လရောင်ရဲ့အခြားတစ်ဖက်

28 June 2010


ဒီလိုနေ့မျိုးရောက်မှာကို ကြိုတင်ပြီးစိုးရိမ်ခဲ့ဖူးသည်။ အမှတ်တရ ဆိုတာတွေရဲ့ အဝေးကို ရောက်ချင် နေမိတာ ကြာနေခဲ့ပြီလေ။ ဒါပေမယ့် နာရီလက်တံတွေရဲ့ တိကျသေချာမှုတွေကို ရှောင်ဖယ်ပြေးလို့ မရနိင်ခဲ့သော ကျွန်တော့်အတွက် အမှတ်တရ နေ့များစွာထဲက တစ်နေ့ကို ပြန်ရောက် လာခဲ့ပြန်ပြီ။ မနက်ဖြန် ကျွန်တော့်ရဲ့ ၂၉ ကြိမ်မြောက်မွေးနေ့ရောက်ပြီ။ ဒီလိုမှတ်မှတ်ရရနေ့တွေ ရောက်တိုင်း ရင်ခွင်ရဲ့ ဘယ်ဘက် အခြမ်းက ဆစ်ခနဲ နာနေတတ်တာ ဝဋ်ကြွေးနာ လို့ပဲ သတ်မှတ်ထားမိသည်။

တစ်စုံတစ်ယောက် အပေါ် အပြစ်တင်ချင်ငှာ တစိုးတစေ့မျှ မရှိတာကိုလည်း ဘယ်သူ့ကိုမှ မပြောပြချင်ခဲ့ပေ။ မေ့လိုက်ပါတော့ကွာ ဆိုသည့် နှစ်သိမ့်တဲ့စကားသံတွေကို မကြားချင်သလို မေ့နေပါပြီလို့ ပြန်မပြောနိင်တာ လည်း သေချာသိနေခဲ့သည်။ မွေးနေ့မရောက်ခင် တပါတ်လောက် အလိုထဲက မွေးနေ့ရဲ့ တစ်နေ့လုံးစာ အစီအစဉ်တွေကို မမောပန်းနိင်အောင် ပြောနေတတ်ခဲ့သူသည် ဒီတကြိမ်တွင်တော့ အနားမှာ မရှိခဲ့တော့ပေ။ ပြန်မဆုံနိင်လောက်အောင် အဝေးဆုံးကို ထွက်သွားခဲ့သည်မှာ ကြာနေခဲ့လေပြီ။ စိတ်အာရုံထဲဝင်လာတတ်သည့် သတိရခြင်းတွေကို တွန်းဖယ်ရင်းဘာသာ ရှေ့ဆက်နေခဲ့ရသည်။

စူးစူးနစ်နစ် ချစ်ခဲ့ဖူးသော ချိုလရောင် ဆိုသည့် အမျိုးသမီးလေးသည် ကျွန်တော့် ဘဝတလျှောက်လုံးကို သာယာတိမ်းမူး စေခဲ့ဖူးသည်။ ကောင်းကင်က လရောင်သည် လူတွေရဲ့ စိတ်အာရုံကို သာယာတိမ်းမူး နိင်စေသလို အချိန်တစ်ခု ကုန်ဆုံးပြီးလျင် ကမ္ဘာရဲ့ တဖက်ခြမ်းကို ဝင်ရောက် ပျောက်ကွယ် သွားနိင်တာကိုလည်း ကျွန်တော်မေ့နေခဲ့သည်။ ငယ်ရွယ်နုပျိုသည့် ဘဝ ကုန်ဆုံးသွားချိန်တွင်တော့ ကျွန်တော် သတိပြုမိခဲ့သည်မှာ ကျွန်တော့်ရဲ့ လရောင် သည်လည်း နှလုံးသားရဲ့ အခြားတဖက် ကို ထွက်ခွာသွားတော့သည်။

ဒီလိုနှင့် အချိန်ကာလ များစွာကို နာကျင်ဖွယ်ရာ ခံစားချက်များစွာဖြင့် လဲလှယ်ပြီး ချိန်တွင်တော့ ချစ်သူဆိုသည့် ခေါင်းစဉ်ဖြင့် နေခြည် ဆိုသော အမျိုးသမီးလေး တစ်ယောက် ကျွန်တော်ဘဝထဲ ထပ်မံ တိုးဝင် ရောက်လာခဲ့သည်။ နေခြည် ကြောင့် ကျွန်တော်ရဲ့ ဝဋ်ကြွေးနာ တစ်ချို့ ပြေပျောက်ခဲ့ရသလို တိုက်ဆိုင်သော အပြုအမူများအတွက် လရောင် ကို သတိရခြင်း အသစ်တွေလည်း ထပ်ရခဲ့ဖူးသည်။ အရင်အကြိမ်ရဲ့ ကျွန်တော်ဘက်က လိုအပ်ချက်တွေ ကိုလည်း နေခြည် အလှည့်မှာတော့ ဂရုတစိုက်ဖြင့် ဖြည့်ဆည်းနိင်အောင် ကြိုးစားခဲ့မိသည်။

နေခြည်လည်း ပျော်ရွှင်ခဲ့ရမည်ဟု ထင်ပါသည်။ သာယာကြည်လင်စွာ အတူတကွ စီးဆင်းနိင်အောင် ကြိုးစားခဲ့ပေမယ့် အမှန်တရား တစ်ခုကတော့ နှစ်ပေါင်းများစွာ လက်တွဲခဲ့ဖူးသူ ချိုလရောင်ကို မေ့မရခြင်းပါပဲ။ သဘောထားပြည့်ဝ လွန်းသော နေခြည်သည် ကျွန်တော့်ရဲ့ ရင်ဖွင့်မှုတွေကို နားထောင်ပေးနေချိန် သူမရင်ထဲတွင် မည်သို့သော ဝမ်းနည်းမှုမျိုး ရှိနိင်မှန်း ကျွန်တော် မတွေးမိခဲ့ပေ။ ကျွန်တော့်နံဘေးက လိုနေတဲ့ ကွက်လပ်ကို သူမဖြည့်စွမ်းခဲ့သလို ကျွန်တော့်ရင်ထဲက ပိုနေသော လွမ်းဆွတ် ဒဏ်ရာတွေကိုလည်း ဖယ်ရှားပေးခဲ့သည်။ ကျွန်တော်သည် ချစ်သူအသစ်လေးကို အနားတွင် ထားကာ ချစ်သူဟောင်းကို သတိရနေသော ခပ်လွဲလွဲ လူတစ်ယောက် ဖြစ်နေမှန်း သတိမပြုနိင်ခဲ့ပါ။



စနေနေ့မှာ ကျရောက်မည့် ကျွန်တော့်မွေးနေ့အတွက် နေခြည် စိတ်လှုပ်ရှား တက်ကြွနေတာ မြင်နေခဲ့ပေမယ့် ကျွန်တော့်ရဲ့ စိတ်အာရုံကို အမှတ်တရ နေ့ဟောင်းက စီးမိုးထားခဲ့သည်။ ဒီတစ်နှစ်ရဲ့ မွေးနေ့ပွဲကို ကျွန်တော် အေးစက်စက် ဖြတ်သန်းရတော့မည်ထင်သည်။ နေခြည်ကတော့ ထိုနေ့ကို မည်သို့ ဖြတ်သန်းမည်ကို ကျွန်တော့်ကို ပြောပြနေခဲ့သည်။ သူမ အတွက် ပထမဆုံးကြုံတွေ့ရသည့် နေ့ဖြစ်တာ ကြောင့်ထင်သည်။ စိတ်လှုပ်ရှား တက်ကြွနေ၏။ သူမရဲ့ တက်ကြွမှုတွေကို ကျွန်တော် အလိုက်သင့်ပဲ စီးမျော နေဖြစ်ခဲ့သည်။

သူမရဲ့ ပထမဆုံး အစီအစဉ်အဖြစ် မြို့ထဲက ရုပ်ရှင်ရုံတွင် ည ၁၀ နာရီခွဲ ပွဲသွားကြည့်ဖြစ်သည်။ ကျွန်တော်က ဇာတ်လမ်းထဲ တွင် စိတ်ဝင်စားနေချိန် အမျိုးသမီးလေး ကတော့ နာရီ တကြည့်ကြည့် ဖြစ်နေခဲ့သည်။ ဇာတ်ကားရဲ့ ၃ ပုံ ၂ ပုံ ခန့် အရောက်တွင်တော့ ကျွန်တော့်လက်လေးကို တစ်ချက် ဆုပ်ကိုင်ကာ ညာဘက်ပါးပြင်လေးကို ဖွဖွ နမ်းရင်း

“happy birthday ပါ ချစ်သောမောင်”

စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေသော သူမရဲ့ အသံကြောင့် ကျွန်တော့်ရင်ထဲ လှပ် ခနဲ တစ်ချက် ဖြစ်ပေါ် သွားရသည်။ ည ၁၂ နာရီတောင် ထိုးသွားပြီပေါ့။ လေးလေးနက်နက် ပြောတိုင်း ချစ်သောမောင် လို့ ခေါ်လေ့ရှိသော ဒီအမျိုးသမီးလေးရဲ့ ခေါင်းကို ပွေ့ဖက်လိုက်ရင်း တိုးတိုးလေး ပြန်ပြော ဖြစ်ခဲ့သည်။

“ ကျေးဇူးပါ နေခြည်”

တဒင်္ဂလှပ်ခနဲ ဖြစ်သွားသောစိတ်ကို အတိတ်ဟောင်းက စီးမိုးသွားပြန်သည်။ အရင်နှစ်တွေက ဒီလိုအချိန် ဆိုရင်......။ ကျွန်တော် ဆက်မတွေးချင်သဖြင့် ဇာတ်ကားထဲ အာရုံပြန်စိုက်နေလိုက်သည်။ အေးစက်စက် ဖြတ်သန်း ရမည် ထင်ထားသည့်နေ့အတွက် ယခုလို တဒင်္ဂလေးဖြစ်ဖြစ် ခံစားချက်တစ်ခု ရရှိစေခဲ့ခြင်းအတွက် နေခြည့်ကို ရင်ထဲက တိတ်တိတ်လေး ကျေးဇူးတင်ကြောင်း ပြောဖြစ်ခဲ့၏။

အိမ်ပြန်လမ်းတွင် လမ်းမတစ်လျှောက် ရှင်းလင်းနေ၏။ ညလေအေးသည် ကျွန်တော်တို့ နှစ်ယောက်ကို ပွေ့ဖက်ကျီစယ် နေလေသည်။ ဘေးနားတွင် ငြိမ်သက်နေသော အမျိုးသမီးလေး အတွက် ကျွန်တော် ကားကို ဖြေးဖြေးပဲ မောင်းနေပေးလိုက်သည်။ လမ်းရဲ့ တစ်နေရာ အရောက်တွင်တော့

့“ မောင် ခဏလေး ရပ်အုံး ”

လမ်းဘေး တစ်နေရာတွင် ရပ်ပေးလိုက်သည်။ ထို့နောက် ကားပေါ်မှ အောက်ဆင်းကာ ညလေညင်းရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံယူနေမိသည်။ နေခြည်ကတော့ သူမရဲ့ အိတ်ထဲကို ငုံ့ကာ တစ်စုံတစ်ခုကို ရှာဖွေနေလေသည်။ လက်ပြန်ထုတ်လိုက်ချိန်တွင် ဆင်စွယ်ရောင် စာအိတ်လေး တစ်ခု ပါလာ၏။

“ရော့ မောင့် အတွက်”

ကျွန်တော် စာအိတ်လေးကို ဖွင့်ကာ အထဲက အရာကို ထုတ်ကြည့်လိုက်သည်။ ပို့စ်ကတ်လေး တစ်ခု ဖြစ်နေသည်။ သူမကတော့ ကျွန်တော့် မျက်နှာကိုသာ မော့ကြည့်နေ၏။ ပို့စ်စကတ်လေးကို ဖွင့်လိုက်ချိန် အထဲတွင် ခေါက်ထားသော ကြောင်ရုပ်လေးသည် စပရိန် အရှိန်ဖြင့် မျက်နှာကို ပြေးဆောင့်လေသည်။ လန့်ဖြန့်ကာ နောက်သို့ တလှမ်း ဆုတ်လိုက်သော ကျွန်တော့်ကို ကြည့်ပြီး အမျိုးသမီးလေး လွတ်လပ်စွာ ရယ်မောလေတော့သည်။ ကျွန်တော်ပါ စိတ်လွတ်ကိုယ်လွတ် ရယ်မောမိတော့၏။ ညသန်းခေါင်ရဲ့ လမ်းမ တစ်နေရာတွင် ဟက်ဟက်ပက်ပက် ရယ်မောကာ မွေးနေ့ကို ကြိုဆိုရမည်လို့ ကျွန်တော် တခါမျှ မတွေးခဲ့ဖူးပေ။

“တိုက်အောက်ရောက်မှ ပေးမလို့ပဲ မနေနိင်တော့လို့ အခုပဲ ပေးလိုက်ရတာ”

စိတ်လှုပ်ရှားနေပုံရသော နေခြည်ရဲ့ ပါးနှစ်ဘက်ကို လိမ်ဆွဲလိုက်ချိန်တွင် သူမရဲ့ အိတ်ထဲသို့ နောက် တစ်ကြိမ် ထပ်နှိုက် ပြန်လေသည်။လက်ပြန် အထုတ်တွင်တော့ အပြာရောင်ဖဲကြိုးလေး ပါတ်ထားသော အနက်ရောင်ဘူးလေး ပါလာသည်။

“အာ... ဘာလုပ်တာလဲ မယူဘူး”

ကျွန်တော့်ရဲ့ တုန့်ပြန်ပုံကြောင့် သူမ မျက်နှာ တချက် ညိုးသွားသည်။

“ ဘာလဲ ဆိုတာ အရင် ဖွင့်ကြည့်ပါအုံး မောင်ရယ်”

ဒီနှစ်အတွက် ကျွန်တော့် စိတ်အာရုံထဲတွင် ဘာမျှ မတွေးထားသဖြင့် လက်ဆောင် ဆိုသော အရာသည် ကျွန်တော့်အတွက် ထူးဆန်းနေသည်။ သူမရဲ့ စိတ်အားထက်သန်မှုကို ကျွန်တော် ဥပေက္ခာ မပြုချင်တော့သဖြင့် ဖဲကြိုးလေးကို ဖြည်လိုက်သည်။ အတွင်းမှ နောက်ထပ် ဘူးလေးတစ်ခု ထပ်ထွက်လာသည်။ အနည်းငယ် လေး သောကြောင့် အရာဝတ္ထု တစ်ခုခု ဖြစ်မှန်း ခန့်မှန်းမိသည်။ ဘူးလေးကို ဖြည်ဖြည်းချင်း ဖွင့်လိုက်၏။ လင်းမီးရောင်များဖြင့် လက်ခနဲ ဖြစ်သွားသော ထိုအရာသည် အကောင်းစား နာရီ တစ်လုံးဖြစ်နေလေသည်။

“ဟာ မယူဘူး မောင့်မှာ ရှိတယ်လေ”

ကျွန်တော် ခပ်သွက်သွက် ငြင်းဆန်လိုက်တော့ သူမ အိတ်ထဲက နောက်ထပ် ဘူးတစ်ခု ထုတ်ပြန်သည်။

“ဘာ လုပ်အုံးမလို့ လဲ ”

ကျွန်တော့်အမေးကို မဖြေဘဲ ဘူးအဖုံးကို ဖွင့်ကာ အထဲမှ အရာဝတ္ထုတစ်ခုကို ဆွဲထုတ်လိုက်သည်။

“ဒီမှာကြည့်လေ”

ဘူးထဲက ဆွဲထုတ်လိုက်သော အရာသည် မိန်းမပါတ် နာရီ တစ်လုံး ဖြစ်နေသည်။

“ မောင်နဲ့ ဆင်တူ ဝတ်ချင်လို့လေ မောင်မယူရင် ဆင်တူ မပါတ်ရတော့ဘူးပေါ့ ”

နေခြည်ရဲ့ စကားဆုံးတော့ ကျွန်တော် သက်ပြင်းကို ကျိတ်ချလိုက်သည်။ ကျွန်တော့်အတွက် ရည်ရွယ်ထားသော နာရီလေးကို ဆွဲထုတ်လိုက်သည်။ အိုးးး ကျွန်တော် မှတ်မိသွားပြီ။ လွန်ခဲ့သည့် ၃ လခန့်က ကျွန်တော်တို့ ဈေးပါတ်ရင်း ဒီနာရီ ဆင်တူလေးကို လာဝယ်မည်ဟု ပြောထားခဲ့ဖူးသည်။ နောက်တော့ ကျွန်တော် ပြန်မေ့သွားတာ ကြာပြီ။ ခုထိ သူမ မမေ့သေးပါလား။ ကျွန်တော့်အပေါ် သူသိပ်ကောင်းလွန်းနေသည်။ ထိုအတွေးသည် ပစ္စည်ဥစ္စာကြောင့် မဟုတ်ပေ။ ကျွန်တော့်အပေါ် ထားသည့် သူမရဲ့ လှိုက်လှဲ မှုတွေကြောင့် ဖြစ်သည်။

ကျွန်တော် နှင့် အတူ ရှိနေစဉ် နေ့ရက်ပေါင်းများစွာ ကျွန်တော့်မျက်နှာကို တကြည့်ကြည့်ဖြင့် လိုအပ်ချက် အားလုံး ဖြည့်ပေးခဲ့သည်။ ရင်ခွင်ဗလာတွင် ကျန်ရစ်ခဲ့သော ကွက်လပ်များကို ဖြည့်စွမ်းပေးခဲ့သည်။ အတိတ်ရဲ့ အရိပ်တွေ ဝင်လာတိုင်း ကျွန်တော့်ရဲ့ ရင်ဖွင့်ဖော်သည်လည်း ဒီအမျိုးသမီးလေးသာ ဖြစ်၏။ ကျွန်တော် ငြိမ်နေတာ ရက်ကြာလာလျင်လည်း “ စိတ်ထဲမှာ တင်းကျပ်လာတာ ရှိရင် ရင်ဖွင့်နော် အားမနာနဲ့ ” ဒါမှမဟုတ် “လရောင် ရဲ့ အကြောင်း ပြောပြအုံးလေ”ဟု အလိုက်တသိဖြင့် လိုလိုလားလား တောင်းခံသူလည်း ဖြစ်သည်။

လမ်းမအလယ်မှာပဲ သူမရဲ့ ပါးလေးကို ဖွဖွလေး နမ်းလိုက်သည်။ လှိုက်လှဲသော အနမ်းကြောင့်ထင်သည်။ အမျိုးသမီးလေး မျက်ရည် ဝဲသွားရ၏။ ထိုည အိမ်ပြန်ရောက်တော့ ကျွန်တော် တော်တော်နှင့် အိပ်မပျော်ပေ။ မေ့ထားချင်ပေမယ့် အတိတ်ရဲ့ အရိပ်တွေကလည်း ဝင်ရောက်လာနေသေးသည်။ မနက်ဖြန် မိုးသောက်လျင် ကျွန်တော့် မွေးနေ့ ရောက်လေပြီ။ ဒီလိုနေ့မျိုးကို ချိုလရောင် သတိရ နိင်မည်လို့ ထင်ပါသည်။ ဤကဲ့သို့သော နှစ်ပါတ်လည် ပေါင်းများစွာ အတူတူ ဖြတ်သန်းခဲ့ပြီးမှ ဒီနေ့ကို မေ့လျော့နေသည် ဆိုလျင် မေ့လွယ်လွန်းလှသူလို့ ကျွန်တော် သတ်မှတ်ရတော့မည်။

ညက အတွေးများဖြင့် ညဥ့်နက် သွားသောကြောင့် နေ့လည် ရောက်မှ ကျွန်တော် အိပ်ယာ နိုးလာခဲ့သည်။ မျက်နာသစ်ပြီးနောက် မိသားစုထံ ဖုန်းဆက်ဖြစ်သည်။ ထို့နောက် ကျွန်တော့်ရဲ့ အမျိုးသမီးလေး ထံကို ဖုန်းဆက်လိုက်သည်။

“ မောင်က အအိပ်ကြီးတယ်ကွာ ဘယ်အချိန် ဖုန်းဆက်လာမလဲ စောင့်နေတာ မနက်ထဲက ”

ကျွန်တော် အိပ်ပျော်နေချိန် ဖုန်းလာလျင် စိတ်တိုတတ်မှန်း သိထားသော နေခြည်သည် မွေးနေ့ ဆိုသည့် အကာအကွယ် ဖြင့်ပင် ဖုန်းမဆက်လာခဲ့ပေ။

“ တစ်ခုခု သွားစားမယ်လေ အခုထွက်လာခဲ့ ”
“ အင်း အခု လာခဲ့မယ် ”

ကျွန်တော်တို့ နှစ်ယောက် အတူတကွ နေ့လည် စာ စားပြီးချိန်တွင် ကျွန်တော့်ရဲ့ အခန်းသို့ ပြန်လာခဲ့သည်။ နာရီ အသစ်လေး ပတ်သွားဖို့တော့ ကျွန်တော် မမေ့ပေ။ ကျွန်တော့်လက်ကို ဆွဲယူကြည့်ကာ နေခြည် ပျော်ရွှင်နေ၏။ ဒီနှစ် အတွက် မွေးနေ့ပွဲလေးကို ကျွန်တော့်ထက် သူမ ပိုတက်ကြွ ပိုပျော်ရွှင်နေကြောင်း သေချာပေါက် ပြောရဲပါသည်။ ကျွန်တော့် အတွက် ဒီလောက် စိတ်လှုပ်ရှား ခဲ့ရမှုသည်ပင် မျှော်လင့်မထားသော ဆုလာဘ် လည်းဖြစ်၏။

ဒီနေ့ကိုတော့ ဧည့်ခန်းတွင် ဂစ်တာတီးရင်း ဂိမ်းဆော့ရင်း အခွေကြည့်ရင်း ကုန်ဆုံး စေလိုက်သည်။ သူမ အိမ်အောက်ထပ်တွင် အအေးဆင်းဝယ်သည်မှ တပါး ကျွန်တော်နှင့် အတူတကွ ရှိနေပေးသည်။ ည ၇ နာရီခန့် အရောက်တွင်တော့ ကျွန်တော်လည်း ကိစ္စ တစ်ခုဖြင့် အိမ်အောက်သို့ တစ်ယောက်ထဲ ဆင်းသွားလိုက်၏။ ကျွန်တော့် အတွက် ဒီနေ့သည် သာမန်နေ့တစ်နေ သာ ဖြစ်သည်ဟူသော အတွေးသည် ခဏအကြာ အိမ်ပေါ် ပြန်ရောက်လာ ချိန်တွင်တော့ ပျောက်ကွယ်သွားရတော့သည်။

ကျွန်တော် အိမ်ပေါ် ပြန်တက်လာချိန်တွင်တော့ ဖွင့်ထားခဲ့သော အိမ်မကြီး တံခါးသည် ပိတ်လျက်သား ရှိနေလေသည်။ တံခါးမကြီးကို ဆွဲအဖွင့်မှာပဲ လက်ခုပ်သံပြိုင်တူဖြင့် Happy Birthday ဆုတောင်းသီချင်းသံကို ကြားလိုက်ရသည်။ အမှောင်ချထားသော အခန်းထဲတွင် သူငယ်ချင်း တစ်ချို့နှင့် မွေးနေ့ကိတ်မုန့် ပေါ်မှ ဖယောင်းတိုင် အလင်းရောင်သာ ရှိနေလေသည်။ မွေးနေ့ ကိတ်မုန့် ..။ ထိုအရာသည် ကျွန်တော် မေ့လျော့နေသော အရာဖြစ်၏။ ကာယကံရှင်ထက် ပြီးပြည့်စုံစွာ ဖန်းတီးချင်စိတ်သည် သူမရဲ့ ကျွန်တော့်အပေါ် ထားသည့် အချစ် သက်သက်သာ ဖြစ်မည်။

မွေးနေ့ကိတ်မုန့်ကို ကြည့်ရင်း ကျွန်တော့်ရင်ထဲတွင် ဖော်ပြရန် ခက်ခဲသော ခံစားချက် တစ်ခုဖြင့် လှိုက်လှိုက် တက်လာသည်။ ကျွန်တော့်ရဲ့ စိတ်အာရုံကို လက်ရှိဘဝတွင် ပျော်ဝင်နေအောင် နေခြည်သည် တတ်စွမ်းသရွေ့ ကြိုးစားနေကြောင်း သံသယ မရှိပါ။ မည်သည့်အချိန်က စီစဉ်လိုက်မှန်း မသိရအောင် ကျွန်တော် ဘာတွေကို တွေးနေခဲ့သည်လဲ။ ဘယ်အရာတွေမှာ နစ်မျော ပျော်ဝင်နေခဲ့သည်လဲ။ ကျွန်တော် အမှားတွေ များနေလေပြီ။

မွေးနေ့သီချင်းကို ဝင်ရောက် သီဆိုပေးသော ကျွန်တော့် အသံတို့ တုန်ယင်နေ၏။ လက်ခုပ် နှစ်ဖက်တီးသံသည် နှလုံးသားဖြင့် တီးခတ်နေရသလို နာကျင်လှိုက်မော နေမိသည်။ ကျွန်တော် ပျောက်ဆုံးနေသော အရာထက် ပိုပြီး ရရှိလိုက်သလို ပီတိဖြင့်လည်း လွင့်မျောနေမိသည်။

“ မောင်... မီး မှုတ် လိုက် လေ”

သတိပေးသံကြားမှ အသိပြန်ဝင်လာသည်။ ကမန်းကတန်း ခေါင်းငုံ့ကာ ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။ တတိယမြောက် ဖယောင်းတိုင်မီးမှုတ်လိုက်ချိန်တွင် ထိန်းထားလျက်နှင့် မျက်ရည်တစ်စက် ကျသွား လေသည်။ တလှိုက်လှိုက်တက်လာသော ပီတိကြောင့် သာဖြစ်မည်။ လျော့နည်းသွားသော အလင်းရောင်ကြောင့် မည်သူမျှ သိလိုက်မည် မထင်ပေ။ ထို့နောက် တစ်တိုင်ပြီး တစ်တိုင် မီး ဆက်မှုတ်နေလိုက်၏။။

ထိုအရာများကို ဖယောင်းတိုင်ဟု မမြင်တော့ပေ။ ကျွန်တော်မြင်နေသည်မှာ အတိတ်က အလွမ်းမီးတောက် များကို တခန်းပြီး တခန်း မှုတ်ငြိမ်းနေရသည်ဟုသာ ထင်နေလေသည်။ တစ်တိုင်ပြီး တစ်တိုင် ငြိမ်းသွားတိုင်း အတိတ်ရဲ့ အရိပ်တွေ တခန်းပြီး တခန်း ကွယ်ပျောက်သွားရသည်။ တစ်တိုင်ပြီး တစ်တိုင် ငြိမ်းပြီးတိုင်း ကျွန်တော်ရင်ခွင်သည် ပို၍ ပို၍ လတ်ဆတ်ပေါ့ပါးလာ၏။ တစ်တိုင်ပြီးတစ်တိုင် ငြိမ်းပြီးတိုင်း ဝဋ်ကြွေးနာ တို့သည် အမာရွတ်မျှပင် မကျန်ချင်တော့ပေ။ နောက်ဆုံး ဖယောင်းတိုင်ကို မှုတ်ပြီးချိန်တွင်တော့ အလုပ်သင့်ဆုံး အလုပ်ကို ကျွန်တော် လုပ်လိုက်တော့သည်။

ကျွန်တော့် နံဘေးက ထိတွေ့ကိုင်တွယ်၍ရသော၊ ပစ္စုပ္ပန်တွင် တည်ရှိနေသော ၊ ကျွန်တော့်ရဲ့ အဖော်မွန်ကောင်း အမျိုးသမီးလေးကို တင်းကျပ်စွာ ဖက်ထားလိုက်မိတော့၏။ ထို့နောက် နားရွက်နားလေး ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ကိုယ့်ရဲ့ မနက်ဖြန်တိုင်းဟာ မင်းပါပဲ ချစ်သူရယ် ”

..............................................................................................။

ကွယ်ပျောက်သွားသော လရောင်ကို တမ်းတနေဖို့ ကျွန်တော့်ရဲ့ မနက်ခင်းကို မကုန်ဆုံးစေတော့ပေ။ နေရောင်ခြည်အောက်တွင် ကျွန်တော်တို့ အတူတကွ သာယာကြည်လင်စွာ စီးဆင်းကြပါမည်။

..........................................................................................................................................။

( နာမည်တူသူများ ရှိပါက တိုက်ဆိုင်မှု သက်သက် ဟု နားလည်ပေးကြပါ။ အချစ်ဝတ္ထု မရေးတာကြာလို့ တစ်ပုဒ်လောက်ရေးကြည့်ခြင်း ဖြစ်ပါတယ်။ )

44 comments:

နေ၀သန် said...

အင်း.. မေ့ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ဘေးနားက အမျိုးသမီးကိုလည်း ငဲ့ညာရမယ်ပေါ့လေ...။ ရေးသားချက်တွေ ကောင်း၏။

ခင်မင်တဲ့
နေ၀သန်

ကိုအောင်(ပျူနိုင်ငံ) said...

အချစ်ဇာတ်လမ်း ဖတ်သွားတယ် ကိုမြစ်ကျိုးရေ၊
ကိုမြစ်ကျိုး မွေးနေ့ဆိုရင် အသက်ရာကျော်
ရှည်စေဖို့ ဆုတောင်းပါတယ်။

ကြည်ဖြူပိုင် said...

သရုပ်ဖော်ပုံလေးကြိုက်တယ်
ဇာတ်လမ်းလေးကောင်းတယ်
သူငယ်ချင်းရဲ့မွေးနေ့ဆိုရင်လဲ...
ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို
ချစ်သောနေခြည်နဲ့ဖြတ်သန်းနိုင်ပါစေလို့...နော်
နေခြည်ဖြာတဲ့နေ့များစွာကို
ပျော်ပျော်ကြီးဖြတ်သန်းလိုက်ပါသူငယ်ချင်းရေ
တောက်ပတဲ့အလင်းရောင်အောက်မှာပေါ့

နန်း said...

ဟုတ်တယ်နော်...
အနားမှာရှိတဲ့ ပျော်ရွှင်မှု နွေးထွေးမှုကိုပဲ တန်ဖိုးထားသင့်တယ်။

နှင်းမိုးမိုး said...

ကိုမြစ်ကျိုး...
တစ်ပုဒ်ရေးတိုင်း တစ်ပုဒ် ဆိုတဲ့ အတိုင်းးးး
အချစ်ဆိုတာ ဘာလဲဆိုတာ နားလည်သွားတယ်...။

အင်ကြင်းသန့် said...

ကောင်းပါတယ် ကိုမြစ်ကျိုးအင်းရယ်....အနားမှာ အခုလက်ရှိရှိနေတဲ့ ချစ်သူလေးက ဒီလောက်ကောင်းတာကို ကိုယ်က အတိတ်ကိုပဲ တတမ်းတတဖြစ်နေတာ သူ့အတွက်ဘယ်ကောင်းပါ့မလဲနော်။ အတိတ်ကို လုံးဝမေ့ပစ်ရမယ်လို့တော့ မဆိုလိုပါဘူး....ဒါပေမယ့် နေခြည်လေးကို တန်ဖိုးမထားမိမှာစိုးလို့ပါ။

kokomaung.uk said...

ချစ်၍ နားလည်မပေးသော ချစ်သူထက် သံယောဇဉ်ဖြင့် နားလည်မှုအပြည့်ပေးသော ချစ်သူက ဘ၀ခရီးရှည်ကြီးအတွက် အကောင်းဆုံး အာယုဒီဃဆေးကောင်းတစ်ခွက်ပင်ဖြစ်၏။းဝ)

YoungGun said...

ကျွန်တော့်ကိုများ စောင်းပါးရိပ်ခြည် ရေးနေသလားဗျာ။ ဟားဟား။ ဟုတ်ပါဘူး။ နောက်တာ။ ဇာတ်လမ်းက ရိုးရိုးလေးဆိုပေမယ့် ဆန်းဆန်းပြားပြား ဖွဲ့ထားတော့ မနေနိုင်ဘူး။ အပြီးထိ ဖတ်ရတာပဲ။ ဖြစ်နိုင်ရင်တော့ နေခြည်ရော..လရောင်ပါ.. လိုချင်ပါတယ်။ လရောင်ကတော့ ဘယ့်နှယ်နေမလဲမသိဘူး။ နေခြည်ကတော့ သေပြီဆရာထက်ကို ကောင်းတာ။

ဂျစ်တူး ( မုံရွာ ) said...

ဝါး----ဂွတ်ထ - - -ဂွတ်ထ-
ဘယ်ဘက်ကစမ်းစမ်းရတယ်လေဗျာ---လို့ 
ေုကွးကြော်လိုက်သလိုပါဘဲလားဗျာ-

ကိုဇော် said...

သေနေတာ ကြာပြီ ဖြစ်တဲ့ ဘယ်ဘက် ရင်ဘတ်အောက်က အရာကို လာပြီး လှုပ်နှိုးသလိုပါပဲလား မြစ်မြစ်ရေ. . .
မေ့ထားတယ် ဆိုတာ မမေ့ပစ်နိုင်ဘူးပေါ့ ဆိုတာကို မငြင်းနိုင်ပါဘူး။ ရင်ဘတ်တူလို့ ခံစားသွားတယ်။

kaungkinpyar said...

အင်းအချစ်....အချစ်....

ချော(အစိမ်းရောင်လွင်ပြင်) said...

မျက်စိထဲ တကယ်ကို မြင်ယောင်လာမိအောင် ရေးဖွဲ့ထားနိုင်ပါပေတယ်..
အချစ်ဝတ္ထုကောင်းလေးပါဘဲ...
ဖတ်ရင်းနဲ့ တကယ့်အဖြစ်အပျက်ကို
ရင်နဲ့ ခံစားရေးဖွဲ့ထားသလား ထင်လိုက်မိတယ်..
လရောင်ထက် နေရောင်က ပိုပြီးတောက်ပပါတယ်..မိမြစ်ရေ..
မရှိတော့တဲ့လရောင်ကို တမ်းတနေမဲ့အစား
ထွန်းလင်းနေတဲ့ နေရောင်ခြည်အောက်မှာ ရှင်သန်သင့်တာပေါ့..
အတူတကွ သာယာကြည်လင်စွာ မခွဲမခွာ ရာသက်ပန်စီးဆင်းနိုင်ပါစေကြောင်း..

ဆုမွန်ကောင်းတောင်းပေးသွားပါ၏..

ခင်မင်စွာ

မချော

blackroze said...

တကယ်ကောင်းတဲ့ဝတ္ထုလေးပါဘဲရှင်..
တကယ်တော့အနားမှာရှိနေတဲ့
အရာကိုတန်ဘိုးအထားသင့်ဆုံးပါဘဲ...
သိပ်ကိုလှပတဲ့အချစ်ဇာတ်လမ်းလေးပါဘဲ..

thawzin said...

မွေးနေ့အတွက် Happy ပါဗျာ။ ပို့စ်အတွက် ပြောစရာမရှိအောင် ခံစားချက်တွေ မြင့်လွန်းပါတယ် အစ်ကိုရေ။ ပျော်ရွှင်သာယာစေပါကြောင်း။

မြတ်မွန် said...

သိပ်ကို လှပပြီး စိတ်ကူးကောင်းတဲ့ ဝထ္ထုလေးပါပဲ..။
နေခြည်တစ်ယောက် ပျော်ရွှင်နေလောက်ရောပေါ့။
မနက်တိုင်းဟာ အကောင်းဆုံးသော လက်ဆောင်။

Anonymous said...

ကိုကြီး .......
Happy Birthday

:)))
ရုံလေး

ခိုင်နုငယ် said...

အချစ်တစ်စုံကိုနားလည်ခံစားတတ်ဖို့
ထိုးထွင်းပြထားတဲ့ဝတ္ထုကောင်းလေး
တစ်ပုဒ်ပါပဲ။
ဝတ္ထုထဲမှာစာရေးသူ..ကိုမြစ်ကျိုးအင်းမွေးနေ့ဖြင့်
တိုက်ဆိုင်သည်ရှိသော်...
ဟက်ပီးဘက်ဒေးပါဗျာ။

သဒ္ဓါလှိုင်း said...

ကိုမြစ်ရေ...
ရင်ထဲမှာငြိပါသွားတဲ့ဇာတ်လမ်းလေးတပုဒ်ပဲနော်။
အချစ်ဟောင်းကိုမေ့ဖို့ဆိုတာကလည်းမလွယ်သလို
အချစ်သစ်ကိုလည်းစိတ်ဆင်းရဲမခံစေချင်ပါဘူး.။
အချစ်ဟောင်းဟာလည်း.အချစ်ဟောင်းပါပဲ.အချစ်ဟောင်း
(သီချင်းလေးတပုဒ်ပါ...)...
ဘေးနားမှာကိုယ့်အပေါ်စာနာနားလည်နိုင်တဲ့သူကို
တန်ဖိုးထားနိုင်ပြီးအတူပျော်ရွှင်နိုင်ပါစေ...

ခင်တဲ့
သဒ္ဓါ

Anonymous said...

Very good, bro Myit :)

Phyo

ညီမလေး said...

လူ့ရဲ့သဘာဝကိုက အဲ့လိုပဲလေ ...
မရနိုင်တော့ဘူးဆိုတဲ့အရာကိုမှ တမ်းတမ်းတတနဲ့ တသသ ဖြစ်နေတတ်ကြတာ ၊ အနီးမှာရှိပြီး အဆင်သင့်ရနိုင်တဲ့အရာကို တန်ဖိုးထားရကောင်းမှန်းမသိတာ...။ တခါတခါ နီးလွန်းရင် အမြင်အာရုံတွေ ဝေဝါးတတ်သလိုပေါ့လေ ။
ဒါပေမဲ့ ချစ်ခြင်းမေတ္တာကတော့ စစ်မှန်ရာကို စီးဆင်းမှာပါ ။ ချစ်ခြင်းမေတ္တာဆိုတာ ဖန်တီးလုပ်ယူလို့ မရသလို ဖန်တီးယူထားတဲ့အရာဆိုလဲ ဘယ်တည်မြဲပါ့မလဲ ။ ဒါပေမဲ့ မှန်ကန်စွာ ရွေးချယ်တတ်ဖို့လိုသလို မှန်ကန်စွာ တန်ဖိုးထားတတ်ဖို့လဲ သိပ်အရေးကြီးတယ်လို့ ညီမလေးတော့ ယူဆတယ် ။။။

အနော် said...

လရောင်ရဲ့အခြားတစ်ဖက်မှာလဲ ကြည်နူးဖွယ်ချစ်ခြင်းမေတ္တာတရားနဲ့ ဆုံတွေ့ခဲ့ရတဲ့အတွက် ပျော်စရာကောင်းမှာပါ အကို
ကိုယ်ချစ်ထက် သူချစ်ကို ရခဲ့တဲ့အတွက် ကံကောင်းမှာပါ .. :)

ဧရာဝတီ said...

ံကိုမြစ်မွေးနေ့လား ဒါဆိုရင်တော့ အ၀တီးရမယ်
အချစ်ဝတ္တုလေးက ဖတ်ရင်းနဲ့ကြည်နုးလိုက်တာ
ကိုမြစ် ပျော်ရွှင်ပါစေရှင်..

sosegado said...

ဒီလိုပဲကွဲတတ်ပါတယ်၊ တိုက်ဆိုင်တိုင်း သတိရတတ်ပါတယ်၊ အသစ်တွေ့ပြီးရင် အသစ်ထပ်တွေ့တတ်ပါတယ်

ပန်းနုနှင်းဆီ said...

စာရေးကောင်းသူတစ်ယောက်ရဲ့ လက်ရာကောင်းလေးကို နှစ်ခြိုက်စွာ ခံစားအားပေးသွားပါတယ်ရှင်..
လက်ရှိအခြေအနေကို အကောင်းဆုံးဖြတ်သန်းခြင်းသည်သာလျှင်
စစ်မှန်သော ရှင်သန်ခြင်း ဖြစ်ပါတယ်..
ပျောက်ကွယ်သွားတဲ့ လရောင်ကို တမ်းတမနေသင့်ပါ..
နွေးထွေးသော နေရောင်ခြည်သည် မြစ်တစ်စင်းအား အတောက်ပဆုံး ထွန်းလင်းပေးနိုင်ပါလိမ့်မည်ဟု ယုံကြည်လျှက်..


ပန်းနုနှင်းဆီ

မြစ်ကျိုးအင်း said...

ကျွန်တော့် မွေးနေ့က ကျော်လွန်သွားတာ တစ်လ ခန့် ရှိပါပြီ။ ဒါပေမယ့် ခင်မင်သော အားဖြင့် ဆုတောင်းပေးကြသူများကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်။

Anonymous said...

၁လနောက်ကျပြီး ဆုတောင်းပေးတယ်ပဲ သဘောထားပေးပါ .. :D
ပျော်ရွှင်ဖွယ် မနက်ဖြန်ပေါင်းများစွာ ပိုင်ဆိုင်ပါစေး))

စာကိုဖတ်ပြီး အမှန်အတိုင်းပြောရရင် နေခြည်ကို သနားတယ် .. ဘေးနားရှိတာတောင် အဆက်ဟောင်းတမ်းတနေတာမျိုးတော့ စိတ်တိုတယ် .. ဟီးးး :P

မိုးခါး

ရွှေရတုမှတ်တမ်း said...

ကိုမျှစ်နဲ့ ဘကျောက်က တရက်ထဲမွေးတာမို့ ရည်းစားလဲ အတူတူဖြစ်မယ်ထင်တယ်

မေဇင် said...

နေခြည် ကို သနားတယ်။

စာရေးကောင်းတယ်။

ကျောပိုးအိတ် said...

လရောင်ချိုက ဘယ်ရောက်သွားလို့ လဲဟင်။

သေသွားတာလား။ အိမ်ထောင်ကျသွားတာလား။ ဘာအတွက်နဲ့  လရောင်ချိုက ထားခဲ့တာလဲ။

ရေးထားတာ အရမ်းကောင်းတယ်အကို။

ဒီပို့ စ်တင်တာသိပေမယ့် သေချာအချိန်မပေးနိုင်လို့  မဖတ်ခဲ့တာ။

အကိုရဲ့ ပိုစ်တွေ အကုန်လုံးနီးပါက အရမ်းကောင်းနေတော့ အချိန်မရရင် မဖတ်ဘူး။ သေချာအချိန်ယူပြီးမှ အားပေးတာ။
း)

Anonymous said...

ကိုမြစ်ကျိုး
ဒီပို့စ်လေးကတော့ နေခြည်ဆိုတဲ့ ကောင်မလေး
နေရာမှာဝင်ပြီး ခံစားပေးရရင် တော်တော်သနားတယ်။
ဒါပေမဲ့ လူဆိုတာကခက်တော့ခက်တယ်ဗျ ...မရတာမှ
တောင့်တတတ်တာကိုး ။ ကျနော်လဲ ဘ၀မှာသိပ်ချစ်ဖူးတဲ့
ချစ်သူနဲ့ လွဲခဲ့ဘူးပါတယ်...ဒီဒဏ်ရာတွေက ခုထိမေ့လို့မရသေးပါဘူး။ အသစ်ဆိုတာ ထပ်ထပ်ပြီးတွေ့နေအုံးမှာပါပဲ ။့ နားလည်ပေးတတ်တဲ့ နေခြည်ကို လေးစားမိပါတယ် ။
ငယ်ချစ်ဆိုတာတော့ ရင်ထဲကဘယ်တော့မှ မထုတ်နိုင်တာခြင်း ကျနော်နဲ့ ကိုမြစ်ကြီး တူနေတာပါပဲ ။အဖော်ဆိုတာလိုအပ်ပါတယ်
ကိုမြစ်ကံကောင်းပါစေဗျာ။

ကိုကြီး

thaingarra said...

ဒီလိုပါပဲ ကိုမြစ်ကျိုးရေ ...

တချို့သော အရာတွေက မေ့မစွမ်းနိုင်စေခြင်းထက်

ပိုပြီး ... နောက်နောင်သော နှစ်ကာလများမှာ

တိုက်ဆိုက်သော အခါများစွာအတွက်ပါ ...

အမှတ်ထင်ထင် ရှိနေတတ်တော့တာမျိုး ....

ဆွေလေးမွန် said...

ခက်တယ် အချစ်..အချစ်...

ညလင်းအိမ် said...

တကယ်ကို ရင်ဘတ်ထဲ တဆစ်ဆစ်နာတယ်ဗျာ ...

ကောင်းကင်က လရောင်သည် လူတွေရဲ့ စိတ်အာရုံကို သာယာတိမ်းမူး နိုင်စေသလို အချန်တခု ကုန်ဆုံးပြီးလျှင် ကမ္ဘာရဲ့ တဖက်ခြမ်းကို ၀င်ရောက်ပျောက်ကွယ် သွားနိုင်တယ်ဆိုတာ ...

တကယ်သတိမထားမိတဲ့ အရာပဲ ကိုမြစ်ရ ... ဟုတ်တယ်

နေခြည်လို မိန်းခလေးမျိုးသာ ဘ၀ထဲ ရောက်ခဲ့မယ်ဆိုတဲ့ အတွေးလေး တွေးမိတာနဲ့တင် ကြည်နူးလိုက်မိတယ်ဗျာ ... အားကျလိုက်ပါဘိ .. အဟီး ...

ချစ်ကြည်အေး said...

အချစ်ဝတ္ထုကောင်းလေးတပုဒ်...အစကနေ အဆုံး ဆွဲခေါ်သွားလိုက်တာ...ဖြစ်စေချင်နေတာလေးနဲ့ လှပစွာ အဆုံးသတ်ထားပြန်တော့....။

Happy belated birthday ပါ မောင်မြစ်ရေ :)

jr said...

အချစ်ဝတ္တုလေးကောင်းတယ်ဟာ။

ငါ ခုတလော စာရေးမရဘူးဟ။း(

အဖြူရောင်နတ်သမီး said...

အချစ်ဝတ္ထုလေးလာဖတ်သွားတယ်..ကိုမြစ်ရေ..
အောက်ဆုံးကမှတ်ချက်လေး သဘောကျသွားတယ်..
..............................................................
ဒီလိုပါပဲ....
ရေးရေးပြီး..ဟုတ်ဖူး...ဟုတ်ဖူး ပြောနေကြလွန်းလို့...
ဟိ

အနမ်း said...

ဝတ္ထုတိုလေးလာဖတ်သွားပါတယ်။ ပုံနဲ့ စီဗုံးကတော့ မမြင်လို့ မန့်သွားပါတယ်။
အတိတ်ကို မေ့နိုင်ပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်တာ ပိုကောင်းပါတယ်။
ဒါနဲ့ မွေးနေ့က တကယ်လား???

purplemay said...

မအားလွန်းလို့ ခုမှ စာကြွေးတွေလာဖတ်တာ...။
ဇာတ်လမ်းလေး သဘောကျမိပါတယ် အစ်ကိုရေ့...
နေရောင်ခြည်အောက်မှာ စီးဆင်းနိုင်ကြပါစေ...း)

SHWE ZIN U said...

ကိုမြစ်ကျိုး ရေ

ဘောပွဲ ကြည့်ရတာနဲ့ ကို အတော် မောနေပြီထင်တယ် ဘယ်သူ့မွေးနေ့လည်း ဝတ္ထုထဲက ဇာတ်ကောင်လား ကိုမြစ်ကျိုးလား ဘယ်သူဖြစ်ဖြစ် အသက်ရာကျော်ရှည်ပါစေလို့

ကိုမြစ်ကျိုး အခုမှ လင့်ခ့်ပြန်ချိတ်သွားတယ် ကျနော် လည်း လင့်ခ် ပြောင်းလိုက်တော့ အကုန်ပျောက်ကုန်လို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဒါနဲ့ စကားမစပ် ဒီနေ့ ဘယ်ဘက်ကလောင်းရင် ကောင်းမလည်း

Anonymous said...

နေေ၇ာင်ခြည်မှာပျော်ရွင်ပါစေ

m**e

ngwelamin said...

လက်ရှိပစ္စုပ္ပန်ဘ၀ကသာအကောင်းဆုံးပါ
အတိတ်ကိုအတိတ်မှာထားတာကောင်းမယ်ထင်တာဘဲ

Anonymous said...

Poimajotflili
[url=http://www.ekccc.org]side effects of adipex[/url]
Nadafuele
[url=http://noweatthis.net]ambien rx[/url]
Fizalefeera
[url=http://www.thegibsoncompany.com]lorazepam doseage[/url]
expemybrootte

Ree Noe Mann said...

ငါက ကောမန် ဘယ်သူဆီမှ မရေးတော့ဘူးလို့နေတာ
ဒီစာကို ဖတ်ပြီး နေခြည် အတွက် စဉ်းစားပေးလို့ ကျေးဖူး
ပါလို့ ဝင်ပြောသွားတာ။
ငါ လာလည်တယ် စာဖတ်ဖြစ်တယ်။
ကောမန့်တော့ မရေးတော့ဘူး သယ်ရင်း (ဘယ့်သူ့ဆီမှ)
မင်း စိတ်ထဲ မင်းကို မခင်ဘူးလို့ မထင်စေချင်။
စီးပုံးတော့ ရေးမယ်။

အရိုင်းပန်း said...

နေရောင်ခြည်ရဲ့ ကောင်းချီးတွေ ကို ခံစားနိုင်ပါစေ အကိုမြစ်ကျိုးအင်းရေ...

 

Posts Comments

©2006-2010 ·TNB