ချုံထဲက ငါး

15 July 2010



မကြာခင်မှာ မော်တော် ဆိုက်တော့မှာကြောင့် ပါလာသော ကျောပိုးအိတ်ကို လွယ်လိုက်သည်။ လက်နှစ်ဘက်မှ အထုပ်အပိုးများကို အဆင်သင့်ဆွဲကာ မော်တော်အရှေ့ပိုင်းကို ထွက်လာခဲ့သည်။

"အကို ဘယ် ဆိပ်ဆင်းမလဲ" မော်တော်ဦးတွင် ထိုင်နေသော ကောင်လေးမှ မေးသဖြင့်
" ဖွားစိမ်း ဆိပ်မှာ ဆင်းမယ်ညီ ဟိုရှေ့က အုန်းပင် နှစ်ပင်ရှိတဲ့ဆိပ် "
" သိတယ်အကို"

ပြောပြောဆိုဆိုဖြင့် ထရပ်ကာ မော်တော် စက်လှေခန်းကို လက်ထောင်ပြ၍ အချက်ပြလိုက်သည်။ တွံတေးမြို့နှင့် အဖွားတို့ရွာရှိသော ကရင်ချောင်းထဲကို ပြေးဆွဲနေသော မော်တော်သည် အရှည်ပေ ၃၀ ကျော်ခန့် ရှိပြီး အကျယ်မှာတော့ ၉ ပေခန့်ရှိမည် ထင်ရသည်။ မော်တော်ပေါ်တက်သည့် မော်တော်ဦး မှ လှေကားဖြင့် ၄ ထစ်ခန့်ဆင်းမှ မော်တော်ဝန်းထဲကို ရောက်သည်။ အထဲတွင်တော့ ဘယ်ညာ နှစ်ဖက် ခုံတန်းရှည်များ ရှိနေသည်။ အလယ်ကွက်လပ်တွင်တော့ ကုန်ပစ္စည်းများ ထားရန်ဖြစ်သည်။

ခရီးသည် တစ်ချို့ကတော့ မော်တော် ခေါင်မိုးပေါ်တွင် ထိုင်လျက် လိုက်ပါလာကြသည်။ မော်တော်မောင်းသူသည် တွံတေးတူးမြောင်းကို ကျော်ကာ ကရင်ချောင်းထဲ ရောက်လာချိန်တွင် မတ်တပ်ရပ်ကာ မောင်းရသဖြင့် မော်တော်ဦးမှ အကူကောင်လေးရဲ့ အချက်ပြမှုကို ခေါင်မိုးပေါ်မှ ကျော်ကာ မြင်ရခြင်းဖြစ်သည်။ မော်တော်သည် စက်အရှိန်သတ်ပြီး ဖွားစိမ်းဆိပ်သို့ ဦးတည်နေသည်။ ဖွားစိမ်း ဆိုသည်က ကျွန်တော့် အဖွားဖြစ်သည်။ အဖွားအိမ်ရှေ့က ရေချိုးဆိပ်ကို ဖွားစိမ်းဆိပ်ဟု ခေါ်ကြသည်။ ကောင်လေးကတော့ ထိုးဝါးကို အဆင်သင့်ကိုင်ထားသည်။

မော်တော်ဆိုက်ကပ်ဟန်မည့်မြင်သဖြင့် ကမ်းနဖူးတွင် ဆောက်ထားသော ဒေါ်လေးတို့ အိမ်မှ အကိုလေး ထွက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ဦးလေးအိမ်ဘက်ကို လှည့်ကာ အော်လိုက်သံ သဲ့သဲ့ပါ ကြားလိုက်ရ၏။ ကျွန်တော် ရောက်လာသည်ကို လှမ်းပြောလိုက်ခြင်း ဖြစ်မည်။ အရှိန်သတ်ထားသော မော်တော်သည် ထိုးဝါးရဲ့ အကူအညီဖြင့် ကမ်းနဖူးကို ဖြေးညင်းစွာ ဦးတိုက်သည်။


" မင်းတစ်ယောက်ထဲလား ဒေါ်ကြီးတို့မပါဘူးလား "
လက်ထဲမှ အထုပ်ကို လှမ်းယူရင်း မေမေတို့ ပါမပါကို အကိုလေးမှမေးလိုက်သည်။

" သူတို့တွေ မအားပါဘူးကွာ ငါသာ မနေနိင်လို့ ထွက်လာတာ "

ပြန်ဖြေရင်း ဖိနပ်ကို လက်ကကိုင်ကာ မော်တော်ပေါ်မှ ခုန်ဆင်းလိုက်သည်။

" အိမ်လိုက်ခဲ့မလား "
" အဖွားကို အရင်သွားကန်တော့လိုက်အုံးမယ်လေ"

ကျွန်တော့်ရဲ့ အဖြေစကားကြောင့် အထုပ်ဆွဲရင်း အကိုလေးပါ အဖွားအိမ်သို့လိုက်လာသည်။ ကျွန်တော့်မေမေတွင် မွေးချင်းမောင်နှမ ၄ ယောက် ရှိသည့်အနက် မေမေတစ်ယောက်သာ မြို့တွင် အခြေချနေထိုင်ခြင်းဖြစ်သည်။ ဦးလေး နှစ်ယောက် နှင့် အဒေါ်တစ်ယောက်ကတော့ ရွာတွင်သာ နေထိုင်သည်။ အဖွားကတော့ ဦးလေး အငယ်ဆုံးနှင့်သာ အတူနေသည်။ အိမ် ၃ လုံးသည် ဖိုခနောက်ဆိုင် တည်ရှိနေသည်။ မော်တော်ဆိုက်ကပ်သံကြောင့် ဦးလေးရဲ့ သားသမီးများ ထွက်လာကြပြီး အားရဝမ်းသာကြိုဆိုကြသည်။

ကျွန်တော်သည် ရွာတွင်သာ ပျော်သဖြင့် နွေရာသီ ကျောင်းပိတ်သည်နှင့် နောက်တစ်နေ့တွင် ရွာကို ရောက်လာမြဲဖြစ်သည်။ ဝမ်းကွဲ ညီအကို မောင်နှမ များသဖြင့် ကျောင်းတွေပြန်ဖွင့်ချိန်အထိ ရွာတွင်သာ ပျော်နေတတ်သည်။ မောင်နှမများနှင့် ချောင်းထဲတွင် ရေချိုးဆင်းချိန်သည် ကျွန်တော်အမက်မောဆုံး အချိန်လည်းဖြစ်သည်။ မနက်ဝေလီဝေလင်းတွင် ချောင်းထဲမှ ဖြတ်သွားသော ပဲ့ထောင်(စက်လှေ) များရဲ့ အင်ဂျင်သံ တဘုတ်ဘုတ်ကို အိပ်ယာထဲတွင် မှိန်းရင်း နားထောင်ရသည်မှာ မမေ့နိင်သော အရသာ တစ်မျိုးလည်း ဖြစ်သည်။ တစ်ခါတစ်လေ မြို့ပေါ်တွင် ထိုကဲ့သို့ ခပ်ဆင်ဆင်တူသော အင်ဂျင်သံများကို ကြားရချိန်တွင် ရွာရဲ့ မနက်ခင်းများကို ချက်ချင်း သတိရသွားတတ်သည်။

အထုပ်အပိုးများချကာ ပါလာသော ပစ္စည်းများကိုခွဲတမ်းချရသည်။ အဖွားအတွက် ဦးလေးတွေနှင့် အဒေါ်အတွက် ခွဲကာ အသီးသီးကို ကန်တော့လိုက်သည်။ ထို့နောက် မေမေလှူလိုက်သော လှူဖွယ်များကိုယူကာ ရွာဦးကျောင်းသို့ သွားရောက်လှူဒါန်းလိုက်သည်။ အပြန်လမ်းတွင် ဘကြီးအေး အိမ်ရှေ့အရောက် ခြံထဲမှ ထွက်လာသော ဘကြီးအေး နှင့်ဆုံတွေ့ရသည်။

" တူရီး ဘယ်တုန်းကရောက်လဲကွ "
" ဒီနေ့ပဲ ရောက်တာ ဘကြီး .... နေကောင်းတယ်နော် "
" အေးကောင်းတယ်ကွ ... ဘယ်သူတွေပါသေးတုန်း "
" ကျွန်တော် တစ်ယောက်ထဲ အရင်လာတာ မေမေတို့က နောက်မှ လိုက်လာမယ်နဲ့တူတယ် "
" မကြည်ဝင်းတို့ရော နေကောင်းတယ်နော် "
" ဟုတ်... ကောင်းတယ် ဘကြီး မေမေရော ဖေဖေရောပဲ "
" အေးအေး ကောင်းတယ် .. အတော်ပဲကွ ညနေ ငါ ချုံဖော်မယ် လာခဲ့လေ " ဘကြီးရဲ့ စကားကြောင့် ကျွန်တော် ဝမ်းသာ သွားသည်။
" လာမယ် ဘကြီး ... ဒါမျိုး ကြုံချင်နေတာနဲ့ အတော်ပဲ "
" အေးအေး လာခဲ့ မင်းဦးလေးတွေပါ ပြောလိုက်အုံး "
" ဟုတ်...ဘကြီး ဒါဆို သွားလိုက်အုံးမယ် "
" အေး အေး"

ဘကြီးကိုနှုတ်ဆက်ပြီး အဖွားအိမ်သို့ ပြန်လျှောက်လာခဲ့သည်။ ရောက်ရောက်ခြင်း ညနေခင်းတွင် ချုံဖော် သည်နှင့် ကြုံရသဖြင့် ဝမ်းသာသွားမိသည်။ ကျွန်တော်သည် အဖွားနှင့် ဆွေမျိုးများကို ချစ်ခင်စိတ် အပြင် ရွာဓလေ့များကိုပါ နှစ်သက်သဖြင့် ရက်ရှည် ကျောင်းပိတ်ရက် ရတိုင်း ရွာကို ရောက်အောင် လာလေ့ရှိသည်။ ချုံဖော်သည် ဆိုသည်မှာလည်း ရွာရဲ့ ဓလေ့ တစ်ခု ဖြစ်သဖြင့် ညနေခင်းကိုအမြန်ရောက် ချင်နေမိတော့သည်။

ညနေပိုင်းရောက်တော့ အကိုလေးနှင့်အတူ ဘကြီး အိမ်ဘက်ထွက်လာခဲ့သည်။ ချုံဖော်မည့် ဘကြီးအိမ်ရှေ့ ရေချိုးဆိပ်တွင်တော့ ဘကြီးအပါအဝင် ရွာထဲမှ ကာလသားများနှင့် ဦးလေးတို့ကို တွေ့လိုက်ရသည်။ တစ်ချို့က ငါးဖမ်းပိုက်ကို ဖြန့်ခင်းနေကြသလို တစ်ချို့ကတော့ မျှင်ဝါးများကို ဆွဲယူနေကြသည်။ ဘကြီးဖြစ်သူကတော့ ဂါလံပုံးကြီးထဲသို့ အရက်ဆီနှင့် ရေရောကာ အရက်စပ်နေသည်။ ကျွန်တော့်ကို မြင်၍ ဝိုင်းနှုတ်ဆက်ကြသဖြင့် သူတို့ကို ပြန်နှုတ်ဆက်လိုက်သည်။

ဘကြီးဖြစ်သူမှ ခွက်တစ်ခွက်ထဲ အရက်ထည့်ကာ ကမ်းစပ်က အပင်ခြေရင်းတွင် သွားထားလိုက်သည်။ မကြာမှီအချိန်တွင် ချုံဖော်တော့မည်ဖြစ်သဖြင့် ငါး၊ ပုဇွန်များ ပိုမိုရရန် ဆိုင်ရာပိုင်ရာကို ဦးတိုက်ခြင်းလည်း ဖြစ်သည်။ ချောင်းကမ်းနံဘေး ရွာဖြစ်သောကြောင့် မိမိတို့အိမ်ရှေ့မှ ရေဆိပ်ကို မိမိတို့ အပိုင်ဟု သတ်မှတ်ထားကြသည်။ အဖွားစိမ်း ဆိပ် ၊ ဘကြီးအေး ဆိပ် စသည်ဖြင့် အလွယ်ခေါ်ဖြစ်ကြသည်။ အတွင်းပိုင်းတွင် ရှိသော အိမ်ခြေများရှိသည့် အရပ်ကိုတော့ ကုန်းဘက် ဟု ခေါ်ကြသည်။ ကုန်းဘက် ခဏသွားလိုက်အုံးမယ် ၊ ကုန်းဘက်က ပြန်လာရင် မုန့်ဖတ် ဝယ်ခဲ့၊ သောက်ရေခပ်ဖို့ ကုန်းဘက် သွားလိုက်အုံးမယ် စသဖြင့် ရွာရဲ့ တည်ရှိပုံကို ကမ်းနားဆိပ် နှင့် ကုန်းဘက် ဟူ၍ ခွဲခြားပြောဆိုကြသည်။

နေ့လည်ရေချိုးဆင်းချိန်တွင်တော့ ကုန်းဘက် တွင်နေသူများလည်း ကမ်းနားဆိပ်သို့ ဆင်းလာပြီး ရေချိုးရသည်။ ကုန်းဘက်နေသူများ အဖို့တော့ ချုံချထားပြီး ငါးဖမ်းဖို့ အခွင့်သိပ်မရကြပေ။ လူနေအိမ်မရှိသော ရေချိုးဆိပ်တွင်သာ တစ်ခါတစ်လေ ချုံချခြင်းကို ပြုလုပ်ကြရသည်။ ချုံချသည် ဆိုသည်မှာ သစ်ကိုင်းခြောက်များကို ရေထဲသို့ ပစ်ချထားခြင်းဖြစ်သည်။ အခက်အလက် ရှုပ်ထွေးသော သစ်ကိုင်းခြောက်များကို ရေထဲသို့ စုပြုံ ပစ်ချထားသဖြင့် ရေအောက်ထဲတွင် ချုံ ကဲ့သို့ အကိုင်းအခက်များ ရှုပ်နေတော့သည်။ ငါး၊ ပုဇွန် တို့သည် အောက်ခြေရှုပ်နေသော အကိုင်းအခက်များ ကြားတွင် ခိုအောင်း နေတတ်သဖြင့် ထိုကဲ့သို့ ချုံအတုကို ဖန်တီးပေးထားခြင်း ဖြစ်သည်။

ချုံ ပိုင်ရှင်မှ မနက်နှင့် ညနေတွင် ဖွဲနုများကို ကြဲပက်ကာ အစာကျွေးသဖြင့် ထိုနေရာတွင် ရှိသော ငါး ၊ ပုဇွန်များ ထိုချုံမှ မခွာတော့ပေ။ ထိုနေရာသို့ ထပ်ရောက်လာသော ငါး ၊ ပုဇွန်များကြောင့် တဖြည်းဖြည်းနှင့် ငါး အစု အဝေးကြီး နေထိုင်သောနေရာ ဖြစ်လာတော့သည်။ ၁၀ရက် ၁၅ရက်ခန့် ထိုကဲ့သို့ အစာများ ကြဲပက်ပြီးလျင်တော့ ချထားသော ချုံကို ဖော်လို့ရပြီဖြစ်သည်။ ထိုအချိန်ကို ချုံဖော်သည်ဟု ရပ်ရွာစကားဖြင့် ခေါ်ကြသည်။ ယခုလည်း ဘကြီးအေး ဖြစ်သူ သူချထားသော ချုံကို ဖော်တော့မည်။ ချုံထဲတွင် ငါး ဘယ်လောက်ရမည်ကိုတော့ အတိအကျ မခန့်မှန်းနိင်ပေ။

ချုံဖော်မည့်နေ့တွင် ချုံပိုင်ရှင်မှ မျှင်ဝါး ၁၀ လုံးခန့်ကို ရှာထားရသည်။ ထို့နောက် ချုံဖော်ရာတွင် သုံးသော ငါးဖမ်းပိုက်ကို အခကြေးငွေဖြင့် ငှားရမ်းရသည်။ အရက်ဆီ ပုလင်းများကိုဝယ်ကာ ဂါလံပုံးဖြင့် အရက်စပ်ထားပေးရသည်။ ရေထဲတွင် အချိန်ကြာမြင့်စွာ နေကြရသဖြင့် ဝိုင်းကူသူများ ချမ်းအေး ကြသောကြောင့် တစ်ခွက်တစ်ဖလား သောက်ဖို့အတွက်ဖြစ်သည်။ ဝိုင်းကူသူများကို အခကြေးငွေ ပေးရန်မလိုပေ။ ကိုယ့်အလှည့် သူ့အလှည့် ကူကြသူများဖြစ်သည်။ ထိုက်သင့်သလို ဟင်းတစ်ခွက်စာ ဟင်းတစ်အိုးစာ ပေးလိုက်လျင် ကျေနပ် ကြသူများလည်းဖြစ်သည်။ ချုံဖော်သည့်အခါ တစ်ခါတစ်လေ ငါးအရနည်းသည့် အခါမျိုးနှင့် ကြုံလျင် ဟင်းစားပေးလျင်ပင် မယူတတ်ကြပေ။

" ငါ့ကောင်တွေ လာကြဟေ့ အချမ်းပြေ ချလိုက်ရအောင် "

ဘကြီးအေး ခေါ်သံကြောင့် ဝိုင်းကူသူများ အရက်ပုံးဘေး ဝိုင်းလာကာ တစ်ခွက်တစ်ဖလား သောက်ကြသည်။ ထို့နောက် ကိုကြီးသာအောင်နှင့် ဖိုးသာထူးတို့ တင်ပါးနှစ်လုံး ပေါ်သည်အထိ ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး ရေထဲ ဆင်းကြတော့သည်။ ချုံဖော်ရာတွင် ပထမဆုံး အနေဖြင့် မျှင်ဝါး များကို ချုံချထားသော နေရာကို ဝိုင်းပတ်ကာ ကမ်းစပ်ကို မျက်နာမူပြီး ဂ ငယ် ပုံစံ ခပ်ကျဲကျဲ လိုက်စိုက်ရသည်။ ထို့နောက် ငှားထားသော ငါးဖမ်းပိုက်ကို စိုက်ထားသည့်ဝါးများတွင် နှီးများဖြင့် လိုက်ချည်ကြတော့သည်။ ပိုက်ချည်ရာတွင်လည်း ဝါးတိုင်စိုက်ထားသော ရေအနက်ကို ကြည့်ကာ ရေအောက်ကြမ်းပြင်ထိသည် အထိပိုက်ချထားရသည်။ ခဲသီး ဆွဲထားသော ပိုက်သည် ကြမ်းပြင်တွင် ကျနေသဖြင့် ချုံထဲမှ ငါးတို့ အောက်ခြေမှ တိုးထွက်၍ မရနိင်တော့ပေ။

ဝါးတိုင်တို့တွင် ပိုက်ချည်ပြီးသဖြင့် ဖိုးသာထူး တို့ ပြန်တက်လာကြသည်။ အချမ်းပြေ သူတို့ သောက်နေကြသည်။ ဒီတစ်ခါတော့ ကျွန်တော်တို့ ဆင်းလို့ရပြီဖြစ်သည်။ ကျွန်တော်က ငါးဖမ်းရသည်ထက် ရေထဲဆင်းချင်သူ ဖြစ်သည်။ မြို့ပြတွင် မြစ်ချောင်းများနှင့် အလှမ်းဝေး သဖြင့် ရွာရောက်တိုင်း ရေထဲဆင်းဖို့ပဲ စိတ်ကူးနေမိသည်။ ရေထဲဆင်းရင်း ငါးဖမ်းရသည်မှာတော့ ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းလွန်းသည်။ လှစ်ခနဲ လှစ်ခနဲ ငါးများ တိုးဝှေ့သော ခံစားချက်သည် ကျွန်တော့်အတွက် စိတ်လှုပ်ရှားမှု တစ်ခု ဖြစ်သည်။ ထိုအချိန်တွင် ရွာထဲမှ အရီးတင်မြနှင့် အမလှလေးစိန်တို့ မိန်းကလေး တစ်သိုက် စဉ်းတီတုံး တစ်ဖက် ဓါးမ တစ်ဖက်ကိုင်ကာ ရောက်လာကြ၏။

ချုံဖော်ရာတွင် ယောကျာ်းလေးများနည်းတူ မိန်းခလေးများရဲ့ အကူအညီလည်း လိုအပ်သည်။ ဖမ်းမိသော ငါးတို့ကို ငါးခြောက်ငါးခြမ်း လုပ်လို့ရသည်အထိ တစ်ခါတည်း လုပ်ပေးကြသည်။ မိထားသော ငါးတို့ကို နောက်တစ်နေ့ ရန်ကုန်ပို့ဖို့ ရေခဲရိုက်ထားရန် အဆင်မပြေသဖြင့် ငါးခြောက်လှန်းလို့ ရသည်အထိ ခုတ်ထစ် ခွဲစိတ်ပေးကြခြင်းဖြစ်သည်။ ထိုက်သင့်သလို ဟင်းစားများ ပေးသလို ငါးခေါင်းနှင့် ငါးအဆီအိတ် ကိုလည်း သူတို့ကို ပေးသည်။ ရွာတွင်တော့ ငါးမှ ရသည့်အဆီများကို ချက်ပြုတ်ကြော်လှော်ရာတွင် အသုံးပြုသဖြင့် ငါးဆီသည်လည်း တန်ဖိုးရှိနေသည်။ အသီးအရွက်ကြော်များတွင် ငါးဆီနံ့သင်းနေခြင်းသည် ရွာမှာတော့ ပုံမှန်အဖြစ်အပျက်သာဖြစ်၏။

ထို့နောက် ရေထဲဆင်းကြကာ ချထားသော အကိုင်းအခက်တွေကို ကမ်းပေါ် လက်ဆင့်ကမ်း တင်ကြသည်။ ခြေထောက်မှလည်း ရေထဲကို လိုက်စမ်းရင်း သစ်ကိုင်း အစအနတွေ ရှိမရှိ စမ်းသပ်ရသေးသည်။ ရေထဲတွင် သစ်ကိုင်းတို့ မရှိတော့မှ ပိုက်ဆွဲရာတွင် အဆင်ပြေသည်။ သို့မဟုတ်လျင် ကျန်နေသေးသော သစ်ကိုင်းတို့ကြောင့် ပိုက် စုတ်ပြဲတတ်သည်။

" မကြည်ဝင်းသား သတိထားနော် ကိုင်းစူး နေမယ် " အရီးတင်မြရဲ့ စကားကြောင့်
" ဟုတ်ကဲ့ အရီးမြ "

ဟုစိတ်မပူစေရန် ပြန်ဖြေလိုက်ရသည်။ ရွာတွေမှာတော့ နာမည်အစဖော်မရလျင် မိဘနာမည်တပ်ပြီး ဘယ်သူ့သား ဘယ်ဝါ့သမီး ဆိုပြီး ခေါ်ညွှန်းလေ့ရှိသည်။

" အဘနှယ် တစ်ခြံလုံးများ ခုတ်ပြီး ပစ်ချထားသလား နည်းတဲ့အကိုင်းတွေ မဟုတ်ဘူး "
ကိုကြီးသာအောင် စကားကြောင့်
" မိုးဦးကျတုန်းက ကျိုးကျတဲ့ အကိုင်းတွေ ခြံရှူပ်တာနဲ့ ပစ်ချထားတာကွ " ဘကြီးအေးမှ ပြန်ဖြေလိုက်သည်။

" အဘ ပစ်ချတာက အကြောင်းမဟုတ်ဘူး အထဲက ငါးတွေတော့ မူးကုန်တော့မှာပဲ "
" ဘာဖြစ်လို့တုန်းကွ "
" အကိုင်းတွေ ဒီလောက် ရှုပ်နေမှတော့ ငါးတွေလည်း ရွာဘုရားပွဲက ဝင်္ကဘာ ထဲ ရောက်နေသလို ဖြစ်တော့မှာပေါ့ "
" အေးကွ မသောက်ဘဲနဲ့ မူးရောပေါ့ "

ဖိုးသာထူးစကားကို ဘကြီးဖြစ်သူမှ အလိုက်သင့် အရွှန်းဖောက်သဖြင့် အားလုံးရယ်ကုန်ကြသည်။ ရေထဲမှ သစ်ကိုင်းများ အကုန်ဖော်ပြီးသဖြင့် ကုန်းပေါ် ပြန်တက်လာကြသည်။ ရေထဲတွင် နေလိုက်ရသဖြင့် ချမ်းအေးသောကြောင့် တစ်ခွက်တစ်ဖလား သောက်ကြပြန်သည်။

" ကိုကြီးအေး... ခင်များချုံ အရများမယ်ဗျ ကိုင်းဖော်နေရင်း ငါးတိုးတာ မနည်းဘူးရယ် "

ဦးလေးဖြစ်သူမှ ပြောလိုက်သောစကားကြောင့် ဘကြီးအေး မျက်နာ ရွှင်ပြသွားသည်။ ချုံချသည်ဆိုသည်မှာ မမြင်ရသောကံကြမ္မာနှင့် အလောင်းအစား လုပ်ထားရသလိုဖြစ်သည်။ ချုံဖော်ချိန်တွင် ဘယ်လောက်အထိ အရများမည် နည်းမည်ဆိုသည်ကို ခန့်မှန်းလို့မရပေ။ သဘာဝက ပေးထားသော မြစ်ချောင်းထဲတွင် လုပ်ကိုင်ရသောကြောင့် အရင်းအနှီးတော့ နည်းသည်။ မနက် ည ကျွေးသော အစာဖိုး၊ ပိုက်ငှားခ ၊ ဧည့်ခံစရိတ်လောက်သာ ကုန်ကျခံရပေမယ့် တခါတစ်လေ ငါးအရနည်းသည်နှင့် ကြုံလျင်တော့ ချုံရှင်ဖြစ်သူလည်း စိတ်ပျက်ရသည်။

" ကဲ ပိုက်ဆွဲ လိုက်ကြရအောင် "

ဦးလေးဖြစ်သူရဲ့ လောဆော် မှုကြောင့် အားလုံးရေထဲဆင်းဖို့ ပြင်ကြသည်။ ဒီအချိန်သည် ချုံဖော်ခြင်းရဲ့ အရှိန်အမြင့်ဆုံး ဖြစ်သလို အဓိက အခန်းကဏ္ဍ လည်းဖြစ်သည်။ ကျွန်တော် စောင့်မျှော်နေသည်မှာလည်း ဒီအချိန်သာ ဖြစ်သည်။ သစ်ကိုင်းတို့ရှင်းလင်းသွားသော ရေထဲတွင် ငါးမျိုးစုံနှင့် ပုဇွန်တို့သာ ကျန်ရှိကြတော့သည်။ ငါးကျည်း ။ ငါးခူ ၊ ငါးစင်ရိုင်း တို့လို စူးမိလျင် အဆိပ်တက်သလို ခံစားရသော ငါးများလည်း သေသေချာချာ ရှိနိင်သဖြင့် ရေထဲတွင် ခြေတစ်လှမ်း လှမ်းခါနီးတိုင်း သတိထားနေရသည်။ ချုံချထားသော နေရာသည် ရေအနက် လူကြီးရင်ဘတ်ခန့် သာရှိသဖြင့် ရေထဲတွင် လမ်းလျှောက် သွားလို့ရသည်။ ချထားသော သစ်ကိုင်း များသဖြင့် ဧရိယာ အဝန်းအဝိုင်းတော့ အနည်ငယ် ကျယ်သည်။

ဘကြီးအေးနှင့် ဖိုးသာထူး တို့ ဝါးတိုင်တွင် ချည်ထားသော ငါးဖမ်းပိုက်မှ နှီးချက်များ လိုက်ဖြုတ်ချိန်တွင် ကျန်တဲ့သူများမှ ဂ ငယ် ပုံစံ ဝိုင်းထားသော ပိုက်အပြင်ဘက်ထွက်ကာ ပိုက်ရဲ့ အပေါ်အနားများကို ကိုင်ပေးထားသည်။ ချည်ထားသည်များ ဖြုတ်လိုက်လျင် ပိုက်များ ရေထဲသို့ ကျသွားနိင်သဖြင့် ထိုကဲ့သို့ မ ပေးထားရခြင်းဖြစ်သည်။ ကျွန်တော်ကတော့ ဂ ငယ် ပုံစံ ဝိုင်းထားသောပိုက်ရဲ့ ညာဘက် အစွန်ဆုံးကို ကိုင်ထားပေးသည်။ ဘယ်ဘက်အခြမ်းကို တော့ အကိုလေးမှ ကိုင်ထားပေးသည်။ ဝါးတိုင်တွင် ချည်ထားသော နှီးချက်များ အားလုံး ဖြုတ်ပြီးသဖြင့် ပိုက်ကို ဆွဲကြတော့သည်။

ဂ ငယ်ပုံစံ အဝန်းအဝိုင်း ကျဉ်းသထက်ကျဉ်းအောင် ကမ်းစပ်ဆီသို့ ပိုက်ကိုဆွဲယူကြသည်။ ပိုက်ဧရိယာ ကျဉ်းလာသဖြင့် ရေများ တစ်ပွက်ပွက် ထလာသည်။ သူတို့နေရသော ဧရိယာ ကျဉ်းလာသောကြောင့် ငါးများ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပြီ။ ငါးရံ့ကြီး ၂ ကောင် ကုန်းပေါ်ပြေးတက်လာသဖြင့် ကမ်းစပ်တွင် စောင့်ကြည့်နေသူများမှ ဆတ်ခနဲ ဖမ်းကာ တောင်းထဲ ပစ်ထည့်လိုက်သည်။ ထို့နောက်တွင်တော့ ငါးများ ထခုန်သည်ကိုပါ မြင်လာရသည်။ တစ်ချို့ငါးများကတော့ အခုန်မှန်သွား သဖြင့် ပိုက်အပြင်ဘက်ရောက်ကာ လွတ်မြောက်သွားသည်။ ပုံမှန်အားဖြင့်တော့ ပြေးပေါက် မရှိသဖြင့် ကမ်းစပ်ဆီကို တက်လာကြသည်။

ကမ်းစပ်နားရောက်လာသဖြင့် ပိုက်ကိုင်ထားသူများမှ ပိုက်ကို မြင့်မြင့်မြှောက်ထားလိုက်သဖြင့် ငါးများ ခုန်ပျံကြပေမယ့် မြှောက်ထားသော ပိုက်တွင်သာငြိ ကုန်ကြသည်။ ရေအောက်ဘက်တွင် ရောက်နေသော ပိုက်တွင်လည်း ငါးများ ငြိနေတော့သည်။ ထွက်ပေါက် မရှိတော့သဖြင့် ကမ်းစပ်က ရွံ့ညွှန်တွေထဲကို စုပြုံကာ တိုးဝင်နေသော ငါးတို့ကို လက်ဖြင့် ဖမ်းကာ ကမ်းပေါ်ပစ်တင်ပေးကြသည်။ ကမ်းပေါ်မှ စောင့်ကြည့်နေသူတို့က ကောက်ယူကာ တောင်းတွေထဲ ထည့်ကြသည်။

လူအင်အားဖြင့် ဆွဲယူသောပိုက်သည် တစ်ဖြည်းဖြည်းနှင့် ကမ်းစပ်နား ရောက်လာပြီ။ ပိုက်ထဲမှ ကမ္ဘာပျက်သော ငါးတို့နှင့် ဆန့်ကျင်စွာ ဘကြီးအေး မျက်နာ ပြုံးရွှင်နေ၏။ ဘကြီးအေးရဲ့ ချုံ ငါးအရများသည်ဟု ဆိုရမည်။ တောင်းထဲရောက်သွားသော ငါးတို့ပင် အတော်များများ ရှိပြီ။ ပိုက်ထဲတွင် ရှိနေသော ငါးတို့သည်လည်း ခုန်ပျံနေကြသည်။ ရွံ့ညွှန်ထဲ တိုးဝင်နေသော ငါးရံ့တို့ကို ကျွန်တော် လိုက်ဖမ်းသည်။ ငါးရံ့တွင် ဆူးတောင်တို့ မရှိသဖြင့် ရဲရဲဝံ့ဝံ့ ဖမ်းရဲခြင်းဖြစ်သည်။ ဖမ်းလေ့ ဖမ်းထ မရှိသဖြင့် မိပြီးမှ ချော် ထွက်ကာ လွတ်သွားပြန်သည်။

ခြေထောက်ကြားမှ တိုးထွက်သွားသော ငါးရံ့ကြီးကြောင့် ကျွန်တော်ထခုန် လိုက်သည်ကို မြင်သဖြင့် ကမ်းပေါ်မှ အပျိုတစ်အုပ် ရယ်ကြသည်။ ထို့ကြောင့် မခံချင်စိတ်ဖြင့် လွတ်သွားသော ငါးကို မရှာတော့ဘဲ ရွံ့နွံထဲ တိုးနေသော နောက်ထပ် ငါးရံ့ကြီးတစ်ကောင်ကို ဖမ်းဖို့ ပြင်လိုက်သည်။ ဒီတစ်ခါတော့ သေသေချာချာ မိစေဖို့ ရွံ့နွံထဲ ရောက်သထက် ရောက်ရန် ကြိုးစား တိုးဝင်နေသော ငါးရံ့ အနောက်တွင် ဒူးထောက်ထိုင်ချလိုက်ကာ ခါးလယ်နေရာကို လက်နှစ်ဖက်ဖြင့် အားရပါးရ ဖမ်းညစ်လိုက်သည်။ ရွံ့နွံတို့ရဲ့ ချော်ထွက်မှု ငါးရံ့ရဲ့ ရုန်းအား ကြောင့် လက်ထဲတွင် ကြာကြာမကိုင်နိင်။ မလှလေးစိန် တို့ကို ကြွားမည့်စိတ်ကူးကို ဖျက်ကာ ကမ်းပေါ်သို့ မြန်မြန် ပစ်တင်ပေးလိုက်ရတော့သည်။

ကမ်းစပ်နား အထိ ပိုက်က ရောက်လာသဖြင့် ပိုက်ဆွဲမည့်သူ အများကြီး မလိုတော့ပေ။ ကမ်းစပ်စီတိုးကပ်လာသော ငါများကိုသာ အဓိက ဝိုင်းဖမ်းကြသည်။ ပိုက်ထဲမှ ခုန်ပျံနေသော ငါးတို့ကိုလည်း လိုက်ဖမ်းကြသည်။ အလေ့အထ ရှိသူများ ဖြစ်သောကြောင့် ဆူးတောင်ပါသော ငါးတို့ကို ဖမ်းရာတွင်လည်း သက်သောင့် သက်သာ ရှိကြသည်။ ငါးကျည်း ဆူးတောင်ဖြင့် ထိမိလျင် အဆိပ်တက်ကာ ကိုက်ခဲသောကြောင့် ကျွန်တော်ကတော့ မဖမ်းဝံ့ပေ။ ထို့နောက် ပိုက်ကို ကမ်းပေါ်အထိ ရောက်အောင် ဆွဲတင်လိုက်ကြသည်။ ပိုက်ထဲတွင် ငါး ပုဇွန်တို့ ရွံ့နွံ နှင့် အတူ ရောထွေးနေသည်။ မြေပြင်ပေါ်ရောက်လာသဖြင့် ငါးများ သိပ်မခုန်နိင်တော့ပေ။ အနီးဆုံး တောင်းတွေထဲ ပစ်ထည့်ကြသည်။ ပုဇွန်ထုပ်တွေ ငါးသလောက် တွေအပြင် ငါးပူတင်း တွေပါ ပါသဖြင့် ငါးမျိုးစုံသည်ဟု ပြောရမည်။ ဘကြီးအေး မျက်နာတော့ ပျော်မဆုံး ဖြစ်နေလေပြီ။

ပိုက်ကို ဆွဲတင်ပြီးသဖြင့် ရွာထဲမှ ကလေးတို့ ရေစပ်ကို ဆင်းကာ ငါးနှိုက်ကြ၏။ ရွံ့နွံထဲတိုးဝင်ကာ ပျောက်နေသော ငါးများကို လိုက်နှိုက်ကြခြင်းဖြစ်သည်။ ထိုငါးများကိုတော့ ဖမ်းမိတဲ့သူ ယူခွင့်ရှိသဖြင့် ကလေးတွေ နှင့်အတူ ရွာထဲမှ အမျိုးသမီး တစ်ချို့ပါ ဝင်ဖမ်းကြသည်။ တွင်းပေါက်သေးသေးထဲ တိုးဝင်နေသော ငါးရှဥ့် အမြီးကို ဖမ်းမိသဖြင့် ဝဏ္ဏတို့ ညီအကို နှစ်ယောက် အားကြိုးမာန်တက် ဆွဲထုတ်နေကြသည်။ သူတို့ရသွားသော ငါးရှဥ့် အတော်လေး ကြီးသဖြင့် ညီအကို နှစ်ယောက် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ အကိုလေး ကတော့ ငါးခူ စူးသွားသဖြင့် လက်ညိုးကို စုပ်ကိုင်ကာ ဘကြီးအေး အိမ်နောက် ဖက်သို့ ပြေးဝင်သွားသည်။ ငါးကျည်း ငါးခူ စူးလျင် အလွယ်ဆုံး နည်းမှာ ကိုယ့်ကျင်ငယ်ရေ ဖြင့် ပြန်စွတ်ရသဖြင့် အိမ်နောက်ဖက်ကို ပြေးဝင်သွား ခြင်းဖြစ်သည်။ သူ့ဓလေ့နှင့်သူ အသားကျနေသည် ပြောရမည်။

တောင်းထဲတွင် ထည့်ထားသော ငါးတို့ သေကုန်သဖြင့် မလှလေးစိန် တို့အဖွဲ့ ခုတ်ထစ်ကြသည်။ ငါးခြောက် ငါးခြမ်း လုပ်ဖို့ ခွဲစိတ် ကြသည်။ ကာလသား တစ်သိုက်မှာတော့ ချမ်းအေးသည့်ဒဏ်ကို ဖြေဖျောက်ဖို့ အရက်ဝိုင်း ဖွဲ့နေလေပြီ။ ဘကြီးအေးကတော့ ကြာကြာထိုင်မသောက်နိင်ပေ သူရထားသော ငါးတောင်းကြီးများကို ထထကြည့် နေပေတော့သည်။ မိထားသော ငါးဖျင်းသလပ် လေးများကို ဘကြီးအေးရဲ့ ဇနီးဖြစ်သူမှ ကြော်ပြီး အရက်ဝိုင်းကို လာပို့ပေးသည်။ လတ်လတ်ဆတ်ဆတ် ဖြစ်သောကြောင့် အရသာ ချိုမြိန်လှ၏။

ရေထဲတွင် ကြာကြာနေလိုက်ရသဖြင့် ချမ်းလာသောကြောင့် ကျွန်တော်လည်း အဖွားတို့ အိမ် ပြန်လာ ခဲ့တော့သည်။ မနက်ဖြန် ကိုကြီးသာအေး အိမ်တွင် ရိုးရာနတ်စားပွဲ လုပ်မည်ဆိုသဖြင့် နောက်ထပ်ဆင်နွဲစရာ ပွဲတစ်ပွဲ ရှိနေသေးသည်။ နတ်စားခြင်း ဆိုသည်မှာလည်း ကရင်ရွာ တို့အတွက် လုပ်လေ့ရှိသော နတ်ကန်တော့ ခြင်း တစ်မျိုးလည်း ဖြစ်သည်။ ချုံဖော်ခြင်း ၊ နတ်စားခြင်း ၊ တို့အပြင် ရာသီ အလိုက် ကရင်ရိုးရာ ဓလေ့များ ရှိနေသေးသည်။ ထိုကဲ့သို့ ကျေးလက် ရနံ့များနှင့် ရပ်ရွာဓလေ့များသည် ကျွန်တော့်စိတ်အာရုံကို အမြဲလိုလို ဆွဲဆောင်နိင်စွမ်း ရှိသောကြောင့် အားလပ်ရက်တိုင်း ရွာကို မရောက် ရောက်အောင် လာဖြစ်နေလေတော့သည်။

(၂၈.၄.၂၀၁၀)
.....................................................................................................။


နတ်စားခြင်း အကြောင်းကိုလည်း ဒီနေရာတွင် ရေးခဲ့ဖူးပါသည်။



41 comments:

ယွန်း said...

ဟေ့ .. နံပါတ် ၁ ကွ.... :D

ကိုအောင် said...

ကမ္ဘာ့ဖလားပြီးမှပဲ ကိုမြစ်ကျိုး ဇာတ်လမ်းတွေ ပြန်ဖတ်
ရတော့တယ်၊ နေကောင်းလားဗျို့။

သူကြီးမင်း (တုံးဖလား) said...

ချုံဖော်တဲ့ဓလေ့လဲ ကျနော်တို့ဘက် ရှိဘူးဗျ။ စိတ်ဝင်စားစရာတွေချည်းဘဲ။ အသုံးအနှုန်းကော ရိုးရာကောပေါ့။ ဒါမျိုးလေးတွေ ဖတ်ရတာ သုတရတနာတစ်ပါးပါဘဲ။

မေဓာဝီ said...

တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုမြစ်ကျိုးအင်းရေ ...
မရွှေစင်ဆီမှာ ကိုတံငါဖတ်ပြီး သဘောကျလို့ မန့်ခဲ့သေးတယ်။
ကိုမြစ်ကျိုးအင်းက ကိုယ်တိုင်ကိုယ်ကျ ကြုံခဲ့ရတာကိုး ကောင်းလေစွ။

ဒါနဲ့ ဆိုင်ရာပိုင်ရာကို ဦးတိုက်ပုံကလဲ အဆန်းသားပဲ။ အပင်ခြေရင်းမှာ ထားတာဆိုတော့ ရုက္ခစိုးကိုလား၊ ကမ်းစပ်ဆိုတော့ အဏ္ဏ၀ါစိုးကိုလား ... သူတို့လဲ သောက်ကြတာပဲနော် ... အချမ်းပြေထင်ပါရဲ့ :)

ရပ်ဓလေ့ ရွာဓလေ့လေး ပေါ်လွင်အောင်ရေးနိုင်တယ်။
မကြည်ဝင်းသားက ဘယ်ဆိုးလို့တုန်း ... :)

ကွာစေ့လေး said...

ဟိုင်း...

လာလည်သွားတယ် ... နောက်မှလာဖတ်တော့မယ်..

KKT said...

ကျွန်မလဲ ကြယ်နီရဲ့ ကိုတံငါဝတ္ထု မနက်ကပဲ ဖတ်မိတော့ အရင်ခေတ်ကသာ ချုံနဲ့ငါးဖမ်းကြတယ် ထင်နေမိတယ်။
ကိုမြစ်ကျိုးအင်းရေးမှ ခုခေတ်ထိ အဲဒီနည်းနဲ့ ဖမ်းကြတုန်းဆိုတာ သိရပါတယ်။ ကိုယ်တွေ့ကြုံရတဲ့ အတွေ့အကြုံလေးကို ရိုးရိုးလေး ရေးထားပေမဲ့ ဖတ်ချင်စဖွယ်ပါ။

ကြယ်နီရဲ့ ကိုဒေါင်းစိန်ကတော့ ပိုက်ငှားခအပြင် ရေငုပ်ပေးတဲ့ ပိုက်သမားတွေရော ဒဏ်ငွေဆောင်တာပါ အပိုဆောင်းရသေးတယ်တဲ့။ ကိုမြစ်ကျိုးအင်းရဲ့ ဘကြီးအေးက ပိုက်ငှားခ တခုသာကုန်တယ်ဆိုတော့ ပိုကံကောင်းတယ် ဆိုရမယ်၊

ကိုမြစ်ကျိုးအင်း ရေးထားတဲ့ "ချုံချသည်ဆိုသည်မှာ မမြင်ရသော ကံကြမ္မာနှင့် အလောင်းအစား လုပ်ထားရသလို" ဆိုတဲ့စကားကို ကျွန်မစဉ်းစားနေမိတယ်။
မမြင်ရတဲ့ ကံကြမ္မာဆိုတာ ချုံပိုင်ရှင်အတွက်ရော ငါးတွေအတွက်ပါ ဖြစ်မယ်ထင်တာပါပဲ။

ကိုဇော် said...

ပျော်စရာကြီးပဲ။
တစ်ခါတစ်လေလောက် ဝင်ဖမ်းချင်သဟ။

ရွှေရတုမှတ်တမ်း said...

ကိုမျှစ်.ရေ
ငါးဖမ်းထွက်နေလို့ ပျောက်နေတာလား...

ကျောပိုးအိတ် said...

အကိုရေ

စာတွေ လာဖတ်သွားတယ်နော် ...

ရေးဖွဲ့ ထားပုံတွေက အပြင်သရုပ်ကို ပေါ်လွင်လွန်းလှတယ်...

ရွာဓလေ့တိုင်း အခကြေးငွေမယူဘဲ ဟင်းစားလေး ရရင်ယူတယ် .. မရရင်လဲ အခမဲ့ ကူညီတတ်ကြတဲ့ ရိုးသားတဲ့သူတွေအကြောင်းဖတ်ရတော့ ရင်ထဲမယ် တစ်မျိုးကြီးဘဲ...

ဘာဘဲပြောပြော မြို့ မှာနေတဲ့ တောရွာဓလေ့နဲ့ ဝေးနေတဲ့သူတွေအတွက် ဗဟုသုတ တိုးစေတဲ့ ပို့ စ်လေး တစ်ပုဒ်ပါဘဲ...
း)
း)

Anonymous said...

ကိုမျစ်ချိုးက လက်တွေ့ ချုံဖော်တဲ့ ထဲ ပါခဲ့ရတယ် ဆိုတော့ ပျော်စရာကြီးပေါ့ တခြားရိုးရာ ပွဲတွေ အကြောင်းလည်း ရေးပေးပါအုန်းနော်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင်မိုး said...

ငယ်ငယ်တုန်းကတော့ အိုင်တွေ့ရင်သူငယ်ချင်းတွေနဲ့စုပြီး ပက်ပစ်လိုက်တာပဲ။ မြောင်းတွေ့ရင် ငါးသလဲထိုးစမ်းတယ်။ ရသမျှငါးကို ကြော်စား..ရှယ်ပဲ။

ခိုင်နုငယ် said...

အညာရနံ့တသင်းသင်းနဲ့ဖတ်ရတာကောင်းလိုက်တာ..။
ချုံဖော်တယ်ဆိုတာ..ငါးဖမ်းတာကိုပြောတာကိုး
နေရာဒေသအလိုက်အသုံးအနှုန်းတွေကွာသလို
ရွာဓလေ့၊ရပ်ဓလေ့လေးတွေကွာတယ်နှော်..
ဝတ္ထုလေးက..သုတကိုရစေတယ်။

thawzin said...

ဖတ်ရတာ ဗဟုသုတလဲ ရမိပါ့အစ်ကိုရေ၊ ချုံဖေါ်တယ်ဆိုတာ အခုမှကြားဖူးတယ်ဗျာ။ စာဖတ်သူကို မျက်လုံးထဲမြင်သာအောင်ရေးသားနိုင်တဲ့ အကိုရဲ့ ကလောင်အစွမ်းကိုလဲ လေးစားမိပါဗျာ။ အခုရောအဲဒီလို ဓလေ့တွေရှိသေးထင်နော်။ ချောင်းနားနီးတော့ ချောင်းကိုမှီရ။ ပင်လယ်နားနီးတော့ ပင်လယ်မှီရ။ ဥတုရာသီ တောကိုမှီရတဲ့ ကျွန်တော်တို့နိုင်ငံကြီးလဲ မှီစရာတွေ မရှားပါးပါစေနဲ့ ဆုတောင်းရတော့မယ်ဗျာ။
ခင်မင်လျှက်။

kaungkinpyar said...

တခါမှ မမြင်ဖူးဘူး...ပျော်စရာကြီးပေါ့..

sosegado said...

ဗဟုသုတ တွေပါပဲ၊ ငါးရံ့ တစ်ကောင်လိုက်ဖမ်းဘူးတယ် ချော်ချော်ပြီးထွက်နေတာ၊ နောက်တုံး ကိုမြစ်ကျိုးလို ကုန်းပေါ်ကိုလှမ်းပက်လိုက်ရတယ်။ မြောင်းထဲမှာပါ၊

An Asian Tour Operator said...

ကိုယ်တွေ့ ဖြစ်တာရော၊ ဖွဲ့နွဲ့တင်ပြပုံ ကောင်းတာရော မို့လို့ ဖတ်ရတာကွက်ကွက် ကွင်းကွင်းနဲ့ အရသာရှိတယ်။ ကျေးဇူးပါ။

သဒ္ဓါလှိုင်း said...

စိတ်ဝင်စားစရာကောင်းပြီးမျက်လုံးထဲမှာမြင်ယောင်
လာတယ်..။ချုံဖေါ်တာလည်းသိသွားတယ်ကိုမြစ်ရေ.။
ကျန်းမာရွှင်လန်းပါစေနော်..။

ခင်တဲ့
သဒ္ဓါ

ဧပရယ်လ်ပူး@ပူးတေ said...

မမရွှေစင်ဆီမှာ ဖတ်ကတည်းက ရင်တထိတ်ထိတ်နဲ့ ဖတ်နေတာ... အန္တရာယ်ရှိတဲ့ အကောင်တကောင်ကောင်နဲ့ ချုံဖော်တဲ့သူတွေ တွေ့မှာဆိုးနေတာလေ...

အခုဒီမှာဖတ်တော့လဲ ပြီးမှပဲ သက်ပြင်းချနိုင်တော့တယ်... ချုံဖော်ရင်းနဲ့ တခုခုဖြစ်သွားတာမျိုးရော ရှိခဲ့ဖူးလားဟင်....

ချော(အစိမ်းရောင်လွင်ပြင်) said...

မိမြစ်
နင်ရေးတာဖတ်ပြီး ကိုယ်တိုင်တောင် ငါးဖမ်းချင်စိတ်ပေါက်လာတယ်
တော်တော်ပျော်ဖို့ကောင်းမှာ.. ဒါပေမဲ့ ငါးအရှင်လတ်လတ်ကြီးလက်ထဲမှာ မိရင်တောင် ကိုင်ရဲမယ် မထင်ဘူး... ငါးရံ့တို့ ငါးခူတို့ဆို ပိုဆိုး.. ချောကျိကျိနဲ့..
ဘာဘဲဖြစ်ဖြစ် ကိုယ်တွေ့လေးတွေက တကယ့်ဘ၀သရုပ်ဖော်တွေမို့ စိတ်ဝင်စားဖို့ကောင်းတယ်.. ကိုယ်မသိသေးတဲ့ ကိုယ်မရောက်ဖုးတဲ့ နေရာဒေသတွေရဲ့ တကယ့်လက်တွေ့ဘ၀တွေကို လေ့လာခွင့်ရလိုက်တယ်.. များများရေးပါဦး..
ဟိဟိ ငါလဲ ဒီတစ်ခါ အိမ်ပြန်ရင် ဒီနည်းနဲ့ အိမ်နောက်က ချောင်းမှာ ချုံသွားချပြီး ချုံဖော်ဦးမှပါ.. ချုံဖော်ရင် နင့်ကို အကြောင်းကြားလိုက်မယ်ဟေ့.. တစ်ခွက်တစ်ဖလားချရင်း ချုံဖော်ကူပေါ့.. ဟင်းစားတော့ပေးပါ့မယ်.. အိုကေ တယ်မဟုတ်လားး)

Angel Shaper said...

ချုံဖော်တယ်ဆိုတာတော့ မကြားဖူးဘူးးးးးခုမှကြားဖူးတာ
ငါးတော့ ဖမ်းဖူးးတယ် ချောင်းမှာ စကောနဲ့
တစ်ကောင်မှတော့ မမိဘူးးးး :P

မေဇင် said...

အဲ့လို ရွှံ့တွေ ထဲမှာ ငါး ဖမ်းခဲ့ဖူးတယ်....နောင့် တို့ ဘတ်မှာတော့ ငါးပတ် တယ်လို့ ခေါ်တာပဲ...။ ပြန်သတိရသွားတယ်...။

မြတ်မွန် said...

အမလေး ချုံဖော်တာလည်း ရှုပ်ရှက်ကို ခက်နေတာပဲလား..။
တစ်ခါမှတော့ မတွေ့ဖူးဘူး..။
ပျော်စရာတော့ ကောင်းမယ့်ပုံပါပဲ..။
ငါးကင်တော့ ဒီမှာ ဝယ်ဝယ်စားတာ ကောင်းမှကောင်း..:P

နန်းလေပြေနု said...

ငယ်ငယ်ကတော့ အဖွားမသိအောင် အင်းထဲဆင်း ငါးနှိုက်ဖူးတယ်။ ချုံဖော်သလိုမျိုးတော့ မဟုတ်ဘူး။ ဒီအတိုင်း လက်နဲ့စမ်းတာမျိုးပေါ့။ ငါးတွေ မနိုင်လို့ ရေထဲ ဆောင့်ကြောင့်ထိုင် ဖမ်းခဲ့ရတာ :D
ချုံဖော်တဲ့ အတွေ့အကြုံ ဝေမျှပေးလို့ ကျေးဇူးပါ။

blackroze said...

ဦးမြစ်ရေ
ငါးကြိုက်တဲ့သူမို့လို့လားမသိပါဘူး
ဖတ်နေရင်းနဲ့မျက်စိထဲငါးရံတွေငါးခူတွေမြင်ယောင်
နေပြီးကင်စားလိုက်ရရင်တော့နော်...
ငါးးရံကိုရွံနဲ့မံပြီးကင်..ခြောက်လာရင်ရွံလုံးကြီးကို
ခွာလိုက်၇င်အထဲကအသာားကမွှေးနေတာဘဲ
ငယ်ငယ်ကစားဖူးတယ်..မျက်စိထဲမှာ
ငါးမျိုးစုံမြင်ပြီးသရေကျသွားပါသည်..

အဖြူရောင်နတ်သမီး said...

ကျေးဇူး...ကိုမြစ်ရေ...
ဗဟုသုတတွေ ယူသွားတယ်..
အပြင်မှာဆို မြင်ဖူးမှာမဟုတ်ဘူး..
ကိုမြစ်ရေးပြမှ ဒီငါးဖမ်းနည်းကိုသိရတာ...

အင်ကြင်းသန့် said...

စာနဲ့ဖတ်ရတာတော့ စိတ်ဝင်စားစရာကောင်းလှပေမယ့် အပြင်မှာဆိုရင်တော့ အဲဒီလိုကြည့်ရဲမှာ မဟုတ်လောက်ဘူး။ တဖျတ်ဖျတ်လူးနေမယ့်ငါးတွေရဲ့အဖြစ်ကို မကြည့်ရက်နိုင်လောက်ဘူး....။

ထုံးစံအတိုင်း ကိုမြစ်ကျိုးအင်းကတော့ သရုပ်ဖော်တာ တော်ပါ့....။

may16 said...

ချုံဖော်တာတဲ့ တစ်ခါမှ ကြားဘူးဘူး ခုတော့ ဖတ်ပြီးတော့ မှ သိသွားပြီ ကျေးဇူးပဲ ကိုမြစ် ဖတ်ခွင့်ရတာ..

နေ၀သန် said...

အတွေ့အကြုံလေးတွေ ကိုယ်တိုင်ကြုံတွေ့နေသလိုပါပဲဗျာ....


ခင်မင်တဲ့
နေ၀သန်

jr.lwinoo said...

ငယ်ငယ်တုန်းကအဖွားအိမ်ကိုသွားရင်..မိုးမလင်းသေးဘူး..
လှေဆိပ်ကမော်တော်ဘုတ်သမားတွေက..လူခေါ်နေကြပြီ..မြို့တက်ဖို့..
ကြမ်းကြားထဲကလေအေးအေးတွေကဝင်လို့..
မိုးလင်းရင် နွားနို့ပျစ်ပျစ်ခဲခဲတွေသောက်..ကာတွန်းဖတ်..ဆော့..
မြစ်ထဲဆင်း..ပျော်စရာကြီး..
နင့်စာဖတ်ပြီး..သတိရတယ်ဟာ..

အနော် said...

မကြည်ဝင်းသားလေး ငါးရံ့ဖမ်းတာ တော်လိုက်တာ :)
ချုံထဲက ငါး ပိုက်ဖော်တာ တစ်ခါမှ မမြင်ဖူးပေမဲ့ အကိုရေးတော့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်နေလေရဲ့..
တောရွာရဲ့ ဓလေ့နဲ့ စုပေါင်းညီညာမှုက အားရစရာ..

ပန်းနုနှင်းဆီ said...

သူ့အရပ်သူ့ဇာတ် ဆိုတာလို ကိုယ်မသိတဲ့ အရပ်ဒေသရဲ့ လုပ်နည်းထုံးစံလေးတွေအကြောင်း သိလိုက်ရတာ ကျေနပ်စရာ..
တော်ရုံဆို ရောက်ဖို့ မလွယ်သလို သိဖို့လဲ မလွယ်တဲ့အကြောင်းအရာလေးတွေပါ.. ရိုးရိုးလေးရေးဖွဲ့ထားပေမဲ့ စိတ်ဝင်စားဖွယ် တောရပ်ဓလေ့က ဆွဲဆောင်အား ကောင်းလေတော့ ကိုယ်တိုင်ရောက်သွားသလို ခံစားလိုက်ရပါတယ်..

ဆွေလေးမွန် said...

တစ်ကယ်ကို လက်တွေ့မြင်နေရသလိုပါပဲ..ပျော်စရာကြီးနေမှာ..
ကျေးလက်ရဲ့ ချစ်စရာအလေ့အထလေးတွေက တစ်
ကယ်ကို ကြည်နူးဖို့ကောင်းတယ်နော်

ကိုလူထွေး said...

ကိုယ့်လူက ရေဆေးငါးကြီးတွေ တွေ့နေတာကိုး...

းဝ)

ညလင်းအိမ် said...

တခါမှ မသိသေးတဲ့ အကြောင်း သိသွားပြီ ...
စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဗျ ... ပျော်ဖို့လည်း ကောင်းမှာပဲ ...

ကျေးဇူး ကိုမြစ် ...

ဏီလင်းညို said...

မျှစ်ရေ.......

တော်တော်လေးဖတ်လို့ကောင်းတယ်....။
ကိုယ်တိုင်တွေ့နေရသလိုပဲလေရေးထားတာ....။
ငါးကတော့ အသားထက်ပိုစားဖြစ်တဲ့ အစားတစ်ခုပါပဲ.....။
တစ်ခါမှတော့ အဲ့သလိုမကြုံဖူးဘူးရယ်...။
ပျော်စရာကောင်းပေမယ့်........အကုသိုလ်တော့များမယ်နော်........ဟား...ဟား...။
မသိတာတွေသိရလို့ ကျေးကျေးဇ်.......း)
(နေမကောင်းလို့၊ အရှုပ်တွေလုပ်နေလို့ ခုမှလာဖတ်ရတယ်.......။)

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

YoungGun said...

ြုမစ်ဝကျွန်းပေါ်သားဆိုပေမယ့် အခုလို ငါးဖမ်းတာမျိုး မကြုံဖူးသေးဘူး။ .. အံ့ရောဗျာ။ ပျော်စရြာံကီးပ

ချိုကျ said...

အစ်ကိုရာ ချမ်းလို့များ အိမ်ပြန်ပြေးရတယ်လို့ ဟိုမှာ ဝိုင်းရှိနေတာပဲဟာကို :)
စာဖတ်ပြီး ငယ်ဘဝကိုပြန်သတိရမိတယ် အစ်ကိုရေ...

ခင်တဲ့(ချိုကျ)

purplemay said...

စိတ်ဝင်စားစရာ.....။
မျက်စိထဲမြင်ယောင်ပြီး ဖတ်သွားပါတယ်....။
သေသေချာချာလေ့လာပြီး ရေးထားတာပဲ...။
ဖတ်ကောင်းတယ်...။

Anonymous said...

ဖတ်ပြီး ငယ်ငယ်က ကျားပါးစပ်နဲ့ ငါးဖမ်းတာ သတိရမိတယ်ဗျာ..။

Talkii said...

အင်းထဲမှာ အဲဒါမျိုးလုပ်ပြီး ငါးဖမ်းတာ တွေ့ဖူးသဗျ။ ဒါပေမယ့် ချုံဖော်တယ်လို့ ခေါ်တာ အခုမှသိတယ်။

Kyaw said...

ငါးတွေကအများကြီးပဲနော်.........

 

Posts Comments

©2006-2010 ·TNB