလည်း ရံဖန်ရံခါ ကြားရတတ်သေးသည်။ ကျနော် မနှစ်မြို့ဆုံး အသံကတော့ မနက်ခင်းစောစောစီးစီး ဆေးရုံကား ဥသြဆွဲသံ ဖြစ်သည်။ ထိုအသံများကို အိပ်ယာပေါ်က ကြားတိုင်း စိတ်ညစ်ညူးရလေ့ ရှိသည်။

လူတစ်ယောက်၏ ကျန်းမာရေးအခြေအနေက အချိန်မရွေး ဖောက်ပြန်နိင်သည်ကို လက်ခံသော်လည်း မနက်ခင်းတွင် ထွက်ပေါ်တတ်သော ဆေးရုံကားများ၏ ဥသြဆွဲသံသည် နိုက်ကလပ်တွင် လူငယ်ချင်း ချကြနှက်ကြရာမှ ဖြစ်ပေါ်ခြင်း သို့မဟုတ်လျှင်တော့ ကားပြိုင်မောင်းရာမှ ဖြစ်ပေါ်လာသော မတော်တဆ မှုတို့ကြောင့် ဖြစ်သည်ကများသည်။ ထို့ကြောင့် ယခုကြားလိုက်ရသော တုံးမောင်းခေါက်သံနှင့် ကြက်တွန်သံတို့သည် ကျနော့်အတွက် ဆန်းကျယ်နေသလို သာယာသော တေးသံလည်း
ဖြစ်နေခဲ့သည်။ ပေါ့ပါးသောစိတ်ဖြင့် ခြင်ထောင်မျက်နာကျက်ကို မော့ကြည့်ကာ မနေ့က အကြောင်းများကို ပြန်တွေးမိသွားသည်။

*****

ဘဝ၏ စိတ်ဓါတ်အကျဆုံး နေ့ရက်များအကြောင်းကို ပြောလျှင် ကုန်လွန်ခဲ့သည့် မနေ့တနေ့က အကြောင်းများလည်း ပါဝင်နေမည်။ တောင်းဆိုမှု များပြားသော ၊ ဝန်ထမ်းချင်း အလစ်အငိုက်မှာ ခြေထိုးခံလေ့ရှိသော ၊ နောက်ကွယ်တွင် အတင်းအဖျင်း ပြောတတ်သော၊ ရုံးတစ်ရုံးတွင် ကံဆိုးစွာ အလုပ်ရလာခဲ့သည်။ အလုပ်ရခါစ အချိန်တွေကတော့ ကျနော် တော်တော်ကံကောင်းသည်ဟု ထင်မြင်ခဲ့သေးသည်။

အပြုံးချိုချို စကားချိုချိုတို့ကို ယုံစားတတ်သော ကျနော်သည် မိမိ၏ ခံစားချက် တစ်ချို့ကို မိတ်ဆွေဟု မိမိသတ်မှတ်ထားသူ လုပ်ဖော်ကိုင်ဖက်များထံ အရင်းခံတိုင်း ထုတ်ပြောမိခဲ့သည်။ လက်ရှိလုပ်ငန်းခွင်၏ လိုအပ်နေသော အနေအထားများ၊ အဆင်မပြေမှုများကို ခင်မင်ရင်းနှီးစွာ ရင်ဖွင့်ပြောပြခဲ့သော်လည်း ကျနော့် စကားတို့သည် လိုအပ်သည်ထက် ပိုသာစွာ ၊ အဆိုးမြင်အနေအထားသို့ ရာခိုင်နှုန်း များစွာဖြင့် အထက်လူကြီးထံ ပုံစံပြောင်း၍ ရောက်သွားခဲ့သည်ကိုတော့ အချိန်ကြာမြင့်မှ သိခဲ့ရသည်။

အမြင်မကြည်လင်လာသော အထက်လူကြီး၏ လုပ်ငန်းခွင်ဘောင်အတွင်းမှ တရစ်ပြီးတရစ် ထပ်တင်းလာသည့် အနေအထားများကို ခေါင်းမဖော်တမ်း တစ်နေ့လုံး ဖြည့်ဆည်းပေးနေခဲ့ရသည်။ မနက်အစောဆုံး ရုံးသို့ ရောက်လာသော ကျနော့်၏ ရုံးဆင်းချိန်သည် တခြားသူများထက် ပို၍ပို၍ နောက်ကျလာနေခဲ့သည်။ ထိုသို့ဖြင့် ကျနော့်အတွက် သည်းခံနိင်မှု အတိုင်းအတာသည် အင်္ဂါနေ့ မနက်ခင်းတစ်ခုတွင် ကုန်ဆုံးသွားခဲ့တော့သည်။ အထက်လူကြီး၏ ရုံးခန်းထဲတွင် မိမိဘက်က အနေအထားများကို ရေလည်စွာ ရှင်းနေခဲ့သော်လည်း တင်စီးသော စကားလုံးများ၏ ဒဏ်ကိုတော့ ကြာကြာမခံနိင်တော့။ ထိုသို့ဖြင့် လုပ်နိင်စရာ နည်းလမ်းတစ်ခုသာ ရှိတော့သည်။ ကျနော် အလုပ်ထွက်စာ တင်လိုက်တော့သည်။

ထို့နောက် နောက်တစ်နေ့မနက်တွင် ပိုင်ဆိုင်သမျှ အဝတ်အစားတချို့ကို အိတ်ထဲထည့်လွယ်ရင်း ကျနော်နေသော အိမ်ခန်းရှင် သူငယ်ချင်းကို အကျိုးအကြောင်း အနည်းငယ် ပြောပြကာ ပြည်မြို့တွင်
နေထိုင်သော ဦးလေး ဖြစ်သူထံ စိတ်ပြေလက်ပျောက် ထွက်လာခဲ့သည်။ တွယ်တာစရာ သံယောဇဉ် မရှိဘဲ တစ်ကောင်ကြွက် ဖြစ်နေသော ကျနော့်အတွက် အဆင်ပြေလျှင်လည်း ဦးလေးနှင့် အတူနေထိုင်ဖို့ တွေးပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း နေရာသစ်တွင် အခြေကျရန်ထက် ကိုယ်ကျင်လည်ခဲ့သော နေရာသည်သာ  ပိုအဆင်ပြေနိင်မည်ဟု ထင်မှတ်ထားမိသည့်အတွက် ဤခရီးသည် စိတ်ပြေလက်ပျောက် ခရီးဖြစ်မည်ဟုသာ ယုံကြည်ထားခဲ့သည်။ ဦးလေးထံ သွားမည့်အစီအစဉ်သည် လက်ပန်တန်း ဘူတာကို ကျော်လာပြီးသည့်နောက် ပြောင်းလဲသွားရတော့၏။

ရထားပေါ်တွင် အမှတ်မထင် ခင်မင်ခွင့်ရခဲ့သော ကျောင်းဆရာလေး ကိုကြည်လင်နှင့် ခင်မင်ရင်းနှီးစွာ သူ့အကြောင်း ကိုယ့်အကြောင်း အနည်းငယ် ပြောပြဖြစ်ပြီးနောက် ကိုကြည်လင် ဖိတ်ခေါ်ရာ သူတို့ ရွာလေးဆီကို လမ်းကြောင်း ပြောင်းကာ လိုက်လာခဲ့မိတော့သည်။

“ လိုက်ခဲ့စမ်းပါ ကိုမြင့်မောင်ရာ ကျုပ်တို့ရွာက တအားသာယာတာဗျ။ ခင်ဗျား မပျော်တော့တဲ့နေ့အထိ စိတ်ပြေလက်ပျောက် လိုက်နေစမ်းပါဗျာ ”

ကိုကြည်လင်၏ လှိုက်လှဲသော ဖိတ်ခေါ်မှုနှင့် အပြုံးများကြောင့်ကျနော့် ခရီးစဉ် ပြောင်းလဲသွားရခြင်း
ဖြစ်သည်။ လတ်တလော စိတ်မကြည်မသာ ဖြစ်ခြင်းနှင့် ဒေသန္တရ ဗဟုသုတ နဲသည့်ကျနော့်အတွက် အဆင်ပြေစေသော ဖိတ်ခေါ်မှုလည်း ဖြစ်၏။

“ဘာမှ အားမနာနဲ့သားရေ လွတ်လွတ်လပ်လပ် ပျော်သလိုသာနေ”

 နွေးထွေးသော အပြုံးဖြင့် ကိုကြည်လင့် အမေ အဒေါ်မြတင်၏ စကားများကို ကြားလိုက်ရပြီးနောက် ဒီရွာသို့ လိုက်လာဖြစ်သော ကျနော့်ဆုံးဖြတ်ချက် မှန်သွားပြီဟု သိလိုက်ရသည်။ ကွယ်လွန်သွားသည်မှာ နှစ် နှစ်ခန့်ရှိသော အမေ့ကို ချက်ခြင်း သတိရမိသလို စိတ်ဓါတ်ကျနေသော ကျနော့်အတွက် ခွန်အားတစ်ချို့လည်း ဖြစ်စေခဲ့သည်။

ရွာလယ်လမ်းမမှ တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်သံများ ထွက်ပေါ်လာသည်။ မနက်ခင်းသည် ခွန်အားပြည့်စွာဖြင့် လင်းထင်းလာချေပြီ။

“အမေ.. ကိုမြင့်မောင်ကို နိုးလိုက်ရမလား”
“အိပ်ပါစေသားရယ်.. ခမျာ ခရီးပန်းလာရှာမှာ”

ကိုကြည်လင်တို့ သားအမိ၏ အချီအချ စကားပြောသံများကို ခပ်တိုးတိုးကြားလိုက်ရသည်။ ထို့ကြောင့် ကျနော် ခြင်ထောင် အပြင်သို့ ထွက်ရင်း

“ ကျနော် နိုးနေပြီဗျ ရွာရဲ့ မနက်ခင်းအသံလေးတွေကို နားထောင်နေတာ ကြက်တွန်သံတွေကောက်စိုက်ထွက်သံတွေလေ ”

“ ဟော.. နိုးပြီလား.. အေးဗျ ဒါတွေက ရွာရဲ့ နိုးစက်တွေ ဆိုပါတော့ဗျာ”
“ ကျနော်တော့ ကြားရတာ စိတ်ချမ်းမြေ့လိုက်တာဗျာ”


ကျနော့်စကားကြောင့် ကိုကြည်လင်တို့ သားအမိ ကျေနပ်စွာ ပြုံးပျော်သွားဟန်တူသည်။ ခြင်ထောင်ကို
 ဖြုတ်သိမ်း၊ စောင်ခေါက်ကာ ခင်းထားသော ဖျာကိုလိပ်၍ အခန်းထောင့်တွင် ထောင်ထားလိုက်သည်။
 ရေကပြင်ကို ထွက်ပြီး မျက်နာသစ် သွားတိုက်ပြီးချိန်တွင် အဒေါ်မြတင်၏ ခေါ်သံထွက်လာ၏။

“ကဲလာ... ကောက်ညှင်းပေါင်းလာစားကြ ”

အိမ်ရှေ့ကွပ်ပစ်တွင်ထိုင်ရင်း ကောက်ညင်းပေါင်း ပူပူလေးကို နှမ်းထောင်းဖြင့်တို့ကာ စားရသည်မှာ မနက်ခင်း တစ်ခုလုံး ပြီးပြည့်စုံသွားသလို ခံစားချက်ဖြစ်ပေါ်လာသည်။ ရေနွေးကြမ်း တစ်ခွက်ကို အေးအေးလူလူ တဖြည်းဖြည်း သောက်ရင်း ယခင်က မနက်ခင်းများတွင် စမူဆာနှစ်ခုနှင့် ရေနွေးကြမ်းဆင့်ကာ သောက်ခဲ့ရပုံများ၊ လခထုတ်ရက်တွင်တော့ မုန့်ဟင်းခါးကို ပဲကြော်လေးဖြင့် စားခဲ့ရပုံများကို သတိရမိသည်။

ထို့နောက် လိုင်းကားကို အလုအယက် တိုးစီးဖို့ မှတ်တိုင်တွင် စောင့်မျှော်ရပုံများ ပြန်မြင်ယောင် လာမိလေသည်။ စားထားသည့် မနက်စာကိုပင် အရသာ ခံခွင့်မရပေ။ စားသုတ်သုတ် သွားသုတ်သုတ်ဖြင့် အလုအယက်၊ ကမန်းကတန်းဆိုသော စကားလုံးများကိုသာ လူတိုင်း ကိုယ်စားပြုနေခဲ့ရသည်။ ကားမမှီမှာ စိုးသည့်ဒုက္ခ၊ လိုင်းကားပေါ်မှ နေ့စဉ်မရိုးရသော ပြဿနာများဖြင့် မနက်ခင်းတိုင်း ပူလောင်နေခဲ့ရကြောင်း
 ပြန်သတိရမိသည်။

“နေရတာ ကျနော် စိတ်ချမ်းသာ လိုက်တာဗျာ။ အဒေါ်တို့ ကိုကြည်လင်တို့နဲ့ ဆုံရတာ ကံကောင်းလိုက်တာ”

အဆက်အစပ်မရှိ ပြောလိုက်ခြင်းကြောင့်နှင့်တူသည်။ သားအမိ နှစ်ယောက်စလုံး အနည်းငယ် အံ့အားသင့် သွားကြ၏။

“ကိုမြင့်မောင် ပျော်တယ်ဆိုလို့ ကျုပ်ကပိုတောင် ပျော်သေးတယ် ကျုပ်တို့က ဧည့်ဝတ်မကျေမှာပဲ ပူနေတာဗျ”

“ သား ပျော်သလောက်သာနေပါ အားမနာနဲ့ ”

အဒေါ်မြတင်သည် တွေ့စထဲက ဒီစကားမျိုးသာ တွင်တွင် သုံးနေခဲ့သည်မှာ ဖြူစင်သော စိတ်နှလုံးသားကြောင့် ဖြစ်ကြောင်း ကျနော် သံသယ မဝင်ပေ။

“ နေတာက ရပါတယ် အဒေါ်ရယ် လူတစ်ယောက် စားစရိတ်က မနည်းဘူးဗျ ကျနော် တကယ်အားနာတယ်”

“ဟာဗျာ.. ခင်ဗျား ကျုပ်တို့ကို ခင်ရင် ဒါမျိုး မပြောစမ်းပါနဲ့ ကျုပ်တို့ ကျေးလက်မှာက သာတယ် နာတယ် မတွေးတတ်ကြဘူးဗျ။ ရှိအတူ မရှိအတူပဲ။ အဲ.. ဟင်းကောင်းတာ မကောင်းတာကိုတော့ အာမ မခံနိင်ကြတာပဲ ရှိတယ်”

“ ကျနော့်အတွက်ရယ် အထွေအထူး မလုပ်ကြပါနဲ့နော်။ ကျနော်ကိုလည်း ရှိအတူ မရှိအတူ စာရင်းထဲမှာ ထားစေချင်ပါတယ် ”

ကျနော်စကားကြောင့် သူတို့ ပြုံးသွားလေသည်။ ဒီရွာတွင် လတ်လတ်ဆတ်ဆတ်ရနိင်သည်မှာ စေတနာကို အခြေခံထားသည့် လှိုက်လှဲသော အပြုံးများနှင့် တိုက်ခတ်လာသော လေနုအေး များဖြစ်မည်။
“ကျနော် ရွာထဲ ပတ်ကြည့်လိုက်အုံးမယ်”
“ ကျုပ်လိုက်ပို့ပေးမယ်လေ”
“ရတယ်ကိုကြည်လင် အေးအေးလူလူ အတွေးလေးနဲ့ လျှောက်မလားလို့ဗျ”

“ဒါဆိုလည်း သဘောအတိုင်း သွားပါဗျာ ရွာမှာတော့ လမ်းမှားစရာ မရှိဘူးဗျ။ ကျုပ်လည်း စာသင်ကျောင်း သွားရအုံးမယ်။ ရွာအစွန်ဘက် ရောက်လာရင် ကျုပ်တို့ရွာ မူလတန်း ကျောင်းလေးကို ဝင်ခဲ့နော်”

“ ဝင်ခဲ့မယ်။ ဒါဆို လမ်းလျှောက်လိုက်အုံးမယ်ဗျာ ”

“ သားရေ ထမင်းစားချိန်ထိအောင်တော့ မနေနဲ့နော် ”

“ဟုတ်ကဲ့ အဒေါ် သိပ်ဝေးဝေးတော့ မသွားပါဘူး”

“အေးအေး ဒါဆိုလည်း သွားလေ”

ရွာလယ်လမ်းမတစ်လျောက် အနောက်ဘက်သို့ ဦးတည်၍ လျှောက်လာခဲ့သည်။ လမ်းတွင် ဆုံလာ သူများသည် လူစိမ်းတစ်ယောက် ဖြစ်သော ကျနော့်ကို မသိမသာ စူးစမ်းသလို ကြည့်ပြီး ခပ်ပြုံးပြုံး အမူအရာမျိုး ဖော်ပြကာ နှုတ်ဆက်ကြဟန်တူသည်။ ကျနော်လည်း ပြန်လည်ပြုံးပြရင် ဆက်လျှောက် လာခဲ့သည်။
“မိတ်ဆွေက ဆရာလေး ကိုကြည်လင်ရဲ့ သူငယ်ချင်းလားဗျ”

မျက်နာချင်းဆိုင်မှ လျှောက်လာသည့် အသက် ၄၀ ခန့် လူတစ်ဦးမှ နှုတ်ဆက်လာသဖြင့်

“ဟုတ်ပါတယ်ခမျာ ဒီရွာကိုအလည် လိုက်လာတာပါ”

“ ကောင်းပါတယ်ဗျာ ကျုပ်အိမ်ကို လိုက်ပြီး အဖန်ရည် သောက်ပါအုံးလား မိတ်ဆွေ”

“ ကျနော့်နာမည်က မြင့်မောင်ပါခမျာ။ ရွာပြင်ဘက် လမ်းလျှောက်ထွက်လိုက်ပါအုံးမယ်။ နောက်များမှ အဖန်ရည် ဝင်သောက်ပါ့မယ်”

“ကျုပ်နာမည်က အေးဆောင် ပါ ရွာလယ်မှာ နေတယ်ဗျ ကြုံရင် အိမ်ဝင်ခဲ့အုံး”
“စိတ်ချပါခင်မျာ ကျနော် လာလည်ပါ့မယ်”

“ ကိုရင်မြင့်မောင်က မနေ့ကမှ ရောက်တာဆိုတော့ သွားတတ်ပါ့မလား။ ကျုပ်လိုက်ပို့ပေးရမလား”

“ ရတယ်ဗျ ဟိုတွေးဒီတွေးနဲ့ လျှောက်မလားလို့ ကိုအေးဆောင် ရေ”
“ဟုတ်ပြီဗျာ ဒါဆိုလည်း အေးအေးဆေးဆေးသာ လျှောက်ဗျ။ တရက်တော့ ထမင်းစား ဖိတ်လိုက်မယ်ဗျာ”

“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ ဆက်လျှောက်လိုက်အုံးမယ်နော်”

“ ကောင်းပါပြီဗျာ ”

တွေးရင်းငေးရင်းဖြင့် ဆက်လျှောက်လာခဲ့သည်မှာ ရွာစွန်ဘက်သို့ ရောက်လာသည်။ ထိုဘက်တွင်တော့ လယ်ကွင်းများသာ ရှိနေသည်။ စိမ်းစိုနေသော စပါးခင်းများ ၊ မှည့်ဝင်းစပြုနေသော ရွှေဝါရောင် စပါးခင်းများ သည် အမြင်အာရုံကို တမျိုးဆန်းသစ်သွားစေသည်။ သတိမပြုမိဘဲ မနေနိင်သည်မှာ လတ်ဆတ်သော လေထုကိုဖြစ်သည်။ တခါတရံ နွားချေးနံ့ ရွံ့နံ့ အနည်းငယ် ပါဝင်သော လေများတငြိမ့်ငြိမ့် တိုက်ခတ်နေသည်။ စိမ်းစိုနေသော စပါးခင်းများသည် လေယူရာသို့ တိမ်းနေလေ၏။ လယ်ကန်သင်းရိုးပေါ် မတ်မတ်ရပ်ကာ လတ်ဆတ်လွန်းသော လေထုကို တဝကြီး ရှူသွင်းလိုက်သည်။

နွေနေပူထဲမှ ဖြတ်သန်းလာသူအတွက် ရေအေးအေး တစ်ခွက်ကို အားပါးတရ မော့သောက်လိုက်ရသလို ကျနော် စိတ်ကျေနပ်မှု ဖြစ်သွားသည်။ မြို့ပြ ဆိုသည်မှာ လတ်ဆတ်သော လေထုရှားပါးသည့် ကန္တာရ တစ်မျိုးဟု တွေးလိုက်မိ၏။ ဟုတ်သည်။ ထိုအရပ်တွင် လတ်ဆတ်သော လေထုမှာ ရှားပါးလွန်းလှသည်။ ကားများထံမှ ထွက်လာသည့် အိတ်ဇောနံ့ ၊ လူတွေထံမှ ထွက်လာသည့် လောဘဇောနံ့ ၊ ဒေါသဇောနံ့ ၊ မောဟဇောနံ့များ ပြည့်နှက်နေရာ နေရာဖြစ်သည်။ နှစ်ပေါင်းများစွာ ရှူရှိုက်ခဲ့ရသည့် လေထု အကြောင်းကို ကျနော် ယခုမှ သိမြင်ခဲ့ရတော့သည်။

ဖြတ်သန်းသွားလာဖူးသည့် နေရာ တစ်ခုကိုပါ ယခုမှ ပြန်သတိရလာခဲ့ပြီ။ ငါး ဈေး ရှိသော နေရာကို ကျနော် အခါပေါင်းများစွာ ဖြတ်သန်းဖူးသည်။ ငါးညှီနံ့တွေကြောင့် ဖြတ်သန်းသွားတိုင်းကျနော် အသက်အောင့်ကာ
နေနေခဲ့ရသည်။ အသက်အောင့်ပြီးတိုင်းလည်း အတွေးတစ်ခု အမြဲဝင်နေကြဖြစ်သည်။ ဒီနားမှာ နေတဲ့ သူတွေများ မနံတဲ့အတိုင်းပဲ ဟု တွေးခဲ့မြဲ ဖြစ်သည်။

တကယ်တော့ ကိုယ့်ပါတ်ဝန်းကျင်နှင့် ကိုယ် ယဉ်ပါးနေကြခြင်းသာ ဖြစ်မည်။ ကျေးလက်နေသူများလည်း
 မြို့ပေါ် ရောက်လာခဲ့လျှင် မြို့ပြ၏ ဇော ညှီနံ့များကြောင့် အသက်အောင့်ကာ နေနေခဲ့ကြမလား။ အသက်ရှူ မဝတာကို သူတို့ နေနိင်လိုက်တာ လို့များ တွေးနေကြမလား။ မြို့ပြ တစ်ခုလုံးကို ကျနော် ကိုယ်စားပြုလိုက်ရသလို ရှက်ရွံ့သွားမိသည်။

ယခုတော့ မြို့ပြမှ ခဏတာ ထွက်ပြေးလာသော ကျနော်သည် စပါးခင်းများကို ဖြတ်သန်းလာသော
 လေထုကို အငမ်းမရ ရှူရှိုက်နေမိသည်။ ဒီဒေသ နှင့် တသားထဲ ဖြစ်သွားသည် အထိ ရှူရှိုက်နေမိသည်။ လယ်ကွင်းများ အလယ်တွင် စိုက်ထူထားသော စာခြောက်ရုပ်ကို မြင်လိုက်ရသဖြင့် ကျနော် ပြုံးလိုက်မိပြန်သည်။ မနက်ခင်းတိုင်း မြင်နေကြဖြစ်သော ယာဉ်ထိန်းရဲ များကို အလိုလို မြင်ယောင်သွား၍ ဖြစ်သည်။

လက်နှစ်ဖက် ဆန့်တန်းထားသော စာခြောက်ရုပ်သည် ရွှေဝါရောင် စပါးခင်းများကို ကိုက်ဖြတ်မည့် ကျေးငှက်များကို ကာကွယ်ပေးသလို ယာဉ်ထိန်းရဲ များသည်လည်း မြို့ပြ မနက်ခင်းများကို ကိုက်ဖြတ်ကာ အကျည်းတန်စေမည့်သူများကို ကာကွယ်ပေးနေခဲ့သည်။ တစ်စီးကို တစ်စီး ကျော်တက်သူများ ၊ လူကူးမျဉ်းကျားကို အရှိန်မလျော့ဘဲ ဖြတ်မောင်းချင်သူများ၊ ယာဉ်ကြော နှစ်ထပ် သုံးထပ် ဖြစ်သည်အထိ လမ်းဘေးချ မရပ်ဘဲ မိမိအဆင်ပြေသလိုရပ်ကာ လမ်းပိတ်ဆို့စေသူများဖြင့် မနက်ခင်းသည် နေရောင်ခြည် မရောက်ခင်ကပင် လောဘ ဒေါသ မောဟ များဖြင့် ပြည့်နေခဲ့သည်။

လေညင်းများ ပွေ့ဖက်ခြင်းခံရသောကြောင့် တလှုပ်လှုပ် ဖြစ်နေသော စာခြောက်ရုပ်လေးကို ကြည့်ကာ အတွေးတွေ အမျှင်တန်းနေမိသည်။  သေသေချာချာ တစိမ့်စိမ့် တွေးလေလေ အံ့သြဖို့ ကောင်းလွန်းလှသလို စက်ဆုပ်ဖို့လည်း ကောင်းသည်။ ကျနော် သက်ပြင်းကို ခပ်လေးလေး ချလိုက်မိသည်။ ထိုအရပ်ကို ကျနော် ပြန်တိုးဝင်ရအုံးမည်။ လောဘညှီနံ့များကို အသားကျသည်အထိ ပြန်ရှူရှိုက် ရအုံးမည်။ အလုအယက်နှင့် ကမန်းကတန်း ဆိုသော စကားလုံးများကို အသွေးအသားထဲက ဆူပွက်သည် အထိ ရေရွတ်ရအုံးမည်။

ကြိုတင်စိတ်ကူးထားသလို ဒီရွာတွင် တစ်ပါတ်ဆယ်ရက်ခန့် နေပြီးလျှင်တော့ စိတ်သစ်လူသစ်များဖြင့် မြို့ပြကို ပြန်တိုးဝင်ရအုံးမည်။ သစ်လွင်နေသော ခေါက်ရိုးတကျ အင်္ကျီများ လိုင်းကားပေါ်တွင် ခဏကလေးနှင့် ကြေမွသွားသလို ကျနော် တည်ဆောက်ယူသွားမည့် စိတ်သစ်လူသစ်သည်လည်း မြို့ပြ၏မောဟ လှိုင်းလုံးများကြားတွင်  ကြေမွရအုံးမည်။ မြို့ပြဆိုသည်မှာ အနာဂတ် အကြောင်းပင် တွေး၍ စိတ်ကျေနပ်ဖွယ်ရာ မရှိပါလား။

ဟိုးခပ်ဝေးဝေးလယ်ကွင်းမှ ရယ်မောသံများ ထွက်လာသဖြင့် ကြည့်လိုက်မိ၏။ မှည့်ဝင်းနေသော စပါးများကို ရိတ်သိမ်းနေကြခြင်း ဖြစ်သည်။ မိမိတို့ကိုယ်တိုင် စိုက်ပျိုးခဲ့သည်များကို ရိတ်သိမ်းရင်း သူတို့ ပီတိဖြစ်နေမှာ သေချာပါသည်။ ကျနော့်ဘဝတွင် စိုက်ပျိုးခဲ့သမျှ ရိတ်သိမ်းရသည်မှာ သီးနှံအနုံ အဖျင်းများသာ ဖြစ်သည်။

လက်ထဲကို ရောက်ရှိလာသော တစ်လစာလခ နှင့်အတူ ပေးရန်ရှိသော တစ်လစာ တောင်းခံလွှာများ ၊ ရေဖိုး ၊ မီးဖိုး ၊ ထမင်းလပေးခများ ၊ အိမ်လခများ၊ ဖိနပ်အသစ်ဝယ်ရန် ၊ သူငယ်ချင်းမင်္ဂလာဆောင် လက်ဖွဲ့ရန် ၊ သာရေးနာရေး စရိတ်များဖြင့် ကျနော်ရရှိလာသော သီးနှံအဖျင်းများသည် ပီတိဖြစ်ခွင့်ပင် မရလိုက်ပေ။ ထိုကဲ့သို့ လုံးလည်ချာလည် လိုက်နေရင်း နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့သည့် ကိုယ့်ကိုကိုယ် အံ့သြစရာ ကောင်းမှန်း ယခုမှပင် သိမြင်လာတော့သည်။

ရင်းနှီးသည့် မိတ်ဆွေများဖြင့် မျက်နာချင်းဆိုင် ဆုံရမည်စိုး၍ လ္ဘက်ရည်ဆိုင် ထိုင်တိုင်း လမ်းမဘက်ကို ကျောပေးကာ ထိုင်နေခဲ့ရသည်။ ယခုမှ သိမြင်ရသော ကျနော့်ကို ကိုအေးဆောင် အိမ်လည် ထမင်းစားဖိတ်တော့ ကျနော့်စိတ်ထဲ တမျိုးလေး ဖြစ်သွားရသည်မှာ ထိုခံစားချက်ကြောင့် ဖြစ်မည်။
ကျေးလက်တောရွာတွင် လူတစ်ယောက်ကို ထမင်းတစ်နှပ် ခေါ်ကျွေးရန် လွယ်ကူလွန်းသည်။ ကျနော် မြို့ပြန်ရောက်၍ ကိုအေးဆောင်ကို ကြုံကြိုက်ခဲ့လျှင် ကျနော်ကသာ အရင်ဦးဆုံး မြင်ခွင့်ရချင်ပါသည်။ ထိုအချိန်တွင် ရှိနေနိင်မည့် ကျနော့် အိတ်ကပ်ထဲမှ ငွေကြေးအင်အားအရ ဆိုင်အတွင်းဘက်ကို ကျောပေး၍ ထိုင်သင့် မထိုင်သင့် ဆုံးဖြတ်၍ရချင်သည်။ ဖြူစင်မှုနှင့် ခင်မင်ရင်းနှီးမှုသည် အသပြာငွေကြေး၏ တိုက်စားမှုကြောင့် ပို၍ဝေးကွာ သွားလေပြီ။

လယ်ကန်သင်းရိုး တစ်လျှောက် ကျနော် အေးအေးလူလူ လမ်းလျှောက်နေသည်။ လေယူရာ ယိမ်းနွဲ့နေသော စပါးပင်များကို လက်နှင့်ထိတွေ့ရသည်မှာ အိမ်မက်ဆန်လှသည်။ ထိုသီးနှံသည် လူထုအားလုံးအတွက် အခြေခံ လိုအပ်ချက် ဖြစ်သည်။ အမေမသေခင်က အမြဲလိုလို ပြောလေ့ရှိသော စကားမှာ အိမ်မှာ ဆန်လေး တစ်အိတ်လောက် ထောင်ထားနိင်ရင် အိပ်ယာထတိုင်း အပူအပင် မရှိသလို ခံစားရသည်တဲ့လေ။ အမေ အပူအပင်မရှိ အိပ်ယာထ ရသည့် မနက်ခင်း များများစားစား မရှိခဲ့သည်ကိုတော့ ကျနော် မှတ်မိနေသည်။

ကျနော် လျှောက်လာရင်းဖြင့် ကလေးများ စာအံသံများကို ကြားစပြုလာသည်။ ရှေ့ခပ်လှမ်းလှမ်းမှ သစ်ပင်များ အုပ်ဆိုင်းနေသော နေရာသည် ကိုကြည်လင် စာသင်နေသော မူလတန်း ကျောင်းဖြစ်မည်။ ထိုကျောင်းသို့ ကျနော် ခပ်သွက်သွက် လျှောက်လှမ်းလိုက်၏။ ကျောင်းဝင်းကို ဝါးတိုင်များ ခပ်ကျဲကျဲ စိုက်ကာ ဝါးတန်းများ ပစ်၍ ကာရံထားသည်။ ကျောင်းဝင်းသည် အလေ့ကျ ပန်းပင်များဖြင့် ရိုးရိုးရှင်းရှင်း ရှိနေ၏။ သွပ်မိုးပြီး ထရံကာထားသော စာသင်ကျောင်းသည် မြေပြင်မှ ၃ ပေခန့် အမြင့်တွင် တည်ဆောက်ထားသော တထပ်စာသင်ဆောင်ဖြစ်၏။ အလင်းရောင် ရစေရန် ပြတင်းပေါက်များ ဖောက်ထားသည်ကိုလည်း
တွေ့ရသည်။

ကလေးများကို စာသင်နေသော ကိုကြည်လင် ကို ပြတင်းပေါက် တစ်ခုမှမြင်လိုက်ရ၏။ စာသင်ရင်းမှ ကျနော့်ကို ခဏနော်ဟု လက်လှမ်းပြနေသဖြင့် အေးအေးဆေးဆေး ဆက်သင်ပါဟု လက်လှမ်းပြကာ ကျောင်းဝင်းထဲ လှည့်ပါတ် ကြည့်နေလိုက်၏။ စာသင်ကျောင်း အနောက်ဘက်တွင် ခြံစည်းရိုးနှင့် ကပ်လျက် သီးပင်များကို တွေ့ရသည်။

ဒန့်ဒလွန်ပင်နှင့် ငှက်ပျောပင်မှာ အများဆုံး ဖြစ်သည်။ ထို့နောက် ကုက္ကိုလ်ပင်များ မကျည်းပင်များနှင့် အမျိုးအမည် မသိသော အရိပ်ရပင်များဖြင့် ကျောင်းဝင်းသည် အေးမြနေ၏။ ခေါင်းရင်းဘက် ခပ်လှမ်းလှမ်းတွင်တော့ သစ်ပင်များ အုပ်ဆိုင်းနေသော ရေကန် တကန်ကို မြင်လိုက်ရသဖြင့် သွားရန် စိတ်ကူးနေဆဲမှာပင် ကိုကြည်လင် ကျောင်းပေါ်မှ ဆင်းလာသည်။

“ ကိုမြင့်မောင် ပျင်းနေပြီလားဗျ”

“ မပျင်းပါဘူး လမ်းလျှောက်လို့ အင်မတန်ကောင်းတာပဲ။ ရွာလေးကလည်း အေးချမ်းလိုက်တာဗျာ တိတ်တိတ်ဆိတ်ဆိတ်ပဲနော် ”

“ ခင်များတို့ မြို့နဲ့ ယှဉ်ရင်တော့ တိတ်ဆိတ်တယ်လို့ပဲ ဆိုရမှာပါ။ တသက်လုံးနေလာတဲ့ ကျုပ်တို့ အတွက်တော့ ပုံမှန်ပဲလို့ ပြောရမယ် ”

“စာသင်နေတာ မဟုတ်လားဗျ ကျနော့်အားမနာနဲ့ သွားသင်လေ”

စောစောက တွေ့ထားသော ရေကန်ဘက်ဆီသို့ ကျနော် ဦးတည်ထားသဖြင့် ကိုကြည်လင်ပါ ဘေးနားက စကား တပြောပြောဖြင့် လိုက်ပါလာသည်။

“ ရပါတယ်ဗျ။ ကလေးတွေကို တွက်စာ ပေးထားခဲ့တယ်။ သူတို့တွက်နေကြလေရဲ့” ဒီလပိုင်းက အဆင်ပြေတယ်လေ မြို့က ကျောင်းပိတ်ထားလို့ လာကူပေးတဲ့ ဆရာမလေး နှစ်ယောက် ရှိနေတယ်”

“ ဒါနဲ့ကျောင်းမှာက ဆရာ ဘယ်နှစ်ယောက်ရှိတာလဲ”

“ အရင်ကတော့ ကျနော်အပါအဝင် လေးယောက်ရှိတယ်။ ဆရာတစ်ယောက်က သူ့အမေဆုံးလို့ ဇာတိခဏပြန်သွားတာ ခုထိကို ပြန်မလားသေးပါဘူးဗျာ။ ခုတော့  တစ်တန်းကနေ လေးတန်းအထိကို ကျနော်တို့ သုံးယောက် အဆင်ပြေသလို ခွဲပြီး သင်နေကြရတာလေ။” 

“ ဆရာ နဲတာပေါ့ဗျ။ မနားတမ်း သင်ရမယ့်သဘောပဲ ”
“ ဟုတ်ပါ့ဗျာ။ နားချိန်တောင် သိပ်မရပါဘူး။ ဘယ်တတ်နိင်မလဲဗျာ။ ကိုယ့်ရပ်ရွာက ကလေးတွေကို ပညာမျက်စိ ဖွင့်ပေးချင်တာကိုး။ ”

“ ကိုကြည်လင်တို့ဘက်က အဆင်ပြေရင် နောက်နေ့တွေ ကျနော်လည်း ဝိုင်းကူသင်ပေးမယ်လေ။ ကျနော် ရွာက မပြန်ခင် အထိတော့ ကလေးတွေကို စာဝိုင်းသင်ပေးနိင်ပါတယ်။ တခြားလုပ်စရာလည်း မရှိမယ့်အတူတူလေ။ ”

“ အဆင်ပြေတာပေါ့ဗျာ။ ကျုပ်တို့ကျောင်းအတွက် ခင်ဗျားတို့လို ဘွဲ့ရပညာတတ်တွေ တကယ်လိုအပ်ပါတယ်”

ကိုကြည်လင် ပြောလိုက်သော ဘွဲ့ရပညာတတဆိုသော စကားကို ကျနော်စိတ်ထဲက တိုးတိုးလေး ရေရွတ်လိုက်မိသည်။ မြို့ပြတွင် ကျနော်တို့အတွက် ရပ်တည်ဖို့ ခက်ခဲပါတယ် ဆိုသည့်စကားကိုတော့ ပြန်မပြောဖြစ်ပေ။ လမ်းလျှောက်လျင် ပုခုံးချင်း တိုက်မိနေကြသော ဘွဲ့ရပညာတတ်ဆိုသူများသည် အောက်တန်း စာရေးတနေရာ အတွက်ပင် တိုးဝှေ့နေကြကြောင်း ကိုကြည်လင် မသိတာ ပိုကောင်းပါမည်။

“ဒါက တစ်ရွာလုံးရဲ့ သောက်ရေကန်လေ”

သစ်ပင်များအောက်မှ ဖြတ်လျှောက်လာရင်း သောက်ရေကန်ကြီးကို မြင်လိုက်ရသည်။ ကြာပန်း ကြာရွက် များဖြင့် ကန်ရေပြင်သည် တည်ငြိမ်နေလေသည်။

“ ရွာကသူတွေကတော့ ရွာဦးဆရာတော်ရယ် ကျုပ်တို့ကျောင်းဆရာတွေရယ် ဒီရေကန်ရယ်ကို တစ်တန်းစားထဲ သတ်မှတ်ထားကြတယ်ဗျ ”

“ အဆန်းပါလားဗျ ရှင်းပြပါအုံး ”

“ ဒီလိုလေဗျာ ဒီ သုံးခုလုံးက ရွာရဲ့ အားထားရာ ဖြစ်လို့တဲ့လေ ”

“ ဟုတ်တယ်ဗျ ဒါတော့ အမှန်ပဲ ”

“ မနက်ဖြန်ဆို ခင်များလည်း ဒီ တစ်တန်းစားထဲမှာ ပါဝင်ပြီပေါ့ ”

“ ဘာကြောင့်လဲဗျ ”

“ ခင်ဗျားပဲ ကလေးတွေကို စာသင်ပေးမယ်ဆိုဗျ ယာယီဆိုပေမယ့် ခင်ဗျားလည်း ကျောင်းဆရာပဲလေ တရွာလုံးရဲ့ အားထားရာ ဖြစ်တာပေါ့”

ကိုကြည်လင် စကားကြောင့် ကျနော် ကြက်သီးမွှေးညှင်းများပင် ထသွားရသည်။ ဘဝတသက်တာလုံး ထူးထူးခြားခြား အသိအမှတ်ပြု မခံခဲ့ရသော ကျနော့်အတွက် ကြားလိုက်ရသော ဂုဏ်ပုဒ်မှာ အံ့မခန်း ဖြစ်နေသည်။ မနက်ဖြန်ကို အမြန်ဆုံး ရောက်ချင်သွားမိပြီ။

*****

နောက်ရက်များတွင်တော့ ကျနော်၏ ဘဝဖြတ်သန်းမှု ပုံစံသည် ပြောင်းလဲသွားရတော့သည်။ ကိုကြည်လင်နှင့်အတူ လိုက်ပါကာ ကလေးများကို စာသင်ပေးရင်း ဒီရွာ၏ လူနေမှုဘဝတွင် ပျော်ဝင် လာခဲ့သည်။ ကလေးများကို ပညာသင်ပေးခြင်း ဖြစ်တာကြောင့် တရွာလုံးနှင့် လျင်မြန်စွာ ခင်မင်ရင်းနှီး သွားသလို ညနေတိုင်း ထမင်းဖိတ်ကျွေးသူများ၊ လေးလေးစားစား ဆက်ဆံသူများ ၊ လူကြီးစကားဝိုင်းများတွင် ကိုကြည်လင်နှင့်အတူ လိုက်ပါကာ ရပ်ရွာအရေး ကလေးတွေ၏ ပညာရေးများ ဆွေးနွေးကြခြင်းများဖြင့် လူရာဝင်ခံရသော အရသာသည် နွေးထွေးလွန်းလှပါသည်။
ဆယ်ရက်ခန့်နေပြီးလျှင် ပြန်မည်ဆိုသော ကျနော်သည်လည်း ၁၀ ရက်ကျော်ကာ တစ်လခန့် ရှိလာခဲ့သည်။ သို့သော် မေ့ထား၍ မရသည်မှာ ကျနော့်ဘဝ ရှေ့ရေးဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သည့် တပါတ်ခန့်ကတည်းက ကြိုတင်ပြောထားသည့်အတိုင်း မနက်ဖြန်တွင် ကျနော်ပြန်တော့မည်ကို သိနေသည့်အတွက် အဒေါ်မြတင်လည်း မျက်နာမကောင်းပေ။ ညစာ ထမင်းဝိုင်းသည် တိတ်တိတ်ဆိတ်ဆိတ်သာ ပြီးဆုံးသွားခဲ့သည်။
 
နောက်တနေ့ မနက်စောစောတွင် ကိုအေးဆောင် ကိုယ်တိုင် လှည်းဖြင့် လိုက်ပို့ပေး၏။ သားတစ်ယောက်လို သံယောဇဉ် တွယ်နေပြီဖြစ်သာ ဒေါ်မြတင်သည်  လှည်းနားကို တိုးကပ်လာသည်။ စာအိတ်တအိတ်ကို လှမ်းပေးရင်း

“ဒါလေးယူသွားသား မြို့မှာ နည်းနည်း ဖြစ်ဖြစ်တော့ အဆင်ပြေမှာပါ”

စာအိတ်ကို ဖိကိုင်လိုက်ချိန် အထဲတွင် စက္ကူချပ်များ ရှိနေသည်ကို သိလိုက်ရသည်။ ငွေစက္ကူများ ဖြစ်ဟန် တူသည်။ ကျနော် ဘဝအကြောင်းကို အစအဆုံးပြောပြထားသည့်အတွက် မြို့ပြတွင် အလုပ်မရခင် ရပ်တည်ဖို့ စိတ်ပူပန်နေခြင်းဖြစ်မည်။

“ မယူပါဘူး အမေရယ် ကျနော်ကိုယ့်ဝမ်း ကိုယ်ကျောင်းနိင်ပါတယ်။ အမေသာ အသက်ကြီးပြီ လိုလိုမယ်မယ် သိမ်းထားပါ ”
“အမေတို့မှာ လယ်ငှားချထားတဲ့ ဝင်ငွေနဲ့ ရပ်တည်နိင်ပါတယ်။ စိတ်မပူနဲ့သား ၊ အမေတစ်ယောက်လို ချစ်ရင် အမေတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုကို သားနားလည်မှာပါ အမေတို့ရွာမှာက ငွေမရှိရင်တောင်မှ အချိန်ကြာကြာ ရပ်တည်လို့ရတယ် သားတို့မြို့မှာသာ..”

“ဟုတ်ပါတယ် ကိုမြင့်မောင်။ ယူသွားပါဗျာ ခဏလေး နေခဲ့ရပေမယ့် ကျုပ်တို့က ညီအကိုတွေလို စိတ်ထဲ ဖြစ်မိပါတယ်။ မြို့မှာလည်း မပျော်တာနဲ့ ပြန်လာခဲ့ပါဗျာ။ ခင်များ တဝမ်းတခါး အတွက်က ထွေထွေထူးထူး ပြဿနာ မဟုတ်ပါဘူး”

စာအိတ်လေးကို ဆုပ်ကိုင်ရင်း အဒေါ်မြတင်ကို ထိုင်ကန်တော့လိုက်သည်။
“ ကျနော့်အတွက်လည်း အမေ တစ်ယောက်နဲ့ ညီအကို တစ်ယောက် ရလိုက်သလိုပါပဲ ”
“ကဲ ..ကဲ သွားကြစို့ နေမြင့်နေလိမ့်မယ် ”

ကိုအေးဆောင်၏ ဆော်သြသံကြောင့် ကျနော် လှည်းပေါ်ကို တက်လိုက်သည်။ ကိုကြည်လင်ကတော့ စာသင်ဖို့ တာဝန်ရှိနေသေး၍ လိုက်မပို့နိင်ပေ။ ရွာလမ်းမ တစ်လျှောက် လှည်းဖြတ်မောင်းသွားချိန် ရွာခံများက မိမိတို့ အိမ်ရှေ့မှ ထွက်ရပ်ကာ ကျနော့်ကို နှုတ်ဆက်ကြသည်။

“ ဆရာလေး မကြာ မကြာ လာလည်နော် ”
“ကျမတို့ ရွာကိုလည်း မမေ့သွားနဲ့အုံးနော် ”

တစ်ယောက်တစ်မျိုး နှုတ်ဆက်ကြခြင်းကို လက်ပြ၍ ပြန်လည် နှုတ်ဆက်လိုက်သည်။ တစ်ချို့ အိမ်တွေမှလည်း မြေပဲဆီများ ပျားရည်ပုလင်းများ ဒေသထွက် သီးနှံများကို လှည်းပေါ်လာတင်ကာ နှုတ်ဆက်ကြပြန်သည်။ မယူပါဘူးဟု ငြင်းဆန်သော်လည်း မရပေ။ သူတို့၏ ဖြူစင်သော လှိုက်လှဲသော စေတနာများကြောင့် ကျနော့်ရင်ထဲတွင် တလှပ်လှပ် ဖြစ်ရသည်အထိ စိတ်မကောင်း ဝမ်းနည်းရသည်။

ကျနော် စာသင်ပေးခဲ့သော ကလေးများကတော့ လှည်းနောက်တွင် တန်းစီ၍ ရွာထိပ်ထိ လိုက်ပါလာကြသည်။ ဆက်မလိုက်တော့ရန် တားချိန်တွင် ကလေးများ မျက်နာမကောင်းသလို လက်အုပ်လေးတွေချီရင်း နှုတ်ဆက်ကြချိန်တွင်တော့ ကျနော့်ရင်ထဲတွင်တော်တော် စိတ်မကောင်း
 ဖြစ်မိသည်။ ရွာပြင်ဘက် ရောက်ချိန်တွင် လှည်းနောက်က ဖုန်လုံးကြီးများထဲမှ ဖြတ်ကာ ကလေးတစ်ယောက် ပြေးလာသည်။ သဲသဲကွဲကွဲ မြင်ရချိန်တွင်တော့ သုံး တန်းကျောင်းသားလေး ပေစိ
 ဖြစ်နေမှန်းသိလိုက်ရသည်။ လက်နှစ်ဖက်က တစ်စုံတစ်ခုကို အုပ်ကိုင်လာရ၍ထင်သည်။ ပြေးလာပုံမှာ ခန္ဓာကိုယ် ဟန်ချက်မညီဘဲ ယိုင်တိုင်တိုင် ဖြစ်နေ၏။

“ကိုအေးဆောင် လှည်းခဏရပ်ပါအုံး။ ဟိုမှာ ပေစိ ပြေးလိုက်လာလို့”

ကိုအေးဆောင်မှ နွားများကို စုပ်သပ်ကာ ရပ်နေချိန်တွင် ပေစိ အနားသို့ရောက်လာသည်။ ထို့နောက် ကျနော့်ကို မဝံ့မရဲ မော့ကြည့်ကာ
“ဆရာ လမ်းမှာ စားဖို့ သား ခူးလာတာ”

ဆိုပြီး လက်ထဲက အထုပ်လေးကို လှမ်းပေးသည်။ အထုပ်လေးကို ဖြည်ကြည့်ချိန်တွင် ကြာရွက်ဖြင့် ထုပ်ထားသော ကုလားမကျီးသီးခွေလေးများ ဖြစ်နေသည်။ ရေစက်လေးတွင်ပင် တစက်စက် ကျနေသေးသည်။ ကျနော့် ရင်ဘတ် ဘယ်ဘက်အခြမ်းမှ စူးခနဲ အောင့်သလို ခံစားလိုက်ရ၏။

“အဲဒါ သွားခူးနေလို့ ဆရာ့ကိုလိုက်ပို့ဖို့ သား နောက်ကျသွားတာပါ”
“ အို... ကလေးရယ် ”

ကျနော် လှည်းပေါ်မှ ခုန်ဆင်းကာ ပေစိကို ခပ်တင်းတင်းလေး ဖက်လိုက်မိသည်။ ကျနော့် မျက်ဝန်းတွင် ဝမ်းနည်းခြင်းကြောင့်လား ပီတိ အဟုန်ကြောင့်လား မခွဲခြားနိင်သည့် မျက်ရည်များ ရစ်ဝဲလာရသည်။

“ ဆရာ သွားတော့မယ် စာကိုကြိုးစားသင်နော် ”
“ ဟုတ်ကဲ့ပါ ဆရာ ”

ကျနော် ကြာကြာရပ်တည်နိင်စွမ်း မရှိ၍ လှည်းပေါ်ကို ပြန်တက်လိုက်၏။ နွားလှည်းမှာ တဖြည်းဖြည်း ထွက်ခွာလာသည်။ ဖုန်လုံးများကြားတွင် ပေစိရဲ့ ပုံရိပ်လေး တဖြည်းဖြည်း မှုန်ဝါး၍ ကျန်နေခဲ့၏။ သံယောဇဉ် အမြစ်များသည် ကျနော့် ရင်ခွင်ကို အားကောင်းစွာ ဆုပ်ကိုင် ဖျစ်ညစ်နေလေသည်။ ခဏတာ နားခိုခဲ့သော ရွာလေးသည်ကား ဟိုးအဝေးတွင် တဖြည်းဖြည်း ကျန်ရစ်ခဲ့တော့သည်။

ကိုအေးဆောင်၏ နွားတို့ကို ငေါက်သံများ၊ ချိုင့်ခွက်ထဲ လှည်းဘီးကျသွားသဖြင့် တကျွီကျွီ မြည်သံများ တချက်တချက် ထွက်ပေါ်လာသည်မှလွဲ၍ တလမ်းလုံး တိတ်တိတ်ဆိတ်ဆိတ်သာ ဖြစ်သည်။ စကားများလည်း မဆိုဖြစ်။ လှည်းလမ်း၏ ဘေးဘယ်ညာရှိ စပါးခင်းများထံမှ ဖြတ်သန်း တိုက်ခတ်လာသော လေညင်းများ တိုးဝှေ့ခြင်း ခံလိုက်ရသဖြင့် ကျနော့် ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွားသည်။ စပါးပင်နံ့ နွားချေးနံ့များ အနည်းငယ် စွက်ဖက် ထားသော ထိုလေထုသည် ကျေးလက်၏ အနံ့အသက် စစ်စစ် ဖြစ်သည်။ ကျနော် အားပါးတရ ရှူရှိုက်လိုက်သည်။

ထိုလေထုကို မကြာခင် ကျနော် ဆုံးရှုံးရတော့မည်။ အမှန်တကယ် တိုးဝင်ရတော့မည်ဆိုမှ အသိတရား တချို့ ဝင်လာသည်။ မကြာခင် လောဘရနံ့များဆီ တိုးဝင်ရတော့မည်။ ထိုအသိ ဝင်လာချိန်တွင် ကျနော့်ရင်ထဲ တုန်လှုပ်သွားသည်။ မြို့ပြပင်လယ်ထဲကို စီးဆင်းရင်း အများသူငါလို အသက်ကယ် ပျဉ်တချပ်လောက် ရအောင် ရုန်းကန်ရအုံးမည်။ ရုန်းကန်ရင်းနစ်မြုပ်သွားတာမျိုးလည်း ဖြစ်နိင်သည်။ ထိုပူလောင်မှုတို့၏ အဓိက အကြောင်းရင်းကို ရှာဖွေကြည့်ချိန်တွင် အခြေခံ အကျဆုံး လိုအပ်ချက်မှာ ထမင်း နှစ် နှပ်သာ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

တီဗီ ရေခဲသေတ္တာ အစရှိသော ဇိမ်ခံ ပစ္စည်းများကို ဖယ်ထုတ်ကာ တွေးလိုက်လျှင် မည်သည့်နေရာတွင် ရှိနေသည် ဖြစ်စေ လူသားအားလုံး၏ လိုအပ်ချက်မှာ ထမင်း နှစ် နှပ်သာ ဖြစ်သည်။ ထိုအသုံးအဆောင် ပစ္စည်းများနှင့် ဖယ်ခွာကာ နေတတ်မည်ဆိုလျင် ထမင်း နှစ် နှပ်ကို အပူအပန် မရှိဘဲ စားသောက်နိင်သော နေရာတွေ ရှိနေသေးကြောင်း ကျွန်တော် မြင်တတ်ခဲ့ပြီ။ ထိုအရာတွေ မရှိသဖြင့် ဘာမှ မဖြစ်သော လူတန်းစားများသည် ကျနော် ချန်ထားခဲ့သော နေရာတွင် ရှိနေသည်။

ကျနော့် အတွက်လည်း ထိုအရာတွေ ရှိမှ ဖြစ် မဖြစ် သေသေချာချာ တွေးလိုက်မိသည်။ ကျနော်စိတ်နှလုံး အတွင်းမှ အဖြေတစ်ခု ပြန်ထွက်လာသည်။ ထိုအရာတွေ မရှိဘဲ ကျနော် နေနိင်သည်။ စိတ်နှလုံး အေးချမ်းစွာ ရှာဖွေ စားသောက်ခြင်းနှင့် စပါးခင်းများကို ဖြတ်သန်း တိုက်ခတ်လာသော လတ်ဆတ်သည့်
 လေညင်းများကိုတော့ ဒီအရပ်မှာပဲ ကျနော် ရှာဖွေတွေ့ရှိနိင်မည်။ ထို လတ်ဆတ်သော လေထုကို ကျနော် ချစ်မြတ်နိုးသည်။

“ ဗျို့ ကိုအေးဆောင် ရွာဘက် ပြန်လှည့်ဗျာ ”
“ ဗျာ ”

“ ရွာဘက် ပြန်လှည့်ကြစို့ဗျာ ကျနော် ဒီရွာမှာပဲ နေတော့မယ် ”

လှည်းရပ်သွား၏။ ကျနော့်ကို သူ စူးစူးစိုက်စိုက်ကြည့်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ သူလှိုက်လှိုက်လှဲလှဲ အားပါးတရ ပြောချလိုက်သည်။

“ ကျုပ်တို့ရွာက ဆရာလေးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျာ ”

ရွာပြန်လာရ၍ထင်သည် နွားတို့ပင် ပို၍ မြူးကြွနေသလိုလို။ ကျနော့်ရင်ထဲတွင်လည်း အမေဖြစ်သူနှင့် ညီဖြစ်သူထံ ပြန်လာရသလို မြူးကြွနေမိသည်။ စပါးခင်း နှင့် လေညင်းများကတော့ ကျနော့်ကို ကြိုဆို နေကြသည် ထင်၏။ ငြင်ငြင်သာသာ ပျော့ပျော့ပျောင်းပျောင်း ဖြင့် တိုက်ခတ်နေလေတော့သည်။

49 comments:

~ဏီလင်းညို~ said...

မျှစ်ရေ.......

စာလေးဖတ်ရင်းနဲ့ ရွာထဲရောက်သွားသလိုပဲ....။
စပါးခင်းတွေ၊ စာခြောက်ရုပ်တွေ၊ တိုက်ခတ်နေတဲ့လေပြေတွေ၊ စာသင်ကျောင်းလေးနဲ့ ရွာသားတွေ.....
အားလုံး...... မျက်စိထဲမြင်ယောင်လာမိတယ်......။
အကြာကြီးမဟုတ်ရင်တောင်...ဖြစ်နိုင်ရင် အဲ့ဒီလိုနေရာလေးမှာ တစ်ခဏလောက်တော့ နေမိချင်တယ်.......။ ညည်းငွေ့စရာတွေများနေခဲ့ရပြီလေ....။
ဖတ်ရတာလည်း......သိပ်ကောင်းတယ်.......။
အေးချမ်းမှုဆိုတာကို ရှာတတ်မှရတယ်........။
ကြည့်တတ်မှမြင်မိမယ်......။
အဲ့ဒါသိပ်မှန်တယ်..သယ်ရင်းလေးနော့်.......။

ခင်မင်တဲ့
ဏီလင်းညို

ပိုးပိုး said...

ဆရာလေး မြစ် ကိုကြိုဆိုပါတယ်...း)

သူကြီးမင်း (တုံးဖလား) said...

ဖတ်ရင်းနဲ့ ကျနော်တို့ တုံးဖလားရွာလေးကို သတိရသွားပြီ။ လိုရင်းရောက်အောင် ပို့တတ်ပါပေ့ ဆရာမြစ်ရယ်။

ပျော်ရွှင်ပါစေဗျာ။

ပိုးဟပ်လေး said...

ကိုကြီး မျှစ်ရေ.. သတိရသွားပြန်ပြီဗျာ...
ကျွန်တော်လည်း မြန်မာပြည် ပြန်ရောက်ရင်
အဒေါ်လေးတို့ ရှိတဲ့ ရွာကို သွားအုံးမှပဲ
အညာ ဒေသရဲ့ လေပြေလေညှင်း လေးတွေကို
မရှုရှိုက်ရတာ ကြာပြီဗျာ.....

ဂျစ်တူး ( မုံရွာ ) said...

အင်း---
ဒီတခါစာတွေကအရမ်းသဘောကျသွားပါပြီဗျာ-
ဆရာရဲ့ ရင်ထဲမှာလည်း ရွာကိုအတော်ကလေးလွမ်း
နေပြီထင်ပါရဲ့ -
စာတွေဖတ်ရင်းစိတ်ထဲမှာ-
အရမ်းကိုကျေနပ် ပီတိဖြစ်မိပါတယ်ဗျာ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

ရွှေရတုမှတ်တမ်း said...

ကိုမျှင်ချိုးရေ...
ကျုပ်တို့ရွာ တော့ ဆရာတွေ နိုင်ချန်ဂါးတွေ ထွက်ကုန်ြကလို့ ..ချာမတွေပဲကျန်တော့တယ်

Sonata Cantata said...

ကိုမြစ်ကျိုးအင်းကို အမတို့ အဖိုးအဖွားများနေခဲ့တဲ့ မြစ်ဝကျွန်းပေါ်ရွာလေးတရွာ အဆက်လို့ မှတ်ထားပါတယ်။
ဒီစာ ဖတ်လိုက်ရတာ ရွာကို ပြန်ပို့ပေးလိုက်သလို ခံစားရပါတယ်။
တခုပဲ အမတို့ရွာက နွားလှည်းမစီးဘူး။ လှေစီးတယ်။
နောက် ပါးပါးလေး ပါသွားတဲ့ ငါးဈေး...
အဲ့ဒီ အနံ့တွေကို ဝေလီဝေလင်း ကတည်းက ထရှူ နေရတဲ့ အမ မိသားစုရဲ့ဘ၀...

ကြည်ဖြူပိုင် said...

ပျော်စရာကောင်းလို့ရွာလေးကို
အလည်လိုက်လာတယ်
ကောက်ညှင်းပေါင်းလဲကြိုက်လို့
:D

ကိုဇော် said...

ဒီလို လတ်လတ်ဆတ်ဆတ် လေတွေ ၊ ရှုခင်းတွေနဲ့ ဝေးနေတာ အတော်ကို ကြာခဲ့ပြီ။
ဒီနေရာတွေက တကယ်ကို စိတ်လွတ် ကိုယ်လွတ် ပျော်ရွှင်ဖွယ်ရာ နေရာလေးတွေပဲ။
ဟန်ဆောင်မှု ကင်းတယ်။ ဒါကိုတော့ အကြိုက်ဆုံးပဲ။

မေဇင် said...

စာရေးဆရာ လုပ်လို့တောင် ရနေပြီ...အရေးအသားကောင်းလိုက်တာ။ ဟုတ်တယ်...ရွာလေးတွေမှာက နေတတ်ရင် ကျေနပ်စရာ ကောင်းတယ်။

သဒ္ဓါလှိုင်း said...

ကိုမြစ်ရေ..
လောဘကင်းတဲ့နေရာလေးတခုကိုရောက်သွားရတယ်..။
အေးချမ်းတဲ့နေရာတခုကိုရောက်သွားရသလိုပါပဲ...
ဖတ်လို့ကောင်းလိုက်တာ..

ခင်တဲ့
သဒ္ဓါ

ကာရံဆူး said...

ကိုမျှစ်ချိုးရေ...အမေနဲ့ ရွာကို နှုတ်ဆက်တဲ့ အပိုင်းကတော့ မျက်ရည်လည်မိတဲ့ အထိပါ...အရေးအသား အရမ်းကောင်းပါတယ်...ကာရံအိမ်လေး မှောင်နေလို့ စာရေးလို့ မရပါ.. :(

flowerpoem said...

ကျေးလက်သဘာဝနဲ့ရွာသူရွာသားရဲ့ရိုးသားပုံများကို ရေးဖွဲ့ထားတာ ထိမိပါတယ် ကိုမြစ်ရေ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ကိုမြစ်ရေ.. တောသူတောင်သားတွေရဲ့ ဖြူစင်တဲ့ အရိုးခံစိတ်ထားကို ပေါ်လွင်လှပအောင် ရေးဖွဲ့ထားတာ ကျုပ်တို့ရွာကို ကိုယ်တိုင်ရောက်သွားသလိုပါဘဲ ဗျာ...

မွေးရပ်မြေက ပြန်ရောက်လာတာ ၅ ရက်ဘဲ ရှိသေးလို့ ဒီစာကိုဖတ်ရင်း အရမ်းခံစားရတယ်ဗျာ...

ကျုပ်လဲ ရွာပြန်ချင်နေတာ.. ရွာကလူတွေက ကိုယ့်ရွာမှာ မနေဘဲ အဝေးကြီးမှာနေရလို့ သနားနေကြတာဗျ.... ကျုပ်ရွာပြန်ချင်တယ် ဗျာ...

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

sosegado said...

ရောက်ခဲ့ဘူးတဲ့ ရွာကလေးကို သွားသတိရမိတယ်၊ ဒါပေမဲ့ ကိုမြင့်မောင်လို မနေနိုင်တာတော့ အမှန်ပဲ၊

Sint Si said...

Very nice! It made me miss my grandmom. She use to steam stickyrice for us when we visit her during winter school break.

thawzin said...

ရွာဓလေ့ကို ရေးဖွဲလိုက်တာ ရသမြောက်ပါ့ဗျာ။ မြို့ပြနဲ့ယှဉ်ရင်တော့ အမြင်ရော အတွေးရော တခြားဆီပါ။ အခုတော့ အတူတူလောက်ဖြစ်နေပါပြီး ပျက်ဆီးမူအပိုင်းမှာပေါ့။ ကျွန်တော်ရွာဆို ၂နှစ်မှ တစ်ကြိမ်တောင် စပါးမစိုက်ပျိုးနိုင်ဘူး။ မိုးမရွာလို့ တခြား သီးနှံကိုစိုက်ပြီး ဆန်ဝယ်စားရတာ။ စပါးပင်မြင့်တဲ့နှစ်တော့ ရွာကလူတွေ ရွှင်လန်းလို့။ အားလုံးမှာ ပျူငှာတဲ့ အပြုံးတွေနဲ့ နှုတ်ဆက်တတ်ကြတယ်။ အခုတော့ ရေရှားပါးလွန်းလို့ ရွာလူတွေလဲ လန်းကြမယ်မထင်ပေါင်။
ရွာမှာ မမြင်ရတဲ့ အမြင်မျိုး အစ်ကိုပို့စ်မှာမြင်ရတဲ့အတွက် စိတ်ချမ်းသာမိပါတယ်။
အားပေးလျှက်ပါ-

ကိုခိုင် said...

လှပတဲ့အရေးအဖွဲ့လေးက
အပြီးအထိဆွဲခေါ်သွားပါတယ်။
လွမ်းစရာကောင်းအောင်ရေးတတ်ပါတယ်။
ကျန်းမာပါစေ။

ကိုခိုင်

Anonymous said...

အသက်မရှုတမ်းဖတ်လိုက်၇တယ်
သိပ်ကောင်းတာပဲ
ဒီအဖွဲ့အနွဲ့ကို သဘောကျတယ်။

M**e

ချော(အစိမ်းရောင်လွင်ပြင်) said...

မိမြစ်ရေ..
၂ခေါက်လောက် ပြန်ဖတ်ဖြစ်တယ်..
ဘာလို့ဆို စပါးပင်လေးတွေရဲ့ လေယူရာ ယိမ်းနေတဲ့ မြင်ကွင်းလေးတွေ၊ စပါးခင်းရဲ့ ရနံ့သင်းသင်းလေးတွေက ဖတ်ရသူကို မျက်စိထဲ မြင်ယောင်လာမိအောင် ကိုယ်တိုင် ခံစားရလောက်အောင် ရေးဖွဲ့ထားနိုင်စွမ်း ရှိလွန်းနေတယ်..
မြို့ပြရဲ့ မွန်းကြပ်လွန်းတဲ့ မြင်ကွင်းနဲ့ ကျေးလက်ရဲ့ ဖြူစင်တဲ့ စရိုက်လေးတွေ ကလည်း ဖတ်ရသူကို ရိုးရိုးရှင်းရှင်းနဲ့ သိသိသာသာ ခွဲခြားမြင်သာအောင် ဖွဲ့ပြထားတာ. ဖတ်ရတာ ထိတယ်..ငြိတယ်.. သိပ်ကောင်းပါ၏.. ခုလို လူတော်တော်များများက ကိုယ့်ရပ် ကိုယ့်မြေနဲ့ ခွဲခွာနေကြချိန်မှာ ဒီပိုစ့်လေးလို ကျေးလက်ရနံ့လေးသင်းတဲ့ စာလေးကို ဖတ်လိုက်ရတော့ လူတိုင်း ကိုယ့်ရပ်ရွာကို လွမ်းသွားကြမှာ သေချာတယ်.. တို့တောင် အမေနဲ့ ရွာကို သတိရသွားပြီကွယ်..

ကိုအောင် said...

ရေးထားတာက ဖတ်လို့ အရမ်းအရသရှိလိုက်တာ၊
ဘောပွဲတက်ဂ်လေး ရေးမလားဆိုပြီး လာလာကြည့်ရတာ
လည်ပင်းတောင် သစ်ကုလားအုပ် ဖြစ်နေပြီ ...း)
ဘာပဲပြောပြော ဒီဇာတ်လမ်းကို သဘောကျတယ်ဗျာ။

ခိုင်နုငယ် said...

ဦးမြစ်ရေ...
အရေးအသားအရမ်းကောင်းလွန်းတယ်
ညက်ညက်ညောညောထိထိမိထိရိုးရှင်းစွါ
ရေးဖွဲ့ထားတော့..
စာဖတ်သူကိုလည်းစိတ်လက်ကြည်လင်စေတယ်ဗျာ။
မြို့ပြနဲ့ကျေးလက်ယှဉ်ပြီးသာဓကပြထားပုံလေးက
တကယ်လတ်တဆတ်တယ်။
ဖတ်ပြီးအမေနဲ့ရွာကိုလွမ်းလိုက်တာဗျာ။။။။။
ဦးမြစ်ရေ..ကျနော့်လင့်လေးချိတ်မယ်ဆိုပြောင်းချိတ်ပေးပါအုံးနှော်...အရင်လင့်စည်ပင်ထဲပါသွားလို့...
ကျေးကျေးပါ။

blackroze said...

အစ်ကိုမြစ်ရေ...
ဒီပိုစ့်လေးဖတ်ပြီး...အေးချမ်းလိုက်တာ
လောဘတွေဒေါသတွေ..မောဟတွေကင်းတဲ့
ရွာလေးကိုပို့ပေးခဲ့လို့ကျေးဇူးပါ
အဲလိုအေးချမ်းတဲ့နေရာလေးမှာခဏလောက
်သွားနေချင်တယ်..
ရွာလေးရဲ့အငွေ့အသက်တွေကိုတကယ်ခံစား
လိုက်ရပါတယ်..ရန်ကုန်ပြန်မှအမျိုးတွေရှိတဲ့ရွာကိုသွားဦးမယ်..ဒါပေမဲ့ညီမကြားတာကတော့..အဲဒီရွာမှာကတော့မီးစက်သံတခြိမ်းခြိမ်း..ကာရာအိုကေသံတညံညံ
ဖြစ်နေပြီဆိုဘဲအစ်ကိုမြစ်ရေ..

ပန်းနုနှင်းဆီ said...

အရမ်းကောင်းတဲ့ အရေးအဖွဲ့လေးတွေကို ဖတ်ခွင့်ရတာ စာရေးသူကို ကျေးဇူးတင်မိပါတယ်.. ဟုတ်တယ် သိပ်မွန်းကြပ်တဲ့ အချိန်မျိုးမှာ ခုလိုကျေးလက်ရနံ့လေးကို ခံစားချင်မိတယ်
ကျောင်းဆရာမလုပ်ရင်တောင် ခုလိုတောရွာလေးတွေမှာ လုပ်ချင်တယ်..
ကျေးလက်က လူတွေကို ဆရာဆရာမဆို သိပ်ကို ရိုသေလေးစားကြတာ..
မြို့က ဘွဲ့ရတစ်ယောက်နဲ့ တောမှာ ဘွဲ့ရတစ်ယောက်ရဲ့ နေရာပေးခံရပုံချင်းက
ကွာမှကွာ..
စာဖတ်သူအပေါ် တစ်ခုခုပေးလို့တဲ့ စေတနာနဲ့ စာတွေရေးတတ်တဲ့ ကိုမြစ်ကျိုးအင်းကို လေးစားမိပါတယ်...

ဝက်ဝံလေး said...

အဟွတ် ငါ့ပါးပါးးလို့မပြောရဘူး အရေးသားကလဲ ကောင်းပါ့ မျက်ရည်တောင် ဝဲတယ်
သီချင်းတောင်ရှိတယ်လေ
မျက်ရည်များက ဝဲလို့သာ လာပါတယ် ဆိုလား ဟိဟိ
မိုက်စစစစစစစစ် ကြိုက်စစစစစစစစစစ် ဒွတ်တယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးး

SHWE ZIN U said...

ကိုမျှစ်ချိုးရေ

ရွာမှာ အင်တာနက် ရှိရင်တော့ နေမယ်ဗျာ..ဟားဟား

စာ မဖတ်ရရင် သေနိုင်တယ်.. ရွာမှာ စာအုပ်တွေ ရှိရင်ကို နေလို့အဆင်ပြေပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး
(စဉ်းစားလိုက်တော့ သူ့ ဘယ်သူကခေါ်တာ ကျနေတာဘဲ)

သုဒြေ္န said...

ညီရေးတဲ့ အရေးသားကြောင့်  ရွာကိုသတိရလွန်းလို့  သဘက်ခါရွာကိုပြန်တော့ မယ် ရေးပုံလေးကညက်တယ် ပေးလိုက်တဲ့ ရသပေါင်းစုံ မြင်ရပြီ စိတ်ကိုသက်တောင်သက်သာဖြစ်စေတဲ့  တင်ပြပုံလေးပါ နောင်ကိုဒါမျိုးတွေ များများတွေး များများရေးနော် စိတ်ရဲ့ ထွက်ပေါက်တခုရလိုက် တယ် မွန်းကျပ်နေတဲ့ စိတ်ဖိစီးမှုတွေလျှော့ ပါးစေတာအမှန်ပါဘဲ ကျေးဇူးပါ ကိုကြီး

Zay Tar Yar said...

စာရေးခြင်းအတတ်ပညာဆိုတာ အံ့သြစရာနော် ငိုအောင်
လုပ်လို့ရတယ် ၊ ရီအောင်လုပ်လို့ရတယ် ၊ လွမ်းအောင်
လုပ်လို့ရတယ် ၊ သတိရလိုက်တာ တောရွာတခုခုကို
တော်တော်လေးကြိုးစားရအုံးမယ် ကိုမြစ်ကျိုးရေ..။

Anonymous said...

ဘော်ဘော်ရေ ဒီ ၀တ္ထုလေး တကယ်သဘောကျတယ်။
စာဖတ်ရင်းတညိမ့်ညိမ့် ဖြစ်ရတယ်ကွာ
carry on!

mw

အင်ကြင်းသန့် said...

ဖတ်ရတာ အေးချမ်းကြည်နူးစရာကောင်းလှတဲ့ အပြင် အဖွားတို့ရဲ့ ရွာလေးကိုပါ တွဲဖက်မြင်ယောင် သတိရသွားမိတယ်။ ကိုမြစ်ကျိုးအင်း စာရေးတော်တာကတော့ အထွေအထူး ထပ်ပြောစရာလိုမယ်မထင်တော့ပါဘူး။

မောင်မိုး said...

ကိုမြစ်ရေ...စိတ်ရှုပ်နေတာတွေ အခုမှ ရှင်းသွားသလိုပဲ။ အခုနေများ အဲဒီဘ၀လေးကို တစ်ခါလောက် ပြန်ပြီးခံစားကြည့်ချင်ပါသေးတယ်။

Talkii said...

needs နဲ့ want တွေ ဖယ်ခွာဖို့ ကြိုးစားဦးမယ်ဗျာ။ နှစ်ဆန်းတုန်းက ကိုယ့်မြို့ကို ပြန်ဖြစ်တော့ အင်တာနက်နှေးတာ၊ မီးပျက်တာ မထူးဆန်းပေမယ့် ဖုန်ဝင်ပြီး ချောင်းဆိုးတာတော့ သတိရသွားတယ်။ အိမ်က အစ်မက ငာတို့က ကျင့်သားရနေပြီ နင်က ကျင့်သားမရသေးလို့ဆိုတော့ စိတ်ထဲမှာ ခံစားသွားရတယ်။ ဘာပဲဖြစ်ဖြစ် ဖုန်ထူတဲ့ မြို့လေးပဲ ချစ်တယ်ဗျာ

မြသွေးနီ said...

ကိုမြစ်ရေ...
မနေ့က ဖတ်ပြီးသားပါ။ ဒီနေ့ အပြင်က ဆိုင်မှာရောက်တုန်းလေး မန့်လို့ရတုံးမန့်ခဲ့တာပါ။
ရိုးသားမှုဟာ အဆန်းပြားဆုံး ဆွဲဆောင်နိုင်တယ်လို့ ထင်မိပါတယ်။ ရိုးသားပြီး အခုလို မြန်မာဆန်တဲ့ စာစစ်စစ်လေးတွေ ဖတ်ချင်ပါသေးတယ်။

သိ င်္ဂါ ရ said...

တကယ္ပဲ ...

မွန်းကြပ်မှုတွေက ခဏလောက်တော့

လွန်မြောက်ချင်ပါရဲ့ ဗျာ

jr said...

it's reli a nice post fri!
:)

Angel Shaper said...

ဖတ်လို့ကောင်းလိုက်တာ.... အဘမြစ်ရာ...
ရွာကလေးကို ကိုယ်တိုင်ရောက်နေရသလိုပဲ....
ကောက်ညှင်းပေါင်းလည်းစားချင်တယ်..........

ပုံမှန်(ဆင်တဲကဖေး) said...

ကိုမြစ်ကြီးရေ ရွာလေးထဲကိုအလည်လိုက်လာခဲ့တယ်နော် ဇာတ်သိမ်းခန်းလေးကရိုးပေမဲ့ လှတယ်နော်

နေ၀သန် said...

အရမ်းကောင်းတဲ့ ရသာစာတိုလေးပါပဲ ကိုမြစ်ကျိုးအင်းရေ... မရောက်တာလည်း ကြာသွားပြီ...း))...


ခင်မင်တဲ့
နေ၀သန်

မိုးခါး said...

ပျော်စရာ ကြည်နူးစရာ အဆုံးသတ်လေးအတွက် ကျေးဇူးပါ ..း))

မြတ်မွန် said...

အသက်ကြီးရင် အေးချမ်းတဲ့နေရာလေးမှာ..အဖိုးကြီးအဖွားကြီး..
အေးအေးချမ်းချမ်းလေးနဲ့ အပင်လေးတွေစိုက်ပြီး တောတောင်လေးတွေ ကလာတဲ့ လေလေးတွေ၊ စံပါးခင်းရဲ့ ရနံလေးတွေ ကိုရှူရှိုက်ရင်း စာအုပ်လေးတွေဖတ် ဘဝရဲ့ တည်ငြိမ်အေးချမ်းတဲ့ အရသာလေးကို ခံစားကြည့်ချင်သေးတယ်။ ဖြစ်လာမယ့်လို့လဲ မျှော်လင့်မိတယ်။ နွေးထွေးတဲ့ ပတ်ဝန်းကျင်ရယ်..သာယာတဲ့ ရှူခင်းလေးတွေရယ်၊ အေးချမ်းတဲ့ ရွာကလေးရယ်..ပိုစ့်ထဲက နေရာလေးကို သွားကြည့်ချင်လိုက်တာ..။

အနော် said...

ပို့စ်လေးဖတ်ရတာနဲ့တင် ရင်ထဲမှာ ကြည်နူးမိတယ်.. ကိုမြင့်မောင်ရဲ့ဆုံးဖြတ်ချက်ကို လေးစားမိတယ်..
ကိုယ်သာ ကိုမြင့်မောင်နေရာမှာဆိုရင် ဒီလို လှည့်ပြန်ဖြစ်ပါ့မလား.. စိတ်ကူးအတွေးတွေထဲမှာ ကျေးလက်တောရွာတွေ တောင်ပေါ်မြို့ကလေးတွေ ပင်လယ်ပြာပြာတွေ တွေးနေမိပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့.....

မိုးစက်အိမ် said...

ဇာတ်လမ်းလေးက အလွမ်းတွေနဲ့ မသိမ်းသွားလို့ 
တော်သေးတာပေါ့ဗျာ အေးဗျာ အဲလိုကျေးလက်
အလှအပနဲ့ တောသူ တောင်သားတွေ ရဲ့ နွေးထွေး
မှုကိုမခံစားဖူးသေးဖူးဗျာ အခွင့်အခါကြုံရင်တော့ခံစား
ချင်မိရဲ့ တစ်ခါတစ်လေတော့လည်းမြို့ ပြရဲ့ မွန်းကြပ်
မှုတွေကို သာယာအေးချမ်းတဲ့ကျေးလက်လေးတွေမှာ
စိတ်ရောလူရော အပန်းဖြေချင်မိတယ်ဗျာ ...

ရေသန့်  said...

စပါးခင်းထဲလေညင်း ခံသွားပါတယ် ...

ဆွေလေးမွန် said...

အဲလိုမျိုးတစ်ကယ်နေလို့ရရင်ကောင်းမယ်။

သဒ္ဓါလှိုင်း said...

ကိုမြစ်ရေ...
ပျောက်နေလို့လာချောင်းသွားတယ်...။
စီဘောက်လည်းမရတာနဲ့ဒီမှာရေးသွားပါတယ်..

ခင်တဲ့
သဒ္ဓါ

Anonymous said...

I'm waiting your next post, brother.
Cheers!

Phyo

ညလင်းအိမ် said...

ကောင်းလိုက်တာ ကိုမြစ်ရာ ...

စာဖတ်ရင်းနဲ့ ပုံဖော်မိတယ်ဗျာ .. တကယ်ကို ရင်ထဲကြည်နူးသွားတယ် ...

အတ္တ၊ မာနတွေကင်းတဲ့ အဲလိုနေရာလေးမှာ နေသွားချင်လိုက်တာဗျာ ...

ခင်တဲ့
ညလင်းအိမ်

purplemay said...

လူတွေရဲ့ ဇောညှီနံ့ ဆိုတာလေးကို မှတ်သွားပါတယ် ။
ရွာလေးထဲကို ကိုယ်တိုင်ရောက်သွားသလိုပါပဲ...။
လေတွေတောင် လတ်ဆတ်လို့.....။

Anonymous said...

ကောင်းလိုက်တာ။။ ဖတ်ရင်ဖတ်ရင်းနဲ့ ရွာလေးထဲရောက်နေသလိုခံစားရတယ်။

 

Posts Comments

©2006-2010 ·TNB