အကျော်အခွ ဇယား

26 July 2010


ဝါသနာတူရာ အကျင့်တူရာ စုလေ့ရှိသော အလေ့အထ အတိုင်း ကျွန်တော့် အခန်းသည် ပုံစံတူ လူသားတို့ စုလေ့ရှိသော နေရာ တစ်ခု ဖြစ်လာခဲ့သည်။ ကျွန်တော်တို့ အားလုံး တူညီသည်ကတော့ အချိန်တိုင်း ငွေကြေးပြတ်လပ် နေတတ်ကြခြင်းပင် ဖြစ်သည်။ ကျွန်တော်တို့ဆိုသည်မှာ စုစုပေါင်း ၅ ယောက်ရှိလေသည်။ ထိုသူတို့မှာ တုတ်ကြီးငဖြိုး ၊ ဆူးလေဖိုးသူ ၊ ဗေထိရဲကြီး ၊ လက်ခုပ်မင်းသူ နှင့် ကျွန်တော် ဖြစ်သည်။

မကောင်းသော နာမည်တို့သည် တစ်ကြိမ်တခါမျှ ထုတ်ဖော် ပြောရုံဖြင့် ရာသက်ပန် တိုင်အောင် စွဲမြဲတတ်သော အလေ့ရှိသည့် အတိုင်း ကျောင်းသားဘဝက စာအုပ်တွင် နာမည်ထိုးလေ့ မရှိသော ငဖြိုးကို စာစစ် ဆရာမမှ တုတ်ကြီး ဟု နာမည် တပ်ပေးလိုက်ချိန်မှ စ၍ နှစ်ပေါင်းများစွာ တိုင်အောင် တုတ်ကြီးငဖြိုး ဟု တွင်သွားတော့သည်။

ဗေထိရဲကြီး သည်ကား အမြဲလိုလို အရာရာနှင့် အကြောင်းကြောင်း ဖြစ်လေ့ရှိပြီး သူချည်းသာ ခံရလေ့ရှိသဖြင့် ဗေထိ ဆိုသည်နှင့် ရဲကြီးမှာ ထိခိုက် ပေါက်ပြဲ ဒဏ်ရာ တစ်ခုခု ရပြီးသား ဖြစ်နေလေသည်။ ရန်ဖြစ်နေသည့်အနားက ဖြတ်လျှောက်သွားချိန် အုတ်ခဲကျိုးလွင့်လာပြီး မှန်ရင်လည်း ရဲကြီး ၊ ရေကူးကန်တွင် ကြွက်တက်ပြီး ရေနစ်လျင်လည်း ရဲကြီး ၊ လူနှစ်ဆယ်ကျော် ပါဝင်သည့် သင်္ကြန်ဂျစ်ကားထဲတွင် အဝေးမှ လှမ်းပစ်လိုက်သော အရက်ပုလင်း ထိသူမှာ ရဲကြီး ဖြစ်သလို ၊တစ်ဖွဲ့လုံး အတူတူ လျှောက်သွားချိန်တွင်တောင် ချိုင့်ထဲကျပြီး ခြေသပွတ်တိုင် လည် လျင်လည်း ဗေထိရဲကြီးသာ ဖြစ်သည်။

ဆူးလေဖိုးသူ တွင်လည်း ရာဇဝင် နောက်ခံ ရှိလေသည်။ သူ့တွင် နာမည်ရှိသော်လည်း ငယ်စဉ်က ဖိုးသူတော် ဝတ်ဖူးသည်ကို အစွဲပြု၍ ဖိုးသူဟု ကျွန်တော်တို့က ခေါ်သည်။ သူ ၁၀ တန်း ကျောင်းသားဘဝက ရန်ကုန်တွင် ကျူရှင် တက်ရ၏။ ရန်ကုန်မြို့လယ် ကို တစ်ယောက်ထဲ သွားလေ့မရှိဘဲ ကျူရှင်ကို အိမ်က ကားဖြင့် လိုက်ပို့လေ့ ရှိသည်။ သူကျူရှင်တက်ရသည့်နေရာက ဆူးလေ ဘုရား နားတွင် ဖြစ်သည်။ တစ်နေ့တွင်တော့ ကျူရှင်က တစ်ချိန် စောလွှတ်သဖြင့် အိမ်ကကား လာမကြိုသေးသည်တွင် ဟိုဟိုသည်သည် လျှောက်ရင်း လမ်းမှားသွားကာ ကျူရှင် အနားကို ပြန်မလာတတ်တော့ပေ။ သူ အဓိက မှတ်ထားသည်မှာ ဆူးလေစေတီ သာဖြစ်သည်။ ထို့ကြောင့် ဆူးလေ စေတီကို မြင်လျင် ကျူရှင်နေရာကို ပြန်လာတတ်ပြီ ဖြစ်လို့ ဆူးလေစေတီကို ရှာဖွေသော်လည်း တိုက်မြင့်များ ကွယ်နေသဖြင့် ရှာမတွေ့နိင်တော့ပေ။ နောက်ဆုံး ကြံရာ မရဖြစ်ကာ ဆူလေးစေတီ ပျောက်သွားပြီဟု အိမ်ကို ဖုန်းလှမ်းဆက်လေသည်။ ထိုအချိန်မှစ၍ သူ့နာမည်ကို ဆူးလေဖိုးသူ ဟု ခေါ်ကြတော့သည်။

နောက်တစ်ယောက်ကတော့ ဘယ်အချိန်ကြည့်ကြည့် ငြိမ်ငြိမ်နေသည် မရှိဘဲ လက်သော်လည်းကောင်း ခြေ နှင့် ခေါင်း သော်လည်းကောင်း လှုပ်ရွနေတတ်ပြီး အဆိုးဆုံးမှာ မကြာခဏ အကြောင်းပြချက် မရှိဘဲ လက်ခုပ်တီးလေ့ ရှိသူ ဖြစ်သည်။ တခါတော့ တစ်နာရီ အတွင်း လက်ခုပ်တစ်ချက်မျှ မတီးလျင် ဘီယာ အဝတိုက်မည်ဟု လောင်းခဲ့ဖူးသော်လည်း မိနစ် ၅၀ ခန့် အရောက်တွင် “ ခွီး ... နေရခက်လိုက်တာ” ဟုပြောကာ သတိလက်လွတ် လက်ခုပ်တီးမိသဖြင့် လောင်းကြေး ရှုံးခဲ့ဖူးလေသည်။ သူ့ကိုတော့ လက်ခုပ်မင်းသူ ဟု ခေါ်ကြသည်။

ဘလော့ဂ်ပေါ်တွင် စာတိုပေစ ရေးလေ့ရှိသော ကျွန်တော့်ကိုတော့ ဘာတွေရေးမှန်း မသိဟု (အရက်မူးလာကြလျင်) ပြောလေ့ရှိကာ လက်သရမ်းပြီး ရေးသည်ဟု သတ်မှတ်ပြီး လက်သရမ်း ဟု သမုတ်ကြပြန်သည်။ ကျောင်းတက်စဉ်ထဲက ပေါင်းလေ့ ရှိသူများ ဖြစ်သလို နိင်ငံရပ်ခြားသို့ အတူတကွ ထွက်ဖြစ်ကြသည်။ ဘွဲ့လက်မှတ်ရပြီးနောက် ကျွန်တော်တို့နှင့် ထိုက်တန်သော အလုပ်မှာ ရှားပါးလှသည်ဟု အကြောင်းပြပြီး တစ်နေ့စာ တစ်နေ့ ရှာကြံစားသောက်ကာ အပျင်းထူကြပုံမှာ သူမသာ ကိုယ်မသာ ရှိလေသည်။ တစ်ယောက်နှင့် တစ်ယောက် လှည့်ပါတ် ကျော်ခွ ဖို့ အားထုတ် တတ်ကြပေမယ့် နှစ်ရှည်လများ ပေါင်းခဲ့သူများ ဖြစ်သဖြင့် ကြာရှည် စိတ်ဆိုးခြင်းတော့ မရှိကြပေ။

အခန်းနေရာ ကျယ်ဝန်းသော ကျွန်တော့် အိမ်ကိုတော့ အားလုံးရဲ့ စုရပ်အဖြစ် သတ်မှတ်ထားပြီး မကြာခဏ လာရောက်လေ့ရှိကြသည်။ တစ်နေ့တွင်တော့ လက်ခုပ်မင်းသူမှ လွဲ၍ ကျန်သူများအားလုံး စုမိကြလေသည်။ လက်ကျန် ဆန်လေးကို ဆေးသူဆေး ငရုတ်သီးကို ဆားထောင်းသူထောင်းဖြင့် မီးဖိုချောင်ထဲတွင် စားသောက်ဖွယ် ရာများကို ရှာကြံဖန်တီး နေကြသည်။

တုတ်ကြီးငဖြိုး မှ “ ကြက်ဥလေး ၁၀ လုံးလောက် သွားဝယ်ပါလားကွ” ဟုပြောသဖြင့် ကျွန်တော်မှ ပိုက်ဆံပေးလေ ဟု ပြန်ပြောသည်တွင် ကျန်သူများမှာ မကြားဟန် ပြု၍ အလုပ်ရှုပ်ဟန် ဆောင်နေကြသည်။

“ ငါလောလော နဲ့ ထွက်လာတာ အင်္ကျီမှားဝတ်လာလို့ကွ”

ဟု တုတ်ကြီးမှ ပြောသဖြင့် ငရုတ်သီးထောင်းနေသော ဖိုးသူမှ “ လုပ်မနေပါနဲ့ ကိုယ့်လူရယ် မင်း မှားတဲ့ အင်္ကျီမှာလည်း ပိုက်ဆံ ရှိတာ မှတ်လို့” ဟု ဝင်ခွပ်လိုက်သဖြင့် တုတ်ကြီးမှာ မျက်နာညိုကာ “ မင်းရော ပါလို့လား”ဟု ပြန်ဖဲ့ ပြန်သည်။

“ ငါက ရှိကို မရှိတာ ဟီး ဟီးးး” ဖိုးသူရဲ့ စပ်ဖြဲဖြဲ မျက်နာကြောင့် ကျွန်တော်တို့ ပြုံးမိကြလေသည်။
“ ငါ့ ဘာသာပဲ အရင် အကြွေးထဲ ထပ်ပေါင်းခိုင်း လိုက်ပါ့မယ်ကွာ ”

ဟုပြောပြီး ကျွန်တော်လည်း ဦးထုပ်ဆောင်းကာ လမ်းထိပ်က ကုန်စုံဆိုင်ကို ထွက်လာခဲ့တော့သည်။ ကျွန်တော် ပြန်ရောက်ချိန်တွင် လက်ခုပ်မင်းသူ ပါရောက်နေသဖြင့် လူစုံသွားတော့သည်။ ထို့နောက် ကြက်ဥကြော် ၊ ငရုတ်သီးဆားထောင်းနှင့် ခေါက်ဆွဲခြောက်ထုပ်အတွင်းမှ တစ်ဝက်ချန်ထားသော အချိုမှုန့်ဖြင့် ချက်ထားသော ဟင်းရည် ခပ်ကျဲကျဲ တစ်ခွက်ကို အလယ်တွင် ချကာ ခေါင်းမဖော်တမ်း လွေး ကြတော့သည်။ ထမင်းစားရင်း မင်းသူမှ စကားစပြောသည်

“ ငါစောစောက မိတ်ဆွေတစ်ယောက်ကို ဆေးရုံ လိုက်ပို့ရသေးတယ်”
“ ဘာဖြစ်လို့လဲ ”
“ စက်ဘီး နဲ့ တိုက်မိတာလေ”
“ ကံဆိုးတာပဲ ”
“ ကံဆိုးတာ မဟုတ်ဘူး ကံကောင်းတာဗျာ လျော်ကြေး ၂ ထောင်တောင် ရလိုက်တယ်လေ ”
“ ဒါဆို စက်ဘီးသမား ကံဆိုးတာပေါ့”
“ မဟုတ်ဘူး သူ့ကို လျော်တာ သတင်းစာ တိုက်ကကွ သူက အဲဒီ သတင်းစာကို တစ်နှစ်စာ ဝယ်ပြီး မန်ဘာ ဝင်ထားတာလေ တစ်နှစ် အတွင်းထိခိုက်ရှနာရင် လျော်ကြေး ထုတ်ပေးတယ် ”
“ ဟ... တယ် ဟုတ်ပါလား ”
“ခုခေတ်က သတင်းစာ တိုက်တွေ များတယ်လေ ဒါကြောင့် အပြိုင်အဆိုင် လုပ်နေကြတာ”

ထို့နောက်တွင် ထမင်းကို လက်စသတ်ကာ ဧည့်ခန်းတွင် ထိုင်ပြီး စကားပြောဖြစ်ကြသည်။ ခဏအကြာတွင် ဖိုးသူမှ လက်ဖျောက် တစ်ချက်တီးကာ

“ ဟုတ်ပြီဟေ့ ဂွင်တော့ တည့်ပြီကွ ”
ဟု ထပြောသဖြင့် အားလုံး သူ့မျက်နာကို ဝိုင်းကြည့်ကြသည်။ သူ့ကို အာရုံစိုက်နေမှန်း သိသဖြင့် ဖိုးသူမှ ဂုဏ်ယူဝင့်ကြွားဟန် ခပ်ပြုံးပြုံး မျက်နာထား လုပ်ကာ

“ ဒီမှာ သတင်းစာတိုက် ဘယ်နှစ်ခုရှိလဲ ”
“ ၈ ခုထက်တော့ မနဲ ဘူးထင်တယ်ကွ ” မင်းသူမှ ဝင်ပြောလိုက်သည်။
“ ငါတို့ အားလုံး ပိုက်ဆံစုပြီး တစ်ယောက်နာမည်နဲ့ သတင်းစာတိုက်တွေမှာ တစ်နှစ်စာ ဝယ်မယ် အဲဒီသူ တခုခု ဖြစ်တာနဲ့ လျော်ကြေး ထုတ်ယူရင် ... ကဲ တွက်သာကြည့် ငါတို့ အကြွေးတွေလည်း ရှင်းသွားမှာပဲ”

မင်းသူမှ လက်ခုပ် တချက်တီးကာ
“ ကောင်းလိုက်တဲ့ အကြံဟေ့... ငါတို့တွေ လန်း လို့ရပြီပေါ့ ”

ထိုအကြံကို အားလုံး သဘောကျဟန် တူသည်။ ရွှင်လန်း တက်ကြွ သွားသော မျက်နာထားများ ဖြစ်ကုန်ကြသည်ဟု ထင်မိသည်။ ခန္ဓာကိုယ်များ မတ်ကုန်ကာ ရှေ့သို့ အနည်းငယ်စီ တိုးလာကြသည်။ အရေးတကြီး အစည်းအဝေးပွဲ အသွင် ဖြစ်သွားတော့သည်။ ငွေနံ့ရသောကြောင့် ဖြစ်မည်။

“ ဒါထက် ငွေကို ဘယ်လို ရှာကြမလဲ ” ကျွန်တော့် စကားအဆုံးတွင် ဖိုးသူမှ ကြိုတင်တွေးထားသည့် ဟန်ဖြင့်

“ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရအောင် ရှာလေကွာ ချေးတန်ချေး ပေါင်တန်ပေါင် ရောင်းတန်ရောင်း ရမှာပဲ ဒီလောက်တော့ မင်းတို့ ရင်းကြရမှာပေါ့”

“ မင်းတို့ရင်းကြ ဆိုတော့ မင်းကရော ငွေမထည့်ဘူးလား”

“ ငွေထက် တန်ဖိုးရှိတဲ့ အကြံဥာဏ် ပေးထားတယ်လေကွာ အဲဒါ ငါ့ရှယ်ပဲ ပေါ့”

“ ခွီး...ပဲ.. မင်းကလည်း မရှိတဲ့သူ အချင်းချင်း ကျော်ခွ ပြန်ပြီ ”

မင်းသူမှ မကျေမချမ်း ဝင်ပြောသည်။ ထို့ကြောင့် ကျွန်တော်ကပဲ ပြေပြေလည်လည် ဖြစ်စေရန်

“ ထားပါကွာ .. ငါတို့ ပိုရှာလိုက်တာပေါ့ ”

“ ငွေရှာတာက ဟုတ်ပါပြီ ဘယ်သူ့နာမည်နဲ့ လုပ်မလဲ”

တုတ်ကြီးရဲ့ စကားအဆုံးတွင် တိုင်ပင်ထားသလို အားလုံးရဲ့ အကြည့်က ဗေထိရဲကြီး ထံ ကျရောက် သွားတော့သည်။ မကြာခဏ ထိခိုက်တတ်သော ဗေထိနှင့် ဤလုပ်ငန်းသည် အလိုက်ဖက်ဆုံး မဟုတ်ပါလား။ သူ့ကို ဝိုင်းကြည့်မှန်း သိသဖြင့် ရဲကြီးလည်း ခေါင်းကို အလျင်အမြန် ငုံ့ကာ

“ ငါ့တော့ မလုပ်ခိုင်းနဲ့နော် မဲ နှိုက်ချင် နှိုက် ”

ဟု ကြိုကန် လိုက်သည်။ နောက်ဆုံးတော့ မျှမျှတတ ဖြစ်စေရန် မဲနှိုက်ဖို့ ဆုံးဖြတ်ရတော့သည်။ မဲနှိုက်ရာတွင် တုတ်ကြီး မှ မဲပေါက်သဖြင့် မျက်နှာ မကောင်းဘဲ ဖြစ်သွားရသည်။ ထို့ကြောင့် အများအတွက် စွန့်စားသည်မှာ သူရဲကောင်းဖြစ်ကြောင်း၊ ထိခိုက်ကျိုးပဲ့လျင်လည်း ခဏတာ အတွင်းသာ ဖြစ်ပြီး မကြာခင် ပြန်ကောင်းလာနိင်ကြောင်း၊ သူသည်သာ ကျွန်တော်တို့ အားလုံးရဲ့ ဘုံမျှော်လင့်ချက် ဖြစ်ကြောင်း ဝိုင်းဝန်းကာ ဖျောင်းဖျ ပြောဆိုသဖြင့် တုတ်ကြီး မျက်နာ အနည်းငယ် ပြန်လည် ရွှင်ပြလာသည်။

ထို့နောက် နောက်တစ်ရက်တွင် လုပ်ငန်းစတင်လေသည်။ ရှိစုမဲ့စုများကို အဟောင်းဈေးတွင် ရောင်းချခြင်းဖြင့်လည်းကောင်း အိမ်ရှင်ထံ ငိုပြပြီး အိမ်ခန်းစဘော်ငွေကို ခေတ္တ ပြန်ထုတ်ခြင်းဖြင့် လည်းကောင်း ရလာသော ငွေကြေးများကို စုဆောင်းကာ တုတ်ကြီး နာမည်ဖြင့် သတင်းစာတိုက် ၅ တိုက် တွင် တစ်နှစ်စာ ငွေသွင်းလိုက်ကြတော့သည်။ ထို့နောက်တွင်တော့ တုတ်ကြီးကိုသာ အရိပ်တကြည့်ကြည့် ဖြင့် ကြည့်ကာ ထိခိုက်ကျိုးပဲ့ခြင်း ဟူသော သတင်းကောင်း မည်သည့် အချိန်တွင် ရောက်လာမလဲ စောင့်နေကြရတော့သည်။

ထိုအတောအတွင်း ညက လက်ကျန် ပဲဟင်း စားပြီး တုတ်ကြီး ချီးပန်း သည်ဟု ကြားသဖြင့် ဝမ်းသာမည် ကြံပြီးကာမှ လျော်ကြေးထဲတွင် ချီးပန်းခြင်း မပါသဖြင့် စိတ်ပျက်ရပြန်လေသည်။ တစ်ပတ်ခန့် ကြာသည်အထိ မည်သည့် သတင်းမျှ မကြားရ သဖြင့် ကျွန်တော်တို့ မရိုးမရွ ဖြစ်လာရသည်။ တစ်ညနေတွင်တော့ ဖိုးသူ ကျွန်တော့်ထံ ရောက်လာသည်။

“ မင်း ကောင် လုပ်ပုံ မဟုတ်သေးပါဘူးကွာ” စပြောသဖြင့်
“ ဟေ... ဒီကောင် ဘာဖြစ်လို့လဲ ”
“ ဘာမှ မဖြစ်လို့ ခက်နေတာပေါ့ နဲနဲပါးပါး စွန့်စားမယ် မရှိဘူးကွာ ”
“ အေးကွာ သူ့ကို ယုံပြီး စဘော်ပြန်ထုတ်ထားရတာ အိမ်ရှင်ကလည်း မျက်နာကို တင်းနေတာပဲ ဒီပုံအတိုင်းသာ ဆို ငါတော့ မလွယ်ဘူး”
“ ငါက ပြောတယ်ကွာ မြို့ထဲလမ်းတွေ ကားရှူပ်တယ် အဲဒီဘက် လမ်းမလျှောက်ဘူးလား မေးတော့ ဘာပြန်ပြောတယ် ထင်လဲ”
“ ဘာတဲ့လဲ ”
“ ပလက်ဖောင်း ပေါ်က လျှောက်တာပေါ့ တဲ့လေ... ဟိုနေ့ကလည်း ကွန်တိန်နာ တစ်စီး အရှိန်နဲ့ ဖြတ်သွားတာ အပြေးအလွှား ရှောင်လိုက်တယ်ကွာ လုပ်ပုံက.... ငါတို့ကို တစ်စက်မှ မစာနာဘူး”

“ လက်ခုပ်လည်း သူ့အဝတ်တွေ အဟောင်းဆိုင် ပို့လိုက်လို့တဲ့လေ ငါ့ ဘောင်းဘီ တထည် လာဆွဲသွားသေးတယ်”
“ ငါလည်း ဒီရက်ပိုင်း ဒီကောင် သွားရာနောက်က မယောင်မလည် လိုက်ကြည့်နေတာပဲ ဒီလောက်သတ္တိနဲ မှတော့ တစ်နေ့ တစ်နေ့ ရောက်လာတဲ့ သတင်းစာပဲ ထိုင်ဖတ်ရတော့မယ်ထင်တယ်”

“ဒီရက်ပိုင်း တုတ်ကြီး တခုခု မဖြစ်ရင်တော့ ငါတို့လည်း ငတ်ပေါက်ပဲ”
“ ကဲကွာ ငါလည်း ရပေါက်ရလမ်းလေး ရှာဖွေကြည့်လိုက်အုံးမယ်ကွာ။ ဒါနဲ့ ဒီညစာတော့ မင်းဆီပဲ လာစားမယ်နော် ”

“ဒီနေ့ငါ သတ်သတ်လွတ် စားတာနော် ကန်စွန်းရွက် ကြော်ပဲ ရှိတယ် ”
ဖိုးသူမှ ခပ်ပြုံးပြုံး စိုက်ကြည့်ကာ
“ အတူတူပါပဲကွာ ဒီရက်ပိုင်းတော့ ငါလည်း သတ်သတ်လွတ်ပါပဲ ”

ညစာအတွက် ကျွန်တော့်ထံ တိုင်ကယ် ချိတ်ပြီး ဖိုးသူ ထွက်သွားတော့သည်။ ထိုသို့ဖြင့် ၂ ပါတ်တိတိ ကျော်လွန်လာချိန်အထိ တုတ်ကြီး မှာ ဒေါင်ဒေါင်မြည် ကျန်းမာလျက်ရှိသဖြင့် ကျွန်တော်တို့မှာ စိတ်ရောလူပါ ချုံးချုံးကျ လာရတော့သည်။ ၁၅ ရက်မြောက်နေ့တွင်တော့ ဖိုးသူ ကျွန်တော့်ထံ ရောက်လာသည်။

“ တုတ်ကြီး ခွေးကိုက်ခံရတယ်လို့ ညကအိမ်မက်မက်တယ်ကွ လာကွာ ဟုတ်မဟုတ် သွားကြည့်ရအောင်”
“ ခြေညောင်းတာပဲ အဖတ်တင်ပါ့မယ် ဖိုးသူရာ ထူးမယ့်ပုံ မပေါ်ပါဘူး ”
“ လာပါကွ ဟုတ်ချင်ဟုတ်နေမှာ ပြောလို့မရဘူး သွားကြည့်ကြပါစို့”

ဖိုးသူမှ စိတ်အားထက်သန်နေသဖြင့် အညောင်းအညာပြေ လမ်းလျှောက်သည့် သဘောမျိုးထားကာ တုတ်ကြီး၏ အိမ်ဘက်ကို လမ်းလျှောက်ထွက်ခဲ့ကြသည်။ တုတ်ကြီး အိမ်တည်ရှိရာ လမ်းထဲ အဝင် သုတ်သုတ်ပြာပြာဟန်ဖြင့် ထွက်လာသော တုတ်ကြီး နှင့် တန်းတိုးလေသည်။ တုတ်ကြီးပုံစံ ကြည့်ရသည်မှာ ခွေးကိုက်ဖို့ မပြောနှင့် ပုရွတ်ဆိတ် ကိုက်ထားပုံပင် မရသဖြင့် ကျနော်လည်း ဖိုးသူ ကို ဘယ်နှယ့်ရှိစ ဆိုသည့် သဘောဖြင့် ကြည့်လိုက်သည်။ ဖိုးသူ မျက်နာတွင်တော့ စိတ်ပျက်ဟန် အထင်းသား မြင်လိုက်ရသည်။

“ ဟေ့ရောင်.. တုတ်ကြီး ဘယ်သွားမလို့လဲ ” ကျွန်တော်မှ လှမ်းမေးလိုက်သဖြင့်

“ အိမ်ကို သွားနှင့်ကြကွာ ငါဆရာဝန် သွားခေါ်မလို့ ”

“ ဘာဖြစ်လို့လဲ ”
“ ခွေး ကိုက်ခံရလို့လေ ”

ကျွန်တော်နှင့် ဖိုးသူ တစ်ယောက်ကို တစ်ယောက် တက်ကြွသော အကြည့်ဖြင့်ကြည့်ကာ ဝမ်းသာအားရ အသံပြိုင်တူ မေးလိုက်ကြသည်။

“ မင်း ကိုက်ခံရတာလား တုတ်ကြီး ”
“ ဘယ်သူရှိမလဲ ဗေထိရဲကြီး ပေါ့.. ဒီကောင် ငါ့အိမ်လိုက်လည်ရင်း အိမ်ခန်းတံခါး ဖွင့်ပြီး သူအရင်ဝင်တာ အခန်းထဲမှာ အိမ်ရှင်ရဲ့ ခွေး ဘယ်လိုလုပ်ရောက်နေလဲ မသိဘူး ဒီကောင့်ကို တန်းဆွဲတော့တာပဲ”

“ ဒါဆို မင်းရော အကိုက်မခံရဘူးလား တုတ်ကြီး”
“ ငါ ခုံ ပေါ်တက်ပြေးတာ မြန်လို့ပေါ့ မဟုတ်ရင် အကိုက်ခံရအုံးမှာ ”

“ ခွီးပဲ” ဖိုးသူထံမှ မကျေမချမ်းသံ ခပ်တိုးတိုး ထွက်လာသည်။

“ ငါဆရာဝန် သွားခေါ်လိုက်အုံးမယ် ” ပြောပြောဆိုဆိုဖြင့် တုတ်ကြီး ခပ်သွက်သွက် ထွက်သွားသည်။ ကျွန်တော်နှင့် ဖိုးသူ စိတ်ပျက်လက်ပျက်ဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခေါင်းခါလိုက်မိကြ၏။

“ ဟေ့ရောင် ဖိုးသူ... ဒါမင်းလက်ချက် မဟုတ်လား ပိတ်ထားတဲ့ အခန်းထဲ ခွေးရောက်နေတာလေ”

“ ဟီး ဟီး... ငါလည်း ကြံရာမရတာနဲ့ ငါစားမယ့်မနက်စာ အငတ်ခံ၊ ခွေးကို အစာကျွေးပြီး အခန်းထဲ သွင်းထားခဲ့တာကွ ခုတော့ကြည့်ပါအုံး ဗေထိက ဘာလိုက်လာလုပ်လဲ မသိဘူး အကုန်လွဲကုန်ရော ”

“ တုတ်ကြီးကိုက သွေးနဲ လွန်းတာကွ မဖြစ်သေးပါဘူး ဒီနေ့ညနေတော့ အစည်းအဝေး ခေါ်မှပဲ ” ကျွန်တော့် စကားကြောင့် ဖိုးသူမှ
“ အေး .. တုတ်ကြီးကို ပြတ်ပြတ်သားသား ပြောဖို့လိုပြီ ”

ထိုနေ့ညနေတွင် လူစုံတက်စုံ စုမိကြလေသည်။ ခြေထောက်တွင် ပတ်တီးစည်းထားသော ဗေထိရဲကြီး မျက်နာ မသာမယာ ဖြစ်နေသလို တုတ်ကြီးမှ လွဲ၍ ကျန်သူများမှာလည်း ငြိုးငယ်သော မျက်နာထားများဖြင့်သာ ရှိနေကြသည်။ လက်ခုပ်မင်းသူမှ

“ ဒီလိုရှိတယ် တုတ်ကြီးရ မင်းကို အားကိုးပြီး ငါတို့တွေ ရင်းထားရတာအတွက် မင်း ထည့်စဉ်းစား သင့်ပါတယ်ကွာ အကြွေးတွေလည်း လည်ပင်းရောက်နေပြီ ဒီရက်ပိုင်းမှာမှ လျှော်ကြေး မရရင် ငါတို့တွေ “ကား” တော့မယ် ဒီလိုသာ ဆက်သွားမယ်ဆို ထွက်ပြေးရဖို့ပဲ ရှိတော့တယ်ကွ ”

ကျန်သူများမှလည်း “ ငါတို့လည်း အဲဒီအတိုင်း ဖြစ်နေကြတယ် ” ဟု ဝိုင်းပြောကြသဖြင့် တုတ်ကြီးမှ

“ ငါစဉ်းစားထားတာလေး ပြောပြမယ်ကွာ ” ဟု ဆိုသဖြင့် ကျွန်တော်အပါအဝင် ကျန်သူများ စိတ်အားထက်သန်စွာ ရှေ့တိုးလာကြသည်။

“ မင်းတို့ စဉ်းစားကြည့်ကွာ လူတစ်ယောက် သွေးအေးအေးနဲ့ ဒဏ်ရာ အရခံဖို့ဆိုတာ မလွယ်ဘူးကွ အနဲဆုံးတော့ သွေးဆူ သွေးပူနေမှ ဖြစ်မှာ ဒီတော့....”

“ ဒီတော့ ဘာဖြစ်လဲ ”
“ ဒီည ငါတို့ ဝီစကီလေးသောက်ရင်း ဒင်နာ သွားစားမယ်လေ ဒါဆို ငါလည်း သွေးဆူသွားမှာ သေချာလောက်တယ်”

“ ဝီစကီ က ဈေးကြီးတယ်ကွ ရိုးရာ အရက်လောက်ဆို မဖြစ်ဘူးလား သူငယ်ချင်းရာ”
“ ဆေးမြစ် အနံ့တွေနဲ့ကွ ငါ မျိုချလို့ မရပါဘူး ”

“ မင်းက ဘာအချိုးလဲကွ ငါ့အံဆွဲထဲ ဖွက်ထားတဲ့ ရိုးရာ အရက်ပုလင်း တစ်ဝက်ကို မင်း ခိုးသောက်တုန်းကတော့ ဆေးမြစ်နံ့မရဘူးလား ” လက်ခုပ်ရဲ့ စကားကြောင့် တုတ်ကြီး ပုခုံးတချက်တွန့်ကာ

“ အေးလေ ဒီလိုဆိုလည်း သွားမသောက်တော့ဘူးလေ မင်းတို့ သဘောပဲ”

ဒီရက်ပိုင်းမှ အလုပ်မဖြစ်လျင် ဒုက္ခများကုန်နိင်သည်ကို တွက်မိသဖြင့် ကျွန်တော်က

“ ကဲပါကွာ... အခုမှတော့ မထူးပါဘူး ထပ်ရင်းရတာပေါ့ ဘယ်တတ်နိင်မလဲ ရှိတာလေးတွေ ထုတ်ကြအုံးစို့ ”

“ ငါ ၃၀၀ စိုက်မယ်ကွာ” ဖိုးသူမှ ပထမဆုံး စပြောသည်။
“ မင်းပြောတော့ ကားခမရှိလို့ လမ်းလျှောက်လာရတယ်ဆို ၃၀၀ ဘယ်က ရလာတာလဲ”
“ ဘေးခန်းက မီးပူ ခဏငှားပြီး ပေါင်မလို့ကွ.. မတတ်နိင်ဘူး ဒီကိစ္စ မြန်မြန် အောင်မြင်မှ ဖြစ်မှာ ”

ထို့နောက်တွင်တော့ ဖြစ်သည့်နည်းဖြင့် စုဆောင်းရှာဖွေကာ အလယ်အလတ်တန်းစား စားသောက်ဆိုင် တစ်ခုကို ချီတက်ကြတော့သည်။ ထောင့်ကျကျဝိုင်းတွင် ထိုင်ပြီးနောက် တုတ်ကြီးသည်ကာ ဝီစကီ တစ်ခွက်သောက်လိုက် အမြည်းတစ်ဖတ်ဝါးလိုက်ဖြင့် ပြုံးပြုံးကြီး စည်းစိမ်ခံနေတော့သည်။ တစ်ဖွဲ့လုံးစာ ဝီစကီဖိုး မတတ်နိင်သဖြင့် ကျွန်တော်တို့ကတော့ ဝီစကီ သောက်ဟန်ပြုကာ ရိုးရာ အရက်ပုလင်းကို ခုံအောက်တွင် ဖွက်ထားပြီး ခွက်လှည့် သောက်နေရလေသည်။ ဝီစကီ နှစ်ခွက် သုံးခွက် ဝင်ပြီးနောက် တုတ်ကြီး အာရွှင်လာသည်။

“ ဝီစကီ သောက်ကြပါကွ မင်းတို့ မထည့်ကြဘူးလား”
“ ထည့်ပါတယ်ကွ သောက်.. သောက် သူငယ်ချင်း ”
“ အေး .. ဒါမျိုးမှပေါ့ကွ ..ရှိအတူ မရှိအတူ ဟုတ်ပြီလား”
“ အေးပေါ့ ”

ယနေ့ညကို သူ့ညဟု တွက်ထားဟန်ဖြင့် တုတ်ကြီး အသံမှာ အကျယ်ဆုံး ဖြစ်နေသည်။ ၅ ခွက်မြောက်ခန့် တွင်တော့ ဇာတိပြလာတော့သည်။ ကျွန်တော်နှင့် ကျန်သည့် သူငယ်ချင်းများကို ချိုးချိုးဖဲ့ဖဲ့ တစ်တစ်ခွခွ ဖြင့် ရှုံ့ချ စကားများ စတင်ပြောဆိုလာသည်။

“ ဗေထိရဲကြီး.. မင်းကို မင်းအမေက ကျမ်းကိုင်ပြီး မွေးထားပုံရတယ် ထစ်ခနဲ ရှိ မင်းပဲ ထိခိုက်နေတော့တာ ”

တုတ်ကြီးစကားကြောင့် ရဲကြီးမှာ ရယ်ကျဲကျဲ လုပ်ကာ “ ငါ့ကံပေါ့ သူငယ်ချင်းရာ ” ဟု ပြေလည်ရာ ပြန်ပြောလိုက်သည်တွင် လက်ခုပ်မင်းသူ ဘက်ကို လှည့်သွားပြန်သည်။

“ ဟေ့ရောင် မင်းသူ .... မင်းလက်ခုပ်မတီးဘဲ နေနိင်ရင် ငါ့ညီမနဲ့ သဘောတူမယ်ကွာ”
“ တော်ပါ တုတ်ကြီးရာ မင်း အမျိုးတော့ မလိုချင်ပါဘူး မင်းအချိုးအတိုင်းပဲ နေမှာ”
“ ဘာကွ ငါ့ ဘာအချိုးလဲ ပြောစမ်း ”
ရဲကြီးမှ မင်းသူကို လက်ကုပ်လိုက်သဖြင့် မင်းသူ ဘာမှ ပြန်မပြောတော့ပေ။ ထို့နောက် ဖိုးသူဘက် တဖန်လှည့်ကာ

“ မှည့်လဲ မှည့်တတ်ပါ့ မင်းနာမည်... ဆူးလေ ဖိုးသူတဲ့ ပေါက်ပေါက်ရှာရှာကွာ...ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားကွယ် တယ်ဆိုတာ မင်း အကုသိုလ် ဘယ်လောက်များနေလဲ တွက်မိရဲ့လား မင်းကို ကယ်တင်လို့တောင် ရပါ့မလား မသိဘူး ”

သူ့ကို ဘုရားကွယ် သည်ဟု ပြောခံရသဖြင့် ဖိုးသူ ရှူးရှူးရှဲရှဲ ဖြစ်သွားရသည်။ ဖိုးသူရဲ့ ခြေထောက်ကို နင်းကာ အချက်ပြပြီး ပြေလည်ရာ ပြေလည်ကြောင်း ဖြစ်စေရန် ကျွန်တော်မှ

“ ဒီလိုပါ သူငယ်ချင်းရာ သူဘုရားကွယ် တယ်ဆိုတာ တိုက်တွေ ကွယ်နေလို့ပါကွ ဒါကြောင့်ပါ ”

“ အံ..မယ်... မင်းက သူ့ထက်ပိုဆိုးတယ်လက်သရမ်း ... သူက ဘုရားကွယ်တာ တစ်ယောက်ထဲ၊
မင်းကတော့ ဘလော့ဂ် ပေါ်မှာ ဘာတွေ ရေးမှန်းကို မသိဘူး စာလာဖတ်ရတဲ့သူတွေရဲ့ အချိန်ဖြုန်းပစ်နေတာ
မင်း ဘာအကြောင်းရေးလဲ ပြောစမ်း”

“ ဒိုင်ယာရီ သဘောမျိုးရေးတာပါကွာ ”
“ ဒါဆို ခလုတ်တိုက်တာ ၊ သွားကြားညှပ်တာတွေ ရေးတယ်ပေါ့ ”

“အဲ... အဲဒီလောက်တော့ အသေးစိတ် မကျဘူးလေကွာ တခါတလေ တက်ကျမ်းလေးတွေလည်း ရေးပါတယ်”
“ မင်းတောင် စားစရာ မရှိမှတော့ မင်းစာဖတ်ပြီး စိတ်ဓါတ်ပဲ ကျကုန်မှာ မင်း ဘလော့ဂ်ဂါတော့ ဖြစ်မယ်မထင်ဘူး ဘလော့ဂ်ဂေါက်ပဲ ဖြစ်လိမ့်မယ်”

တုတ်ကြီး စကားကြောင့် ဒေါသဖြစ်ရသည်မှာ ပြောဖွယ်ရာ မရှိတော့ပေ။ တုတ်ကြီးထံမှ မျှော်လင့်စရာသာ မရှိခဲ့လျင် ယနေ့ညတွင် သူငယ်ချင်းများ ဝိုင်းတီး ကြသဖြင့် တုတ်ကြီး နာလံထူနိင်မည် မထင်။ သို့ရာတွင် တုတ်ကြီးသည် ကျွန်တော်တို့ တစ်ဖွဲ့လုံး၏ နောက်ဆုံး မျှော်လင့်ချက်လို ဖြစ်နေသဖြင့် လေသံမာမာ ဖြင့်ပင် ပြန်မပြောနိင်ပေ။ တုတ်ကြီးရဲ့ ချိုးချိုးဖဲ့ဖဲ့ ပြောသံများကို သီးခံ နားထောင်ပြီးနောက် ညဉ့်နက်လာသဖြင့် ဆိုင်မှ ထွက်လာခဲ့ကြတော့သည်။

“ မင်းတို့က ငါ့အနားမှာ ဝိုင်းပတ် ပြီးလျှောက်နေတာ ငါ့ကို ဘာလုပ်မလို့လဲ”
“ မင်း တစ်ခုခု ဖြစ်ရင် ကူညီမလို့ပါကွ”
“ တစ်ခုခု ဖြစ်ရအောင် ငါက ဘာဖြစ်မှာမို့လို့လဲ”
“ မင်း စွန့်စားမယ့် ကိစ္စလေကွာ ”

“ ဘာစွန့်စားရမှာလဲ ငါ ဝီစကီ မသောက်ရတာ ကြာလို့ မင်းတို့ကို ဂွင်ဆင်တာကွ ဟားဟား ငတုံးတွေ မင်းတို့ဘာသာ ကားလမ်းပေါ်မှာ မှောက်အိပ်ကြဟေ့ ငါတော့ အိမ်ပြန်ပြီ ”

ယိမ်းယိုင်သောခြေလှမ်းများဖြင့် တုတ်ကြီး ခွဲထွက်ဟန် မြင်သဖြင့် ကျွန်တော်တို့ ဒေါသတွေ အလိပ်လိပ် တက်လာတော့သည်။ ကျွန်တော်လည်း စိတ်တိုတိုဖြင့် ပျစ်ပျစ်နှစ်နှစ် လှမ်းဆဲလိုက်သည်။

“ ငါတို့ အစ်မ သား တုတ်ကြီး”

မီးပူငှားပေါင်ထားရသော ဖိုးသူကတော့ အရက်ဝိုင်းက ဒေါသအခံဖြင့် တုတ်ကြီးလက်ကို ဆောင့်ဆွဲကာ

“ မင်း ဘာသောက်ချိုးလဲကွ အချင်းချင်း ဒီလောက်အထိ အကျော်အခွ မလုပ်သင့်ဘူး ”
“ ငါ့လက်ကို မဆွဲနဲ့ကွ ဖယ်...”

“ ဒုန်းးး”

ဖိုးသူလက်မှ ရုန်းထွက်ကာ ကားလမ်းကို ဖြတ်ပြေးစဉ် လမ်းအကွေ့မှ ထွက်လာသော ဒိုင်နာကားဖြင့် တုတ်ကြီး ဝင်တိုက်ခံလိုက်ရလေတော့သည်။ ကျွန်တော်တို့ သောက်ထားသော အရက်အရှိန်များ ပျောက်သွားကာ တုတ်ကြီးကို ပြေးပွေ့ ကြသည်။ ဆေးရုံရောက်ပြီးနောက် ဆရာဝန်မှ

“ ညာလက်နဲ့ နံရိုး ၃ ချောင်း ကျိုးတယ်၊ ပြီးတော့ ခြေထောက်လည်း ထိတယ်”

ဟုပြောသည်။ ဆရာဝန် စကားကြောင့် ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြလေသည်။

.......................................................................။

နောက်တစ်နေ့ ညနေခင်းတွင်တော့ ကျွန်တော် ၊ ဗေထိရဲကြီး၊ ဆူးလေဖိုးသူ၊ နှင့် လက်ခုပ်မင်းသူ တို့ ချိန်းကာ သစ်သီးတစ်ခြင်း စုဝယ်ပြီး ဆေးရုံကို တက်ကြွစွာ ချီတက်ကြလေသည်။ ကိုယ်စီကိုယ်စီ စိတ်ကူးထဲတွင်တော့ အတွက်အချက်များ ရှိနေမည်မှာ သေချာလှသည်။ ယခုလို သွေးအေးသွားချိန်တွင်တော့ ဒိုင်နာ ကားသမားကိုသာ ကျေးဇူးတင် နေမိတော့သည်။

ဆေးရုံ ခုတင်ပေါ်တွင်တော့ ပတ်တီးများဖြင့် တုတ်ကြီးကို တွေ့ရလေသည်။

“ လာကြပါဗျာ ထိုင်ကြပါ ”

တုတ်ကြီးရဲ့ တစိမ်းဆန်ဆန် နှုတ်ဆက်သံကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။
“ မင်းက ရိုရိုသေသေ ပြောနေရအောင် မင်း သူငယ်ချင်းတွေ မမှတ်မိဘူးလား
“ အော် မင်းတို့ကိုး ...ငါက သတင်းစာ တိုက်က ကိုယ်စားလှယ်တွေထင်လို့ ”
“ ဒါဆို ကိုယ်စားလှယ်တွေ လာတယ်ပေါ့ ”
“ နေ့လည်ကတော့ နှစ်တိုက်က လာပြီး လျော်ကြေးပေးသွားတယ် ဒီညနေ လာဖို့ရှိသေးတယ်လေ”

“ ကောင်းလိုက်တာကွာ ငါတို့တွေ အားလုံး အဆင်ပြေပြီပေါ့ ”
“ ငါ့လျော်ကြေးနဲ့ မင်းတို့ ဘာဆိုင်တုန်း ”
“ အဲ... ငါတို့ အားလုံး သဘောတူပြီး လုပ်ထားတာလေကွာ ”
“ ငါ့ခေါင်းက ကားတိုက်ခံရပြီးထဲက သတိရတာတွေရ မေ့တာတွေ မေ့နဲ့ ဖြစ်ကုန်တယ် ဒါနဲ့ ငါတို့ သဘောတူထားတယ် ဆိုတာက ဘာလဲ ”

“ ခွေးမသား ညစ်ပြီ ” ရဲကြီးမှ ကျွန်တော့်နားနား ကပ်ခါ တိုးတိုး ပြောသည်။ မင်းသူမှ ကျွန်တော်တို့ သဘောတူ ထားသည့်ကိစ္စကို ရှင်းပြလိုက်သည်။ မင်းသူ စကားဆုံးလျင် တုတ်ကြီးမှ မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ကာ

“ မင်းတို့ ပြောတာလေးက ဖြူးနေတာပဲဟေ့ ဒါဆို ငါတို့ သဘောတူ လက်မှတ်ထိုးထားတာလေး ပြပါလားကွာ”
“ ငါတို့တွေမှာ ဒုက္ခတွေ အဝိုင်းခံပြီး ရင်းထားရတာပါကွာ စားဖို့တောင် နပ်မမှန်ပါဘူး သူငယ်ချင်းရာ ဒီလိုတော့ မဖောက်စမ်းပါနဲ့”

“ ငါဒီလောက်ဒဏ်ရာတွေ ရထားတာ ဘာအတွက် လိမ်ရမှာတုန်းကွ.... သူငယ်ချင်း အချင်းချင်းပဲကွာ မင်းတို့ စားစရာ မရှိရင် ငါ တစ်နပ်တစ်လေ ကျွေးပါ့မယ်.... အဲ... တစ်နပ်တစ်လေပေါ့ကွာ”

ညောင်နာနာလေသံဖြင့် အကျော်အခွဇယား ခင်းနေသော တုတ်ကြီးကို နားရင်း အုပ်ပစ်ချင်စိတ်ကို မနည်းထိန်း ထားရသည်။ ကျန်သူများ အားလုံးလည်း မျက်နှာတွေ နီနေသဖြင့် ကျွန်တော်နှင့် ထပ်တူ ဖြစ်နေကြမည် ထင်သည်။

ဖိုးသူမှ “ ဟေ့ရောင်တွေထ .. ငါတို့ပြန်မယ် ... ဆက်ပြောလည်း ထူးမှာ မဟုတ်ဘူး ” ဟု ပြောသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ရန် အားလုံး ထကုန်တော့သည်။ တုတ်ကြီးမှ

“ ပြန်တော့မလို့လားကွ အသီးလေးတွေ စားသွားပါအုံး ” ကျွန်တော်တို့ ဝယ်လာသော သစ်သီးခြင်းကို လက်ညိုးထိုးကာ ပြောလိုက်သည်။

“ မင်း ဘာသာပဲ မျိုဆို့ဟေ့ ”
“ ကားတိုက်ရင်း တစ်ခါတည်း သေသွားရမှာ ”
“ ငါတို့ အစ်မသား ”

တုတ်ကြီးကို တစ်ယောက်တစ်ပေါက် ဆဲဆိုကာ ဆေးရုံမှ ကျွန်တော်တို့ ထွက်လာခဲ့ကြတော့သည်။ တမင်မေ့ချင်ယောင် ဆောင်နေမှန်း သိနေကြသဖြင့် အားလုံး ခံပြင်းနေကြသည်။ ထို့နောက်ပိုင်းတွင် ကျွန်တော်တို့ စိတ်ဆိုးဆိုးဖြင့် ဆေးရုံသို့ ထပ်မသွားတော့သလို တုတ်ကြီးသည်လည်း ကျွန်တော်တို့ အဖွဲ့ကို ရှောင်နေလေသည်။ ထိုကဲ့သို့ ဖြစ်ပွားပြီး တစ်လခန့် အကြာတွင်တော့ ကျွန်တော်နှင့် လက်ခုပ်မင်းသူ နှစ်ယောက်သား လမ်းလျှောက်လာရင်း စားသောက်ဆိုင် အပေါ်ထပ်မှ ဆင်းလာသော တုတ်ကြီးကို တောက်ပြောင်သော အဝတ်အစားများဖြင့် တွေ့လိုက်ရသည်။ တုတ်ကြီးရဲ့ လက်ကို မိန်းမပျိုလေး တစ်ယောက်က ချိတ်ထားလေသည်။

ဘေးဘီဝဲယာ မကြည့်ဘဲ တုတ်ကြီးတို့ စုံတွဲ အိနြေ္ဒရရဖြင့် လျှောက်သွားသည်ကို မြင်ပြီးနောက် အနားတွင် ရှိနေသော လမ်းဂျပိုး ကောင်လေး တစ်ယောက်ကို မင်းသူမှ ငွေငါးဆယ် ထုတ်ပေးကာ တစ်စုံတစ်ခု တီးတိုး ပြောလိုက်၏။ ကောင်လေးလည်း စားလက်စ ဖရဲသီးကို လက်နှစ်ဖက်ဖြင့် ချေမွကာ တုတ်ကြီး အနားကပ်ပြီးနောက် တုတ်ကြီး မျက်နာတည့်တည့်ကို ဖရဲသီးဖြင့် ပေါက်ကာ ထွက်ပြေးလေတော့သည်။ မျက်လုံးထဲ ဖရဲသီး ဝင်သွားသောကြောင့် တုတ်ကြီးထံမှ အားးးး ခနဲ ထွက်ပေါ်လာသော အသံသည် အင်မတန် နားဝင်ချိုမြိန်လွန်း လှသည်။ ထိုအဖြစ် အပျက်ကို ဗေထိရဲကြီးနှင့် ဆူလေဖိုးသူ ကို ပြန်ပြောပြလိုက်ချိန်တွင် ထိုသူ နှစ်ယောက် တစ်ယောက်လက် တစ်ယောက်ဆွဲကာ ဝမ်းသာအားရ ကခုန်နေလေတော့သည်။

..........................................................................................။

ဝန်ခံချက် ။......။ ဒီဝတ္ထုတိုလေးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ပတ်ဝန်းကျင်ခန့်က ဆရာကြီးရွှေဥဒေါင်း မြန်မာမှုပြုထားတဲ့ ဝတ္ထုတိုလေးရဲ့ ဇာတ်ကျောရိုးကို ယူပြီး ကျွန်တော့်ငယ်သူချင်းများရဲ့ စရိုက်နဲ့ ဖြည့်စွက်ရေးထားခြင်း ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ပြုံးပျော်စေဖို့ ရည်ရွယ်တာပါ။

..........................................................................................။

ငယ်သူငယ်ချင်းများ အကြောင်း ဖတ်ချင်သေးလျင်....

ဗုဒ္ဓဟူးသမီးနှင့် တစ်လတာ

လမိုင်းမကပ်တဲ့ ပွဲ

ကျောင်းတော်ကြီးနှင့် စာရင်းရှင်းတမ်း


Free Kick

45 comments:

အေးစု said...

အော်.. ဒါ true story တော့ မဟုတ်ဘူးပေါ့လေ.. ငါကငဖြိုး ကားတိုက်ခံရတာကို မျက်စေ့ထဲ မြင်ယောင်ကြည့်နေတာ... ဟီး... ဘာပဲဖြစ်ဖြစ် ဖတ်လို့ကောင်းတယ်ဟဲ့.. ဖတ်ပြီး တယောက်ထဲ ပြုံးစိစိ ဖြစ်နေတယ် :)

ယွန်း said...

တကယ်ထင်လို့ ..အောက်ဆုံးရောက်မှ တကယ်မဟုတ်
မှန်းသိတော့တယ်...အ၇မ်းဖတ်လို့ ကောင်းတယ်

ဆွေလေးမွန် said...

ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ကောင်းတယ်.
ပျော်စရာကြီး သူငယ်ချင်းတွေနဲ့ အဲလို ဗရုတ်မကျရတာ
ကြာပြီ..

An Asian Tour Operator said...

ဖတ်ကြည့်ရင်းနဲ့ ဖတ်ဖူးတဲ့ ဆရာကြီး တယောက် ရဲ့ ရေးဟန်မျိုးပါလား လို့တော့ ထင်မိသေးတယ်။ နောက် မှ အော် ဒါတကယ် အဲဒီဟန်ကို ယူရေးထားတာပါ လားလို့သိရတယ်။ သူငယ်ချင်း တွေရဲ့ စရိုက် ကို အသေးစိတ် လိုလို ရေး တာ သူတို့ကို တော် တော် ချစ်ပုံပဲ။ သူငယ်ချင်း တွေကို ချစ်တတ်တဲ့သူ ကိုသူ ငယ်ချင်းလို ခင် မင်ခွင့်ရ တာဘယ်တော့ မှ မှားနိုင်ဘူးတဲ့။ ခင်မင်လျက်။ အေအေတီအို

ကိုဇော် said...

အဟေးဟေး. . .
ငါတို့က ဒီထက် မကတောင်မှ ကျော်သေး။
ဒါကြောင့် နာမည်တွေမှာကို . . .
အကျော်ဇေယျတို့ ၊ ကိုကြီးကျော်တို့ ၊ ကျော်ကျော်လေးတို့ ၊ ကျော်သူတို့ ၊ ကျော်ရဲအောင်တို့ ၊ ကျော်သထက်ကျော်တို့ ဆိုပြီးတော့ကို ပေးထားတာပါကွ မြစ်ကျော်ရဲ့ :P

အနော် said...

ဒီစာလေးကို ပေါ့ပေါ့ပါးပါးဖတ်ရတာ ပျော်စရာ..
သူငယ်ချင်းတွေအကြောင်း ဖတ်ရတိုင်း.. စိတ်ထဲ အမြဲ ကြည်နူးမိတယ်.. ပျော်လဲ ပျော်ရွှင်မိတယ်..

littlebrook said...

:) ကိုယ်သာဆို ချောင်းရိုက်တယ် ဟီးဟီး

blackroze said...

တော်တော်လည်တဲ့..တုတ်ကြီးဘဲနော်..
လူလည်တုတ်ကြီးလို့နာမည်ပြောင်းပါဗျို့..

မိုးစက်အိမ် said...

တုတ်ကြီးက တကယ်လုပ်ရက်သွားတာလားဗျာ
လူက ပေါင်းလာတဲ့ဘော်ဒါသံယောဇဉ်လေးကို
တောင်မထောက်တော့ဘူးလားဗျ အလိုတကယ်
ရူးချင်ယောင်ဆောင်သွားတာတော့မကောင်းဘူး
ပေါ့ဗျာ ဒါနဲ့ တုတ်ကြီးကလျော်ကြေးကမျိုးမျိုး
မြက်မြက်လေးများရသွားလို့ များလားဗျ ဆရာ
ကြီးရွှေဥဒေါင်းကို ကျောရိုးခံထားပြီးကိုယ်ပိုင်စိ
တ်ကူးလေးနဲ့ ပေါင်းစပ်ရေးသားသွားတာက
စာဖတ်သူကို ဆွဲဆောင်မှုပြည့်ဝစွားနဲ့ အဆုံးထိ
ခေါ်ဆောင်သွားနိုင်တယ်ဗျာ...ဖတ်ရတဲ့လုက
ခဏပေမဲ့စဉ်းစားတွေးတောရေးသားရတဲ့လူက
မသက်သာဘူးဗျ အားပေးလျက်ပါဗျာ ...

နေ၀သန် said...

ဒါကြောင့် ဖတ်ဖူးတယ်လို့ မှတ်နေတာ.. နောက်ဆုံးအဲလိုလေးရေးလိုက်တော့ အတော်ပဲ ဘ၀င်ကျသွားတယ်.. ကောင်းပါ့ဗျား...း))))).... ဒါနဲ့ ကိုမြစ်နာမည်ကျ ဘာလဲ...း))))


ခင်မင်တဲ့
နေ၀သန်

နန်းလေပြေနု said...

ဘာပဲပြောပြော ခင်မင်ကြတဲ့ သူငယ်ချင်းတွေပေါ့
ကျော်ရင်းခွရင်း လာဖတ်သွားပါတယ်

sosegado said...

ဖတ်လို့ကောင်းလိုက်တာ၊ ဇာတ်လမ်းထဲမှာ တုတ်ကြီးလုပ်သွားတာမိုက်တယ်၊

~ဏီလင်းညို~ said...

မျှစ်ရေ.......

စောစောစီးစီးလာဖတ်သွားတယ်......။
ဖတ်လို့ကောင်းတယ်.....။
သူငယ်ချင်းအချင်းချင်းကြားမှာ.......ရှိခဲ့တာတွေကတော့ မမေ့နိုင်စရာအဖြစ်ပဲထင်ပါရဲ့ဗျာ.......း)

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

မိုးခါး said...

တကယ့်အဖြစ်များလားလို့ :D

ခိုင်နုငယ် said...

ပေါ့ပေါ့ပါးပါးနဲ့ဖတ်ပြီး
ပြုံးရပါတယ်။
သူငယ်ချင်းတွေကြားတစ်ဦးနှင့်တစ်ဦးရှိခဲ့ဖူးတဲ့
ပျော်ရွှင်စရာအဖုအထစ်လေးတွေကလည်း
မမေ့နိုင်စရာပါပဲ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

သဒ္ဓါလှိုင်း said...

သူငယ်ချင်းတွေရဲ့အမှတ်ရစရာတွေကတော့ဘယ်တော့မှ
မရိုးနိုင်.မမေ့နိုင်တဲ့ ဖြစ်ရပ်တွေပဲနော်..။
ဖတ်ရင်းပြုံးသွားရတယ်..။

ခင်တဲ့
သဒ္ဓါ

thawzin said...

ငယ်ငယ်ကတည်းက ချစ်ခင်ပေါင်းသင်းစည်းရုံးကြတဲ့ သူငယ်ချင်းတွေရှိတာ ကောင်းတာပေါ့ဗျာ။ တယောက်တလှည့်စခြင်းနောက်ခြင်းတွေက နောင်တချိန်အတွက်လရီစရာဖြစ်သလို။ ခင်မင်ရင်းနှီးမှုလဲ တိုးလာတက်တယ်ဗျ။ ကျော်ခွဖတ်သွားတယ်ဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့ကတော့ နဂိုကတည်းက ကျော်ခွပြီး ဖတ်နေရတာပါဘဲ..
ပေါ့ပေါ့ပါးပါးလေးကို ပျော်ပျော်ရွှင်ရွှင် ဖတ်သွားပါတယ်..
တုတ်ကြီးလို သူငယ်ချင်းတော့ လိုချင်ဘူး..
ကတုံးပေါ်ထိပ်ကွက် လုပ်လွန်းတယ်..
ဒီဇာတ်လမ်းမှာ လက်သရမ်းတို့ ခံလိုက်ရတယ်ဆိုပါတော့...
လူပါးပုလင်းထိ ဆိုတာ ဒါမျိုးဖြစ်လိမ့််မယ်..း)
ဘာဘဲဖြစ်ဖြစ် ပျော်စရာကောင်းပါတယ်.. Carry on..;)

ညီမလေး said...

အဲ့လိုသူငယ်ချင်းမျိုးတော့ မရလိုဘူးး(

Anonymous said...

ကိုမျှစ်ရေ

အပြင်မှာ အဲလို လူစားတွေ ရှိတယ်ဗျ ဒါပေမဲ့ ရှားတော့ ရှားမယ်ထင်တယ်

ခင်မင်ပျော်ရွှင်စွာ ဖတ်သွားပါတယ်

ရွှေစင်ဦး

အင်ကြင်းသန့် said...

ဖတ်ပြီးရီလိုက်ရတာ။ တကယ်ပါပဲ သူငယ်ချင်းတွေကိုပါပြန်လွမ်းသွားစေတယ်။း)))

purplemay said...

ပေါ့ပေါ့ပါးပါးလေးရယ်သွားပါတယ်....။
သူငယ်ချင်းတွေအကြောင်း ရေးထားတာတွေ အကုန်ဖတ်ကောင်းတယ် ကိုမြစ်ကျိုးအင်းရေ့...။

ကိုကိုမောင် (ပန်းရနံ့) said...

ဖတ်ရတာကောင်းမှ ကောင်းဘဲဗျို့ ။ နာမည်ပေးတာလေးတွေ လှတယ်။းဝ)

ဒါနဲ့။
ကြက်ကုလားငစီနှင့်ဆူးလေးဖိုးသူ
လွဲနေသလားလို့။ ကျနော်မျက်စိရှန်တာလဲ ဖြစ်နိုင်ပါတယ်။ ကြက်ကုလားငစီက အစမိတ်ဆက်တစ်နေရာထဲမှာသာ ပါပြီး ဇာတ်လမ်းထဲမှာ ပျောက်နေလို့။ ပြီးတော့ ဆူးလေးဖိုးသူက အစမိတ်ဆက်မှာ မပါဘဲ ဇာတ်လမ်းထဲမှာမှ ပါလာလို့။

သူငယ်ချင်း ငါးယောက်ဆိုပြီး စုစုပေါင်းလိုက်တော့ ၆ ယောက်ကြီးရှိနေလို့။

ဘယ်လိုမှတော့မထင်နဲ့ ဆရာမြစ်(ကျော်)ရေ... ကျနော်ကိုယ်တိုင်လဲ အဲဒီလို ခဏခဏဖြစ်ဖူးတယ်။ နောက်မှ ပြန်ပြင်ရတာ မနည်းဘူး။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြစ်ကျိုးအင်း said...

ကျွန်တော် စာပြင်တာ လိုသွားတာပါ။
အစပထမ ဇာတ်ကောင် ၆ ယောက် သုံးမလို့ ရေးပြီးတော့မှ ဖတ်ရတဲ့သူတွေ မှတ်ရတာ ရှုပ်မှာစိုးတာနဲ့ တစ်ယောက် ပြန်ဖြုတ်လိုက်တာ။
ထင်ထင်ရှားရှား မို့လို့နဲ့ တူတယ် စာပြန်စစ်တော့ သတိမထား မိလိုက်ဘူး :)
စေတနာနဲ့ ထောက်ပြပေးလို့ အဟုတ်တကယ် ကျေးဇူးတင်တယ် ကိုကိုမောင်(ကျော်) ရေ.. :)

မင်းသူ said...

အရင်တုန်းကstoryထဲကဇာတ်ကောင်တွေအားကျခဲ့ဘူးတယ်လေ
အခုအိပ်မက်တွေလက်တွေ့ဖြစ်လာပြီပေါ့
ဒါပေမယ့်မင်းသားမဖြစ်ရတာနာတယ်ကွာ
လက်ခုပ်တီးရလွန်းလို့လက်တွေတောင်ကြိမ်နေပြီ ဟားဟား:P

ကွာစေ့လေး said...

ဟိုင်း... ဦးပိုင်

စိတ်ပေါ့ပါးမှု ရသကို ပေးနိုင်ပါတယ် ... ဖတ်နေရင်းတကယ်ထင်လို့ ....
ကိုလက်သရမ်းက အဲ့လောက်ဆိုးမယ် မထင်ပါဘူး... အလုပ်ထဲမှာ ပင်ပန်းသမျှ ဒီဟာသလေးတွေ ကို ဖတ်ပြီး အပန်းဖြေခွင့် ရတဲ့ အတွက် ကျေးဇူး.........
ဆက်ရေးနော် .. အားပေးလျက်...

ညလင်းအိမ် said...

ဖတ်လို့ကောင်းတယ်ဗျ ..
အတော် ရီရတယ် ...
ငယ်သူငယ်ချင်းတွေကိုတောင် သတိရသွားတယ်ဗျာ ...

အဖြူရောင်နတ်သမီး said...

တုတ်ကြီးလုပ်ရက်တာ...အရေးမကြီးဘူး...
ကိုမြစ်...
မလုပ်ရက်နဲ့နော်...

ူဖိုးသူ(Lazyclock) said...

စာဖတ်အရမ်းပြင်းတဲ့ငါလာဖတ်သွားတယ်မင်းရေးပြီးသိပ်မကြာဘူးငါဖတ်သွားတယ် အဲနေ့ကအလုပ်တောင်နောက်ကျရတယ် အခုလို ငါကိုသတိတရ ထည့်ရေးပေးတာ ၀မ်းသာပါတယ် နောက်လည်း ထည့်ရေးပေးအုံး ဇာတ်လမ်းလေးက တကယ့်ဖြစ်ရပ်မှန်မဟုတ်ပေမယ့် ငါ Character နေရာမှာ ငါ့စရိုက်မျိုးရေးထားပေးတဲ့အတွက် ဖတ်နေတုံး ပီတိဖြစ်မိပါတယ် အကြံကစပေးတယ် ပြီးတော့ ပိုက်ဆံထည့်ခိုင်းတော့ ခေါင်းရှောင်တယ် ဟီးဟီ တစ်ခုတော့ ထောက်ပြချင်တယ် အဲဒီအချိန်က ငေ၁၀၀၀ ဆိုတာ တန်ဖိုးအရမ်းရှိပေမယ့် ငါတို့ အားလုံး ဗရုတ်တော့ကျချင်ကျလိမ့်မယ် ငါတို့အားလုံး အဲလောက်မမွဲသေးပါဘူးကွယ် တာဝသွားပြီး ကျောင်းသူနားနောင်ဆောင်မှာ ခဏခဏ ရှမ်းကိုးမီးသွားရိုက်တာကလွဲရင် ဘာဘဲပြောပြော ဖတ်သွားတဲ့ လူတွေအားလုံးက တုတ်ကြီးကို ဗီလိန်တုတ်ကြီးဆိုပြီး ပြောသွားကြတယ် အပြင်မှာ ရော တုတ်ကြီးက အဲလိုဘဲလားဟင်?? ဘာဘဲပြောပြော တုတ်ကြီးနေရာ မှာ ငါကို ဗီိလိန် မလုပ်ခိုင်းတာဘဲ ကျေးဇူးကွယ် နောက်လည်းရေအုံး အားပေးမယ် ဟဲဟဲ

ပန်းနုနှင်းဆီ said...

ဒီပိုစ့်ထဲက ဇာတ်ကောင်တွေပါ ကော်မန့်လာရေးထားတာ တွေ့ရတယ်..း)
ပျော်စရာသူငယ်ချင်းတွေ ပါဘဲ... သူတို့လည်း ပျော်ကြရှာတယ်နော်..
ခုပိုစ့်လေးက ဖတ်ရတာ ခပ်သွက်သွက်နဲ့ ရေးချက်တွေက မိုက်တယ်.. ပျော်ပျော်ပါးပါးလေးပါဘဲ.. စိတ်ကိုပေါ့ပါးစေပါတယ်..

ခြေလှမ်းသစ် said...

တုပ်ကြီးရဲ့ အကျော်အခွကိုတော့ ဆရာတင်လောက် တယ်ဗျာ .... ဇတ်ကောင်အားလုံးကတော့ ဇ' တွေနဲ့ ဗျို့ အပြင်မှာ တကယ်ပဲ ရှိလား မသိဘူးနော်.....

သော်ဇင်စိုး said...

ဟား.. ဟား.. ဟား.. ဟား.. အရမ်းရီရတယ်ဗျာ..

Younggun said...

တကယ်လို့ဗျာ. တော်တော်ဆိုးတဲ့လူတွေပဲ.။ ကိုမြစ်ကျိုးအင်း လက်ရာကလည်း သွက်လာတယ်။ ဒီထက်မက ရေးသားအောင်မြင်ပါစေဗျာ

့hnin said...

အစ်ကိုရေ... ဖတ်လို့ကောင်းတယ် .. စာတွေအများကြီးဆက်လက်ရေးသားဖို့ တိုက်တွန်းပါတယ်
လက်သံက တဖြည်းဖြည်း ပြောင်မြောက်လာတယ် ငါ့အစ်ကိုရေ...
ညီမလေး နှင်းဟေမာ

မောင်လေး said...

ကိုမြစ်ရေ..ဒီနေ့မှ ရောက်ဖြစ်ပါတယ်...။တုတ်ကြီးရဲ့ အကျော်အခွဇယားကို ဖတ်ပြီးရယ်နေတယ်ဗျို့...။
တော်တော်ဆိုးတဲ့ တုတ်ကြီး....၊

မြတ်မွန် said...

ဖတ်ဖတ်ခြင်းနေ့က ရယ်မိတယ်။
တော်တော် ကျော်ခွတက်တဲ့လူတွေပဲ။
ဒီလောက်ပေါင်းလာကြတဲ့ သူငယ်ချင်းတွေ
တစ်ယောက်နဲ့တစ်ယောက် သတိမထားကြဘူးလား။
ဘယ်အကွက်တွေ ဘယ်လို လာတော့မယ် ဆိုပြီး ရှောင်ရတိမ်းရတယ်..ဟိဟိ..။ ရှောင်တိမ်းနေကြမို့လို့ပါ။

အိမ် said...

ကလေးတွေကို ကလိန်ကကျစ်လုပ်နည်းတွေ သင်ပေးနေတာလား ..... ။

မောင်မိုး said...

"ငါတို့အစ်မသား"...အဟေးးဟေးးကြိုက်သကွာ..ဆဲနည်းလေးကတော့။

နောက်ကျတယ်ဗျာ..သိတယ်မလား Joomla လေ..။

may16 said...

ဟား ဟား အတဲ့ လူခံဆိုသလိုဖြစ်နေပြီ ကိုမြစ် :)

ချစ်ကြည်အေး said...

ဖတ်ဖူးတယ် ဆရာကြီး ရွှေဥဒေါင်းရဲ့ အကြံကြီးသမားတစု...။ ကိုမြစ်ရေးပုံ သွက်တော့ တမျိုးလေး ဖတ်ကောင်းတာပါပဲ...မအားလို့ ခုမှရောက်တယ် ကိုမြစ်ကျိုးပိုင်ရေ...:)

ချိုကျ said...

အစ်ကိုရေ....ကျနော်လည်း ကျော်ပြီး ခွသွားပါတယ် :) ဖတ်လို့ကောင်းပါ၏ ။

ခင်တဲ့(ချိုကျ)

သိင်္ဂါကျော် said...

:):):)

အနမ်း said...

ဖတ်ရင်းဈာန်ဝင်သွားတာ တကယ်ဖြစ်ပျက်သွားသလိုပဲ။ ၀င်မရတာကြာပီမို့ အခုမှပဲရောက်တယ်ဗျိုးး...

မေဓာဝီ said...

ကျော်ခွနေတာ ၃ ပတ်တောင်ကြာသွားပြီ။
အလုပ်များနေလား ဆရာမြစ် ...

မိုးယံ said...

ဦးမြစ်တို့ တွေးချက် လန်ထွက်။ တုတ်ကြီး အတော်ဆိုး ငါတို့ကို ပြောတာများ ဘလော့ဂေါက်။ ဖြစ်နိုင်ပါတယ်လေ။

ဒါနဲ့ တုတ်ကြီးကို ဖရဲသီးနဲ့ ပေါက်စရာလား။ တူ့ကောင်မလေး ရှေ့မှာဆိုတော့ တုတ်ကြီးရဲ့ ရှက်နေမယ့် မျက်နှာကြီးမြင်ယောင်မိသေး။ စကားမစပ် တုတ်ကြီးကျော် သွားပုံလေး လှတယ်။
ဂယ်

 

Posts Comments

©2006-2010 ·TNB