Hidden Cam

15 May 2010


ကျွန်တော် ဘလော့ဂ်စရေးပြီး အရှိန်နဲနဲ ရလာချိန်မှာ အခန်းဖော် မိတ်ဆွေတွေကို နာမည်ဝှက်လေးတွေ ပေးပြီး သူတို့ရဲ့ အကြောင်းတွေကို တဖွဲ့တနွဲ့ ရေးဖြစ်ခဲ့တယ်။ မိတ်ဆွေတစ်ယောက်ကတော့ သူရဲ့ ငယ်ဘဝက အဖြစ်လေးတွေကို ပြောပြတာနဲ့ ကျွန်တော်က အနီးစပ်ဆုံး ပုံပေါ်အောင် ရေးပေးခဲ့တယ်။ သူ့ရဲ့ နာမည်ဝှက် ကိုတော့ ညောင်ရမ်း လို့ပေးထားတယ်။ ညောင်ရမ်း ဆိုတဲ့ခေါင်းစဉ်အောက်မှာ သူ့အကြောင်း တော်တော် များများ ရှိပါတယ်။ ဘာပဲလုပ်လုပ် အတိုင်းအဆ မရှိ အရမ်းလုပ်တတ်လို့ ခေါ်လို့ကောင်းအောင် ညောင်ရမ်းလို့ နာမည်ပေးခဲ့တာပါ။


ညောင်ရမ်းထက်ပိုစောပြီး ဘလော့ဂ်စာမျက်နာပေါ် ရောက်လာသူကတော့ အဖြူလေး ပါပဲ။ အဖြူလေးမှာလည်း ရာဇဝင်ရှိတယ်လို့ ပြောရမယ်။ သူကတော့ ဘယ်ကိစ္စဖြစ်ဖြစ် သူမသိသလို မဆိုင်သလိုနဲ့ အဖြူထည်လေး ၊ ဖြူစင်သူလေး လုပ်တတ်လွန်းလို့ အဖြူလေး လို့နာမည်ပေးဖြစ်ခဲ့တယ်။ တကယ်ရိုးအ တာလား ဟန်ဆောင်တာလားတော့ အစောပိုင်းက မဝေခွဲတတ်ခဲ့ဘူး။ တစ်ခုခုဆွေးနွေးပြီဆို သူဘာမှ မသိတဲ့ ပုံစံမျိုးလေးနဲ့ မေးတတ်လွန်းတယ်။ ကျွန်တော်တို့က ဒီကိစ္စလေးတောင် မသိရကောင်းလား ဆိုပြီး အားမလိုအားမရနဲ့ ဝိုင်းအော်ကြရင် သူက ဘာမှမသိတဲ့ အမူအရာမျိုးနဲ့ နေပြတတ်ပြီး နောက်ကွယ်ရောက်မှ ရယ်နေတတ်တဲ့သူပေါ့။ ကြာကြာပေါင်းဖြစ်တော့လည်း အကြောင်းသိလာတယ်ပြောရမယ်။


အဖြူလေးရဲ့ နေပုံထိုင်ပုံလေး တွေကို စာအဖြစ်လည်း ရေးခဲ့ဖူးတယ်။ ဟိုအရင်တုန်းက အဖြူလေး ရဲ့ အမူအရာတွေကို အနီးစပ်ဆုံး မြင်လွယ်အောင် ပြောရရင် Mr.Bean ဇာတ်လမ်းတွဲ ကြည့်နေရသလိုပါပဲ။ အဖြူလေးကြောင့် ကျွန်တော်တို့ ညတွေတော်တော်များများ တဝါးဝါး တဟားဟားနဲ့ ရယ်ခဲ့ရဖူးတယ်။ ခင်မင်ရတဲ့သူတွေကို သူရဲ့ ဖျော်ဖြေဟန်လို့ပဲ ပြောရမယ်။ နောက်ပိုင်းတော့ သူလည်း သူ့ခံစားချက်လေးတွေ ရေးတဲ့ အဖြူလေး ဆိုတဲ့ဘလော့ဂ်ဂါ တစ်ယောက်ဖြစ်လာတော့တယ်။ ကျွန်တော်တို့တွေ စုစုဝေးဝေး ရှိခဲ့စဉ်က မရပ်မနား ရယ်မောခဲ့ရတဲ့ အဖြစ်လေးတစ်ခုကို ပို့စ်အဖြစ် တင်လိုက်ပါတယ်။


ဟိုးအရင်ကဆို ကျွန်တော်တို့တွေ ညစာစားပြီးရင် အပျင်းပြေ poker ကစားကြပါတယ်။ အနိင်အရှုံးလည်း နဲသလို တစ်စုတဝေးထဲ စကားထိုင်ပြောလို့ ကောင်းတဲ့ ကစားနည်းဖြစ်လို့ ညစဉ်နီးနီး ပိုကာဒေါင်းဖြစ်ကြတယ်။ တစ်ညတော့ ထမင်းစားပြီးလို့ poker ကစားမယ်ဆိုပြီး ပြင်ဆင်နေတုန်းမှာ အဖြူလေးကို ဂျောက်ချဖို့ အကြံတခုရလာတယ်။ ဒါနဲ့တခြားသူတွေကို တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်တော့ အားလုံးကလည်း တက်ကြွစွာနဲ့ သဘာတူကြတယ်။



ကျွန်တော်တို့က poker ကိုအပျော်ကစားတာ ဆိုပေမယ့် စည်းကမ်းလေးတွေတော့ ထားထားပါတယ်။ စစကစားချင်းမှာ ဘယ်သူ ဘယ်နေရာ ထိုင်ရမယ်ဆိုတာ ဖဲချပ်လေးတွေ လှန်ပြီး ဆုံးဖြတ်လေ့ရှိတယ်။ အပွင့်အကြီးဆုံး လှန်မိတဲ့သူက ကြိုက်တဲ့နေရာမှာ ရွေးချယ် ထိုင်ခွင့်ရှိတယ်။ သူနေရာရွေးပြီးတော့မှ ကျန်တဲ့သူတွေက လှန်ထားတဲ့ ဖဲချပ်လေးတွေရဲ့ အပွင့်ကြီးစဉ်ငယ်လိုက်အတိုင်း အစဉ်လိုက် ထိုင်ကြရတယ်။

အဲဒီနေ့ကလည်း ထုံးစံအတိုင်း နေရာ အရင်ရွေးလိုက်တော့ ကိုယ်ဘယ်နေရာမှာ ထိုင်ရမယ်ဆိုတာ သိသွားကြပြီပေါ့။ အချိန်မှာ တစ်ယောက်က တိုင်ပင်ထားတဲ့ အတိုင်း အဖြူလေးကို အခန်းအပြင်ကို အကြောင်းတခုပြပြီး ခေါ်ထုတ်သွားတယ်။
အဖြူလေးလည်း အခန်းအပြင်ထွက်သွားရော ကျွန်တော်က အဖြူလေးထိုင်မယ့် နေရာနောက်မှာ web cam ကို ဖွက်ထားလိုက်ပြီး lap top ကွန်ပြူတာကိုတော့ကျွန်တော်တို့ အားလုံးဘက် လှည့်ထားတယ်။ ခဏနေတော့ အဖြူလေးတို့ ပြန်ဝင်လာကြတယ်။

ဒီလိုနဲ့ဖဲစကစား ကြရော ဆိုပါတော့။ အားလုံးကလည်း ရုပ်တည်တွေနဲ့ ကိုယ့်ဖဲကိုယ် အာရုံ စိုက်ထားသလို ဟန်ဆောင်နေကြပေမယ့် မျက်လုံးတွေက ကွန်ပြူတာ ပေါ်ရောက်နေကြတယ်။ အဖြူလေးရဲ့ အနောက်မှာ ကင်မရာ ထားထားတာဆိုတော့ သူ့ဖဲချပ်တွေ အကုန်လုံး ကွန်ပြူတာပေါ်မှာ ပေါ်နေတာပေါ့။ အဖြူလေး ဖဲတချပ်ဆွဲ လိုက်တိုင်း အသံထွက်ပြီးရယ်မိကြမှာ စိုးလို့
အားလုံးနှုတ်ခမ်းတွေ ကိုက်ထားကြတယ်။


တလှည့်တလေ အဖြူလေး က အပေါ်အိမ်က ပစ်ချတဲ့ ဖဲစားရင် ကောင်းမကောင်း စဉ်းစားနေရင် ကျွန်တော်က ကွန်ပြူတာကို မသိမသာကြည့်ပြီး “စားသင့်တယ်ဗျ” ၊ “မစားပါနဲ့ဗျာ သိပ်မှ မထူးတာ” ဆိုပြီး အကြံပေးလိုက်တိုင်း အဖြူလေး လန့်လန့် သွားတယ်။ ပြီးမှ ကျွန်တော်ရမ်းပြောတာ မှန်တယ်ထင်ပြီး အေးကွ မစားတော့ပါဘူး ကွာ ဆိုပြီး ပြန်ပြောရော။ အဲဒါဆို အားလုံးက ရယ်ကြတာပဲ။ ဘာမှလည်း ရယ်စရာမရှိဘဲ လျှောက်ရယ်နေကြတယ် ဆိုပြီးအဖြူလေးက ဟောက်လိုက်သေးတယ်။ သူဟောက်လေ ပိုရယ်ကြလေပဲ။ အားလုံးမျက်နာမှာ အပြုံးသဲ့သဲ့က တွဲလွဲခိုနေတယ်။ အဖြူလေး တစ်ခုခု လုပ်တာနဲ့ ပြုတ်ကျသွားတော့ မတတ်ပေါ့။


ဒီလိုနဲ့ ဒုတိယမြောက်ပွဲ ရောက်တော့ အရှိန်မြှင့် လိုက်တယ်။ ဘယ်လိုမြှင့်လဲဆိုရင် အဖြူလေးက ဖဲဆွဲ လိုက်တိုင်း သူဆွဲတဲ့ဖဲကို ကျွန်တော်က အော်ပေးတာမျိုး။ ဥပမာ သူဆွဲတာ ၅ ဖဲတက်တယ်ဆို ကျွန်တော်က “မိုက်ရိုင်းတယ်ကွာ ငါလိုချင်တဲ့ ၅ ဖဲလေးတော့ ကုန်ပါပြီ”လို့ ပြောလိုက်ရင် သူတကယ် လန့်သွားပြီး ကျွန်တော့်ကို လှမ်းကြည့်ရော။ အဲဒါဆို ကျွန်တော်က ၀ိုင်းထဲမှာ ပစ်ချထားတဲ့ ၅ ဖဲတွေကို လက်ညိုးလျှောက်ထိုးပြလိုက်ပြီး ဒီမှာလေကွာ ၄ချပ်တောင်ထွက် နေပြီပဲ ဘာလုပ်ရတော့မှာလဲ ဘာညာနဲ့ ရုပ်ရှင် ရိုက်ပြလိုက်ရင် ယုံသွားရော။ ကျန်တဲ့သူတွေ ကလည်း ကွန်ပြူတာကို ခိုးကြည့်နေကြတော့ တခွိခွိ နဲ့ ကြိတ်ရယ်နေကြတယ်။


နှစ်ခါ သုံးခါလောက် အဲဒီအတိုင်းလုပ်တော့ အဖြူလေး ပါးစပ်က ထုတ်ပြောလာတော့တယ်။ “ဟေ့ကောင် မင်း မဟုတ်သေးပါဘူးကွာ ငါ့ဖဲတွေဘယ်လို သိလဲ” ဆိုပြီးမေးလာရော။ ကျွန်တော်က “ဘယ်လိုလုပ် သိပါ့မလဲဗျ ဒီလောက်မျက်နာချင်း ဆိုင် ထိုင်နေတာ” လို့ ပြန်ပြောလိုက်တော့ သူဘာမှဆက်မပြောတော့ဘူး။ ဒါပေမယ့် သူငြိမ်သွားတယ် ဘာကြောင့် ဒီလို ဖြစ်နေတာလဲ ဆိုတာ စဉ်းစားနေတာနဲ့ တူပါရဲ့ ။


နဲနဲကြာတော့ အဖြူလေး ထရယ်တော့တယ်။
“ဟားဟားဟား ငါသိပြီကွ မောင်ပိုင်ရာ မင်းလောက်တော့ ငါလည်း လည်ပါတယ်ကွ” ဆိုပြီး တပ်ထားတဲ့ မျက်မှန်ကို ဆွဲ ချွတ် ပစ်လိုက်တော့တယ်။ ကျွန်တော်က သူမျက်မှန်ပေါ်မှာ ပေါ်နေတဲ့ ဖဲချပ်ပုံရိပ်တွေကို ကြည့်ပြီး ပြောနေတာလို့ တွေးမိသွားပုံပဲ။ ဒီတခါတော့ ကျွန်တော်တို့တစ်ဖွဲ့လုံး တင်းထားသမျှ ဖွင့်ချပြီး ရယ်လိုက် ကြတာများ တော်တော်နဲ့ မပြီးဘူး။ ဗိုက်တွေတောင် အောင့်တယ်။


အဖြူကွက်နင်းပြီး သူပါ လိုက်ရယ်နေလို့ သူ့ကြည့်ပြီး ကျွန်တော်တို့မှာ ရယ်လို့ မပြီးဘူး။ ရယ်လို့ ၀တော့ ကျွန်တော်က “အေးဗျာ အဖြူလေးက အကင်းပါးတာကိုး” ဆိုပြီး အချွန်နဲ့ ပင့်ပေးလိုက်တယ်။ အဖြူလေးမှာ ပီတိတွေ ဖြစ်လို့။ သူ့ကိုယ်သူ အဖြေမှန် တွေ့ရှိသွားသူလိုမျိုးပေါ့။


နှစ်လှည့်လောက် အထိ ကျွန်တော် ဘာမှ မပြောဘဲ ငြိမ်နေပေးလိုက်တယ်။ အဖြူလေးလည်း သူ့ကိုယ်သူ စိတ်ချ လက်ချ ဖြစ်သွားတဲ့ပုံပဲ။ သုံးလှည့်မြောက် ရောက်တော့ သူဆွဲတဲ့ဖဲက ဒေါင့် တစ်ဆယ် ဖြစ်နေတယ်။ ကျွန်တော်က ဟာသွားပါပြီကွာ အဲဒီ ဒေါင့်တစ်ဆယ် ငါလိုချင်တာကွ လို့လည်း အော်လိုက်ရော အဖြူလေးလည်း ပြူးတူး ပြဲတဲ ဖြစ်သွားပြီး သူကိုင်ထားတဲ့ ဖဲကို နောက်ကျော လှန်ကြည့်ပါလေရော။ နောက်ကျောမှာများ နံပါတ်ရေးထားသလား ထင်လို့လေ။


အားလုံးရယ်လိုက်ကြတာများဗျာ တအုန်းအုန်းပါပဲ။ နောက်ကျောမှာလည်း ဘာမှရေးမထားတာ သိတော့ အဖြူလေး ထလာပြီးကြည့်တာ ကွန်ပြူတာမှာ ပေါ်နေတာ တွေ့သွားတော့တယ်။ စိတ်ဆိုးမယ်ထင်လား လုံးဝစိတ်မဆိုးဘူးဗျ။ ဒါကြောင့် ငါဖဲမဒေါင်းတာကိုးလို့ ချောလဲ ရောထိုင် လုပ်နေသေးတယ်။

ဂွင်ထဲဝင်လာတော့ ကျွန်တော်က “အေးလေ အဖြူလေးများ မအ ဘူးမှတ်နေကြလား” ဆိုပြီး တစ်လုံးပစ် သွင်း လိုက်တယ်။ အဖြူလေးလား.... လူကြီး ဆိုတော့ ရှက်ရှက်နဲ့ တဟဲဟဲ ရယ်နေတော့တာပဲ။

..............................................................................................................။

အဖြူလေးကလည်း ဂွင်ကြုံတုန်းက ကျွန်တော်ကို အိမ်မှာစာကပ်ပြီးတော့ကို ပြန်နှိပ်ကွပ်သေးတယ်။ တစ်ခါက ကျွန်တော်တို့ မီးဖိုချောင် ရေအသုံးပြုတဲ့ နေရာမှာ ရေပိုက်ပေါက်သွားလို့ ရေအများကြီး သွန်လိုက်တာနဲ့ ကြမ်းပြင်ပေါ်ကို ရေကလျှံနေတယ်။ အဲဒါကို အဖြူလေးနဲ့ညောင်ရမ်းက ပြန်ပြင်ပေးပြီး ဆီလီကွန်နဲ့ သေသေချာချာ ပိတ်ပေးတယ်..။ ဒါပေမယ့် ဆီလီကွန် မခြောက်ခင် ရေပြန်သုံးမိတော့ ရေကနည်းနည်း ပြန်ထွက်လာပြန်တယ်။ ဒီတော့ သူတို့ထပ်လုပ်ကြပြန်ရော။


ဒီတခါကျတော့ အဖြူလေးက ပြင်ပြီးတာနဲ့ အဲဒီနေရာမှာ သတိပေးစာပါ ကပ်ထားလိုက်တယ်။ သတိပေးစာက ကောင်းပါတယ်.. ဒါပေမယ့် အနှောင့်အသွားမလွတ်ဘူး ကျွန်တော့်ကိုပါ ရောပြီးကစ်ထားသလိုပဲ။ သူ့သတိပေးစာက ဒီလို....

သတိ..“... ခွန်နှစ်ရက်သားသမီး အပေါင်းတို့ ' ရေ ' ကို သတိလေးကပ်ပြီး သွန်ပေးပါ။ သို့မဟုတ်ပါက “ကျိုး” သွားသော “မြစ်” ကဲ့သို့ အမြဲတမ်း “အင်း” ဖြစ်နေပါလိမ့်မည်။”
တဲ့လေ....။

သတိပေးစာ ဆိုတော့လည်း ပြန်ခွါလို့ မဖြစ်တာနဲ့ ခုထိကပ်ထားရတုန်း နေ့တိုင်း မြင်နေရတုန်းပါပဲ....။

......................................................................................။

သိမ်းထားတာကြာတဲ့ ပို့စ်အဟောင်းလေးကို အသစ်ပြန်ရေးပြီး တင်တာပါ။ မဖတ်ဖူးသူတွေ များမယ် ထင်ပါတယ်။ ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးလေး ဆိုပါတော့....။

အဖြူလေးအကြောင်း ရေးခဲ့သမျှ...

အဖြူလေး

အဖြူလေးမျက်လုံးကွယ်သွားခြင်း

Tom & Jerry

43 comments:

khin oo may said...

အဖြူလေးနဲ့ညောင်ရမ်း မှတ်မိတယ်။ ဒါတော့မဖတ်ဘူးဘူး. မဖတ်ဘူးရင်အသစ်ပေါ့။

အဖြူရောင်နတ်သမီး said...

ညီမအတွက်တော့...“အသစ်”ပေါ့....
အခုမှ ဖတ်ဖူးတာ...

အနော် said...

ဆားက နည်းနည်းငံပေမဲ့ ပေါ့ပေါ့ပါးပါး ရီမောဖြစ်သွားတယ်.. အကိုညောင်ရမ်းရော အကိုအဖြူလေးရော ကိုမြစ်ကျိုးရေးကတည်းက စိတ်ထဲမှာ တရင်းတနှီးဖြစ်နေမိတယ်.. အဲ့ဒီဇာတ်ကောင်တွေနဲ့.. အပြင်မှာ တစ်ခါလောက်ဆုံဖြစ်ကြရင် ကောင်းမယ်.. ရီရလွန်းလို့ ပါးစပ်တောင် စေ့ရပါ့မလား မသိ :P

SHWE ZIN U said...

ဖတ်ဘူးသေးဘူး အခုမှဖတ်ဖြစ်သွားတယ် ကိုအဖြူလေး က ရီရတယ် ဟားဟား

ရွှေစင်

ပိုးပိုး said...

သတိပေးစာကိုအကြိုက်ဆုံးပဲ...း)

Anonymous said...

လုပ်ရက်ပါပေ့ ဟားဟား

ဂျစ်တူး ( မုံရွာ ) said...

ဖတ်ပြီးသားကြီး - - -
အသစ်ဗျို့  အသစ်

Unknown said...

သူငယ်ချင်းတွေကို သတိရလာမိတဲ့အထိ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဖတ်ရှု့သွားပါတယ်။

ahphyulay said...

မြစ် ကြီး ကြိုးသွား ပြီး အင်း ဖြစ်သွားမှာ စိုး ခဲ့ ရပေမဲ့ 
တကယ်ပဲ အင်း က ဖြစ်နေ ရပြီ လေ..။ တစိုစိုနဲ့ ..။
တရှိုက်မက်မက် နဲ့  လွမ်းမော ကြည်နူးဇွယ်တို့ 
ပျောက် ဆုံး ခဲ့ ရပြီ ။
မော့ (စ) လေး ကို ကိုင်တွယ် တတ်တဲ့  အချိန်
ရောက်မှ ပဲ ရေးလက်စ စာတို ပေစ လေးတွေ ရပ် ရတော့ 
တယ်။

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့..ဖဲဝိုင်းမှာပဲ cameraတပ်ထားလို့..
အိမ်သာမှာပါတပ်ထားရင်..လေယာဉ်မယ်အဖြူလေး..
ဖြစ်သွားမယ်...

Flower said...

ဖတ်ပြီး ရယ်လိုက်ရတာ
မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိတယ်..
ငယ်ငယ်က ဖဲကစားခဲ့တာတောင် သတိရသွားပြီး)
တော်သေး အဲဒီချိန်တုန်းက ၀က်ကမ်မ်တွေ မရှိသေးလို့..
အင်း.. နေရာတကာတော့ ၀က်ကမ်မ်တွေ
တတ်မထားနဲ့နော်..
ကိုအဖြူလေးက အတော်ရယ်ရသား..း)း)

ကြည်ဖြူပိုင် said...

ဖတ်ဖူးသေးဘူး
လူလည်
အဖြူလေးကအဖြူထည်
:P

မြတ်မွန် said...

သတိပေးစာ မိုက်တယ်ကွာ..
သူများကို အနိုင်ကျင့်ပါ..ကိုယ့်လှည့်ကျမှ ..ခံနေရမယ်နော်..ဦးမြစ်။

ကိုဇော် said...

အဖြူလေးက ဘလော့ဂါ ဖြစ်လာပါပြီ ဆိုမှ . . .
ဒီလောက်တော့ ရှိမှာပေါ့. . .ဆက်ကစ် . .အဖြေးလူ ရေ. . .

သူကြီးမင်း (တုံးဖလား) said...

သူငယ်ချင်းအချင်းချင်း စုစုစည်းစည်းပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတာတော့ အားကျသဗျာ။ စလိုက် နောက်လိုက်နဲ့ တကယ့်ပျော်စရာကြီး။

thawzin said...

ရယ်မောရပါအစ်ကိုရာ။ ကိုဖြူလေးက မှန်ကြောင်ဆိုတော့လဲ အကင်းပါးတာပေါ့ဗျာ။ ဟဲဟဲ... စိတ်မဆိုးတဲ့ ကိုဖြူလေးကို လေးစားမိပါတယ်ဗျာ။

ဝက်ဝံလေး said...

မဖတ်ဖူးဘူး အသစ်ပေါ့
သူများကို အနိုင်ကျင့်တယ်ပေါ့လေ
တယ်ဆိုးတဲ့လူတွေပဲ

မောင်မိုး said...

ဖဲဝိုင်းမှာ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေ လူလယ်ကျရတဲ့ အရသာက သိပ်ကောင်းဗျနော်။ ကျနော့်အတွက်တော့ အတိတ်ကို သတိရစေတဲ့ စာတစ်ပုဒ်ပဲဗျာ။

အကြမ်းထည် said...

မှတ်သားဖွယ် ..ရီစရာ သတိပေး ချက်လေး ကို
အဖြူသန့်သန့်လေး ဖတ်သွားပါတယ်။
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဗျာ /

thaingarra said...

တော်သေးတာပေါ့ ဗျာ ...

ဖဲဝိုင်းမှာမို့ ... :P

may16 said...

မဖတ်ရသေးဘူး ကိုမြစ် အရမ်းရီရတယ် ..

ပုံမှန် said...

သိပ်ကောင်းတဲ့အကြံပဲဗျာ ငယ်ငယ်တုန်းကသာသိရင်တော့ အိမ်ကိုတောင်ထမင်းဖိုးတောင်းစရာမလိုဘူး အဆောင်တကာလှည့် ပိုကာဒေါင်းရုံပဲ

kiki said...

အချင်းချင်းတွေ ကပ် နှိပ် နေကြတာ ပါလား..
နောက်မှ ဝဋ်လည် နေ မယ်နော် ဆရာကျိုး ရေ ..
အင်း.. လွမ်းစရာ လေးတွေတော့ ဖြစ်ကျန်ရစ် ခဲ့ ပြီ ။ ကိုညောင်ရမ်း ကြီး ရဲ့  မပွင့်တပွင့် အရယ် အပြုံး နဲ့ ဟင်းချက်ကောင်း တဲ့ သူ့ လက်ရာ တွေ ကို သတိရ မိတယ် ။
အဖြူလေး ကတော့ ရုပ်တည်ကြီး နဲ့ ..ဘယ်လို ပြောပြော မပြင် တဲ့ အကျင့်တခု ရှိနေသေးတယ် .. စာလုံးပေါင်း မှား တာ ကလဲ ခုထိပဲ ..
ကြည့်အုံး .. မန့် ထားတာ ကို က..
“ တစိုစိုနဲ့ ..။တရှိုက်မက်မက် နဲ့  လွမ်းမော ကြည်နူးဇွယ်တို့ ပျောက် ဆုံး ခဲ့ ရပြီ ။ ” တဲ့

ဘာလဲ မသိ ..း))

sosegado said...

ဖတ်ပြီးရယ်ရပါသည်၊ webcam ပုံတွေ HDD ရှိနေရင်ဖျက်လိုက်ပါဦး၊ သက်သေခံဖြစ်နေဦးမယ်၊

ကိုခိုင် said...

ခုမှဖတ်ရတာပါ။
လာပြီးအားပေးသွားတဲ့အတွက်လည်း
ကျေးဇူးပါ။
ရယ်ရတယ်။
ကိုညောင်ရမ်းတို့အကြောင်းဖတ်လိုက်ဦးမယ်။

အင်ကြင်းသန့် said...

အော်...ကိုမြစ်ကျိုးအင်းတို့များ သူများခံရတဲ့အလှည့်ကို ဗိုက်အောင့်အောင်တောင် ရီတယ်ဆိုပါ့လား...ဘယ်နေ့ သူ့အလှည့်လဲ နားစွင့်ထားဦးမှ ...

(တစ်ခါမှ မဖတ်ဖူးပါဘူး...အသစ်ပါပဲ)

ချစ်ကြည်အေး said...

နာမည်နဲ့လိုက်အောင် ပိုင်ပါ့...အဖြူလေး သနားစရာ ရိုးအ တယ် ခေါ်ရမှာပေါ့နော်....

Younggun said...

အဖြူလေးကို စိတ်ဝင်စားတာနဲ့ မျက်လုံးကွယ်တဲ့အထိ ရောက်သွားတယ်။ ရယ်လဲရယ်ရ၊ စိတ်လည်းမကောင်း .. အပြင်မှာ ခင်မင်ခွင့် ရခဲ့ရင် ပျော်စရာတွေ မျှဝေနိုင်မယ့် မိတ်ဆွေပါပဲ။

ကေသရီ said...

သူငယ်ချင်းတွေနဲ့ တစုတဝေးတည်းနေရတာ တော်တော်ပျော်ဖို့ကောင်းတယ်နော်။ ပျော်စရာလေးတွေ ဖတ်ပြီး စိတ်ချမ်းသာသွားတယ်။

သဒ္ဓါလှိုင်း said...

ဖတ်ပြီးရီလိုက်ရတာကိုမြစ်ရေ...။ အောက်ဆုံးက
ကာရန်လေးကိုတော့အလွန်ကြိုက်မိပါတယ်။

ခင်တဲ့
သဒ္ဓါ

Talkii said...

အကုန်လိုက်ဖတ်လိုက်တယ်ဗျား)

Anonymous said...

နာမည်လေးတွေ ဖတ်ရတာကိုပဲ ရင်ထဲမှာ တစ်မျိုးလေးပဲ
ဒါတောင် ကွင်းဘေးလူနော်
အတွင်းလူတွေဆို ဘယ်လောက်တောင် တစ်သိမ့်သိမ့် ဖြစ်လိုက်မလဲ..

ကိုအောင် said...

စာဖတ်ပြီး ပိုကာဒေါင်းချင်စိတ်တွေ ပေါက်လာတယ် ....း)

Angel Shaper said...

မဖတ်ဖူးဘူးးးးအခုမှဖတ်ရတယ်။
သူများဒုက္ခရောက်တာကို ရီနေကြတယ်ပေါ့လေ။
သနားပါတယ် အဖြူလေးကို နောက်အဲလိုမလုပ်ကြပါနဲ့။

မြသွေးနီ said...

နောက်တာဆိုပေမယ့်...သူက အစက မသိရှာဘူး..။
နောက်မှန်းသိတော့လည်း...ရယ်မောနားလည်ပေးနိုင်တယ်..။ အဲ့ဒီစိတ်လေးကို လေးစားတယ်..။ အများနဲ့ ၀ိုင်းစတာဆိုတော့ သူ့ကိုတကယ် နောက်မှန်း သိသွား တာပေါ့။ တချို့က ကိုယ်ကသာ နောက်ချင်တယ်.. ကိုယ့်ကိုနောက်ရင် သေးသေးတင်တောင် မခံနိုင်ကြဘူးနော်..။

ဂျူနီယာလွင်ဦး said...

ပျော်စရာကြီး သူငယ်ချင်းတွေ။
း)
ရီမောသွားတယ်။ ပေါ့ပေါ့ပါးပါး။

~ဏီလင်းညို~ said...

မျှစ်ရေ.....

ခုမှလာဖတ်ရတာ......။
အဖြူလေးခမြာ တနားစရာ.....ဟိဟိ.......။
အင်း....... ကင်မရာနော်......တယ်ဆိုး.......း))

ခင်မင်တဲ့
ဏီလင်းညို

purplemay said...

မဖတ်ရသေးလို့ ခရမ်းအတွက်တော့ အသစ်ပါ ...။
သယ်ရင်းတွေ ပျော်စရာ....း)
ပေါ့ပေါ့ပါးပါး ရယ်သွားပါတယ် ကိုမြစ်ကျိုးအင်းရေ့...။

သိင်္ဂါကျော် said...

ပေါ့ပေါ့ပါးပါး အမှတ်ရစရာလေးပေါ့..
ဖတ်သွားပါတယ်
:):):)

ညလင်းအိမ် said...

ကိုမြစ်ရေ ရီရတယ် ... အဟားဟား
ုကိုဖြူလေး သနားပါတယ် ...
အဲ ကိုမြစ်က ပိုသနားဖို့ကောင်းတယ် ..
သတိပေးစာက မိုက်တယ် ..း)

T T Sweet said...

ကိုမြစ်တို့ သူငယ်ချင်းတွေ စုနေကြတာ ပျော်စရာကြီးနေမယ်။ အဖြူလေးဆိုတဲ့ အတိုင်း နာမည်နဲ့ လိုက်ပါ့။

မိုးယံ said...

တို့တော့ အခုမှ အဟောင်းတွေပြန်လှန်နေတာ.. ဒါပေမယ့် အဖြူလေးနဲ့ လည်းရင်းနှီးနေပါပြီ။

wa lay said...

အဟီး
တော်တော်ရယ်ရတာပဲ.......
သူငယ်ချင်းတွေ အရမ်းပျော်စရာကောင်းမယ့်ပုံပဲ...

 

Posts Comments

©2006-2010 ·TNB